← Chapters

အခန်း (၆၇၀-၆၇၂)

Vol. 45 Ch. 670-672

အခန်း (၆၇၀-၆၇၂)

Vol. 45 Ch. 670-672

အခန်း ၆၇၀ - မင်းကိုသတ်ရတာ ခွေးသတ်ရသလောက်ပဲ... မီးလျှံကျောက်စိမ်းရတနာဓား၏ စွမ်းပကား

သွေးလောင်ကျွမ်းဆေးလုံးသည် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်းခန့် မြင့်တက်စေနိုင်သည်။

လော့ချန်သည် သွေးလောင်ကျွမ်းဆေးလုံးကို သုံးစွဲလိုက်ရုံဖြင့် တစ်ဖက်လူကို ထိပ်တိုက်ရင်ဆိုင်နိုင်ရုံသာမက အနိုင်ယူရန်ပင် ယုံကြည်ချက်ရှိနေသည်။ သူ၏ကိုယ်ထဲတွင် သွေးအနှစ်သာရ ရတနာလုံး ရှိနေသဖြင့် ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးများကိုလည်း အမြန်ဆုံး ပြန်လည်ကုသနိုင်သည်မဟုတ်ပါလော။

“သေစမ်း... သွေးအလင်းတန်း လင်းလက်ခြင်း...”

လော့ချန် စဉ်းစားနေစဉ်မှာပင် သန်မာသော သက်လတ်ပိုင်းလူသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး လော့ချန်၏ အထက်သို့ ခဏချင်း ရောက်ရှိလာကာ ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ဤဓားချက်သည် ယခင်ကထက် များစွာ ပိုမိုပြင်းထန်လှပြီး ထွက်ပေါ်လာသော သွေးရောင်ဓားချီမှာ သွေးများအလား ပျစ်ခဲနေကာ သွေးရောင်မိုးကြိုးတစ်ခုအလား ရှိနေတော့သည်။ ဓားချက် မကျရောက်လာမီမှာပင် ပြင်းထန်လှသော ဓားအရှိန်အဝါကြောင့် အောက်ခြေရှိ တောအုပ်ကြီးမှာ ပြိုလဲပျက်စီးကုန်တော့သည်။

“မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း...”

လော့ချန်သည် မျက်ခုံးများကို ပင့်လိုက်ပြီး ချီစွမ်းအင်များကို ပွက်ပွက်ဆူအောင် နှိုးဆွလိုက်ကာ ဓားဖြင့် စောင်း၍ တိုက်ခိုက်လိုက်သည်။ တောက်ပလှသော လျှပ်စီးဓားအလင်းသည် လင်းထိန်နေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုးဝင်သွားတော့သည်။

အင်အားနှစ်ခုမှာ မိုးကြိုးနှစ်စင်း ထိပ်တိုက်တွေ့သကဲ့သို့ ရိုက်ခတ်သွားခဲ့ပြီး ကောင်းကင်တစ်ခုလုံးမှာ ရပ်တန့်သွားသကဲ့သို့ ရှိနေတော့သည်။

နောက်တစ်ခဏတွင်...

“ဂျိမ်း...”

“ကလစ်...”

မိုးကြိုးသံကြီးနှင့်အတူ လျှပ်စီးဓားချီမှာ တစ်စစီ ကြေမွပျက်စီးသွားခဲ့ပြီး လော့ချန်၏ ကိုယ်ဟန်မှာ အနောက်သို့ လွင့်စဉ်သွားရကာ နှုတ်ခမ်းထောင့်မှလည်း သွေးများ ကျဆင်းလာတော့သည်။

“ငါ့ရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် မဟာသန်မာသူအဆင့်နဲ့ ယှဉ်ဖို့က တကယ်ပဲ မလုံလောက်သေးဘူးပဲ... မဟာသန်မာသူတစ်ပိုင်း အဆင့်ဖြစ်နေရင်တောင်မှပေါ့...”

လော့ချန်သည် သွေးများကို မျိုချလိုက်ပြီး ထက်မြက်လှသော အကြည့်များဖြင့် ကြည့်လိုက်သည်။

သူသည် မိမိ၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်လူကို မယှဉ်နိုင်သေးပေ။ မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံးကို သုံးစွဲထားသဖြင့် တစ်ဖက်လူ၏ ကိုယ်ထဲတွင် ဧရာမ မီးတောင်ကြီးတစ်ခု ရှိနေသကဲ့သို့ အဆုံးမဲ့သော စွမ်းအားများ ရှိနေခြင်း ဖြစ်သည်။

“သွေးလောင်ကျွမ်းဆေးလုံးကိုပဲ သုံးရတော့မှာလား... ဟင်...”

လော့ချန်သည် အသက်ကို ဝဝရှူလိုက်ပြီး ဆေးလုံးကို သုံးရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် ပူနွေးလာခဲ့ပြီး ကိုယ်တွင်းရှိ ဆူပွက်နေသော သွေးစွမ်းအင်များမှာ ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ကာ ယခင်ကထက် ပိုမိုသန်မာလာသည့် အလားအလာ ရှိနေတော့သည်။

“ဒါက... သိုင်းဝိညာဉ်အနှစ်သာရတွေပဲ...”

သေချာ အာရုံခံကြည့်သည့်အခါ လော့ချန် ချက်ချင်းပင် နားလည်သွားသည်။

ယခင်က သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းအတုကို တိုက်ခိုက်စဉ်က သူသည် လူပေါင်းရာနှင့်ချီသော သိုင်းဝိညာဉ်အနှစ်သာရများကို ဝါးမျိုခဲ့သည်မဟုတ်ပါလော။ ထိုသိုင်းဝိညာဉ်အနှစ်သာရများမှာ အလွန်ပင် ကြီးမားလှသဖြင့် သူ၏ ဒျန်တန်အတွင်း၌ ရှိနေရုံသာမက တစ်ကိုယ်လုံးရှိ သွေးကြောများနှင့် ကြွက်သားများအတွင်းသို့ပါ ပျံ့နှံ့နေခြင်း ဖြစ်သည်။

ထို သိုင်းဝိညာဉ်အနှစ်သာရများမှာ ခန္ဓာကိုယ်၏ နက်ရှိုင်းသော နေရာများတွင် ဝှက်ကွယ်နေခဲ့ပြီး မိမိဘာသာ သန့်စင်ရန် ခက်ခဲလှသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အလိုလို ပျံ့နှံ့သွားတတ်ကြသည်။

ယခုအခါ ကြီးမားလှသော ဖိအားအောက်တွင် ခန္ဓာကိုယ်အတွင်း ဝှက်ဖုံးနေသော ထိုသိုင်းဝိညာဉ်အနှစ်သာရများမှာ မိမိနှင့် တစ်သားတည်း ဖြစ်လာတော့သည်။ ၎င်းတို့က လော့ချန်၏ သွေးစွမ်းအင်နှင့် ခန္ဓာကိုယ်ကို သန်မာစေသလို အခြေခံကိုလည်း တည်ငြိမ်စေကာ ကျင့်ကြံဆင့်ကိုပါ တဖြည်းဖြည်း မြင့်တက်စေတော့သည်။

“ဟားဟား... ကောင်လေး... အလကား အပင်ပန်းမခံပါနဲ့တော့... မင်း ဒီနေ့တော့ သေလမ်းကနေ မလွတ်တော့ပါဘူး...”

သန်မာသော သက်လတ်ပိုင်းလူသည် ရက်စက်စွာ ရယ်မောလိုက်ပြီး လော့ချန်ကို သတ်ဖြတ်ရန် ထပ်မံတိုးဝင်လာသည်။ သူသည် လော့ချန်ကို သတ်ရန် အသင့်ဖြစ်နေသော သိုးငယ်တစ်ကောင်အလား သတ်မှတ်ထားပြီး လမ်းခုလတ်တွင်ပင် နောက်ထပ် ဓားတစ်ချက်ကို ခုတ်ပိုင်းလိုက်ပြန်သည်။

“ရှူး...”

ညှီစို့စို့ သွေးရောင်ဓားအလင်းသည် သွေးရောင်လခြမ်းကွေးတစ်ခုအလား လော့ချန်ကို လွှမ်းခြုံသွားတော့သည်။

“မြူခိုးရိပ်ခြေလှမ်း...”

