အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
238
အခန်း ၂၃၈ ။ ကောင်းကင်ဘုံသို့ဦးတည်ခြင်း
"ငါတို့သွားသင့်တယ်ထင်လား" ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။ သူ စောနက ဖြေတာ တအားစောသွားတယ် - ခုတော့ အကြပ်ရိုက်နေပြီ။
ရွှမ်ထုံက အခု ကောင်းကင်မြေအောက်ဘုံမှာ။ သူဘယ်မှာလဲဆိုတာ သူတို့အတိအကျမသိဘူး။ မိစ္ဆာနတ်ဘုရားက သူ အခု အန္တရာယ်စစ်စစ်နဲ့ မကြုံတွေ့ရသေးဘူးလို့ ပြောခဲ့ပေမဲ့ ဘယ်တော့မှ မကြုံတွေ့ဘူးလို့ မဆိုလိုဘူး။ ပြီးတော့ သူက အခုမှ မဟူရာအမတအဆင့်ပဲရှိသေးတာကို ကောင်းကင်မျိုးနွယ်တွေ ဝိုင်းထားတာ ခံနေရတာ။ အဲမှာဘေးကင်းတယ်လို့ စဉ်းစားဖို့က ဟာသတစ်ခုပဲ။ အထူးသဖြင့် သူမရဲ့ ကံမကောင်းတဲ့ အနေအထားအရ...။
သူမက ဘယ်လိုပဲဖြစ်ဖြစ် သူ့ဂိုဏ်းကတပည့်ပဲ။ ဒါတွေအားလုံးကိုစဉ်းစားလိုက်ရင် မျက်နှာလွှဲခဲပစ် လုပ်ဖို့က ခက်တယ်။
ဒါပေမဲ့ သူတို့သုံးယောက်လုံး ကောင်းကင်မြေအောက်ဘုံဆီသွားရင် သူတို့ မုံ့ဖော်ကို ရှာတွေ့မတွေ့က အသာထားဦး၊ သူတို့ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလားတောင် မသေချာဘူး။ အမတဘုံရဲ့ လက်ရှိအခြေအနေကို စဉ်းစားရင် ကြည့်ရတာ အရာအားလုံးကအဆင်ပြေတဲ့ပုံပေါက်တယ်။ ဒါပေမဲ့ ရှန်းရင် အရာအားလုံးကို အတူတူထိန်းထားတာကြောင့်မှန်းသာ ကူယွဲ့သိတယ်။ သူမ ကောင်းကင်ဘုံဆီ ထွက်ခွာတာနဲ့ အမတနဲ့ နတ်ဆိုးဘုံတွေက တိုက်ပွဲစတင်မှာပဲ။ တိုက်ခိုက်ခံရတဲ့ပထမဆုံးနေရာက သူတို့ဝူတိနန်းတော်ကောင်းကင်ဖြစ်လိမ့်မယ်။
"ကောင်းကင်မိစ္ဆာဆယ်ပါးက မင်း သူတို့ကို အနိုင်ယူခဲ့ချိန်က ရခဲ့တဲ့ဒဏ်ရာတွေကနေ အပြည့်အဝ မသက်သာသေးပေမဲ့ အဇဋာဧကရာဇ်တွေကတော့ မတူဘူး၊ တကယ်လို့ သူတို့ဆယ်ယောက် ပူးပေါင်းလိုက်ရင်တောင် နတ်ဆိုးလောကက သူတို့နဲ့ ယှဉ်နိုင်သေးတယ်၊ အဲထဲမှာ ငမည်းလေးကို ပုံဖော်ကြည့်ရင်..." သူတို့ ဘက်လိုက်တာမဟုတ်ပေမဲ့ အမတဘုံရဲ့အရည်အချင်းတွေက တကယ့်ကို သာမန်ဆန်လွန်းတယ်။
"ပြီးတော့ နတ်ဆိုးဘုံမှာ ကျန့်ထင်ရှိတယ်"
ဧကရာဇ်ကျောင်းဟွားတော့ ရှိသေးပေမဲ့ သူမလည်း အများကြီး အကူအညီဖြစ်မှာမဟုတ်ဘူး။ တကယ်လို့ တကယ်သာ ကြုံရရင် နတ်ဆိုးတွေက သူမကို လွှတ်ပေးပါ့မလားတောင်မသေချာ။
"မင်းတို့ ဘယ်လိုထင်လဲ၊ ငါတို့ ခုဘာလုပ်သင့်တုံး"
"ဟမ်" ရှန်းရင်က ထစ်ငေါ့နေတယ်။ သူမက ကူယွဲ့ကို လှည့်ကြည့်ရင်း စားစရာဝါးနေတယ်။
"နင်ဘာပြောလိုက်တာ"
ကူယွဲ့ သူ့စိတ်ထဲတစ်ခုခုကျိုးပဲ့သွားသလို ခံစားလိုက်ရတယ်။
"မင်း ဂရုစိုက်သမျှက စားစရာပဲ"
သူ အရမ်းကို စိတ်ပူပန်နေတယ်ဆိုတာ မမြင်နိုင်ဘူးလား။ ဒေါသထွက်ပြီး သူ မီးဖိုချောင်ဆီ လျှောက်နေတဲ့ လူဘက် စိန်းစိန်းဝါးဝါးလှည့်ကြည့်လိုက်တော့တယ်။
"ပြီးတော့ မင်း ကြော်လှော်နေတာတော်တော့ မင်း ခုချက်နေတာ ဟင်းပွဲ၂၀လောက်ရှိပြီ"
"ဖေဖေနျို..." ရှန်းရင်က ပြောရင်း အရွက်မျှင်တစ်စက ပါးစပ်အပြင်တန်းလန်းကျနေသေးတယ်။
"ငါတို့ဒီကိစ္စတွေကို ဆွေးနွေးဖို့ သန်မာအောင် စားစရာရှိတာစားရမယ်လေ၊ စားဖိုမှူး ခရမ်းချဉ်သီးကြက်ဥမွှေကြော်ချက်လိုက်"
"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ"
"တော်လောက်ပြီ မင်းတို့နှစ်ယောက်လုံး"
ကူယွဲ့ စားပွဲမထုမိအောင် ထိန်းထားတဲ့ဆန္ဒအားလုံးကို ယူပစ်သွားတော့တယ်။
"မင်းတို့ ဂျပုလေးအတွက် စဉ်းစားပေးနိုင်မလား"
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က နှစ်တချို့ ဆက်ဆံခဲ့တာပဲလေ။ သူမကြီးပြင်းလာတာကို သူတို့ကြည့်ခဲ့ရတာ
"ငါတို့စိုးရိမ်တာပေါ့" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
"အဲဒါကြောင့် စားဖိုမှူးကို လမ်းမှာစားဖို့ ဟင်းပွဲတွေပိုချက်ခိုင်းနေတာ" အဲမှာ စားစရာမရှိရင် ဘယ်လိုလုပ်မလဲ။
"မင်း... တကယ်ပဲ ကောင်းကင်မြေအောက်ဘုံကို သွားဖို့စီစဉ်နေတာလား" ပြီးတော့ ချက်ချင်းသွားဖို့ လုပ်နေတာလား။
"တခြားဘာရှိရမှာလဲ"
"ဒါပေမဲ့ ငါတို့သွားရင် ဂိုဏ်းနဲ့ဘုံနှစ်ခုက-"
