အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း ၃ ပြန်ပေးဆွဲမှု
နွေဦးရာသီက ရောင်စုံပန်းပွင့်များကို လှပစေသောရာသီဖြစ်သည်။ ချုံယွဲ့တိုင်းပြည်က သာယာဝပြောပြီး မြို့တော်ဟွမ်းယန်က သဘာဝရှုခင်းများဖြင့် ပြည့်နှက်နေသည်။ မြို့ထဲသို့မဝင်မီတွင်ပင် မြို့တွင်းမှ ဆူညံသံများကို ကြားနေရပြီ ဖြစ်သည်။ အဓိကလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ကုန်သည်များနှင့် အရပ်သားများ အများအပြား ဝင်ရောက်လျက်ရှိနေသလို တချို့ကလည်း အလွန်အသက်ဝင်နေသော ဟွမ်းယန်မြို့မှ ထွက်ခွာသွားကြသည်။
လူများ၏မျက်နှာများပေါ်သို့ လေပြေညှင်းလေးများ ပျံလွင့်နေပြီး ငှက်ကလေးများက တေးဆိုနေကာ ပန်းများက မွှေးပျံ့နေလေသည်။ သူတို့ ဟွမ်းယန်မြို့တံခါးသို့ ရောက်ခါနီးနေလာသည်ကို မြင်လိုက်ရချိန်တွင် လီရှက ဝမ်းသာနေသလို လန့်လည်းလန့်နေမိသည်။
ကံကောင်းထောက်မစွာနဲ့ ဆယ်ရက်ကျော်လောက် ပြေးလွှားခဲ့ရပြီး နောက်ဆုံးမှာမှ သူတို့က အန္တရာယ်မရှိဘဲ ရောက်ရှိလာနိုင်ခဲ့ကြတာပါ။ ကြောက်စရာကောင်းတာက အမျိုးသမီး သုံးယောက်ရဲ့ မျက်နှာတွေက ...
ရထားလုံး၏အတွင်းပိုင်းတွင် သွယ်လျသည့်လက်လေးတစ်ဖက်က ပြတင်းပေါက်အနိမ့်လေး၏ ရာဇမတ်ကွက်ကို ဆုပ်ကိုင်ရန် ရုန်းကန်နေခဲ့ပြီး ထိုနေရာကို မထိနိုင်ခိုင် အားနည်းစွာ လဲကျသွားသည်မှာ စိတ်မကောင်းစရာပင်။
မမှီလိုက်ဘူး!
ကျွော့ချင်းက သူမ၏ ညာလက်ကို ထပ်မံဆန့်ထုတ်ရန် ကြိုးစားလိုက်သည်။ ယခုတစ်ကြိမ်တွင် ပိုအဆင်ပြေလာပြီး သူမ၏ လက်ချောင်းများက ပြတင်းပေါက်အစွန်းကို ထိနိုင်သွားခဲ့သည်။ အသက်ကို ပြင်းပြင်းရှူပြီးနောက် ကျွော့ချင်းက သူမ၏ ခန္ဓာကိုယ်ကို ဘယ်ဘက်လက်ဖြင့် ထောက်ပံ့နိုင်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ အကြိမ်ကြိမ်လဲကျပြီးနောက် နောက်ဆုံးတွင် သူမ၏ခန္ဓာကိုယ်ကို ထူမတ်နိုင်ခဲ့သည်။
သူမနဖူးပေါ်မှ ချွေးများက သူမ၏ပါးပြင်များပေါ်သို့ လျှောကျလာပြီး ညာဘက်မျက်နှာပေါ်မှ ဒဏ်ရာက ပြင်းပြင်းထန်ထန် နာကျင်လာသောကြောင့် ကျွော့ချင်းကို ပိုမိုနိုးကြားလာစေခဲ့သည်။
သူမ ဒီနေရာငယ်လေးထဲမှာ ရက်ပေါင်းများစွာ ပိတ်လှောင်ခံထားခဲ့ရတယ်။ တစ်စုံတစ်ဦးက သူမကို midazolam ပါဝင်တဲ့ ဆေးအမြောက်အမြားကို နေ့တိုင်းနေ့တိုင်း တိုက်ကျွေးနေခဲ့တယ်။ နောက်ပိုင်းရက်တွေမှတော့ သူမက မေ့မြောဟန်ဆောင်နေခဲ့ပြီး ဆေးဝင်လာတာနဲ့ ငုံထားပြီး တိတ်တိတ်လေး ပြန်ထွေးထုတ်ခဲ့တယ်။ အခုအချိန်မှာ သူမရဲ့စိတ်က ကြည်လင်လာပြီဆိုပေမယ့် သူမရဲ့ခြေတွေ လက်တွေကတော့ အားနည်းနေသေးတယ်။
ကုယွင် ဘယ်မှာလဲ? ရုံးခန်းထဲမှာ တိုက်ခိုက်ခံရပြီး အတူတူ အဖမ်းခံလိုက်ရတာလား? ဒီလူတွေက ဘယ်သူတွေလဲ? သူတို့ ဘာလုပ်ချင်လို့လဲ? သယ်ယူပို့ဆောင်ရေးအတွက် ဘာလို့ မြင်းလှည်းတွေကို ရွေးချယ်ထားကြတာလဲ? သူမ အခု ဘယ်မှာလဲ?
