← Chapters

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

214

အခန်း ၂၁၄ ။ လူအုပ်ကြီး ပုန်ကန်မှု

ကျီချန် နှစ်ပေါင်းသောင်းချီ ပြင်ဆင်ထားခဲ့တဲ့ မဟာအန္တိမအကွက်ကြီးက ပျက်စီးသွားခဲ့ပြီး အဇဋာဧကရာ‌ဇ်တွေအားလုံး မှင်တက်နေတယ်။ တစ်ခဏတာ ပတ်ဝန်းကျင်က အတော်လေးကို တိတ်ဆိတ်နေပြီး လေထဲစိမ့်ဝင်နေတဲ့ နတ်ဆိုးချီတွေကပါ နေရာမှာတောင့်ခဲနေသလိုပဲ။

လူအုပ်ကြီးက ဖြစ်ပျက်သွားတာကို တုံ့ပြန်နိုင်စွမ်းမရှိတော့။

ငါးမိနစ်အကြာ...။

ရှန်းရင်က သူမရှေ့က တင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ နတ်ဆိုးဘုံတံခါးကိုကြည့်ပြီး လက်မြှောက်ကာ ခေါက်လိုက်တယ်။

"ငမည်းလေး၊ တံခါးဖွင့်ပေးပါဦး"

"မဖွင့်ချင်ဘူး" ကြောက်လန့်‌နေတဲ့အသံကက တံခါးနောက်ကနေ သူ့ကန့်ကွက်ချက်ကို ထုတ်ပြောလာတယ်

"ခဏ ထွက်သာထွက်လာခဲ့ပါ၊ ငါနင့်ကိုမေးစရာရှိလို့"

"ဟင့်အင်း ဒီတံခါးကနေ မထွက်လာချင်ဘူး" ရွှတ်ရွှတ် ကြောက်စရာကောင်းလိုက်တာ။

"ဘာလို့ ငိုနေတာတုံး၊ ငါနင့်ကို မရိုက်ပါဘူးဟ"

"... တကယ်လား"

"အင်း"

"တကယ် တကယ်လား"

"‌အင်း"

"တကယ် တကယ် တကယ်..."

"နင်ဆက်ပြီး ပြောနေရင် ငါနင့်ကိုအခုရိုက်မိတော့မယ်"

သူမအသံဆုံးသွားတာနဲ့ တံခါးက ကျွီခနဲမြည်ပြီး နောက်ဆုံးတော့ပွင့်လာတယ်။ ဝတ်ရုံမည်းဝတ်ထားပြီး ရဲရဲတောက်နီနေတဲ့မျက်ဝန်းတွေနဲ့ နတ်ဆိုးဘုရင် ဖြစ်နေဆဲပဲ။ ပတ်ပတ်လည်က နတ်ဆိုးချီတွေက ပိုတောင်ပြင်းထန်လာပြီး စောနက မော်မော်ကြွားကြွားသဘာဝနဲ့ယှဉ်ရင်တော့ အခုအတော်လေးကို နာခံနေတာ။ မျက်လုံးထဲလည်း မျက်ရည်တွေဝဲနေပြီး သူ့တုတ်ခိုင်သန်မာတဲ့ခန္ဓာကိုယ်ကတောင် စောနကထက် အများကြီးပုသွားပြီ။

"ဘာလို့ နင်မြေကြီးပေါ် ဒူးထောက်နေတာလဲ" ရှန်းရင် မြေကြီးပေါ်ကလူကို ကြည့်ကာမေးလိုက်တယ်။

နတ်ဆိုးဘုရင်က ဖိမ့်ဖိမ့်တုန်ပြီး တလေးတနက်ပြန်ဖြေတယ်။

"ကြီးမြတ်တဲ့နတ်သမီး၊ ဒူးထောက်ပြီး ခင်ဗျားကို ကြည့်နေချိန် အတော်လေးကြီးမြတ်တယ်လို့ ခံစားရလို့ပါ"

ရှန်းရင် ။ ။ "..."

အားလုံး ။ ။ "..."

ကျီချန့်အတွက် ရုတ်တရက် ဖယောင်းတိုင်ထွန်းပေးချင်စိတ်က ဘာပါလိမ့်။

ရှန်းရင်နှုတ်ခမ်းတွေ တွန့်သွားပြီး သူ့ဆီလာတဲ့လမ်းမှာ စိမ်ပြေနပြေရှင်းလာခဲ့တဲ့ ကျီချန့်ကို သူ့ဆီ ပစ်ပေးလိုက်တယ်။

"ရှင်းပြ၊ ဒီမှာဘာတွေဖြစ်နေတာလဲ"

နတ်ဆိုးဘုရင်က ချက်ချင်းပဲ ဘေးကို နှစ်လှမ်းလောက် ရွေ့သွားပြီး သူနဲ့ပတ်သက်မှုအားလုံးကို ဖြတ်ပစ်ဖို့ ကြိုးစားတော့တယ်။

"ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ကျွန်တော် တကယ်အပြစ်ကင်းတာပါ ကျွန်တော် ဘာမှမသိပါဘူး၊ တစ်ယောက်ယောက်ဆင့်ခေါ်တာ ကြားရလို့သာ ဒီကိုရောက်လာခဲ့တာပါ၊ အမတဘုံက တံခါးနောက်မှာ ရှိနေတယ်ဆိုတာ မသိခဲ့ပါဘူး" သူသာ သိခဲ့ရင် တံခါးကို ဘယ်တော့မှ ဖွင့်ခဲ့မှာ မဟုတ်ဘူး။

"ဆိုလိုတာက..." ရှန်းရင်အသံက သုန်မှုန်လာတယ်။

"ဒီလိုမျိုး တံခါးတွေ အများကြီး ရှိတာလား"

နတ်ဆိုးဘုရင်ရဲ့ အမူအရာကဖြူဖျော့သွားပြီး ချွေးစေးတွေ မျက်နှာပေါ် ဒလဟော ကျဆင်းလာတယ်။

"ဖြစ်နိုင်... ဖြစ်နိုင်တာ... ဖြစ်နိုင်တာက... ထင်တာပါပဲ" အို့၊ သူ ဖော်မိသွားပြီ။

သူ့ဘေးက ယိချင်းလည်း သဘောပေါက်သွားပြီး စိတ်လေးသွားတယ်။ တကယ်ပဲ ဒီတံခါးက ဝူတိဂိုဏ်းမှာ ပွင့်ခဲ့တဲ့ တစ်ခုနဲ့ဆင်တူတယ်။ ဒါပေမဲ့ ဒါက ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဖြစ်ပြီး သူတို့က တံခါးမတူတာ ထင်ရှားနေတယ်။ ဒါက အမတ‌ဘုံကနေ နတ်ဆိုးဘုံဆီ ဦးတည်နေတဲ့ တံခါးက တစ်ချပ်တည်း မဟုတ်ဘူးလို့ဆိုလိုတာပဲ။

"အဲမှာဒီလိုတံခါးတွေ ဘယ်လောက်ရှိလဲ" ယိချင်း မေးလိုက်တယ်။

"ဒါ..."

နတ်ဆိုးဘုရင်က အံကြိတ်ပြီး ဖြေဖို့ပြင်လိုက်ပေမဲ့ မြေကြီးပေါ်လဲနေတဲ့ ကျီချန်က မယုံကြည်နိုင်တဲ့ အမူအရာနဲ့ ရုတ်တရက် ပြန်တုံ့ပြန်တယ်။

"အရှင်မင်းကြီး ဘာတွေလုပ်နေတာလဲ၊ အရှင်မင်းကြီး အမိန့်ပေးလိုက်တာနဲ့ နတ်ဆိုးစစ်တပ်က သုံးလောကကို သိမ်းပိုက်ပေးမှာလေ၊ ဘာလို့..."

"သောက်ပေါက်ပိတ်" နတ်ဆိုးဘုရင် သူ့ဆီ ဖိနှိပ်တဲ့ အရှိန်အဝါတွေလွှတ်လိုက်ပြီး မြေကြီးပေါ် ပြန်ဖိချလိုက်တယ်။ ဒီခွေးသူတောင်းစားလေးက ငါ့ကို စွပ်စွဲဖို့ကြိုးစားနေတာပဲ နတ်ဆိုးစစ်တပ်က ဘယ်ကနေ လာမှာတုံး။ ကောင်းကင်မိစ္ဆာဆယ်ယောက်လုံး သူတို့အနိုင်ယူတာခံရပြီး သူတို့နတ်ဆိုးနန်းတော်တွေမှာ ဒဏ်ရာတွေကို လျက်နေရတုန်းပဲ။

"ကြီးမြတ်တဲ့နတ်သမီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ရှင်းပြချက်ကို နားထောင်ပေးပါ" နတ်ဆိုးဘုရင်က မျက်ရည်တွေနဲ့ ရှန်းရင်ကို သနားစရာကောင်းစွာ ကြည့်လိုက်တယ်။

"ဒါတွေအားလုံးက အရင်နတ်ဆိုးဘုရင် လုပ်ခဲ့တာပါ သူက သုံးလောကကို အုပ်ချုပ်ချင်တာမို့ သုံးလောကထဲ ကလိမ်ဉာဏ်ဆင်ဖို့ ကျွန်တော်တို့လူတွေကို လွှတ်ပြီး ခိုင်းခဲ့တာပါ၊ အမတဘုံတင် မဟုတ်ဘူး၊ အောက်ဘုံလည်းပါပါတယ်၊ သူတို့အားလုံးက တာဝန်နတ်ဆိုးတွေပါ၊ ဘုံတံခါးပွင့်တာနဲ့ သူတို့က နတ်ဆိုးဘုရင်ကို ချက်ချင်း ဆင့်ခေါ်လို့ရပါတယ်၊ ဒါပေမဲ့ သူတို့ဘယ်လောက်များလဲ ဆိုတာတော့... အတိအကျမသိပါဘူး" သူ ပွင့်ပွင့်လင်းလင်းပဲ သိသမျှ အားလုံးပြောလိုက်တယ်။

"ဆိုလိုတာက အမတဘုံမှာ နတ်ဆိုးတွေ ထပ်ရှိသေးတယ်လို့ ပြောနေတာလား" ကူယွဲ့ မင်သက်သွားတယ်။

"ရှိတယ်... ထင်တာပဲ" သူခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။

"အောက်ဘုံက နေရာကောင်း မဟုတ်လို့ အရင်နတ်ဆိုးဘုရင်က အမတဘုံကို သိမ်းပိုက်ချင်ခဲ့တာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီက အမတဘုံနဲ့ ကောင်းကင်ဘုံနဲ့က ချိတ်ဆက်နေတော့ တိုက်ခိုက်ဖို့ အခွင့်အရေးရှာမရခဲ့ဘူး"

ကူယွဲ့ သေချာစဉ်းစားကြည့်ပြီးတဲ့နောက် ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားခဲ့တယ်။ အတိတ်တုန်းက နတ်ဆိုးတွေက ကောင်းကင်မျိုးနွယ်ကိုကြောက်တာကြောင့် အမတဘုံကို မထိရဲခဲ့ဘူး။ နောက်တော့ ကောင်းကင်ဘုံနဲ့ အမတဘုံက အချင်းတွေများကြပေမဲ့ နတ်ဆိုးဘုံဆီ တံခါးကို ချိပ်ပိတ်ဖို့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကိုတော့ ထားခဲ့တယ်။ နတ်ဆိုးဘုရင်က အဲဒါနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တာမို့ ဘုံတံခါးကိုဖွင့်လို့ရအောင် ကြိုးစားဖို့အတွက် ကသောင်းကနင်းဖြစ်အောင် ဖန်တီးဖို့ ဒီလူတွေကို လွှတ်ခဲ့တာပေါ့။ ကျီချန်က သူ့လူတွေထဲက တစ်ယောက်။ ဒါပေမဲ့ နှစ်ပေါင်းများစွာအကြာ ပြင်ဆင်မှုအပြီးမှာ နတ်ဆိုးဘုရင်က တခြားလူဖြစ်နေပြီ။ အရေးကြီးဆုံးကတော့ သူက ရှန်းရင်နဲ့ တိုးသွားတာပဲ။ အဲအခိုက်အတန့်မှာ သူ အမတလောကအတွက် ပျော်ရမလား၊ ကျီချန့်အတွက် ကြေကွဲပေးရမလားမသိတော့ဘူး။

"နင် ဒီလူတွေကို ရှာနိုင်လား" ရှန်းရင်မေးလိုက်တယ်။

"ဟုတ်ကဲ့ သေချာပေါက်ပေါ့" နတ်ဆိုးဘုရင်က သူ့ခေါင်းကို ကြက်ကလေးလိုချက်ချင်း ခေါင်းညိတ်တယ်။ ဒါတွေက ကြီးမြတ်တဲ့နတ်သမီးရဲ့ အမိန့်တွေဆို သေချာပေါက် လုပ်ဖို့လိုတာပေါ့။ လုပ်ကို လုပ်ရမဲ့အရာပဲ။

"ဒါဆိုကောင်းပြီလေ၊ သုံးရက်အတွင်း နင့်လူတွေကို ဒီကခေါ်ထုတ်သွားဖို့ နည်းစဉ်းစားလိုက်" ရှန်းရင် လက်ယမ်းပြပြီးဆက်ပြောလိုက်တယ်။

"အနာဂတ်ကျ နင့်ရဲ့နယ်‌မြေကို သေချာကိုင်တွယ်၊ အကြောင်းအရင်း ကောင်းကောင်းမရှိဘဲ အပြင်မှာ လမ်းသလားဖို့ ထွက်မလာနဲ့"

"ဟုတ်ကဲ့ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ"

"ကောင်းပြီလေ နင်အခုသွားလို့ရပြီ"

"ဟုတ်ကဲ့ ကြီးမြတ်တဲ့နတ်ဒေဝါ"

နတ်ဆိုးဘုရင်က စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချပြီး မေ့နေပြီဖြစ်တဲ့ကျီချန်ကို ကောက်ချီရင်း အမြန်ခပ်သုတ်သုတ် လစ်လေတယ်။ ရွှီးခနဲ သူက တံခါးထဲ ပြေးဝင်ပြီး ပျောက်သွားတော့လေတယ်။

