← Chapters

အခန်း (၁၉၁၁-၁၉၁၄)

Vol. 102 Ch. 1911-1914

အခန်း (၁၉၁၁-၁၉၁၄)

Vol. 102 Ch. 1911-1914

အခန်း (၁၉၁၁) - ဇာတ်လမ်းဆင်တာ တော်တော် ကျွမ်းတာပဲ

~ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက်... ဖိလစ်သည် လူအားလုံး၏ ရှေ့မှောက်တွင်ပင် စတင် ပြောဆိုတော့၏။

"အဘိုး... ကျွန်တော့်အတွက် တရားမျှတမှု ရအောင် လုပ်ပေးပါဦး... ကျွန်တော် လူအများကြီး ရှေ့မှာ နဂါးနိုင်ငံသား တစ်ယောက်ရဲ့ အရိုက်ခံရလို့ သေလုနီးပါး ဖြစ်နေပြီ..."

"ကျွန်တော် သဘောကျတဲ့ မိန်းကလေးကို အချစ်ရေး ကမ်းလှမ်းနေတုန်း စကားနည်းနည်း ပြင်းသွားတာကို... အဲ့ဒီ နဂါးနိုင်ငံသားက ရုတ်တရက် ရောက်လာပြီး ကျွန်တော့်ကို ပါးရိုက်တာလေ... ကျွန်တော်လည်း ဒေါသထွက်တာနဲ့ ကိုယ်ရံတော်တွေကို သင်ခန်းစာ ပေးခိုင်းတော့၊ သူက ကိုယ်ရံတော်တွေကိုပါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်လိုက်တယ်... အဲ့ဒါတင် မကသေးဘူး... ကျွန်တော့်ကို ပါးတွေ တရစပ် ရိုက်ပြီး၊ လူအများကြီး ရှေ့မှာ သူ့ကို ဦးချခိုင်းဖို့ ခေါင်းကို ဖိနှိပ်ထားသေးတယ် အဘိုးရဲ့..."

"အဲ့ဒီနောက်မှာ ကျွန်တော် တကယ် စိတ်မကောင်း ဖြစ်မိတာနဲ့ အိမ်က ကိုယ်ရံတော်တွေကို ခေါ်လိုက်တယ်... ဒါပေမဲ့ ဘာမှ မလုပ်ရသေးခင်မှာပဲ... ခုနကတည်းက တော်ဝင်အေးဂျင့် တစ်ယောက်က ရုတ်တရက် ရောက်လာပြီး ကျွန်တော့်လူတွေကို ဘာမှ မလုပ်ဖို့ တားဆီးနေတယ်လေ..."

ဖိလစ်သည် မိမိကိုယ်မိမိ အလွန် သနားစရာကောင်းအောင် ပုံဖော်လိုက်ပြီး၊ ယဲ့ဖန်နှင့် အစ္စဘယ်လ်လာ တို့ကိုမူ အလွန်ပင် မုန်းတီးစရာကောင်းသော လူများအဖြစ် ဇာတ်လမ်းဆင်လိုက်လေသည်။ ဖုန်းထဲမှ သူ၏ အသံမှာ ငိုသံလေးပင် စွက်နေသယောင် ရှိ၏။

သူ ဆိုးဆိုးရွားရွား ခံစားနေရသည့်ဟန် ဆောင်လိုက်သည့် အခါတွင်မူ... ဖုန်းတစ်ဖက်မှ ဒေါသထွက်နေသော အဘိုးအို တစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။

"ဒီ မိန်းကလေးက... တော်တော် သတ္တိကောင်းနေပါလား..."

"တော်ဝင်အေးဂျင့် အဆင့်လေး တစ်ယောက်ကများ... ဒီလောက်ထိ သူပုန်ထရဲတယ်ပေါ့လေ..."

"အဲ့ဒီ အေးဂျင့် နာမည် ဘယ်သူလဲ မေးလိုက်စမ်း...မင်းအဘိုးက တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့ရဲ့ အထက်လူကြီးတွေကို ဖုန်းဆက်ပြီး... သူတို့ လက်အောက်ငယ်သားကို ဘယ်လို ဆုံးမသလဲ ဆိုတာ ကြည့်ရသေးတာပေါ့..."

ထိုစကားကို ကြားသောအခါ ဖိလစ်သည် အစ္စဘယ်လ်လာကို အောင်နိုင်သူ အပြုံးဖြင့် ကြည့်လိုက်လေ၏။ "ငါ့အဘိုးက နင့်နာမည်ကို မေးနေတယ်..."

ရွှယ်လီမှာမူ ထိုစကားကို ကြားလိုက်ရသည်နှင့် ကပျာကယာပင် ဝင်ရောက် တားဆီးတော့သည်။ "ဖိလစ်... အဲ့လို မလုပ်ပါနဲ့ဦး..."

သူမသည် အာလ် ဝီလျံ ဒေါသထွက်သွားပြီး၊ အစ္စဘယ်လ်လာကို အပြင်းအထန် ပြစ်ဒဏ်ပေးခိုင်းမည်ကိုလည်းကောင်း၊ ယဲ့ဖန်ကိုပါ လက်စားချေမည်ကိုလည်းကောင်း စိုးရိမ်နေရှာ၏။ ထို့ကြောင့် သူမသည် ဖိလစ်ကို တောင်းပန် တိုးလျှိုးနေတော့သည်။

"ရှင် ပြောခဲ့တဲ့ အချက်တွေကို... ကျွန်မ ပြန်ပြီး စဉ်းစားပေးလို့ မရဘူးလားဟင်..."

"အပြစ်မရှိတဲ့ လူတွေကိုတော့ ထပ်ပြီး ဆွဲမထည့်ပါနဲ့တော့..."

သို့သော် ဖိလစ်ကမူ ထိုမျှဖြင့် ကျေနပ်ပုံ မရပေ။

"မရဘူး…”

"ပြန်စဉ်းစားပေးမယ် ဟုတ်လား... နင်က ငါ့ကို သူတောင်းစားများ အောက်မေ့နေတာလား..."

