အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
274
အခန်း ၂၇၄ ။ မြေအောက်လောကမှမုန့်ပေါ်
"ငါ့ကို ကူညီပါဦး" ကူယွဲ့က ရွေးချယ်စရာမရှိတော့ဘဲ ရှန်းရင်ကို အကူအညီလှည့်တောင်းရတော့တယ်။
တုံ့ဆိုင်းမှုမရှိ ရှန်းရင်က သူမကိုယ်ပေါ် တွယ်တက်ဖို့ကြိုးစားနေဆဲ စားဖိုမှူးကို ကောက်ယူပြီး ကူယွဲ့ဘက် ပြေးသွားလိုက်တယ်။ သူမက ပိုင်ဇယ့်ဓားကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ မြေကြီးပေါ် လွှဲယမ်းချလာတယ်။
ကူယွဲ့က သူ့မသေမျိုးချီကို အမြန်အသက်သွင်းပြီး ယိချင်းနဲ့ ပိုင်ဇယ်တို့ရဲ့ ဇက်ပိုးကို ရိုက်ချလိုက်တယ်။ တစ်ချိန်တည်းမှာပဲ မူးမေ့ဂါထာထုတ်သုံးလိုက်တာမို့ နှစ်ယောက်လုံး သတိလစ်သွားတော့တယ်။
"ဂိုဏ်းချုပ် အကြီးအကဲ" ဂျပုလေးက အလန့်တကြား ရှေ့ကိုလက်ညှိုးထိုးပြတယ်။
နှစ်ယောက်သား အချိန်မီ နောက်ပြန်လှည့်လိုက်တော့ သူတို့မျက်စိရှေ့ ဖြူဆွတ်နေတဲ့အလင်းထုကြီးကို မြင်လိုက်ရတယ်။ သူတို့ လူအုပ်ကြီးကို အတော်လေးဝိုးဝါးစွာသာ မြင်ရတော့တယ်။
အဲအင်းကွက်က ဒီကိုရောက်လာနေပြီ မြန်လိုက်တာ။
ကူယွဲ့ ဟုန်ယွီ့ဘက်အမြန်လှည့်လိုက်တယ်။ ဟုန်ယွီက ပြန်လည်ဝင်စားမှုစင်မြင့်ပေါ် တက်သွားတာ မြင်လိုက်ရတယ်။ သူ့ပတ်လည်မှာ ထူးဆန်းတဲ့ အင်းကွက်တွေနဲ့။ သူ ပိုင်ဇယ်နဲ့ စားဖိုမှူးကိုထိန်းချုပ်ဖို့ သုံးခဲ့တဲ့ပုလဲက ပြန်လည်ဝင်စားမှုစင်မြင့်အလယ်မှာ လွင့်မျောနေပြီး မျက်စိကျိန်းစရာ အဖြူရောင်အလင်းတန်းကို ထုတ်နေတယ်။ အထဲမှာတော့ ပုလဲထဲကနေ ဖောက်ထွက်ဖို့ ခြိမ်းခြောက်နေတဲ့ ပေါက်ကွဲမှုအရှိန်ဖိအားရှိတဲ့ပုံပဲ။
"လူတိုင်းရဲ့ အကြွင်းအကျန်ဝိညာဉ်တွေက အဲထဲမှာဖြစ်ရမယ်၊ သူက အဲဝိညာဉ်ပုလဲကို ဖောက်ခွဲဖို့ ကြိုးစားနေတာပဲ"
ကူယွဲ့မျက်နှာမှာ အရောင်အသွေး လုံးဝမရှိတော့ဘဲ ရှန်းရင်နဲ့ အကြည့်ချင်းဖလှယ်လိုက်တယ်။ တစ်ချိန်တည်း နှစ်ယောက်လုံး ဟုန်ယွီ့ဆီ အပြေး ပြေးလာခဲ့ကြတယ်။
ကူယွဲ့က သူ့ကိုယ်ထဲက ဓားချီအားလုံးကို အသက်သွင်းပြီး အင်းကွက်ပြင်နေတဲ့ ဟုန်ယွီ့ဆီ ဓားကို ဝှေ့ယမ်းလိုက်တယ်။
ဟုန်ယွီက သူ့ဆီ ဓားချီပမာဏအလိမ့်လိုက် ပြေးဝင်လာတာကို အာရုံခံမိတော့ သူ့လက်ကို ခါလိုက်တယ်။ သူ့နတ်ဘုရားစွမ်းအင်က ကူယွဲ့ရဲ့ဓားချီကို ချက်ချင်း လွင့်ပျောက်သွားစေတော့တယ်။
"ငါပြောပြီးပြီလေ - မင်းငါ့ကိုမတားနိုင်ပါဘူး"
ဟုန်ယွီ့အမူအရာက မည်းမှောင်သွားတယ်။
ကူယွဲ့က မဲ့ပြုံးပြုံးပြီး သူ့ရှေ့ကိုလက်ညှိုးထိုးလိုက်တယ်။
"ကျုပ်မတားနိုင်ပေမဲ့ သူတော့တားနိုင်တယ်"
ဟုန်ယွီ လှည့်ကြည့်လိုက်တော့ ရှန်းရင်က ပြန်လည်ဝင်စားမှု စင်မြင့်ပေါ် ရပ်နေပြီဆိုတာ မြင်လိုက်ရတယ်။ သူမက မျောလွင့်နေတဲ့ဝိညာဉ်ပုလဲကို လက်လှမ်းပြီး စင်ပေါ်ကနေ ဆင်းသွားတယ်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ဟုန်ယွီက အထိတ်တလန့်ရေရွတ်တယ်။ နောက်ဆုံးတော့ သူ့မျက်နှာအမူအရာက ဒေါသအရိပ်အယောင်ပါလာပြီ။
"အဲဝိညာဉ်ပုလဲကို ချထားလိုက်"
ရုတ်တရက် လေပြင်းဓားတွေက ကောင်းကင်ကို ပြည့်သွားပြီး တစ်ချောင်းချင်းစီက ရှန်းရင်ကို ချိန်ရွယ်နေတယ်။
"ရှန်းရင် ဝိညာဉ်ပုလဲကို ဂရုစိုက်နော်"
ကူယွဲ့က လှမ်းအော်လိုက်တယ်။
ရှန်းရင် ပြန်ရင်ဆိုင်လိုက်တော့မယ် လုပ်နေချိန်မှာတင် ရပ်သွားပြီး တစ်ဖက်လှည့်ကာ အနောက်ကို ပေအနည်းငယ်ပြန်ဆုတ်ခဲ့တယ်။
လေပြင်းဓားတွေက ကောင်းကင်ကနေ ဆင်းသက်လာပြီး ပြန်လည်ဝင်စားမှုစင်မြင့်ပတ်ပတ်လည်ကို ဆင်းသက်ကုန်တယ်။
အင်းကွက်က ချက်ချင်း မည်းနက်သွားတာမို့ မြေအောက်ဘုံကို ဖုံးလွှမ်းထားတဲ့ အနီရောင်အင်းကွက်ကြီးတောင် တဖျတ်ဖျတ် လှုပ်သွားတဲ့ပုံ။
ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။
"ရှန်းရင် ပြန်လည်ဝင်စားမှုစင်မြင့်ဘေးက အင်းကွက် - အပြင်ဘက်က အဲဒီအနီကြီး - ဖျက်ဆီးလိုက်"
ရှန်းရင်က တုံ့ဆိုင်းမနေဘူး။ လက်တစ်ဖက်က ဝိညာဉ်ပုလဲကိုကိုင်ထားပြီး နောက်လက်တစ်ဖက်ကို လက်သီးဆုပ်ကာ မြေကြီးကိုထိုးချလိုက်တယ်။ ဝုန်းခနဲအသံကျယ်ကြီးနဲ့အတူ အင်းကွက်က စတင်အက်ကွဲလာတယ်။ အက်ကွဲကြောင်းတွေက အင်းကွက်တစ်လျှောက် အမြန်ပျံ့နှံ့လာပြီး အနီရောင်အလင်းကို ပိုပိုပြီး ဖျော့တော့လာစေတယ်။ အက်ကွဲကြောင်းတွေက မြေကြီးထိပါ ဆက်လာပြီး အင်းကွက်အလွှာတွေကို ခွဲခြမ်းပစ်လိုက်တယ်။ နောက်တော့... ပြန်လည်ဝင်စားမှုစင်မြင့်က အက်သွားပါလေရော။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ဟုန်ယွီ ။ ။ "..."
