← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း ၇ လို့ရှီးယန်(အပိုင်း ၂)

  ရွာအဝင်ဝမှ ညောင်ပင်ကြီးအောက်တွင် ရာနှင့်ချီသည့် ရွာသူရွာသားများ ရှိနေပြီး သူတို့၏ရှေ့တွင် သန်မာသည့်အမျိုးသားနှစ်ယောက်သာ ရှိနေခဲ့သည်။ တစ်ယောက်က ညိုမည်းသည့် အသားအရည် ရှိပြီး လရောင်အောက်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေကာ နှင်းခဲများ ဖုံးလွှမ်းနေသလို အေးစက်သည့် မျက်နှာထား ရှိသည်။ အခြားတစ်ယောက်က နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည် ရှိပြီး သူ့၏အပြာရောင်မျက်လုံးတစ်စုံက ပင်လယ်နက်နှင့် ဆင်တူနေကာ တခြားလူများကို ဆွဲဆောင်နိုင်သည့် မှော်အစွမ်း ရှိနေပုံရသည်။ သို့သော် သူတို့၏စူးရှနေသည့်အကြည့်များထံမှ လွှမ်းမိုးနိုင်သည့်အရှိန်အဝါကတော့ အတူတူပင် ဖြစ်သည်။ ည၏မှိန်ဖျော့ဖျော့ အလင်းရောက်အောက်တွင် လူဖြူလူမည်းတစ်စုံ ဘေးချင်းကပ်ရပ်နေပုံက မျက်လုံးမလွှဲနိုင်လောက်အောင် ဖမ်းစားနေလေသည်။

  သူတို့အနားတွင် အတက်တန်းလွှာအဝတ်အစားများကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ရှိနေပြီး သူက ညောင်ပင်ကို မှီကာ ပျင်းတိပျင်းတွဲ မတ်တတ်ရပ်နေခဲ့သည်။ သူက ချောမောပုံရပြီး သူ့၏လှုပ်ရှားမှုများက ပေါ့ပေါ့ပါးပါးနှင့် အတားအဆီးကင်းမဲ့နေကာ ခပ်မိုက်မိုက် စိတ်ထားရှိပုံပေါ်သည်။

  သစ်ပင်အောက်တွင် မတ်မတ်ရပ်နေသည့် နောက်ထပ်အရပ်ရှည်ရှည် လူတစ်ယောက်ကို မြင်လိုက်ရချိန်တွင် ကျွော့ချင်း၏မျက်လုံးများက ထိုနေရာမှ ထပ်မရွေ့တော့ပေ။

  လရောင်အောက်မှ ထိုအမျိုးသားက ဇီးပန်းပွင့်‌ရောင်ဝတ်ရုံရှည်ပေါ်တွင် ရိုးရိုးရွှေချည်ကြိုး အနည်းငယ်ဖြင့် ပါသည့် ခါးပတ်ပြားကြီးကို ၀တ်ဆင်ထားသည်။ သူ့၏ဆံပင်များကို သရဖူမတပ်ဆင်ထားဘဲ ကျောက်စိမ်းဆံထိုးဖြင့်သာ ချည်နှောင်ထားသော်လည်း သူ့၏ တင့်တယ်မှုနှင့် မြင့်မြတ်မှုကို မထိခိုက်စေခဲ့ပေ။ ရှည်လျားကျဉ်းမြောင်းသော သူ့မျက်လုံးများက အနည်းငယ် ကျယ်လာပြီး သူ့၏နှုတ်ခမ်းထောင့်တွင် နွေးထွေးသောအပြုံးတစ်ခု ရှိနေသောကြောင့် သူ၏ လှုပ်ရှားမှုတိုင်းက ပြေပြစ်ကာ ကြည့်ကောင်းနေလေသည်။ စက္ခုပသာဒ ဟူသော စကားလုံးများကိ အပြည့်အဝ ဖော်ပြနိုင်မည့် နှိမ်ချတက်သော အမျိုးကောင်းသား ဖြစ်ပုံပေါ်သည်။ သို့သော် ကျွော့ချင်းက ထူးဆန်းသောအရာတစ်ခုကို ခံစားလိုက်ရသည်။ အထူးသဖြင့် အရိပ်အမြွက်မျှသာမြင်ရုံဖြင့် အရာခပ်သိမ်းကို မြင်နိုင်သလို နက်နဲပြီး ဆိတ်ငြိမ်နေပုံရသော သူ့မျက်လုံးများပင်....

ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ်မှိတ်ချလိုက်ကာ ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် ကြိုးစားလိုက်သည်။ ထိုလူက ရုတ်တရက် မျက်လုံးလှန်လိုက်ပြီး သူမဘက်သို့ လှမ်းကြည့်လိုက်သည်။ ကျွော့ချင်းတစ်ယောက် ထိတ်လန့်သွားပြီး ခေါင်းကို အမြန်ငုံ့လိုက်ကာ ဦးထုပ်အစုတ်ကို ဆွဲချလိုက်ပြီး သူမမျက်နှာကို လုံအောင်ဖုံးလိုက်ရသည်။ ထိုနောက် သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဘယ်လောက် စိတ်အာရုံခံစားမှုကောင်းတဲ့လူလဲ?

