← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း ၁ နိဒါန်း

ယနေ့ညတွင် လရောင်က အလွန်တောက်ပနေသော်လည်း သွေးနီရောင် တိမ်လွှာများက လကို ဖုံးအုပ်ထားကာ မူလက ပြေပြစ်နေသည့်လရောင်ကို ထူးထူးခြားခြား ကြောက်မက်ဖွယ်ဖြစ်သည်အထိ သွေးရောင်များလွှမ်းသွားစေခဲ့သည်။ လေထုသည်ပင် သွေးနံ့များ ပျံနှံနေပုံပေါ်ပြီး အထူးသဖြင့် နံနက်နှစ်နာရီအချိန်က အလွန်တိတ်ဆိတ်နေကာ အပြင်ဘက်မှ သစ်ရွက်ခြောက်ကြွေသံများကိုပင် ကြားနေရသည်။ ထိုသို့သော အချိန်မျိုးတွင် ထူးဆန်းနေသည့် ညကောင်းကင်ကြီးကို မည်သူကမျှ ဂရုမစိုက်ခဲ့ပေ။

  တောက်ပနေသော မီးရောင်အောက်တွင် အခန်းထဲမှ ခွဲစိတ်ခန်းသုံးကိရိယာမျိုးစုံကို တွေ့နိုင်သော်လည်း ဤသည်မှာ သမားရိုးကျ ခွဲစိတ်ခန်းမျိုး မဟုတ်ပေ။

  အမျိုးသမီး၏မျက်နှာပြင် အများစုကို ဆေးဘက်ဆိုင်ရာမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားပြီး သူမ၏အသွင်အပြင်ကို ကောင်းစွာမမြင်နိုင်ပေ။ တောက်ပပြီး စူးရှသော မျက်လုံးတစ်စုံကလည်း အဖြူရောင်စင်မြင့်ပေါ်ရှိ ခန္ဓာကိုယ်ကိုသာ စေ့စေ့ကြည့်နေခဲ့သည်။ သူမက သူမ၏လက်ထဲမှ တိုင်းတာသည့်ကရိယာကို ဘေးသို့ချလိုက်ပြီး အေးစက်စက် အသံဖြင့် “သေဆုံးသူက အရပ် ၁၆၈ စင်တီမီတာရှိတဲ့ အမျိုးသမီး၊ အသက် ၂၀ နဲ့ ၃၀ ကြား၊ ခန္ဓာကိုယ်က ဆွေးမြေ့စပြုနေပြီ၊ ကနဦး ကောက်ချက်ချနိုင်တာကတော့ သေတာ တစ်လကျော်သွားပြီ"

  သူမ၏နောက်တွင် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေပြီး သူမ ပြောသမျှကို လိုက်မှတ်နေကာ သူမ၏လက်က ဘာကိုမှ လျစ်လျူရှုပြ်း ချန်ထားရဲခြင်း မရှိပေ။

  အလောင်းပေါ်ရှိ သဲလွန်စတိုင်းကို သေသေချာချာ စစ်ဆေးကြည့်နေရင်း အလောင်း၏လက်ချောင်းများကို မြင်လိုက်ရသောအခါ ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏အသံက အေးစက်ငြိမ်သက်နေဆဲဖြစ်ပြီး "သေဆုံးသူရဲ့ လက်သည်းဆယ်ချောင်းစလုံး ဖယ်ရှားခံထားရတယ်"

  “လက်သည်းဆယ်ချောင်းလုံးကို ဆွဲနုတ်ထားတာလား?” ရှင်းလန်၏ လက်များက ရပ်တန့်သွားပြီး မော့ကြည့်လာကာ “ဒေါက်တာကျွော့၊ ဒါက ကွင်းဆက်လူသတ်မှု မဟုတ်ဘူးလား? ဒီအမျိုးသမီးအပါအဝင်ဆိုရင် လက်သည်းတွေ ဆွဲနုတ်ခံထားရတာ လေးယောက်ရှိနေပြီ”

  ကျွော့ချင်းက အလောင်းပေါ်ရှိ သဲလွန်စအားလုံးကို စစ်ဆေးရန် အာရုံစိုက်နေခဲ့ပြီး ပြန်မဖြေခဲ့ပေ။ ခဏအကြာတွင် သူမက အေးစက်စက်အသံဖြင့် "ဒါက လူသတ်မှု ဟုတ် မဟုတ် စုံစမ်းစစ်ဆေးရေးဌာနက ဆုံးဖြတ်လိမ့်မယ်။ ငါတို့က မှုခင်းဆရာဝန်တစ်ယောက်အနေနဲ့ မှတ်တမ်းတင်ပေးဖို့ပဲ တာဝန်ရှိတယ်။ ငါ့တာဝန်က အလောင်းပေါ်က လက္ခဏာတွေအားလုံးကို အသေးစိတ် ဖော်ပြနိုင်ရင် ရပြီ”

သေဆုံးသူ၏ လက္ခဏာများနှင့် သေဆုံးရခြင်းအကြောင်းရင်းအားလုံးက အမှုကို ဖြေရှင်းရန် သက်သေအထောက်အထားများနှင့် သဲလွန်စများကို ပေးဆောင်နိုင်သည်။ ၎င်းကို ကွင်းဆက်လူသတ်မှုအဖြစ် သတ်မှတ်လိုက်ပါက အခြားအသေးစိတ်အချက်အလက်များကို လျစ်လျူရှုမိရန် လွယ်ကူသွားပေလိမ့်မည်။

  "သိပါပြီ" ရှင်းလန်က သူမလျှာကို တိတ်တိတ်လေး ကိုက်လိုက်သည်။

ဒေါက်တာကျွော့က မကြာသေးမီနှစ်တွေအတွင်း အသက်အငယ်ဆုံးနဲ့ စွမ်းဆောင်မှုအရှိဆုံး၊ အထင်ရှားဆုံး မှုခင်းဆရာဝန်တစ်ဦး ဖြစ်လာခဲ့တယ်။ သူမနဲ့ စာသင်ကြားနိုင်တာက သူမ‌ နောက်က လိုက်တဲ့သူတွေကို အရမ်းလျင်လျင်မြန်မြန် တိုးတက်လာနိုင်စေပေမယ့် သူမရဲ့အေးစက်စက်မျက်နှာကိုတော့ အမြဲမြင်နေရတယ်။ သူမရဲ့မျက်လုံးတွေက တော်တော်ကို ကြောက်စရာကောင်းနေပြီး ဘယ်တော့မှ ပြောင်းလဲမသွားဘူး။ အထူးသဖြင့် သူမ အလုပ်လုပ်နေတဲ့ အချိန်တွေမှာပေါ့။

  “သေဆုံးသူရဲ့လည်ပင်းမှာ ညိုမဲနေတဲ့ လက်ရာတွေ တွေ့ရတယ်။ တခြားနေရာတွေမှာတော့ သိသာထင်ရှားတဲ့ ပြင်ပဒဏ်ရာ မတွေ့ဘူး။ သေဆုံးရတဲ့ အကြောင်းရင်းက အသက်ရှူကြပ်တာ၊ ခန္ဓာကိုယ်အောက်ပိုင်းကတော့ မသေခင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်နိုင်ခြေများတယ်လို့ အတိအကျ ဆုံးဖြတ်နိုင်တယ်"

ကျွော့ချင်းက သူမ၏ဆေးဘက်ဆိုင်ရာသုံး လက်အိတ်ကို ပြန်ချွတ်လိုက်ပြီး "ရှောင်ရှင်း၊ မိုးမလင်းခင် အချက်အလက်တွေကို စုစည်းပြီး အစီရင်ခံစာကို ငါ့ဆီယူလာခဲ့၊ ငါ လက်မှတ်ထိုးပြီးရင် မှုခင်းစုံစမ်းရေးဌာနကို လွဲပေးလိုက်မယ်၊ စုဆောင်းထားတဲ့ နမူနာတွေကို မနက်ဖြန် ဓါတ်ခွဲခန်းပို့ပြီးရင် မင်း အနားယူလို့ရပြီ"

  သူမ၏နှလုံးသားထဲမှာ ငိုကြွေးနေခဲ့သော်လည်း ရှင်းလန်က လုံးဝတွန့်ဆုတ်မနေရဲဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

"ကျွန်မ နားလည်ပါပြီ"

နောက်ထပ်မအိပ်ရတဲ့ ညတစ်ညပါပဲ!

