အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 259-261
259
အခန်း ၂၅၉ ။ ဂျပုလေးကို ရှာခြင်း
ရှန်းရင်နဲ့တခြားသူတွေ သေချာမစဉ်းစားနိုင်ခင် ပိုပြီးပြင်းထန်တဲ့ဖိအားက သူတို့ဆီပြေးဝင်လာပြီး နောက်ဆက်တွဲပြိုကျမှုတွေပါ လိုက်လာလေတယ်။ သူတို့ပတ်လည်က ဖန်တောင်ထွတ်တွေအားလုံး အမှုန့်တွေအဖြစ် ချက်ချင်း ပြောင်းလဲကုန်တယ်။ ယိချင်း သူ့ဘေးကလူနှစ်ယောက်ကို ကာကွယ်ဖို့ နဂါးအရှိန်အဝါကို အမြန်ထုတ်လိုက်ရတယ်။
ဒါပေမဲ့ ရှန်းရင်ကတော့ အူကြောင်ကြောင်စိုက်ကြည့်နေပြီး ညာဘက်ကို လက်ညှိုးထိုးပြလေတယ်။
"အာ အဲဒါဂျပုလေးမဟုတ်လား"
နှစ်ယောက်သားရပ်ပြီး ရှန်းရင် လက်ညှိုးထိုးရာဘက်ကြည့်လိုက်တယ်။ တကယ်ပဲ ညာဘက်မှာ ပန်းရောင်ဝတ်ရုံနဲ့ မိန်းကလေးက အကာအကွယ်အင်းကွက်ဝန်းရံထားတာ ခံရပြီး တိုက်ပွဲထဲက လူနှစ်ယောက်ကိုစိုးရိမ်တကြီး ကြည့်နေတယ်။
ယိချင်းနဲ့ ကူယွဲ့ ရင်ထိတ်သွားတယ်။ သူတို့တွေ ရှေ့တက်မို့ရှိသေး ရှန်းရင် လက်မြှောင်ကာ အာခေါင်ခြစ်အော်လေတယ်။
"ဟေး ဂျပုလေး"
အဲစကားသံတွေက ခြေတစ်ထောင်တောင်တစ်လျှောက် အပ်ခိုးထပ်သွားလေရဲ့။ တိုက်ပွဲထဲက လူနှစ်ယောက် ရုတ်တရက် ရပ်သွားတယ်။
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
ကူယွဲ့က ရုတ်တရက် ရှန်းရင်ကို လည်ပင်းထညှစ်ချင်မိသွားတယ်။ သူတို့တွေ တိုးတိုးတိတ်တိတ်နေဖို့ သဘောထူးတာလေ - ဒါ ဘယ်ပုံစံနဲ့ တိုးတိုးတိတ်တိတ်ဖြစ်တာတုံး။
ရွှမ်ထုံရဲ့ကိုယ်ခန္ဓာက တောင့်တင်းသွားတယ်။ သူမက မယုံရဲတဲ့ဟန်နဲ့လှည့်ကြည့်လာတယ်။ သူမမျက်နှာမှာ ဝမ်းမြောက်မှုတွေဖြတ်ပြေးသွားပြီး ဓားပေါ်တက်ကာ အုပ်စုဆီ ချက်ချင်း ပျံသန်းလာတယ်။
"ဂိုဏ်းချုပ်"
သူမက ရှန်းရင်ပေါ် ခုန်တက်မို့လုပ်ပေမဲ့ အလင်းတန်းဖြူကြီး ပေါ်လာတယ်။ နဂိုက တိုက်ခိုက်နေတဲ့ဝတ်ရုံဖြူနဲ့ လူက ရွှမ်ထုံမရောက်ခင် ရုတ်တရက် သူတို့ဆီ အပြေးရောက်ချလာတော့တယ်။
ယိချင်း နဲ့ကူယွဲ့ နောက်ဆုံးတော့ လူကိုမှတ်မိသွားပြီး ထိတ်လန့်တကြားစိုက်ကြည့်နေမိတယ်။
"ပိုင်ဇယ်" သူတို့အော်လိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ အဲလူက သူတို့မျက်စိရှေ့ ပေါ်လာပြီး သိသိသာသာစိတ်လှုပ်ရှားနေဟန်။ သူ့မျက်စိသူမယုံနိုင်တဲ့ပုံ။ နောက်တော့ သူက ဖေဖေနျို့ကို ဖက်တော့တယ်
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
အဖက်ခံထားရသော ဖေဖေနျို ။ ။ "..."
(?Д?≡?Д?)
ဟမ် ဘာတွေဖြစ်နေတာ။
နောက်တော့ ပိုင်ဇယ်ရဲ့အေးစက်တုန်ရီနေတဲ့အသံက သူ့နားဘေးပေါ်လာတယ်။
"ရှန်း... ရှန်း... ရှန်း..." သူက "ရှန်း" တစ်လုံးကို ထပ်တလဲလဲပြောနေပြီး ရှေ့ဆက်မတိုးနိုင်ဘူး။ ပိုင်ဇယ့်နားတွေက နီရဲစပြုလာတယ်။
"ဂိုဏ်းချုပ်" ဂျပုလေးက နောက်ဆုံးတော့ သူတို့ရှေ့ ဆင်းသက်လာပြီး ရှန်းရင် ရင်ခွင်ထဲ ပြေးဝင်တယ်။ သူမရဲ့ဝမ်းသာမှုက အလုံးစုံဝမ်းနည်းမှုအဖြစ် ပြောင်းပြီး ငိုချကာ မြေကြီးကိုပါ တုန်ရီသွားစေတယ်။
"ဂိုဏ်းချုပ် နောက်ဆုံးတော့ ရောက်လာပြီပဲ... ကျွန်မအတွက် ပြန်လာမယ်ဆိုတာ သိပြီးသား၊ ဝါး..."
ယိချင်း ။ ။ "..." အစုတ်ပလုတ်လေး
"အေး ငါဒီရောက်ပြီ" ရှန်းရင် သူမပခုံးကိုပုတ်လိုက်တယ်။
"ငိုနေတာတော်တော့" ငါ့ဝတ်ရုံတွေက အသစ်တွေဟ။
ကူယွဲ့ကို ဖက်ထားဆဲ ပိုင်ဇယ် တောင့်တင်းသွားတယ်။ သူ့ရင်ခွင်ထဲကလူကို ကြည့်ပြီးတော့ သူ့ဘေးက တစ်ပုံစံတည်း မျက်နှာရှိတဲ့ လူကို ကြည့်လိုက်တယ်။ ရှန်းရင်၂ယောက် ဖြစ်နေတာလား။
(⊙_⊙?)
"ရှန်း..."
"မင်းဖင်ကိုရှန်း" ကူယွဲ့ နောက်ဆုံးတော့ တုံ့ပြန်နိုင်ချိန် ပေါက်ကွဲတော့တယ်။
"ဘယ်သူ့ကို ဖက်နေလဲဆိုတာ သေချာကြည့်ဟ"
ပိုင်ဇယ်က နောက်တော့နားလည်သွားပြီး တုံ့ဆိုင်းမှုမရှိ ကူယွဲ့ကို ဘေးတွန်းထုတ်လိုက်တယ်။ သူက အဲအစား ရှန်းရင်ဆီ ပြေးသွားပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုမူနေလေရဲ့။
"ရှန်း... ရင်" သူ နောက်ဆုံးတော့ သူမနာမည်အပြည့်အစုံကို ခေါ်နိုင်ခဲ့ပြီ။
"ငါတကယ်... တကယ်..." တကယ် မင်းကို လွမ်းနေခဲ့တာ။
ရှန်းရင်နောက်ဆုံးတော့ သူမဝတ်ရုံပေါ် နှာရည်တွေ တတောက်တောက်ကျနေတဲ့ ပိုးကောင်ကို ဖယ်ရှားနိုင်ခဲ့ပြီး တလက်လက် တောက်ပနေတဲ့ ပိုင်ဇယ့်မျက်လုံးထဲ စိုက်ကြည့်လိုက်တယ်။
"နင်က ဘယ်သူလဲ"
ပိုင်ဇယ် ။ ။ "..."
