အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
217
အခန်း ၂၁၇ ။ ကြိုးကိုင်သူ
"ဆရာ" ယိချင်းက ရှန်းရင်ပြန်ရောက်လာတာကို ပထမဆုံး သတိပြုမိသူဆိုပေမဲ့ သွားဖို့ကြိုးစားချိန် တခြားဧကရာဇ်ဆယ်ပါး ကာဆီးတာခံလိုက်ရတယ်။
ရှန်းရင် ထွက်သွားတဲ့အချိန်က မတိုတောင်းသလို ဝူတိဂိုဏ်းရဲ့တိုက်ပွဲက ခက်ခဲလာပြီ။ တပည့်တွေက အားမနည်းဘူးဆိုပေမဲ့ တစ်ဖက်က လူများလွန်းနေတာ။ အထူးသဖြင့် တောင်အကာအကွယ်အင်းကွက် ကျိုးပေါက်သွားချိန် ပြန်ဆုတ်စရာနေရာမရှိတော့တာပဲ။ အချိန်တွေကြာလာတော့ အမတတွေတောင် ပင်ပန်းလာမှာပဲ။ ဒဏ်ရာရသွားတဲ့ တပည့်တချို့တောင်ရှိတယ်။
"စိတ်နှလုံးကောင်း" လန်ဟွားက သူ့နတ်ဆိုးချီကို သုံးပြီး ပိုအားနည်းတဲ့ မြေအမတတပည့်တွေကို ကာကွယ်ပေးလိုက်တယ်။ သူနောက်တော့ တစ်ဖက်လှည့်ကာ မေးလိုက်တယ်။
"ဘာလို့အခုမှပြန်လာရတာလဲ၊ ဘာတွေဖြစ်နေတာတုံး"
"..."
"ဟေး အဆင်ပြေရဲ့လား" သူမ ပြန်မဖြေတာမြင်တော့ လန်ဟွား သူမကိုတွန်းလိုက်တယ်။
"ဘာတွေ စိတ်လွင့်နေတာလဲ"
"ဘာဖြစ်နေတာတုံး"
"ဘာဖြစ်နေတာတုံး၊ တခြားဘာဖြစ်ရမှာလဲ" လန်ဟွားက သူမကိုဒေါသတကြီးကြည့်လိုက်တယ်။
"မင်းမမြင်ဘူးလား၊ ငါတို့ကိုကူဦး ဒီလိုသာဆက်သွားနေရင် မုန်လာဥဖြူတွေရှိနေတဲ့ တောင်အနောက်ဘက်ဆီ သူတို့တကယ်ဝင်သွားတော့မယ်"
ရှန်းရင် ခေါင်းမော့ပြီး ကောင်းကင်အပြည့်အမတတွေကိုကြည့်လိုက်တယ်။ နေရာတိုင်းမှာ ဂါထာတွေဆီက မီးပွားမီးစတွေနဲ့ မြေပြင်ပေါ် လက်နက်မျိုးစုံ။
သူမချက်ချင်းမျက်ခုံးကြုံ့မိသွားတယ်။ ဒါ တကယ်ကို... အတော်လေး စိတ်ရှုပ်စရာပဲ
(╰_╯)#
ရှန်းရင် ပြန်ဖြေလိုက်တယ်။
"အော်"
နောက်တော့ ထရပ်ပြီး မြေကြီးထဲ စိုက်ဝင်နေတဲ့ ဓားကို ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်တယ်။
"စိတ်ကောင်း၊ မင်း တောင်အနောက်ဘက်သွားပြီး ကာကွယ်..."
လန်ဟွား သူမကို တောင်အနောက်ဘက်သွားပြီး ကာကွယ်ခိုင်းမို့ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့နဲ့ တခြားသူတွေက အဲမှာရှိနေပြီး အင်းကွက်အစီအရင်တစ်ခု ရှိတာကိုး။ ဒါပေမဲ့ သူ စကားတောင်မဆုံးသေး ပခုံးပေါ် လေးခနဲဖြစ်သွားပြီး ဘေးတွန်းထုတ်တာခံလိုက်ရတယ်။
"လမ်းဖယ်ဦး
"ဟမ်" သူ ဟန်ချက်ပျက်ပြီး မြေကြီးပေါ်လဲကျသွားတယ်။
"မင်း ဘာ..."
သူပေါက်ကွဲဖို့ရှိသေး ရှန်းရင်က ရှေ့တက်သွားပြီး သူမလက်ထဲကဓားကိုလှည့်ကာ အားနဲ့ ရှေ့ကို လွှဲချလိုက်တာမြင်လိုက်ရတယ်။ အရမ်းကို ပုံမှန်ဆန်တဲ့လွှဲချက်ဆိုပေမဲ့ တစ်ခဏအတွင်း ကောင်းကင်ကို ပိုင်းခြားနိုင်သလိုမျိုး ကြောက်ခမန်းလိလိဓားချီက ဓားပေါ် ပေါ်ပေါက်လာကာ ရှေ့ကို လွှတ်ထွက်သွားခဲ့တယ်။
ကြီးမားတဲ့အက်ကွဲမှုနဲ့အတူ အဆုံးမဲ့တဲ့ အသူရာချောက်နက်ကြီးက မြေကြီးထဲပေါ်လာတယ်။ အမတလောကတစ်ခုလုံး ဓားတစ်ချောင်းနဲ့ ထက်ခြမ်းပိုင်းခံလိုက်ရတဲ့အတိုင်းပဲ။ အက်ကွဲကြောင်းကြီးက ရှေ့ကိုဆက်ပြန့်သွားပြီး မြေကြီးတုန်ခါသွားကာ ကောင်းကင်တောင် တစ်ခဏရွဲ့သွားပြီး မိုးပြိုတော့မဲ့ပုံစံမျိုး ပေါက်နေခဲ့တယ်။ အမတတွေက သူတို့ဓားပျံ စီးနေတာကိုတောင် မထိန်းနိုင်တော့ဘဲ မြေကြီးပေါ် ကျဆင်းလာတော့တယ်။
တိတ်ဆိတ်မှုအတိ
လူတိုင်း ဝူတိဂိုဏ်းထဲက အဆုံးမဲ့အသူရာချောက်နက်ကြီးကို ဇဝေဇဝါအမူအရာနဲ့ ကြည့်နေမိပြီး အချိန်အတော်ကြာအောင် မတုံ့ပြန်နိုင်ရှာဘူး။
ခုလေးတင်... ဘာဖြစ်သွားခဲ့တာလဲ။
∑q|゚Д゚|p
"ထွက်သွား" အသံတစ်သံက ရုတ်တရက် ထွက်လာတယ်။ အသံက သိပ်မကျယ်တာတောင် တိတ်ဆိတ်မှုကြားထဲ ထူးထူးခြားခြား ထင်ရှားသိသာနေခဲ့တယ်။
အမတတွေအားလုံး ရင်ထဲအေးစိမ့်သွားကြပြီး သူတို့ကိုယ်ထဲက သွေးကြောတွေအားလုံး တောင့်ခဲကုန်တဲ့အထိ မထိန်းချုပ်နိုင်အောင် တုန်ယင်ကြကုန်တယ်။
အတိုင်းအဆမဲ့ကြောက်ရွံ့မှုက လူတိုင်းစိတ်ထဲမှာ တလွှားလွှားတက်လာခဲ့တယ်။
ဘယ်သူစတင်တာလဲဆိုတာ မသေချာပေမဲ့ တစ်ယောက်က တစ်ဖက်လှည့်ပြီး ဘယ်သူရိုက်ချလိုက်တာလဲဆိုတာတောင် လှည့်မကြည့်ဘဲ ဓားပျံကို စီးကာထွက်ပြေးသွားတော့တယ်။
နောက်အခိုက်အတန့်မှာတင် အမတတွေတစ်အုပ်လုံး ခလုတ်တစ်ခုပွင့်သွားသလိုပဲ။ ဓားပျံစီးနိုင်သူက ဓားပျံစီး၊ မြေကြီးတူးနိုင်သူက မြေကြီးတူး၊ တိမ်ကိုဆင့်ခေါ်နိုင်သူက တိမ်ကိုဆင့်ခေါ်ပြီး အသည်းအသန် ထွက်ပြေးကုန်တယ်။
သူတို့က နေရာအနှံ့ကို ဖြန့်ကျက်ပြီး ဝူတိဂိုဏ်းကနေ ထွက်ပြေးသွားတယ်။ အချိန်တိုအတွင်းမှာပဲ အားလုံးပျောက်ကုန်ပြီး ဓမ္မအသုံးအဆောင်တွေပဲကျန်ခဲ့လေရဲ့။
