← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

268

အခန်း ၂၆၈ ။ အဓိကတရားခံ

ကျူမင်က ငေးငိုင်စွာနဲ့ ဖြည်းဖြည်းချင်းထရပ်တယ်။ ‌ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး စိုးရိမ်တကြီး အင်းကွက်ထဲကြည့်လြိက်တယ်။

"ဖုန်းညာန်... ညာန်..."

အင်းကွက်ထဲက ပုဂ္ဂိုလ်ရော နာကျည်းမှုစွမ်းအင်ရော ပျောက်သွားတယ်။

"အား..." သူ အင်းကွက်ထဲ သွေးရူးသွေးတန်း ပြေးသွားခဲ့တယ်။

"ဘာတွေဖြစ်သွားတာလဲ၊ ဘယ်လိုလုပ် ဖုန်းညာန်က ရုတ်တရက်ပျောက်သွားတာလဲ၊ ဘယ်ရောက်သွားတာလဲ"

ယိချင်း မျက်မှောင်ကြုတ်ပြီး ရှေ့တက်ကာ အင်းကွက်ကို လေ့လာစစ်ဆေးလိုက်တယ်။

"ဒီအင်းကွက်က မပျက်စီးသေးဘူး၊ အင်းကွက်ကို ချိုးဖောက်ပြီး ထွက်ပြေးတာမဟုတ်ဘူးထင်တာပဲ"

"ဒါဆို သူဘယ်ရောက်သွားတာလဲ" ကျူမကင် စိုးရိမ်တကြီးမေးလိုက်တယ်။ သူ ဂါထာတချို့ရွတ်ပြီး ဖုန်းညာန်ရဲ့အရှိန်အဝါကို အာရုံခံကြည့်ပေမဲ့ တစ်ခဏအကြာမှာတော့ အရှုံးပေးဟန် လက်တွေကို ချလိုက်တယ်။

"ကျုပ် သူ့အရှိန်အဝါကို အာရုံမခံနိုင်သလို ဒီမှာတခြားအင်းကွက်အရိပ်အယောင်လည်းမရှိဘူး"

"လေထဲပျောက်သွားတာ ဖြစ်နိုင်ပါ့မလား"

ပိုင်ဇယ်က အော်တယ်။

"ဟင့်အင်း" ယိချင်း ခေါင်းခါလိုက်တယ်။

"စောနက ဘာ မှော်အတတ်မှ မခံစားခဲ့ရဘူး"

သူတို့အားလုံး တိတ်သွားတယ်။ အင်းကွက်က မကျိုးသေးလို တခြားအင်းကွက်အရိပ်အယောင်လည်း မရှိတာကို ဘယ်လိုလုပ် သူမပျောက်သွားခဲ့တာလဲ။

ကျူမင်ကြည့်ရတာ ဝမ်းနည်းပက်လက် ညှိုးမှိုင်နေတယ်။ သူက ‌မြေကြီးပေါ် ပုံကျသွားတယ်။

"သူဘယ်ရောက်သွားတာဖြစ်နိုင်လဲ"

"ဝိညာဉ်ရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေက ချိတ်ဆက်နေတာလား"

ရှန်းရင်က ရုတ်တရက် မေးလာတယ်။

သူတို့အားလုံး သူမကို စိုက်ကြည့်လိုက်ကြတယ်။ တစ်ခဏနေတော့ သူတို့နားလည်သွားခဲ့တယ်။

"ဝိညာဉ်ပြန်ခေါ်သိုင်း"

"ဖုန်းညာန်က သူ့မူလဝိညာဉ်ကို ဆုံးရှုံးထားတာ..." ကျူမင်က ‌တီးတိုးရေရွတ်တယ်။

"တစ်ယောက်ယောက်က သူ့မူလဝိညာဉ်ကိုသုံးပြီး တခြားဝိညာဉ်အစိတ်အပိုင်းတွေကို ပြန်ခေါ်သွားတယ်လို့ ပြောနေတာလား၊ ဒါပေမဲ့..."

သူ တစ်ခဏစဉ်းစားပြီးတဲ့နောက် အမူအရာပျက်သွားတယ်။

"ကျုပ် သူ့ကိုစောနက ပိတ်ထားဖို့ အင်းကွက်ကိုသုံးခဲ့တယ်လေ၊ ဘယ်လိုဝိညာဉ်ပြန်ခေါ်သိုင်းက မူလဝိညာဉ်ကိုပဲသုံးပြီး လူတစ်ယောက်ရဲ့ မတူညီတဲ့ဝိညာဉ်အပိုင်းတွေအားလုံးကို ပြန်ခေါ်နိုင်တာလဲ"

"တစ်ခုရှိတယ်" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။

"နင်တို့အားလုံး မြင်ဖူးတယ်မဟုတ်လား"

ကျူမင်က တန့်သွားတယ်။ တစ်အောင့်ကြာတော့ သူတစ်စုံတစ်ရာကို နားလည်သွားတဲ့ပုံ။ အဲမှာ မျက်လုံးပြူးသွားခဲ့တယ်။ ကူယွဲ့နဲ့အတူ သူ အော်လိုက်တယ်။

"ဆန်းကြယ်ဘုံထဲက အဲအင်းကွက်"

အဲအင်းကွက်က ဂျပုလေးရဲ့ အကြွင်းအကျန်ဝိညာဉ်ကိုပဲ သုံးပြီး အမတဘုံကနေ ကောင်းကင်ဘုံထိ လူတစ်ယောက်လုံးကို ဆွဲခေါ်သွားခဲ့တာ။

"သူမက ကိုယ်ပိုင်နယ်နိမိတ်ထဲမှာပဲ"

ကျူမင်က အမြန် တစ်ဖက်လှည့်ပြီး အရှေ့ဘက်ဆီ ပြေးသွားတော့တယ်။ ကူယွဲ့ တခြားသူတွေနဲ့ အကြည့်ချင်း ဖလှယ်လိုက်တယ်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ဓားတွေကို တက်စီးပြီး အပြင်ကို ပျံသန်းထွက်လာခဲ့တယ်။

"ဆ..." ယိချင်းက ရှန်းရင်ကို သူ့ဓားပေါ်ဆွဲတင်နေကျ။ သူ့လက်မောင်းကို ဆန့်ထုတ်ဖို့လုပ်နေချိန်မှာတင် အကြောင်းရင်းမရှိ တောင့်တင်းသွားခဲ့တယ်။ ရှုပ်ထွေးတဲ့ခံစားချက်တွေ ပြန်ရောက်လာပြီ။

တစ်ဖက်မှာတော့ ရှန်းရင်က သတိထားမိပုံမပေါ်။ သူမက စားဖိုမှူးနောက် ခုန်တက်လိုက်တယ်။

"သွား"

"ဟုတ်ကဲ့ ဆ..." ထူးဆန်းစွာပဲ သူ အဲစကားလုံးကို မပြောနိုင်တော့ဘူး။ သူ ရှန်းရင်ကို အခက်တွေ့တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။ သူမက နားမလည်တဲ့ပုံမြင်တော့ ကျူမင်နောက်လိုက်ဖို့ပဲ အာရုံစိုက်လိုက်တယ်။

ပိုင်ဇယ်က သူတို့နှစ်ယောက်ကိုကြည့်ပြီး ဝမ်းနည်းသွားခဲ့တယ်။ သူ့ကြည့်ရတာ လုံးဝကို နာကျင်နေတဲ့ပုံ။

ကျူမင် အရှိန်မြှင့်ကာ ပျံသန်းလိုက်တယ်။ ကူယွဲ့ မျက်မှောင်ကြုတ်ပြီး အခု သူ့ရှေ့မှာ သွေးပျက်နေပြီး နဂိုကလို လူ‌ကြီးလူကောင်းဆန်ဆန်တည်ငြိမ်တဲ့ အရှိန်အဝါမရှိတော့တဲ့ ကျူမင်ကို လှမ်းကြည့်လိုက်တယ်။ ခပ်တိုးတိုး လေသံနဲ့ ကူယွဲ့ပြောလိုက်တယ်။

