အခန်း (၂၄၇-၂၄၉)
Vol. 17 Ch. 247-249
အခန်း ၂၄၇ ။ ဆရာနဲ့တပည့် ပြန်ပေါင်းစည်း
လေးရက်အကြာ။
"စားဖိုမှူး"
"ဆရာ"
"ဘာတွေဖြစ်နေတာလဲ"
"ဒါ... ကျွန်တော်လည်း မသိပါဘူး၊ ဖြစ်နိုင်တာက မိစ္ဆာနတ်ဘုရားပြောသလိုမျိုးပဲဖြစ်မယ်ထင်တယ်၊ ကောင်းကင်မြေအောက်ဘုံက သုံးဘုံရဲ့လောကတွေထဲ အကြီးဆုံးဖြစ်ပြီး သေမျိုး၊ အမတဘုံတွေနဲ့ ကွာခြားတယ်လေ၊ ဒါကြောင့် တချို့ပြောင်းလဲမှုတွေကတော့ မျှော်လင့်ထားရမှာပဲ"
"ဖြေရှင်းဖို့နည်းလမ်းရှိလား"
"ဒါက... ဒါက အတော်လေးတော့ခက်လောက်တယ်၊ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်မြေအောက်ဘုံလေ၊ ကျွန်တော် သေမျိုး ဒါမှမဟုတ် အမတဘုံဆီပြန်သွားမှပဲ ပြောင်းလို့ရလောက်တယ်"
"အော် ဒါဆို ငါတို့ဘာလုပ်ကြမလဲ"
"ကျွန်တော် အရင်လို ဖြစ်အောင် အကောင်းဆုံး ကြိုးစားပါ့မယ်"
"အိုး ဒါဆိုလည်းကံကောင်းပါစေ" ရှန်းရင် ခေါင်းညိတ်ပြီး ကလေးလေးရဲ့ပခုံးကိုပုတ်လိုက်တယ်။
"ကောင်းကင်ဘုံမှာက ဝက်၊ နွားနဲ့သိုးတွေလို တိရစ္ဆာန်လေးတွေ မရှိဘူး၊ ငါဒီမှာစားရတာ နေသားမကျဘူး"
"ဟုတ်ကဲ့ဆရာ" ခုံရှည်နှစ်ခုံဆင့်မှ မီးဖိုကို မှီတဲ့ယိချင်းက အသည်းအသန်ခေါင်းညိတ်လိုက်တယ်။ သူက ယောက်မကို ခက်ခက်ခဲခဲကိုင်ကာ ပြောလိုက်တယ်။
"ဒီနဂါးအသူတစ်ရာချောက်နက်ရဲ့ ဝိညာဉ်ဝက်က တင်းမာတဲ့အသားရှိပြီး အဆီ လုံလုံလောက်လောက်ပါတယ်၊ ကျွန်တော် သူ့ကို ဝက်သားအရသာနဲ့တူအောင် သေချာပေါက်လုပ်နိုင်မှာပါ"
"ကောင်းပြီလေ နင့်ကိုလွှဲထားလိုက်တော့မယ်"
"ဟုတ်"
"အော် ဟုတ်သား၊ ငရုတ်သီးပိုထည့်နော်၊ ငါ့စားစရာတွေကိုစပ်တာကြိုက်တယ်"
"ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူးဆရာ" တစ်စုံတစ်ယောက်သောလူက ယောက်မကို အားပိုထည့်ဝှေ့ယမ်းတော့တယ်။
ကြည့်နေသော ကျောင်းလုံ ။ ။ "..."
ဒီနှစ်ယောက် ဘာလုပ်နေကြတာလဲ။ လုံကျန်းသားက သက်သာလာအောင် အနားယူနေသေးတာ မဟုတ်ဘူးလား။ ဘာလို့ လှုပ်နိုင်ပြီဆိုတာနဲ့ ဒီကိုပြေးလာရတာလဲ။ ဘာလို့ အဲဒီအိုးခွက်ပန်းကန်တွေနဲ့ ဟင်းချက်ဖွယ်ရာတွေအားလုံးကို ယူလာရတာတုံး။
ပြီးတော့ ကြီးမြတ်တဲ့နတ်ဒေဝါကရော ဘာဖြစ်နေတာလဲ။ သူက ဘာရှက်ရွံ့မှုမခံစားရတဲ့အပြင် ဘေးကနေ ပန်းကန်လုံးတောင်ကိုင်ထားပြီး ကြည့်နေတယ် သူမက သွားရည်တောင်ကျနေတာပဲ ဟေး အဲဒီ ကျွမ်းကျင်တဲ့ အမိန့်ပေးသံကရောဘာလဲ။
သေချာကြည့်ပါဦး အိုးထဲမြုပ်လုနီးပါးဖြစ်နေတဲ့လူက ကလေးတစ်ယောက်နော်၊ သူက ကလေးတစ်ယောက် အသိစိတ်လေးဘာလေး မထိခိုက်ဘူးလား။
"ဆရာ ပြီးသွားပါပြီ" ယိချင်းက ယောက်မနဲ့မွှေတာရပ်ပြီး လက်နှစ်ဖက်လုံးနဲ့ သူ့ကိုယ်ထက်တောင် ကြီးတဲ့ပန်းကန်ကို မလိုက်တယ်။
"ကောင်းပြီလေ စားကြစို့" ရှန်းရင်လည်း မတ်တပ်ရပ်ပြီး ချက်ပြုတ်ထားတဲ့ ဟင်းပွဲတချို့ကို ကောက်ယူလိုက်တယ်။ သူမ အပြင်ထွက်ဖို့လုပ်ပေမဲ့ တံခါးဝမှာ အူကြောင်ကြောင် ရပ်နေတဲ့ ကျောင်းလုံကိုတွေ့သွားတယ်။
"မြွေနဂါးရှည်၊ ငါတို့ကို ဟင်းပွဲတွေ ကူပြီးတည်ခင်းပေးပါဦး"
"အိုး..." ကျောင်းလုံ အလိုလိုတုံ့ပြန်မိပြီး အထဲဝင်လာကာ မီးဖိုပေါ်ကတခြားဟင်းပွဲတွေကို ကောက်ယူလိုက်တယ်။ သူ တံခါးအပြင်ထွက်တော့မို့ရှိသေး တစ်စုံတစ်ယောက်သောကလေး ဟင်းချက်နေပုံကို သတိထားမိသွားတယ်။ ကလေးက ခွေးခြေခုံရှည်ပေါ်ရပ်နေပြီး အောက်က မြေကြီးကို ကြည့်နေကာ သူ့မျက်နှာကတော့ အထုပ်လိုမျိုးတွန့်လိမ်ကောက်ကွေးနေတယ်။ သူ... ဆင်းလာလို့ မရတာလား။
ကျောင်းလုံ အမြန် လက်ထဲကပန်းကန်တွေကိုချပြီး သူ့ကိုလက်ယမ်းပြလိုက်တယ်။
"မင်းဆင်းဖို့ ကူညီပေးရ..." မလား။
သူစကားတောင် မဆုံးသေး လက်လေးက ရုတ်တရက် ယမ်းသွားပြီး လက်သိုင်းကွက်တစ်ခု ထုတ်လေတယ်။ အဖြူရောင်အမတဓားတစ်ချောင်းက သူ့ခြေထောက်အောက် ပေါ်လာပြီး ဓားကိုစီးကာ ပျံသန်းသွားတော့တယ်။ နောက်အခိုက်အတန့်မှာ တည်ကြည်ပေမဲ့ နူးညံ့တဲ့အသံတစ်သံ ထွက်လာတယ်။
"ဆရာ ဒီဝိညာဥ်ဝက်ကောင်လုံးကြွပ်ကြွပ်ကြော် စားကြည့်ပါ"
လက်ဆန့်ထုတ်ထားဆဲ တစ်ကောင်သောနဂါး ။ ။ "..."