ဒါကြောင့် ဝူတိဂိုဏ်းကို ရင်ဆိုင်တဲ့ အမတတွေရဲ့မဟာမိတ်ကြိုးပမ်းမှုက သူတို့အောင်ပွဲ မတိုင်ခင်မှာတင် ရပ်တန့်သွားခဲ့လေတယ်။ ဝူတိဂိုဏ်းက လူတွေကလွဲ ဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး။ အမတတွေ သူတို့ဘာလို့ထွက်ပြေးနေလဲတောင်မသိပေမဲ့ အားလုံး သူတို့ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိနေခဲ့တယ်။ တကယ်လို့ သူတို့မထွက်သွားရင်... သူတို့ သေလိမ့်မယ်။
(இдஇ;)
တိုက်ကြီးဆယ်ခုက သူ့နဂိုငြိမ်းချမ်းမှုကို ပြန်ရရှိသွားခဲ့ပေမဲ့ အမတလောကတစ်ခုလုံးရဲ့ မြေကြီးထဲ အက်ကွဲကြောင်းကြီးတစ်ခု လွှမ်းခြုံသွားခဲ့တယ်။ အက်ကွဲကြောင်းက ၃ပေတောင်မကျယ်ပေမဲ့ အဆုံးမဲ့ ဖြစ်နေတယ်။ ကံကောင်းရင် လောကသုံးထောင်ကို အဲကနေတစ်ဆင့် ခပ်ရေးရေးတောင် မြင်ရဦးမယ်။
——————
တစ်လကြာပြီးနောက်။
"ဟွေ့လင်နောက်မှာ ကြိုးကိုင်သူရှိပြီး သူက ငါတို့ကို ဒီလောကထဲ ကူးပြောင်းလာစေတဲ့သူ ဖြစ်နိုင်တယ်လို့ပြောနေတာလား" ကူယွဲ့ အံ့ဩမှင်တက်ပြီး ထိတ်လန့်တကြား ထရပ်လိုက်တယ်။
"ဟုတ်တယ်" ရှန်းရင် စားပွဲပေါ်က ခွက်ကိုကောက်ယူပြီး ဘေးကိုရွှေ့ကာ ခေါင်းညိတ်ပြလိုက်တယ်။
"ငါတို့က ဒီကို တခြားသူတွေဆွဲခေါ်တာခံရပြီး မတော်တဆ ကူးပြောင်းလာတာ မဟုတ်ဘူးလို့ ပြောနေတာလား" ကူယွဲ့ သူမကိုမယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။
"ဟုတ်တယ်" သူမ ခေါင်းညိတ်ပြလိုက်ပြန်တယ်။
ကူယွဲ့က ခံစားချက်မဲ့တဲ့ ရှန်းရင်ကိုကြည့်လိုက်တယ်။
"မင်း ဒါဘယ်အချိန်က သိတာလဲ"
"အစတည်းက" သူမက သစ်သီးတစ်လုံးကို ဂျွတ်ခနဲဝါးလိုက်တယ်။
"အစတည်းက... သောက်ကျိုးနည်း ငါ့ကို ဘာလို့မပြောတာလဲ"
"နင် မေးမှမမေးတာ"
"ငါမမေးရင်တောင် မင်းဒီတိုင်း ပြောလိုက်လို့မရဘူးလား" အဖေနဲ့သမီးကြားက ယုံကြည်မှုက ဘယ်ရောက်သွားတာလဲ
"နင်သိမယ်ထင်နေတာ"
"ငါသိတယ်လို့ မင်းရဲ့ဘယ်မျက်စိက မြင်တာတုံး"
w(゚Д゚)w
ဘယ်သူက ဒီလိုကိစ္စကို အလွယ်လေးခန့်မှန်းနိုင်မှာလဲ။
ရှန်းရင်က ခေါင်းလေးစောင်းတယ်။
"ငါ့ကို ဇာတ်ကြောင်းပြောပြသူက နင်မဟုတ်ဘူးလား"
"ဟမ်" သူ တုံ့ဆိုင်းသွားတယ်။ သူမ ဘာဆိုလိုတာလဲ။
"ဒါက ဇာတ်ကြောင်းနဲ့ဘာဆိုင်လဲ"
"နင်ဖတ်တဲ့စာအုပ်ပေါ့" ရှန်းရင်က စိမ်ပြေနပြေ အသီးဆက်စားတယ်။
"စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကလွဲပြီး ဖြစ်စဉ်တွေက လုံးဝခြားနားပေမဲ့ ပေါ်လာခဲ့တဲ့လူတွေက အဆုံးမှာ ပေါ်လာတဲ့လူတွေနဲ့ အတူတူပဲမဟုတ်လား"
ကူယွဲ့ ဂရုတစိုက်စဉ်းစားကြည့်လိုက်တော့ အဓိကဇာတ်ကောင်တွေအားလုံး တကယ်ပဲပေါ်လာပြီ။ ဇာတ်လိုက်ရော၊ ဇာတ်လိုက်မင်းသမီးရော၊ ယိချင်းနဲ့ နတ်ဆိုးဘုံဆီတံခါးပါ ပေါ်လာပြီ။
ဒါပေမဲ့...။
"ဒါက ငါနဲ့ဘာဆိုင်လဲ၊ ငါကဇာတ်လမ်းထဲက လူမှမဟုတ်တာ"
"နင်မဟုတ်လို့ အတိအကျပဲ"
"ဘာသဘောလဲ" သူတို့က နဂိုက စာအုပ်ထဲက မဟုတ်ဘူးလေ။
"ဟင်း" ရှန်းရင် သက်ပြင်းရှည်ကြီးချပြီး သူမစားပြီးသွားတဲ့ သစ်သီးအူတိုင်ကို အောက်ချလိုက်တယ်။
"ဖေဖေနျို၊ စာအုပ်က နင့်တူမလေးဆီကလို့ ဆက်တိုက်ပြောခဲ့တယ်နော်၊ ဒါဆို စာအုပ်က ဘယ်ထုတ်ဝေရေးကလဲ မှတ်မိလား၊ စာရေးဆရာရော၊ ဈေးနှုန်းရော"
"ဘယ်သူက စာအုပ်ဖတ်ရင် ဒီလိုဟာတွေကို သတိထားမိမှာလဲ" သူက ဒါပုံမှန်ပဲလေဆိုတဲ့ လေသံနဲ့ ပြောလာတယ်။
"ကောင်းပြီလေ၊ နင်သတိမထားမိဘူးပဲ ပြောကြရအောင်၊ အဖုံးကရောဘယ်လိုပဲ၊ စာအုပ်အဖုံးတော့ မြင်ခဲ့မှာပေါ့၊ ဘယ်လိုအမျိုးအစားလဲ၊ အသေးစိတ် ပြောပြနိုင်လား"
"သေချာပေါက် ငါသိတာပေါ့၊ အဲဒါက..." ကူယွဲ့ပြောနေရင်းရပ်သွားပြီး သူ့ခေါင်းထဲက ပြတ်သားနေတဲ့ပုံရိပ်က ရုတ်တရက် ဝေဝါးလာတယ်။ သူ အဖုံးက ဘယ်လိုပုံစံလဲဆိုတာ တကယ်ပဲ မမှတ်မိနိုင်တာလား။
"မမှတ်မိဘူးလား"
"ဘာလို့ ဒီလိုဖြစ်တာလဲ"
"နင် စာအုပ်ကို အရင်က တစ်ခါမှ မမြင်ဖူး မဖတ်ဖူးလို့၊ ဒါမှမဟုတ် စာအုပ်က ဘယ်တုန်းကမှ နင့်တူမ ပိုင်ခဲ့တာ မဟုတ်လို့ပဲ"
"အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ငါမြင်ခဲ့တာ အသေချာကြီး၊ ငါ့တူမက နွေရာသီတစ်ခုလုံး အဲဒါကို လက်ထဲကမချဘူး"
"အဲလိုလား" ရှန်းရင်က ဆက်ပြောတယ်။
"နင့်တူမကို အရမ်းချစ်မဲ့ပုံပဲ"
"ဒါပေါ့" သူမ ဘာကြောင့်ဒီမေးခွန်းကို မေးလဲမသိပေမဲ့ သူ ဝသီအတိုင်း ခေါင်းညိတ်ပြလိုက်တယ်။
"ငါ့မှာ ဒီတူမပဲ ရှိတာ"
"အဲဆိုပိုတောင် ထူးဆန်းသွားပြီ"
ရှန်းရင်က သူ့ကိုလှမ်းကြည့်တယ်။
"နင်က အရမ်းချမ်းသာပြီး နင့်တူမကို ဒီလောက်ချစ်တာ၊ ဒါပေမဲ့ သူ့ကို နွေရာသီတစ်ခုလုံး မှောင်ခိုစာအုပ် ဖတ်ခွင့်ပြုခဲ့တယ်ပေါ့"
"မှောင်ခိုလား၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်..."
