အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
အခန်း ၂၈၉ ။ ယာယီနေထိုင်ခွင့်ရယူခြင်း
"ကောင်းပါပြီ" ယိချင်းက ခေါင်းညိတ်ကာ မတ်တတ်ထရပ်တယ်။ သူက သူ့ဆရာဘေးက မထွက်သွားရသရွေ့ ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ်။
ကူယွဲ့နဲ့ရှန်းရင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကာ ထရပ်လိုက်ကြတယ်။
"အော် ဟုတ်သား" ရှန်းကျင်းက ရုတ်တရက် ထပ်ပြောလိုကိတယ်။
"ရှောင်ရင်၊ နင်ကတော့ သွားခွင့်မရှိဘူး"
"ဘာလို့လဲ"
"နင့်ခုအခြေအနေက ထူးခြားတယ်၊ တကယ်လို့ နင်သူတို့ကို ကူညီမယ်ဆိုရင် စမ်းသပ်မှုကို ဖြတ်သန်းဖို့တောင် လိုတော့မှာ မဟုတ်ဘူး"
ရှန်းရင်က မျက်မှောင်ကြုတ်ကာ အီတော့တယ်။
"မကြီးလို့~"
ရှန်းကျင်း နှုတ်ခမ်းသပ်ကာ အမူအရာက ပြောင်းလဲသွားခဲ့တယ်။
"ကောင်းပြီလေ၊ ကောင်းပြီ၊ ကောင်းပြီ၊ နင်သွားလို့ရပေမဲ့ သူတို့ကို မကူညီဘူးလို့ ကတိပေးကမယ်ဟုတ်ပြီလား"
"ဟုတ်ကဲ့မကြီး ပြဿနာမရှိပါဘူး မကြီး"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ရှန်းကျင်းရဲ့ ရှန်းရင်ချစ်စရာကောင်းမှုအတွက် ပျော့ကွက်က မပျောက်သေးဘူးပဲ။
——————
သူတို့တွေ လုံးဝစွန့်ပစ်မြေတစ်နေရာဆီ ရောက်နေတယ်။ ခြောက်သွေ့နေတဲ့ မြေဆီကလွှာကလည်း ဘာမှမရှိသလို တိရစ္ဆာန်တွေကလည်း သူတို့တံတွေးသူတို့မျိုချဖို့ပဲရှိတယ်။ သူတို့တွေက တစ်ကောင်နဲ့တစ်ကောင် ဆုတ်ဖြဲဖို့ကြိုးစားပြီး ကြည့်ရတာ သူတို့က အဲဒါကိုပဲတစ်ချိန်လုံးသုံးနေတဲ့ပုံပဲ။
သူတို့ပတ်လည်မှာ လက်လက်ဆတ်ဆတ်အသားတွေရော ပုတ်သိုးနေတဲ့အသားတွေကိုပါ မြင်နေရတယ်။ လေထဲ သည်းမခံနိုင်စရာ အပုတ်နံ့တွေရောပဲ။
ကူယွဲ့ ချက်ချင်း ဒါကို ဘာလို့ သေမင်းဂြိုဟ်ဆိုတာခေါ်လဲနားလည်သွားတယ်။ အနားမှာ လူတစ်ယောက်မှ မရှိရုံတင်မကဘူး အလောင်းတွေအတွက် စွန့်ပစ်မြေပဲ။ ဘာမှ အဲမှာ သက်ဝင်လှုပ်ရှားနေတာမရှိ။
စားဖိုမှူးနဲ့ ကူယွဲ့ အဲကိုရောက်တာနဲ့ သူတို့တွေ ရူးသွပ်နေတဲ့ အပင်တွေ တိရစ္ဆာန်တွေကို စတင်ရှင်းလင်းတော့တယ်။ သူတို့ရဲ့ကျင့်ကြံဆင့်အရဆို ဘာအသိဉာဏ်မှမရှိတဲ့ သားရဲတွေကို ဖြေရှင်းဖို့လွယ်ကူတယ်။ တစ်ခုတည်းသောကိစ္စက သားရဲတွေများလွန်းတာ။ သူတို့တွေသတ်လေ ပိုပြီးများလာလေပဲ။
"ရှန်းရင်၊ ဒီသေမင်းဂြိုဟ်က ဘယ်လောက်ကြီးလဲ" ကူယွဲ့ သားရဲအုပ်အသစ်ကြီး သူတို့ဆီ ဦးတည်လာတာကိုကြည့်နေမိတယ်။
ရှန်းရင် ကျောက်တုံးတစ်တုံးကို ကန်လိုက်တယ်။ တစ်စုံတရာက သူမမျက်လုံးထဲဖြတ်ပြေးသွားပြီး ဖြေလေတယ်။
"ကမ္ဘာရဲ့အဆတစ်ရာလောက် ကြီးတယ်"
"ဘာ" ကူယွဲ့က မျက်လုံးပြူးသွားတယ်။ သူတို့ ဒီနေရာကိုရှင်းဖို့ ဘယ်လောက်တောင်ကြာမှာလဲ။ ရှန်းကျင်းက သူတို့ကို ကလိမ်ကျနေတာ အသိသာကြီး။
"တကယ်လို့ ဒီကသက်ရှိတွေအားလုံး ကူးစက်ခံထားရရင် ဘယ်လိုလုပ် သူတို့ကို တစ်ရက်တည်းနဲ့ ရှင်းပစ်နိုင်မှာလဲ"
သားရဲတွေက သူတို့နား ပိုပိုဝိုင်းလာပြီး မိနစ်နဲ့အမျှ ပိုသန်မာလာတဲ့ပုံ။ အစတုန်းက သူတို့တွေ မြေကြီးပေါ် ခြေထောက်ချဖို့ နေရာရှာနိုင်သေးတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့တွေ ပိုပိုပြီး လေထဲနားလာရတယ်။ ဒါတောင် လေထဲပျံသန်းနိုင်တဲ့သားရဲအကောင်ရေက သိသိသာသာများတယ်။
"ငါတို့ဘာလုပ်သင့်လဲ"
"အဲကိုပျံသွားမယ်" ရှန်းရင်က သူမညာဘက်ကိုလက်ညှိုးထိုးကာ ညွှန်ကြားလိုက်တယ်။
"အဲမှာ ငါတို့အတွက် သဲလွန်စတချို့ရှိသင့်တယ်"
ကူယွဲ့ တန့်သွားပြီး သူ့ဘေးက ငှက်ကြီးကို ဓားနဲ့ထိုးလိုက်တယ်။ တုံ့ဆိုင်းမှုမရှိ သူ ညာဘက်ဆီ တစ်နာရီတိတိ အရှိန်မြှင့်ပျံသန်းခဲ့တယ်။ နောက်တော့ သူတို့နောက်လိုက်လာတဲ့ ကျီးကန်းအုပ်ကြီးတစ်အုပ် ရှိနေပြီး မကြာခင် ပင်ပန်းသွားမဲ့ပုံလည်းမပေါ်။
