အခန်း (၆၆၁-၆၆၃)
Vol. 45 Ch. 661-663
အခန်း ၆၆၁ - အစ်မ၊ တက်လာခဲ့လေ
“ငါတို့ အောက်ဆင်းကြရအောင်...”
သန်မာသောဓားသမားကြီး၏ စကားသံနှင့်အတူ မဟာအကြီးအကဲ သုံးဦးသည် အလင်းတန်းများသဖွယ် ပျံသန်းလာခဲ့ကြပြီး ခဏချင်းမှာပင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ စုဝေးရာနေရာသို့ ရောက်ရှိလာကြသည်။ ထိုသူသုံးဦးကို မြင်လိုက်ရသည့်အခါ အားလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်း၏ မျက်ဝန်းထဲတွင် အလွန်အမင်း ကြောက်ရွံ့ရိုသေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ဤသည်မှာ မဟာအကြီးအကဲဟူသော အဆင့်အတန်းကြောင့်သာမကဘဲ သန်မာသူများအပေါ်ထားရှိသော ဗီဇအရ ရိုသေလေးစားမှုလည်း ဖြစ်ပေသည်။
လော့ရှာဂိုဏ်းမှ မဟာအကြီးအကဲ ယွမ်လန်သည် ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ သူမ၏ ကိုယ်ပေါ်တွင် ရေလှိုင်းများအလား စွမ်းအင်များ လှုပ်ရှားနေပြီး တည်ငြိမ်လှသော လေသံဖြင့် ဆိုလိုက်သည်။
“မင်းတို့ ဒီတိုက်ပွဲကြီးထဲမှာ ကြံ့ကြံ့ခံနိုင်ခဲ့ကြတာ တကယ်ကို ကောင်းတယ်... ဒါက ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်း တပည့်တွေရဲ့ မြင့်မားတဲ့ အောင်မြင်မှုပဲ... ဒီတိုက်ပွဲက မင်းတို့အတွက် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု တစ်ခုပဲ... သေခြင်းနဲ့ ရှင်ခြင်းကြားက ကြောက်မက်ဖွယ်ရာတွေကို မြင်တွေ့ခဲ့ရတာက မင်းတို့ရဲ့ အလားအလာတွေကို နိုးကြားလာစေမှာဖြစ်သလို နောင်ကျင့်ကြံမှုတွေမှာလည်း အောင်မြင်မှုတွေ ရလာစေမှာပဲ...”
“ဂိုဏ်းကို ပြန်ရောက်ရင် မင်းတို့ ရသင့်ရထိုက်တဲ့ ဆုလာဘ်တွေအပြင် တစ်ယောက်ကို သွေးကြောဖွင့်ဆေးလုံး သုံးလုံးစီ အပိုပေးဦးမယ်... ဒီဆေးလုံးတွေက မင်းတို့ရဲ့ ကျင့်ကြံဆင့်တွေကို ချိုးဖျက်နိုင်ဖို့နဲ့ အစွမ်းတွေ တိုးတက်လာဖို့အတွက် သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်...”
ဤစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာတွင် အလွန်အမင်း ဝမ်းသာအားရသည့် အမူအရာများ ပေါ်ထွက်လာကြသည်။ အတွင်းစည်းတပည့် အများစုအတွက်မူ သွေးကြောဖွင့်ဆေးလုံး သုံးလုံးဆိုသည်မှာ အလွန်ကြီးမားသော ဆုလာဘ်ပင် ဖြစ်၏။
သေချာသည်မှာ ထိုသူများထဲတွင် လော့ချန် မပါဝင်ပေ။ ယခုတိုက်ပွဲတွင် သူ ရရှိခဲ့သော ဥစ္စာပစ္စည်းများကို မစစ်ဆေးရသေးသော်လည်း အလွန်ပင် များပြားလှမှာ သေချာပေသည်။ သွေးဝိညာဉ်ဂိုဏ်း တပည့်ပေါင်း ရာနှင့်ချီ၍ သူ သတ်ဖြတ်ခဲ့သည်မဟုတ်ပါလော။ ၎င်းအပြင် ချီယွီ၊ လျိုခန်း အစရှိသော ထိပ်သီးမျိုးဆက်တပည့် လေးဦး၏ ပိုင်ဆိုင်မှုများအားလုံးကို ပေါင်းလိုက်လျှင်မူ တကယ့်ကို ထိတ်လန့်စရာကောင်းသော ကိန်းဂဏန်းတစ်ခု ဖြစ်လာမှာ သေချာလှသည်။
ထိုစဉ် မဟာအကြီးအကဲ ယွမ်လန်သည် လေသံကို ပြောင်း၍ ဆက်လက်ဆိုလိုက်သည်။
“သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ဖျက်ဆီးနိုင်ခဲ့ပေမဲ့ လွတ်မြောက်သွားတဲ့ ငါးလေးတွေလည်း အများကြီး ရှိနေသေးတယ်... အဲဒီလူတွေက သာမန်လူတွေအတွက်တော့ ဘေးအန္တရာယ်ကြီး တစ်ခုပဲ...”
“မင်းတို့ထဲက ဒဏ်ရာရထားတဲ့သူတွေက ဂိုဏ်းကို အရင်ပြန်ပြီး အနားယူကြ... ကျန်တဲ့သူတွေကတော့ နတ်ဆိုးတောအုပ် ပတ်ဝန်းကျင်က မြို့တွေမှာ ပုန်းအောင်းနေတဲ့ သွေးဝိညာဉ်ဂိုဏ်း အကြွင်းအကျန်တွေကို လိုက်လံနှိမ်နင်းကြ... ဒါနဲ့ အဲဒီ သွေးမိစ္ဆာက ဒဏ်ရာနဲ့ ထွက်ပြေးသွားပြီ... သူက အားပြန်ဖြည့်ဖို့အတွက် အနှစ်သာရသွေး အမြောက်အမြား လိုအပ်လိမ့်မယ်... တကယ်လို့ တစ်နေရာရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာမျိုး တွေ့ရင် ဂိုဏ်းကို ချက်ချင်း သတင်းပို့ကြ... သူ အစွမ်းပြန်မရခင်မှာ ရှင်းပစ်ရမယ်...”
“...”
“ဟာ... အဲဒီ သွေးမိစ္ဆာက ထွက်ပြေးသွားတာလား...”
“မဟာအကြီးအကဲ သုံးယောက် ပူးပေါင်းတာတောင် သူ့ကို မဖမ်းနိုင်ဘူးလား...”
“သွေးမိစ္ဆာက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...”
သွေးမိစ္ဆာ လွတ်မြောက်သွားသည့် သတင်းကြောင့် ထိုနေရာတစ်ခွင်လုံးမှာ ဆူညံသွားတော့သည်။ လော့ချန်သည်လည်း အနည်းငယ်မျှ အံ့ဩသွားရသည်။ မဟာအကြီးအကဲ သုံးဦးဆိုသည်မှာ လူသားအမြုတေ အဆင့်ရှိသူ သုံးဦး ဖြစ်ပါလျက်နှင့် သွေးမိစ္ဆာကို မနှိမ်နင်းနိုင်ခဲ့ခြင်းပင် ဖြစ်၏။
“ကဲ... မင်းတို့အားလုံး လူစုခွဲလိုက်ကြတော့...”
မဟာအကြီးအကဲ ယွမ်လန်သည် နောက်ဆုံးအကြိမ် မှာကြားလိုက်ပြီး လော့ရှာဂိုဏ်းရှိရာ အရပ်ဆီသို့ ပျံသန်းသွားသည်။ ယင်းလီသည် ချက်ချင်းပင် လိုက်ပါသွားခဲ့ပြီး သူတို့နှစ်ဦးသည် တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသော်လည်း စကားပြောနေစဉ်အတွင်း မဟာအကြီးအကဲ ယွမ်လန်၏ အကြည့်မှာ လော့ချန်ထံသို့ မကြာခဏ ရောက်ရှိသွားခဲ့ပြီး သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ လက်နက်နေတော့သည်။
“ဝှစ်...”
“ဝှစ်...”