"တာအိုရောင်းရင်းကျူ၊ ခင်ဗျားနဲ့ ဖုန်းညာန်ရဲ့ဆက်ဆံရေးကို ကျုပ်တို့ဆီ နောက်တစ်ကြိမ် အစအဆုံး ပြန်ရှင်းပြဖို့ လိုပြီမထင်ဘူးလား"

သူပြောခဲ့တာက ဖုန်းညာန်က အရင်က သူ့ဆရာတူညီမဖြစ်ပြီး အဲလောက်ရင်းနှီးခဲ့တဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ ကြည့်ရသလောက်တော့ အမှန်မဟုတ်တဲ့ပုံပဲ။

ကျူမင်မျက်နှာကနေ အရောင်အသွေး ဆုတ်ယုတ်သွားပြီး ကူယွဲ့ကို မလုံမလဲ လှမ်းကြည့်လိုက်တယ်။ သူက မျက်လုံးတွေမှိတ်ကာ သက်ပြင်းရှည်ကြီးချလိုက်တယ်။

"မင်းတို့ကို ဖုံးကွယ်ဖို့မရည်ရွယ်ထားပါဘူး၊ ဒီတိုင်း ဖုန်းညာန်က အစွဲအလမ်းလွန်နေရုံမို့ပါ၊ သူ တစ်ခုခု ရူးမိုက်တာလုပ်မိမှာစိုးရိမ်လို့ အတိတ်အကြောင်း အများကြီး မပြောခဲ့တာ၊ သူက ကျုပ်ရဲ့ဆရာတူညီမ မဟုတ်ပါဘူး၊ တကယ်တော့ ဆရာတူအစ်မပါ"

ကျူမင်အမူအရာက ပိုပြီး အဓိပ္ပာယ်ဖတ်မရဖြစ်လာတယ်။

"သူအသက်ရှင်နေချိန်က ကျုပ်တို့က တစ်ဂိုဏ်းတည်းတူတူရှိခဲ့ပြီး အတူတူကြီးပြင်းလာတာ၊ နောက်တော့ သူက ကျုပ်ထက်အရင် မသေမျိုးကို တက်လှမ်းသွားခဲ့တယ်၊ ကျုပ်တက်လှမ်းချိန် သူက လူယုတ်မာတစ်စုကြောင့် သေလမ်း ရောက်သွားခဲ့ပြီ၊ ကျုပ်က သူ့ကြောင့် တစ္ဆေအမတ ဖြစ်လာခဲ့တာပဲ၊ တစ္ဆေအမတတွေအနေနဲ့ ကျုပ်တို့လေ့ကျင့်တဲ့ တန်ကြေးက ဝိညာဉ်တွေ ဆုံးရှုံးခံရတာပဲ၊ ကျုပ်တို့ပိုသန်မာလေ ဝိညာဉ်တွေက ပိုအားနည်းလာလေပဲ၊ ဖုန်းညာန်က တစ္ဆေအမတ ဖြစ်လာပြီးတဲ့နောက် လက်စားချေခဲ့ပေမဲ့ နှလုံးသားထဲက အမုန်းတရားကတော့ ရက်တွေကြာလာလေ ပိုနက်ရှိုင်းလာလေပဲ၊ အဲဒါကြောင့် သူမလေ့ကျင့်မှုက ပိုပိုပြီးအစွန်းရောက်လာခဲ့တယ်၊ ဒီလိုသာဆက်သွားနေရင် သူ့ဝိညာဉ် လုံးဝပျောက်ဆုံးသွားမှာကို ကျုပ်စိုးရိမ်နေခဲ့တယ်၊ အတိတ်ကို မေ့ပစ်ပြီး သံသရာစက်ဝန်းထဲဝင်ဖို့ နားချချင်ခဲ့ပေမဲ့ သူကနားမထောင်ခဲ့ဘူး"

ကျူမင်က လက်သီးဆုပ်ပြီး သူ့အမူအရာက နာကျင်နေဟန်။

"နောက်တော့ မတော်ဆဆ မူလဝိညာဉ်ကို ဆုံးရှုံးသွားပြီး အတိတ်ကို မေ့သွားခဲ့တယ်၊ ကျုပ် သူ့ကို ပြန်ဝင်စားဖို့နားချနိုင်ပြီး အချိန်မီ မူလဝိညာဉ်ကိုပြန်ရှာတွေ့ဖို့ မျှော်လင့်မိတယ်၊ အဲဒါက သူမဝိညာဉ်ကို လုံးဝဆုံးရှုံးတာထက် ပိုပြီးသာတယ်လေ၊ သူမ အမုန်းတရားက ဆက်ပြီးပြင်းထန်လာဦးမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး၊ အခု သူမမူလဝိညာဉ်မရှိဘဲနဲ့တောင် ဘာတွေဖြစ်ခဲ့လဲ မှတ်မိနေပြီ"

"တာအိုရောင်းရင်းကူယွဲ့..." ကျူမင် သူ့ကို မှုန်မှိုင်းစွာ ကြည့်လိုက်တယ်။

"ကျုပ် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်၊ ဖုန်းညာန်ကို စိတ်မဆိုးစေချင်လို့ သူ့ရှေ့ စကားအများကြီး ပြောဖို့ကိုစိုးရိမ်နေခဲ့တာပါ၊ အဲဒါကြောင့် အရင်က အသေးစိတ်သိပ်မပြောပြခဲ့တာ၊ အခု သူမဝိညာဉ်က အရမ်းကိုအားနည်းနေတယ်၊ သူမက အချိန်မရွေး အဲလက်ကျန်လေးပါ ဆုံးရှုံးသွားနိုင်တယ်၊ တကယ်လို့ မကြာခင် သူ့ကို သံသရာစက်ဝန်းထဲမပို့ရင် ပြန်ဝင်စားဖို့ ဘယ်တော့မှ အခွင့်အရေး ရလောက်တော့မှာမဟုတ်ဘူး"

ကူယွဲ့က သူ့ကို ‌ဆွံ့အစွာ ကြည့်လိုက်တယ်။ သူ မေးခွန်းဆက်မမေးတော့ဘဲ ကျူမင်က အရှိန်မြှင့်သွားတယ်။

ဖုန်းညာန်ရဲ့ ‌စံအိမ်က သိပ်မဝေးဘူး။ ဆယ်မိနစ်အတွင်း အုပ်စုက ရောက်လာခဲ့တယ်။

စံအိမ်အ‌တွင်း အနီရောင်အလင်းတန်းတစ်ခု ထွက်နေပြီး လေလွင့်ဝိညာဉ်တွေ နေရာအနှံ့ ပြေးလွှားနေတာမြင်လိုက်ရတယ်။ သူမအိမ်ရှိခဲ့တဲ့နေရာကခုတော့ အနီရောင်အင်းကွက် ဖုံးအုပ်ထားတာခံထားရတယ်။ သူတို့ ဆန်းကြယ်ဘုံရဲ့ဝင်ပေါက်ကို ဝိုးတဝါးမြင်လိုက်ရတယ်။

"ဖုန်းညာန်" ကျူမင်က အော်ပြီး ဆန်းကြယ်ဘုံ ဝင်ပေါက်ဆီ ပြေးသွားတယ်။

"ကျူ..." ကူယွဲ့က တားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားပြီ။

သူ တစ်ဖက်လှည့်ကာ အုပ်စုကို တစ်ချက်ကြည့်ပြီး အကာအကွယ်အင်းကွက်တွေသုံးဖို့ သတိပေးပြီးတဲ့နောက် ကျူမင်နောက်လိုက်ဝင်လာခဲ့တယ်။

နီရဲနေတဲ့အလင်းက သူ့မြင်ကွင်းထဲ ပြည့်သွားခဲ့တယ်။ အင်းကွက်နဲ့ပြည့်နေတဲ့ တူညီတဲ့ ဆန်းကြယ်ဘုံလေးပဲ။ ဒါပေမဲ့အခုတော့ နေရာအနှံ့မှာ ယင်ချီတွေ တပိုးတနင့်ရှိနေတယ်။ ရှန်းရင် အရင်ကဖျက်ဆီးခဲ့တဲ့ အင်းကွက်က ခုအပြည့်တစ်ခုပြန်ဖြစ်ပြီး အရင်ကထက်တောင် ပိုခိုင်မာနေတဲ့ပုံ။ ဖုန်းညာန်က အင်းကွက်အလယ်မှာ ပိတ်မိနေပြီး အင်မတန်နာကျင်နေပုံ။ သူမက ပျောက်ဆုံးနေသလိုမျိုး ပိုပိုဖျော့တော့လာတယ်။