  လို့ရှီးယန်က မှောင်မိုက်နေသော လူအုပ်ကြီးကို ပေါ့ပေါ့ဆဆ လှမ်းကြည့်လိုက်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ရပေ။

သူ အခုန ခံစားလိုက်ရတဲ့ စောင့်ကြည့်ခံရတဲ့ ခံစားချက်က သူ့ထင်ယောင်ထင်မှား ဖြစ်သွားတာလား? ဒါမှမဟုတ် အဲ့လူက ဒါကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာလား?! ဒီလိုဆိုရင်တော့ သူ့အတွက် ထိုက်တန်တဲ့ ခရီးတစ်ခု ဖြစ်လာတာမှာပဲ။

  လို့ရှီးယန်က စိတ်အခြေအနေတိုးတက်လာပြီး သူ စိတ်ကောင်းဝင်လာသည်နှင့်အမျှ သူက နွေးထွေးသည့် အပြုံးကို ပိုဖန်တီးကာ သူ့ဆီသို့ အလျင်အမြန် ပြေးလာနေသည့် ရွာသားများကို တွေ့ဆုံရန် လှမ်းလာခဲ့သည်။ အကူအညီမဲ့နေသော ရွာသားများက သူ့ကို ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်နေကြသည်။

  လို့ရှီးယန်က ဖြည်းညှင်းစွာ လျှောက်လာနေပြီး ရွာသားများက အလျင်အမြန် ဒူးထောက်ကာ ဂါရဝပြုလိုက်ကြသည်။

“ဝန်ကြီးချုပ်ကို ရိုသေလေးစားစွာ နှုတ်ဆက်ပါတယ်”

ကျွော့ချင်းထံတွင် ဒူးထောက်တတ်သည့် အလေ့အထ မရှိသော်လည်း ယခုအချိန်တွင် သူမ တစ်ဝက်တစ်ပျက် ဝပ်တွားဦးညွှတ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

  "အားလုံးထကြပါ" လို့ရှီးယန်က သူ၏လက်ကို အနည်းငယ် မြှောက်ကာ အချက်ပြလိုက်ပြီး ရယ်မောနေလိုက်သည်။

"ငါ့ကို ဒီကို ဖိတ်ခေါ်တာ ဘာကိစ္စရှိလို့လဲ?"

  ဖိတ်ခေါ်တာလား?

ကျွော့ချင်းက အနည်းငယ် အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။

သူက ဒါကို ဖိတ်ခေါ်တာလို့ မှတ်ယူနိုင်သေးတယ်ပေါ့လေ။ လူကြီးလူကောင်းပဲ။ သူရဲ့ကြည်လင်ပြီး သာယာနေတဲ့အသံကလည်း နည်းနည်း နက်ရှိုင်းပြီး လူတွေကို သူပေးနေတဲ့ ခံစားချက်နဲ့ လိုက်ဖက်ညီတယ်။

ကျွော့ချင်းက သူမ၏ဦးထုပ်ကို ထပ်ဆွဲချလိုက်ပြီး သူမ၏ခေါင်းကို ထပ်မြှင့်လိုက်ကာ သူမရှေ့မှ နွေလေညင်းလို ပြုံးနေသည့်လူကို ဆက်ကြည့်နေခဲ့သည်။

  ဝန်ကြီးချုပ်က ကောလဟာလများအတိုင်း နူးညံ့သိမ်မွေ့ပြီး သာမာန်ပြည်သူများကို သားသမီးကဲ့သို့ ချစ်ခင်နေပုံပေါ်နေသောကြောင့်  ရွာသားများက စိတ်ဓာတ်တက်ကြွလာပြီး မကျေမနပ်အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

“ကျေးဇူးပြုပြီး....ကျွန်တော်မျိုးတို့အတွက် တရားမျှတမှုကို ရှာပေးပါ”

ချီထျန်းယုက သည်းမခံနိုင်တော့ဘဲ နားကို ပိတ်ကာ အေးစက်စွာ ပြန်အော်လိုက်သည်။

"မင်းတို့ရဲ့ နစ်နာမှုတွေအတွက် တရားမျှတမှုကို လိုချင်ရင် အစိုးရအရာရှိတွေဆီကို သွားသင့်တယ်။ ခုတော့ မင်းတို့က အရင်ဆုံး လူကို ပြန်ပေးဆွဲပြီး နောက်ပိုင်းမှာ တော်ဝင်အရာရှိကို ခြိမ်းခြောက်ချင်နေတာလား? ထောင်ထဲကို ဝင်ချင်နေကြတာလား!”

စိတ်ဝင်စားဖို့ကောင်းတာလေး ကြည့်ရမယ်လို့ သူ ထင်ခဲ့မိတာ။ ခုလို ငြီးငွေ့ဖွယ်ကောင်းမယ်မှန်း သိရင် သူ ဘယ်တော့မှာ လိုက်လာမိမှာ မဟုတ်ဘူး။

  ချီထျန်းယု စကားမဆုံးခင်မှာပင် ဝူစစ်က အလျင်စလို ထရပ်လိုက်သည်။ ကျွော့ချင်းက သူ့ကို လှမ်းဆွဲလိုက်သော်လည်း ကံမကောင်းစွာဖြင့် သူက အရမ်းမြန်လွန်းသောကြောင့် ကျွော့ချင်းက သူ့အဝတ်ထောင့်ကိုပင် မထိနိုင်လိုက်ပေ။

