အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
235
အခန်း ၂၃၅ ။ မုန်လာဥဖြူ မခံမရပ်နိုင်ဖြစ်ခြင်း
သူတို့ အရင်က လုပ်ခဲ့ဖူးလို့ထင် ဒီတစ်ကြိမ်တော့ လန်ဟွားက အင်းကွက်စီရင်တဲ့နေရာမှာ အတော်လေး မြန်တယ်။ တစ်နာရီအတွင်း သူက အင်းကွက်ကို ပြင်ပြီးပြီ။ ထူထဲတဲ့နတ်ဆိုးချီတွေက သူ့နား တလိမ့်လိမ့်တက်လာပြီး ဥယျာဉ်တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားခဲ့တယ်။ ကောင်းကင်က မည်းနက်လာပြီ။ နဂိုအသက်ဝင်နေတဲ့ ဥယျာဉ်က အများကြီးပိုငြိမ်သက်လာခဲ့တယ်။ နတ်ဆိုးချီက နွယ်ပင်တွေလို မြင့်တက်လာတယ်။ မြေပြင်တစ်ခုလုံးကို အင်းကွက်နဲ့အတူ ဖုံးလွှမ်းသွားတယ်။ မြေကြီးနဲ့ကစားနေတဲ့ မုန်လာဥဖြူတောင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီ။ သူက ဥယျာဉ်ကို အတော်လေး လေးလေးနက်နက်ကြည့်နေပြီး မုန်လာဥဖြူကြီးတစ်ခု ခုန်ထွက်လာမှာကို စောင့်နေတယ်။
တစ်အောင့်နေတော့ သူက အရွက်တွေကိုမြှောက်ပြီး ညာဘက်က အာလူးတစ်လုံးဆီ လက်ညှိုးထိုးပြတယ်။
"ဟိုမှာ၊ မမလေး၊ ဟိုမှာ ဟိုနေရာမှာ"
နောက်အခိုက်အတန့်မှာတော့ သူတို့ ပလုံဆိုတဲ့အသံကြားလိုက်ရတယ်။ အာလူးကြီးတစ်လုံးက မြေပြင်ပေါ် ပေါ်လာပြီး နောက်ထပ်တွင်းတစ်ကျင်း ပေါ်လာခဲ့တယ်။ ရင်းနှီးနေတဲ့အသံကတွင်းထဲကနေ ပေါ်လာတယ်။
"ဂိုဏ်း... ချုပ်"
"ထုံအာ" ချန်ယွီ လှမ်းခေါ်ကာ ချက်ချင်းရှေ့ပြေးတက်ပြီး အာလူးကို ကောက်ချီလိုက်တယ်။ နောက်ထပ်ပလုံဆိုပြီး ပြုတ်ကျသွားတော့ သူမ တွင်းထဲ ပြန်ကိုင်းကာ အာလူးကို ကောက်ယူလိုက်ရပြန်တယ်။
ချီချန်းယွီ သိသိသာသာကို မတည်မငြိမ်ဖြစ်နေတာ - အာလူးက တစ်လှည့်စီ သေးသွားလိုက် ကြီးလာလိုက်နဲ့။
"ဒါ..." ချန်းယွီ အတော်လေး ဇဝေဇဝါဖြစ်နေတယ်။ ဘာတွေဖြစ်နေတာလဲ။
"ဂျပုလေး" ရှန်းရင်က မျက်နှာပျက်သွားတယ်။ သူမ ရှေ့တက်ပြီး တွင်းဘေး ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
"ဘာတွေဖြစ်ခဲ့တာလဲ၊ နင်ဘယ်မှာလဲ"
ရွှမ်ထုံ့ကိုယ်က ကြီးလာလိုက် သေးသွားလိုက်ဖြစ်နေဆဲ။ သူမကြည့်ရတာ တစ်ခုခုကနေ ရုန်းကန်နေရတဲ့ပုံ။ သူမရဲ့အသံက ပြတ်တောင်းပြတ်တောင်းထွက်လာတယ်။
"မဟုတ်... ကျွန်မ... ဂိုဏ်း... ဒီမှာ.. တစ်ခါမှမမြင်ဖူး... ချိပ်ပိတ်ထားပြီး လုပ်လို့မရ... သူကမဟုတ်... ကောင်းကင်မျိုးနွယ်..."
ရုတ်တရက် သူမအသံက လုံးဝပျောက်ကွယ်သွားတော့တယ်။ အာလူးလည်းပျောက်သွားပြီး တွင်းလွတ်ပဲ ကျန်ခဲ့ရှာတယ်။ သူတို့ကိုဝိုင်းနေတဲ့ နတ်ဆိုးချီကလည်း တစ်ခါတည်း လွင့်ပျောက်သွားတယ်။
"ဘာတွေဖြစ်သွားတာလဲ" ကူယွဲ့ တွင်းအလွတ်ကို ကြည့်ပြီး အင်းကွက်ထဲကလူကို လှည့်ကြည့်လိုက်တယ်။
"လန်ဟွား ဒါက... လန်ဟွား"
ဖွီ...
လန်ဟွားက သွေးအန်တော့တယ်။ သူ့မျက်နှာက အကြီးအကျယ်ဒဏ်ရာရထားသလိုမျိုး စာရွက်တစ်ရွက်လို ဖြူစုတ်နေတယ်။
"ဟိုလီရှစ် မင်းဘာဖြစ်တာလဲ"
ကူယွဲ့က ထခုန်တော့တယ်။ လူတိုင်းလည်း သိသိသာသာ ထိတ်လန့်သွားခဲ့ရှာတယ်။
လန်ဟွားက သူ့ကိုမဖြေ။ သူက ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း စက္ကန့်နဲ့အမျှပိုဖြူဖျော့လာခဲ့တယ်။ ယိချင်း သူ့သွေးကြောကို စမ်းပေးပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"အင်းကွက် ပြန်ကန်ထွက်တာပဲ"
"အဲဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ" ကူယွဲ့မျက်လုံး ပြူးသွားခဲ့တယ်။ ဒါက လန်ဟွား ဒီလိုအင်းကွက်ကို စီရင်တာ ပထမဆုံးအကြိမ်မှမဟုတ်တာ။ နောက်ဆုံးတစ်ကြိမ်တုန်းကတောင် များများစားစား အားမထုတ်ရဘဲ ဝိညာဉ်၇ခု၊ ၈ခုကို ဆွဲခေါ်နိုင်ခဲ့တာလေ။ ဘာလို့ ဒီတစ်ခေါက်ကျ ဒီလိုတုံ့ပြန်နေရတာလဲ။
"တစ်ယောက်ယောက်က ရွှမ်ထုံ့ပေါ် ဂါထာတစ်ခု စီရင်ထားတယ် - သူ့ခန္ဓာကိုယ်ကိုတင် မကဘူး၊ ဝိညာဉ်တစ်ခုလုံးကိုပါ လှုပ်မရအောင်လုပ်ထားတာ" လန်ဟွား ခပ်ပြင်းပြင်း အသက်ရှူသွင်းပြီး ပြောလိုက်တယ်။
"အဲလူရဲ့ အရှိန်အဝါက... အရမ်းထူးဆန်းတယ် မသေမျိုးချီရော နတ်ဆိုးချီရော မဟုတ်ဘူး"
