← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

265

အခန်း ၂၆၅ ။ စုပေါင်းပျောက်ဆုံးနေသောဝိညာဉ်များ

လေးရက်တိတိ ဝိညာဉ်စမ်းချောင်းထဲ စိမ်ခဲ့တဲ့ ဂျပုလေးက နောက်ဆုံးတော့ နိုးလာတယ်။

ကူယွဲ့က သူမကို နှုတ်ဆက်လိုက်ပြီး ရှန်းရင်ရှိတဲ့ဘေးဆောင်ဆီ ပိုင်ဇယ့်ကိုလာခိုင်းဖို့ ခေါ်ခိုင်းလိုက်တယ်။ နောက်တော့ ကူယွဲ့က စားဖိုမှူးကို သွားရှာလိုက်တယ်။

စားဖိုမှူးကြည့်ရတာ တစ်ချိန်လုံး မနားရသေးတဲ့ပုံ။ ဖြေရှင်းလို့မရတဲ့ ပြဿနာရှိနေဟန် သူ့ကိုယ်က နွမ်းချိနေတယ်။ သူ နောက်ဆုံးတော့ ရှန်းရင်ကို တွေ့ချိန် ဝမ်းချုပ်နေသလိုပဲ။ သူ့စားစရာတောင် အရသာတစ်ဆင့် နိမ့်သွားတယ်။

ကူယွဲ့ စားပွဲက မနက်စာကို လှမ်းကြည့်လိုက်တယ်။ အင်း ဒါ ဘာခံစားချက်မှမပါတဲ့ မနက်စာပဲ။ သူ ပျင်းရိပြီး တည်ငြိမ်နေဆဲ တစ်ယောက်သောသူကို လှမ်းကြည့်ပြီး နှုတ်ခမ်းထောင့် တွန့်ချိုးသွားတော့တယ်။ သေစမ်း၊ သူမက ဒီ‌မနက်စာကိုမှ အရသာတွေ့နေတာပဲ။ ဘာလို့ သူအရင်က ချက်ပေးတဲ့ တခြားဟင်းပွဲတွေကျ သဘောမကျရတာလဲ။

သူ ဟိုဟိုဒီဒီကြည့်ပြီးတဲ့နောက် တစ်စုံတစ်ယောက် ပျောက်ဆုံးနေတာ သိလိုက်ရတယ်။

"ပိုင်ဇယ်ရော"

"အကြီးအကဲ၊ ကျွန်မ ပိုင်ဇယ်ရှန်းကျွင်းကို မရှာတွေ့ခဲ့ပါဘူး၊ ပိုင်ယွင်တောင်တစ်ခုလုံးကို ရှာကြည့်ခဲ့ပေမဲ့ သူ့ကို ရှာမတွေ့သေးဘူး"

ကူယွဲ့ အမူအရာက မာကြောသွားပြီး အစားသရဲကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ သူ ယိချင်းဘက် လှည့်ပြောလိုက်တော့တယ်။

"စားဖိုမှူး မင်းသွား မင်း ဘယ်လိုလုပ်မလဲဆိုတာ ငါဂရုမစိုက်ဘူး၊ ငါ့အတွက် လူကိုသာ ရှာလာခဲ့စမ်းပါ"

ယိချင်းက ငိုင်တိုင်တိုင် လေထဲစိုက်ကြည့်နေရုံရှိသေး ရုတ်တရက် မျက်လုံးတောက်ပသွားပြီး အသက်ဝင်လာပြန်တယ်။

"ကောင်းပြီ" သူလှည့်ပြီး အင်မတန်စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ တံခါးအပြင်ပျောက်သွားတော့တယ်။

ဂျပုလေး ။ ။ "..." အကြီးအကဲယိချင်းက သူ့ကိုသွားရှာတာမလား။ ဘာလို့ ဓားယူသွားတာလဲ။ ပြီးတော့ ဘာလို့ အဲလောက်တောင် သတ်ဖြတ်ချင်တဲ့ ဆန္ဒတွေများနေရတာလဲ။

ဂျပုလေးက တောင်ပေါ်က ဘယ်နေရာမှာမှ ပိုင်ဇယ့်ကို မရှာနိုင်ခဲ့ဘူး။ ကျင့်ကြံဆင့်အများကြီးပိုမြင့်တဲ့ စားဖိုမှူးကတော့ မိနစ်၂၀အတွင်း ပိုင်ဇယ့်ကို ခြေရာခံပြီး ခန်းမထဲ ခေါ်လာခဲ့တယ်။

နှစ်ယောက်သား ဖုန်တွေပေကျံနေပြီး အတော်လေးကို ညစ်ပတ်ပေရေနေတာ - အထူးသဖြင့် ပိုင်ဇယ်ပဲ။ ပုံမှန်ဆို သူက ဝတ်ရုံဖြူဝတ်နေကျ။ ဒီတစ်ကြိမ်တော့ သူ့ဝတ်ရုံတွေက ဖုန်ကြောင့် အညိုရောင် သန်းနေပြီး မျက်နှာကလည်း ပွန်းပဲ့ဒဏ်ရာတွေနဲ့။

"သူ ဒီမှာပါ" စားဖိုမှူးက ကြေညာပြီး ဓားကိုသိမ်းလိုက်တယ်။ သူ့ကိုယ်လေးကိုသယ်ကာ အရင်အတိုင်း ရှန်းရင်နောက် ဝင်ရပ်တယ်။ အဲတော့မှ သူလည်း အမြင်ကို ကွယ်နေတယ်ဆိုတာ နားလည်သွားတယ်။ သူတစ်ဖက်လှည့်ကာ ရှန်းရင်နောက်က နေရာတစ်နေရာဆီ ခွေးခြေထိုင်ခုံတစ်ခုံကို ရွှေ့လာခဲ့တယ်။ နောက်တော့ အဲပေါ်တက်လိုက်တော့ ရှန်းရင်ထက် ခေါင်းတစ်လုံးစာအပြည့် မြင့်သွားပါလေရော။ သူ ပိုင်ဇယ့်ကို ခန်းမဆောင် တစ်ဖက်ခြမ်းကနေ စိန်းစိန်းဝါးဝါးကြည့်လိုက်တော့တယ်။

‌ခွေးကောင်လေး၊ ငါ့ဆရာကို လှည့်စားဖို့ ကြိုးစားနေတာတော်လိုက်တော့ ငါ မင်းကို စောင့်ကြည့်နေမှာ။

ပိုင်ဇယ်က ခန်းဆောင်ထဲဝင်ပြီး သူ့ရှေ့ကရှန်းရင်ကို သတိထားမိသွားတော့ တစ်ခုခုကို သတိပြန်ရသွားတဲ့ပုံ။ ဒေါသပျောက်သွားပြီး မျက်နှာက ပုစွန်လိုနီရဲနေတယ်။ သူ တစ်ဖက်လှည့်ပြီး အဝေးကို ပျံသွားချင်တာ အရမ်းပဲ။

ဒါပေမဲ့ ကူယွဲ့တုံ့ပြန်မှုက ပိုမြန်တယ်။ သူက တံခါးကိုပိတ်တဲ့ ဂါထာသုံးပြီး သီးသန့်ခြားအင်းကွက် သုံးလိုက်တယ်။

"ဟေး၊ ပြီးတော့မှာပဲ၊ ခင်ဗျားကို ပြောစရာအရေးကြီးကိစ္စတချို့ရှိတယ်" သူ ငပျင်းပေါင်မုန့်လုံးဘက် ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။

"ရှန်းရင်"

"ဟမ်"

"မင်းဖင်ကိုဟမ်၊ မင်းကိစ္စအရင်ဖြေရှင်း"

"အိုး" ရှန်းရင်က ထရပ်ကာ ပိုင်ဇယ့်ဆီ လျှောက်လာပြီး မျက်လုံးတွေထဲကြည့်လိုက်တယ်။

"နင်မနေ့က ပြေးသွားတာ မြန်ချက်ပဲ၊ ငါနင့်ကို ပြန်ဖြေဖို့ အချိန်မရလိုက်ဘူး"

ပိုင်ဇယ်က ရင်ခုန်သွားပြီး မျက်နှာမှာအပူချိန်တိုးလာတာကိုခံစားမိနေတယ်။

"ရှန်း... ရင်... အာ... အင်း..."

