← Chapters

အပိုင်းပို

Vol. 61 Ch. 610.0

အပိုင်းပို

Vol. 61 Ch. 610.0

ကုန်းကုန်းဧကရာဇ် (အပိုင်း အပို)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

သို့သော် တုပိုင်အကြီးအကျယ် တုန်လှုပ်သွားရသည်။ သူမည်မျှပင် ကြိုးစားနေပါစေ ငရဲမီးတောက်ကို လုံးဝ ထုတ်လွှတ်၍ မရတော့ချေ။ ထပ်ခါထပ်ခါ ကြိုးစားသော်လည်း လုံးဝ အလုပ်မဖြစ်ပေ။

မည်သို့ ဖြစ်ရသနည်း။ အပြင်လောကတွင် ရှိစဉ်က ငရဲမီးတောက်ကို လွယ်လွယ်ကူကူ ထုတ်လွှတ်နိုင်ခဲ့သည် မဟုတ်ပါလော။

ကမ္ဘာ့အက်ကွဲကြောင်းထဲတွင် ရောက်ရှိနေသောကြောင့် ထုတ်လွှတ်၍ မရခြင်းလော။ သို့မဟုတ် သူ့ခန္ဓာကိုယ်သည် သေဆုံးနေပြီဖြစ်၍လော။ သို့မဟုတ် အမှောင်ဒြပ်စင်က ငရဲမီးတောက်အပါအဝင် အရာအားလုံးကို ဝါးမြိုလိုက်ခြင်းကြောင့်လော။

၁၉ ဆက်မြောက် ဂိုဏ်းချုပ် ရန်ထျန်သည် တုပိုင်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေပြီး ငရဲမီးတောက် ထုတ်လွှတ်နိုင်ရန် မျှော်လင့်စောင့်စားနေလေသည်။

“မြန်မြန်လုပ်၊ မြန်မြန်လုပ်...” ရန်ထျန်က ပြောလိုက်၏။ “ပေမင်ဘိုးဘေးရဲ့ ဟောကိန်းနဲ့ ရည်ရွယ်ချက်အတွက် ငါတို့အနည်းငယ်က မသေခင် ကမ္ဘာ့အက်ကွဲကြောင်းထဲ ခုန်ဆင်းပြီး ဒီနေရာမှာ မင်းကို စောင့်နေခဲ့ကြတာ။ ဘာလို့လဲဆိုတော့ ဘိုးဘေးရဲ့ ဟောကိန်းထဲမှာ တာဝန်ရှင်ကောင်းကင်သခင်က ကမ္ဘာ့အက်ကွဲကြောင်းကို နင်းလျှောက်ပြီး သေမင်းဥမင်လိုဏ်ခေါင်းအတိုင်း ဆန်တက်လာကာ နိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားလိမ့်မယ်လို့ ပါတာကိုး”

တုပိုင်က မေးလိုက်သည်။ “ကျွန်တော့်ကို စောင့်ပြီး ဘာလုပ်ကြမှာလဲ”

ရန်ထျန်က ဖြေသည်။ “မင်းကို ပေမင်မဟာအတတ်ပေးဖို့ မင်းကို... စွမ်းအင်အားလုံး ပေးဖို့ ဒါမှ မင်းနိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားနိုင်မှာလေ။ ဘာလို့လဲဆိုတော့ မင်းက ဘေးအန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီ။ ငါတို့ကပဲ မင်းကို ဒီဘေးအန္တရာယ်ကနေ ကျော်ဖြတ်စေနိုင်မှာ။ မင်းကို ပြန်လည်မွေးဖွားစေရုံတင်မကဘူး။ ပိုပြီး သန်မာလာစေမှာ။ ပြီးတော့ အရေးအကြီးဆုံးက မင်းကို ငရဲတံခါးဝဆီ သွားစေနိုင်မှာ”