“ဝှစ်...”
အခြားသော အင်အားစုများမှာလည်း အုပ်စုလိုက် စတင်ထွက်ခွာသွားကြပြီ ဖြစ်ရာ အချို့မှာ ဂိုဏ်းသို့ ပြန်ကြပြီး အချို့မှာမူ သွေးဝိညာဉ်ဂိုဏ်း အကြွင်းအကျန်တွေကို လိုက်လံနှိမ်နင်းရန် ထွက်ခွာသွားကြသည်။
ရွှမ်ယွမ်ဂိုဏ်း တပည့်များသည်လည်း ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ထိုစဉ် ယွမ်ချင်ယင်သည် အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပျံသန်းလာခဲ့ပြီး လော့ရှာဂိုဏ်း တပည့်များ စုဝေးရာ တောင်ကုန်းပေါ်သို့ ရောက်ရှိလာသည်။ သူသည် လော့ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။
“ညီလေးလော့ချန်... ငါတို့ ခရီးစရတော့မယ်... မဟာအကြီးအကဲ ရှီဟွမ်က မင်းကို ဂိုဏ်းအထိ ကိုယ်တိုင် လိုက်ပို့ပေးလိမ့်မယ်...”
သူသည် မဟာအကြီးအကဲ ရှီဟွမ်၏ အမည်ကို သုံး၍ လော့ချန်ကို လှည့်စားရန် ကြိုးစားလိုက်ခြင်းပင်။ လော့ချန်သာ သူတို့နှင့်အတူ ဂိုဏ်းသို့ ပြန်လိုက်လာမည်ဆိုလျှင် လမ်းခရီးတွင် လော့ချန်၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကို စုံစမ်းရန် သူ နည်းလမ်းရှာနိုင်မှာ ဖြစ်ပေသည်။
လော့ချန်သည် ထိုင်နေရာမှ ထလိုက်ပြီး တည်ငြိမ်စွာ ခေါင်းခါပြလိုက်သည်။
“စီနီယာအစ်မ ယင်းလီက ကျွန်တော့်ကို မြင်မြင်ချင်း ခင်မင်သွားလို့ ကျင့်ကြံမှုတွေအကြောင်း ညွှန်ကြားပေးဦးမယ်လို့ ပြောထားတယ်... ဒါကြောင့် ကျွန်တော် အခုလောလောဆယ် ပြန်ဦးမှာ မဟုတ်ဘူး...”
လော့ချန်သည် ထိုလူနှင့်အတူ ပြန်လိုက်သွားရလောက်အောင် မိုက်မဲသူ မဟုတ်သဖြင့် ယင်းလီ၏ အရှိန်အဝါကို တိုက်ရိုက် ခုတုံးလုပ်လိုက်ရပေသည်။ ဤစကားကို ကြားလိုက်ရသည့်အခါ အထူးသဖြင့် စီနီယာအစ်မ ယင်းလီ ဟု ခေါ်ဆိုလိုက်သည့်အတွက် ယင်းလီသည် ကောင်းကင်ယံ၌ ပျံသန်းနေရင်း ကိုယ်ဟန်ပင် ပျက်သွားလုနီးပါး ဖြစ်သွားရသည်။
ယွမ်ချင်ယင်၏ မျက်နှာသည် ချက်ချင်းပင် ပျက်သွားခဲ့ပြီး အကြည့်များမှာ ထက်မြက်လာတော့သည်။
“ဘာလဲ... မင်းက မဟာအကြီးအကဲ ရှီဟွမ်ကိုတောင် မျက်စိထဲ မထည့်တာလား...”
“အဲဒီလို မဟုတ်ပါဘူး... စီနီယာအစ်မ ယင်းလီက ကျွန်တော့်ကို ဧည့်သည်အဖြစ် ခေါ်ထားတာဆိုတော့ ကျွန်တော်လည်း မတတ်နိုင်ဘူးလေ... အလုပ်တွေ ပြီးသွားရင်တော့ ကျွန်တော် ပြန်လာခဲ့ပါ့မယ်...”
လော့ချန်သည် အခြားသူများ မည်သို့ ထင်မြင်မည်ကို ဂရုမစိုက်ဘဲ မိမိဘာသာ အေးဆေးစွာ ပြောဆိုနေတော့သည်။
“မင်း...”
ယွမ်ချင်ယင်၏ စိတ်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားတော့သည်။ ထိုစဉ် အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ယင်းလီနှင့် မဟာအကြီးအကဲ ယွမ်လန်တို့သည် ဖြည်းညင်းစွာ ဆင်းသက်လာကြသည်။ ယင်းလီသည် ယွမ်ချင်ယင်ကို ကြည့်ကာ ဆိုလိုက်သည်။
“လော့ချန် ပြောတာ မှန်ပါတယ်... သူ ငါတို့ လော့ရှာဂိုဏ်းမှာ ဧည့်သည်အဖြစ် ရက်အနည်းငယ်လောက် နေလိမ့်မယ်...”
ဤ ပြန်လည်ဖြေကြားချက်ကြောင့် ယွမ်ချင်ယင်သည် မှင်တက်မိသွားရပြီး အေးစက်စွာ ဆိုလိုက်သည်။
“ခင်ဗျားတို့ လော့ရှာဂိုဏ်းက ယောကျ်ားလေးတွေကို ဘယ်တုန်းကမှ ဧည့်သည်လက်မခံဘူးလေ... ဘယ်တုန်းကစပြီး အခုလိုမျိုး ဧည့်ဝတ်ကျေပွန်နေတာလဲ...”
“ဒါက ငါတို့ လော့ရှာဂိုဏ်းရဲ့ စည်းကမ်းပဲ... ငါတို့ ဘယ်သူ့ကို ဖိတ်ဖိတ်... အဲဒါ ငါတို့အလုပ်ပဲ...”
ယင်းလီ၏ လေသံသည် အေးစက်လှပေသည်။
“ဟဲဟဲ... ကောင်းတယ်... တကယ်ကို ကောင်းတယ်... လော့ချန်... တချို့ကိစ္စတွေက ရှောင်လို့မရဘူးဆိုတာ မှတ်ထားလိုက်... မင်း ထိပ်သီးမျိုးဆက်တပည့် လေးယောက်ကို သတ်ခဲ့တဲ့ ကိစ္စကတော့ သေချာပေါက် အဖြေပေးရမှာပဲ...”
ယွမ်ချင်ယင်၏ စိတ်ထဲတွင် အကြီးအကျယ် ဒေါသထွက်နေသော်လည်း ယင်းလီက ဤမျှအထိ လော့ချန်ကို ကာကွယ်ပေးနေသဖြင့် သူလည်း ဘာမှမတတ်နိုင်တော့ပေ။ သူသည် လော့ချန်ကို တစ်ချက် အေးစက်စွာ ကြည့်လိုက်သည်။
“မင်း... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ထားအုံးပေါ့ကွာ...”
ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီးနောက် ယွမ်ချင်ယင်သည် ရွှမ်ယွမ်ဂိုဏ်း ရှိရာဘက်သို့ လှည့်၍ ထွက်ခွာသွားသည်။
လှိုင်းတစ်ခု မငြိမ်သေးခင်မှာပင် နောက်ထပ် လှိုင်းတစ်ခု ထပ်ပေါ်လာပြန်သည်။
“ဘုန်း...”
လျှပ်ယွမ်ဂိုဏ်း ရှိရာဘက်မှ ပြင်းထန်သော လူရိပ်တစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်လာခဲ့သည်။ ၎င်းမှာ ယွမ်ထျန်ယန် ဖြစ်၏။ သူသည် လော့ချန်ကို အထက်စီးမှ ငုံ့ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ အေးစက်လှပြီး အကျယ်ကြီး အော်ပြောလိုက်သည်။
“လော့ချန်... နောက်ထပ် ရက်သတ္တပတ် နှစ်ပတ် ကြာရင် ငါ ယွမ်ချွမ်မြို့မှာ မင်းကို စောင့်နေမယ်... ငါ့ကို အကြာကြီး စောင့်ခိုင်းမနေနဲ့ဦး...”