"ငါတို့ဘာရှာနေတာလဲ" ကူယွဲ့ မနေနိုင်ဘဲ မေးလိုက်တော့တယ်။
"အချက်အလက်တချို့လေ" ရှန်းရင်က ရုတ်တရက် အရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။
"အဲနားမှာတင်"
ကူယွဲ့ မော့ကြည့်လိုက်တော့ လေထဲမျောနေတဲ့ တြိဂံပုံသဏ္ဌာန်တစ်ခုကိုမြင်လိုက်ရတယ်။ အဲဒါကို လေးထောင့်စတုရန်းလေးတွေနဲ့ ဖွဲ့စည်းထားတာပဲ။ အပြင်ပိုင်းက ငွေရောင်ဖုံးလွှမ်းထားတယ်။ ဒါပေမဲ့ အဲပေါ်ကို နေရောင်ကျရင် ပျောက်သွားပါလေရော။
"ဒါဘာလဲ"
"အစွန့်ပစ်ခံစောင့်ကြည့်ရေးဌာန" ရှန်းရင်က တုံ့ပြန်လာတယ်။ သူမက စားဖိုမှူးကို ပျံသန်းသွားဖို့ အမူအရာပြပြီး တစ်ခုခုလုပ်လိုက်တော့ အဲတြိဂံအဆောက်အအုံက တံခါးတစ်ချပ်ပွင့်သွားခဲ့တယ်။ အထဲမှာတော့ လူသုံးယောက် ထိုင်ရုံလောက်ပဲကျယ်တဲ့နေရာ။
"ငါတို့ဒီမှာဘာလုပ်နေတာလဲ" ကူယွဲ့ ဇဝေဇဝါဖြစ်စွာနဲ့ မေးလိုက်တယ်။
"ဒီဂြိုဟ်အကြောင်း အချက်အလက်ပိုရှာမို့လေ" ရုတ်တရက် သူမက ညာဘက်ကနံရံထောင့်ကို တတောက်တောက်လုပ်လိုက်တယ်။ ဂြိုဟ်ရဲ့ သုံးဖက်မြင်ပုံရိပ်က သူတို့ရှေ့ခုန်ထွက်လာပါလေရော။ ဘေးမှာကတော့ ထူးဆန်းတဲ့နံပါတ်တွေ။
"ဒီမှာ ဒေတာရှာရမယ်လို့ ဘယ်လိုသိတာလဲ" ကူယွဲ့နဲ့ယိချင်း မှင်တက်လန့်ဖျတ်သွားခဲ့တယ်။
"ကြယ်မဟာမိတ်ရဲ့ နယ်မြေTက ဂြိုဟ်တိုင်းမှာ ဒီလို စောင့်ကြည့်ရေးဌာန ရှိကြတယ်"
ရှန်းရင်က သဘာဝကျကျဖြေတယ်။
"ကမ္ဘာမြေမှာလည်း တစ်ခုရှိပေမဲ့ ကာထားတာ" ဒါကလည်း သူမကြယ်ကွန်ရက်နဲ့ ချိတ်ဆက်နိုင်ရတဲ့အကြောင်းရင်းပဲ။
"..." ကူယွဲ့ သူမကို အပြည့်အဝနားမလည်ပေမဲ့ အတော်လေးတော့အထင်ကြီးစရာပဲ။
ရှန်းရင်က မြေပုံတစ်ခုကို ဖြန့်ပြီး ၃ဖက်မြင်ပုံရိပ်ဘေးက ဒေတာနဲ့ အလုပ်ရှုပ်နေတယ်။ တစ်အောင့်ကြာတော့ သူမကပြောတယ်။
"ဒါတကယ့်ကိုသတ္တုဂြိုဟ်ပဲ"
"ဘာသတ္တုဂြိုဟ်လဲ"
"ဒီဂြိုဟ်ရဲ့၈၀ရာခိုင်နှုန်းကျော်က W9851 လို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့လုပ်ထားတာ" ရှန်းရင်က ရှင်းပြတယ်။
"ဒီလိုသတ္တုမျိုးက ကြယ်ကွန်ရက်ထဲ ပုံမှန်တွေ့နေကျတာပဲ၊ တခြားဂြိုဟ်တွေမှာပါရှိတယ်၊ အဲဒါကြောင့် ဒီစောင့်ကြည့်ရေးဌာနက စွန့်ပစ်ခံခဲ့ရတာ၊ W9851သတ္တုတွေက အရမ်းကိုမီးလောင်လွယ်တယ်၊ သူတို့က အရှိန်ပြင်းပြင်း ပေါက်ကွဲပြီး မီးတောက်တွေက တောမီးတွေလိုပျံ့သွားလိမ့်မယ်"
"ပြောချင်တာက..." ကူယွဲ့မျက်လုံးတွေ တောက်ပနေတယ်။ သူ ရှန်းရင် ဘာပြောနေလဲ ချက်ချင်း သဘောပေါက်သွားတယ်။
"ငါတို့ဒီသတ္တုတွေကို ပေါက်ကွဲစေသရွေ့ တစ်ဂြိုဟ်လုံးကို ဖျက်ဆီးနိုင်တယ်ပေါ့"
"အင်း" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
"ဒါပေမဲ့ ပြဿနာတစ်ခုရှိတယ်"
"ဘာပြဿနာလဲ"
"ဒီဂြိုဟ်ရဲ့မျက်နှာပြင်က တိရစ္ဆာန်နဲ့ အပင်တွေအားလုံးရဲ့ ကူးစက်တာကို ခံလိုက်ရပြီ၊ သတ္ထုတွေက အရှုပ်ထုတ်တွေကြား ဟိုးအနက်ကြီးထဲ မြုပ်နေတယ်၊ ငါ့အစ်မက နင်တို့ကို လုံးဝကူညီခွင့်ပြုမှာ မဟုတ်ဘူး၊ နင်တို့ ဂြိုဟ်မျက်နှာပြင်ကို ဖျက်ဆီးပြီး အထဲက သတ္တုတွေကို ပေါက်ကွဲအောင်လုပ်ဖို့ နည်း ရှာမတွေ့သရွေ့ နင်တို့ တစ်ဂြိုဟ်လုံးကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"
"ဂြိုဟ်မျက်နှာပြင်က ဘယ်လောက်ထူလဲ"
"မီတာထောင်ချီပေါ့"
"အဲလောက်ထူတာလား" အဲဒါ တကယ်ကြောက်ခမန်းလိလိပဲ။
"ကျွန်တော်သွားမယ်" ယိချင်းက ရုတ်တရက် အော်ဟစ်လာတယ်။
"မင်းလည်း မျက်နှာပြင်ကို မဖျက်ဆီးနိုင်ဘူးလေ"
ကူယွဲ့ စကားမဆုံးခင် စားဖိုမှူးက အခန်းအပြင်ကို ထွက်သွားခဲ့တယ်။
"အပြင်မှာစောင့်-"