လော့ချန်သည် ခြေတစ်လှမ်းမျှ အနောက်သို့ မဆုတ်ဘဲ မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တောက်လောင်လာကာ ချီစွမ်းအင်များကို အစွမ်းကုန် နှိုးဆွလိုက်ပြီး လျှပ်စီးဓားအတွင်းသို့ ထည့်သွင်းလိုက်ရာ ရေတွက်၍မရနိုင်သော ဓားချီများမှာ တုန်ခါသွားတော့သည်။

“ဘုန်း...”

သွေးရောင်လခြမ်းကွေးကြီးမှာ ကြေမွပျက်စီးသွားခဲ့ပြီး လော့ချန်၏ ကိုယ်ဟန်မှာ ထပ်မံ၍ လွင့်စဉ်သွားရပြန်ကာ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ကျဆင်းလာသည်။ သို့သော်လည်း ကိုယ်တွင်းရှိ ဆူပွက်နေသော သွေးစွမ်းအင်များမှာမူ လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ပိုမို၍ပင် သန်မာလာတော့သည်။

“ကောင်းပြီ... ဒီအခွင့်အရေးကို သုံးပြီး ကျန်နေတဲ့ သိုင်းဝိညာဉ်အနှစ်သာရတွေကို အကုန်လုံး သန့်စင်ပစ်ရမယ်...”

လော့ချန်သည် သွေးလောင်ကျွမ်းဆေးလုံး သုံးရန် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး ဤတိုက်ပွဲမှ ဖိအားကို သုံး၍ မိမိ၏ အလားအလာများကို နှိုးဆွကာ ကိုယ်တွင်းရှိ သိုင်းဝိညာဉ်အနှစ်သာရများကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။

အရာအားလုံး အဆင်ပြေခဲ့မည်ဆိုလျှင် သူ၏အစွမ်းမှာ သေချာပေါက် ပိုမိုမြင့်မားလာမှာ ဖြစ်ပေသည်။

“တောက်... သေခါနီးအထိ ရုန်းကန်နေဦးမှာလား... မင်း ငါ့ရဲ့ ဓားချက်တွေကို ဘယ်နှစ်ချက်လောက် ထပ်တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့...”

သန်မာသော သက်လတ်ပိုင်းလူသည် မျက်မှောင်ကြုတ်လိုက်သည်။ လော့ချန်၏ ခက်ခဲမှုမှာ သူ ထင်ထားသည်ထက် ပိုနေသဖြင့် ဟိန်းဟောက်လိုက်ပြီး ဓားကိုကိုင်ကာ ထပ်မံတိုက်ခိုက်လာပြန်သည်။

“မြစ်ရေ သွေးချင်းနီခြင်း...”

“သွေးအလင်းတန်း လင်းလက်ခြင်း...”

“ဟင်းလင်းပြင်ကို သွေးဖြင့်ဖြတ်ခြင်း...”

မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံး၏ အစွမ်းအောက်တွင် သက်လတ်ပိုင်းလူသည် ချီစွမ်းအင်များကို အစွမ်းကုန် ပေါက်ကွဲစေလိုက်ပြီး တိုက်ကွက်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်တော့သည်။ ပြင်းထန်လှသော ဓားချီများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်ယံကို တစ်စစီ ဆွဲဖြဲလျက် ဟင်းလင်းပြင် ကမ္ဘာကြီးတစ်ခုကို ဖြစ်ပေါ်စေတော့သည်။

“လာခဲ့စမ်း...”

လော့ချန်၏ အကြည့်မှာ ပြင်းထန်လာခဲ့ပြီး ချီစွမ်းအင်များနှင့် ဓားဆန္ဒကို အစွမ်းကုန် နှိုးဆွလိုက်ရာ လျှပ်စီးဓားပေါ်တွင် တောက်ပလှသော မိုးကြိုးလှိုင်းများ ထွက်ပေါ်လာပြီး ဓားအရှိန်အဝါမှာ များစွာ မြင့်တက်လာတော့သည်။

ကြယ်ကြွေခြင်း။

မြူခိုးရိပ်ခြေလှမ်း။

မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း။

တိုက်ခိုက်ရေးစွမ်းအားကို အထွတ်အထိပ်သို့ မြင့်တင်လိုက်ပြီး လော့ချန်သည် လက်ရှိ သူ၏ အစွမ်းအထက်ဆုံးသော ဓားကွက်သုံးခုကို ဆက်တိုက် ထုတ်ဖော်တော့သည်။ ထူးခြားလှပသော ဓားချီများမှာ ဟင်းလင်းပြင်တွင် ပေါ်ထွက်လာခဲ့ပြီး လေပြင်းများအလား၊ မိုးကြိုးများအလား ရှိနေတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူနှစ်ဦးသည် အချက်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့် တိုက်ခိုက်မိသွားကြပြီး ဓားအလင်းနှင့် ဓားချီများမှာ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်နေကာ ပြင်းထန်လှသော လေဆင်နှာမောင်းကြီးများကို ဖြစ်ပေါ်စေတော့သည်။

ခဏချင်းမှာပင် ကောင်းကင်တစ်ခုလုံး၌ မိုးကြိုးလျှပ်စီးများမှာ ပြင်းထန်စွာ ဝဲလည်နေခဲ့ပြီး အောက်ခြေရှိ ကျောက်ခဲနှင့် သစ်ပင်များမှာလည်း ရိုက်ခတ်မှုကြောင့် မီးလောင်ကျွမ်းကုန်ကာ ဖုန်မှုန့်များမှာ ကောင်းကင်အထိ မြင့်တက်လာတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

လော့ချန်၏ ကိုယ်ဟန်မှာ အကြိမ်ကြိမ် နောက်သို့ ဆုတ်ခွာနေရပြီး မိုင် ဆယ်ဂဏန်းခန့်အထိ လွင့်စဉ်သွားခဲ့ရသည်။ နောက်ဆုံးတွင် ဓားချီတစ်ခုကြောင့် သူသည် အဝေးသို့ လွင့်စဉ်သွားခဲ့ပြီး တောင်ကုန်းတစ်ခုကို တိုက်မိကာ ပြိုလဲသွားစေတော့သည်။ ထိုတောင်ကုန်းပေါ်တွင် လူပုံသဏ္ဌာန် အက်ကွဲရာကြီးတစ်ခုကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။

“အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်း ကျင့်ကြံသူတစ်ယောက်က ငါ့ကို ဒီလောက်အထိ အလုပ်ရှုပ်အောင် လုပ်နိုင်တယ်ဆိုတော့... မင်း သေရတာလည်း တန်ပါတယ်...”

သက်လတ်ပိုင်းလူသည် ထိုလူပုံသဏ္ဌာန် အက်ကွဲရာကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

သို့သော်လည်း သူ၏စကား မဆုံးသေးမီမှာပင် မျက်လုံးများမှာ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့ပြီး ရက်စက်လှသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာတော့သည်။

“ဘုန်း...”

တောင်ကုန်းမှာ ပေါက်ကွဲသွားခဲ့ပြီး လော့ချန်သည် အတွင်းမှ ထွက်ပေါ်လာသည်။

သူ၏ ပါးစပ်နှင့် နှာခေါင်းတွင် သွေးများ ရှိနေသလို တစ်ကိုယ်လုံးမှာလည်း သွေးချင်းနီနေသည်။ သို့သော်လည်း သူ၏ မျက်ဝန်းအစုံမှာမူ အလွန်ပင် တောက်ပနေခဲ့ပြီး ယခင်ကထက် ပိုမို၍ တက်ကြွနေတော့သည်။

စောစောက ပြင်းထန်သော တိုက်ပွဲကြောင့် လော့ချန်မှာ ဒဏ်ရာရရှိခဲ့သော်လည်း ကိုယ်တွင်းရှိ သိုင်းဝိညာဉ်အနှစ်သာရများကိုမူ အပြည့်အဝ နှိုးဆွနိုင်ခဲ့ပြီး ခန္ဓာကိုယ်၊ ချီစွမ်းအင်တို့နှင့် တစ်သားတည်း ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် ကျင့်ကြံဆင့်မှာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ်၏ အတားအဆီးကို စတင်ထိတွေ့နေပြီ ဖြစ်သည်။

ဤအချိန်တွင် လော့ချန်၏ ခံစားချက်မှာ အလွန်ပင် ကောင်းမွန်နေခဲ့သည်။ တစ်ခါမှ မကြုံဖူးသော ကောင်းမွန်သည့် ခံစားချက်မျိုး ဖြစ်ပြီး စိတ်ဓာတ်မှာလည်း အားတက်နေတော့သည်။

“မင်း မသေဘူးလား...”