"အာ... ဖေဖေနျို၊ ငါ တမင်သက်သက်လုပ်တာ မဟုတ်ပါဘူးလို့ပြောရင် ယုံမလား"
"မင်းဖင်ကိုယုံ" ကူယွဲ့ ရုတ်တရက် သူမကိုလည်ပင်းညှစ်ပစ်ဖို့ ထိန်းချုပ်မရတဲ့ဆန္ဒတွေ ခံစားလိုက်ရတယ်။
"မင်းက သောက်ကျိုးနည်းစပိုင် မဟုတ်လား" သူမ မြေကြီးကို ခွဲတာတင်ဆိုးနေပြီကို ဘာလို့ ပြန်လည်ဝင်စားမှုစင်မြင့်ကိုပါ အက်ကွဲအောင် လုပ်ဖို့လိုသလဲ။ သူမက ဟုန်ယွီနဲ့တစ်ဖွဲ့တည်းဖြစ်ရမယ်၊ မဟုတ်ဘူးလား။
ဒါပေမဲ့ အားလုံးက အဆင်ပြေနေသေးတယ် - ပြန်လည်ဝင်စားမှုစင်မြင့်က အက်သွားပေမဲ့ မပြိုကျသေးဘူး။
ဝုန်း...။
အက်ကွဲသံတွေက ပတ်ပတ်လည်မှာ အက်ခိုးထပ်လာပြီး မြေကြီးက အရှိန်ပြင်းစွာ တုန်ခါတော့တယ်။ ရှန်းရင် သူမလက်သီးကို ရုပ်ဖို့ အခွင့်အရေးတောင်မရခင် မြေပြင်ပေါ်က အက်ကွဲကြောင်းတွေက တစ်မီတာလောက် ဟသွားတယ်။ အက်ကွဲကြောင်းအဟက ပြန်လည်ဝင်စားမှုစင်မြင့်ဆီ တန်းတန်းမတ်မတ် ဦးတည်နေလေရဲ့။
ဟိုလီရှစ် ဟိုလီရှစ် ဟိုလီရှစ်
သူ တွေးမိထားတဲ့ဟာ မှန်လာပြီ။ ကူယွဲ့ ဖြူဖျော့သွားတယ်။ ငါတို့တော့ သွားပြီ၊ သွားပြီ၊ သွားပြီ...။
"ဖေဖေနျို၊ ငါ့ကို နင့်ဓားပေး"
"ဟမ်" ကူယွဲ့ အသက်ရှူအောင့်ပြီး ဆဲနေတုန်းရှိသေးတယ်။
ရှန်းရင်က သူ့ဓားကိုဆွဲလုပြီး တစ်ဖက်လှည့်ကာ ညာဘက်ဆီပြေးတယ်။ သူမလက်ထဲ ဓားကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး မြေကြီးကို ထိုးချကာ နောက်အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်တယ်။
ညာဘက်ခြမ်းမှာ ပိုပြီးကြီးမားတဲ့အက်ကွဲကြောင်းပေါ်လာပြီး ပြန့်ထွက်သွားချိန် ပြန်လည်ဝင်စားမှုစင်မြင့်ဆီ ဦးတည်နေတဲ့ အက်ကွဲကြောင်းတွေကို တားဆီးပစ်လိုက်တယ်။ စင်မြင့်ပတ်ပတ်လည်က မြေကြီးလည်း ပြန်တည်ငြိမ်လာပြန်တယ်။
ကူယွဲ့ စိတ်သက်သာရာရပြီး သက်ပြင်းပူကြီးထုတ်လိုက်တယ်။ သေစမ်း၊ သူ သေလုနီးပါး ကြောက်သွားတာ။
"အကြီးအကဲ၊ ဂိုဏ်းချုပ်" ရုတ်တရက် နောက်ထပ် ထိတ်လန့်တကြားအော်သံထွက်လာတယ်။
နှစ်ယောက်သားလှည့်ကြည့်ပြီး မျက်လုံးပြူးသွားခဲ့တယ်။
"ဂျပုလေး" သူတို့ သတိမထားမိခင် ဟုန်ယွီက ဂျပုလေးကို ပြန်လည်ဝင်စားမှုစင်မြင့်ဆီ ဆွဲခေါ်သွားပြီ။
"ခင်ဗျားဘာလိုချင်တာလဲ"
"ဝိညာဉ်ပုလဲက မရှိတော့ဘူး၊ ဒီမိန်းကလေးဝိညာဉ်က ထူးခြားတယ်၊ ပြန်လည်ဝင်စားမှုစင်မြင့်ကို ဖျက်ဆီးဖို့အတွက်လည်း သုံးလို့ရတယ်" ဟုန်ယွီက ကိစ္စကြီးတစ်ခုကို အောင်မြင်လိုက်ဟန် သူတို့နှစ်ယောက်ကို ပြုံးပြတယ်။ သူက ပြန်လည်ဝင်စားမှုစင်မြင့်ထဲ ဂျပုလေးနဲ့အတူ ချက်ချင်း ခုန်ချသွားတယ်။
"ဂျပုလေး" ကူယွဲ့ အော်လိုက်တယ်။ သူ အပြေးသွားဖို့ကို နောက်ကျလွန်းသွားပြီ။ နှစ်ယောက်သား ပြန်လည်ဝင်စားမှုစင်မြင့်ထဲ ပျောက်သွားတယ်။ ရွှေရောင်အလင်းကြီးထွက်လာတော့ ကူယွဲ့နှလုံးသား ရပ်သွားသလိုပဲ။ ဟုန်ယွီ ဒါကို တမင်သက်သက်လုပ်တာပဲ ဖြစ်ရမယ်။ သူက ပြန်လည်ဝင်စားမှုစင်မြင့်ကို ဖျက်ဆီးဖို့ ဝိညာဉ်ပုလဲတောင် လိုအပ်ခဲ့တာ မဟုတ်လောက်ဘူး။ သူက ဂျပုလေးဝိညာဉ်ကို တစ်လျှောက်လုံး အသုံးချချင်နေခဲ့တာပဲ။
"ငါတို့ဘာလုပ်သင့်လဲ၊ ရှန်းရင် မင်း ဂျပုလေးကိုမြင်ရလား"
"ဟင့်အင်း" ရှန်းရင်က ခေါင်းယမ်းပြပြီးတဲ့နောက် ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားတယ်။
"ဖေဖေနျို၊ နင့်မှာ ဂျပုလေးရဲ့ အကြွင်းအကျန်ဝိညာဉ်ကို ထည့်ထားတဲ့ပုလဲရှိလား"
"အင်း ဒါပေမဲ့-"
"ပစ်ထည့်လိုက်"
"ဘာ"
"မြန်မြန်"
ကူယွဲ့ သူ့မှာရှိတဲ့ဝိညာဉ်ပုလဲကို ထုတ်ပြီး ပြန်လည်ဝင်စားမှုစင်မြင့်ထဲ ပစ်ထည့်လိုက်တယ်။ နောက်အခိုက်အတန့်မှာ ဝုန်းခနဲအသံကျယ်ကြီး ကြားလိုက်ရတယ်။ ပြန်လည်ဝင်စားမှုစင်မြင့်က တစ်လက်မချင်းစီ ပြိုကျလာခဲ့တယ်။ အဲထဲကရွှေရောင်အလင်းက အရပ်မျက်နှာမျိုးစုံကို ပေါက်ကွဲထွက်သွားသလိုမျိုးပဲ။ အစက်အမှုန်လေးတွေအဖြစ် ဝေ့ဝဲနေပြီး ဓာတ်မီးအလင်းလိုမျိုး ဖြည်းဖြည်းချင်း မှောင်မည်းလာတယ်။
ကူယွဲ့ သူ့ပတ်လည်က ရွှေရောင်အစက်အပြောက်တွေကို အူတူတူစိုက်ကြည့်နေမိပြီး မျက်နှာ ပျက်သွားတယ်။
"ဂျပုလေး သူ-"
