← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း ၂၈၆ ။ အင်္ကျီလဲခြင်း

ယိချင်းက အဝတ်ကို ယူဖို့ ရွေ့လိုက်ပြီး ရှန်းရင်ကို လှမ်းကြည့်တယ်။ သူက ခြေတစ်လှမ်းမှ မခွာ

"မင်း သူ့ကို ဘာတွေကြည့်နေတာလဲ" ကူယွဲ့က နှုတ်ခမ်းသပ်လိုက်တယ်။

"သူက မင်းလဲဖို့ ကူပေးနိုင်လို့လား"

သူက ငြိမ်ငြိမ်လေး နေနေသေးပေမဲ့ ပိုပိုပြီး စိုးရိမ်လာတဲ့ပုံ။

ရှန်းရင်က သူ့ကိုကြည့်လိုက်တယ်။

"ငါ ထွက်မသွားပါဘူး"

ယိချင်းရဲ့ မျက်နှာအမူအရာက စိတ်အေးသွားတဲ့ပုံ။ သူ့ရှေ့က အဝတ်အစားကို ယူပြီး ဇဝေဇဝါဖြစ်နေတဲ့ပုံ။

"ဒါ ဘာလဲ" သူ့အဝတ်အစားတွေက ဘာလို့ အပိုင်းပိုင်းဖြစ်နေရတာလဲ။

စားဖိုမှူးက ဒီကမ္ဘာက မဟုတ်မှန်း ကူယွဲ့ မေ့လုနီးပါးဖြစ်သွားခဲ့တာ။

ကူယွဲ့ရဲ့နှုတ်ခမ်းထောင့်က တွန့်ချိုးသွားပြီး အင်္ကျီတွေကို ပြန်ယူလိုက်တယ်။ သူ ရှန်းရင်ကို တစ်ချက်ကြည့်ပြီးတော့ ယိချင်းကို ရေချိုးခန်းထဲဆွဲခေါ်ခဲ့တယ်။

"ဝင်လာခဲ့" သူ တစ်စုံတစ်ယောက်သောသူ ချောင်းမကြည့်အောင် တံခါးကို ဘန်းခနဲ အသံကျယ်ကြီးနဲ့ ပိတ်လိုက်တယ်။ သူတို့တွေ အိမ်သာထဲ စတင်ဆွေးနွေးတော့တယ်။

"ချွတ်၊ မင်းရဲ့ဘောင်းဘီတွေပါ"

"ဘာလို့လဲ"

"ပြောရင် စကားသာနားထောင်စမ်းပါ၊ အဓိပ္ပာယ်မရှိတာတွေ အများကြီးပြောနေတာတော်တော့၊ ဘာလို့မလှုပ်တာလဲ၊ ဘောင်းဘီချွတ်ပါဆိုနေ"

"အိုး"

"ငုံ့၊ ခြေထောက်တစ်ဖက်မ... မြင့်မြင့်၊ မင်းခြေထောက်မမြှောက်ရင် ငါဘယ်လိုလှုပ်ရမလဲဟ"

"ပြီးပြီလား"

"ဟုတ်ပြီ၊ အနားတိုးလာ၊ မင်း ဟန်ချက်ညီအောင် မနေနိုင်ရင် ငါ့ကို မှီထားလို့ရတယ်"

"အင်း... ခင်ဗျားဟာက ကြပ်လိုက်တာ"

"မင်းနာမှာတောင် မကြောက်တာ၊ ဘာလို့ နည်းနည်းလေး ကြပ်နေတာကို ကြောက်နေတာလဲ သည်းခံလိုက်"

တံခါးအပြင်ဘက်က ရှန်းရင် ။ ။ "..."

သူမ ညစ်တီးညစ်ပတ် တစ်စုံတစ်ရာကို နားထောင်နေမိသလိုပဲ။

အိမ်သာထဲ နှစ်ယောက်သား မိနစ်၂၀လောက်ကြာပြီး‌မှ ထွက်လာကြတယ်။ ယိချင်းက လုံးဝကို ပုံစံပြောင်းသွားပြီ။ သူက ကူယွဲ့လိုမျိုးပဲ အဖြူရောင်တီရှပ်ကို ဝတ်ထာစတယ်။ ဖေဖေနျိုက ဘယ်ထောင့်ကကြည့်ကြည့် သူဌေးပုံစံ။ ဒါပေမဲ့ ယိချင်းကတော့ ကစားကွင်းအပြင် ထွက်လာတဲ့ လူငယ်လေးလိုပဲ။ သူ့အသားအရေက အင်မတန်တောက်ပနေပြီး ဘေးအိမ်ကကောင်လေးနဲ့တူတယ်။

ယိချင်းက သူ့အဝတ်အစားတွေကို မသက်မသာ ဆွဲချနေပြီးမှ သူ့အကြည့်က ရှန်းရင်ဆီ ရောက်သွားတယ်။ တစ်ယောက်ယောက်က သူ့ကို ပိတ်လှောင်ထားလိုက်သလိုမျိုး ဂနာမငြိမ်တာ ရပ်တန့်သွားခဲ့တယ်။ တုံ့ဆိုင်းစွာနဲ့ သူမေးလိုက်တယ်။

"ဆရာ"

"အင်း"

"နောက်ကျနေပြီလေ၊ ဗိုက်ဆာနေပြီလား၊ ဟင်းပွဲတချို့ ပြင်ပေးစေချင်လား"

ကူယွဲ့ ။ ။ "..."

ရှန်းရင် ။ ။ "..."

သူ အဲလောက်မြန်မြန် သူ့ဇာတ်ရုပ်ဆီ ပြန်သွားဖို့လိုလို့လား။

အံ့ဩဖို့ကောင်းစွာပဲ ရှန်းရင်က သဘောမတူ။ သူမက ပန်းသီးကိုဝါးစားပြီး သူ့ဆံပင်ရှည်ကြီးကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။ နောက်တော့ သူမက ဆိုဖာကို ပုတ်ပြတယ်။

"ဒီကိုလာခဲ့"

ယိချင်းက သွက်လက်စွာ လျှောက်လာတယ်။

"ထိုင်ချ"

"ဆရာ"

သူမက ဘေးက လက်ဖက်ရည်စားပွဲကနေ သားရေကွင်းတစ်ခု ကောက်ယူပြီး သူ့ကျောနောက်ကို လက်ညှိုးထိုးပြလိုက်တယ်။

"နင့်ဆံပင်"

ယိချင်းက ကြောင်သွားပြီးမှ နားလည်သွားခဲ့တယ်။ သူက သူမဘေး လိမ်လိမ်မာမာထိုင်ချပြီး ဒူးကို ဖက်ထားကာ သူ့ကိုယ်သူ ဘောလုံးတစ်လုံးလို ကွေးနေလိုက်တယ်။ သူမ လက်ချောင်းတွေ သူ့ဆံပင်ကို ထပ်တလဲလဲ ဖြီးသင်ပေးတာက တစ်ချက်ချင်းစီတိုင်းမှာ သူ့နှလုံးသားကို နှစ်သိမ့်ပေးနေသလိုပဲ။ သူ နှစ်ပေါင်းထောင်ချီ မြင့်မြင့်နိမ့်နိမ့် ရှာဖွေခဲ့ပေမဲ့လည်း ရှန်းရင်ကို ရှာမတွေ့ခဲ့တဲ့ ကူကယ်ရာမဲ့မှုနဲ့ နာကျင်မှုအားလုံး တဖြည်းဖြည်းချင်း သူ့ကိုယ်ထဲကနေ စိမ့်ထွက်သွားသလိုပဲ။ ချက်ချင်းလက်ငင်း သူ့နှလုံးသားက စတင်ပြီး ပြန်ပြည့်လာခဲ့တယ်။ သူ မပြုံးမိအောင် မနည်းထိန်းနေရလေရဲ့။