အင်းကွက်ထိပ်ဖျားမှာတော့ လူတစ်ယောက် လွင့်မျောနေတယ်။ သူက ယင်ချီတွေနဲ့ဖုံးနေတယ်။ သူ့ရုပ်ရည်ကို မမြင်ရပေမဲ့ ယောက်ျားတစ်ယောက်ဆိုတာတော့ပြောနိုင်တယ်။

"ဂိုဏ်းချုပ်၊ ဒါက ကျွန်မနောက်လိုက်တဲ့ တစ္ဆေအမတပဲ" ရွှမ်ထုံအော်လိုက်တယ်။

သူတို့အားလုံးရဲ့အမူအရာတွေ မည်းသွားတယ်။ ဒီလူက နောက်ဆုံးတော့ ပေါ်လာပြီပေါ့။

"အဲအောက်က အင်းကွက်က ဝိညာဉ်တွေကို ဝါးမျိုနိုင်တယ်၊ အားလုံးပဲ သိပ်အနားမကပ်သွားကြနဲ့"

ကူယွဲ့သတိပေးလိုက်ပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။ ကျူမင်က သူတို့ရှေ့ ခြေတစ်လှမ်းတိုးလိုက်ပြီး တုံ့ဆိုင်းမှုမရှိ အင်းကွက်ဘက်ကိုပြေးဝင်သွားတယ်။

"ဖုန်းညာန်"

သူ မရောက်ခင် သူ့ရင်ဘတ်ကိုတည့်တည့်ကြီး လာထိမှန်တဲ့ အလင်းတန်းနီကြီးတချို့ လက်သွားလေတယ်။ ကျူမင့်ကိုယ်‌က လေထဲ တစ်ခဏ ဝဲနေပြီး နောက်တော့ အရိပ်တစ်ခုပေါ်လာတယ်။ ကျူမင်ရဲ့ဝိညာဉ်က ကွဲထွက်သွားတော့တာပဲ။

"စားဖိုမှူး" ကူယွဲ့က ချက်ချင်း အော်လိုက်တယ်။

ယိချင်းက နတ်ဘုရားစွမ်းအင်လေပြင်းတွေ ဆင့်ခေါ်ပြီး ကျူမင့်ဆီလွှတ်ကာ ပြန်ဆွဲထားလိုက်တယ်။

ပိုင်ဇယ် ရှေ့တက်ပြီး ကျူမင့်ဝိညာဉ်ကိုတည်ငြိမ်စေဖို့ စည်းချိပ်တစ်ခုဖန်တီးလိုက်တယ်။

ဒါပေမဲ့ ကျူမင်က သူ့ဒဏ်ရာကိုဂရုမစိုက်။ ဖုန်းညာန် ပိတ်လှောင်ခံထားရတဲ့ အင်းကွက်ကို ထိန်းချုပ်နေတဲ့လူကို လှည့်ကြည့်လိုက်တယ်။

"ရပ်လိုက် သောက်ကျိုးနည်း မင်းကဘယ်သူလဲ၊ ဖုန်းညာန်ကို ဘာလုပ်လိုက်တာလဲ"

အမည်းရောင်သဏ္ဌာန်က ပြန်မဖြေ။ အဲအစား အင်းကွက်ကို အရှိန်ပြင်းလိုက်တော့ အလင်းတန်းနီက ပိုပြီးမျက်စိကျိန်းစရာ ကောင်းလာတယ်။ အင်းကွက်ကနေ ကြောက်ခမန်းလိလိ အရှိန်အဝါလာတာကို ခံစားလိုက်ရတယ်။ သူတို့ အပြင်မှာရပ်နေတာတောင် ဝိညာဉ်တွေ မတည်မငြိမ် ဖြစ်သွားခဲ့တယ်။ ဒါကြောင့် ရွေးစရာမရှိတော့ဘဲ ခြေလှမ်းတချို့ပြန်ဆုတ်လိုက်ရတော့တာပေါ့။

အုပ်စု မင်သက်နေမိတယ်။ ဘယ်လိုအင်းကွက်မို့လို့ နတ်ဘုရားမျိုးနွယ်‌တွေပါ အနားကို မကပ်နိုင်ရတာလဲ။

ကူယွဲ့က ရင်ထိတ်သွားတယ်။ စားဖိုမှူးနဲ့တခြားသူတွေပျောက်ဆုံးနေတဲ့ အကြွင်းအကျန်ဝိညာဉ်တွေက ဒီလူ့လက်ထဲမှာ ဖြစ်နိုင်တယ်။ သူ ရှန်းရင်ဘက် လှည့်လိုက်တယ်။

"ရှန်းရင် မင်း..."

သူက သူမကို တစ်ခုခု လုပ်ခိုင်းမို့ရှိသေး ရှန်းရင်က တစ်ခုခုကို သတိထားမိသွားတဲ့ပုံ။ သူမက ပိုင်ဇယ့်ဘက် လှည့်မေးလိုက်တယ်။

"အမွေးလုံး၊ ဝိညာဉ်တည်ငြိမ်ပုလဲက ဘာအတွက်သုံးတာလဲ"

ပိုင်ဇယ်က တုံ့ဆိုင်းသွားပြီး ဖြေလိုက်တယ်။

"သေချာပေါက် ကောင်းကင်ဝိညာဉ်တွေကို တည်ငြိမ်အောင် လုပ်ဖို့ပေါ့..."

"အဲဒါလား" သူမ လက်ညှိုးထိုးပြလိုက်တယ်။

သူတို့ လှမ်းကြည့်လိုက်တော့ တကယ်ပဲ အနက်ရောင်ပုံသဏ္ဌာန်ရဲ့ ပတ်လည်ကို ပုလဲတစ်ခုက ရစ်ပတ်နေတာမြင်လိုက်ရတယ်။ အဲဒါက ပျောက်သွားလိုက်၊ ပေါ်လာလိုက်နဲ့။ ထူထဲတဲ့ယင်ချီကြောင့်သာ စောနက သူတို့ သတိမထားမိခဲ့တာ။ အခု သေချာစစ်ဆေးကြည့်လိုက်တော့ ပုလဲက ခပ်ဖျော့ဖျော့နတ်ဘုရားစွမ်းအင်ထုတ်လွှတ်နေတာမြင်လိုက်ရတယ်။ ဝိညာဉ်တည်ငြိမ်ပုလဲပဲ

ဝိညာဉ်တွေ တည်ငြိမ်အောင်လုပ်ဖို့ နတ်ဘုရားစွမ်းအင်သုံးနိုင်တဲ့ဘယ်သူမဆို တစ္ဆေအမတ မဟုတ်နိုင်ဘူး။

အဲလူက ဖြစ်နိုင်တာက...