စကားတစ်ခွင် ပြောပြီးသည်နှင့် ယွမ်ထျန်ယန်၏ ကိုယ်ပေါ်တွင် တောက်ပလှသော မီးလျှံများ ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ယံသို့ ပျံတက်သွားရာ ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
“ဝိုး... လော့ချန်နဲ့ ယွမ်ထျန်ယန်တို့က ယွမ်ချွမ်မြို့မှာ အသေအလဲ တိုက်ကြတော့မှာလား...”
“လော့ချန် အဲဒီအချိန်ကျရင် သွားရဲပါ့မလား မသိဘူး...”
“မသွားရင်တော့ တကယ်ကို အရှက်ကွဲမှာပဲ...”
ယွမ်ထျန်ယန်၏ စကားကြောင့် အနီးပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ဆူညံသွားပြန်သည်။ လူအများအပြားသည် သူတို့နှစ်ဦး၏ တိုက်ပွဲကို အလွန်ပင် မျှော်လင့်နေကြတော့သည်။
လျှပ်ယွမ်ဂိုဏ်းနှင့် ရွှမ်ယွမ်ဂိုဏ်း တပည့်များသည်လည်း အုပ်စုလိုက် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီ ဖြစ်၏။ ယွမ်ချင်ယင်တို့နှင့် ယွမ်ထျန်ယန်တို့ ထွက်ခွာသွားသည်ကို မြင်လိုက်ရမှသာ လော့ချန်သည် သက်ပြင်းတစ်ချက် ချနိုင်သည်။ သူသည် ယင်းလီတို့ထံမှ နှုတ်ဆက်၍ ထွက်ခွာရန် ပြင်လိုက်သော်လည်း ယင်းလီသည် လျှောက်လှမ်းလာခဲ့သည်။
“အစ်မ တဲ့လား... တကယ်ကို ကောင်းတဲ့ အစ်မပါပဲ...”
ယင်းလီသည် လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ပါရှိနေပြီး ကိုယ်ပေါ်မှလည်း အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေတော့သည်။ လော့ချန်၏ စိတ်ထဲတွင် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပင် ပြုံးလျက် ဆိုလိုက်သည်။
“ခုန အခြေအနေက အတင်းအကျပ် ဖြစ်နေလို့ပါ... ကျွန်တော်က စီနီယာအစ်မ ယင်းလီရဲ့ နာမည်ကို မလွှဲမရှောင်သာ သုံးလိုက်ရတာပါ... ဒါမှ ယွမ်ချင်ယင် ဆိုတဲ့ ကောင်ကို ဟန့်တားနိုင်မှာမို့လို့ပါ...”
“အဲဒီလိုလား...”
ယင်းလီသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်၌ အေးစက်သော လေပြင်းများ တိုက်ခတ်လာခဲ့ပြီး နှင်းပွင့်များမှာ ဝဲလည်လာတော့သည်။ ခဏချင်းမှာပင် နှင်းများဖြင့် ဖွဲ့စည်းထားသော ဧရာမ မြွေကြီးတစ်ကောင်သည် ပေါ်ထွက်လာခဲ့ပြီး လော့ချန်ကို ကြည့်ကာ လျှာကို ထုတ်၍ ရှူးရှူးသံများ ပေးနေတော့သည်။ ဤသည်မှာ လော့ချန်ကို အလွန်ပင် လန့်သွားစေခဲ့သဖြင့် သူသည် အလျင်အမြန်ပင် နောက်သို့ ခုန်ဆုတ်လိုက်သည်။
“ဟေး... စီနီယာအစ်မ မကြိုက်ရင်လည်း နောက်တခါ မခေါ်တော့ဘူးလေ...”
ယင်းလီမှာမူ နှင်းမြွေကြီး၏ ကိုယ်ပေါ်သို့ ပျံတက်လိုက်ပြီး လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။
“တက်လာခဲ့တော့...”
အခန်း ၆၆၁ ပြီးပါပြီ။
အခန်း ၆၆၂ - မင်းကိုခေါ်ပြီး လေ့ကျင့်ပေးမယ်
“ဟင်...”
ယင်းလီ၏ စကားကို ကြားလိုက်ရသည့်အခါ လော့ချန်သည် ခဏမျှ ကြောင်အသွားခဲ့ပြီး ရှေ့မှ ရေခဲမြွေကြီးကို ကြည့်ကာ ဘာကိုဆိုလိုမှန်း နားမလည်နိုင် ဖြစ်နေတော့သည်။
ယင်းလီသည် မျက်ခုံးလေးများကို ပင့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“မြင်မြင်ချင်း ခင်မင်သွားလို့ ငါက မင်းကို ကျင့်ကြံမှုတွေအကြောင်း ညွှန်ကြားပေးမယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်လား... အခု ငါ မင်းကို ကျင့်ကြံဖို့ ခေါ်သွားမလို့လေ... ဘာလဲ... မလိုက်ချင်ဘူးလား...”
သူမ၏ ဆွဲငင်ဓာတ်ပါသော အသံမှာ အေးစက်နေဆဲ ဖြစ်သော်လည်း ယခုမူ အနည်းငယ် ကျီစယ်လိုသော အရိပ်အယောင်များ ပါဝင်နေတော့သည်။
“ဒါက...”
ယင်းလီ ဘာကို ကြံစည်နေသနည်းဆိုသည်ကို လော့ချန် ခန့်မှန်း၍ မရနိုင်တော့ပေ။
“ငါကိုယ် လာခေါ်မှ တက်လာမှာလား...”
ယင်းလီသည် အသာအယာ နှာခေါင်းရှုံ့လိုက်ရာ လော့ချန်သည် ရင်ဘတ်ထဲအထိ စိမ့်ဝင်သွားသော အအေးဒဏ်ကို ခံစားလိုက်ရပြီး စိတ်ဝိညာဉ်ပါ တုန်လှုပ်သွားရသည်။
“ဟဲဟဲ... စီနီယာအစ်မ ယင်းလီကို အလုပ်မရှုပ်စေပါဘူး...”
မိမိတွင် ငြင်းဆိုပိုင်ခွင့် မရှိမှန်း သိရှိလိုက်သဖြင့် လော့ချန်သည် အောင့်သက်သက်ဖြင့်သာ ရေခဲမြွေကြီး၏ ကိုယ်ပေါ်သို့ ခုန်တက်လိုက်ရတော့သည်။
ရှည်လျားသော ဟိန်းဟောက်သံနှင့်အတူ ရေခဲမြွေကြီးသည် အေးစက်လှသော လေပြင်းများကို သယ်ဆောင်လျက် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး တိမ်တိုက်များကြားထဲသို့ ဝင်ရောက်သွားတော့သည်။ ဤမြင်ကွင်းကို ကြည့်နေကြသော လော့ရှာဂိုဏ်း တပည့်များမှာမူ အံ့ဩမှင်တက်မိ နေကြတော့သည်။
“စီနီယာအစ်မ ယင်းလီက လော့ချန်ကို ခေါ်ပြီး သီးသန့် ထွက်သွားတာလား... သူတို့ ဘယ်သွားကြမလို့လဲ... ဘာလုပ်ကြမလို့လဲ...”
နဝမမင်းသမီးသည် ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသော ထိုသူနှစ်ဦးကို ကြည့်ကာ အနည်းငယ် ထိတ်လန့်နေတော့သည်။ ယူလန်ရှင်းက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“အဲဒါ နတ်ဆိုးတောအုပ် ရှိရာဘက်ပဲ...”
လော့ရှာဂိုဏ်းမှ မဟာအကြီးအကဲ ယွမ်လန် တစ်ဦးတည်းသာလျှင် တည်ငြိမ်နေခဲ့ပြီး လှည့်၍ မှာကြားလိုက်သည်။
“ငါတို့လည်း ပြန်ကြရအောင်...”
“ဝှစ်...”