ကျွော့ချင်း၏ အမြဲတမ်း ထက်မြက်သော စိတ်က သဲလွန်စအချို့ကို ရှာဖွေရန် မျှော်လင့်လျက် လျင်မြန်စွာ လည်ပတ်နေသော်လည်း ကံမကောင်းစွာဖြင့် သူမ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ဝိုင်းရံနေခဲ့သည်။
ခရီးသွားနေသည့် ရထားလုံးက ရုတ်တရက် ရပ်သွားပြီး ရထားလုံးအပြင်ဘက်မှ သူမနှင့် ရင်းနှီးနေသည့် အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ရိုသေစွာဖြင့် ချော့မော့နေသော အသံဖြစ်ပြီး "သခင်ကြီး၊ ချင်းမိသားစုရဲ့မိန်းမပျိုသုံးယောက်ကို ခေါ်ဆောင်လာပါပြီ၊ ကြည့်ပါဦး..."
သူမ ဒီအသံကို မှတ်မိတယ်။ အခုရက်ပိုင်း ရထားလုံးအပြင်ဘက်မှာ မကြာခဏ ထွက်ပေါ်လာတက်ပြီး သူက ဒီပြန်ပေးဆွဲမှုရဲ့ကြိုးကိုင်သူ ဖြစ်နိုင်တယ်။
အပြင်ဘက် ပတ်ဝန်းကျင်က အနည်းငယ် ဆူညံနေပုံပေါ်ပြီး ကျွော့ချင်းတစ်ယောက် ဂရုတစိုက် နားထောင်နေရသည်။ ခဏအကြာတွင် အနည်းငယ် လေးနက်ပုံရသည့် အမျိုးသားအသံတစ်သံက အေးစက်စွာ ပြန်ဖြေလာခဲ့သည်။
"ဧကရာဇ်က နူတ်မိန့်ပေးခဲ့တယ်။ ချင်းမိသားစုရဲ့အကြီးဆုံးသမီးက နန်းတော်ထဲကို ချက်ချင်း ဝင်ရမယ်၊ ဒုတိယမိန်းကလေးကို ၀န်ကြီးချုပ်လို့ရဲ့ အိမ် တော်ကို ပို့ရမယ်။ တတိယမိန်းကလေးကိုတော့ စစ်သူကြီးစုရဲ့အိမ်တော်ကို ပို့ရမယ်၊ မင်းတို့ရဲ့ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်လီ ကံကောင်းပါစေ၊ ကျေးဇူးပြုပြီး ပြန်လို့ရပါပြီ!”
ဧကရာဇ်လား? နန်းတော်ထဲကို ဝင်ရမှာလား?
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံတွေက ဘုရင်စနစ်ကို ကျင့်သုံးနေသေးတာလဲ?
သူမ တရုတ်ပြည်ကနေ တင်ပို့ခံလိုက်ပြီဆိုတာ ထင်ရှားနေပြီ။
သူတို့စကားစမြည်ပြောနေသည်ကို နားထောင်လိုက်ချိန်တွင် ကျွော့ချင်းက သူမနှင့်အတူ ပြန်ပေးဆွဲခံရသည့် နောက်ထပ် လူနှစ်ယောက်ရှိနေမှန်း သေချာသိလိုက်ရသည်။
ကျွော့ချင်းက အသက်ရှုအောင့်ကာ ဆက်နားထောင်နေလိုက်သည်။
ရထားလုံးအပြင်ဘက်တွင် လီရှက ချက်ချင်း ဦးညွှတ်အလေးပြုလိုက်ပြီး "ကြင်နာမှုအတွက် ချုံဧကရာဇ်ကို ကျေးဇူးတင်ပါတယ်"
ယဉ်ကျေးသော အရာရှိက လီရှကို တစ်ချက်မျှ မကြည့်ဘဲ ရထားလုံးသုံးစီးကို လှမ်းကြည့်ကာ "ဘယ်တစ်စီးက အကြီးဆုံးချင်းမိန်းခလေးရဲ့ ရထားလုံးလဲ?"
လီရှက အလယ်မှ ရထားလုံးကို ညွှန်ပြလိုက်ရင်း "ဒါပါ" ဟု အလျင်အမြန် ပြန်ဖြေလိုက်သည်။
နန်းတွင်းဝတ်စုံဝတ်ထားသော လူနှစ်ယောက်က ထိုရထားလုံးဆီသို့ အမြန်လျှောက်သွားကာ မြင်းဇက်ကြိုးကိုင်လိုက်ပြီး အခမ်းအနားမှူးကို အမိန့်ပေးလိုက်သည်။
"နန်းတော်ကို ပြန်သွားကြမယ်!"
ထိုအဖွဲ့က အရှေ့မြို့တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကြသည်။
မြို့တံခါး၏အပြင်ဘက်တွင် လူအုပ်စုနှစ်စု ကျန်ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် သူတို့၏သခင်များကို သိနိုင်သည်။ လီရှက သူတို့ကို လှမ်းကြည့်လိုက်ပြီး လက်ဝဲဘက်ရှိ ယဉ်ကျေးပျူငှာပုံနှင့် အပြာရောင်အင်္ကျီဝတ်ထားသည့်အမျိုးသားက ဝန်ကြီးချုပ်စံအိမ်မှ ဖြစ်နိုင်သည်ကို သူ မှန်းဆထားပြီး ဖြစ်သည်။ ညာဘက်မှ မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အရပ်မြင့်မြင့် သန်မာသူက စစ်သူကြီးအိမ်မှ ဖြစ်နိုင်သည်။
လီရှက ယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း သူတို့ကို ပြုံးပြလိုက်သည်။ ထို့နောက် သူက "သခင်ကြီးနှစ်ယောက်၊ ဒီရထားလုံးပေါ်က လူက ချင်းဒုတိယမိန်းခလေးပါ၊ အဲဒီရထားလုံးပေါ်က လူက ချင်းတတိယမိန်းခလေးပါ"
ဦးဆောင်လာသူ နှစ်ယောက်က ရထားလုံးများဆီသို့ သူတို့၏လက်အောက်ငယ်သားများကို စေလွှတ်လိုက်ကြသည်။ သူတို့နှစ်ဦးက လီရှအား အနည်းငယ် ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် တောင်ဘက်နှင့် မြောက်ဘက်သို့ အသီးသီး ထွက်ခွာသွားကြသည်။
ရထားလုံးသုံးစီး အသီးသီးထွက်သွားကြပြီးနောက် စစ်သည်ငယ်လေးက "ခေါင်းဆောင်လီ၊ အခု ငါတို့ ဘာလုပ်ကြမလဲ?"