  ဝူစစ်က လို့ရှီးယန်ရှေ့တွင် သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ "ဝန်ကြီးချုပ်လူကြီးမင်း၊ ကျွန်တော်မျိုးတို့က သာမန်ပြည်သူတွေမို့ မိုက်မဲမိတာပါ၊ ကျွန်တော်မျိုးတို့ အစိုးရရုံးတော်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဖူးပါတယ်။ ဒါပေမယ့် သူတို့က အမှုကို ဆုံးဖြတ်ချက်ချပြီးပြီလို့ ပြောပြီး ကျွန်တော်မျိုးတို့ကို နှင်ထုတ်ခဲ့ပါတယ်။ တရားမျှတမှုကို ပြန်ရဖို့ ထီရှင်းလူကြီးမင်းကို ရှာဖွေခဲ့ပေမယ့် သူက မြို့တော်မှာ မရှိပါဘူး၊ ကျွန်တော်မျိုးတို့လည်း ကျိုးကြောင်းဆီလျော်စွာ ပြောဆိုချင်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့အိမ်တော်က သာမန်လူတွေ ပေါ့ပေါ့ဆဆသွားနိုင်တဲ့ နေရာမဟုတ်တော့... ကျွန်တော်မျိုးတို့က တကယ်ပဲ..."

သူ့ရင်ထဲမှ ခါးသီးသည့် နာကျည်းမှုများက များလွန်းနေသောကြောင့် ဝူစစ်က ဘာဆက်ပြောရမှန်း မသိတော့ပဲ မြေပြင်ကိုသာ ဦးတိုက်နေတော့သည်။

  သူ့၏တုန်ခါနေသော အသံကြောင့် ကျွော့ချင်းတစ်ယောက် ထိတ်လန့်သွားရပြန်သည်။

ဘာတုန်းဟ! သူ့ခေါင်းက သံနဲ့လုပ်ထားတာလား?!!

ကျွော့ချင်းက သူမ၏ဘေးနားမှ ကောင်လေးကို လက်ဖြင့် ရိုက်ပုတ်လိုက်ပြီးနောက် ထအော်လိုက်သည်။

"မတရားခံရတာပါ!"

  "ဘာလဲ?" ရှောင်ဝူဇီက နားမလည်နိုင်ဖြစ်နေခဲ့သည်။

  ဝက်လိုကောင်!

ကျွော့ချင်းက သူ့လက်ကို ပြင်းပြင်းထန်ထန် လိမ်လိုက်ရင်း သူမ၏ သွားကြားမှ လေသံဖြင့် စကားလုံးတချို့ကို ထပ်အော်လိုက်သည်။

"မတရားခံရတာပါ"

  နောက်ဆုံးတွင် အသိစိတ်ဝင်လာသည့် ရှောင်ဝူဇီကလည်း ထအော်လိုက်သည်။

"မတရားခံရတာပါ ~~~"

သူမရဲ့လက်တွေက အရမ်းသန်မာတယ်ဟ။ အဲ့ဒါက အရမ်း နာတယ်!

  နာကျင်စွာ အော်ဟစ်သံက အံ့အားသင့်နေသော ရွာသားတစ်စုကို နိုးဆော်ပေးလိုက်ပြီး အားလုံးက မတရားမှုကို ဖြေရှင်းပေးရန် စတင်အော်ဟစ်လာကြသည်။

"ဝန်ကြီးချုပ်....လူကြီးမင်း တရားမျှတမှုအတွက် ဖြေရှင်းပေးတော်မူပါ--!"

  "ဝန်ကြီးချုပ်... ကျွန်တော်မျိုးတို့အတွက် တရားမျှတအောင်လုပ်ပေးပါ!!"

  လို့ရှီးယန်၏ လျှို့ဝှက်နက်နဲပုံရပြီး စူးရှသော မျက်လုံးများက ရိုးရှင်းပြီး စိတ်လှုပ်ရှားနေသော မျက်နှာများကို ငုံ့ကြည့်နေခဲ့သည်။ ဤလူများက နာကျည်းမှုအတွက် ညည်းညူနေပုံရသောကြောင့် လို့ရှီးယန်က ရှေ့သို့ တိုးလာကာ ဦးတိုက်နေဆဲဖြစ်သော ဝူစစ်ကို ထရန် ကူညီပေးလိုက်သည်။

"မင်းတို့မှာ နစ်နာမှုတွေရှိရင် အဲ့ဒါကို တိုက်ရိုက်ပြောလို့ရတယ်။ မင်းတို့မှာ နစ်နာမှုတွေရှိလား?"

  ဝူစစ်က လို့ရှီးယန်၏အကူအညီကို မယူရဲဘဲ ထိတ်လန့်တကြား ထရပ်လိုက်သည်။ သူက လို့ရှီးယန်ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် သူ့အင်္ကျီလက်ထဲမှ စာရွက်တစ်ရွက်ကို ဂရုတစိုက် ထုတ်လိုက်ပြီး အလွန်သတိထားနေဟန်ဖြင့် လွှဲပေးလိုက်သည်။

"ဒါက အသနားခံစာပါ"

  အသနားခံစာတောင် ရေးထားတယ်ပေါ့...

လို့ရှီးယန်က ပြုံးလိုက်ပြီး စာကို ဖြည်းညင်းစွာ ဖြန့်လိုက်သည်။   လို့ရှီးယန်၏အပြုံးက မပြောင်းလဲသွားသော်လည်း ခဏအကြာတွင် သူက ပေါ့ပေါ့ပါးပါး အသံဖြင့် ပြန်မေးလာခဲ့သည်။

"ဒီအသနားခံစာကို ဘယ်သူရေးတာလဲ?"