သက်လတ်ပိုင်းလူသည် လော့ချန်ကို စိုက်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များနှင့်အတူ အနက်ရှိုင်းဆုံးသော ကြောက်ရွံ့ရိပ်တစ်ခုမှာလည်း ကိန်းအောင်းနေတော့သည်။

အခြားသော သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်း ကျင့်ကြံသူသာ ဖြစ်ခဲ့လျှင် သူ၏လက်ချက်ဖြင့် အကြိမ်ပေါင်း ရာနှင့်ချီ၍ သေဆုံးသွားမှာ သေချာလှပေသည်။

ရှေ့မှ ကောင်လေးမှာမူ အသုံးမကျဆုံးသော သိုင်းဝိညာဉ်ကို နိုးကြားထားပါလျက်နှင့် ဘယ်တော့မှ သေမှာမဟုတ်သည့်အလား ဒဏ်ရာရလေလေ သူ၏ ဓားအရှိန်အဝါမှာ ပိုမိုမြင့်မားလာလေလေ ဖြစ်နေတော့သည်။

“ဒီနေ့ သေမယ့်သူက မင်းပဲ ဖြစ်လိမ့်မယ်...”

လော့ချန်က ခေါင်းကို မော့လိုက်ပြီး တည်ငြိမ်စွာ ပြန်လည်ပြောဆိုလိုက်သည်။

“ဟဲဟဲ... ငါ့လက်ထဲမှာ ဓားချက်အနည်းငယ် တောင့်ခံနိုင်ရုံနဲ့ ဒီလောက်အထိ စကားကြီးစကားကျယ် ပြောဝံ့တယ်ပေါ့... မင်းကို သတ်ရတာ ခွေးသတ်ရသလောက်ပဲ... သေစမ်း...”

သက်လတ်ပိုင်းလူ၏ မျက်ဝန်းထဲတွင် ရက်စက်လှသော အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး လော့ချန်ကို တစ်ချက်တည်းနှင့် အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။

မဟုတ်လျှင် ဤအတိုင်း ဆက်သွားနေပါက မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံး၏ အာနိသင် ကုန်ဆုံးသွားသည်နှင့် သူ သေချာပေါက် ဒုက္ခရောက်မှာ ဖြစ်ပေသည်။

“ဘုန်း...”

ကိုယ်ပေါ်မှ သွေးရောင်အလင်းများမှာ မီးလျှံများအလား ရူးသွပ်စွာ တောက်လောင်လာခဲ့ပြီး သက်လတ်ပိုင်းလူ၏ အရှိန်အဝါမှာ ပေါက်ကွဲထွက်ပေါ်လာသည်။ သွေးနီရောင် ချီစွမ်းအင်များမှာ ထိတ်လန့်စရာကောင်းသော သွေးရောင်လေဆင်နှာမောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် ဆက်သွယ်ထားသဖြင့် ကြည့်ရသည်မှာ တကယ်ကို ထိတ်လန့်စရာကောင်းလှပေသည်။

“သွေးအလင်းတန်း လင်းလက်ခြင်း...”

“ရှူး...”

ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ကောင်းကင်ယံတွင် ဧရာမ သွေးရောင် အက်ကွဲရာကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး လော့ချန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

လော့ချန်မှာမူ မည်သို့မျှ မလှုပ်ရှားဘဲ နေရာမှာ ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ရာ မီးလျှံများ ဝဲလည်နေသော ဓားတစ်စင်း သူ၏လက်ထဲတွင် ပေါ်ထွက်လာသည်။ ၎င်းမှာ မဟာအကြီးအကဲ ရှီဟွမ် ထံမှ ရရှိခဲ့သော ကြယ်ငါးပွင့်အဆင့် ရတနာဖြစ်သည့် မီးလျှံကျောက်စိမ်းရတနာဓားပင် ဖြစ်၏။

လော့ချန်သည် ယခင်က လျှပ်စီးဓားကိုသာ သုံးစွဲနေကျ ဖြစ်သလို ဤဓားကို သုံးရလောက်အောင် အစွမ်းထက်သော ပြိုင်ဘက်နှင့်လည်း မကြုံခဲ့ရသဖြင့် ယခုမှသာ ပထမဆုံးအကြိမ် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ယခုမူ မီးလျှံကျောက်စိမ်းရတနာဓား၏ ထက်မြက်မှုကို ပြသရန် အချိန်ရောက်ပြီ ဖြစ်၏။

“ဝုန်း...”

ရတနာဓား အိမ်မှ ထွက်လာသည်နှင့် ပြင်းထန်လှသော ဓားအရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။ ၉၀ ရာနှုန်း ဓားဆန္ဒအဆင့် ပြည့်စုံခြင်းကို ထည့်သွင်းလိုက်သည့်အခါ ဓားကိုယ်ထည်မှာ ရူးသွပ်စွာ တောက်လောင်လာခဲ့ပြီး တောက်ပလှသော ရွှေရောင်နေမင်းကြီးတစ်ခုအလား ရှိနေတော့သည်။ သန့်စင်လှသော ဓားဆန္ဒမှာ ဟင်းလင်းပြင်တွင် ပျံ့နှံ့သွားခဲ့ပြီး လေထုကိုပါ လောင်ကျွမ်းစေကာ အရှိန်အဝါမှာ တစ်ချက်ထက် တစ်ချက် ပိုမိုပြင်းထန်လာတော့သည်။

“သေစမ်း... မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း...”

မီးလျှံကျောက်စိမ်းရတနာဓားကို ဆုပ်ကိုင်လျက် လော့ချန်၏ စိတ်ဝိညာဉ်၊ ချီစွမ်းအင်နှင့် ဓားတို့မှာ တစ်သားတည်း ဖြစ်သွားတော့သည်။ သူ၏ အရှိန်အဝါမှာ တစ်ခါမှ မရှိဖူးသေးသော အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ကိုယ်ပေါ်တွင် သွေးရောင်ဓားရိပ်တစ်ခု ဝေဝေဝါးဝါး ပေါ်ထွက်လာကာ ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။

“ရှူး...”

ဓားအလင်းမှာ နက်ရှိုင်းလှသော သွေးရောင်လျှပ်စီးတစ်ခုအလား ရှိနေခဲ့ပြီး တိုးဝင်လာသော သွေးရောင်ဓားချီကြီးကို ခဏချင်းမှာပင် ဆီးကြိုခုခံလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်...

“ရှူး...”

သွေးရောင်ဓားချီကြီးမှာ အဖောက်ခံလိုက်ရပြီး သန်မာသော သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်မှာ နေရာမှာတင် တောင့်တင်းသွားလေသည်။ သူ၏ ရင်ဘတ်အလယ်တွင် လက်သီးဆုပ်ခန့်ရှိသော ဓားရာကြီးတစ်ခု ပေါ်ထွက်နေတော့သည်။

အခန်း ၆၇၀ ပြီးပါပြီ။။

အခန်း ၆၇၁ - ထပ်မံအဆင့်တက်ခြင်း၊ ဖမ်းဆီးရမိခြင်း

“မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး... ငါ...”