ကူယွဲ့ စကားကို အဆုံးမသတ်လိုက်ရ။ စားဖိုမှူးကိုယ်ထဲကနေ ကြီးမားတဲ့ဓားချီပမာဏ ပေါက်ကွဲထွက်လာတယ်။ သူ့ဓားတစ်ချက် ဝှေ့ယမ်းမှုနဲ့အတူ သူတို့နောက်က ငှက်တွေအားလုံးကို သေသွားစေခဲ့တယ်။ ချက်ချင်းပဲ ကောင်းကင်တစ်ခုလုံး မီးတောက်တွေ ဖုံးလွှမ်းသွားပြီး ငှက်တွေလောင်ကျွမ်းကုန်တာမြင်လိုက်ရတယ်။ တိမ်တွေက မီးလောင်နေသလိုပဲ။ ကူယွဲ့ ယိချင်းဓားချီကို ခံစားနိုင်သေးတယ်။ သူ့ကိုယ်က အရှိန်ကြောင့် တုန်ယင်လာပါလေရော။
ဒါ ထိတ်လန့်စရာပဲ။ စားဖိုမှူးရဲ့ ကျင့်ကြံဆင့်က အရင်ကနဲ့ ဒီလောက်ကြောက်ခမန်းလိလိ ကွာခြားနေမယ်လို့ တွေးမိမှာလဲ။ ပြီးတော့ ဒီမီး...။
"ဇာမဏီမီးတောက်စစ်" မင်းက နဂါး မဟုတ်ဘူးလား။
ကူယွဲ့ နားမလည်နိုင်ခင် ယိချင်းက ငှက်တွေအားလုံးကို ဖျက်ဆီးသွားပြီးတဲ့နောက် မြေကြီးဆီ ပျံသန်းသွားခဲ့တယ်။ စက္ကန့်ပိုင်းအတွင်း ပြင်းထန်တဲ့ဓားချီတွေ သူတို့နားကလေထဲ ပြည့်နှက်သွားတယ်။ သူတို့တွေကို သိပ်သည်းတဲ့ ရွှေရောင်က လွှမ်းမိုးသွားပြီး ဓားကြီးတစ်ချောင်းအသွင်ဖြစ်လာတယ်။ ဓားက မြေကြီးထဲ တန်းတန်းမတ်မတ် ပစ်ထည့်ခံလိုက်ရတယ်။
သူတို့ ဂြိုဟ်ကြီးတစ်ခုလုံး အပြင်းအထန်လှုပ်ယမ်းသွားတာကိုခံစားလိုက်ရပြီး အက်ကွဲသံကျယ်ကြီး ထွက်လာတယ်။ သူတို့ပတ်လည်က မြေကြီးပေါ် အက်ကွဲကြောင်းကြီးတွေ ပေါ်လာပါလေရော။ မြေပြင်က ဟသထက်ဟလာလိုက်တာ နက်ရှိုင်းပြီးအဆုံးမရှိတဲ့တွင်းတွေ ဖြစ်လာတဲ့အထိပဲ။
သူ... ဖျက်ဆီးပစ်လိုက်တယ်
(⊙ o ⊙)
ကူယွဲ့ မျက်လုံးပြူးသွားတယ်။ တကယ့်ကို သူကcheatပဲ။
သူက ရှန်းရင်ရဲ့ စခရင်ကို လှည့်ကြည့်လိုက်တယ်။ သူတို့ မျက်နှာပြင်မီတာ၂၀၀၀ပဲ ဖျက်ဆီးရသေးတာကို ပြနေတယ်။ ဒီလိုဆိုမဖြစ်ဘူး သူတို့ နည်းနည်းထပ်သွားဖို့လိုသေးတယ်။
"စားဖိုမှူး..." ကူယွဲ့က ယိချင်းကို ပြန်ခေါ်လိုက်တယ်။
ရုတ်တရက် သူ ဇာမဏီတစ်ကောင်အော်သံကို ကြားလိုက်ရတယ်။ လွန်ခဲ့တဲ့စက္ကန့်ပိုင်းလေးကတင် ဓားကိုကိုင်ထားဆဲ ယိချင်းက ရုတ်တရက် မီးဇာမဏီကြီးအဖြစ် အသွင်ပြောင်းသွားတယ်။ သူက တွင်းအောက်ခြေဆီ ပျံသန်းသွားပြီး လင်းထိန်သွားစေခဲ့တယ်။ မီးတောက်တွေက တွင်းတွေကို ပိုပြီးနက်သွားစေတယ်။
ဂြိုဟ်က ခုဆိုပိုပြီးတောင် အကြမ်းပတမ်းတုန်ခါနေပြီ။ ရှန်းရင်စခရင်ပေါ်က နံပါတ်တွေက အဆက်မပြတ်တိုးလာတယ်။
၂၇၀၀... ၂၈၀၀... ၂၉၀၀... ၃၀၀၀
"ပြီးပြီ" ကူယွဲ့ ရင်တုန်သွားတယ်။ သူ ချက်ချင်း စည်းတံဆိပ်တစ်ခုဖန်တီးပြီး စားဖိုမှူးကို အသိပေးလိုက်တယ်။
"ရပြီ စားဖိုမှူး"
စခရင်ပေါ်က နံပါတ်တွေက ရပ်သွားပြန်တယ်။ တစ်အောင့်နေတော့ စောနက အဆုံးမရှိတဲ့ တွင်းတွေထဲကတစ်ခုဆီ ပျောက်သွားတဲ့ အလင်းလုံးက စောင့်ကြည့်ရေးဌာနဆီ ပြန်ပျံသန်းလာတယ်။ စားဖိုမှူးက သူ့နဂိုပုံစံကို ပြောင်းပြီး မီးတောက်တွေကြားက ထွက်လာခဲ့တယ်။
…
အခန်း ၂၉၀ ။ အကူအညီအတွက် သူငယ်ချင်းတစ်ယောက်ခေါ်ဆိုမှု
"မင်းနဲ့ မတွေ့ဖြစ်တာ အရမ်းကြာပြီဆိုတော့ - ဇာမဏီဖြစ်လာတာပဲ" သူက တကယ်ကြီး နဂါးနဲ့ ဇာမဏီကလေးပဲ။ အသွင်သုံးမျိုးလုံး ပြောင်းနိုင်တယ်။ ကူယွဲ့က ယိချင်းပခုံးကို ပုတ်လိုက်တယ်။
ယိချင်းက ယိုင်ထွက်သွားပြီး လဲကျသွားခဲ့တယ်။ ရှန်းရင်က သူ့ကိုဖမ်းပြီး ထိန်းထားပေးလိုက်တယ်။
"စားဖိုမှူး"
ကူယွဲ့ ထိတ်လန့်တကြား နောက်ပြန်ခုန်လိုက်တယ်။ အဲတော့မှပဲ ယိချင်းမျက်နှာက အရောင်အသွေးမရှိတာ သတိထားမိသွားခဲ့တယ်။ ချွေးသီးချွေးပေါက်တွေက သူ့မျက်နှာက စီးကျနေတယ်။
"ဟိုလီရှစ် မင်းအဆင်ပြေရဲ့လား" သူ အမြန် ယိချင်းကို တစ်ဖက်ဆီ ဆွဲခေါ်သွားပေးလိုက်တယ်။
"အဆင်ပြေပါတယ်" ယိချင်းက ခေါင်းယမ်းပြီး ရှန်းရင် စိတ်အေးအောင် အကောင်းဆုံး ကြိုးစားသလိုမျိုး နွမ်းချိစွာ ပြုံးတယ်။