  ချီထျန်းယုက သိချင်စိတ်ကြောင့် တက်ကြွလာပြီး အသနားခံစာကို လှမ်းယူလိုက်သည်။

သူနဲ့ ရှီးယန်က အတူတူကြီးပြင်းလာတာလေ၊ အဲ့ဒါကြောင့် အခြားသူတွေ မသိနိုင်တာတွေကို သူ သိခဲ့တယ်။ ရှီးယန်ရဲ့လေသံက ပိုပေါ့ပါးလေလေ သူ့အပြုံးက နူးညံ့လေလေ၊ သူ ပိုပြီး ဂရုစိုက်လေလေ၊ သံသယများလေလေပဲ။

  သွားပြီ!

ကျွော့ချင်းက စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။

  လှည့်မကြည့်နဲ့၊ ငါ့ကို မကြည့်နဲ့! နောက်ပြန် လှည့်မကြည့်ကြနဲ့!

  ကျွော့ချင်းက သူမ၏နှလုံးသားထဲတွင် အကြိမ်ပေါင်းမရေတွက်နိုင်အောင် တိတ်တိတ်လေးရွတ်ဆိုနေခဲ့သည်။ ကံမကောင်းစွာဖြင့် မိုးနတ်မင်းက သူမ၏ဆုတောင်းသံကို မကြားခဲ့ပေ။

  တောက်! မိုက်မဲတဲ့ကောင်တွေ၊ ဦးနှောက်မဲ့တဲ့ ဝက်တွေ၊ @#%&*၊~~~

  ကျွော့ချင်းတစ်ယောက် သူမ၏ အသက်နှစ်ဆယ်ကျော်အတွင်း သူမ စဉ်းစားနိုင်သော ဆဲဆိုနည်းပေါင်းစုံဖြင့် ကြိမ်းဆဲနေခဲ့ပြီး နောက်ဆုံးတွင် "နူးညံ့သောအကြည့်"က သူမပေါ်သို့ စူးစိုက်စွာ ကျလာသောကြောင့် သူမ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ရတော့သည်။

အခန်း ၈ ထိပ်တိုက်ရင်ဆိုင်မှုများ (အပိုင်း ၁)

  လို့ရှီးယန်က လူတိုင်း၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသည့် ပိန်ပိန်ပါးပါးသဏ္ဍန်တစ်ခုကို တွေ့လိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် ထိုလူက ဖြည်းညှင်းစွာ မတ်တတ်ရပ်လာခဲ့သည်။ သူဆောင်းထားသည့် ဦးထုပ်ကြီးက သူ့၏မျက်နှာအများစုကို ဖုံးအုပ်ထားသောကြောင့် သူ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲနေစေသည်။ ကြီးမားသော ပိတ်ကြမ်းအဝတ်အစားများကို သူ့ကိုယ်အပေါ်တွင် ပတ်ခြုံထားသော်လည်း သူက အလွန်ပိန်လှီနေပုံရသည်။ သူ့ပုံစံက အန္တရာယ်ကင်းသော ကောင်လေးတစ်ယောက်ကဲ့သို့ ပါးလွှာနေသော်လည်း လို့ရှီးယန်ကတော့ ထိုကဲ့သို့ မတွေးခဲ့ပေ။

  ထိုသူက နှုတ်ဆိတ်နေတာကြောင့် လို့ရှီးယန်က စိတ်ဝင်တစားဖြင့် "မင်းက ဒီတိုင်ကြားစာကို ရေးတဲ့သူလား?"

  ကျွော့ချင်းက ခေါင်းငုံ့ထားရင်း သူမ၏အသံကို လျှော့ချကာ အားနည်းပြီး ခိုင်မာမှု မရှိသော အသံဖြင့် "မှန်ပါတယ်"

သူမရဲ့နောက်မှာ ဒူးထောက်နေတဲ့ လူမိုက်အုပ်စုတစ်စုက သူမကို ဒုက္ခပေးမယ့်သူတွေပဲ။

သူမဘဝတွင် ရိုးရှင်းပြီး ကြင်နာတတ်သည့်လူများကို မုန်းတီးမိခြင်းက ပထမဆုံးအကြိမ်သာ ဖြစ်သည်။

  ချီထျန်းယုက ကျွော့ချင်းကို အပေါ်အောက် ငုံ့ကြည့်ကာ သူ့လက်ထဲမှ အသနားခံစာကို ဝှေ့ယမ်းလိုက်ပြီး လို့ရှီးယန်ကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"စကားလုံးအသုံးပြုပုံက အရမ်းတိကျပြီး ပြတ်သားတယ်။ ဒါပေမယ့် စာရေးထားတာက ရုပ်ဆိုးလွန်းတယ်!"