သန်မာသော သက်လတ်ပိုင်းလူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သို့သော်လည်း ထို့နောက်မှသာ သူသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ရင်ဘတ်ပေါ်ရှိ ဓားရာကြီးကို မြင်လိုက်ရသဖြင့် မျက်လုံးကြီးများ ပြူးသွားတော့သည်။ ဤဓားချက်သည် အလွန်ပင် ထက်မြက်လှရုံသာမက သူ၏ ဓားချီကို တစ်ချက်တည်းနှင့် ဖြတ်သန်းသွားခဲ့ရုံတင်မကဘဲ အလွန်ပင် မြန်ဆန်လှသဖြင့် သူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်သလို အသက်အန္တရာယ်ရှိသော ဒဏ်ရာကို ရရှိခဲ့သည်ကိုပင် ခံစားမှု မရှိခဲ့ပေ။

လော့ချန်မှာမူ စကားမပြောဘဲ မီးလျှံကျောက်စိမ်းရတနာဓားကို နောက်ထပ် တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပူပြင်းလှသော ဓားချီတစ်ခု တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

“ရှူး...”

ဦးခေါင်းတစ်ခုမှာ ကောင်းကင်ယံသို့ လွင့်ပျံသွားခဲ့ပြီး သွေးများမှာ ဟင်းလင်းပြင်တွင် မီတာရာချီအထိ ပန်းထွက်သွားတော့သည်။

“ဒါ... မဖြစ်နိုင်ဘူး...”

တောင့်တင်းနေသော သက်လတ်ပိုင်းလူ၏ ဦးခေါင်းမှာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နောက်ဆုံးအကြိမ် အော်ဟစ်လိုက်ပြီးနောက် အသံမှာ တဖြည်းဖြည်း တိုးဝင်သွားကာ သေဆုံးသွားတော့သည်။ သေဆုံးသွားသည့်တိုင်အောင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်း ကျင့်ကြံသူတစ်ဦးမှာ ဘာကြောင့် သူ့ကို သတ်နိုင်သည့် အစွမ်းမျိုး ရုတ်တရက် ပိုင်ဆိုင်သွားရသနည်းဆိုသည်ကို သူ နားမလည်နိုင်ခဲ့ပေ။ မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံးကို သုံးစွဲပြီးနောက် သူ၏ အစွမ်းမှာ မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတစ်ဦးနှင့် တူညီနေပြီဖြစ်ရာ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများကို လုံးဝ ဖိနှိပ်ထားနိုင်သည်မဟုတ်ပါလော။

“စောစောက ဓားချက်က...”

တောင့်တင်းနေသော သက်လတ်ပိုင်းလူ၏ အလောင်းကို ကြည့်လျက် လော့ချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းများ လက်နက်နေတော့သည်။

ယခုအခါ သူ၏ စိတ်ထဲရှိ တုန်လှုပ်မှုမှာ ထိုသက်လတ်ပိုင်းလူထက်ပင် မနည်းလှပေ။ သူ၏ အစွမ်းမှာ မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတစ်ဦးကို ရင်ဆိုင်ရန် မလုံလောက်သေးမှန်း သူ ကောင်းစွာ သိရှိထားသည်။ ဤအချက်ကို ယခင်က တစ်ဖက်သတ် တိုက်ခိုက်ခံခဲ့ရသည့် တိုက်ပွဲက သက်သေပြနေသည်မဟုတ်ပါလော။

သို့သော်လည်း စောစောက ဓားချက်၏ အစွမ်းမှာမူ ဖျက်ဆီးအားတစ်ခုတည်းကို ကြည့်လျှင် မဟာသန်မာသူကြီးများနှင့် အစွမ်းချင်း တူညီနေပြီ ဖြစ်၏။ ထို့ကြောင့်ပင် တစ်ဖက်လူ မမျှော်လင့်ထားသည့် အချိန်တွင် တစ်ချက်တည်းနှင့် အပြတ်ရှင်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“ဓားဆန္ဒပဲ...”

လော့ချန်သည် စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံကြည့်သည့်အခါ အကြောင်းရင်းကို ချက်ချင်းပင် သိရှိလိုက်သည်။ ယခုအခါ သူ၏ စိတ်ဓာတ်မှာ တစ်ခါမှ မရှိဖူးသေးသော ကြည်လင်မှုမျိုး ရှိနေခဲ့ပြီး မူလက ဒြပ်မဲ့လှသော ဓားဆန္ဒမှာလည်း သူ၏ အာရုံထဲတွင် အလွန်ပင် သန့်စင်နေခဲ့ကာ အတွေးတစ်ခု ရှိရုံဖြင့် ရှေ့ရှိ အရာအားလုံးကို သတ်ဖြတ်နိုင်တော့မည့်အလား ရှိနေတော့သည်။

“၉၀ ရာနှုန်း ဓားဆန္ဒအဆင့် ပြည့်စုံတာထက်စာရင် အများကြီး တိုးတက်လာတာပဲ... ဒါပေမဲ့ တကယ့် ဓားဆန္ဒအဆင့်ကိုတော့ မရောက်သေးဘူးဆိုတော့... ဓားဆန္ဒတစ်ဝက်အဆင့် လို့ပဲ ပြောရမှာပေါ့...”

လော့ချန်သည် မိမိ၏ ဓားဆန္ဒ အဆင့်အတန်းကို ဆုံးဖြတ်လိုက်သည်။

ဓားဆန္ဒတစ်ဝက်အဆင့်သာ ရှိသေးသော်လည်း လော့ချန်မှာမူ များစွာ ကျေနပ်နေခဲ့သည်။ ဓားဆန္ဒဆိုသည်မှာ နောက်ပိုင်းသို့ ရောက်လေ တိုးတက်ရန် ခက်ခဲလေ ဖြစ်သည်မဟုတ်ပါလော။ ဂိုဏ်းကြီးသုံးဂိုဏ်းရှိ အတွင်းစည်းတပည့် မြောက်များစွာထဲတွင် ၉၀ ရာနှုန်း ဓားဆန္ဒကို နားလည်ထားသူမှာ လက်ချိုးရေ၍ပင် ရနိုင်ပေသည်။ ဓားဆန္ဒတစ်ဝက်အဆင့် ရှိသူမှာမူ သူသိသလောက် တစ်ယောက်မှ မရှိသေးပေ။ ဤခြေတစ်လှမ်းလေးမှာ ဓားသမားများစွာအတွက် အိပ်မက်တစ်ခုပင် ဖြစ်ပေသည်။

“မီးလျှံကျောက်စိမ်းရတနာဓား ကြောင့်လည်း ပါတာပေါ့... အစွမ်းထက်တဲ့ ရတနာဓားတွေ ပေါ်လာတိုင်း ဘာလို့ သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်တတ်သလဲဆိုတာ အခုမှပဲ နားလည်တော့တယ်... လက်နဲ့ တစ်သားတည်းဖြစ်တဲ့ ရတနာဓားတစ်စင်းက ဓားသမားတစ်ယောက်အတွက် အရမ်းကို အရေးကြီးတာပဲ... ဒါက ဓားသမားရဲ့ ဒုတိယ အသက်ပဲပေါ့...”

လက်ရှိ မီးလျှံကျောက်စိမ်းရတနာဓားကို ကြည့်လျက် လော့ချန်မှာ တအံ့တဩ ရေရွတ်မိသည်။ ယခုတစ်ကြိမ် ဓားဆန္ဒတစ်ဝက်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းမှာ သေခြင်းရှင်ခြင်းကြားမှ တိုက်ပွဲကြောင့်ဖြစ်သလို မီးလျှံကျောက်စိမ်းရတနာဓား၏ အကျိုးသက်ရောက်မှုလည်း ပါဝင်ပေသည်။

ကြယ်လေးပွင့်အဆင့်ရှိ လျှပ်စီးဓားမှာ မသိမသာဖြင့် သူ၏ ဓားဆန္ဒ ထုတ်ဖော်မှုကို အတားအဆီး ဖြစ်နေစေခဲ့ခြင်း ဖြစ်၏။ မီးလျှံကျောက်စိမ်းရတနာဓားမှာမူ သူ၏ ဓားဆန္ဒအတွင်းရှိ အတားအဆီးအားလုံးကို ဖြိုခွင်းပေးလိုက်သဖြင့် ဓားကို ဆွဲထုတ်လိုက်သည့် တစ်ခဏအတွင်း သူ၏ ခန္ဓာကိုယ်နှင့် ဓားမှာ တစ်သားတည်း ဖြစ်သွားခဲ့ပြီး သတ်ဖြတ်လိုစိတ်တစ်ခုသာ ကျန်ရစ်တော့သဖြင့် အတားအဆီးကို ကျော်လွန်သွားနိုင်ခြင်း ဖြစ်ပေသည်။

“ဝှစ်...”