"မစိုးရိမ်ပါနဲ့ဆရာ၊ ကျွန်တော် ဒီတိုင်း အင်မတန်ပင်ပန်းသွားရုံပါ"
ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
"သေချာလား"
"အင်း" သူ ခေါင်းညိတ်ပြလိုက်တယ်။
ရှန်းရင်ရော ဖေဖေနျိုပါ ခေါင်းညိတ်ပြတာကို ကြည့်လိုက်တယ်။ ကူယွဲ့က သက်ပြင်းချတယ်။
"သူ့သွေးကြောတွေက တကယ်ပဲအဆင်ပြေပါတယ်" သူတကယ်ပဲ နတ်ဘုရားစွမ်းအင်တွေ အများကြီး သုံးမိသွားခဲ့တာ။
"ငါတို့ ဒီဂြိုဟ်ကို မြန်မြန်ဖျက်ဆီးပစ်ရမယ်၊ ဘာဆက်လုပ်သင့်လဲ"
"ငါတို့ ဗုံးတစ်လုံးဝယ်ပြီး အဲကိုပစ်ထည့်ရမယ်" ရှန်းရင် စခရင်ဘက်ပြန်လှည့်ပြီး တတောက်တောက် ရိုက်လိုက်တယ်။ ချက်ချင်းပဲ စခရင်က လှစ်ခနဲလှုပ်သွားတယ်။ ပတ်ပတ်လည်မှာ ဗုံးတွေ နေရာတကျပေါ်လာတာမြင်လိုက်ရတယ်။
"ကြယ်ကွန်ရက်ရဲ့ မှောင်ခိုဈေးကွက်မှာ အများကြီးရောင်းနေတာနဲ့ အတော်ပဲ"
သူမက ပတ်ဝန်းကျင်ကို လေ့လာပြီး သူတို့ထဲက ဈေးအပေါဆုံးတစ်ခုကို ရွေးချယ်လိုက်တယ်။ ချက်ချင်းပဲ သတိပေးသံက အခန်းထဲ အသံတစ်သံထွက်လာတယ်။
[တင်း ဝယ်ယူရန် လက်ကျန်ငွေ မလုံလောက်ပါ]
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
"အာ..." ရှန်းရင် တုံ့ဆိုင်းဆိုင်းဖြစ်သွားတယ်။
"ဂိမ်းထဲကပိုက်ဆံကို ဖြည့်ဖို့မေ့သွားတယ်"
ဘာဂိမ်းပိုက်ဆံကို ဖြည့်တာတုံး။ မင်း အမြဲ ကွန်ရက်ထဲ ဟက်နေကျမဟုတ်ဘူးလား။
"ငါတို့ အကောင့်ဘယ်လိုပြောင်းရမလဲ" ကူယွဲ့က နှုတ်ခမ်းကိုသပ်ကာ သက်ပြင်းချတယ်။
"ဟမ်" ရှန်းရင်က သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်တယ်။
ကူယွဲ့က ရှေ့ကိုတက်ပြီး သူဝတ်ထားဆဲ လက်ပတ်ကို တတောက်တောက်နှိပ်နေပြီ။ နောက်အခိုက်အတန့်မှာတော့ နောက်ထပ်သတိပေးသံ ပေါ်လာတယ်။ သူ့ရှေ့စခရင်တစ်ခုပေါ်လာပြီး "ရှန်းရင်" ဆိုတဲ့ စာလုံးတွေကနေ '"ဖေဖေနျို" အဖြစ် ပြောင်းသွားလေရဲ့။
သူ့လက်ကိုမြှောက်ကာ ဈေးအကြီးဆုံး ဗုံးအမျိုးအစားကို ရွေးလိုက်တယ်။
တီခနဲ ဆက်တိုက်မြည်လာပြီး ရင်းနှီးနေတဲ့ သတိပေးသံထွက်လာတယ်။
[တင်း ဝယ်ယူမှုအောင်မြင် ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အလည်လာပါ]
တစ်အောင့်နေတော့ အကုန်လုံး အပြာရောင်ဖြစ်တဲ့ ဈေးကြီးကြီး ဖောက်ခွဲရေးကိရိယာက သူတို့ရှေ့ပေါ်လာတယ်။
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
(⊙_⊙)
ရှန်းရင် စခရင်ကို မော့ကြည့်ပြီး သူမ ဖေဖေနျို့အကောင့်မှာ မြင်လိုက်ရတဲ့ သုညအရေအတွက်တွေကြောင့် မျက်စိကန်းလုနီးပါး ဖြစ်သွားတယ်။
"ဖေဖေနျို နင်ကြယ်ကွန်ရက်ရဲ့ဘဏ်ထဲကို ဟက်ခဲ့တာလား"
"ဘာဘဏ်ကို ဟက်ရမှာလဲ" ကူယွဲ့စီအီးအိုအစစ်လိုမျိုး မျက်ဆံလှန်မိလိုက်တယ်။
"ဒါ ငါတို့ အရင်က ဆော့ခဲ့တဲ့ဂိမ်းကနေ ရခဲ့တဲ့ ပိုက်ဆံမဟုတ်လို့လား"
"အာ... ငါတို့ ရှင်းထုတ်ခံလိုက်ရတယ် မဟုတ်ဘူးလား"
"သူတို့က ငါ့အမှတ်တွေကိုပဲ ရှင်းထုတ်လိုက်တာလေ" ကူယွဲ့က အရေးမကြီးဟန် ရှင်းပြတယ်။
"ဒါပေမဲ့ ငါတို့သတ်ခဲ့တဲ့ အလောင်းတွေက ငါ့နာမည်အောက်မှာပဲ ရှိနေသေးတယ်၊ ငါ ဒီရက်ပိုင်း အဲဒါတွေကို ရှင်းလင်းနေခဲ့တာ"
"ဒါဆို... နင် အဲဒီသားရဲတွေကို ရောင်းခဲ့တာလား" အဲဒါ အမှိုက်မဟုတ်ဘူးလား။ ဘယ်လိုလုပ် အဲလောက် တန်ဖိုးရှိရတာလဲ။
"ငါ တစ်လက်စတည်း ကြယ်ကွန်ရက်ထဲက နယ်ပယ်ဈေးကွက်ကို စစ်ဆေးခဲ့တာလေ၊ အလောင်းတွေကို ပြန်လည်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဆီ အလောင်းတွေကိုပို့ပြီး မရောင်းခင် သူတို့ရဲ့ အစိတ်အပိုင်းမျိုးစုံကို ခွဲခြမ်းပစ်လိုက်တာ၊ ငါ သူတို့ကိုရောင်းခဲ့တဲ့ ပမာဏရဲ့ တစ်ဝက်စာပဲရသေးတယ်၊ တစ်ဝက်ဝင်လာမှာကို စောင့်နေဆဲဟ"