နဂါးမျိုးနွယ်က ကလေးတွေက မွေးမွေးချင်းဓားပျံစီးတတ်ကြတာလား။
ကျောင်းလုံ တစ်ခဏတာ မှင်တက်သွားပြီး နောက်ဆုံးတော့ မီးဖိုပေါ်က ဟင်းပွဲတွေကိုကောက်ယူခဲ့ကာ အိမ်ထဲဝင်လာခဲ့တယ်။
အိမ်ထဲမှာတော့ နှစ်ယောက်က ထိုင်နေပြီ။ သူတို့က တကယ်ဗိုက်ဆာနေတာပဲ ဖြစ်ရမယ်။ ရှန်းရင်က အလင်းလိုအရှိန်နဲ့ စစားသောက်နေပြီး စားပဲပေါ်က ပန်းကန်ဆယ်ခုကျော်လောက် ဝါးပြီးပြီ။
အရသာရှိတယ်၊ အရသာရှိတယ်၊ အရသာရှိတယ်...။
ဘေးမှာထိုင်နေတဲ့ စားဖိုမှူးက ပန်းကန်လုံးအလွတ်ကို ကိုင်ထားပြီး လက်ကိုဆန့်ထုတ်ကာ ထမင်းအိုးဆီ ရောက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သူ့အရပ်ကြောင့် ဘယ်လောက်ကြိုးစားကြိုးစား မမှီ။ သူ မျက်မှောင်ကြုတ်ပြီး ထိုင်ခုံပေါ်ထိုင်ချကာ ထမင်းအိုးကို သူ့ဆီဆွဲယူကာ ခက်ခက်ခဲခဲ ခူးလိုက်ရတယ်။ နောက်တော့ တစ်ဖက်လှည့်ပြီး ဘေးကလူဆီ ပေးလိုက်တဲ့ပုံစံက သဘာဝကျချက်ပဲ။
"ဆရာ၊ ထမင်း"
"အော်" တစ်ယောက်သောသူက အရှက်မဲ့စွာ ယူပြီး ပျော်ရွှင်စွာနဲ့ စားသောက်တော့တယ်။
ကျောင်းလုံ ။ ။ "..."
ဘာလို့ ဒီမြင်ကွင်းက သူကြည့်လေ ထူးဆန်းဖို့ကောင်းလာလေဖြစ်လာတာလဲ။ တကယ်ဆို ပြောင်းပြန်ဖြစ်ရမှာ မဟုတ်ဘူးလား။
နှစ်နာရီအကြာ...။
နောင်ဆုံးတော့ ဗိုက်ပြည့်သွားတဲ့ တစ်ယောက်သောသူက စားပွဲပေါ်မှောက်နေလေပြီ။ ထင်ထားတဲ့အတိုင်း စားဖိုမှူးက ရက်ရှည်ခရီးတွေအတွက် မရှိမဖြစ်ပဲ။
"ဒီဝိညာဉ်ဝက်ကောင်လုံးရဲ့အရသာက အတော်လေးကောင်းတာပဲ၊ တကယ်လို့ ငါတို့ ကောင်းကင်မြေအောက်ဘုံမှာ အမဲသား၊ သိုးသားဘာညာ ရှာမတွေ့ရင် တစ်ခါမှမစားဖူးတဲ့ ပင်လယ်စာတွေ ရှာလို့ရတာပဲ"
"ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူးဆရာ" ထိုင်ခုံပေါ်ထိုင်နေတဲ့ တစ်ယောက်သောသူက မှတ်စုစာအုပ်ထုတ်ပြီး 'ပင်လယ်စာ' ဆိုတဲ့စာလုံးကို ရေးလိုက်တယ်။
"အော်၊ ဟုတ်သားပဲ၊ ယုန်၊ ကြက်သား၊ ဘဲနဲ့ တခြားတိရစ္ဆာန်လေးတွေလည်း ရှိတယ်..."
ကလေးက သူမပြောသမျှကို သူ့မှတ်စုစာအုပ်လေးထဲ ဆက်ချရေးနေတယ်။
"မစိုးရိမ်ပါနဲ့ဆရာ၊ ပါဝင်ပစ္စည်းတွေက ကောင်းကင်မြေအောက်ဘုံမှာ ရှာရခက်ပြီး အမတနဲ့ သေမျိုးဘုံလို သာမန်တိရစ္ဆာန်တွေမရှိပေမဲ့ အရသာတူတဲ့ ဝိညာဉ်သားရဲတွေရှာဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်"
"ကံကောင်းပါစေ၊ နင်လုပ်နိုင်မယ်လို့ ငါယုံတယ်"
"ဟုတ်ကဲ့ဆရာ"
"..." ကျောင်းလုံ နားထောင်လေ ပိုပြီးဇဝေဇဝါဖြစ်လာလေပဲ။ ခဏ ဒီစကားဝိုင်းက ဘာလို့အဲလောက်တောင် ထူးဆန်းရတာလဲ။ ဒီကလေးက မွေးကာစမဟုတ်ဘူးလား။ ပြီးတော့ ချက်ပြုတ်တာနဲ့တင် ဒီနှစ်ယောက်က သဘာဝကျကျအပြူအမူတွေနဲ့ အတော်လေး သိကျွမ်းတဲ့ပုံပေါ်နေတယ်။
"ခင်ဗျားတို့စကားကိုနားထောင်ကြည့်ရတာ... ဟိုးအရင်တည်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြပုံပဲ"
"သိကြတယ်လေ"
"ဟမ်"
စားဖိုမှူးက မတ်မတ်ရပ်ကာ ဂုဏ်ယူစွာ ကြေညာတော့တယ်။
"ကျုပ်က ဆရာ့ရဲ့တစ်ဦးတည်းသောတပည့်ပဲ" သူက တစ်ဦးတည်းသော ဆိုတဲ့စကားကို သေချာဖိပြောပြီး တစ်ခဏစဉ်းစားပြီးတဲ့နောက် ထပ်ဖြည့်ပြောလိုက်တယ်။
"ထျန်းလန်လောကသုံးခွင် တစ်လျှောက်လုံးပဲ"
"ထျန်းလန်လောကသုံးခွင်" ကျောင်းလုံ မျက်လုံးပြူးပြီး သူ့ကိုကြည့်လိုက်တယ်။
"နောက်တာတော်တော့" သူက မွေးလာတည်းက နဂါးလေ၊ ဘယ်လိုလုပ် အောက်ဘုံတွေဆီ သွားဖူးမှာလဲ။
"ဒီလိုပြောကြရအောင်" ကလေးက မျက်နှာထားတည်တည်ဖြေတော့တယ်။
"ကျုပ်တာအိုနာမည်က ယိချင်းပဲ"
"ယိ... ချင်းလား၊ ယိချင်းပဲ" ကျောင်းလုံက လန့်ဖျပ်သွားတော့တယ်။
"မင်းက ကြီးမြတ်တဲ့နတ်ဒေဝါရှာနေတဲ့ ယိချင်းပဲ၊ အဲဒါဝူတိဂိုဏ်းက... မင်းက လုံကျန်းသား မဟုတ်ဘူးလား"