ရှန်းရင်က ယိချင်းဆံပင်ကို ဖြီးပေးနေတာကြည့်ပြီး ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ ဘာကြောင့်မှန်းမသိ လေထဲ ချဉ်စူးစူးအနံ့ ရလိုက်သလိုပဲ။

"စားဖိုမှူး မင်းဘယ်လိုတောင် ဒီကမ္ဘာဆီ ရောက်လာတာလဲ"

ကူယွဲ့က ခေါင်းစဉ်ပြောင်းလိုက်တယ်။

ယိချင်းအမူအရာက မည်းမှောင်သွားပြီး ဩရှရှဖြေတယ်။

"ကျွန်တော်... ကျွန်တော် ခင်ဗျားတို့ကို မရှာတွေ့တော့ အမတဘုံဆီပြန်ပြီး မိစ္ဆာနတ်ဘုရားကို ရှာခဲ့တယ်၊ သူက လောကတံခါးတွေကို ဖြတ်သန်းဖို့ ကူညီပေးခဲ့တာပဲ"

"သူ မင်းကို ဘယ်လိုလုပ်ကူညီတာလဲ" ကူယွဲ့ သူ့ကို မယုံနိုင်စွာကြည့်လိုက်တယ်။ အဲခွေးကောင်က ဒီလောက်ကောက်ကျစ်တာ - အစကနေ အဆုံးထိ အမှန်စကားတစ်ခွန်းမှမဆိုခဲ့ဘူး။ တကယ်လို့ သူသာ သူတို့ကို မလိမ်ခဲ့ရင် ပြန်ပို့ခံရမှာတောင် မဟုတ်ဘူး။

"တကယ်ပဲ၊ သူက သဘောမတူခဲ့ဘူးလေ" ယိချင်းက မျက်မှောင်ကြုတ်တယ်။

"ဒါကြောင့် သူနဲ့တိုက်ခိုက်ခဲ့တယ်"

ကူယွဲ့ မျက်လုံးပြူးသွားတယ်။

"သူက မင်းကို အဲလိုမျိုး ဒဏ်ရာရအောင် လုပ်ခဲ့တာလား" အထင်ကြီးစရာပဲ ရှေးဟောင်းနတ်ဘုရားကို သူ့ဘာသာချနိုင်တယ်ပေါ့။

"ဟင့်အင်း" ယိချင်းက ခေါင်းခါဝယ်။

"ဒါက ဝင်ပေါက်တံခါးကို ဖြတ်သန်းတဲ့အချိန် ဖြစ်ခဲ့တာ၊ အရှိန်အဝါတွေရဲ့ ရှုပ်ယှက်ခတ်နေတဲ့ စီးဆင်းမှုကြောင့် ဒဏ်ရာရခဲ့တာ"

"ဘာ... အရှိန်အဝါတွေစီးဆင်းမှုလား" ကူယွဲ့ ရှန်းရင်ဘက် လှည့်လိုက်တယ်။

"ငါတို့ပြန်လာချိန် ဘာအရှိန်အဝါစီးဆင်းနေတာမှ မခံစားခဲ့ရပါဘူး"

"မခံစားခဲ့ရဘူးလေ" ရှန်းရင်က ယိချင်းဆံပင်ကို ဆက်ပွတ်သပ်ပေးရင်း ပြောလာတယ်။

"ငါတို့က ဒီကလေ၊ သေချာပေါက် မျက်နှာပြင်က ငြင်းပယ်တာကို ခံရမှာမဟုတ်ဘူးလေ"

စားဖိုဖှူးက အတင်းအကြပ် ကျူးကျော်လာခဲ့တာ။ တံခါးတွေက ပွင့်နေရင်တောင် အရှိန်အဝါတွေရဲ့ ရှုပ်ထွေးနေတဲ့စီးဆင်းမှုက တိုက်ခိုက်တာ မထူးဆန်းဘူး။

ဆိုတော့ ဒီလိုကိုး။ ကူယွဲ့က ခေါင်းညိတ်ကာ ယိချင်းကို ကြည့်လိုက်တယ်။ ဘာကြောင့်မှန်းမသိ သူက အရင်နဲ့မတူသလိုပဲ။ ဒါပေမဲ့ ကူယွဲ့ ရေရေရာရာမပြောနိုင်။

"မင်းက အခု ရှန်းကျွင်းဖြစ်နေပြီပဲ" ကူယွဲ့က သူ့ကို ခေါင်းစခြေဆုံးကြည့်ပြီး နောက်ဆုံးတော့ သူ့ကျင့်ကြံဆင့်က အများကြီး မြင့်တက်သွားခဲ့တာ နားလည်သွားခဲ့တယ်။ သူက အရင်က ဟုန်ယွီ့ထက်တောင် ပိုပြီးသန်မာတဲ့ပုံ။ မဟုတ်ဘူး၊ တိတိကျကျပြောရရင် သူက မိစ္ဆာနတ်ဘုရားနဲ့တောင် ဆင်တယ်။ တကယ်လို့ ယိချင်းသာ ဒဏ်ရာမထားရင် ကူယွဲ့ သူ ထုတ်လွှင့်နေတဲ့ ပြင်းထန်တဲ့ ဖိနှိပ်အရှိန်အဝါကို ရှောင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူက ကလေးနဲ့ မတူတော့ဘူး။

"မင်း မိစ္ဆာနတ်ဘုရားကို ထုထောင်းခဲ့တာလား"

"အဲလိုတော့မဟုတ်..."

ယိချင်းငုံ့လိုက်တယ်။ တိုက်ပွဲအဆုံးနား ရောက်တော့ ဘယ်သူနိုင်နေလဲ၊ ရှုံးနေလဲဆိုတာ သူတောင် မပြောနိုင်တော့ဘူး။

"ဒါဆို သူက ဘာလို့မင်းအတွက် တံခါးပေါက်တွေကို ဖွင့်ပေးတာလဲ"

"သူ့ကို အကြိမ်ရေအများကြီး သွားရှာခဲ့မိလို့များလား"

"အများ... အများကြီးလား" ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။

"မင်း ဘယ်နှစ်ကြိမ်လောက် သူနဲ့တိုက်ခိုက်ခဲ့တာလဲ"

"အကြိမ်... ရာချီလောက်လား"

သူ မမှတ်မိတော့ဘူး။

"..." သူ မိစ္ဆာနတ်ဘုရားကို နေ့တိုင်းသွားရှာနေရတာပဲဖြစ်မယ်။

ခဏနပေါဦး။

မိစ္ဆာနတ်ဘုရားက ယိချင်း သူ့ဆီ အလည်လာတဲ့အကြိမ်အရေအတွက်ကြောင့် စိတ်ရှုပ်ပြီး တံခါးဖွင့်ပေးခဲ့တာလား။