——————

သုံးရက်အကြာ။

နတ်ဆိုးဘုရင်က တကယ်တော့ အတော်လေး လုပ်ရည်ကိုင်ရည်ရှိသား။ သူက နတ်ဆိုးတွေကို ဆင့်ခေါ်ဖို့အတွက် ဓမ္မအသုံးအဆောင်ဖြစ်တဲ့ကောင်းကင်မိစ္ဆာတံဆိပ်ပြားကို ထုတ်လိုက်တယ်။ သူသုံးပြီး နောက်တစ်နေ့မှာပဲ နတ်ဆိုးလောကတံခါးဆီမှာ သတင်း တင်ပြလာတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့တယ်။

ဒီလူတွေထဲ မထင်မရှားအမတတွေ၊ အမတဘုံတစ်လျှောက် နာမည်ကြီးတဲ့အမတတွေ၊ တစ်ယောက်ဆို တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်တောင် ပါသေးတယ်။

သူတို့က ကောင်းကင်မိစ္ဆာတွေ မဟုတ်ပေမဲ့လည်း သူတို့အားလုံးမှာ သူတို့ရဲ့နတ်ဆိုးအသွင်တွေကို ဖုံးဖို့ နည်းလမ်းကိုယ်စီ ရှိကြတယ်။ ဧကရာဇ်တွေအားလုံး ဒီလူတွေကိုမြင်ရတာ ထိတ်လန့်ကုန်ပြီး ချွေးစေးတွေ ပြန်ကုန်တယ်။ တကယ်လို့ ရှန်းရင်ကြောင့်သာ မဟုတ်ရင် အမတလောကကတော့ သိပ်မကြာခင်မှာပဲ နတ်ဆိုးလောကလက်ထဲ တကယ်ကျရောက်သွားခဲ့မှာ။

ဒီလူတွေအားလုံးကို ငမည်းလေးက နတ်ဆိုးလောကဆီ ပြန်ခေါ်သွားတာမို့ ဘေးဒုက္ခကြီးနဲ့ ရှောင်လွှဲသွားနိုင်ခဲ့တယ်။ ကျီချန်ကိုလည်း နတ်ဆိုးလောကဆီ ပြန်ခေါ်သွားပေမဲ့ နတ်ဆိုးဘုရင်မျက်နှာပေါ်က အကြည့်အရတော့ သူ အဆုံးသတ်ကောင်းလောက်မှာမဟုတ်ဘူး။

ကိစ္စမရှင်းရသေးတဲ့ တစ်ဦးတည်းသောသူက ဟွေ့လင်။ သူမ လုပ်ခဲ့တဲ့အရာတွေက ခွင့်မလွှတ်နိုင်စရာတွေတော့ မဟုတ်ပေမဲ့ သေချာပေါက် သေးသေးမွှားမွှားလည်း မဟုတ်ဘူး။ ကိစ္စတစ်ခုလုံးက သူမကြောင့် မဟုတ်ဘဲ ရှင်းဟန်လွှမ်းမိုးတာ ခံခဲ့ရတာဆိုပေမဲ့ သူမက လူကြီးတွေကို လှည့်စားခဲ့ပြီး သူတို့ရဲ့ကောင်းကင်လက်နက်တွေကို လုယူခဲ့တယ်။

တခြားသူတွေကို ဖယ်လိုက်ရင် သူမကိုဖြေရှင်းဖို့ အခွင့်အရေးရှိဆုံးလူ၊ အလှည့်စားခံရဆုံးသူလည်း ဖြစ်ခဲ့တဲ့ ချန်ကောပဲ။ ဒါကြောင့် တခြားအဇဋာဧကရာဇ်တွေက သူ့ကိုဆုံးဖြတ်ခွင့် ပေးလိုက်ကြတယ်။

"သူမရဲ့ အမတအရိုးတွေနဲ့ ကျင့်ကြံဆင့်ကို ဖယ်ရှားပြီး အောက်ဘုံကို ပို့ပစ်မယ်"

ချန်ကောက ဟွေ့လင်အပြစ်ကိုကြေညာရင်း အမူအရာမပြောင်းသွား။

ချန်ကောအပြစ်က သက်ညှာနိုင်တဲ့ပုံဆိုပေမဲ့ ဟွေ့လင်အတွက်တော့ သူမ လက်ခံနိုင်တဲ့ထဲ အပြင်းထန်ဆုံး အပြစ်ပေးမှုပဲ။ အမတဖြစ်လာပြီးသား လူတစ်ယောက်အတွက် ဘယ်သူက ပြန်ဝင်စားပြီး သေမျိုးအဖြစ် ပြန်လည်မွေးဖွားချင်မှာလဲ။ ပြီးတော့ အမတအရိုးတွေ ဖယ်ရှားခံလိုက်ရတဲ့ အမတတစ်ယောက်က ပြန်ပြီးကျင့်ကြံလို့ မရတော့ဘူး။ သေမျိုးတစ်ယောက်ရဲ့ သက်တမ်းက နှစ်၁ရာထက် မကြာဘူး။ အရင်က အမတဖြစ်ခဲ့တဲ့ ဟွေ့လင်အတွက်တော့ ဒါက သေတာထက်ဆိုးတဲ့ ကံကြမ္မာဖြစ်နိုင်တယ်။

ကြည့်ရတာ သူမရဲ့အရင်လုပ်ရပ်က ချန်ကောနှလုံးသားကို အေးစက်သွားစေပုံပဲ။ သူက သူမရဲ့ လုပ်ရပ်တွေကို အလိုမလိုက်တော့ဘူး။

"ဧကရာဇ်ကူယွဲ့၊ ခင်ဗျား ဒီအပြစ်ဒဏ်နဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ" ချန်ကောက သူ့ဘေးက အနီရောင်မုန်လာဥဖြူကို မေးလိုက်တယ်။

"ငါ့ကိစ္စတစ်ပြားမှမပါဘူး"

ကူယွဲ့က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ ရက်ပေါင်းများစွာ မျိုသိပ်ခဲ့ရတဲ့ ဒေါသက နောက်ဆုံးတော့ ပေါက်ကွဲထွက်လာပြီ။

"အဲကိစ္စဘေးဖယ်ထားဦး၊ ငါတို့ အမြန် ခန္ဓာကိုယ်ကိုရှာတွေ့ရင် ပြန်သွားနိုင်မယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ဘာလို့ငါမုန်လာဥပဲ ဖြစ်နေသေးတာလဲ"

"..."

"အာ..." ချန်ကောပါးစပ်တွန့်သွားပြီး သုန်မှုန်တဲ့လေသံနဲ့ ပြောလိုက်တယ်။

"ဧကရာဇ်၊ ကျုပ်တို့ခန္ဓာကိုယ်တွေအားလုံးက အပြင်းအထန်ဒဏ်ရာရထားတာ၊ တကယ်လို့ မူလဝိညာဉ်တွေသာ ခန္ဓာကိုယ်တွေထဲ ရုတ်တရက် ပြန်သွားရင် ဒဏ်ရာတွေက ပိုဆိုးသွားလိမ့်မယ်၊ ကျုပ်တို့သေချာစဉ်းစားဖို့လိုတယ်၊ လောလို့မဖြစ်ဘူး"

"ကောင်းပြီလေ တကယ်လို့ပြန်မသွားခင် ခန္ဓာကိုယ်တွေ သက်သာလာအောင် စောင့်ဖို့ လိုတယ်ဆိုရင်တောင်..." သူ အသက်ပြင်းပြင်းရှူပြီး မုန်လာဥတွေ ရှိနေတဲ့တစ်ခန်းလုံးကိုကြည့်ကာ ဟိန်းဟောက်တော့တယ်။

"ဘာလို့အားလုံး ဒီမှာရှိနေသေးတာလဲ" တိုက်ပွဲက ပြီးသွားပြီဆိုတော့ ပြန်သင့်နေပြီမဟုတ်လား။ ဝူတိဂိုဏ်းကို ဘာတွေ ကပ်တွယ်နေကြတာတုံး။ သူတို့အတွက် လောင်းပေးရတဲ့ရေက အလကားရတာ မဟုတ်ဘူး။

မုန်လာဥဖြူတွေအားလုံး တောင့်တင်းကုန်တယ်။

"ဖေဖေနျို၊ သူတို့တွေ ဒီလိုမျိုးပြန်သွားဖို့က တကယ်မသင့်တော်ဘူးလေ" ရှန်းရင် ကြားဖြတ်ပြောလိုက်တယ်။ သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်တွေလေ၊ ကာကွယ်ရမဲ့ ဂုဏ်သိက္ခာတွေ ရှိတယ်။

"မင်း ပါးစပ်ပိတ်ထား" ကူယွဲ့အကြည့်က ချက်ချင်း သူမဘက်လှည့်သွားပြီး သူအော်တော့တယ်။

"တကယ်လို့ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ခန္ဓာကိုယ်တွေက ဒီလောက် ထောင်းကြေပါ့မလား ငါတို့တွေ တစ်နေ့လုံး မုန်လာဥဖြူတွေလို လှိမ့်သွားနေဖို့လိုပါ့မလား"

ရှန်းရင်က ခဏကြာမှ တုံ့ပြန်လာတယ်။

"အဲနေ့က ငါ့ကို မြန်မြန်လုပ်ဖို့ ပြောတာ နင်မဟုတ်ဘူးလား"

"မင်းကို အဲခွေးကောင်ရှင်းဟန်ကို ထုထောင်းခိုင်းတာဟ၊ ငါတို့ဆီ မင်းခါးပတ်နဲ့ရိုက်ဖို့ ဘယ်သူပြောလဲ"

"နင်တို့အားလုံးကို ကယ်ဖို့ လုပ်ခဲ့ရတာလေ" အေးပေါ့၊ နင်တို့ရဲ့ နုဖတ်နေတဲ့ခန္ဓာကိုယ်တွေအတွက် ငါ့ကိုပဲ အပြစ်တင်။

"ငါ့ခြေထောက်ကိုကယ်၊ အဲဒါကယ်တာလား"

သူတို့ပြန်ရောက်ပြီး ခန္ဓာကိုယ်တွေကို စစ်ဆေးချိန် သူမရဲ့ခါးပတ်နဲ့ သူတို့ကို ရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ်၉ခုမှာ၈ခုက သွေးကြောတွေ ပျက်စီးပြီး အမတအရိုးတွေ ထိခိုက်ကုန်တာ သိလိုက်ရတယ်။ နည်းနည်းလေးအခြေအနေပိုကောင်းတဲ့ တစ်ဦးတည်းသောလူက ရွှမ်ထုံ။ ဒါပေမဲ့ အဲဒါက သူမတစ်ယောက်တည်း ရှိနေခဲ့လို့လေ။ အဲတုန်းက ရှင်းဟန်က သူတို့ကိုတိုက်ခိုက်ဖို့ သူမခန္ဓာကိုယ်ကို မထိန်းချုပ်ခဲ့တဲ့အတွက် အင်းကွက်စတေးမှုကနေ သွေးအလွန်အကျွံဆုံးရှုံးမှုပဲ ခံစားခဲ့ရတယ်။ ဒါကြောင့် သူတို့ မုန်လာဥတွေဖြစ်နေချိန် သူမကတော့ မြေခွေးခန္ဓာကိုယ်နဲ့။

သူစဉ်းစားလေ ပိုပြီးဒေါသထွက်လာလေပဲ။ သူ ဘယ်လောက်ပဲကြိုးစားကြိုးစား၊ ဒေါသကို မထိန်းချုပ်နိုင်သေးဘူး

"ပြီးတော့လည်း အဲသောက်ရေကရားကို ငါ့ခေါင်းက‌နေဖယ်ပြီး ရေလောင်းနေတာ တော်တော့၊ မင်း အရောင်ကန်းနေလား ငါက မုန်လာဥဖြူ မဟုတ်ဘူးလို့ ပြောပြီးသားလေ"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ဧကရာဇ်များ ။ ။ "..."

——————

သူတို့ ခန္ဓာကိုယ်တွေက ဒဏ်ရာရပြီး ခန္ဓာကိုယ်တွေဆီ ယာယီမပြန်နိုင်သေးတာမို့ အားလုံးစိုးရိမ်နေခဲ့တယ်။ ပြီးတော့ မုန်လာဥဖြူ၈ခုမှာ ၆ခုက အဇဋာဧကရာဇ်တွေ။ သူတို့ထက် ကျင့်ကြံဆင့်နိမ့်တဲ့သူတွေက သူတို့ကို ကုသပေးဖို့ လုပ်ရင် ထိခိုက်ဒဏ်ရာရသွားလိမ့်မယ်။ လုပ်နိုင်တဲ့တစ်ဦးတည်းသောလူက ပြောင်လေး၊ ဒါပေမဲ့ သူတို့ကို တစ်ယောက်ချင်းစီကုသပေးဖို့က အကြာကြီးကြာမှာ။ ဒါကြောင့် ပိုပြီးထိရောက်မဲ့နည်းလမ်းကို တွေးမိသွားတော့တယ်။

"ဧကရာဇ်တွေအားလုံးရဲ့ မူလဝိညာဥ်တွေက အမတဆေးပင်တွေထဲမှာဆိုတော့ အမတဆေးမြစ်တွေက သစ်သားဝိညာဉ်ကြောပါတယ်လေ၊ ဒါကြောင့် ခန္ဓာကိုယ်အစစ်တွေကိုပါ တူညီတဲ့ အငွေ့အသက်တွေ ဝိုင်းထားလိုက်ရင်ရော" ပြောင်ထင်က လေးနက်စွာဆက်ပြောတယ်။

"ပြီးတော့ မြေကြီးနဲ့ သစ်သားဝိညာဥ်ကြောတွေက တစ်ခုနဲ့တစ်ခု ဖြည့်စွက်နေတာ၊ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် သက်သာအောင်လုပ်ဖို့အတွက် ခန္ဓာကိုယ်ထဲ ဓာတ်တွေသွင်းဖို့ ဒီနည်းကိုသုံးလို့ရတယ်၊ အနောက်တောင်က အမတမြေဆီလွှာရှိတော့ ကူညီလို့ရ..."