"ငါ ပြောလိုက်မယ်... နင် လူအများရှေ့မှာ ငါ့ခြေရင်းမှာ ဒူးထောက်ပြီး ငါ့ရဲ့ ခွေးတစ်ကောင်အဖြစ် မခံယူမချင်း... ငါ့ရင်ထဲက အာဃာတတွေက ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး..."

"ပြီးတော့ နင့်ရဲ့ သောက်ကျိုးနည်း သူဌေးရော၊ ဒီ အေးဂျင့်မရော... ဒီနေ့ ဘယ်သူကပဲ တောင်းပန် တောင်းပန်... ငါ့ရဲ့ အဆ တစ်ရာ၊ အဆ တစ်ထောင် လက်စားချေတာကိုတော့ ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး..."

"ဖိလစ်..." ရွှယ်လီသည် ထပ်မံ၍ အခွင့်အရေး တစ်ခုအတွက် ကြိုးစားရန် ပြင်လိုက်သော်လည်း...

"ရပြီ ရွှယ်လီ... တော်လိုက်တော့..."

ထိုအခိုက်အတန့်၌ ယဲ့ဖန်က သူမကို လှမ်းဆွဲလိုက်လေသည်။

"ကျွန်တော် ဘာမှ အရှုံးမရှိပါဘူး..."

"သူ့ကို အာလ် ဝီလျံ ဆီ တိုင်ခိုင်းလိုက်စမ်းပါ..."

"တကယ်လို့ အဲ့ဒီ အာလ် ဝီလျံ ဆိုတဲ့ လူက... လူတွေ ပြောသလို တကယ်ပဲ အမှားအမှန် မသိတဲ့ လူမိုက် တစ်ယောက် ဆိုရင်တော့... သူ့ကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်ရုံပေါ့..."

"သူဌေး..."

ရွှယ်လီ တစ်ယောက် နားမလည်နိုင်စွာဖြင့် မယုံကြည်နိုင်သလို ကြည့်နေမိတော့သည်။

"အဲ့ဒါ အာလ် ဝီလျံ လေ... နေမဝင်အင်ပါယာရဲ့ တကယ့် မြို့စားမျိုးနွယ်ဟောင်းကြီး တစ်ယောက်လေ..."

"သူဌေးက နိုင်ငံခြားသား တစ်ယောက် ဖြစ်နေတာဆိုတော့... သူဌေးမှာ ငွေတွေ အများကြီး ရှိနေရင်တောင်မှ... သူ့ကို အနိုင်ယူဖို့ ဆိုတာ ခက်ခဲလိမ့်မယ်ရှင့်..."

ယဲ့ဖန်သည် သူမကို ရှင်းပြရန် ဆန္ဒမရှိပေ။ သူသည် ဖိလစ်ကိုသာ ကြည့်ပြီး အေးဆေးစွာ ပြောလိုက်လေသည်။

"ငါ့ဘေးနားက တရားမျှတပြီး လှပတဲ့ အေးဂျင့် အမျိုးသမီး နာမည်က... 'အစ္စဘယ်လ်လာ' တဲ့..."

"မင်း အဘိုးကို ပြောလိုက်စမ်းပါ..."

"ပြီးတော့ သူ့ကိုပါ တစ်ခါတည်း သတိပေးလိုက်ဦး... မင်းအတွက် ရှေ့ထွက်ဖို့ မဆုံးဖြတ်ခင်မှာ... သေသေချာချာ ပြန်ပြီး စဉ်းစားသင့်တယ်လို့လေ..."

"အစ္စဘယ်လ်လာ..."

ဖိလစ်သည် ဖုန်းထဲသို့ နာမည်ကို အမြန်ဆုံး အသိပေးလိုက်သည်။

"ဟို နဂါးနိုင်ငံသား ပြောတာတော့... အေးဂျင့် နာမည်က အစ္စဘယ်လ်လာ တဲ့... သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း တော်တော်လေး မရိုးမသား ဖြစ်နေတယ် အဘိုးရဲ့..."

"အဲ့ဒါတင် မကသေးဘူး... အဲ့ဒီ နဂါးနိုင်ငံသားက တော်တော်လေးကို မောက်မာနေတုန်းပဲ... အဘိုး .. ခုနက ပြောလိုက်တဲ့ စကားတွေက တကယ့်ကို ဦးနှောက်မရှိတဲ့ စကားတွေလို့ သူက ပြောနေတာဗျ..."

ယဲ့ဖန်သည် ထိုလူက စကားလုံးများကို မည်သို့ ကလိရမည်နှင့် အဖြစ်မှန်ကို မည်သို့ လိမ်လည် ပြောဆိုရမည်ကို ကျွမ်းကျင်လှကြောင်း ဝန်ခံလိုက်ရလေ၏။

"မိုက်ရိုင်းလှချည်လား... သူ သေလမ်းရှာနေတာပဲ... ဖိလစ်... မင်း အခု ဘယ်မှာလဲ...အဘိုး.. တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့က ငါ့သူငယ်ချင်းတွေကို ခေါ်ပြီး အခုချက်ချင်း လာခဲ့မယ်..."

ယဲ့ဖန်သည် ဖုန်းထဲမှ ထွက်ပေါ်လာသော အာလ် ဝီလျံ ၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသောအခါ၊ ပြန်လည် ရှင်းပြနေရန် ပျင်းရိသွားတော့သည်။

သူသည် ဘေးသို့ ခေတ္တ ဖယ်လိုက်ပြီး ဖုန်းကို ထုတ်ကာ ဘတ်ကင်ဟမ် မြို့စားကြီးထံသို့ ခေါ်ဆိုလိုက်လေတော့သည်။

"မြို့စားကြီးခင်ဗျာ... ကျွန်တော့် သူငယ်ချင်း အစ္စဘယ်လ်လာရယ်၊ ပြီးတော့ ကျွန်တော့်အတွက်ပါ... တရားမျှတမှု ရအောင် လုပ်ပေးဖို့အတွက် ခဏနေရင် မြို့စားကြီး ဒီကို တစ်ချက်လောက် ကြွပေးပါဦး..."