"သူက အမတရော နတ်ဆိုးရောမဟုတ်ဘူးပေါ့၊ ကောင်းကင်မျိုးနွယ်က ဖြစ်နိုင်လား"
"ဟင့်အင်း" လန်ဟွား ခေါင်းယမ်းလိုက်တယ်။
"သေချာပေါက် ကောင်းကင်မျိုးနွယ် မဟုတ်ဘူး၊ အငွေ့အသက်က... ငါ စမ်းကြည့်လို့မရတာမျိုး၊ ငါသိလိုက်တာက ငါသွားထိမိလိုက်တာနဲ့ တိုက်ခိုက်ခံခဲ့ရတာပဲ"
ကူယွဲ့ အမူအရာပျက်သွားတယ်။ ရွှမ်ထုံ - ဒီကံမကောင်းတဲ့ ကလေးကတော့။ ဘာလို့တစ်ချိန်လုံး သူပဲ ဖြစ်နေရတာလဲ။ အနည်းဆုံးတော့ အရင်အကြိမ်တွေတုန်းက တိကျတဲ့ ပစ်မှတ်ရှိခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ဘယ်သူက သူ့နောက်ကွယ်မှာရှိနေလဲဆိုတာတောင် သူတို့ မသေချာတော့ဘူး။ အတည်ပြုလို့ရတာက ဒီလူက သူမကို အတင်းအကြပ်ခေါ်ဆောင်သွားခဲ့တာပဲ။
"ခင်ဗျားဒဏ်ရာတွေက ပေါ့ပေါ့သေးသေးမဟုတ်ဘူး - ခန္ဓာကိုယ်ကို လည်ပတ်အောင် မြန်မြန်လုပ်ဦး"
ယိချင်းက လန်ဟွားကို သတိပေးလိုက်တယ်။
လန်ဟွား တင်ပျဉ်ခွေထိုင်ပြီး သူ့ခန္ဓာကိုယ်မှာ ချီတွေ စတင်လည်ပတ်စေလိုက်တယ်။ သူ့ကိုယ်ထဲက နတ်ဆိုးချီက အခု အတော်လေးကို မတည်မငြိမ်ဖြစ်နေတာ - တစ်ခါတလေကျ အဲနေရာမှာ ရှိနေပြီး တစ်ခါတလေကျ မရှိတော့ဘူး။
ကူယွဲ့က လူတိုင်းကို ထွက်ဖို့ အမူအရာပြလိုက်တယ်။ နောက်တော့ သူ ချန်ကောကို တွင်းထဲက ဆွဲထူပေးပြီး ယွီဟုန်ကို ညွှန်ကြားလိုက်တယ်။
"ကောင်းကင်တံခါးဆီ သွားပြီး အဲမှာငမည်းလေးရှိလား ကြည့်ကြည့်၊ သူ လမ်းမှာတော့ ရောက်နေသင့်ပြီ၊ လန်ဟွားက နတ်ဆိုးမို့ ငါတို့ သူပြန်သက်သာလာအောင် များများစားစား ကူညီနိုင်မှာမဟုတ်ဘူး"
"ဟုတ်ကဲ့"
သူတို့ ရှန်းရင်ရဲ့ အနောက်ဆောင်ဆီ ပြန်လာခဲ့ပြီး လမ်းတစ်လျှောက် ဆွေးနွေးလာပေမဲ့ ရှင်းလင်းတဲ့သုံးသပ်ချက် မရခဲ့ဘူး။ ရွှမ်ထုံက တကယ်ပဲ သူတို့ကို ဘာပြောပြဖို့ကြိုးစားနေခဲ့တာလဲ။
"ရှန်းရင်" ကူယွဲ့ ဘာလုပ်ရမလဲ မသိတော့တာမို့ ရွှမ်ထုံ့မျှော်နန်းကနေ ထွက်လာတည်းက စကားတစ်ခွန်းမှ မပြောတဲ့သူကို တံတောင်နဲ့တွတ်လိုက်တယ်။
"ဂျပုလေးကို ဘယ်သူပြန်ပေးဆွဲသွားတယ်ထင်လဲ၊ ဒါမှမဟုတ် လန်ဟွားကြုံခဲ့ရတဲ့ အရှိန်အဝါက ဘာလဲဆိုတာ မင်းသိလား"
"မသိဘူး" ရှန်းရင် ခေါင်းယမ်းပြလိုက်တယ်။
တစ်အောင့်စဉ်းစားပြီးတဲ့နောက် သူမကပြောတယ်။
"ဒါပေမဲ့ သူဌေးလန်ပြောတာက ဒီပန်းနဲ့ ဆက်နွယ်နေတာဖြစ်လောက်တယ်"
သူမက စားပွဲအောက်ဘက်ကက ပန်းအိုးတစ်လုံးကိုထုတ်ပြီး စားပွဲထိပ်ပေါ်တင်လိုက်တယ်။
အားလုံး ။ ။ "..."
ဒါက ရွှမ်ထုံ့ပြတင်းပေါက်ဘောင်က ပန်းအိုးမဟုတ်ဘူးလား။ မင်း ဘာလို့ဒီယူလာခဲ့တာလဲ။ ဘာလို့ ဘယ်သူမှ ဒါကိုသတိမထားမိတာလဲ။
"ဒီပန်းက ဘာဖြစ်လို့လဲ" ကူယွဲ့ အနီးကပ်လေ့လာကြည့်လိုက်တယ်။ သူ သေချာကြည့်ဖို့ မသေမျိုးချီကို အသက်သွင်းဖို့ လုပ်လိုက်တယ်။
"ပန်းတစ်ပွင့်ပဲ" မုန်လာဥဖြူက အမိန့်ပေးမှုတစ်မျိုးမျိုးနဲ့ အသက်ဝင်လာသလိုမျိုး ဘယ်ကမှန်းမသိ ခုန်ပေါက်ထွက်လာတယ်။ သူက စားပွဲပေါ် ခုန်တက်သွားပြီး ပန်းအိုးကို စိုက်ကြည့်နေတယ်။
"ပန်းရိုင်းတွေအားလုံး သေသင့်တယ် - မမလေးက ငါ့အပိုင်ပဲ" သူက သူ့သစ်ရွက်တွေကိုမြှောက်ပြီး ပန်းဆီ ပြေးသွားတော့တယ်။
"မုန်လာဥဖြူ" ကူယွဲ့က ထိတ်လန့်တကြား အော်လိုက်တယ်။ ဒီငရှုပ်လေးကတော့ သူ မုန်လာဥဖြူကို အမြန်ပြန်ဆွဲထားလိုက်တယ်။
ဒါပေမဲ့ မုန်လာဥဖြူရဲ့ သစ်ရွက်တွေက ပန်းအိုးထဲက ပန်းကို ရိုက်မိသွားပြီ။ သူ့သစ်ရွက်တွေမှာလည်း မသေမျိုးချီရှိနေတာလေ ကူယွဲ့ကြည့်နေရင်း နုဖပ်တဲ့ပန်းပွင့်နီ ကြေမွသွားတော့မယ်လို့ထင်နေခဲ့တာ။ ရုတ်တရက် ပန်းက မီးခိုးရောင်လေပြင်းထုတ်လာပြီး မုန်လာဥဖြူသစ်ရွက်တွေပေါ်က မသေမျိုးချီကို ပျံ့လွင့်သွားစေရုံတင်မက သူ့ကို နောက်ဘက်ဆီပါ လွင့်ထွက်သွားစေခဲ့တယ်။
ရိုက်မိသံအကျယ်ကြီး ထွက်လာတယ်။ မုန်လာဥဖြူက နံရံကိုထိမှန်သွားခဲ့ပြီး ခုလေးတင် ပေါက်ကွဲမှုတစ်စုံတစ်ရာ ကြုံလိုက်ရသလိုမျိုး ပြားချပ်သွားတယ်။ အရှိန်ကပြင်းလွန်းလို့ နံရံပေါ် မုန်လာဥဖြူပုံစံချိုင့်တောင် ပေါ်လာလေရဲ့။