"နောက်တော့ ဂျပုလေးနဲ့ တွေ့ပြီး သူကူညီခဲ့တာပဲ၊ ‌မိစ္ဆာနတ်ဘုရားက နောက်ဆုံးတော့ အပြိုင်ကမ္ဘာရဲ့ တံခါးကို ဖွင့်ပေးဖို့ သဘောတူခဲ့တယ်"

"မုန့်ပေါ်လား" ထူးဆန်းတဲ့အမူအရာက ကူယွဲ့မျက်နှာပေါ် ဖြတ်သန်းသွားတယ်။

"ဘာလို့... သူက မင်းကိုကူညီတာလဲ"

"ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ သူက ကျွန်တော့်ကို အမတဘုံဆီ ပြန်ခေါ်သွားပေးပြီး မိစ္ဆာနတ်ဘုရားဆီ လမ်းပြဖို့ ကူညီပေးခဲ့သူပဲ"

မဟုတ်ရင် ယိချင်း မိစ္ဆာနတ်ဘုရားကို ဘယ်တော့မှ ရှာနိုင်လောက်မှာမဟုတ်ဘူး။

ကူယွဲ့က လက်သီးတင်းတင်းဆုပ်မိတယ်။ မုန့်ပေါ်က ယိချင်းကို ဘာလို့ကူညီလဲ သူစဉ်းစားမရဘူး။ သူမက မိစ္ဆာနတ်ဘုရားလို ရှေးဟောင်းနတ်ဘုရားတွေထဲက တစ်ပါးလေ။ သူမက မိစ္ဆာနတ်ဘုရားဘက်မှာ ရှိသင့်တာ။ ပြီးတော့ မိစ္ဆာနတ်ဘုရားက သူနဲ့ရှန်းရင်ကို ပြန်ပို့မယ်ဆိုတုန်းက သိပြီး သဘောတူခဲ့တယ်လေ။ ဒါဆို ဘာလို့ ယိချင်းကိုကူညီရတာလဲ။ သူမက မုန့်ပေါ်လား၊ ဂျပုလေးလား။

"စားဖိုမှူး" ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။

"ငါတို့ ပျောက်သွားတာ ဘယ်လောက်ကြာပြီလဲ"

ယိချင်းက တန့်သွားပြီး ကြက်သီးထသွားတယ်။ တစ်အောင့်တိတ်နေပြီးတဲ့နောက် သူက တီးတိုး ပြောလေတယ်။

"နှစ်၃၀၀၀"

"ဘာ" ကူယွဲ့ ထခုန်မိတယ်။ အဲက အချိန်နဲ့နေရာက အလုပ်လုပ်ပုံ မတူတာ သိပေမဲ့ အဲလောက် အချိန်အ‌များကြီး ကုန်ဆုံးလိမ့်မယ်တော့ မတွေးမိခဲ့ဘူး။ တစ်ချိန်လုံး ယိချင်းက သူတို့ကို ရှာဖို့ လက်မလျှော့ခဲ့ဘူးပေါ့။

ရုတ်တရက် သူ့နှလုံးသားထဲ ‌ကြက်သီးသွားခဲ့တယ်။

စားဖိုမှူးက အပြင်ပန်းမှာတော့ ဒီလိုပုံမျိုး မဟုတ်ပေမဲ့ အချိန်အတော်ကြာတာတောင် မျှော်လင့်ချက်ကို လက်မလျှော့ခဲ့ဘူးပဲ။ သူက ဒီမျက်နှာပြင်ထိတောင် သူတို့နောက်လိုက်ခဲ့တယ်။ အဲနှစ်တွေမှာ သူဘယ်လိုနေခဲ့လဲ ကူယွဲ့ စိတ်မကူးကြည့်နိုင်ဘူး။

"ကျေးဇူးတင်စရာက အောင်မြင်ခဲ့တယ်လေ" ယိချင်းကြည့်ရတာ စိတ်အေးသွားတဲ့ပုံ။ သူက ရှန်းရင်ကို နောက်မှီပြီး စိတ်ကျေနပ်နေတယ်။ သူ ဆရာ့ကို တွေ့တာတော်သေးတယ်။ သူက သူမနဲ့ရှိနေနိုင်သရွေ့ ဒီနှစ်တွေအားလုံးမှာ တိုက်ခိုက်ခဲ့ရတာ... တန်ပါတယ်။

ရှန်းရင်ရဲ့လက်က တန့်သွားခဲ့တယ်။ စက္ကန့်အနည်းငယ်ကြာပြီးတော့မှ သူမ သူ့ဆံပင်ကို ဆက်ပြီး ဖြီးသင်ပေးခဲ့လေတယ်။

…

အခန်း ၂၈၇ ။ ဒယ်အိုးဇောက်ထဲ

ကူယွဲ့က စားဖိုမှူးကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။

"မစိုးရိမ်ပါနဲ့၊ အဲခွေးကောင်မိစ္ဆာနတ်ဘုရားကို တစ်နေ့ကျ ငါတို့ပြုပြင်ပစ်မယ်"

"ဆရာဒီမှာရှိတာ တော်သေးတာပေါ့" ယိချင်းက လက်စားချေဖို့ကို စိတ်ဝင်စားတဲ့လေသံ လုံးဝမပေါ်တော့ဘူး။

"ဘယ်မှာပဲရှိရှိ ကိစ္စမရှိဘူး"

ဟေး၊ မင်း အခြေခံကိုယ်ကျင့်တရားကို ထိန်းပေးလို့ရမလား။ ကူယွဲ့ နောက်တစ်ကြိမ် လေထဲ ချဉ်စူးစူးရနံ့ ရလိုက်ပြန်တယ်။

"ရှန်းရင်ရဲ့ အစ်မက ငါတို့ကို မကြာခင်ပြန်ပို့ပေးလိမ့်မယ်" ကူယွဲ့က ရှန်းရင်ဘက် လှည့်လိုက်တယ်။

"ဟုတ်တယ်မလား"

"ဟမ်" အဲလိုမဟုတ်လောက်ဘူးဟ။

"ဘာဟမ်လဲ" ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။

"မင်း ပြန်သွားပြီး အဲမိစ္ဆာနတ်ဘုရားကို မပြုပြင်ချင်ဘူးလား"

"အဲဒါက ဒုက္ခများလွန်းတယ်..."