“...”

အခန်း (၁၉၁၂) - ဘတ်ကင်ဟမ် မြို့စားကြီး အမျက်ထွက်ခြင်း

~ဖော့ခ်စီးတီးရှိ စိန့်မေရီ ဆေးရုံ၏ အထူးကြပ်မတ် ကုသဆောင် တံခါးဝတွင် ဘတ်ကင်ဟမ် မြို့စားကြီး တစ်ယောက် အလွန်ပင် စိတ်လက်ပေါ့ပါးနေလေသည်။ သူသည် ဆေးရုံမှ ဆေးပညာ ပရော်ဖက်ဆာ အချို့နှင့် စကားပြောဆိုပြီးရုံသာ ရှိသေး၏။

မာတင်ကို စေ့စေ့စပ်စပ် စမ်းသပ်ပြီးနောက်၊ ဤစိန့်မေရီ ဆေးရုံ၏ ဩဇာရှိလှသော ပရော်ဖက်ဆာကြီးများ အားလုံးက... ဒါဟာ ဘုရားသခင် ဖန်ဆင်းပေးလိုက်တဲ့ အံ့ဖွယ် ကိစ္စတစ်ခုပဲ ဖြစ်ရမယ်လို့ တညီတညွတ်တည်း ပြောဆိုခဲ့ကြလေသည်။ မာတင်သည် အမှန်တကယ်ပင် သေအံ့ဆဲဆဲ အခြေအနေမှ ပြန်လည် နာလန်ထူလာခဲ့ပြီ ဖြစ်ချေ၏။

မာတင်၏ အခု လက်ရှိ အခြေအနေအရဆိုလျှင်... အနည်းဆုံး နောက်ထပ် သုံးရက်ကနေ ငါးရက်အထိ ဆက်ပြီး အသက်ရှင်နေဖို့ ဆိုတာ ပြဿနာ မရှိတော့ပေ။

ထင်ရှားသည်မှာ... ယဲ့ဖန်နှင့် ပရော်ဖက်ဆာ ဒတ်ချ်တို တို့၏ အကဲဖြတ်မှုမှာ မှန်ကန်နေပြီး၊ ယဲ့ဖန်၏ ဆေးပညာမှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။

သို့သော် ထိုအခိုက်အတန့်၌... ယဲ့ဖန်နှင့် အစ္စဘယ်လ်လာ တို့အတွက် တရားမျှတမှု ရအောင် လုပ်ပေးဖို့ မြို့စားကြီး ကိုယ်တိုင် ကြွလာပေးရန် လိုအပ်သည်ဟူသော ယဲ့ဖန်၏ စကားကို ကြားလိုက်ရသောအခါ၊ မြို့စားကြီး၏ မျက်နှာသည် ရုတ်ချည်းပင် မှောင်မိုက်သွားတော့၏။

အဘယ်ကြောင့်ဆိုသော် ဝါရင့် မြို့စားမျိုးနွယ် တစ်ဦးအနေဖြင့်၊ ယဲ့ဖန်၏ စကားလုံးများထဲမှ အချက်အလက်များစွာကို သူ ရိပ်မိလိုက်သောကြောင့် ဖြစ်ချေသည်။

ဥပမာအားဖြင့်... ယဲ့ဖန် တစ်ယောက် အခု အခက်အခဲနှင့် ရင်ဆိုင်နေရပြီ ဆိုသည့် အချက်။

ဥပမာအားဖြင့်... နေမဝင်အင်ပါယာ၏ တော်ဝင်အေးဂျင့် တစ်ဦးဖြစ်သူ အစ္စဘယ်လ်လာ ပင်လျှင် ဤပြဿနာကို မဖြေရှင်းနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဆိုသည့် အချက်ပင်။

ဘတ်ကင်ဟမ် မြို့စားကြီးသည် စိန့်မေရီ ဆေးရုံမှ ပရော်ဖက်ဆာများကို ကပျာကယာပင် နှုတ်ဆက်လိုက်ပြီးနောက်၊ ဖုန်းကို ကိုင်ကာ ဘေးသို့ ခေတ္တ ထွက်လာလိုက်လေသည်။ ထို့နောက် သူက လေးနက်သော အသံဖြင့် မေးလိုက်၏။

"ယဲ့ဖန်... ဘာတွေ ဖြစ်ကုန်တာလဲ..."

"အစ္စဘယ်လ်လာကိုပဲ ရှင်းပြခိုင်းလိုက်ပါ့မယ် ခင်ဗျာ... အစ္စဘယ်လ်လာရဲ့ ပြောပြချက်က ပိုပြီးတော့ အရှိကို အရှိအတိုင်း ဖြစ်စေမှာပါ..."

ဖုန်းတစ်ဖက်မှ ယဲ့ဖန်သည် သူ၏ အကန့်အသတ်ကို သူ ကောင်းစွာ သိထားလေသည်။ အကျိုးအကြောင်း အနည်းငယ် ရှင်းပြပြီးနောက်၊ ဖုန်းထဲမှ အသံမှာ အစ္စဘယ်လ်လာ၏ အသံသို့ ပြောင်းလဲသွားတော့၏။

"မြို့စားကြီးရှင့်..."

"အစ္စဘယ်လ်လာ... ဘာတွေ ဖြစ်လို့လဲ..."