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
နှလုံးတစ်ခု အက်ကွဲသံ ခပ်တိုးတိုးပေါ်လာတယ်။
သူ့မျက်လုံးထဲက အလင်းရောင်လည်း ငြိမ်းသွားလေရဲ့
***
"ပိုင်ဇယ် ဒါမင်းရှာနေတဲ့လူလား" ကောင်းကင်ယံကနေ မေးခွန်းတစ်ခုပေါ်လာတယ်။ စောနက ပိုင်ဇယ်နဲ့ တိုက်ခိုက်နေသူက သူတို့ဘေး ဆင်းသက်လာပြီး နောက်ဆုံးတော့ သူ့ကိုသေချာကြည့်လို့ရသွားပြီ။
သူက အစိမ်းရောင်ဝတ်ရုံ ဝတ်ထားတယ်။ သူ့ဆံပင်က ပခုံးထိရှည်ပြီး အနိုင်ရသူလိုမျိုး ပါးမို့ဖောင်းဖောင်း ရှိတယ်။ သူ့တစ်ကိုယ်လုံးကနေ ရင်းနီးနေတဲ့ ဝိညာဉ်သန့်စင်ချီကို ထုတ်နေတယ်။ သူ့မည်းနက်နေတဲ့ မျက်လုံးတွေနဲ့ ဉာဏ်ပြေးပြီး သွက်လက်တဲ့တောက်ပမှုချို့တဲ့နေတာကလွဲရင် သူက တစ်ပုံစံတည်းပဲ...။
"ဖေဖေနျို"
ယိချင်းနဲ့ ရှန်းရင် တစ်ချိန်တည်း ခေါ်မိလိုက်တယ်။
ကူယွဲ့ ။ ။ "..."
သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ။
—————
နှစ်တစ်ထောင် ခန်းမ။
ကူယွဲ့ သူ့နဂိုမူလပုံစံ ပြန်ပြောင်းပြီးပြီ။ သူ ပင်မထိုင်ခုံမှာထိုင်နေတဲ့ လူကိုကြည့်ပြီး မသက်မသာ ခံစားနေရတယ်။ သူက တကယ့်ကို တစ်ပုံစံတည်းပဲ။ သူတို့ မတူတဲ့အဝတ်အစားဝတ်ထားတာဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ရင် သူမှန်ကြည့်နေရတယ်လို့တောင် တွေးမိမှာ။
"ဖေဖေနျို၊ နင့်မှာ အစ်ကိုရှိတာလား"
ရှန်းရင် မနေနိုင်ဘဲ မေးလိုက်တယ်။
"သွားစမ်းပါ" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ ဘယ်သူ့မှာ အစ်ကိုရှိလို့လဲ။
"ငါနဲ့တစ်ပုံစံတည်းတူတဲ့လူ ဒီကမ္ဘာမှာရှိမယ်မထင်ခဲ့ဘူး"
ချန်းယွဲ့က ကူယွဲ့ကို ထူးဆန်းဟန် ကြည့်လာတယ်။ သူက အကျင့်အရ မျက်မှောင်ကြုတ်လိုက်တော့ အင်မတန် စည်းကမ်းတင်းကြပ်တဲ့ အငွေ့အသက်ပေးစွမ်းနေတယ်။
"ချန်းယွဲ့ရှန်းကျွင်း၊ ရှင်ကတကယ် အကြီးအကဲကူယွဲ့ မဟုတ်ဘူးပဲ" ရွှမ်ထုံက အနည်းငယ် အခက်တွေ့သွားဟန်။ သူက ချန်ယွဲ့ကို ကြည့်ပြီး နောက်တော့ ကူယွဲ့ကို ပြန်ကြည့်တယ်။ သူတို့က ရုပ်ရည်တင် ဆင်တာမဟုတ်ဘူး၊ သူတို့ရဲ့အရှိန်အဝါတွေကပါ ဆင်နေတာ။ တစ်ခုနည်းသော ကွာခြားချက်က တစ်ယောက်က နတ်ဘုရားစွမ်းအင်ရှိပြီး နောက်တစ်ယောက်ကတော့ မသေမျိုးချီ ခန္ဓာကိုယ်ကို ဝိုင်းနေတာ။
"ဆိုတော့ ဒါတွေအားလုံးက မင်းတို့ ငါ့ကိုလူမှားလို့ဖြစ်ရတာပေါ့" ချန်ယွဲ့က စုပ်သတ်တယ်။ သူ ဒေါသတကြီး ပြောလိုက်တယ်။
"ပိုင်ဇယ် မင်းအခုဘာပြောစရာရှိလဲ"
သူ စဉ်းစားလေ ပိုဒေါသထွက်လာလေပဲ။ သူ ပိုင်ဇယ့်ကို သိခဲ့တဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်တည်းက ပိုင်ဇယ်က သူ့ဂိုဏ်းချုပ်ဘယ်မှာလဲ မေးနေတာ။ သူ ဘာပြောပြော တစ်ဖက်လူက ကိစ္စကို လက်မလွှတ်ဘူး။ သူက နှစ်ချီ ခြေတစ်ထောင်တောင်မှာ နေရစ်ပြီး ချန်းယွဲ့ကို အကျပ်ရိုက်အောင် တွန်းပို့ခဲ့တယ်။ ဘာမှထပ်မပြောဘဲ သူက ချန်းယွဲ့နဲ့ တိုက်ပွဲတွေလည်း စတင်ဆင်နွှဲတော့တာပဲ။ ခြေတစ်ထောင်တောင်က မရေမတွက်နိုင်အောင် ဖျက်ဆီးခံရပြီး ပြန်တည်ဆောက်ထားရတာ။ ကြည့်ရတာတော့ ချန်ယွဲ့က ဆိုးဆိုးရွားရွား နစ်နာခဲ့တာပဲ။
"မင်းရှာနေတဲ့လူက ဘယ်သူလဲငါမသိဘူးလို့ ပြောပြီးသား၊ ဒါပေမဲ့ သူ့တည်နေရာအတွက် ငါ့နောက် တကောက်ကောက် လိုက်နေခဲ့တာလေ၊ အခု နောက်ဆုံးတော့ ငါ့စကားတွေကိုယုံနိုင်ပြီပေါ့"
"ဒီနှစ်တွေအားလုံးမှာ ငါ့ခြေတစ်ထောင်... အာ ပိုင်ဇယ် ပိုင်ဇယ်" ချန်းယွဲ့ လှမ်းခေါ်လိုက်တော့ ပိုင်ဇယ်က သူ့ကိုနားတောင်ထောင်မနေတာ သိလိုက်ရတယ်။
သူ့အေးစက်နေတဲ့မျက်လုံးတွေက ဘေးကအမျိုးသမီးကို စိုက်ကြည့်ရင်း တောက်ပနေတယ်။ သူ့မျက်ဆန်တွေက ရှန်းရင် ရောင်ပြန်ဟပ်မှုနဲ့ ပြည့်နေတယ်။ အချိန်နဲ့အမျှ သူက သူမကို တစ်စုံတစ်ရာ ကမ်းပေးနေသေးတယ်။
"အသီး..."
"အိုး"
"လက်ဖက်ရည်"
"အင်း"
"အဆာသွတ်မုန့်"
"ကျေးဇူးပါ"
ပိုင်ဇယ့်မျက်လုံးတွေက ရှန်းရင် သူကမ်းပေးတာကိုယူတိုင်း တောက်ပသွားတယ်။ သူ့နားတွေက နီရဲလာပြန်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ဆံပင်တွေပါ နီမြန်းလာတာ။ တစ်ခဏနေတော့ သူက ခပ်တိုးတိုး ပြောတယ်။
"ရ... ရပါတယ်"
သူတို့လူအုပ် ပတ်ပတ်လည်မှာ ပူစီဖောင်းနီတွေကို ခပ်ရေးရေးမြင်လိုက်ရတယ်။
ရွှမ်ထုံ ။ ။ "..."