"ဖေဖေနျို" ရှန်းရင်က ရုတ်တရက်ကြားဖြတ်ပြောလိုက်တယ်။ သူမ အသံတိုးလိုက်တယ်။
"နင်ဘာလို့ မဟူရာကောင်းကင်ဂိုဏ်းက ထွက်လာခဲ့တာလဲ"
ကူယွဲ့တန့်သွားပြီး သူမကိုအူကြောင်ကြောင်စိုက်ကြည့်နေမိတယ်။
ဘာလို့လဲ။ ဘာလို့လဲဆိုတော့ မဟူရာကောင်းကင်ဂိုဏ်းက ရှန်းရင်နဲ့ ယိချင်းကို ဓားစာခံလုပ်ဖို့ စီစဉ်လို့လေ။ ဂိုဏ်းထဲကလူတွေကို ကာကွယ်ပေးသင့်တဲ့ ဂိုဏ်းချုပ်တွေက အရေးကြီးတဲ့အချိန်မှာ သူတို့ ဂရုစိုက်မှုအောက်ကလူတွေရဲ့ အသက်ကို လက်လျှော့ပစ်ဖို့ ဆန္ဒရှိခဲ့တယ်။ အဲဒါကြောင့် သူမဟူရာဂိုဏ်းအပေါ် အေးစက်သွားခဲ့တာပဲ။ နောက်တော့... ရှန်းရင်နဲ့ပူးပေါင်းခဲ့တယ်။
"အခု ငါတို့က သူတို့နဲ့တစ်ပုံစံတည်းပြုမူနေပြီ" ရှန်းရင်က တစ်ခဏစဉ်းစားပြီး ဆက်ပြောလိုက်တယ်။
"ဂျပုလေးက ငါတို့ဂိုဏ်းရဲ့တပည့်လေ"
ကူယွဲ့က တောင့်တင်းသွားတယ်။ သူ့နှလုံးထဲထုံးဖွဲ့နေတဲ့ အထုံးကလဲ နောက်ဆုံးတော့ သူ့ဘာသာ ပြေသွားခဲ့တယ်။ မှန်တယ် သူဘာလို့တုံ့ဆိုင်းနေသေးတာလဲ။ သူတို့ပြောနေတာ ဝူတိဂိုဏ်းရဲ့တပည့်ပဲ - တခြားသူတွေ သူ့ကို အနိုင်ကျင့်မှာ ဘာလို့ခွင့်ပြုရမှာလဲ။ သူတို့ပြန်လာမလာနိုင်ကတော့ cheat အနားမှာ ရှိသရွေ့ ဘာမှကြောက်စရာမလိုဘူး အဆိုးဆုံးမှ သူတို့ တစ်ယောက်သောနတ်ဆိုးကို ဆွဲခေါ်ပြီး ကျိန်ခိုင်းလိုက်မယ်။
"ငါနားလည်ပြီ" ကူယွဲ့ပြုံးလိုက်တယ်။ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုပဲ။ အရာအားလုံးက ရုတ်တရက် ကြည်လင်လာတယ်။ အကျင့်အတိုင်း သူ ရှန်းရင်ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တော့တယ်။
"ပြီးတော့... မင်းရဲ့ညစ်ပတ်နေတဲ့လက်တွေကို ငါ့ပခုံးပေါ်ကနေဖယ်လိုက်"
သေစမ်း၊ သူ့ပခုံးပေါ် လက်သုတ်ဖို့ အခွင့်အရေး ယူသေးတယ်ပေါ့လေ။ သူမ သူ့ကို ဘာမှတ်နေတာလဲ - အဝတ်စလား ငါမမြင်ဘူးမထင်နဲ့။
"ငါသူတို့ကို ခုတ်ပစ်မယ်ဆို မင်းယုံမလား"
ရှန်းရင် ချက်ချင်းလက်ပြန်ရုပ်ပြီး ပန်းကန်လုံးဘက်မျက်နှာပြန်လှည့်လိုက်တော့တယ်။
သူတို့ဒီနေ့ ပုစွန်စားနေတာလေ အား သူမ လက်သုတ်စရာတွေ မပြင်ထားမိတာ ဆိုးလွန်းတယ်။ အခု သူမလက်တွေ ဆီပေနေတော့ တခြားစားစရာတွေကို ဆုပ်ကိုင်ရတာ အခက်တွေ့နေပြီ။
"ဆရာ ကြက်ဥခရမ်းချဉ်သီးမွှေကြော်ရပါပြီ"
"အော်"
ကူယွဲ့ သိုင်းကွက်တစ်ခု ဖန်တီးပြီး ပခုံးပေါ်က ဆီကွက်တွေကို သုတ်လိုက်တယ်။ သူ့ခုံဆီ ပြန်သွားပြီး စိုးရိမ်တကြီး ဟိုဟိုဒီဒီ ကြည့်လိုက်တယ်။ ကြည့်ရတာ တပည့်တွေ စိုးရိမ်ပြီးကျန်မနေခဲ့ရအောင် နန်းတော်မှာ သေချာပြင်ဆင်ရတော့မဲ့ပုံပဲ။
"မစိုးရိမ်ပါနဲ့" ယိချင်းက ရှန်းရင်ရှေ့ ကြက်ဥမွှေကြောပန်းကန်ကို ချပေးရင်း ပြောလာတယ်။
"မိစ္ဆာနတ်ဘုရားက ဘုံနှစ်ဘုံကို ပေါင်းစည်းဖို့ မတုံ့ဆိုင်းဘဲ ကျွန်တော်တို့ကို ကောင်းကင်နန်းတော်ဆီ ဦးတည်ဖို့တောင် တောင်းဆိုခဲ့တာ၊ သူ အားလုံးကို စဉ်းစားပြီးတာ သိသာတယ်၊ ကျွန်တော်တို့ လိုအပ်လောက်တာမှန်သမျှ ပြင်ဆင်ပြီးတာ ဖြစ်ဖို့များတယ်"
ကူယွဲ့က တန့်သွားတယ်။ သူ တစ်ခုမေးဖို့ရှိသေး မြေကြီးကလှုပ်ယမ်းလာပါလေရော။ မဝေးတဲ့တစ်နေရာစီက သူ ကောင်းကင်ဆီ ထူထဲပေါကြွယ်ဝတဲ့နတ်ဆိုးချီတွေ တစ်ရှိန်ထိုး တက်သွားတာကို ခံစားမိလိုက်တယ်။ တစ်အောင့်ကြာတော့ အမတနန်းတော်တစ်ခုလုံးထဲ ပြည့်သွားတယ်။ မသေမျိုးချီက နန်းတော်ထဲကနေ စက္ကန့်နဲ့အမျှ ပျံ့လွင့်သွားလေရဲ့။
"ဒါက..." အဲဒါ လန်ဟွားရှိတဲ့ဘက်မလား။ ဒီနတ်ဆိုးချီတွေရဲ့ပမာဏကိုကြည့်ရင်...။
"လန်ဟွားက တက်လှမ်းနေတာပဲ"
ကူယွဲ့ ထခုန်လိုက်မိတယ်။ လန်ဟွားက ကောင်းကင်မိစ္ဆာ။ သူတက်လှမ်းပြီဆို ဆိုလိုတာက... နတ်ဆိုးဘုရင် ဖြစ်တော့မှာပေါ့။
လန်ဟွားက နတ်ဆိုးဆိုပေမဲ့ သူ့နှလုံးသားက အမြဲ အမတဘုံအတွက်ပဲဖြစ်နေခဲ့တာ။ ဒါတွေက မိစ္ဆာနတ်ဘုရားရဲ့ အစီအစဉ်တွေပဲလား။ တကယ်လို့ လန်ဟွားသာ နတ်ဆိုးဘုရင်ဖြစ်လာရင် သူတို့သုံးယောက် ထွက်သွားရင်တောင် အမတဘုံနဲ့ နတ်ဆိုးဘုံက ဟန်ချက်ညီနေဦးမှာပဲ။
သံသယမရှိ မိစ္ဆာနတ်ဘုရားက အားလုံးကိုစီစဉ်ထားခဲ့တာပဲ။