"ကျေးဇူးပါ ငါလက်မခံဘူး"

"..." ပိုင်ဇယ်က သူမကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်နေပြီး မျက်နှာက ဖြူဖျော့သွားတယ်။

"ဒါဆို ကျုပ်-"

"ငါနင့်ကိုမကြိုက်ဘူး"

"ကျုပ်... ကျုပ်ကြိုး-"

"နောက်လည်း မကြိုက်ဘူး"

"ကျုပ်-"

"ငါနင့်ကိုဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး"

"..."

ရှန်းရင် နှစ်သိမ့်တဲ့အနေနဲ့ ပခုံးကို ပုတ်ပေးပြီး ပြန်လှည့်လာကာ သူမကုလားထိုင်ပေါ် ဇွက်ခနဲ ထိုင်ချလိုက်တယ်။

ကူယွဲ့ ။ ။ "..."

ရွှမ်ထုံ ။ ။ "..."

သူမ... သူ့နှလုံးသားတစ်ခုလုံးပေါ် တက်နင်းလိုက်တာလား။ နည်းနည်းကြမ်းလွန်းတယ်မဟုတ်ဘူးလား။

ရွှမ်ထုံက ကူယွဲ့ကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်တယ်။

"အကြီးအကဲ၊ ကျွန်မ ဘာလို့ရှန်းကျွင်းအတွက် စိတ်မကောင်းဖြစ်မိတာပါလိမ့်"

"နာကျင်စရာကိစ္စတွေကို ဆွဲဆန့်နေတာထက် မြန်မြန်ဖြေရှင်းလိုက်တာ ပိုကောင်းပါတယ်၊ ရှန်းရင်က သူ့ကို အရင်က ငြင်းပြီးပြီပဲ၊ သူက ဒီနာကျင်မှုနဲ့ အတော်လေးကျွမ်းကျင်ပြီးသားလို့ စဉ်းစားနိုင်တယ်"

"ဒါဆို... သူ အဆင်ပြေသွားမှာလား"

"မစိုးရိမ်ပါနဲ့ သူ အသည်းကွဲရုံပါ၊ မသေပါဘူး" ပြီးတော့လည်း တစ်ဖက်သတ်အချစ်ပဲလေ။

"ဒါပေမဲ့ ကြည့်ရတာ အရမ်းအသည်းကွဲနေတဲ့ပုံနော်၊ အာ... အခန်းထောင့်မှာ ဒူးထောက်နေပြီ သူ့ကြည့်ရတာ အချိန်မရွေး လေနဲ့ပါသွားမလိုမျိုး အားနည်းလွန်းနေတဲ့ပုံနော်၊ သူတကယ်ပဲ အဆင်ပြေပါ့မလား"

"..."

"ဟီး... ကောင်းပြီလေ၊ အရေးကြီးကိစ္စတချို့အကြောင်း ပြောရအောင်" ကူယွဲ့က ရှေ့တက်ပြီး လေးနက်တဲ့လေသံနဲ့ ပြောလိုက်တယ်။

အကြီးအကဲ စကားလမ်းကြောင်းလွှဲနေတာပဲ မဟုတ်လား။

"ဂျပုလေး မင်းမူလဝိညာဉ် အဆင်ပြေလား" သူက ရုတ်တရက် မေးလာတယ်။

ရွှမ်ထုံခေါင်းညိတ်ပြီး အခန်းထောင့်မှာ ဒူးထောက်နေဆဲလူကို ကျေးဇူးတင်စွာ ကြည့်လိုက်တယ်။

"ရှန်းကျွင်းရဲ့ဝိညာဉ်စမ်းချောင်းက တကယ်ပဲအံ့ဖွယ်သရဲပါပဲ၊ ကျွန်မ မူလဝိညာဉ်အရင်ကထက်တောင် ပိုသန်မာလာသလိုပဲ၊ ကျင့်ကြံဆင့်လည်း အချိန်မရွေး အဆင့်တက်တော့မယ်ထင်နေတယ်၊ မကြာခင် အမတဘုံဆီ ပြန်နိုင်လောက်တယ်"

"ငါတို့ အခု အမတဘုံဆီ ပြန်လို့မရဘူး" ကူယွဲ့အမူအရာက မည်းမှောင်နေတယ်။

"မင်းရဲ့မူလဝိညာဉ်တင် ထိခိုက်တာမဟုတ် စားဖိုမှူးရဲ့ဟာပါ ထိခိုက်နေလို့ပဲ"

သူစကားဆုံးပြီးပြီးချင်း ရှန်းရင်ကလွဲ လူတိုင်း သူ့ကို ထိတ်လန့်တကြား ကြည့်ကြတော့တယ်။

"ဘာ" ရွှမ်ထုံ ထခုန်လိုက်မိတယ်။

"အကြီးအကဲယိချင်းလည်း ဒဏ်ရာရနေတယ်ပေါ့ အဲဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ သူက အခုကောင်းကင်မျိုးနွယ် မဟုတ်ဘူးလား၊ ဘယ်လိုလူက ထိခိုက်အောင် လုပ်နိုင်မှာ... အာ ဘာလို့ အားလုံး ကျွန်မကို အဲလိုကြည့်နေတာလဲ" သူမ ပြောနေရင်း ရပ်သွားပြီး လူတိုင်း မျက်လုံးအပြူးသား စိုက်ကြည့်နေတာမြင်လိုက်ရတယ်။

"ဘာဖြစ်လို့လဲ"

"ဂျပုလေး မင်း..." ကူယွဲ့ သူမကိုယ်အောက်ပိုင်းကို လက်ညှိုးထိုးလိုက်တယ်။

ရွှမ်ထုံ ငုံ့ကြည့်လိုက်တော့ စားပွဲမှာလဲနေတာက အရမ်းရင်းနှီးနေတဲ့ ကိုယ်ခန္ဓာ... ဒါ သူမကိုယ်ခန္ဓာပဲ

သူမက အခု ဖောက်ထွင်းမြင်နေရပြီး လေထဲပျံသန်းနေတယ်။

"အားအားအား... ဘာတွေဖြစ်နေတာလဲ" ရွှမ်ထုံ အော်ဟစ်တော့တယ်။ သူမ အလိုလို သူမခန္ဓာကိုယ်ဆီ ပြန်ပျံသန်းသွားမိတယ်။ ရုတ်တရက် စားပွဲက ခန္ဓာကိုယ်က ထထိုင်လာတယ်။ ရွှမ်ထုံ့ဝိညာဉ် ပြန်ရောက်လာပြီ။

"တကယ်ပဲ ရွှမ်ထုံ့ဝိညာဉ်မှာ ပြဿနာရှိသေးတယ်" ကူယွဲ့မျက်နှာ ပျက်သွားတယ်။

"မဖြစ်နိုင်တာ" ပိုင်ဇယ်တောင် ရွှမ်ထုံဖြစ်သွားတဲ့ ကိစ္စကြောင့် ကြောက်လန့်သွားခဲ့တယ်။ သူ သူမကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။

"ကျုပ်ဝိညာဉ်စမ်းချောင်းက တကယ်ပဲ ကုသတြဲနည်းစနစ်တွေရှိတယ်၊ သူ့မူလဝိညာဉ်ကို ကျုပ်ကိုယ်တိုင် စစ်ဆေးပေးထားတာ၊ ပြန်ကောင်းသွားပြီလေ၊ ဘယ်လိုလုပ် ဝိညာဉ်က ခန္ဓာကိုယ်ကနေ အကြောင်းရင်းမရှိ ထွက်နိုင်နေသေးတာလဲ"

"ဒါ သူမမူလဝိညာဉ်နဲ့ မဆိုင်ဘူး" ကူယွဲ့ဖြေလိုက်တယ်။

"ဒါသူမဝိညာဉ်တစ်ပိုင်း ပျောက်နေလို့ပဲ"

"ဆိုလိုတာက... အဲအကြွင်းအကျန်ဝိညာဉ်" ယိချင်း ရုတ်တရက် ဖုန်းညာန်ဆီမှာ ရှိတဲ့အင်းကွက်ကို သတိရသွားတယ်။