"ချန်းယွဲ့"

လေးယောက်လုံး တစ်ပြိုင်နက် အော်လိုက်မိတယ်။

…

269

အခန်း ၂၆၉ ။ မလိုက်ဖက်သောဝိညာဉ်များ

အမည်းရောင်ပုံသဏ္ဌာန်က တန့်သွားတယ်။ အနီရောင်အလင်းတောင် နည်းနည်းဖျော့တော့သွားသလိုပဲ။ နောက်အခိုက်အတန့်မှာ အဲလူပတ်လည်က အနက်ရောင်ချီက လွင့်ပျယ်သွားခဲ့တယ်။ တဖြည်းဖြည်းချင်း အဲဒါက အပြာရောင် နတ်ဘုရားစွမ်းအင်အဖြစ် ပြောင်းလဲလာခဲ့တယ်။ ဖေဖေနျိုနဲ့ တစ်ပုံစံတည်းတူတဲ့မျက်နှာက စတင်ပေါ်ပေါက်လာခဲ့တယ်။

"အချိန်အတော်ကြာမှ သိမယ်ထင်နေတာ" ချန်းယွဲ့က ခြောက်ကပ်ကပ်ရယ်တယ်။ သူက ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိတော့သလိုမျိုး သူတို့ကို မော့ကြည့်လာတယ်။

"အဲဒါဆိုလည်းအဆင်ပြေတာပဲ၊ မင်းတို့အားလုံးကို အင်းကွက်အ‌တွက် စတေးလို့ရတာပေါ့"

ရုတ်တရက် သူက အုပ်စုဘက်လက်မြှောက်လိုက်တယ်။ သူတို့နောက်က ဆန်းကြယ်ဘုံဆီဝင်ပေါက်က ပိတ်သွားခဲ့တယ်။ အောက်ကဟာလိုမျိုးနဲ့တူတဲ့ အင်းကွက်က လေထဲပေါ်လာတယ်။ သူတို့ဘယ်သူမှ မတုံ့ပြန်နိုင်ခင် တစ်စုံတရာပိကျလာသလို ခံစားလိုက်ရပြီး သူတို့အရှိန်အဝါတွေက မတည်မငြိမ် ဖြစ်လာတော့တာပဲ။ တစ်ခုပြီးတစ်ခု ဓားပျံတွေက မြေကြီးပေါ် ကျလာခဲ့တယ်။ သူတို့ကို ဆက်ပြီးကြာကြာ မထိန်းထားနိုင်တော့ဘူး။

အင်းကွက်ရဲ့အနီရောင်အလင်းက အရှိန်ပြင်းလာတယ်။ သူတို့ပတ်လည်က အရာအားလုံးက သွေးရဲရဲနီကုန်သလို သူတို့ရဲ့မူလဝိညာဉ်တွေက ထိခိုက်ကုန်တာသိလိုက်ရတယ်။ သူတို့ဝိညာဉ်တွေက စတင်ပြီးပြိုကွဲစပြုလာတာကို ခပ်ယဲ့ယဲ့ခံစားလာရတော့တယ်။

ပိုင်ဇယ်က အင်းကွက်တစ်ခု အမြန်စီရင်ပြီး တစ်ဖွဲ့လုံးကိုအထဲဆွဲသွင်းလိုက်တယ်။ အဲတော့မှပဲ အရိုးကွဲမတတ်နာကျင်မှုက နောက်ဆုံးတော့ ရပ်တန့်သွားခဲ့တယ်။

"မင်းက... ကျင့်ကြံဆင့်ကို ဖုံးထားတာပဲ" ပိုင်ဇယ် အင်းကွက်ကိုထိန်းထားဖို့ကြိုးစားရင်း အထိတ်တလန့် ရေရွတ်လိုက်တယ်။ သူတို့တွေ အကြိမ်ရေရာချီ တိုက်ခိုက်ဖူးတာမို့ ချန်းယွဲ့ရဲ့ကျင့်ကြံဆင့်နဲ့ အရင်းနှီးဆုံးပဲ။

ချန်းယွဲ့က သူ့ပင်ကိုဟန်ပန် လူကြီးလူကောင်းဆန်ဆန် ပြန်ဖြေလေတယ်။

"ငါ ဘာကျင့်ကြံဆင့်မှ မဖုံးကွယ်ခဲ့ပါဘူး၊ ငါက မင်းတို့အားလုံးရဲ့ အကြွင်းအကျန်ဝိညာဉ်တွေကျေးဇူးကြောင့် အရင်လို မဟုတ်တော့ရုံပါပဲ"

"လူတိုင်းရဲ့အကြွင်းအကျန်ဝိညာဉ်တွေကို ခိုးတာ တကယ်ပဲရှင်ကိုး" ရွှမ်ထုံက အော်လိုက်တယ်။

ချန်းယွဲ့ အမူအရာက မည်းမှောင်သွားတယ်။ သူက အသက်ပြင်းပြင်းရှူလေတယ်။

"ပိုင်ဇယ်ရဲ့မျိုးနွယ်က အချိန်စတင်တည်းက ရှင်သန်လာခဲ့တဲ့ တစ်ခုတည်းသောမျိုးနွယ်လို့ ကြားဖူးတယ်၊ သူ့မျိုးနွယ်က ကနဦးတုန်းက ကသောင်းကနင်း ဖြစ်မှုတွေကြား တစ္ဆေတွေကို မောင်းထုတ်ခဲ့တဲ့ မျိုးနွယ်ပဲ၊ ပုံမှန်အရတော့ သူ့ဝိညာဉ်က တခြားသူအားလုံးရဲ့ဝိညာဉ်တွေနဲ့ ကွဲပြားတယ်၊ ဒီအင်းကွက်ကို အသက်သွင်းဖို့ မင်းရဲ့အကြွင်းအကျန်ဝိညာဉ်ကို လိုအပ်ခဲ့တာ"

"မင်းရဲ့ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့အတွက်နဲ့ ငါ့ရဲ့အကြွင်းအကျန်ဝိညာဉ်ကို လိုချင်တာလား"

"ငါလိုချင်တာရဖို့အတွက် အင်အားကြီးမားပြီး သန်မာဖို့လိုတယ်လေ၊ ဒါပေမဲ့ အခုတော့... မလုံလောက်ဘူး"

သူ မျက်မှောင်ကြုတ်လိုက်တယ်။ သူက အဖွဲ့ဆီလက်မြှောက်ပြရင်း မျက်လုံးထဲ စိတ်ပိုင်းဖြတ်ထားတဲ့ အရောင်တောက်ပမှုရှိနေတယ်။

ကူယွဲ့က ကြီးမားတဲ့ဖိအားတစ်ခုက သူ့ကိုစုပ်ယူနေတာကို ခံစားမိလိုက်တယ်။ သူ့ခန္ဓာကိုယ်ကို သူ မထိန်းချုပ်နိုင်တော့ဘဲ ပျံထွက်ကာ ချန်းယွဲ့လက်ထဲ ဆင်းသက်သွားခဲ့တယ်။

"ဖေဖေနျို"

"ကူယွဲ့"

အုပ်စုက မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။ ချန်းယွဲ့ရဲ့လက်ဖဝါးက ကူယွဲ့ရင်ဘတ်ထဲ ရှိနေပြီး ရှိသမျှအားထုတ်သုံးကာ ကူယွဲ့ဝိညာဉ်ကို သူ့ကိုယ်ထဲကနေ အရှင်လတ်လတ်ဆွဲထုတ်ဖို့ လုပ်တော့တယ်။

အနီရောင်အလင်းက ဖျတ်ခနဲလင်းသွားပြီး သူ့လက်ကိုပြန်ရုပ်လိုက်တယ်။

ဒါပေမဲ့...

ဘာမှဖြစ်မလာ။

(⊙_⊙)

ဝိညာဉ်တစ်ခုလုံး မေ့ထားလိုက် - ကူယွဲ့ရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းတောင် အပြင်ကို လွင့်မထွက်လာဘူး။ နှစ်ယောက်သား နေရာမှာတင်ရပ်နေပြီး တစ်ယောက်ကိုတစ်ယောက် ဖမ်းဆုပ်ထားရင်း အကြည့်မလွှဲဖြစ်နေကြတယ်။

ကူယွဲ့ ။ ။ "..."

ချန်းယွဲ့ ။ ။ "..."

အားလုံး ။ ။ "..."