ချန်းယွဲ့ ။ ။ "..."
ကူယွဲ့ ။ ။ "..."
ထိုင်ခုံခိုးခံလိုက်ရတဲ့ယိချင်း မျက်နှာက အင်မတန်မှောင်မည်းနေပြီ။ သူ့ဓားကို ဆွဲထုတ်ချင်စိတ်ကို ချုပ်ထိန်းထားရပြီး ဟိုးနှစ်တွေတုန်းက ပိုင်ဇယ့်ကို ကန်ခဲ့တဲ့ သူ့ကန်ချက်က အရမ်းကို ပေါ့ပါးလွန်းခဲ့တာပဲလို့ မစဉ်းစားဘဲမနေနိုင်တော့ဘူး။ သူ မချင့်မရဲနဲ့ ရှေ့တက်လိုက်တယ်။
"ရှန်းကျွင်း ခင်ဗျား ဆရာ့ကို စိုးရိမ်ဖို့မလိုပါဘူး"
"မင်းက..." ပိုင်ဇယ်တန့်သွားပြီး အဲလူရဲ့အရှိန်အဝါကို သေချာကြည့်လိုက်တော့ ဘယ်သူလည်းဆိုတာ ချက်ချင်း မှတ်မိသွားခဲ့တယ်။ သူ့အမူအရာက အေးစက်သွားပါလေရော။ ဘာလို့ ဒီစိတ်ရှုပ်စရာလူက ရှိနေသေးတာလဲ။ ပိုင်ဇယ်က မျက်မှောင်ကြုတ်လိုက်ပေမဲ့ သူကိုင်ထားတဲ့ ပန်းကန်ကိုမချဘူး။ သူက ရှန်းရင်ဘက် ပြန်လှည့်သွားတယ်။
သူ့ကိုကြည့်နေသေးတယ်ပေါ့လေ
ယိချင်း နှုတ်ခမ်းတွေခပ်တင်းတင်းစေ့ပြီး ရှေ့တက်ကာ သူတို့နှစ်ယောက်ကြား ဝင်ရပ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူ့အရပ်ကြောင့် သူတို့နှစ်ယောက်ရဲ့ အချင်းချင်းအကြည့်ကို ကာမရဘူး။ ဒါကြောင့် သူ... စားပွဲပေါ် တက်လိုက်တော့တယ်။
သူ ပိုင်ဇယ့်ထက် ခေါင်းတစ်လုံးပိုရှည်သွားပြီ။ ယိချင်းက သူ့ကို ငုံ့ကာစိုက်ကြည့်လိုက်တယ်။
မင်းဘာကိုကြည့်နေတာလဲ ခွေးကောင်။
ရုတ်တရက် နှစ်ယောက်သားက ဒီထူးဆန်းတဲ့ပုံစံနဲ့ အကြည့်ချင်းပြိုင်ကြတော့တယ်။
ကူယွဲ့ ။ ။ "..." သောက်ကျိုးနည်းငတုံး
သူတကယ်ပဲ ဒီနှစ်ယောက်လုံးကိုမသိသလို ပြုမူချင်သွားတယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့ဘေးမှာထိုင်နေတဲ့ ရွှမ်ထုံ့ကိုတံတောင်နဲ့တွတ်လိုက်တယ်။ သူ ခပ်တိုးတိုး ပြောလိုက်တယ်။
"ဂျပုလေး ဘာဖြစ်ခဲ့တာလဲ၊ ငါ မင်းကို တောအုပ်ထဲမှာ ငါ့စောင့်နေခိုင်းခဲ့တယ် မဟုတ်ဘူးလား၊ ဘယ်လို ဒီရောက်လာတာလဲ"
"အကြီးအကဲ ကျွန်မရှင့်ကို အဲမှာစောင့်နေတာပါပဲ၊ ဒါပေမဲ့တစ္ဆေအမတက ရုတ်တရက် ပေါ်လာတော့ ကျွန်မ သူ့ကို မတိုက်ခိုက်နိုင်ဘူးလေ၊ ကျေးဇူးတင်စရာက ပိုင်ဇယ်ရှန်းကျွင်း ဖြတ်သွားတာနဲ့ကြုံခဲ့တယ်၊ ကျွန်မက ဝူတိဂိုဏ်းတပည့်ပါလို့ ပြောတော့ သူက ကျွန်မကို ကယ်ပြီး ဒီခေါ်လာခဲ့တာပဲ"
…
260
အခန်း ၂၆၀ ။ ထိခိုက်မှုအတွက်ပေးချေခြင်း
ကူယွဲ့က တစ်အောင့်စဉ်းစားလိုက်တယ်။ တောအုပ်မှာတုန်းက သူတို့ ယင်ချီအကြွင်းအကျန်တွေကို အရမ်းကို စိုးရိမ်နေခဲ့တာ။ သူတို့ပတ်လည်မှာဝိုင်းနေတဲ့ တခြားနတ်ဘုရားစွမ်းအင်ကို သတိထားဖို့ မေ့သွားခဲ့တယ်။ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ဝူချီတောင်တန်းနားမှာဆိုတော့ အနားမှာ နတ်ဘုရားစွမ်းအင်ကို ခံစားရတာ ပုံမှန်ပဲလို့ ထင်ခဲ့မိတာ။
"ကျွန်မနိုးလာတော့ ချန်းယွဲ့ရှန်းကျွင်းကို အကြီးအကဲဆိုပြီး အထင်မှားသွားခဲ့တယ်၊ အဲဒါကြောင့် ဂိုဏ်းချုပ်တည်နေရာကို သူ့ကိုဆက်မေးနေခဲ့တာပါ၊ အဆုံးကျတော့ ပိုင်ဇယ်ရှန်းကျွင်းနဲ့ ချန်းယွဲ့ရှန်းကျွင်းတို့ စတိုက်ခိုက်ကြတော့တာပဲ၊ နောက်တော့... အကြီးအကဲတို့ ရောက်လာတယ်လေ"
ဒီတော့ အဲလိုဖြစ်ခဲ့တာပေါ့။ ဒါဆို ပိုင်ဇယ်က သူမကိုကယ်ခဲ့တဲ့သူလား။
သူ ပင်မထိုင်ခုံမှာ ထိုင်နေတဲ့လူကို လှည့်ကြည့်လိုက်တယ်။ ချန်းယွဲ့မျက်နှာက မှောင်မည်းနေတာများ မင်ရည်နဲ့တောင် တူစပြုနေပြီ။ သူ့ကြည့်ရတာ လက်ပါချင်တဲ့ဆန္ဒကိုဖိနှိပ်နေရတဲ့ပုံပဲ။
ပိုင်ဇယ်ကလည်း ချန်းယွဲ့ကို ကူယွဲ့အဖြစ် သိသိသာသာ လူမှားပြီး ရှန်းရင်တည်နေရာကို အတင်းမေးခဲ့တယ်။
သူ့အမူအရာကနေ ကြည့်ရင် ပိုင်ဇယ်က လွန်ခဲ့တဲ့နှစ်တွေမှာ သူ့ကို နှောင့်ယှက်ခဲ့တာမနည်းဘူးပဲ။
ကူယွဲ့ပါးစပ်ထောင့်က တွန့်ချိုးသွားတယ်။ သူ အသံကိုတိုးလိုက်တယ်။
"ကျုပ်တို့ ဂျပုလေးကို ရှာတွေ့ပြီဆိုတော့ ဆက်ပြီး ခင်ဗျားကို အနှောင့်အယှက်မပေးတော့ပါဘူး"
သူ ထရပ်လိုက်တယ်။ ဒါ ရှက်စရာကောင်းလွန်းတယ် - သူတို့ မြန်နိုင်သမျှမြန်မြန် ပြန်တာ ပိုကောင်းမယ်။
"မင်းတို့က ပြန်တော့မယ်တဲ့လား" ချန်းယွဲ့ဒေါသမြင့်တက်သွားပြီး တောက်ခေါက်လိုက်တယ်။
"ဘယ်သူမှ ငါ့ခြေတစ်ထောင်တောင်ဆီ သူတို့စိတ်တိုင်းကျ ဝင်ထွက်သွားလွာခွင့်မရှိဘူး၊ မင်းတို့တွေ ငါ့ဖန်တောင်ထွတ်တွေအများကြီးကို ဖျက်ဆီးခဲ့တာ၊ ပြန်ပြီးအလျော်ပေးဖို့ လုံးဝ မရည်ရွယ်ထားဘူးလား"
ကူယွဲ့က စိတ်ညစ်သွားတယ်။ ရှောင်သွားဖို့ ဒီလောက်လွယ်မှာ မဟုတ်မှန်း သူသိခဲ့ပြီးသား။