"သူမက ဝိညာဉ်တစ်ပိုင်းပျောက်နေတာ ဒါပေမဲ့ မင်းနဲ့ပိုင်‌ဇယ်ရောပဲ မဟုတ်လား"

"ဘာဆိုလိုတာလဲ"

"မသိကြဘူးလား..." ကူယွဲ့ တစ်ယောက်ပြီး တစ်ယောက် လှမ်းကြည့်လိုက်တယ်။

"မင်းတို့တစ်ယောက်ချင်းစီမှာလည်း ဝိညာဉ်တစ်ပိုင်းပျောက်ဆုံးနေတယ်ဆိုတာ"

ပိုင်ဇယ် ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့က မျက်မှောင်ကြုတ်ပြီး အမူအရာက မည်းမှောင်နေတယ်။

"ရှန်းရင်နဲ့ငါလည်း ဒါကိုသိတာမကြာသေးဘူး၊ အစတုန်းက ဂျပုလေးမှာပဲ ပြဿနာရှိတယ်ထင်ခဲ့တာ၊ အထူးသဖြင့် သူမအကြွင်းအကျန်ဝိညာဥ်က ကောင်းကင်မြေအောက်လောကမှာ ငါတို့တွေ့ခဲ့တဲ့ အင်းကွက်ထဲ ပိတ်မိနေခဲ့တယ်ဆိုတာ သိခဲ့ရချိန်လေ၊ ဒါပေမဲ့ နောက်ပိုင်း ငါ ဂျပုလေးကို စစ်ဆေးချိန် သူမရဲ့မတည်ငြိမ်တဲ့မူလဝိညာဉ်ကလွဲ သူမဝိညာဉ်ကနေ ဘာမှမပျောက်ဆုံးနေဘူးဆိုတာ သိခဲ့ရတယ်၊ အစတုန်းက ငါထင်ခဲ့တာက အကြွင်းအကျန်ဝိညာဉ်က ဂျပုလေးပြန်မဝင်စားခင် ကျန်ရစ်ခဲ့တာပေါ့၊ ဖြစ်နိုင်တာက ပြန်လည်ဝင်စားမှုစွမ်းအင်က ဂျပုလေးဝိညာဉ်ကို အပြည့်အဝ တစ်ခုတည်း ပြန်ဖြစ်အောင် လုပ်ပေးခဲ့တာပဲ၊ အဲဒါကြောင့် သူမအရင်ဘဝက အကြွင်းအကျန်ဝိညာဉ်က ကျန်ရစ်နေခဲ့တာ၊ ဒါပေမဲ့..."

"သူမဝိညာဉ်က ပြည့်စုံပြီးသားဆိုရင် အကြွင်းအကျန်ဝိညာဉ်က ပျောက်သွားသင့်တယ်"

ပိုင်ဇယ်က ကူယွဲ့အတွေးရထားကို အဆုံးသတ်ပေးလိုက်တယ်။

"အမှန်ပဲ" ကူယွဲ့ခေါင်းညိတ်လိုက်တယ်။

"ထူးဆန်းတာက အဲအကြွင်းအကျန်ဝိညာဉ်က တစ်ရက်နှစ်ရက်တင် ကျန်ရစ်နေတာမဟုတ်ဘူး၊ အဲဒါကြောင့် ဒါက သူမအရင်ဘဝကနေ တည်ရှိခဲ့တာ မဟုတ်မှန်း သက်သေပြနေတယ်၊ ဂျပုလေးဖြစ်တဲ့ပြဿနာက တစ္တေအမတရဲ့ယင်ချီတိုက်ခိုက်တာမခံရခင်ထိ ဒီလိုပြဿနာမရှိခဲ့ဘူးလေ၊ နောက်ကျ ရှန်းရင်က စားဖိုမှူးဥထဲမှာ ရှိနေချိန် သူလည်း ယင်ချီနဲ့ထိတွေ့ထားတာ သတိပေးခဲ့တယ်၊ ဒါကြောင့် သူ့ကိုပါ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာ၊ မသိသာပေမဲ့လည်း သူ့မူလဝိညာဉ်လည်း ရှုပ်ထွေးတဲ့အခြေအနေ ဖြစ်နေတာ တွေ့ခဲ့ရတယ်"

…

266

အခန်း ၂၆၆ ။ အကြောင်းရင်းကို ရှာဖွေခြင်း

ယိချင်းက တန့်သွားပြီး သူ့မူလဝိညာဉ်ကိုသူ အလိုလိုစစ်ကြည့်လိုက်တယ်။ သူ ရုတ်တရက် ဖြူဖျော့သွားတော့တယ်။

"ကိုယ်ခန္ဓာအသစ် ဖြစ်နေလို့ ဒီလိုဖြစ်တယ်ထင်ခဲ့တာ-"

"တကယ်တော့ ပြောင်းပြန်ပဲ" ကူယွဲ့ ဖြေလိုက်တယ်။

"ဘာလို့လဲဆိုတော့ မင်းဝိညာဉ်မပြည့်မစုံ ဖြစ်နေလို့ မင်းခန္ဓာကိုယ်က အဲလိုဖြစ်နေတာ"

"..." ယိချင်းက မျက်မှောင်ကြုတ်ပြီး အမူအရာကမည်းမှောင်သွားတယ်။

"ပြီးတော့ ပိုင်ဇယ်-"

"ကျုပ်လား" ပိုင်ဇယ် ကြောင်သွားတယ်။

"အဲနေ့က ခင်ဗျား ချန်းယွဲ့နဲ့ တိုက်ခိုက်ချိန် ကျုပ်တို့ ခင်ဗျားဘေးမှာတင် ရှိနေခဲ့တာလေ"

ကူယွဲ့က သူ့ဘေးက တစ်ယောက်သော အစားသရဲကို လက်ညှိုးထိုးလိုက်တယ်။

"သူက ခင်ဗျားမှာ ပြဿနာရှိနေမှန်း သိခဲ့တဲ့သူပဲ၊ အဲဒါကြောင့် ပိုင်ယွင်တောင်ဆီ ခင်ဗျားနောက်က လိုက်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာပဲ"

"ရှန်း..." ပိုင်ဇယ် စောနက ငြင်းဆန်မှုကို သတိရသွားသလိုမျိုး ရှန်းရင်ကိုကြည့်ပြီး ဝမ်းနည်း‌သွားတယ်။ သူ့အမူအရာက ပြိုပျက်နေပြီး လုံးဝကိုအရှုံးပေးထားသလိုမျိုးပဲ။ တစ်စက္ကန့်နေတော့ သူက ပြောလာတယ်။

"ဒါပေမဲ့... ကျုပ်မူလဝိညာဉ်က အဆင်ပြေပါတယ်"

"ခင်ဗျားမူလဝိညာဉ်က အဆင်ပြေပေမဲ့ ခင်ဗျားဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး မသေချာဘူးနော်"

ပိုင်ဇယ်က သူ့ကိုပြန်စိုက်ကြည့်တယ်။ သူ ဘာဆိုလိုတာလဲ။

"ပိုင်ယွင်တောင်ခြေက ရေကန်က နတ်ဆိုးသားရဲတွေနဲ့ ပြည့်နေတယ်မဟုတ်လား" ကူယွဲ့က အစားသရဲကို မျက်ဆန်လှန်ပြလိုက်တယ်။

"မနေ့က အဲဒါတွေကို သွားကြည့်ဖို့ ရှန်းရင်ကို‌ ခေါ်သွားခဲ့တယ်မဟုတ်လား၊ အဲဒီနတ်ဆိုးသားရဲတွေက အရင်က အဲမှာမရှိဘူးမလား"

"..." တကယ်ပဲ အရင်က အဲမှာမရှိခဲ့ဘူး။

"သူတို့ဘယ်ကလာလဲဆိုတာ ခင်ဗျားသိလား"