ရေခဲမြွေကြီး၏ အရှိန်မှာ အလွန်ပင် မြန်လှသဖြင့် လေထုကို ဓားဖြင့် ခွဲလိုက်သကဲ့သို့ ရှိနေပြီး ခဏချင်းမှာပင် နတ်ဆိုးတောအုပ်၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်ရှိ မည်းမှောင်နေသော တိမ်တိုက်များမှာ ရေခဲမြွေကြီးနှင့် နီးကပ်လာသည်နှင့်တစ်ပြိုင်နက် အအေးဒဏ်ကြောင့် ခဲသွားခဲ့ပြီး မီးခိုးရောင် နှင်းပွင့်များအဖြစ် အောက်သို့ ဖြည်းညဘင်းစွာ ကျဆင်းကုန်တော့သည်။
လော့ချန်သည် သံသယများ ပြည့်နှက်နေခဲ့ပြီး သူ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ယင်းလီက အရင် စကားစလိုက်သည်။
“သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းနဲ့ ပတ်သက်တဲ့ မင်းရဲ့ ခန့်မှန်းချက်ရယ်... သွေးကျီးကန်းလူသားအမြုတေကို မင်းမြင်ခဲ့တဲ့ ကိစ္စရယ်ကို ငါ မဟာအကြီးအကဲ ယွမ်လန်ကို ပြောပြလိုက်ပြီ...”
“အော်...”
ယင်းလီ မိမိကို ခေါ်လာခြင်းမှာ ဤကိစ္စနှင့် ပတ်သက်နေမှန်း လော့ချန် သိရှိလိုက်ပြီး မေးမြန်းလိုက်သည်။
“မဟာအကြီးအကဲ ယွမ်လန်က ဘာပြောလဲ...”
“သူမရဲ့ အမြင်က ငါနဲ့ အတူတူပဲ... ဒီသတင်းကို အပြင်မှာ လောလောဆယ် လျှောက်မပြောတာ ပိုကောင်းလိမ့်မယ်... သွေးကျီးကန်းလူသားအမြုတေ ပေါ်လာတာက ငါတို့ တာယွဲ့မင်းဆက် ထဲမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ အင်အားက မနည်းတော့ဘူးဆိုတာကို ပြနေတာပဲ... မဟာအကြီးအကဲ ယွမ်လန် ခန့်မှန်းတာကတော့ သွေးဝိညာဉ်ဂိုဏ်းက ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်း ထဲကိုတောင် စိမ့်ဝင်နေလောက်ပြီတဲ့... သတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ရန်သူတွေက သတိထားမိသွားလိမ့်မယ်...”
လော့ချန်သည် ဆွန်ရင်ယန်ကို ချက်ချင်းပင် သတိရလိုက်သည်။ တစ်ဖက်လူသည် သွေးဝိညာဉ်ဂိုဏ်း၏ သိမ်းသွင်းမှုကို ခံခဲ့ရသည်မဟုတ်ပါလော။ ဆွန်ရင်ယန် တစ်ယောက် ရှိနေလျှင် ဒုတိယမြောက်၊ တတိယမြောက်လူတွေလည်း ရှိနေမှာ သေချာလှပေသည်။
ယင်းလီသည် ဆက်လက်ဆိုလိုက်သည်။
“ဒါကြောင့် ငါတို့က တိတ်တဆိတ် စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်... သွေးဝိညာဉ်ဂိုဏ်းရဲ့ တကယ့် အခြေစိုက်စခန်းကို အမြန်ဆုံး ရှာဖွေပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကို သိအောင် လုပ်ရမယ်...”
ဤစကားကို ကြားလိုက်ရသည့်အခါ လော့ချန်၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့ပြီး မိမိကိုယ်မိမိ လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ငါတို့... ဟုတ်လား... စီနီယာအစ်မက ကျွန်တော့်ကို ခေါ်ပြီး သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို သွားရှာမလို့လား...”
ယင်းလီသည် ပုံမှန်အတိုင်းပင် ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့... ဒီကိစ္စကို ငါတို့နှစ်ယောက်ပဲ သိတာလေ... နောက်ပြီး မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ဒီလောက်အထိ သန်မာပြီး အာရုံခံစားမှုကလည်း ထက်မြက်တာဆိုတော့... ဒီလို ရှုပ်ထွေးလှတဲ့ နတ်ဆိုးတောအုပ် ထဲမှာဆိုရင် မင်းရဲ့ အစွမ်းက ငါ့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပဲ...”
“စိတ်ချပါ... မင်းကို အလကား ခိုင်းမှာ မဟုတ်ဘူး... တကယ်လို့ တကယ့် အခြေစိုက်စခန်းကို ရှာတွေ့ခဲ့မယ်ဆိုရင်... ငါ ဂိုဏ်းကို ပြန်ရောက်တဲ့အခါ မင်းအတွက် သက်သေခံပေးမယ်... အဲဒီအခါကျရင် မင်းက မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ရနိုင်မှာဖြစ်သလို လျှပ်ယွမ်ဂိုဏ်းရဲ့ နယ်ပယ်အတွင်းက မီးလျှံချိုင့်ဝှမ်းထဲမှာတောင် ဝင်ရောက်ကျင့်ကြံနိုင်လိမ့်မယ်... မင်း ရမယ့် ဆုလာဘ်တွေက ကျင်းမင် ရတာထက်တောင် ပိုများဦးမှာပဲ...”
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ယင်းလီသည် လော့ချန်ကို တစ်ချက်ကြည့်ကာ ဆက်လက်ဆိုလိုက်သည်။
“မင်းရဲ့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်ပိုင်းကို ရောက်နေပြီဆိုတော့ စတုတ္ထနယ်ပယ်ကို ချိုးဖျက်ဖို့က အချိန်တစ်ခုပဲ လိုတော့တာလေ... မြေကမ္ဘာဝိညာဉ်ဆေးလုံး ရှိရင်တော့ မင်း အဆင့်တက်လှမ်းနိုင်ဖို့ အခွင့်အရေး ပိုများသွားမှာပဲ...”
လော့ချန်သည် ခဏမျှ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။
“ငြင်းလို့ရမလား...”
ယင်းလီသည် မည်သည့်ခံစားချက်မျှ မရှိဘဲ ဆိုလိုက်သည်။
“စမ်းကြည့်လို့ ရတာပဲလေ...”
လော့ချန်မှာ ဘာမှပြန်မပြောနိုင်တော့ဘဲ လက်ခံလိုက်ရတော့သည်။
“ဒါဆိုရင် ငါတို့ ဘယ်ကနေ စပြီး စုံစမ်းကြမလဲ...”
“...”
ယင်းလီသည် ဘာမှပြန်မပြောပေ။ သိသာသည်မှာ သူမတွင်လည်း ကောင်းမွန်သော အစီအစဉ် မရှိခြင်းပင် ဖြစ်၏။
“စီနီယာအစ်မက နတ်ဆိုးတောအုပ် တစ်ခုလုံးကို မြေလှန်ရှာဖို့တော့ မစဉ်းစားထားဘူး မဟုတ်လား...”
လော့ချန်သည် အနည်းငယ်မျှ စိတ်ပျက်သွားရသည်။ နတ်ဆိုးတောအုပ် ဆိုသည်မှာ တာယွဲ့မင်းဆက် တစ်ခုလုံးကို ဖြတ်သန်းတည်ရှိနေခြင်း ဖြစ်ရာ သူတို့နှစ်ဦးတည်းနှင့် ရည်ရွယ်ချက်မရှိဘဲ ရှာဖွေနေခြင်းမှာ သမုဒ္ဒရာထဲတွင် အပ်ရှာနေသကဲ့သို့ ဖြစ်နေပြီး လပေါင်းများစွာ ကြာလျှင်ပင် သဲလွန်စ ရချင်မှ ရမှာ ဖြစ်ပေသည်။
ခဏမျှ စဉ်းစားလိုက်ပြီးနောက် လော့ချန်က ဆိုလိုက်သည်။
“ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်...”
“ဆို...”