ကလေးရဲ့မျက်နှာလေးက မျက်မှောင်ကြုတ်လိုက်တယ်။ သူလည်း တကယ်မသိတာမို့ ဘေးကလူကို ကြည့်လိုက်တယ်။
ရှန်းရင်နောက်တော့ စားပွဲကနေ ထရပ်ကာ အရွယ်အစားတော်တော်ကျုံ့သွားခဲ့တဲ့ စားဖိုမှူးကို ကြည့်လိုက်တယ်။
"ငါမေးဖို့မေ့နေတာ၊ နင်ဘာလို့ ဒီလိုမျိုးဖြစ်သွားတာလဲ"
"ဒါ... ကျွန်တော်လည်း ဘာဖြစ်သွားမှန်း မသိလိုက်ဘူး" ယိချင်း ခေါင်းလေးယမ်းလိုက်တယ်။
"ကျွန်တော် ကောင်းကင်ဘုံဆီ ပို့ခံလိုက်ရချိန် အဲဥထဲရောက်နေပြီ၊ ပြီးတော့ ကျွန်တော့်ကိုယ်က ရုတ်တရက်ကြီး အားအရမ်းနည်းသွားတယ်၊ ပြီးတော့ ကျွန်တော် ဆရာ့ရဲ့အရှိန်အဝါကို ခံစားမိတာမို့ အဲအနောက်ကနေလိုက်လာပြီး ဆရာက ကျွန်တော့်ကို အဲဥထဲကနေ ထုတ်ပေးခဲ့တာပဲ"
"ဝင်ပူးတာများ... ဖြစ်နိုင်"
ကျောင်းလုံမျက်လုံးပြူးသွားတယ်။
"အု"
သူ စကားမဆုံးခင် ရှန်းရင်ရဲ့ တူနဲ့ နောက်စေ့ကို ရိုက်တာခံလိုက်ရတော့တယ်။
"ဟင့်အင်း"
"အမှန်ပဲ၊ ဒါက တကယ်ပဲကျွန်တော့်ခန္ဓာကိုယ်လားလို့လေ" ယိချင်းက သေချာစွာ ခေါင်းညိတ်လိုက်တယ်။
"ဒီလိုမျိုးဖြစ်လာတာကလွဲရင် ကျွန်တော့်ကျင့်ကြံဆင့်၊ ဝိညာဉ်ကြောနဲ့ သွေးကြောတွေအားလုံးက အရင်ကအတိုင်းပဲ၊ ဒါကျွန်တော့်အရင်ခန္ဓာကိုယ်ပဲ"
ကျောင်းလုံ ။ ။ "..." မဟုတ်ဘူးဆိုရင်တောင် သူက ဘာလို့ရိုက်ခံရမှာလဲ။
"ဒါဆို... လုံကျန်းသားအစစ်က ဘာဖြစ်သွားတာလဲ"
"ကျွန်တော်မသိဘူး" သူ ခေါင်းယမ်းလိုက်တယ်။
"ကျွန်တော် နဂါးဥထဲရှိနေချိန် အထဲမှာ ကျွန်တော်တစ်ယောက်ပဲရှိတာ၊ တခြားလူအရိပ်အယောင် မတွေ့ဘူး"
"ဘာတွေဖြစ်နေတာလဲ" ကျောင်းလုံက ဇဝေဇဝါဖြစ်လာတယ်။ သူ ဆက်နားထောင်လေ ပိုပြီးမူးလာလေပဲ။
"အဲဒါ နဂါးဥဆိုတာ အသိသာကြီးလေ" အစတည်းက ဗလာကျင်းနေတာတော့မဟုတ်ပါဘူးနော်။
"..." ယိချင်းလည်း တိတ်သွားတယ်။ သူလည်း ဘာဖြစ်နေလဲ မသိဘူး။
ရှန်းရင်က သူမဘာသာ လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီး ဘေးကကျောင်းလုံကိုတွန်းလိုက်တယ်။
"လုံမြွေနဂါးလား ဘာလား... ဘယ်သူပဲဖြစ်ဖြစ် သူ့ကိုသွားခေါ်လာခဲ့ချေ"
"ဘယ်သူ" ကျောင်းလုံ အူလည်လည်ဖြစ်သွားတယ်။
ရှန်းရင်က စားဖိုမှူးကို လက်ညှိုးထိုးပြလိုက်တယ်။
"သူ့အမေပေါ့"
"... အိုး" ဟုတ်သားပဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သိသူတစ်ယောက်ယောက်ရှိရင် လုံကျန်းပဲဖြစ်လိမ့်မယ်။
ဒါပေမဲ့... သူနားလည်တာတောင် ဘာလို့အဲစကားတွေက သူမ တစ်ယောက်ယောက်ကို ဆူနေတဲ့လေသံပေါက်နေတာလဲ။
…
အခန်း ၂၄၈ ။ ယိချင်း၏အသွင်အစစ်
လုံကျန်းက အင်မတန်မြန်ဆန်စွာ ရောက်လာတယ်။ ယိချင်း စားပွဲကို သန့်ရှင်းပြီးချိန် ကျောင်းလုံက သူမကို အထဲခေါ်လာတယ်။
"ငါ့ကလေးလေး" သူမက အခန်းထဲဝင်ဝင်ချင်း လုံကျန်းရဲ့ ထိုင်းမှိုင်းတဲ့ အမူအရာက တောက်ပသွားတယ်။ သူမက မိခင်မေတ္တာအပြည့်ပြုံးပြီး ယိချင်းဘေး ချက်ချင်းပေါ်လာတယ်။ သူမက သူ့ကို ခေါင်းစခြေဆုံးကြည့်ပြီး ပြောလေတယ်။
"ဘာလို့ ဒီရောက်နေတာလဲ၊ သားက အခုမှ အခွံပေါက်ကာစ အားနည်းနေသေးတာကို၊ သားက အခု သတိပြန်ရကာစလေ၊ လျှောက်မသွားသင့်ဘူး၊ တကယ်လို့ စောစောလေ့ကျင့်ချင်ရင်တောင် ချက်ချင်းကြီး အနာဂတ်ဆရာဆီ သွားဖို့မလိုပါဘူးကွယ်" သူမက သူ့ဝတ်ရုံကို ပုတ်ပေးပြီး ဖက်လိုက်တယ်။
"အဲတော့၊ ဘယ်နား မသက်မသာခံစားရသေးလဲ၊ အမေ့ကိုပြောပါဦး"
ယိချင်းက သူမကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်မိရာကနေ အမြန်ဆုတ်ကာ နှစ်ယောက်ကြား အကွာအဝေးတချို့ ထားလိုက်တယ်။ သူက လက်သီးတွေကို လူကြီးတစ်ယောက်လို အုပ်မိုးပြီး ပြောလိုက်တယ်။
"လုံကျန်းရှန်းကျွင်း..."