ပိုင်ဇယ်တန့်သွားတယ်။

"မသိ... ဘူး" သူတို့တွေက ခု‌နောက်ပိုင်းနှစ်တွေမှ ပေါ်လာခဲ့တာ။

"ထျန်းလန်လောကသုံးခွင်မှာ ရှိနေတုန်းက ခင်ဗျား ရိမိသားစုနယ်နိမိတ်မှာ နှစ်သောင်းချီနေခဲ့တယ်လေ၊ ပုံရိပ်ယောင်ပင်လယ်ထဲက နတ်ဆိုးသားရဲတစ်ကောင်မှ ကမ်းခြေကို တက်မလာရဲခဲ့ဘူး၊ ကောင်းကင်ဘုံကို ပြန်ရောက်ချိန် ခင်ဗျားရဲ့နတ်ဘုရားစွမ်းအင်က ပိုပြီးအားကောင်းလာသင့်တာလေ၊ ဘာကြောင့် နတ်ဆိုးသားရဲတွေက ခင်ဗျားကိုယ်ပိုင်နယ်နိမိတ်မှာ စပြီးပေါ်လာရတာလဲ၊ ပြီးတော့ အသိဉာဏ်ဝိညာဉ်မရှိတဲ့ သားရဲတွေတဲ့လား"

"အင်း..." သူ ဒါကိုတစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ အဲအချိန်တုန်းက ရှန်းရင် ပျော်အောင်လုပ်ဖို့ သူမ မရောက်လာခင်ထိ အရှင်ထားဖို့ပဲ စဉ်းစားခဲ့တာ။

"တစ်ခုတည်းသော ဖြေရှင်းချက်က ခင်ဗျားဝိညာဉ်မှာလည်း ပြဿနာရှိနေပြီး ခင်ဗျားရဲ့စွမ်းရည်ကိုပါ သက်ရောက်နေတာပဲ၊ ဒါပေမဲ့ သက်ရောက်မှုက သေးတယ်၊ ခင်ဗျား‌ သတိတောင် မထားမိခဲ့လောက်ဘူး"

ကူယွဲ့က သူ့ဘာသာ လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ တစ်ငုံသောက်ပြီးဆက်ပြောတယ်။

"ခင်ဗျားက ကောင်းကင်မျိုးနွယ်၊ အသိဉာဏ်ဝိညာဥ်ရှိတဲ့ နတ်ဆိုးသားရဲတွေက သေချာပေါက် ခင်ဗျားက အင်အားကြီးတယ်ဆိုတာသိပြီး အနားကပ်လာရဲမှာ မဟုတ်ဘူး၊ အဆင့်နိမ့်နတ်ဆိုးသားရဲတွေက အန္တရာယ်ရှိချိန် အာရုံခံဖို့ သူတို့ရဲ့ အလိုအလျောက်သိစိတ်ကိုပဲ သုံးရတာ၊ သူတို့က ခင်ဗျားဘယ်သူလဲဆိုတာတောင် မသိလောက်ဘူး"

ပိုင်ယွင်တောင်က နတ်ဘုရားစွမ်းအင် များပြားတဲ့နေရာမို့ လေ့ကျင့်ဖို့အတွက် စံပြပဲ။ ပိုင်ဇယ့်ဝိညာဉ်မှာ ပြဿနာရှိနေတော့ ဒီအဆင့်နိမ့်နတ်ဆိုးသားရဲတွေက အန္တရာယ်ရှိတယ်ဆိုတာ အာရုံမခံမိ‌ဘဲ ဒီနေရာမှာ သူတို့ဘာသာ အိမ်လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်နိုင်တယ်။

ပိုင်ဇယ်တိတ်သွားတယ်။ အားလုံးက လုံးဝယုတ္တိရှိတယ်။ အဲဒါကြောင့် မနေ့က ရှန်းရင်က စိုးရိမ်ပြီး သူနဲ့ ငါးလိုက်မျှားခဲ့တာလား။ ဒါပေမဲ့ သူမက သူ့ကို လုံးဝမကြိုက်ဘူးပြောခဲ့တယ် သူ အသည်းကွဲခဲ့ရတယ်လေ။

"အကြီးအကဲဆိုလိုတာ ကျွန်မတို့သုံးယောက်လုံးရဲ့ ခန္ဓာကိုယ်ထဲကနေ အကြွင်းအကျန်ဝိညာဉ် ပျောက်ဆုံးနေပြီး ကျွန်မတို့က ဒါကိုနားမလည်ကြတာပေါ့" ရွှမ်ထုံ စိုးရိမ်‌နေတယ်။

"မင်းက တကယ်ပဲ အကြွင်းအကျန်ဝိညာဉ်တစ်ခု ပျောက်ဆုံးနေတာ၊ ငါတို့ မင်းရဲ့အဲအကြွင်းအကျန်ဝိညာဉ်ကို ရှာတွေ့ပြီးပြီ၊ မင်းခန္ဓာကိုယ်ထဲ ပြန်ရောက်အောင်လုပ်ဖို့ နည်းလမ်း ရှာမတွေ့သေးရုံပဲ၊ ဒါပေမဲ့ ငါတို့က ယိချင်းနဲ့ပိုင်ဇယ့်ဟာကိုတော့ ခန့်မှန်းကြည့်တာ"

ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။

"အကြွင်းအကျန်ဝိညာဉ်က ဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ ကွာခြားတယ်လေ၊ သူတို့ဝိညာဉ်တွေက အပြည့်အဝလားဆိုတာ ဘယ်လိုစစ်ဆေးရမလဲ ငါတို့မသိဘူး"

"ကျုပ်မှာနည်းလမ်းရှိတယ်" ပိုင်ဇယ်က ရုတ်တရက် ပြောလာတယ်။

အားလုံး သူ့ကိုလှည့်ကြည့်လိုက်ကြတယ်။

ပိုင်ဇယ်က လက်ကောက်ဝတ်ကို လှည့်လိုက်တော့ ချက်ချင်းပဲ ကြေးရောင် ကြေးမုံကြီးတစ်ချပ်က သူ့လက်ထဲပေါ်လာတယ်။

"ဒါက ဘဝကြေးမုံပဲ - ဒါကျုပ်တန်ဖိုးထားရတဲ့ ဓမ္မအသုံးအဆောင်ပဲ၊ ဒီမှန်နဲ့ဆို လူတစ်ယောက်က သူ့အရင်ဘဝနဲ့ ခုဘဝတွေကို ကြည့်လို့ရတယ်၊ ဒါပေမဲ့ ဝိညာဉ်တစ်ခုလုံးရှိမှ အလုပ်ဖြစ်မှာ၊ ဝိညာဉ်တစ်ခုလုံး မရှိရင် မှန်က ဘာမှရောင်ပြန်ဟပ်မှာမဟုတ်ဘူး"

အဲဒါက သူတို့အကြွင်းအကျန်ဝိညာဉ်ပျောက်ဆုံးနေလားဆိုတာဆုံးဖြတ်လို့ရအောင် ကူညီပေးလိမ့်မယ်။

ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။ သူ ယိချင်းကို ခုံကနေ ချက်ချင်းချီလိုက်တယ်။

"မြန်မြန် အဲကိုကြည့်လိုက်"

ယိချင်းစဉ်းစားဖို့တောင် အချိန်မရခင် မှန်ရှေ့ ချီခံလိုက်ရတယ်။ သူနဲ့ပိုင်ဇယ် အချင်းချင်း စိန်းစိန်းဝါးဝါး ကြည့်ပြီးမှ ယိချင်း မှန်ထဲ ကြည့်လိုက်တယ်။

ပိုင်ဇယ် လက်ထဲက ဘဝကြေးမုံကိုအသက်သွင်းပြီးပြီ။ မှန်ထဲ အလင်းတန်းဖြူကြီး ပေါ်လာပေမဲ့ အရာအားလုံးက မြူခိုးဖြူသက်သက်ပဲ။ ဖေဖေနျို့အရိပ်ကိုသာ မြင်နေရတယ် - ပြီးတော့ ယိချင်းက သူ့လက်မောင်းထဲ ရှိမနေဘူး။

သုံးယောက်သား ချက်ချင်း အမူအရာပျက်သွားတယ်။ တကယ်ပဲ သူတို့မှန်နေပြီ။ ပိုင်ဇယ်ရော စားဖိုမှူးမှာပါ ဝိညာဉ်ပြဿနာတွေ ရှိနေကြတယ်။