အတော်လေးကို အနေရခက်စရာပဲ။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ" ချန်းယွဲ့ သူ့မျက်လုံးကိုတောင် သူမယုံနိုင်ဘူး။ အနီရောင်အလင်းက သူ့လက်ထဲပြန်ပေါ်လာပြီး ကြိုးစားပြန်တယ်။

ကူယွဲ့ရဲ့အင်္ကျီပေါ် အတွန့်ဖြစ်သွားစေတာကလွဲရင် ချန်းယွဲ့က သူ့အပေါ် ဘာသက်ရောက်မှုမှမရှိဘူး။ ကူယွဲ့တောင် သူ့ရင်ဘတ်ကိုသူ ငုံ့ကြည့်ပြီး ဇဝေဇဝါဖြစ်နေတယ်။

"အင်း၊ ကြည့်ရတာ နင့်ရဲ့ဝိညာဉ်စနစ်က ငါတို့နဲ့ သဟဇာတမဖြစ်တဲ့ပုံပဲ"

ကြည်လင်နေတဲ့ အမျိုးသမီးတစ်ယောက်အသံက ချန်းယွဲ့နားဘေး အသံထွက်လာတယ်။

သူထခုန်ပြီး လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် ဘယ်နေရာကနေမှန်းမသိ သူ့ဘေး ပေါ်လာတာကို မြင်လိုက်ရတယ်။ သူမကို ကြည့်ရတာ အတော်လေး ရင်းနှီးနေပြီး ခုသူ့ကို မျက်လုံးမှေးကြည့်နေတယ်။ သူမက သူ့ကို ကြည့်နေရုံပဲဆိုပေမဲ့ သူ့ပေါ် ကြီးမားတဲ့ဖိအားတစ်ခု ဆင်းသက်လာတာကို ခံစားလိုက်ရတယ်။

"မင်းက... ဘယ်သူလဲ" သူ့ရင်ထဲထိတ်သွားတယ်။ သူမ ဘယ်လိုရောက်လာလဲ အဖြေထုတ်ဖို့တောင် အချိန်မရလိုက်ဘူး။

သူမက စပ်ဖြီးဖြီးလုပ်ပြီး သူ့လက်ထဲကလူကို လက်ညှိုးထိုးပြတယ်။

"အဲဒါငါ့ဖေဖေနျိုပဲ"

လက်ကောက်ဝတ် တစ်ချက်လှည့်ပြီး သူမက သူ့လည်ထောင်ကိုဆွဲလာတယ်။ နောက်တော့ သူလေထဲ လည်သွားပြီး သူမြင်ရသမျှက အမှောင်ထုပဲ။

ချန်းယွဲ့က သူ့ကိုယ် လေထဲပျံသန်းသွားပြီး မြေကြီးပေါ် ဘုတ်ခနဲအသံကျယ်ကြီးနဲ့အတူ ကျသွားတာမို့ အော်မိလိုက်တယ်။ နောက်တော့ ဘုတ်ခနဲပြုတ်ကျသံတွေ ဆက်လိုက်လာတယ်။

မြေပြင်ပေါ်က အင်းကွက်က အက်ကွဲကျိုးပဲ့လာပြီ။ တစ်အောင့်နေတော့ ဆန်းကြယ်ဘုံတစ်ခုလုံးကို ပြည့်နေတဲ့ အင်းကွက်က တစ်စစီပျက်စီးသွားပြီး အနီရောင်အလင်းက လွင့်ပျောက်သွားခဲ့တယ်။

ကူယွဲ့ထရပ်လိုက်ပြီး တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကြောင့် တုန်ရီနေဆဲ။ သူ့ပုံတူလူကို ခုလေးတင် ထုထောင်းထားတဲ့လူကို စိန်းစိန်းဝါးဝါး လှမ်းကြည့်ပြီး ရင်ဘတ်ထဲ ဒေါသမြင့်တက်လာတယ်။

"သေစမ်း၊ မင်းနောက်တစ်ကြိမ် ငါ့ကိုကယ်ချိန် အမြန်လုပ်ပေးလို့ရမလား၊ သူ ငါ့ဝိညာဉ်ကို ခိုးတော့မလို့လေ"

"ခိုးလို့မရပါဘူး" ရှန်းရင်က ချန်းယွဲ့ကို ရိုက်တာခဏရပ်သွားတယ်။ သူမနဲ့ဖေဖေနျိုကလွဲ လူတိုင်း အကြွင်းအကျန်ဝိညာဉ်ပျောက်နေတာလေ။ ဒါက ချန်းယွဲ့ သူတို့ဝိညာဉ်ကို ထိတောင်မထိနိုင်ဘူးဆိုတာ သက်သေပြနေတယ်။

ကူယွဲ့တန့်သွားတယ်။

"သူ ငါ့ဝိညာဉ်ကို ထိလို့မရဘူးဆိုတာ မင်း အစတည်းက သိပြီးသားလို့ဆို‌လိုတာပေါ့၊ ဒါပေမဲ့ မင်းငါ့ကို ပြောတောင်မပြောဘူးပေါ့လေ"

"အာ..." ဒါသိသာတယ် မဟုတ်ဘူးလား။

"အသေးစိတ်တွေ တွေးနေတာ ရပ်လိုက်ပါ"

"ငါ့ခြေထောက်ကို အသေးစိတ်"

凸(艹皿艹)

"ပိုင်ဇယ်ရှန်းကျွင်း" ရွှမ်ထုံက ရုတ်တရက် ထအော်တယ်။

"ဂိုဏ်းချုပ်"

နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ ပိုင်ဇယ်က ယိုင်နေတယ်။ တစ်အောင့်ကြာတော့ ဟန်ချက်ပျက်ပြီး မြေကြီးပေါ် ဒူးထောက်လျက်သား ကျသွားတော့တာပဲ။ သူ့မျက်နှာမှာ အရောင်အသွေး တစ်စက်မှမရှိတော့ဘူး။

"အမွေးလုံး"

"ဘာဖြစ်တာလဲ" ကူယွဲ့ အပြေးသွားပြီး သူ့သွေးကြောတွေကို စစ်ဆေးလိုက်တယ်။ သူ့ မျက်လုံးတွေ ပြူးသွားခဲ့တယ်။

"သူ့မူလဝိညာဉ်က ဘယ်လိုလုပ် ဒဏ်ရာရသွားခဲ့တာလဲ" သူ စောနကတင် အကောင်းကြီးပါ။

"ဖုန်းညာန်" ကျူမင်က အခန်းတစ်ဖက်ကနေ လှမ်းအော်လိုက်တယ်။

အင်းကွက်က ပျက်သွားပြီဆိုပေမဲ့ ဖုန်းညာန်ဝိညာဉ်က ပြိုကွဲနေဆဲ။ သူမကို တဖြည်းဖြည်း ပိုဖောက်ထွင်းမြင်ရလာပြီး တစ်ယောက်ယောက်သာ အနားကပ်သွားရင် ပျောက်သွားတော့မဲ့ပုံမျိုး။ ကျူမင်က သွေးပျက်စပြုလာတယ်။

"ဟားဟားဟား..." ထုထောင်းခံရလို့ နတ်ဘုရားစွမ်းအင်အားလုံး လွင့်ပျောက်သွားတဲ့ချန်းယွဲ့က ရုတ်တရက် ရူးနှမ်းနှမ်းထရယ်တယ်။

"သူတို့ရဲ့အကြွင်းအကျန်ဝိညာဉ်တွေက ငါ့ထိန်းချုပ်မှုအောက်မှာပဲ၊ ငါသေရင် သူတို့လည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

သူတို့အားလုံးရဲ့ အမူအရာက မည်းမှောင်သွားတယ်။

ပိုင်ဇယ်က ချန်းယွဲ့ပေါ် ခြေထောက်တင်ထားဆဲ ရှန်းရင်ကို နှစ်လိုစွာနဲ့ လှည့်ကြည့်လေတယ်။ သူ့မျက်လုံးတွေက တောက်ပသွားပြီး မူလဝိညာဉ်ထဲက နာကျင်မှုကို မျိုသိပ်ရင်း မျက်လုံးတွေကတော့ တောက်ပနေတယ်။

"ကျုပ်အဆင်ပြေပါတယ်၊ ရှန်း... မင်းကျုပ်ကို စိုးရိမ်တယ်မဟုတ်လား၊ ငါ... တကယ်တော့-"

"ပါးစပ်ပိတ်ထားနိုင်တယ်" ယိချင်းက ပိုင်ဇယ်စကားမဆုံးခင် နှစ်ယောက်ကြား ဝင်တိုးပြီး ကြားဖြတ်ပြောလိုက်တယ်။

"ကျုပ်ဆရာက နတ်ဘုရားစွမ်းအင်အကြောင်း ဘာမှမသိဘူး၊ တကယ်လို့ အသက်ရှင်ချင်ရင် နားနေ"

"အကြွင်းအကျန်ဝိညာဉ်ပါပဲ၊ ကျုပ်အဆင်ပြေတယ်၊ ရှန်း-"

"ကျုပ်တစ်ယောက်ပဲ ဒီမှာကောင်းကင်မျိုးနွယ်၊ တခြားဘယ်သူမှ ခင်ဗျားကိုမကူညီနိုင်ဘူး"

"မင်းအကူအညီမလိုဘူးကွ"

"ဟာ့၊ အရိုအသေ‌ပေးစရာမလိုပါဘူး ရှန်းကျွင်း"

ပိုင်ဇယ် ။ ။ စိတ်ရှုပ်စရာကောင်စုတ်လေး

ယိချင်း ။ ။ ခွေးကောင်လေး

လေထဲ လျှပ်စစ်ဓာတ်သံတွေ ပေါ်လာသလိုပဲ။

ကူယွဲ့ ။ ။ "..."