လုံကျန်းက ကြောင်အမ်းသွားပြီးတဲ့နောက် ပိုပြီးတောင် အားရပါးရပြုံးတော့တယ်။
"သားက တကယ့်အမေ့ကလေးပဲ - လိမ္မာလိုက်တာ" သူမကြည့်ရတာ အတော်လေးဂုဏ်ယူနေတဲ့ပုံ။
"ဒါပေမဲ့ အမေ့ရှေ့မှာတော့ အဲလိုမျိုး တရိုတသေဓလေ့ထုံးတမ်းတွေ လုပ်ဖို့မလိုပါဘူးကွယ်"
"လုံကျန်းရှန်းကျွင်း" ယိချင်းက အတတ်နိုင်ဆုံးလေးနက်တဲ့အမူအရာ ပြင်လိုက်တယ်။ ကံမကောင်းစွာနဲ့ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ငယ်ရွယ်တဲ့မျက်နှာက နူးညံ့နေတယ်။
"ကျွန်တော်မျိုးက... ခင်ဗျားသား မဟုတ်လောက်ပါဘူး"
လုံကျန်းက ရပ်သွားတယ်။
"မိုက်မဲတဲ့ကလေး မင်းဘာတွေပြောနေတာလဲ"
သူမက ကြင်နာစွာပြုံးပြန်တယ်။
"အမေ့ကို အဲလိုမျိုးဟာသတွေမပြောပါနဲ့ကွယ်"
"ရှန်းကျွင်း ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး" ယိချင်းတလေးတစားပြောလိုက်တယ်။
"ကျွန်တော့်နာမည်က ယိချင်း၊ အမတဘုံရဲ့ ဝူတိဂိုဏ်းက တပည့်တစ်ယောက်ပါ"
သူက တစ်ဖက်လှည့်ပြီး စားပွဲကို ပျင်းတိပျင်းရွဲမှီနေဆဲ ရှန်းရင်ဆီ လှမ်းကြည့်လိုက်တယ်။
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ရှန်းကျွင်း၊ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော် နိုးလာပြီးတော့ ပြန်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်မောမကျခင် ရှင်းပြဖို့ အခွင့်အရေးမရခဲ့ဘူး၊ တကယ်တော့ အဲနေ့က ကျွန်တော် ဒီအမျိုးသမီးကို ကျွန်တော့်ဆရာအဖြစ် သတ်မှတ်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး - သူမက ကျွန်တော့်ဆရာဖြစ်ပြီးသား ရှန်းရင်ပါ"
"အမတဘုံ ဆရာတဲ့လား"
ယိချင်းက အားလုံးကို တစ်ခါတည်းရှင်းပြလိုက်တယ်။
"ကျွန်တော်တို့ လူတစ်ယောက်ကို ရှာဖို့ ကောင်းကင်ဘုံဆီရောက်လာခဲ့တာပါ၊ အဲနဂါးဥထဲကို ဘယ်လိုရောက်သွားလဲနဲ့ အဲလိုဖြစ်သွားလဲမသိပေမဲ့ ကျွန်တော်က ခင်ဗျားသားမဟုတ်ပါဘူး"
လုံကျန်းက သူမရှေ့က ကောင်လေးနဲ့ သူ့ဘေးကရှန်းရင်ကို မျက်နှာသေနဲ့စိုက်ကြည့်နေမိတယ်။ ထူးဆန်းစွာပဲ သူမအမူအရာမှာ ဝမ်းနည်းမှု၊ ဒေါသတို့မရှိ။ အဲအစား သူမက သူ့ကို ပြုံးပြလာပြန်တယ်။
"သိပြီ... အာ စောစောက ဘာလို့မပြောတာလဲ ကလေးရယ်" သူမအပြုံးက ပိုကျယ်သထက်ကျယ်လာပြီး အလိုလိုက်စွာနဲ့ ကြည့်လာတယ်။
"သား အမေ့ကို အရင်ရက်တွေတုန်းက ဘာလို့အဲလောက်အေးစက်လဲနဲ့ ဘာလို့ပျောက်သွားလို့ရတာနဲ့ ပျောက်သွားလဲ သိချင်နေတာ၊ အဲတော့ ဒီလိုကိုး... သား တကယ်အရင်ဘဝကို မှတ်မိနေသေးတာလား"
အခု တခြားသူအားလုံး ကြောင်အမ်းကုန်ကြပြီ။ အရင်ဘဝလား။ သူမ ဘာဆိုလိုတာလဲ။
"ကလေး..." သူမက ယိချင်းကို မျက်နှာချင်းဆိုင်ပြီးတော့ မျက်လွှာချသွားတယ်။ သူမအမူအရာက နားလည်ရခက်ခက်။ သူမက သူ့ကို ကျော်ကြည့်နေတဲ့ပုံနဲ့ အချိန်အတော်ကြာတဲ့ထိ စကားမပြော။ ဒီမျက်နှာက ရှင်းရှင်းလင်းလင်းကို...။
ယိချင်း မျက်မှောင်ကြုတ်ပြီး သူမအာရုံစိုက်မှုရအောင် ကြိုးစားလိုက်တယ်။
"လုံကျန်းရှန်းကျွင်း"
လုံကျန်းက တန့်သွားတယ်။ သူမ တုံ့ပြန်နိုင်ဖို့ စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရတယ်။ အနေရခက်စွာနဲ့ သူမက ပြုံးလာတယ်။
"သံသယဖြစ်စရာအကြောင်းရင်းမရှိဘူး - မင်းက တကယ်ပဲ အမေ့သားပါ"
တစ်ခုခုကို ပြန်စဉ်းစားမိသွားသလိုမျိုး သူမလက်သီးနှစ်ဖက်ကို ဆုပ်ရင်း မပြောခင် တစ်ခဏ တုံ့ဆိုင်းနေတယ်။
"သားကိုမွေးတုန်းက... သားက သူများတွေနဲ့ကွာခြားတယ်၊ နဂါးဥရဲ့လက်ကျန်နဂါးချီနဲ့ သားရဲ့ နဂါးဝိညာဉ်က အားနည်းနေတာ၊ သံသရာစက်ဝန်းရဲ့စွမ်းအင်က သားရဲ့နဂါးဝိညာဉ်ကို ကုသပေးနိုင်မယ်လို့ ကြားခဲ့တယ်၊ ဒါကြောင့်..."
