အခန်း (၉-၁၁)
Vol. 1 Ch. 9-11
အခန်း ၉ ထိပ်တိုက်ရင်ဆိုင်မှုများ (အပိုင်း ၂)
လို့ရှီးယန်က တိတ်ဆိတ်နေပြီး တခြားမည်သူကမှလည်း မည်သို့တုံ့ပြန်ရမည်ကို မသိကြပေ။ လူရာနှင့်ချီပြီး ရပ်နေသော ရွာဝင်ပေါက်တစ်ခုလုံးက တိတ်ဆိတ်နေပြီး အနည်းငယ် ထူးဆန်းနေသလို ခံစားရစေကာ လေထုက အကျဉ်းအကျပ်ထဲရောက်နေပုံပေါ်သည်။
ကျွော့ချင်းက လို့ရှီးယန်ကို ဘေးတိုက် ကြည့်လိုက်သော်လည်း သူက ပြုံးပြနေဆဲဖြစ်သည်။ သူ့မျက်လုံးကျဉ်းကျဉ်းလေးများက သူမကို အလွန်ဂရုစိုက်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ ကံမကောင်းစွာဖြင့် ကျွော့ချင်းက သူ သူမကို မည်ကဲ့သို့ ကြည့်သည်ဖြစ်စေ နူးညံ့သိမ်မွေ့မှုမရှိဘူးဟု ခံစားရစေပြီး သူမတစ်ကိုယ်လုံးကို ထုံကျင်နေလေသည်။
ကောလဟာလတွေအရဆိုရင် သူက ကျောက်စိမ်းလို နူးညံ့သိမ်မွေ့ပြီး ထူးကဲတဲ့ အမူအရာတွေရှိတဲ့ ဝန်ကြီးချုပ်တစ်ယောက်လေ.... သူက ဒီလောက် အမြင်မကျဥ်းသင့်ဘူးမလား?
ကျွော့ချင်းက သူမဦးထုပ်အနားကို ထပ်ဆွဲချရင်း တိတ်တိတ်ဆိတ်ဆိတ် ပြန်ဆုတ်ခွာသွားသည်။
လူကြီးလူကောင်းတစ်ယောက်ဆိုရင် အန္တရာယ်ရှိတဲ့ နံရံအောက်မှာ ရပ်မနေသင့်ဘူးလေ...
သူမ၏ခြေဖဝါးများကို လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ရုတ်တရတ် မိုးခြိမ်းသံတစ်ခုနှင့်အတူ လျှပ်စီးများလက်လာသည်။
ဒါက ခုနက သာယာနေတဲ့ နွေဦးရာသီလို့ ဘယ်သူက ပြောနိုင်ပါတော့မလဲ?
ရုတ်တရက် လေတွေတိုက်လာပြီး ကြမ်းတမ်းသည့်လေက သစ်ပင်များကို ယ်မ်းနွဲ့စေသောကြောင့် အားလုံး ထိတ်လန့်သွားကြသည်။ ကျွော့ချင်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မှောင်မိုက်နေသည့် ကောင်းကင်တွင် တိမ်မည်းများ ပြည့်နေသည်ကို သူမ မြင်လိုက်ရသည်။ ကျွော့ချင်းက အံသြသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"မဖြစ်နိုင်ဘူး!"
သူမ သစ္စာဖောက်တဲ့စကားတွေ ဒါမှမဟုတ် မိုးနတ်မင်းက လက်မခံနိုင်တဲ့အရာတွေ ဘာမှ မပြောခဲ့ဘူးလေ။ ငါက လျှပ်စီးလက်ပြီး မိုးကြိုးပစ် ရလောက်အောင် ထိုက်တန်တာတစ်ခုခု ပြောမိလို့လား?
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးနောက် မိုးက သည်းထန်စွာ ရွာသွန်းလာတော့သည်။
"မိုးရွာနေပြီ--"
ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူတိုင်းက အရာအားလုံးကို မေ့ပျောက်သွားပြီး ကြီးမားသာ စိတ်ရှုပ်ထွေးများနှင့် အဆုံးသတ်သွားခဲ့သည်။
ကျွော့ချင်းက ပရမ်းပတာအခြေအနေကို လျင်မြန်စွာ အသုံးချကာ ဆုတ်ခွာသွားခဲ့သော်လည်း သူမ၏လက်က ရုတ်တရက် နာကျင်လာသည်။ သူမ၏လက်ကောက်ဝတ်ကို သန့်ရှင်းသွယ်လျသောလက်တစ်ဖက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသောကြောင့် ကျွော့ချင်း မော့ကြည့်လိုက်ရာ လို့ရှီးယန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုအောက်တွင် လူတိုင်းက ဒုက္ခရောက်နေကြသော်လည်း သူကတော့ ဂရုမစိုက်ပေ။ မိုးရေများကြောင့် ထူထပ်နေသော မြူခိုးများအောက်တွင် သူ့အသွင်အပြင်က မသဲမကွဲဖြစ်နေသော်လည်း ကျွော့ချင်းက ထိုမျက်လုံးကျည်းကျဉ်းလေးများထဲမှ အလင်းတန်းများကို ခံစားနေရဆဲဖြစ်သည်။
မိုးက ပိုပိုသည်းလာပြီး ဝူစစ်က "ဝန်ကြီးချုပ်လူကြီးမင်း၊ ကျေးဇူးပြုပြီး ဒီကိုလာပြီး ဘိုးဘေးခန်းမမှာ မိုးခိုပါ!"
လို့ရှီးယန်က ပြုံးပြ ခေါင်းညိတ်ကာ ကျွော့ချင်းကို ရွာဝင်ပေါက်မှ ဘိုးဘွားခန်းမအထိ ဆွဲခေါ်သွားခဲ့သည်။
ကျွော့ချင်းက အရှုံးမပေးဘဲ သူမခွန်အားရှိသလောက် အကြိမ်ပေါင်းများစွာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့နေသည်။ သူ၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် မတူဘဲ သူ့လက်က သန်မာလွန်းလှလွန်းလှကာ သူမက ဤလက်ကို မလိုချင်ရင်လျှင်ပင် သူမ ထွက်ပြေးနိုင်တော့ပေ။
လူငယ်လေးက ခဏလောက် ရုန်းကန်ပြီးနောက် သူ့နောက်မှ တိတ်တဆိတ် လိုက်လာသည်ကို သိလိုက်ရသောကြောင့် လို့ရှီးယန်က နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူ့၏ပါးစပ်ထောင့်က အမှတ်တမဲ့ အနည်းငယ် ပင့်တက်လာသည်။
ဘိုးဘေးခန်းမ ဟုခေါ်သည့်နေရာက ရွှံ့အုတ်များဖြင့် တည်ဆောက်ထားသော အခန်းကြီးတစ်ခန်းသာ ဖြစ်သည်။ ပူဇော်ပစ္စည်းများတင်သည့်ပလ္လင် အနည်းငယ်နှင့် နံ့သာတိုင်များရှိနေသည့် အခန်းတစ်ခုသာဖြစ်သည်။ နံရံလေးဘက်လုံးက ပျက်စီးယိုယွင်းနေပြီး ခေါင်မိုးကြွေပြားများကြားမှ မိုးရေများက ရံဖန်ရံခါ ကျဆင်းလာသေးသည်။ မူလက ဤနေရာက သေးငယ်သည်ဟုထင်ရသော်လည်း လူများစွာရောက်လာသောကြောင့် အလွန်စည်ကားသည်ဟု ထင်နေရသည်။ ကံကောင်းထောက်မစွာဖြင့် လို့ရှီးယန်၏ "ဖြူမဲညီနောင်" သက်တော်စောင့်နှစ်ယောက်က ထိုနေရာတွင် ရပ်နေသဖြင့် ရွာသားများက သူတို့ကို မတွန်းဝံ့ဘဲ ပူဇော်ပစ္စည်းများတင်သည့်ပလ္လင် ရှိနေသည့်စားပွဲဘေးရှိ ထောင့်တစ်နေရာတွင် အနားယူနိုင်ခဲ့သည်။
တစ်စုံတစ်ယောက်က သူမလက်အား တစ်ချိန်လုံး ဆုပ်ကိုင်ထားသည်ကို သည်းမခံနိုင်တော့သော ကျွော့ချင်းက သူမ၏လက်ကို ခါယမ်းလိုက်သည်။ ထို့နောက် သူမက စိတ်မရှည်စွာဖြင့် "ဝန်ကြီးချုပ်လူကြီးမင်း၊ ကျွန်တော့လက်ကို လွှတ်ပေးနိုင်မလား?!"