"မင်းဖင်ကိုဒုက္ခများ ဒီလိုအဆင့်မှာ မင်း အဲလောက်ကြီး မပျင်းလို့မရဘူးလား" မင်းတပည့် ဒဏ်ရာရခဲ့တာနော်။

"ပြီးတော့ မင်း ဘာလုပ်နေတာလဲ၊ သူ့ဆံပင်ဖြီးနေတာ နေ့တစ်ဝက်လောက် ရှိနေပြီ၊ စားဖိုမှူးက ယောက်ျားလေးနော် - ဆံပင်နှစ်ဖက်ခွဲစည်းပေးတာ သူ့အတွက် သင့်တော်လို့လား"

"ကြည့်ကောင်းပါတယ်ဟ"

"င့ါခြေထောက်ကို ကြည့်ကောင်း" သူ့ကြည့်ရတာ ကြောက်စရာကောင်းနေပြီ။

"ကျွန်တော်လည်း ‌ကြည့်ကောင်းတယ်ထင်တာပဲ"

"မင်းကပ်ဖားယပ်ဖားကောင် - ပါးစပ်ပိတ်ထားစမ်း"

——————

ယိချင်းက သူ့ကိုယ်သူ အမတစားဖိုမှူး - မဟုတ်ဘူး ကောင်းကင်စားဖိုမှူးအဖြစ် တကယ်ပဲ လေ့ကျင့်ထားတာလား ကူယွဲ့စိုးရိမ်မိတယ်။ ရှန်းရင်နဲ့ သူ့အတွက် တစ်လပဲ ကြာပေမဲ့ စားဖိုမှူးအတွက်တော့ နှစ်၃၀၀၀‌ကြာသွားခဲ့ပြီ။ ဒါပေမဲ့ သူ့အရည်အချင်းက နည်းနည်းလေးတောင် မယုတ်လျော့သွားခဲ့ဘူး။ လိုအပ်သမျှက ရှန်းရင်အိမ်မှာ ဖုန်တက်နေတဲ့ မီးဖိုချောင်သုံး ဟင်းချက်ပစ္စည်းတွေနဲ့ ကိရိယာတွေကို လုံးဝသက်သောင့်သက်သာရှိဖို့ ယိချင်းအတွက် အတိုချုံးရှင်းပြချက်ပဲ။ သူက သူ့ဓားသိုင်းတွေကို လေ့ကျင့်တာတွေထက်တောင် ဒီပစ္စည်းတွေကို ပိုပြီးမြန်မြန် ကျွမ်းကျင်သွားတယ်။

သူတို့ နှစ်နာရီအပြည့် စားခဲ့ပြီးတော့ ပန်းကန်ပြားပေါ်က စားစရာအားလုံး ကုန်သွားခဲ့တယ်။

ကူယွဲ့က ကမ္ဘာသစ်ရဲ့အခြေ‌ခံတွေကို စားဖိုမှူးဆီ ရှင်းပြမလို့ရှိသေး ရင်းနှီးနေတဲ့အသံတစ်သံက အိမ်ထဲပြည့်လာတယ်။

ရှန်းကျင်းဆီကပဲ။

"အဲဒါ ငါ့အစ်မပဲ၊ ပုန်းကြ" ရှန်းရင်က သူမတူတွေကို ဘေးပစ်ထုတ်ပြီး တစ်ဖက်လှည့်လိုက်တယ်။

"ဘာလို့လဲ" ကူယွဲ့ တန့်သွားတယ်။ သူမက ဘာလို့ သူတို့ကို ပုန်း‌ဖို့ပြောနေရလဲ နားမလည်ဘူး။

"အဓိပ္ပာယ်မရှိ ပြောနေတာတော်တော့၊ မြန်မြန်" သူမက လက်နှစ်ဖက်နဲ့ သူတို့နှစ်ယောက်ကို ဖမ်းဆုပ်ကာ စားပွဲအောက် သူတို့ကိုတွန်းထည့်တော့တယ်။

ကူယွဲ့ ။ ။ "..."

ခဏ၊ သူက ဘာလို့ အောက်ဆင်းရတာလဲ

"ရှောင်ရင်" ရှန်းကျင်းအသံက အခန်းထဲ ချက်ချင်းမြည်လာတယ်။

"မကြီး..." ရှန်းရင် ခဲတံလို မတ်မတ်ထိုင်တော့တာပဲ။

"နင့်ကိုယ်က တစ်ခုခုဖြစ်နေတယ်၊ ငါရှာပေမဲ့ အဖြေရှာမတွေ့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် နင့်ကို လောလောဆယ်တော့ မထိခိုက်စေပါဘူး"

"ဟုတ်ဟုတ်ဟုတ်"

"ဒါပေမဲ့ ငါတို့စောနက အတူသွားခဲ့တဲ့ ဂြိုဟ်မျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူကို ဆက်သွယ်ပြီးပြီ၊ နင့်ကို တစ်ချက်လောက် ကြည့်ပေးစေချင်လို့လေ"

ရှန်းကျင်းက အသံတိုးလိုက်တယ်။

"ငါ နင့်ကိုအဲခေါ်မသွားခင် လက်ထဲကကိစ္စတွေ ဖြေရှင်းပြီးတာ ခဏစောင့်ဦး"

"ကောင်းပြီလေ မကြီး" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

"အဆင်သင့်ပြင်ထားနော်၊ လျှောက်သွားမနေနဲ့"

"ပြဿနာမရှိပါဘူး မကြီး"

"ကောင်းပြီ" ရှန်းကျင်းက ခေါ်ဆိုမှုပိတ်တော့မဲ့ဆဲဆဲမှာတင် တစ်စုံတရာကို သတိရသွားပုံပဲ။

"အော်ဟုတ်သား၊ နင် စောနက အိမ် နဲ့သိပ်မဝေးတဲ့နေရာကနေ အိမ်ဆီ တန်းရောက်အောင် နေရာရွှေ့ပြောင်းမှုအသက်သွင်းလိုက်တာ ငါခံစားမိတယ်၊ ဘာတွေအဲလောက် လောကြီးနေတာလဲ"

"အာ..." ရှန်းရင် တုံ့ဆိုင်းသွားတယ်။

"များများစားစား မဟုတ်ပါဘူး၊ ငါလမ်းပျောက်ပြီး အိမ်ပြန်ချင်ရုံပါ"

"အော် တကယ်လား" ရှန်းကျင်းမျက်လုံးတွေ မှေးသွားတယ်။

"ဘာလို့ အရင်တုန်းက မျက်နှာပြင်တွေကြား လမ်းပျောက်ရင်တောင် ဒီလိုမျိုးလုပ်တာကို တစ်ခါမှ သတိမထားမိတာလဲ"

"ငါ... ဗိုက်ဆာလို့လေ" သူမက ချက်ချင်း ခေါင်းစဉ်ကို ကိုယ့်ကိုယ်ကိုယ် လွှဲချလိုက်တယ်။

"အော်..." ရှန်းကျင်းက ခေါင်းညိတ်တယ်။

"ဒါဆို နင့်စားပွဲအောက် ဘယ်ဘက်ကလူက ဘယ်သူလဲ ရှင်းပြပါဦး"

သူမက အဲဒါလည်း မြင်ရတယ်ပေါ့ သူမ အိမ်ပတ်လည်မှာ တခြားကင်မရာတွေတပ်ထားတာ သိသာတယ်။

ရှန်းကျင်းက အရင်ကလောက်တော့ ဒေါသထွက်ပုံမပေါ်။ သူမက မျက်ခုံးသာပင့်တယ်။

"နင်အရင်က အိမ်ကို ယောက်ျားလေးတွေ ခေါ်လာတာ မမြင်ဖူးဘူး၊ အခု အချိန်တိုအတွင်း ၂ယောက်တောင် ခေါ်လာတယ်၊ နင့်မှာ... ရှိပြီးသားနဲ့ မကျေနပ်လို့လား"

"ရှိပြီးသား" ဆိုသော ကူယွဲ့ ။ ။ "..."