သူက စကားပြောပြီး သူ့အကောင့်ထဲက နံပါတ်ကို စစ်ဆေးလိုက်တယ်။ တကယ်ပဲ များပြားတဲ့ ပမာဏက တိုးလာဆဲ။ သူတို့တွေ နံပါတ်တိုးလာသံကို နားထောင်နေမိတယ်။
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
"ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ"
"မ... မဟုတ်ပါဘူး၊ ငါတို့ နင့်ကို ရုတ်တရက် ဒယ်ဒီလို့ ခေါ်ချင်တဲ့စိတ်လေး ပေါ်လာရုံပါ"
"သွားစမ်း"
——————
ဖေဖေနျိုရဲ့ ကြီးမားတဲ့ ငွေကြေးထောက်ပံ့မှုနဲ့ သုံးယောက်သား တာဝန်ကို တစ်နေ့တည်းနဲ့ အပြီးသတ်နိုင်ခဲ့တယ်။ ရှန်းကျင်းက စကားတည်ပြီး “မျက်နှာပြင်ခွင့်ပြုချက်” လို့ရေးထားတဲ့ စာရွက်အပိုင်းနှစ်ခုကို သူတို့ဆီ ထုတ်ပေးလာတယ်။
ကူယွဲ့က သူ့ရှေ့က A4 စာရွက်ကိုကြည့်ပြီး အချိန်အတော်ကြာတဲ့ထိ မတုံ့ပြန်နိုင်။
ဒါက သောက်ကျိုးနည်း နမော်နမဲ့နိုင်လွန်းတာပဲ မဟုတ်ဘူးလား။ ပြောတော့ ခွင့်ပြုချက်တွေကို အလွယ်တကူ ထုတ်မပေးဘူးဆို။ ခုတော့ စာရွက်အပိုင်းအစတွေသာသာတဲ့ ကူယွဲ့ သူ့ဘေးကရှန်းရင်ကို ဖျတ်ခနဲ လှမ်းကြည့်ပြီး သွေးအန်ချင်စိတ်ကို တောင့်ခံနေရတယ်။
တစ်ဖက်မှာတော့ ယိချင်းက ထိတ်လန့်တာထက် ပိုလွန်နေတယ်။ သူ တစ်ခုခု လွဲနေတယ်ဆိုတာ သတိမထားမိ။ သူ ကမ္ဘာမြေပြင်ပေါ် ရောက်ရောက်တည်းက တစ်စုံတရာက သူ့ကို ပြန်ဆွဲထားသလိုမျိုး ခံစားနေခဲ့ရတာ။ ရုတ်တရက် အဲခံစားချက်က ပျောက်သွားခဲ့တယ်။
"ဟုတ်သားပဲ - စောနက ရှန်းရင်ကိုယ်မှာ ပြဿနာရှိတယ်လို့ပြောတယ်လေ၊ ဘာပြဿနာများလဲ" ကူယွဲ့ မေးကြည့်လိုက်တယ်။
"ရှောင်ရင်..." ရှန်းကျင်းက သူမဘေးက အမျိုးသမီးဘက် လှည့်ပြီး အမူအရာက နူးညံ့သွားခဲ့တယ်။ သူမရဲ့အကြည့်က အချစ်တွေ မေတ္တာတွေနဲ့ ပြည့်လျှံနေပြီး မျက်ရည်တွေဝဲနေတယ်။
"ငါ့ရဲ့ ချစ်စရာရှောင်ရင်လေး ဒုက္ခခံရဖို့ သူစိမ်းမျက်နှာပြင်ဆီ ဆွဲခေါ်ခံခဲ့ရတာကို စဉ်းစားမိတိုင်း ရင်နာမိတယ်၊ ဒါပေမဲ့ ခု မစိုးရိမ်နဲ့၊ ငါအဲခွေးကောင်တွေနဲ့ သေချာပေါက် စာရင်းရှင်းပစ်မယ်"
ရှန်းရင် ။ ။ "..." အသက်ရှင်ဖို့ ထိုက်တန်တာမရှိတော့သလိုပဲ။
ယိချင်း ။ ။ "..." ဆရာ့ရဲ့အစ်မကြီးက ထူးခြားတဲ့စရိုက်တစ်မျိုးမျိုး အသက်သွင်းလိုက်တာလား။
ကူယွဲ့ ။ ။ "..." ဒီမိန်းမက သူ့ညီမကို စွဲလမ်းနေတာပဲ ဖြစ်ရမယ်မဟုတ်လား။ အဲလိုပဲဖြစ်ရမယ်။
ပိုပြီးလွန်တာက ဒီ cheat ရှန်းရင်က ဘာမှတောင် မခံစားခဲ့ရတာပဲ။
"သူ့ကိုယ်မှာ ဘာဖြစ်နေလဲ မသိပေမဲ့ မင်းတို့ ပြောသလိုမျိုးနဲ့ ဆင်တဲ့ မျက်နှာပြင်တစ်ခုကို ရှာတွေ့ပြီးပြီ"
တစ်ခုခုကို သတိရသွားသလိုမျိုး ရှန်းကျင်းက စခရင်တစ်ခုကို ဆွဲထုတ်ကာ တတောက်တောက် ရိုက်တော့တယ်။
"ငါအဲက စီမံထိန်းသိမ်းသူကို ဆက်သွယ်ပြီးပြီ၊ သူက ဒီကိုမကြာခင် ခွင့်ပြုချက်ပို့လာလိမ့်မယ်၊ အဲဒါပြီးရင် ငါသွားပြီး နင့်အတွက် စစ်ဆေးပေးမယ်၊ နင့်ကိုယ်မှာ အတိအကျ ဘာဖြစ်နေလဲဆိုတာ အဖြေရှာကြည့်မယ်"
"ခပ်ဆင်ဆင်မျက်နှာပြင်" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။
"နောက်ထပ်အမတကျင့်ကြံသူ မျက်နှာပြင်ရှိတာလား"
"အင်း" ရှန်းကျင်းက ခေါင်းညိတ်တယ်။
"မျက်နှာပြင်တွေရဲ့ မြေပုံအညွှန်းကို ခန့်မှန်းဖို့က နည်းမရှိဘူး၊ ငါတို့မျက်နှာပြင်နဲ့ နင်တို့အားလုံး ရှိခဲ့တဲ့မျက်နှာပြင်ကလွဲ နှစ်ခုလုံးနဲ့အရမ်းဆင်တဲ့ တခြားမျက်နှာပြင်တချို့ရှိတယ်"
"ရှန်းရင် ဘာဖြစ်နေလဲဆိုတာ တကယ်ပဲရှာတွေ့နိုင်တာလား"
"သေချာပေါက်တော့မပြောနိုင်ဘူး" ရှန်းကျင်းက သက်ပြင်းချကာ မျက်မှောင်ကြုတ်လိုက်တယ်။
"ဒါပေမဲ့ စမ်းကြည့်ရမှာပဲ"
သူမက စကားပြောပြီးတာနဲ့ သတိပေးသံတစ်ခု အိမ်ထဲထွက်လာတယ်။