"ချန်းယွဲ့ရှန်းကျွင်း၊ ခင်ဗျားက စကားတွေကိုအကျယ်ချဲ့နေတာပဲ၊ ကျုပ်တို့က အဲလိုလုပ်တဲ့ အမျိုးအစား မဟုတ်ပါဘူး၊ ကျုပ်ဝူတိဂိုဏ်းက လေးစားခံရတဲ့ ဂိုဏ်းဖြစ်ပြီး ကိစ္စဖြေရှင်းတိုင်း အမြဲသမာသမတ်ကျခဲ့တယ်၊ ကျုပ်တို့ခင်ဗျားကို အဲလိုလုံးဝလုပ်မှာမဟုတ်ပါဘူး"
ကူယွဲ့က လေးနက်တဲ့လေသံနဲ့ ပြောတယ်။
"ဒါကြောင့်... အကြွေးတိုင်းမှာ အကြွေးတင်သူရှိတယ်လေ၊ ခင်ဗျားတောင်ထွတ်တွေကို ဖျက်ဆီးတဲ့သူကို ပြောသင့်တယ်" သူတတ်နိုင်တုန်း အပြစ်ကို တစ်ဖက်ဆီ မြန်မြန်ပဲ တွန်းထုတ်လိုက်တယ်။
သူတို့လွတ်မြောက်နိုင်သရွေ့ သူပျော်ပြီ။
တခြားလူက သူ့တာဝန်မှမဟုတ်တာ။
အခန်းထဲကလူတိုင်း ဝတ်ရုံဖြူနဲ့ တစ်ယောက်သောသူကို လှည့်ကြည့်လိုက်ကြတယ်။
သူပဲ သူပဲ သူက ငါတို့ရဲ့ စတေးခံပဲ။
(๑•̀ᄇ•́)و✧
ပိုင်ဇယ် ။ ။ "..."
ပိုင်ဇယ့်အမူအရာက မည်းနက်သွားခဲ့တယ်။ နောက်ဆုံးတော့ သူ ချန်းယွဲ့ဘက် လှည့်လာတယ်။ သူမှားခဲ့တယ်ဆိုတာကို သိလို့ထင် ရှေ့တက်ပြီးပြောလိုက်တယ်။
"ဒါတကယ်ပဲ ငါ့အမှားပါ၊ ငါ မင်းကို အကြွေးပြန်ဆပ်မယ်" သူ စကားဆုံးသွားတဲ့နောက် သူက လှည့်ထွက်သွားတယ်။
လူတိုင်း တစ်ယောက်နဲ့တစ်ယောက် ကြည့်မိပြီး သူ့နောက်လိုက်ခဲ့ကြတယ်။
ပိုင်ဇယ်က ခန်းမရှေ့က စင်မြင့်မှာရပ်လိုက်တယ်။ လက်နှစ်ဖက်လုံးနဲ့ သူကထူးဆန်းတဲ့ ချိပ်တွေ အတွဲလိုက်ကို ဖန်တီးလိုက်တယ်။ တစ်အောင့်ကြာတော့ သူ့ခြေထောက်အောက်မှာ အင်းကွက်ကြီးတစ်ခု ပေါ်လာတယ်။ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး တစ်အောင့်နေတော့ ကောင်းကင်တစ်ဝက်ပြည့်ပြီး အလင်းတန်းဖြူကြီးနဲ့ လင်းထိန်တောက်ပသွားတယ်။
နောက်တော့ မြေကြီးပေါ်ကအရာအားလုံး တုန်ခါစပြုလာတယ်။ ဖန်စတွေက ကြိုးတစ်ခုခုနဲ့ ဆွဲခံလိုက်ရတဲ့ပမာ မြင့်တက်လာတော့တာပဲ။ သူတို့တွေက စုဝေးသွားကြပြီး နောက်တစ်ကြိမ် ဖန်တောင်ထွတ်တွေ ဖြစ်ပေါ်လာတယ်။ အချိန်တွေ နောက်ပြန်လှည့်သွားသလိုမျိုးပဲ။ ကောင်းကင်ထဲက ဖန်တောင်ထွတ်တွေအားလုံး သူတို့ပတ်လည်မှာ နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာတယ်။ တစ်ချိန်က ကျိုးပဲ့ခဲ့ဖူးတဲ့ပုံတောင် မပေါ်ဘူး။
ရှိနေတဲ့လူတိုင်း အံ့ဩတကြီး စိုက်ကြည့်နေမိတယ်။ ကျိုးပဲ့တဲ့အရာတွေကို ပြင်ဆင်နိုင်တဲ့ အင်းကွက်တွေ အများကြီးရှိပြီး ဘာမှော်အတတ်မှ မသိတဲ့ ရှန်းရင်ကလွဲ ဂျပုလေးအပါအဝင် လူတိုင်း ပစ္စည်းတွေကို ပြင်ရတာ လွယ်မှန်းသိကြတယ်။ ဒါပေမဲ့ တောင်ထွတ်တွေက အကြီးကြီးတွေ။ ပိုင်ဇယ်ရဲ့အင်းကွက်က မျက်စိတစ်မှိတ်အတွင်း အဲဒါတွေကိုပြင်နိုင်ခဲ့တယ်။ ဒါက သူတို့ အဲလိုမျိုးအင်းကွက်ကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။
"မင်းကတကယ့်ကို ရှေးဟောင်းကောင်းကင်သားရဲပဲ" ချန်းယွဲ့က အံ့ဩတကြီး ပင့်သက်ရှိုက်ပြီး သူ့မျက်လုံးတွေကပြူးနေတယ်။
ပိုင်ဇယ်က တစ်ဖက်ကို လှည့်သွားပြီဖြစ်ပြီး ချန်းယွဲ့ဆီလျှောက်လာခဲ့တယ်။ သူက လက်ကောက်ဝတ်ကို လှည့်လိုက်တော့ ပုလဲပြာတစ်လုံး လက်ဖဝါးထဲပေါ်လာတယ်။ သူက ချန်းယွဲ့ကို ကမ်းပေးလေတယ်။
"ဒါက မင်းလိုချင်ခဲ့တဲ့ ဝိညာဉ်တည်ငြိမ်ပုလဲပဲ၊ ခုကစပြီး ငါတို့ကျေပြီ"
ချန်းယွဲ့က ဝိညာဉ်တည်ငြိမ်ပုလဲကိုယူပြီး မျက်လုံးတွေ တောက်ပနေတယ်။ တစ်အောင့်ကြာတော့ သူက ခေါင်းညိတ်တယ်။
"မင်း ဒီလိုလုပ်ပေးမှတော့ ငါ ဒီကိစ္စကိုဆက်ပြီး မလိုက်တော့ဘူး" သူက လေထဲကတောင်ထွတ်တွေကို စစ်ဆေးလိုက်တယ်။ တစ်စုံတရာကို သတိရသွားဟန်နဲ့ ချန်းယွဲ့ကပြောလာတယ်။
"ဒါပေမဲ့... ဖန်တောင်ထွတ်တွေကို ပြင်ဆင်ပြီးပြီဆိုပေမဲ့ အနည်းဆုံးတော့ ငါ့ခြေတစ်ထောင်တောင်ရဲ့ ကျောင်းဆောင်၉၉၈၁ခုမှာ ၁၀ခုက ဖျက်ဆီးခံလိုက်ရတယ်၊ မင်းတို့ အဲဒါတွေကိုပါ ပြင်ဆင်ပေးရမယ်"
ပိုင်ဇယ်က ခေါင်းညိတ်တယ်။
"ကောင်းပြီလေ"
သူက တစ်ဖက်လှည့်ပြီး တောင်ထွတ်တွေဆီပြန်သွားတယ်။ နောက်တော့ ကျောင်းဆောင်တွေကို တစ်ဆောင်ပြီး တစ်ဆောင် စတင်ပြုပြင်တော့တယ်။ ခြေတစ်ထောင်တောင်ရဲ့ ကျောင်းဆောင်တွေက တခြားဟာတွေနဲ့ မတူဘူး။ အများစုက မကြီးပေမဲ့ သူတို့တွေကဖန်တောင်ထွတ်တွေရဲ့ ထိပ်ဖျားမှာ ရှိနေတာ။ တချို့ဆို ဂူတွေထဲတောင်ရောက်နေပြီး အာရုံခံမရဘူး။ အဲဒါကြောင့် စောနက ပိုင်ဇယ့်ရဲ့ အင်းကွက်က ကျောင်းဆောင်တွေကို ပြန်မပြင်နိုင်ခဲ့တာပဲ။
ဒါပေမဲ့ ဒါတွေက ကျောင်းဆောင်တွေပဲလေ။ ဖန်တောင်ထွတ်တွေနဲ့ယှဉ်ရင် သူတို့ကပြုပြင်ဖို့ အများကြီး ပိုလွယ်ကူတယ်။ ဘုရားကျောင်းဆယ်ခုက လေးငါးနာရီအတွင်းမှာတင် ပြီးသွားခဲ့တယ်။
ဒါပေမဲ့...