လီရှက ကြာပွတ်ကို မြှောက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။
"ဟောင်ယွဲ့တိုင်းပြည်ကို ပြန်ကြရအောင်"
ဧကရာဇ်ချုံက တခြားမိန်းခလေးနှစ်ဦးကို နန်းတော်တံခါးဝကိုတောင် ဝင်ခွင့်မပြုဘဲ ပြန်လွှတ်လိုက်တယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ သူမတို့က တိုင်းပြည်ငယ်လေးကပေးတဲ့ လက်ဆောင်ပဏ္ဍာတွေပဲလေ။
လီရှက ရထားလုံးများထွက်ခွာသွားရာ လမ်းကြောင်းသုံးသွယ်ကို ပြန်လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ "မိန်းခလေးသုံးယောက်၊ မင်းတို့ ကံကောင်းကြပါစေ"
…
ရထားလုံးက အရှိန်သိပ်မပြင်းဘဲ ပြန်ပြေးထွက်သွားပြန်သည်။ ကျွော့ချင်းက ရထားလုံးနံရံကို မှီပြီး ဝါးကန့်လန့်ကာကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ တောက်ပသော နေရောင်ခြည်က သူမ မျက်လုံးတွေကို ချက်ချင်း မှိတ်ကျသွားစေသည်။ ကျွော့ချင်းက အချိန်အတော်ကြာ ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီး ပြတင်းပေါက်အပြင်ကို ပြန်ကြည့်လိုက်ရာ ခဏတာလောက် အံအားသင့်သွားရသည်။
ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်း ရှိနေတယ်? ဒီနေရာက ဘယ်နေရာလဲ?
ဒီလို ကောင်းကင်ပြာပြာကြီးကို သူမ မြင်ရတာ ဘယ်လောက်ကြာပြီလဲ? လေထဲမှာ မြက်စိမ်းနံ့သင်းသင်းလေး မွှေးပျံနေပြီး လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ထူထူထပ်ထပ်ပေါက်နေတဲ့ သစ်ပင်ကြီးတွေ စိမ်းလန်းစိုပြေနေတယ်။
ရထားလုံး၏ရှေ့သို့ လှမ်းကြည့်လိုက်မိချိန်တွင် ကျွော့ချင်းတစ်ယောက် ထိတ်လန့်သွားရပြန်သည်။ အပြာရောင် ၀တ်စုံရှည်များ ဝတ်ဆင်ထားသည့် လူလေးယောက်က တောက်ပပြောင်လက်နေသော အနက်ရောင်မြင်းများကို စီးနင်းနေကြပြီး သူတို့၏ဆံပင်များကလည်း ရှည်နေသေးသည်။
ဝတ်စားဆင်ယင်မှုက ထူးဆန်းလွန်းတယ်။
ကျွော့ချင်းက သူမ ဝတ်ဆင်ထားသည့် အနီရင့်ရောင် ရှေးခေတ်မင်္ဂလာဝတ်စုံကို ငုံ့ကြည့်လိုက်ပြီး ယခုကိစ္စက ရိုးရိုးပြန်ပေးဆွဲမှုထက် ပိုနေသည်ဟု ခံစားမိသွားခဲ့သည်။ သူမက သူမ၏ဆံပင်များကို လက်ဖြင့် ပြန်ထိကြည့်လိုက်ပြီး ဆံထုံးထဲမှ ဆံပင်အနည်းငယ်ကို ညင်သာစွာ ဆွဲထုတ်လိုက်သည်။
မဟုတ်ဘူး! သူမဆံပင်က အညိုရောင်လေ။ ပြီးတော့၊ အဲဒါ ဆိုးထားတာတောင် သိပ်မကြာသေးဘူးလေ!
ကျွော့ချင်း၏ တည်ငြိမ်သော နှလုံးခုန်သံက အနည်းငယ် မြန်ဆန်လာခဲ့သည်။ သူမ သူမ၏အင်္ကျီဝကျယ်ကို မြှောက်လိုက်ချိန်တွင် သူမ၏ ညာလက်မောင်းအရေပြားက ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည်ကို မြင်လိုက်ရပြီး ကျွော့ချင်း၏လက်များက အထိန်းအကွပ်မဲ့ လှုပ်ခါလာတော့သည်။
ဒါက သူမရဲ့ခန္ဓာကိုယ် မဟုတ်ဘူး။ သူမရဲ့ညာဘက်လက်မောင်းမှာ ဆယ်စင်တီမီတာလောက်ရှည်တဲ့ အမာရွတ်တစ်ခုရှိတယ်။
ဘာတွေဖြစ်နေတာလဲ! !