"လူစကားပြော" ရှန်းရင်က သူ့ကိုကြားဖြတ်ပြောလိုက်တယ်။

"အော် ဆိုလိုတာက ကျွန်တော်တို့ သူတို့ခန္ဓာကိုယ်တွေကို အနောက်တောင်ထဲ မြုပ်ဖို့လိုတယ်ဆိုရုံပါပဲ၊ သူတို့တွေ မုန်လာဥဖြူတွေလို ပြန်ပြီးကြီးထွားလာမှာဖြစ်နိုင်တယ်"

"..."

မုန်လာဥဖြူတွေအားလုံး တိတ်ဆိတ်ကုန်ပြီး ဘာနည်းလမ်းပဲဖြစ်ဖြစ် သူတို့စမ်းကြည့်ဖို့ပဲရှိတော့တယ်။ ဒါကြောင့် သူတို့အားလုံး သူတို့ခန္ဓာကိုယ်တွေကိုဖက်ပြီး အနောက်တောင်ထဲမှာ မြုပ်နှံလိုက်ကြတယ်။ ဖြစ်နိုင်တာက ဧကရာဇ်တက်လှမ်းမှုစင်မြင့်ရဲ့ စိတ်ဒဏ်ရာကြောင့်ထင်၊ ထောင်ချောက်ထဲ ပိတ်မိနေချိန်တုန်းက သူတို့အနေအထားလိုမျိုးပဲ သူတို့ကိုယ်သူတို့ စက်ဝိုင်းပုံ သပ်သပ်ရပ်ရပ် စိုက်လိုက်ကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြောင်လေးရဲ့နည်းလမ်းက တကယ်ပဲအကျိုးသက်ရောက်မှုရှိတယ်။ သူတို့ခန္ဓာကိုယ်တွေက အမတသွေးကြောနဲ့ မြေကြီးအရှိန်အဝါရဲ့ လှည့်ပတ်မှုအောက် သူတို့သွေးကြောတွေ ပြန်လည်စီးဆင်းလာပြီး ခန္ဓာကိုယ်ကို အလိုအလျောက်ပြုပြင်တော့တယ်။ ဒါကြောင့် ပြန်လည်ကုသမှုအရှိန်ကိုမြှင့်ဖို့ သူတို့အားလုံး အမတသွေးကြောတွေကို ထုတ်လာပြီး မြေကြီးထဲ စိုက်ထားကြတော့တယ်။ တစ်ခဏတာ ဝူတိဂိုဏ်းကမသေမျိုးချီတွေက ကောင်းကင်အလွန်မှကောင်းကင်များထက်တောင် ကျော်လွန်သွားခဲ့တယ်။ အမတသွေးကြောတွေရဲ့ အားဖြည့်တင်းမှုအောက် သူတို့ခန္ဓာကိုယ်တွေက သိသိသာသာ ပြန်လည်သက်သာလာတယ်။

ပြီးတော့ ရင့်မှည့်ဖို့ နှစ်ပေါင်းသောင်းချီကြာမဲ့ အမတဆေးမြစ်တွေက နာရီပိုင်းအတွင်း ရင့်မှည့်ကုန်တာမို့ တပည့်တွေခမျာ လက်ညောင်းတဲ့အထိ ခူးဆွတ်ရတော့တယ်။

သူ ဒါကိုမြင်တော့ ကူယွဲ့က သူတို့ကို နေထိုင်စားသောက်စရိတ်အတွက် ပိုက်ဆံပေးခိုင်းမဲ့အတွေးကို ဖျက်သိမ်းလိုက်တယ်။

သူတို့ထဲက တချို့ကို လဝက်နီးပါး အနောက်တောင်မှာ မြုပ်နှံခံရပြီးတော့ သူတို့ခန္ဓာကိုယ်တွေက ပြန်သက်သာလုနီးပါး ဖြစ်နေပြီ။ သူတို့ အပြည့်အဝ‌ပြန်သက်သာခါနီးဆဲဆဲမှာတင် မထင်မှတ်ထားတဲ့သတင်းတစ်ခုက ကောင်းကင်အလွန်မှကောင်းကင်များဆီကနေ ရောက်လာခဲ့တယ်။

"ဘာ၊ ဟွေ့လင်ထွက်ပြေးသွားတယ်လား" ကူယွဲ့ မင်သက်သွားတယ်။

ချန်ကောရဲ့အမူအရာက မည်းမှောင်သွားတယ်။ သူက အခုအပြင်ထွက်ဖို့ သင့်တော်တဲ့အခြေအနေ မဟုတ်တာမို့ သူမကို လိုက်ပို့ဆောင်ခဲ့တဲ့သူက ပြောင်ထင်ဖြစ်ပြီး အမတအကျဉ်းထောင်ထဲ ယာယီချုပ်နှောင်ခဲ့တယ်။ ပုံမှန်အားဖြင့်တော့ သူမအပြစ်ပေးမှုကိုလည်း သတင်းပို့ဆောင်မှုအဆောင်တွေနဲ့ သတ်မှတ်ပြီးပြီမို့ သူမ အမတသက်တန့်နန်းတော်ရဲ့ အကျဥ်းထောင်ကနေ ထွက်ပြေးနိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်မိခဲ့ဘူး။

"သူမရဲ့ကျင့်ကြံဆင့်နဲ့ အင်းကွက်အစီအရင်ကို ဖောက်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘယ်သူ သူမကို ကူညီခဲ့တာလဲ"

"ဒါက... ဒါက..." သတင်းစကားအဆောင်ထဲက အသံကပိုပိုတိုးလာပြီး တုံ့ဆိုင်းစွာနဲ့‌ပြန်ဖြေတယ်။

"ဧကရာဇ်၊ အဲဒါလုမင်ပါ"

"ဘာ" ချန်ကော ထိတ်လန့်နေပြီး မယုံကြည်နိုင်တဲ့အမူအရာ ဖြစ်နေတယ်။ သူ့မုန်လာဥဖြူ မျက်နှာတစ်ဝက်က ဒေါသကြောင့် နီနေတယ်။ လုမင်က ဟွေ့လင်နဲ့ ဆက်ဆံရေးကောင်းတာ သိပေမဲ့ အဲဒါကြောင့် အာခံလိမ့်မယ်တော့မထင်ခဲ့ဘူး။

"ဒီသောက်တပည့်ကတော့"

သူ တပည့်၂ယောက်ပဲ လက်ခံထားခဲ့ပေမဲ့ တစ်ယောက်က နောက်တစ်ယောက်ထက်ပိုပြီးဆိုးနေမယ် မထင်မိခဲ့ဘူး။ တခြားမုန်လာဥတွေတောင် သူ့ကို သနားတဲ့အကြည့် လှမ်းကြည့်ကျတယ်။

ချန်ကောက သူ့ရဲ့ဆူပွက်လာတဲ့ဒေါသကို မျိုသိပ်ဖို့ အသက်ပြင်းပြင်းရှူပြီး တည်တံ့စွာ ပြောလိုက်တယ်။

"သူတို့ ဘယ်ကိုထွက်ပြေးသွားတာလဲ"

"သူတို့... သူတို့ထွက်မပြေးပါဘူး" သတင်းစကားအဆောင်ထဲက အသံကပိုတောင်ပျော့ဖတ်လာတယ်။

"ဘာဆိုလိုတာလဲ"

အသံက တစ်ခဏတန့်သွားပြီးနောက်တော့ တုံ့ဆိုင်းစွာ ပြန်ဖြေလာတယ်။

"လုမင်က ပြောတယ်၊ ဧကရာဇ်က ဝူတိဂိုဏ်းက ကောက်ကျစ်တဲ့လူတွေရဲ့ အန္တရာယ်ပေးတာခံရပြီး အခုဘယ်မှာမှမတွေ့ရတော့ဘူးတဲ့၊ ဆရာတူညီမဟွေ့လင်ကို ဖမ်းချုပ်ဖို့ အမိန့်ပေးခဲ့တဲ့သူက အရှင်မင်းကြီး မဟုတ်ဘူးတဲ့၊ ဒါကြောင့် သူက အရှင်မင်းကြီးအတွက် လက်စားချေပေးဖို့ဆိုပြီး... တိုင်းပြည်ဧကရာဇ်တွေအားလုံးကို ဆက်သွယ်ခဲ့တယ်"

ချန်ကော ။ ။ "..."

ကူယွဲ့ ။ ။ "..."

မုန်လာဥဖြူအားလုံး ။ ။ "..."

ရို့၊ ဟွေ့လင်မှာ ဒီလိုမျိုး ချောမွတ်တဲ့အကွက်တွေ ရှိမယ်မထင်မိခဲ့ဘူး။ လုံးဝအချစ်ရူးနေချိန်ထက် ပိုပြီးအများကြီး ဉာဏ်ပြေးတာပဲ။

သူမ ချန်ကောက ဘယ်မှာရှိနေလဲဆိုတာနဲ့ သူတို့ဘာဖြစ်သွားလဲကို အကောင်းဆုံးနားလည်တယ်။ အခု ပုန်ကန်ပြီး သူ့ကိုသတ်၊ နေရာအစားထိုးဖို့ ချန်ကောဒဏ်ရာကို ဆင်ခြေအနေနဲ့အခွင့်ကောင်းယူပြီး လက်စားချေနေတာလား။

သူမက ကြီးလေးတဲ့ပြစ်ဒဏ်ကို မရှောင်လွှဲနိုင်ဘူးဆိုတာ သိပြီးပြီမို့ သေမြေကြီး၊ ရှင်ရွှေထီးလုပ်ဖို့ ဆုံးဖြတ်လိုက်တာပဲ။

လူအုပ်ကြီးက စဉ်းစားပြီးတဲ့နောက် ချက်ချင်း နားလည်သွားပေမဲ့ သူတို့ရဲ့အကြည့်က ချန်ကောအပေါ် သနားမှုအပြည့်။ စိတ်ထဲကနေ ပျင်းလို့ဆိုပြီး တပည့်တွေ ထားခဲ့တာ မလုပ်မိတာကို ပျော်နေမိတယ်။

ဒါပေမဲ့... ဝူတိဂိုဏ်းကိုတိုက်ခိုက်ဖို့ တိုင်းပြည်ဧကရာဇ်တွေနဲ့ပူးပေါင်းတယ်လား။ သူတို့ စိတ်လွတ်နေတာလား။ ချန်ကောက ခုမုန်လာဥဖြူဆိုပေမဲ့ လန်ဟွား၊ ပြောင်ထင်၊ ယိချင်းနဲ့ တခြားသူတွေက သွားရှုပ်လို့ရတဲ့သူတွေမဟုတ်ဘူး။

ပြီးတော့ ရှန်းရင် ရှိသေးတယ်။

မုန်လာဥဖြူတွေအားလုံး ချန်ကောတပည့်တွေရဲ့ အသိဉာဏ်ကိုဆွေးနွေးတော့မလို့ရှိသေး ယွီဟန်က အသည်းအသန် ပြေးလာပြီး မောဟိုက်နေတယ်။

"အကြီးအကဲကူယွဲ့၊ တောင်ခြေမှာ မျက်နှာစိမ်းအမတတွေအများကြီးပဲ၊ အဇဋာဧကရာဇ်တွေအတွက် လက်စားချေချင်တယ်ဆိုပြီး အော်နေကြတယ်"

"သိပြီ၊ တိုင်းပြည်ဧကရာဇ်တွေရဲ့လူတွေပဲမလား" ကူယွဲ့က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။

"မင်း ပြောင်လေးကို အသိပေး..."

"ဟင့်အင်း" သူစကားမဆုံးခင် ယွီဟုန်က ခေါင်းခါတယ်။

"သူတို့က ဇာမဏီကောင်းကင်ကပါ"

"ဘာ" ဝူဟုန်က သူ့ကျွင်းထဲကနေ အလန့်တကြား ထခုန်လုနီးပါးဖြစ်သွားတယ်။

"ဘာလို့ ငါ့လူတွေက ဒီကိုရောက်လာတာလဲ၊ ဟုန်အာ မင်းမြင်တာ မှန်တာသေချာရဲ့လား"

"သေချာပါတယ်" ယွီဟုန်က ကျိန်းသေတဲ့လေသံနဲ့ပြောလာတယ်။

"သူတို့အားလုံးက ရှင့်အတွက် လက်စားချေမယ်ဆိုပြီး ရောက်လာတဲ့ မိစ္ဆာအမတတွေပါ၊ ရှင်တို့အဆင်ပြေတယ်ပြောပြပေမဲ့ သူတို့က နားမထောင်ဘူး"

"..."