အဆိုအရတော့ သူမကို စိတ်ကျေနပ်စေသော ယိချင်း ။ ။ "..."

ရှန်းရင်က မျက်မှောင်ကြုတ်လိုက်တယ်။

"မကြီး၊ သူက ငါ့ကောင်လေးမဟုတ်ပါဘူးဆို" ဖေဖေနျိုက မဟုတ်ဘူးလို့

"အိုး" ရှန်းကျင်းက ရှန်းရင်ကို ဖောက်ထွင်း ကြည့်နိုင်သလိုမျိုး ကြည့်နေတယ်။

"မဟုတ်ဘူးဆိုတော့ နင် သူ့ကို ဒီရွှေ့ပြောင်းလာတာက ဘာလို့လဲဆိုတော့..."

ရှန်းရင်က ငုံ့လိုက်တယ်။ သူမ အမှန်တိုင်းပြောဖို့ကလွဲ မရှိတော့ဘူး။

"သူက ငါအရင်ကရောက်ခဲ့တဲ့ မျက်နှာပြင်ကပါ"

ရှန်းကျင်း အမူအရာက မှောင်မည်းသွားတယ်။ သူမက စားပွဲအောက်မှာ ရှိနေဆဲ စားဖိုမှူးကို မျက်မှောင်ကြုတ်ပြီး အမူအရာက မာထန်သွားတယ်။

"တခြားနည်းနဲ့ ပြောရရင်... သူကကျူးကျော်သူပေါ့"

"မကြီး ငါပြောတာနားထောင်ပါ..."

"တော်စမ်း" ရှန်းကျင်းအသံက ခုအေးစက်နေပြီ။ သူမအကြည့်က ရှန်းရင်ကိုဓားတွေလို ဖြတ်တောက်နေတယ်။ ကူယွဲ့တောင် ကျောတွန့်မိလေရဲ့။

"မျက်နှာပြင်ကို ခရီးတစ်ခေါက်ထွက်တာ နင့်ကို အဲလောက်တောင် သတ္တိပေးလိုက်တာလား၊ နင်အဲမှာပဲနေနေ၊ ငါခုချက်ချင်းလာပြီ"

ဘယ်သူမှ ပြန်မဖြေနိုင်ခင် စခရင်ကပိတ်သွားတယ်။

ကူယွဲ့ ရှင်းမပြတတ်စွာ စိတ်လှုပ်ရှားမိတယ်။ ရှန်းကျင်းအမူအရာက သူ စားပွဲအောက်ရှိနေတာကို သိသွားချိန်နဲ့ မတူဘူး။ သူမက... ဒေါသထွက်နေသလိုပဲ။

"ရှန်းရင် မင်းအစ်မက ဘာပြောနေတာလဲ"

သူ မနေနိုင်ဘဲ မေးလိုက်တယ်။

ရှန်းရင် အမူအရာက မှောင်မည်းနေတယ်။

"ဘယ်မျက်နှာပြင်က ကျူးကျော်မှုပဲဖြစ်ဖြစ် မတည်ငြိမ်မှုလို့ စဉ်းစားနိုင်တယ်၊ မျက်နှာပြင်က သူတို့ကို သန့်စင်ပစ်ရတယ်"

"သန့်စင်တာ... မင်းရဲ့အစ်မက စားဖိုမှူးကို သတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား" ကူယွဲ့ ရင်ထိတ်သွားတယ်။ ဘာကြောင့်မှန်းမသိ ရှန်းကျင်းသာ တကယ် အဲလိုလုပ်ချင်ရင် ရှန်းရင်က သူမကို တားနိုင်လိမ့်မှာမဟုတ်ဘူးလို့ သိနေတယ်။

"ငါတို့ ခုဘာလုပ်သင့်လဲ"

"ဆရာ..." ယိချင်းက ငုံ့သွားတယ်။

"ကျွန်တော့်စိတ်ဆန္ဒနဲ့ ဒီကိုလာခဲ့တာပါ၊ တကယ်လို့ အပြစ်ဒဏ် တစ်ခုခုရှိရင် ကျွန်တော်လက်ခံဖို့ ဆန္ဒရှိပါတယ်၊ ကျွန်တော် မတိုက်ခိုက်ပါဘူး"

"မင်းရူးနေတာပဲ" ကူယွဲ့ အော်လိုက်တယ်။

ရှန်းကျင်းက ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူ။ သူမ သူ့ကိုလုပ်မဲ့အရာတွေကို သူ ခံနိုင်ရည်ရှိလောက်မှာ မဟုတ်ဘူး။

"ထားလိုက်တော့" ရှန်းရင်က တစ်စုံတရာကို တွေး‌နေသလိုမျိုး အံကြိတ်ရင်း အော်လိုကိတယ်။

"တကယ်လို့ ငါ့အစ်မသာ တကယ်အရေးယူမယ်ဆိုရင် ငါ့မှာ... နောက်ထပ်ဖြေရှင်းနည်းရှိတယ်၊ ဒါမှမဟုတ်... ငါ သူမကို တားလိုက်မယ်" သူက ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ စားဖို... တပည့်လေ။ သူမအသက်နဲ့ ရင်းရရင်တောင် တစ်ခုခုလုပ်ရမှာပေါ့

"တကယ်လား" သူမမှာ ဝှက်ဖဲရှိရင် စောစောတည်းက ပြောခဲ့သင့်တာ။ ဒါပေမဲ့ ရှန်းကျင်းကို အမြဲကြည့်တတ်တဲ့ ကြောက်လန့်နေတဲ့ပုံစံကို ကြည့်ပြီး ကူယွဲ့ တကယ်ပဲ သူမကို ယုံကြည်နိုင်လားဆိုတာ မသိတော့ဘူး။

"အင်း" သူမက သူမအစ်မစည်းမျဥ်းစည်းကမ်းတွေအောက် နေလာတာ နှစ်တွေကြာနေပြီ။

ကူယွဲ့က ဒီကိစ္စကိုဆက်ပြီး ဖိအားမပေးတော့ဘူး။ သူ့ရှေ့ကလေထု တွန့်သွားပြီး ရှန်းကျင်း အိမ်ထဲပေါ်လာတာကို ကြည့်နေမိတယ်။

——————

"ဒီတော့... သူက တခြားမျက်နှာပြင်က နင့်တပည့်ပေါ့"

ရှန်းရင်က ဆိုဖာကိုမှီပြီး သူမရှေ့ကလူသုံးယောက်ကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။

"အင်း" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

"အစ်မကြီးရှန်းကျင်း၊ စားဖိုမှူးက ဒီထိ ကျုပ်တို့နောက် လိုက်လာခဲ့တာ၊ မကူးပြောင်းခင် ခင်ဗျား ခွင့်ပြုချက်ကို လိုမှန်း သူမသိခဲ့ဘူး" ကူယွဲ့ ရှင်းပြလိုက်တယ်။

"မသိတဲ့သူတွေကို အပြစ်မပေးသင့်ပါဘူး...၊ ကျေးဇူးပြုပြီး လွှတ်ပေးလိုက်ပါ"