ကျွော့ချင်းက သူမ၏လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ သူမ ဘာဖြစ်သွားသည်ကို အဖြေရှာရန် စိတ်အေးအေးထားရမည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် ကျွော့ချင်း စိတ်မငြိမ်သေးခင်မှာပင် ရထားလုံးက ရုတ်တရက် ရပ်သွားပြီး သူမ ရထားလုံးပေါ်မှ လွင့်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
လမ်းနှစ်ဘက်ခြမ်းရှိ ထူထပ်သော ချုံပုတ်များမှ လူတစ်ရာကျော်လောက် ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့အားလုံးက အရပ်သားဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ဆယ်ကျော်သက်အရွယ်မှ လူအိုကြီးများအထိ အရွယ်စုံဖြစ်ကာ ဝါးလုံးနှင့် ပေါက်ပြားများကို ကိုင်ဆောင်ထားကြသည်။
လန်ဇီချီက အံ့အားသင့်သွားသော်လည်း ဓားပြများ မဟုတ်သည်ကို တွေ့လိုက်ရသဖြင့် ဆွဲထုတ်တော့မည့် ဓားက နှေးကွေးသွားကာ ကျယ်လောင်စွာ မေးလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ?!"
မထင်မှတ်ပဲ ထိုလူအုပ်စုထဲမှ သန်မာတဲ့လူတစ်ယောက်က အော်ဟစ်အမိန့်ပေးလိုက်သည်။
"ဖမ်း!"
စနစ်တကျ ဖွဲ့စည်းထားခြင်း မရှိသော လူတစ်စုက ရှေ့သို့ အပြေးအလွှား ရောက်လာကြပြီး ၎င်းတို့ရှေ့မှ တစ်ခုတည်းသော ရထားလုံးကို ပစ်မှတ်ထားကာ ဝိုင်းအုံလာကြသည်။
လန်ဇီချီနှင့် အစောင့်သုံးဦးတို့က ဓားရှည်များကို ချက်ချင်းဆွဲထုတ်ကာ တိုက်ခိုက်ကြသော်လည်း ကံမကောင်းစွာဖြင့် ထိုလူများက များပြားလွန်းလှသည်။ လူအများအပြားက ရထားလုံးပေါ်သို့တက်ကာ ကြိမ်လုံးများကို ဝင့်ပြီး လှည်းကို မောင်းရင်း ထွက်ပြေးသွားကြသည်။ ရထားလုံး ပြေးထွက်သွားသောအခါတွင် ကျန်လူများက မတိုက်ခိုက်တော့ဘဲ နေရာအနှံသို့ လူခွဲကာ ထွက်ပြေးသွားကြတော့သည်။
ယခုန "ဖမ်း" ဟု အော်ဟစ်အမိန့်ပေးလိုက်သည့် ကြွက်သားအပြည့်နှင့် သန်မာသောသူက ပြေးလွှားနေရင်း အော်ပြောလိုက်သည်။
"ပြန်သွားပြီး ဝန်ကြီးချုပ်လို့ကို ပြောလိုက်၊ သူ့မိန်းမကို ပြန်လိုချင်ရင် နျိုကျားရွာ(နွားရွာ)ကို လူကိုယ်တိုင်လာခဲ့လို့ ပြောလိုက်"
မြေပြင်ပေါ်တွင် ကျန်ရှိနေသော ပေါက်ပြားအနည်းငယ်ရှိနေပြီး ရထားလုံးပျောက်ဆုံးသွားသည့်အချက်ကြောင့်သာ မဟုတ်ပါက ယခုဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်က မယုံနိုင်စရာပင်။
အရာအားလုံးက ဟာသပြဇာတ်တစ်ခုလိုပါပဲ။
အစောင့်တစ်ယောက်က လန်ဇီချီကို ကြောင်တောင်တောင်ကြည့်နေပြီး "ငါတို့ ဘာလုပ်ရမှာလဲ"
"ပြန်သွားပြီး သတင်းပို့!"
အဲ့လိုမှ မဟုတ်ရင် ငါတို့က ဘာလုပ်နိုင်မှာမို့လို့လဲ?
လန်ဇီချီ၏မျက်နှာက ရှုံ့မဲ့နေသည်။
သူက ၀န်ကြီးချုပ်အိမ်တော်က အစောင့်အကြပ်ငယ်လေးလေ၊ အကြီးအကဲကျင်းက တစ်စုံတစ်ဦးကို သွားခေါ်ဖို့ သူ့ကို ပေါ့ပေါ့တန်တန် တာဝန်ပေးခဲ့ပေမယ့် မြို့တော်ရဲ့အနီးအနားမှာ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့တော့ ဘယ်သူက ထင်မှာလဲ?
…
နာရီဝက်ကျော်ကြာအောင် ပြင်းထန်စွာ ပြေးလွှားပြီးနောက် ရထားလုံးက ရပ်သွားကာ အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေပြန်သည်။ ခဏအကြာတွင် အမျိုးသားအသံကျယ်ကျယ်တစ်ခုက ရထားအပြင်ဘက်မှ ယဉ်ယဉ်ကျေးကျေး အော်ပြောလာသည်။
"မိန်းကလေး၊ ရထားလုံးပေါ်က ဆင်းပါ"
ကျွော့ချင်းက ကျိန်ဆဲလိုက်သည်။ သူမ ရထားလုံးပေါ်မှ ဆင်းချင်နေသော်လည်း ပြဿနာက သူမ၏လက်နှင့် ခြေထောက်များက အားနည်းနေသောကြောင့် ထထိုင်ဖို့ပင် ခက်ခဲနေလေသည်။
ငါက ဒီရထားလုံးပေါ်ကနေ ဘယ်လိုဆင်းနိုင်မှာလဲ?!