“ငရဲတံခါးဝ” တုပိုင် နားမလည်စွာ မေးလိုက်သည်။

“ဟုတ်တယ်” ရန်ထျန်က ပြောသည်။ “ဒါပေမဲ့ ငါ့စိတ်ကူးထဲမှာတော့ ဒီတာဝန်ရှင်သခင်က အရမ်းစွမ်းအားကြီးရမှာလေ။ ဒါပေမဲ့... မင်းက ငါ့စိတ်ကူးနဲ့ လုံးဝ ကွဲပြားခြားနားနေတယ်။ ဒီလောက်နိမ့်တဲ့ သိုင်းပညာနဲ့ မင်းဘယ်လိုလုပ် တာဝန်ရှင်သခင် ဖြစ်လာတာလဲဆိုတာ ငါစဉ်းစားလို့တောင် မရဘူး”

ထို့နောက် ၁၉ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ရန်ထျန်က ပြောပြန်၏။ “မြန်မြန်၊ မင်းက ပေမင်ဘိုးဘေးရဲ့ ဟောကိန်းထဲက တာဝန်ရှင်သခင် ဖြစ်ကြောင်း မြန်မြန် သက်သေပြစမ်းပါ။ ဒါမှ ငါတခြား ဂိုဏ်းချုပ်ဟောင်းတွေကို ချက်ချင်း ခေါ်ယူပြီး မင်းကို ပေမင်မဟာအတတ် လက်ဆင့်ကမ်းနိုင်မှာ။ ပြီးတော့ ငါတို့ရဲ့ ကျန်ရှိနေတဲ့ စွမ်းအင်တွေကို မင်းဆီ လွှဲပြောင်းပေးနိုင်မှာ။ အချိန်မရှိတော့ဘူး”

တုပိုင်က မေးလိုက်၏။ “ဘာလို့ အချိန်မရှိတော့တာလဲ”

ရန်ထျန်က ဖြေသည်။ “ရန်သူတွေက ပိုပိုနီးကပ်လာပြီ။ ပြီးတော့ ငါတို့ရဲ့ စွမ်းအင်တွေကလည်း အဆက်မပြတ် ပျောက်ကွယ်နေတယ်။ တကယ်လို့ ဟန်ချက်ညီတဲ့ အမှတ်တစ်ခုကို ကျော်လွန်သွားရင် ငါတို့မင်းကို နိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားပေးနိုင်တော့မှာ မဟုတ်ဘူး”

**--**--**--**--**--**--**--**

ပေမင်ဓားဂိုဏ်း၊ ဘုရားကျောင်း။ ယခုအချိန်တွင် နင်တောက်ရွှမ်သည် အလယ်ဗဟို၌ တစ်ယောက်တည်း ရပ်တန့်ကာ ကောင်းကင်ကို မော့ကြည့်နေလေသည်။

ရုတ်တရက် အစိမ်းရောင် လျှပ်စီးကြောင်းတစ်ခု ကောင်းကင်ကို ခွဲဖြာချလိုက်သည်။ ကောင်းကင်တစ်ခုလုံး စုတ်ပြဲသွားသကဲ့သို့ပင်ဖြစ်သွားရသည်။ အမှန်စင်စစ် ထိုသည်မှာ လျှပ်စီးမဟုတ်ဘဲ စွမ်းအားကြီးမားသော စွမ်းအင်တစ်ခုသာ ဖြစ်ချေသည်။

အကယ်၍ လျှပ်စီးသာဆိုလျှင် မိုးချုန်းသံ ပါလာပေလိမ့်မည်။ သို့သော် မည်သည့်အသံမျှ မကြားရပေ။

“အချိန်စေ့တော့မှာလား” နင်တောက်ရွှမ် သက်ပြင်းချလိုက်သည်။ “နောက်ဆုံးတော့ ရောက်လာပြီလား”