"သူပြန်ရောက်လာပြီ" ရှန်းရင်က ကြားဖြတ်ပြောတယ်။
"ဘာ" ကူယွဲ့ တန့်သွားတယ်။ ဒါပေမဲ့ ရှန်းရင်က ရွှေမှုန်လေးတွေ ပျံသန်းနေတဲ့နေရာဆီ လှည့်ကြည့်နေပြီ။
သူက သူမအကြည့်နောက် လိုက်ကြည့်လိုက်တော့ စောနက မှိန်သွားတဲ့ မီးအလင်းရောင်က နောက်တစ်ကြိမ် တောက်ပလာတာမြင်လိုက်ရတယ်။ ပြီးတော့ အမြင့်ကိုပျံသန်းသွားတာ နေရာစုံဆီ ပျံ့ထွက်သွားခဲ့တယ်။ ဟုန်ယွီ့အင်းကွက်ကြောင့် အရွယ်အစားကျုံ့သွားတဲ့ မြေအောက်ဘုံက နောက်တစ်ကြိမ် ကျယ်ပြန့်လာပြန်တယ်။
ပတ်ပတ်လည်မှာ ရွှေရောင်အလင်းစက်တွေ။ ရေလွှမ်းသလိုမျိုး တားလို့မရနိုင်။ ရှန်းရင် အရင်တစ်ခေါက်က မြေအောက်ဘုံက အရမ်းကို လင်းထိန်နေတာပဲလို့ ဘာလို့ပြောမှန်း ကူယွဲ့ နောက်ဆုံးတော့ နားလည်သွားပြီ။ တကယ်ပဲ အရမ်းကိုတောက်ပနေတာ။ သူ မော့ကြည့်လိုက်တာနဲ့ မြေအောက်ဘုံတစ်ခုလုံး ရွှေရောင်အလင်းတွေ ဖုံးနေတာ မြင်လိုက်ရတယ်။ အဆုံးမသတ်နိုင်တဲ့ ပင်လယ်လိုပဲ။ တစ်ခုတည်းသော အမည်းရောင်အရိပ်တွေက မိုးကုပ်စက်ဝန်းကို ဟိုနဲ့ဒီ ဖြတ်သန်းနေတဲ့ ယင်မြစ်။
ဒါ... မေ့ပျောက်မြစ်လား။ ပြန်လည်ဝင်စားမှုစင်မြင့်မှာတင် မဟုတ်ဘဲ မြေအောက်ဘုံတစ်ခုလုံးလား။
ကူယွဲ့ ငေးငိုင်နေဆဲ။ ရုတ်တရက် သူ့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားတယ်။ ရွှေပင်လယ်က အပြာရောင်ပင်လယ်နဲ့ ကောင်းကင်ယံအဖြစ် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားတယ်။
ဒါ... ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နယ်နိမိတ်လား။
ကူယွဲ့ လှည့်ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ လူတစ်ယောက်က မနီးမဝေးကနေ သူတို့ဆီ လျှောက်လာတာမြင်လိုက်ရတယ်။ သူမမျက်နှာမှာ လှပတဲ့အပြုံးတစ်ခု ဆင်မြန်းထားတယ်။
"ဂျပုလေး" ကူယွဲ့က ရင်တုန်သွားတယ်။ ကောင်းတယ် - သူမ အဆင်ပြေတာပဲ သူရှေ့ လျှောက်သွားမို့ရှိသေး ရှန်းရင်ရဲ့ အသံ ကြားလိုက်ရတယ်။
"မုန့်ပေါ်"
"..." ဘာ။
…
275
အခန်း ၂၇၅ ။ လိမ်လည်မှု
ကူယွဲ့ ရပ်သွားပြီး ရှန်းရင်ကို ကြည့်လိုက် ခုပိုပြီးစပ်ဖြီးဖြီးလုပ်နေတဲ့ ရွှမ်ထုံ့ကို လှည့်ကြည့်လိုက် ဖြစ်နေတယ်။ သောက်ကျိုးနည်း ဘာတွေလဲ။
"ဂျပုလေးလို့ ခေါ်ခံရတာ နေသားကျနေပြီကို" ရွှမ်ထုံက ရှန်းရင်ဆီ သွက်လက်စွာနဲ့ လျှောက်လာရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးတယ်။
"ဂိုဏ်းချုပ်က တကယ်ကို ဉာဏ်ကောင်းတာပဲ၊ ဘယ်တုန်းက သိခဲ့တာလဲ၊ ကျွန်မတောင် ကိုယ့်မှတ်ဉာဏ်ကို ချိပ်ပိတ်ပြီး အကြွင်းအကျန်ဝိညာဉ်ကို လက်လျှော့ထားတာ"
"အင်း..." ရှန်းရင်က တစ်ခဏတာ အတော်လေး လေးလေးနက်နက် စဉ်းစားနေတယ်။
"မိစ္ဆာနတ်ဘုရားက ငါတို့ကို နင့်ကိုရှာခိုင်းတည်းက"
မုန့်ပေါ်ရဲ့ နှုတ်ခမ်းထောင့်ဖျားက တွန့်ချိုးသွားပြီး အပြုံးက ဖျော့တော့သွားတယ်။
"ဒါဆို အစတည်းက သိခဲ့တာလား၊ ဂိုဏ်းချုပ် ရှင် ကျွန်မအတွက် သိက္ခာလေး နည်းနည်း ချန်ထားပေးလို့ရမလား၊ ကျွန်မ စိတ်ကျေနပ်ဖို့အတွက်ပဲ တခြားအချိန်လေး ဘာလို့မပြောပေးတာလဲ"
"အိုး" ရှန်းရင်က ခေါင်းညိတ်ပြီး ဆက်ပြောတယ်။
"ဒါဆို ငါနင့်ကို ပထမဆုံးမြင်ချိန် နင့်ဝိညာဉ်က နည်းနည်း ကွဲပြားနေတယ်ဆိုတာ နားလည်သွားတည်းကပဲ"
"..." အဲဒါ စောလွန်းမနေဘူးလား။
-_-|||
"ခဏ" ကူယွဲ့ တစ်ဖက်လှည့်ကာ သူတို့စကားဝိုင်းကို ကြားဖြတ်ပြောလိုက်တယ်
"ရှန်းရင် ဂျပုလေးက... သူက မုန့်ပေါ်ပေါ့၊ မင်း အစတည်းက သောက်ကျိုးနည်း သိခဲ့ပြီးသားကို ငါ့ကို ပြောပြဖို့တောင် ဘာလို့မတွေးခဲ့တာလဲ"
"နင်သိတယ် ထင်နေတာလေ" ရှန်းရင် သူမခေါင်းကို စောင်းလိုက်တယ်။
"ငါ့ဖင်ကိုသိ" သူမ တစ်ခွန်းမှမပြောဘဲ သူက ဘယ်လိုလုပ်သိမှာတုံး။
"ဘာတွေဖြစ်နေတာတုံး၊ သူက ချန်ကောကိုယ်တိုင် သူ့ကိုယ်ထဲကနေ ဖယ်ထုတ်ထားတဲ့ စိတ်နတ်ဆိုးမဟုတ်ဘူးလား"
"စိတ်နတ်ဆိုးတွေက ဝိညာဉ် မဟုတ်ပါဘူး၊ သူတို့ က သံသရာစက်ဝန်းရဲ့ စွမ်းအင်ကို အသုံးပြုရင်တောင် ဘဝတိုတိုလေး နည်းနည်းတည်းနဲ့ ဝိညာဉ်တစ်ခုလုံးအဖြစ် ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ" ရွှမ်ထုံက ရှန်းရင် မတုံ့ပြန်ခင် ရှင်းပြလိုက်တယ်။ သူမက ရှေ့တက်လာကာ ဆက်ပြောတယ်။