  ရှင်းလန်က သေဆုံးသွားသူ၏ ခန္ဓာကိုယ်မှ ဖြတ်တောက်ထားသော အဝတ်အစားများနှင့် အရေပြားနမူနာများကို ထုပ်ပိုးနေရင်း သူမ၏လက်ဖဝါးလောက် ကြီးမားသော သတ္တုအဝိုင်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် “ဒေါက်တာကျွော့၊ ဒါက သေဆုံးသူရဲ့ ကုတ်အင်္ကျီထဲမှာ တွေ့ခဲ့ရတာပါ။ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီကို လွှဲပြောင်းပေးရမလား?"

  ကျွော့ချင်းက ထိုအရာကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး "ဓာတ်ခွဲခန်းကို အရင်ပို့ပေးလိုက်ပါ၊ သူတို့ ကိုင်တွယ်ပါလိမ့်မယ်"

ထိုနောက် သူမက ခွဲစိတ်ခန်းမှ သပ်ရပ်စွာ ထွက်ခွာသွားခဲ့သည်။

  "ဟုတ်ကဲ့" နမူနာများနှင့် မှတ်စုများကို စုဆောင်းပြီးနောက် ရှင်းလန်က ကျွော့ချင်း၏နောက်သို့ အမြန်လိုက်သွားကာ အလောင်းထားရာအခန်းမှ အမြန်ထွက်ခွာသွားခဲ့သည်။ သူမက မှုခင်းဆေးပညာဌာနတွင် တစ်နှစ်ခွဲကျော်ကြာ အလုပ်လုပ်နေခဲ့သော်လည်း ညသန်းခေါင်တွင် အလောင်းနှင့်အတူ တစ်ယောက်တည်း မနေရဲသေးပေ။

  "ဘယ်လိုလဲ? အလောင်းစစ်ချက် အစီရင်ခံစာထွက်လာပြီလား" သူမတို့ ရုံးခန်းနားသို့ ရောက်လာချိန်တွင် တစုံတယောက်က သူမတို့နှစ်ဦးကို ချက်ချင်း ဟန့်တားလိုက်သည်။

  တံခါးဘောင်ကို မှီ၍ ရပ်နေသော ပိန်ပိန်ပါးပါး အမျိုးသမီးက သပ်ရပ်သော ဆံပင်တိုတိုများ ရှိပြီး သူမ၏ပုံမှန်မဟုတ်သော တက်ကြွမှုက သိသာထင်ရှားနေသည်။ အထူးသဖြင့် မြဲမြံစူးရှသော သူမ၏မျက်လုံးများ ဖြစ်သည်။

  ရှင်းလန်က "အဖွဲ့ခေါင်းဆောင်ကု၊ ရှင်က အရမ်းချဲ့ကားနေတာပဲ၊ အခုမှ မနက်၃ နာရီပဲ ရှိသေးတယ်!"

  ကုယွင်က မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး "ဒါဆို?"

  ရှုံးနိမ်သွားသော ရှင်းလန်က စိတ်ပျက်လက်ပျက်ဖြင့် သူမ ပခုံးကို ကျုံရင်း ကူကယ်ရာမဲ့ ပြန်ပြောလိုက်သည်။ "ဒါဆို ခဏစောင့်၊ ကျွန်မ ချက်ချင်း သွားလုပ်ပေးမယ်။ မိုးမလင်းခင်မှာ ရလဒ်တွေ ထွက်လာစေရမယ်!"

အဖွဲ့ခေါင်းဆောင်ကုနဲ့ ဒေါက်တာကျွော့တို့ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြတာ အံ့သြစရာ မဟုတ်တော့ဘူး၊ သူတို့က အလုပ်သရဲတွေ! !

  ရှင်းလန်တစ်ယောက် ခေါင်းငိုက်စိုက်ဖြင့် ရုံးခန်းထဲကို လျှောက်ဝင်သွားသည်ကို မြင်လိုက်ရသောကြောင့် ကုယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ကျေးဇူးအများကြီးတင်ပါတယ်!"

  ကျွော့ချင်းက သူမ၏ သီးသန့်ရုံးခန်းကို ဖွင့်လှစ်ထားပြီးဖြစ်ကာ ကုယွင်က သူမနောက်သို့ ချက်ချင်း လိုက်သွားခဲ့သည်။ သူမ စကားမပြောမီ ကျွော့ချင်း၏ ထူးခြားပြီး အေးစက်သည့် အသံတိုးတိုးက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ "ဘာလို့ မအိပ်သေးတာလဲ ညနက်နေပြီ"

  "တော်စမ်းပါ!" ကုယွင်က သူမကို မျက်လုံးပြူးဖြင့် ကြိမ်းမောင်းလိုက်ပြီး "ပြီးခဲ့တဲ့လက အမျိုးသမီးတွေ အသတ်ခံရတဲ့အမှုတွေ မကြာခဏ ဖြစ်နေတယ်။ အဲ့အမှုတွေကြောင့် ဌာနခေါင်းဆောင်လီရဲ့မျက်လုံးတွေ မီးတောက်လုနီးပါး ဖြစ်နေပြီ။ အခု သူက ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနကို အဖွဲ့နှစ်ဖွဲ့ခွဲထားပြီး နေ့ရော ညပါ အလုပ်လုပ်ဖို့ တာဝန်ပေးထားတယ်!”

  ကျွော့ချင်းက သူမ၏ ဆံပင်တွင် ထိုးစိုက်ထားသော ဘောပင်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ရာ ခါးထိရှည်သော ဆံပင်များက ချက်ချင်း ပြေကျလာသည်။ သူမက ဆိုဖာပေါ်တွင် မောပန်းနွမ်းနယ်စွာ ထိုင်နေရင်း မျက်လုံးတဝတ်မှိတ်ထားကာ ပျင်းရိစွာ မေးလိုက်သည်။ "မနေ့က ပြည်နယ်အဆင့် ကိုယ်ခံပညာပြိုင်ပွဲရဲ့ရလဒ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာလား?"

  “မဟုတ်ဘူး!”