ဘတ်ကင်ဟမ် မြို့စားကြီး၏ လေသံမှာ အစ္စဘယ်လ်လာနှင့် စကားပြောသောအခါ ပို၍ပင် တည်ကြည်လေးနက်သွားရလေသည်။

သူသည် ဤတော်ဝင်အေးဂျင့်မလေးနှင့် အလွန် ရင်းနှီးကျွမ်းဝင်ရုံတင်မက၊ သူမကို အလွန်ပင် ယုံကြည်ထားသူ ဖြစ်ချေ၏။

ဘတ်ကင်ဟမ် မြို့စားကြီးအတွက်တော့ အစ္စဘယ်လ်လာ ဆိုသည်မှာ သူ ငယ်ငယ်ကတည်းက ကြည့်လာခဲ့ရသည့် ချစ်စရာ ကောင်းသော ကလေးမလေး တစ်ဦးနှင့်သာ တူနေတော့သည်။

"ခုနက ကျွန်မ ယဲ့ဖန်ကို ထမင်းစားဖို့ စားသောက်ဆိုင် တစ်ခုကို ဖိတ်ခေါ်ခဲ့တာပါရှင့်... ဒါပေမဲ့ မထင်မှတ်ဘဲ ဖိလစ် က မိန်းကလေးတစ်ယောက်ကို သူ့မိန်းမ လုပ်ဖို့ အတင်းအကျပ် လုပ်နေတာကို တွေ့လိုက်ရတယ်... အဲ့ဒီမိန်းကလေးက သဘောမတူတော့၊ ဖိလစ်က ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်စကားတွေ အများကြီး ပြောနေခဲ့တာလေ..."

"အဲ့ဒီမိန်းကလေးက ယဲ့ဖန်ရဲ့ လက်အောက်ငယ်သား ဖြစ်ပုံရပါတယ်... ယဲ့ဖန်ကလည်း မကြည့်ရက်တာနဲ့ ဝင်ပြီး ကူညီပေးလိုက်တာပေါ့... ဒါပေမဲ့ နောက်ဆုံးမှာတော့ ဖိလစ်ကို စော်ကားမိသလို ဖြစ်သွားတာပေါ့ရှင်..."

"ဖိလစ်က သူ့ရဲ့ ကိုယ်ရံတော်တွေကို ယဲ့ဖန်ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်... ယဲ့ဖန်က သင်ခန်းစာ ပေးလိုက်တော့လည်း၊ သူက သူ့ရဲ့ ကိုယ်ရံတော်ပေါင်း ဆယ်ချီကို ခေါ်လိုက်ပြန်ရော... ပြီးတော့ ယဲ့ဖန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်လို့တောင် ခြိမ်းခြောက်နေတာနဲ့... ကျွန်မက ရှေ့ထွက်ပြီး တားဆီးပေးခဲ့တာပါ..."

အစ္စဘယ်လ်လာသည် အခြေအနေ အရပ်ရပ်ကို အရှိကို အရှိအတိုင်း ဖြစ်အောင် အစွမ်းကုန် ကြိုးစားကာ ရှင်းပြနေရှာ၏။

သူမ ရှင်းပြပြီးနောက်၊ သူမ၏ ပြောပြချက်မှာ ပုဂ္ဂိုလ်ရေးအရ ဘက်လိုက်နေသည်ဟု ထင်မြင်ခံရမည်ကို စိုးရိမ်သဖြင့်၊ စားသောက်ဆိုင်၏ လုံခြုံရေး ဗီဒီယို မှတ်တမ်းကိုလည်း ဘတ်ကင်ဟမ် မြို့စားကြီးထံသို့ ချက်ချင်း ပေးပို့လိုက်လေသည်။

"အခုတော့... ဖိလစ်က လူအများကြီး ရှေ့မှာ ယဲ့ဖန်ကို သတ်မယ်လို့ ကြွေးကြော်နေရုံတင် မကဘူး... အာလ် ဝီလျံ ကို သုံးပြီး ကျွန်မကိုပါ အပြင်းအထန် ပြစ်ဒဏ်ပေးခိုင်းမယ်လို့ ပြောနေပါတယ်..."

"အာလ် ဝီလျံ ကလည်း ဖိလစ်ရဲ့ လိမ်ညာတဲ့ စကားတွေကို ကြားပြီးတဲ့နောက်... အခြေအနေကို စုံစမ်းစစ်ဆေးဖို့ စိတ်ကူးမရှိဘဲ၊ ယဲ့ဖန်နဲ့ ကျွန်မကို ပြန်ပေးဆပ်ခိုင်းရမယ်လို့ပဲ ပြောနေတယ်လေ..."

"ဒါတင် မကသေးပါဘူး မြို့စားကြီး... ဒီ ဖိလစ် ဆိုတဲ့ ကောင်က ဥပဒေကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ ကျွန်မ တစ်ကြိမ်မက ကြားဖူးပါတယ်... အရင်တုန်းကလည်း မိန်းကလေးတွေကို ရဖို့အတွက် လူ့အသက်ကိုတောင် တန်ဖိုးမထားတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့တာပဲ... အဲ့ဒါတွေကိုလည်း အာလ် ဝီလျံ ကပဲ လိုက်ပြီး ဖုံးဖိပေးခဲ့တာ မဟုတ်လား..."

ဘတ်ကင်ဟမ် မြို့စားကြီးသည် လုံခြုံရေး ဗီဒီယိုကို စစ်ဆေးကြည့်ရှုနေစဉ်မှာပင်၊ အစ္စဘယ်လ်လာက ဖိလစ်နှင့် အာလ် ဝီလျံ တို့၏ 'ပြောင်မြောက်လှသော' လုပ်ရပ်များကို တစ်ခုပြီးတစ်ခု ပြောပြနေတော့သည်။

ဗီဒီယိုကို ကြည့်ရှုပြီးနောက်နှင့် အစ္စဘယ်လ်လာ၏ မယုံကြည်နိုင်စရာ ဇာတ်လမ်းများကို နားထောင်ပြီးသောအခါ၊ ဘတ်ကင်ဟမ် မြို့စားကြီး၏ မျက်နှာသည် အလွန်ပင် မှောင်မိုက်သွားရလေတော့၏။

"ကျေးဇူးတင်ပါတယ်.. အစ္စဘယ်လ်လာ... ဒီနေ့ ဒီအကြောင်းတွေကို ငါ့ကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

"ယဲ့ဖန်ကိုလည်း ပြောလိုက်ပါ... ဘာမှ စိုးရိမ်စရာ မရှိဘူးလို့..."

"ငါ အခုချက်ချင်း ဝီလျံ ဆီကို ဖုန်းဆက်ပြီး... ဒီကိစ္စတွေကို ပြောလိုက်မယ်..."