"သူတို့တွေ ခွင့်ပြုချက်ပို့လိုက်ပြီ" ရှန်းကျင်းက ထရပ်လိုက်တော့ နောက်ထပ်စခရင်တစ်ခု သူမရှေ့ထွက်လာတယ်။ စခရင်ပေါ်မှာက အနီရောင်နဲ့ တစ်လုံးတည်း ရေးထားတယ် ခွင့်ပြုချက်။ ရှန်းကျင်းက ခေါင်းမော့ပြီး စခရင်ကို ဆွဲပွတ်လိုက်တယ်။ စာလုံးက အက်ကွဲသွားပြီး တံခါးချပ်တစ်ခုက သူမရှေ့တည့်တည့် ပွင့်လာတယ်။ ရှည်လျားတဲ့ အဖြူရောင်လမ်းကြောင်းရှည်တစ်ခုက သူတို့မျက်စိရှေ့တင် ဖြစ်ပေါ်လာလေရဲ့။
"သွားကြစို့" ရှန်းကျင်းက သူတို့ကိုခေါင်းညိတ်ပြတယ်။ သူမက ရှေ့တစ်လှမ်းတိုးပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့တယ်။
သူတို့တွေ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်တယ်။ ဒါ ရှန်းကျင်းအတွက်ကလွဲ သူတို့အားလုံး တခြားစီမံထိန်းသိမ်းသူကို သွားတွေ့မဲ့ ပထမဆုံးအကြိမ်ပဲ။ သူတို့တွေ နည်းနည်းစိတ်လှုပ်ရှားတာ နားလည်နိုင်ပါတယ်။ ပြီးတော့ တစါဖက်စီမံထိန်းသိမ်းသူက ဘယ်လိုပုံစံလဲဆိုတ။ သူတို့မသိဘူးလေ။
ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်တယ်။ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး ရုတ်တရက် လုံးဝတခြားပတ်ဝန်းကျင်ရောက်နေတာမြင်လိုက်ရတယ်။
သူတို့ ရင်းနှီးနေတဲ့... ဟင်းချက်နေသံကို ကြားလိုက်ရလေရဲ့။
နောက်တော့ မိန်းကလေးတစ်ယောက်အသံ ထွက်လာတယ်။
"နင်ရောက်ပြီလား၊ ခဏနော်၊ ငါသိမ်းဆည်းပြီးရင် လာခဲ့မယ်"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဘာတုန်းဟ။
…
အခန်း ၂၉၁ ။ မျက်နှာပြင်ထဲမှ သူငယ်ချင်းများ
ကူယွဲ့က တခြား "မန်နေဂျာ" ကိုကြည့်ပြီး သိသိသာသာ ဇဝေဇဝါဖြစ်သွားတယ်။ သူမက အိမ်နေရင်းဝတ်စုံနဲ့ ညှပ်ဖိနပ်ဝတ်ထားတယ်။ လက်ထဲမှာ ဂိမ်းစက်တစ်ခု ကိုင်ထားပေးပြီး အဆက်မပြတ် နှိပ်နေတယ်။ သူမက အံကြိတ်ကာ ခပ်တိုးတိုးဆဲတော့တယ်။
"အလယ်က ငါတို့တာဝါကို ချိုးတဲ့သူလာနေပြီဟ၊ အိပ်မက်မက်နေတာတော်တော့ သူ့ကိုတားကြ"
"ဘာလို့ နင်တို့အားလုံး ကိုယ့်ဘာသာလျှောက်သွားနေတာလဲ၊ ဒီမှာလာစုကြ"
"နဂါးကြီးလွတ်သွားပြီ၊ နဂါးကြီးလွတ်သွားပြီ၊ ခုသွားပြီးခိုးတော့၊ ဖက်တီး ဘာလုပ်နေတာလဲ၊ သွားဟ သွားဟ"
"ဟိုလီရှစ်၊ ငါ့ကို ဘာလို့ဆွဲထားတာလဲ၊ ဒီဂိမ်းဘယ်လိုဆော့ရမလဲတောင်သိရဲ့လား"
သူတို့လူစု ဆိုဖာပေါ် နာရီဝက်ကျော် တိတ်တိတ်လေး ထိုင်စောင့်နေပေမဲ့ သူမကမရပ်သေး။ အဲအစား သူမက ပိုပိုပြီး ဂိမ်းထဲစိတ်ပါလာပြီး သူမဘေးမှာ ဧည့်သည်လေးယောက်ရှိနေတာကို လုံးဝမေ့သွားသလိုမျိုးပဲ။
ရှန်းကျင်းက ဒါက အတော်လေးကောင်းတဲ့ အမတကျင့်ကြံဘုံလို့ မပြောခဲ့ဘူးလား။ ဘာလို့ စီမံထိန်းသိမ်းသူနေရာက အဲလောက် ခေတ်မီနေရတာလဲ။ တကယ်တော့ ဒါက သူတို့ခေတ်သစ်ကမ္ဘာနဲ့ ပိုဆင်တယ်။ သူတို့ လာခဲ့တဲ့ ခေတ်သစ်ကမ္ဘာထဲက ဂိမ်းစက်တွေနဲ့တောင် ပိုဆင်နေတာ။
ကူယွဲ့က ရှန်းကျင်းကို တံခါးမှားဖြတ်လာတာလား မေးဖို့ရှိသေး လူတစ်ယောက်က မီးဖိုချောင်ထဲကနေ ရုတ်တရက် ထွက်လာတယ်။ သူက နွေးထွေးပုံရတဲ့ အဝတ်အစားဝတ်ထားပေမဲ့ အတော်လေး အေးစက်တဲ့ချီကို ထုတ်လွှင့်နေတယ်။ တစ်ချက်ကြည့်ရုံနဲ့တင် အရိုးထဲထိ အေးစက်စေတာမျိုး။ အမျိုးသားက ဧည့်သည်တွေကို အနေရခက်ခက်ကြည့်လာပြီး သူ့လက်ထဲက စားစရာတွေကို ချကာ သူတို့နား ချဉ်းကပ်လာခဲ့တယ်။
"ယွီ... ယောင်" သူက ဂိမ်းထဲစိတ်ပါဝင်စားနေဆဲ အမျိုးသမီးကို ခေါ်လိုက်တယ်။ သူ့အသံက သူ့ရုပ်ရည်လိုပဲ အေးစက်နေတယ်။ ဒါပေမဲ့ သူက အမျိုးသမီးကို ကြည့်ပြီး လက်ထဲက ဂိမ်းစက်ကို ဆွဲလုချိန် အမူအရာက မဆိုစလောက် နူးညံ့သွားခဲ့တယ်။
"အာ" အမျိုးသမီးက ပြန်ဆွဲလုဖို့ ကြိုးစားလိုက်တယ်။
"ဆရာ၊ ကျွန်မနိုင်တော့မှာပါဆို..."