"ဖေဖေနျို" သူမက သူ့ကို ကြားဖြတ်ပြောပြီး ပခုံးကိုပုတ်လိုက်တယ်။
"အညှီအဟောက်ဝတ္ထုတွေက ထုတ်ဝေခွင့် မရှိဘူးလေ"
အပြာစာအုပ်၊ ရုပ်ရှင်တွေကို ပိတ်ပင်ထားတယ်နော်။
"အာ..." ငါ အဲဒါက အညှီအဟောက်ဝတ္ထုမဟုတ်ဘူးလို့ ပြောပြီးပြီလေ... ဟုတ်ပြီလေ၊ နည်းနည်းလေး ပါရုံပေါ့။
^(* ̄(oo) ̄)^
"ဒါကြောင့်..." ရှန်းရင် ထရပ်ပြီး သူမရှေ့က ပန်းကန်ပြားအလွတ်ကို မျက်နှာသေနဲ့ ကြည့်နေပြီးတဲ့နောက် သူ့ရှေ့က ပန်းကန်ပြားနဲ့ လဲပြီး ဆက်ပြောလိုက်တယ်။
"တကယ်လို့ နင်အဲစာအုပ်ကိုသာ တကယ်ဖတ်ခဲ့ရင် တစ်ခုတည်းသောဖြစ်နိုင်ခြေက... တစ်ယောက်ယောက်က နင့်ကို တမင်တကာမြင်စေခဲ့တာပဲ"
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"မင်းပြောနေတာက တစ်ယောက်ယောက်က ငါ့ကို ဒီစာအုပ်ထဲ ကူးပြောင်းလာအောင် တမင်သက်သက် လုပ်ခဲ့တယ်ပေါ့"
"ဒါက စာအုပ်ထဲက ကမ္ဘာလို့ နင်ထင်နေသေးတာလား"
ကူယွဲ့ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားခဲ့တယ်။
"မဟုတ်ဘူးလား"
"ဟုတ်လား"
…
218
အခန်း ၂၁၈ ။ အမတလောကတွင် ပြောင်းလဲမှု
"ဆိုရိုးရှိတယ်မလား၊ ပန်းတိုင်းမှာ ကမ္ဘာတစ်ခုရှိတယ်တဲ့" စာအုပ်တစ်အုပ်မှာ ကမ္ဘာတစ်ခုပါဝင်နေတာ မထူးဆန်းတာများလား။
"ပန်းတစ်ပွင့်မှာ ကမ္ဘာတစ်ခု ပါ၊ မပါမသိပေမဲ့ အနည်းဆုံးတော့ ပန်းက အသက်ရှိတယ်၊ စာအုပ်ဆိုတာ အမျှင်တွေနဲ့ မင်ရည်တွေပဲပါတာ၊ ဒါတွေက သက်ရှိကို မွေးထုတ်နိုင်မယ်ထင်လို့လား"
"အာ..." ဒါအဓိပ္ပာယ်ရှိလို့ ကူယွဲ့ ဆွံ့အသွားတယ်။
"တကယ်လို့ စာအုပ်ထဲ ကမ္ဘာတစ်ခုရှိနေရင်တောင် အဲဒါက နှစ်ဖက်မြင်ကမ္ဘာတစ်ခုပဲ ဖြစ်လောက်မှာ၊ ဘယ်လိုလုပ် နင့်လိုသုံးဖက်မြင်ကမ္ဘာကလူကို ဆွဲခေါ်နိုင်မှာလဲ" ရှန်းရင်က အသီးကို ဝါးရင်း ဆက်ပြောတယ်။
"တကယ်လို့ ငါတို့ ခြေလှမ်းတစ်သောင်းလောက် ပြန်ဆုတ်ပြီး စာအုပ်ထဲ ကမ္ဘာတစ်ခု ပါဝင်နေတယ်လို့ ဝန်ခံရင်တောင် ငါတို့က ခဲဖျက်တွေမှမဟုတ်တာ၊ ဘယ်လိုလုပ် ရေးပြီးသား ဇာတ်လမ်းကို ပြောင်းလဲနိုင်မှာလဲ"
"..." ကူယွဲ့က မှင်တက်သွားပြီး ရင်ထိတ်သွားခဲ့တယ်။
"ဒီကမ္ဘာထဲက တစ်ယောက်ယောက်က ငါတို့ကို ဒီကမ္ဘာဆီ တမင်သက်သက် ဆင့်ခေါ်ဖို့ စာအုပ်ကို ရေးခဲ့တယ်လို့ပြောတာလား၊ ဒါပေမဲ့ စာအုပ်ထဲက ဇာတ်ကြောင်းတွေက ငါကူးပြောင်းလာပြီးတဲ့နောက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အားလုံးလေ၊ ဒါဆို ဒီစာအုပ်က..."
"ရှေ့ဖြစ်ဟောစာအုပ်" ရှန်းရင်က သူ့စကားကို အဆုံးသတ်ပေးလိုက်တယ်။
"ငါ-ိုး" တကယ်ပဲ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့ ဂါထာတွေ ရှိတယ်ဆိုပေမဲ့ ဘာလို့ သူတို့ကို ညစ်ညမ်းဝတ္ထုပုံစံ ရေးထားတာလဲဟ။ ဒါပေမဲ့ သူ ဒီနည်းအတိုင်း စဉ်းစားကြည့်ရင် ဇာတ်ကြောင်းကို အဲလောက်အလွယ်လေး ပြောင်းနိုင်တာက အနာဂတ်ဆိုတာ မသေချာ မရေရာလို့ပဲ။
"ဒီခွေးသားက ဘယ်သူလဲ၊ မင်း ဟွေ့လင်ဆီက ဘယ်သူလဲဆိုတာ သိခွင့်ရလိုက်လား"
"ဟင့်အင်း"
ရှန်းရင်ခေါင်းယမ်းပြီး ခွေး*လေးရဲ့ ပျောက်ဆုံးသွားပုံအသေးစိတ်ကို ပြောပြလိုက်တယ်။
ကူယွဲ့ပိုပြီးတောင် မျက်မှောင်ကြုတ်မိပြီး သူတစ်ခါမှ မခံစားဖူးတဲ့ စိတ်ပူမှုပုံစံတစ်မျိုး ပြေးဝင်လာတယ်။
တခြားတစ်ယောက်ယောက် ထိန်းချုပ်တာခံနေရတယ်ဆိုတဲ့ ဒီခံစားချက်က ဆိုးဝါးပြီး ဘယ်သူလဲ မသိရတာက ပိုပြီးတောင် ဆိုးသွားစေတယ်။
"ဒါဆို ဟွေ့လင်က အဲလိုမျိုးပဲ သေသွားတာပေါ့"
"အင်း"
"ဒါဆို မင်းထင်လား ဟွေ့လင်က ဘယ်သူလဲသိမယ်လို့..."