သူတို့တွေပါ ဘာလို့ ကျောင်းဆောင်တွေကို ပြင်ဖို့လိုတာလဲ
ကူယွဲ့က ရှန်းရင်နဲ့ပတ်သက်ပြီး အဖြစ်သည်းနေသေးတဲ့ ပိုင်ဇယ့်ကို ဒေါသတကြီးကြည့်လိုက်တယ်။ သူ ပိုင်ဇယ့်ကို အဲတုန်းက တကယ် ပေါ့ပေါ့လေးကန်ခဲ့မိတာပဲ။
ခဏနပေါဦး
"ရှန်းရင် မင်းဘာလုပ်နေတာလဲ၊ အဲဒီသစ်သားတုံးကို ခုချက်ချင်း အောက်ချလိုက်စမ်း"
"ငါက ကူညီနေတာလေ"
"ငါ့ဖင်ကိုကူညီ သစ်သားတုံးက ကျိုးနေပြီလေ၊ မင်းမျိုစရာရှိတာပဲ မျိုနေလို့မရဘူးလား"
"အိုး"
"ပြီးတော့ ပိုင်ဇယ် စားဖိုမှူးရဲ့ထိုင်ခုံကို ခိုးနေတာ တော်တော့ ဒီနေရာက ခင်ဗျားကြောင့် ပျက်စီးထားတာ၊ ကျေးဇူးပြုပြီး အရှက်လေး ရှိပေးလို့ရမလား" သူ ကျောင်းဆောင်တွေကို မပြင်ဘူးဆိုရင် သူတို့ထဲက ဘယ်သူမှ ထွက်သွားလို့မရဘူးဆိုပြီး ချန်းယွဲ့ပြောသွားတာကို မကြားဘူးလား
"..."
ငါ-ိုးပဲ၊ ဒီနေရာကနေတောင် သူထွက်သွားချင်ရဲ့လား
ဖေဖေနျို အရမ်းကိုပင်ပန်းနေပြီ။ ဂျပုလေးကလွဲ သူတို့အားလုံးက ဖင်လေးရတာကြိုက်တဲ့ ကလိမ်ကကျစ်တွေကြီးပဲ။
"ဂျပုလေး ဒီကိုခဏလောက်လာဦး" ပိုင်ဇယ် နောက်ဆုံးတော့ နောက်ဆုံးကျောင်းဆောင်ကို ပြင်တာ ပြီးစီးသွားတယ်။
ကူယွဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ရွှမ်ထုံ့ကိုလှမ်းခေါ်လိုက်တယ်။
ရွှမ်ထုံက ပျံသန်းလာတယ်။
"အကြီးအကဲ ဘာညွှန်ကြားစရာရှိလို့ပါလဲ"
"မင်းစောနက စည်းချိပ်ကိုဖန်တီးတာကို ငါကြည့်လိုက်တုန်းက အရင်ကထက် အများကြီး ပိုနှေးနေသလိုပဲ၊ ဒဏ်ရာရထားတာလား"
ရွှမ်ထုံ့အမူအရာ မည်းမှောင်ကာ ငုံ့ကြည့်လေတယ်။
"ဟုတ်ပါတယ်... ကျွန်မဒဏ်ရာရထားတာပါ"
"လက်ထုတ်ပြ၊ ငါကြည့်မယ်"
ကူယွဲ့ သူ့သွေးကြောတွေကို အရင်စစ်ဆေးပြီးတော့ မသေမျိုးချီကို အသက်သွင်းလိုက်တယ်။ သူ သူမနဖူးအလယ်ကို ထိပြီး မူလဝိညာဉ်ကို စစ်ကြည့်လိုက်တယ်။ သူမကိုယ်မှာ ဒဏ်ရာတစ်ချက်မှမရှိဘဲ ဘာကြောင့်မှန်းမသိ မူလဝိညာဉ်ကတော့ အရမ်းကိုမတည်မငြိမ်ဖြစ်နေတာ သိလိုက်ရလို့ အံ့ဩသွားတယ်။ ကြည့်ရတာ အချိန်မရွေးထွက်လာတော့မဲ့ပုံ။
"မင်း ဒါကို ဒဏ်ရာလို့ခေါ်တယ်လား" ကူယွဲ့ မျက်နှာပျက်ယွင်းသွားတယ်။ ဘာလို့ဒီလိုဖြစ်နေတာလဲ။ သူတို့လမ်းခွဲချိန် သူမ အဆင်ပြေခဲ့ပါတယ်။
"တစ္ဆေအမတက ဒီလိုလုပ်ခဲ့တာလား"
ရွှမ်ထုံ ခေါင်းညိတ်ပြလိုက်တယ်။
"ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပြီး မတိုက်ခိုက်နိုင်ရင်ထွက်ပြေးလို့ ငါပြောခဲ့တယ်မဟုတ်ဘူးလား" မူလဝိညာဉ်ထဲကဒဏ်ရာက ကိုယ်ခန္ဓာဒဏ်ရာနဲ့ ကွာခြားတယ်။ ဒါပြီးရင် ပြန်သက်သာလာဖို့ သူမအတွက် အရမ်းကို ခဲယဉ်းတော့မှာ။ ပုံစံသာမပေါ်တာ သူမဝိညာဉ်က အချိန်မရွေး သူ့ကိုယ်ထဲကနေ ထွက်သွားနိုင်တယ်။
တခြားသူတွေ စိုးရိမ်တကြီး ဂျပုလေးကိုကြည့်လိုက်တယ်။
ရွှမ်ထုံက ပိုတောင် ခေါင်းငုံ့သွားပြီး တောင်းပန်တယ်။
"တောင်းပန်ပါတယ် အကြီးအကဲကူယွဲ့၊ တပည့်ကျင့်ကြံဆင့်က နိမ့်လွန်းလို့ပါ၊ အဲဒါကြောင့်..."