"အစတုန်းက ကျွန်မက မြေအောက်လောကမှာ ပျင်းစရာကောင်းလွန်းတယ်လို့ ခံစားခဲ့ရတဲ့သူပါ၊ ကျွန်မ သေမျိုးလောကထဲမှာ လျှောက်သွားချင်ခဲ့ပြီး မေ့ပျောက်မြစ်ထဲ အဲစိတ်နတ်ဆိုးနဲ့ လမ်းကြုံခဲ့တယ်၊ စပ်စုချင်စိတ်နဲ့ ကျွန်မက အဲဒါကို ကောက်ယူပြီး အတူတူပြန်ဝင်စားခဲ့တာပဲ၊ တကယ်တော့ အဲဒါမတိုင်ခင်တည်းက အကြိမ်ရေတချို့လောက် ပြန်ဝင်စားပြီးပြီ"
"မင်းဘာသာ သွားခဲ့တာလား၊ အဲဆို မိစ္ဆာနတ်ဘုရားက ငါတို့ကို မင်းဆီ ဘာလို့လမ်းညွှန်လိုက်ရတာလဲ"
သူက မုန့်ပေါ်ဆိုရင် ဘယ်လိုလုပ် မိစ္ဆာနတ်ဘုရားက မပြောနိုင်ရတာလဲ။ ကန်းနေတာလား။
"သူက ကျွန်မပြန်လည်ဝင်စားမှုအကြောင်း မသိပါဘူး" သူမ ခေါင်းယမ်းလိုက်တယ်။ သူတို့အားလုံးက ရှေးဟောင်းနတ်ဘုရားသုံးပါးရဲ့ တစ်စိတ်တစ်ပိုင်းလေ။ သူတို့ လောကကြီးထဲ ဖြစ်ပျက်မဲ့ကိစ္စမှန်သမျှကို တွက်ချက်နိုင်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဘာဖြစ်မလဲတော့ မခန့်မှန်းနိုင်ဘူး။
"ပြီးတော့ အစတုန်းက မေ့ပျောက်မြစ်မှာ ကျွန်မက အကြွင်းအကျန်ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထားခဲ့တယ်လေ၊ အဲဒါကြောင့် ဒီတစ်ချိန်လုံး ကျွန်မက မြေအောက်ဘုံမှာပဲရှိတယ်လို့ ထင်နေခဲ့တာပဲ၊ နောက်တော့ ဟုန်ယွီက ကျွန်မရဲ့အကြွင်းအကျန်ဝိညာဉ်ကို ရသွားခဲ့တယ်၊ အဲဒါကြောင့် ကျွန်မပျောက်နေမှန်း သူသိသွားခဲ့တာပဲ" ဟုန်ယွီကိုယ်တိုင်လည်း သူမအကြွင်းအကျန်ဝိညာဉ်က တခြားသူတွေအားလုံးနဲ့ ကွဲပြားတယ်ဆိုတာ နားလည်ခဲ့တာပဲ။ အဲဒါကြောင့် သူမကို အမတဘုံကနေ ကောင်းကင်မြေအောက်ဘုံဆီ ဆွဲခေါ်ခဲ့တာပေါ့။
"အဲဆို မိစ္ဆာနတ်ဘုရား ငါ့ကို ပေးတဲ့ ဇာတ်ကြောင်းကရော ဘာဖြစ်သွားလဲ" သူမအကြောင်းဆိုတာ အသိသာကြီး။
"ကျွန်မက ပြန်လည်ဝင်စားပြီးတဲ့နောက် သေမျိုး ဖြစ်လာပေမဲ့လည်း ကျွန်မကံက လူတိုင်းနဲ့ အတော်လေးကို ခြားနားတယ်လေ၊ တိုက်ဆိုင်တော့ သူက နတ်ဆိုးဘုံက ပြဿနာကို ဖြေရှင်းချင်နေတာ၊ အဲဒါကြောင့် သူ့တွက်ချက်မှုတွေထဲ ကျွန်မကို ထည့်သွင်းခဲ့တာပဲ"
ဇာတ်လမ်းထဲက မိန်းကလေးရဲ့ ဆိုးရွားတဲ့ကံကလည်း သူမက မုန့်ပေါ်ဖြစ်နေတယ်ဆိုတဲ့ အချက်နဲ့ ဆက်စပ်နေတယ်။
ရှုပ်ထွေးချက်ပဲ ဟုန်ယွီက ပြန့်ရှင်းချန်ကို ကောင်းကင်ဘုံဆီ အတင်းအကြပ် ပြန်ဆွဲခေါ်လာခိုင်းခဲ့တာ မဆန်းတော့ဘူး။ သူက သူမဝိညာဉ်က ထူးခြားတယ်လို့တောင် ပြောခဲ့တယ်။ ဘယ်လိုလုပ် မထူးခြားဘဲနေမှာလဲ။ သူမက မေ့ပျောက်မြစ်ရဲ့ ရှန်းကျွင်းလေ။
ကူယွဲ့က ခေါင်းစခြေဆုံး ရင်းနှီးနေတဲ့ သူစိမ်းကို စစ်ဆေးလိုက်တယ်။ သူ တစ်ခုခုပြောချင်တဲ့ပုံနဲ့ ပါးစပ်ဟလိုက်ပေမဲ့ ဘာစကားလုံးမှထွက်မလာဘူး။ တစ်အောင့်နေတော့ သူ ဘေးမှာလက်သီးဆုပ်ပြီး မေးလိုက်တယ်။
"အင်းပါ၊ အခု... မင်းက ဂျပုလေးလား ဒါမှမဟုတ် မုန့်ပေါ်လား"
"ကျွန်မက ၂ခုလုံးပါပဲ"
ကူယွဲ့က မျက်မှောင်ကြုတ်ပြီး အဖြေနဲ့မကျေနပ်။
"ဂျပုလေး၊ မင်း ငါတို့နဲ့ ပြန်လိုက်မလာနိုင်ဘူးလား"
"..." မုန့်ပေါ်က သူ့ကို ပြန်မဖြေ။ သူမ သူ့ကို ဘယ်လိုပြန်ဖြေရမလဲ မသိဘူး။
"ထားလိုက်ပါတော့" ကူယွဲ့က သက်ပြင်းချလိုက်တယ်။ သူ အဖြေကို ထပ်မကြားချင်တော့ဘူး။ သေစမ်း ဝူတိဂိုဏ်းက ဓားကျင့်ကြံသူတွေကို တပည့်အဖြစ် ရဖို့ ကံမပါလာဘူးလား။
"မင်းက မုန့်ပေါ်ဆိုမှတော့ အကြွင်းအကျန်ဝိညာဉ်ပျောက်ဆုံးနေသူတွေ ပြန်ပြီးရအောင် လုပ်ဖို့နည်းလမ်း ရှိလား"
"သူတို့ တခြားလူတစ်ယောက်ယောက်ရဲ့ ထိန်းချုပ်တာ မခံထားရသရွေ့ သူတို့ရဲ့ အကြွင်းအကျန်ဝိညာဉ်တွေက ပြန်လမ်း ရှာတွေ့သွားပါလိမ့်မယ်" သူမကပြုံးတယ်။
"ဖုန်းညာန်က သံသရာစက်ဝန်းထဲ ဝင်သွားပြီ၊ စောနကဖျက်ဆီးခံလိုက်ရတဲ့ လေလွင့်ဝိညာဉ်တွေက သူတို့ဝိညာဉ် နောက်တစ်ကြိမ် ပြန်ပုံစံမပေါ်လာခင် ရက်နည်းနည်းတော့ကြာလိမ့်မယ်"
ကူယွဲ့ စိတ်အေးစွာနဲ့ သက်ပြင်းချလိုက်တယ်။ အရာအားလုံး အဆင်ပြေတော့မယ်ဆိုတာ သိလိုက်ရတော့ တော်ပါသေးတယ်။