အခြေအနေက ပြောင်းလဲနေပြီ ဖြစ်သည်။

ထို့နောက် သူတိုးတိုးလေး ရေရွတ်လိုက်၏။ “တာဝန်ရှင်သခင်က ကမ္ဘာ့အက်ကွဲကြောင်းကို နင်းလျှောက်ပြီး သေမင်းဥမင်လိုဏ်ခေါင်းအတိုင်း ဆန်တက်လာကာ နိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားလိမ့်မယ်”

“ဘိုးဘေးတို့... ဤစကားများသည် တကယ့်ကို အပေါစားဆန်လွန်းလှပေသည်။ နက်နဲဆန်းကြယ်လွန်းသည်မို့ ဟာသတစ်ခုလိုပင် ခံစားရသည်” နင်တောက်ရွမ်က ကဗျာဆန်စွာ ရေရွတ်၏။

“နီရှန်... မင်းက ခေါင်းမာလိုက်တာ ၊ ကိစ္စတော်တော်များများကို မင်းကို ရှင်းရှင်းလင်းလင်း သိခွင့်ပေးလို့ မရဘူး...”

“ဘိုးဘေး... တစ်ခါတလေကျရင် ဘိုးဘေးရဲ့ ဟောကိန်းတွေကို ယုံရမလား ၊ မယုံရဘူးလား ကျွန်တော် မသိတော့ဘူး”

“သို့သော် ကျွန်တော့်ရင်ထဲမှာတော့ တကယ်ကို မယုံချင်ပါဘူးဗျာ”

**--**--**--**--**--**--**--**

တိုယိုအင်ပါယာ ၊ အီဒိုရဲတိုက် ပင်လယ်ရပ်ခြား။ ဧရာမ သင်္ဘောကြီးများ တစ်စင်းပြီးတစ်စင်း ကောင်းကင်နှင့် နေမင်းကြီးကို ဖုံးလွှမ်းထားလေသည်။

ဧရာမ သင်္ဘောကြီးတိုင်းတွင် အမြောက် ဒါဇင်နှင့်ချီ ၊ ရာနှင့်ချီ ပါရှိသည်။ စစ်သင်္ဘောတိုင်းတွင် အရှေ့ဘက် ပြည်ထောင်စု အလံကို လွှင့်ထူထားကြသည်။ မရေမတွက်နိုင်သော အမြောက်များသည် အီဒိုရဲတိုက်ကို ချိန်ရွယ်ထားပြီး မြို့ထဲတွင် မီးများလောင်ကျွမ်းနေလေသည်။

မီးငြှိမ်းသတ်နေဆဲ ဖြစ်သော်လည်း စစ်ပွဲသည်တော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရှိုးဂန်းစစ်သူကြီးသည် အကြီးဆုံး သင်္ဘောများထဲမှ တစ်စင်းကို ရိုသေလေးစားစွာ ကြည့်လိုက်သည်။

ဤဧရာမ သင်္ဘောကြီးသည် ခမ်းနားထည်ဝါပြီး ပင်လယ်ပြင်ပေါ်တွင် တောင်ကြီးတစ်လုံးပမာ မြင့်မားစွာ တည်ရှိနေသည်။ ဤမျှကြီးမားသော သင်္ဘောမျိုးကို စစ်သူကြီး တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ဧရာမ သင်္ဘောကြီး၏ အမြင့်ဆုံးနေရာသို့ ရောက်သောအခါ စစ်သူကြီးသည် ချောမောသော လူငယ်လေးတစ်ယောက်ကို ဦးညွှတ်ပြီး ရိုသေစွာ ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားကို နှုတ်ဆက်ပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ အရှေ့ယင်းအင်ပါယာက အရှေ့ဘက် ပြည်ထောင်စုနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်”

ထိုချောမောသော လူငယ်လေးက ပြောလိုက်သည်။ “အရှေ့ယင်းအင်ပါယာ... အရှေ့ဘက် ပြည်ထောင်စု...”