"မင်း စိတ်ချနေလိုက်ပါ... ဒီနေ့ ကိစ္စအတွက်ရော၊ အရင်က ဖိလစ် လုပ်ခဲ့တာတွေ အတွက်ပါ... မင်းနဲ့ လူတိုင်း စိတ်ကျေနပ်စေမယ့် အဖြေတစ်ခုကို ငါ ရအောင် လုပ်ပေးမယ်..."

မြို့စားကြီးသည် ထိုသို့ ပြောဆိုပြီးနောက် ယဲ့ဖန်နှင့် ဖုန်းချလိုက်လေသည်။ ထို့နောက် သူသည် အာလ် ဝီလျံ ၏ ဖုန်းနံပါတ်ကို ရှာဖွေလိုက်ပြီး၊ ခက်ထန်သော မျက်နှာထားဖြင့် ခေါ်ဆိုလိုက်လေတော့သတည်း။

—

အခန်း (၁၉၁၃) - ဘာလို့ နားမလည်နိုင်ရတာလဲ

~"ဘတ်ကင်ဟမ် မြို့စားကြီး..."

ဖုန်းခေါ်ဆိုမှုကို ချက်ချင်းဆိုသလိုပင် တစ်ဖက်မှ လက်ခံ ဖြေကြားလိုက်လေသည်။ ဖုန်းဝင်သွားသည်နှင့် တပြိုင်နက် အာလ် ဝီလျံ ၏ ရိုသေကိုင်းရှိုင်းလှသော၊ ဖားယားလိုသည့် အသံက ချက်ချင်း ထွက်ပေါ်လာ၏။

"ဝီလျံကြီး... တို့တွေက မိတ်ဆွေဟောင်းတွေ မဟုတ်လား..."

ဘတ်ကင်ဟမ် မြို့စားကြီးက တစ်ဖက်လူ စကားမဆုံးမီမှာပင် ဖြတ်ပြောလိုက်လေသည်။

"ဒါပေါ့ ခင်ဗျာ..."

အာလ် ဝီလျံ သည် တစ်စုံတစ်ခု ထူးခြားနေသည်ကို ရိပ်မိသွားပုံ ရပြီး၊ သူ၏ ဖားယားလိုသော လေသံမှာ ပို၍ပင် သိသာထင်ရှားလာတော့သည်။

"ဒီမတိုင်ခင်ကတည်းက ကျွန်တော်ဟာ ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်ရတာကို အမြဲတမ်း ဂုဏ်ယူနေခဲ့တာပါ..."

"အိမ်မှာဆိုရင်လည်း ကျွန်တော့်ရဲ့ သားမြေးတွေကို မြို့စားကြီးဆီကနေ အတုယူဖို့ အမြဲ ဆုံးမပါတယ်... မြို့စားကြီးရဲ့ မေတ္တာတရား၊ တရားမျှတလိုစိတ်နဲ့ ကြင်နာတတ်တဲ့ စိတ်ဓာတ်တွေကို သင်ယူကြဖို့ပေါ့..."

"ဒါဆိုရင်... မင်းရဲ့ မြေး ဖိလစ်က ဘာဖြစ်လို့ လူအများကြီး ရှေ့မှာ တခြား မိန်းကလေးတစ်ယောက်ကို သူ့ရဲ့ ခွေးဖြစ်ပါရစေလို့ အတင်းအကျပ် လုပ်တာမျိုး၊ ပြီးတော့ သူ့ကို ဟန့်တားတဲ့လူကို အပိုင်းပိုင်း ဆွဲဖြဲပစ်ဖို့ လုပ်တာမျိုးလို... အရှက်တရား ကင်းမဲ့တဲ့ ကိစ္စတွေကို လုပ်နေရတာလဲ..."

ဘတ်ကင်ဟမ် မြို့စားကြီးက နောက်တစ်ကြိမ် ဖြတ်ပြောလိုက်ပြန်၏။

"လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကတင် အဲ့ဒီအကြောင်းတွေကို ငါ့ဆီ လာပြောတဲ့သူ ရှိတယ်..."

"မင်းရဲ့ ဖိလစ်ဟာ အဲ့ဒီမိန်းကလေးနောက်ကို လိုက်ဖို့အတွက် ရွံစရာကောင်းတဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့တယ်... လိုက်လို့ မရတဲ့အခါကျတော့ အဲ့ဒီမိန်းကလေးရဲ့ မိသားစုကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပြီး၊ သူ့ခြေရင်းမှာ ခွေးတစ်ကောင်လို ဝပ်တွား တောင်းပန်ခိုင်းဖို့ လုပ်နေတယ်လေ..."

"ပြီးတော့ တစ်စုံတစ်ယောက်က ရှေ့ထွက်ပြီး ဟန့်တားတဲ့ အခါမှာလည်း... သူ့ရဲ့ ကိုယ်ရံတော်တွေကို သုံးပြီး အဲ့ဒီလူကို လူအများရှေ့မှာ အရှက်ခွဲဖို့၊ သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ် မဟုတ်လား..."

"..."

ဖုန်းတစ်ဖက်တွင်တော့... နေမဝင်အင်ပါယာ စတိုင်လ် ထူးခြားလှသော အိမ်ကြီး တစ်လုံးအတွင်း၌၊ အစေခံမလေး၏ နှိပ်နယ်ပေးမှုကို ခံယူနေသော အာလ် ဝီလျံ တစ်ယောက် ထိုစကားကို ကြားလိုက်ရသည့် တခဏ၌ နှလုံးခုန်ရပ်မတတ် တုန်လှုပ်သွားရလေသည်။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စ၏ အစကို ကြားလိုက်ရုံမျှဖြင့် သူ အလွန် ရင်းနှီးနေသောကြောင့် ဖြစ်ချေ၏။