အချိန်အတော်ကြာသည်အထိ ရထားလုံးထဲမှ လှုပ်ရှားမှု မရှိသောကြောင့် ဝူစစ်က သူ့နောက်မှ လူကြီးအုပ်စုကို လက်ဝှေ့ယမ်းပြလိုက်သည်။
ဆူဆူညံညံ မလုပ်ကြစမ်းနဲ့၊ ဒါက မိန်းကလေးတစ်ယောက်လေ၊ လန့်သွားရင် ဘယ်လိုလုပ်မလဲ?
ဝူစစ်က သူ့လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး သူ့အသံကို တမင်လျှော့ချလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မကြောက်ပါနဲ့ သခင်မလေး၊ ငါတို့က လူဆိုးတွေ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်နဲ့ တွေ့ချင်နေလို့ပါ၊ ဒါကြောင့် ငါတို့က မင်းကို လုယက်မိတာပါ။ ဒါပေမယ့် မကြောက်ပါနဲ့။ စိတ်လည်းမပူပါနဲ့၊ ငါတို့မင်းကို မထိခိုက်စေပါဘူး။ လို့သခင်ကြီးကို တွေ့ပြီးရင် မင်းကို ပြန်လွှတ်ပေးမှာပါ!"
ရထားလုံးပေါ်မှလူက ဆက်လက်ငြိမ်သက်နေဆဲဖြစ်သောကြောင့် လူတစ်စုက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြန်သည်။
ဝူစစ်က ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပင် ရထားလုံးပေါ်မှ အေးစက်သည့် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်းပြောလို့ ပြီးပြီဆိုရင် ငါ့ကို လာကူညီပေး"
အခန်း ၄ တရားစွဲဆိုမှု
"မင်းပြောလို့ ပြီးပြီဆိုရင် ငါ့ကို လာကူညီပေး"
အေးစက်စက်အသံက နိမ့်ဆင်းလာသဖြင့် ရထားလုံးအပြင်ဘက်ရှိ လူများကို အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားစေခဲ့သည်။
မိန်းကလေးတစ်ယောက်က အဲ့လိုပုံစံနဲ့ ပြောနိုင်တယ်လား?
ဝူစစ်က ခေါင်းကုတ်ပြီး သူ့နောက်မှ ညီအစ်ကိုများကို ပြန်ကြည့်လိုက်သည်။ လူတိုင်းက နောက်ပြန်ဆုတ်သွားပြီး သူတို့၏မေးစေ့များကိုပင့်ကာ သူ့ကို သွားကူညီရန် တောင်းဆိုနေကြသည်။
သွားမယ်ကွာ၊ ငါ...ဝူစစ်က မိန်းမတစ်ယောက်ကို ကြောက်နေဖို့လိုသေးလို့လား?
ဝူစစ်က တံတွေးတစ်လုပ်ကို တိတ်တိတ်လေးမျိုချလိုက်ရင်း ရထားလုံးပေါ်တက်သွားလိုက်သည်။ မထင်မှတ်ပဲ အေးခဲနေသည့် မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရပြီး သူ့ရှေ့ရှိ အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ဝူစစ်တစ်ယောက် အေးစက်သောလေကို ရှုရှိုက်လိုက်ရသလိုသာ ခံစားရတော့သည်။
ရထားလုံးပေါ်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ရထားလုံးနံရံကို တစ်ဝက်တစ်ပျက် မှီထိုင်နေပြီး သူမ၏မျက်လုံးများက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ဝူစစ်က ထိုကဲ့သို့သော မျက်လုံးမျိုးရှိသော အမျိုးသမီးကို တစ်ခါမျှ မမြင်ဖူးပေ။
သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံက သူကို အကြောင်းပြချက်မရှိ အသက်ရှုခက်စေတယ်။ ပြီးတော့ သူမရဲ့မျက်နှာ.... ညာဖက်ပါးပြင်တစ်ခုလုံးက ဓားရာနှစ်ချက်ကြောင့် ဖျက်ဆီးလုနီးပါးဖြစ်နေပြီ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အရမ်းကြောက်စရာကောင်းလွန်းတယ်။ ဒါက ဟောင်ယွဲ့တိုင်ပြည်က စေလွှတ်လိုက်တဲ့ အလှလေးလား?
သူတို့ လူမှားပြီး လုယက်လာတာဖြစ်နိုင်လား?!