ထို့နောက် သူပွင့်လင်းစွာ ပြုံးလိုက်ပြီး ပြောလေ၏။ “ငါတို့နာမည်ကို အရှေ့ဘက် ပြည်ထောင်စုအင်ပါယာလို့ ပြောင်းလိုက်ရင် ကောင်းမလား ၊ ဒါမှမဟုတ် မင်းတို့နာမည်ကို အရှေ့ဘက် တိုင်းပြည်လို့ ပြောင်းလိုက်ရင် ကောင်းမလား”

ထို့နောက် စကားတစ်ခွန်းမှ မပြောတော့ဘဲ ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ ရှိုးဂန်းစစ်သူကြီးကို လက်ဝှေ့ယမ်းကာ ထွက်သွားခိုင်းလိုက်သည်။

အကယ်၍ တုပိုင်သာ ဤအကြောင်းကို သိလျှင် သူ့ကိုယ်သူ ကူးပြောင်းရောက်ရှိလာသူများ၏ အရှက်ခွဲခံရသူအဖြစ် သတ်မှတ်မိပေလိမ့်မည်။

မျိုးဆက်တစ်ခုစီမှ ကူးပြောင်းရောက်ရှိလာသူများသည် ဂျပန်ကို ဖျက်ဆီးပြီး ခြေရင်းတွင် ဒူးထောက်ခိုင်းရမည်ဟူသော တာဝန်တစ်ခု စိတ်ထဲတွင် ရှိကြသည်။ ကူးပြောင်းရောက်ရှိလာသူ တုပိုင်အနေဖြင့် မလုပ်ဆောင်ရသေးခင်မှာပင် ဤချောမောသော လူငယ်လေးက ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပြီ ဖြစ်သည်။

ဤချောမောသော လူငယ်လေးသည် ကြီးမားသော မြေပုံတစ်ခုရှေ့သို့ ရောက်လာပြီး ပေါ့ပါးစွာ ပြောလိုက်၏။ “အန်နမ်တိုင်းပြည်နဲ့ တာ့နင်အင်ပါယာပဲ ကျန်တော့တယ်။ ခမည်းတော် မကြာခင် ရောက်လာတော့မယ်။ ငါတို့က အရှေ့တိုင်းရဲ့ အရှင်သခင် ဖြစ်လာတော့မယ်”

“စစ်သင်္ဘောတွေက ကုန်းပေါ် တက်မရဘူး ၊ ငါက လူရိုင်းကြာပွတ်ကိုပဲ ကိုင်ထားရမှာလား”

“တုပိုင် ဆိုတဲ့ကောင် ၊ ဒီအာဏာကစားပွဲမှာ ငါနိုင်တော့မယ် ၊ မင်းဘယ်မှာလဲ”

**--**--**--**--**--**--**--**

ကမ္ဘာ့အက်ကွဲကြောင်းထဲတွင်၌ ရန်ထျန်က ပြောလိုက်၏။ “မြန်မြန် ၊ မင်းရဲ့ အထောက်အထားကို သက်သေပြဖို့ ငရဲမီးတောက်ကို ထုတ်ဖော်လိုက်။ ငါတခြား ဂိုဏ်းချုပ်ဟောင်းတွေကို ခေါ်လိုက်မယ် ၊ မင်းကို ပေမင်မဟာအတတ်လက်ဆင့်ကမ်းပြီး ငါတို့ရဲ့ စွမ်းအင်တွေကို လွှဲပြောင်းပေးမယ်”

တုပိုင် အံကြိတ်ပြီး ပြောလိုက်သည်။ “ဘာကြောင့်လဲတော့ မသိဘူး ၊ ကျွန်တော်... ငရဲမီးတောက်ကို ထုတ်လွှတ်လို့ မရဘူး”

၁၉ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ရန်ထျန်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားလေ၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထို့နောက် ရန်ထျန်က မေးလိုက်သည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ”