"ကျွန်မတို့သုံးယောက်က တစ္ဆေအမတတွေနဲ့ အထိအတွေ့ရှိခဲ့တာ၊ ဒါတွေအားလုံးနောက်ကွယ်ကလူက အတူတူပဲ ဖြစ်ရမယ်" ရွှမ်ထုံ့မျက်နှာမှာ စိုးရိမ်မှုတွေ လွှမ်းခြုံနေတယ်။

"တစ်ခုတည်းသော မေးခွန်းက သူတို့ဘာလို့ ကျွန်မတို့သုံးယောက်ရဲ့ အကြွင်းအကျန်ဝိညာဉ်ကို လိုချင်ရတာလဲ၊ အကြွင်းအကျန်ဝိညာဉ်တွေက ဝိညာဉ်တစ်ခုလုံးနဲ့ ကွာတယ်လေ - သူတို့က ပျောက်ဆုံးနေချိန် ခန္ဓာကိုယ်ကိုသိပ်မသက်ရောက်ဘူး၊ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်တွေက ဒါမရှိဘဲ ပြန်သက်သာလာမှာပဲ"

"သူက သုံးယောက်ကိုတင် ပစ်မှတ်ထားနေတာမဟုတ်လောက်ဘူး" တစ်ချိန်လုံးတိတ်နေတဲ့ ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။

"ဒီတစ္တေအမတနဲ့ထိတွေ့မိတဲ့ တခြားသူတွေ ရှိတယ်"

အားလုံးတန့်ကုန်တယ်။ ကူယွဲ့ချီခံထားရဆဲ ယိချင်းက မျက်လုံးအပြူးသားစကားပြောတော့တယ်။

"... အဲရှိကျင်း(၁)နှစ်ယောက်" သူက ရုတ်တရက် သွေးပျက်ပြီး စားပွဲကလူကို လှည့်ကြည့်လိုက်တယ်။

[မှတ်ချက် ။ ။ အလွမ်းသယ်ပြီး ဒရမ်မာချိုးတဲ့လူတွေကို ဆိုလိုတာပါ]

"ဆရာ..."

"သွားကြစို့" ရှန်းရင် သူမ ဝတ်ရုံအောက်ဖျားကို ဖုန်ခါလိုက်တယ်။

"ငါဗိုက်ပြည့်သွားပြီ" မနက်စာကနေ။

သုံးယောက်သား အကြည့်ချင်းဖလှယ်ပြီး ချက်ချင်း ဓားပျံတွေကို ဆွဲထုတ်လိုက်ကြတယ်။ ပိုင်ဇယ်နဲ့ရွှမ်ထုံလည်း သူတို့နောက်ကနေ လိုက်ခဲ့ရတော့တယ်။

"အကြီးအကဲကူယွဲ့၊ အဲရှိကျင်းဆိုတာ ဘယ်သူလဲ"

ရွှမ်ထုံမနေနိုင်ဘဲ မေးလိုက်တယ်။

"စားဖိုမှူးရဲ့ ခပ်ပေါပေါမိဘတွေ"

"..."

အကြီးအကဲယိချင်းရဲ့ မျိုးရိုးနာမည်က ရှိလား။ ကောင်းကင်မျိုးနွယ်တွေက သူတို့ရဲ့ မျိုးရိုးနာမည်တွေအဖြစ် မျိုးနွယ်ကို ယူကြတာမလား။ သူမ "ရှိ" ဆိုတဲ့မျိုးရိုးနာမည်ကို တစ်ခါမှ မကြားဖူးဘူး

(⊙_⊙)

——————

ရှန်းရင် ပြောတာက သေချာပေါက် ဖြစ်နိုင်ခြေရှိတယ်။ တကယ်လို့ ဂျပုလေးနဲ့တခြားသူတွေက တစ္ဆေအမတတွေနဲ့ ထိတွေ့ဆက်ဆံလို့ သူတို့ရဲ့ အကြွင်းအကျန်ဝိညာဉ်တွေပျောက်နေတာဆိုရင် တစ္ဆေအမတတွေကို သူငယ်ချင်းတော်ထားတဲ့ ဖုန့်စန်းလည်း သူတို့နဲ့ အဆက်အဆံရှိခဲ့လောက်တယ်။ သူက ကျူမင်နဲ့ အရမ်းဖက်လှဲတကင်းရှိပြီး ကောင်းကင်မြေအောက်ဘုံကို တစ်ကြိမ်ထက်မက သွားခဲ့ဖူးတယ်။

လုံကျန်းအတွက်ကတော့ သူမက တစ္ဆေအမတကို မမြင်ဖူးပေမဲ့လည်း နဂါးဥကို နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တာ။ နဂါးဥထဲ ယင်ချီရှိနေတာတောင် အာရုံမခံမိခဲ့ဘူ။ တကယ်လို့ တစ္ဆေအမတသာ သူမအကြွင်းအကျန်ဝိညာဉ်ကို ယူသွားရင် မသိတာပိုဖြစ်နိုင်တယ်။

သူတို့‌တွေ အတွေးလွန်နေတာ မဟုတ်မှန်း သက်သေပြနေတယ်။ ဖုန့်စန်းနဲ့ လုံကျန်းအရိပ်က ပိုင်ဇယ့်ဘဝကြေးမုံထဲ ပေါ်မလာခဲ့ဘူး။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" လုံကျန်းက လုံးဝကို ဇဝေဇဝါဖြစ်နေတယ်။ သူမနဲ့ ဖုန့်စန်းကျင့်ကြံဆင့်တွေအရ သူတို့ အကြွင်းအကျန်ဝိညာဉ်အသာထား ဝိညာဉ်တစ်ပိုင်း ပျောက်ဆုံးနေတာကို သူတို့တောင် မသိဘဲ ဘယ်လို အခိုးခံလိုက်ရပါ့လိမ်။

"ကျုပ်သိရသလောက်တော့ တစ္ဆေအမတတွေရဲ့ ကျင့်ကြံဆင့်တွေက အားလုံး အတော်လေး မြင့်မားကြတယ်၊ ကျင့်ကြံဆင့်အမျိုးမျိုးနဲ့ ကောင်းကင်မျိုးနွယ်တွေကတောင် သူတို့ပြိုင်ဘက် မဟုတ်ဘူး၊ ဒါပေမဲ့ ကျုပ်နဲ့ ကျန်းအာရဲ့ကျင့်ကြံဆင့်အရ အနည်းဆုံးတော့ သူတို့နဲ့သရေကျနိုင်တယ်"

ဖုန့်စန်းအသံက လေးပင်နေတယ်။

"ကျုပ်တို့တောင် မသိဘဲ ဝိညဉ်အကြွင်းအကျန်တွေကိုခိုးနိုင်လောက်တဲ့အထိ ကျုပ်တို့ထက် အစွမ်းအများကြီးကြီးတဲ့ တစ္ဆေအမတ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါဆို ကျုပ်တို့ပါ ဘာလို့..."

သူ စဉ်းစားမရတာ သိသာတယ်။ တကယ်လို့ သူ့ဆရာနဲ့ ထွက်ပြေးသွားတဲ့ သူတို့သားယိချင်းသာ ဒါကိုပြောဖို့ ရုတ်တရက် ပြန်မရောက်လာခဲ့ဘူးဆိုရင် သူတို့ရဲ့အကြွင်းအကျန်ဝိညာဉ် ပျောက်ဆုံးနေတယ်ဆိုတာ သိတောင်မသိလောက်ဘူး။

"ဘယ်သူ‌လုပ်လောက်လဲဆိုတာ စဉ်းစားမရဘူးလား" ကူယွဲ့က အလောတကြီးမေးလိုက်တယ်။

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ခေါင်းယမ်းလိုက်တယ်။

"မသိဘူး၊ ပြီးတော့ ဘာလို့ တစ်ဖက်လူက ကျုပ်တို့အကြွင်းအကျန်ဝိညာဉ်တွေကိုပဲ လိုချင်ရတာလဲ"

"အကြွင်းအကျန်ဝိညာဉ်တွေကို ခြေရာခံဖို့နည်းလမ်းရှိလား" ကူယွဲ့ မေးကြည့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကောင်းကင်မျိုးနွယ်တွေပဲလေ။