သူမ၏ ရွံရှာနေသောအသံကို ကြားလိုက်ရချိန်တွင် မူလက သူမ၏လက်ကို ပြန်လွှတ်ပေးတော့မည့် လို့ရှီးယန်က သူမ၏လက်ကောက်ဝတ်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက သူ၏ အမြဲလိုလို နူးညံ့သိမ်မွေ့နေသော လေသံဖြင့် "မင်းက တခြားသူရဲ့နာမည်ကို မေးခဲ့ပေမယ့် မင်းနာမည်ကိုတော့ မပြောဘူး။ မင်းကိုယ့်မင်း ယဉ်ကျေးသိမ်မွေ့တယ်လို့ပြောရင် နည်းနည်းလေး လွဲနေတော့မှာ မဟုတ်ဘူးလား?"
အား~ နာတယ်!!
ဒီလူက ရက်စက်လွန်းတယ်။ သူမလက်က ကွဲထွက်တော့မယ်။
ကျွော့ချင်းက ဘာမှပြန်မပြောဘဲ ခေါင်းမာမာဖြင့် အံ့ကြိတ်လိုက်သည်။
သူ့လက်ဖဝါးထဲတွင် ရှိနေသည့် လက်ကောက်ဝတ်လေးက အဆက်မပြတ် တုန်ခါနေသည်ကို ခံစားလိုက်ရသောကြောင့် လို့ရှီးယန်က သူ့လက်ကို ဖြေလျှော့ပေးလိုက်သည်။
ဒီကောင်လေးရဲ့လက်တွေက ပိန်လွန်းတယ်။ သူ့လက်ကို မတော်တဆ ချိုးမိမှာကိုတောင် တကယ်ကြောက်သွားပြီ။
လို့ရှီးယန်က သူ့လက်ကို လွှတ်ပေးလိုက်ပြီး အေးအေးဆေးဆေး ထပ်မေးလိုက်သည်။
"မင်းနာမည်"
သူ့၏အေးစက်သောအသံက တိုးလျသောတူရိယာအသံကဲ့သို့ နက်နဲစွာ ထွက်ပေါ်လာသည်။ ကျွော့ချင်းက သူမ၏ခေါင်းကို ညင်သာစွာမော့ပြီး လို့ရှီးယန်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာသွင်ပြင်က ပို၍ပင် ချောမောလှပနေလေသည်။ ယခုအချိန်တွင် သူက မပြုံးတော့ဘဲ မျက်လုံးများက ကျဉ်းမြောင်းနေပြီး သူ့အပြုံးများလည်း ပျောက်ကွယ်နေခဲ့သည်။ သူက သူ့၏ပါးလွှာသော နှုတ်ခမ်းကို အနည်းငယ် ပင့်တင်ကာ မကောင်းဆိုးဝါးဆန်သည့် ဆွဲဆောင်မှုကို ထုတ်ဖော်ပြသနေခဲ့သည်။
လို့ရှီးယန်၏ မျက်လုံးများမှ အံ့အားသင့်စေသည့် အရိပ်အမြွက်ကို ရုတ်တရက် သတိပြုမိလိုက်မှ ကျွော့ချင်း၏အတွေးများက ပျောက်သွားသည်။
သူမမျက်နှာ!
ကျွော့ချင်းက လျင်မြန်စွာ ခေါင်းငုံ့လိုက်သော်လည်း လို့ရှီးယန်က သူမ၏ မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်နှာကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ အချိန်ကိုက်ပင် လျှပ်စီးကြောင်းတစ်ခုက လင်းလက်သွားပြီး အလင်းရောင်အောက်မှ သူမ၏ ဖြူစင်သော ပါးပြင်ပေါ်တွင် နက်နဲသော အမာရွတ်နှစ်ခု ဖုံးလွှမ်းနေပုံက သူမ၏ရုပ်ရည်ကို မမြင်ရလုနီးပါးဖြစ်နေသည်။
လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာခဲ့သည်။
ဒီလူငယ်လေးရဲ့မျက်နှာပေါ်မှာ ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အယောင်တွေကို ဘယ်သူကများ ချန်ထားခဲ့ပါလိမ့်။
ကျွော့ချင်းက ခေါင်းမငုံ့နိုင်တော့သောကြောင့် သူမ၏ခေါင်းပေါ်မှ စုတ်ပြတ်နေသော ဦးထုပ်ကို ထပ်ဆွဲချကာ ကျန်မျက်နှာတစ်ဖက်ကို သေသေချာချာ ဖုံးအုပ်လိုက်ပြီး သူမ၏ခြေထောက်ကို မြှောက်ကာ လို့ရှီးယန်၏ခြေထောက်ကို ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။
"အမ်း~" လို့ရှီးယန်က စိတ်ပျက်စွာ နှာမှုတ်လိုက်ပြီး တစ်ခုခု တွေးနေစဥ် ကျွော့ချင်းက သူ့လက်ကို အလျင်အမြန် ရိုက်ဖယ်ရန် အခွင့်အရေးကို ယူကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
သူနှင့်ဝေးဝေးနေလိုက်ချိန်တွင် ဖိနှိပ်ခံနေရသည့် ခံစားချက်များက အနည်းငယ် လျော့ပါးသွားခဲ့သည်။ ကျွော့ချင်းက သူမ၏ဦးထုပ်ကို ထပ်ဆွဲချလိုက်ပြီး သူမ၏မျက်နှာကို အုပ်နေရင်းဖြင့် အံ့သြဟန်ဆောင်ကာ "ခင်ဗျားကို နင်းမိသွားတာလား? တောင်းပန်ပါတယ် ဝန်ကြီးချုပ်... မှောင်လွန်းလို့ ကျွန်တော် မမြင်လိုက်ဘူး”
ဒီအချိန်မှာ သူမက သူမရဲ့ သုံးလက်မမြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေကို အရမ်းလွမ်းနေပြီ။
မမြင်ရဘူးတဲ့လား?! သူက ပိုအယောင်ဆောင်နိုင်သေးတယ်။
သို့သော်လည်း သူ့မျက်နှာပေါ်မှ ဒဏ်ရာများကို တွေးရင်း လို့ရှီးယန်က သူ့လက်ကို ရပ်တန့်လိုက်ပြီး အောက်သို့ ပြန်ချထားလိုက်သည်။
လို့ရှီးယန် ရှေ့ဆက်မတိုးဘဲ ရပ်တန့်လိုက်သည်ကို မြင်လိုက်ချိန်တွင် ကျွော့ချင်းက သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ချီထျန်းယုက ဝူစစ်ကို ပြောလာပြန်သည်။
"မင်းတို့က ဝန်ကြီးချုပ်ကို တွေ့ချင်တာမလား? အခု သူ ရောက်လာပြီလေ၊ မင်းတို့ လုယူခဲ့တဲ့ အလှလေးကို ပြန်လွှဲပေးသင့်ပြီမလား?!"
ဝူစစ်က ခေါင်းကုတ်လိုက်ပြီး သူ့မျက်နှာတွင် ဘာမှန်းမသိနိုင်သည့် အမူအရာများ ဖုံးလွှမ်းလာခဲ့သည်။
သခင်မလေးကျွော့က သူတို့ကို မပြောခိုင်းဘူးဆိုတော့ အခု သူ ဘာလုပ်သင့်လဲ?
"လူက ဘယ်မှာလဲ!" ဝူစစ်၏နုံအအအမူအရာကို မြင်လိုက်ချိန်တွင် ချီထျန်းယုက "မင်း သူ(မ)ကို သတ်လိုက်တာလား?"
ဝူစစ်က သူ့ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းရင်း စိုးရိမ်တကြီးဖြင့် "မဟုတ်ဘူး၊ မဟုတ်ပါဘူး... လုံးဝမဟုတ်ပါဘူး!!"
"ဒါဆို ရောင်းစားလိုက်တာလား?"
ဝူစစ်က "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!"
"ဒါဆို လူက ဘယ်မှာလဲ?!"
လူ……
ဘိုးဘွားခန်းမထဲမှ ရွာသူရွာသားများက ထိုရုပ်ပုံကို တစ်ဖန် ရှာဖွေခဲ့ကြပြန်သည်။
SHIT! ငါ့ကို နောက်တစ်ခါ ကြည့်ကြဦးမယ်!
ကျွော့ချင်းတစ်ယောက် ကျိန်စာတိုက်လိုက်မိပြန်တော့သည်။
“ဘုန်း” ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကျွော့ချင်းက ပူဇော်ပစ္စည်းများတင်သည့်စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ယိမ်းယိုင်နေပြီဖြစ်သော ပူဇော်ပစ္စည်းများတင်သည့်စားပွဲက အကြိမ်အနည်းငယ်ကြာအောင် ဘယ်ညာလှုပ်ခါသွားပြီးနောက်... ပြိုကျသွားခဲ့သည်။ ရွာသားများအားလုံးက ကျွော့ချင်းကို ထိတ်လန့်စွာ ငေးကြည့်နေကြပြီး လို့ရှီးယန်က သူ့မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်သည်။
သူက ဘာကို လှည့်စားဖို့ ကြိုးစားနေတာလဲ?