ယင်းလီသည် ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။ လော့ချန်သည် ဆက်လက်ဆိုလိုက်သည်။
“အဲဒီတုန်းက စီနီယာအစ်မနဲ့ တိုက်ခိုက်ခဲ့တဲ့ သွေးဝိညာဉ်ဂိုဏ်းက ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီးလေ... သူက လက်တစ်ဖက် ဆုံးရှုံးသွားပြီးတဲ့နောက် ရှုပ်ထွေးမှုတွေကြားကနေ အနောက်တောင်ဘက်ကို ထွက်ပြေးသွားတာလေ... သူတို့လို လက်ရွေးစင်တွေက အလကား အစွန့်ပစ်ခံရမှာ မဟုတ်ဘူး... သူက သေချာပေါက် သွေးဝိညာဉ်ဂိုဏ်းရဲ့ တကယ့် အခြေစိုက်စခန်းဆီကို ပြန်သွားလောက်မှာပဲ... ငါတို့ အနောက်တောင်ဘက်ကို လိုက်ရှာကြည့်မယ်ဆိုရင် တစ်ခုခု တွေ့နိုင်မှာပဲ...”
“သူ ထွက်ပြေးသွားတာကို မင်းက ဘယ်လိုဖြစ်ပြီး သတိထားမိတာလဲ...”
ယင်းလီ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ လင်းလက်သွားတော့သည်။ ထိုစဉ်က သွေးမိစ္ဆာ ပေါ်လာသဖြင့် လူတိုင်း၏ အာရုံမှာ သွေးမိစ္ဆာထံသို့ ရောက်နေကြခြင်း ဖြစ်ရာ သူမကိုယ်တိုင်ပင် ထိုသူ ထွက်ပြေးသွားသည်ကို သတိမထားမိခဲ့ပေ။
“အဲဒီတုန်းက ကျွန်တော်က စီနီယာအစ်မ ယင်းလီကိုပဲ အာရုံစိုက်ကြည့်နေတာဆိုတော့ သူ ထွက်ပြေးသွားတာကို မြင်လိုက်တာပါ...”
လော့ချန်သည် တစ်ဖက်လူ၏ ကျင့်စဉ်ကို မျက်စိကျနေခြင်း ဖြစ်သည်ဟု အမှန်အတိုင်း မပြောဝံ့သဖြင့် ဆင်ခြေတစ်ခုကိုသာ ပေးလိုက်ရတော့သည်။ ဤစကားကို ကြားလိုက်ရသည့်အခါ ယင်းလီ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့သော်လည်း ထပ်မံ၍ မမေးမြန်းတော့ဘဲ ရေခဲမြွေကြီးကို အနောက်တောင်ဘက်သို့ ဦးတည်၍ ပျံသန်းစေတော့သည်။
ရေခဲမြွေကြီးသည် မည်းမှောင်နေသော တိမ်တိုက်များကြားတွင် ဖြတ်သန်းသွားခဲ့ရာ နှင်းနဂါးတစ်ကောင်အလား လျှို့ဝှက်ဆန်းကြယ်လှပေသည်။ အတွင်းပိုင်းသို့ ရောက်လာသည်နှင့်အမျှ တိမ်တိုက်များမှာ ပိုမို၍ ထူထပ်လာခဲ့ပြီး မည်းနက်နေတော့သည်။
“ငါတို့ အောက်ဆင်းကြရအောင်...”
အတန်ကြာ ပျံသန်းပြီးနောက် ယင်းလီသည် ရေခဲမြွေကြီးကို ထိန်းချုပ်၍ တိမ်တိုက်များကြားမှ အောက်သို့ မြှားတစ်စင်းအလား ထိုးဆင်းလိုက်တော့သည်။ အအေးဓာတ်နယ်ပယ်ဖြင့် မည်းမှောင်သော အငွေ့အသက်များကို ကာကွယ်ထားရခြင်းမှာ စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေသလို စိတ်ဝိညာဉ် အာရုံခံစားမှုအပေါ်တွင်လည်း သက်ရောက်မှု ရှိနေသည်မဟုတ်ပါလော။ ၎င်းအပြင် ဤသို့ ပျံသန်းနေခြင်းမှာ လူသိသာလွန်းလှသဖြင့် ရန်သူကို သတိပေးသကဲ့သို့ ဖြစ်နေမှာကို သူမ စိုးရိမ်နေခြင်း ဖြစ်ပေသည်။
“ဝှစ်...”
ရေခဲမြွေကြီးသည် လော့ချန်နှင့် ယင်းလီကို သယ်ဆောင်လျက် ကျယ်ပြောလှသော တောအုပ်ကြီးအတွင်းသို့ တိုးဝင်သွားခဲ့ရာ ပြင်းထန်လှသော အအေးဓာတ်ကြောင့် ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲများမှာ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
“ဝူး...”
အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့ပြီး ရေခဲမြွေကြီးသည် အအေးဓာတ်များအဖြစ် ပြောင်းလဲကာ ယင်းလီ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူမသည် လော့ချန်ဘက်သို့ လှည့်၍ ဆိုလိုက်သည်။
“ကျန်တာတွေကို ငါ့တာဝန်ထား... မင်းကတော့ ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကိုပဲ သေချာ အာရုံခံထား... တစ်ခုခု တွေ့ရင် ငါ့ကို ချက်ချင်းပြော...”
“ကောင်းပါပြီ...”
ယင်းလီသည် ရှေ့မှ လမ်းဖောက်သွားခဲ့ပြီး သူမ၏ ဝတ်စုံစလေးမှာ လွင့်ပျံနေကာ ကြည့်ရသည်မှာ အလွန်ပင် ပေါ့ပါးသွက်လက်လှပေသည်။ လော့ချန်သည် အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန် နှိုးဆွထားသလို မြူခိုးရိပ်ခြေလှမ်းကိုလည်း အသုံးပြုထားသဖြင့် တောအုပ်အတွင်း၌ အရိပ်များသာ ကျန်ရစ်တော့သည်။
ထိုသူနှစ်ဦးသည် အရိပ်များအလား အနောက်တောင်ဘက်သို့ ခရီးဆက်နေကြတော့သည်။ ဤနေရာမှာ နတ်ဆိုးတောအုပ်၏ အတွင်းပိုင်း ဖြစ်သဖြင့် မိစ္ဆာသားရဲများမှာ အလွန်ပင် ပေါများလှပြီး လမ်းတွင်လည်း မိစ္ဆာသားရဲများမှာ မကြာခဏ ပိတ်ဆို့နေကြတော့သည်။ သို့သော်လည်း ထိုမိစ္ဆာသားရဲများမှာ ရန်မူရန်ပင် အချိန်မရလိုက်ဘဲ သူတို့၏ ခန္ဓာကိုယ်များမှာ အေးစက်လှသော ချီစွမ်းအင်များဖြင့် အပေါက်ခံလိုက်ရပြီး ရေခဲရုပ်ထုများအဖြစ် ခဲသွားကာ မြေပြင်ပေါ်သို့ ပြိုကျပျက်စီးကုန်တော့သည်။
‘တကယ်ကို အစွမ်းထက်တာပဲ...’