“တုပိုင်”

“တုပိုင် ၊ လူအများစုက ပေမင်ဘိုးဘေးရဲ့ ဟောကိန်းတွေကို မယုံကြည်ကြဘူး။ သူ့ရဲ့ အသစ္စာရှိဆုံး နောက်လိုက်တွေကပဲ ယုံကြည်ကြတာ။ ဒါပေမဲ့ ဒီမှာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးတဲ့နောက် ငါတို့အားလုံး သံသယ ဝင်လာကြပြီ။ ဗေဒင်ဟောတာက အံ့မခန်း အရာတစ်ခုပါ၊ ဒါပေမဲ့ အချိန်ကာလက အရမ်းကြာလွန်းနေပြီ။ ပေမင်ဘိုးဘေးရဲ့ ဟောကိန်းတွေကို ယုံကြည်ဖို့ တကယ် ခက်ခဲလာပြီ။ မင်း... ငါတို့ကို ဟာသတစ်ခု မဖြစ်စေနဲ့”

ထို့နောက် ရန်ထျန်က ပြောပြန်သည်။ “ပေမင်ဘိုးဘေးရဲ့ ဟောကိန်းထဲမှာ ငရဲမီးတောက်အပြင် နဂါးအကြေးခွံတွေလည်း ပါတယ်။ ဒီနဂါးအကြေးခွံ အလွှာက မင်းကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်တယ်။ ငါကြည့်လို့ရအောင် နဂါးအကြေးခွံတွေကို ထုတ်ဖော်ပြစမ်းပါ”

တုပိုင် သူ့အတွင်းအားကို ထုတ်ဖော်လိုက်သည်။

ပုံမှန်အတိုင်း နဂါးအကြေးခွံများကို ထုတ်လွှတ်ချင်မိသည်။

ဤသည်မှာ အလွန်ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်သည်။ ယခင်က တုပိုင်သည် မျက်စိတစ်မှိတ်အတွင်း အပြည့်အဝ ထုတ်ဖော်နိုင်သည်။ ငရဲမီးတောက်လို အားယူစရာ အချိန်အကြာကြီး မလိုပေ။ သို့သော် ယခုမူ တုပိုင် လုံးဝ ထုတ်ဖော်၍ မရတော့ချေ။

အတွင်းအားကို စုစည်းချင်သော်လည်း လုံးဝ ဗလာဖြစ်နေသည်။ ဒန်တျန်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့။ ထိုအမှောင်ဒြပ်စင်က အရာအားလုံးကို လုံးဝ ဝါးမြိုလိုက်ပုံ ရသည်။

“အဲဒါလည်း မရဘူးလား” ၁၉ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ရန်ထျန်က အေးစက်စွာ ပြောလိုက်၏။

တုပိုင် လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

ရန်ထျန်က အေးစက်စွာ ပြောလိုက်ပြန်သည်။ “တုပိုင် ၊ ဒီကမ္ဘာ့အက်ကွဲကြောင်းထဲမှာ ငါတို့ ဘာတာဝန်ရှိလဲဆိုတာ မင်းသိလား”

တုပိုင်က ဖြေသည်။ “ဒီကမ္ဘာ့အက်ကွဲကြောင်းကို စောင့်ကြပ်ဖို့လေ”

ရန်ထျန်က ပြောသည်။ “ဟုတ်တယ်၊ ဒီကမ္ဘာ့အက်ကွဲကြောင်းကို စောင့်ကြပ်ဖို့။ အခု ကမ္ဘာ့အက်ကွဲကြောင်း ပိတ်နေပြီ ဆိုပေမဲ့ ဖြတ်ကျော်ဝင်ရောက်လာမယ့် ကြောက်စရာ သတ္တဝါတစ်ကောင် ရှိနေသေးတယ်။ အဲဒီသတ္တဝါကို လိင်မိစ္ဆာလို့ ခေါ်တယ်။ ငါတို့ရဲ့ တာဝန်က ဒီသေမင်းဥမင်လိုဏ်ခေါင်းကို စောင့်ကြပ်ဖို့ ၊ ဒီအက်ကွဲကြောင်းကို စောင့်ကြပ်ဖို့ ၊ ပြီးတော့ ဒီကမ္ဘာထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ လိင်မိစ္ဆာတိုင်းကို သတ်ဖို့ပဲ”