ရှန်းရင် ။ ။ "..."

ရွှမ်ထုံ ။ ။ ".."

သူတို့ ရန်ဖြစ်နိုင်သေးတယ်ပေါ့ - ဆိုလိုတာက အဆင်ပြေသေးတယ်

( ̄_, ̄)

"ဖုန်းညာန်" ဖုန်းညာန်အခြေအနေက တစ်စက္ကန့်ပြီးတစ်စက္ကန့် ဆိုးရွားလာတယ်။ ပိုင်ဇယ်က သူ့အကြွင်းအကျန်ဝိညာဉ်ပဲ ပျောက်ဆုံးနေတာဆိုပေမဲ့ ဖုန်းညာန်ကတော့ မူလဝိညာဉ် ပျောက်ဆုံးနေတာ။ ရှန်းရင်က သူတို့နှစ်ယောက်ကို အပြန်အလှန် ကြည့်လိုက်ပြီး ချန်းယွဲ့ကို ဆက်မထုထောင်းဖို့ ဆုံးဖြတ်လိုက်တယ်။

"ချန်းယွဲ့၊ ဖုန်းညာန်က မင်းနဲ့ ဘာကိစ္စမှ မရှိဘူးလေ၊ ဘာလို့ဒီလိုလုပ်နေတာလဲ" ချန်းယွဲ့ ဒေါသတကြီး အော်ဟစ်လိုက်တယ်။

ချန်းယွဲ့ တောက်ခေါက်လိုက်တယ်။

"တစ္ဆေအမတတွေက ဒီကမ္ဘာမှာမတည်ရှိသင့်ဘူး ငါ ဒါကို ကောင်းကင်လောကတစ်ခုလုံးအတွက် လုပ်ပေးနေတာ"

"မင်း..." ကျူမင် ဒေါသငယ်ထိပ် ရောက်နေပြီ။ သူ ဒီအကြောင်းရင်းကို မယုံတာ သိသာတယ်။ သူ့လက်နက်ကို ဆင့်ခေါ်ပြီး မူလဝိညာဉ်ကို ပြန်ယူဖို့ကြိုးစားလိုက်တယ်။

အဲအခိုက်အတန့်မှာ သူ့ရင်ခွင်ထဲ ရှိနေပြီး ရူးနှမ်းနေတဲ့ပုံစံဖြစ်ကာက ဖုန်းညာန်က ရှေ့ကို အပြေးထွက်သွားတယ်။ သူမရဲ့နဂိုက ဖောက်ထွင်းမြင်ရတဲ့ ကိုယ်ခန္ဓာက ရုတ်တရက် နာကျည်းမှုစွမ်းအင်တွေနဲ့ပြည့်သွားတယ်။ ပြင်းထန်လွန်းလို့ မင်ရည်နဲ့တောင်တူတဲ့ အမည်းရောင်က သူမဝိညာဉ်ကို အရောင်ဆိုးစ ပြုလာတယ်။ သူမရဲ့သွေးယိုနေတဲ့ မျက်လုံးတွေက ချန်းယွဲ့အပေါ် အာရုံစူးစိုက်နေပြီး သူ့ဆီပြေးဝင်သွားတယ်။

"ပြန့်ရှင်းချန်၊ ငါ့အသက်ကိုပြန်ပေး"

…

270

အခန်း ၂၇၀ ။ မဟာနှလုံးမဲ့တာအို

ဖုန်းညာန်ရဲ့အရှိန်က အင်မတန်မြန်ဆန်ပြီး ကြောက်ခမန်းလိလိနာကျည်းမှုစွမ်းအင်တွေဖုံးလွှမ်းနေလို့ ရှန်းရင်တောင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတယ်။ ချန်းယွဲ့ ဖုန်းညာန်ရဲ့ တွန်းထုတ်မှုကို ခံလိုက်ရတယ်။ သူမရဲ့ နာကျည်းမှုစွမ်းအင်က သူ့ဓမ္မဝတ်ရုံကို အရည်ပျော်သွားစေပြီး အောက်ခံ‌တွေကိုပါ‌ အရည်ပျော်သွားစေလို့ ကိုယ်တုံးလုံးရပ်နေရတယ်။

ရုတ်တရက် သူ့ကိုယ်ပေါ် ရွှေရောင်အလင်းပေါ်လာပြီး ဖုန်းညာန် ပြန်ကွက်ထွက်သွားခဲ့တယ်။ သူ့ပတ်လည်မှာ ရွှေကြာပန်းအရိပ်ပေါ်လာပြီး သူ့ကိုအထဲမှာပိတ်လှောင်ထားလိုက်တယ်။ နာကျည်းမှုစွမ်းအင်က လွင့်ပျောက်သွားပြီး ချန်းယွဲ့က အသက်ပြင်းပြင်းရှူကာ ဖုန်းညာန်ကို အကြောက်တရားပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တယ်။

"မင်း... မင်းက..." ကျူမင်က တစ်စုံတရာကို နားလည်သွားဟန် ချန်းယွဲ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။

ချန်းယွဲ့က ခြောက်ကပ်ကပ်ရယ်တယ်။ ဖေဖေနျိုနဲ့တစ်ပုံစံတည်းတူတဲ့မျက်နှာက ပြောင်းလဲသွားပြီ။ သူ့အယောင်ဆောင်ထားမှုက မျက်စိရှေ့တည့်တည့်မှာတင် ပျောက်ကွယ်လာတယ်။ စက္ကန့်အနည်းငယ်အကြာမှာတော့ သူ့မျက်နှာက လုံးဝကိုပြောင်းလဲသွားပြီ။

"တကယ်ပဲမင်းကိုး" ကျူမင့်မျက်လုံးတွေ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့တာပေါ့။

"မင်း... ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ"

ဖုန်းညာန်က စောနက အရှိန်ကြောင့် ပြန်သက်သာလာပြီး အရှေ့ကို နောက်တစ်ကြိမ် ဝင်တိုးပြန်တယ်။ ချန်းယွဲ့ရဲ့ ရုပ်ရည်သွင်ပြင် ပြောင်းလဲမှုတွေကို လုံးဝသက်ရောက်မှုမရှိတဲ့ပုံ။

"ပြန့်ရှင်းချန်၊ ငါနင့်ကိုသတ်မယ်... နင့်ကိုသတ်မယ်..." သူမက လုံးဝကို သွပ်သွပ်ခါအောင် ရူးသွားပြီ။ သူမက ရွှေရောင်အလင်းကြောင့် ထပ်တလဲလဲ ကန်ထွက်နေပေမဲ့ ဆက်တိုက်ဝင်တိုက်နေ‌တယ်။ သူမ ဝင်တိုက်တိုင်း ဝိညာဉ်က နည်းနည်းစီပိုအားနည်းလာပြီး သူမကိုယ်ပတ်လည်က နာကျည်းမှုစွမ်းအင်တွေက ပိုတိုးလာတယ်။ သူမတစ်ကိုယ်လုံး နာကျည်းမှုစွမ်းအင်တွေနဲ့ ဖန်တီးထားသလိုမျိုးနီးပါးတောင် ဖြစ်နေပြီ။

ကျူမင်က သူမရဲ့ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နည်းတွေကို တားဖို့ မှော်အတတ်တချို့ သုံးလိုက်တယ်။ နောက်တော့ သူ့ မျက်လုံးထဲ ဒေါသအပြည့်နဲ့ အရှေ့ကလူကို မော့ကြည့်တယ်။

"ပြန့်ရှင်းချန် မင်း အသက်ရှင်နေသေးတာပဲ"