ကူယွဲ့ရဲ့စိုးရိမ်မှုအများစုကို အခုဖြေရှင်းပြီးပြီ။
"ရှန်းရင် ငါတို့..." သူစကားမဆုံးခင်မှာတင် ရွှေရောင်အလင်းတန်းက ရှန်းရင်ဘေးပေါ်လာပြီး သူတို့အားလုံးကို လွှမ်းခြုံသွားတော့တယ်။
"ဟိုလီရှစ် အဲဒါကျောက်စိမ်းတံဆိပ်ပြားကပဲ" ကူယွဲ့က အံ့ဩတကြီး ပြောလိုက်တယ်။ အရမ်းနောက်ကျသွားပြီ။ သုံးယောက်လုံး ပျောက်သွားတော့တယ်။
မိစ္ဆာနတ်ဘုရားက လူလိမ်ပဲ၊ ပြောတော့ ဒါက မသေမျိုးချီနဲ့အသက်သွင်းရတာဆို၊ ဒါပေမဲ့ သူက ဘယ်လောက် မသေမျိုးချီပမာဏလဲဆိုတာကျ မပြောသွားခဲ့ဘူး
——————
ကောင်းကင်မြေအောက်ဘုံတစ်နေရာ။
မသေမျိုးချီတွေ တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းနေတယ်။ အဝေးကို မမြင်ရအောင် ကာဆီးနေတဲ့မြူတွေလိုမျိုး တစ်စုံတစ်ရာ ဖွဲ့စည်းနေတဲ့အတိုင်း ပိုပိုထူထဲလာတယ်။ မိနစ်နည်းနည်းကြာတော့ နက်ရှိုင်းတဲ့တောအုပ်ကြီးက ရုတ်တရက် နှင်းတွေလိုဖြူဖွေးသွားတယ်။ တိမ်တိုက်တွေကြား ကြီးမားတဲ့ တံခါးကြီးပေါ်လာပြီး အင်းကွက်တွေအများကြီးနဲ့ ပုံကားချပ်ကြီး ဖုံးလွှမ်းထားတယ်။ အရမ်းကိုရှေးဆန်ချက်ပဲ။ ပတ်ပတ်လည်မှာတော့ လေထဲလွင့်မျောနေတဲ့ ရွှေရောင်စာလုံးတွေနဲ့ အဆောင်တွေ။ တစ်ခုချင်းစီကထူးဆန်းတဲ့တွန်းအားထုတ်လွှင့်နေတယ်။
ရုတ်တရက် တစ်ခုခုဖြဲဆုတ်သံကြားလိုက်ရတယ်။ တံခါးကပွင့်လာပြီး မျက်စိကျိန်းစရာ ရွှေအလင်းတန်းက အထဲကနေ တောက်ပလာကာ တစ်တောအုပ်လုံးကို လင်းထိန်သွားစေခဲ့တယ်။ ထည်ဝါတဲ့အသံတစ်သံက လွင့်မျောလာတယ်။ အသံကနေရာတိုင်းမှာရှိနေသလိုမျိုးပဲ - စကားပြောနေသူက ဘယ်လောက်ဝေးလဲဆိုတာ ဆုံးဖြတ်ဖို့နည်းလမ်းမရှိဘူး။
နောက်တော့ နဂါးကြီးတစ်ကောင်ရဲ့ ဟိန်းသံအကျယ်ကြီးက လေထဲပျံ့လွင့်လာတယ်။ အနက်ရောင်ပုံသဏ္ဌာန်တစ်ခုက ကောင်းကင်ထဲ မြင့်တက်သွားတယ်။ နဂါးဟိန်းသံက တိမ်တိုက်တွေနဲ့ ပင်လယ်တစ်လျှောက် အဆုံးမရှိဟန် ပဲ့တင်ထပ်သွားခဲ့တယ်။
ပတ်ပတ်လည်က မသေမျိုးချီတွေ ထူထဲသထက်ထူထဲလာတယ်။ တံခါးတွေကပျောက်သွားပြီး ကောင်းကင်ထဲက သဏ္ဌာန်ဆီ ပျံသန်းသွားတဲ့ အပြာရောင်ကောသ်းကင်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ နဂါးမည်းကြီးက တိမ်တွေကြား ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ကောင်းကင်ထဲ လွတ်လွတ်လပ်လပ်ပျံသန်းရတာ ပျော်နေတဲ့ပုံ။
ကောင်းကင်အသံက ကောင်းကင်ယံထဲပြည့်သွားတယ်။
"ဟားဟားဟား... ငါနောက်ဆုံးတော့ နဂါးဖြစ်လာပြီး ကောင်းကင်ဘုံဆီ တက်လှမ်းရပြီ" နဂါးအသံက အင်မတန် ကျယ်လောင်တယ်။ မိုးကြိုးသံတွေ နောက်မှာချန်ရစ်ခဲ့သလိုရယ်နေတာပဲ။
"ဒီနေ့ကစပြီး ငါက ကောင်းကင်မျိုးနွယ်အစစ် ဖြစ်ပြီ"
စကားပြောပြီးတာနဲ့ မိုးကြိုးသံကျယ်ကြီးပေါ်လာတယ်။ နဂါးနက်က ချက်ချင်း ကောင်းကင်ကို မှောင်မည်းသွားစေတဲ့ မိုးကြိုးနီကြီးတွေ ထုတ်လိုက်တယ်။ အရာအားလုံးဟာ ပကတိအမှောင်အတိ။ နဂါးက တိမ်တိုက်တွေကြား ဆက်ကခုန်နေပြီး သူ့ကောင်းကင်ဖိနှိပ်မှုကို မြေကြီးကနေတောင် ခံစားရနိုင်တယ်။ သူ ပိုပြီးပျံလေ စိတ်လှုပ်ရှားလာလေပဲ။
"ပိုင်ဇယ် ငါ့ကို ဒီနှစ်ပေါင်းသောင်းချီအတွင်း လုပ်ခဲ့တာတွေအတွက် သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်" သူက ကတိပေးနေတဲ့ပုံပဲ။ နောက်တော့ မိုးကြိုးတန်းနီကြီး ထွေးထုတ်တယ်။ ကျိုးပဲ့သံကြီးတွေက နေရာတစ်လျှောက် အက်ခိုးထပ်ပြီး နဂါးက မြေကြီးဆီ ဦးတည်လာတယ်။ မိုးကြိုးတွေက သူ့တစ်ကိုယ်လုံးမှာ ပေါ်နေတယ်။ ကြည့်ရတာ အောက်ကသစ်တောပေါ် ဒေါသပေါက်ကွဲတော့မဲ့ပုံပဲ။
မိုးကြိုးတွေနဲ့ ကြောက်မက်ဖွယ် ဖိနှိပ်မှုက ပိုပိုများလာပြီး နဂါးက လေထဲ တိမ်တိုက်တွေကိုဖြတ် သစ်ပင်တွေကြားထဲထုတ်ခဲ့တဲ့ မီးတောက်တွေကြားထဲ ဖြတ်သန်းနေတယ်။ မြေကြီးကို သူက တန်းတန်းမတ်မတ် ဦးတည်လာနေတယ်။
ရုတ်တရက် သစ်ပင်နောက်ကနေ ပုံသဏ္ဌာန်တစ်ခုပေါ်လာတယ်။ ပုဂ္ဂိုလ်က ဝတ်ရုံဖြူဝတ်ထားပြီး ရှုပ်ပွနေတဲ့ဆံပင်နဲ့။ သူမက နဂါးကြီးကို မဆိုစလောက် မော့ကြည့်ပြီး အကျင့်အတိုင်း လက်ယမ်းနှုတ်ဆက်ပြလိုက်တယ်။
"ဟေး မြွေနဂါးရှည်ကြီး"
"..."