ရှန်းရင်က တစ်ခဏစဉ်းစားနေပြီး ခေါင်းယမ်းလိုက်တယ်။
"မသိလောက်ဘူး"
ခွေး*လေးရဲ့ ကနဦးတုံ့ပြန်မှုကိုမြင်ရချိန် လိမ်နေတဲ့ပုံ မပေါ်ဘူး။ သူမ ဘာမေးနေလဲဆိုတာ တကယ်ပဲ မသိဘူး။ သူက တခြားသူတွေ ခြယ်လှယ်တာခံနေရတဲ့ စစ်တုရင်အရုပ်တစ်ခုခုသာသာပဲ။
"ဒါဆို ကြိုးကိုင်သူက ငါတို့ကို ဒီကမ္ဘာကူးပြောင်းစေပြီးတော့ ဘာလုပ်စေချင်တာလဲ"
ကူယွဲ့ သေသေချာချာစဉ်းစားကြည့်ပေမဲ့ ဆန်းကြယ်မှုက ပိုသာကြီးမားလာတယ်။
"ပြီးတော့ အဲစာအုပ်နဲ့ ပတ်သက်ပြီးတော့လေ၊ သူက သူကြိုတင်ခန့်မှန်းထားတဲ့ အဖြစ်အပျက်တွေကို ငါ့ကို ပြောပြဖို့အတွက်ရေးခဲ့တာ၊ ဘာရည်ရွယ်ချက်အတွက်လဲ"
ရှန်းရင်က မျက်မှောင်ကြုတ်ပြီး တစ်ခဏကြာမှ သုန်သုန်မှုန်မှုန်ပြန်ဖြေတယ်။
"အဲတံခါးကို ဖွင့်ဖို့အတွက်များ... ဖြစ်နိုင်မလား"
"ဘယ်တံခါး... နတ်ဆိုးဘုံဆီ သွားတဲ့တံခါး"
ကူယွဲ့က မျက်လုံးတွေ အသားကုန်ပြူးသွားပြီး စာအုပ်ရဲ့ ဇာတ်ကြောင်းကို စဉ်းစားလိုက်တယ်။ နောက်ဆုံးတိုက်ပွဲက တကယ်ပဲ နတ်ဆိုးဘုံဆီ သွားတဲ့တံခါးပဲ။ ဒါပေမဲ့ တံခါးက အပြည့်မပွင့်ခင် ယိချင်းရဲ့ ချိပ်ပိတ်ခြင်းကို ခံခဲ့ရတယ်။ အစတည်းက သူက ဇာတ်လမ်းထဲက ယိချင်းကို အားကျခဲ့တာ။ ဟုတ်တာပေါ့၊ အဲဒါက သူ စားဖိုမှူး ဖြစ်မလာခင်ကပေါ့။ ဇာတ်ကြောင်းကို သိပြီးတဲ့နောက် နတ်ဆိုးဘုံဆီတံခါးကို ချိပ်ပိတ်ဖို့ကြောင့် သူသေတွင်းတူးမှာကို တားဖို့ အတော်လေးအားထုတ်ခဲ့တယ်။ တကယ်လို့ စာအုပ်ကသာ လမ်းလွဲအောင် ကြိုးစားမှုဆို အဲဒါက တစ်ဖက်လူလိုချင်နေတဲ့ ရလဒ်ဖြစ်မှာပဲ။
"ငါတို့ကို ဝိညာဉ်ကူးပြောင်းစေခဲ့တဲ့လူက... နတ်ဆိုးဘုံက ဖြစ်နိုင်ချေအရမ်းများတယ်လို့ ပြောနေတာလား"
"ဟုတ်တယ်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
"ဒါကြောင့်... သူက ဟွေ့လင်ကို မင်းကို အဆွယ်အပွားနယ်ပယ်ထဲ ပိတ်ထားဖို့ ညွှန်ကြားခဲ့တာပဲ" ရှန်းရင် အနားမှာ မရှိသရွေ့ နတ်ဆိုးဘုံက အမတလောကကို ကျူးကျော်လာမှာကို တားဆီးမဲ့သူ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဆွယ်အပွားနယ်ပယ်က ရှန်းရင်ကို လုံးဝမချုပ်နှောင်ထားနိုင်ဘူးဆိုတာ တစ်ဖက်လူက ခန့်မှန်းမိခဲ့တဲ့ပုံ မပေါ်ဘူး။
ကူယွဲ့ ကသုတ်ကရိုက် ထရပ်ပြီး အပြင်ကိုလှမ်းကြည့်ကာ အမိန့်ပေးလိုက်တယ်။
"ယွီဟုန် မင်း လန်ဟွားကို သွားရှာချေ၊ ငါတို့ကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ ခေါ်သွားပေးဖို့ အင်းကွက်အစီအရင်ပြင်ထားခိုင်းလိုက်" အဲတုန်းက ရှန်းရင်က ငမည်းလေးကို အမတလောကထဲ သူလျှိုလုပ်နေတဲ့ နတ်ဆိုးတွေအားလုံးကို ပြန်ဆင့်ခေါ်ဖို့ ၃ရက်အချိန်ပေးခဲ့တယ်။ အခု တစ်လကျော်သွားပြီဆိုတော့ တံခါးက ပျောက်သွားသင့်ပြီ။
"နတ်ဆိုးလောကဆီတံခါးက ရှိသေးလား သွားကြည့်ရ..."
သူ စကားမဆုံးခင် မြေကြီးက လှုပ်သွားပြီး အုန်းအုန်းမြည်သံကြီးက အလွန်ဝေးကွာတဲ့ နေရာတစ်နေရာဆီကနေ ထွက်လာတယ်။ မသေမျိုးချီတွေ အများကြီး သူတို့ဆီ ပြေးဝင်လာပြီး နန်းတော်တစ်ခုလုံးထဲ လေပြင်းလို ဖြတ်ပြေးသွားတယ်။
ကူယွဲ့ ရင်ထိတ်သွားပြီး ချက်ချင်း မကောင်းတဲ့ခံစားချက်ရလိုက်တယ်။ သူ ရှန်းရင်နဲ့ အကြည့်ချင်း ဖလှယ်ပြီး နန်းတော်အပြင် ပြေးထွက်ခဲ့တယ်။
အုန်းအုန်းမြည်သံကြီးက မရပ်ဘဲ ဝူတိဂိုဏ်းတင် မဟုတ် တခြားနေရာတွေပါ တုန်ယင်နေတာက ကမ္ဘာမြေကြီး အသက်ဝင်လာတဲ့အတိုင်းပဲ။ တပည့်တွေအားလုံး နန်းတော်အပြင်ဘက် စုဝေးလိုက်ကြတယ်။
"ဆရာ..." ဟင်းချက်နေတဲ့ယိချင်းပါ ပြေးထွက်လာပြီး သူ့ယောက်မကတော့ လက်ထဲရှိနေဆဲ။
သူက ရှန်းရင်ကို လှည့်ကြည့်ပြီးနောက်မှာတော့ အဝေးကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"မင်းတစ်ခုခု ခံစားရတာလား" ကူယွဲ့ ကအမြန်မေးလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယိချင်းက အရှိန်အဝါတွေနဲ့ ပတ်သက်ရင် ထိလွယ်ရှလွယ်အရှိဆုံးပဲ။
ယိချင်း သူ့ယောက်မကိုမြှောက်ပြီး အဝေးကို ညွှန်ပြလိုက်တယ်။
"မသေမျိုးချီတွေက အဲကနေ ပြေးဝင်လာကြတဲ့ပုံပဲ၊ ကြည့်ရတာ... တစ်ခုခုက သူတို့ကို မောင်းထုတ်နေတဲ့ပုံ ပေါ်တယ်၊ ဘာလဲဆိုတာတော့ မသိဘူး"
"သူတို့ကို မောင်းထုတ်နေတာလား"
"တစ်ခုခု ပြုတ်ကျလာတာပဲ" ရှန်းရင်က ရုတ်တရက် ပြောလာတယ်။
"ဘာလဲ" ကူယွဲ့ထိတ်လန့်သွားတယ်။
"ဘာကြီး..."