"ရှင် သူ့ကို သံသရာစက်ဝန်းထဲ ပို့ခဲ့တာလား" ရှန်းရင်က မျက်လုံးမှေးလိုက်တယ်။ ဂျပုလေးလိုမျိုးလေ။
"အမှန်ပဲ" လုံကျန်း ခေါင်းညိတ်လိုက်တယ်။
"ကျွန်မက သူ့ရဲ့နဂါးဝိညာဉ်ကို သံသရာစက်ဝန်းထဲပို့ပြီး နဂါးဥထဲက နဂါးချီကို အားဖြည့်ပေးဖို့ နဂါးထီးတွေရှာခဲ့တယ်၊ လုံလုံလောက်လောက် သန်မာလာချိန် သူ့ဝိညာဉ်ကိုပြန်ခေါ်ဖို့ ရည်ရွယ်ခဲ့တာပေါ့၊ သေမျိုးဘုံမှာ သား အမတခန္ဓာကိုယ် ရှိနေလိမ့်မယ်ရော သားကိုယ်တိုင် ကောင်းကင်ဘုံဆီ လာလိမ့်မယ်ရော မထင်မိခဲ့ဘူး"
"ပုံမှန်အရတော့ သံသရာကလူတွေက သူတို့ အတိတ်ဘဝမှာ ဘာတွေဖြစ်ခဲ့လဲ မေ့သွားကြတယ်၊ သားရဲ့ဝိညာဉ်ကို ကောင်းကင်ဘုံဆီ ပြန်ခေါ်ရင်တောင် သံသရာစက်ဝန်းကို ဖြတ်ဖို့ လိုသေးတယ်လေ၊ အဲဒါကြောင့် သားအားလုံးကို မေ့သွားပြီလို့ အမေထင်ခဲ့တာ" သူက ယိချင်းကို ကြည့်ပြီး သူမမျက်လုံးထဲ တစ်စုံတစ်ရာ တောက်ပသွားတယ်။
"သား စောစောပြန်လာမယ်ရော အမတဘုံကို ဖြတ်သန်းပြီး ဒီကိုရောက်လာမယ်ရော မတွေးမိခဲ့ဘူး၊ ဥထဲက နဂါးကိုယ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြန်လည်မဝင်စားခင်တုန်းက ရှိခဲ့တဲ့ အမတကိုယ်ခန္ဓာပဲဖြစ်ဖြစ် နှစ်ခုလုံးကမင်းပါပဲ၊ မင်း ၂ခုလုံးလိုချင်တာ ပုံမှန်ပါပဲလေ၊ အဲဒါကြောင့်ထင်တယ်၊ မင်းရဲ့ခန္ဓာကိုယ်နှစ်ခုက ဥထဲမှာ တစ်ခုတည်းဖြစ်သွားခဲ့တာနေမှာ"
နှစ်ခုက တစ်ခုဖြစ်လာတယ်။
ရှန်းရင်နဲ့ယိချင်း အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ သူတို့ဘယ်သူမှ ဒီကို တက်လှမ်းလာတာ မဟုတ်ဘူးလေ - မိစ္ဆာနတ်ဘုရားက သူတို့ကို ဒီပို့လိုက်တာ။
"ဒီတော့ သားက တကယ်ပဲ အမေ့ကလေးပါ"
လုံကျန်းက ကြင်နာတဲ့အပြုံးနဲ့ ရှေ့တက်လာပြီး ယိချင်းလေးကို ကြည့်လိုက်တယ်။ သူမရဲ့ အပြုအမူမှန်သမျှက မိခင်မေတ္တာဆိုပြီး ကျယ်လောင်စွာ အော်ဟစ်နေတယ်။
"သားရဲ့နဂါးဝိညာဉ်ကို သေမျိုးဘုံဆီ ပို့လိုက်တာ အမေပါ - အမေမှားမှာမဟုတ်ဘူး"
ယိချင်းက တန့်သွားတယ်။ အကျင့်ကြောင့်ထင် သူမရဲ့ စိတ်အားထက်သန်မှုကိုခံစားမိတော့ နောက်ဆုတ်လိုက်မိတယ်။
သူမစကားအရဆို သူ့အရင်ကိုယ်က နဂါးဥထဲကကိုယ်နဲ့ပေါင်းစပ်သွားတာပေါ့။ သူက အခုလူလား၊ နဂါးလား။
"ကျွန်တော် အခု ပုံစံမတူတော့တာတောင် ခန္ဓာကိုယ်ထဲ အမတအရိုးတွေကို ခံစားနေသေးတာလဲ"
သူ့ကျင့်ကြံဆင့်၊ ဝိညာဉ်ကြောတွေနဲ့ ဓားဆန္ဒတောင်အရင်အတိုင်းတစ်ပုံစံတည်းပဲ။
"ကျွန်တော့်မှာ နဂါးအစွမ်း ရှိတယ်လို့ မခံစားရဘူး"
လုံကျန်းက နှစ်နှစ်ခြိုက်ခြိုက်ပြုံးတယ်။
"သားအရင်က နဂါးချီမခံစားဖူးဘူးမလား"
"နဂါးချီလား" ယိချင်းတန့်သွားတယ်။ အလိုလို သူ့ကောင်းကင်စိတ်အာရုံကိုလွှတ်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲ ထူးဆန်းတဲ့အရှိန်အဝါတစ်ခုလှိမ့်တက်လာတာကိုခံစားမိလိုက်တယ်။ သူ့စိတ်ထဲ တစ်စုံတစ်ရာအတွေးပေါက်သွားတယ် - သူတစ်ခုခုကို ဖြည်မိလိုက်သလိုပဲ။ သူ့ကိုယ်က ရွှေရောင်တောက်ပစပြုလာတယ်။
နောက်အခိုက်အတန့်မှာ ကောင်လေးက မြေကြီးပေါ်က ပျောက်သွားတယ်။ ရွှေအလင်းတန်းတစ်ခု ပေါ်လာပြီး အထဲကနေ နဂါးတစ်ကောင်ပေါ်လာကာ အိမ်ခေါင်မိုးကို ဖောက်ထွက်သွားတယ်။ အမိုးအပိုင်းအစတွေက မြေကြီးပေါ်ကျကုန်တယ်။
"ဆရာ" ယိချင်း ချက်ချင်း ရှန်းရင်ခေါင်းကို ကာပေးဖို့ ငုံ့လိုက်ပေမဲ့ ဒီလိုလုပ်တာက အိမ်ကိုပိုတောင် ထိခိုက်သွားစေခဲ့တယ်။ ရုတ်တရက် အရာအားလုံးက ကမောက်ကမဖြစ်သွားလေရဲ့။
အားလုံးက ဖြစ်သွားတာ မြန်ဆန်ချက်ပဲ။ သူတုံ့ပြန်ချိန် မြွေနဂါးရှည်နဲ့ လုံကျန်းပဲ မြေကြီးပေါ်ကျန်ခဲ့ကာ ခေါင်းတွေမှာတော့ဖုန်တွေနဲ့။ ရှန်းရင်ကို အခုချီထားတဲ့နဂါးက ကျောင်းလုံနဲ့လုံကျန်းလောက် မကြီးပေမဲ့ နေမင်းလိုတောက်ပနေတယ်။
"ရွှေ... ရွှေ... ရွှေနဂါး" ကျောင်းလုံက သတိပြန်ဝင်လာပေမဲ့ သူ့ပါးစပ်ကတော့ သူ့ရှေ့ကနဂါးကို ကြည့်ပြီး ထိတ်လန့်နေတာ သိသာလှစွာ ပါးစပ်အကျယ်ကြီးဟမိသွားတယ်။
လုံကျန်းလည်း ထိတ်လန့်သွားတယ်။ သူမသားကို ရွှေနဂါးဖြစ်မယ် မထင်ခဲ့ဘူး။ အံ့ဩစရာ မရှိတော့ဘူး... စောနကဟာကို အံ့ဩစရာမရှိတော့ဘူး...။
ရွှေနဂါးတွေက တော်ဝင်မျိုးနွယ်လို့ပြောကြတယ်။ သူတို့က ဘယ်နဂါးမျိုးထက်မဆို သန်မာပေမဲ့ ရှေးခေတ်တုန်းကပဲ ပေါ်ခဲ့တာ။
ယိချင်းလည်း ထိတ်လန့်သွားတယ်။ သူ့ကိုယ်ထဲက မသေမျိုးချီကို လည်ပတ်စေလိုက်တော့ ပိုပြီးထူထဲကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါအဖြစ် ပြောင်းသွားပြီဆိုတာ သိလိုက်ရတယ်။ ဒါက နတ်စွမ်းအင်လား။
"စားဖိုမှူး" ရှန်းရင်က ခေါင်းမော့လိုက်တယ်။ သူက တကယ်ပဲနဂါးကိုး။
အဲတော့မှပဲ ယိချင်း သတိပြန်ဝင်လာတယ်။ သူ့ကိုယ်သူ လူအသွင်ပြန်ပြောင်းဖို့ နည်းမျိုးစုံသုံးကြည့်ပေမဲ့ လူတစ်ယောက်စာအရပ်ရှည်တဲ့ နဂါးအဖြစ်ပဲ အရွယ်ကျုံ့သွားခဲ့တယ်။
"ဆရာ ကျွန်တော် နတ်ဘုရားစွမ်းအင်နဲ့ မရင်းနှီးတာမို့ ဘယ်လိုထိန်းချုပ်ရမလဲမသိဘူး၊ ကျွန်တော် လူပုံစံ ပြန်ပြောင်းလို့မရဖြစ်နေတယ်" သူ့နဂါးကိုယ်ကို ကျင့်သားမရသေးသလို ဘယ်လို အသွင်ပြောင်းရမလဲ မသိဘူး။ သူ ဘယ်လောက်ပဲကြိုးစားကြိုးစား လူအသွင် ပြန်ပြောင်းမရဘူး။ သူရွေးစရာ မရှိတော့ဘဲ လမ်းလျှောက်နေသလိုမျိုးပုံစံဖြစ်အောင် ခြေထောက်နှစ်ဖက်နဲ့ ထောက်ရပ်လိုက်ရတယ်။
"အိုး" ရှန်းရင်ကတော့ စိတ်ထဲထည့်ပုံမပေါ်။ သူမက သူ့လက်သည်းလေးတွေကို လှမ်းကြည့်လာတယ်။
"စားဖိုမှူး"
"ဆရာ"
"နင်အဲလိုမျိုးနဲ့... ဟင်းချက်နိုင်သေးလား"
နဂါးနှစ်ကောင် ။ ။ "..."