သူတို့က ခေါင်းယမ်းပြတယ်။

"အကြွင်းအကျန်ဝိညာဉ်တွေဆိုတာ လူတစ်ယောက်ဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ ကွဲပြားတယ်၊ ကျုပ်တို့အကြွင်းအကျန်ဝိညာဉ်တွေ ပျောက်နေတယ်ဆိုတာတောင် အာရုံမခံမိတာ၊ သူ့နေရာကို ဘယ်လိုလုပ် အာရုံခံနိုင်မှာလဲ"

"ဒါပေမဲ့ တစ်ဖက်လူက ဘာကြောင့် အကြွင်းအကျန်ဝိညာဥ်တွေကို လိုချင်မှာလဲဆိုတာတော့ မေးလို့ရနိုင်တယ်"

အားလုံးက တန့်သွားတယ်။ ပိုင်ဇယ်က ရုတ်တရက် တစ်စုံတရာကို နားလည်သွားတဲ့ပုံ။

"ဟုန်ယွီလို့ ဆိုလိုတာလား"

"အမှန်ပဲ" ဖုန့်စန်းက ခေါင်းညိတ်ပြတယ်။

"ဟုန်ယွီရှန်းကျွင်းက ကောင်းကင်လောကမှာ ရှေးအကျဆုံးသူပဲ၊ တကယ်လို့ ဝိညာဉ်တွေအကြောင်း အားလုံး သိတဲ့သူရှိရင် သူပဲဖြစ်ရမယ်"

လုံကျန်းက စကားဝင်ပြောလာတယ်။

"ဒါဆို ကျွန်မတို့ လင်ထိုက်တောင်ကို ချက်ချင်းသွားသင့်ပြီ"

သူမ တစ်ဖက်လှည့်လိုက်တော့ ခန်းမထဲကလေက တစ်စုံတစ်ယောက် ဆွဲဖြဲလိုက်သလိုမျိုး ရုတ်တရက် ဂယက်ထသွားတယ်။ အမည်းရောင်ပုဂ္ဂိုလ်တစ်ဦးက ခန်းမထဲ ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာတော့တာပဲ။

…

267

အခန်း ၂၆၇ ။ ရူးနှမ်းနေသောဖုန်းညာန်

"ညီနောင်ဖုန့် ငါမင်းအကူအညီကို အရေးတကြီးလိုတဲ့ကိစ္စရှိတယ်" လေထဲအလိုလိုပေါ်လာသူက ကျူမင်။ သူက သွေးပျက်နေတဲ့ အမူအရာနဲ့ ဖုန့်စန်းကို ကြည့်နေတယ်။

"ညီနောင်ကျူ၊ ဒါက..." ဖုန့်စန်း အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။ သူ ကျူမင်ကို ဒီလိုပုံစံနဲ့ ရုတ်တရက် ပေါ်လာမယ်ကို မထင်ထားတာ။ နေရာရွှေ့ပြောင်းမှုက လူတစ်ယောက်ကို တစ်စက္ကန့်အတွင်း မိုင်သောင်းချီသွားလာလို့ရအောင် လုပ်ပေးပေမဲ့ စွမ်းအင်အများကြီး လိုအပ်တယ်။ သေရေးရှင်ရေးကိစ္စမဟုတ်သရွေ့ တစ္ဆေအမတတွေက နေရာရွှေ့ပြောင်းမှာမဟုတ်ဘူး။

ကျူမင် သိသိသာသာ အင်မတန်စိတ်ရှုပ်ထွေးနေတယ်။

"ညီနောင်ဖုန့်၊ အရင်က ကောင်းကင်မြေအောက်ဆီ လာခဲ့တဲ့လူသုံးယောက် ဘယ်မှာ..." သူက ဘေးက ရှန်းရင်ကို မြင်ချိန် စကားရပ်သွားတယ်။ သူ့မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်း လက်သီးဆုပ် ဂါရ၀ပြုလိုက်တယ်။

"ကောင်းလိုက်တာ၊ အားလုံးဒီမှာရှိနေသေးတာပဲ၊ ဖုန်းညာန်... ဖုန်းညာန် ဒုက္ခရောက်နေပြီ"

"သူ ဘာဖြစ်တာလဲ" ကူယွဲ့ ထိတ်လန့်တကြား လျှောက်လာခဲ့တယ်။

"ကျုပ်လည်း သူဘာဖြစ်တာမှန်း မသိဘူး၊ သူ့ဝိညာဉ်က ရုတ်တရက် အတော်လေး မတည်မငြိမ် ဖြစ်လာတာ" ကျူမင် စိတ်ရှုပ်ထွေးစွာ ပြောလိုက်တယ်။ သူက အခန်းကို ဝေ့ဝဲကြည့်ပြီး ရှန်းရင်ပေါ် အကြည့်ရောက်သွားခဲ့တယ်။

"ဒီကြီးမြတ်တဲ့နတ်ဒေဝါကို ကျုပ်နဲ့အတူလိုက်ခဲ့ပြီး ဖုန်းညာန်ကို ကယ်တင်ပေးဖို့ တောင်းဆိုလို့ ရနိုင်မလား"

သူမ အရင်က အင်းကွက်ကိုဖျက်ဆီးချိန် သူ လေ့လာစောင့်ကြည့်နေခဲ့တာ။ မျိုးရိုးနာမည်ရှန်းနဲ့ ဒီကြီးမြတ်တဲ့နတ်သမီးက မြင်ရတာထက် ပိုပြီးမြင့်တဲ့ကျင့်ကြံဆင့်ရှိတယ်။ တကယ်လို့ တစ်ယောက်ယောက်သာ ဖုန်းညာန်ကို ကယ်တင်နိုင်ရင် ဒါသူတို့ပဲ။ သူ့မှာ ရွေးစရာမရှိတော့ဘဲ သူတို့ကို ဒီနေရာလာရှာခဲ့ရတာ။

ရှန်းရင်နဲ့ ကူယွဲ့ တစ်ယောက်နဲ့တစ်ယောက် လှမ်းကြည့်လိုက်ပြီး သွားစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြွင်းအကျန်ဝိညာဉ်တွေ ပျောက်နေတဲ့ ဒီကိစ္စတစ်ခုလုံးကိစ္စက ဖုန်းညာန်နဲ့လည်း တစ်ခုခု ပတ်သက်နိုင်တယ်။

"ငါတို့ ဖုန်းညာန်ကို အရင်ဆုံးသွားစစ်ဆေးကြည့်တာပေါ့" ကူယွဲ့က ဖုန့်စန်းနဲ့ လုံကျန်းကို လှမ်းပြောလိုက်တယ်။

"ရှန်းကျွင်းနှစ်ယောက်ကို လင်ထိုက်တောင်ဆီ အရင်သွားပြီး ပျောက်ဆုံးနေတဲ့ ကြွင်းကျန်ဝိညာဉ်တွေအကြောင်း မေးမြန်းပေးကြည့်ထားဖို့ တောင်းဆိုလို့ရမလားဗျာ"

နှစ်ယောက်သားက အုပ်စုကို စိုးရိမ်တကြီး ဝေ့ဝဲကြည့်လိုက်တယ်။

"ဒါပေမဲ့ မင်းတို့အားလုံး..." ဖုန့်စန်းအမူအရာက ဇဝေဇဝါဖြစ်မှုတို့ ရောင်ပြန်ဟပ်နေတယ်။ ကျူမင်က သူ့ကို အကူအညီတောင်းဖို့မဟုတ်ဘဲ သူ့သားရဲ့ အားနည်းတဲ့ပုံပေါ်တဲ့ဆရာရဲ့ အကူအညီ တောင်းဖို့ ဘာလို့ ဒီကိုရောက်လာတာလဲ နားမလည်နိုင်ဘူး။ သူ ကျူမင်ကို စိတ်ပြောင်းဖို့ နားချမလို့ရှိသေး လုံကျန်း သူ့ကို စိန်းစိန်းဝါးဝါးကြည့်နေတာမြင်လိုက်ရတယ်။ သူ့စကားတွေကို ပြန်မျိုချလိုက်ရတော့တယ်။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့" ကျူမင်က သူတို့ သူနဲ့အတူပြန်လိုက်လာမယ်ကြားတော့ သုံးယောက်ကို အမြန်ကျေးဇူးတင်လိုက်တယ်။ သူ အလောတကြီး သူတို့ကို သူနဲ့အတူ နေရာရွှေ့ပြောင်းလိုက်တယ်။