သူ စကားမဆုံးခင် မြူခိုးနက်တစ်ခု ပေါ်လာပြီး သူတို့ဆီ အန္တရာယ်ဖြစ်နိုင်တဲ့ အမြန်နှုန်းမျိုးနဲ့ ပျံသန်းလာကာ ရှန်းရင်ဆီ တန်းတန်းမတ်မတ်ဦးတည်တော့တယ်။
"စိတ်..."
"ဘယ်သူလဲ" ရှန်းရင်ဘေး ရပ်နေတဲ့ယိချင်းက အကျင့်အတိုင်း သူ့ယောက်မကို ဝှေ့ယမ်းလိုက်တယ်။
ချွင် ပြင်းထန်တဲ့အသံ ကြားလိုက်ရပြီး မြူခိုးနက်တစ်ခုလုံး လွင့်ထွက်ကာ ကျောက်လှေကားထစ်တွေပေါ် အရှိန်နဲ့ ပြုတ်ကျသွားလေရဲ့။
"ချီးပဲ စားဖိုမှူး ငါ့ကို ဘာလို့ရိုက်တာတုံး"
အဲအသံက...။
ကြမ်းပြင်ပေါ်ကနေ သူ့ဘာသာထနေတဲ့လူကို ကြည့်ပြီး ကူယွဲ့မင်သက်နေမိတယ်။
"မင်းက လန်ဟွားလား"
"အဲဒါသိသာတယ် မဟုတ်ဘူးလား သေချာပေါက်ငါပေါ့၊ ဒီမှာ တခြားဘယ်သူက သူတို့ကိုယ်ပေါ် နတ်ဆိုးချီရှိလို့လဲ"
သူ ဒေါသတကြီး ထရပ်ပြီး လက်သိုင်းကွက်တစ်ခု ထုတ်လိုက်တယ်။ ချက်ချင်းပဲ သူ့ကိုယ်ပေါ်က နတ်ဆိုးချီက ပျောက်ကွယ်သွားပြီး မူလလူအသွင်ပုံစံဆီ ပြန်ပြောင်းသွားခဲ့တယ်။
"ဘာလုပ်နေတာလဲ၊ နတ်ဆိုးချီတွေကို အဲလိုမျိုး လွှတ်ပြီး" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ အဲမြူခိုးနက်တွေထဲ မင်းဘယ်သူလဲဆိုတာ ဘယ်သူမြင်ရမှာတုံး။ အထုထောင်းခံသင့်တယ်။
"အဲဒါဘာသဘောလဲ၊ ငါလည်း လုပ်ချင်လို့မဟုတ်ဘူး၊ အဲဒါက... ဟုတ်သား" သူက အရေးကြီးတဲ့ တစ်စုံတစ်ရာကို မှတ်မိသွားပုံပေါ်ပြီး ရှန်းရင်ဘက်လှည့်ကာ လှမ်းဆုပ်ကိုင် အသေးစိတ် စစ်ဆေးတော့တယ်။
"စိတ်နှလုံးကောင်း၊ မင်းအဆင်ပြေရဲ့လား၊ လက်တစ်ဖက်၊ ခြေထောက်တစ်ဖက်ဖက်များ ဆုံးရှုံးသွားသေးလား၊ ငါ့မြန်မြန်ပြော"
ရှန်းရင် ။ ။ "..."
ယိချင်း မျက်မှောင်ကြုတ်ပြီး သူ့ရဲ့ ထိန်းမနိုင်သိမ်းမရလက်ကို ယောက်မနဲ့ ရိုက်ထုတ်လိုက်တယ်။
"ဆရာက အဆင်ပြေတယ်၊ ခင်ဗျားက အဲဒါမေးတာ ဘာအကြံအစည်တွေရှိလို့တုံး"
"မင်း တကယ်အဆင်ပြေတာလား" သူက မယုံတယုံကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"ဒါဆို ငါဘာလို့ ရုတ်တရက် ကောင်းကင်မိစ္ဆာ ဖြစ်လာတာလဲ"
"ကောင်းကင်မိစ္ဆာ" လူတိုင်းက ထိတ်လန့်သွားကြတယ်။
"မင်းကျင့်ကြံဆင့် တက်လှမ်းသွားပြီပေါ့"
"ဟုတ်တယ်" သူခေါင်းညိတ်ပြလိုက်တယ်။
"ခုလေးတင် ငါ့ကျင့်ကြံဆင့်က ရုတ်တရက် အမြန်နှုန်းနဲ့မြင့်တက်လာပြီး ကောင်းကင်မိစ္ဆာအဆင့် ရောက်သွားတာပဲ၊ စိတ်နှလုံးကောင်း တစ်ခုခုဖြစ်တယ်ထင်လို့ ငါလာကြည့်တာ"
ယေဘုယျကျကျပြောရရင် သူ့ရဲ့ နောက်ဆုံးစိတ်နှလုံးကောင်းလက်ကျန်ကို ရှင်းထုတ်ပြီးမှ ကောင်းကင်မိစ္ဆာအဆင့်ကို တက်လှမ်းနိုင်မှာ။ ဒါပေမဲ့ သူ အနောက်တောင်မှာ တွင်းကို မုန်လာဥဖြူနဲ့ အတူ ဖြည့်နေတုန်းရှိသေး ကျင့်ကြံဆင့်က ရုတ်တရက် မြင့်တက်လာတာပဲ။
"စောနက ဘာမှမခံစားရဘူးလား" ကူယွဲ့ရင်ထဲက မကောင်းတဲ့ခံစားချက် ပိုပြီးပြင်းထန်လာတယ်။
"ဟင့်အင်း" သူက ခေါင်းယမ်းပြတယ်။
"ရုတ်တရက်ကြီး နတ်ဆိုးချီတွေ အများကြီးပေါ်လာရုံပဲ၊ ငါအကုန်လုံးတောင် မစုပ်ယူနိုင်ဘူး" သူ ပြောသလိုပဲ အမည်းရောင်ချီက ရုတ်တရက် သူ့ကိုယ်တစ်ဝိုက်မှာပေါ်လာပြီး မြူခိုးနက်အဖြစ် ပြန်ပြောင်းတော့မဲ့ပုံစံနဲ့။
"နတ်ဆိုးချီ..." ကူယွဲ့မျက်လုံးပြူးလာပြီး ရင်ထိတ်သွားတယ်။ သူ ရှန်းရင်ကို ပြန်လှည့်ကြည့်ပြီး တည်ကြည်စွာပြောလိုက်တယ်။
"လန်ဟွား၊ ငါတို့ကို အခု ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီပို့ဖို့ အင်းကွက်ဖန်တီးပေးပါ"
"ဟမ်" လန်ဟွားကြည့်ရတာ အူကြောင်ကြောင်ဖြစ်နေပြီး ဘာဆိုလိုလဲဆိုတာ နားမလည်ပေမဲ့ လေကို ဖြတ်သွားဖို့ နတ်ဆိုးချီသုံးလိုက်သေးတယ်။
ကျင့်ကြံဆင့် မြင့်တက်သွားလို့ထင် အင်းကွက်ဖန်တီးတဲ့ကြာချိန်ကလည်း မြန်ဆန်လာတယ်။ မကြာခင်ပဲ အက်ကွဲကြောင်းတစ်ခု သူတို့ရှေ့ပေါ်လာတယ်။
"သွား" ကူယွဲ့ ချက်ချင်း ပြေးဝင်ပြီး သုံးယောက်သားလည်း အမြန် နောက်ကလိုက်လာကြတယ်။