"ဘာလို့တောင်းပန်နေတာတုံး၊ မင်းအပြစ်မှမဟုတ်တာ" ကူယွဲ့ ပေါက်ကွဲတော့တယ်။
"သူ သွေးဝိညာဉ်အင်းကွက်ထဲ မပို့ခံရခင်တည်းက သူမပေါ်ကို ဝိညာဉ်ကူးပြောင်းဂါထာတစ်ခု စီရင်ခံခဲ့ရတာဖြစ်မယ်" ယိချင်းက သူမဒဏ်ရာကိုစစ်ဆေးပြီးတဲ့နောက် တီးတိုးရေရွတ်လိုက်တယ်။
"ဒီခန္ဓာကိုယ်က သူ့ဟာမဟုတ်ဘူးလေ၊ အခု တစ္ဆေအမတရဲ့ယင်ချီကြောင့်ပါ ဒဏ်ရာကထားတာ၊ အဲဒါကြောင့် မူလဝိညာဉ်က မတည်မငြိမ်ဖြစ်နေတာပဲ"
ကူယွဲ့ တိတ်သွားတယ်။ သူ ရွှမ်ထုံ့ကိုလှမ်းကြည့်လိုက်တယ်။ ဒီကံမကောင်းတဲ့ကလေးက ဘာလို့အမြဲ သေမင်းနားနီးတဲ့ အခြေအနေတွေပဲကြုံနေရတာလဲ။
"နင့်မှာ ဖြေရှင်းနည်းများရှိလား" ရှန်းရင် သူမဘေးကလူကိုကြည့်လိုက်တယ်။
ရုတ်တရက် ပိုင်ဇယ့်မျက်လုံးတွေ တောက်ပသွားတယ်။
"အင်း" တခြားဘယ်သူ့ထက်မဆို မြန်တဲ့အရှိန်နှုန်းနဲ့ သူက ခေါင်းညိတ်ပြီး ရှန်းရင်မျက်နှာကိုပဲ တစိုက်မတ်မတ်ကြည့်နေတယ်။ နောက်တော့ သူ့မျက်နှာက နီစွေးသွားပြီး ပြောလာတယ်။
"ဒါပေမဲ့ မင်
းတို့... မင်းတို့အားလုံး ငါနဲ့အတူ ပိုင်ယွင်တောင်ဆီပြန်လိုက်ခဲ့မှရမယ်"
…
261
အခန်း ၂၆၁ ။ ပိုင်ယွင်၌ ဝိညာဉ်များကို ကုသခြင်း
"ခင်ဗျားမှာ တကယ်ဂျပုလေးကို ကုသဖို့နည်းရှိတာလား" ကူယွဲ့ အသည်းအသန်မေးလိုက်တယ်။
ပိုင်ဇယ်က ကူယွဲ့ကိုလှမ်းကြည့်ချိန် မျက်နှာနီရဲတာလျော့သွားပြီး ပိုချောချောမွေ့မွေ့လည်း ပြောလာနိုင်တယ်။
"ပိုင်ယွင်တောင်မှာ ဝိညာဉ်တွေကိုကုသနိုင်တဲ့ ဝိညာဉ်စမ်းချောင်းရှိတယ်"
ကူယွဲ့က ရင်ခုန်သွားတယ်။
"ကောင်းပြီလေ၊ ချက်ချင်းသွားကြရအောင်"
သူတို့တွေ နောက်ဆုံးကျောင်းဆောင်ကို မြန်မြန်ပြင်ဆင်ပြီး ပင်မခန်းမဆောင်ဝင်ပေါက်ဆီ ပျံသန်းလာခဲ့တယ်။ ကူယွဲ့က သူတို့ရဲ့ လက်ရာကို စောင့်ကြည့်လေ့လာနေတဲ့ ချန်းယွဲ့ကို ကြည့်လိုက်တယ်။
"ချန်းယွဲ့ရှန်းကျွင်း၊ ကျောင်းဆောင်တွေကို ပြန်ဆောက်ပြီးပါပြီ၊ ဒီတစ်ခေါက် ခင်ဗျားကို ပြဿနာအများကြီး ပေးမိခဲ့တယ်၊ အခု ကျုပ်တို့ အလျင်လိုနေပြီး တပည့်ကို ကုသပေးရမှာမို့ ဒီမှာဆက်မနေတော့ပါဘူး"
ချန်းယွဲ့ခေါင်းညိတ်ပြီး အုပ်စုကိုထပ်ပြီးအခက်တွေ့အောင်လုပ်မယ် မစဉ်းစားတော့ဘူး။
"ငါ့ခြေတစ်ထောင်တောင်ကို နဂိုမူလအခြေအနေ ပြင်ဆင်ပြီးပြီဆိုတော့ မင်းတို့အားလုံးကို ဒီမှာ အတင်းအကြပ် မနေခိုင်းတော့ပါဘူး"
သူ တစ်ဖက်လှည့်ပြီး သူတို့ဘာစဉ်းစားနေလဲခန့်မှန်းနေတဲ့ဟန်နဲ့ ရွှမ်ထုံ့ကို လှမ်းကြည့်တယ်။
"ဒီမိန်းကလေးရွှမ်ထုံရဲ့မူလဝိညာဉ်က မတည်ငြိမ်ဘူး၊ တကယ်လို့ သူ ဝိညာဉ်စမ်းချောင်းကို သွားရင်တောင် သူ့ကိုကာကွယ်ဖို့ အားလုံး မသေမျိုးချီကို သုံးဖို့လိုတယ်၊ မဟုတ်ရင် သူ ပြန်သက်သာလာနိုင်မှာ မဟုတ်ဘူး"
"အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ် ချန်းယွဲ့ရှန်းကျွင်း"
သူတို့တွေ ဆက်မနေတော့ဘဲ ဓားတွေပေါ်တက်လိုက်ကြတယ်။ ချန်းယွဲ့က စည်းချိပ်တစ်ခုဖန်တီးကာ ခြေတစ်ထောင်တောင်ကနေထွက်ဖို့ ဖန်တောင်ထွတ်တွေအားလုံးကိုတစ်ဖက်စီ ကပ်လိုက်တယ်။
"နင် မလိုက်ဘူးလား" ရှန်းရင်က ရုတ်တရက် တစ်ဖက်လှည့်ကာမေးလာတယ်။
ချန်းယွဲ့က တန့်သွားတယ်။ သူ ဟိုဟိုဒီဒီကြည့်ပြီးတဲ့နောက် ရှန်းရင်က သူ့ကိုပြောနေတာမှန်း နားလည်သွားတယ်။ သူ တစ်ခဏစဉ်းစားပြီး ဒီမိန်းမက ပိုင်ဇယ်နှစ်ပေါင်းများစွာ ရှာနေတဲ့သူဆိုတာ နားလည်သွားခဲ့တယ်။ ဒါပေမဲ့ သူက သူမနာမည်ကို မမှတ်မိဘူး။ သူ ချောချောမွေ့မွေ့ပဲပြောလိုက်တယ်။