"လွှတ်ပေးရမယ်လား" ရှန်းကျင်းက ခြောက်ကပ်ကပ်ရယ်တယ်။ သူမရဲ့အမူအရာဟာ တစ်ဖန် အေးစက်သွားပြန်တယ်။

"မျက်နှာပြင်တစ်ခုကို ကျူးကျော်တာက ရိုးရှင်းတဲ့ကိစ္စလို့ ထင်နေတာလား၊ အဲဒါက မျက်နှာပြင်ကို ဘယ်လောက်ထိ ထိခိုက်စေနိုင်လဲသိလား၊ ငါ ဘယ်လောက်တောင် ရှင်းလင်းရေးလုပ်ရမလဲ သိရဲ့လား"

"ဒါပေမဲ့ သူ... မရည်ရွယ်ခဲ့ပါဘူး"

"အဲဒါက အရာရာကို ဖြေရှင်းပေးနိုင်တယ်လို့ ထင်နေတယ်ပေါ့" ရှန်းရင်က ထခုန်တယ်။ သူမက သူတို့သုံးယောက်ကို အကြည့်နဲ့တင် အပိုင်းပိုင်းဖြတ်တောက်ဖို့ ခြိမ်းခြောက်တော့တယ်။

"ငါသာ သူ့ကို ဥပမာမပေးရင် လူတိုင်းက ငါ့မျက်နှာပြင်ကို အကြောင်းရင်းမရှိ ကျူးကျော်နိုင်တယ်လို့ ထင်ကုန်ကြလိမ့်မယ်၊ ဒီကမ္ဘာကြီး အဆုံးသတ်သွားလိမ့်မယ် ရှောင်ရင် သူတို့က နားမလည်ပေမဲ့ နင်ကတော့ သေချာပေါက် နားလည်တယ်မလား"

"... နားလည်ပါတယ်"

"ဒီတစ်ယောက်လည်းတူတူပဲ" ရှန်းကျင်းက ရုတ်တရက် ကူယွဲ့ကို စိန်းစိန်းဝါးဝါးလှည့်ကြည့်တယ်။

"ကျုပ်လား" ကူယွဲ့ ရင်ထိတ်သွားတယ်။ သူ ချွေးစေးပြန်လာတော့လေတယ်။

…

အခန်း ၂၈၈ ။ လူသတ်ကွက်

"အဲပုံမှန်မဟုတ်တဲ့ မျက်နှာပြင်ကနေ မင်းပြန်ယူလာတဲ့ အဲဒီဒေတာအရှုပ်ထုတ်တွေအကြောင်း ငါမသိဘူးများ ထင်နေလား"

ကူယွဲ့က လန့်သွားတယ်။ ဒေတာလား။ သူ့ကျင့်ကြံဆင့်ပေါ့။

"မင်းသဘောဆန္ဒအရ ဝိညာဉ်ကူးပြောင်းခဲ့တာ မဟုတ်ပေမဲ့ ဒီလိုဆက်သွားရင် ဒီကမ္ဘာထဲ ခန့်မှန်းမရတဲ့ ရလဒ်တွေ ဖန်တီးမိလိမ့်မယ်"

ရှန်းကျင်းက ရှန်းရင်ကို ခေါင်းစခြေဆုံးစစ်ဆေးလိုက်တယ်။

"နင်တို့ကို ယာယီပဲခွင့်ပြုထားတာ"

"..."

"နင်တို့အားလုံး မမေ့ကြနဲ့ - ရှန်းရင်ရဲ့ အစ်မကြီးဖြစ်တဲ့အပြင် ငါက ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူပဲ"

သူမက ရှေ့ကို စတင်လျှောက်လှမ်းလာတယ်။ သူမလှမ်းတဲ့ ခြေတစ်လှမ်းစီက သူတို့နှလုံးသားပေါ် တက်နင်းလိုက်သလိုမို့ သူတို့အရိုးထဲထိ ချမ်းစိမ့်မှုတစ်မျိုးခံစားလိုက်ရတယ်။ သူတို့တွေ ရှေ့ကလူက ကမ္ဘာထဲက အင်အားအကြီးဆုံးဆိုတာ သိတဲ့ပမာ အလိုလိုခေါင်းငုံ့လိုက်မိတယ်။

"နင်တို့က ကျူးကျော်သူပဲဖြစ်ဖြစ် ရှုပ်ယှက်ခက်နေတဲ့ ဒေတာတွေနဲ့လူပဲဖြစ်ဖြစ် ငါ့မျက်နှာပြင်ကို မတည်မငြိမ် ဖြစ်‌စေသရွေ့ မင်းတို့ကိုတည်ရှိခွင့်မပေးဘူး"

သူမစကားပြောပြီးပြီးချင်း ကူယွဲ့ သူ့ကိုယ်ပေါ် အင်မတန်ပြင်းထန်တဲ့ ဖိနှိပ်မှုအားတစ်မျိုး ခံစားလိုက်ရတယ်။ သူ နောက်ဆုတ်မိသွားခဲ့တယ်။ ရှန်းရင် သူ့ကို ထိန်းပေးထားတာကြောင့်သာ မဟုတ်ရင် သူ ဒူးထောက်ကျသွားခဲ့လောက်ပြီ။ အဲအခိုက်အတန့်မှာ စီမံထိန်းသိမ်းသူဆိုတာ ဘာဆိုလိုလဲ သူနားလည်သွားခဲ့တယ်။ ရှန်းကျင်းက သူ့ကိုဘာမှမလုပ်ရသေးပေမဲ့ သူ့ပေါ်ကို သာမန်ထက်လွန်ကဲတဲ့ ဖိနှိပ်မှု ခံစားလိုက်ရတယ်။ ဖြည်းဖြည်းချင်း သူ့ကျင့်ကြံဆင့်က သူ့ထဲကနေ စိမ့်ထွက်နေတာကို ခံစားမိတယ်။

"မကြီး" ရှန်းရင်က အော်လိုက်တယ်။

ကူယွဲ့ကိုယ် နောက်ဆုံးတော့ သက်သာရာရသွားတယ်။ ဖိအားကနေ လွတ်သွားတော့ သူ စားဖိုမှူးကို လှည့်စစ်ဆေးလိုက်ချိန် သူလည်း တူညီတဲ့ဆက်ဆံမှုနဲ့ ကြုံခဲ့ရတာ မြင်လိုက်ရတယ်။

"ငါ့ကို လာမခေါ်နဲ့" ရှန်းကျင်းက ရှန်းရင်ကို စိန်းစိန်းဝါးဝါးလှည့်ကြည့်လိုက်တယ်။

"နင် ငယ်ငယ်ကသင်ပေးခဲ့တာတွေအားလုံးကို မေ့ပစ်လိုက်ပြီလား"

"... မမေ့ပါဘူး" ရှန်းရင်က ပိုပြီးတောင် ခေါင်းငုံ့သွားတယ်။

"မမေ့သေးဘူးလား၊ နင်လုပ်ထားတာ ကြည့်ဦး ငါမရှိတုန်း မျက်နှာပြင်ကိုစီမံဖို့ ငါနင့်ကိုခွင့်ပြုခဲ့တယ်၊ ဒါက နင်လုပ်တဲ့ပုံစံလား" ရှန်းကျင်းက ဒေါသထွက်နေပြီး သူမရဲ့ ပြောဆိုပုံတွေက အင်မတန် အေးစက်နေလေရဲ့။

"ငါသွားနေတုန်း ဒီလူ့ဒေတာကို ပုံမှန်ပြန်လုပ်ထားမယ် ထင်နေတာ၊ ဒါပေမဲ့ နင်က နောက်ထပ်ကျူးကျော်သူကို ခေါ်လာတယ်"

"..."