အရမ်းကောင်းတယ်၊ အခုတော့ အားလုံးက သူမကို ကြည့်နေကြတော့ ဒီလူမိုက်ရွာသားတွေ အခု ရှာနေတဲ့လူက သူမ ဆိုတာကို လို့ရှီးယန် သတိထားမိမှာ မဟုတ်ဘူး။
ရည်ရွယ်ရာက အောင်မြင်သွားခဲ့သော်လည်း စားပွဲ ရိုက်ချလိုက်သည့်အရှိန်က သူမကို သေသည်အထိ နာကျင်စေခဲ့သည်။
အရမ်းနာတယ်ဟ—@$၊$&@
ကျွော့ချင်းက သူမလက်ကို ဖြည်းညှင်းစွာ ပြန်ဆွဲယူလိုက်ပြီး သူမနောက်ကျောသို့ ပို့လိုက်ကာ ညင်သာစွာ ပွတ်ပေးနေရင်း အသက်ပြင်းပြင်းရှူကာ ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
"သူ(မ) အသက်ရှင်နေသေးတာ ဟုတ်ပါတယ်၊ ဝန်ကြီးချုပ်ကိုယ်စား ကျွန်တော်တို့ သူ(မ)ကို ကောင်းကောင်းဂရုစိုက်ပေးမယ်ဆိုတာကို ဝန်ကြီးချုပ်က စိတ်ချနိုင်ပါတယ်။ ဒီအမှုကို လူသိရှင်ကြားကြားနာပြီးရင် ဝန်ကြီးချုပ်အနေနဲ့ သူ(မ)ကို ပြန်တွေ့နိုင်ပါလိမ့်မယ်"
"ဒါဆို မင်းပြောချင်တာက ဒီအမှုကို လူသိရှင်ကြား ပြန်မစစ်ဆေးပေးရင် အလှလေးကို ငါတို့ မြင်နိုင်မှာ မဟုတ်ဘူးပေါ့!"
မြေပြင်ပေါ်ရှိ သစ်သားအပိုင်းအစများကို ငုံ့ကြည့်နေသော ချီထျန်းယုက ပြဇာတ်ကောင်းကောင်းလေးကို ကြည့်နေရသလိုမျိုးပုံစံဖြင့် "ဝန်ကြီးချုပ်၊ တစ်စုံတယောက်က မင်းကို ခြိမ်းခြောက်နေတယ်"
ဒီလူက ဘယ်သူလဲ?!
ကျွော့ချင်းက ကမ္ဘာကြီး မငြိမ်မသက်မှုကို တားဆီးရန်အတွက် တိတ်တဆိတ် အံကြိတ်ကာ အေးစက်စွာ ထပ်ပြောလိုက်သည်။
"ဒီသခင်လေးက ကျွန်တော့်ကို မှားယွင်းပြီး အပြစ်တင်နေတာပါ။ ကျွန်တော်က လက်တွေ့မကျတဲ့ ခြိမ်းခြောက်မှုမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"
လေသံက ကြီးကျယ်လှချီလားကွာ...
ချီထျန်းယုတစ်ယောက် သက်ပြင်းရှည်ကြီးပင် မှုတ်ထုတ်လိုက်မိတော့သည်။
ဒီကောင်လေးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။
ချီထျန်းယုက ထိတ်လန့်သယောင်ယောင်ဖြင့် ခေါင်းကို ခါယမ်းနေရင်း "မင်း မခြိမ်းခြောက်ဘူးဆိုတာကိုက ခြိမ်းခြောက်နေတာပဲ မဟုတ်ဘူးလား? တော်ဝင်တရားရုံးက အရာရှိကို ခြိမ်းခြောက်တာက အရမ်းကြီးလေးတဲ့ ရာဇ၀တ်မှုနော်!"
"ခင်ဗျား!" ကျွော့ချင်း ဒေါသထွက်သွားခဲ့သည်။
လို့ရှီးယန်က ရုတ်တရက် ရယ်မောလိုက်ပြီး "မနက်ဖြန် နေ့လည်မှာ ဒီဝန်ကြီးချုပ်က ယင်းထျန်းရုံးတော်မှာ အမှုတွဲတွေကို ပြန်စစ်ဆေးပြီး ဒီအမှုကို ပြန်စစ်ဆေးပေးမယ်။ နျိုကျားရွာက လူဆယ်ယောက်ကို တက်ရောက်ဖို့ အထူးခွင့်ပြုမယ်။ ဒီအမှုကို ပြန်စစ်ဆေးမယ် မစစ်ဆေးမယ်ကိုတော့ ဒီဝန်ကြီးချုပ်က ဖိုင်တွေကို စစ်ဆေးပြီး အကျဉ်းသားနဲ့တွေ့ဆုံပြီးမှ ဆုံးဖြတ်ချက်ချမယ်”
"ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်လူကြီးမင်း!" သတင်းကောင်းကို ကြားလိုက်ရသောကြောင့် ရွာသူရွာသားများက ကျေးဇူးတင်စကားဆိုရန် ချက်ချင်း ဒူးထောက်ထိုင်ချလိုက်သည်။ ကျွော့ချင်းကသာ လို့ရှီးယန်ကို စဉ်းစဉ်းစားစား စိုက်ကြည့်နေသည့် တစ်ဦးတည်းသော သူတစ်ယောက်ဖြစ်နေခဲ့သည်။
ဒီလူက သူ ဘာပဲလုပ်လုပ် တခြားလူတွေကို စိတ်ရှုပ်အောင်လုပ်နိုင်ပုံရတယ်။
အပြင်၌ မိုးပါးလာသည်ကို မြင်လိုက်ရသောကြောင့် လို့ရှီးယန်က သူ့စကားကို ရပ်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ချီထျန်းယုက လို့ရှီးယန်ကို မျက်မှောင်ကြုတ်ကြည့်နေရင်း "မင်းက အလှလေးကို တကယ်မလိုချင်ဘူးလား?"
လို့ရှီးယန်က ကျွော့ချင်း၏ မျက်လုံးများကို ဖျက်ခနဲ ကြည့်ရင်း မသိမသာ ပြုံးကာ "ငါ့အတွက် သူ့ကို စောင့်ရှောက်ပေးပါ"
ကျွော့ချင်းက အေးခဲမသွားအောင် မထိန်းနိုင်တော့ပေ။
သူ့အပြုံးတွေက လူတွေကို အမြဲတမ်း ထိတ်လန့်စေတယ်လေ။
ဘိုးဘွားခန်းမဝင်ပေါက်ကို ရောက်သောအခါ၊ လို့ရှီးယန်က ရုတ်တရက် ရပ်လိုက်ပြီး ကျွော့ချင်းကို ပြန်ကြည့်ကာ "မင်း... မနက်ဖြန် လာရမယ်"
"ဘာလို့လဲ"
သူမနဲ့ ဘာဆိုင်လို့လဲ?
"မင်း ပေါ်မလာရင် သူတို့လည်း ပေါ်လာလို့ရမှာ မဟုတ်ဘူး" ဟူသော စကားနှင့်အတူ လို့ရှီးယန်နှင့် သူ့အဖွဲ့က မိုးဖွဲများထဲသို့ လျင်မြန်စွာ ပြေးဝင်ပျောက်ကွယ်သွားခဲ့သည်။
"ဟေး--"
ကျွော့ချင်းတစ်ယောက် စကားပင် မပြောနိုင်တော့ပေ။
ဒီမှာ ဘယ်သူက ဘယ်သူကို ခြိမ်းခြောက်နေတာလဲ?!
အခန်း ၁၀ ပြစ်ဒဏ်မှလွတ်မြောက်ရန် သတ်သေသွားခြင်း
နောက်တစ်နေ့...
ယင်းထျန်းရုံးတော်....
ကြီးမားပြီး တောက်ပသော ရုံးတော်ဧည့်ခန်းမ၏ အလယ်တည့်တည့်တွင် တောက်ပသော ကမ္ပည်းပြားတစ်ခု ချိတ်ဆွဲထားသည်။ ၎င်းကို နက်မှောင်သောပုံစံများဖြင့် ကျောက်စိမ်းကိုသုံးကာ ထွင်းထုထားသည်။ အနီရောင် သစ်သားဘောင်၏ နောက်ခံတွင် ရွှေရောင်အက္ခရာ အများအပြားကြောင့် တောက်ပနေပြီး အလွန်ဖမ်းစားနိုင်သည်။ လူတန်းနှစ်တန်းအနေဖြင့်ရပ်နေသော အနီရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး ခွန်အားပြည့်ဝနေပုံပေါ်သည့် ရုံးတော်ရဲမက်များက လက်ထဲတွင် တုတ်ရှည်များကို ကိုင်ဆောင်ကာ ဘယ်ညာ ခွဲရပ်နေသည်။
နားထောင်ခွင့်ရခဲ့သည့် ရွာသူရွာသားများက ခန်းမ၏အဆုံးအပြင်ဘက် အနီးအနားတွင်သာ ရပ်နေနိုင်ကြသော်လည်း ထိုရွာသားများက သူတို့၏ အရပ်ရှည်ရှည် ကိုယ်ခန္ဓာများကို ဖြောင့်တန်းနေအောင် မတ်တပ်ရပ်နေကြပြီး သူတို့၏ကိုယ်ခန္ဓာကို တတ်နိုင်သမျှ ဆန့်တန်းထားကာ သူတို့၏ခေါင်းများကို တတ်နိုင်သမျှ ငုံချထားကြသည်။ သူတို့က သူတို့၏အသက်ရှူသံကိုပင် ထိန်းထားပြီး အသံအကျယ်ကြီး မထွက်ရဲကြပေ။
လူတစ်ယောက်ကလွဲရင်ပေါ့လေ...