အရာအားလုံးက ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးတဲ့နောက် သူတို့ကောင်းကင်မြေအောက်ဘုံ ရောက်နေပြီဆိုတာသိလိုက်ရတယ်။ သူတို့ပတ်လည်မှာ တစ္ဆေချီနဲ့ လေလွင့်ဝိညာဉ်တွေ။ သူတို့ရှေ့မှာတော့ ယင်ချီတွေ အများကြီး ဖုံးလွှမ်းနေပြီး မမြင်ဖူးတဲ့ နန်းဆောင်တစ်ခုဖြစ်နေတယ်။ ဒါ ကျူမင်နေတဲ့နေရာဆိုတာ သိသာတယ်။

နဂိုနန်းဆောင်မြင့်ကြီးရဲ့တစ်ဝက်က အပိုင်းပိုင်းအစစ ပျက်စီးနေတယ်။ အထဲကနေ ပြတ်တောင်းပြတ်တောင်းအော်ဟစ်သံတွေကြားရပြီး အင်းကွက်တစ်ခုရဲ့ အနီရောင်အလင်းကို ခပ်ရေးရေးမြင်နေရတယ်။

"ဖုန်းညာန်က ဒီမှာတင်" ကျူမင်က သူတို့အုပ်စုကို နန်းဆောင်ထဲ ‌ဦးဆောင်ခေါ်လာခဲ့တယ်။

နန်းဆောင်ထဲမှာတော့ အပျက်အစီးတွေ။ နေရာတိုင်းမှာ နံရံတွေက တစစီဖြစ်နေတယ်။ ကျန်ရစ်တာဆိုလို့ ခန်းမဆောင်အလယ်ထဲက တောက်ပနေပြီး ခိုင်ခံ့တဲ့အင်းကွက်ပဲ။ အင်းကွက်အလယ်မှာတော့ သူတို့ ပထမဆုံးမြင်မြင်ချိန်ကလို ရူးနှမ်းနေဆဲ ဖုန်းညာန်။ သူမက သူမကို ပိတ်လှောင်ထားတဲ့ အင်းကွက်ကို တိုက်ခိုက်နေတယ်။ သူမမျက်လုံးနှစ်ခုစလုံးက ‌ရဲရဲနီနေပြီး အင်မတန် နာကျင်နေတဲ့ပုံ။

အဓိကအချက်က အင်းကွက်ထဲ ဖုန်းညာန် ဆယ်ယောက်ရှိနေတာပဲ။ တစ်ယောက်ချင်းစီက အလှည့်ကျ နာကျင်မှုနဲ့ အော်ဟစ်ညည်းတွားနေတယ်။

တစ်ယောက်ချင်းစီက အင်းကွက်နံရံကို အရှိန်ပြင်းသထက်ပြင်းပြင်း ဝင်တိုက်နေတာ အင်းကွက်ပေါ် အက်ကွဲကြောင်းတွေစပေါ်လာတဲ့အထိပဲ။

"ဖုန်းညာန်" ကျူမင်က အော်လိုက်ပြီး အင်းကွက်ကို နေရာမှာထိန်းထားဖို့ ရှေ့ကိုအပြေးသွားပြီး စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။

"သူမဝိညာဉ်က ကွဲထွက်နေပြီ" ကူယွဲ့က အော်ပြီး ကျူမင်ဘက် လှည့်လိုက်တယ်။

"ဘာဖြစ်ခဲ့တာလဲ" သူမဝိညာဉ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေသင့်တာလေ။ သူတို့ ဝိညာဉ်ခြမ်းအင်းကွက်ထဲမှာမဟုတ်သရွေ့ တစ်ခုတည်း ပြန်စုဝေးသွားသင့်တယ်။ ဘာလို့ ဖုန်းညာန်ဝိညာဉ်က အစိတ်အပိုင်းတွေ ပိုကွဲထွက်လာရတာလဲ။

"ကျုပ်လည်း မသိဘူး၊ သူက ဒီလိုမျိုး ရုတ်တရက်ဖြစ်လာတာပဲ၊ ကျုပ်ဘာပဲလုပ်လုပ် သူမဝိညာဉ်က အတူတူပြန်မစုသွားဘူး၊ အဲဒါနဲ့ ဒီအင်းကွက်ထဲ ပိတ်ထားရတော့တာပဲ"

ကျူမင်က အင်းကွက်ကိုပြင်ရင်း ရှင်းပြတယ်။

သူက ရှန်းရင်ဘက် တောင်းပန်လျှိုးတိုးလိုက်တယ်။

"ကျုပ်မှာ ခင်ဗျားတို့ကို ဒုက္ခပေးဖို့ကလွဲ ရွေးစရာမရှိလို့ပါ၊ အရင်တစ်ခေါက်က ခင်ဗျား ဝိညာဉ်ခြမ်းအင်းကွက်ကို ချိုးဖျက်နိုင်ခဲ့တယ်လေ၊ ဒီတစ်ကြိမ် ဖုန်းညာန်ဘာဖြစ်နေလဲဆိုတာ ကျေးဇူးပြုပြီး ကူညီအဖြေရှာပေးနိုင်မလား"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ကျုပ်တို့လည်း သူဘာဖြစ်နေလဲ မပြောနိုင်ဘူး" ဖုန်းညာန်ဖြစ်တာက စားဖိုမှူးနဲ့ ကွဲပြားတယ်။ သူမက အကြွင်းအကျန်ဝိညာဉ် ပျောက်ဆုံးနေတာမဟုတ်ဘဲ မူလဝိညာဉ်ပျောက်ဆုံးနေတာ။

ကျူမင့်မျက်နှာ ပျက်သွားပြီး နောက်တစ်ကြိမ် သွေးပျက်စပြုလာပြန်ပြီ။

အင်းကွက်ထဲက ဖုန်းညာန်လှုပ်ရှားမှုတွေက အားနည်းသထက် အားနည်းလာတယ်။ ကြည့်ရတာ သူမက ပင်ပန်းလာသလိုပဲ။ ဒါမှမဟုတ် သူမရဲ့ ကွဲပြားနေတဲ့ဝိညာဉ်တွေက နှိပ်စက်မှုဒဏ်ကို မတောင့်ခံနိုင်တော့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူမအော်သံတွေနဲ့ ငိုကြွေးသံတွေက ကျယ်လောင်သထက် ကျယ်လောင်လာတယ်။ စကားလုံးတစ်လုံးစီက နာကျည်းမှုတွေနဲ့ ပြည့်လျှံနေလို့ ကောင်းကင်မြေအောက်ဘုံတစ်ခုလုံး သူမရဲ့အမုန်းတရားတွေနဲ့ အက်ခိုးထပ်နေတဲ့ပုံ။

"နင် ငါ့အပေါ်လုပ်ခဲ့တာတွေကို မုန်းတယ် ဘာလို့လဲ"

"တောင်တန်းနဲ့ တောင်ကြားတိုင်း၊ ထာဝရအတွက် အတူနေမယ်ဆို၊ ဟားဟားဟား... လူလိမ်၊ အားလုံး အလိမ်အညာတွေကြီးပဲ"

"ငါမသေဘူး၊ သေမှာမဟုတ်ဘူး တကယ်လို့ ငါ တစ်သက်လုံး တစ္ဆေဖြစ်သွားပြီး ပြန်ဝင်စားခွင့် မရှိတော့ရင်တောင် နင်တို့အားလုံးကို ငါနဲ့အတူ ငရဲကိုထာဝရဆွဲခေါ်သွားပစ်မယ်"

"မဟာတရားမျှတမှု၊ ဉာဏ်အလင်းပွင့်မှုရရှိဖို့ နင့်ခံစားချက်တွေကို ဖြတ်တောက်တယ်... ဒါတွေအားလုံးက အလိမ်အညာပဲ ငါ့အသက်ကို ငါ့ဆီပြန်ပေး ငါ့ကိုပြန်ပေး"