ဝူဟုန်က အူကြောင်ကြောင်ဖြစ်သွားတယ်။ သူမှ မသေသေး‌တာ၊ ဘာကိုလက်စားချေမယ် ပြောနေတာတုံး။ အမလေး ဘုရားရေ၊ ဒီယောင်ချာချာ ငတုံးတစ်သိုက်ကတော့။

ရုတ်တရက် ဝုန်းခနဲအသံကြီးနဲ့အတူ သိသာလှတဲ့ အားစက်ကွင်းတစ်ခုက ဝူတိဂိုဏ်းအပေါ်မှာ ပေါ်လာပြီး ဂိုဏ်းတစ်ခုလုံးကို ဝိုင်းလိုက်တယ်။

အဲဒါ... တောင်အကာအကွယ်အင်းကွက်ပဲ

သူတို့ကို အတင်းအဓမ္မတိုက်ခိုက်နေတဲ့လူ ရှိနေတာပဲ။

ဝူဟုန်ကိုယ်တိုင် တန့်သွားတယ်။ သောက်ချီး အဲငတုံးတွေ တကယ်ရှေ့ဆက်တိုးရဲတယ်ပေါ့

တချို့ ထိတ်လန့်မှုကနေ သတိမဝင်လာသေးခင် အမတတွေ ကောင်းကင်ထဲပျံသန်းပြီး ကောင်းကင်တစ်ဝက်လောက်ကို ဖုံးသွားတာမြင်လိုက်ရတယ်။ သူတို့တွေက အရှေ့ဘက်က ဇာမဏီကောင်းကင်ကတင် မဟုတ် အနောက်ဘက်က တိမ်တိုက်ကန်၊ မြောက်ဘက်က တိမ်ပင်လယ်၊ အရှေ့ဘက်က ချန်းနော့တို့အားလုံးပဲ...။

ပြောင်ထင်ရဲ့ ချင်ဇယ်တိုက်ကခွဲ တခြားတိုက်တွေက အမတတွေအားလုံး စုဝေးပြီး ဝူတိဂိုဏ်းတစ်ခုလုံးကို ဝိုင်းနေကြတယ်။

စောနတုန်းက ပွဲကြည့်ဖို့

စုဝေးနေတဲ့ မုန်လာဥဖြူတွေအကုန် အခုတော့ မျက်နှာထားမှောင်မည်းကုန်ပြီ။

သေတော့မယ်၊ သေတော့မယ်၊ သေတော့မယ်၊ အမလေး ဘုရားရေ၊ သေတော့မှာပဲ

Σ(°△°|||)

…

215

အခန်း ၂၁၅ ။ ဂိုဏ်းတိုက်ပွဲ

ဝူတိဂိုဏ်းပတ်လည်က ကောင်းကင်မှာ အမတတွေပြည့်နေပြီး အားလုံးက မသေမျိုးချီတွေ ဖွေးဖွေးလှုပ်နေကြတယ်။ ဟွေ့လင်နဲ့ခုမင်ကလွဲရင် အနည်းဆုံးမဟူရာအမတတွေဖြစ်ကြတဲ့ တခြားတိုက်က နာမည်ကြီးအမတတွေပါရှိနေတယ်။ အံ့ဩစရာကောင်းတာကတော့ ဖုန့်ချန်က ဘယ်တိုင်းပြည်ဧကရာဇ်မှ ဒီမှာရှိမနေတာပဲ။ သူတို့နှစ်ယောက်နောက် လိုက်တဲ့လူတွေက ကျင့်ကြံဆင့်နိမ့်တဲ့ မျက်နှာစိမ်းတွေ။

အမတတွေက အငြိုးနဲ့ရောက်လာပြီး သတိမပေးဘဲ အစီအရင်ကိုတိုက်ခိုက်ကြတော့တယ်။ ဓမ္မဂါထာတွေအမျိုးမျိုးကို အသုံးချပြီး ကောင်းကင်တစ်ခုလုံးကို ရောင်စုံမှော်ပညာအလင်းတန်းတွေနဲ့ ဖုံးလွှမ်းသွားစေခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ပစ်လွှတ်တာနဲ့ ‌ တောင်အကာအကွယ်အင်းကွက်က တားဆီးတာခံရပြီး ဘယ်သူမှ မဖောက်ထွက်နိုင်တော့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် လန်ဟွားကိုယ်တိုင် တောင်အကာအကွယ်အင်းကွက်ကို စီရင်ခဲ့တာ‌ဆိုတော့ အမတဧကရာဇ်ကျင့်ကြံဆင့်လောက်နဲ့ သူတို့ မဖောက်ဝင်လာနိုင်ဘူး။ တစ်ချိန်တည်းမှာပဲ ဝူတိဂိုဏ်းတပည့်တွေအားလုံး နန်း‌တော်ရှေ့က ရင်ပြင်ထဲ စုဝေးနေကြပြီ။

ပြောင်ထင်လည်း သိသွားပြီး အမတတွေပြည့်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ သူတို့ ဘာလုပ်နေကြတာတုံး။ အတူတူသေတွင်းတူးနေကြတာလား။

"အားလုံးပဲ၊ ဝူတိုဏ်းက အဇဋာလောကကို အုပ်ချုပ်ချင်တဲ့ ရူးနှမ်းနှမ်းရည်မှန်းချက်တွေရှိတယ်၊ ဒါကြောင့် ဧကရာဇ်တွေကို ထောင်ချောက်ဆင်ပြီး သူတို့ကိုသေစေခဲ့တာ၊ ငါတို့အမတတွေအားလုံးကို ဧကရာဇ်တွေက ကာကွယ်ပေးခဲ့တာ ကြာလှပြီ၊ အခု ဒီလို ဘေးဒုက္ခကျရောက်ချိန် ငါတို့ သူတို့အတွက် လက်စားချေပေးဖို့လိုတယ်" လေထဲ ယောက်ျားတစ်ယောက်အသံက ရုတ်တရက် အသံထွက်လာပြီး ဝူတိဂိုဏ်းတစ်ခုလုံးတစ်လျှောက် အပ်ခိုးထပ်သွားစေခဲ့တယ်။

အဲချိန် လေထဲက အမတတွေက ပိုပြီးတောင် တရှူးရှူးဖြစ်လာကာ လက်စားချေဖို့အတွက် စတင်အော်ဟစ်ကြတော့တယ်။

"မင်းတို့အဓိပ္ပာယ်မရှိတာတွေ တော်တော့" ပြောင်ထင်က ဒေါသနဲ့ခွန်းတုံ့ပြန်လိုက်တယ်။ အဇဋာဧကရာဇ်တစ်ယောက်ရဲ့ ဖိနှိပ်မှုက သူ့အသံထဲ သိသာနေပြီး ချက်ချင်းတခြားအမတတွေကို ပါးစပ်ပေါက် ပိတ်လိုက်တယ်။

"ဧကရာဇ်တွေ သေပြီလို့ ဘယ်သူပြောလဲ"

ဖြစ်နိုင်တာက သူ့အဇဋာဧကရာဇ်ရဲ့ ဖိနှိပ်မှုကို ခံစားရလို့ထင် တောင်အကာအကွယ်အင်းကွက်ကို တိုက်ခိုက်နေတဲ့ အမတတွေအားလုံး ရပ်သွားကြတယ်။

ပြောင်ထင် လေထဲကိုပျံတက်လာခဲ့ပြီး အင်းကွက်အစီအရင်ထဲက အမတတွေကို ကြည့်လိုက်တယ်။ ချင်းဇယ်က မိစ္ဆာအမတတွေမရှိတာ မြင်လိုက်ရတော့ သူ စိတ်အေးစွာနဲ့ သက်ပြင်းချလိုက်တယ်။ သူက တာဝန်ရှိလူနှစ်ယောက်ကို လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

"မင်းတို့လား" ဒီသစ္စာဖောက်တွေက ချန်ကောတပည့်တွေ မဟုတ်လား။

"ဧကရာဇ်ပြောင်ထင်၊ ခင်ဗျားသရုပ်ဆောင်ဖို့ မလိုတော့ပါဘူး" လုမင်က သူ့ရဲ့သရုပ်သကန်ကို ကြောက်လန့်ပုံ မပေါ်ဘဲ နှာမှုတ်ပြီး ပြောလာတယ်။

"ဝူတိဂိုဏ်းက ဒီလိုလုပ်ရပ် လုပ်ရဲတယ်ဆိုမှတော့ သေချာပေါက် မဟာမိတ်ရှာထားမှာပဲပေါ့၊ ခင်ဗျားတို့တွေက သူတို့နဲ့အလိုတူအလိုပါတွေပဲ"

"မင်းလိုရွှေအမတလေးက စကားလှည့်မပြောတာ ကောင်းမယ်" ပြောင်ထင့်အမူအရာခက်ထန်သွားပြီး သူ့ဖိနှိပ်မှုက လုမင်ဆီ တန်းတန်းမတ်မတ်ဦးတည်တော့တယ်။

"ဝူတိဂိုဏ်းတစ်ခုလုံး၊ အထူးသဖြင့် ဂိုဏ်းချုပ်ရှန်းက သဘောထားကြီးတဲ့အမတတွေ၊ မင်းတို့ပြောတဲ့ကိစ္စတွေက မင်းဘေးက အဲအမျိုးသမီးလုပ်တာ၊ အခုကိစ္စတွေ ပေါ်သွားပြီဆိုတော့ သူက အပြစ်ကို ကြီးမြတ်တဲ့နတ်သမီးပေါ် အပြစ်တင်ချင်နေပြီလား၊ ငါက ဝူတိဂိုဏ်းရဲ့ မိတ်ဆွေကောင်းဆိုတာ အမှန်ပေမဲ့ အဲဒါက ငါ့ကိုယ်ပိုင်သဘောဆန္ဒပဲ"

ငါ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကျောထောက်နောက်ခံကောင်းတစ်ခု ရှာတွေ့ထား၊ မင်းတို့ကိစ္စမပါဘူးကွ

လုမင်က သူ့ဖိနှိပ်မှုကြောင့် နောက်ဆုတ်လိုက်ရပြီး ပျာယာခတ်သွားခဲ့တယ်။ သူက တစ်ဖက်ကို အလောတကြီး လှည့်လိုက်ပြီး ပြောလိုက်တယ်။

"ဧကရာဇ်ပိုင်ထီ၊ ခင်ဗျားလည်း အကုန်ကြားမှာပါ ဝူတိဂိုဏ်းက တကယ်ပဲ ချင်းဇယ်နဲ့ ပူးပေါင်းနေတာ"

အမတတွေက လမ်းဖွင့်ပေးတော့ လူတစ်ယောက် ရှေ့ကိုပျံတက်လာတယ်။

"ပိုင်ထီ" ပြောင်ထင်လည်း တစ်ခဏ ထိတ်လန့်သွားတယ်။ သူ ဘာလို့ဒီရောက်နေတာလဲ။

"ဧကရာဇ်ပြောင်ထင်" ပိုင်ထီမျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းစွာနဲ့ပြောလိုက်တယ်။

"ဧကရာဇ်တွေရဲ့ သေဆုံးမှုက တကယ်ပဲ မင်းတို့လုပ်တာလား"

"ဧကရာဇ်တွေ သေပြီလို့ဘယ်သူပြောလဲ" ပြောင်ထင်က ငတုံးကိုကြည့်နေရသလို ကြည့်မိလိုက်တယ်။

"ပိုင်ထီ၊ မင်း သူ့စကားကိုယုံနေတာတော့ မဟုတ်ပါဘူးနော်၊ မင်း ဝူတိဂိုဏ်းက ကြီးမြတ်တဲ့နတ်သမီးက ဘယ်လိုလူမျိုးလဲဆိုတာ မသိတာတော့ မဖြစ်နိုင်ပါဘူး" တကယ်လို့ ကြီးမြတ်တဲ့နတ်သမီးသာ အဇဋာလောကကို အုပ်ချုပ်ချင်ရင် သူ ထောင်ချောက်ဆင်ဖို့လိုပါဦးမလား စကားတစ်ခွန်းနဲ့တင် သူတို့ သူမရှေ့ ဒူးထောက်ရမှာ။

ပိုင်ထီ တကယ်မသိပေမဲ့ သူတို့အရေအတွက်ကို ရေတွက်နေပုံပေါ်တဲ့ ယိချင်းဆီ စိုးရိမ်ကြောင့်ကြာစွာ လှမ်းကြည့်လိုက်တယ်။

"ဧကရာဇ်တွေ အဆင်ပြေတယ်လို့ ပြောနေတာလား"

ပိုင်ထီက ပိုပြီးတောင် မရေမရာဖြစ်လာတယ်။

တကယ်တော့ ဝူတိဂိုဏ်းက ဧကရာဇ်တွေကို ထောင်ချောက်ဆင်နေခဲ့တာလို့ လုမင် ပြောလာချိန် သံသယဝင်နေခဲ့တာ။ ဒါပေမဲ့ သူစစ်ဆေးကြည့်ချိန် တခြားဧကရာဇ်တွေအားလုံးက သူတို့နန်းတော်မှာ ရှိမနေတာ နားလည်ခဲ့ရတာ။ သူ နဂိုက ဝူတိဂိုဏ်းကို အကြွေးတင်ထားတာမို့ အမတတွေအားလုံး ဒီကိုလာစုဝေးတာမြင်ချိန် ပြင်လို့မရတဲ့တစ်ခုခုဖြစ်မှာဆိုးလို့ သူပါ လိုက်လာခဲ့တာပဲ။

"သေချာပေါက် သူတို့အဆင်ပြေတာပေါ့" ပြောင်ထင် ခေါင်းယမ်းပြီး လုမင်ဘေးရပ်နေတဲ့ ဟွေ့လင်ကို လက်ညှိုးထိုးလိုက်တယ်။

"အဲနေ့က သူ့အကြီးအကဲတွေကို သစ္စာဖောက်ပြီး ပိတ်လှောင်ခဲ့တဲ့သူက ဒီမိန်းကလေးပဲ၊ ဧကရာဇ်တွေကို ဝူတိဂိုဏ်းက ကယ်တင်ပေးခဲ့တာ၊ အခု သူတို့ အနားယူနေပြီး ရက်ပိုင်းကျ ပြန်လာနိုင်လိမ့်မယ်"

"ခင်ဗျားက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ၊ ကျုပ်ဆရာတူညီမလေးက ဒီလိုလုပ်ရပ်တွေ မလုပ်ခဲ့ဘူး" လုမင်က အသံမြှင့်ပြီး ပြန်ခွန်းတုံ့ပြန်တယ်။

"တကယ်လို့ခင်ဗျားပြောသလိုဆို ဧကရာဇ်တွေကို ဖိတ်ပြီး ကျုပ်တို့နဲ့မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်ရင်ရော"

ပြောင်ထင် တောင့်ခဲသွားတယ်။ တကယ်လို့ မုန်လာဥဖြူတွေသာ ထွက်လာနိုင်ရင် သူ ဒီဦးနှောက်သေနေတဲ့အအတတွေကို နားချဖို့ ဘယ်လိုတော့မလဲ။ အဲပုံရိပ်ကိုသာ မြင်သွားရင် ဘယ်လောက် အရှက်ကွဲမလဲဆိုတာ အသာထား၊ သူတို့တိုက်ခိုက်မှုစွမ်းရည်ဆုံးရှုံးသွားတယ်ဆိုတဲ့ အခြေအနေက တခြားအမတတွေ သူတို့အပေါ် အကောက်ကြံဖို့ အခြေအနေကို ပေးလိုက်သလိုဖြစ်ပြီး တကယ်သေသွားလိမ့်မယ်။ ဒါက သူတို့အားလုံးနန်းတော်ဆီ မပြန်ဘဲ ဝူတိဂိုဏ်းမှာပဲနေရတဲ့ အကြောင်းရင်းပဲ။ အနည်းဆုံးတော့ ဒီမှာနေချိန် လုံခြုံရေးကို စိုးရိမ်စရာမလိုဘူး။