လော့ချန်သည် စိတ်ထဲမှ တုန်လှုပ်နေမိသည်။ အသတ်ခံလိုက်ရသော မိစ္ဆာသားရဲ အများစုမှာ ကြယ်လေးပွင့်အဆင့်များ ဖြစ်ကြပြီး ကြယ်ငါးပွင့်အဆင့်ရှိ သားရဲကြီးတစ်ကောင်ပင်လျှင် ယင်းလီ၏ လက်ချက်ဖြင့် ခဏချင်းမှာပင် အသက်ပျောက်သွားခဲ့ရသည်။ ယင်းလီသည် ထိုမိစ္ဆာသားရဲများ၏ စိတ်ဝိညာဉ်အမြုတေများကို မယူခဲ့သဖြင့် လော့ချန်အတွက်တော့ အခွင့်အရေးကောင်းကြီး ဖြစ်နေတော့သည်။ လမ်းတစ်လျှောက်တွင် သူ ရရှိခဲ့သော စိတ်ဝိညာဉ်အမြုတေပေါင်းမှာ ဆယ်ဂဏန်းခန့် ရှိနေပြီ ဖြစ်၏။
အချိန်အတော်ကြာပြီးနောက် ထိုသူနှစ်ဦးသည် နတ်ဆိုးတောအုပ်အတွင်း မိုင်ထောင်ချီ ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဘာသဲလွန်စမှ ရှာမတွေ့သေးပေ။
ညဉ့်နက်လာပြီ ဖြစ်သည်။ နတ်ဆိုးတောအုပ် တစ်ခုလုံးမှာ မည်းမှောင်နေခဲ့ပြီး ထိတ်လန့်စရာကောင်းသော သားရဲဟိန်းသံများမှာလည်း နေရာအနှံ့မှ ထွက်ပေါ်နေတော့သည်။ စိတ်ဝိညာဉ်စွမ်းအင်ကို အချိန်အကြာကြီး အသုံးပြုထားရသဖြင့် လော့ချန်ပင်လျှင် အနည်းငယ်မျှ ပင်ပန်းလာရသလို ညဘက်တွင် နတ်ဆိုးတောအုပ်မှာ မိစ္ဆာသားရဲများ၏ ကမ္ဘာဖြစ်နေသဖြင့် ထိုသူနှစ်ဦးသည် လေကွယ်ရာ တောင်ကုန်းတစ်ခု၏ အောက်တွင် အနားယူရန် ဆုံးဖြတ်လိုက်ကြပြီး မိုးလင်းမှသာ ခရီးဆက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
ထိုသူနှစ်ဦးသည် တောင်ကုန်းအောက်တွင် ခြေလှမ်း ဆယ်ဂဏန်းခန့် အကွာတွင် ကိုယ်စီ ထိုင်လိုက်ကြပြီး ယင်းလီသည် မျက်လုံးများကို မှိတ်ကာ ကျင့်ကြံနေတော့သည်။ လော့ချန်သည် ယင်းလီကို ဂရုမစိုက်ဘဲ စိတ်ဝိညာဉ်ကို အားဖြည့်ပေးသော ဆေးလုံးတစ်လုံးကို မြိုချလိုက်သည်။ စိတ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့်အခါမှ ဝိညာဉ်ဆေးလုံးငယ်တစ်လုံးကို ထပ်မံထုတ်ယူ၍ မြိုချလိုက်ပြီး ကိုယ်တွင်းရှိ သိုင်းဝိညာဉ်အနှစ်သာရများကို ဆက်လက်သန့်စင်တော့သည်။
ယင်းလီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ လင်းလက်သွားတော့သည်။ သူမသည် တစ်ခုခုကို သိရှိချင်နေသကဲ့သို့ ရှိနေတော့သည်။ လော့ချန်တွင် ကျင့်ကြံရန် ဤမျှအထိ အင်အားရှိနေသေးလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ အခြားသော သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများ၊ မဟာသန်မာသူကြီးများပင်လျှင် ဤမျှအထိ အချိန်အကြာကြီး ရှာဖွေပြီးနောက်တွင်မူ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေမှာ သေချာလှသည်မဟုတ်ပါလော။
“သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က တကယ်ပဲ လူသားအမြုတေ အဆင့်နဲ့ တူနေတာလား...”
ယင်းလီသည် မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ တကယ်တော့ သူမက လော့ချန်ကို ခေါ်လာခြင်းမှာ မိမိကို ကူညီစေချင်ရုံသာမကဘဲ အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသော လော့ချန်သည် မည်သို့သော နည်းလမ်းဖြင့် ဤမျှအထိ မြန်မြန်ဆန်ဆန် တိုးတက်လာသနည်းဆိုသည်ကို ကိုယ်တိုင် မြင်တွေ့လိုခြင်းကြောင့်လည်း ပါဝင်ပေသည်။
အခန်း ၆၆၂ ပြီးပါပြီ။။
အခန်း ၆၆၃ - အဆင့်တက်ခြင်း၊ ထပ်မံအဆင့်တက်ခြင်း
“ဟင်... ကျင့်ကြံမှုအရှိန်က ပိုမြန်လာတာပဲ...”
ကျင့်ကြံခြင်းအခြေအနေထဲသို့ ဝင်ရောက်ပြီး ကိုယ်တွင်းရှိ သိုင်းဝိညာဉ်အနှစ်သာရများကို စတင်သန့်စင်သည်နှင့် လော့ချန်မှာ အံ့ဩဝမ်းသာသွားရသည်။ သန့်စင်သည့်အရှိန်မှာ ယခင်ကထက် ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်လာခြင်း ဖြစ်၏။
ဆိုလိုသည်မှာ ယခင်က ဆယ်ရက်ခန့် ကြာအောင် သန့်စင်ရမည့် အနှစ်သာရများကို ယခုအခါ သုံးလေးရက်အတွင်း ပြီးစီးနိုင်သဖြင့် အချိန်များစွာ သက်သာသွားခြင်း ဖြစ်သည်။
“စိတ်ဝိညာဉ်စွမ်းအင်တွေကို အများကြီး အသုံးချလိုက်ရလို့လား မသိဘူး...”
ဝိညာဉ်ဆေးလုံးငယ်ကို သူ ယခင်ကလည်း သုံးစွဲခဲ့ဖူးသော်လည်း ဤမျှအထိ ထူးခြားသောအာနိသင်မျိုး မရှိခဲ့ပေ။ လော့ချန် စဉ်းစားကြည့်သည့်အခါ စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားခြင်းက တစ်ခုတည်းသော အဖြေဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။
သိုင်းဝိညာဉ်အနှစ်သာရများတွင် လူသားတစ်ဦး၏ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်ဆိုင်ရာ အဆီအနှစ်များ ပါဝင်နေသဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်သည်မဟုတ်ပါလော။
“ကောင်းပြီ... ဒါဆိုရင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်းကို ပိုပြီး မြန်မြန် တက်လှမ်းနိုင်တော့မှာပဲ”
မူလက လော့ချန်သည် နတ်ဆိုးတောအုပ်မှ ထွက်ခွာပြီးနောက်မှသာ အဆင့် ၉ အဆင့်မြင့်ပိုင်းသို့ တက်လှမ်းရန် အပြင်းအထန် ကျင့်ကြံရန် စိတ်ကူးထားခြင်း ဖြစ်သည်။
ယင်းလီက သူ၏အစီအစဉ်ကို ဖျက်ဆီးခဲ့သော်လည်း ယခုမူ ဤသည်မှာ အကျိုးကျေးဇူးတစ်ခု ဖြစ်နေတော့သည်။
စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားခြင်းက သန့်စင်မှုအရှိန်ကို မြှင့်တင်ပေးနိုင်မှန်း သိရှိလိုက်သဖြင့် သူ ပိုမိုမြန်ဆန်စွာ အဆင့်တက်နိုင်တော့မည် မဟုတ်ပါလော။
လော့ချန်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး စိတ်ကိုစုစည်းကာ အစွမ်းကုန် ကျင့်ကြံတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် လော့ချန်သည် ထရပ်လိုက်ရာ သူ၏ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ ဒီရေအလား ပြင်းထန်နေခဲ့ပြီး အနှစ်သာရများမှာလည်း တောက်လောင်နေတော့သည်။
“အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားပြီပဲ... အငွေ့အသက်တွေကတောင် ပိုပြီး သန်မာလာသလိုပဲ”
ယင်းလီသည် အနည်းငယ်မျှ အံ့ဩသွားရသည်။
စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးခြင်းမှာ ချီစွမ်းအင်နှင့် မတူပေ။ သင့်လျော်သော ဝိညာဉ်ဆေးလုံးများ မရှိလျှင် ပြန်လည်ကောင်းမွန်ရန် အလွန်ပင် နှေးကွေးလှပေသည်။
လော့ချန်သည် တစ်ညလုံး အပြင်းအထန် ကျင့်ကြံခဲ့သော်လည်း နံနက်ရောက်သည့်အခါ စိတ်စွမ်းအင်များ အထွတ်အထိပ် ပြန်ရောက်နေရုံသာမက ကျင့်ကြံမှုမှာလည်း ပိုမိုတိုးတက်လာသကဲ့သို့ ခံစားရသဖြင့် ဤသည်မှာ တကယ်ကို အံ့ဩစရာပင် ဖြစ်၏။
“မနေ့က ဘာဆေးလုံး သုံးလိုက်တာလဲ...”