ထိုသို့ ပြန်ပြောလိုက်သော်လည်း ထိုအကြောင်းကို ကြားလိုက်ချိန်တွင် ကုယွင်က ချက်ချင်း ဒေါသထွက်လာပြန်သည်။

အမှုတွေ ဒီလောက်မြောက်မြားစွာ ရှိနေတာကို ဌာနခေါင်းဆောင်က သူမကို ပြည်နယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ တောင်းဆိုခဲ့သေးတယ်။ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးအဖွဲ့မှာ သူမပဲ ပထမနေရာ ရနေပြီး တခြားဘယ်သူကမှလည်း သူမထက် ပိုမကောင်းလာနိုင်တော့ဘူး။

ကျွော့ချင်းက သက်တောင့်သက်သာ ရှိလာပုံပေါ်နေပြီး အိပ်ပျော်ခါနီးတွင် ကုယွင်က သူမကို ပုခုံးကို ပုတ်လိုက်ပြီး "သခင်မလေး၊ ငါက ဒီမှာရှိနေပြီး နင့်ကို စကားပြောနေတယ်လေ၊ နင် ငါ့ကို ရှင်းပြဖို့ မရှိဘူးလား?"

  ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားသေးသည်။ သူမ၏အသံက ပျင်းတိပျင်းတွဲ ဖြစ်နေသော်လည်း အေးစက်ကြည်လင်နေဆဲဖြစ်သည်။

"ဒီသေဆုံးသူမှာ ပထမလူသတ်မှု သုံးခုမှာ သေဆုံးသွားတဲ့ သူတွေနဲ့ တူညီတဲ့ အချက်တစ်ခုရှိတယ်။ သူတို့အားလုံးက လေပြွန်ကို လက်နဲ့ အညှစ်ခံရလို့ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ကြတာ။ လက်ဆယ်ချောင်းလုံးက လက်သည်းတွေအားလုံးကို ဖယ်ရှားထားတာကို ကြည့်ရင် လူသတ်တဲ့ နည်းလမ်းက တူညီနေတယ်။ တကယ်လို့ ကွင်းဆက်လူသတ်မှု ဖြစ်မယ်ဆိုရင် ခန္ဓာကိုယ် ဆွေးမြေ့ပျက်စီးမှု အတိုင်းအတာအရ ဒီသေဆုံးသူအမျိုးသမီးက ပထမဆုံး သားကောင် ဖြစ်နိုင်တယ်”

  ကျွော့ချင်း၏ သုံးသပ်ချက်ကို နားထောင်နေရင်း ကုယွင်က ရုံးခန်းထဲတွင် အပြန်ပြန် အလှန်လှန် လမ်းလျှောက်နေကာ ကိစ္စတခုခုကို တွေးတောနေပုံရသည်။ ထိုစဥ် ရုတ်တရက် ရုံးခန်း၏တံခါးဝမှ အလင်းရောင်ဖျော့ဖျော့တစ်ခုကို တွေ့လိုက်ရသောကြောင့် သူမ သွားကောက်ကြည့်လိုက်ရာ ရှစ်ထောင့်အဝိုင်းပုံ စာများမြှုပ်ထားသော သတ္ထုပြားတစ်ခုကို တွေ့လိုက်ရသည်။ ထိုရွှေရောင်အပြားသေးသေးလေးက သက်သေပစ္စည်းအိတ်ထဲတွင် ရှိနေရမည့် အထောက်အထားဖြစ်သည်။

  ကုယွင်က ကျွော့ချင်းဆီသို့ လျှောက်လာရင်း "ဒါက ဘာလဲ?"

 ကျွော့ချင်းက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကုယွင်၏လက်ထဲတွင် ရှိနေသည့်အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူမ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

ဒီမိန်းကလေး ရှင်းလန်က အမြဲတမ်း ပေါ့ပေါ့ဆဆနေတက်ပြီး ဒီလိုအရေးကြီးတဲ့ သက်သေအထောက်အထားတွေကို ကျပျောက်အောင် ဘယ်လိုတောင် လုပ်နိုင်တာလဲ?

ကျွော့ချင်းက တည့်တည့်မတ်မတ် ပြင်ထိုင်လိုက်ရင်း "သေဆုံးသူရဲ့အင်္ကျီအိတ်ကပ်ထဲကနေ တွေ့လာခဲ့တာ၊ ဓာတ်ခွဲခန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အရင် စစ်ဆေးပြီးမှ နင့်လက်ထဲကို ရောက်လာသင့်တဲ့အရာ"

  သူမလက်ထဲမှ အရာဝတ္ထုက ယခုအမှုကိစ္စ၏သက်သေဖြစ်ကြောင်းကို ကြားသွားချိန်တွင် ကုယွင်က ချက်ချင်း စိတ်အားထက်သန်လာခဲ့သည်။ ရုံးခန်းထဲတွင် စားပွဲတင်မီးအိမ်လေးတစ်ခုသာ ဖွင့်ထားသောကြောင့် သူမက ကန့်လန့်ကာများ ရိုးရိုးရှင်းရှင်း ဖွင့်လိုက်ပြီး ယနေ့ည၏ထူးထူးခြားခြား တောက်ပနေသည့် လရောင်အောက်တွင် ထိုအရာ‌လေးကို ဂရုတစိုက် ကြည့်ရှု့လိုက်သည်။ သူမက သူမ လက်ထဲတွင် ရှိနေသည့် အရာဝတ္ထုလေးကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့ပြီး သူမလက်ထဲမှ ထိုစက်ဝိုင်းဆီသို့ လရောင် ကျရောက်သွားပြီး မှောင်မိုက်နေသော ညကောင်းကင်တွင် တိမ်နီများ တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်ကို ကုယွင် သတိမထားမိလိုက်ပေ။

  ထူးဆန်းလိုက်တာ.... အခုန မြင်လိုက်ရတာက ရွှေရောင်လေ... အသိသာကြီးလေ....

အခုဘာလို့ အနီရောင် ပြောင်းသွားတာလဲ??!

ဟိုဘက်အခြမ်းက ရွှေရောင်လား??

ကုယွင်က ထိုအရာလေးကို လှန်လိုက်ပြီး အနီးကပ် ကြည့်လိုက်ချိန်တွင် တစ်ဖက်တွင်လည်း တူညီသည့် သွေးနီရောင် ပါကွာ့စက်ဝိုင်းပုံကိုသာ တွေ့ရပြီး အဝိုင်းပြားငယ်လေးတစ်ခုလုံးက အနီရောင်အလင်းဖျော့ဖျော့များကြောင့် ပိုတောက်ပလာပုံရသည်။

  "အား" သူမ စိတ်ရှုပ်နေတုန်းမှာပင် သူမလက်မှ နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

  ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး သူမနောက်သို့ လျှောက်လာကာ "ဘာဖြစ်တာလဲ?"

  ကုယွင်က သူမလက်ချောင်းများကို ငုံ့ကြည့်လိုက်ပြီး သူမ၏လက်ညိုးပေါ်တွင် သွေးထွက်နေသည့်နေရာတစ်ခုကို တွေ့လိုက်ရပြီး အနီရောင်တောက်တောက် သွေးစက်တချို့က သက်သေပစ္စည်းပေါ်သို့ ကျနေသည်ကို တွေ့လိုက်ရသည်။ ကုယွင်က အမှတ်တမဲ့ ပြုံးလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ အဲဒါက ခြစ်မိသွားတာလား မသိဘူး"

  သူမလက်ချောင်းပေါ်က ဒဏ်ရာက နက်ပုံရပြီး သွေးများ ထွက်နေဆဲပင်။ ကုယွင်၏သတိမမှုတက်သည့် အကြည့်များကြောင့် ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူမဘေးရှိ စာအုပ်စင်ထဲမှ ဂွမ်းကို ယူလိုက်ကာ ဒဏ်ရာပေါ်ကို ဖုံးအုပ်ပေးလိုက်သည်။

ထို့နောက် သူမက အေးစက်စွာဖြင့် "ဒဏ်ရာကို ဖိထား!"