လို့ရှီးယန်က လက်နှစ်ဖက်ပိုက်ကာ တံခါးဘောင်ကို နောက်ကျောမှီလျက် တံခါးခုံပေါ်တွင် ထိုင်နေသော တစ်ခုတည်းသော ရုပ်ပုံကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူ၏ ကြမ်းတမ်းသိမ်ဖျင်းသော အပြုအမူက အစိုးရရုံးတော်၏ ဧည့်ခန်းမနှင့် မလိုက်ဖက်ပေ။ ဦးထုပ်အစုတ်က သူ့မျက်နှာအများစုကို ဖုံးအုပ်ထားသောကြောင့် သူ့အမူအရာကို မမြင်နိုင် သော်လည်း ထိုလူ့မျက်နှာတွင် ဒေါသများ ပြည့်နက်နေမည်ကို သူ မှန်းဆနိုင်သည်။
ထိုအတွေးက လို့ရှီးယန်ကို အကြောင်းပြချက်မရှိ ပျော်ရွှင်သွားစေခဲ့သည်။
သူ ပျော်နေပေမယ့် တခြားလူကတော့ ဒေါသထွက်နေခဲ့သည်။
ခုက မွန်းတည့်ဆယ့်နှစ်နာရီ မဟုတ်လား? ဒီလူမိုက်တွေက မနေ့ညက တညလုံး မအိပ်ကြပဲ ဘာတွေ ရှုပ်ယှက်ခတ်နေလဲ မသိတော့ဘူး။ ဒီမနက်စောစောမှာလည်း ဒီပါရမီရှင်တွေက ကောင်းကင်မှာ အလင်းရောင်မှိန်မှိန်လေးသာရှိသေးတဲ့ အချိန်မှာ သူမကို ရုံးတော်တံခါးဆီ ဆွဲခေါ်လာပြီး ရုံးတော်ရှေ့မှာ အခုအချိန်အထိ မိုက်မဲစွာ စောင့်ဆိုင်းနေကြပြန်တယ်။
သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက ထူထဲကြမ်းတမ်းလွန်းသောကြောင့် သူမ၏နောက်ကျောတွင် ချွေးများ စိုရွှဲနေသည်မှာ ကြာလှပြီ ဖြစ်သည်။ အသက်ရှုမဝနိုင်သည့် ဦးထုပ်ကြီးကိုလည်း ဖုံးအုပ်ထားရသောကြောင့် သူမ၏နဖူးနှင့်မျက်နှာတွင် ချွေးများဖြင့် ရွှဲစိုနေသည်။ သူမက လို့ရှီးယန်ကို စိုက်ကြည့်လိုက်ပြီး သူက တရားရေးကိစ္စမစခင် လန်းဆန်းအေးမြနေပုံရသည်။ ထိုမြင်ကွင်းက ကျွော့ချင်းကို အလွန်တရာ စိတ်တိုသွားစေပြန်သည်။
ယနေ့ လို့ရှီးယန်က မနေ့ညကနှင့် အလွန်ကွာခြားနေသည်။ သူက ခရမ်းရောင်နှင့် ရွှေဖြူရောင်ရောစပ်ထားသော ကျောက်စိမ်းသရဖူ၊ နက်ပြာရောင်ပါသော ရွှေချည်ထိုးဝတ်ရုံကို ၀တ်ဆင်ထားသည်။ သူ့၏မျက်လုံးများက တောက်ပနေပြီး အာဏာကြီးမားပြီး တခုခုကို ဆုံးဖြတ်ပေးရန် စောင့်ဆိုင်းနေသည့်လူတစ်ယောက်၏ရပ်တည်ချက်ကို ဖော်ပြနေပုံရသည်။ သူ့၏ဘရိုကိတ် ပိုးသားစစ်စစ် ခါးပတ်ပေါ်တွင် ကျောက်စိမ်းအဝိုင်းပြားလေးတစ်ခု ချိတ်ဆွဲထားသည်။ သူ့မျက်နှာတွင် ရှိနေသည့် တောက်ပသော အပြုံးများက မည်သည့်အချိန်တွင်မျှ ပြောင်းလဲမသွားခဲ့သော်လည်း မည်သူကမျှ သူ့ရှေ့တွင် အမှားကျူးလွန်ဝံ့ကြမည့်ပုံ မပေါ်ပေ။
"ဒီလက်အောက်ငယ်သားက ဝန်ကြီးချုပ်ကို လေးလေးစားစား အရိုအသေပေး နှုတ်ဆက်ပါတယ်" တရားစီရင်ရေးဌာနမှ လက်ထောက်ဝန်ကြီး ဝူကျစ်ကန်းက ဒူးတစ်ဝက်ထောက်အနေအထားဖြင့် ဒူးထောက်နေပြီး စိတ်မသက်မသာ ခံစားနေရသည်။
ဝန်ထမ်းရေးရာဝန်ကြီးဌာနနှင့် တရားရေး၀န်ကြီးဌာန နှစ်ခုစလုံးက ဝန်ကြီးချုပ်လို့၏ ကြီးကြပ်မှုအောက်တွင် ရှိနေသော်လည်း မှုခင်းများ ပြန်လည်သုံးသပ်ခြင်းကို မှုခင်းနှင့် အကျဉ်းဦးစီးဌာနမှ တာဝန်ခံများက ကိုင်တွယ်လေ့ရှိပြီး ဝန်ကြီးချုပ်လို့ကို တွေ့ရန် လုံးဝ မဖြစ်နိုင်ပေ။ အစိုးရရုံးတော်မှ စတုတ္ထတန်း အရာရှိတစ်ယောက်ဖြစ်သော သူက ထိုလူကို မကြောက်ဘဲ မနေနိုင်ပေ။
လို့ရှီးယန်က သူ့ဘေးမှ ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပြီး လက်ကို အနည်းငယ်မြှောက်ပြကာ ပေါ့ပေါ့ပါးပါးပြုံးနေရင်း စကားစလိုက်သည်။ "ယဉ်ကျေးနေစရာ မလိုပါဘူး၊ လုပ်ထုံးလုပ်နည်းတွေကို ရှောင်လို့ရတယ်"
ဝူကျစ်ကန်းက ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သော်လည်း သူ ထိုင်ရန် မဝံ့ရဲပေ။
ဝန်ကြီးချုပ်က ဒီမှာရှိနေတုန်း သူက ပင်မထိုင်ခုံကို ဘယ်လို သတ္တိရှိရှိ ထိုင်နိုင်မှာလဲ?
ဝူကျစ်ကန်းက စားပွဲခုံဘေးတွင် မတ်တပ်ရပ်လိုက်ရင်း “ဝန်ကြီးချုပ်... ဒီနေ့ ရောက်လာတာက ...”
လို့ရှီးယန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးနေဆဲဖြစ်ကာ "နျိုကျားရွာ မှာရှိတဲ့ ရာနဲ့ချီတဲ့ ရွာသားတွေက လင်းပါ့ခန်းက စစ်တပ်ရိက္ခာတွေကို လျှို့ဝှက်လဲလှယ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ကို ကန့်ကွက်တဲ့အနေနဲ့ စာတစ်စောင် လက်မှတ် ရေးထိုးခဲ့ကြတယ်၊ မင်း ဘယ်လိုထင်လဲ?"
လို့ရှီးယန် ပေါ့ပေါ့ဆဆ မေးလိုက်သော်လည်း ဝူကျစ်ကန်း၏မျက်နှာက ဖြူဖျော့လာကာ လက်သီးများကို ဆုပ်ထားလိုက်သည်။
" လို့လူကြီးမင်း၊ ဒီကိစ္စမှာ သက်သေအထောက်အထားတွေ အားလုံးရှိတယ်ဆိုတာ လူတိုင်းက ရှင်းရှင်းလင်းလင်း သိပါတယ်။ လင်းပါ့ခန်းကိုယ်တိုင်က ဝန်ခံထားပြီး မတရားတဲ့ အမှုလည်း မရှိပါဘူး!"
"တရားမျှတမှု လုံးဝမရှိဘူးလား?" လို့ရှီးယန်က ဧည့်ခန်းဘေးက အမျိုးသမီးကို ကြည့်လိုက်ပြီး "လင်းအမျိုးသမီး၊ မင်းမှာ ပြောစရာရှိလား?"