ဝူစစ်က ကျွော့ချင်းကို ကြည့်နေချိန်တွင် ကျွော့ချင်းကလည်း သူ့ကို ပြန်ကြည့်နေခဲ့သည်။
သူမရှေ့က လူက အသက်သုံးဆယ်လောက်ရှိပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို အဝတ်ကြိုးတစ်စနဲ့ ချည်ထားတယ်။ သူ့အဝတ်အစားတွေက ဖာထေးရာတွေ ရှိနေပြီး ကြည့်ရတာ အရမ်းညစ်ပတ်တယ်... ပြီးတော့ ရှေးခေတ်ကလူတွေလို ၀တ်ဆင်ထားတယ်။
ထိုအရာများအားလုံးက အလွန်ထူးဆန်းနေသော်လည်း ကျွော့ချင်းက သူမ၏စိတ်ထဲမှ ပူပင်သောကကို ချိုးနှိမ်လိုက်ပြီး သူမ၏လက်ကို ဆန့်တန်းလိုက်ကာ ဝူစစ်၏လက်ကို ဆုပ်ကိုင်သည်။ သူမက သူ့ခွန်အား၏အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သော်လည်း ကံမကောင်းစွာဖြင့် သူမ အကြာကြီးတောင့်မခံနိုင်ဘဲ လဲကျသွားပြန်သည်။ ဝူစစ်က သူမလက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။
ဒီမိန်းကလေးက အရမ်းပိန်လွန်းတယ်။
ဝူစစ်က ယိမ်းယိုင်နေသော ကျွော့ချင်း၏လက်ကို ထိန်းကိုင်ပေးထားရင် ရထားလုံးကန့်လန့်ကာကို မဖွင့်မှီ ရထားလုံးပေါ်မှ မျက်နှာကာတစ်ခုကို ရုတ်တရက် ဆွဲယူလိုက်ကာ ကျွော့ချင်း၏မျက်နှာကို ဖုံးအုပ်ပြီးမှ အပြင်ထွက်စေခဲ့သည်။
ကျွော့ချင်း၏ခြေလက်များက အားနည်းနေပြီး ဝူစစ်၏ လက်နှစ်ဖက်ကိုသာ မှီခိုအားပြု လမ်းလျောက်နေရသည်။ အနီရောင်မင်္ဂလာဝတ်စုံက သူမ၏ သွယ်လျသောအသွင်အပြင်ကို အပြည့်အဝ ထုတ်ဖော်ပြသနေပြီး သူမ၏ခြေလှမ်းတိုင်းက သူမကို အတိုင်းအဆမရှိ နူးညံ့သိမ်မွေ့နေစေသည်။ သူမမျက်နှာပေါ်ရှိ မျက်နှာဖုံးပဝါက လူတိုင်း၏စိတ်ကူးယဥ်မှုကို တိုးပွားလာစေသည်။
ဆယ်ကျော်သက် ယောက်ျားလေးတစ်ယောက်က “ဟင့်အင်း… ဟောင်ယွဲ့တိုင်ပြည်က ဒီအမျိုးသမီးက တကယ်ကို ရေနဲ့ လုပ်ထားတာပဲ၊ သူ(မ)က လမ်းလျှောက်တာတောင်မှ ရွာက အမျိုးသမီးတွေနဲ့ မတူဘူးဟ”
ထိုလူငယ်၏နောက်ပြောင်မှုနောက်တွင် လူတစ်စုက စတင်အော်ပြောကြသည်။ ဝူစစ်က လူငယ်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီးမှ ကျွော့ချင်း ကျောက်ခုံတန်းပေါ် ထိုင်နိုင်ရန် ကူညီပေးနေခဲ့သည်။ ခဏတာအတွင်းတွင် သူလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
ရှောင်ဝူဇီက ရှေ့သို့ တစ်လှမ်းတိုးကာ ဝူစစ်ကို ဘေးသို့ ဆွဲထုတ်လိုက်ကာ အပြုံးဖြင့် ပြောလာခဲ့သည်။
"အစ်ကိုဝူ၊ ဟောင်ယွဲ့တိုင်းပြည်က အလှတရားတွေကို ကိုယ်စားပြုတယ်လို့ ငါ ကြားဖူးတယ်၊ သူ(မ)က တိုင်းပြည်တော်တော်များများမှာ ပိုနာမည်ကြီးတဲ့ မိန်းခလေးလေ။ ငါတို့က သူ(မ)ကို လုယူခဲ့ပြီးပြီလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ခေါ်လာမှတော့ သူ(မ) ဘယ်လိုပုံစံလဲဆိုတာ လူတိုင်းကြည့်ခွင့်ပေးလိုက်ပါတော့"
"မရဘူး!" ဝူစစ်က လေသံမာမာဖြင့် "ငါတို့က ငါတို့ကျေးဇူးရှင်အတွက် တရားမျှတမှုရှာဖို့ ဒီနေ့ ဒီလိုလုပ်ခဲ့တာ၊ ဒါက လုယက်ဖို့ကလွဲပြီး ငါတို့မှာ ရွေးချယ်စရာ မရှိတော့လို့ပဲ။ မင်း ဒီလိုလုပ်ရင် ငါတို့က အဲဒီဓားပြတွေနဲ့ ဘာကွာခြားတော့မှာလဲ?“
ရှောင်ဝူဇီက သူ့မျက်နှာကို ငုံ့လိုက်ပြီး မကျေမနပ် ရေရွတ်လိုက်သည်။ "အစ်ကိုဝူ၊ ငါတို့က အလှလေးလို့ ခေါ်လောက်တဲ့ အလှအပကို မြင်ချင်ရုံလေးပါ၊ ငါတို့က သူ့ကို ဘာမှ မလုပ်ချင်ပါဘူး!"
အစ်ကိုဝူက အများအားဖြင့် သတ္တိကောင်းတဲ့လူတစ်ယောက်လေ။ ဒီနေ့မှ သူ ဘာဖြစ်သွားတာလဲ?
ရွာသားများ၏ ပဟေဠိဆန်သောအကြည့်ကြောင့် ဝူစစ်က သူ လွန်လွန်ကဲကဲ တုန့်ပြန်မိသည်ဟု တွေးလိုက်ပြီး အသံတိုးတိုးဖြင့် "ဒါလဲ မကောင်းဘူး"
သူမတို့ရဲ့ရုပ်ရည်ကို ဂရုမစိုက်တဲ့ မိန်းခလေးမျိုး ဘယ်မှာ ရှိလို့လဲ? သူမရဲ့ပုံစံကို လူတွေကို ကြည့်ခိုင်းလိုက်ရင် သူမ စိတ်မကောင်းဖြစ်သွားမှာကို သူ စိုးရိမ်တယ်။
"အစ်ကိုဝူ..." ရှောင်ဝူဇီက တခြားတစ်ခုကို ထပ်ပြောရန် ပြင်လိုက်ချိန်တွင် အနီရောင်ပိုးထည်တစ်စက မြေပြင်ပေါ်သို့ လျောကျလာခဲ့သည်။
ရှောင်ဝူဇီ လှည့်ကြည့်လိုက်ချိန်တွင် ဓားဒဏ်ရာများ ဖုံးအုပ်နေသည့် မျက်နှာကို မြင်လိုက်ရပြီး တုန်လှုပ်ခြောက်ခြားသွားကာ "အိုး၊ ဘုရားရေ၊ ဒါက ဘယ်လိုအလှမျိုးလဲ?!"