"အခြေအနေရှုပ်ထွေးနေတဲ့ လူတစ်ယောက်ရှိသေးတယ်..." မုန့်ပေါ်က ခက်ခဲတဲ့ပဟေဋ္ဌိကို ဖြေရှင်းဖို့ကြိုးစားနေသလိုမျိုး မျက်မှောင်ကြုတ်လိုက်တယ်။
"သူ့ဝိညာဉ်က ခုဆို လုံးဝလွင့်ပျောက်လုနီးပါး ဖြစ်နေပေမဲ့ သံသရာစက်ဝန်းထဲဝင်ဖို့ကို ငြင်းနေသေးတယ်"
ကူယွဲ့က သူမ ဘယ်သူ့အကြောင်းပြောနေလဲဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။
"ဟုန်ယွီလား"
သူမက ခေါင်းညိတ်ပြီး လက်ကိုယမ်းလိုက်တယ်။ ဆံပင်ဖြူ၊ မုတ်ဆိတ်မွေးဖြူကြီးနဲ့ အဘိုးကြီးတစ်ယောက်က သူတို့နှစ်ယောက်ရှေ့ပေါ်လာတယ်။ သူက မျက်နှာပေါ် ကြင်နာနူးးညံ့တဲ့ အမူအရာရှိသေးပေမဲ့ အခု ပိုပြီးစိုးရိမ်နာကျင်နေဟန်။ တစ်ချိန်က သူ့ကိုယ်ကို ဝိုင်းနေခဲ့တဲ့ နတ်ဘုရားစွမ်းအင်က ခုတော့ ဖောက်ထွင်းမြင်ရလုနီးပါးပဲ။ သူက အချိန်မရွေး ပျောက်သွားမလိုမျိုး ဖြစ်နေတယ်။
"မင်း..." ကူယွဲ့ကို မြင်တော့ ဟုန်ယွီ အံ့ဩသွားတယ်။ သူ့ကြည့်ရတာ တစ်ခုခုကို နားလည်သွားတဲ့ပုံနဲ့ ကိုယ်ကိုကိုင်းကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။ တိုက်ခိုက်မှုက သူ့ကိုယ်ထဲကနေ အပြည့်အ၀ ထွက်သွားပြီ။ သူ့ အမူအရာက လုံးဝကို မျှော်လင့်ချက်ကင်းမဲ့နေပုံ။
"ငါ ဒါကို စီစဉ်လာခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီ၊ အရာအားလုံးက ဒီလိုဖြစ်လာမယ်လို့ မထင်မိခဲ့ဘူး"
ကူယွဲ့က ဘာပြန်ပြောရမှန်းမသိတာမို့ မျက်မှောင်ကြုတ်လိုက်တယ်။ ဟုန်ယွီက အကျင့်အရ လူဆိုးတော့ မဟုတ်။ သူ့မှာ အတ္တကြီးတဲ့ ရည်ရွယ်ချက်တွေ ဖုံးကွယ်နေခဲ့တာ မဟုတ်ဘူး။ သူလိုချင်ခဲ့သမျှက လောကကြီးထဲကအရာအားလုံးကို သူ့ပုံစံအတိုင်း ထားထားချင်ခဲ့တာပဲ။ ပြန်လည်ဝင်စားမှုစင်မြင့်ထဲ ခုန်ချပြီး သူ့ကိုယ်သူဖောက်ခွဲခဲ့တယ်။ ပိုင်ဇယ်က ပြောဖူတယ်။ ဟုန်ယွီက တရားပွဲတွေ စီစဉ်ချိန် ဘယ်ဧည့်သည်ကိုမှ မငြင်းဆန်သလို သူ့ဘာသာလည်း မလျှိုထားဘူးတဲ့။ ကောင်းကင်လောကရဲ့ သက်ရှိ၈၀ရာခိုင်နှုန်းကျော်က သူ့ဆီကနေ ကောင်းချီးတစ်မျိုးမျိုးတော့ ရရှိထားတာပဲ။
သူလုပ်ခဲ့သမျှက မြေအောက်ဘုံကို ဖျက်ဆီးတဲ့နေရာမှာ အကူအညီရဖို့ လူတစ်ယောက်စီရဲ့ အကြွင်းအကျန်ဝိညာဉ်နည်းနည်းစီကို ခိုးယူဖို့ဆိုတာတောင် သူက စိတ်ရင်းတော့ ကောင်းတယ်ဆိုတာ ငြင်းလို့မရဘူး။ ပြီးတော့ သူက ဝိညာဥ်တွေကို ဘယ်လိုထိန်းချုပ်ရမလဲသိတယ်။ ပြန့်ရှင်းချန် လုပ်ခဲ့သလိုမျိုး မူလဝိညာဉ်တွေကို ခိုးပြီး သူ့ကောင်းကင်နတ်ဘုရားစွမ်းအင်ကို မြှင့်တင်လို့ရပေမဲ့ သူမလုပ်ခဲ့ဘူး။ အဆုံးထိ ထိန်းချုပ်ခံထားရတဲ့လူတွေကို မြေအောက်ဘုံထဲ ဝင်ခိုင်းပြီး သူသေကိုယ်သေ ချဖို့ကိုတောင် ခွင့်မပြုခဲ့ဘူး။
သူက တကယ်ကို လမ်းမှားရွေးမိတဲ့ ကြင်နာတဲ့လူတစ်ယောက်ပဲ။
"ထားလိုက်ပါတော့" ဟုန်ယွီက သက်ပြင်းချတယ်။ သူက ပိုပိုပြီး ဖောက်ထွင်းမြင်နေရပြီ။ အလင်းစက်လေးတွေက သူ့ဝိညာဉ်ထဲကနေ ပျံထွက်စပြုလာတယ်။
"ဘဝဆိုတာ အမြဲဒီလိုဖြစ်ဖို့ပါပဲ၊ သုံးလောကထဲက သက်ရှိတွေက သံသရာစက်ဝန်း ရဲ့နာကျင်မှုတွေကနေ လွတ်မြောက်ဖို့ ကံမပါလာကြဘူး၊ သူတို့တွေ သေမျိုးဘုံထဲ အသက်ရှင်ဖို့ တိုက်ခိုက်ရုံပဲ ရှိတယ်၊ ဘယ်လောက်ပဲ ငါကြိုးစားကြိုးစား ကောင်းကင်ကို မတိုက်ခိုက်နိုင်ဘူး"
"ဘာလို့ သံသရာစက်ဝန်းရဲ့နာကျင်မှုတွေလို့ ညွှန်းရတာလဲ" ရှန်းရင်က ရုတ်တရက် မေးလာတယ်။
ဟုန်ယွီက ကြောင်သွားပြီး သူမကိုကြည့်တယ်။
"တကယ်လို့ သံသရာစက်ဝန်းက နာမကျင်ရဘူးဆိုရင် ဘာလို့သေမျိုးတွေက အမတလမ်းစဉ်နောက်ကို လိုက်ဆည်းပူးကြမှာလဲ၊ ငါ့ဘဝဆန္ဒက သုံးလောကထဲက သက်ရှိတွေကို ဒီသံသရာစက်ဝန်းထဲကနေ လွတ်မြောက်အောင် ကူညီဖို့ပဲ"
"ဒါပေမဲ့ ဘဝဆန္ဒက ဘယ်လိုလုပ် သုံးလောကနဲ့ ဆိုင်သွားရတာလဲ"
"ဘာကို" ဟုန်ယွီ သူမကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။
"ဆိုလိုတာက ဦးလေးရယ်... လူဦးရေအပေါ် သုတေသနလုပ်ဖူးရဲ့လား၊ အမတလမ်းစဉ်နောက် လိုက်ဆည်းပူးကြတဲ့ လူတွေ အများကြီး ရှိပေမဲ့ သာမန်သေမျိုးဖြစ်နေတဲ့လူတွေက ပိုများပါတယ်"
"ဒါပေမဲ့ ဘယ်သူက ထာဝရ အသက်မရှင်ဘဲ နေချင်လို့လဲ"
"အော် သုံးလောကထဲကသက်ရှိတွေကို မေးပြီးပြီလား"