…
239
အခန်း ၂၃၉ ။ ကျောင်းလုံ၏ လမ်းညွှန်မှု
ကျောင်းလုံမျက်လုံးတွေ ပြူးထွက်လာတယ်။ အလိုလို သူက ပါးစပ်ပိတ်ပြီး သူထွေးထုတ်တော့မဲ့ မိုးကြိုးတွေကို ပြန်မျိုချလိုက်တယ်။ ဒါပေမဲ့ တစ်ဖက်ပြန်လှည့်ပြီး ရပ်ဖို့အတွက်က နောက်ကျလွန်းသွားပြီ။ ဟိန်းသံအကျယ်ကြီးနဲ့အတူ နဂါးက မြေကြီးထဲ ထိုးစိုက်ကျသွားပြီး သစ်ပင်တွေကို အမြစ်ကျွတ်သွားစေတာများ မြေအောက်ရထားတစ်စင်း ရထားလမ်း ချော်သွားတဲ့အတိုင်းပဲ။
ရှန်းရင် ဆူညံသံတွေ ကြားလိုက်ရပြီး သစ်ပင်တွေထဲက လေထဲ တစ်တန်းတည်းဖြစ်နေကာ နောက်တော့ မြေကြီးပေါ်ပြန်ကျသွားတာ မြင်လိုက်ရတယ်။ အဝေးကြီးကနေ သူမ ကျောင်းလုံရဲ့ ကိုယ်ကနေ ပဲ့အက်သံတွေ ကြားနေရတယ်။ တစ်ခုခု ကျိုးသွားတဲ့အသံပဲ။
"ဟေး နင် အသက်ရှင်နေသေးရဲ့လား" ရှန်းရင် သစ်ကိုင်းတစ်ခုကို လှမ်းယူပြီး နဂါးရဲ့ ကိုယ်ကို လှမ်းထိုးလိုက်တယ်။ သူ့ခေါင်းက မြေကြီးထဲမြုပ်နေဆဲ။ ဘာလို့ အကြောင်းမရှိ သင်းခွေချပ်လို လုပ်နေရတာတုံး။ အရိုးကျိုးသွားတာလား။
ရှန်းရင်က သေချာကြည့်ပြီး နဂါးကိုမေးလိုက်တယ်။
"နင်ကတကယ်ပဲ ညွှန်ကြားရေးမှူးရဲ့ မြွေနဂါးရှည်ကြီးလား" ခု ပိုပြီး ကြမ်းထော်လာပေမဲ့ အရသာရှိဦးမဲ့ပုံပဲ။
နဂါးက ခုန်ပြီးကြည့်ရတာ သတိပြန်လည်လာတဲ့ပုံ။ သူ့ခေါင်းက မြေကြီးထဲကနေ ဗြုန်းခနဲထွက်လာပြီး နဂါးတစ်ကိုယ်လုံး ပေအနည်းငယ်နောက်ပြန်ဆုတ်သွားတော့တယ်။ သူက ရှန်းရင်ကို ကြောက်လန့်တကြား ကြည့်နေတယ်။
"ကြီး... ကြီး... ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်-ခင်-ခင်ဗျား... ဒီမှာဘာလုပ်နေတာလဲ၊ ဒါက... ဒါက ကောင်းကင်ဘုံ မဟုတ်ဘူးလား"
"နင်က တကယ့်အဲဒီမြွေနဂါးရှည်ကြီးပဲ" ရှန်းရင်အံ့ဩသွားတယ်။
"ဟေး အတော်တောင်ကြာပြီနော် နင့်ပုံစံကြည့်ရတာ အရင်နဲ့ ကွဲပြားနေပြီ"
နင့်ချိုတွေကတောင် မတူတော့ဘူး။
"ကြီးမြတ်တဲ့နတ်ဒေဝါ... ကျွန်တော်က အခု နဂါးဖြစ်နေပြီလေ၊ သေချာပေါက်မတူတော့ဘူးပေါ့"
နဂါးက အလိုလိုတုန်ရင်ပြီး နောက်ကို မသိမသာပိုဆုတ်သွားတော့တယ်။
"ပြီးတော့၊ ကျွန်တော်က အခုပိုင်ဇယ့်လိုဖြစ်နေပြီ...ကျွန်တော်က ကောင်းကင်မျိုးနွယ်ပဲ"
"အော်"
ရှန်းရင်က ခေါင်းညိတ်ပြလိုက်တယ်။ သူမ ဖေဖေနျိုဆီက သင်ထားတဲ့ စီးပွားရေးဆန်ဆန်စကားကို ရွတ်ပြလိုက်လေတယ်။
"နင်က အလုပ်ကြိုးစားတာပဲ"
"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်ဗျားက ကြင်နာလွန်းတာပဲ" နဂါးနက်ကပြုံးတယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါတက်လှမ်းလာတာ နှစ်ရာချီကျော်သွားပြီပဲ၊ ကျွန်တော်သေချာပေါက်... ခဏ ခင်ဗျားက အမတလား"
နဂါးက အရေးကြီးတာ တစ်စုံတရာကို သတိထားမိသွားပုံပဲ။ သူက ရှန်းရင်ကို ခေါင်းစခြေဆုံး စေ့စေ့စပ်စပ်ကြည့်ပြီး သူမကိုယ်ကနေ သိပ်မပျောက်သေးတဲ့ မသေမျိုးချီကို သတိပြုမိသွားတယ်။ သူ့မျက်လုံးတွေက တလက်လက်ဖြစ်သွားပြီး အကြောက်တရားက သူ့မျက်လုံးထဲကနေ စီးဆင်းသွားတယ်။
"ဟမ်" ရှန်းရင်က တုံ့ဆိုင်းနေပြီးတဲ့နောက် ခေါင်းညိတ်ပြလိုက်တယ်။
"ထင်တာပဲ... အဲလိုမျိုး"
"ဒါဆို..." အသက်ပြင်းပြင်းရှူပြီး ရှန်းရင်ကို တန်းတန်းမတ်မတ်ကြည့်လိုက်တယ်။ အလင်းတန်းနီတွေက သူ့ကိုယ်ပေါ်ပြန်ပေါ်လာပြီး ကောက်ကျစ်တဲ့အပြုံး သူ့မျက်နှာပေါ် ပေါ်လာတယ်။
"ကောင်းတာပဲ"
"ဟမ်" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
"ဟီးဟီးဟီး..." သူက ရုတ်တရက် ခြောက်ကပ်ကပ်ရယ်တယ်။ မိုးကြိုးတန်းက ပိုပိုပြီး ပြင်းထန်လာတယ်။
"ငါမေ့တော့မလို့၊ ငါက အခု ကောင်းကင်မျိုးနွယ်ဖြစ်နေပြီ၊ ငါ မင်းကိုကြောက်တယ်များထင်နေလား၊ မင်းက အမတသက်သက်ပဲ - မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ" သူက ရုတ်တရက် ရှန်းရင်ကို ခုန်အုပ်တော့တယ်။
"..." သူက... ယားနေတာလား။
နှစ်မိနစ်အကြာ...။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော် မှားပါပြီ ကျွန်တော်ပြန်မွေးဖွားလာရင် ကျွန်တော် ခင်ဗျားရဲ့ မြွေနဂါးလုပ်ပြီး ခင်ဗျားရဲ့မြွေနဂါးအဖြစ်ပဲ သေပါ့မယ်၊ ခင်ဗျား ကျွန်တော့်ကို လုပ်ခိုင်းတာဆို မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရပါ၊ ကျွန်တော် ဘယ်လိုပဲဖြစ်ဖြစ် လက်မလျှော့ဘူး"
"အဲလောက်ကြီး ဝါဒီ မရှိပါဘူး" ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
"ငါအကူအညီသေးသေးလေးပဲလိုတာ"
"ကျေးဇူးပြုပြီးပြောပါ ကြီးမြတ်တဲ့နတ်ဒေဝါ"
"ငါဒီလောကကို ရောက်ကာစလေ၊ စားဖိုမှူးကို ရှာမတွေ့ဘူး" သူမက ဟိုဟိုဒီဒီကြည့်ပြီး ဇဝေဇဝါဖြစ်နေဟန်။
"ငါ့ကို အရင်ဆုံးဒီတောအုပ်ထဲကနေ ခေါ်ထုတ်သွားပေးပါ"
"ဟုတ်ကဲ့ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ပြဿနာမရှိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်ကို အားကိုးလိုက်ပါ ကြီးမြတ်တဲ့နတ်ဒေဝါ"
ကျောင်းလုံက အသည်းအသန် ခေါင်းညိတ်တော့တယ်။
"ကြီးမြတ်တဲ့နတ်သမီးရှာနေတဲ့လူက ဘယ်ဘက်မှာရှိလဲသိပါသလား"
"မသိဘူး၊ ငါ ကောင်းကင်ဘုံဆီရောက်ရောက်ချင်း သူတို့နဲ့ ကွဲသွားတာပဲသိတာ"
"အော်... ကြီးမြတ်တဲ့နတ်သမီး တောထဲရောက်နေတာ ဘယ်လောက်များ ကြာပြီလဲ"
"လေး... ငါး... ခြောက်လများလား" သူမ မေ့သွားပြီ။
နဂါးနက် ။ ။ "..."