အနီးနားရှိ ရွာသူရွာသားများကလည်း လန့်ဖျပ်တုန်လှုပ်သွားကြသည်။ ကျွော့ချင်းက သူတို့၏တောက်လောင်နေသော အကြည့်များကို အေးဆေးတည်ငြိမ်စွာ ပြန်ကြည့်နေသည်။ အံ့သြမှု၊ ကြောက်ရွံ့မှု၊ ကိုယ်ချင်းစာမှုနှင့် သနားမှုတို့အောက်တွင် သူမက ခေါင်းကို အနည်းငယ်မော့ကာ တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေခဲ့သည်။ ရွာသူရွာသားများက အမှတ်တမဲ့ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကြသည်။
ပြန်ပေးဆွဲတဲ့သူတွေက လူကောင်းတွေ မဟုတ်လောက်ဘူးလို့ သူမ ထင်ခဲ့ပေမယ့် သူမရှေ့မှာ ရှိနေတာကတော့ အလွန်ရိုးသားပုံရတဲ့ ရွာသူရွာသားတစ်စုပဲ။
ကျွော့ချင်းက အနည်းငယ် ငြိမ်သက်သွားပြီး "နင်က ငါ့ကို ဘယ်သူလို့ ပြောလိုက်တာလဲ"
ဒီခန္ဓာကိုယ်က သူမရဲ့ခန္ဓာကိုယ် မဟုတ်ဘူးလေ။ အခု သူမ ဘယ်သူလဲ ဆိုတာ သိဖို့ လိုနေပြီ။
ရှောင်ဝူဇီက တံတွေးမျိုချလိုက်ပြီး "မင်းက ဟောင်ယွဲ့တိုင်းပြည်က မိန်းခလေးတစ်ဦးပါ၊ ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆက်သခံခဲ့ရတာ၊ ဧကရာဇ်မင်းမြတ်က မင်းကို ဝန်ကြီးချုပ်အတွက် ဆုချီးမြှင့်ခဲ့တယ်လို့ ကြားသိခဲ့ရပေမယ့် မင်းရဲ့ရုပ်ရည်အရတော့ ငါ ထင်တာက... ဝန်ကြီးချုပ်က.... မင်းကို မလိုချင်လောက်ဘူး!""
"ငါးလေး!" ဝူစစ်က အော်လိုက်သည်။
ကျွော့ချင်း၏အမူအရာက ပုံမှန်အတိုင်းဖြစ်သွားပြီး သူမက "ဒီနေရာက ဘာလဲ?"
"ဒါက နျိုကျားရွာပါ၊ အရှေ့မှာ ချုံယွဲ့ရဲ့ မြို့တော် ဟွမ်းယန်ရှိတယ်"
ချုံယွဲ့? ဟွမ်းယန်? ဘာမှကို သိမနေဘူး!
ကျွော့ချင်းက အသက်ပြင်းပြင်းရှူရင်း သူမကို စောင့်ကြည့်နေသည့် လူအုပ်ကြီးကို ပြန်ကြည့်လိုက်ကာ အသံအက်အက်ဖြင့် "တရုတ်ပြည်အကြောင်း ကြားဖူးလား?"
အားလုံးက တညီတညွတ်တည်း တုန့်ပြန်ပြီး ခေါင်းယမ်းလိုက်ကြသည်။
တရုတ်စကား ပြောတတ်ပြီး ရှေးကျတဲ့ ဝတ်စုံတွေကို ၀တ်ဆင်ထားပေမယ့် သူတို့က တရုတ်ကို မသိကြဘူးတဲ့လား? သူမရဲ့ အသိဥာဏ်အရလည်း သူမနေထိုင်တဲ့ ကမ္ဘာမှာ ဒီလိုနေရာမျိုး မရှိသင့်ဘူး။ ပြီးတော့ သူမရဲ့ခန္ဓာကိုယ်က အမှန်တကယ် ပြောင်းလဲနေခဲ့တယ်။
သူမ မည်မျှပင် မယုံချင်သည်ဖြစ်စေ သူမ နိုးလာသည့်အချိန်တွင် သူမက သူမ မသိသည့် နေရာတစ်ခုသို့ ရောက်နေပြီး "လက်ဆောင်ပဏ္ဍာ"ဆက်သခံ မိန်းမပျိုတစ်ယောက်၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့ကြောင်း ကျွော့ချင်း နားလည်လိုက်ရသည်။
ကောင်းကင်ကြီးရေ! ငါ ခေါင်းကိုက်နေပြီဟ!
"သခင်မလေး အဆင်ပြေရဲ့လား?!" ဝူစစ်က ကျွော့ချင်းကို နားမလည်နိုင်စွာ စိုက်ကြည့်နေသည်။
သူမ အခုန မောက်မာနေပုံပေါ်ပေမယ့် အခုတော့ နာကျင်နေပုံပဲ။
ကျွော့ချင်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ စိတ်အေးအေးထားနိုင်ရန်သာ ကြိုးစားနေခဲ့သည်။
"အစ်ကိုဝူ! အစ်ကိုဝူ!" ရွာထဲဆီမှ စိတ်လှုပ်ရှားနေပုံရသည့် အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က ဝူစစ်ဆီသို့ ပြေးလာပြီး ဝူစစ်၏ပတ်ဝန်းကျင်မှ ရွာသားများကို တွန်းထုတ်လိုက်သည်။ လျိုယွိက စာရွက်တစ်ရွက်ကို ရတနာတစ်ခုလို ကိုင်ထားပြီး "အစ်ကိုဝူ မင်း ပြန်လာပြီလား? ငါ ရေးပြီး သွားပြီ၊ အစ်ကိုဝူ၊ ကျေးဇူးပြုပြီး ဖတ်ကြည့်ပါ!"