"ယွီယောင်" အမျိုးသားက မျက်မှောင်ကြုတ်ကာ ဆိုဖာပေါ်ထိုင်နေတဲ့လူအုပ်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။
အမျိုးသမီးက တန့်သွားပြီး သူ့နောက်လိုက်ကြည့်တယ်။ သူမကနှုတ်ခမ်းသပ်လိုက်တယ်။
"တောင်းပန်ပါတယ်၊ နင်တို့ဒီမှာရှိနေသေးတာ မေ့သွားတာ"
သူမက ချက်ချင်း ထရပ်လိုက်ပြီး လည်ချောင်းရှင်းလိုက်တယ်။
"ရှောင်ကျင်း၊ ငါတို့မတွေ့တာ အတော်ကြာပြီနော်" သူမက ရှန်းကျင်းကို နွေးထွေးစွာပြုံးပြတယ်။ ရှန်းရင်ဘက် လှည့်ကြည့်ချိန် မျက်လုံးတွေ တလက်လက်တောက်ပသွားတာပဲ။
"ဒါရှောင်ရင်လား၊ ချစ်စရာကောင်းချက်ပဲ"
"ချစ်ဖို့ကောင်းတယ်နော်" ရှန်းကျင်းက ပြုံးတယ်။ သူမက တစ်ဖက်အမျိုးသမီးရဲ့ လက်မောင်းကို ဆွဲကာ မျက်နှာချိုသွေးတော့တယ်။
"နင်မသိလို့ သူငယ်ငယ်က ပိုတောင်ချစ်ဖို့ကောင်းသေးတယ် သူငယ်ငယ်တုန်းကပုံ ငါ့မှာရှိသေးတယ်"
"ဟုတ်လား ပြပါဦး" နှစ်ယောက်သားက ပိုတောင်နီးနီးကပ်ကပ် ပူးကပ်နေတယ်။
"ကြည့်၊ ဒါ သူ ၁နှစ်သမီး အရွယ်ကပေါ့၊ ဒါကတော့ ၂နှစ်သမီး"
"ဝိုး တကယ်ပဲဟ ကြည့်ပါဦး ဝဝကစ်ကစ်လေးနော်၊ နင် သူ့ကို ဘယ်လိုပြုစုခဲ့တာလဲ၊ ဘာနို့မှုန့်တိုက်ခဲ့လဲ"
"ဒါ သိပ္ပံဖြစ်နိုင်တယ်၊ ငါ သူ့ကို ဒီတိုင်း နို့မှုန့်တိုက်ခဲ့တာမဟုတ်ဘူး"
"နင်က အတွေ့အကြုံ အရမ်းများတာပဲ - ငါ့ကိုပါ ဝေမျှပေးပါလား၊ အိမ်က အဲဟာလေးပေါ်ပါ သုံးလို့ရအောင်"
"ကောင်းပြီ ကောင်းပြီ ပြောပြမယ်..."
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
နှစ်ယောက်သားက ကလေးပျိုးထောင်ရတဲ့ အတွေ့အကြုံတွေအားလုံးကို ဝေမျှစပြုတော့တယ်။ ဆိုဖာပေါ် ကျန်နေတဲ့သုံးယောက်သား မျက်မှောင်ကြုတ်လိုက်တယ်။ ရှန်းရင်က နှုတ်ခမ်းကိုသပ်ကာ သူမဘေးက အမျိုးသမီးကို ပြန်ဆွဲခေါ်လိုက်ရတယ်။
"မကြီး..." ငါတို့ဒီကိုဘာလို့ရောက်နေလဲတောင် မှတ်မိရဲ့လား။
ရှန်းကျင်းက တန့်သွားတယ်။ ဖြည်းဖြည်းချင်း သူမက ဂိမ်းစက်ကို သိမ်းလိုက်တယ်။
"ယောင်ယောင်၊ ငါ့အခြေအနေကို ဟိုတလောက ပြောပြပြီးသားလေ၊ ဒီတစ်ကြိမ် နင်ကိုယ်တိုင် စစ်ကြည့်ဖို့ ရှောင်ရင့်ကို ဒီခေါ်လာခဲ့တာပဲ၊ နင့်မျက်နှာပြင်က သူနဲ့ အတော်လေး ဆင်တယ်လေ၊ သူ့ပြဿနာက ဘာလဲဆိုတာ နင်တော့ အတိအကျပြောနိုင်မယ်ထင်လို့"
"စိတ်အေးအေးထား" အမျိုးသမီးက သူ့ရင်ဘတ်သူ နှစ်ကြိမ်ပုတ်ပြတယ်။
"နင့်ပြဿနာကလည်း ငါ့ပြဿနာပဲ၊ ငါဖြေရှင်းပေးပါရစေ" သူမက သူတို့ဘက်လှည့်လာပြီး ရှန်းရင်ကို အထူးတလည် ပြုံးပြတယ်။ နောက်တော့ သူမက လက်တစ်ဖက်မြှောက်ကာ ပြောလိုက်တယ်။
"ရှောင်ရင် နင်ဘယ်လိုနေလဲ၊ ငါကနင့်အစ်မ သူငယ်ချင်းကောင်းပါ၊ ကျူးယောင်တဲ့"
"ရှန်းရင်ပါ" ရှန်းရင် ကျူးယောင်လက်ကို ဆွဲခါလိုက်တယ်။
ကျူးယောင်က ရှန်းကျင်းဘက် ပြန်လှည့်ကာ မေးလိုက်တယ်။
"အော်ဟုတ်သား၊ နင့်စာထဲ သေချာမရှင်းပြထားဘူးနော်၊ သူ့ကိုယ်ခန္ဓာက အတိအကျ ဘာဖြစ်တာလဲ"
"ငါ သူ့ကိုယ်ခန္ဓာ အချက်အလက်ဒေတာကို စစ်လို့မရတာပဲ၊ ကန့်သတ်ချက်တွေ အားလုံးကိုတောင် ကျော်သွားတာ ထင်တယ်"
ရှန်းကျင်းက ခပ်တိုးတိုး ပြန်ဖြေတယ်။
"ဒါက သူအဲသွေဖည်မျက်နှာပြင်ဆီ ဆွဲခေါ်ခံရမှဖြစ်တာပဲ"
ကျူယောင်က ခေါင်းညိတ်ပြီးတော့ ရှန်းရင်ကို မတ်တတ်ထရပ်ခိုင်းတယ်။ သူမက ပတ်ပတ်လည်ကို လိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"ထူးဆန်းလိုက်တာ၊ ငါ သူဘာလွဲနေတာလဲ မမြင်ရဘူး" မသေမျိုးချီမပြောနဲ့၊ ရှန်းရင်ကိုယ်ထဲ ဝိညာဉ်ချီ နည်းနည်းလေးတောင် မရှိဘူး။ ဒါက အမတကျင့်ကြံသူဘုံဆီ ရောက်ဖူးတဲ့လူအတွက် မဖြစ်နိုင်ဘူး။
"နင်လည်း မပြောနိုင်ဘူးလား" ရှန်းကျင်းအမူအရာ ပျက်ယွင်းသွားတယ်။ တစ်စုံတရာကို သတိရသွားတဲ့ပုံနဲ့ သူမက ရုတ်တရက် အေးစက်စက်အမျိုးသားကို လှည့်ပြောတယ်။
"ဆရာ ကျွန်မအစား ရှောင်ရင့်ကို တစ်ချက်ကြည့်ပေးရင်ရော"
သူမက သူတို့ကို ရှင်းပြတယ်။
"ငါ့ဆရာက ငါ့ထက် အမတကျင့်ကြံသူဘုံအကြောင်း ပိုသိတယ်လေ"
အဲလူက မျက်မှောင်ကြုတ်ကာ ဆိုဖာပေါ်ကလူနှစ်ယောက်ကို အမူအရာလှမ်းပြလေတယ်။
"သူတို့နှစ်ယောက် ကျင့်ကြံဆင့်တွေက ကိုယ့်ထက်မနိမ့်ဘူး၊ သူတို့ ဘာပြဿနာလဲဆိုတာ မမြင်ရရင် ကိုယ်လည်း မြင်ရလောက်မှာမဟုတ်ဘူး"
"ကောင်းပြီလေ၊ ဒါဆို စနစ်ရဲ့ကောင်းကင်ယံမျက်စိကို ထုတ်သုံးဖို့ကလွဲ ရွေးချယ်စရာ မရှိတော့ဘူး"
သူမက ဘယ်ကမှန်းမသိ စခရင်တစ်ခုကို ထုတ်လာတယ်။
"ဘုံဝိညာဉ်ထွက်မသွားခင်က ငါ့ကို အာရုံခံစနစ်တစ်ခုပေးခဲ့တယ်၊ အဲဒါက ဂြိုဟ်ထဲက ဘယ်bugsကိုမဆို အာရုံခံပြီး ငါ့ကိုအသိပေးဖို့ပဲ၊ စနစ်ကနေတစ်ဆင့် တစ်ခါတည်း မူမမှန်တာကိုအာရုံခံနိုင်တယ်"
သူမကရှန်းရင်ကို လှမ်းကြည့်ပြီး စနစ်ကို စတင်ကာ ရှင်းပြတယ်။
"တကယ်လို့ တကယ်ပဲ ရှောင်ရင့်ဒေတာက တစ်ခုခုမှားနေရင် စနစ်က ကျိန်းသေပေါက် bug ကို အာရုံခံမိလိမ့်မယ်၊ စခရင်ပေါ်မှာ “BUG” ဆိုပြီး ပြောပြမှာ၊ ဒီလိုနည်းနဲ့ ငါတို့ အကြောင်းရင်းကို ပြန်လိုက်ရင်..."