"အာ..." သူ့အသံက တိမ်ဝင်သွားတယ်။
"သူတို့အားလုံး ထာဝရအသက်ရှင်မှုကို လိုချင်တယ်လို့ မဆုံးဖြတ်ခင် သူတို့ကို မေးတောင်မမေးခဲ့ဘူးလား"
ရှန်းရင်က သက်ပြင်းချပြီး တင်ပျဉ်ခွေထိုင်ချတယ်။ သူမက မေးစေ့ကို လက်ထောက်ပြီး ပြောတော့တယ်။
"ထာဝရအသက်ရှင်ရတာ ကောင်းလောက်ပေမဲ့ ဦးလေးက အဲလိုမျိုး စဉ်းစားတဲ့ တစ်ဦးတည်းသောသူ ဖြစ်နိုင်တယ်လေ၊ လူတစ်ယောက်စီမှာ မတူညီတဲ့ထင်မြင်ချက်တွေ ရှိကြတယ်၊ သိရသလောက်ဆို တချို့သူတွေက အသက်တောင် ရှင်ချင်ကြတာ မဟုတ်ဘူး"
"ငါ..." ဟုန်ယွီ ဖြူဖျော့သွားတယ်။ သူ ဘယ်လိုတုံ့ပြန်ပြောရမလဲ မသိတော့ဘူး။
"မေးတောင်မမေးဘဲ သူတို့အတွက် ဆုံးဖြတ်ချက်ချတယ်၊ သမ္မတရွေးရင်တောင် လူတိုင်းမှာ ပြောခွင့်ရှိတယ်၊ သူတို့ အသက်ရှင်ချင်ချင် သေချင်ချင် ဒါက သူတို့ဆုံးဖြတ်ရမဲ့ကိစ္စပဲ၊ လူတိုင်းရဲ့ ရွေးချယ်ပိုင်ခွင့်အာဏာကို ယူသွားပြီးတော့ သူတို့ရဲ့ကောင်းကျိုးအတွက်ဆိုပြီး ပြောလို့မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား"
"..."
"ဦးလေး နတ်ဘုရားတစ်ပါးအနေနဲ့ ဒီလိုနှစ်ဖက်စံနှုန်းတွေ ရှိလို့ မဖြစ်ဘူးလေ"
…
276
အခန်း ၂၇၆ ။ မျက်နှာပြင်တံခါးပေါက်များ
ဟုန်ယွီက ခုလုံးဝကို တွေဝေသွားပြီ။ သူက ဒီကိစ္စတွေကို အရင်ကတစ်ခါမှ မစဉ်းစားခဲ့ဖူးသလိုမျိုး တဖြည်းဖြည်း ဇဝေဇဝါဖြစ်လာတယ်။ သူက တုန်ယင်စ ပြုလာတယ်။
"ငါတကယ်... မှားယွင်းခဲ့တာ ဖြစ်နိုင်လား"
"ဦးလေးမှားလားတော့ မသိပေမဲ့..." ရှန်းရင်က အသံကိုနှိမ့်ပြီး ဆက်ပြောတယ်။
"ဦးလေးအယူအဆတွေအားလုံးက လက်တွေ့ဘဝနဲ့ အဆင်ပြေရမယ်မလား၊ ဦးလေးက ရှေးအကျဆုံး နတ်ဘုရားတွေထဲက တစ်ပါးမလား၊ သံသရာစက်ဝန်းကို တစ်ခါမှ မဖြတ်သန်းဖူးသေးဘူးမဟုတ်လား၊ ကြည့်... အရင်က မလုပ်ဖူးဘူးဆိုရင် မကောင်းဘူးလို့ ဘယ်ပြောနိုင်မလဲ"
"..."
ရှန်းရင် သူ့ရဲ့ဖောက်ထွင်းမြင်ရလုနီးပါးကိုယ်ကို ပုတ်ပေးလိုက်တယ်။
"ဆိုရိုးစကားရှိတယ်လေ - ပြောမယုံကြုံမှသိတဲ့၊ ကောက်ချက်ချမသုံးသပ်ခင် သံသရာစက်ဝန်းထဲ အရင် ဝင်ကြည့်ပါလား"
"ငါ-"
သူက အခုပိုပြီးတောင် ဗျာများနေဟန်။ ဒါပေမဲ့ စောနကလိုတော့ မျှော်လင့်ချက်မဲ့နေတဲ့ပုံ မပေါ်တော့ဘူး။ သူ နားမလည်နိုင်သေးတဲ့ကိစ္စတွေ ရှိသေးပေမဲ့လည်း သူ့ဝိညာဉ်တွေကတော့ အလင်းမှုန်လေးတွေအဖြစ် ကွဲထွက်မနေတော့။
သူတို့ဘေးက မုန့်ပေါ်က စိတ်လှုပ်ရှားမှုကြောင့် ထခုန်လုနီးပါးဖြစ်သွားတယ်။ သူမက လက်ကို အမြန် ယမ်းပြီး ဟုန်ယွီ့ကို အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ မေ့ပျောက်မြစ်ထဲ ဝင်သွားစေလိုက်တယ်။ သူ သံသရာစက်ဝန်းထဲ ဝင်သွားခဲ့ပြီ။
"မဆိုးဘူးပဲ - မင်းရဲ့ နားချမှုစွမ်းရည်တိုးတက်လာတယ်" ကူယွဲ့ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ ရှန်းရင်ကို တံတောင်နဲ့တွတ်လိုက်တယ်။
"ဖေဖေနျိုက ငါ့ကို သေချာသင်ပေးထားတာကိုး"
"ဖွီ" သူ ဘယ်တုန်းကမှ သူမကို အဲလိုမျိုး မသင်ဖူးပါဘူး။
"ဂိုဏ်းချုပ်က တကယ်ကိုမိုက်တာပဲ" မုန့်ပေါ်က ရှန်းရင်လက်ကို စိတ်လှုပ်ရှားစွာနဲ့ ဖမ်းဆုပ်လေတယ်။
"တကယ်တော့ ဒီလောကမှာ ဝိညာဉ်တိုင်းက အရေးကြီးတယ်၊ တကယ်လို့ သူသာ သံသရာစက်ဝန်းထဲ ဝင်ဖို့ငြင်းပြီး သူ့ဝိညာဉ်ကို လွင့်ပျောက်သွားစေခဲ့ရင် ကျွန်မအတွက် အတော်လေး ဒုက္ခဖြစ်စေမှာ"
"သံသရာစက်ဝန်းမရှိရင် သုံးလောကထဲက သက်ရှိတွေက တကယ်ပဲ ထာဝရအသက်ရှင်မှုကို ခံစားပျော်ရွှင်လိမ့်မလား" ကူယွဲ့ မေးလိုက်တယ်။
မုန့်ပေါ်က ခေါင်းယမ်းတယ်။
"တကယ်တော့ ဒီကမ္ဘာမှာ သက်ရှိတွေအားလုံး သူတို့အသက်မှာ အကန့်အသတ်ရှိပြီးသား၊ တကယ်လို့ သူတို့ အကြာကြီးနေရင် ဖြည်းဖြည်းချင်း ပြိုကွဲသွားလိမ့်မယ်၊ သူတို့ပိုပြီးတောင် ကြာကြာနေရင် သူတို့ဝိညာဉ်တွေက လွင့်ပျောက်သွားတာတောင် ဖြစ်နိုင်တယ်၊ အမတတွေနဲ့ နတ်ဘုရားတွေ ဖြတ်သန်းနေတဲ့ ကျင့်ကြံမှုတွေက သူတို့ဝိညာဉ်ကို နည်းနည်းကြာကြာ ဆက်ထိန်းလို့ရအောင် သန်မာစေနိုင်တာပဲ ရှိတယ်၊ ဒါပေမဲ့ မေ့ပျောက်မြစ်ကတော့ ဝိညာဉ်တစ်ခုကို မူလအခြေအနေ ပြန်ရောက်စေပြီး သန်မာအောင် လုပ်ပေးနိုင်တယ်၊ သံသရာစက်ဝန်း မရှိရင် သိပ်မကြာခင်မှာပဲ သုံးလောကထဲ ထာဝရအသက်ရှင်မှု နေနေသာသာ သက်ရှိတောင် ရှိတော့မှာမဟုတ်ဘူး"