ခုနက ဖိလစ် ဖုန်းထဲမှာ ပြောပြသွားတာတွေနှင့် အတော်လေး ဆင်တူနေသည် မဟုတ်ပါလော။

ဘတ်ကင်ဟမ် မြို့စားကြီး၏ လုပ်ဟန်အရ၊ ဤကိစ္စကိုသာ အမြစ်ပြတ် စုံစမ်းလိုက်မည်ဆိုပါက... ဖိလစ် အရင်က ကျူးလွန်ခဲ့သည့် မကောင်းမှု အဝဝ ပေါ်ပေါက်သွားပြီး ဖိလစ် တစ်ယောက် ဒုက္ခရောက်တော့မည်ကို သူ စိုးရိမ်သွားမိသည်။ သူသည် ဘေးနားမှ အဝတ်အစား ခပ်ဟော့ဟော့ ဝတ်ထားသော အစေခံမလေးကို ဘေးသို့ ဖယ်ခိုင်းလိုက်ပြီးနောက်... မယုံကြည်နိုင်သည့် လေသံဖြင့် ပြန်လည် ပြောဆိုလိုက်တော့သည်။

"ဒီလို ကိစ္စမျိုး ရှိလို့လားခင်ဗျာ..."

"မြို့စားကြီး... ကျွန်တော် အဲ့ဒီအကြောင်း တစ်ခါမှ မကြားဖူးပါဘူး..."

"အဲ့လိုလုပ်ပါ... ကျွန်တော့်ကို ခဏလောက် အချိန်ပေးပါဦး... အခုချက်ချင်း ဖိလစ်ဆီ ဖုန်းဆက်ပြီး ဘာတွေ ဖြစ်နေတာလဲဆိုတာ မေးကြည့်လိုက်ပါ့မယ်... ဟုတ်ပြီလားခင်ဗျာ..."

"တကယ်လို့ အဲ့ဒီကလေးက ဒီလို အရှက်မရှိတဲ့ ကိစ္စမျိုး လုပ်ခဲ့တာ မှန်တယ် ဆိုရင်တော့... ကျွန်တော် မြို့စားကြီး စိတ်ကျေနပ်အောင် သေသေချာချာ ဖြေရှင်းပေးပါ့မယ်..."

အာလ် ဝီလျံ ပထမဆုံး စဉ်းစားလိုက်သည့် အချက်မှာ 'မသိနားမလည်သူ' အဖြစ် ဟန်ဆောင်ပြီး အချိန်ဆွဲရန်ပင် ဖြစ်သည်။ ထိုမှသာ သူ တန်ပြန် ဖြေရှင်းနိုင်မည့် နည်းလမ်းကို စဉ်းစားရန် အချိန်ရပေလိမ့်မည်။

ဘတ်ကင်ဟမ် မြို့စားကြီးသည် အခြေအနေ အမှန်ကို အသေးစိတ် သိရှိလိမ့်မည် မဟုတ်ဘဲ၊ သတင်းတစ်ခုခု ကြားသဖြင့် သူ့ကို လာရောက် အတည်ပြုခြင်းသာ ဖြစ်လိမ့်မည်ဟု သူ အလိုလို ယူဆလိုက်မိ၏။

သို့သော်လည်း သူ စကားပြောပြီးသည့် တခဏ၌ပင် ဘတ်ကင်ဟမ် မြို့စားကြီး၏ အေးစက်စက် ရယ်သံကို ကြားလိုက်ရလေသည်။

"မင်း တစ်ခါမှ မကြားဖူးဘူး ဟုတ်လား..."

"ဝီလျံကြီး... မင်း ငါ့ကို တကယ့်ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ..."

"ငါ ဖုန်းလက်ခံရရှိတဲ့ အချိန်မှာ... ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ဟာ ငါ့ကွယ်ရာမှာ ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မယုံချင်ခဲ့ဘူး... ဒါပေမဲ့ မင်းရဲ့ ရှင်းပြချက်ကို ကြားလိုက်ရတော့မှ ငါ တကယ်ပဲ လက်လျှော့လိုက်ရတော့တယ်..."

အာလ် ဝီလျံ သည် တစ်စုံတစ်ခု လွဲချော်နေပြီ ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

သူ၏ မျက်ခွံများမှာ အကြောင်းမဲ့ သက်သက် လှုပ်ရှားလာရပြီး ကပျာကယာပင် ပြန်လည် မေးမြန်းလိုက်၏။

"မြို့စားကြီးခင်ဗျာ... ဘာကို ဆိုလိုတာလဲဟင်... ကျွန်တော် တကယ်ပဲ နားမလည်လို့ပါ..."

"ကျွန်တော် မြို့စားကြီး စိတ်အနှောင့်အယှက် ဖြစ်အောင် တစ်ခုခု မှားလုပ်မိလို့လားခင်ဗျာ..."

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါဦး..."

ထိုအခိုက်အတန့်၌ ဘတ်ကင်ဟမ် မြို့စားကြီးသည် သူ၏ စိတ်ရှည်နိုင်စွမ်းများ ကုန်ဆုံးသွားပုံ ရသည်။ သူက မထီမဲ့မြင် ပြုံးလျက်…

"ငါက ဖုန်းတစ်ချက်ပဲ လက်ခံရရှိခဲ့တာ မဟုတ်ဘူးကွ... ဖြစ်စဉ် တစ်ခုလုံးရဲ့ လုံခြုံရေး ဗီဒီယို မှတ်တမ်းကိုပါ ရထားတာ..."

"ဗီဒီယို မှတ်တမ်းထဲမှာ... မင်းရဲ့ မြေး ဖိလစ်က ပြစ်မှုတွေ တရစပ် ကျူးလွန်ပြီးတဲ့နောက်၊ တော်ဝင်အေးဂျင့် တစ်ယောက်ရဲ့ တားဆီးခြင်းကို ခံရတဲ့ အချိန်မှာ... မင်းဆီကို ဖုန်းဆက်လိုက်တာကို အထင်အရှား မြင်နေရတယ်..."

"ပြီးတော့ အဲ့ဒီ ဖုန်းထဲမှာ မင်း ပြောဆိုနေတဲ့ ပုံစံက... အခု မင်း ငါ့ကို ပြောနေတာနဲ့ လုံးဝကို တခြားစီပဲ မဟုတ်လား..."