  ကုယွင်က သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး “ဒါက သေးငယ်တဲ့ ခြစ်ရာလေးတစ်ခုပါဟယ်!”

  သို့သော်လည်း ဒဏ်ရာကို ဖိထားသည့် ဂွမ်းတွင် သွေးများ လျင်မြန်စွာ စိုစွတ်လာသည်။ ကျွော့ချင်း၏စူးရှသော မျက်လုံးများက အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။

အဲ့လောက်သွေးထွက်လာရအေင် ဘာကနေ ဘယ်လောက်ရှသွားတာလဲ???

သူမက ကုယွင်၏လက်ကို ကိုင်ကြည့်လိုက်ရင်း အံ့သြတကြီးဖြင့် "ဒါက ဘယ်လိုဖြစ်ရတာလဲ?"

  အမြဲတမ်း အေးစက်ပြီး မာနကြီးလွန်းလှတဲ့ မှုခင်းဆရာဝန်ကျွော့ကို ဘာက အရမ်း အံ့သြသွားစေတာလဲ?

သူမ၏အမူအရာကြောင့် ကုယွင်ကလည်း စိတ်ဝင်တစား ငုံကြည့်လိုက်ကာ အံ့သြတကြီးဖြင့် "သွေးတွေ... စိမ့်နေတယ်!!"

  မူလက ဖောက်ထွင်းမြင်ရသော သက်သေအိတ်၏အပြင်ဘက်ပေါ်သို့ ကျနေသည့် သွေးစက်များက ပျောက်ကွယ်သွားပြီး သွေးနီရောင် ပါကွာ့ကွက်ပေါ်တွင် သွေးများ အမှန်တကယ် ပေါ်လာခဲ့သည်။

ဘယ်လိုဖြစ်တာလဲ?

သက်သေအိတ်ထဲကို သွေးတွေ စိမ့်ဝင်သွားတယ်...

"အိုး!" သူမတို့နှစ်ယောက်က ခဏလောက် အံ့အားသင့်နေပြီးမှ‌ ကျွော့ချင်းက "ဒီတစ်ခါ အစီရင်ခံစာရေးဖို့ ခက်လိမ့်မယ်~"

  နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးခါးသီးသီး ပြုံးနေရင်း သက်သေအထောက်အထားများပေါ်တွင် ကုယွင်၏သွေးများ အဘယ့်ကြောင့်ပေါ်လာသည်ကို သိချင်နေကြသည်။ သို့သော်လည်း သူမတို့ သတိမထားမိလိုက်ချိန်တွင် ထိုသွေးများက ထောင့်ချိုးပုံသဏ္ဍာန်တလျှောက် စီးသွားပြီး ယင်နှင့်ယန်တို့ တွေ့ဆုံနေသည့် အလယ်ဗဟိုဆီသို့ စီးဝင်သွားခဲ့သည်။ ပါကွာ့စက်ဝိုင်း၏ အလယ်ဗဟိုသို့ သွေးများကျရောက်သွားသည့်အခိုက်အတန့်တွင် ထိုစက်ဝိုင်းဆီမှ ပြင်းထန်သော အနီရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ကျွော့ချင်းနှင့် ကုယွင်နှစ်ဦးစလုံး ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူမတို့၏မျက်လုံးများ မည်းမှောင်သွားပြီး မူးမိုက်သွားသလို ခံစားလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

  မြေပြင်ပေါ်သို့ အလင်းရောင် ပြန်ရောက်လာချိန်တွင် အစိုးရမူ့ခင်းဆရာဝန်မကြီး၏ မှုခင်းဆေးပညာကုသခန်းတွင် စားပွဲတင်မီးအိမ်ငယ်တစ်ခုသာ ကျန်ရှိနေခဲ့ပြီး မေ့မြောနေသည့်ပုံရိပ်နှစ်ခုက မြေပြင်ပေါ်တွင် လဲကျနေကြသည်။

  ကုယွင်၏လက်မှ သွေးထွက်နေသောဒဏ်ရာကလည်း အမာရွတ်ပင် မရှိတော့အောင် ယခင်အတိုင်း ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။

  ရွှေရောင်ပါကွာ့စက်ဝိုင်းက သူမတို့အနားသို့ တဖြေးဖြေး ကျဆင်းလာကာ မူမမှန်သည့်အရာများ မရှိတော့ပေ။

  ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်က ကြည်လင်ပြီးရင်း ကြည်လင်လာကာ အရာအားလုံးက အလွန်အေးချမ်းနေပုံပေါ်သည်။

Footnote:

trigram (bagua) (Chinese: 八卦; စာသားအရ- "eight symbols") သည် တာအိုစကြာဝဠာဗေဒတွင် သုံးလေ့ရှိသည့် trigrams တစ်ခုဖြစ်ပြီး လက်တွေ့ဘဝ၏ အခြေခံမူများကို ကိုယ်စားပြုရန် ၈ပိုင်းပိုင်းကာ အပြန်အလှန်ဆက်စပ်နေသော အယူအဆများ ရေးသားထားသည်ကို မြင်တွေ့နိုင်သည်။ တစ်ခုစီတွင် စာကြောင်း ၃ ကြောင်းပါရှိပြီး လိုင်းတစ်ခုစီတွင် ယင် သို့မဟုတ် ယန် အသီးသီးကို ကိုယ်စားပြုသော "ကျိုး" သို့မဟုတ် "မပြိုကွဲသော" စကားလုံးများ ပါဝင်သည်။ ၎င်းတို့၏ သုံးပွင့်ဆိုင်ဖွဲ့စည်းပုံကြောင့် ၎င်းတို့ကို အင်္ဂလိပ်လို “trigrams” ဟု မကြာခဏ ရည်ညွှန်းကြသည်။ trigrams များသည် နက္ခတ္တဗေဒ၊ နက္ခတ်ဗေဒင်၊ ပထဝီဝင်၊ ပထဝီဝင်၊ ခန္ဓာဗေဒ၊ မိသားစုနှင့် အခြားနေရာများတွင် ဆက်စပ်မှုရှိသည်။ (အရင်းအမြစ်- Wikipedia)

အခန်း ၂ မှားယွင်းသောကိုယ်ဖြင့် လက်ထပ်ခြင်း

 တအုန်းအုန်းမြည်နေသော မိုးခြိမ်းသံ၊ တဖွဲဖွဲကျနေသောမိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ပျက်ဆီးနေသော ပြတင်းပေါက်များက ဘယ်၊ ညာ ယိမ်းယိုင်နေကာ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ပြိုကျပျက်စီးနေသော ဘုရားကျောင်းငယ်လေး၏ ဘေးဘက်အခန်းတွင် အနီရောင်တောက်တောက် ရှေးခတ်မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးငယ် သုံးဦးရှိနေခဲ့သည်။ ဤမှောင်မိုက်ပြီး အုံ့မှိုင်းသောအခြေအနေက ဘုရားကျောင်းကို လွှမ်းခြုံထားသည့်လေထုကို အထူးအဆန်းဖြစ်စေပုံရသည်။

  အခန်းထဲတွင် မီးရောင်မရှိဘဲ ရံဖန်ရံခါ ပေါ်လာသော လျှပ်စီးရောင်က ပျက်စီးနေသော ဘုရားကျောင်း၏ခေါင်မိုးအစွန်းကို လင်းထိန်သွားစေခဲ့သည်။ ဓားနှင့်တူသော လျှပ်စီးကြောင်းများက မြေပြင်သို့ တည့်တည့်ရိုက်ခတ်နေပုံရပြီး ပြိုးပြိုးပြက်ပြက် လက်နေသော အဖြူရောင်အလင်းရောင်နှင့်အတူ စူးရှသော မိုးခြိမ်းသံတို့က အငယ်ဆုံးဟု ထင်ရသည့် အမျိုးသမီးလေးကို ထိတ်လန့်သွားစေခဲ့သည်။

  ချင်းမော့က အစ်မအကြီးဆုံး၏လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားရင်း ငိုနေကာ "အကြီးဆုံးအစ်မ၊ အခု ကျွန်မတို့ ဘာလုပ်သင့်လဲ? ကျွန်မ အရမ်းကြောက်တယ်!"