"အားလုံးပဲ" လုမင်က တစ်ဖက်လှည့်ပြီး သူ့နောက်က အမတတွေကို မီးမွှေးပြန်တယ်။

"ဝူတိဂိုဏ်းက ဧကရာဇ်တွေကို ဖမ်းဆီးဖို့ ချင်းဇယ်အဇဋာဧကရာဇ်နဲ့ပူးပေါင်းခဲ့တာ၊ ကျုပ်ဆရာတူညီမက ကိုယ်တိုင် မြင်ခဲ့ရပြီး ကျုပ်တို့ဆီ သတင်းပါးဖို့ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့ရတာပဲ၊ အခုပြောင်ထင် ဒီမှာရောက်နေပြီဆိုတော့ အကောင်းဆုံးသက်သေပဲ၊ ပြီးတော့ သူတို့လုပ်ခဲ့တဲ့ ယုတ်မာတဲ့ကိစ္စတွေက ဒါတွေပဲမဟုတ်ဘူး" သူက ပြောရင်း ဘေးမှာရပ်နေတဲ့ဟွေ့လင်ဘက်လှည့်ကာ ညင်ညင်သာသာပြောလေတယ်။

"ဆရာတူညီမလေး၊ မကြောက်ပါနဲ့၊ သူတို့ဘာလုပ်ခဲ့လဲဆိုတာ အားလုံးကိုပြောပြလိုက်"

ဟွေ့လင်က ပြောင်ထင်ကိုကြည့်ပြီး သူမမျက်ဝန်းထဲ ပျာယာခတ်သွားပြီး ချက်ချင်း ကြောက်လန့်တဲ့ပုံစံနဲ့ အကြည့်ပြန်ရုတ်သွားတယ်။ ဒါပေမဲ့သူမအသံကတော့ ကြည်လင်ပြတ်သားနေတယ်။

"ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ်ရှန်းရင်က နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ဧကရာဇ်တွေကို ချုပ်နှောင်ဖို့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ် အင်းကွက်အစီအရင်ဖန်တီးခဲ့တာ... မြင်ခဲ့ရပါတယ်၊ ပြီးတော့ သူတို့က နတ်ဆိုးလောကဆီ တံခါးကိုတောင် ဖွင့်ဖို့ကြိုးစားသေးတယ်"

သူမစကားဆုံးဆုံးချင်း အကုန်လုံးက အုတ်အော်သောင်းနင်းဖြစ်သွားတယ်။

"နတ်ဆိုးတွေ"

"နတ်ဆိုးတွေတောင် ပါနေတာပဲ၊ ဧကရာဇ်တွေ သူတို့ရဲ့သားကောင်ဖြစ်သွားတာ မဆန်းတော့ဘူး"

"ခု‌တလော ကောင်းကင်အလွန်မှကောင်းကင်များမှာ နတ်ဆိုးချီတွေအများကြီး ရှိနေတာလေ၊ နတ်ဆိုးဘုံဆီ တံခါးက ပွင့်ပြီးသားများ... ဖြစ်နိုင်မလား"

"အမတကျင့်ကြံသူတွေဖြစ်ပြီးတော့ တကယ်ပဲ နတ်ဆိုးတွေနဲ့ ပူးပေါင်းတယ်ပေါ့လေ၊ ဒီအယုတ်တမာတွေကို နှိမ်နင်းပစ်ဖို့လိုတယ်"

"အမှန်ပဲ၊ ဧကရာဇ်တွေအတွက် လက်စားချေ"

တစ်ခဏတာအတွင်း စောနက ငြိမ်ကျသွားခဲ့တဲ့ အမတတွေက ဗရုတ်ကျလာပြန်ပြီ။

"..." သောက်ကျိုးနည်းငတုံးတွေဟေ့

ပြောင်ထင် ဒေါသထွက်လွန်းလို့ သူ့ကိုယ်သူ နာကျင်လာတာ ခံစားလိုက်ရသလိုပဲ။ သူ ဒီသေတွင်းတူးတဲ့လူတွေကို ရုတ်တရက် ဂရုမစိုက်ချင်တော့ဘူး။ မြေကြီးပေါ်လဲနေတဲ့သူတွေက သူ့ချင်းဇယ်က အမတတွေမဟုတ်မှာမို့ လုပ်ချင်တာလုပ်ကြတော့ပဲ။

"ခုခံမှုမရှိ လက်လျှော့ဖို့ အကြံပေးချင်တယ်" လုမင်အမူအရာက မာထန်ပြီး ဒေါသထွက်နေတဲ့လူအုပ်ကြီးကို ကြည့်ကာဆက်ပြောတယ်။

"အဲဒါမှ ကျုပ်တို့အမတတွေ အရေးယူစရာမလိုမှာ"

"အားလုံးပဲ..." ဟွေ့လင်ကလည်း ရှေ့ကိုလျှောက်လာပြီး သူမမျက်လုံးထဲ အရောင်တစ်မျိုး ဖြတ်ပြေးသွားတယ်။ "ဒီကိစ္စတစ်ခုလုံးက ဂိုဏ်းချုပ်ရှန်းနဲ့ သူမနောက်လိုက်တွေရဲ့ အကြံပဲဖြစ်မယ် ကျွန်မတွေးသလောက်တော့... ဝူတိဂိုဏ်းတပည့်အများစုက အပြစ်ကင်းတယ်လို့ ထင်တာမို့ အရေးကြီးဆုံးက ဂိုဏ်းချုပ်ရှန်းကို အနိုင်ယူပြီး ယူသွားခံခဲ့ရတဲ့ အရပ်ဆယ်မျက်နှာ ကောင်းကင်လက်နက်ကို ပြန်ယူဖို့ပဲ၊ ကျွန်မတို့ သေချာပေါက်တခြားသူတွေကို အခက်တွေ့အောင် မလုပ်ပါဘူး"

သူမက တမင်သက်သက် အရပ်ဆယ်မျက်နှာ ကောင်းကင်လက်နက်ဆိုတာ ထည့်ပြောခဲ့တယ်။

ထင်ထားတဲ့အတိုင်းပဲ လူအုပ်ကြီးက ဒါကိုကြားချိန် မျက်လုံးတွေတောက်ပသွားပြီး စတင်အော်ဟစ်ကြတော့တယ်။

"အမှန်ပဲ၊ အဲခွေးမရှန်းရင်နဲ့ ကောင်းကင်လက်နက်ကို အပ်စမ်း"

"ကောင်းကင်လက်နက်က သေချာပေါက် နတ်ဆိုးတေံလက်ထဲ ကျရောက်လို့မဖြစ်ဘူး"

"အမှန်ပဲ၊ လက်လွှဲပေးစမ်း ရှန်း..."

လူအုပ်ကြီးရဲ့ အော်သံတွေက မဆုံး‌သေး၊ အလင်းတန်းသောင်းချီ မြေကြီး‌ကနေ တောက်ပလာပြီး လူအုပ်ကြီးဆီ အားကြီးတဲ့ဖိနှိပ်မှုအရှိန်နဲ့ ပျံသန်းသွားကာ တန်းတန်းမတ်မတ် ထိုးဖောက်သွားခဲ့တယ်။

လူတွေအများကြီး ရှောင်တောင်မရှောင်လိုက်နိုင်ဘဲ ကောင်းကင်ကနေ ချက်ချင်းပြုတ်ကျကုန်တယ်။ ပြောင်ထင်တောင် ထိမှန်လုနီးပါးဖြစ်သွားပြီး သေချာအာရုံစိုက်ကြည့်လိုက်တော့ ဓားမိုးမှန်း နားလည်လိုက်ရတယ်။

ရုတ်တရက် အားလုံးက ပကတိတိတ်ဆိတ်သွားတယ်။

"ယိ... ဧကရာဇ်ယိချင်း" ပြောင်ထင်က လေထဲပျံလာတဲ့ယိချင်းကို ကြည့်ပြီး မှင်တက်နေမိတယ်။ သူ့လက်ထဲကဓားက ဓားချီတွေရှိနေဆဲဖြစ်ပြီး နောက်မှာတော့ ရွှေအမတကနေ စိတ်တန်ခိုးအမတကျင့်ကြံဆင့်တွေ ရှိကြတဲ့တပည့်တွေ။ သူတို့ထဲက အမြင့်ဆုံးက မဟူရာအမတအဆင့်ပဲရှိသေးတယ်။ သူတို့အားလုံးက အင်းကွက်အပြင်က အမတတွေကို ကြည့်နေတဲ့ပုံတွေက... စိတ်လှုပ်ရှားနေတဲ့အမူအရာတွေနဲ့ပါလား။

(⊙_⊙)?

"အဓိပ္ပာယ်မရှိတာတွေ တော်တော့" ယိချင်းက ဟွေ့လင်နဲ့‌ လုမင်ရှိရာဘက်ကို ဓားကိုယမ်းလိုက်တယ်။

"တကယ်လို့ မင်းတို့တိုက်ခိုက်နိုင်ရင် ညှိနှိုင်းဖို့ မကြိုးစားနေနဲ့"

ပြောင်ထင် ။ ။ "..." ကြီးမြတ်တဲ့နတ်သမီးကပဲ ပိုပြီးအကြမ်းပတမ်းနိုင်တယ်လို့ အမြဲတွေးခဲ့တာ။ ဝူတိတစ်ဂိုဏ်းလုံးက အဲလိုမျိုးလား။

ယိချင်းကိုယ်ထဲက ဓားချီက ပေါက်ကွဲဲလာပြီး သူ့နောက်မှာ ဓားအမတခြောက်ချောင်းကို ဆင့်ခေါ်လိုက်တယ်။ တစ်ချောင်းချင်းစီက ပြည့်လျှံနေတဲ့ ဓားချီတွေနဲ့။ အမတတွေ အင်းကွက်ရဲ့တစ်ဖက်ခြမ်းက ပြည့်ကျပ်နေတဲ့ အငွေ့အသက်ကို ခံစားရလုနီးပါးပဲ။ နောက်အခိုက်အတန့်မှာတော့ ဓားအမတခြောက်ချောင်းက ဓားမိုးတွေအဖြစ် ပြောင်းလဲသွားပြန်ပြီး ဓားသောင်းချီက အစီအရင်ပုံစံတစ်ခုအဖြစ် သူတို့ဘာသာစီသွားကာ အမတတွေဆီ တန်းတန်းမတ်မတ် ပျံသန်းသွားတယ်။

"အာ ကြီးမြတ်တဲ့နတ်ဒေဝါရှန်းဘယ်မှာလဲ" ပြောင်ထင်က ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ရှန်းရင်အနားမှာ ရှိ‌မနေတာ သိလိုက်ရတယ်။ သူ့အမူအရာ ပြောင်းလဲသွားခဲ့တယ်။ တကယ်ပဲ ကြီးမြတ်တဲ့ နတ်‌ဒေဝါကို အနားမှာမထားတာ အဆင်ပြေရဲ့လား။

"ဆရာက လုပ်စရာအရေးကြီးကိစ္စတွေ ရှိတာမို့ မလာနိုင်ပါဘူး" ယိချင်းက ခပ်တိုးတိုးအသံနဲ့ပြောတယ်။

"ကျုပ်တို့နဲ့တင် လုံလောက်နေပြီ"

"ဒါဆို အဲဒါ... ခဏ ယိချင်း အလောမကြီး..."

သူ စကားမဆုံးခင် ယိချင်းက လက်ကိုယမ်းပြီး ပြောတယ်။

"လုပ်တော့"

"ဟုတ်ကဲ့" တပည့်တွေအားလုံးက ပြန်ဖြေတယ်။

"..." ခဏနေပါဦးဟ၊ တစ်ဖက်ခြမ်းမှာ အမတထောင်ချီနော်။

ချက်ချင်းပဲ ဓားသောင်းချီက ပစ်ထွက်ပြီး အင်းကွက်အပြင်ဘက်ဆီ ပြေးထွက်ခွာတော့မဲ့ဆဲဆဲ။

ရုတ်တရက် ရင်းနှီးနေတဲ့ အသံတစ်သံကို အနောက်ဆောင်ကနေ ကြားလိုက်ရတယ်။

"စားဖိုမှူး..."

အင်းကွက်အပြင်ဘက်ကို ခုလေးတင်ပြေးထွက်ဖို့လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ လေထဲ အရေးပေါ် ရပ်သွားတယ်။ ကောင်းကင်ကဓားမိုးတွေတောင် ရုတ်ခြည်းရပ်ကုန်တယ်။

"ဆရာ"

ပြောင်ထင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ကျေးဇူးပါ၊ တစ်ယောက်ယောက် ဒီမှာရှိနေတာပဲ။

ဒါပေမဲ့ နောက်တစ်ကြိမ် အသံတစ်သံကို ကျယ်လောင်စွာ ကြားလိုက်ရတယ်။

"နင် ရှာလကာရည်ကို ဘယ်နားထားထားတာလဲ၊ ငါရှာမတွေ့ဘူး"

ပြောင်ထင် ။ ။ "..."

ပိုင်ထီ ။ ။ "..."

လုမင် ။ ။ "..."

အားလုံး ။ ။ "..."