  ကျွော့ချင်းက ခေါင်းငုံ့ကာ နှုတ်ဆိတ်နေဆဲပင်။ သူမ၏မူလဘဝတွင် သူမ၏လက်ရေး လှပသည်ဟု မည်သူကမျှ တစ်ခါမှ မပြောခဲ့ဖူးသောကြောင့် ထိုစကားဖြင့် သူမကို ရန်စရန် ကြိုးစားနေဖို့တော့ အနည်းငယ် လိုအပ်နေသေးသည်။

  ကျွော့ချင်းက အံသြဟန်ဆောင်ရန် စိတ်ထဲတွင် တွေးနေပုံမျိုး ဟန်ဆောင်လိုက်သည်။ လို့ရှီးယန်ကတော့ အလျင်စလို မရှိပေ။ သူက သူမဘေးနားမှ ဝူစစ်ကို ကြည့်ကာ "မင်းက သူတို့မိသားစုက မဟုတ်သလို ဒီကိစ္စနဲ့ဘည်း ဘာမှ မဆိုင်ဘူး။ မင်းက ဘာလို့ မခံမရပ်နိုင် ဖြစ်နေရတာလဲ? သူ့မှာ အပြစ်မရှိဘူးဆိုတာ သက်သေပြဖို့အတွက် မင်းမှာ ဘာအထောက်အထားရှိလဲ?"

  ဝူစစ်က လို့ရှီးယန်၏ မျက်လုံးများကို တိုက်ရိုက်မကြည့်ဝံ့ဘဲ သူ့စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ထားသည့် စကားလုံးများကို ရွတ်ဆိုလိုက်သည်။ "ဝန်ကြီးချုပ်လူကြီးမင်း၊ လင်းပါ့ခန်းက ကျွန်တော်မျိုးတို့ တစ်ရွာလုံးရဲ့ ကျေးဇူးရှင်ပါ။ နျိုကျားရွာမှာ ရေတွင်းသုံးတွင်းပဲ ရှိပါတယ်။ လူတွေ၊ တိရစ္ဆာန်တွေ၊ လယ်ကွင်းတွေထဲက စားနပ်ရိက္ခာတွေအတွက် အဲဒီရေနည်းနည်းကိုပဲ မှီခိုရပါတယ်။ ရာသီဥတုမကောင်းရင် မိုးခေါင်ရင် အသီးအနှံ မရိတ်သိမ်းနိုင်တော့ဘူး။ အဲ့လိုဖြစ်နေတာက ဆယ်နှစ်လောက်ရှိနေပါပြီ။ ကျွန်တော်တို့ရဲ့ ဆယ်နှစ်ကျော် ဒုက္ခကို ကယ်တင်ပေးခဲ့တဲ့ ဒီလိုလူက စစ်ရိက္ခာအတွက် ယုတ်ညံ့တဲ့ ကုန်ပစ္စည်းတွေကို ဘယ်လို ရောင်းဝယ်ဖောက်ကားနိုင်မှာလဲ? ကျွန်တော်မျိုးတို့ရဲ့ကျေးဇူးရှင်က ဒီလိုလူ မဟုတ်ပါဘူး၊ သူ မှားယွင်းစွပ်စွဲခံရတာပါ၊ ကျေးဇူးပြုပြီး ဝန်ကြီးချုပ်က သေချာစုံစမ်းပေးပါ!!"

 နောက်ဆုံးတွင် ထိုကိစ္စက စစ်တပ်ရိက္ခာများ လျှို့ဝှက်လဲလှယ်သည့်အမှုကိစ္စဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။ တရားရေးဝန်ကြီးဌာနက ထိုအမှုကို လွန်ခဲ့တဲ့ တစ်လခွဲက စီရင်ချက်ချပြီးဖြစ်ကာ လူသက်သေ၊ ပစ္စည်းသက်သေများ ရှိခဲ့ပြီး ဝန်ခံမှုလည်း ရှိနေခဲ့သည်။

လို့ရှီးယန်က “ဒီကိစ္စကို အစိုးရက ဆုံးဖြတ်ထားပြီးသားလေ။ ဒီအမှုအတွက် လင်းပါ့ခန်းကိုယ်တိုင်လည်း ဝန်ခံစာ ရေးထားပြီးပြီ၊ သူက လက်ဗွေနှိပ်ပြီးမှတော့ ဘယ်လို နစ်နာမှုကို ပြန်ရှာနိုင်မှာလဲ? အဲလိုမှမဟုတ်ရင် မင်းတို့ လက်ထဲမှာ ဘာအထောက်အထားတွေ ရှိလဲ?"

  "ကျွန်တော်မျိုးတို့..."

သူတို့မှာ ဘာအထောက်အထားမှ မရှိဘူး။ သူတို့က သူတို့ရဲ့ယုံကြည်မှုတစ်ခုကိုပဲ မှီခိုနိုင်တာပါ။

ဝူစစ်က လို့ရှီးယန် မယုံမည်ကို ကြောက်သောကြောင့် ဒူးထောက်လိုက်ပြန်သည်။

  "ကျွန်တော်မျိုးတို့ရဲ့ ကျေးဇူးရှင်က ဒီလိုမျိုး မလုပ်ပါဘူး၊ သခင်ကြီး သိပါတယ်!!"

လူကြီးတစ်ယောက်က ငိုယိုကာ ခေါင်းငုံ့ဦးတိုက်လိုက်သောကြောင့် သူ့နောက်မှ ရွာသူရွာသားများကလည်း အောက်ငုံ့ကာ ဦးတိုက်နေကြပြန်သည်။ ကျွော့ချင်းက ထိုအသံများကြောင့် အမှန်တကယ် ဒေါသထွက်လာခဲ့သည်။

ဝက်​​​တွေကတော့ ဝက်တွေပဲ... ဘာက​ပြောသင့်တယ် ဘာက မပြောသင့်ဘူးဆိုတာ လုံးဝ မသိကြဘူး။

​ ကျွော့ချင်းက ဝူစစ်၏ပခုံးကို ဆုပ်ကိုင်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

"ဒါဆို လုံလောက်ပြီ"