 နောက်ဆုံးတွင် လျှပ်တစ်ပြက် လျှပ်စီးလက်လာသောကြောင့် အမျိုးသမီးလေးများ၏မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။ သူမတို့ သုံးယောက်လုံး၏အလှတရားက ပြေပြစ်လွန်းလှသည်။ သူမတို့၏လှပလွန်းသော ဘယ်ဘက်ပါးပြင်လေးများက အမျိုးသမီးတိုင်းကို မနာလိုစေနိုင်သလို အမျိုးသားများကလည်း သူမတို့ကို သဘောကျစေနိုင်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူမတို့၏ညာဖက်ပါးပြင်များတွင် ဓါးနက်နက်ဒဏ်ရာနှစ်ချက်စီ ရှိနေပြီး ညာဖက်ပါးပြင်တစ်ခုလုံးက ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ယခုကဲ့သို့မိုးကြိုးမုန်တိုင်းများ ပြင်းထန်နေသည့် ညအတွက်တော့ သူမတို့၏အသွင်အပြင်က ထူးဆန်းလွန်းလှတော့သည်။

  ညီမငယ်၏ပခုံးကို ပွတ်သပ်ပေးနေသည့် ချင်းလင်၏မျက်နှာကလည်း ဖြူဖျော့နေကာ "ဒီတောင်ကို ဖြတ်ကျော်ပြီးရင် ‌ဟောင်ယွဲ့ပြည်ထောင်ကနေ ထွက်သွားရတော့မယ်၊ ဒီလက်ဆောင်ပဏ္ဍာဆိုတဲ့ ကံကြမ္မာကနေ လွတ်မြောက်ဖို့ ငါတို့အတွက် နည်းလမ်းမရှိတော့ဘူးလား?"

  “ကျွန်မ အရှုံးမပေးချင်ဘူး!” ထိုစကားကို ပြောလိုက်သည့်မိန်းကလေးက ခေါင်းမာသော မျက်လုံးများဖြင့် ပျက်စီးနေသော ဘုရားကျောင်း၏အပြင်ဘက်မှ လျှပ်စီးနှင့် မိုးကြိုးများကို စိုက်ကြည့်နေသည်။ ချင်းဖုန့်က သူမ၏အောက်နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ကိုက်ထားသောကြောင့် သူမ၏အောက်နူတ်ခမ်းက ပေါက်ထွက်လုနီးပါးဖြစ်နေကာ သွေးရောင်လွှမ်းနေလေသည်။

  ချင်းမော့က ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ချင်းဖုန့်၏ပခုံးပေါ်သို့ မှီလိုက်ကာ ဆင်ခြင်တုံတရားရှိသော အသံဖြင့် သူမကို နှစ်သိမ့်ပေးလိုက်သည်။ "ဒုတိယအစ်မ၊ မစိုးရိမ်ပါနဲ့၊ အစ်မလက်ထပ်ရမယ့် ဝန်ကြီးချုပ်က ရှားရှားပါးပါး နှိမ့်ချတက်တဲ့ လူကြီးလူကောင်း တစ်ယောက်လို့ ကျွန်မ ကြားတယ်၊ သူက စာပေဘက်ရော ကိုယ်ခံပညာမှာပါ ထူးချွန်တယ်တဲ့၊ သူက အစ်မကို ဆိုးဆိုးရွားရွား မဆက်ဆံလောက်ပါဘူး”

သနားစရာအကောင်းဆုံးက နန်းတော်ကို ပို့ခံရတော့မယ့် အကြီးဆုံးအစ်မပဲ။ ဒဏ္ဍာရီတွေအရ ချုံယွဲ့ဘုရင်က စိတ်သဘောထားသေးသိမ်ပြီး သွေးဆာတတ်တယ်တဲ့။ နူးညံ့သိမ်မွေ့ပြီး အရှက်အကြောက်ကြီးတဲ့ အစ်မအကြီးဆုံးက အဲ့လိုအခြေအနေကို ဘယ်လို သည်းခံနိုင်ပါ့မလဲ!

  ချင်းဖုန့်က လှောင်ပြောင်ပြီး "ဘယ်သူက ဂရုစိုက်မှာလဲ!!"

ချင်းဖုန့်က နောက်ပြန် လှည့်လိုက်ပြီး သူမ၏လက်တစ်ဖက်ဖြင့် အစ်မအကြီးဆုံး၏လက်တစ်ဖက်ကို ကိုင်လိုက်ကာ နောက်လက်တစ်ဘက်က သူမညီမလေး၏လက်တစ်ဖက်ကို ဆွဲထားရင်း ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။

"အရမ်းမုန်းတယ်! ချုံယွဲ့ရဲ့သခင်က ဘာလို့ စကားလုံးတစ်လုံးတည်းနဲ့ သူ လုပ်ချင်တာကို လုပ်နိုင်ရတာလဲ? ငါတို့ရဲ့ဧကရာဇ်က အရည်အချင်း မရှိဘူးလား? ငါတို့ ချင်းမိသားစုက သူရဲ့အရည်အချင်းမရှိမှုအတွက် ဘာလို့ တာဝန်ယူရမှာလဲ? သူက ငါတို့ မိဘတွေကို သတ်ပြီး ဘာလို့ ငါတို့ကို လက်ဆောင်ပဏ္ဍာအဖြစ် သုံးတာလဲ? ချုံယွဲကြောင့်လား? ဘာကြောင့်လဲ?”

  ချင်းလင်က သွေးဆူမှုနှင့် မုန်းတီးမှုများကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော ချင်းဖုန့်၏မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း သက်ပြင်းချလိုက်သည်။

"ချုံယွဲ့က တိုင်းပြည်ခြောက်ခုရဲ့ အုပ်စိုးသူလေ၊ တိုင်းပြည်တိုင်းက သူ့ကို ကိုးကွယ်ကြရတယ်၊ သူက တိုင်းပြည်အားလုံးရဲ့ဘုရင်ဆိုတော့ သူက သူ့လက်အောက်ခံတွေကို သေစေချင်ရင် သေကို သေရမှာပဲ။ ဘယ်သူက ငါတို့ကို ကူကယ်ရာမဲ့ မိန်းကလေးတွေ ဖြစ်ခိုင်းလို့လဲ?”

တကယ်တော့ သူမတို့ရဲ့ ကံတရားက သူမတို့ လက်ထဲမှာ မရှိပါဘူး။

ချင်းဖုန့်က ချင်းလင်၏လက်ကို ခါထုတ်ပစ်လိုက်ပြီးနောက် ရုတ်တရက် ထရပ်ကာ နောက်ပြန်လှည့်လိုက်ပြီး "ဒါဆို ကျွန်မတို့က မိန်းကလေးတွေ ဖြစ်နေတော့ရော ဘာဖြစ်လဲ? ကျွန်မ ချုံယွဲ့ကို မသွားဘူး!"