ချက်ချင်းပဲ မျက်စိရှေ့ကမြင်ကွင်းက ပြောင်းလဲပြီး နောက်တစ်နေရာ ရောက်သွားပြီ။ သူတို့ အက်ကွဲကြောင်းထဲက ထွက်ထွက်ချင်း လေးယောက်သား ဝူတိဂိုဏ်းမှာကြုံခဲ့ရသလိုမျိုးပဲ ရင်းနှီးနေတဲ့တုန်ခါမှုကို ခံစားလိုက်ရတယ်။
ဒါပေမဲ့ ဒါက အများကြီးပိုအားပြင်းထန်ပြီး နောက်အခိုက်အတန့်မှာတင် သူတို့မျက်စိရှေ့က မြင်ကွင်းကြောင့် အံ့ဩမင်သက်သွားခဲ့တယ်။
အရင်က မသေမျိုးချီအပြည့် ဖြစ်နေခဲ့တဲ့ကောင်းကင်က ခုတော့ မသေမျိုးချီ ကင်းမဲ့လုနီးပါးဖြစ်နေပြီ။
ဧကရာဇ်တက်လှမ်းမှုစင်မြင့်နောက်က နေရာလွတ်က ခုတော့ ကွင်းပြင်တစ်ခုလုံး မည်းနက်နေတယ်။ ကောင်းကင်က ထက်ခြမ်းပိုင်းခံထားရသလိုမျိုး တစ်ဝက်က လုံးဝမည်းမှောင် တစ်ဝက်က လုံးဝဖြူဖွေးနေတယ်။
သူတို့ မည်းမှောင်နေတဲ့ကွင်းပြင်ထဲ ထူးဆန်းတဲ့ကျောက်တုံးတွေ၊ ချော်ရည်တွေစီးနေတာကို ခပ်ရေးရေး မြင်နေရတယ်။ အားလုံးကို မြူခိုးမည်းကြီးနဲ့ဝိုင်းထားတာပဲ။
အဲနေရာက ရင်းနှီးနေတဲ့ပုံပေါ်တာမို့ ရှန်းရင်မျက်လုံးမှေးလိုက်မိတယ်။ အဲနေရာက...။
…
219
အခန်း ၂၁၉ ။ နတ်ဆိုးဘုံသမိုင်း
"နတ်ဆိုးကမ္ဘာ" လန်ဟွား ထိတ်လန့်တကြား ရေရွတ်လိုက်တယ်။ သူက နတ်ဆိုးပဲ - သေချာပေါက် သူ့ရှေ့က ဘာလဲဆိုတာ သူသိတာပေါ့။
ဟိုလီရှစ် ကူယွဲ့ရဲ့ အမူအရာမည်းမှောင်သွားပါလေရော။ သူ တစ်ယောက်ယောက်ရဲ့ အမေကို ဆဲချင်နေမိတယ်။
နတ်ဆိုးလောကက ဒီမှာတကယ်ပဲ ပေါ်လာတာ။ သူတို့ နတ်ဆိုးလောကထဲဝင်တဲ့ တံခါးတွေအကြောင်း ပြောနေရုံမဟုတ်တော့ဘူး - နတ်ဆိုးလောကတစ်ခုလုံး သူတို့ရှေ့ ရောက်ချလာတာပဲ။ အမတဘုံနဲ့ ပေါင်းစပ်နေတာ။
ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ကောင်းကင်အလွန်မှကောင်းကင်များရဲ့ နယ်နိမိတ်စွန်းမှာတည်ရှိတာ။ အဲနဲ့သိပ်မဝေးတဲ့အောက်ဘက်မှာတော့ ဟင်းလင်းပြင်နယ်မြေ။ အဲဒါက အမတဘုံတစ်ခုလုံးရဲ့ နယ်နိမိတ်ဘောင်ပဲ။ နည်းနည်းလောက် ဆက်သွားရင် ဘာမှမရှိတော့ဘူး။ တကယ်လို့ နတ်ဆိုးလောကသာ အဲမှာပေါ်လာရင် အမတဘုံနဲ့ ပေါင်းစပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။
စောနက လှုပ်ရှားမှုကြီးရှိသွားခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူး။ အမတဘုံတစ်ခုလုံး တစ်နာရီနီးပါး အသည်းအသန် ခါယမ်းနေခဲ့တာ။ အမတဘုံနဲ့ နတ်ဆိုးဘုံက နဂိုက အတူတူတည်ရှိနေခဲ့တာ။ သူတို့ပေါင်းစပ်သွားတယ်ဆိုတဲ့ အရိပ်နိမိတ်မရှိရင်တောင် ထူးဆန်းနေမှာ။
"ဘာဖြစ်ခဲ့တာလဲ" ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရှေ့က ထူးဆန်းတဲ့ မိုးကုပ်စက်ဝန်းကို ကြည့်နေမိတယ်။ ဘယ်သူက နတ်ဆိုးဘုံတစ်ခုလုံးကို အမတဘုံဆီ ဆွဲခေါ်နိုင်တဲ့ အစွမ်းရှိတာလဲ။
"ကြည့်ရတာ ဒါကိုလုပ်ခဲ့တဲ့ နတ်ဆိုးကို မေးကြည့်ရမဲ့ပုံပဲ" ကူယွဲ့အသံက အေးစက်နေတယ်။
လေးယောက်သား ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ်က ပုဂ္ဂိုလ်ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်ကြတယ်။
နတ်ဆိုးဘုရင် ကြောက်လန့်တကြား တုန်ရီနေပြီ။ သူ တစ်ဖက်လှည့်ပြီး ထွက်ပြေးချင်စိတ်ကို ချိုးနှိမ်နေရတယ်။ ကျောမတ်မတ်ရပ်ပြီး သူ အညံ့ခံကာ ကျိုးနွံဖို့ ဆုံးဖြတ်လိုက်တယ်။
"မင်းဒါကို လုပ်ခဲ့တာလား" ကူယွဲ့က နတ်ဆိုးလောကနဲ့ သူ့နောက်က ပွင့်နေတဲ့ နတ်ဆိုးတံခါးတွေကို လက်ညှိုးထိုးလိုက်တယ်။
"စွပ်စွဲခံရတာပါ၊ ကြီးမြတ်တဲ့နတ်သမီး" နတ်ဆိုးဘုရင်က ချွေးစေးတွေ ပြန်နေပြီး မျက်ရည်တွေ ဝိုင်းနေတယ်။
"ဘာတွေဖြစ်နေလဲဆိုတာတောင် မသိပါဘူး၊ ခင်ဗျားတို့စကား နားထောင်ပြီး နတ်ဆိုးဘုံဆီ နတ်ဆိုးတွေအားလုံးကို ပြန်ခေါ်သွားခဲ့ပါတယ်၊ ဒါပေမဲ့ တံခါးတွေက ရုတ်တရက် ပွင့်သွားပြီး ပြီး... ပြီး... ကျွန်တော် ဒီမှာပေါ်လာတာပဲ" သူကိုယ်တိုင်လည်း အမတဘုံဆီ မသွားချင်ပါဘူး နတ်ဆိုးဘုရင် ဖြစ်ခဲ့ရတာလွယ်ခဲ့တယ် - လူတိုင်းက သူ့အမိန့်လိုက်နာဖို့ အသင့်ဖြစ်နေကြတာ။