ရှာလကာက သောက်ကျိုးနည်းဘာလဲဟ။ ခဏနေပါဦး၊ ဘာလို့ ကြီးမြတ်တဲ့နတ်ဒေဝါက အနောက်ဆောင်က စားပွဲတစ်လုံးရှေ့ ထိုင်နေတာလဲ။ သူမရှေ့က အချောင်းပုံစံ အပုံကြီးကရော ဘာလဲ။

ဖက်ထုတ်တွေလား။

သူမ ဆောင်ရွက်ရမယ်ဆိုတဲ့ အရေးကြီးကိစ္စတွေက ဘာဖြစ်သွားတာလဲ။ သူမရဲ့ အရေးကြီးတဲ့ကိစ္စတွေက ဖက်ထုတ်စားတာလား။ ပြီးတြော သူမ ရှာလကာရည် မရှာနိုင်တဲ့ အချက်ကရော။

(╯°Д°)╯(┻━┻

စားပွဲလှန် ဒါ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတိုက်ပွဲနော်၊ ဘာလို့ အပြင်လူကပဲ စိုးရိမ်နေရတဲ့ တစ်ဦးတည်းလူဖြစ်နေတာလဲ။

"ခဏနော် ဆရာ" ယိချင်းက တုံ့ဆိုင်းမှုမရှိ ပြန်ဖြေပြီး ကောင်းကင်ကနေ အနောက်နန်းဆောင် မီးဖိုချောင်ထဲ ဆင်းသွားတယ်။

သုံးစက္ကန့်အတွင်း သူက လက်ဖက်ရည်ပန်းကန်ပြားတချို့ ထုတ်လာပြီး ရှန်းရင်ရှေ့ခင်းကာ တည်ကြည်စွာ ပြောလာတယ်။

"ဆရာ ဒါရှာလကာရည်၊ ဒါ ငရုတ်သီး၊ ဒါနံနံပင် ကြက်သွန်မြိတ်ပါ"

"အိုး ငါက တကယ်ကို တို့စရာအချဉ်ရည် မပါဘဲ ဖက်ထုတ်စားနေကျ မဟုတ်လို့လေ"

"ဆရာ့မှာ တခြားအမိန့်တွေ ရှိပါသလား"

"ဟင့်အင်း နင်အခု အလုပ်များလို့ရပြီ"

"ဟုတ်ကဲ့ဆရာ"

သူက နောက်တော့ တည်ငြိမ်ပြီး တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့အကြည့်နဲ့ လူအုပ်ကြီးထဲ ပြန်ဝင်လာတယ်။ သူက လက်ထဲ သူ့လက်နက်ကိုကိုင်ထားပြီး လေထဲက အမတတွေကိုကြည့်ကာ သူ့ဆီကနေ ဓားချီတွေထွက်နေတာက စောနကတင် မီးဖိုချောင်ထဲပြေးသွားပြီး အချဉ်ရည်လုပ်ပေးခဲ့တာ သူမဟုတ်သလိုပဲ။

ခဏနေပါဦး သူ့လက်ထဲကိုင်ထားတာက သောက်ကျိုးနည်း ယောက်မဟ။

w(゚Д゚)w

"လုပ်ကြတော့" တပည့်တွေက နောက်တစ်ကြိမ်ဖြေကြတယ်။

တုံ့ဆိုင်းမှုမရှိ ဓားသောင်းချီက ဇဝေဇဝါဖြစ်နေဆဲ အမတတွေဆီ ပျံသန်းသွားတော့တယ်။

ပြောင်ထင် ။ ။ "..."

ခဏ သူတို့ဘာလို့ စတိုက်ခိုက်နေကြတာလဲ။ ဒီတပည့်တွေမှာ မေးခွန်း မရှိတော့ဘူးလား။ သူ တိုက်ခိုက်‌ရေးအလယ်မှာ မီးဖိုချောင်ထဲဝင်တာက ပုံမှန်ကိစ္စပဲလား။ ဘာလို့ အမတတွေက မတိုက်ခိုက်ခင် သူ အချဉ်ရည်လုပ်ပြီးတာကို စောင့်နေရသေးတာလဲ။

အရေးကြီးဆုံးက...။

ဘာလို့ ယိချင်းက ယောက်မကိုင်ထားတာတောင် အမတတွေက ဖက်ထုတ်တွေလို အထုထောင်းခံနေရသေးတာလဲ။

သူ ယောက်မကိုင်ပြီး ဝှေ့ယမ်းနေတာကရော ထူးဆန်းတယ်လို့ ဘယ်သူမှမခံစားရဘူးလား။

ဘာလို့လဲ။

…

216

အခန်း ၂၁၆ ။ ဟွေ့လင်၏ကြံစည်မှု

ဝူတိဂိုဏ်းက အမတတွေအားလုံးက အခု တခြားသူတွေကို တိုက်ခိုက်နေပြီ။ သူတို့တိုက်ခိုက်လေ တခြားအမတတွေ ပိုပြီးထိတ်လန့်လာလေပဲ။ သူတို့တွေ လူများပေမဲ့ အသာစီး ရမနေဘူး။ အဲဓားကျင့်ကြံသူယိချင်းကတင် ကြောက်ဖို့ကောင်းနေပြီ။ သူက ဧကရာဇ်ငယ်ဆိုပေမဲ့ တိုင်းပြည်ဧကရာဇ်ဆယ်ယောက် အတူတူပေါင်းတာတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး။ တကယ်တော့ ယိချင်းက ဧကရာဇ်တွေကို ကိုင်တွယ်နေရင်း တပည့်တွေကို ကာပေးနိုင်သေးတယ်။

ဝူတိဂိုဏ်းက တခြားတပည့်တွေက ယိချင်းထက် ကျင့်ကြံဆင့်နိမ့်တယ်။ ဒါပေမဲ့... သူတို့က ခန္ဓာကျင့်ကြံသူတွေ။

ခန္ဓာကျင့်ကြံသူတွေက သူတို့ကြား နည်းလွန်းတယ်။ နှစ်သောင်းချီနေခဲ့ရတဲ့ ဒီအမတတွေ သူတို့တစ်ဘဝလုံးမှာ ခန္ဓာကျင့်ကြံသူငါးယောက်ထက်ပိုပြီး မမြင်ဖူးဘူး။ ပြီးတော့ သူတို့မြင်ဖူးတဲ့ အနည်းအကျဉ်းကလည်း သေမျိုးဘုံက။ သူတို့ မသေမျိုးဆီတက်လှမ်းလာတဲ့ ခန္ဓာကျင့်ကြံသူတွေကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ဒီဝူတိဂိုဏ်းမှာတော့ အများကြီးပဲ။ တစ်ချက်တည်းနဲ့ လူလေးယောက်ငါးယောက်ကို လဲကျသွားအောင်လုပ်နိုင်တဲ့ အမျိုးသမီးတွေ။

ဝူတိဂိုဏ်းတစ်ခုလုံး ခန္ဓာကျင့်ကြံသူတွေပဲ။ ဒီဂိုဏ်းကထူးဆန်းလိုက်တာ။

အမတတွေက သူတို့စိတ်ကူးယဉ်နေမိတာလား မေးခွန်းထုတ်စပြုလာတယ်။ ဒါပေမဲ့ ထိုးချက်ကန်ချက်တိုင်းက တကယ့်ကို အစစ်အမှန်ကြီး။ သူတို့တွေက ဒီမှာဆယ်ယောက်ကနေ အယောက်၂၀လောက်ပဲ ရှိပေမဲ့ ကျန်တဲ့အမတတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်တယ်။ ပြီးတော့ တောင်အကာအကွယ်အင်းကွက်ကလည်း ဘယ်တိုက်ခိုက်မှုကိုမဆို ခိုင်ခိုင်မာမာတောင့်ခံထားနိုင်‌ဆဲ။ ဝူတိဂိုဏ်းက အမတတွေ အနားယူဖို့လိုလာတိုင်း သူတို့အင်းကွက်ထဲပြန်ဆုတ်ရုံပဲ။

အင်းကွက်နဲ့ပတ်သက်ပြီး တစ်ခုခုလုပ်နိုင်တဲ့ တစ်ယောက်တည်းလူက ပိုင်ထီပဲ။ ဒါပေမဲ့ သူက ဘာမှမလုပ်ဘူး။ လက်ပါဖို့ လုံးဝချိတုံချတုံဖြစ်နေပုံပဲ။

"အဇဋာဧကရာဇ်ပိုင်ထီ၊ ဘာလို့ ခင်ဗျား ဘာမှမလုပ်တာလဲ" လုမင်က ပိုင်ထီ့ကို လောလာပြီး အမူအရာပျက်ယွင်းနေတယ်။

"အရပ်ဆယ်မျက်နှာကောင်းကင်လက်နက် နတ်ဆိုးတွေလက်ထဲ ကျရောက်သွားမှာကို ကြည့်နေမှာလား"

ပိုင်ထီက မျက်မှောင်ကြုတ်လိုက်တယ်။ တခြားတိုင်းပြည်က ဧကရာဇ်တွေ ယိချင်းကို တိုက်ခိုက်နေတာကို လှမ်းကြည့်လိုက်တယ်။ ပိုင်ထီ တွန့်သွားပြီး နောက်အခိုက်အတန့်မှာ ပြောင်ထင်က သူ့ကိုတားဖို့ သူ့ရှေ့ပျံသန်းလာတယ်။

"ပိုင်ထီ၊ မင်းတစ်ခုခုလုပ်ချင်ရင် မင်းငါ့ကို အရင်ကျော်မှရမယ်"

"အဇဋာဧကရာဇ်ပြောင်ထင်..." ပိုင်ထီက ခြေထောက်ကိုပြန်ရုပ်ပြီး ဘယ်သူ့ကို နားထောင်ရမလဲ မသိတော့ဘူး။ သူ နောက်တစ်ကြိမ် တုံ့ဆိုင်းသွားပြန်တယ်။

ဖြစ်စဉ်တစ်ခုလုံးက ရှုပ်ယှက်ခက်နေတယ်။ ဟွေ့လင်က အချိန်အတော်ကြာအောင် အမ‌တတွေ အားလုံးရဲ့နောက်မှာ ပုန်းနေတာ။ ရုတ်တရက် အကြည့်တစ်မျိုး သူမမျက်နှာပေါ်ဖြတ်ပြေးသွားတယ်။ ဘယ်သူမှ သူမ ဘယ်လိုမျိုးရှောင်ထွက်နေနိုင်လဲမသိကြဘူး။ ရုတ်ရုတ်သဲသဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူမက တိုက်ခိုက်ခံရမှာကိုရှောင်ဖို့ တိတ်ဆိတ်ကောင်းမွန်တဲ့ တစ်နေရာကို ရှာထားတယ်။ နောက်တော့ ဝတ်ရုံထဲကနေ တောက်ပနေတဲ့တစ်စုံတစ်ရာကို ထုတ်လိုက်တယ်။ လူတိုင်းဆက်ပြီးတိုက်ခိုက်နေတုန်း သူမက အင်းကွက်ဆီ ပစ္စည်းကိုပစ်လိုက်တယ်။

သူမကျင့်ကြံဆင့်က သူတို့အားလုံးထဲအနိမ့်ဆုံး။ တခြားအမတတွေမပြောနဲ့ ယိချင်းပါ သူမအဲကိုရောက်နေမှန်း မသိလိုက်ဘူး။ အသံအကျယ်ကြီးပေါ်လာပြီး ဝူတိဂိုဏ်းကိုကာထားတဲ့ တောင်အကာကွယ်အင်းကွက်က ရုတ်တရက် အက်ကွဲကာပွင့်ဟသွားခဲ့တယ်။

အမတတွေအားလုံး တန့်သွားပြီးနောက်တော့ အပျော်လုံးဆို့ကုန်ကြတယ်။

"တောင်အကာအကွယ်အင်းကွက် ကျိုးသွားပြီ" တစ်ယောက်က ထအော်ပြီး ကျန်တဲ့အမတတွေလည်း တစ်ယောက်ပြီး တစ်ယောက် အင်းကွက်ထဲ ဦးတည်ကုန်တယ်။

ယိချင်း ရင်ထိတ်သွားတယ်။ သူ့ပတ်လည်က ဧကရာဇ်တွေကို ဓားနဲ့ရိုက်ချလိုက်ပြီး ဂိုဏ်းရဲ့ နယ်နိမိတ်တွေကို ကာကွယ်ဖို့ ‌ပြန်ပျံသန်းလာခဲ့တယ်။ ‌အဆင့်နိမ့်သေးတဲ့တခြားတပည့်တွေက ဂိုဏ်းထဲရှိနေပြီး အားနည်းတဲ့ မုန်လာဥဖြူကလည်း အနောက်ဥယျာဉ်ထဲရှိနေတာ။

အင်းကွက်အပြင်ဘက်မှာတော့ ယွီဟုန်တို့တွေလည်း ပြန်ဆုတ်ပြီး အရှေ့နန်းဆောင်ဆီပြေးလာတယ်။

ဒါပေမဲ့ သူတို့လူအင်အားကနည်းလာတယ်။ အင်ူကွက်ရှိနေသေးချိန်တော့ ဂိုဏ်းကိုကာကွယ်ဖို့ စိုးရိမ်စရာမလိုဘဲ တိုက်ခိုက်နိုင်တယ်။ အဲဒါက သူတို့ရန်သူတွေကို ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တာပဲ။ အခု အင်းကွက်ကျိုးသွားပြီး အမတတွေက စိတ်တိုင်းကျဂိုဏ်းထဲဝင်ထွက်နေနိုင်ပြီမို့ သူတို့ အသာစီးမရတော့ဘူး။

သူတို့ အမ‌တတွေအားလုံး ဂိုဏ်းထဲ အလောတကြီး ပြေးဝင်လာတာကို ကြည့်နေရတယ်။ နတ်ဆိုးချီတွေအများကြီး ရုတ်တရက် ပေါ်လာပြီး အမတတွေဆီ ပြေးဝင်သွားလေရဲ့။ အမတတွေ ရွေးစရာမရှိဘဲ ပြန်ဆုတ်ရတော့တယ်။ နတ်ဆိုးချီကို အချိန်မီ မရှောင်လိုက်နိုင်တဲ့သူတွေကတော့ သူတို့အရိုးထဲ စူးခနဲနာကျင်ကုန်ကြတယ်။

"နတ်ဆိုးတွေ အဲမှာတကယ်ပဲနတ်ဆိုးတွေ ရှိနေတာပဲ"

"ဝူတိဂိုဏ်းက တကယ်ကိုနတ်ဆိုးတွေနဲ့ ပူးပေါင်းနေတာပေါ့"

"လုမင်မှန်တယ် - အဇဋာဧကရာဇ်က သူတို့တိုက်ခိုက်တာ ခံလိုက်ရတာနေမယ်"