"မုန်လာဥဖြူ" လူတိုင်း လှမ်းခေါ်လိုက်ကြတယ်။
အခန်းထဲကလူတိုင်း ထိတ်လန့်သွားခဲ့တာ။ သူတို့အမြန်ရှေ့ပြေးတက်လာခဲ့တယ်။ ကူယွဲ့ သူ့ မြေဝိညာဉ်ကြောသိုင်းကို အသက်သွင်းပြီး မုန်လာဥဖြူကို နံရံပေါ်က ဆွဲခွာလိုက်တယ်။ သူ့ဖြူဆွတ်ဆွတ်ခန္ဓာကိုယ်က ခုတော့ခရမ်းရောင်သန်းနေပြီ။
မုန်လာဥဖြူတစ်ကိုယ်လုံးက တစ်စုံတစ်ရာ ထိမှန်ထားတဲ့ပုံ။ သူက ကူယွဲ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေတယ်။ တစ်ခဏနေတော့ နာမှန်း သဘောပေါက်သွားဟန်နဲ့ အကျယ်ကြီးငိုချတာ နံရံတွေတောင် လှုပ်ယမ်းသွားတော့တယ်။ သူက ရှန်းရင် ရင်ခွင်ထဲ တိုးဝင်ဖို့ လှည့်လိုက်တယ်။
"ဝါး... မမလေး... မမလေး... သူက တို့ကိုအနိုင်ကျင့်တယ် နာတယ် တကယ်နာတာ အာ့¬"
သူ့ခေါင်းပေါ်က အရွက်တွေကနေ ရေစက်တွေ စိမ့်ကျလာတာက မိုးရွာတာနဲ့တောင် နည်းနည်း တူနေတယ်။
ရှန်းရင်က မျက်မှောင်ကြုတ်ပြီး မုန်လာဥဖြူကို သူမကိုယ်ကနေ ရွံရှာစွာဆွဲခွာလိုက်တယ်။
"ရုပ်ဆိုးလိုက်တာ" သူမက မုန်လာဥဖြူကို ဘေးမှာရပ်နေတဲ့ ကြက်ကင်အစ်မဆီ ကမ်းပေးလိုက်တယ်။
"ဝါးးး" မုန်လာဥဖြူက ချန်းယွီကို ဖက်ကာ ပိုပြီးအသည်းအသန် ငိုကြွေးတော့တယ်။
မုန်လာဥဖြူက ရှန်းရင်ကို စတွေ့တည်းက ဒီလောက် တစ်ခါမှ မနာကျင်ဖူးဘူး။ အပင်ဝိညာဉ်ဆိုတာ သန့်စင်ပြီး ကလေးတစ်ယောက်စရိုက် ဖြစ်ပေါ်လာတာမကြာသေးဘူး။ သူ့လိင်အမျိုးအစားက မသေချာပေမဲ့ ဂိုဏ်းထဲကတပည့်တွေအားလုံးက မိန်းကလေးတွေ။ ပြီးတော့ မုန်လာဥဖြူက စကားအပြောကောင်းတာမို့ တပည့်တွေအားလုံးက သူ့ကိုသဘောကျတယ်။
ကူယွဲ့နဲ့ မနာလိုတဲ့တချို့တလေကလွဲ လူတိုင်းက သူ့အပေါ် ကြင်နာပြီး လိုက်လျောကြတယ်။ ဒါက မုန်လာဥဖြူ ပထမဆုံးအကြိမ် ဒီလိုပုံစံနဲ့ တိုက်ခိုက်ခံရတာပဲ။ ပြီးတော့ အသိစိတ်မရှိတဲ့ ပန်းရိုင်းတစ်ပွင့်က တိုက်ခိုက်တာ များသွားပြီ။ မုန်လာဥဖြူ ဒီလောက်နာကျင်သွားတာ မဆန်းတော့ဘူး။
"ကောင်းပါပြီ ကောင်းပါပြီ တိတ်တော့နော် မုန်လာဥဖြူလေး"
ချီချန်းယွီက တော်တော်ကြာကြာ နှစ်သိမ့်ပေးလိုက်မှ မုန်လာဥဖြူက အငိုရပ်တော့တယ်။
ရှန်းရင် စားပွဲပေါ်က ပန်းအိုးကို လက်ညှိုးထိုးပြလိုက်တယ်။
"နင်တို့အားလုံးမြင်ကြလား"
အခန်းထဲကလူတိုင်း မှုန်မှိုင်းနေတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
သူတို့ ပန်းအိုးနားဝိုင်းပြီး ပန်းက သူတို့မျက်စိရှေ့မှာတင် ပြောင်းလဲသွားတာကို ကြည့်နေရတယ်။ ပန်းက နတ်ဆိုးချီကို ကြုံလို
က်ရသလိုမျိုး သူတို့မျက်စိရှေ့မှာတင် ညှိုးခြောက်သွားလေတော့တယ်။
…
236
အခန်း ၂၃၆ ။ မိစ္ဆာနတ်ဘုရားနှင့်သဘောတူညီချက်
ကူယွဲ့က လက်သိုင်းကွက်တချို့ထုတ်လိုက်ပြီး မသေမျိုးချီတစ်တန်းကို ညှိုးနေတဲ့ပန်းဆီ ဦးတည်လိုက်တာ သေချာစစ်ဆေးလိုက်တယ်။
"အရှိန်အဝါက ပျောက်သွားပြီ၊ မုန်လာဥဖြူကို တိုက်ခိုက်ချိန် လျော့နည်းသွားတာနေမယ်"
"မြက်ပုံစံ အမတဆေးမြစ်တွေက သူတို့ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုခံရဖို့ အလွယ်ဆုံးပဲ"
ယိချင်းက ပြောလာတယ်။
"ဒီပန်းက ပြတင်းပေါက်ဘောင်မှာထားထားတာ၊ ရွှမ်ထုံ့ကို ပြန်ပေးဆွဲတဲ့လူရဲ့ အရှိန်အဝါ သက်ရောက်ခံရတာ ဖြစ်မယ်"
"ဒါပေမဲ့ ငါတို့ ဒီအငွေ့အသက်ကိုတစ်ခါမှမမြင်ဖူးဘူးလေ"
ကူယွဲ့ မျက်ခုံးတွေကြုံ့မိလုနီးပါးဖြစ်သွားတယ်။
"လန်ဟွား ဒါက ဘာအငွေ့အသက်မျိုးလဲဆိုတာ အာရုံမခံနိုင်တာ မဆန်းဘူး၊ ဒါတကယ်ကိုပဲ ထူးဆန်းတာ၊ မသေမျိုးချီမဟုတ်ပေမဲ့ နတ်ဆိုးချီလည်းမဟုတ်ပြန်ဘူး၊ ပြီးတော့... အရမ်းအေးလွန်းတယ်"
အဲအခိုက်အတန့်မှာ အေးစက်တဲ့ အငွေ့အသက်တစ်မျိုးက တစ်ခန်းလုံးကို ပြည့်သွားတာ ခံစားလိုက်ရတယ်။
ပြီးတော့ လက်ကျန်အရှိန်အဝါတစ်စွန်းတစ်စကတင် မုန်လာဥဖြူကို လွင့်ထွက်သွားစေနိုင်တာ။ မုန်လာဥဖြူက အပင်ဝိညာဉ်ဆိုပေမဲ ကျင့်ကြံဆင့်မနိမ့်ဘူး။ အဲဒါကနေကြည့်ရင် ရွှမ်ထုံ့ကို ခေါ်သွားတဲ့သူက အင်မတန် သန်မာတယ်ဆိုတာ မြင်နိုင်တယ်။