---

အခန်း (၁၉၁၄) - ပြစ်ဒဏ် စီရင်ခြင်း

~ဤတစ်ကြိမ်တွင်မူ အာလ် ဝီလျံ ၏ နှလုံးသားသည် ထိတ်ခနဲ တုန်ခါသွားရလေသည်။

ဘတ်ကင်ဟမ် မြို့စားကြီးသည် သတင်း တစ်ခုတည်းကိုသာ ရရှိခဲ့ခြင်း မဟုတ်ဘဲ၊ အဖြစ်အပျက် တစ်ခုလုံး၏ လုံခြုံရေး ဗီဒီယို မှတ်တမ်းကိုပါ ရရှိထားခြင်း ဖြစ်ချေ၏။

ဒါဆိုလျှင်တော့ အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးသွားတော့၏။

သူ၏ ဦးနှောက်မှာ ရူးမတတ် အလုပ်လုပ်နေတော့သည်။ ထို့နောက် မြို့စားကြီး၏ စကားလုံးများကို ပြန်လည် ဆင်ခြင်ကြည့်ရင်း၊ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်လေ၏။

"မြို့စားကြီး... ကျွန်တော် ခုနက ဖိလစ်ဆီက ဖုန်းလက်ခံရရှိခဲ့တာကိုတော့ ဝန်ခံပါတယ်ခင်ဗျာ..."

"ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဖိလစ်က ကျွန်တော့်ကို ပြောတာက... သူ သဘောကျတဲ့ မိန်းကလေးကို အချစ်ရေး ကမ်းလှမ်းနေတုန်း နဂါးနိုင်ငံသား တစ်ယောက်က သူ့ကို ပါးရိုက်တယ်တဲ့... အဲ့ဒီ နဂါးနိုင်ငံသားက တော်တော်လေး ရက်စက်တယ်၊ သူက လက်စားပြန်ချေဖို့ သူ့ရဲ့ ကိုယ်ရံတော်တွေကို ခေါ်လိုက်ပေမယ့် နောက်ဆုံးမှာ တော်ဝင်အေးဂျင့် တစ်ယောက်က သူ့ကို လာတားနေတယ်လို့ပဲ ပြောတာပါ..."

"ဒါဟာ မြို့စားကြီး ခုနက ပြောပြတဲ့... ဖိလစ်က မိန်းကလေးကို လိုက်လို့မရလို့ ခြိမ်းခြောက်တယ်၊ ခွေးတစ်ကောင်လို နေခိုင်းတယ်၊ ပြီးတော့ သူ့ကို တားတဲ့လူကို အရူးခွေးတွေလို ဝိုင်းကိုက်ခိုင်းတယ် ဆိုတာတွေနဲ့ လုံးဝကို တခြားစီ ဖြစ်နေပါတယ်ခင်ဗျာ..."

"ကျွန်တော်လည်း အခုတလော တဖြည်းဖြည်းနဲ့ အိုမင်းပြီး တွေဝေလာတာ မြို့စားကြီးလည်း သိမှာပါ..."

"မြို့စားကြီး ပြောပြတာကို ကြားတော့... ဒါတွေက လုံးဝ မတူညီတဲ့ ကိစ္စရပ် နှစ်ခုလို့ ကျွန်တော် ထင်မှတ်မိသွားလို့ပါ..."

ဖုန်းတစ်ဖက်မှ ဘတ်ကင်ဟမ် မြို့စားကြီးမှာမူ ထို ဆင်ခြေကို အနည်းငယ်မျှပင် ကျေနပ်ပုံ မရပေ။ "ဒီအခြေအနေ ရောက်နေတာတောင် မင်းက ဆင်ခြေပေးချင်သေးတာလား..."

"ကျွန်တော် ဆင်ခြေပေးတာ မဟုတ်ပါဘူး မြို့စားကြီး... ကျွန်တော့်ရဲ့ ဦးနှောက်က တကယ်ပဲ အလုပ်မလုပ်တော့လို့ပါ..."

အာလ် ဝီလျံ သည် ကပျာကယာပင် သနားစရာကောင်းအောင် ဟန်ဆောင်လိုက်တော့သည်။

"မနေ့ကတင် ကျွန်တော် ဘယ်ကို သွားလို့ ဘာလုပ်နေလဲ ဆိုတာကို အကြိမ်ကြိမ် မေ့သွားခဲ့တာပါ..."

"ကျွန်တော့်ရဲ့ မိသားစု ဆရာဝန်ကလည်း ကျွန်တော့်မှာ သူငယ်ပြန်တဲ့ ရောဂါလက္ခဏာတွေ ပိုဆိုးလာပြီလို့ သတိပေးထားပါတယ်... ကျွန်တော် ဂရုစိုက်ဖို့ လိုနေပါပြီ..."

"ဖိလစ် ဆိုတဲ့ ကလေးနဲ့ ပတ်သက်ပြီးတော့လည်း... ကျွန်တော့် စိတ်ထဲမှာတော့ သူက လိမ္မာပြီး အလိုက်သိတတ်တဲ့ ကလေးတစ်ယောက် အဖြစ်ပဲ မှတ်ထားမိတာပါ..."

"ခုနက သူ ပြောတာတွေကို ကြားလိုက်ရတော့... သူ အနိုင်ကျင့်ခံနေရလို့ ကျွန်တော့်လို အဘိုး တစ်ယောက်က ရှေ့ထွက်ပေးရမယ်လို့ပဲ ပထမဆုံး စိတ်ထဲမှာ ထင်လိုက်မိတာပါ... အဲ့ဒါကြောင့်ပဲ ကျွန်တော် ဒေါသတကြီးနဲ့ မသင့်တော်တဲ့ စကားတွေ ပြောမိသွားတာပါ မြို့စားကြီးရာ..."