  ကျွော့ချင်းက လူအုပ်ကို ဖြတ်ကျော်ပြီး ရှေ့သို့တိုးသွားကာ သူမနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသည့် လို့ရှီးယန်ကို အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

"လင်းပါ့ခန်းရဲ့ ဇနီးဖြစ်သူက လင်းပါ့ခန်းဆီကို သွားတွေ့တုန်းခဲ့တယ်။ အဲ့အချိန်အထိ သူက သူ မှားယွင်းစွပ်စွဲခံရတယ်လို့ အခိုင်အမာ ပြောနေတုန်းပဲ။ မတရားမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတုန်းမှာ ဘာတွေ ဖြစ်ခဲ့တာလဲ? ဒီကိစ္စကို အများပြည်သူရှေ့မှာ ရုံးတင်စစ်ဆေးတာ မဟုတ်တော့ လင်းပါ့ခန်းကို နှိပ်စက်ညှဉ်းပန်းပြီး ဝန်ခံခိုင်းခဲ့တာလား? ဒါမှမဟုတ် မေ့မြောနေချိန်မှာ သူ့ရဲ့လက်ဗွေနှိပ်ကို နှိပ်ခဲ့တာလား?"

  “ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဝန်ခံခြင်း” ဟူသော စကားလုံးက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သူ့၏အသွင်အပြင်ကို မမြင်ရသေးသော်လည်း ကြည်လင်အေးဆေးသော အသံနှင့် တည်ငြိမ်အေးဆေးသော အမူအရာတို့က ဤလူက သာမန်ရွာသားတစ်ဦး မဟုတ်ကြောင်း ညွှန်ပြနေသည်။ လို့ရှီးယန်က တစ်ဆင့်ပြီးတစ်ဆင့် ကျွော့ချင်းထံ ချဉ်းကပ်သွားပြီး "ဒီလို ပြောဖို့ သက်သေရှိလား?"

  သူထံမှ ထွက်ပေါ်လာသည့် ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်လွန်းလှသည်။ သူ့အသံက အလွန်နူးညံ့နေပြီး သူ့အပြုံးက အလွန်ပေါ့ပါးနေသော်လည်း သူ့၏ ထိုကဲ့သို့ နူးညံ့သည့်အကြည့်များကို ရင်ဆိုင်ရတိုင်း ကျွော့ချင်းကို ​​အမြဲလိုလို နားမလည်နိုင်အောင် တုန်လှုပ်သွားစေတတ်သည်။

  ပြစ်မှုအတွက် အကောင်းဆုံးအခြေအနေက ခုခံကာကွယ်ခြင်းလို့  ကုယွင်က မကြာခဏပြောလေ့ရှိတယ်။ ခုတော့ သူမ အဲ့စကားကို သဘောတူသွားပြီ။

ကျွော့ချင်းက ဘယ်တုန်းကမှ နောက်ပြန်ဆုတ်တတ်သည့် အလေ့အထ မရှိခဲ့ဘဲ ယခုတစ်ကြိမ်ကလည်း ချွင်းချက် မဟုတ်ပေ။ သူမက ခေါင်းကို အနည်းငယ် မော့ပြီး ခပ်တည်တည် ပြန်မေးလိုက်သည်။

"ဝန်ခံလာအောင် နှိပ်စက်ခဲ့လားဆိုတာ သိချင်ရင် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခုခုရှိနေလားဆိုတာ ကြည့်လိုက်တာနဲ့ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်၊ လင်းပါ့ခန်းက သူ့အနေနဲ့ မတရားဘူးလို့ အခိုင်အမာပြောခဲ့ပေမယ့် တစ်စုံတစ်ယောက်က ဒီအမှုကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေပြီး တကယ်နှိပ်စက်ခဲ့တာမျိုး မဖြစ်နိုင်ဘူးလားလို့ ဝန်ကြီးချုပ်ကို ပြန်မေးချင်ပါတယ်၊ တကယ်လို့ ညှင်းပမ်းနှိပ်စက်ခဲ့တယ်ဆိုရင် ဘယ်လိုလုပ်ပေးနိုင်မလဲ?”

  လို့ရှီးယန်က ထိုစကားမျိုးကို မမျှော်လင့်ထားဘဲ နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။ လရောင်အောက်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်လုနီးပါး မတ်တပ်ရပ်နေကြပြီး ဦးထုပ်အောက်မှ ကြည်လင်နေသည့် မျက်လုံးတစ်စုံက သူ့ကို သေသေချာချာ စိုက်ကြည့်နေခဲ့သည်။

  အိုး... သေချာတာကတော့ သူ သူတပါးရဲ့မျက်လုံးတွေထဲမှာ ဒီလို ပြတ်သားတဲ့ အကြည့်မျိုး မတွေ့ခဲ့ရတာ နှစ်တွေ ဘယ်လောက်ရှိနေပြီလဲ? သူ ဒီတရားဝင်ရာထူးမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ရတာကြောင့် လူတိုင်းက သူ့ကို မျက်နှာဖုံးတွေနဲ့ ဆက်ဆံကြပြီး ဒီလိုကြီးကျယ်ခမ်းနားတဲ့ အမူအရာမျိုး သူ မေ့လုနီးပါးဖြစ်နေခဲ့ပြီ။ ဒီလိုရိုးသားမှုက သူ့နှလုံးသားကို နွေးထွေးမှု ခံစားရစေတယ်။

ထိုသို့ ရှားရှားပါးပါး ပြတ်သားလွန်းနေသည့် ရှင်းလင်းချက်အတွက် လို့ရှီးယန်က လေးနက်သောအသံဖြင့် ပြန်ဖြေပေးလိုက်သည်။

"တကယ်လို့သာ အဲ့တာက အမှန်ဆိုရင်.... သေချာတာကတော့ ပြန်စမ်းစစ်ရမယ်”

  ကောင်းတယ်!