"ငါသိရသလောက်တော့ အမတလောကမှာ ဒီလိုအရှိန်အဝါနဲ့လူ မရှိဘူးထင်တာပဲ"
ချန်ကောက အသည်းအသန် ခေါက်တုံ့ခေါက်ပြန်လျှောက်တော့တယ်။
"နတ်ဆိုးဘုံကများလား"
"ဟင့်အင်း" ကူယွဲ့ခေါင်းယမ်းပြီး သူ့ထင်ကြေးကို ငြင်းဆန်လိုက်တယ်။
"တကယ်လို့ နတ်ဆိုးဘုံမှာသာ ဒီလိုလူမျိုးတကယ်ရှိရင် မင်းစိတ်နတ်ဆိုးတွေက နတ်ဆိုးဘုံတံခါးကို ဖွင့်ချိန် ရှန်းရင်ဝင်သွားတော့ တွေ့ခဲ့မှာပေါ့၊ သူတို့ခုမှပေါ်လာတဲ့အထိ စောင့်နေခဲ့မှာမဟုတ်ဘူး" ပြီးတော့ ဝူတိဂိုဏ်းရဲ့တပည့်ကို ပြန်ပေးဆွဲဖို့လူကို ထွက်ခွင့်ပေးတာမျိုးက ငမည်းလေး လုပ်ရမဲ့အရာမဟုတ်ဘူး။
"ဒါဆို ဒါကဘာလဲ"
လူတိုင်း တိတ်ကုန်ပြီး အကြာကြီးစဉ်းစားနေပေမဲ့ အချည်းနှီး။ သူတို့အားလုံး ဂါထာအမျိုးမျိုး သုံးကြည့်ပြီး အရှိန်အဝါကို အာရုံလိုက်ခံကြည့်ပေမဲ့ လုံးဝကိုအကျိုးမရှိ။ ဖုန်းယင်တောင် သူ့စနစ်ကို သုံးကြည့်ပေမဲ့ ဘာရလဒ်မှထွက်မလာ။
ကူယွဲ့ မချင့်မရဲဖြစ်သွားတော့တယ်။
"ဒီအရှိန်အဝါက ဘယ်သူပိုင်တာလဲဆိုတာ ဘယ်သူမှမသိဘူးလား"
"လူတစ်ယောက်ရှိတယ်..." ရှန်းရင်က စဉ်းစားပြီး ရုတ်တရက်ပြောလာတယ်။
"သေချာပေါက်သိမဲ့သူ"
"ဘယ်သူလဲ"
ကူယွဲ့ မေးဖို့လုပ်ပေမဲ့ တစ်ယောက်ယောက်က ရုတ်တရက် တံခါးတွန်းဖွင့်ပြီး အိမ်ထဲကြည့်ကာ ပြောလေတယ်။
"ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော် ပြန်ရောက်ပါပြီ" နတ်ဆိုးဘုရင်က ကပ်ဖားယပ်ဖားပြုံးကာ ရောက်ချလာတယ်။
"လန်ဟွားဆိုတဲ့ ကောင်းကင်မိစ္ဆာရဲ့ဒဏ်ရာက ပြဿနာကြီးမဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို ကူညီထိန်းညှိပြီးပြီ၊ ရက်နည်းနည်းနားပြီးရင် သက်သာသွားပါလိမ့်မယ်"
"အိုး" ရှန်းရင် ခေါင်းညိတ်ပြီး ရုတ်တရက်တောက်ပစွာပြုံးလိုက်တယ်။
"နင်အလုပ်ရှုပ်ခံပေးလို့ ကျေးဇူးတင်ပါတယ်"
ငမည်းလေး ထိန်းချုပ်မရအောင် တုန်ယင်ပြီး ခြေတစ်လှမ်းပြန်ဆုတ်တော့တယ်။
"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်သမီး အမိန့်ပေးစရာရှိရင် ကျေးဇူးပြုပြီးပြောပါ... မပြုံးပြလို့ရမလား၊ ခင်ဗျားပြုံးရင် ကျွန်တော့်ခြေထောက်တွေ ပျော့ခွေသွားတယ်" တော်တော်လေးကိုပျော့ခွေသွားတာ။
"ငမည်းလေး"
"ဒီမှာပါ"
"နောက်ထပ် ကျိန်ဆိုမှု လုပ်ရင်ရော၊ ငါတို့ မိစ္ဆာနတ်ဘုရားနဲ့ တွေ့လို့ရအောင် ကူညီပေးနိုင်မဲ့ဟာမျိုးလေ"
ငမည်းလေး ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ကိစ္စမသိသော လူအုပ်ကြီး ။ ။ "..."
အမှန်တိုင်းပြောပါ ကြီးမြတ်တဲ့နတ်သမီး၊ ခင်ဗျား ငမည်းလေးကို သဘောမကျတော့ဘဲ နောက်ထပ်နတ်ဆိုးဆီ ပြောင်းချင်နေပြီလား။
(; ́༎ຶД༎ຶ`)
————
ငါးမိနစ်အကြာ။
"ကြီးမြတ်တဲ့နတ်သမီး၊ ဒီတစ်ကြိမ် ကျွန်တော် ဘာကျိန်ဆိုမှုလုပ်ရမှာပါလဲ"
"အရင်တစ်ကြိမ်က ဖက်ထုတ်ဆိုတော့ ဒီတစ်ခေါက် လမုန့်ဆိုရင်ရော"
"..."
"ဘာလဲ၊ ခက်လို့လား"
"မဟုတ် မဟုတ်ပါဘူး ကြီးမြတ်တဲ့နတ်သမီး၊ ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့နတ်သမီး"
ဒါကြောင့် ထင်ရှားတဲ့ ကျိန်ဆိုမှုက ပေါ်ပင်လယ်နန်းတော်ထဲ ချက်ချင်းပေါ်လာပြီး ကောင်းကင်အလွန်မှ ကောင်းကင်များရဲ့ တစ်ဝက်လောက်ထိ ပျံ့နှံ့သွားလေရဲ့။
[နတ်ဆိုးလောကဘုရင် ကျုပ်လိယင်းက ကြီးမြတ်တဲ့ မိစ္စကောင်းကင်နတ်ဘုရားနဲ့ စာချုပ်ချုပ်ရန် ကျုပ်နတ်ဆိုးဝိညာဉ်ကို အသုံးပြုပါတယ်၊ စည်းမျဉ်းတွေနဲ့ ကောင်းကင်ဘုံရဲ့ ဥပဒေတွေကို လိုက်နာပြီး - ယနေ့ ကျုပ် ကြီးမြတ်တဲ့နတ်သမီးရှန်းရင်ကို အခွံမာသီးအမျိုးစုံ လမုန့်တွေစားအောင် လုပ်ပါ့မယ်၊ ဒါကိုပျက်ကွက်ခဲ့ရင် နတ်ဆိုးနတ်ဘုရားရဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုကို လက်ခံဖို့ ဆန္ဒရှိပါတယ်။]
ဟူး၊ သူ ဒါကိုထပ်လုပ်ပြီးရင်တော့ အရှက်ကွဲတာနဲ့ ကျင့်သားရတော့မှာပါ
┑( ̄Д̄)┍
"စားဖိုမှူး၊ ငါ့ကို ကြက်ဥအနှစ်လမုန့်ပေး"
"ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူးဆရာ"
ငါးမိနစ်အကြာ၊ ကောင်းကင်ဘုံတွင်။
မိစ္ဆာနတ်ဘုရား ။ ။ "..."