ဘတ်ကင်ဟမ် မြို့စားကြီးသည် မြို့စားများစွာထဲတွင် ဩဇာအာဏာ အကြီးမားဆုံး ဖြစ်သော်လည်း၊ လူတစ်ယောက် အနေဖြင့် ကြီးမားသော အားနည်းချက်တစ်ခု ရှိနေကြောင်း အာလ် ဝီလျံ ကောင်းစွာ မှတ်သားထားသည်။ ၎င်းမှာ သူသည် သံယောဇဉ်ကြီးသူ ဖြစ်ပြီး စိတ်ပျော့တတ်ခြင်း ပင် ဖြစ်ချေ၏။

ယခင်ကလည်း သူ၏ ဘေးနားမှ လူများ အမှားတစ်ခုခု ကျူးလွန်မိလျှင်ပင်... ကြီးကြီးမားမား ကိစ္စ မဟုတ်သရွေ့၊ ထိုလူများက သနားစရာကောင်းအောင် ဟန်ဆောင်လိုက်လျှင် သူသည် အလွယ်တကူပင် ခွင့်လွှတ်ပေးတတ်သည် မဟုတ်ပါလော။

ယခုလည်း သူသည် မိမိကိုယ်မိမိ သူငယ်ပြန်နေသူ တစ်ဦးအဖြစ် ဟန်ဆောင်ကာ၊ ဖိလစ်၏ လိမ်လည်မှုကို ခံလိုက်ရသည်ဟု ဆင်ခြေပေးလိုက်ခြင်း ဖြစ်သည်။ မြို့စားကြီး၏ ဒေါသများ အနည်းငယ် လျော့ပါးသွားလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း၊ မထင်မှတ်ဘဲ ဘတ်ကင်ဟမ် မြို့စားကြီး၏ အေးစက်စက် ရယ်သံကိုသာ ကြားလိုက်ရတော့၏။

"သူငယ်ပြန်နေတာ ဟုတ်လား... ဖိလစ်ရဲ့ လှည့်စားမှုကို ခံလိုက်ရတာ ဟုတ်လား... ငါ့အမြင်မှာတော့ အခု မင်း ပြောနေတာတွေက အရမ်းကို ရှင်းလင်းနေသလို... ခုနက ဖုန်းထဲက မင်းရဲ့ အသံကလည်း အားအင်တွေ ပြည့်နေတာပဲ..."

"မင်းဆီကို အဲ့ဒီ ဖြစ်စဉ် ဗီဒီယိုကို အခုပဲ ပို့ပေးလိုက်မယ်... အဲ့ဒါကို ကြည့်ပြီးရင်... မင်းရဲ့ ဖိလစ်နဲ့ ဒီကိစ္စကို မင်း ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ငါ့ကို ပြောပြစမ်း..."

ပြောပြောဆိုဆိုနှင့်ပင် မြို့စားကြီးသည် အဖြစ်အပျက်၏ ဗီဒီယို မှတ်တမ်းကို အမြန်ဆုံး ပေးပို့လိုက်လေတော့သည်။

တစ်ခဏအတွင်းမှာပင် အာလ် ဝီလျံ တစ်ယောက် ဘာလုပ်ရမှန်း မသိဘဲ ဆွံ့အသွားရတော့၏။

ဘာပဲဖြစ်ဖြစ်... အခြေအနေက သိသာထင်ရှားလွန်းနေသည် မဟုတ်ပါလော။

သနားစရာကောင်းအောင် ဟန်ဆောင်ခြင်း၊ တွေဝေနေသယောင် ပြုမူခြင်း စသည့် ယခင်က အမြဲတမ်း အောင်မြင်ခဲ့သော လှည့်ကွက်များသည်... ယခုတစ်ကြိမ်တွင်မူ ဘတ်ကင်ဟမ် မြို့စားကြီးအပေါ်၌ အလုပ်မဖြစ်တော့ချေ။

ဘတ်ကင်ဟမ် မြို့စားကြီးသည် ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အမျက်ထွက်နေပြီး၊ သူ့ကိုပါ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချရန် ပြင်ဆင်နေခြင်း ဖြစ်၏။

ဗီဒီယို မှတ်တမ်းကို ကြည့်လိုက်သောအခါ…

စားသောက်ဆိုင်အတွင်း၊ သူ၏ အသည်းကျော် ဖိလစ်၏ မောက်မာ ရိုင်းစိုင်းလှသော၊ ရက်စက်ကြမ်းကြုတ်သော အမူအရာများကိုလည်းကောင်း၊ ဘေးပတ်ဝန်းကျင်ရှိ စားသုံးသူများ၏ ထိတ်လန့် ဒေါသထွက်နေသော မျက်နှာများကိုလည်းကောင်း အထင်အရှား မြင်တွေ့လိုက်ရလေသည်။ သူ၏ အသံမှာ ခါးသက်သွားရ၏။ "မြို့စားကြီး... ဘာကို ဆိုလိုတာလဲခင်ဗျာ..."

"ငါ မင်းကို ပြောပြနိုင်တာ တစ်ခုကတော့... ဗီဒီယိုထဲက လူငယ်လေးဟာ ငါ့ရဲ့ မိတ်ဆွေရင်း တစ်ယောက်ပဲ... သူက ငါ့သူငယ်ချင်း မာတင်ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်သလို၊ တို့ အင်ပါယာ တော်ဝင်မိသားစုရဲ့ အထူးဧည့်သည်တော်လည်း ဖြစ်တယ်..." ဘတ်ကင်ဟမ် မြို့စားကြီး၏ အသံမှာ အေးစက်မြဲ အေးစက်နေဆဲပင်။

"အခုအချိန်မှာ... ငါ့ဆီကနေ မင်း ဘာလုပ်ပေးရမလဲလို့ မေးရမယ့် အချိန် မဟုတ်ဘူး...ဝီလျံ၊ မင်းကိုယ်တိုင်ကသာ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ငါ့ကို ပြောပြရမှာ..."

"ပြီးတော့... ငါ့ကိုရော၊ တို့ နေမဝင်အင်ပါယာရဲ့ နိုင်ငံသား အားလုံးကိုပါ... မင်း ဘယ်လိုမျိုး ရှင်းပြချက် ပေးမလဲ ဆိုတာကိုလည်း ငါ စောင့်ကြည့်နေမယ်…”

All Chapters