အဲလိုကိုး။ သူမ အစတည်းက ဟုန်ယွီ့ကို ဒီလိုပြောခဲ့သင့်တာ။
"ကျွန်မက နဂိုပုံစံ ပြန်ရောက်နေပြီလေ၊ သုံးလောကရဲ့ကိစ္စတွေကို ဝင်မစွက်ဖက်နိုင်တော့ဘူး၊ ဒါကြောင့် ရှင်းပြဖို့အတွက်က ကျွန်မ မဟုတ်တာပါ" ရွှမ်ထုံက ကူယွဲ့အမူအရာကို မြင်ပြီးတော့ ထပ်ပြောလိုက်တယ်။
ကူယွဲ့က ဟိုဟိုဒီဒီကြည့်လိုက်တယ်။
"အော် ဟုတ်သား၊ မိစ္ဆာနတ်ဘုရားဘယ်မှာလဲ၊ သူက ငါ့ကို မင်းဆီ လမ်းညွှန်လိုက်တာပဲ၊ အခု မင်းကို ရှာတွေ့ပြီဆိုတော့ သူပေါ်လာလို့ရပြီမလား"
"သေချာပေါက် ကျုပ်ဒီမှာရှိပါတယ်" ကူယွဲ့ စကားပြောပြီးပြီးချင်း အသံတစ်သံက လေထဲပေါ်လာပြီး ရင်းနှီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးက သူတို့လူအုပ်ရှေ့ ဆင်းသက်လာတယ်။
"မတွေ့တာကြာပြီနော် နှစ်ယောက်လုံး" မိစ္ဆာနတ်ဘုရားက သူတို့ကို ကြင်နာစွာနဲ့ပြုံးပြတယ်။
"မုန့်ပေါ်ကို ရှာပေးတဲ့အတွက် နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်၊ အခု သုံးလောကထဲ ငြိမ်းချမ်းမှုရနိုင်ပြီ"
"အဲသောက်ပိုတွေတော်တော့၊ ကျုပ်တို့တွေ သူ့ကိုရှာတွေ့ပြီ၊ အခု ကမ္ဘာနှစ်ခု ဘယ်လို ပေါင်းစပ်နိုင်မလဲဆိုတာ ခင်ဗျားကျုပ်တို့ကိုပြောပြဖို့ အချိန်ကြပြီမလား" ကူယွဲ့ အသည်းအသန် မေးလိုက်တယ်။
"ဒါပေါ့" မိစ္ဆာနတ်ဘုရားက ဖြေကာ စပ်ဖြဲဖြဲလုပ်တယ်။ သူလက်မြှောက်လိုက်တော့ သူတို့ရှေ့ စာလိပ်တစ်ခုပေါ်လာတယ်။
"ဒါက ကမ္ဘာနှစ်ခုကြားက တံခါးကို ဖွင့်ဖို့သိုင်းပဲ၊ ဒီသိုင်းကို နားလည်သွားတာနဲ့ ကိုယ့်ကမ္ဘာဆီ ပြန်လို့ရပြီ"
ကူယွဲ့စာလိပ်ကို လက်ခံလိုက်တယ်။ မိစ္ဆာနတ်ဘုရားက သူတို့ကို ဖြေရှင်းနည်း ဒီလောက်အလွယ်လေး ပေးလာမယ်လို့မထင်ခဲ့ဘူး။ သူ့ရဲ့နဂိုကမ္ဘာနဲ့ ဝေးနေခဲ့တာ အရမ်းကို ကြာနေခဲ့ပြီ။ ရှန်းရင်ပေါ်လာတာကြောင့်သာ မဟုတ်ရင် သူ အဲကမ္ဘာထဲကအရာအားလုံးကို နောက်မှာချန်ထားခဲ့မှာ။
"လုပ်ဖို့က အင်းကွက်ဖန်တီးရုံပဲလား" ရှန်းရင်က စာလိပ်ကို စပ်စုစွာလှမ်းကြည့်လိုက်တယ်။
"ဝင်ခွင့်ကတ်ပြား မလိုဘူးလား"
"ဝင်ခွင့်ကတ်ပြားလား" မိစ္ဆာနတ်ဘုရား သူမဘာဆိုလိုလဲဆိုတာ နားမလည်လို့တန့်သွားတယ်။ တစ်အောင့်နေတော့ သူကပြောတယ်။
"ကမ္ဘာနှစ်ခုကို ချိတ်ဆက်ဖို့ နတ်ဘုရားစွမ်းအင်ပမာဏအများကြီးလိုတယ်၊ တစ်ယောက်က ကောင်းကင်ဘုံက တံခါးတွေကို ဖွင့်မှဖြစ်မယ်" သူက လက်ကိုနောက်တစ်ကြိမ် ဝှေ့ယမ်းတော့ ထွက်ပေါက်၂ခုပေါ်လာတယ်။
"ဒါတွေက အမတဘုံနဲ့ ကောင်းကင်ဘုံဆီ ထွက်ပေါက်တွေပဲ၊ နှစ်ယောက်သား ဘယ်တံခါးကို ဖြတ်မလဲဆိုတာ သေချာစဉ်းစားဖို့ မျှော်လင့်တယ်"
ချီး၊ အဲလောက်လွယ်မှာ မဟုတ်မှန်း သိသားပဲ။ သူ နှစ်ခုထဲက တစ်ခုပဲရွေးလို့ရမှာ။
"ဆိုလိုတာက တစ်ခုကိုရွေးလိုက်ရင် နောက်တစ်ခုကိုဖြတ်သွားလို့မရဘူးလား" ရှန်းရင်မျက်လုံးတွေ မှေးသွားတယ်။
မိစ္ဆာနတ်ဘုရားက တန့်သွားပြီး ချက်ချင်း စပ်ဖြီးဖြီးလုပ်တယ်။
"အာ... သေချာပေါက်ရတာပေါ့၊ ဝိညာဉ်ကူးပြောင်းအင်းကွက်က အသက်သွင်းဖို့ အချိန်အတော်ကြာရုံပဲ၊ ပြီးတော့ အဲဒါကို အသက်သွင်းတာက ကျင့်ကြံမှုလိုတယ်၊ အနည်းဆုံးတော့ ရှန်းကျွင်းတစ်ယောက်လိုမှာပဲ"
"အိုး" ရှန်းရင်က မိစ္ဆာနတ်ဘုရားကို ခေါင်းစခြေဆုံးကြည့်တယ်။ တစ်စုံတစ်ရာက မျက်လုံးထဲ လက်သွားပေမဲ့ မေးခွန်းဆက်မမေးတော့ဘူး။
"ဒါဆို ကျုပ်တို့ ကောင်းကင်လောကဆီ အရင်သွားမယ်"
ကူယွဲ့က အမြန်ဖြေလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စားဖိုမှူးက အဲမှာရှိနေသေးတယ်။ ဒါဆို အင်းကွက်ကို လေ့လာဖို့ သူတို့အတွက် နောက်ကျလွန်းမှာမဟုတ်ဘူး။
"အဲလိုဆိုမှတော့ ကောင်းကင်လောကဆီသွားဖို့ ညာဘက်ထွက်ပေါက်ကနေ သွားလို့ရပါတယ်" မိစ္ဆာနတ်ဘုရားက သူတို့ညာဘက်ကို လက်ညှိုးထိုးပြတယ်။
ကူယွဲ့နဲ့ရှန်းရင် အကြည့်ချင်းဖလှယ်ကာ ညာဘက်ထွက်ပေါက်ဆီ လျှောက်လာခဲ့တယ်။ မုန့်ပေါ်က ရုတ်တရက် သူတို့နောက်ကနေ လှမ်းခေါ်တယ်။
"ဂိုဏ်းချုပ်..."