သူတို့ နောက်တစ်ကြိမ် သူ့ကိုဆင့်ခေါ်ချင်တဲ့အချိန် တခြားနည်းလမ်းသုံးလို့ရမလား။
ပြီးတော့...။
တစ်စုံတစ်ယောက်သော ရှေးဟောင်းနတ်ဘုရားက မျက်နှာချင်းဆိုင်ကလူကို စိုက်ကြည့်ရင်း ဆွံ့အနေမိတယ်။
"မင်း... စားတာပြီးပြီလား"
သူမ စားနေတာ ၅မိနစ်ရှိနေပြီ။
"ခဏ" ရှန်းရင် သူမရဲ့လက်ကျန်လမုန့်ကို အလောတကြီးမျိုချလိုက်လို့ နင်တော့တယ်။ သူမ သီးသွားတော့ ယိချင်းက ရေနွေးကြမ်း အမြန်ကမ်းပေးလာတာမို့ သူမ မျိုချလိုက်တယ်။
လမုန့်အကြွင်းအကျန်တွေကို ရှင်းထုတ်ဖို့ သူမလက်နှစ်ဖက်လုံးကို လက်ခုပ်တီးကာ ဆန့်ကျင်ဘက်ကလူကို လက်ယမ်းပြလိုက်တယ်။
"မင်္ဂလာပါ မိစ္ဆာနတ်ဘုရားကြီးရှင့်"
"..." သူ လုံးဝကို နေလို့မကောင်းတော့။
"အဲနတ်ဆိုးဘုရင်လေး င့ါကို ဆင့်ခေါ်အောင် လုပ်တယ်ပေါ့၊ ဘာကိစ္စလဲ"
"ငါတို့ နင့်ကို မေးစရာရှိလို့လေ" ရှန်းရင် သူမခါးအိတ်ဆောင်ထဲက ညှိုးနွမ်းနေတဲ့ပန်းကို ထုတ်လိုက်တယ်။
"ဒီပန်းပေါ်က အရှိန်အဝါက ဘာလဲသိလား"
မိစ္ဆာနတ်ဘုရားက သူမလက်ထဲကပန်းကို အရင်အတိုင်း ခပ်ရေးရေးပြုံးကြည့်တယ်။ သူက ခေါင်းညိတ်လာတယ်။
"သေချာပေါက်ပေါ့"
"ဒါဘာလဲ"
မိစ္ဆာနတ်ဘုရားက သူတို့သုံးယောက်ကို ကြည့်ပြီး ခဏတန့်သွားခဲ့တယ်။
"မင်းတို့အားလုံး စိတ်နတ်ဆိုးကမွေးလာတဲ့ အဲကလေးကို ရှာဖို့ကြိုးစားနေတာပဲ"
"ရွှမ်ထုံဘယ်မှာလဲ သိလား" ကူယွဲ့ ပြောင်ပြောင်တင်းတင်း မေးလိုက်တော့တယ်။
"ဒါပေါ့" မိစ္ဆာနတ်ဘုရားက ပြုံးတယ်။
"ငါက ဒီကမ္ဘာကို ဖန်တီးခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားသုံးပါးထဲက တစ်ပါးပဲဟာ၊ သုံးဘုံအတွင်း ဖြစ်ပျက်သမျှငါအကုန်သိတယ်"
"ဒါဆို..."
"ဒါပေမဲ့ ငါမင်းတို့ကို ဒီတိုင်းပြောပြလို့မရဘူး"
"ဘာလို့လဲ" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ အရင်တစ်ကြိမ်က သူ သူတို့ကို ပြောပြရတာ သဘောကျနေတာ မဟုတ်ဘူးလား။
"အရင်တစ်ခေါက်က ငါပြောခဲ့တယ်လေ၊ ငါက သုံးဘုံရဲ့ဘောင်အပြင်ကို ရောက်နေပြီမို့ ဒီသုံးလောကထဲက သက်ရှိတွေနဲ့ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး၊ မဟုတ်ရင် ပိုကြီးတဲ့ ကသောင်းကနင်းတွေ ဖြစ်လာလိမ့်မယ်"
မိစ္ဆာနတ်ဘုရားက သက်ပြင်းချကာဆက်ပြောတယ်။
"စိတ်နတ်ဆိုးတွေကမွေးလာတဲ့ ကလေးက ပြန်လည်ဝင်စားဖို့ ပို့ခံလိုက်ရတော့ အစောတုန်းက လူတစ်ယောက်ရဲ့ အကြွင်းအကျန်ဝိညာဉ်ဆိုပေမဲ့ အခုကိုယ်ပိုင်ဝိညာဉ်ပေါ်ပေါက်လာပြီး သုံးလောကရဲ့ သက်ရှိအသစ်တွေထဲက တစ်ခုလို့ စဉ်းစားလို့ရတယ်၊ သူ့မှာ သူ့ကိုယ်ပိုင်ကံရှိတာမို့ ငါမင်းတို့ကို ပြောပြလို့မရဘူး"
"အရေးမပါတာတွေ" ကူယွဲ့က နဂိုတည်းက သူ့ကို သဘောမကျခဲ့ပေမဲ့ အခုတော့ပိုပြီးတောင် စိတ်တိုသွားပြီ။
"အဲတုန်းက ခင်ဗျားက ကျုပ်တို့ကိုဒီလောကထဲ ဆွဲသွင်းခဲ့တာလေ၊ အဲတည်းက ဝင်ရောက်နှောင့်ယှက်ပြီးသားမဟုတ်လား၊ ပြီးတော့ ဟွေ့လင်ကိစ္စလည်းရှိတယ်"
"ဟွေ့လင်က သူ့ကိုယ်ပိုင်ဝိညာဉ် မရှိတာမို့ သေချာပေါက်ထည့်မတွက်ဘူးလေ မင်းတို့ကတော့... မင်းတို့က တခြားကမ္ဘာကဆိုတော့ သုံးလောကက မဟုတ်ဘူးလေ၊ မင်းတို့ဖြစ်သမျှက သုံးလောကနဲ့ဘာမှမဆိုင်ဘူး"
သေစမ်း ဒီခွေး*သားကလေးကတော့ ကူယွဲ့အမူအရာက မည်းမှောင်လာပြန်ပေမဲ့ ရုတ်တရက် တစ်စုံတစ်ရာ တွေးမိပြီး မျက်လုံးတွေ လက်သွားတယ်။
"ခင်ဗျားပြောသလိုဆို ကျုပ်တို့က သုံးဘုံကမဟုတ်တော့ ပြောပြလို့ရတယ်လေ၊ အဲဒါက ဝင်ရောက်စွက်ဖက်တယ်လို့ ထည့်တွက်တာမှ မဟုတ်တာ"
"..." မိစ္ဆာနတ်ဘုရားက အကျပ်ရိုက်သွားတယ်။
"ဒါက ဒီလိုအလုပ်လုပ်ပုံမဟုတ်ဘူးလေ"
"ဒါပေမဲ့ ခင်ဗျားကိုယ်တိုင်ပဲ ပြောခဲ့တာ"
မိစ္ဆာနတ်ဘုရားက ခေါင်းယမ်းတယ်။
"မင်းကို ပြောတာနဲ့ ငါကိုယ်တိုင်တိုက်ရိုက်စွက်ဖက်တာကြား ဘာကွာလို့လဲ၊ ပြီးတော့..."
သူက တစ်ဖက်မှာရပ်နေတဲ့ ယိချင်းကို ရုတ်တရက် လှည့်ကြည့်လိုက်တယ်။ မင်းတို့က မဟုတ်ပေမဲ့ သူကတော့ သုံးလောကထဲကလေ။
ယိချင်း ကြောင်အမ်းသွားပြီး နောက်တော့လက်မြှောက်ကာ နားအုပ်ထားပြီး ဘာမှမသိချင်ယောင် ဆောင်တော့တယ်။
"အားးးး ငါမကွားရဘူး"
ကူယွဲ့ ။ ။ "..."
ရှန်းရင် ။ ။ "..."
မိစ္ဆာနတ်ဘုရား ။ ။ "..."