  ဒုတိယအစ်မ၏ ခေါင်းမာသောကျောပြင်နှင့် အကြီးဆုံးအစ်မ၏ စိုးရိမ်သောကရောက်နေသော မျက်နှာကိုကြည့်ရင်း ချင်းမော့က "လူတိုင်းသဘောကျရတဲ့ ဒီမျက်နှာတွေကို ကျွန်မတို့ ဖျက်ပစ်လိုက်တာတောင် သူတို့က ကျွန်မတို့ကို ချုံယွဲ့ကို ပို့ချင်နေကြတုန်းပဲ! ဒုတိယအစ်မ၊ ကျွန်မတို့ ဘာမှ မတက်နိုင်ဘူးလေ၊ ပြောင်းလဲဖို့ တစ်ခုခု လုပ်နိုင်ဦးမှာလား?”

  သူမ၏နှလုံးသားကို နာကျင်စေသည့် ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း ချင်းဖုန့်က အသက်ကို ပြင်းပြင်းရှူကာ အံကြိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။ "ငါ သေရင်တောင် ငါ... ချင်းဖုန့်က ငါ့ကို ဘယ်သူကမှ ခြယ်လှယ်ခွင့် မပေးနိုင်ဘူး။ အထူးသဖြင့် သူ့လက်တွေမှာ ငါ့မိဘတွေရဲ့သွေးတွေစွန်းထင်းနေတဲ့ အဲဒီလူ... ငမိုက်သားဘုရင်”

  ချင်းလင်က ထိတ်လန့်သွားပြီး စိုးရိမ်တကြီးဖြင့် "ဖုန့်အာ၊ နင်က ဘာလုပ်ချင်တာလဲ?!"

  ချင်းဖုန့်က နောက်သို့ ဖြည်းညှင်းစွာ ပြန်လှည့်လာပြီး လက်သီးကို တင်းတင်းဆုပ်ထားကာ "အစ်မ၊ ငါ ဟောင်ယွဲမှာ နေချင်တယ်၊ ငါ့ခန္ဓာကိုယ်ပဲ ကျန်နေခဲ့မယ်ဆိုရင်တောင် ဒီမှာပဲ မိဘတွေနဲ့ အတူနေချင်တယ်!"

  ချင်းဖုန့်၏စကားကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် အဖြူရောင်လျှပ်စီးကြောင်းက သူမတို့ဆီ တည့်တည့်ကို ရိုက်ခတ်လာပြီး ချင်းဖုန့်၏မျက်နှာပေါ်တွင် တောက်ပသည့်အလင်းတန်းများ လင်းလက်လာလေသည်။

ချင်းလင်ကလည်း ရုတ်တရက် စိတ်သက်သာရာရသွားပုံဖြင့် ချင်းဖုန့်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ကာ "ကောင်းပြီလေ၊ ညီမလေး၊ ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်၊ ဘာပဲဖြစ်ဖြစ် ငါ့အတွက်လည်း အသက်ရှင်ရတာက ဘာအဓိပ္ပါယ်မှ မရှိပါဘူး"

တကယ်တမ်းကျတော့ တွေးနေစရာတောင် မလိုတော့ပါဘူး။ အဲ့တာက အနာဂတ်မှာ သူမတို့ ကြုံတွေ့ရမယ့်အရာအားလုံးကနေ သက်သာရာရစေနိုင်တယ်လေ။

  မြေကြီးပေါ်တွင် တဝက်ဝပ်တွားနေသော ချင်းမော့က အလျင်အမြန် ထရပ်လာကာ အစ်မများ၏လက်များကို လှမ်းဆွဲလိုက်ပြီး "အစ်မတို့ ဘာပဲလုပ်လုပ် ကျွန်မလည်း လုပ်မယ်။ မော့အာက အစ်မတို့ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး!"

  ချင်းလင်က တုံ့ဆိုင်းနေပြီး အပြစ်ကင်းစင်သော ချင်းမော့ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

မော့အာက သေခြင်းတရားရဲ့အဓိပ္ပါယ်ကို နားမလည်သေးတာလည်း ဖြစ်နိုင်တယ်လေ... သူမက အခုမှ အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတာ!

  ချင်းမော့၏ အပြစ်ကင်းစင်သော မျက်လုံးကြီးများကြောင့် ချင်းဖုန့် အသည်းကွဲသွားရသော်လည်း မော့အာတစ်ယောက် စစ်မြေပြင်တွင် ကျော်ကြားသော အေးစက်သည့် သားသတ်သမားနှင့် လက်ထပ်ရတော့မည်ဟု တွေးလိုက်မိချိန်တွင် ချင်ဖုန်းက ချက်ချင်း တုန်လှုပ်သွားပြီး "ညီမလေး၊ ငါ့ညီမလေးက အရမ်းတော်တယ်၊ ဒါပေမယ့် ငါတို့ရဲ့မော့အာလေးက ရိုးရိုးရှင်းရှင်း နေတက်ပြီး အရမ်းကြင်နာတက်တယ်၊ ငါတို့ သူ့ကို ဒီကမ္ဘာမှာ တစ်ယောက်တည်းထားခဲ့ရင် သူ(မ)ပဲ ဒုက္ခရောက်လိမ့်မယ်။ ဒီနေ့ ဒီပျက်စီးနေတဲ့ ဘုရားကျောင်းမှာ ငါတို့မိသားစုတွေ ပြန်ဆုံတွေ့ကြရအောင်"

Qing ညီအစ်မများ သူတို့၏ဘဝတွင် ကြေကွဲစရာမကြုံမီ ပျော်ရွှင်နေသော အခိုက်အတန့်လေး (E-Tran ထည့်ပေးထားတာ)

  တွဲထားသည့် လက်သုံးစုံကို ကြည့်နေရင်း ချင်းလင်က သူမ၏နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူမက သူမကိုယ်သူမ ပြန်နှစ်သိမ့်ပေးသလိုပုံဖြင့် အားတက်သရော ခေါင်းညိတ်လိုက်ကာ "ကောင်းတယ်၊ မိသားစုပေါင်းဆုံတာက အကောင်းဆုံးပဲ!"

  လူသုံးယောက်က ဘုရားကျောင်းခေါင်မိုးပေါ်မှ ထုပ်တန်းများကို မော့ကြည့်ရင်း တစ်ယောက်ကို တစ်ယောက် နားလည်မှုဖြင့် ပြုံးပြလိုက်ကြသည်။ မိဘများ ဆုံးပါးသွားပြီးနောက် ပထမဆုံးအကြိမ် ရယ်မောလိုက်ခြင်းက ယနေ့မှ စပြီး သူမတို့ ဘယ်သောအခါမှ ခွဲခွာရတော့မည် မဟုတ်တော့သောကြောင့် ဖြစ်သည်။

  သူမတို့က သူမတို့၏ခါးပတ်ပတ်လည်ရှိ ပိုးသားအနီရောင်ခါးစည်းကို သေသေသပ်သပ် ချွတ်ကာ အလွန်လှပသော အနီရောင်အဝတ်အစားများကို ချွတ်လိုက်ပြီး ရိုးရိုးအဖြူအတွင်းအင်္ကျီကိုသာ ချန်ထားလိုက်ကြသည်။ သူမတို့က အနီရောင်ပိုးသားခါးစည်းများကို ကြိုးတန်းများပေါ်တွင် အသာအယာတွဲလောင်းချထားကာ သုံးယောက်သား ကျိုးနေသော လေးထောင့်စားပွဲပေါ်တွင် မတ်တပ်ရပ်လျက် သူမတို့လည်ပင်းများကို အနီရောင်ပိုးသားကြိုးထဲသို့ မဆိုင်းမတွ ထည့်လိုက်ကြသည်။

  ချင်းလင်က သူမဘေးနားရှိ ညီမလေးများကို စိုက်ကြည့်ရင်း မျက်လုံးမှိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဖုန့်အာ၊ မော့အာ၊ ငါတို့ နောက်ဘဝတွေမှာတောင် ညီအစ်မတွေ ဖြစ်နေကြဦးမှာပါပဲ!"