အမတတွေက ထိတ်လန့်တကြား အော်ဟစ်ကုန်ကြတယ်။ ခုပိုပြီးတောင် ဒေါသထွက်လာပြီး ဝူတိဂိုဏ်းကလူတွေကို ဒေါသတကြီး ကြည့်ကျတော့တယ်။ ဒါပေမဲ့ သူတို့က နတ်ဆိုးချီနား အရမ်းကပ်မိမှာလဲ ကြောက်တဲ့အတွက်ကြောင့် နေမြဲတိုင်း နေနေကြလေရဲ့။

"ဘယ်လိုလုပ်ထွက်လာတာလဲ" ယိချင်းမျက်မှောင်ကြုတ်ပြီး လန်ဟွားကိုကြည့်လိုက်တယ်။ သူက သူတို့အတွက် ပြဿနာပိုဖန်တီးနေတာပဲ။

"အင်းကွက်ရှိနေတာကြောင့် ငါထွက်လာစရာမလိုဘူးလို့ မင်းပြောတယ်လေ၊ အခုအင်းကွက်ပြိုလဲသွားပြီမဟုတ်လား" လန်ဟွား လေထံက အမတတွေကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

"ပြီးတော့ ငါက တောင်အကာအကွယ်အင်းကွက်ကို စီရင်ခဲ့သူပဲ၊ ဘယ်အချိန် လဲပြိုမလဲသေချာပေါက် သိတာပေါ့၊ ငါ့စိတ်နှလုံးကောင်းရော ဘယ်မှာလဲ၊ သူအဆင်ပြေရဲ့လား"

သူ လူအုပ်ကြီးကိုဝေ့ဝဲကြည့်ပြီး ရှန်းရင်ကို ရှာပေမဲ့ နေရာကို အတည်မပြုနိုင်ရှာ။

"သူဘယ်မှာလဲ"

"နေ့လယ်လေ"

"ဟမျ" ဘာဆိုလိုတာလဲ။

"ဆရာ နေ့လယ်စာစားနေတယ်"

"..." လန်ဟွား နှုတ်ခမ်းတွေ စေ့သွားတယ်။ ဒါ ဂိုဏ်းချုပ်အနေနဲ့ သူမ ပြုမူသင့်တဲ့ပုံစံလား။

အင်းလေ၊ အနားမှာ မရှိတာလည်း ကောင်းပါတယ်။ သူမ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။

သူ ထိတ်လန့်နေတဲ့လူအုပ်ကြီးကို နောက်တစ်ခေါက် ဝေ့ဝဲကြည့်လိုက်တယ်။

"အင်းကွက်ကို ချိုးဖောက်လိုက်တဲ့သူက ဘယ်သူလဲ"

"အဲဒါ..." ယိချင်း ဟွေ့လင်ရှိတဲ့နေရာကို အလိုလိုလှမ်းကြည့်လိုက်ပေမဲ့ ရှိမနေတော့တာ မြင်လိုက်ရတယ်။

"အာ"

သူရင်ထိတ်သွားတယ်။ သူ့ကောင်းကင်စိတ်အာရုံကို သုံးကြည့်လိုက်တော့ အနောက်ဆောင်မှာ အတည်ပြုမိတယ်။ သူမ ဘယ်ချိန်တုန်းက ပြေးဝင်သွားလဲမသိလိုက်ဘူး။

"ဆရာ" ယိချင်း အာမေဋိတ်သံပြုပြီး အနောက်ဆောင်ထဲ လှည့်ပြေးဝင်တော့တယ်။

အနောက်ဆောင်။

ရှန်းရင် နေ့လယ်စာအတွက် ဖက်ထုတ်တွေစားနေတယ်။ ရုတ်တရက် သူမ မော့ကြည့်လိုက်ချိန် အစိမ်းရောင်ပုဂ္ဂိုလ်တစ်ယောက်ကို သူမရှေ့မြင်လိုက်ရတယ်။

"ဘာကိစ်စလဲ"

"ရှန်းရင်" ဟွေ့လင်မျက်နှာပေါ်ထူးဆန်းတဲ့အပြုံးနဲ့။ သူမကြည့်ရတာ ဘဝင်ခိုက်နေတဲ့ပုံ။

"နင် ဒီတစ်ကြိမ်တော့ ထွက်ပြေးလို့မရတော့ပါဘူး၊ ငါ ဒီနေ့အမတဘုံအတွက် ကောင်းကျိုးတစ်ခု ဆောင်ရွက်ပြီး နင့်လိုပြဿနာအိုးကို ရှင်းထုတ်ပစ်မယ်"

သူမ စကားဆုံးတာနဲ့ လက်နှစ်ဖက်လုံးနဲ့ ချိပ်တစ်ခု ဖန်တီးလေတယ်။ အလင်းတန်းဖြူတစ်ခုက သူမကိုဝိုင်းသွားပြီး မြန်မြန်ဆန်ဆန်ပဲ ဘေးပတ်ဝန်းကျင်ကို ပျံ့ထွက်သွားခဲ့တယ်။ အလင်းရောင်က မြန်ဆန်တဲ့အလျင်နှုန်းနဲ့ရွေ့လျားနေပြီး ကြည့်ရတာ ရှန်းရင်တစ်ကိုယ်လုံးကို ဝါးမျိုတော့မဲ့ပုံ။ သူမ ကျရောက်တော့မဲ့အန္တရာယ်ကနေ ကာကွယ်ဖို့ မျက်စိတစ်မှိတ်စာသာ အချိန်ရတယ်။ သူမ ရုတ်တရက် ဘယ်ဘက်လက်ကိုမြှောက်ပြီး အလင်းလိုအရှိန်သုံးကာ တစ်ချက်တည်းနဲ့... သူမရှေ့ကစားလက်စ ဖက်ထုပ်ပန်းကန်ကို ကောက်ယူလိုက်တယ်။

နောက်အခိုက်အတန့်မှာတော့ လူနှစ်ယောက်နဲ့ ဖက်ထုပ်ပန်းကန်ပြားက ပျောက်သွားပြီ။ ကျန်ခဲ့တာက ပန်းကန်ပြားအလွတ်တွေနဲ့ စားပွဲတစ်လုံး။

"ဆရာ" ယိချင်း အနောက်ဆောင်ထဲပြေးဝင်လာခဲ့ပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။ ဘယ်သူမှမကျန်တော့။

"ဂိုဏ်းချုပ်... ဘယ်ရောက်သွားတာလဲ" ယွီဟုန်ကြည့်ရတာ ကြောက်လန့်နေပုံ။

"အဲအမျိုးသမီးအမတက ဘာမှော်အတတ်ကို သုံးသွားတာပါလိမ့်"

"ငါအရင်က တစ်ခါမှမမြင်ဖူးဘူး" လန်ဟွား မျက်မှောင်ကြုတ်ကာ စိုးရိမ်နေတယ်။

"... သူ အဆင်ပြေပါတယ်နော်၊ ဟုတ်တယ်မလား"

"ထင်တာပဲ၊ စိတ်နှလုံးကောင်းရဲ့ စွမ်းဆောင်ရည်အရတော့..."

"မဟုတ်ဘူး အဲအမျိုးသမီးအမတကို ပြောတာ... သူ့ဦးနှောက် အလုပ်လုပ်ရဲ့လား"

သူ့ဘာသာ ဂိုဏ်းချုပ်ကို ခေါ်သွားရဲတယ်ပေါ့လေ၊ ရဲရင့်လိုက်တာ။

ヽ(✿゚▽゚)ノ ယွီဟုန် ကြည့်တောင်ကြည့်ချင်သွားတယ်

လန်ဟွား ။ ။ "..."

ယိချင်း ။ ။ "..."

—————

မျက်စိတစ်မှိတ်အတွင်း ရှန်းရင်က သူမဝန်းကျင်ပြောင်းသွားတာ မြင်လိုက်ရတယ်။ သူမခြေထောက်အောက်မှာတော့ မြက်ခင်းစိမ်း။ ပတ်ပတ်လည်မှာ အစိမ်းရောင်စားကျက်မြေတွေကလွဲ မရှိ။ စားကျက်မြေက အဆုံးရှိတဲ့ပုံမပေါ်။ စောနက လက်ဖက်စိမ်းမလည်း ပျောက်သွားပြီ။

သူမရဲ့ပတ်ဝန်းကျင်က ပျင်းစရာ။ ရှန်းရင် ဟိုဟိုဒီဒီ တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူမစားပွဲပေါ်က ဖက်ထုပ်တွေကို ကုန်အောင်စားဖို့ ပြင်လိုက်တယ်။ အွန်း... ကြက်သွန်မြိတ်တွေနဲ့ အသားကင်။

"ရှန်းရင် နင်ငါ့ကို ဒီနေ့ထိ အများကြီးပြဿနာရှာခဲ့တာ၊ နောက်ဆုံးတော့ ပြန်ပေးဆပ်ဖို့ အချိန်တန်ပြီ"

ဟွေ့လင်အသံက ဘယ်ကမှန်းမသိထွက်လာတယ်။ အရမ်းကိုထူးဆန်းတယ် - ရှန်းရင်က အသံဘယ်နေရာက လာလဲမသိဘူး။ သူမ ဟွေ့လင်ကိုယ်ခန္ဓာကို ရှာမတွေ့ပေမဲ့ အသံက သူမနားဘေးကတင် ထွက်လာတဲ့ပုံပဲ။ ဟွေ့လင်က ဒီလောကမှာ မရှိပေမဲ့ နေရာတိုင်းမှာ ရှိနေသလိုပဲ။

"..." ရှန်းရင်က သူမကိုမဖြေဘဲ ပါးစပ်ထဲ နောက်ထပ်ဖက်ထုပ်တစ်လုံး ထည့်လိုက်တယ်။

"နင်ဘယ်ရောက်နေလဲ နင်သိလား"

"..." သူမက ဆက်ပြီး တမြုံ့မြုံ့ဝါးနေဆဲ။

"ဒါက အဆွယ်အပွားနယ်ပယ်ပဲ၊ သုံးလောကကြားထဲက အက်ကွဲကြောင်းထဲ ရှိနေတာ၊ ဒီနေရာက ဘယ်ဘုံနဲ့မှ မဆိုင်သလို ကောင်းကင်တာအိုရဲ့ စီရင်ပိုင်ခွင့်အောက်မှာမရှိဘူး၊ နင်က နတ်ဆိုးဘုရင်တောင် နင့်ပြိုင်ဘက် မဟုတ်တဲ့အထိ ရှိန်စရာပဲ၊ ဒါပေမဲ့ ဒီနေရာမှာ အကန့်အသတ်ရော အဆုံးသတ်ရော မရှိဘူး၊ နင် အရမ်းကို အရည်အချင်း ရှိနိုင်ပေမဲ့ ဒီနေရာကနေ ထွက်လမ်း ရှာတွေ့မှာ မဟုတ်ဘူး"

"..." ရှန်းရသ်က နောက်ထပ်ဖက်ထုပ်တစ်လုံး ပါးစပ်ထဲပစ်သွင်းလိုက်တယ်။

"ငါလည်း ဒီလိုမလုပ်ချင်ပေမဲ့ ငါဒီလိုလုပ်အောင် နင်လုပ်ခဲ့တာပဲ၊ နင်သာ ပေါ်မလာရင် ငါ့ဆရာ၊ ငါ့အဖေနဲ့ ရှင်းဟန်ကိုတောင် ဆုံးရှုံးလိုက်ရမှာမဟုတ်ဘူး...၊ နင် င့ါကိုဒီလောက်တောင် အကြွေးတင်နေတာ"

"..." ရှန်းရင်က ဖက်ထုပ်ဆက်ဝါးနေတယ်။

"နင်တို့ဝူတိဂိုဏ်းက နတ်ဆိုးတွေနဲ့ ပူးပေါင်းထားတာ - နင်တို့တစ်ယောက်မှမကောင်းဘူး၊ အထူးသဖြင့် အဲငမွှေမရွှမ်ထုံပဲ၊ သူက င့ါဆရာကို ဖျားယောင်းခဲ့တာ၊ မဟုတ်ရင် င့ါဆရာက... နင်တို့ ပြောတာကို နားထောင်မှာမဟုတ်သလို ငါ့ကိုအဲလိုဆက်ဆံမှာလည်းမဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ခု ဒါဘာမှအရေးမကြီးတော့ပါဘူး၊ အမတတွေအားလုံး ငါ့အတွက် တရားမျှတမှုရှာပေးပြီး နင်တို့ပြဿနာအိုးတွေကို အမတဘုံကနေ ရှင်းထုတ်ပစ်လိမ့်မယ်"

"..." ရှန်းရင်က ပါးစပ်ထဲ နောက်ထပ်ဖက်ထုပ်တစ်လုံး ထည့်လိုက်တယ်။

"ဟမ့် နင်က သေတော့မှာကို ဖက်ထုပ်စားနိုင်သေးတယ်ပေါ့"

သူမက ဆက်ပြီးဝါးနေဆဲ...။

"နောက်တော့ ထာဝရဒီဘုံမှာပဲ ဆက်နေသွားရမယ် ငါနင့်ကို..."