ငါကန်းနေတယ်လို့များ ထင်နေလား
( ̄_, ̄)
"အဓိပ္ပာယ်မရှိတာတွေ တော်တော့၊ အခြေအနေတွေပဲပြောပြ" ရှန်းရင်က ဝင်ပြောလိုက်တယ်။ တကယ်လို့ သူသာဒီကိစ္စကို တကယ်ဝင်မပါချင်ရင် ငမည်းလေးရဲ့ ကျိန်ဆိုမှုကို လျစ်လျူရှုလိုက်လို့ ရတာပဲ။ ဘာလို့ သူက သူတို့ကို ဒီထိဆွဲခေါ်မှာလဲ။ သူ့မှာ တခြားရည်ရွယ်ချက်တွေ မရှိဘူးဆိုတာ ဘယ်သူယုံမှာ။
မိစ္ဆာနတ်ဘုရားက ခဏကြောင်နေပေမဲ့ သူ့မျက်နှာပေါ်က အပြုံးက ပိုတောင်တောက်ပလာတော့တယ်။
"ငါ့မှာ ရှန်းရင်ကို ကူညီစေချင်တဲ့ ကိစ္စသေးသေးလေး တကယ်ပဲရှိတယ်"
"ပြော" သူမ နောက်ထပ် လမုန့်တစ်ခုထပ်ထုတ်ပြီး ဝါးတော့တယ်။
"လူတစ်ယောက် ကူရှာပေးစေချင်တာ" မိစ္ဆာနတ်ဘုရားအမူအရာက တည်တံ့သွားပြီး မျက်လုံးထဲ စိတ်ရင်းအတိုင်း စိုးရိမ်မှုက အထင်းသား။
"ခုတလော ငါ သူ့တည်ရှိမှုကို အာရုံခံမရဘူး၊ မင်း ငါ့အတွက် သူ့ကို ကူညီရှာပေးနိုင်လောက်တယ်"
…
237
အခန်း ၂၃၇ ။ ပျောက်ဆုံးနေသောလူ
ရှန်းရင် သူ့ကို အံ့ဩတကြီးကြည့်လိုက်တယ်။
"နင့်ရည်းစားလား"
"..." မိစ္ဆာနတ်ဘုရားရဲ့ ပါးစပ်က တွန့်သွားပြီး တစ်အောင့်နေတော့ပြန်ဖြေတယ်။
"မင်းအထင်လွဲနေပြီ၊ သူက မုံ့ဖော်ပဲ"
"မုံ့ဖော်" ကူယွဲ့ မှင်တက်သွားပြီး မျက်လုံးပြူးသွားတယ်။
"ဆိုလိုတာက... မုံ့ဖော်စွပ်ပြုတ်ကို ပေးတဲ့ မုံ့ဖော်လား"
"စွပ်ပြုတ်" ရှန်းရင်မျက်လုံးတွေ တောက်ပသွားတယ်။
"ဘာစွပ်ပြုတ်..."
(๑◕▽◕๑)
"ပါးစပ်ပိတ်" ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်တော့တယ်။
"အဲစွပ်ပြုတ်ကို သောက်ပြီးရင် မှတ်ဉာဏ်ပျောက်သွားမှာ၊ ပြန်လည်ဝင်စားဖို့အတွက်ဟ" သူမမှာ လုံးဝကို ပုံမှန်ဗဟုသုတ မရှိတာပဲ။ အစားအသောက်အကြောင်းကြားပြီး တက်ကြွမနေနဲ့။
"အော်"
"မှတ်ဉာဏ်ပျောက်တာလား" မိစ္ဆာနတ်ဘုရားက အူကြောင်ကြောင်ဖြစ်သွားပြီး နောက်တော့ တစ်စုံတစ်ရာ တွေးမိဟန် ရယ်တော့တယ်။
"အဲဒါ မုံ့ဖော်ရဲ့ စနောက်မှုသက်သက်ပါ၊ ပြောကြတဲ့ မုံ့ဖော်စွပ်ပြုတ်ဆိုတာက မေ့ပျောက်မြစ်ရေ သက်သက်ပါပဲ၊ မေ့ပျောက်မြစ်က လူတစ်ယောက်ရဲ့ဝိညာဉ်ကို သန့်စင်နိုင်ပြီး နဂိုမူလအခြေအနေ ပြန်ရောက်စေတယ်၊ ဒါကြောင့် သူတို့ရဲ့အရင်ဘဝက သေချာပေါက် လွင့်ပျောက်သွားမှာပဲ၊ သူတို့ သောက်သောက်မသောက်သောက် မေ့ပျောက်မြစ်ရဲ့သံသရာထဲ ဝင်ရဦးမှာ"
ကူယွဲ့ ။ ။ "..."
သေစမ်း ဒီတော့ ဒါက မုံ့ဖော်စွပ်ပြုတ်ဆိုတာပေါ့။ အဲတော့ အချစ်ဇာတ်လမ်းတွေထဲက မုံ့ဖော်စွပ်ပြုတ်ကို မသောက်ဖို့ ကတိပေးခဲ့ကြတဲ့ အဲဒီစုံတွဲတွေအားလုံးက ငတုံးတွေဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။
"မုံ့ဖော်က ငါ့လို ဖန်တီးမှုနတ်ဘုရားသုံးပါးထဲကတစ်ပါးပဲ" မိစ္ဆာနတ်ဘုရားက တည်ကြည်တဲ့လေသံနဲ့ ရှင်းပြလာတယ်။
"ငါ၊ မုံ့ဖော်နဲ့ ဖန်တီးမှုနတ်ဘုရားက အရှုပ်အထွေးတွေကြားကနေ သုံးလောကကို ဖန်တီးခဲ့တာပဲ၊ မုံ့ဖော်က သံသရာကို တာဝန်ယူပြီး ငါကတော့ အလင်း၊ အမှောင်နဲ့ ဟန်ချက်စနစ်ကျမှုကို တာဝန်ယူထားတယ်၊ ဖန်တီးမှုနတ်ဘုရားကတော့ သုံးလောကထဲက အရာမှန်သမျှကို ဖန်တီးခဲ့တာပေါ့"
"ခင်ဗျားက အလင်းအတွက် တာဝန်ယူထားတာလား" ကူယွဲ့က အူကြောင်ကြောင်ဖြစ်သွားတယ်။
"ခင်ဗျားက မိစ္ဆာနတ်ဘုရား မဟုတ်ဘူးလား"
ဒါကဟာသလားဟေ။
"မိစ္ဆာနတ်ဘုရားဆိုတာ နတ်ဆိုးတွေ ငါ့ကိုပေးတဲ့နာမည်ပါပဲ" သူက ခပ်ပြုံးပြုံးဆက်ပြောတယ်။ မုံ့ဖော်ကို နဂိုက မေ့ပျောက်မြစ်လို့ ခေါ်ကြသလိုပဲပေါ့။
"ခင်ဗျား မုံ့ဖော်ကို ရှာချင်တယ်လို့ပြောတယ်နော်၊ သူ ဘာဖြစ်လို့လဲ"
"ငါ သူ့ကိုရုတ်တရက်ကြီး အာရုံခံမရတော့ဘူး" မိစ္ဆာနတ်ဘုရားက သက်ပြင်းချတယ်။
"သူနဲ့ငါက ဖန်တီးမှုနတ်ဘုရားရဲ့ ကောင်းကင်နဲ့မြေကြီးကို ပိုင်းခြားမှုကြောင့် မွေးဖွားလာတာပဲ၊ သူက နဂိုက မေ့ပျောက်မြစ်ရဲ့ အသွင်ယူမှုဖြစ်ပြီး လောကကြီးရဲ့ပြန်လည်ဝင်စားမှုနဲ့ သဟဇာတဖြစ်တဲ့ စက်ဝန်းကို ဖန်တီးဖို့ တာဝန်ယူထားတယ်၊ အရင်တုန်းက မေ့ပျောက်မြစ်ကနေ သူ တစ်ခါမှ ထွက်မသွားဖူးဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ မေ့ပျောက်မြစ်အပေါ် ပြောင်းလဲမှုတွေရှိခဲ့တယ်၊ နတ်ဆိုးလောကကို ချိပ်ပိတ်ခဲ့တာမို့ တကယ်လို့ သူသာ နတ်ဆိုးလောကဆီ ကိုယ်တိုင်သွားခဲ့ရင် သူ မေ့ပျောက်မြစ်ကို ပြန်ချိတ်ဆက်နိုင်မှာပဲ"