ဒီတောအုပ်က အဲလောကမကြီးပါဘူး။ လတွေ ဒီလောက်ကြာတာတောင် အပြင်ထွက်လမ်းကို မရှာနိုင်ဘူးပေါ့။ သူမ ဘယ်လိုမျိုးများ ဆောင်ကရွက်ခဲ့တာပါလိမ့်။
"အယ်၊ ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်သမီး ကျွန်တော်တို့ စကားဆက်ပြောဖို့ကို ဒီက အရင်ထွက်ပြီးတဲ့ထိ စောင့်ဖို့ စိတ်ရှိမလား"နဂါးနက်က ကံစမ်းလိုက်တယ်။ သူမ မကျေနပ်မှာဆိုးလို့ သူက ထပ်ဖြည့်ပြောလိုက်တယ်။
"ကျေးဇူးပြုပြီးစိတ်ချပါ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော် ခင်ဗျားရှာနေတာမတွေ့မချင်း ဘေးကမခွာပါဘူး"
"ကောင်းပြီလေ" ရှန်းရင်လိုလိုလျားလျား ခေါင်းညိတ်လိုက်တယ်။
"ကျေးဇူးပြုပြီး နင့်ကြိုးစားမှုအတွက် ကျေးဇူးပါ"
"ဒါကျွန်တော့် တာဝန်ပါ၊ ကျွန်တော့်တာဝန်ပါ"
ကျောင်းလုံက စိတ်လှုပ်ရှားစွာရယ်တော့တယ်။
"အင်း... ကြီးမြတ်တဲ့နတ်သမီး ကျွန်တော့်ကို မြေကြီးထဲက ဒီကျောက်တုံးအပြင်ကို ကျေးဇူးပြုပြီး ဆွဲထုတ်လို့ရမလား၊ ဒါက ကောင်းကင်စိတ်တန်ခိုးကျောက်တုံးဖြစ်ရမယ်၊ အရမ်းမာလို့ ကျွန်တော်... ကျွန်တော်... ကျွန်တော် ညပ်နေပြီ"
"..." အဲတော့ အဆုံးကျ သူမ အကုန်လုပ်ရတော့မှာပေါ့
"ကောင်းပြီလေ" သူမ နဂါးခေါင်းပေါ်တင်ထားတဲ့ ခြေထောက်ကို ပြန်ရုတ်လိုက်တယ်။ ဟိုဟိုဒီဒီကြည့်ပြီး နဂါးအမြီးကိုကောက်မကာ အဲမာပုံရတဲ့ကျောက်တုံးအပြင်ကို အားနည်းနည်း ထုတ်ဆွဲလိုက်တယ်...။
ဗြိခနဲပြဲသံအကျယ်ကြီး ပေါ်လာပါလေရော။ ကျောင်းလုံက ကျောက်တုံးထဲမှာပဲ ကျန်ရစ်နေပေမဲ့ ရှန်းရင်လက်ထဲမှာတော့ နဂါးမြီးတစ်ဝက်။
ရှန်းရင် ။ ။ "..."
"အား¬" အသားကုန်ခြစ်အော်သံက တောအုပ်တစ်ခွင်ပျံ့သွားပြီး ပဲ့တင်ထပ်သွားတယ်။ အချိန်တော်တော်ကြာတဲ့ထိတောင် မပျောက်သွား...။
"အာ... တောင်းပန်ပါတယ် ကျောက်တုံးက အဲလောက်မာမယ်မထင်ခဲ့ဘူး" ရှန်းရင် အားတုံ့အားနာ ခေါင်းကုတ်ပြီး ချက်ချင်း နည်းဗျူဟာပြောင်းလိုက်တယ်။
"ငါကျောက်တုံးကိုရွှေ့ပေးရင်ရော"
သူမလက်သီးဆုပ်ပြီး မြေကြီးကိုထိုးလိုက်တယ်။
ကျောက်တုံးမာကြီးပေါ် အက်ကွဲကြောင်းရှည်ကြီးတွေဖြစ်လာတယ်။ ကျောက်တုံးက အပိုင်းပိုင်းအစစ ဖြစ်သွားတော့တယ်။
နောက်ဆုံးတော့ ရွှေ့နိုင်သွားတဲ့ နဂါးနက် ။ ။ "..."
(⊙_⊙)
သူ စောနက သူမ အသေရိုက်သတ်တာ မခံရတာပဲ ကံကောင်းတယ်လို့ ဘာလို့ခံစားရတာပါလိမ့်။
"သွားကြစို့" ရှန်းရင် အမှိုက်ပုံကြီးကနေ ခုန်ချလိုက်ပြီး ရှေ့နှစ်လှမ်းလျှောက်ပြီးမှ ကျောင်းလုံက လိုက်မလာတာသိလိုက်ရတယ်။
"မြွေနဂါးရှည်ကြီး၊ ဘာလို့လေထဲစိုက်ကြည့်နေတာတုံး၊ ငါတို့သွားမှာမဟုတ်ဘူးလား"
ကျောင်းလုံ အသည်းအသန်တုန်ရီပြီး မြေကြီးပေါ်က ကျောက်စအကြွင်းအကျန်တွေကို ကြည့်နေတယ်။
"ကျွန်တော့်... ကျွန်တော့်ခြေထောက်တွေ... ကျွန်တော့်ခြေထောက်တွေ ပျော့ခွေနေလို့"
"လေးချောင်းလုံးလား" ရှန်းရင် ခေါင်းစခြေဆုံးကြည့်ပြီး သက်ပြင်းချလိုက်တယ်။ သူမ သူ့ဆီ ပြန်လျှောက်လာခဲ့တော့တယ်။
"ငါနင့်ကိုချီပေးရင်ရော"
"ဟင့်-ဟင့်-ဟင့်အင်း... မလိုပါဘူး" ကျောင်းလုံက ချက်ချင်းထခုန်တော့တယ်။ အမည်းရောင်အလင်းခပ်ဖျော့ဖျော့ တောက်ပသွားပြီး ဝတ်ရုံနက်နဲ့လူတစ်ယောက် နဂါးနေရာမှာ ပေါ်လာတယ်။
"ကျွန်တော်... ကျွန်တော်... ခုလမ်းလျှောက်လို့ရပြီ"
ရှန်းရင်က ဘာမှမဖြစ်တဲ့ဟန် ပြုမူနေတယ်။
"မြွေနဂါးရှည်ကြီး၊ ဘယ်လမ်းလဲ"
"အရှေ့ဘက်သွားကြမလား" ကျောင်းလုံက ရှန်းရင်နောက်ကနေ အစေခံမိန်းကလေးလို သူ့ညာဘက်ကို အမူအရာ ပြလိုက်တယ်။
"ကောင်းပြီလေ" ရှန်းရင်က စလျှောက်တော့တယ်။
"ကြီးမြတ်တဲ့ နတ်ဒေဝါ အရှေ့က ညာဘက်မှာပါ"
"အိုး" သူမ ချက်ချင်း လမ်းကြောင်းပြောင်းလိုက်တယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲဒါဘယ်ဘက်ပါ"
"..."