"သူ ဘယ်လိုလုပ် ဒီလိုပုံစံပြောင်းသွားလဲဆိုတာ သိနိုင်မှာလား" ရှန်းကျင်းက စိတ်လှုပ်ရှားစွာနဲ့ အံ့ဩတကြီးရေရွတ်တော့တယ်။
"ဟုတ်တယ်" ကျူးယောင်က ခေါင်းညိတ်တယ်။
"ဒါပေမဲ့ စီမံထိန်းသိမ်းသူပဲ စနစ်ပေါ်က စာလုံးတွေကို ဖတ်နိုင်မှာ"
တီခနဲမြည်သံနဲ့အတူ အလင်းရောင်တစ်ခုက ရှန်းရင်နဖူးပေါ် လက်သွားပြီး သူမခြေချောင်းတွေထိ ဖြည်းဖြည်းချင်း ဆင်းလာတယ်။ တကယ်ပဲ ရှန်းရင်ရဲ့ ပုံသဏ္ဌာန်က ရှန်းကျင်းနဲ့ကျူးယောင်ကြည့်နေတဲ့ စခရင်ပေါ် ဝေဝါးသွားတယ်။ အဲနေရာမှာ စကားလုံးတွေ ပေါ်လာခဲ့တယ်။
စကားလုံးတွေက ကြီးလာပြီးရှင်းလင်းသထက် ရှင်းလင်းလာတယ်။ တစ်အောင့်နေတော့ ရှန်းရင်မျက်နှာပေါ် စာလုံးကြီးတစ်လုံး ရေးထားတယ်။
'BOSS'
ကျူးယောင် ။ ။ "..."
ရှန်းရင် ။ ။ "..."
(⊙_⊙)
ဘာကြီးတုန်း။
"BOSS" လို့ ဘာလို့ပြောတာလဲ။ "BUG" လို့ ပြောရမှာ မဟုတ်ဘူးလား။ ပြီးတော့ စာလုံးတွေက အမည်းရောင် မဟုတ်ဘဲ ရွှေရောင်ဖြစ်နေရတာလဲ။
"ယောင်ယောင်၊ နင်ပြောတော့... စာလုံး၃လုံးပဲရှိမှာဆို" ဘာလို့လေးလုံးရှိနေရတာလဲ။
"ငါ... ငါလည်းမသိဘူးလေ" သူမလည်း အဲလိုအခြေအနေမျိုးကို တစ်ခါမှမမြင်ဖူးဘူး။ စနစ်အတွက် "BUG" ကို ဖြေရှင်းလို့ရပေမဲ့ "BOSS" ကိုက ဘယ်လိုလုပ်ရမလဲ။
"အကြောင်းရင်း အာရုံခံနိုင်သေးလား"
"လုပ်ကြည့်မယ်" ကျူးယောင်က အံ့ဩပြီး လက်တွေ့ အကောင်အထည်ဖော်တော့တယ်။ သူမက စခရင်ကို လက်ညှိုးထိုးကာ တတောက်တောက် ရိုက်တော့တယ်။ တီခနဲ မြည်သံတွေပေါ်လာပြီး စခရင်ပေါ် စာလုံးနီကြီးတွေ ခုန်တက်လာခဲ့တယ် - မှားယွင်းသောပစ်မှတ်၊ အချက်အလက် လက်ခံမရပါ။
"မထင်ဘူး" ကျူးယောင် အားတုံ့အားနာ မျက်မှောင်ကြုတ်တယ်။
"တောင်းပန်ပါတယ်၊ ရှောင်ကျင်း ငါနင့်ကို မကူညီနိုင်ဘူး"
"မစိုးရိမ်ပါနဲ့၊ ငါတို့လည်း ကံစမ်းဖို့ပဲ ဒီကိုရောက်လာတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း ပြဿနာကို ရှာမရဘူး၊ နင်က မျက်နှာပြင်စီမံထိန်းသိမ်းသူဖြစ်တာမှ မကြာသေးတာ၊ နင်ပြဿနာကို အာရုံမခံနိုင်တာ ပုံမှန်ပါပဲ"
"အမှန်ပဲ၊ ငါက အသစ်လေးပဲ ရှိသေး..." သူမက ပြောနေရင်း ရုတ်တရက်တစ်ခုခုကို စဉ်းစားမိသလို အသံတိမ်ဝင်သွားတယ်။ ကျူးယောင်ရဲ့ မျက်လုံးတွေ ချက်ချင်းပြူးသွားခဲ့တယ်။
"ငါနင့်ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးရင်ရော၊ သူကတော့ သေချာပေါက်သိမှာပဲ"
"သူကဘယ်သူလဲ"
"ငါလာခဲ့တဲ့နေရာက မျက်နှာပြင်စီမံထိန်းသိမ်းသူ" ကျူးယောင်က သူမရှေ့ ကစခရင်ကို အမြန်နှိပ်ပြီး အဲစီမံထိန်းကို ဖုန်းဆက်လိုက်တယ်။ သူမ သုံးကြိမ်တိတိခေါ်ပေမဲ့ တစ်ဖက်လူက သုံးကြိမ်လုံး ဖုန်းမကိုင်။ ဒါပေမဲ့ ကျူးယောင်ကတော့ ဒါကိုကျင့်သားရနေပြီ။ သူမက စီမံထိန်းသိမ်းသူဆီ လေးကြိမ်မြောက် ဖုန်းဆက်လိုက်တယ်။
ချက်ချင်းပဲ လူတစ်ယောက် သူမရှေ့က စခရင်စခရင်ပေါ် ပေါ်လာတယ်။ သူ့ကြည့်ရတာ ဒေါသထွက်နေတဲ့ပုံ - သူမကို အချိန်မရွေး ဝါးစားတော့မလိုမျိုးပဲ။ သူက အော်တယ်။
"မင်း သေတွင်းတူးနေတာလား"