ထိုစဉ် အေးစက်သော လေပြင်းတစ်ချက်နှင့်အတူ လှပတင့်တယ်လှသော လူရိပ်တစ်ခု ဆင်းသက်လာခဲ့ရာ ၎င်းမှာ ယင်းလီပင် ဖြစ်၏။ သန်မာသော သက်လတ်ပိုင်းလူ၏ အလောင်းကို မြင်လိုက်ရသည့်အခါ ယင်းလီ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“ဒီလူက မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံးကို သုံးထားတာဆိုတော့ သူ့ရဲ့ အစွမ်းက မဟာသန်မာသူတစ်ဦးနဲ့ တူညီနေပြီလေ... ဒါကိုတောင် မင်းက သူ့ကို သတ်နိုင်ခဲ့တယ်ပေါ့... နောက်ပြီး တိုက်ပွဲကြားမှာတင် အတားအဆီးကို ချိုးဖျက်ပြီး ဓားဆန္ဒကိုပါ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်ဆိုတော့...”

ယင်းလီသည် တိုက်ပွဲကို အစောကတည်းက အဆုံးသတ်ထားခဲ့ခြင်း ဖြစ်၏။ လမ်းတစ်လျှောက်တွင် လော့ချန်နှင့် ပတ်သက်၍ သံသယများစွာ ရှိနေသဖြင့် လော့ချန်ကို ထိုသက်လတ်ပိုင်းလူအား သတ်ခိုင်းခြင်းမှာ သူ၏ အစွမ်းမည်မျှ ရှိသနည်းဆိုသည်ကို စမ်းသပ်ကြည့်လိုခြင်း ဖြစ်ပေသည်။ သူမသည် ကောင်းကင်ယံ၌ ပုန်းအောင်းလျက် အောက်ခြေရှိ အခြေအနေအားလုံးကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။

သက်လတ်ပိုင်းလူမှာ မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံးကို သုံးစွဲပြီး အစွမ်းကုန် ပေါက်ကွဲလာသည့်အခါမှာပင် လော့ချန်က အသည်းအသန် တောင့်ခံနိုင်သည်ကို မြင်ရသည့်အခါ ယင်းလီ၏ စိတ်ထဲတွင် များစွာ တုန်လှုပ်သွားခဲ့ရသည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်း ကျင့်ကြံဆင့်မျှဖြင့် မဟာသန်မာသူတစ်ဦးနှင့် ရင်ဆိုင်နိုင်ခြင်းမျိုးကို သူမ တစ်ခါမှ မမြင်ဖူးပေ။

လော့ချန်၏ အစွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဟု သူမ ယူဆပြီး ဝင်ရောက်ကူညီရန် ပြင်လိုက်စဉ်မှာပင် လော့ချန်၏ ဓားဆန္ဒမှာ ရုတ်တရက် အဆင့်တက်သွားခဲ့ပြီး တစ်ချက်တည်းနှင့် သက်လတ်ပိုင်းလူကို အပြတ်ရှင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ လော့ချန်သည် ၉၀ ရာနှုန်း ဓားဆန္ဒအဆင့် ပြည့်စုံခြင်းကို နားလည်ခဲ့သည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်မဟုတ်ပါလော။ ယခုမူ ထပ်မံ၍ အဆင့်တက်သွားပြန်ချေပြီ။

ဤသည်မှာ ယင်းလီ၏ စိတ်ထဲတွင် အမှန်တရားနှင့် ကင်းကွာနေသကဲ့သို့ ခံစားလိုက်ရသည်။ လော့ချန်၏ ဓားလမ်းစဉ် ပါရမီမှာ လူတိုင်း ထင်မှတ်ထားသည်ထက် များစွာ သာလွန်နေပြီး တာယွဲ့မင်းဆက် အတွင်းရှိ မည်သည့် ပါရမီရှင်နှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်း သူမ သိရှိလိုက်သည်။ လျှပ်ယွမ်ဂိုဏ်းမှ ယွမ်ထျန်ယန် ပင်လျှင် သူ့ကို မီမှာ မဟုတ်ပေ။

“ရွှပ်...”

လော့ချန်သည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် သက်လတ်ပိုင်းလူ၏ ဓားနှင့် သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက်မှ ယင်းလီကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“စီနီယာအစ်မက ကျွန်တော် ဒီလူကို မယှဉ်နိုင်မှန်း သိသိကြီးနဲ့ သတ်ခိုင်းတာတော့ လွန်တာပေါ့... ဟွန့်...”

ယင်းလီသည် လော့ချန်၏ အကြည့်ကို မရှောင်ဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။

“မင်းရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာဆိုတော့... ဒီအခွင့်အရေးကို သုံးပြီး မင်းရဲ့ တကယ့် အစွမ်းကို ငါ မြင်ချင်လို့ပါ... နောက်ပြီး မင်းရဲ့ သတ်ဖြတ်ခြင်း ဓားဆန္ဒက သတ်ဖြတ်ခြင်းနဲ့ သေခြင်းကြားမှာ မွေးဖွားလာတာဆိုတော့... သေခြင်းရှင်ခြင်းကြားက တိုက်ပွဲတွေက မင်းအတွက် ကျင့်ကြံဖို့ အကောင်းဆုံး လမ်းစဉ်ပဲလေ...”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ ဤကာလအတွင်း သူ တိုက်ပွဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း ယခုတစ်ကြိမ်ကဲ့သို့ အကျိုးအမြတ်များစွာ ရရှိခဲ့သည့် တိုက်ပွဲမျိုး မရှိခဲ့ပေ။

ယင်းလီက သက်လတ်ပိုင်းလူ၏ အလောင်းကို ကြည့်ကာ ဆက်လက်ဆိုလိုက်သည်။

“ဒီတိုက်ပွဲမှာ မင်း သူ့ကို သတ်နိုင်ခဲ့တာက မင်းရဲ့ အစွမ်း တိုးတက်လာလို့ရယ်၊ သူက မင်းကို အထင်သေးခဲ့လို့ရယ်ကြောင့်ပဲ... မဟုတ်ရင် ဒီလောက်အထိ လွယ်မှာ မဟုတ်ဘူး... တကယ့် မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတွေက မိုးမြေအရှိန်အဝါကို မိမိအတွက် အသုံးချနိုင်တာဆိုတော့... သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒီထက် အများကြီး သန်မာတယ်... ဒါကြောင့် ဒီတိုက်ပွဲလေးကို ကြည့်ပြီး မဟာသန်မာသူတွေကို အထင်မသေးမိစေနဲ့... မဟုတ်ရင်တော့ မင်းပဲ ဒုက္ခရောက်လိမ့်မယ်...”

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ... ကျွန်တော် ဘယ်သူ့ကိုမှ အထင်မသေးပါဘူး...”

လော့ချန်သည်လည်း ဤတိုက်ပွဲတွင် ကံတရားက အတော်အတန် ပါဝင်ခဲ့မှန်း သိရှိလိုက်သည်။ အကယ်၍သာ သက်လတ်ပိုင်းလူက သူ့ကို အထင်မသေးခဲ့လျှင် နောက်ဆုံး ဓားချက်ဖြင့် ထိုလူကို ဒဏ်ရာရအောင် လုပ်ရန်မှာ အလွန်ပင် ခက်ခဲမှာ ဖြစ်ပေသည်။

သို့သော်လည်း လော့ချန်မှာမူ ယုံကြည်ချက်ရှိနေသည်။ သူ၏ ဓားဆန္ဒမှာ ဆက်လက်၍ သန့်စင်နေဦးမှာဖြစ်သလို နောက်ထပ် တစ်လှမ်း တက်လှမ်းနိုင်ပြီး ဓားဆန္ဒအဆင့် ဓားသမားတစ်ဦး ဖြစ်လာလျှင်မူ သတ်ဖြတ်ခြင်း ဓားဆန္ဒ၏ အစွမ်းဖြင့် တကယ့် မြေကမ္ဘာနယ်ပယ် မဟာသန်မာသူများကိုပင် သူ ရင်ဆိုင်နိုင်မှာ သေချာလှပေသည်။

“ဒါနဲ့ စီနီယာအစ်မ ယင်းလီ... သွေးအကြီးအကဲ ရော...”

လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်းမှ ထို မဟာသန်မာသူကြီးကို သတိရလိုက်သည်။ အဓိကမှာ ထိုသူ၏ ကိုယ်ပေါ်ရှိ ကျင့်စဉ်ပင် ဖြစ်၏။

“သူ့ကို ငါ ဖမ်းထားပြီးပြီ...”

ယင်းလီက စကားတစ်ခွန်း ပြောပြီးသည်နှင့် အနီးအနားရှိ တောင်ကုန်းတစ်ခုဆီသို့ ဦးတည်၍ ပျံသန်းသွားတော့သည်။

လော့ချန်သည်လည်း အလျင်အမြန်ပင် လိုက်ပါသွားခဲ့သည်။

မူလက စိမ်းလန်းစိုပြည်နေသော တောင်ကုန်းမှာ ယခုအခါတွင်မူ ဖြူဖွေးနေခဲ့ပြီး အရာအားလုံးမှာ အေးခဲနေကာ ရေခဲတောင်ကြီးတစ်ခုအလား ပြောင်းလဲသွားချေပြီ။ ပြင်းထန်လှသော အအေးဓာတ်ကြောင့် လော့ချန်၏ အရေပြားများပင် ထုံကျင်သွားရသည်။

ထိုသူနှစ်ဦးသည် တောင်ထိပ်သို့ ရောက်ရှိသည့်အခါ ဧရာမ ရေခဲတိုင်ကြီးများ စီတန်းနေသည်ကို မြင်တွေ့လိုက်ရသည်။ အလယ်ရှိ ရေခဲတိုင်ကြီးမှာ မီတာ ဆယ်ဂဏန်းခန့် ကြီးမားလှပြီး သွေးအကြီးအကဲမှာ ထိုရေခဲတိုင်အတွင်း၌ အေးခဲနေခြင်း ဖြစ်ပေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လော့ချန်၏ စိတ်ထဲတွင် ချီးကျူးမိသွားရသည်။ သွေးအကြီးအကဲမှာ ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦးဖြစ်ပြီး မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံးကို သုံးစွဲထားသဖြင့် အစွမ်းမှာ များစွာ မြင့်တက်နေသည်မဟုတ်ပါလော။ ထိုသို့သော သူကိုပင် ယင်းလီက အသာအယာ ဖမ်းဆီးထားနိုင်သည်မှာ တကယ့်ကို အံ့ဩစရာပင် ဖြစ်၏။

ဤမိန်းမက သူ ထင်ထားသည်ထက် များစွာ ပိုမို အစွမ်းထက်နေတော့သည်။

အခန်း ၆၇၁ ပြီးပါပြီ။။

အခန်း ၆၇၂ - သတင်းအချက်အလက်၊ ကျင်းမင်နှင့် သွေးဝိညာဉ်ဂိုဏ်း

ရေခဲတိုင်အတွင်း၌ အေးခဲနေသော သွေးအကြီးအကဲမှာ ယခုအခါ တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့ပြီး သူ၏ တစ်ခုတည်းသော ဘယ်ဘက်လက်မောင်းမှာလည်း ပြတ်တောက်နေချေပြီ။ ယခင်က ယင်းလီနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှာ မည်မျှအထိ ပြင်းထန်ခဲ့သနည်းဆိုသည်ကို ခန့်မှန်းနိုင်ပေသည်။

သူ၏မျက်နှာပေါ်တွင် လက်တစ်ဆစ်ခန့်ရှိသော အမည်းရောင် သားရဲအမွှေးအမျှင်များ ပေါက်နေသလို သွေးရောင် သားရဲမျက်လုံးကြီးများကြောင့် ကြည့်ရသည်မှာ လူလည်းမဟုတ်၊ သားရဲလည်းမဟုတ်သကဲ့သို့ ရှိနေတော့သည်။

ဤပြောင်းလဲမှုများမှာ မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံးကြောင့် ဖြစ်ရမည်ဟု လော့ချန် ခန့်မှန်းလိုက်သည်။

သန်မာသော သက်လတ်ပိုင်းလူသည်လည်း ထိုဆေးလုံးကို သုံးစွဲပြီးနောက် မိစ္ဆာသားရဲ အငွေ့အသက်များ ဝေဝေဝါးဝါး ထွက်ပေါ်လာခဲ့သလို စိတ်ဓာတ်မှာလည်း ပိုမိုရူးသွပ်လာခဲ့သည်မဟုတ်ပါလော။ သူ၏ကိုယ်ပေါ်တွင် အမူအရာပြောင်းလဲမှု မရှိခဲ့ခြင်းမှာ အချိန်မလုံလောက်ခြင်း သို့မဟုတ် အခြားသော အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပေသည်။

“မင်း တကယ်ပဲ မသေဘူးလား...”

သွေးအကြီးအကဲသည် ရေခဲအတွင်း ပိတ်မိနေသော်လည်း အသံထွက်နိုင်သေးသည်။ လော့ချန် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ လူသားနှင့်မတူသော အော်ဟစ်သံတစ်ခု ချက်ချင်းပင် ထွက်ပေါ်လာသည်။

သူသည် မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံးကို သုံးစွဲထားသော သက်လတ်ပိုင်းလူအနေနှင့် လော့ချန်ကို တစ်ချက်တည်းနှင့် အပြတ်ရှင်းနိုင်လိမ့်မည်ဟု ယူဆခဲ့သည်။

ထိုသို့ဆိုလျှင် ထိုသူအနေနှင့် အခြေစိုက်စခန်းသို့ ပြန်၍ အကူအညီတောင်းနိုင်မှာဖြစ်သလို လွတ်အောင် မပြေးနိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ ရန်သူတစ်ယောက်ကို အဖော်ခေါ်သွားနိုင်မှာ ဖြစ်သည်။

လော့ချန် အသက်ရှင်နေဆဲဖြစ်သည်ကို သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

“ကျွန်တော်က သေစရာလား... သူက ကျွန်တော့်ကို သတ်နိုင်တဲ့အဆင့်မှ မရှိတာ...”

လော့ချန်၏ အမူအရာမှာ တည်ငြိမ်လှသည်။

“တောက်...”

သွေးအကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။ သူသည် လော့ချန်၏စကားကို ဂရုမစိုက်ဘဲ ယင်းလီကသာ ထိုသက်လတ်ပိုင်းလူကို သတ်ခဲ့ခြင်းဖြစ်မည်ဟု မိမိဘာသာ ယူဆလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် သူ၏အဖော် အစွမ်းမည်မျှရှိသည်ကို သူ ကောင်းစွာ သိရှိထားသည်မဟုတ်ပါလော။

မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံး သုံးစွဲပြီးနောက်တွင် ထိုသူ၏အစွမ်းမှာ တကယ့်မဟာသန်မာသူကြီးများထက် အနည်းငယ်သာ လျော့နည်းမည်ပင်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်း ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန်မှာ ကြက်သတ်၊ ခွေးသတ်ရသလောက်ပင် လွယ်ကူလှပေသည်။

“အဲဒါတွေက အရေးမကြီးပါဘူး...”

ယင်းလီက ရှေ့သို့ တက်လှမ်းလာခဲ့ပြီး ပြင်းထန်လှသော ဖိအားများကို ထုတ်ဖော်လျက် သွေးအကြီးအကဲကို ကြည့်ကာ ဆိုလိုက်သည်။

“ငါ မေးတာကို ဖြေစမ်း... နင်တို့ သွေးဝိညာဉ်ဂိုဏ်းက အဲဒီ အခြေစိုက်စခန်းအတုကို ဘာရည်ရွယ်ချက်နဲ့ ထားခဲ့တာလဲ... တာယွဲ့မင်းဆက် ထဲမှာ ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ... ဘာအကြံအစည်တွေ ရှိနေတာလဲ...”

သွေးအကြီးအကဲက အေးစက်စွာ ဆိုလိုက်သည်။

“အခြေစိုက်စခန်းအတုလား... ဘာအတုလဲ... နင် ဘာတွေပြောနေတာလဲဆိုတာ ငါ မသိဘူး...”

လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။

“မင်းက အခုထိ အရူးလုပ်ချင်နေသေးတာလား... ငါတို့က မင်းတို့ရဲ့ အခြေစိုက်စခန်းအစစ်က ဟို ရေကန်ကြီးအောက်မှာ ဝှက်ဖုံးထားတယ်ဆိုတာကို သိပြီးသားပဲ... အဲဒီမှာ လူသားအမြုတေ အဆင့်ရှိသူတွေ ရှိနေတယ်ဆိုတာကိုလည်း သိတယ်... အဲဒီထဲက တစ်ယောက်က အရင်က နာမည်ကြီးခဲ့တဲ့ သွေးကျီးကန်းလူသားအမြုတေပဲ မဟုတ်လား...”

ဤစကားကို ကြားလိုက်ရသည့်အခါ သွေးအကြီးအကဲမှာ ထိတ်လန့်သွားလေသည်။

“မင်း... မင်းတို့က လူသားအမြုတေသွေးကျီးကန်း အကြောင်းကို ဘယ်လိုဖြစ်ပြီး သိနေတာလဲ...”

စကားတစ်ဝက်မှာပင် သူသည် ချက်ချင်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီး အုံ့မှိုင်းစွာ ဆိုလိုက်သည်။

“မင်းတို့က ဒီလောက်အထိ သိနေမှတော့ ငါ့ကို ထပ်မေးနေဖို့ လိုသေးလို့လား...”

“ကြည့်ရတာ ရှင်က အမှန်အတိုင်း ပြောဖို့ အစီအစဉ် မရှိဘူးပဲ...”

ယင်းလီ၏ လေသံမှာ တည်ငြိမ်လှသော်လည်း သူမ၏ မျက်ဝန်းအစုံတွင်မူ အေးစက်လှသော အလင်းတန်းများ ဝင်းလက်သွားခဲ့သည်။ သူမသည် လက်ညှိုးလေးကို မြှောက်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“အကြောင်းမဟုတ်ပါဘူး... ငါတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်...”

“ဝူး...”

လော့ချန်သည် အရိုးထဲအထိ စိမ့်ဝင်သွားသော အအေးဒဏ်ကို ခံစားလိုက်ရပြီး တစ်ကမ္ဘာလုံး အေးခဲသွားတော့မည့်အလား ထင်မှတ်လိုက်ရသည်။

နောက်တစ်ခဏတွင်...

ယင်းလီ၏ လက်ချောင်းလေးမှ အေးစက်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး သွေးအကြီးအကဲထံသို့ ညွှန်ပြလိုက်သည်။

“ကရက်... ကရက်...”

ရေခဲများ ခဲသွားသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ဧရာမ ရေခဲတိုင်ကြီးအတွင်း၌ ရေခဲမှုန့်လေးများ မြောက်မြားစွာ ထွက်ပေါ်လာတော့သည်။

ထိုရေခဲမှုန့်လေးများမှာ အပ်ငယ်လေးများအလား သွေးအကြီးအကဲ၏ အရေပြားအတွင်းသို့ တိုးဝင်သွားကြပြီး အသားများကြားတွင် ရူးသွပ်စွာ လှုပ်ရှားနေကြတော့သည်။

“အား... အား... အား...”

ခဏချင်းမှာပင် နာကျင်လှသော အော်ဟစ်သံကြီးမှာ ဟိန်းဟောက်သွားတော့သည်။

ထို ရေခဲအပ်များမှာ ကိုယ်တွင်းသို့ ဝင်ရောက်သွားသည့်အခါ အသားများကို ပိုးကောင်ပေါင်း သောင်းနှင့်ချီ၍ ကိုက်ခဲနေသကဲ့သို့ ရှိနေသလို အေးစက်လှသော အငွေ့အသက်များက ထိုနာကျင်မှုကို အဆပေါင်း ရာနှင့်ချီ၍ ပိုမိုပြင်းထန်စေသည်။ ထိုနာကျင်မှုမှာ စိတ်ဝိညာဉ်ထဲအထိ ရောက်ရှိသွားသဖြင့် ကောင်းကင်နယ်ပယ် မဟာသန်မာသူဖြစ်သည့် သွေးအကြီးအကဲပင်လျှင် မခံမရပ်နိုင်ဘဲ အော်ဟစ်နေရတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လော့ချန်မှာ တံတွေးကို အသာအယာ မျိုချလိုက်မိသည်။ ယခင်က ရောင်စဉ်ခုနစ်သွယ် စမ်းရေတွင်း၌ ယင်းလီက မိမိကို ဤကဲ့သို့ မနှိပ်စက်ခဲ့သည်မှာ တကယ့်ကို ကံကောင်းလှပေသည်။

သို့သော်လည်း ဤမိန်းမမှာ အလွန်ပင် အန္တရာယ်ရှိလှသဖြင့် ကိစ္စများ ပြီးဆုံးသွားသည့်အခါ သူမနှင့် အမြန်ဆုံး ဝေးဝေးနေသည်က ပိုကောင်းလိမ့်မည်။

မဟုတ်လျှင် တစ်စုံတစ်ခုကြောင့် သူမ စိတ်မချမ်းသာဖြစ်သွားပါက မိမိအနေနှင့် သူမ၏ လက်ထဲတွင် စိတ်ကြိုက် နှိပ်စက်ခံရမှာ သေချာလှသည်မဟုတ်ပါလော။

“အား... တော်ပြီ... ရပ်လိုက်တော့... ငါ ပြောမယ်...”

လော့ချန် စိတ်ကူးယဉ်နေစဉ်မှာပင် သွေးအကြီးအကဲမှာ မခံမရပ်နိုင်တော့ဘဲ လက်နက်ချ အရှုံးပေးလိုက်တော့သည်။

သွေးဝိညာဉ်ဂိုဏ်း၏ အခြေခံမူမှာ သန်မာသူက အစိုးရခြင်းနှင့် အားနည်းသူက အဝါးမြိုခံရခြင်း ဖြစ်ပေသည်။ ဂိုဏ်းဝင်များမှာ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံကြသဖြင့် သက်တမ်းမှာ တိုတောင်းလှပြီး တစ်ဦးချင်းစီမှာလည်း ကိုယ်ကျင့်တရား ကင်းမဲ့ကြကာ အပျော်အပါးကိုသာ မက်မောကြသဖြင့် အခြားသူများ၏ အသက်ကို လုံးဝ ဂရုစိုက်ကြသူများ မဟုတ်ပေ။

စောစောက သူ မပြောခဲ့ခြင်းမှာ မိမိ၏ အကျိုးအမြတ်အတွက် အချိန်ဆွဲပြီး အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။

ယခုမူ ဤမျှအထိ ပြင်းထန်လှသော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားလိုက်ရသည့်အခါ သွေးအကြီးအကဲမှာ ချက်ချင်းပင် လက်နက်ချလိုက်တော့သည်။

ယင်းလီက လက်ကို ရပ်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“ပြောစမ်း... တစ်ခုခုလောက် လိမ်တာနဲ့ ရှင့်ကို ဒီထက် ဆယ်ဆလောက် ပိုပြင်းတဲ့ နာကျင်မှုကို ခံစားရအောင် လုပ်ပစ်မယ်...”