ယင်းလီက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
လော့ချန်က အမှန်အတိုင်း ဆိုလိုက်သည်။
“စိတ်ဝိညာဉ်အားဆေးနဲ့ ဝိညာဉ်ဆေးလုံးငယ် ပါ”
“အင်း... စိတ်ဝိညာဉ်အားဆေးက စိတ်စွမ်းအင်ကို ဖြည့်ပေးပြီး စိတ်ဝိညာဉ်စွမ်းအင် ပြန်ကောင်းဖို့ ကူညီပေးတယ်... ဝိညာဉ်ဆေးလုံးငယ်ကတော့ မြေကမ္ဘာဝိညာဉ်ဆေးလုံးရဲ့ ဘေးထွက်ပစ္စည်းကနေ ဖော်စပ်ထားတာဆိုတော့... သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေအတွက် စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ မကူညီနိုင်ပေမဲ့ ကျင့်ကြံမှုအရှိန်ကိုတော့ မြှင့်တင်ပေးနိုင်တာပေါ့... အာနိသင်က သွေးကြောဖွင့်ဆေးလုံးထက်တောင် သာသေးတယ်”
ယင်းလီသည် လော့ရှာဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးအနက် ပထမဖြစ်သူပီပီ ဗဟုသုတ အလွန်ပင် ပေါများလှပြီး ဆေးလုံးများအကြောင်းကိုလည်း ကောင်းစွာ နားလည်ထားပေသည်။
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ယင်းလီက လေသံပြောင်း၍ ဆိုလိုက်သည်။
“ဒါပေမဲ့ ဘေးထွက်ပစ္စည်းက ဘေးထွက်ပစ္စည်းပဲလေ... ဝိညာဉ်ဆေးလုံးငယ်ရဲ့ အာနိသင်က ကောင်းပေမဲ့ ဆေးအကြွင်းအကျန်တွေကတော့ တော်တော်လေး များတယ်... ဒါကြောင့် ဆက်တိုက် မသုံးတာ အကောင်းဆုံးပဲ... မဟုတ်ရင် ချီစွမ်းအင်တွေက မတည်မငြိမ် ဖြစ်လာပြီး ကျင့်ကြံမှုကို ပြန်ထိခိုက်စေလိမ့်မယ်”
“ညွှန်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ဂရုမစိုက်ပေ။
သူ၏ကိုယ်ထဲတွင် ဆေးလုံးများ၏ အနှစ်သာရကိုသာ ယူပြီး အကြွင်းအကျန်များကို ဖယ်ရှားပေးနိုင်သော ရောင်စဉ်ကိုးသွယ်အကြေးခွံ ရှိနေသည်မဟုတ်ပါလော။
ဝိညာဉ်ဆေးလုံးငယ်အတွင်းရှိ အညစ်အကြေးများကို သူက သန့်စင်ပြီးသားဖြစ်ရာ ဆိုးကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပေ။
“သွားကြရအောင်...”
ထိုသူနှစ်ဦးသည် အနောက်တောင်ဘက်သို့ ထပ်မံခရီးစတင်ကြပြန်သည်။
ဤသို့ဖြင့် ထိုသူနှစ်ဦးသည် ကျယ်ပြောလှသော နတ်ဆိုးတောအုပ်အတွင်း၌ နေ့ဘက်တွင် ခရီးဆက်၍ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ရှာဖွေကြပြီး ညဘက်တွင်မူ အနားယူကြတော့သည်။
မသိမသာဖြင့် နှစ်ရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုနှစ်ရက်အတွင်း သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသလို အခြေစိုက်စခန်း သဲလွန်စလည်း မရရှိခဲ့ပေ။ သို့သော်လည်း လော့ချန်အတွက်မူ အကျိုးအမြတ်မရှိသည်တော့ မဟုတ်ပေ။
အတွင်းပိုင်းသို့ ရောက်လာသည်နှင့်အမျှ တောအုပ်အတွင်း၌ မိစ္ဆာသားရဲများမှာ ပိုမိုများပြားလာခဲ့ပြီး အကုန်လုံးမှာ ကြယ်လေးပွင့်အဆင့်များ သို့မဟုတ် ကြယ်ငါးပွင့်အဆင့်များပင် ဖြစ်ကြသည်။
ထိုသားရဲများကို ယင်းလီက သတ်ဖြတ်ခဲ့ရာ နှစ်ရက်အတွင်း လော့ချန် ရရှိခဲ့သော ကြယ်လေးပွင့် စိတ်ဝိညာဉ်အမြုတေမှာ နှစ်ရာကျော်နေပြီ ဖြစ်သလို ကြယ်ငါးပွင့် အမြုတေ သုံးခုပင် ရရှိခဲ့သေးသည်။
အမြုတေများအပြင် လော့ချန်သည် ညတိုင်း ဝိညာဉ်ဆေးလုံးငယ်ကို သုံး၍ အနှစ်သာရများကို အားကြိုးမာန်တက် သန့်စင်ခဲ့သည်။
အနှစ်သာရများမှာ လျင်မြန်စွာ ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ကျင့်ကြံမှုမှာလည်း ပိတ်ဆို့အဆင့်သို့ ထပ်မံရောက်ရှိလာခဲ့ပြီး အခွင့်အရေးတစ်ခု ရသည်နှင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်းသို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
၎င်းအပြင် ယင်းလီသည် စိတ်ကူးပေါက်သည့်အခါ လော့ချန်ကို ကျင့်ကြံမှုများအကြောင်း ရံဖန်ရံခါ ညွှန်ကြားပေးတတ်သေးသည်။
ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦးအနေဖြင့် ယင်းလီ၏ ကျင့်ကြံမှုအပေါ် နားလည်ထားပုံမှာ အလွန်ပင် နက်နဲလှရာ စကားတစ်ခွင်ချင်းစီတိုင်းက လော့ချန်ကို များစွာ အသိပွင့်စေခဲ့သည်။
တတိယမြောက်ည...
ထိုသူနှစ်ဦးသည် ဧရာမ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် အနားယူနေကြသည်။
လော့ချန်သည် ထိုင်လိုက်ပြီး ဝိညာဉ်ဆေးလုံးငယ်ကို မြိုချကာ နေ့စဉ်ပြုလုပ်မြဲဖြစ်သော ကျင့်ကြံမှုကို စတင်တော့သည်။
ညဉ့်နက်လာပြီ ဖြစ်၏။
“ဟင်...”
မျက်စိမှိတ် အနားယူနေသော ယင်းလီသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး လော့ချန်ကို လှမ်းကြည့်လိုက်သည်။
နောက်တစ်ခဏတွင်...
“ဝူး...”
ထူးဆန်းလှသော လှိုင်းတွန့်တစ်ခုမှာ လော့ချန်၏ကိုယ်တွင်းမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး မိုးမြေချီစွမ်းအင်များမှာ လေဆင်နှာမောင်းတစ်ခုအလား ကိုယ်တွင်းသို့ ပြန်လည်စီးဝင်လာတော့သည်။
လေထုမှာ ရေလှိုင်းများအလား တုန်ခါသွားခဲ့ပြီး တောအုပ်တစ်ခုလုံးမှာလည်း မြည်ဟည်းသွားတော့သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်း...”