ဖုန်းညာန်က ဒီတစ်ချိန်လုံး ပြန်ဝင်စားဖို့ ငြင်းဆန်နေခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ သူမရန်သူက အသက်ရှင်နေဆဲ ဖြစ်ပြီး ချန်းယွဲ့ရှန်းကျွင်းတောင် ဖြစ်လာသေးတာကိုး

"ငါ မဟာတာအိုကို မအောင်မြင်သေးဘူးလေ၊ သေချာပေါက် သေလို့မဖြစ်ဘူးပေါ့" သူက ရှန်းရင်ကို သတိတကြီး ကြည့်ပြီး နောက်တစ်လှမ်းဆုတ်တယ်။

"ဖုန်းညာန်က ငါနဲ့မဟာတာအိုကြားက အကြီးမားဆုံး အတားအဆီးပဲ"

"အတားအဆီး" ကျူမင်က လက်သီးဆုပ်ကာ အော်တယ်။

"ပြန့်ရှင်းချန်၊ မင်းက နှလုံးသား မဲ့လှချည်လား၊ သူက မင်းဇနီး ဖြစ်ခဲ့တာနော်၊ မင်းအပေါ် သစ္စာရှိခဲ့ပြီး မင်းစိတ်ပျက်ရအောင် ဘာမှမလုပ်ခဲ့ဘူး ဒါပေမဲ့ မင်းသူ့ကို ဘယ်လိုဆက်ဆံရက်တာလဲ၊ မဟာတာအို‌ အောင်မြင်နိုင်ဖို့အတွက် မင်း သူ့ကျင့်ကြံဆင့်တွေ အားလုံးကို စုပ်ယူခဲ့ပြီး အမတအရိုးတွေကိုတောင် အမြတ်ထုတ်ခဲ့တယ်၊ သူ့ကို နာကျည်းချက်နဲ့ သေစေခဲ့တယ်ပေါ့ မင်း ဒီလောက် သူ့ကို ထိခိုက်အောင် လုပ်ထားတာတောင် တခြား ဘာလိုချင်နေတာလဲ"

အဲလူရဲ့အမူအရာကနေ အပြစ်ရှိစိတ် တစ်စက်မှ မရှိဘူးဆိုတာ သိသာတယ်။ သူက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။

"တကယ်လို့ မဟာတာအိုလမ်းဖွင့်ချင်ရင် စတေးမှုတချို့တော့လုပ်မှဖြစ်မယ်လေ"

"မင်း..."

"ကျူမင်" ပြန့်ရှင်းချန်အမူအရာက မည်းမှောင်သွားပြီး နှာမှုတ်တယ်။

"မမေ့နဲ့နော်၊ ငါ နှလုံးမဲ့တာအို လမ်းစဉ်ကျင့်မှ ကောင်းကင်နတ်ဘုရားဖြစ်လာနိုင်မယ်လို့ ပြောခဲ့တဲ့သူက မင်းဆိုတာ"

ကျူမင်က တောင့်တင်းသွားပြီး မျက်နှာမှာ အရောင်အသွေး မရှိတော့ဘူး။ သူ့မျက်လုံးထဲ တစ်စုံတစ်ရာ ဖြတ်ပြေးသွားတယ်။

"ငါ... ငါ မင်းလုပ်မယ်မထင်... ငါကဒီတိုင်း-"

"မင်း ဖုန်းညာန်ကို ခိုးဖို့အတွက် လုပ်ခဲ့ရုံလား" ပြန့်ရှင်းချန်က ကျူမင်ကို ဖြတ်ပြောပြီး ထေ့ငေါ့မေးလေတယ်။

"မင်းငယ်ငယ်လေးတည်းက သူ့ကို ကြိုက်ခဲ့တာလေ၊ မင်း နှလုံးမဲ့တာအိုလမ်းစဉ်အတွက် သိုင်းတွေကို ငါ့ဆီပေးချိန် မင်းရည်ရွယ်ချက်တွေကို ငါခန့်မှန်းမိပြီးသား၊ မင်းက ဖုန်းညာန်ရဲ့ ငါ့အပေါ်ခံစားချက်တွေကို ပျောက်သွားစေချင်ခဲ့တာလေ၊ ခု မင်းတို့နှစ်ယောက်လုံး တစ္ဆေအမတတွေ ဖြစ်နေပြီဆိုတော့ မင်းတို့ဆန္ဒပြည့်ပြီလို့ပြောနိုင်တယ်"

"ပါးစပ်ပိတ်ထား" ကျူမင်က ဒေါသတကြီး အော်လိုက်တယ်။ သူ့ကြည့်ရတာ အပြစ်ရှိစိတ်ရော ဒေါသရောထွက်နေတဲ့ပုံ။ သူ့လက်ထဲကဓားက ရှေ့ကလူကို ချိန်လေတယ်။

"ငါအဲတုန်းက တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေရှိခဲ့ပေမဲ့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ မင်း တကယ်ပဲ..." သူ့စကားကို သူ အဆုံးသတ်အောင် မပြောနိုင်တဲ့ပုံ။

တုန်ယင်စွာ အံကြိတ်ရင်း သူပြာလေတယ်။

"တာအိုအတွက်နဲ့ မင်းဇနီးကို သတ်မယ်လို့လေ"

သူ ပြောပြီးပြီးချင်း ရှိနေတဲ့လူတိုင်း အသက်ပြင်းပြင်းရှူမိသွားကြတယ်။

ချီး နောက်ထပ် ခွေးသားပဲ။

အဲတော့ သူက ဖုန်းညာန်ကို သတ်ခဲ့တဲ့သူပေါ့။ ပြီးတော့ ပိုဆိုးတာက လင်မယားတွေတဲ့လား။ ဖုန်းညာန်က မူလဝိညာဉ် ပျောက်ဆုံးရလောက်တဲ့အထိ နာကျည်းချက်တွေ အများကြီးရှိနေတာ မဆန်းတော့ဘူး။

ပြန့်ရှင်းချန်ရဲ့ အမူအရာက မပြောင်းမလဲ။

"ဟမ့် ပတ်သက်မှုအားလုံးကို ဖြတ်တောက်တာက မဟာတာအိုအောင်မြင်ဖို့ သော့ချက်ပဲ၊ ငါ့ဇနီးကို သတ်ပြီး တာအိုလမ်းစဉ်နောက်လိုက်မှ ကောင်းကင်မျိုးနွယ် ဖြစ်လာဖို့ မျှော်လင့်ချက်ရှိခဲ့တာ၊ သူ့ကို သတ်လို့ တစ်ခါမှ နောင်တမရဖူးဘူး"

"ပြန့် ရှင်း ချန်" ကျူမင် ဒေါသတကြီး အော်လိုက်တယ်။

"မမေ့နဲ့ မင်းလည်း ဖုန်းညာန် သေဆုံးမှုအတွက် ထပ်တူထပ်မျှ တာဝန်ရှိတယ်"

"..."

ကျူမင်က တောင့်တင်းသွားပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြန်တယ်။ သူ နောက်တစ်ကြိမ် တစ်ဖက်လူကို စေ့စေ့ကြည့်လိုက်တယ်။

"ငါ ဖုန်းညာန်ကို တကယ်ပဲစိတ်ပျက်စေခဲ့တယ်၊ အဲဒါကြောင့် ဒီနေ့ ငါ တစ္ဆေအမတ ဖြစ်လာခဲ့တာပဲ၊ မင်းကို လက်စား‌ချေဖို့ပေါ့"

ကျူမင်က လက်နက်ကို ဆွဲထုတ်ပြီး ချန်းယွဲ့ဆီ ဦးတည်လိုက်တယ်။

"ဖုန်းညာန်ရဲ့ မူလဝိညာဉ်ကိုပြန်ပေးစမ်း"

ဒါပေမဲ့ ပြန့်ရှင်းချန်က လှုပ်တောင်မလှုပ်။ သူက ကျူမင် တိုက်ခိုက်တာခံရမှာကို စိတ်ထဲ ထည့်တောင်မထည့်။ ကျူမင်က ချန်းယွဲ့ဆီမရောက်ခင် နောက်ပြန်ကန်ထွက်သွားတယ်။ အရှိန်က သူ့ဝိညာဉ်ကို မတည်မငြိမ် ဖြစ်စေခဲ့တယ်။