————
ဆယ့်ငါးမိနစ်အကြာ။
လေပြည်လေညင်းက တောအုပ်တစ်လျှောက် တိုက်ခတ်သွားခဲ့တယ်။ ဝတ်ရုံစိမ်းနဲ့လူတစ်ယောက်က သူတို့နှစ်ယောက်ထားခဲ့တဲ့ အုတ်ကျိုးအုတ်ပဲ့တွေအပေါ် ဆင်းသက်လာတယ်။ သူ့မျက်လုံးတွေက ဒေါသနဲ့ တောက်လောင်နေပြီး အပျက်အစီးပုံကို ကြည့်နေတယ်။
"ဆိုးရွားလိုက်တာ - ဘယ်သူ ငါ့ရဲ့ အထွတ်အမြတ်နတ်ဘုရားကောင်းကင် စိတ်တန်ခိုးကျောက်တုံးကို ဖျက်ဆီးရဲတာလဲ"
သူက လက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်တယ်။ မြူခိုးဖြူက ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကနေ မြင့်တက်လာပြီး ပုံသဏ္ဌာန် ဖြစ်တည်လာတယ်။ တစ်အောင့်ကြာတော့ နဂါးတစ်ကောင် ဖြစ်ပေါ်သွားလေတယ်။ သူက အမည်းရောင် မပြောင်းခင် အရောင်တချို့ပြောင်းသွားသေးတယ်။
"အဲကျောင်းလုံပဲ" အဲလူရဲ့ အမူအရာက အကြီးအကျယ်ဒေါသထွက်သွားတဲ့ပုံ။
"ရွံစရာကောင်းလိုက်တာ"
သူက ဝတ်ရုံလက်ကို ခါပြီး ကြီးမားတဲ့အရှိန်အဝါက သူ့ကိုယ်ကနေ ပေါက်ကွဲထွက်လာကာ နောက်က သစ်ပင်တစ်ဝက် လဲကျသွားခဲ့တယ်။
အဲလူက သူ့ရှေ့က ကျောက်ပုံကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်တယ်။ နောက်တော့ နောက်ထပ်ညင်သာတဲ့လေပြည်နဲ့အတူ သူက ပျောက်သွားတော့တယ်။
***
အဲအချိန် တောအုပ်အပြင်ရောက်နေတဲ့ ရှန်းရင် သူမပတ်လည်က မြက်ခင်းပြင်ကျယ်ကြီးကို ကြည့်နေတယ်။
ဝိုး၊ သူမ တကယ်အပြင်ရောက်လာပြီပဲ
…
အခန်း ၂၄၀ ။ ကြာပန်းညီလာခံ
လမ်းကြောင်းနဲ့ ပတ်သက်ရင် အရမ်းကိုလမ်းပျောက်တတ်ပြီး တောအုပ်ထဲ လနဲ့ချီ ပိတ်မိခဲ့သူတစ်ယောက်အနေနဲ့ ရှန်းရင် မနေနိုင်ဘဲ သူမရဲ့ဘေးက မြွေနဂါးရှည်ကို ချီးကျူးလိုက်တယ်။
"တော်တယ် မြွေနဂါးရှည်ကြီး"
"ရပါတယ် ရပါတယ်"
ကျောင်းလုံက နှိမ့်ချစွာပြုံးလိုက်တယ်။ တောအုပ်က စတည်းက အဲလောက်မှမကြီးတာ။
"ကြီးမြတ်တဲ့နတ်သမီးရဲ့ အစီအစဉ်တွေကရော ဘာများပါလဲ"
"အာ..." ရှန်းရင် တစ်ခဏစဉ်းစားနေပြီး သူမရှေ့က လမ်းကျဉ်းလေးကို ကြည့်လိုက်တယ်။
"ငါလူများတဲ့နေရာတွေ သွားပြီး လျှောက်ကြည့်ရမယ်" စားဖိုမှူးက သူမကိုရှာနေလောက်တယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဝင်တိုက်မိနိုင်တယ်လေ။ အဓိကကိစ္စက...
"နင့်မှာ စားစရာပါလာလားဟေ" သူမ စားစရာအစားအသောက်မရှိတာနဲ့ နေသားမကျဘူး။
"ဘာကို စား... စား... စားမှာလဲဟင်" ကျောင်းလုံ တုန်ရီပြီး ဟိုးအရင်က အပိုင်းပိုင်းခုတ်ခံခဲ့ရတဲ့ ပင်လယ်သားရဲကို ပြန်စဉ်းစားနေမိတယ်။ သူ့တစ်ကိုယ်လုံး သွေးရောင် မရှိတော့ဘူး။
"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်က ငယ်ငယ်တည်းက အစေ့အဆန်လွတ်ကျင့်စဉ်ကို ကျင့်သုံးလာခဲ့တာပါ၊ ဒါကြောင့်... ကျွန်တော်... ကျွန်တော်..."
"အော်" ရှန်းရင် ကြည့်ရတာ စိတ်ပျက်သွားပုံ။ သူမက ဟိုဟိုဒီဒီလှည့်ပြီး ကျောင်းလုံကို ခေါင်းစခြေဆုံး ကြည့်တော့တယ်။ တစ်ခုခုကို ရှာတွေ့သွားသလိုမျိုး သူမကပြောလာတယ်။
"မြွေနဂါးရှည်၊ နင်..."
ဘွန်း
ရှန်းရင် စကားမဆုံးခင် ကျောင်းလုံခြေထောက်တွေ ပျော့ခွေပြီး ဒူးထောက်ကျသွားတော့တယ်။ သူက ငိုယိုတော့တယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ ကျွန်တော့်ကို စားလို့မရပါဘူး... ကျွန်တော် ခင်ဗျားကို လမ်းပြရဦးမယ်လေ၊ ပြီးတော့ ကျွန်တော့်အသားအရသာက အရမ်းကိုဆိုးပါတယ်၊ တကယ်ပါ"
"ဟင့်အင်း ငါ-"
"ကြီးမြတ်တဲ့နတ်သမီး ကျွန်တော်က မိစ္ဆာမြွေနဂါး ဖြစ်ခဲ့ဖူးတာမမေ့ပါနဲ့၊ ကျွန်တော်က အဆိပ်ရှိတယ် - ကျွန်တော့်ကို စားရင် သေချာပေါက် ဝမ်းလျှောလိမ့်မယ်"
"တကယ်တော့..."
"ဗိုက်ဆာနေတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် လက်ထပ်ပြီး နဂါးလေးတွေတောင် မမွေးရသေးဘူး၊ ကျွန်တော် အေးအေးချမ်းချမ်း သေနိုင်မှာမဟုတ်ဘူး၊ ကြီးမြတ်တဲ့နတ်သမီး.."