"သူ ပေါ်မလာခဲ့ဘူးပေါ့" ရှန်းရင် သူ့စကားကိုအဆုံးသတ်လိုက်တယ်။
မိစ္ဆာနတ်ဘုရားက ခေါင်းညိတ်ပြတယ်။
"မှန်တယ်၊ အဲဒါကြောင့် အမတနဲ့နတ်ဆိုးလောကကို ပေါင်းစပ်ဖို့ ငါဒီလောက်အားကုန်ထုတ်ခဲ့တာပဲ"
အရင်တစ်ကြိမ်က သူတို့ထွက်မပြေးသွားခင် သူစကားတောင်ပြီးအောင်မပြောလိုက်ရဘူး။
"မုံ့ဖော်ကလည်း ဖန်တီးမှုနတ်ဘုရားတွေထဲက တစ်ပါးဆိုပေမဲ့ မေ့ပျောက်မြစ်က သုံးလောကထဲက သက်ရှိတွေ အများကြီးနဲ့ ထိတွေ့ဆက်ဆံရလို့ထင် သူမလည်း သေချာပေါက် သက်ရောက်ခံခဲ့ရတာပေါ့၊ သူမရဲ့ စရိုက်ကလည်း ပြောင်းလဲသွားခဲ့တယ်၊ အရင်တုန်းက သူမက မကြာခဏပုန်းနေတတ်ပေမဲ့ အခုတော့ ပြောင်းလဲသွားပြီ"
သူ မျက်မှောင်ကြုတ်လိုက်တယ်။
"ငါသူ့ကို လုံးဝကို အာရုံမခံနိုင်တာ၊ ဖန်တီးမှုနတ်ဘုရားတောင် သူဘယ်မှာလဲမသိဘူး၊ မင်းတို့နှစ်ယောက်လုံးက အပြိုင်ကမ္ဘာတစ်ခုကလေ၊ ယိချင်းကတော့ ထူးခြားတဲ့ကံရှိတယ်၊ ပြီးတော့ ရှန်းရင်မှာက... ထူးခြားတဲ့စွမ်းရည်တွေရှိတယ်လေ၊ ဖြစ်နိုင်တာက မင်း သူ့ကို တကယ်ရှာနိုင်လောက်တယ်"
"ကျုပ်တို့က ဘာလို့ ခင်ဗျားကို ကူညီရမှာလဲ"
သူတို့ အရင်တစ်ခေါက်က အကြွေးတောင် မရှင်းရသေးတာကို။
မိစ္ဆာနတ်ဘုရားက တိတ်သွားပြီး တစ်အောင့်ကြာတော့ ပြန်ဖြေလာတယ်။
"တကယ်လို့ မုံ့ဖော်သာ မရှိရင် အချိန်ကြာလာတဲ့အခါ မေ့ပျောက်မြစ်က ထိန်းချုပ်မှုကင်းမဲ့ပြီး သုံးလောကထဲ ပရမ်းပတာတွေဖြစ်လာလိမ့်မယ်"
သူက ယိချင်းကို ကြည့်လိုက်တယ်။
"ဖြစ်နိုင်တာက မင်းတို့သုံးယောက် ဂရုမစိုက်လောက်ပေမဲ့ သုံးလောကကြီးထဲကလူတွေ အဲလိုမျိုး သေသွားမှာကို တကယ်ကြည့်နေနိုင်လား"
ကူယွဲ့က ဆွံ့အသွားတယ်။ ငါ-ိုး လောကကြီးအရေးကိစ္စတွေလာပြန်ပြီ။
"သေချာပေါက်ပေါ့၊ ဒါကို လုပ်ပေးပါလို့ ငါ့မှာတောင်းဆိုခွင့်မရှိဘူး" မိစ္ဆာနတ်ဘုရားလေသံက ပျော့ပြီး ချက်ချင်း ထပ်ဖြည့်ပြောလာတယ်။
"ဒီလိုဆိုရင်ရော... မင်းတို့ မုံ့ဖော်ကို ရှာတွေ့တေံ့ မတွေ့တွေ့ ငါ မင်းတို့ကို မင်းတို့လောကနဲ့ ချိတ်ဆက်တဲ့နည်းလမ်းပြောပြမယ်၊ အဲလိုဆိုရင်ရော"
"တကယ်" ကူယွဲ့ မှင်တက်သွားတယ်။ တကယ်ပဲနည်းလမ်းရှိတယ်ပေါ့၊ အခု သူ ထွက်သွားဖို့ကို စိုးရိမ်ဖို့မလိုတော့ဘူး။
မိစ္ဆာနတ်ဘုရားရဲ့အပြုံးက ပိုပြီးတောင်တောက်ပသွားပြီး လက်တစ်ဖက်မြှောက်လိုက်တယ်။
"ကောင်းကင်တာအိုနဲ့တိုင်တည်ပြီး ကျိန်ဆိုတယ်"
"ကောင်းပြီလေ" ကူယွဲ့က ခေါင်းညိတ်ပြီး သူ့ကို နောက်တစ်ကြိမ် ပြန်ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ဒါပေမဲ့ သုံးလောကကဒီ လောက်ကြီးတာ ကျုပ်တို့ သူ့ကိုဘယ်မှာသွားရှာရမှာလဲ"
ပြီးတော့ ရှန်းရင်လို ဦးတည်ဖက်မသိတဲ့လူကို လူလိုက်ရှာခိုင်းတယ်ဆိုတော့ တကယ်စဉ်းစားနေတာ ဟုတ်ရဲ့လား။
"မုံ့ဖော်က မေ့ပျောက်မြစ်ကနေ အကြာကြီး ထွက်သွားမှာ မဟုတ်ဘူး၊ မင်းတို့သူ့ကို မေ့ပျောက်မြစ်ရဲ့ရင်းမြစ်မှာ ရှာဖို့ပဲလိုတယ်၊ ရိုးရှင်းပါတယ်"
"အမတလောကကနေ ထွက်သွားရမယ်လို့ ဆိုလိုတာလား" သောက်ကျိုးနည်း အဲဒါရိုးရှင်းတာ သူ အကြာကြီး စုဆောင်းထားခဲ့ရတဲ့ ကြွယ်ဝမှုတွေ ဘာဖြစ်သွားမှာလဲ။
"ပြီးတော့လည်း မေ့ပျောက်မြစ်ရဲ့ရင်းမြစ်ကဘယ်မှာလဲ၊ မြေအောက်ကမ္ဘာတော့ .. မဟုတ်ဘူးမလား"
ဟိုလီရှစ် သူ သူတို့ကို ငရဲပို့ဖို့တကယ်စီစဉ်နေတာပဲ။
"တိတိကျကျ ပြောရရင် ကောင်းကင်မြေအောက်ကမ္ဘာပါ" မိစ္ဆာနတ်ဘုရားက သူ့ကို အမှန်ပြင်ပေးလာတယ်။
"ကောင်းကင်လား၊ မြေအောက်ကမ္ဘာလား" သူဘာဆိုလိုတာလဲ။
"ကောင်းကင်ဘုံက အမတဘုံကနေ ထွက်ခွာချိန် ငါတို့က တစ်ဘုံလုံး အမတတက်လှမ်းမှု လုပ်ခဲ့တာပေါ့၊ ဒါကြောင့် ငါတို့က မြေအောက်လောကနဲ့ တစ်လောကတည်းဖြစ်နေပြီ"
"မြေအောက်လောကဆီ တက်လှမ်းတာ ဆိုလိုတာက... မြေအောက်လောကက နဂိုက သုံးဘုံထဲကပေါ့..."