ကူယွဲ့က ကြမ်းပြင်ပေါ် လဲနေတဲ့ကျူမင့်ကို လှမ်းကြည့်လိုက်တယ်။ ရုတ်တရက် သူ ပြန့်ရှင်းချန်ကိုရော ကျူမင်ကိုပါ သဘောမကျတော့ဘူး။ ကျူမင်က တစ်ခုခုဖုံးကွယ်ထားမှန်း သူသိပေမဲ့ ဒီလောက်ကြီးလိမ့်မယ်လို့ မထင်ခဲ့တာ။ ကျူမင်က သူချစ်တဲ့သူရဲ့နှလုံးသားကို အနိုင်ရဖို့အတွက်နဲ့ တခြားသူတစ်ယောက်ကို နှလုံးမဲ့တာအိုလမ်းစဉ်ကိုလိုက်ဖို့ ဆိုက်ရောက်စေခဲ့မယ်လို့ မတွေးမိခဲ့ဘူး။ ရလဒ်အနေနဲ့ကတော့ ပြန့်ရှင်းချန်က ဆည်းပူးတဲ့အချိန် သူ့ဇနီးကို သူ သတ်ခဲ့တာပဲ။ ယောက်ျားတစ်ယောက်ချင်းစီက အရင်တစ်ယောက်ထက် ပိုပိုပြီးဆိုးလာတယ်။

သနားဖို့ကောင်းတဲ့တစ်ဦးတည်းသောလူက အသက်ရှင်နေချိန် သူမယောက်ျား သတ်တာခံခဲ့ရတဲ့ ဖုန်းညာန်ပဲ။ သူမ သေဆုံးပြီးတဲ့နောက်မှာ တစ္ဆေအမတအဖြစ် နာနာကျင်ကျင် ကြိုးစားခဲ့ပေမဲ့ သူမဆီကနေ မူလဝိညာဉ် ခိုးယူခံခဲ့ရတယ်။ သူမရဲ့မူလဝိညာဉ်က ပြန့်ရှင်းချန်ကို အချိန်တိုတွင်း နတ်ဘုရားအဖြစ် မြင့်တက်သွားအောင် ကူညီပေးခဲ့တာ ဖြစ်နိုင်တယ်။ ကူယွဲ့ မရေရာတာက ဘာလို့ပြန့်ရှင်းချန်က သူ့ရုပ်ရည်ကို ယူဖို့လိုတာလဲ။ တိုက်ဆိုင်မှုသက်သက်လား။

ကူယွဲ့က လေထဲကလူကို ကြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ ပိုင်ဇယ်နဲ့ တခြားသူတွေရဲ့ အကြွင်းအကျန်ဝိညာဉ်တွေကို ပြန်ရအောင် အရင်ဆုံးလုပ်ရမယ်။

"ရှန်းရင်"

ရှန်းရင် ခေါင်းညိတ်ပြီး မျက်စိတစ်မှိတ်အတွင်း ပြန့်ရှင်းချန်နောက် ပေါ်လာတယ်။ သူမ သူ့ကို လှမ်းဖမ်းဆွဲလိုက်တယ်။

ပြန့်ရှင်းချန်က ထခုန်တယ်။ ဒီတစ်ကြိမ်တော့ သူက မြန်မြန်တုံ့ပြန်ပြီး နောက်ကို ပေအနည်းငယ် ဆုတ်သွားပါလေရော။ သူ့အကြည့်က အေးစက်သွားပြီး သူ့ကိုယ်ထဲက နတ်ဘုရားစွမ်းအင်မှန်သမျှကို စုဝေးကာ ရှန်းရင်ဆီ ပစ်လွှတ်လိုက်တယ်။

သူမက တိုက်ခိုက်မှုကို ရှောင်ဖို့တောင် မရည်ရွယ်ခဲ့ပေမဲ့ သူမကို နဂိုက ဦးတည်နေတဲ့ နတ်ဘုရားစွမ်းအင်က သူမကိုကျော်ပြီး ဖုန်းညာန်ဆီ ဦးတည်နေတာမြင်လိုက်ရတယ်။

"ဖုန်းညာန်" ကျူမင်က အော်လိုက်တယ်။ သူ ပြေးသွားပေမဲ့ နောက်ကျလွန်းသွားပြီ။ အဲနတ်ဘုရားစွမ်းအင်က ဖုန်းညာန်ကိုထိမှန်သွားခဲ့တယ်။ သူမပိတ်မိနေတဲ့အင်းကွက်က ချက်ချင်း မည်းမှောင်လာခဲ့တယ်။

ဘယ်သူမှမတုံ့ပြန်နိုင်ခင် ဖုန်းညာန်က ရုတ်တရက် ရှေ့ကိုတစ်ဟုန်ထိုးတက်လာပြန်တယ်။ သူမ ပြန့်ရှင်းချန်ဆီ ပြေးသွားရင်း နာကျည်းမှုစွမ်းအင်က ခုတော့လုံးဝကို ပြည့်လျှံနေပြီ။ သူမရဲ့ရှိသမျှအားထုတ်သုံးလိုက်ပုံပေါ်ပြီး သူ့နာမည်ကို အော်ဟစ်လေတယ်။

"ပြန့် ရှင်း ချန်"

"ဖုန်းညာန် ဟင့်အင်း" ကျူမင် အထိတ်တလန့် အော်လိုက်တယ်။ အချိန်မရှိတော့ဘူး။ ဖုန်းညာန်က ရူးလောက်စရာ နာကျည်းမှုစွမ်းမင်ပမာဏထဲ နစ်မြုပ်နေပြီ။ သူမမှာကျန်ရစ်တဲ့ ဝိညာဉ်ခပ်ပါးပါးက လွင့်ပျောက်သွားခဲ့တယ်။ အခု ကျန်ရစ်တာက သူမနာကျည်းချက်ရဲ့ အမှောင်ထုပဲ။

"ဖုန်း... ညာန်..." ကျူမင် စိတ်လွတ်သွားသလိုမျိုး မြေကြီးပေါ် ဒူးထောက်ကျသွားခဲ့တယ်။ သူ့ကြည့်ရတာ လုံးဝကို မျှော်လင့်ချက်ကင်းမဲ့နေတဲ့ပုံ။

ရုတ်တရက် ပြန့်ရှင်းချန်ပတ်လည်က နတ်ဘုရားစွမ်းအင်က တိုးမြင့်လာတယ်။ သူ့ကျင့်ကြံဆင့်က သူတို့ မျက်စိရှေ့မှောက်မှာတင် မြင့်တက်စပြုနေပြီ။ ရှန်းရင် စောနက ဖယ်ရှားထားခဲ့တဲ့ နတ်ဘုရားစွမ်းအင်ကိုတောင် ပြန်ရရှိနေပြီး အပြာရောင်အလင်းကြားမှာ သူလိုချင်တာရသွားလို့ သိသိသာသာစိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ရပ်နေတယ်။

"တကယ်ပဲ၊ သူက ငါနဲ့မဟာတာအိုကြားက တစ်ခုတည်းသောအတားအဆီးကိုး၊ အခု သူပျောက်သွားပြီ၊ ငါနှလုံးမဲ့တာအိုကို ပြီးမြောက်သွားပြီး နတ်ဘုရားအစစ်ဖြစ်လာပြီ၊ ဟားဟားဟား..."

သူ့ပတ်လည်က နတ်ဘုရားစွမ်းအင်က ထူသထက်ထူလာတာမို့ စကားပြောရင်း ပိုပိုစိတ်လှုပ်ရှားလာတယ်။ သူ့ဖိနှိပ်အရှိန်အဝါက သူတို့ဆီ တစ်ရှိန်ထိုးပြေးဝင်လာတာမို့ လူတိုင်း လည်မျိုထဲသွေးအရသာကို ခံစားလိုက်ရတယ်။ ကျင့်ကြံဆင့်အနိမ့်ဆုံး ဂျပုလေးကတော့ ဒူးတစ်ဖက် ထောက်ကျသွားပြီး သွေးတွေပါအန်တော့တယ်။

All Chapters