အခု နတ်ဆိုးဘုံနဲ့ အမတဘုံက ပေါင်းစပ်နေပြီဆိုတော့ သူတို့ကိုခြားထားတဲ့ တံခါးတစ်ခုတောင် မရှိတော့ဘူး။ သူ ဘယ်သွားသွား ကြီးမြတ်တဲ့နတ်သမီးနဲ့ ဝင်တိုးနိုင်တယ်။ အရမ်းကို ကြောက်ဖို့ကောင်းတာပဲ နတ်ဆိုးတွေအားလုံး အန္တရာယ်ရှိနေပြီ။
(; ́༎ຶД༎ຶ`)
"နင်တကယ်ပဲ နတ်ဆိုးဘုံက အမတဘုံဆီ ကျဆင်းလာတာနဲ့ပတ်သက်ပြီး ဘာမှမဆိုင်ဘူးလား"
"မဆိုင်ပါဘူး" နတ်ဆိုးဘုရင် ခေါင်းယမ်းလိုက်တယ်။ သူ နတ်ဆိုးတစ်ယောက်အနေနဲ့ ရည်မှန်းချက်တွေအားလုံးကို လက်လျှော့ထားပြီးပြီ။
"တကယ်လို့ဒီလိုအစွမ်းသာရှိရင် ကျွန်တော် ဒါကိုလုပ်ဖို့ ခုထိစောင့်နေခဲ့ပါဦးမလား" လူတစ်ယောက်က ဘုံ၂ခုကို ပေါင်းစပ်ဖို့အတွက် မဟာစွမ်းအား လိုတယ်။ အဲဒါအပြင် သူ ဒီလိုစွမ်းအားပိုင်ဆိုင်ရင်တောင် နတ်ဆိုးဘုံကို သေမျိုးဘုံနဲ့ပဲ ပေါင်းစပ်လိုက်မှာ - အမတဘုံနဲ့တော့မဟုတ်ဘူး
"ဒါဆို ဘယ်သူက ဒီလိုလုပ်ဖို့ အစွမ်းရှိလဲ" ရှန်းရင်မေးလိုက်တယ်။
"ဟမ်" နတ်ဆိုးဘုရင်က ကြောက်လန့်တကြားတန့်သွားတယ်။
"အာ... အာ ကျွန်တော်ကိုယ်တိုင်လည်း မသေချာဘူး၊ ဘုံနှစ်ခုကို ပေါင်းဖို့မပြောနဲ့ နတ်ဆိုးဘုံတံခါးကို ဖွင့်ဖို့တင် ခက်နေပြီ၊ ဒီလိုစွမ်းအားပိုင်ဆိုင်တဲ့သူ တစ်ခါမှမမြင်ဖူးဘူး၊ ဟို..." သူ့မျက်လုံးတွေက တစ်ခုခုကို စဉ်းစားမိဟန် တောက်ပသွားတယ်။
"ကောင်းကင်ဘုံက တစ်ယောက်ယောက် မဟုတ်သရွေ့ပေါ့"
"ကောင်းကင်ဘုံလား" နတ်ဆိုးဘုရင်က အသည်းအသန် ခေါင်းညိတ်ပြီးသိသိသာသာ စိတ်လှုပ်ရှားနေတဲ့ပုံ။
"အစတုန်း အမတနဲ့ ကောင်းကင်ဘုံက အတူတူပေါင်းစည်းနေခဲ့တာလေ၊ နောက်တော့ တိုက်ပွဲတစ်ခုဖြစ်ပွားတော့ ကောင်းကင်မျိုးနွယ်က ကောင်းကင်ထောက်တိုင်တွေကို ဖျက်ဆီးခဲ့ပြီး ဘုံနှစ်ခုကို အင်းကွက်တစ်ခုနဲ့ ခြားထားခဲ့တယ်။ အဲဒါက ဘုံနှစ်ခုသီးသန့်စီ ဖြစ်သွားတဲ့ပုံပဲ"
"ကောင်းကင်ထောက်တိုင်..." ကူယွဲ့ သူ့နောက်ကို လှည့်ကြည့်လိုက်တယ်။ နတ်ဆိုးဘုံဆီ သွားတဲ့ ရောင်စုံတံခါးတွေက အုတ်ကျိုးအုတ်ပဲ့ပုံကြီးအပေါ်မှာ ထီးထီးမားမားရပ်တည်နေတယ်။ သူ့စိတ်ထဲ မီးသီးလေးတစ်လုံး လင်းသွားခဲ့တယ်။
"နတ်ဆိုးဘုံက အမတဘုံထဲ ဆင်းလာတာက... ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကြောင့် ဖြစ်နိုင်လား"
သူ တခြားသူတွေကို လှည့်ကြည့်လိုက်တယ်။ တကယ်ပဲ သူတို့လည်း ဒီအကြောင်းရင်းကိုပဲ အတိအကျ တွေးမိတယ်။
သူတို့စိတ်ထဲက မြူခိုးက ချက်ချင်း ရှင်းလင်းသွားခဲ့တယ်။
ရှန်းရင်က သူတို့ကို ဝိညာဉ်ကူးပြောင်းစေခဲ့တဲ့လူက နတ်ဆိုးဘုံဆီသွားတဲ့ တံခါးကိုဖွင့်ချင်တာလို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူက ဒါကို တခြားဘယ်သူ့ကိုမဆိုပို့ပြီး အောင်မြင်နိုင်တယ်လေ။ ဘာကြောင့် ဝိညာဉ်ကူးပြောင်းဖို့ သူတို့ကို ရှာခဲ့ရတာလဲ။
ပြီးတော့ သူတို့ဝူတိဂိုဏ်းမှာ ရှိနေချိန် နတ်ဆိုးဘုံတံခါးက တစ်ကြိမ်ပွင့်ခဲ့ဖူးပေမဲ့ ဒီလိုမျိုးမဖြစ်ခဲ့ဘူး။ ရှန်းရင် ထွက်လာချိန် တံခါးလည်း ပျောက်သွားခဲ့တာပဲ။
ဒီတစ်ကြိမ်တော့ နတ်ဆိုးဘုံတံခါးက ပိတ်နေပြီဆိုပေမဲ့ အဲနေရာမှာတင် ရောက်နေပြီ။
တခြားနည်းနဲ့ ပြောရရင်တော့ တံခါးကို ဖွင့်တာက ဒုတိယဦးစားပေးပဲ - အရေးကြီးတဲ့အရာက သူတို့ အဲတံခါးတွေကို ဘယ်နေရာမှာ ဖွင့်လဲဆိုတာပဲ။ သူ့ရည်မှန်းချက်က ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆိုတာ သိသာတယ်။ သူက နတ်ဆိုးဘုံအတွက် တံခါးကို ဖွင့်ချင်ခဲ့တာမဟုတ်ဘူး။ အဲ့အစား ကောင်းကင်ထောက်တိုင်ပေါ်က သီးခြားကန့်သတ်အင်းကွက်ကို သုံးပြီး နတ်ဆိုးဘုံတံခါးလုံးကို ဆွဲခေါ်ကာ အမတဘုံနဲ့ ပေါင်းစပ်ချင်ခဲ့တာပဲ။
"ကောင်းကင်ထောက်တိုင်အကြောင်း ဘယ်လိုသိတာလဲ"
ကူယွဲ့ နတ်ဆိုးဘုရင်ကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။ သူတို့ ကောင်းကင်ထောက်တိုင်အကြောင်းတောင် ဟိုတလောကမှ သိခဲ့တာ။ ပြီးတော့အရင်က ကန့်သတ်အင်းကွက်အကြောင်း တစ်ခါမှမကြားဖူးဘူး။