မင်းဂရုစိုက်တာ မင်းစားစရာပဲရှိတယ်။
凸(艹皿艹)
တစ်ခဏကြာတော့ ယုံကြည်ချက်ရှိတဲ့အသံတစ်သံက ပြောလာတယ်။
"ဟုတ်ကဲ့"
သူ့ကိုယ်သူသက်သေပြဖို့ပမာ နဂါးက တစ်ဖက်လှည့်ပြီး မပျက်စီးသေးတဲ့မီးဖိုချောင်ထဲ သူ့ကိုယ်သူ နှစ်မြုပ်တော့တယ်။ သူ့လက်သည်းတွေနဲ့ အိုးခွက်ပန်းကန်တွေ စကောက်ယူကုန်ရဲ့...။
ကျောင်းလုံ ။ ။ "..." သူက တော်ဝင်မျိုးနွယ်ထဲ ပါတယ်လို့ ထင်နေတာလေ။
လုံကျန်း ။ ။ "..." သူက တကယ်ပဲ ငါ့သားဟုတ်ရဲ့လားဆိုတာ သံသယဝင်စပြုလာပြီ။
…
အခန်း ၂၄၉ ။ တစ္ဆေအမတယင်ချီ
လုံကျန်း နှစ်ပေါင်းသောင်းချီ အားထားခဲ့ရတဲ့ သားက နောက်ဆုံးတော့ ပြန်ရောက်လာပြီး ဒဏ္ဌာရီလာရွှေနဂါးတစ်ကောင် ဖြစ်နေပြီ။ လုံကျန်းနှလုံးသားက သူမသားသာ အဲအချိန် ဟင်းချက်မနေရင် အင်မတန် ပြည့်လျှံနေမှာ။
သူမသားက တစ်နေ့ခင်းလုံး အလုပ်ရှုပ်နေတယ်။ လုံကျန်းက သူ့ကိုတားဖို့တော့ကြိုးစားခဲ့တာပဲ - ဘယ်လိုပဲဖြစ်ဖြစ် သူက နဂါးတစ်ကောင်ဖြစ်ကာစဖြစ်ပြီး ပြန်သက်သာဖို့အချိန်လိုတယ်လေ။ ဒါပေမဲ့ သူက သူ့ဆရာအပေါ် ကျေးဇူးသိတတ်နေတာမြင်တော့ လုပ်ချင်တာလုပ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
အဲဒါက... သူမကိုယ်သူမ စားပွဲမှာထိုင်ပြီး ရှန်းရင်နဲ့ စားနေမိတာကို သိလိုက်ရပုံပဲ။
-_-|||
"ဆရာ လက်ဖက်ရည်သောက်ပါ" ယိချင်းက ရွှေနဂါးဖြစ်နေဆဲ။ သူက ခုလေးတင်စားသောက်ပြီးတဲ့ အမျိုးသမီးအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်တယ်။
"အိုး" အကျင့်အတိုင်း ရှန်းရင် လက်ဖက်ရည်ခွက်ကို လက်ခံယူလိုက်တယ်။ သူမ ဘေးက ထိုင်နေတဲ့ နဂါးစားဖိုမှူးကို လှည့်လေ့လာမိတော့ သူမကာတွန်းကားတွေကို သတိရသွားတယ်။ နောက်ဆုံးတော့ သူမဖြေရှင်းရမဲ့ လေးနက်တဲ့ကိစ္စကို ပြန်သတိရသွားတော့တယ်။
"စားဖိုမှူး"
"ဆရာ"
"နင် လူအဖြစ် ပြန်မပြောင်းနိုင်ဘူးလား"
ယိချင်းက သူ့နဂါးခေါင်းကိုယမ်းတယ်။
"မရသေးပါဘူး"
ကျောင်းလုံက သူ့ကို လူအသွင်ဘယ်လိုပြန်ပြောင်းရမလဲ သင်ပေးပြီးပေမဲ့ သူ့ကိုယ်နဲ့ မရင်းနှီးသေးသလို နတ်ဘုရားစွမ်းအင်ကို သူလုပ်မိတဲ့ ထိန်းညှိမှုတိုင်းက ထူးဆန်းတဲ့ပင်ပန်းမှုအဖြစ်ပဲ ရလဒ်ထွက်တယ်။
"သူက ခုမှ အခွံပေါက်ကာစလေ၊ ခန္ဓာကိုယ်က အားနည်းနေတာ - ခုလောလောဆယ် လူအဖြစ် ပြန်ပြောင်းလို့မရတာ ပုံမှန်ပါပဲ"
လုံကျန်း ရှင်းပြလိုက်တယ်။
"နဂါးတွေအားလုံးက အဲလောက်အားနည်းတာလား" ရှန်းရင်မေးလိုက်တယ်။
"အဲလိုတော့ မဟုတ်ဘူး" လုံကျန်း မျက်မှောင်ကြုတ်လိုက်တယ်။
"သူက ထူးခြားတာဖြစ်နိုင်တယ်"
"... အော်"
"ဆရာ" ယိချင်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး ပြောလိုက်တယ်။
"ကျွန်တော် နဂါးဥထဲ ဝင်လာတည်းက ထူးဆန်းတဲ့ ထိန်းချုပ်မှု အရှိန်အဝါတစ်မျိုးကို ခံစားခဲ့ရတာ မှတ်မိပြီ၊ ကျွန်တော် ဖောက်ထွက်နိုင်ဖို့ နည်းလမ်းမရှိဘူး၊ ပြီးတော့..." သူမျက်မှောင်ကြုတ်လိုက်တယ်။
"ကျွန်တော်တိုက်ခိုက်လေ ခန္ဓာကိုယ်က ပိုအားနည်းလာလေပဲ" အဲဒါကြောင့် အားနည်းတဲ့ ကလေးလေး ဖြစ်သွားတာနေမယ်။
"အဲလိုရှိတာကိုး" လုံကျန်း ထခုန်မိသွားတယ်။ သူမ သူ့ကို မရေမတွက်နိုင်တဲ့အကြိမ်ပေါင်းများစွာ ခေါင်းစခြေဆုံးစစ်ဆေးတော့တယ်။
"ဘာအရှိန်အဝါလဲ"
ယိချင်း ခေါင်းယမ်းလိုက်တယ်။
"ကျွန်တော်လည်း မသေချာဘူး"
"ငါသိတယ်" ရှန်းရင်က ရုတ်တရက် ထပြောလာတယ်။
နဂါးသုံးကောင်က တန့်သွားပြီး သူမကိုလှည့်ကြည့်တယ်။
ဘာဆိုလိုတာလဲ။
ရှန်းရင် သူမဝတ်ရုံထဲက ဖြူစွတ်ပြီး ပန်းပုံစံ အရာတစ်ခုကို ဆွဲထုတ်လာတယ်။
"ဒါလား"