ကျွော့ချင်းက သူမမျက်လုံးကို အနည်းငယ် မော့ကြည့်လိုက်တော့ အသက်ငါးဆယ်ခန့်ရှိ အမျိုးသမီးတစ်ဦးက မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ အသံက အနည်းငယ် တုန်လှုပ်နေသော်လည်း သူမက ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
"ဝန်ကြီးချုပ်ဆီကို ပြန်ကြားချင်တာက ဒီအရပ်သူအမျိုးသမီးက အစိုးရရုံးတော်က ပြစ်ဒဏ်ချမှတ်ပြီးနောက် သုံးရက်မြောက်နေ့ဖြစ်တဲ့ ဒီလ ဆယ့်ရှစ်ရက်နေ့က ကျွန်တော်မျိုးမရဲ့ခင်ပွန်းထံ လာရောက်ခဲ့ပါတယ်။ ကျွန်တော်မျိုးမရဲ့ခင်ပွန်းက စစ်တပ်ရဲ့ရိက္ခာတွေကို သူ မခိုးဘူးလို့ပြောပါတယ်၊ မှားယွင်းစွပ်စွဲခံရတာလို့လည်း ပြောခဲ့ပါတယ်”
အမျိုးသမီးရဲ့စကားမဆုံးခင်မှာ ဝူကျစ်ကန်းက မထိန်းနိုင်တော့ဘဲ စိုးရိမ်တကြီးဖြင့် "ရယ်စရာကောင်းလိုက်တာ၊ ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ? စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ သူကိုယ်တိုင်ရေးထိုးထားတဲ့ ဝန်ခံချက်တောင် ရှိတယ်၊ သူက မှားယွင်းစွပ်စွဲတယ်လို့ပြောရုံနဲ့ ငါတို့က ဘယ်လိုလက်ခံရမှာလဲ? ကိုယ်ရေးအကြံပေးအရာရှိ၊ ဝန်ကြီးချုပ်စစ်ဆေးနိုင်အောင် စာရွက်စာတမ်းတွေကို မြန်မြန်ယူလာပေးလိုက်”
"ဟုတ်... ဟုတ်ကဲ့" ဘေးနားတွင် မဝံ့မရဲ ရပ်နေသောလူက နောက်ဘက်အခန်းဆီသို့ ချက်ချင်း ပြေးသွားကာ ခဏအကြာတွင် သူ့လက်ထဲတွင် ပစ္စည်းအမြောက်အများကို ကိုင်ဆောင်ကာ ပြေးထွက်လာခဲ့သည်။
ဝူကျစ်ကန်းက စာရွက်စာတမ်းများကို အလျင်အမြန် လှမ်းယူကာ လို့ရှီးယန်ထံသို့ တရိုတသေ လွှဲပေးလိုက်သည်။ "သခင်ကြီးလို့၊ ဒါက ဒီအမှုရဲ့ သက်သေထွက်ဆိုချက်တွေရော သက်သေပစ္စည်တွေရောပါ၊ အားလုံး ရှိနေတာမို့ သူ ငြင်းလို့ မရပါဘူး!"
ကျွော့ချင်းက တံခါးဝတွင် ခါးကို တစ်ဝက်လောက်ကိုင်းကာ မတ်တပ်ရပ်နေပြီး တောက်ပသော မျက်လုံးတစ်စုံဖြင့် လို့ရှီးယန်ကို စိုက်ကြည့်နေကာ သူ့၏တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သည်။
သူက လင်းပါ့ခန်းရဲ့ ဇနီးမယားကိုတောင် ဆင့်ခေါ်ထားခဲ့သေးတယ်။ အဲ့တာတွေက ရှည်လျားတဲ့ အမှုတွဲတွေဖြစ်ပေမယ့် သူ ဖတ်ပြီးသွားတာ ဖြစ်နိုင်လောက်တယ်။ တစ်ညတည်းမှာ သူ ဘယ်လိုတောင် အလုပ် လုပ်နိုင်ရတာလဲ?!
ဒီလူက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းနံမယ်ကြီးတဲ့ ၀န်ကြီးချုပ်တစ်ယောက် ဖြစ်လာခဲ့တာ မထူးဆန်းတော့ဘူး။ သူ့မှာ သေချာပေါက် အကြောင်းပြချက်တွေ ရှိနေတာပဲ။
သူမ မျှော်လင့်ထားသည့်အတိုင်း လို့ရှီးယန်က စာရွတ်စာတမ်းများကို လက်မခံဘဲ စိတ်ရှုပ်နေဟန်ဖင့် သက်ပြင်းချလိုက်သည်။
"မင်းတို့ထဲက တစ်ယောက်က တရားမမျှတမှု မရှိဘူးလို့ အခိုင်အမာပြောနေပြီး ကျန်တစ်ယောက်က မတရားမှုအတွက် ဆက်တောင်းဆိုနေတယ်။ ဒီကိစ္စမှာ အကျဉ်းသားကို ဒီကိုခေါ်လာပြီး အမှန်တရားအတွက် လူကိုယ်တိုင်... မေးမြန်းချင်တယ်"
ဝူကျစ်ကန်းက အံ့အားသင့်သွားသော်လည်း သူ ဘာမှ ပြန်မပြောရဲတော့ဘဲ သူ့ဘေးနားရှိ ရုံးတော်ဝန်ထမ်းနှစ်ဦးကို "မင်းတို့နှစ်ယောက် အကျဉ်းသား လင်းပါ့ခန်းကို သွားခေါ်ပါ"
"ဟုတ်ကဲ့" အမှုထမ်းများက အမိန့်ကိုနာခံပြီး ထွက်သွားသည်။
မထင်မှတ်ပဲ သူတို့ သွားနေသည်က နာရီဝက်လောက်ကြာနေခဲ့သည်။ ကျွော့ချင်းက တစ်ခုခု မကောင်းတော့ဘူးဟု ခံစားနေမိသော်လည်း လို့ရှီးယန်၏အမူအရာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ မရှိဘဲ ပုံမှန်အတိုင်းပဲ ရှိနေခဲ့သည်။ သူက ထိုင်ခုံလက်တန်းကို သူ့လက်တစ်ဖက်ဖြင့် ခပ်ဖွဖွ ပုတ်နေခဲ့သည်။ သူ့ဘေးတွင် ရှိနေသည့် ဝူကျစ်ကန်း၏နဖူးပေါ်မှ ချွေးများ တစ်ပေါက်ပေါက်ကျနေပြီး လို့ရှီးယန်က သူ့ဘေးတွင် ရှိနေသောကြောင့် ဝူကျစ်ကန်းက လှုပ်ပင် မလှုပ်ရဲတော့ပေ။
နောက်ဆုံးတွင် ထွက်ခွာသွားသော အမှုထမ်းနှစ်ဦး ပြန်ရောက်လာခဲ့သည်။ ဝူကျစ်ကန်းက “ဘာလို့ ဒီလောက်ကြာနေတာလဲ”ဟု အသံတိုးတိုးဖြင့် ဆူပူလိုက်ပြီးမှ ၎င်းတို့နောက်တွင် တစ်ယောက်မှ မရှိသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
“လူက ဘယ်မှာလဲ?”
နှစ်ယောက်လုံး မောဟိုက်နေပြီး တယောက်က ထိတ်လန့်တကြား ပြန်ဖြေလာသည်။
"သခင်ကြီး၊ လင်းပါ့ခန်းက သေဒဏ်စီရင်ခံရမှာကို ကြောက်လို့ ဒီမနက် စောစောစီးစီး သတ်သေသွားပြီ!"
သေဒဏ်စီရင်ခံရမှာကို ကြောက်လို့ သေကြောင်းကြံတယ်!?
ကျွော့ချင်းက ဝူကျစ်ကန်း၏ အမူအရာကို တိတ်တဆိတ် အာရုံစိုက်နေခဲ့သည်။ ထိုသတင်းကြားပြီးနောက် သူက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်ပြီး သူ့မျက်နှာမှာ အဖြူမှ အစိမ်းရောင်သို့ ပြောင်းသွားသည်။ သူက အလွန်ထိတ်လန့်သွားပုံရပြီး ဟန်ဆောင်နေပုံ မရပေ။ လို့ရှီးယန်က စကားတစ်ခွန်းမှ မပြောဘဲ မျက်မှောင်ကြုတ်နေသည်။ ထိုတစ်ယောက်က အမှန်တကယ် သေဆုံးသွားမည်ဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။
ဒါက တကယ်ကို သတ်သေတာလား?