ရှန်းရင် နှုတ်ခမ်းသပ်လိုက်တယ်။ ဒီသောက်ကျိုးနည်း ဘာတွေပြောနေတာလဲ။
"ငါနင့်ကိုမစားချင်ဘူး"
"ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်မဟုတ်... အာ"
ကျောင်းလုံ တန့်သွားပြီး သူ့မျက်ရည်တွေရပ်သွားတယ်။ သူက သူမကို မယုံကြည်နိုင်စွာ ကြည့်တော့တယ်။
"မစား... ဘူးလား"
"အင်း" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
"ငါ ဟင်းဘယ်လိုချက်ရမလဲမသိဘူး"
စားဖိုမှူးလည်း အနားမှာမရှိဘူး။
ကျောင်းလုံ စိတ်သက်သာရာရပြီး သက်ပြင်းမောကြီးချလိုက်တယ်။ သူ့ကြည့်ရတာ သေဘေးက လက်မတင်လေး လွတ်မြောက်လာသလို။
"ကောင်းတယ်၊ ကောင်းတယ်၊ ဒါဆို ကြီးမြတ်တဲ့နတ်ဒေဝါ စောနကဘာပြောနေတာလဲ"
ရှန်းရင် မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။
"အော် ငါနင့်ကို အဝတ်လဲဖို့ သတိပေးချင်ရုံပါ"
"ဟမျ" ဘာဆိုလိုတာလဲ။
"နင်... နင့်ဝတ်ရုံမှာ အပေါက်ကြီးရှိနေတာ မသိဘူးလား"
ရှန်းရင်က သူ့နောက်ဘက်ကို လက်ညှိုးထိုးလိုက်တယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ နောက်နေတာပဲဖြစ်ရမယ်" ကျောင်းလုံက လေးလေးနက်နက်ရှင်းပြတော့တယ်။
"ကျွန်တော့်ဝတ်ရုံနက်က အကုန် နဂါးအကြေးခွံတွေနဲ့လုပ်ထားတာ၊ သေချာပေါက်..." သူ သူ့နောက်ဘက်ကို စမ်းကြည့်တော့ ပိုပြီးအေးနေတဲ့နေရာရှိနေမှန်း နားလည်လိုက်ရတယ်။ သူ စကားပြောနေရင်း ရပ်တန့်သွားတော့တယ်။
"နင့်ဖင်နားမှာ နည်းနည်းလေတိုးနေတယ်လို့ မခံစားရဘူးလား" နေ့တစ်ဝက်လောက် ပေါ်နေတာကို။
"..."
တစ်ခဏအကြာ...။
အားအားအား¬
နာနာကျင်ကျင်အော်သံက နေရာတစ်ခွက် အက်ခိုးထပ်သွားခဲ့တော့တယ်။
သူ့အမြီး တစ်ဝက်စုတ်ဖြဲခံထားရတယ်ဆိုတာကို မေ့နေခဲ့တာ။ သူ့ဖင်ပေါ်လျက်သားနဲ့ တောအုပ်တစ်လျှောက် လမ်းလျှောက်နေခဲ့မိတာပေါ့။
သူ့ဘဝက ပျက်စီးခြောက်သွေ့နေတာပဲ...။
——————
နဂါးနဲ့လူက ဘေးချင်းကပ် တစ်နာရီလောက် လျှောက်ခဲ့ကြတယ်။ သူတို့ကွင်းပြင်ကျယ်ကြီးကို ဖြတ်ပြီးနောက်မှာတော့ တခြားလူတွေကို စတွေ့စပြုလာတယ်။ တစ်ယောက်ချင်းစီက ကြောက်ခမန်းလိလိ အရှိန်အဝါတွေနဲ့။ ကျောင်းလုံခန့်မှန်းကြည့်တာတော့ သူတို့ထုတ်နေတဲ့ အရှိန်အဝါအရ အများစုကကောင်းကင်မျိုးနွယ်တွေပဲ။ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားတဲ့ ဂါထာတစ်မျိုးမျိုး သုံးထားလို့ထင် ပုံစံအစစ်တွေကို အာရုံခံမရဘူး။
သူတို့ လျှောက်မေးကြည့်ပေမဲ့ ယိချင်းရောကူယွဲ့ကိုပါ ရှာမတွေ့။ ဒါကြောင့် အရှေ့ဘက်ဆီ ဆက်ဦးတည်ခဲ့ကြတယ်။ သူတို့လမ်းပိုလျှောက်လေ လူတွေပိုတွေ့လာရလာလေပဲ။ တစ်နာရီအတွင်း သူတို့နဲ့အတူ လူဆယ်ယောက်လောက် ဘေးမှာပျံသန်းနေတာကိုမြင်လိုက်ရတယ်။ ဒီလူတွေက တစ်နေရာတည်းကိုပဲ ဦးတည်နေပေမဲ့ အလျင်လိုနေကြပုံပဲ။ သူတို့မျက်နှာပေါ်မှာ စိတ်လှုပ်ရှုးနေတဲ့ အကြည့်တွေနဲ့ အရမ်းကိုလျင်လျင်မြန်မြန် ပျံသန်းနေကြတယ်။
"ဒီက လူငယ်လေး" ရှန်းရင် လူတစ်ယောက်အနားဆီ တိုးသွားပြီး လက်ယမ်းပြလိုက်တယ်။
အဲလူက ရပ်သွားပြီး ဇဝေဇဝါဖြစ်ဟန်နဲ့ ဟိုဟိုဒီဒီ ကြည့်တော့တယ်။
"ဒီမှာ ဒီမှာ" ရှန်းရင်က အမြန် သူ့မျက်လုံးရှေ့ယမ်းပြလိုက်ပြီး အဲလူက နောက်ဆုံးတော့ သူမကို သတိထားမိသွားတော့တယ်။
"တာအိုရောင်းရင်း ဘာကိစ္စရှိလို့လဲ"
"နင်တို့ ဘယ်ကို ဦးတည်နေတာလဲ" သူမ ယိချင်းနဲ့ ကူယွဲ့ကို ရှာမတွေ့သေးတာမို့ ဒီတိုင်းပဲ ဘာရယ်မဟုတ် မေးလိုက်တယ်။
"အာ မသိဘူးလား" အဲလူက သူမကို အထိတ်တလန့် ကြည့်တော့တယ်။
"ကျုပ်တို့က ကြာပန်းညီလာခံမှာပါဝင်ဖို့ လင်ထိုက်တောင်ကို ဦးတည်နေကြတာ၊ ကျုပ်တို့တွေ ပူဇော်စင်မြင့်ပေါ်က ဟုန်ယွီရှန်းကျွင်းရဲ့ တရားဟောကြားမှုကို သွားနားထောင်မလို့လေ"
"ဟုန်ယွီရှန်းကျွင်းလား" အဲဒါဘယ်သူလဲ။
"ရှန်းကျွင်းက အဲ့ကွင်းကို နှစ်ထောင်ချီနေမှ တစ်ခါဖွင့်တာ၊ အကြိမ်တိုင်း သုံးရက်ဖွင့်ပေးတယ်" အဲလူက စိတ်လှုပ်ရှားစွာနဲ့ ရှင်းပြတယ်။
"ရှန်းကျွင်းမှာ ထူးခြားတဲ့အစွမ်းတွေရှိတယ်၊ သူ့တရားဟောကြားမှုကို နားထောင်တဲ့ဘယ်သူမဆို သူတို့ကျင့်ကြံဆင့် တိုးမြင့်လာတာကိုခံစားရလိမ့်မယ် အဲဒါကြောင့် လူတိုင်းက အသည်းအသန် ဖြစ်နေတာ - သူတို့က လင်ထိုက်တောင်မှာ နေရာကောင်းရအောင် အသည်းအသန် ကြိုးစားနေကြတာ၊ ကျုပ်လည်း ဒီစုဝေးမှုကိုမှီအောင် မြောက်ပိုင်းကနေ ဒီထိလာခဲ့ရတာ"
"ဒီကြာပန်းညီလာခံကို လူတော်တော်များများတက်ကြလား"
"သေချာပေါက်ပေါ့" အဲလူက အသည်းအသန်ခေါင်းညိတ်တော့တယ်။
"ကောင်းကင်မြေအောက်ဘုံကလူတိုင်း ရှန်းကျွင်းရဲ့ အကြံဉာဏ်ကို လိုချင်ကြတာပဲ၊ ကောင်းကင်မျိုးနွယ်တွေ မပြောနဲ့၊ တောင်တန်းတွေထဲက ဝိညာဉ်ရိုင်းတွေနဲ့ သားရဲတွေပါ အောက်ဆင်းလာပြီး သူအမြင်ဖွင့်ပေးတာကို လိုချင်ကြတာ"
"အော်..."