"ငါ့အတွက် ခြေတစ်ထောင်တောင်ကနေ ထွက်ဖို့က အဆင်မပြေဘူး၊ ကျေးဇူးပြုပြီး အားလုံးကို လိုက်မပို့တဲ့အတွက် ခွင့်လွှတ်ပါ"
ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
"ဘာလို့လဲ၊ နင်လည်း ဒဏ်ရာရထားတာမဟုတ်ဘူးလား"
ချန်းယွဲ့က ရုတ်တရက် ဖြူဖျော့သွားတယ်။ သူ့မျက်နှာပေါ် အဓိပ္ပာယ်ဖော်ရခက်တဲ့ အမူအရာ ပေါ်လာခဲ့တယ်။ သူက ချက်ချင်းဖြေတယ်။
"ပိုင်ဇယ်နဲ့ တိုက်ခိုက်နေချိန်တုန်းက တကယ် နည်းနည်းတော့ ဒဏ်ရာရခဲ့ပေမဲ့ ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ"
"အိုး" ရှန်းရင်က ဆက်ပြီး မေးခွန်းမထုတ်တော့ဘူး။
တစ်အောင့်နေတော့ အုပ်စုက အဝေးဆီ ပျောက်ကွယ်သွားခဲ့တယ်။
——————
"ဂျပုလေး၊ ဒဏ်ရာဘယ်လိုနေလဲ" ကူယွဲ့က တင်းမာတဲ့ အမူအရာနဲ့ မေးလိုက်တယ်။ သူတို့ ခြေတစ်ထောင်တောင်ကနေ ထွက်တာနဲ့ ယပ်တောင်ပုံစံ ဓမ္မအသုံးအဆောင်ကို ချက်ချင်းဆင့်ခေါ်ပြီး အားလုံးကို အပေါ်ဆွဲတင်ခဲ့တယ်။
"အခု အဆင်ပြေပါတယ်" ရွှမ်ထုံက ခေါင်းယမ်းတယ်။
"ကျွန်မရဲ့မူလဝိညာဉ်ကပဲ မတည်ငြိမ်တာလေ၊ အပြင်ပိုင်းဒဏ်ရာမရထားတော့ ဝိညာဉ်နှုတ် မှော်အတတ်တစ်ခုခုနဲ့ တိုက်ခိုက်တာ မခံရသရွေ့ အဆင်ပြေမှာပါ"
"အင်း" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
"ငါ မင်းကို အရင်က မမေးရသေးဘူး - မင်းကိုတိုက်ခိုက်ခဲ့တဲ့ တစ္ဆေအမတကို သေချာမြင်ခဲ့လား"
"အာ..." ရွှမ်ထုံက မျက်မှောင်ကြုတ်ပြီး ဖြေတယ်။
"အဲလူရဲ့ကိုယ်က ယင်ချီနဲ့ဖုံးနေတာ၊ ကျွန်မကျင့်ကြံဆင့်က နိမ့်တော့ သူ့မျက်နှာကိုမမြင်ရဘူး"
"အဲဒါမိန်းမလား"
သူမက တစ်အောင့်စဉ်းစားပြီးတော့ ခေါင်းယမ်းတယ်။
"ဟင့်အင်း၊ သူ့မျက်နှာကိုမမြင်ရပေမဲ့ မိန်းမ မဟုတ်တာတော့သေချာတယ်"
ကူယွဲ့နဲ့ ယိချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ သူတို့အမူအရာက မည်းမှောင်သွားခဲ့တယ်။
"ကြည့်ရတာ ဂျပုလေးကို တိုက်ခိုက်သူက ဖုန်းညာန်မဟုတ်တဲ့ပုံပဲ"
"တစ်ဖက်လူရဲ့ ပစ်မှတ်က ထင်ရှားနေတာပဲ - ဂျပုလေးရဲ့ဝိညာဉ်" ယိချင်းက ခပ်တိုးတိုးပြောတယ်။
"သူဒီတစ်ကြိမ် ရှောင်လိုက်နိုင်ပေမဲ့ နောက်ကျရင် အဲလူက သေချာပေါက် ပိုသတိထားတော့မှာ"
"အမှန်ပဲ၊ အခု ငါတို့ အဲလူက ဘယ်သူလဲနဲ့ ဘာလို့ မင်းကိုမျက်စိကျနေလဲ ငါတို့မသိရသေးဘူး"
ကူယွဲ့စကားပြောလေ သူ့အမူအရာက ပိုခက်ထန်လာလေပဲ။
"ငါတို့မသိရခင် မင်း ငါတို့ဘေးက မခွာတာကောင်းမယ်၊ ဒါမှမဟုတ် ရှန်းရင်ဘေးက မခွာတာ ပိုကောင်းမယ်"
"ကောင်းပါပြီ တပည့်သဘောပေါက်ပါတယ်" ရွှမ်ထုံက ဆုကြီးပေါက်သွားသလိုမျိုး မျက်လုံးတွေ တောက်ပသွားခဲ့တယ်။
"ကျွန်မ သေချာပေါက် ဂိုဏ်းချုပ်ဘေးက မခွာပါဘူး"
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
ရုတ်တရက် ကူယွဲ့နဲ့ ယိချင်း သူတို့အမှားလုပ်မိခဲ့လောက်ပြီဆိုတာကို နားလည်သွားခဲ့တယ်။ သူတို့တကယ်ပဲ အမတဘုံဆီ ဘေးကင်းကင်း ပြန်နိုင်ပါ့မလား။
ကူယွဲ့က သူ့ဘေးက အသီးဝါးနေတဲ့အမျိုးသမီးကို တံတောင်နဲ့တွတ်လိုက်တယ်။
"ရှန်းရင် မင်းဘာလို့..."
သူ စကားမဆုံးခင် ရှန်းရင်မျက်လုံးတွေ တောက်ပသွားတယ်။ သူမက အကျယ်ကြီးထဖြေတယ်။
"ငါမှတ်မိပြီ"
"ဘာကို" သူတို့အုပ်စု ထခုန်လိုက်မိတယ်။ မင်း ဘာမှတ်မိတာလဲ။
ရှန်းရင်က တစ်ဖက်လှည့်ပြီး ဘေးကလူကို လက်ညှိုးထိုးလိုက်တယ်။
"ဒါဆို နင်က အဲအမွေးလုံးပေါ့"
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
ရွှမ်ထုံ ။ ။ "..."
ပိုင်ဇယ် ။ ။ "..."