"ဒါတွေက နတ်ဆိုးဘုံရဲ့ သမိုင်းစာအုပ်တွေထဲ အားလုံးရေးထားတာပါ" နတ်ဆိုးဘုရင်က လက်ကောက်ဝတ်ကို လှည့်လိုက်တော့ အမည်းရောင်ဓမ္မအဆောင်တစ်ခု သူ့လက်ဖဝါးထဲပေါ်လာပြီး ကူယွဲ့ထံ ကမ်းပေးလာတယ်။
"ဒါက ကျွန်တော့်နတ်ဆိုးမျိုးနွယ်ရဲ့ သမိုင်းစာအုပ်ပဲ - နတ်ဆိုးဘုံက လူတိုင်း ဒီအကြောင်းသိကြတယ်"
"သမိုင်းစာအုပ်လား" နတ်ဆိုးတွေလည်း စာအုပ်ကြိုက်တယ်ပေါ့။ ကူယွဲ့ အဆောင်ကို ယူပြီး သူ့မသေမျိုးချီကို အလိုလိုအသက်သွင်းမိလိုက်တယ်။ သူနှုတ်ခမ်းသပ်ပြီး အဆောင်ကို လန်ဟွားဆီ ကမ်းပေးလိုက်တယ်။
လန်ဟွား နတ်ဆိုးချီတွေကို အဆောင်ထဲ သွင်းလိုက်တယ်။ နောက်အခိုက်အတန့်မှာ စာအုပ်အမည်းတစ်အုပ် ပေါ်လာတယ်။ အဖုံးမှာရေးထားတာကတော့ "နတ်ဆိုးဘုံ၏ရှေးစာပေများ"။
ခေါင်းစဉ်နောက်မှာတေည့ ရေးထားတာက...။
"နတ်ဆိုးဘုံရဲ့ ၄၃၆၇၁နှစ်မှာ နတ်ဆိုးဘုရင်အဖြစ် တက်လှမ်းခဲ့တယ် သူက သူ့ကိုလှောင်ပြောင်ခဲ့တဲ့ သူ့သွေးသားမျိုးဆက်တွေကို ဖျက်ဆီးခဲ့တယ်"
"နတ်ဆိုးဘုံ၁၀၉၁၃၅နှစ်မှာ ငါ အာဏာရနတ်ဆိုးဘုရင်ကို သတ်ခဲ့တယ်၊ ဒီနေ့ကစပြီး ငါက မင်းတို့ဘုရင်အသစ်ပဲ"
"နတ်ဆိုးဘုံ၂၀၄၀၀၀နှစ်၊ ငါ နတ်ဆိုးဘုရင်လုပ်ရတာ ပျင်းလာပြီ၊ ဒီနေရာရဲ့ အပြင်ဘက်မှာ အမတဘုံတစ်ခု ရှိတယ်ဆိုတာကြားလို့ အပြင်ထွက်ပြီး တစ်ချက်ကြည့်ခဲ့တယ်"
"နတ်ဆိုးဘုံ၂၀၄၀၀၀၁နှစ်၊ ငါ့ရှေ့က နတ်ဆိုးဘုရင်နှစ်ယောက်က ကောင်းကင်မျိုးနွယ် သတ်ဖြတ်တာခံလိုက်ရတယ်၊ ငါက နတ်ဆိုးဘုရင်အသစ် ဖြစ်လာပြီ"
"နတ်ဆိုးဘုံရဲ့ *** နှစ်မှာ ငါ အမတဘုံဆီ သွားဖို့ဆုံးဖြတ်ခဲ့တယ်၊ ငါ ကွေ့ဟွားနဲ့ သိကျွမ်းခဲ့တယ်၊ သူက လှလိုက်တာ ဟီးဟီးဟီး ငါ့ဘုရင်မကို လက်ထပ်ရမယ်"
"နတ်ဆိုးဘုံတစ်နှစ်အတွင်းမှာ အဲဒီအကျင့်မကောင်းတဲ့ ကောင်းကင်မျိုးနွယ်တွေက အမတတွေနဲ့ ပြဿနာတက်တယ် ကြားတယ်၊ ကောင်းကင်ထောက်တိုင်က ကျိုးသွားပြီး သီးခြားကန့်သတ်အင်းကွက်တစ်ခုကို စီရင်ခဲ့တယ်တဲ့၊ ဟားဟားဟား၊ သူတို့နဲ့ ထိုက်တန်တယ်လေ ငါ့ကွေ့ဟွားကို တွေ့ခွင့်မပေးတဲ့အတွက် သူတို့ရသင့်တဲ့ အချိုတည်းတွေပဲ"
"နတ်ဆိုးဘုံရဲ့ တစ်နှစ်နှစ်မှာ နတ်ဆိုးဘုံက ငါ့ကိုအထဲမှာချိပ်ပိတ်ပြီး အပြင်ထွက်ခွင့်မပေးတော့ဘူး၊ ငါ့ကွေ့ဟွား... ဝူးဝူးဝူး"
"ဒါက နတ်ဆိုးဘုံဘယ်နှစ်လဲဆိုတာ ရေတွက်ဖို့ ပျင်းသွားပြီ၊ ကွေ့ဟွားအတွက် နတ်ဆိုးဘုံတံခါးတွေကို ချိုးဖျက်ဖို့ ဆုံးဖြတ်လိုက်တယ် ကွေ့ဟွား ကိုယ့်ကိုစောင့်နေပါ"
"နတ်ဆိုးဘုံထဲ-"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
လန်ဟွား ။ ။ "..."
ဒါ ဘာသောက်ကျိုးနည်း သမိုင်းစာအုပ်တုံး။ ဒါက နတ်ဆိုးဘုရင်ရဲ့ နေ့စဉ်မှတ်တမ်းဆိုတာ အသိသာကြီး။ မဟုတ်ဘူး ဒါရာစုနှစ်ဒိုင်ယာရီပဲ နတ်ဆိုးဘုရင်တစ်ယောက်အနေနဲ့ သူ့စာတတ်မြောက်မှုက ဒီလောက်နိမ့်ကျတာတောင် နတ်ဆိုးဘုံထဲက တခြားသူတွေဆီ လူသိရှင်ကြား ထုတ်ဝေရဲသေးတယ်ပေါ့လေ။ သူ အရှက်မရှိဘူးလား။ သူတို့ကိုယ်သူတို့ ပညာတ်အောင်လုပ်ဖို့ သင့်တော်တဲ့အချိန်ပဲ
ပြီးတော့ ဒိုင်ယာရီထဲ အကြိမ်ရေအများကြီး ထည့်ပြောခံရတဲ့ ကွေ့ဟွားဆိုတာကရော ဘယ်သူတုံး။ ဒိုင်ယာရီရေးသူက ဒီတံခါးတွေကို ဖွင့်ဖို့အတွက်နဲ့ အမတဘုံထဲ သူ့သူလျှိုလေးတွေထည့်ခဲ့တာမလား။
အဲတော့ နတ်ဆိုးဘုံက တံခါးတွေကို ဖွင့်ဖို့ အသည်းအသန်ဖြစ်နေခဲ့တဲ့ အကြောင်းရင်းက သူတို့ဘုရင် မိန်းမပိုးနိုင်ဖို့တဲ့လား။
(╯°Д°)╯(┻━┻
လိမ်လည်မှုကြီးပဲ
လူတိုင်းက နတ်ဆိုးဘုရင်ကိုယ်စား ရှက်သွားကြတယ်။
ရုတ်တရက် ဘယ်သူမှ ကြိုးကိုင်သူရဲ့ အန္တိမရည်ရွယ်ချက်က ဘာလဲဆိုတာမေးဖို့ စိတ်မဝင်စားကြတော့ဘူး။ ဒီနတ်ဆိုးဘုရင်က သူတို့ကို ဝိညာဉ်ကူးပြောင်းစေခဲ့သူ မဟုတ်တာတော့ သေချာတယ်။ သူ မဖြစ်နိုင်ဘူး
မဟုတ်ရင်... ဟာသဖြစ်နေလိမ့်မယ်။