ယင်းလီ၏ မျက်ခုံးလေးများမှာ အသာအယာ ပင့်တက်သွားရသည်။
လွန်ခဲ့သော သုံးရက်ကမှ လော့ချန် အဆင့် ၉ အလယ်အလတ်ပိုင်းသို့ တက်လှမ်းခဲ့သည်ကို သူမ ကောင်းစွာ မှတ်မိနေပေသည်။ ဤမျှ တိုတောင်းလှသော အချိန်အတွင်းမှာပင် ထပ်မံ၍ အဆင့်တက်သွားပြန်ချေပြီ။
ဤသုံးရက်အတွင်း သူမသည် လော့ချန်ကို အမြဲစောင့်ကြည့်နေခဲ့ခြင်းဖြစ်ရာ သူသည် ကျင့်ကြံစဉ်တွင် ဝိညာဉ်ဆေးလုံးငယ်ကို သုံးစွဲခြင်းမှလွဲ၍ တခြားထူးခြားမှု မရှိပေ။ ယင်းလီကဲ့သို့ ဗဟုသုတ ကြွယ်ဝသူပင်လျှင် လော့ချန် ဤမျှ မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်ရသည့် အကြောင်းရင်းကို စဉ်းစား၍ မရနိုင်တော့ပေ။
“ထင်ထားတာထက်တောင် ပိုပြီး မြန်နေသေးတယ်...”
လော့ချန်သည် အဆင့်တက်သွားသည့် ဝမ်းသာမှုထဲတွင် နှစ်မြောနေတော့သည်။ သာမန်အရှိန်ဖြင့်ဆိုလျှင် သူသည် အဆင့်မြင့်ပိုင်းသို့ ရောက်ရှိရန် အနည်းဆုံး ဆယ်ရက်ခန့် ကြာဦးမည် ဖြစ်သည်။ ယခုမူ သုံးရက်တည်းနှင့် တက်လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်၏။
“ဂုဏ်ယူပါတယ်... ရက်အနည်းငယ်အတွင်းမှာတင် အဆင့်နှစ်ဆင့် ဆက်တိုက် တက်လှမ်းနိုင်ခဲ့တာကတော့ ငါ့ကို တကယ်ပဲ အံ့ဩစေတာပဲ...”
ယင်းလီ၏ အသံ ထွက်ပေါ်လာသည်။ လော့ချန်သည် ကြိုတင်ပြင်ထားသော ဆင်ခြေကို ထုတ်ပြောလိုက်သည်။
“ကျွန်တော်လည်း ဒီလောက်အထိ မြန်မြန် တက်သွားမယ်လို့ မထင်ထားဘူး... ဖြစ်နိုင်တာကတော့ ဒီတိုက်ပွဲကြီးအတွင်းမှာ သေခြင်းနဲ့ ရှင်ခြင်းကြားက ကြောက်မက်ဖွယ်ရာတွေကို ခံစားခဲ့ရလို့ အလားအလာတွေ နိုးကြားလာပြီး ကျင့်ကြံမှုအရှိန်က တစ်ဟုန်ထိုး တိုးတက်လာတာပဲ ဖြစ်မှာပါ”
သူသည် မဟာအကြီးအကဲ ယွမ်လန်၏ စကားကိုပင် ပြန်လည်၍ ခုတုံးလုပ်လိုက်ခြင်း ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် အလားအလာ နိုးကြားလာခြင်းဆိုသည်မှာ ပြောရခက်လှသဖြင့် မည်သူမျှ သက်သေမပြနိုင်ပေ။
ယင်းလီကမူ လေးလေးနက်နက် စဉ်းစားနေတော့သည်။
“သေခြင်းရှင်ခြင်းကြားက ဖိအားတွေက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပြောင်းလဲစေနိုင်သလို မကြုံဖူးတဲ့ အလားအလာတွေကိုလည်း ထွက်ပေါ်လာစေနိုင်တာပဲ...”
ဤသို့သော ကိစ္စမျိုးမှာ အလွန်ပင် ရှားပါးသည်တော့ မဟုတ်ပေ။ ကြီးမားသော ဖိအားအောက်တွင် လူတစ်ယောက်မှာ ပိုမိုမြန်ဆန်စွာ တိုးတက်လာတတ်သည် မဟုတ်ပါလော။ ထို့ကြောင့်ပင် ပိတ်ဆို့အဆင့်နှင့် ကြုံတွေ့နေရသော ပါရမီရှင်အချို့မှာ အန္တရာယ်နှင့် သေခြင်းရှင်ခြင်း ဖိအားများကြားမှ အဆင့်တက်လှမ်းနိုင်ရန်အတွက် ပြင်ပသို့ ထွက်၍ လေ့ကျင့်ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း လော့ချန်၏ တိုးတက်မှုမှာမူ လွန်လွန်းလှပေသည်။ သုံးရက်အတွင်း အဆင့်နှစ်ဆင့် ဆက်တိုက် တက်လှမ်းခြင်းဆိုသည်မှာ ပြောပြလျှင်ပင် မည်သူမျှ ယုံကြည်မှာ မဟုတ်ပေ။
ယင်းလီက ထပ်မံ၍ တစ်ခုခုကို မေးမြန်းရန် ပြင်လိုက်စဉ်...
ရုတ်တရက်...
“ဝူး...”
ညှီစို့စို့ လေပြင်းတစ်ခုမှာ တောအုပ်အတွင်းသို့ တိုက်ခတ်လာသည်။ လော့ချန်မှာ ခံစားချက်တစ်ခု ရရှိလိုက်သဖြင့် သူ၏ကိုယ်ဟန်မှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
“ဘုန်း...”
သွေးရောင်အရိပ်တစ်ခုမှာ ရိပ်ခနဲ ဖြတ်သန်းသွားခဲ့ပြီး ပြင်းထန်လှသော လေပြင်းများကြောင့် ဧရာမ သစ်ပင်ကြီးမှာ ရေခဲမှုန့်များအလား ကြေမွသွားရကာ မြေပြင်ပေါ်တွင်လည်း မီတာ ဆယ်ဂဏန်းခန့် ရှည်လျားလှသော နက်ရှိုင်းသည့် လက်သည်းရာကြီးများ ပေါ်ထွက်လာတော့သည်။
လော့ချန်၏ ကိုယ်ဟန်မှာ ဟင်းလင်းပြင်တွင် ပေါ်ထွက်လာခဲ့ပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ ကိုယ်လုံးတစ်ခုလုံး သွေးလိုနီနေပြီး ကျောပေါ်တွင် အတောင်ပံတစ်စုံ ပါရှိသော မိစ္ဆာဝံပုလွေတစ်ကောင် ဖြစ်နေတော့သည်။
ထိုဝံပုလွေမှာ မီတာ ဆယ်ဂဏန်းခန့် ရှည်လျားပြီး တစ်ကိုယ်လုံးတွင် မီးလျှံများအလား သွေးနီရောင် မိစ္ဆာချီများ တောက်လောင်နေကာ ရှည်လျားလှသော အစွယ်ကြီးနှစ်ချောင်းမှာလည်း လှံများအလား ထွက်ပေါ်နေပြီး ညအမှောင်ထဲတွင် အေးစက်လှသော အလင်းတန်းများကို ရောင်ပြန်ဟပ်နေတော့သည်။
“ကြယ်လေးပွင့်အဆင့်ရှိ လင်းယုန်အတောင်ပံ သွေးဝံပုလွေ ပဲ... မင်း အဆင့်တက်လှမ်းလိုက်တဲ့ လှုပ်ရှားမှုကြောင့် ဆွဲဆောင်ခံလိုက်ရတာ ဖြစ်မှာပဲ... ဒီလို သားရဲတွေက များသောအားဖြင့် အုပ်စုလိုက် သွားလာတတ်ကြတာလေ...”
ယင်းလီက ထိုဝံပုလွေကို အမှတ်ရလိုက်ပြီး ရှင်းပြလိုက်သည်။ သို့သော်လည်း သူမ၏ စကားမှာ တစ်ဝက်နှင့် တန့်သွားခဲ့ရသည်မှာ သူမ ထပ်မံ၍ ရှင်းပြနေရန် မလိုတော့သောကြောင့်ပင်။
မှောင်အတိကျနေသော တောအုပ်အတွင်း၌ သွေးနီရောင် အလင်းလုံးများမှာ တစ်လုံးပြီးတစ်လုံး လင်းထိန်လာခဲ့ပြီး သွေးရောင်မျက်လုံး အစုံလိုက်မှာ မည်သည့်ခံစားချက်မျှ မရှိဘဲ ထိုသူနှစ်ဦးကို စိုက်ကြည့်နေကြတော့သည်။
အခန်း ၆၆၃ ပြီးပါပြီ။