မင်း ခုမှ သောက်ကျိုးနည်း သူ့ကိုမှတ်မိတာလား။
——————
ပိုင်ယွင်တောင်က ပိုင်ဇယ့်ရဲ့ ဘုံဗိမာန်ပဲ။ ခြေတစ်ထောင်တောင်က မာကျောအေးစက်တဲ့ ဖန်တောင်ထွတ်တွေနဲ့ ပြည့်နေပြီး လင်ထိုက်တောင်တန်းကတော့ တိမ်ပင်လယ်တွေ ပြည့်ကာ ဝူချီတောင်က တောင်တန်း၊ နဂါးအသူတစ်ရာချောက်နက်ကတော့ မီးတောင်တွေနဲ့ ပြည့်နေချိန် ပိုင်ယွင်တောင်ကတော့ ခြွင်းချက်ပဲ။ တိမ်လွှာတွေကြား မျက်စိကျိန်းစရာ ကျောင်းဆောင်ဖြူကြီး ရှိနေတယ်။ ပတ်ပတ်လည်မှာက အပြာရောင် နတ်ဘုရားစွမ်းအင်။ နေရာက တခြားရှန်းကျွင်းနေရာတွေလောက် အေးစက်ပြီးရှိန်ဖို့ကောင်းတာမျိုး မခံစားရဘူး။ သူတို့လမ်းတစ်လျှောက်မှာ အမတသားရဲအမျိုးမျိုး တွေ့ခဲ့တယ်။ သူတို့ကြားထဲ ကောင်းကင်မျိုးနွယ်တွေလည်း အများကြီးရှိနေတယ်။
အဲတော့မှပဲ ကူယွဲ့နဲ့ သူ့အဖော်တွေ ကောင်းကင်မြေအောက်ဘုံနောက်ကွယ်က အခြေခံဇာတ်လမ်းကို သဘောပေါက်ဖို့ အချိန်ရတော့တယ်။ အမတဘုံနဲ့ အရမ်းကို ကွဲပြားချက်ပဲ - ကောင်းကင်ဘုံကလူတွေက ပြောရရင် သဘာဝအရ ပိုပြီး ဗုဒ္ဓဝါဒလိုမျိုးပဲ။ သူတို့မှာ နယ်နိမိတ်ဆိုတဲ့ အယူအဆ မရှိဘူး။ တိုက်ကြီးတွေလိုမျိုး ရှုပ်ထွေးတဲ့ ပိုင်းခြားမှုတွေလည်း မရှိ။ သာမန်ကောင်းကင်မျိုးနွယ်တွေက သူများအိမ် ကျူးကျော်တာ မဟုတ်သရွေ့ စိတ်တိုင်းကျ သွားလာနိုင်တယ်။ ကောင်းကင်ကမ္ဘာမှာ ကောင်းကင်မျိုးနွယ်တွေတင် ရှိတာမဟုတ် ကြောက်စရာသားရဲတွေ၊ နူးညံ့တဲ့သားရဲတွေနဲ့ ထူးဆန်းတဲ့ တောကောင်တွေလည်းရှိတယ်။ သေမျိုးကောင်းကင်နတ်တွေအဖြစ် ပြောင်းလဲလာတဲ့ အမတကျင့်ကြံသူတချို့လည်းရှိတယ်။ သူတို့က အမတဘုံနဲ့ကောင်းကင်ဘုံ ပြိုကွဲချိန် ကျန်ရစ်ခဲ့တဲ့သူတွေပဲ။
ကောင်းကင်မျိုးနွယ်တွေအားလုံးက ကျင့်ကြံဆင့်အမျိုးမျိုး။ သူတို့ကြားထဲ ကောင်းကင်မျိုးနွယ်လေးခုက အသန်မာဆုံးပဲ – နဂါးတွေ၊ ဇာမဏီငှက်တွေ၊ ချီလင်းတွေနဲ့ လိပ်နက်တွေ။ ချီလင်းနဲ့ လိပ်နက်တွေက ရှေးခေတ်ကတည်းက မျိုးတုံးသွားခဲ့ရုံပဲ။ နဂါးနဲ့ဇာမဏီတွေကတော့ ဘယ်တော့မှ မတည့်သလို သူတို့အချင်းချင်း မကြာခဏရန်ဖြစ်ကြတယ်။
အကျဉ်းချုံးပြောရရင်တော့ ကောင်းကင်မျိုးနွယ်က အပိုင်းအခြား မရှိတဲ့နေရာပဲ။ အမတဘုံနဲ့ မတည့်တော့တာလဲ မဆန်းဘူး။ အစွမ်းများလွန်းပေမဲ့ အမတဘုံနဲ့ အဆုံးထိ နေသွားရမဲ့အစား မြေအောက်ဘုံနဲ့ သူ့အလိုလို ချိတ်ဆက်သွားခဲ့တယ်။
ကောင်းကင်မျိုးနွယ်အားလုံးကြား ရှန်းကျွင်းလို့ ခေါ်ထိုက်တဲ့သူ ငါးယောက်ပဲ ရှိတယ်။ တိုက်ဆိုင်တာလားတော့ ကူယွဲ့ မပြောနိုင်ပေမဲ့ ရှန်းရင်တို့တွေက တစ်ယောက်ချင်းစီနဲ့ အဆက်အဆံ ရှိပြီးကြပြီ။
ပြောဖို့မလိုအောင် လုံကျန်းနဲ့ ဖုန့်စန်းက စားဖိုမှူးမိဘတွေ။ ပိုင်ဇယ်ကလွဲရင် ဟုန်ယွီရှန်းကျွင်းလည်း ရှိတယ်။ ပိုင်ဇယ်ပြောပြတာတော့ သူက ဖန်တီးမှုအစမှာ ကြည်လင်နေတဲ့ကြာပန်းတွေကနေ ထွက်လာခဲ့တာတဲ့။ သူက ကောင်းကင်မျိုးနွယ်အဖြစ် ပြောင်းလဲခဲ့တဲ့ တစ်ခုတည်းသော အပင်ဝိညာဉ်ပဲ။ သူက လုံးဝကို သန့်စင်ပြီး ဒီကမ္ဘာလောကထဲ တိုက်ခိုက်စရာမရှိဘူး။ အဲဒါကြောင့် သူက ရှေးခေတ်ကနေ ရှင်သန်ခဲ့တဲ့ တစ်ယောက်တည်းသော ကောင်းကင်မျိုးနွယ် ဖြစ်ခဲ့ပုံပဲ။ ပုံမှန်အရ သူ့တစ်ခုတည်းသော ဝါသနာက တရားပွဲတွေစီစဉ်တာပဲ။ ကောင်းကင်လောကထဲက ကောင်းကင်မျိုးနွယ် ၉၀ရာခိုင်နှုန်းကျော်လောက်က သူ့တရားပွဲတွေကို နားထောင်ဖူးကြတယ်။
ချန်းယွဲ့ရှန်းကျွင်း - ကူယွဲ့နဲ့တစ်ပုံစံတည်းတူတဲ့သူ - ကတော့ အမတဘုံကနေ တက်လှမ်းလာခဲ့တဲ့ တစ်ဦးတည်းသော သေမျိုးနတ်ဘုရားပဲ။
"ပြောရရင် ဖေဖေနျို နင်လည်း တီဗွီထဲကပုံနဲ့ မတူဘူးနော်" ရှန်းရင်က သူ့ကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။ သူမမှာ စီးပွားရေးလုပ်ဖို့ အမြဲနည်းတစ်မျိုးမျိုး ရှိပြီး ရပ်ကျော်ရွာကျော်လူသိများတဲ့ နိုင်ငံ့ဖခင်ရဲ့ အမှတ်ရမှုတချို့တော့ ရှိသေးတယ်။
"ငါ့ကို ဘာလို့အဲလိုကြည့်နေတာလဲ" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
"ငါ့ကို ပလတ်စတစ်ဆာဂျရီလုပ်ဖို့ သံသယဖြစ်နေသလိုမျိုး ကြည့်နေတာ ရပ်လိုက်တော့"
"..." သူမ ပလတ်စတစ်ဆာဂျရီအကြောင်းလည်း တစ်ခွန်းမှ မပြောရသေးဘဲနဲ့။
"ငါ နတ်ဝိညာဉ် ဖြစ်လာတဲ့အချိန် ခန္ဓာကိုယ်က ပြိုကွဲသွားတာမို့ အရင်နဲ့ မတူတော့တာပဲ" ကူယွဲ့က လက်ထဲက ယပ်တောင်ကို ခတ်ပြီး ဂုဏ်ယူစွာ ပြောတယ်။
"ငါက မင်းစားဖိုမှူးလို မဟုတ်ဘူး - ငါက မွေးရာပါဓားကျင့်ကြံသူ မဟုတ်ဘူးလေ၊ အဲဒါကြောင့် ငါ နတ်ဝိညာဉ်ဖြစ်လာချိန် ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပြီး သွေးကြောတွေကို သန့်စင်ဖို့ ဝဋ်ကြွေးချေမှုကို အသုံးချခဲ့ရတာ၊ အဲဒါကြောင့် ငါ့ပုံစံက မတူတာပဲ"
"အော်..." ရှန်းရင်က ဂိုဏ်းက ရောင်စုံမိန်းကလေးတွေအကြောင်း စဉ်းစားမိသွားတယ်။ အမှန်ပဲ သူတို့က ဝဋ်ကြွေးချေမှုကို မဖြတ်သန်းခင်ကနဲ့ ကွာခြားတာပဲ။ သူတို့တွေ ဘယ်လိုအသွင်ပုံစံပြောင်းရမလဲတောင် သင်ယူထားတာပေါ့။
"င့ါရဲ့အခုပုံစံက ငါ့ရဲ့အခြေခံမူလအကျဆုံးအသွင်ပုံစံကို ယူဖို့ ငါ့ကိုယ်ထဲက အရာအားလုံးကို ဖျက်ဆီးထားတဲ့ရလဒ်ပဲ" ကူယွဲ့မျက်နှာက တင်းမာနေတယ်။
"ငါက အဲလောက်ချောမောဖို့ မွေးဖွားလာတာပဲ ဟုတ်ပြီလား"
"..." သူ့အရှက်တရားက ဘယ်မှာလဲ။