သူမအသံက ပိုပိုပြီး နားစူးသထက်နားစူးလာကာ တစ်ခွန်းချင်းစီက အရင်တစ်ခွန်းထက် ပိုကျယ်လောင်လာတယ်။ ချီနက်တွေက ဖုန်းညာန်ရဲ့ နဂို ဖောက်ထွင်းမြင်နေရတဲ့ဝိညာဉ်တွေပေါ် စတင်ပေါ်ပေါက်လာခဲ့တယ်။ တစ္ဆေအမတတွေရဲ့ ယင်ချီလည်းအဟုတ်သလို နတ်ဆိုးချီနဲ့လည်းမတူဘူး။ သူမရဲ့ အမျက်ထွက်နေတဲ့စွမ်းအင်က ကောင်းကင်ဆီ တစ်ရှိန်ထိုးတက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြည့်ဖို့ ခြိမ်းခြောက်နေလေရဲ့။

"နာကျည်းချက်အရှိန်အဝါ" ကျူမင်က မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားခဲ့တယ်။

"ဒါ ဘယ်လိုလုပ်... ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ"

တစ္ဆေအမတ ဖြစ်လာသူတိုင်းက နာကျည်းချက်တွေ ကြီးကြီးမားမားနဲ့ သေခဲ့တာဆိုပေမဲ့လည်း ဒါက ကောင်းကင်မြေအောက်ဘုံ။ ကောင်းကင်မြေအောက်ဘုံရဲ့ ယင်မြစ်က တစ္ဆေအမတတွေ ရူးသွပ်တဲ့အထိ တွန်းအားမပေးခံရအောင် နာကျည်းတဲ့စွမ်းအင်တွေအားလုံးကို ဖယ်ရှားပစ်နိုင်တယ်။ အဲဒါကြောင့် တစ္ဆေအမတတွေ မြေအောက်ဘုံကနေ ထွက်ခွာဖို့မလွယ်တာပဲ။ ဒါပေမဲ့ ဖုန်းညာန်ကတော့ ဝိညာဉ်တွေ ကွဲထွက်နေတာတောင် နာကျည်းတဲ့စွမ်းအင်အများကြီးရှိနေတယ်။

ကျူမင် တစ်စုံတရာကိုနားလည်သွားတာမို့ မျက်လုံးပြူးသွားတယ်။ သူ့မျက်နှာက အရောင်အားလုံး ဆုတ်ယုတ်သွားကာ တီးတိုးရေရွတ်လိုက်တယ်။

"သူ လက်မလွှတ်နိုင်သေးတာ... ဖြစ်နိုင်လား"

"အင်းကွက်ထဲ ဝိညာဉ်တစ်ခု ပျောက်နေတယ်" ရွှမ်ထုံက လှမ်းအော်တယ်။

အားလုံး ထိတ်တလန့်တကြား နောက်ပြန်ခုန်ပြီး လှည့်ကြည့်လိုက်တယ်။ တကယ်ပဲ သူတို့အင်းကွက်ထဲ မြင်ခဲ့ရတဲ့ ဖုန်းညာန်ရဲ့ဝိညာဉ်ကိုးခုအစား ရှစ်ခုပဲကျန်တော့တယ်။ ပြီးတော့ တစ်ခုချင်းစီမှာ သူတို့နား နာကျည်းချက်ပမာဏအများကြီးပဲ။ တစ်အောင့်ကြာတော့ နာကျည်းချက်တွေဝိုင်းနေတဲ့ ဝိညာဉ်၅ခုက မမြင်ရတဲ့အားတစ်ခု ဆွဲတာကို ခံနေရသလိုမျိုး စုဝေးလာတယ်။

"မကျေမချမ်းမှုနဲ့ ဝိညာဉ်စုဝေးနေတာပဲ" ပိုင်ဇယ် တီးတိုးရေရွတ်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။ အဲဒီနာကျည်းချက်အားလုံးက သူမရဲ့ ကင်းကွာနေတဲ့ဝိညာဉ်တွေကို တစ်ခုတည်း ပြန်စုဝေးအောင် ကူညီနေတာပဲ။

"ဟင့်အင်း ဒါက ဖုန်းညာန်ကို နာကျည်းချက်တွေ ဝါးမျိုစေလိမ့်မယ်" ကျူမင်က ပိုပြီးတောင် စိုးရိမ်လာပြီး အလောတကြီး ချိပ်တစ်ခုကိုဖန်တီးလိုက်တယ်။ ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်။

ဖုန်းညာန်ရဲ့ မတူညီတဲ့ ဝိညာဉ်အစိတ်အပိုင်းတွေက အနည်းနဲ့အများ တစ်ခုတည်းအဖြစ် စုဝေးနေကြပြီ။ ငိုကြွေးသံနဲ့ အော်ဟစ်သံတွေက ရပ်တန့်သွားတယ်။ ဖုန်းညာန်ရဲ့ ဝတ်ရုံနက်တွေနဲ့ ရှုပ်ပွနေတဲ့ဆံပင်က အင်းကွက်အလယ်ဆီ လွင့်နေတယ်။ သွေးကြောင်းနှစ်ခုကတော့ မျက်နှာပေါ် ကျန်ရစ်နေဆဲ။

ရုတ်တရက် သူမ တိတ်ဆိတ်သွားပြီး ရူးသွပ်မှုပျောက်ဆုံးသွားတယ်။ ရုတ်တရက် သူမရဲ့ သွေးမျက်လုံးတွေက တောက်ပလာတဲ့ပုံ။ သူမရဲ့ အကြည့်က သူတို့အုပ်စုဆီမှာ။ ရုတ်တရက် သူက ခြေချောင်းတွေ ကုပ်ပြီး အေးစက်စက် ပြုံးဖြီးပြလေတယ်။

"ဖုန်းညာန်..." ကျူမင် ရှေ့တစ်လှမ်းတိုးလိုက်တယ်။

ဖုန်းညာန်ရဲ့ပြုံးဖြီးမှုက နားနှစ်ဖက်ထိမတတ် ကျယ်ပြန့်လာခဲ့တယ်။ သူမမျက်လုံးတွေက မျက်လုံးအိမ်တွေထဲကနေ ပြူးထွက်မလို ဖြစ်နေချိန် ရုတ်တရက်ထရယ်တယ်။

"ဟီးဟီးဟီး... နင်က ကြံရာပါပဲ၊ နင်တို့အားလုံးသေသင့်တယ်၊ ငါ့အသက်ကို ပြန်ပေးစမ်း၊ ပြန်ပေးမှာလား... ဆရာတူမောင်လေး"

"မင်း... မှတ်မိတယ်လား" ကျူမင်က မျက်လုံးတွေပြူးသွားပြီး တောင့်တင်းသွားခဲ့တယ်။

ဖုန်းညာန် လက်ကိုမြှောက်ပြီး အော်ဟစ်ကာ နာကျည်းချက်အရှိန်အဝါကို ကျူမင်ဆီ တစ်ရှိန်ထိုး ပြေးဝင်သွားစေခဲ့တယ်။ သူတို့ပတ်ပတ်လည်က ယင်ချီတွေက နာကျည်းချက်တွေအတွက် လမ်းဖယ်ပေးဖို့ နောက်ဆုတ်သွားခဲ့ပြီး သူတို့ကြည့်ရတာ သူ့တစ်ကိုယ်လုံးကို ဝါးမျိုတော့မဲ့ပုံ။

"ကျူမင်" ကူယွဲ့ လှမ်းအော်ပြီး ကျူမင့်ကို နာကျည်းချက်အရှိန်အဝါလမ်းကြောင်းကနေ တွန်းထုတ်ဖို့ ဓားချီတွေကို သူ့ဆီပစ်လွှတ်လိုက်တယ်။ မြေကြီးက တုန်ခါစပြုလာပြီး တစ်ဝက်ပျက်စီးပြီးသား နန်းဆောင်က အုတ်ကျိုးအုတ်ပဲ့ပုံကြီးအဖြစ် မြေကြီးပေါ်ကျသွားခဲ့တော့တယ်။

All Chapters