သွေးအကြီးအကဲ၏ ခန္ဓာကိုယ်မှာ အသာအယာ တုန်ခါသွားခဲ့ပြီး အသက်ကို ဝဝရှူလိုက်ကာ သူသိသမျှ သတင်းအချက်အလက်အားလုံးကို အကုန်အစင် ပြောပြလိုက်တော့သည်။

လော့ချန် ခန့်မှန်းထားသည့်အတိုင်းပင် ယခင်က ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရသော အခြေစိုက်စခန်းမှာ မျက်စိလည်အောင် လုပ်ထားသည့် အတုသာဖြစ်ပြီး အစစ်မှာမူ ထိုရေကန်ကြီး၏ အောက်တွင် ရှိနေခြင်း ဖြစ်သည်။

ဤသို့ လုပ်ဆောင်ရသည့် ရည်ရွယ်ချက်မှာ တိတ်တဆိတ် အင်အားစုဆောင်းပြီး တာယွဲ့မင်းဆက် အတွင်းရှိ အင်အားစုများကို တစ်ဖြည်းဖြည်းနှင့် ဝါးမြိုရန်ဖြစ်ကာ နောင်တစ်ချိန်တွင် တာယွဲ့မင်းဆက် တစ်ခုလုံးကို သိမ်းပိုက်ရန် ဖြစ်ပေသည်။

ယင်းလီက အခြေစိုက်စခန်းအစစ်၏ အစွမ်းကိုလည်း မေးမြန်းလိုက်သည်။

အစစ်နှင့် အတု ခွဲမရအောင် လုပ်ရန်အတွက် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူ အများစုမှာ အတုအတွင်း၌ အသေခံ အသုံးချခံလိုက်ရခြင်း ဖြစ်ပေသည်။ အခြေစိုက်စခန်းအစစ်အတွင်း၌ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့်ပိုင်း သန်မာသူ တစ်ရာခန့်၊ မဟာသန်မာသူ အဆင့်ရှိသူ ဆယ်ဂဏန်းခန့်နှင့် လူသားအမြုတေတစ်ဝက် အဆင့်ရှိသူ နှစ်ဦးသာ ကျန်ရှိတော့သည်။

လူသားအမြုတေ အဆင့်ရှိသူ နှစ်ဦးကိုမူ လော့ချန် မြင်တွေ့ခဲ့ဖူးသည်။ ၎င်းတို့မှာ ထူးသခင်ခေါ် ထူးဝမ်ရှန်းနှင့် သွေးကျီးကန်းလူသားအမြုတေတို့ ဖြစ်ကြသည်။

သွေးအကြီးအကဲ၏ ပြောကြားချက်အရ သွေးကျီးကန်းလူသားအမြုတေသည် အရှိန်အဝါ ကြီးမားလှပြီး ယွမ်လန်နယ်မြေ၏ မြောက်ဘက်ရှိ မင်းဆက်အမြောက်အမြားကို တာဝန်ယူထားရသူ ဖြစ်သည်။ ယခုတစ်ကြိမ် တာယွဲ့မင်းဆက်သို့ လာရောက်ခြင်းမှာ စစ်ဆေးရန်အတွက်သာဖြစ်ပြီး အချိန်အကြာကြီး နေမှာ မဟုတ်ပေ။

တာယွဲ့မင်းဆက်ကို တကယ်တမ်း တာဝန်ယူထားသူမှာ အဆိုပါထူးသခင် တစ်ဦးတည်းသာ ဖြစ်သည်။

လူသားအမြုတေတစ်ဝက် အဆင့်ရှိသူမှာမူ အခြေစိုက်စခန်းအတုတွင် ပေါ်လာခဲ့သော သွေးမိစ္ဆာပင် ဖြစ်၏။

ထိုသွေးမိစ္ဆာမှာ လူသားအမြုတေ အဆင့်သို့ မရောက်သေးသော်လည်း ထူးခြားလှသော စွမ်းရည်များနှင့် တိုက်ခိုက်ရေးစွမ်းအားကြောင့်သာ လူသားအမြုတေတစ်ဝက် အဆင့်ဟု သတ်မှတ်ခြင်း ဖြစ်သည်။

သို့သော်လည်း ယခင်တိုက်ပွဲအတွင်း သွေးမိစ္ဆာသည် အနှစ်သာရသွေး အမြောက်အမြားကို ဝါးမျိုခဲ့သဖြင့် သူ အစွမ်းပြန်ရလာသည်နှင့်တစ်ပြိုင်နက် ကြယ်ခုနစ်ပွင့်အဆင့်သို့ တက်လှမ်းနိုင်မှာဖြစ်ပြီး လူသားအမြုတေအဆင့် သွေးမိစ္ဆာ ဖြစ်လာမှာ ဖြစ်သည်။

ထိုအချိန်ကျလျှင် သာမန် လူသားအမြုတေအဆင့်ရှိသူများပင်လျှင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပေ။ မြို့တစ်မြို့လုံးကိုလည်း လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

ဤသတင်းက လော့ချန်ကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။

သွေးမိစ္ဆာနှင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ မဟာအကြီးအကဲများ တိုက်ခိုက်ခဲ့သည့် ထိတ်လန့်စရာ မြင်ကွင်းကို သူ သတိရလိုက်သည်။ ထိုအစွမ်းမှာပင် လူသားအမြုတေအဆင့် မရှိသေးသည်တဲ့လား။

‘ဒါဆိုရင် လူသားအမြုတေအဆင့် သွေးမိစ္ဆာက ဘယ်လောက်အထိ ကြောက်စရာကောင်းလိမ့်မလဲ...’

၎င်းအပြင် သွေးအကြီးအကဲက ထိတ်လန့်စရာ သတင်းတစ်ခုကိုလည်း ထပ်မံပြောပြလိုက်သည်။ ယခုအခါ တာယွဲ့မင်းဆက်အတွင်းရှိ အင်အားစုအားလုံးထဲသို့ သွေးဝိညာဉ်ဂိုဏ်းက စိမ့်ဝင်နေပြီဖြစ်ရာ ဂိုဏ်းကြီးသုံးဂိုဏ်းလည်း အပါအဝင် ဖြစ်ပေသည်။

ယင်းလီက သွေးဝိညာဉ်ဂိုဏ်းနှင့် ပူးပေါင်းထားသူများ၏ အမည်စာရင်းကို မေးမြန်းလိုက်သည်။

သို့သော်လည်း စာရင်းအပြည့်အစုံကို ထူးသခင် အစရှိသော အမာခံပုဂ္ဂိုလ် အနည်းငယ်သာ သိရှိကြခြင်း ဖြစ်သည်။ သွေးအကြီးအကဲမှာ အချို့ကိုသာ သိရှိထားပြီး အဓိက ပုဂ္ဂိုလ်အနည်းငယ်ကိုသာ ပြောပြနိုင်သည်။ ၎င်းတို့ထဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ၊ အကြီးအကဲများ ပါဝင်နေသလို လျှပ်ယွမ်ဂိုဏ်းမှ အတွင်းစည်း အမာခံအကြီးအကဲ တစ်ဦးပင် ပါဝင်နေသည်။

ဤသည်မှာ ယင်းလီနှင့် လော့ချန်ကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။

အတွင်းစည်း အမာခံအကြီးအကဲ ဆိုသည်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းတွင်သာမက တာယွဲ့မင်းဆက် တစ်ခုလုံးတွင်ပါ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မဟုတ်ပါလော။

ထိုသို့သော သူပင်လျှင် သစ္စာဖောက်သွားပြီဆိုလျှင် သွေးဝိညာဉ်ဂိုဏ်းမှာ မည်မျှအထိ စိမ့်ဝင်နေပြီလဲဆိုသည်ကို ခန့်မှန်းနိုင်ပေသည်။

လော့ချန် တစ်စုံတစ်ခုကို သတိရလိုက်ပြီး မေးမြန်းလိုက်သည်။

“ဒီတစ်ကြိမ် အခြေစိုက်စခန်းအတုကို ရှာတွေ့ခဲ့တဲ့ ရွှမ်ယွမ်ဂိုဏ်းတပည့် ကျင်းမင် ကရော... မင်းတို့ သွေးဝိညာဉ်ဂိုဏ်းက လူပဲလား...”

လော့ချန် ဤသို့ သံသယဝင်ရခြင်းမှာလည်း အကြောင်းရှိသည်။ သွေးဝိညာဉ်ဂိုဏ်းက အခြေစိုက်စခန်းအတုကို ထားခဲ့ပြီး သွေးမိစ္ဆာကို မွေးမြူရန်အတွက် အစီအစဉ်ဆွဲခဲ့ခြင်း ဖြစ်ရာ တစ်စုံတစ်ယောက်က ထိုနေရာကို ရှာတွေ့ရန်အတွက် အချိန်အခါကောင်းတစ်ခု လိုအပ်သည်မဟုတ်ပါလော။

ထိုသူမှာ မိမိတို့ဘက်မှလူ ဖြစ်နေသည်က အကောင်းဆုံးပင် ဖြစ်ပေသည်။

အခန်း ၆၇၂ ပြီးပါပြီ။

All Chapters