သူတို့တွေ တုံ့ဆိုင်းသွားပြီး လုံကျန်းတောင် ရှန်းရင် ဆုပ်ကိုင်ထားတဲ့အရာကို သိချင်စိတ်နဲ့ ကြည့်နေတယ်။ ဒါ လွန်ခဲ့တဲ့ရက်ပိုင်းက ဥပေါ်ဖိထားတဲ့ အခွံပဲ။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲဒီအရာပေါ် အရှိန်အဝါရှိနေတာလား" ကျောင်းလုံက သေချာကြည့်ဖို့လုပ်ပေမဲ့ အခွံမှာ များများစားစားရှိနေတဲ့ပုံမပေါ်။
"အထဲမှာ" သူမက အခွံပေါ်က အကြည်လွှာကို ခွာလိုက်တယ်။ သူမ အလွှာတစ်ဝက်ကို ခွာပြီးပြီးချင်းမှာတင် ထူးဆန်းတဲ့ အနက်ရောင်ချီက လက်ခနဲဖြစ်သွားပြီး ဥခွံကနေ ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ ရှန်းရင် လက်လှမ်းပြီးဖမ်းဆုတ်ထားလိုက်တယ်။
နောက်အခိုက်အတန့်မှာ မည်းမှောင်နေတဲ့ မြူခိုးပုံသဏ္ဌာန်တစ်ခု သူမလက်ထဲပေါ်လာတယ်။ ကြည့်ရတာ အသက်ရှင်နေပြီး သူမဆုပ်ကိုင်ထားမှုကနေ လွတ်မြောက်အောင် ရုန်းကန်နေသလိုပဲ။ ကြက်သီးထစရာ အရှိန်အဝါက ကြောက်မက်ဖွယ်အော်သံတစ်မျိုး ပြတ်တောင်းပြတ်တောင်း အော်ဟစ်နေတယ်။ သရဲဝိညာဉ်တွေရဲ့ ငိုကြွေးသံမျိုးပဲ။ အရှိန်အဝါက ရှန်းရင်ဆုပ်ကိုင်ထားမှုထဲ အားလျော့နည်းစ ပြုလာပြီး စက္ကန့်ပိုင်းကြာချိန် ပျောက်ကွယ်သွားတော့တယ်။
"အဲဒါ... တစ္ဆေအမတရဲ့ယင်ချီပဲ" လုံကျန်းက အံ့ဩတကြီးရေရွတ်ပြီး မျက်လုံးပြူးသွားတယ်။ သူမ ထခုန်မိလိုက်တယ်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာ... ငါ့ကလေးရဲ့နဂါးဥက ငါ့စောင့်ကြည့်မှုအောက်မှာပဲ အမြဲရှိနေခဲ့တာလေ၊ ဘယ်လိုလုပ်အထဲမှာ တစ္ဆေအမတရဲ့ယင်ချီ ရှိနေရတာတုံး"
"တစ္ဆေအမတရဲ့ဘာ" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
လုံကျန်းက မျက်မှောင်ကြုတ်ပြီး သူမအမူအရာက မည်းမှောင်လာတယ်။
"တစ္ဆေအမတတွေက ကောင်းကင်မြေအောက့်ဘုံမှာ အမတတွေဖြစ်လာဖို့ လေ့ကျင့်ကြတဲ့ သွေဖည်တစ္ဆေတွေပဲ၊ သူတို့ကျင့်ကြံနည်းတွေက အရမ်းကိုထူးခြားပြီး အစွမ်းတွေကလည်း အရမ်းထူးဆန်းတယ်၊ ကောင်းကင်မျိုးနွယ်တော်တော်များများ သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲ မသိကြဘူး၊ သူတို့အကြောင်းက သူတို့ကိုရှာဖွေရအရမ်းခက်ပြီး သူတို့အတွက်လည်း ကောင်းကင်နယ်နိမိတ်တွေထဲ လာဖို့ မလွယ်ဘူး"
အမတဖြစ်လာတဲ့ သွေဖည်တစ္ဆေတွေလား
ယိချင်းတင်မက ကျောင်းလုံပါ ထိတ်လန့်သွားတယ်။ တစ္ဆေတွေက အငြိုးတွေနဲ့ပြည့်နေတဲ့ သာမန်ဝိညာဉ်တွေပဲ။ သူတို့က လောကကြီးထဲလျှောက်သွားနေပြီး သေမျိုးဘုံမှာပဲ ပေါ်လာတတ်ကြတာ။ အတိုချုံးပြောရရင်တော့ သူတို့က ခန္ဓာကိုယ်မရှိတဲ့ဝိညာဉ်တွေ။ ဝိညာဉ်တွေက အားနည်းတယ်လေ - အမတဖြစ်အောင်ကျင့်ကြံနိုင်တဲ့ ဝိညာဉ်တွေကို ဘယ်သူမှမကြားဖူးခဲ့ကြဘူး။ ခုတော့ ဒီတစ္ဆေတွေက အမတမျိုးနွယ်တွေကိုတောင် တိုက်ခိုက်နိုင်တယ်လို့ ကြားနေရတယ်ပေါ့
"ဒီတစ္ဆေအမတတွေကို ပုံမှန် ဘယ်မှာတွေ့ရတတ်လဲ"
"တစ္ဆေအမတတွေက သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့ ကောင်းကင်မြေအောက်ဘုံရဲ့ ယင်ချီကိုလိုအပ်တယ်၊ အဲဒါကြောင့် သူတို့ကပုံမှန် ယင်မြစ်နားမှာပေါ်လာတတ်ကြတယ်"
"ရှန်းကျွင်း၊ အရင်က တစ္ဆေအမတတစ်ယောက်ယောက်ကိုများ အပြစ်ပြုမိဖူးလား" ယိချင်းက မေးလာတယ်။
လုံကျန်းက ယိချင်းကို လှမ်းကြည့်ပြီး သူ သူမကိုခေါ်ပုံခေါ်နည်းကို ပြင်ပေးဖို့ ယာယီတွေးမိသွားတယ်။ သူမ သက်ပြင်းချပြီး ဖြေလိုက်တယ်။
"မထင်ဘူး၊ ဒီနှစ်သိန်းချီမှာ နဂါးအသူတစ်ရာချောက်ကနေ မထွက်ဖူးသလို တစ္ဆေအမတတစ်ယောက်မှ မတွေ့ဖူးဘူး"
ထူးဆန်းတယ်။ တစ္ဆေအမတတစ်ယောက်က ယင်ချီကို နဂါးဥတစ်လုံးထဲ ဘာလို့အကြောင်းရင်းမရှိ ထားသွားတာလဲ။ ပြီးတော့ ယင်ချီက ယိချင်းကို ဥမပေါက်နိုင်တော့တဲ့ပထိ ဖိနှိပ်နိုင်ခဲ့တာပဲ။ ရှန်းရင်သာ ဥကိုအတင်းမခွဲခဲ့ရင် သူ အထဲမှာပဲ ညှပ်နေလောက်ဦးမှာ။