တိုက်ဆိုင်လွန်းသောကြောင့် ကျွော့ချင်းက အချိန်ကို မှန်ကန်စွာ ထိန်းချုပ်နိုင်ခဲ့သည်ဟုသာ တွေးနေခဲ့သည်။
“ကျွန်တော်မျိုးတို့ရဲ့ ကျေးဇူးရှင်က သေသွားပြီလား!?” အပြင်မှ ရွာသားများ၏မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်လာပြီး အထဲသို့ အလျင်စလို ဝင်ချင်နေကြသည်။ သို့သော် ဝန်ကြီးချုပ်လို့က ထိုနေရာတွင် ရှိနေသောကြောင့် အမှားအယွင်း တစ်စုံတစ်ရာ မပြုလုပ်ဝံ့ဘဲ စိတ်ပူရုံသာ တက်နိုင်တော့သည်။
“ယောကျာ်း…” ထိုစကားကို ကြားလိုက်ချိန်တွင် လင်းသခင်မက မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားသည်။ သူမက ငိုယိုနေရင်း တစ်ခုခုကို တွေးလိုက်မိပုံဖြင့် ရုတ်တရက် ထရပ်လိုက်ပြီး ဝူကျစ်ကန်းကို လက်ညှိုးထိုးကာ “ကျွန်မခင်ပွန်းက မှားယွင်းစွပ်စွဲခံရတာ၊ သူ့ကိုယ်သူ သတ်သေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှင့်တို့လူတွေပဲ ဖြစ်မယ်၊ ရှင့်တို့လူတွေက ကျွန်မယောက်ျားကို သတ်ခဲ့တာဖြစ်မယ်!"
သခင်မလင်းက ဝူကျစ်ကန်းဆီသို့ အရူးအမူး ပြေးသွားခဲ့သော်လည်း နှစ်ဖက်စလုံးမှ ရုံးတော်အမှုထမ်းများက တုတ်ရှည်များကိုင်ကာ သူမကို တားဆီးထားခဲ့သည်။ သူမက ရှေ့မတိုးနိုင်သော်လည်း ဆက်လက်အော်ဟစ်ဆဲဆိုနေခဲ့သည်။
ဝူကျစ်ကန်းက အသိစိတ်ဝင်လာပြီး ဒေါသတကြီး ပြန်အော်လိုက်သည်။ "ရပ်လိုက်၊ မသိနားမလည်တဲ့မိန်းမနဲ့ ကလေးတွေက တရားရုံးမှာ ဆူပူနေစရာ မလိုဘူး၊ သူ(မ)ကို မောင်းထုတ်လိုက်!"
ဝူကျစ်ကန်းက လို့ရှီးယန်ဒေါသဖြစ်သွားမည် ကြောက်ရွံသောကြောင့် သူ့ကို သေသေချာချာ အကဲခတ်လိုက်သော်လည်း ကံကောင်းထောက်မစွာဖြင့် လို့ရှီးယန်က ထိုကြွက်စုတ်များ၏ ဆင်ခြေများကို သတိမထားမိဘဲ စဉ်းစားနေဟန်ရှိသည်။
“ငါ့ကိုလွှတ်!” သခင်မလင်းက အပြင်းအထန် ရုန်းကန်ခဲ့သော်လည်း နောက်ဆုံးတွင် အရွယ်ရောက်ပြီးသား ယောကျာ်းနှစ်ဦးကို တွန်းလှန်နိုင်ခြင်း မရှိပေ။ ရုံးတော်မှ ရဲမက်များက သူမကို ဘယ်ညာ ကိုင်ဆွဲကာ ဆွဲထုတ်လိုက်ကြသည်။
"ခနစောင့်ပါဦး"
သခင်မလင်းကို မောင်းထုတ်ခါနီးမှာပင် အေးစက်စက်အသံတစ်ခု တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။
"ဘာလို့ လူတွေကို အလျင်စလို မောင်းထုတ်နေတာလဲ? ဒါက သေကြောင်းကြံတာလား... လူသတ်မှုလား... ဆိုတာ အလောင်းကို ကြည့်လိုက်ရင် သိလိမ့်မယ်"
…
[ဖော်ရွေသောသတိပေးချက်- အလောင်းစစ်ဆေးခြင်းနည်းလမ်းများနှင့် သက်ဆိုင်သည့်အသိပညာအားလုံးသည် စုန့်စီ ၏အမှားများမှ ဝေးကွာသောစုဆောင်းမှု၊ ခေတ်သစ်မှုခင်းဆေးပညာနှင့် အခြားဆက်စပ်စာအုပ်များမှ ဖြစ်သည်၊ Lu~ မှ ဖန်တီးထားခြင်းမဟုတ်ပေ။
Snail Green သည် ဆေးပညာရှင်မဟုတ်ပါ။ ဆောင်းပါးတွင် အမှားပါပါက ခွင့်လွှတ်ပါ~] (T/N: မူရင်းမှာကိုက အဲ့လိုပြောထားပါတယ်။ ကိုယ်လဲ အတူတူပါပဲ၊အဲ့တာနဲ့ ပတ်သတ်တဲ့ ဗဟုသုတ ဘာမှ မရှိပါဘူး၊ အမှားတစ်စုံတရာပါသွားရင် ချစ်သောအားဖြင့် ခွင့်လွှတ်ပေးကြပါနော်)
အခန်း ၁၁- အလောင်းခွဲစိတ်စစ်ဆေးခြင်း (အပိုင်း ၁)
"ဘာလို့ လူတွေကို အလျင်စလို မောင်းထုတ်နေတာလဲ? ဒါက သေကြောင်းကြံတာလား... လူသတ်မှုလား... ဆိုတာ အလောင်းကို ကြည့်လိုက်ရင် သိလိမ့်မယ်"
အထူးသဖြင့် အေးစက်နေသော ခန်းမထဲတွင် ကြမ်းတမ်းသောအသံတစ်ခုက တိုးတိုးတိတ်တိတ် ထွက်ပေါ်လာနေပြီး ပြောသူက မီးခိုးရောင်၀တ်စုံကို ၀တ်ထားသည့် ထူးဆန်းသော အမျိုးသားတစ်ဦးဖြစ်နေလေသည်။ ဝူကျစ်ကန်းက စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။
"မင်းက ဘယ်သူလဲ? မင်းက ဒီခန်းမထဲမှာ လာပြီး ဆူညံနေရအောင် ဘယ်လောက်တောင် သတ္တိရှိနေတာလဲ?"
"ငါ..."
သူမ ဘယ်လိုဖြေရမလဲ?
ကျွော့ချင်းက သူမနှုတ်ခမ်းထောင့်ကို ပင့်လိုက်ပြီး ပျင်းရိနေပုံဖြင့် "ကျွန်တော်က လမ်းသွားလမ်းလာတစ်ယောက်ပါ"
လမ်းသွားလမ်းလာ ~~?!
အားလုံး အံ့အားသင့်သွားကြသည်။ ဒါက ဘယ်လိုအဖြေမျိုးလဲ?
လို့ရှီးယန်က သူ့နှာခေါင်းကို ပွတ်သပ်ပြီး ရယ်မောချင်စိတ်ကို ချိုးနှိမ်ရန် ပေါ့ပေါ့တန်တန် ချောင်းဟန့်လိုက်သည်။
လမ်းသွားလမ်းလာတဲ့လား~~?! ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်တဲ့ ဆင်ခြေလဲ?
သူက တရားရုံးကို မထီမဲ့မြင်ပြုနေတာနော်!
ဝူကျစ်ကန်း၏ မျက်နှာက ဒေါသကြောင့် မည်းမှောင်သွားသည်။ လို့ရှီးယန်က သူနှင့်အတူ ရှိနေသည်ကို ခဏတာအတွင်း မေ့သွားကာ ဝူကျစ်ကန်းက ခန်းမအလယ်သို့ လျှောက်သွားကာ ကျွော့ချင်းကို ဒေါသတကြီး လက်ညှိုးထိုးရင်း "ဒါက ယုတ္တိမတန်ဘူး၊ လာကြစမ်း၊ သူ့ကို မောင်းထုတ်လိုက်..."
"ဝူလူကြီးမင်း" သူ့ခေါင်းပေါ်မှ ထွက်လာသည့်အသံတိုးတိုးက မလေးလံသော်လည်း ပေါ့ပါးနေခြင်းလည်း မရှိပေ။ သို့သော်လည်း ထိုအသံက ရေအေးတစ်ဇလုံ သူ့ခေါင်းပေါ်သို့ စီးကျလာသလို ခံစားရစေသည်။ ဝူကျစ်ကန်းက အသိပြန်ဝင်သွားပြီး နောက်သို့ အမြန်ပြန်လှည့်လိုက်ကာ လေးလေးစားစား ပြန်ပြောလိုက်သည်။
"ဝန်ကြီးချုပ်က ဘာများအမိန့်ပေးချင်ပါသလဲ?"
လို့ရှီးယန်က မတ်တပ်ထရပ်လိုက်ပြီး အနည်းငယ် တွန့်ကျေသွားသော သူ့ဝတ်ရုံကို သပ်ရပ်ပြန်ပြင်ပြီးနောက် "အဲ့ခန္ဓာကိုယ်က ဘယ်မှာလဲ?"