သူမလေသံက ပိုပိုမာလာပြီး ရှန်းရင်က လုံးဝ စိတ်ပျက်စရာလုပ်သလိုမျိုး ဆက်ပြီးစူးစိုက်ကြည့်နေတယ်။

"နင် ရက်ပိုင်းနည်း‌နည်းလောက် လျှောက်သွားတာနဲ့ တကယ်ရဲတင်းလာတာပဲ ငါ့စကားကိုတောင် နားမထောင်တော့ဘူး""

"... မဟုတ်ပါဘူး"

"မဟုတ်ဘူးလား" ရှန်းကျင်းက ခြောက်ကပ်ကပ်ရယ်ပြီး စခရင်တစ်ခုကိုဖွင့်လိုက်တယ်။

"ကောင်းပြီလေ ငါတို့ဒီကိစ္စကို ဆက်ပြီး ဆွဲဆန့်နေလို့မဖြစ်တော့ဘူး၊ နင် ဒီကျူးကျော်သူကို သတ်တာပဲဖြစ်ဖြစ် ဆွဲထုတ်သွားတာပဲဖြစ်ဖြစ် သူ့ကို ဖြေရှင်းစေချင်တယ်၊ ပြီးတော့ ဒီရှုပ်ယှက်ခက်နေတဲ့ဒေတာနဲ့လူ - သူ့ကိုနဂိုအခြေအနေ ပြန်ရောက်အောင်လုပ်၊ တစ်လက်စတည်း မှတ်ဉာဏ်ပါဖျက်ပစ်"

ရှန်းကျင်းကတော့ ဒီတစ်ခါ တကယ်ကြီးပဲ။ ကူယွဲ့ ရင်ထဲ တင်းကြပ်သွားပြီး ရှန်းရင်အင်္ကျီလက်ကို ဆွဲလိုက်တယ်။ သူ့မှာ အစီအစဉ်ရှိတယ် မဟုတ်ဘူးလား။ ဘာလို့ သူမက ဒါကို အကောင်အထည် မဖော်တာလဲ။

ရှန်းရင်က သူမနှုတ်ခမ်းကို သပ်ပြီး ရှင်းပြမရတဲ့အကြည့် လှမ်းကြည့်လိုက်တယ်။

တစ်အောင့်နေတော့ သူမက ခေါင်းမော့တယ်။

"မကြီး... ဒါတကယ်လိုလို့လား"

"ဘာလဲ၊ နင်က ငါကိုယ်တိုင်လုပ်စေချင်တာလား" ရှန်းကျင်းအမူအရာက မာကြောသွားတယ်။

"ကောင်းပြီလေ..." ရှန်းရင်က အသက်ပြင်းပြင်းရှူသွင်းပြီး တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်သလိုပဲ။ သူမက တစ်ဖက်လှည့်ကာ ကူယွဲ့နဲ့ယိချင်းကို သတိပေးတဲ့ပုံကြည့်လိုက်တယ်။ သူမ အမူအရာက ပြောနေသလိုပဲ။

"မရယ်နဲ့"

"ဟမ်" ကူယွဲ့ သူမ ဘာဆိုလိုလဲဆိုတာ နားမလည်ရှာ။

သူမက ရှေ့တက်လာပြီး အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီ။ နှစ်ကြိမ် မျက်တောင်ခတ်လိုက်တော့ သူမမျက်ရည်ဝဲသွားတယ်။ သူမရင်ဘတ်ရှေ့ လက်ပိုက်ပြီး နှုတ်ခမ်းဆူကာ သနားစရာကောင်းတဲ့ပုံ။ သူတို့ အမြဲသိခဲ့တဲ့ ရှန်းရင်ငပျင်းက တစ်စက္ကန့်အတွင်း ချစ်စရာလေးအဖြစ် ပြောင်းလဲသွားတယ်။ သူမအသံကတောင် အသံတစ်ဆင့် မြင့်တက်သွားခဲ့တယ်။ သူမလေသံက နည်းနည်း... ကလေးအီသံလိုမျိုး။

"မကြီး~ ဒီလောက်စိတ်မဆိုးပါနဲ့နော်၊ တစ်ခါလောက်ပဲ ခွင့်လွှတ်ပေးလေ... သူတို့ကို လွှတ်ပေးမယ်လို့ ရှောင်ရင့်ကို ကတိပေးပါနော်" သူမက နှုတ်ခမ်းထော်ပြီး နေမင်းကြီးကို ကြည့်သလိုမျိုး အသည်းအသန် မျက်တောင်ခတ်တော့တယ်။

"နောက်ကျ စကားနားထောင်ပါ့မယ်လို့ ကတိပေးပါတယ်၊ လိမ္မာပါ့မယ်~"

ကူယွဲ့ သူမကိုယ်ထဲကနေ တစ်စုံတရာ ပစ်ထုတ်လိုက်သလိုမျိုး မြင်လိုက်ရသလိုပဲ။

အ... အ... အကြံကောင်းပဲ။ သူမက အတော်လေး ချစ်ဖို့ကောင်းတယ် သူ့ချစ်စရာကောင်းမှုနဲ့ သူတို့ကို ကယ်တင်ခဲ့တာပဲ

o(*////▽////*)q

ကူယွဲ့က သူ့နှလုံးခုန်သံသူ ပြန်ကြားနေရသလိုမျိုးပဲ။ အသက်ရှူသံကလည်း ပိုပိုပြီး တိမ်လာခဲ့တယ်။

ရုတ်တရက် ရှန်းရင်ရဲ့ အစီအစဉ်အကောင်အထည်ဖော်မှုနောက် တိတ်ဆိတ်မှုက လိုက်လာလေတယ်။

နောက်တစ်စက္ကန့်...။

"ကောင်းပြီလေ ငါကတိပေးတယ်" ရှန်းကျင်းရဲ့ မာကြောတဲ့အမူအရာက ချက်ချင်း နူးညံ့သွားတယ်။

"ဒါဆို နင်တို့နှစ်ယောက်..."