  "အင်း!" ချင်းဖုန့်နှင့် ချင်းမော့က အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။

  သူမတို့ သုံးယောက် တစ်ယောက်၏လက်ကို တစ်ယောက်တွဲထားပြီး လေးထောင့်စားပွဲကို ပေါ့ပေါ့တန်တန် ကန်လိုက်ကြရာ ပိုးနီကြိုးများက ရုတ်တရက် တင်းကျပ်သွားပြီး သက်ရှိသုံးယောက်က လောကကြီးမှ တဖြေးဖြေး ထွက်ခွာသွားတော့သည်။

  ချင်းမိသားစုမှ ညီအစ်မများကို ချုံယွဲ့သို့ ခေါ်ဆောင်သွားရမည့် စစ်သားများက ပျက်စီးနေသော ဘုရားကျောင်း၏ ပင်မခန်းမဆောင်တွင် အနားယူနေကြသည်။ ရုတ်တရက် တဖွဲဖွဲကျလာသော မိုးရေများကို သူတို့ မြင်လိုက်ရပြီး ရုတ်တရက် ရွာကျလာသည့် မိုးက ပျက်စီးယိမ်းယိုင်နေသော ဘုရားကျောင်း၏ခေါင်မိုးကို အပိုင်းပိုင်း ခွဲဖြိုတော့မယောင် ဖြစ်နေခဲ့သည်။

  စစ်သည်တစ်ယောက်က တွန့်ဆုတ်သွားပြီး သူ့လည်ပင်းကို ဆန့်တန်းလိုက်သည်။

ခုမှ နွေဦးပေါက်တာလေ... နွေဦးရာသီမှာ ဒီလိုမိုးသည်းသည်း ထန်ထန်ရွာတာကို သူ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး!

သူက ချင်းမိသားစုမှ မိန်းခလေးများရှိရာ ဘေးဘက်ခန်းမသို့ ပေါ့ပေါ့ဆဆ လှမ်းကြည့်လိုက်မိပြီး ထိုမြင်ကွင်းက သူ့ဘဝကို တစ်ဝက်လောက် သေစေနိုင်သည်အထိ သူ့ကို ကြောက်လန့်သွားစေခဲ့သည်။ အဖြူရောင်လင်းလက်နေသည့် လျှပ်စီးများ၏အလင်းရောင်အောက်တွင် ဖြောင့်တန်းနေသည့် အရိပ်သုံးခုက လေထဲမှာ တွဲလောင်းကျနေကာ ၎င်းတို့၏ အဝတ်အစားများက လေထဲတွင် လွင့်ပျံနေလေသည်။

 စစ်သည်ငယ်လေးက ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်ပြီး လီရှ၏ရှေ့သို့ လဲကျသွားခဲ့သည်။

"တစ္ဆေ... သရဲတစ္ဆေတွေရှိတယ်”

   "ဘာလဲ?!" လီရှက လန့်ဖျပ်သွားပြီး ရှောင်ပမ်း ကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်သည်။ ယိမ်းနွဲ့နေသည့် အရိပ်သုံးခု၏မြင်ကွင်းက သူ့ကို အေးစက်သော ချွေးများထွက်လာစေသည်။

ချင်းမိသားစုက မိန်းခလေးတွေ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချတာလား?!

  လီရှက အမြန်ထရပ်လိုက်ပြီး ခန်းမတံခါးကို တွန်းဖွင့်လိုက်သည်။ ကြမ်းပြင်ပေါ်မှ အနီရောင်အဝတ်အစားများနှင့် အနီရောင်ပန်းထိုးထားသည့် ဖိနပ်သုံးရံက သူ့မျက်လုံးရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ လီရှလည်း ထိတ်လန့်သွားပြီး နောက်ပြန်လှည့်ကာ အလောတကြီး လှမ်းအော်လိုက်သည်။ "မြန်မြန်... မြန်မြန်...သူတို့ကို မြန်မြန်သွားကယ်!!"

  စစ်သည်တစ်စု ယောက်ယက်ခက်သွားပြီး နောက်ဆုံးတွင် အမျိုးသမီးသုံးယောက်ကို အောက်ပြန်ချနိုင်ခဲ့သည်။

  လီရှက ဘယ်ဘက်အစွန်ဆုံးမှ ချင်းမော့ကို စိုက်ကြည့်ကာ စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"သူ(မ) အဆင်ပြေရဲ့လား?"

  ရှောင်ပမ်းက ချင်းမော့၏အသက်ရှုသံကို ဂရုတစိုက်နဲ့ စစ်ဆေးလိုက်ပြီး "သူ(မ)... သေပြီ"

  လီရှက တုန်ယင်နေသောလက်ညှိုးဖြင့် ချင်းဖုန့်ကို ညွှန်ပြကာ စိုးရိမ်တကြီးဖြင့် "ဒါ... ဒါကရော ဘယ်လိုလဲ?"

  နောက်တစ်ယောက်၏အသက်ရှုလမ်းကြောင်းကို စမ်းသပ်ပြီးနောက် ရှောင်ပမ်းက သူ့လက်ကို ပြန်ချလိုက်ပြီး သူ့၏ခေါင်း‌ဆောင်ကို လှမ်းကြည့်လိုက်ရာ ခေါင်းဆောင်လီ၏မျက်နှာက ဖြူဖျော့လာသည်ကို သူ တွေ့လိုက်ရသည်။

ရှောင်ပမ်းကလည်း ကြောက်ရွံ့လွန်းနေပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

  အားလုံး သေပြီလား!?

လီရှက ချွေးအေးများထွက်လာပြီး သူ့၏စိတ်နှလုံးကြေမွသွားသလို ခံစားလိုက်ရသည်။

ဒီချင်းမိသားစုက ညီအစ်မတွေက ချုံယွဲ့ဘုရင်ကနေ ခန့်အပ်ထားတဲ့ ဂုဏ်ပြုခံမိန်းမပျိုတွေပဲ၊ အခု သူမတို့က ဒီလိုမျိုး သေသွားကြတယ်။ သူ ဘယ်လို အသက်ရှင်သန်နိုင်တော့မှာလဲ! ‌ဟောင်ယွဲ့ပြည်ထောင်ကျဆုံးသွားမှာကိုတောင် သူ ကြောက်နေပြီ။

လီရှက မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားသလို ခံစားနေရချိန်တွင် ရှောင်ပမ်းက ရုတ်တရက် ထအော်လိုက်သည်။ "ခေါင်းဆောင်၊ ချင်းမိသားစုရဲ့အကြီးဆုံးအမျိုးသမီးက အသက်ရှုနေသေးတယ်"

  "တကယ်လား! ကောင်းတယ်! သူ(မ)ကို ရထားလုံးပေါ်မြန်မြန်တင်ပြီး သမားတော်ကိုခေါ်!"