"အထွတ်အထိပ်လောကပဲ" မိစ္ဆာနတ်ဘုရားက ခေါင်းညိတ်ပြလိုက်တယ်။
"မေ့ပျောက်မြစ်ရဲ့ဇာစ်မြစ်က သေချာပေါက် သုံးလောကကြား သေချာပေါက် အထက်တန်းကျမှာပေါ့"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဒါ သူတို့ကို သင်ပေးထားတာတွေနဲ့ ကွာခြားတယ်လေ
လိုတာထက်ပိုတဲ့ကိစ္စတွေ သူတို့ခေါင်းထဲ ပေါ်လာတော့တယ်။
ငရဲ၊ ရန်ဝမ်(ငရဲဘုရင်)၊ သေမင်းညီနောင်တွေနဲ့ တခြားအကြောင်းအရာတွေရောပဲ။ ပြီးတော့ သာမန်ကျင့်ကြံသူတွေတောင် ဖြေရှင်းနိုင်တဲ့ အဲဒီမကောင်းဆိုးဝါးဝိညာဉ်တွေက အထွတ်အထိပ်လောကဆီကတဲ့လား။ သူတို့တွေက တခြားလောကတွေဆီတောင် ရွှေ့နိုင်တယ်။
သူတို့ရဲ့ ကောင်းကင်လောကအပေါ် အထင်အမြင်က ရုတ်တရက်ကြီး ဘယ်လိုလုပ် ဟိုးကျောက်တုံးအောက်ခြေထိ ကျသွားတယ်လို့ ခံစားရတာပါလိမ့်။
"ဂျပုလေးက ဘယ်မှာလဲ" ရှန်းရင်က ရုတ်တရက်မေးလာတယ်။
"စိတ်အေးအေးထားပါ၊ သူ့သက်တမ်းနဲ့ဆို အဆင်ပြေပါလိမ့်မယ်၊ မြန်မြန် အသက်ဆုံးဦးမှာ မဟုတ်ဘူး၊ ပြီးတော့ သူက မင်းတို့သွားမဲ့နေရာမှာ"
"ရွှမ်ထုံက ကောင်းကင်မြေအောက်ဘုံထဲမှာပေါ့"
ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သူတို့ထဲကဘယ်သူမှ ပန်းပေါ်က အရှိန်အဝါကို မမြင်ဖူးတာ မထူးဆန်းတော့ဘူး။ အမတလောကထဲက မဟုတ်ဘူးပဲ။ ဒါပေမဲ့ ကောင်းကင်မျိုးနွယ်က ဘာလို့ ရွှမ်ထုံ့ကို ပြန်ပေးဆွဲရတာလဲ။
"မဟုတ်သေးပါဘူး၊ ကောင်းကင်ဘုံက လူတွေက အမတလောကထဲ စိတ်တိုင်းကျဝင်ထွက်နိုင်တာလား"
သူတို့ဝင်ထွက်နိုင်ရင် ဘာလို့ အမတဘုံက ကောင်းကင်မျိုးနွယ်ကို ဒီနှစ်တွေအားလုံးအကြာမှာတောင် တစ်ခါမှ မမြင်ဖူးရတာလဲ။
"မင်းတို့ ကောင်းကင်မြေအောက်ဘုံဆီ သွားပြီးရင် ဒါတွေအားလုံးကို အလိုလို နားလည်လာမှာပါ" မိစ္ဆာနတ်ဘုရားက လက်ကိုဝှေ့ယမ်းပြီး အလင်းတန်းဖြူကြီးတစ်ခု ထိန်လင်းသွားကာ သူတို့ရှေ့ ဖြည်းဖြည်းချင်း နိမ့်ချည်မြင့်ချည်ဖြစ်နေတယ်။
"ငါ သုံးဘုံထဲ ဝင်ရောက်စွက်ဖက်လို့မရတာမို့ ကိုယ်တိုင်သွားလို့မရဘူး၊ မင်းတို့ သွားဖို့အဆင်သင့်ဖြစ်ရင် ဒါကိုအသက်သွင်းဖို့ မင်းတို့မသေမျိုးချီကို သုံးလိုက်၊ မင်းတို့ကို ကောင်းကင်မြေအောက်ဘုံဆီ ခေါ်သွားပေးလိမ့်မယ်၊ မင်းတို့တွေ မုံ့ဖော်နဲ့ ဆယ်ပေအတွင်း ရှိနေသရွေ့ ဒါက နီလာပြီး ငါအလိုလို ပေါ်လာလိမ့်မယ်"
ရှန်းရင် လက်ကိုဆန့်ထုတ်ကာယူလိုက်တယ်။ ကူယွဲ့လည်းငုံ့ကြည့်လိုက်တော့ နှုတ်ခမ်း တွန့်သွားတော့တယ်။ ထင်ထားတဲ့အတိုင်းပဲ နောက်ထပ် ကျောက်စိမ်းဆွဲဘယက် ဟွေ့လင်မှာ ရှိခဲ့တဲ့နှစ်ခုနဲ့ တစ်ပုံစံတည်းပဲ။ ဒီကောင်းကင်မိစ္ဆာက ကျောက်စိမ်းဆွဲဘယက်တွေကို စွဲလမ်းမှု ရှိနေတာလား။
"ဒါဆိုလည်း ဒုက္ခပေးရတော့မယ်" မိစ္ဆာနတ်ဘုရားရဲ့အပြုံးက ပိုတောက်ပလာပြီး ကောင်းကင်ဘုံထဲ သူ့ကိုယ်က ပျောက်ကွယ်သွားတော့တယ်။
"ခဏနေပါဦး" သူတို့ မေးလို့တောင်မပြီးသေးတာကို၊ အနည်းဆုံးတော့ စရမဲ့လမ်းကြောင်းလေး ဘာညာ ပေးသွားဦးလေ။
ကူယွဲ့ မေးခွန်းတချို့မေးချင်သေးပေမဲ့ သူတို့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားခဲ့တယ်။ သူတို့က အနောက်နန်းဆောင်ရဲ့ ခြံဝန်းထဲ ရပ်နေပြီ။ သူတို့ဆန့်ကျင်ဘက်မှာတော့ ငမည်းလေးက လမုန့်တစ်ပိုင်းကို ကိုင်ထားရင်း တမြုံ့မြုံ့ဝါးနေတယ်။ ပြီးတော့ အခွံမာစေ့အရသာ။
"ကြီးမြတ်တဲ့နတ်သမီး ပြန်လာပြီပဲ"ငမည်းလေးက လက်ပေါ်က လမုန့်အစတွေကို ခါလိုက်တယ်။
"မြန်သားပဲ ဘာတွေဖြစ်ခဲ့တာလဲ၊ မိစ္ဆာနတ်ဘုရားက ဘာတွေပြော..."
"ငမည်းလေး" ရှန်းရင်က သူ့ကိုကြားဖြတ်ပြီး စားပွဲပေါ်က ပန်းကန်ပြားအလွတ်တွေကို ကြည့်လိုက်တယ်။ သူမ မျက်မှောင်ကြုတ်တော့တယ်။
"နင်အခုသွားလို့ရပြီ"
အာ... အယ်။
သူ ခုလေးတင်မှ ရောက်တာလေ။
"ဘာလို့..." သူ မေးမို့ရှိသေး ရှန်းရင်က ရုတ်တရက် သူ့ကို စိန်းစိန်းဝါးဝါးကြည့်လာတယ်။ ငမည်းလေး တစ်ကိုယ်လုံး အေးစက်သွားပြီး အလိုလိုတုန်ရီသွားတော့တယ်။ ကြီးမြတ်တဲ့နတ်သမီးက ဘာလို့သူ့ကို ဒီလိုကြည့်နေရတာလဲ။
"နတ်ဆိုးဘုရင် ကျေးဇူးပြုပြီး" ယွီဟုန်လည်း အမူအရာ ဖတ်နိုင်တာမို့ သူ့ကိုနှင်ထုတ်တော့တယ်။
ငမည်းလေးလည်း ဇဝေဇဝါဖြစ်သွားပေမဲ့ လှည့်ထွက်လာခဲ့ပြီး ခြေတစ်လှမ်းလှမ်းတိုင်း ပြန်လှည့်ကြည့်နေမိတယ်။
"ဟုန်အာ၊ ငါတစ်ခုခု အမှားလုပ်မိလို့လား"
သူ ကြီးမြတ်တဲ့နတ်သမီး မုန်းတီးတာခံလိုက်ရသလိုပဲ။
ယွီဟုန်က သူ့ကိုထူးဆန်းတဲ့အမူအရာနဲ့ကြည့်တယ်။
"ဟမျ၊ ဘာလဲ"
"ဟူး... ရှင်မသိတာ ပိုကောင်းပါတယ်"
"ဘာလို့လဲ"
"ဂိုဏ်းချုပ် ဒီနေ့ ညစာမစားရသေးဘူးလေ"
"ဟမ်"
အဲဒါ ဘာဆိုလိုတာလဲ။ သေချာရှင်းပြဦးလေ၊ အဲဒါမှ ငါနောက်တစ်ကြိမ် သေချာဖားနိုင်မှာပေါ့။