"နင်တို့လုပ်ချင်တာ ဘာပဲဖြစ်ဖြစ်၊ နင်တို့လုပ်ချင်တာဘာပဲဖြစ်ဖြစ် ရှောင်ရင် ပျော်သရွေ့ ရတယ်"

"ကျေးဇူးပါမကြီး၊ ရှောင်ရင့်အပေါ် အရမ်းကောင်းတာပဲ"

"အင်းအင်းအင်း၊ အရမ်းချစ်ဖို့ကောင်းတယ် - နင်ပြောသမျှအားလုံး မှန်တယ်"

"ရှောင်ရင်က မကြီးကို အချစ်ဆုံး"

"ငါရောပဲ၊ နင် ၃နှစ်သမီးအရွယ်တည်းက ငါ့ရှေ့ မချွဲတော့တာကြာပြီ၊ ရင်ထဲထိလိုက်တာ၊ ငါ့ရဲ့ချစ်စရာ ရှောင်ရင်လေး ပြန်ရောက်လာပြီပဲ"

ဘာ... ဘာကြီး။

ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး သူ့တဒုတ်ဒုတ် ခုန်နေတဲ့နှလုံးသားပေါ် လက်တင်လိုက်တယ်။ နောက်ဆုံးတော့ သူပြန်တည်ငြိမ်သွားခဲ့ပြီ။ တကယ်ပဲ ရှန်းရင်ဟာက တကယ့် လူသတ်လက်နက်ပဲ။ သူမက သူတို့ကိုကယ်ဖို့ သူမရဲ့ကိုယ်ပိုင်ချစ်စရာကောင်းမှုကို အသုံးချခဲ့တာ။ ကြောက်စရာကောင်းလွန်းတယ် ရှန်းရင်က စစချင်း သူတို့ကို ကျောပေးသွားတော့ ကူယွဲ့ သူတို့ သေတော့မယ်ထင်နေတာ။ ခပ်တိုးတိုး သူ့နားထဲ အထူးသတိပေးချက် ကြားလိုက်ရတယ်။

[တင်း ရှန်းရင် လူသတ်ကွက်ထုတ်သုံး : ချစ်စရာကောင်းအောင် ပြုမူခြင်း]

[တင်း ရှန်းကျင်း သူမနှလုံးသား ထိုးနှက်ခံလိုက်ရ]

သူတို့ မြန်မြန်တုံ့ပြန်မိတာ တော်သေးတာပေါ့။ မဟုတ်ရင် သူတို့ ဒီအရှုပ်ထုတ်ထဲ ဆွဲသွင်းခံရလောက်တယ်။ ဒါက ကလိမ်ကျတဲ့အကွက်ပဲ။ ဒါက လုံးဝကို အရှက်မရှိတဲ့ တိုက်ခိုက်မှု။

"စားဖိုမှူး၊ ငါတို့... ခဏ၊ စားဖိုမှူး၊ မင်းဘာဖြစ်နေတာလဲ၊ အိပ်ရာကထစမ်း"

"ဘာလို့ အဲလောက်မျက်နှာနီရဲနေတာတုံး၊ မင်း အဆင်ပြေရဲ့လား"

"ဟိုလီရှစ် ဘာလို့နှာခေါင်းသွေးယိုနေတာတုံး"

——————

တစ်နာရီအကြာ။

"‌ဟင်း ရှောင်ရင်က နင်တို့ကိုယ်စား တောင်းဆိုမှတော့ နင်တို့နှစ်ယောက်ကိစ္စကို ဆက်ဖိအားမပေးတော့ဘူး" ရှန်းကျင်းက နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားပြီ။ သူမက လည်ချောင်းရှင်းပြီး နဂိုအေးစက်တဲ့ပုံစံ ပြန်ဖြစ်သွားတယ်။

"ငါ ဘာအရေးယူမှုမှ မလုပ်ရင်တောင် မင်းတို့နှစ်ယောက်တည်ရှိမှုက ဂြိုဟ်မျက်နှာပြင်ကို မတည်မငြိမ် ဖြစ်စေဦးမှာပဲ၊ မင်းဘုံရဲ့ စီမံထိန်းသိမ်းသူကလည်း ငါ့ကိုအကြောင်းမပြန်ဘူး၊ မင်းတို့ကို ပြန်ပို့ဖို့ကလွဲ ရွေးစရာမရှိတော့ဘူး၊ ဒီမှာနေရင် ဒီကမ္ဘာထဲ ဘာမှမမှားယွင်းဘူးလို့ မသေချာတာမို့"

"ခိုင်ထျန်း အရင်က လုပ်ခဲ့သလိုမျိုး ဖြတ်သန်းခွင့်လက်မှတ်ကို လျှောက်လို့မရဘူးလား" ရှန်းရင်က မေးတယ်။

"ဝင်ခွင့်လက်မှတ်က ဟင်းသီးဟင်းရွက်လိုများ ထင်နေတာလား - နင်စိုက်ချင်သလောက် စိုက်လို့ရတဲ့ဟာဆိုတော့"

ရှန်းကျင်းက မျက်ဆန်လှန်လိုက်တယ်။

ရှန်းရင်က နှုတ်ခမ်းဆူတယ်။

"မကြီး¬"

ရှန်းကျင်းက တန့်သွားပြီး ရင်ထဲနူးညံ့သွားတယ်။

"ဟာ့... အင်း၊ သူတို့ကို ဝင်ခွင့်လက်မှတ်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့မှာ စမ်းသပ်မှုကို အောင်မြင်ဖို့ စွမ်းရည်တွေ ပိုင်ဆိုင်မှဖြစ်မယ်"

"စမ်းသပ်မှုလား" ကူယွဲ့ မှင်တက်သွားတယ်။

"အခု နိုင်ငံခြားဘာသာစကားတွေသင်ယူဖို့တောင် စာမေးပွဲဖြေရတာပဲ၊ သေချာပေါက် ဝင်ခွင့်လက်မှတ်ရဖို့ စစ်ဆေးမှု ဖြေရမှာပေါ့" ရှန်းကျင်းက သူတို့နှစ်ယောက်ကို စစ်ဆေးပြီး ဆက်ပြောတယ်။

"နင်တို့၂ယောက်လုံးရဲ့ နံပါတ်တွေက တကယ်မြင့်ပေမဲ့ နှစ်ယောက်လုံး စာမေးပွဲ အောင်ပါ့မလားမသေချာဘူးနော်"

ဆိုတော့... သူတို့က ယာယီနေထိုင်ခွင့်ပါမစ် လျှောက်ရမှာလား။

"ဘယ်လိုစမ်းသပ်မှုမျိုးလဲ"

"ရှန်းရင်ကို စာမေးပွဲအနေနဲ့ စစ်ဖို့လုပ်ခဲ့တဲ့တာဝန်ကို သုံးမယ်"

သူမက စခရင်ကို အသက်သွင်းလိုက်တော့ သူတို့ရှေ့ အမည်းနဲ့အနီရောင်ဂြိုဟ်၂လုံး ချက်ချင်းပေါ်လာတယ်။

"ဒီ၂ခုလုံးက သေမင်းဂြိုဟ်တွေလို့ လူသိများတယ်၊ သူတို့တွေက စောနက အကွာအဝေးမုန်တိုင်းတွေကြား ပါဝင်ခဲ့တဲ့ သွေဖည်အပင်တွေကူးစက်တာခံခဲ့ရတဲ့ဂြိုဟ်တွေပဲ၊ အဲမှာ လူနေထိုင်မှုမရှိပေမဲ့ အပင်တွေအားလုံး ကူးစက်ခံလိုက်ရတယ်၊ နင်တို့တစ်ယောက်စီ ဂြိုဟ်တစ်လုံးကို ရွေးကြ

၊ ကြိုက်တဲ့နည်းသုံးပြီး ပိုးသတ်ဖို့လုပ်၊ ဒါဆို နင်တို့ကိုအအောင်ပေးမယ်"

All Chapters