လိင်မိစ္ဆာဆိုသည်မှာ လူသားတို့၏ စိတ်အာရုံကို ဖတ်ရှုနိုင်စွမ်းရှိပြီး တစ်ဖက်လူ ဘာတွေးနေသည်ကို အဝေးကပင် လှမ်း၍ သိမြင်နိုင်စွမ်း ရှိကြသည်။ ထို့ပြင် ယင်းတို့သည် မိမိကြိုက်နှစ်သက်ရာ ပုံသဏ္ဌာန်ကိုလည်း စိတ်တိုင်းကျ ပြောင်းလဲနိုင်စွမ်း ရှိကြပေသည်။

ထိုစကားကို ကြားလိုက်ရတော့ တုပိုင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေ၏။ ရန်ထျန်က ဆက်ပြောသည်။ “လိင်မိစ္ဆာနဲ့ ပတ်သက်ပြီး အကြောက်စရာအကောင်းဆုံးအချက်က အဲဒါပဲ”

တုပိုင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

၁၉ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ရန်ထျန်က ပြောလိုက်၏။ “မင်းက ဘိုးဘေးဟောကိန်းထဲက တာဝန်ရှင်သခင်ပါလို့ ပြောတယ် ၊ ဒါပေမဲ့ မင်းက ငရဲမီးတောက်ကို မထုတ်လွှတ်နိုင်ဘူး ၊ နဂါးအကြေးခွံကိုလည်း မပြနိုင်ဘူး။ ဒါဆိုရင် ရှင်းပြချက် တစ်ခုပဲ ရှိတော့တယ်၊ မင်းက လိင်မိစ္ဆာရဲ့ ပုံရိပ်ယောင် အသွင်ပြောင်းထားတာပဲ။ အဲဒီလိုမှ မဟုတ်ရင်... တာဝန်ရှင်သခင်က ငရဲမီးတောက် မထုတ်လွှတ်နိုင်တာ ၊ နဂါးအကြေးခွံ မပြနိုင်တာ မဖြစ်နိုင်ဘူး”

“လိင်မိစ္ဆာနဲ့ တွေ့ရင် ငါတို့လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်၊ အဲဒါက အပြီးတိုင် သတ်ပစ်လိုက်ဖို့ပဲ”

၁၉ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ရန်ထျန်သည် သူ့ကျောဘက်ရှိ ဓားကို ဆွဲထုတ်လိုက်သည်။ ယခုအချိန်တွင် ယင်းသည် အလင်းနှင့် အရိပ်တစ်ခုမျှသာ ဖြစ်သည်။

“ထွက်ခဲ့စမ်း... ဖုန်မှုန့်အဖြစ် ပြောင်းသွားစမ်း”

ယခင်မျိုးဆက် ပေမင်ဂိုဏ်းချုပ်သည် ကောင်းကင်မှနေ၍ တုပိုင်ကို ရင်ဆိုင်လိုက်ပြီး ထက်ရှသော ဓားဖြင့် ခုတ်ချလိုက်လေတော့သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း အပို ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

၁၁ ပိုင်းထည့်ရင် ၆၁၁ ဆိုပြီးတော့ ပြီးမာ။ မ ဂဏန်းကြီးမကြိုက်ဘူး။ စုံ ဂဏန်းကြိုက်လို့ အပိုင်းအပိုဆိုပြီးပဲ နာမည်တပ်လိုက်တယ်။ 🤨

All Chapters