"နဂါးအသူတစ်ရာချောက်နက်က အပြင်ကလူတွေနဲ့ ဘယ်တုန်းကမှ အများကြီးအဆက်အဆံမရှိဘူး၊ တကယ်တော့ နဂါးတောင်ကြားကသူတွေနဲ့ သိပ်အဆက်အဆံရှိတာမဟုတ်ဘူးလေ၊ တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်ပြုမိ၊ မပြုမိပြောနေတာဆိုရင် အမေ..." သူမ ပြောနေရင်း တစ်စုံတစ်ရာကို မှတ်မိသွားဟန်ရပ်သွားတယ်။ ရုတ်တရက် သူမက ဖြူဖျော့သွားလေရဲ့။ သူမ လက်သီးတင်းတင်းဆုပ်လိုက်တယ်။
"အရေးကြီးတဲ့ကိစ္စတစ်ခုမှတ်မိသွားလို့ ပင်မခန်းမဆီပြန်လိုက်ဦးမယ်၊ အမေ့က... ယိချင်း သားက အားနည်းနေသေးတယ်၊ အနားပိုယူသင့်တယ်နော်"
သူမက သူတို့ကိုခေါင်းညိတ်ပြပြီး အသည်းအသန်ပြေးထွက်သွားကာ အူကြောင်ကြောင်ဖြစ်နေတဲ့ လူတစ်စုကို ထားခဲ့လေတယ်။
ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။ ကြည့်ရတာ... အတိတ်ဘဝက စားဖိုမှူးအိမ်က ဇာတ်လမ်းရှိပုံပဲ။
——————
လုံကျန်းက ရုတ်တရက် အသည်းအသန်ပြန်ပြေးသွားပြီး နောက်ရက်ပိုင်းတွေမှာ သူမအကြောင်း သတင်းမရခဲ့ဘူး။ သူမက တစ္ဆေအမတကိစ္စကို စုံစမ်းနေတာသိသာတယ်။
စားဖိုမှူးက သူ့နဂါးကိုယ်နဲ့ ကျင့်သားရအောင် အချိန်ကို အသုံးချနေတယ်။ နေ့တိုင်း သူက လုပ်ငန်းနှစ်ခုပေါ် အာရုံစိုက်တယ် - နတ်ဘုရားစွမ်းအင်နဲ့ သူ့ကိုယ်သူ ရင်းနှီးအောင်လုပ်တာနဲ့ ရှန်းရင်အတွက် ချက်ပြုတ်ပေးတာ။ သူက သင်ယူမြန်သူဖြစ်နေတာတော့ ကောင်းတဲ့အချက်ပဲ။ အကြိမ်ရေအနည်းငယ် ကြိုးစားပြီးတဲ့နောက် သူက နောက်ဆုံးတော့ လူလေးတစ်ယောက်အသွင် ပြန်ပြောင်းနိုင်ခဲ့ပြီ။ နဂါးချီတွေအများကြီး စုပ်ယူခဲ့လို့ထင် သူ့ရဲ့ပိန်လှီတဲ့ကိုယ်က အခု ဝဖြိုးလာပြီ။ သူ့မျက်နှာက ချောမွတ်လွန်းလို့ အရုပ်နဲ့တောင် နည်းနည်းတူနေတယ်။ သူ့ဆံပင်ကတော့ အရင်အတိုင်းခပ်တိုတိုပဲ။
နဂါးတွေက သိုင်းတွေလက်ဆင့်ကမ်းဖို့ သူတို့သွေးပေါ်ပဲ အမြဲအားကိုးခဲ့ကြတာ။ ဘယ်သူမှ သူ့ကို သိုင်းသင်ပေးဖို့မလိုဘဲ ယိချင်းက စိတ်ထဲကနေ အလိုလိုသိနေခဲ့တာ။ သူပိုင်ဆိုင်ထားတဲ့ နတ်ဘုရားစွမ်းအင်က ကြောက်ခမန်းလိလိဖြစ်ပြီး ရူးလောက်စရာအရှိန်နှုန်းနဲ့ ကြီးထွားနေတယ်။ ရက်ပိုင်းအတွင်းမှာတင် သူက ကျောင်းလုံကို ကျော်သွားပြီ။
ကျောင်းလုံ ဒါနဲ့ပတ်သက်ပြီး သိသိသာသာနေလို့မကောင်း။ နဂိုကတော့ သူ့တည်ရှိမှုကို လုံကျန်းရှေ့ သိသာအောင် လုပ်ချင်ခဲ့တာ။ လုံကျန်းက ဒီရက်ပိုင်းပျောက်နေတာ နှမြောစရာပဲ။ အဲဒါက ကျောင်းလုံ ရှန်းရင်နဲ့ဆက်နေနေရတဲ့ တစ်ခုတည်းသောအကြောင်းရင်း။ သူ သူမနှစ်သိမ့်မှုကို လိုအပ်တယ်။ အခု ယိချင်းက ကျောင်းလုံကို အတော်လေးသတိထားနေပြီ။ ကျောင်းလုံ သူမကို လုယူဖို့ ကြိုးစားနေတယ်လို့ တွေးမိနေလောက်တဲ့အထိပဲ။ သူ ရှန်းရင်နား ကပ်မိသွားတိုင်း ယိချင်းက သူ့ကို အိုးနဲ့ ထုချင်တဲ့ပုံပေါက်နေတယ်။
ကျောင်းလုံက တစ်လောကလုံး သူ့ကိုရွံရှာနေသလို ခံစားရလုနီးပါးပဲ။
ဆယ်ရက်အကြာ။
"ဆရာ ကျွန်တော့်ကျင့်ကြံဆင့်ကို ခိုင်မာအောင်လုပ်ပြီးပါပြီ" ယိချင်းက ရှန်းရင်ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီး ထိုင်ခုံတစ်ခုပေါ်တက်တယ်။ သူ့တစ်ဖက်ခြမ်းမှာထိုင်နေတဲ့ ရှန်းရင်ကို ကမ်းပေးဖို့ စားပွဲကို အပြည့်မှီလိုက်မှရတယ်။
ရှန်းရင် အကျင့်အတိုင်းယူလိုက်ပြီး တစ်ငုံသောက်ကာ မေးလိုက်တယ်။
"နင်အသင့်ဖြစ်ပြီလား"
"ဟုတ်"
"အော် စားစရာတွေ ဘယ်မှာလဲ"
"ကျွန်တော် လဝက်စာ ပြင်ထားပါတယ်"
"အဆာသွတ်မုန့်တွေရော"
"အမျိုးအစား၂၀ကျော်ပါ"
"အသီးတွေကရော"
"သိုလှောင်အိတ်၂အိတ်အပြည့်ပါ"
"ကောင်းပြီလေ" ရှန်းရင် စားပွဲပေါ်လက်ထောက်ပြီး ပျင်းတိပျင်းရွဲရပ်လိုက်တယ်။
"သွားကြစို့"
ယိချင်းက ကုလားထိုင်ကနေ ခုန်ချတယ်။ နှစ်ယောက်သား ခြံဝန်းအပြင်ထွက်သွားတော့မှ ကျောင်းလုံ တုံ့ပြန်နိုင်တော့တယ်။
"ခဏ" သူ သူတို့ကိုချက်ချင်းတားကာ မေးလိုက်တယ်။
"ဘယ်သွားကြမလို့လဲ"