"ညီမငယ် ကျုပ်အခုသွားရတော့မယ်၊ အရမ်းနောက်ကျသွားရင် လူတွေအရမ်းများပြီး တောင်ပေါ်ကို တိုးမတက်နိုင်တော့လောက်ဘူး"
"ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး" သူက သူမကိုကြင်နာစွာနဲ့ ခေါင်းညိတ်ပြပြီး တိမ်တိုက်တွေဆီ အရှိန်ပြန်မြှင့်လေတယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲကြာပန်းညီလာခံဆီ သွားချင်လား" နဂါးက လည်ပင်းပေါ်ထိုင်နေတဲ့ ရှန်းရင်ကို မော့ကြည့်လိုက်တယ်။
"အင်း" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
"လေဟာပြင်အတန်းကို တက်တဲ့လူများမှာ"
သူမလည်း "လူပျောက်ကြော်ငြာ"ကပ်ဖို့ ပိုပြီးလွယ်ကူသွားမယ်။
"..." လေဟာပြင်အတန်းဆိုတာ ဘာလဲ။ ကျောင်းလုံ ဒါကိုတော့ သူမနဲ့ အတည်ပြုမဖြေရှင်းရဲ။ သူ လိမ်လိမ်မာမာနဲ့ လူအုပ်ကြီးဦးတည်နေတဲ့ဘက်ဆီ အရှိန်မြှင့်လိုက်တော့တယ်။
မြွေနဂါးရှည်က ပျံသန်းတာ အတော်လေးမြန်တယ်။ တစ်အောင့်ကြာပြီးတဲ့နောက် တိမ်တိုက်တွေကြား တောင်ကြီးတစ်ခု ပေါ်လာတာကို အဝေးကနေ လှမ်းမြင်လိုက်ရတယ်။ အမတဘုံထဲက မိုးထိုးနေတဲ့ကောင်းကင်နန်းတော်တွေနဲ့ အရမ်းကို ကွာခြားတယ်။ တောင်တစ်ခုလုံးက သက်တန့်ရောင်စုံတွေနဲ့ ဖုံးလွှမ်းနေတယ်။ အလင်းကို ထုတ်ပေးနေသလိုမျိုး အတော်လေး မျက်စိကျဖို့ကောင်းတယ်။ တောင်အောက်မှာတော့ အဆက်မပြတ်စီးဆင်းနေတဲ့ တိမ်ပင်လယ်တွေ။ အောက်ခြေက ကြာပန်းတွေက တောင်ခြေကနေ တံတားတစ်စင်းလို သွယ်တန်းလာပြီး ကြီးမားတဲ့ ကြာပန်းစင်မြင့်ဆီ ဦးတည်နေတယ်။
ကြာပန်းစင်မြင့်က အတော်လေးကိုကျယ်တာ။ အဲအပေါ်မှာ နေရာအစုံက အမတတွေနဲ့ ကောင်းကင်မျိုးနွယ်တွေ ရပ်နေတယ်။ ထောင်ကျော်လောက်တော့ရှိမှာပဲ။ တစ်ယောက်ချင်းစီက အပြာရောင်ကောင်းကင်စွမ်းအင်တွေရှိကြတယ်။ တချို့ကလူအသွင်၊ ဒါပေမဲ့တချို့ကတော့ သားရဲအသွင်တွေ။
"များ... များလိုက်တဲ့ ကောင်းကင်မျိုးနွယ်တွေ"
ကျောင်းလုံက မျက်လုံးပြူးသွားတယ်။ သူ ကောင်းကင်မျိုးနွယ်အုပ်ကြီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ ဒါက သူ ကောင်းကင်မျိုးနွယ် ဒီလောက်အများကြီးကို တစ်နေရာတည်းမှာ ပထမဆုံးမြင်ဖူးတာပဲ။ ထူးဆန်းတာက သူတို့တွေကြား နဂါးလုံးဝရှိမနေတာ။
အရမ်းကို လူအုပ်ထူထဲနေတယ်။ ဒါပေမဲ့ အရာအားလုံးက အင်မတန်စနစ်တကျ။ ကောင်းကင်မျိုးနွယ်တွေအားလုံးက သူတို့ရောက်ရှိမှုအချိန်အရ တန်းစီနေကြတယ်။ အရမ်းကို လျင်မြန်စွာပဲ လူတန်းရှည်ကြီးဖြစ်သွားတယ်။ အချင်းများတာမျိုး၊ လူတွေ အလှည့်ကျော်တာမျိုးမရှိ။ အဲအစား လူတိုင်းက အင်မတန်ကြင်နာပြီး ဖော်ရွေတဲ့ပုံ။
ဒါက တကယ့်ကိုအထက်တန်းစား ကောင်းကင်ဘုံပဲ
"ကြီးမြတ်တဲ့နတ်သမီး" ကျောင်းလုံ လေထဲရပ်ပြီး ရှန်းရင်ကို မေးလိုဟန်လှည့်ကြည့်လိုက်တယ်။
"အရင်တန်းစီရအောင်" သူမအောက်ကို လက်ညှိုးထိုးပြီး နှစ်ယောက်သား လူတန်းကြီးအဆုံးမှာ ဆင်းသက်လိုက်တယ်။
"မြွေနဂါးရှည်၊ လျှောက်မေးကြည့်ရအောင်"
သူမက သူတို့နောက် ဆင်းသက်လာတဲ့လူတွေဘက် အမူအရာပြလာတယ်။
"ကောင်းပြီလေ" ကျောင်းလုံက သူတို့နောက်မှာ တန်းစီနေတဲ့ လူတွေဆီ ချက်ချင်းချဉ်းကပ်ပြီး ယိချင်းနဲ့ကူယွဲ့တည်နေရာကို မေးကြည့်တယ်။
ဒါပေမဲ့ ဘယ်သူမှသဲလွန်စမပေးနိုင်ကြ။ သူတို့တွေ အထဲကိုပါ လိုက်မေးကြည့်ရတော့တယ်။ ဒါပေမဲ့ လူတန်းက အရမ်းကို မြန်မြန်ရှေ့ရောက်နေတာ။ မိနစ်ပိုင်းအတွင်းမှာတင် သူတို့ လူတန်းရဲ့အရှေ့ဘက် ရောက်နေတာကိုမြင်လိုက်ရတယ်။ အဲတော့မှပဲ သူတို့နားလည်လိုက်ရတာက ကြာပန်းစင်မြင့်ကြီးတစ်ခုလုံးကို ဝိုင်းထားတဲ့ အင်းကွက်တစ်ခု ရှိနေတယ်ဆိုတာပဲ။ ဘယ်သူမှ စောင့်ကြပ်မနေဘူး။ သူတို့ဘေးမှာတော့ မျက်စိကျိန်းစရာ ရွှေရောင်စာလုံးတချို့ လွင့်မျောနေတယ်။
[လင်ထိုက်ဓမ္မညီလာခံမှ သက်ရှိအားလုံးကို လက်ခံပါတယ်၊ နဂါးများမပါ]
ရှန်းရင် ။ ။ "..."
ကျောင်းလုံ ။ ။ "..."
သူတို့တွေက ဘာလို့ နဂါးတွေကိုမုန်းနေရတာလဲ။ နဂါးတွေက ဘာလုပ်လို့တုန်း နောက်ဆုံးစာလုံးတွေက နောက်ပိုင်းမှ ထပ်ဖြည့်ထားတာ အသိသာကြီး။ တခြားစကားလုံးတွေထက် စာလုံးအရွယ်အစားက သိသိသာသာသေးနေတာလေ။