နောက်ဆုံးတော့ အသက်ရှင်တဲ့သူတစ်ယောက် ရှိသေးတယ်။

  လီရှက မင်္ဂလာဝတ်စုံကို ချင်းလင်၏ကိုယ်ပေါ်သို့ ပြန်ဝတ်ပေးရန် စစ်သည်များအား အလျင်အမြန် ညွှန်ကြားလိုက်ပြီး ကျန်အလောင်းနှစ်လောင်းကို ဂရုမစိုက်ဘဲ မြေပြင်ပေါ်တွင် ချထားလိုက်သည်။

  ပျက်စီးနေသောဘုရားကျောင်းအပြင်ဘက်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး စူးရှတောက်ပသော အဖြူရောင်အလင်းတန်းများက ထက်ရှနေသောဓားရှည်များကဲ့သို့ ဖြစ်နေလေသည်။ ဘုရားကျောင်းအတွင်း မြေပြင်ပေါ်တွင် သေဆုံးနေသော အလောင်းများကလည်း အလွန်သနားစရာကောင်းနေခဲ့သည်။ စစ်သားငယ်လေးက ကြောက်လန့်နေသော်လည်း ထိုမိန်းခလေးငယ်များကို မကြည့်ရက်သောကြောင့် သူမတို့၏မင်္ဂလာဝတ်စုံများကို ကောက်ယူကာ သူမတို့ပေါ်သို့ ဂရုတစိုက် ခြုံပေးလိုက်သည်။

  သူ ထရပ်ပြီး ထွက်ခွါခါနီးတွင် လျှပ်စီးနှင့်မတူသည့် အနီရောင်အလင်းတန်းများ လင်းလက်လာပြီး မြေပြင်ပေါ်မှ အသက်မရှုတော့သည့် လူနှစ်ယောက်က ရုတ်တရက် မျက်လုံးများ ပြူးကျယ်လာကြသည်။

"အား————" စစ်သည်ငယ်လေး၏အော်သံက ပျက်စီးနေသည့် ဘုရားကျောင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

  ပင်မခန်းမအပြင်ဘက်သို့ ပြန်သွားနေသော လီရှက စိတ်မရှည်စွာဖြင့် "မင်း ထပ်ပြီး အော်နေပြန်ပြီလား? မင်းက ဘယ်လိုကောင်လဲ?"

  “သူ(မ)…သူ(မ)တို့…” ယခုတစ်ကြိမ်တွင် ရှောင်ပမ်းက ဘာမှ ပြန်မပြောနိုင်တော့ဘဲ ထိတ်လန့်တကြားဖြင့် ဘေးဘက်ခန်းမထဲမှ တွားသွားထွက်လာခဲ့သည်။

  အမျိုးသမီး အလောင်းနှစ်လောင်းက သူ့ကို ဘယ်လိုတောင် ကြောက်လန့်စေနိုင်တာလဲ!

လီရှက သံသယဝင်လာပြီး ဘေးခန်းထဲသို့ ပြန်ဝင်သွားကြည့်လိုက်ရာ လွန်ခဲ့သောအခိုက်အတန့်က တိတ်ဆိတ်နေသော အမျိုးသမီးနှစ်ဦး၏ ရင်ဘတ်နှင့် ဝမ်းဗိုက်များက အံ့သြဖွယ်ကောင်းလောက်အောင် မို့မောက်တက်လာကာ အနည်းငယ် ပြန်ကျဆင်းသွားသည်ကို သူ တွေ့လိုက်ရသည်။ သူမတို့၏မျက်လုံးများက တင်းတင်းစေ့ပိတ်ထားသော်လည်း သူမတို့၏မျက်နှာများက ပြာနှမ်းနေပုံ မပေါ်ပေ။

  "အိုး ဒါက တကယ်ကို မိုးနတ်မင်းရဲ့ကောင်းချီးပဲ၊ မိုးနတ်မင်းက ငါ့ကို ကောင်းချီးပေးတာပဲ!" လီရှကတော့ ဝမ်းသာပီတိ ဖြစ်သွားခဲ့သည်။

နောက်ဆုံးတော့ သူမတို့ မသေဘူးလေ။ နောက်ဆုံးတော့ သူ့အသက်ကိုလည်း ကယ်တင်နိုင်ပြီပေါ့။

"လာကြစမ်း၊ မြန်မြန်လာကြစမ်း၊ သူ(မ)တို့ကို သယ်သွားလိုက်!"

  လေပြင်းနှင့် မိုးရေထဲတွင် စစ်သည်များက ပျက်စီးနေသော ဘုရားကျောင်းထဲမှ လူနှစ်ဦးကို ထပ်မံသယ်ထုတ်သွားကြသည်။ ချင်းလင်ကို ရထားလုံးပေါ်သို့ ပို့ပေးခါနီးတွင် လီရှက ရုတ်တရက် အော်လိုက်သည်။

"ခဏနေဦး"

  ဒီသုံးယောက်က ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြသေးတယ်။ ဒီတစ်ခါ မသေပေမယ့် ဒီနေရာကနေ ချုံယွဲ့ကို ရောက်ဖို့ ဆယ်ရက်ကျော်စာ ခရီးကျန်နေသေးတယ်။

သူက တစ်ခုခုကို စိတ်ဖြင့် တွက်ချက်လိုက်ပြီး လေးနက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

"သူ(မ)တို့ကို တစ်ယောက်နဲ့ တစ်ယောက်ခွဲထားပြီး လှည်းတစ်စီးစီပေါ်ကို တင်လိုက်၊ သူ(မ)တို့ကို နောက်တစ်ခါ ပြန်ဆုံခွင့် မပေးတော့ဘူး။ သူ(မ)တို့သောက်မယ့် ရေထဲမှာ မူးမေ့ဆေးထည့်ပြီး သူ(မ)တို့ကို ချုံယွဲ့တိုင်းပြည်ကို အသက်ရှင်လျက် ပို့ဆောင်ရမယ်!"

  "ဟုတ်ကဲ့!" သူမတို့သုံးယောက်ကို ရထားလုံးသုံးစီးထဲသို့ ထည့်လိုက်ပြီး ချက်ခြင်း ချုပ်နှောင်လိုက်ကြသည်။

  ချင်းမိသားစုက ညီအစ်မတွေ... ငါ့ကို အပြစ်မတင်ပါနဲ့၊ မင်းတို့ အပြစ်တင်ချင်ရင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ကြပါ။

မင်းတို့ကို တိုင်းပြည်ခြောက်ခုလုံးမှာ ရင်သပ်ရှုမောအောင်လှပစေဖို့ ဘယ်သူက လုပ်ခဲ့လို့လဲ? ဘယ်သူက မင်းတို့ကို ထက်မြက်စေတာလဲ? ဘယ်သူက မင်းတို့ကို ကျော်ကြားအောင်လုပ်ခဲ့တာလဲ? မင်းတို့ မျက်နှာတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေရင်တောင် မင်းတို့ ဒီမှာ သေလို့ မရဘူး၊ မင်းတို့ သေမယ်ဆိုရင်တောင် ချုံယွဲ့မှာဘဲ သေရမယ်!

(Note: ‌‌ဟောင်ယွဲ့က တောက်ပတဲ့လလို့ အဓိပ္ပါယ်ရပြီး ချင်းညီအစ်မတွေနေတဲ့ တိုင်းပြည်ပါ။ ချုံယွဲ့က မြင့်မားတဲ့တောင်လို့ အဓိပ္ပါယ်ရပြီး သူတို့ကို ပို့မယ့်တိုင်းပြည်ပါ။ ချုံယွဲ့က တိုင်းပြည်ခြောက်ခုမှာ အင်အားအကြီးဆုံးပါ)

All Chapters