ဝူကျစ်ကန်းက သတင်းပို့ရန် ရောက်ရှိလာသော ရုံးတော်အမှုထမ်းများကို လှမ်းကြည့်လိုက်ရာ အမှုထမ်းတစ်ယောက်က ကမန်းကတန်း ပြန်ဖြေလာခဲ့သည်။ “အကျဥ်းထောင်ထဲမှာ ရှိနေသေးပါတယ်”
လို့ရှီးယန်က ခန်းမကို ဖြတ်သွားပြီးနောက် ဘေးတံခါးဆီသို့ လျှောက်သွားခဲ့သည်။ ဝူကျစ်ကန်းက ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် "သခင်ကြီးလို့၊ ဘာဖြစ်လို့ပါလဲ?"
"ဒီဝန်ကြီးချုပ်က အလောင်းကို သွားကြည့်မယ်။ သေကြောင်းကြံတာလား? လူသတ်မှုလားဆိုတာ အမှန်အတိုင်းသိအောင် စစ်ကြည့်ရမှာပေါ့!"
လို့ရှီးယန်၏ မျက်နှာက ညှိုးနွမ်းနေပြီး သူပျော်နေသည်လား ဒေါသထွက်နေသည်လား မပြောနိုင်ပေ။ လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားပြီး ဝူကျစ်ကန်းက ထိတ်လန့်တကြားဖြင့် သူ့နောက်သို့ လိုက်သွားကာ သူ့အင်္ကျီမှ ချွေးများက ရေစိမ်လို့ရနေပြီ ဖြစ်သည်။
အလောင်းကို စစ်ဆေးတော့မည်ဟု ကြားသောအခါတွင် လင်းသခင်မက ရှေ့သို့ ပြေးသွားပြန်သည်။ ရွာသားများကလည်း လင်းပါ့ခန်း ရုတ်တရက် သေဆုံးသွားသည်ကို ရှင်းရှင်းလင်းလင်းမြင်ချင်သောကြောင့် လူတစ်စုက ရှေ့သို့ ပြေးသွားကြသည်။ သို့သော်လည်း ရုံးတော် အမှုထမ်းများက သူတို့ကို တားဆီးထားခဲ့သည်။
"မင်းတို့ ဝင်လို့မရဘူး!"
ရဲမက်တစ်ယောက်၏တုတ်ရှည်ကို လှမ်းကိုင်ထားလိုက်သည့် သခင်မလင်း၏လက်က ပြင်းထန်စွာ တုန်ခါနေပြီး "ဘာလို့လဲ၊ အဲ့ဒါ ငါ့ယောက်ျား!"
ဝူစစ်၏ သန်မာသော ခန္ဓာကိုယ်က လင်းသခင်မ၏ နံဘေးကို ရောက်သွားပြီး သူမကို ကာကွယ်ပေးထားခဲ့သည်။ သူက ရိုးသားသော မျက်နှာဖြင့် "အစ်ကိုကြီး၊ အရာရှိကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဝင်ခွင့်ပြုပါ!"
“မရဘူး!” ရုံးတော် အမှုထမ်းများက သူတို့ကို လှည့်ပင်မကြည့်ဘဲ ညှိုနှိုင်းရန် အခွင့်အလမ်းလည်း မရှိပေ။
ကျွော့ချင်းက တံခါးဘောင်ကို ကိုယ်တစ်ဝက်မှီကာ ရွာသားများနှင့် အစိုးရအရာရှိများကြားမှ လွန်ဆွဲပွဲကို ကြည့်နေသည်။
သူတို့က ဘာနားလည်လို့လဲ? ဘာမှ နားမလည်ဘဲ ဝင်သွားတာက ဘာမှ အသုံးမဝင်ဘူး။ ဝန်ကြီးချုပ်လို့က ပြိုင်ဘက်ကင်းတဲ့ ဥာဏ်ပညာရှိပြီး ပြသနာတွေကို နတ်ဘုရားတွေထက်သာလွန်အောင် ဖြေရှင်းပေးနိုင်ဖို့ ဆုတောင်းတာကမှ လက်တွေ့ကျနိုင်သေးတယ်။
“ဝှါး” ကျွော့ချင်းက သမ်းဝေနေရင်း လှည့်ထွက်သွားခဲ့သည်။
သူမက သေလောက်အောင် ပင်ပမ်းနွမ်းနယ်နေပြီး အိပ်ချင်နေပြီ။ သူမက ဒီနေရာကို ဘာကြောင့်မှန်းမသိ ရောက်ရှိလာပြီးကတည်းက ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ဘူး။ နောက်ဘာလုပ်ရမလဲဆိုတာ မစဉ်းစားရသေးခင် ကောင်းကောင်းအနားယူဖို့ နေရာရှာချင်နေပြီ။
သူမ တံခါးခုံကို ဖြတ်ကျော်ကာ ပြန်ထွက်နေစဉ်မှာပင် စမ်းရေကဲ့သို့ ကြည်လင်သော ယောက်ျားအသံ ထွက်ပေါ်လာပြန်သည်။
"သူတို့ကို ဝင်ခိုင်းလိုက်"
ရောက်ရှိလာသူက ဝန်ကြီးချုပ်၏ သက်တော်စောင့်ဖြစ်ပြီး ရုံးတော်အမှုထမ်းများက အချင်းချင်း အပြန်ပြန် အလှန်လှန် ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့က ရွာသားများကို မတားဆီးရဲတော့ဘဲ သူတို့၏တုတ်ရှည်များကို အောက်သို့ ပြန်ချလိုက်ကြသည်။ ရွာသားများက လင်းသခင်မနှင့်အတူ အထဲသို့ ပြေးဝင်သွားကြသည်။
အလွန်သာယာသော အသံကြောင့် ကျွော့ချင်းက စူးစမ်းချင်စိတ်ဖြင့် ပြန်ကြည့်လိုက်မိသည်။ တံခါးဘေးတွင် အဖြူရောင်အရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူက လို့ရှီးယန်၏သက်တော်စောင့်များထဲမှ တစ်ယောက်ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းလိုက်သည်။ ကျွော့ချင်းက သူ့ကို အနည်းငယ် စွေ့ကြည့်ကာ တိတ်တဆိတ် အကဲခတ်လိုက်သည်။
ထိုလူက အရပ် ၁၉၀ စင်တီမီတာခန့်ရှိသည်ဟု ခန့်မှန်းရပြီး နှင်းဖြူရောင်အသားအရည်နှင့် အညိုရင့်ရောင်ဆံပင်များက သူနှင့် လိုက်ဖက်လွန်းလှသည်။ သူ၏မျက်နှာသွင်ပြင်က ကြည်လင်နေပြီး ကောင်းကင်ပြာရောင်မျက်လုံးများက ကြည်လင်သော ဖန်ခွက်များကဲ့သို့ ပေါင်းစည်းထားသောကြောင့် သူ့ကို ထိပ်တန်းအဆင့် သွေးနှောလူချောလေးဟု ခေါ်ဝေါ်နိုင်ပေသည်။ သို့သော် ထိုအရာက အထူးခြားဆုံး မဟုတ်ဘဲ ထင်ရှားနေသည်က သူ့မျက်နှာတစ်ခုလုံး အမူအရာ ကင်းမဲ့နေခြင်းပင်။ သူက လုံးဝ အေးစက်စက်နေခြင်းမျိုးမရှိသလို နူးညံ့သိမ်မွေ့ပုံလည်း မရပေ။ သူ့ထံတွင် သီးခြားဆန်သော သွင်ပြင်မျိုး ရှိနေပြီး သူမ သူ့ကို သိပ်မကြိုက်သော်လည်း သူမ ဝန်ခံနိုင်သည်ကတော့ ရှိနေသေးသည်။
သူက အရမ်းချစ်စရာကောင်းတယ်။
ထိုလူက ရုတ်တရက် သူမဆီသို့ လှမ်းလာခဲ့သည်။ ကျွော့ချင်းက သူမ၏ ဦးထုပ်အစွန်းကို ဆွဲချလိုက်ပြီး ထွက်ခွာရန် စောင့်ဆိုင်းနေခဲ့သော်လည်း ထိုလူက သူမ၏အနားတွင် ရပ်လိုက်ပြီး ဘာမှမထူးခြားသော အသံဖြင့် တည်ငြိမ်စွာ ပြောလာခဲ့သည်။
"သွားကြရအောင်"
"ဘယ်သွားမလို့လဲ?" ကျွော့ချင်းက တုံးအဟန်ဆောင်ကာ ပြန်မေးလိုက်သည်။
"အဲ့ဒါကို ငါ မသိဘူး" အေးစက်စက် တုံ့ပြန်သံနှင့်အတူ သူ့၏ဖြူဖျော့ဖျော့လက်တစ်ဘက်က ကျွော့ချင်း၏လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
"ရပ်လိုက်၊ ကျွန်တော် တစ်ယောက်တည်း လမ်းလျှောက်လို့ရတယ်"
နင်လုပ်လို့ ငါ သေတော့မယ်၊ နာလိုက်တာဆိုတာမှ၊ ဘာလို့ဒီလောက် အားထည့်ထားရတာလဲ?