ပလပ် ပလပ် ပလပ်...။

"စားတာရပ်တော့"

ပလပ် ပလပ် ပလပ်...။

"ရှန်းရင် နင် ငါပြောတာ နားတောင်ထောင်နေရဲ့လား"

ရှန်းရင် တန့်သွားပြီး နောက်ဆုံးဖက်ထုပ်ကိုမျိုချလိုက်တယ်။ နောက်တော့ သူမက ပန်းကန်ပြားကို သိမ်းပြီး ဖြေလိုက်တယ်။

"အိုး"

"ဒါတွေကပဲ အဆွယ်အပွားနယ်ပယ်လို့ထင်နေတာလား" ဟွေ့လင်ပုံစံက ခု အတော်လေး ဒေါသထွက်နေတဲ့ပုံ။ သူမက တောက်ခေါက်လိုက်တယ်။ နောက်အခိုက်အတန့်မှာတင် ရှန်းရင်ပတ်လည်က အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ မြက်ခင်းစိမ်းတွေ မရှိတော့ဘူး။ ရှန်းရင်ခြေထောက်အောက်မှာ ချော်ရည်ကျောက်တုံးတွေနဲ့ သူမဆီ ဦးတည်လာတဲ့သွေဖည်မီးလျှံ။ ဒါပေမဲ့ သူမကိုမထိ။

တစ်ခဏကြာတော့ သွေဖည်မီးလျှံက ပျောက်သွားပြီး ရေခဲလွှာကြီးတစ်ခု သူမခြေထောက်အောက် ပေါ်လာတယ်။ လေထုက အတော်လေး အေးစက်နေတာ။ ရေခဲတွေက နေရာအနှံ့ကနေ သူမဆီ ပျံသန်းလာတယ်။ ဒါပေမဲ့ သူတို့က သူမကို ထိတာနဲ့ အပိုင်းပိုင်းပြိုကွဲကုန်တယ်။

ရေခဲပြီးတော့ လေပြင်း၊ နောက်တော့ လျှပ်စီး...။

ဓာတ်ကြီးတိုင်း အနည်းဆုံးတစ်ခါစီတော့ ပေါ်လာတယ်။ ရှန်းရင်က မြေကြီးမှာ အမြစ်တွယ်နေပြီး ပြေးလည်းမပြေးသလို ထွက်ပြေးဖို့လည်းမလုပ်။ သူမက မြက်ခင်းစိမ်းထဲ ပြန်ရောက်သွားပြန်တယ်။

"ဟမ့် မင်းဘယ်လောက်စောင့်နိုင်မလဲ ကြည့်တာပေါ့" ဟွေ့လင်အသံက ခုရေခဲလိုအေးစက်နေပြီ။

"ငါဒီမှာ အားလုံးကို သန့်စင်ပြီးပြီ၊ ငါက ဒီဘုံရဲ့ ပိုင်ရှင်အမှန်ပဲ"

"ပြီးပြီလား" ရှန်းရင် ခေါင်းစောင်းတဲ့ပုံက ပျင်းနေတဲ့ပုံ။

"ငါ့အလှည့်ပေါ့"

"ဘာ..." ဟွေ့လင် တန့်သွားတယ်။ သူမတုံ့ပြန်ဖို့ အချိန်အများကြီး မရှိလိုက်ဘူး။ စောနက မလှုပ်မယှက် ရပ်နေခဲ့တဲ့ရှန်းရင်က ရုတ်တရက် လေထုထဲ ပျောက်ကွယ်သွားတယ်။ နောက်အခိုက်အတန့်မှာတင် သူမက လေထဲပြန်ပေါ်လာပြီး တစ်စုံတစ်ရာကိုဆုပ်ကိုင်ထားကာ မြေကြီးဆီ ပစ်သွင်းလိုက်တယ်။

လေပြင်းတစ်ချက် တိုက်သွားပြီး လူတစ်ယောက်က လေထဲကနေဆင်းလာကာ မြေကြီးပေါ် ဝုန်းခနဲ ဆင်းသက်သွားခဲ့တယ်။ သူက မြေကြီးထဲ ‌လူပုံစံတွင်းတစ်ခုတူးလိုက်တယ်။

ဟွေ့လင်ရင်ဘတ်ထဲ စူးခနဲနာကျင်ပြီး သွေးအန်သွားတယ်။ သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက နာကျင်နေလေရဲ့။‌ ဟွေ့လင် သူမဒဏ်ရာတွေကို စစ်မကြည့်ရဲဘူး။ သူမ သတိပြန်ဝင်အောင်ကြိုးစားပြီး မျက်လုံးပြူးကာ ရှန်းရင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။

"မ... မဖြစ်နိုင်တာ နင် ငါ့ကိုဘယ်လိုရှာတွေ့တာလဲ"

ရှန်းရင် နှုတ်ခမ်းဆူလိုက်တယ်။ ကျေးဇူးပြုပြီး သူတို့က အက်ကွဲကြောင်းထဲ ရောက်နေတယ်လို့ ‌ရှန်းရင်ကို ပြောတဲ့သူက သူမလေ။ ပြီးတော့ အက်ကွဲကြောင်းတစ်ဖက်မှာ ဆက်နေပြီး အပိုတွေအများကြီးပြောလွန်းတယ်။ ရှန်းရင် သူမကိုရှာမတွေ့ရင်တောင် ထူးဆန်းနေမှာ။ သူမ ကန်းနေတာမှ မဟုတ်တာ။

"နင်... နင်က ဘယ်လိုလူလဲ" ဟွေ့လင်က ပိုတောင်မျက်လုံးပြူးလာတယ်။ ခုလေးတင်ဘာဖြစ်သွားလဲ သူမ နားမလည်နိုင်ဘူး။

"အဆွယ်အပွားနယ်ပယ်က သန့်စင်ပြီးပြီ၊ နင် ငါ့ကိုဒီထဲ ဘယ်လို ဆွဲခေါ်လိုက်တာလဲ၊ ငါပဲ ဒီမှာ ထိန်းချုပ်နိုင်တာလေ"

"အော် အဲဒါနင့်လည်ပင်းက ချိန်းကြိုးကြောင့်လား၊ ဒုတိယကြိုးလား"

ဟွေ့လင် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ချိန်းကြိုးကိုကာကွယ်ဖို့ သူမရင်ဘက်ဆီ အလိုလို လက်လှမ်းမိသွားတယ်။

"နင်... မဖြစ်နိုင်တာ - နင်ဘယ်လိုသိသွားတာလဲ"

"အာ ငါ မိန်းကလေးတွေကို အနိုင်ကျင့်ရတာမကြိုက်ဘူး" ရှန်းရင် သက်ပြင်းချလိုက်တယ်။ သူမ ဟွေ့လင်‌မေးခွန်းကို မဖြေဘဲ လက်မြှောက်ကာ ရိုက်လိုက်တယ်။

"ပြော ငါ့ကိုရင်ဆိုင်ဖို့ နင့်ကို ဘယ်သူဒီလွှတ်လိုက်တာလဲ၊ နင့်နောက်မှာ ဘယ်သူရှိနေလဲ"

"နင်ဘာတွေပြောနေတာလဲ" ဟွေ့လင် အခုတော့ကြောက်နေပြီ။ သူမ သွေးပျက်စပြုလာပြီး မြေကြီးထဲကနေ ထွက်ဖို့ရုန်းတော့တယ်။ သူမ လှုပ်ရှားလေ၊ ကိုယ်ခန္ဓာကပိုနာကျင်လာလေပဲ။ နောက်တစ်ကြိမ် သွေးအန်ပြန်တယ်။

"နင်ဘာဆိုလိုတာ... ငါ့... ငါ့ကိုလွှတ်ပေး"

"ဟန်ဆောင်နေတာတော်တော့" ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ သူမ ဦးနှောက်ကိုသုံးရတာ တကယ်မုန်းတာ။

"ငါက ဒီကမ္ဘာမှာ အရမ်းကို ခပ်လျှိုလျှိုနေတာ၊ လူတိုင်း ငါ့တည်ရှိမှုကို အလိုလို လျစ်လျူရှုမိထားကြတယ် - နင်တစ်ယောက်ပဲ မလုပ်တာ၊ အစတည်းက နင်က ငါ့အာရုံစိုက်မှုကို လိုချင်နေခဲ့တာလေ၊ အခု နင်ဖြစ်ခဲ့သမျှအတွက် ငါ့ကိုအပြစ်တင်နေတယ်ပေါ့၊ နင်တုံးအတာကြောင့်နဲ့တော့ ဒါဖြစ်နေတာ မဟုတ်မှန်း သေချာတယ်၊ ဟုတ်တယ်မလား"

ဧကရာတက်လှမ်းမှုစင်မြင့်မှာ ဖြစ်ခဲ့တဲ့အရာက အဲရှင်း အအေးဘာဆိုလားနဲ့ သူမအဖေကြောင့် ဖြစ်ခဲ့တာ။ သူမကို အပြစ်ပေးချင်သူက ငါးဆားနယ်။ ဒါတွေအားလုံးက ရှန်းရင်နဲ့ ဘာမှမဆိုင်ခဲ့ဘူး။ ပြီးတော့ သူတို့က သုံးကြိမ်ပဲတွေ့ဖူးတယ်။ ဟွေ့လင်က ဖြစ်ခဲ့သမျှကို ရှန်းရင်ပေါ်ပုံချပြီး အမုန်းတရားအားလုံးကို သူမပေါ်အာရုံစိုက်ဖို့အတွက်နဲ့ ဒီလောက်ဖိအားထုတ်ခဲ့တယ်။ တကယ်တော့ အဲလိုလုပ်ဖို့ အကြောင်းရင်းလည်းမရှိသလို အရမ်းကိုရယ်ချင်စရာကောင်းတယ်။ ဒီဟာတွေအားလုံးထဲ ရှန်းရင်ကို ဆွဲသွင်းစရာ အကြောင်းရင်းကိုမရှိတာ... ရှန်းရင်က ဟိုးအစတည်းက ပစ်မှတ်ဖြစ်နေခဲ့တာ မဟုတ်သရွေ့ပေါ့။

"ငါ... ငါ နင်ဘာပြောနေလဲမသိဘူး" ဟွေ့လင် ထိတ်လန့်တကြား ရှန်းရင်ကိုဆက်စိုက်ကြည့်လိုက်တယ်။

"နင်က ပိုပြီးတောင် ယုံချင်စရာ မကောင်းတော့ဘူး"

ရှန်းရင် မျက်လွှာချလိုက်တယ်။

"ငါ ဘယ်လောက်တောင် သိုသိုသိပ်သိပ် ဖြစ်နေလဲဆိုတဲ့ပုံစံက တစ်ခုခုလွဲမှားနေတာရှိတယ်၊ ငါ ဒီလောကထဲ ဝင်လာတည်းက ဘာလို့နင်ပဲ ငါ့ကို တကယ်အာရုံစိုက်နေတာလဲ၊ အဲလိုလုပ်စရာ အကြောင်းအရင်း မရှိဘူးလေ... ငါ့ကို ဒီကမ္ဘာထဲ ဆွဲသွင်းသူက နင့်ကို ညွှန်ကြားနေသူ မဟုတ်သရွေ့ပေါ့"

"..."

"ပြော သူကဘယ်သူလဲ၊ သူ ငါ့ကိုဘာလုပ်တာလဲ၊ သူ့ရည်ရွယ်ချက်ကဘာလဲ"

"သူ ဘာလိုချင်တာလဲ"

ဟွေ့လင် ပိုပြီးတောင်သွေးပျက်လာတယ်။ သူမမျက်လုံးတွေက ဖြည်းဖြည်းချင်းလျှောက်လာတဲ့ ရှန်းရင်ဆီက မခွာ။

"ဒါမှမဟုတ် နင့်ကိုဒီကြိုး ဘယ်သူပေးလဲဆိုတာ မေးသင့်လား"

"နင်ဘာပြောနေလဲ ငါမသိဘူး၊ ငါ ဒါကိုကောက်ရတာ၊ ပြန်ပေး" ဟွေ့လင်မျက်နှာက အရောင် လုံးဝမရှိတော့ဘူး။ မြေကြီးကနေ လက်မြှောက်ပြီး ကြိုးကို ပြန်ဆွဲလုဖို့ အတော်လေး အားထုတ်လိုက်ပေမဲ့ အချည်းနှီး။

"အဲဒါငါ့ဟာ"

ရှန်းရင်က လက်ကိုပြန်ဆွဲလိုက်ပြီး ဟွေ့လင်မမှီတဲ့နေရာမှာ ထားလိုက်တယ်။ ဟွေ့လင်လက်ချောင်းတွေက ချိန်းကြိုးကနေ တွဲလျားကျနေတဲ့ ကြိုးနီကိုထိရုံရှိသေး တောက်ပတဲ့ အလင်းတန်းကြီး ပေါ်လာပြီး အလင်းက ပျောက်သွားခဲ့တယ်။ ရှန်းရင်လက်ထဲကျန်ရစ်ခဲ့တာ ကြိုးနီပဲ။

"ငါ့ချိန်းကြိုး" ဟွေ့လင်မျက်လုံးပြူးပြီး သွေးပျက်သွားတယ်။

"ဟင့်အင်း နင်ဘာလုပ်လိုက်တာ..."

သူမစကားမဆုံးခင် နောက်ထပ်သွေးအန်တော့တယ်။ သူမတစ်ကိုယ်လုံး ဆွဲကြိုးလို လင်းထိန်သွားတယ်။ နောက်တော့ အလင်းတန်းဖြူက သူမကိုယ်ပေါ်က အက်ကွဲရာတွေကနေ စတင်ထိန်လင်းလာတဲ့ပုံက အပိုင်းပိုင်းအစစ ဖြစ်တော့မဲ့ပုံနဲ့။ သူမကရှန်းရင်ကိုတောင်းပန်တော့တယ်။

"ဟင့်အင်း ငါ ပြိုဆင်းပြီး မသေချင်ဘူး၊ ကယ်ပါဦး... ကယ်ပါဦး... ကယ်..."

သူမ စကားမဆုံးခင် သူမတစ်ကိုယ်လုံး ပျောက်ဆုံးသွားခဲ့တယ်။ ရှန်းရင်ပတ်ဝန်းကျင်က တွန့်လိမ် စပြုလာလေရဲ့။ သူမ သိလိုက်ချိန် ပတ်ဝန်းကျင်က ပျောက်ဆုံးသွားပြီ။ ရှန်းရင် ပန်းချီကားတစ်ချပ်ထဲကနေ ခုန်ထွက်လာသလိုခံစားလိုက်ရတယ်။ သူမ ဝူတိဂိုဏ်းရဲ့ အနောက်ခန်းမဆောင်ထဲက ကုလားထိုင်ပေါ် ပြန်ရောက်နေတာ မြင်လိုက်ရတယ်။ သူမရှေ့မှာတော့ စောနက ပန်းကန်လွတ်တချို့။

သူ

မ လက်ဗလာကို ငုံ့ကြည့်ကာ စဉ်းစားနေမိတယ်။ နောက်တော့ မျက်မှောင်ကြုတ်ပြီး လက်သီးဆုပ်မိလိုက်လေရဲ့။

ဒါ... ပျော်စရာ‌မကောင်းဘူး။

All Chapters