ဝူစစ်က လျိုယွိ၏လက်ကို တွန်းဖယ်လိုက်ပြီး ရှက်ရွံ့စွာပြုံးကာ "မင်းက ဘာတွေကြည့်ခိုင်းနေတာလဲ? ငါက စာမဖတ်တက်ဘူး"
ရှောင်ဝူဇီကလည်း သူ့နှုတ်ခမ်းတွေကို ကောက်ကွေးပြီး "မှန်တယ်၊ မင်းက ငါတို့ထဲမှာ စာတတ်တဲ့ တစ်ယောက်တည်းသောသူပဲ၊ မင်း ငါတို့ကို ဖတ်ခိုင်းရင်တောင် ငါတို့က နားမလည်နိုင်ဘူး!"
လျိုယွိက ခေါင်းငုံ့ကာ ရှက်ရွံ့စွာ ခေါင်းကုတ်နေရင်း ပြုံးလိုက်ပြီးမှ "ငါ... ငါ့အဖေဆီက လက်ရေးလှရေးတာကို နှစ်နှစ်လောက်ပဲ သင်ယူခဲ့ရတာပါ။ နောက်တော့ သူ သေသွားပြီး ငါ့ကို သင်ပေးမယ့်သူ မရှိတော့ဘူး"
"ဒါက ငါတို့ထက် သာနေသေးတယ်!" ရှောင်ဝူဇီက လျိုယွိ၏လက်ထဲက စာရွက်ကို ဆွဲယူလိုက်သော်လည်း သူက နားမလည်ပုံဖြင့် ဘယ်ပြန် ညာပြန် ကြည့်နေကာ စိတ်ရှုပ်သွားပုံဖြင့် "အစ်ကိုဝူ၊ ငါတို့ ဘာလို့ ဒီလို ရေးရတာလဲ?!"
ဝူစစ်က ရှောင်ဝူဇီ၏ ခေါင်းကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြီး စာရွက်ကို လှမ်းယူကာ ဂရုတစိုက် ခေါက်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ "ငါတို့ တရားရင်ဆိုင်ချင်ရင် ရှေ့နေလိုတယ်လို့ အစိုးရအရာရှိက မပြောဘူးလား? ငါတို့ ရှေ့နေခ မတက်နိုင်ဘူးလေ။ ဒါကြောင့် အဲ့တာကို ငါ့တို့ဘာသာ ရေးရတာ၊ လို့သခင်ကြီး တကယ်ရောက်လာရင် ငါတို့ရဲ့ နစ်နာမှုတွေကို ထုတ်ဖော်ဖို့ ပြစရာတစ်ခုခုရှိသင့်တယ်မလား?"
"ဒီစာကို ရေးတာက အသုံးမဝင်ဘူးလို့ ထင်တယ်!" ရှောင်ဝူဇီက ကျွော့ချင်းကို ဘေးစောင်းကြည့်ရင်း ကျိန်ဆဲလိုက်သည်။
ဒီအမျိုးသမီးက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီလေ၊ ဝန်ကြီးချုပ်က သူ(မ)ကို ပြန်လာခေါ်မှာလား?!
အယူခံဝင်ခြင်းက အလွန်အရေးကြီးသည်ဟု အစိုးရအဖွဲ့မှလူများက ပြောကြသည်။ ကျေးဇူးရှင်၏နစ်နာမှုများကို ရှင်းလင်းပေးနိုင်သည်ဖြစ်စေ ရှင်းလင်းမပေးနိုင်သည်ဖြစ်စေ သူ ကြိုးစားရမည်ပင်။ ဝူစစ်က သူ့ဘေးတွင် ထိုင်နေတဲ့ ကျွော့ချင်းကို တစ်ချက်ကြည့်ပြီး “သခင်မလေး၊ ငါ မင်းကို ဒုက္ခပေးလို့ရမလား? မင်း ငါတို့ကို တစ်ချက်လောက်ကြည့်ပေးပါလား?!"
ဒီကောင်မလေးက တစ်ချက်ကြည့်လိုက်ရုံနဲ့ နာမည်ကြီးမိသားစုက လာတာဖြစ်နိုင်ပြီး စာတတ်မယ်ဆိုတာ သိသာနေတယ်လေ။
ကျွော့ချင်းက ခဏလောက်စဉ်းစားနေပြီးမှ "ယူခဲ့ပါ"
သူမက ရိုးရှင်းပြီး နုံအလွန်းသည့် ထိုရွာသားများက အဘယ်ကြောင့် သူမအား ပြန်ပေးဆွဲလာသည်ကို သိချင်နေသည့်အပြင် ထိုစာမျိုးကို သူမ တစ်ခါမှ မမြင်ဖူးသေးသောကြောင့် အခွင့်ကောင်းယူပြီး ဖတ်ကြည့်ချင်ခဲ့သည်။
တစ်ချက်လောက် ကြည့်ပေးရုံပဲလေ။
သို့သော် စာရွက်ကို လှန်ကြည့်လိုက်ချိန်တွင် ကျွော့ချင်းတစ်ယောက် အလွန်အမင်း အံသြသွားရသည်။