"ဟမ်" နှစ်ယောက်သား အလိုလိုလှည့်ကြည့်လိုက်တယ်။
မုန့်ပေါ်က ရပ်သွားတယ်။ ရှင်းပြမရတဲ့ ခံစားချက်တွေက သူမမျက်နှာထက် ဖြတ်ပြေးသွားပြီး လက်တွေက တုန်ရီနေတယ်။ အားရပါးရ ပြုံးရယ်ပြကာ သူမက ပြောတယ်။
"ဂိုဏ်းချုပ်၊ ကူယွဲ့၊ ကျွန်မ... လာလည်ဖို့ ဝူတိဂိုဏ်းဆီ ပြန်လာလို့ရသေးလား"
ကူယွဲ့ မျက်မှောင်ကြုတ်ကာ ခေါက်းညိတ်ပြလိုက်တယ်။
"အင်း" သူမက ဂျပုလေး မဟုတ်တော့ရင်တောင်မှပေါ့။
"ကျေး... ကျေးဇူးပါ" သူမအပြုံးက ပိုလေးနက်သွားပေမဲ့ အကြည့်ထဲထိတော့ ရောက်မလာ။ သူမက တစ်ခုခုကို ဖုံးကွယ်နေသလိုပဲ။
"နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ် နှုတ်ဆက်ပါတယ် အကြီးအကဲ"
ဓားကျင့်ကြံမှုမှာ စိတ်ဝင်စားခဲ့တဲ့ သူတို့ရဲ့တစ်ဦးတည်းသောတပည့်က သွားပြီ။ ကူယွဲ့ သက်ပြင်းချကာ တစ်ဖက်လှည့်လိုက်ပြီး တံခါးအပြင်ကို ထွက်ဖို့ပြန်လုပ်လိုက်တယ်။
"ခဏ" ရှန်းရင်က သူ့ကိုဆုပ်ကိုင်ပြီး ပြန်ဆွဲထားလိုက်တယ်။ သူမက လှည့်ကာ သူတို့ကို မျှော်ကြည့်နေဆဲ မုန့်ပေါ်ကို ဖျတ်ခနဲကြည့်လိုက်တယ်။ သူမဘေးက မိစ္ဆာနတ်ဘုရားဘက် လှည့်ကာ တစ်ခဏနေတော့ သူမ မေးလိုက်တယ်။
"မိစ္ဆာနတ်ဘုရား၊ ဒီထွက်ပေါက်က... မျက်နှာပြင်တံခါးတော့ မဟုတ်ဘူးမလား"
"..."
သူမ စကားဆုံးဆုံးချင်း အနောက်ကနေ အဖြူရောင်အလင်းကြီးထွက်လာတယ်။ ကူယွဲ့ ခြေတစ်ဖက်နင်းမိပြီးသား ဝင်ပေါက်က သူတို့ဆီ စတင်ရွှေ့လာတယ်။ တံခါးက သူတို့တစ်ကိုယ်လုံးကို ဝါးမျိုတော့မလိုပဲ။ သူတို့မျက်လုံးထောင့်ကနေ သွေးပျက်နေတဲ့အမူအရာတစ်ခုကို ဖမ်းမိလိုက်တယ်။
ဒီနောက်မှာတော့ နှစ်ယောက်သား လုံးဝကို ကွဲပြားတဲ့ပတ်ဝန်းကျင်ဆီ ရောက်နေတာ တွေ့လိုက်ရတယ်။ ငှက်တွေ တကျည်ကျည်မြည်သံနဲ့အတူ အားတက်သရောအသံတစ်သံက သူတို့ဆီ ဦးတည်လာတယ်။
"မင်းတို့တွေ တက်စီလိုကြသေးလား၊ ဒါ တစ်မြိုလုံးမှာ ဈေးအနည်းဆုံးပဲ၊ မင်းတို့ ဘယ်ဟိုတယ်ကို သွားချင်ကြလဲ" သက်လတ်ပိုင်းအရွယ်လူက လူကူးမျဉ်းကြားကိုဖြတ်ပြီး သူတို့ဆီ လျှောက်လာကာမေးတယ်။
"မင်းတို့ ရှေးဟောင်းပုံစံဝတ်စားထားပုံအရ ခုမှအလုပ်ဆင်းလာကာစထင်တယ်"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ဒါ... ခေတ်သစ်ကမ္ဘာပဲ။
ခွေးမ*သား
——————
တစ်လအကြာ။
"ငါကြည့်ပြီးပြီ၊ မိစ္ဆာနတ်ဘုရား ငါ့ကိုပေးလိုက်တဲ့ စာလိပ်ထဲ ဘာအင်းကွက်မှ မရှိဘူး၊ ဒါလုံးဝကို ဗလာပဲ"
"အိုး"
"သူ ဒါကို တမင်လုပ်တာပဲ၊ အစတည်းက သူက ငါတို့မုန့်ပေါ်ကို တွေ့တာနဲ့ ဒီကို ပြန်ပို့ချင်နေတာ"
"အင်း"
"ဒီခွေးကောင်က ငါတို့ကို အသုံးချပြီးတာနဲ့ ကန်ထုတ်လိုက်တာပဲ၊ သူက ကောင်းကင်တာအိုအောက် သူ့ကတိကို ထိန်းနေတဲ့ပုံစံတောင် သရုပ်ဆောင်ရဲခဲ့သေးတယ်ပေါ့၊ အခု ငါနောက်ဆုံးတော့ နားလည်သွားပြီ၊ သူက ကောင်းကင်တာအိုနဲ့ အဆင့်ညီတယ်၊ သူ့ဆီက ဘာကတိပဲဖြစ်ဖြစ် ဘာမှအသုံးမဝင်ဘူး"
"အိုး" ရှန်းရင် ကသူမကိုလာကိုတစ်ငုံသောက်ပြီး ကီးဘုတ်ကို တတောက်တောက်ရိုက်နေတယ်။
"ပြီးတော့ ငါအဲကမ္ဘာမှာ နှစ်ရာနဲ့ချီ ကုန်ဆုံးခဲ့ပြီးပြီဆိုပေမဲ့ ဒီကမ္ဘာမှာတော့ လေးငါးရက်ပဲ ကြာသေးတယ်၊ အချိန်ကွာခြားချက်က အရမ်းကိုကြီးလွန်းတာပဲ"
"အိုး" ရှန်းရင်က သူ့ကို ခေါင်းမော့ကြည့်လိုက်တယ်။ နောက်တော့ သက်ပြင်းချတယ်။
"အဲတော့... ဒါနဲ့ပတ်သက်ပြီး ငါ့ကိုလာရှာတာလား"
"သေချာပေါက် မဟုတ်ဘူးပေါ့" သူ့အမူအရာက မည်းမှောင်သွားခဲ့တယ်။
"ငါ ဒီရက်ပိုင်း ရုံးဆီ ပြန်သွားပြီးတဲ့နောက်မှာ ကိစ္စတစ်ခု သိခဲ့ရတယ်"
သူက သုန်မှုန်စွာနဲ့ ရှန်းရင် အိုင်ပတ်ကို ကောက်ယူပြီး ဗီဒီယိုတစ်ခုဖွင့်ကာ သူမမျက်နှာရှေ့ ထားလိုက်တယ်။
"ဒါကိုကြည့်"