ကျွော့ချင်းက ထိုအောင်မြင်မှုကို အခွင့်ကောင်းယူကာ သူမ၏အသံကို မြှင့်ပြီး တမင်တကာ ထပ်မေးလိုက်သည်။

"ဝန်ကြီးချုပ်က တရားမျှတမှုအတွက် ဒီအမှုကို အများပြည်သူရှေ့မှာ ပြန်လည်စစ်ဆေးပေးမှာ မဟုတ်လား?"

  အများသူငှာ‌ရှေ့မှာ ပြန်လည်စစ်ဆေးပေးရမှာလား?! သူ့ကို ဖိအားပေးနေတယ်ပေါ့လေ!

ယခုအချိန်တွင် သူက အများပြည်သူ‌ရှေ့တွင် ရုံးတင်စစ်ဆေးခြင်းကို ငြင်းဆိုပါက တရားမျှတမှု ရှိတော့မည် မဟုတ်ပေ။

ကောင်းလိုက်တဲ့ အကွက်!

လို့ရှီးယန်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ငါ့အတွက်လဲ အဲ့လို ပွင့်ပွင့်လင်းလင်း ကြားနားရတာ ပိုကောင်းပါတယ်"

 ဒါက သူမ စောင့်မျှော်နေတဲ့အရာပဲ....

သို့သော်လည်း နောက်ထပ် စကားတစ်ခွန်းကို ကြားလိုက်ပြီးနောက် ကျွော့ချင်း၏ပျော်ရွှင်သော ခံစားချက်များ ချောက်ထဲသို့ ထိုးကျသွားတော့သည်။

  "အဲတော့..." လို့ရှီးယန်က ကျွော့ချင်းထံ ချဉ်းကပ်ကာ တမင်တကာ အသံရှည်ရှည်ဆွဲရင်း အလွန်တရာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ "ချုံယွဲ့ရဲ့ဥပ‌ဒေအရ၊ ပြန်လည်စစ်ဆေးပြီးနောက် အကျဉ်းသားမှာ အပြစ်မရှိကြောင်း သက်သေပြဖို့ သက်သေအသစ်မရှိရင် ဒါမှမဟုတ် အကျဉ်းသားမှာ တကယ်အပြစ်ရှိနေရင် မူလပြစ်မှုအတွက် ပြန်လည်စစ်ဆေးဖို့ အဆိုပြုသူတွေကို တရားရုံးကို ကျူးကျော်စော်ကားမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချမယ်။ အဆိုးဆုံးအမှုအတွက် ကြိမ်ဒဏ်တစ်ရာကနေ ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခံရမယ်”

  ဘာလဲ?! ဒီလိုမျိုးတွေ ရှိတယ်လား! ဒါက ဘယ်လိုဥပ‌ဒေမျိုးလဲ? အယူခံတင်ရင်တောင် ပြစ်ဒဏ်ကျခံရနိုင်တယ်လား! ဘာလို့ ဘယ်သူကမှ သူမကို မပြောခဲ့တာလဲ။

  ခေတ္တခဏမျှပင် ဖြစ်သော်လည်း ထိုဝန်ကြီးချုပ်၏မျက်လုံးထဲမှ ပျော်ရွှင်မှုအရိပ်အယောင်ကို သူမ မြင်ခဲ့ရကြောင်း သူမ ကျိန်ဆိုနိုင်သည်။ သို့သော်လည်း ချက်ချင်း ပြန်ပျောက်ကွယ်သွားပြီး လုံးဝ မရှိခဲ့သလို ပြန်ဖြစ်သွားခဲ့သည်။

  ကျွော့ချင်းက တစ်ခုခုထပ်ပြောရန် ပြင်နေစဥ်တွင် ဝန်ကြီးချုပ်က ထိုအမှုကို ပြန်လည်စစ်ဆေးရန် ဆန္ဒရှိနေသည်ဟု သတ်မှတ်လိုက်သည့် ဝူစစ်က ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကျွန်တော်မျိုးတို့ရဲ့ ကျေးဇူးရှင်မှာ အပြစ်မရှိကြောင်း ယုံကြည်ပါတယ်၊ အပြစ်ကို ကျေကျေနပ်နပ် ခံနိုင်မယ်လို့လဲ ယုံကြည်ပါတယ်”

  နင်တို့ ခံနိုင်တယ်၊ ဒါပေမယ့် ငါ မခံချင်ဘူးလေ!

လင်းပါ့ခန်းမှာ အပြစ်ရှိတယ်လို့ သူမ မပြောချင်ပေမယ့် သူ အမှန်တကယ် အပြစ်ကင်းတယ်ဆိုတဲ့ သက်သေက ဘယ်မှာလဲ?!

ကျွော့ချင်းတစ်ယောက် ဝူစစ်ကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်ချင်နေတော့သည်။

  သူမက သေလုနီးပါး ရူးသွပ်လုနီးပါး ‌ဒေါသ ထွက်နေခဲ့သော်လည်း ဤအခိုက်အတန့်တွင် လို့ရှီးယန်က စိတ်အားထက်သန်စွာ ပြုံးလိုက်ပြီး "မင်းနာမည် ဘယ်လိုခေါ်လဲ?"

ဒီလူက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ သူက ဖြောင့်မတ်ပြီး ထက်မြတ်ပုံရပေမယ့် တချိန်တည်းမှာ ဘာမှ နားမလည်တဲ့ပုံ ပေါ်နေသေးတယ်။

ထိုလူက သူနှင့် ရွာသားများ၏ကြားထဲမှ ရေလှိုင်းကို လူကြားထဲမှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော်လည်း လို့ရှီးယန်က ထိုလူကို ပို ပိုပြီး စိတ်ဝင်စားလာခဲ့သည်။

  ကျွော့ချင်းက နှာမမှုတ်ဘဲ မနေနိုင်တော့ဘဲ နှာမှုတ်လိုက်ပြီးမှ အေးစက်စွာ ပြန်ပြောလိုက်သည်။

"အခြားသူရဲ့နာမည်ကို မမေးခင် ကိုယ့်နာမည်ကို အရင်ပြောသင့်တယ်။ အဲ့တာကိုမှ ယဉ်ကျေးတဲ့ အမူအကျင့်လို့ ပြောလို့ရတယ်"

  ဟုတ်လား?

လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး "လို့ရှီးယန်" ဟု ပြန်ဖြေလာခဲ့သည်။

  "ရှီးယန်တဲ့လား?" ကျွော့ချင်းက တိုးတိုးလေး ‌ရေရွတ်လိုက်ပြီး သူမ၏တောက်ပနေသည့် မျက်လုံးတစ်စုံက လို့ရှီးယန်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြန်သည်။

(t/n: ရှီးယန်ရဲ့ နံမည်က ရှီးက မြတ်နိုးခြင်းဆိုတဲ့ စာလုံးပေါင်းပါတဲ့၊ အဲ့မှာ ရှီးလို့ အသံထွက်တဲ့နောက်တလုံးက ‌ဆည်းဆာအရောင်လို့ အဓိပ္ပါယ်ရှိနေတော့ ကျွော့ချင်းက အဲ့တလုံးကိုသုံးပြီး မိန်းမဆန်တယ်ဆိုတဲ့သဘောမျိုး ပြောလိုက်တာပါ)

  ကျွော့ချင်း၏ အမူအရာက ထူးဆန်းနေသောကြောင့် ချီထျန်းယုက ကြည့်ကောင်းမည့်ပြဇာတ်တစ်ခု ရှိလာမည်ဟု ယောင်ဝါးဝါး ခံစားလိုက်ရပြီး ပြုံးလျက် လက်ပိုက်ကာ "ကောင်လေး၊ မင်းမှာ ပြောစရာရှိသေးလား?"

ကျွော့ချင်းက ခေါင်းကို တစ်ချက်ခါယမ်းကာ ဘာမှ မထူးခြားသလို အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"မရှိဘူး"

  ဒါပဲလား?

ချီထျန်းယု စိတ်ပျက်လက်ပျက်ဖြစ်နေချိန်တွင် ကျွော့ချင်းက ပေါ့ပါးသည်လည်းမဟုတ် လေးနက်သည်လည်းမဟုတ်သော သက်ပြင်းတစ်ချက်ကို ချကာ "အရွယ်ရောက်ပြီးတဲ့ယောက်ျားတစ်ယောက်မှာ မိန်းမနာမည်ရှိနေမယ်လို့ မထင်ခဲ့မိဘူး"

  ကျွော့ချင်း၏ "သူမဘာသာတီးတိုးစကားပြောခြင်း"အတွက် အကျိုးသက်ရောက်မှုက အံ့ဩစရာဖြစ်ပြီး ရာနှင့်ချီသော လူများစုရုံးနေသည့် ရွာအဝင်ပေါက်က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

  ရွာသားများက သူမကို ထိတ်လန့်တကြား လှမ်းကြည့်လာပြီး ကျင်းစနှင့် မော့ပိုင်က မျက်မှောင်ကြုတ်သွားကာ ချီထျန်းယုက ထိတ်လန့်သွားခဲ့သည်။

ရှီးယန်ရဲ့ နာမည်က အရမ်းပြောသင့်တယ်လို့ သူလည်း ခံစားမိပေမယ့်... ဒါပေမယ့် သူ့ရှေ့မှာတော့ ဘယ်သူမှ တစ်ခါမှ အဲ့လို မဆွေးနွေးရဲကြဘူး။ ဒီကောင်လေးက အရမ်း သတ္တိရှိတယ်!

သူ့၏နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသည့်အပြုံးကြောင့် ကြင်နာတက်သည့် ဝန်ကြီးချုပ်တစ်ယောက်ဟု လူသိများလှသည့် ဝန်ကြီးချုပ်လို့၏နှုတ်ခမ်းထောင့်စွန်းက ပထမဆုံးအကြိမ်အဖြစ် တင်းတင်းကြပ်ကြပ် လှုပ်ခတ်သွားသည်ကို သူ မြင်လိုက်ကြောင်း   ချီထျန်းယု ကျိန်ဆိုနိုင်သည်။

တစ်ယောက်ယောက်ကတော့ ကံမကောင်းတာတွေ ဖြစ်လာလိမ့်မယ်...

All Chapters