မော့ပိုင်က သူ့လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး စကားမပြောဘဲ ရှေ့သို့ လျှောက်သွားနေခဲ့သည်။ ကျွော့ချင်းက မကျေမနပ်ဖြင့် သူ့နောက်မှ လိုက်လျောက်သွားပြီး ခန်းမထဲသို့ ဝင်သွားခဲ့သည်။ သူမက သူ့အနားမှ ဖြတ်ကျော်လိုက်ရင်း အေးစက်သောအသံဖြင့် စနောက်လိုက်သေးသည်။ "ခင်ဗျားမှာ ဒီလို လှပတဲ့ မျက်လုံးတွေ ရှိနေမှ ကျွန်တော် ခင်ဗျားကို ငြင်းနိုင်မှာ မဟုတ်ဘူး!
ဒါပေမယ့် ငါ့မှာ ရန်ညှိုးထားတက်တဲ့ အကျင့်တော့ရှိတယ်နော်။
မော့ပိုင်တစ်ယောက် အလွန်ထိတ်လန့်သွားခဲ့သည်။
လှတယ်? ဟုတ်လား? ဒီမျက်လုံးတွေကြောင့် သူ့မိသားစုက သူ့ကို စွန့်ပစ်ခဲ့ပြီး လူတိုင်းက သူ့ကို သရဲတစ္ဆေလို့ ပြောခဲ့ကြတယ်။ သူ့မှာ ဆွေမျိုးတွေ သူငယ်ချင်းတွေလည်း မရှိဘူး၊ ပြီးတော့ သူ့မျက်လုံးတွေကို ဘယ်သူကမှ ကြည့်ချင်ရင်တောင် တိုက်ရိုက် မကြည့်ရဲကြဘူး။ ခုတော့ ဒီလူက ဒီမျက်လုံးတွေကို လှတယ်လို့ ပြောနေတာလား?
သူ့မျက်လုံးများထဲတွင် လှောင်ပြောင်ချင်နေသော အရိပ်အယောင်များ တောက်ပလာသော်လည်း သူ့မျက်နှာက ဘာမှ မပြောင်းလဲဘဲ ဘာကိုမှ ဂရုမစိုက်သလို ဖြူဖျော့နေမြဲဖြစ်သည်။
…
အကျဉ်းထောင်အတွင်းတွင်....
ထောင့်ချိုးပေါင်းများစွာ လှည့်ပတ်သွားလာပြီးနောက် နောက်ဆုံးတွင် ကျွော့ချင်းတစ်ယောက် လင်းပါ့ခန်း၏ အချုပ်ခန်းဆီသို့ ရောက်ရှိသွားခဲ့သည်။
ကျွော့ချင်းက အနီးနားပတ်ဝန်းကျင်ကို တမင်တကာ ကြည့်ရှု့လိုက်သည်။ အချုပ်ခန်းက အကျဥ်းထောင်၏ အတွင်းဘက်အကျဆုံးတွင် ရှိနေပြီး အလှည့်ကျအစောင့်များ ဤနေရာသို့ ရောက်လာရန် မလွယ်ကူပေ။ ရောက်လာလျှင်ပင် ဤအခန်းကို မြနိုင်င်ရန် ခက်ခဲသည်။ ထို့ပြင် တိုက်ဆိုင်မှုလား ရည်ရွယ်သည်လားဟု မပြောနိုင်သော်လည်း ဤအခန်းအနီးရှိ အကျဥ်းခန်းများအားလုံးက အလွတ် ဖြစ်နေခဲ့သည်။
ဆိုလိုတာက ဒီအခန်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် အခြေခံအားဖြင့် သက်သေမရှိဘူးလို့ ဆိုလိုတာပါ။
အချုပ်ခန်း၏တံခါးဝတွင် လူများ ပြည့်ကျပ်နေပြီ ဖြစ်သည်။ ကျွော့ချင်းက အပြင်ဘက်တွင် ရပ်နေသော်လည်း ထုတ်တန်းအမြင့်တွင် တွဲလောင်းကျနေဆဲဖြစ်သော အလောင်းကို မြင်နိုင်သေးသည်။ သေဆုံးသူ၏ မျက်နှာအရောင်က ခရမ်းပြာရောင်ဖြစ်နေပြီး ရောင်ရမ်းမှုများက ထင်ရှားနေကာ ပြန့်ကျဲနေသော အစက်အပြောက်များ ရှိနေသည်။ မျက်နှာအရေပြားပေါ်တွင် ပြန့်ကျဲနေသော သွေးအစက်အချို့လည်း ရှိနေပြီး သေဆုံးရသည့် အကြောင်းရင်းမှာ အသက်ရှူကြပ်ခြင်းကြောင့်ဖြစ်နိုင်သည်။
သို့သော် အောက်ဘက်ကို ငုံ့ကြည့်လိုက်ချိန်တွင်တော့ ကျွော့ချင်း အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်မသည်။
"ဝန်ကြီးချုပ်ကို လေးစားစွာ အရိုအသေပေးပါတယ်!" အနောက်မှ အမျိုးသားအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကျွော့ချင်းက နောက်သို့ လှည့်ကြည့်လိုက်ရာ အသက်သုံးဆယ်ကျော် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အမြန်ရောက်လာပြီး လို့ရှီးယန်ကို အလေးပြုနေလေသည်။
"မင်းက ဘယ်သူလဲ?" လို့ရှီးယန်က လူလတ်ပိုင်းအရွယ်လူကို မေးလိုက်ခြင်း ဖြစ်သော်လည်း သူ့၏မျက်လုံးများက ကျွော့ချင်းကိုသာ စိုက်ကြည့်နေခဲ့သည်။
အခုန အလောင်းကို စိုက်ကြည့်နေတဲ့ ဒီကောင်လေးရဲ့မျက်လုံးတွေက အရမ်းကို စူးရဲလွန်းနေတယ်။ မနေ့ညက ကျင်းစက နျိုကျားရွာက မိသားစုဝင်တွေ အားလုံးကို စစ်ဆေးခဲ့ပြီးပြီ။ နျိုကျားရွာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်မှ မရှိခဲ့ဖူးဘူး။ ချင်းဖုန့်ကို ပြန်ပေးဆွဲဖို့ စိတ်ကူးခဲ့တဲ့သူက အဲ့ကောင်လေးလား? သူ့ရည်ရွယ်ချက်က ဘာလဲ?
လို့ရှီးယန်က သူ့အကြောင်းများကို အကုန်သိရရန် အလွန်စိတ်ဝင်စားနေခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက "ဒီနိမ့်ကျတဲ့သူက ယင်းထျန်းရုံးတော်ရဲ့ စစ်ဆေးရေးမှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဝမ့်ပမ်ရှန့်ပါ၊ အလောင်းတွေကို စစ်ဆေးခဲ့တာ ဆယ်နှစ်ကျော်လောက်ရှိပါပြီ"
စစ်ဆေးရေးမှူးတဲ့လား? ဒါဆို သူက ရှေးခေတ် မှုခင်းဆေးဆရာဝန်တစ်ယောက်ပေါ့။
သူ့မျက်နှာတွင် အလောင်းစစ်ဆေးခြင်းအတွက် ယုံကြည်မှုအပြည့်ရှိနေပြီး ဘဝင်မြင့်နေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ တစ်ရက်ကြာ ဒေါသထွက်နေခဲ့ရသည့် ကျွော့ချင်း၏စိတ်အခြေအနေက နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမက အလောင်းများကို မည်သို့စစ်ဆေးသည်ကို မြင်ချင်နေမိသည်။
"ကောင်းပြီ၊ သူက သတ်သေတာလား? လူသတ်မှုလားဆိုတာကို သေချာစမ်းသပ်ကြည့်သင့်တယ်"
တကယ်လို့ လူသတ်မှု ဖြစ်ခဲ့ရင် ဒီအမှုရဲ့ သက်ရောက်မှုက သေးသေး မဟုတ်ဘူး ဆိုတာ သေချာနေပြီ။ တကယ်လို့ တစ်ယောက်ယောက်က ယင်းထျန်းရုံးတော်ရဲ့အကျဉ်းထောင်တဲမှာ လူသတ်မှုကျူးလွန်နိုင်ခဲ့ရင် အဲ့လူက ရိုးရှင်းတဲ့လူတစ်ယောက် ဘယ်လို ဖြစ်နိုင်တော့မှာလဲ?
"ဟုတ်ကဲ့"
ဝမ့်ပမ်ရှန့်က အချုပ်ခန်းထဲသို့ ၀င်သွားခဲ့ပြီး ရုံးတော်အမှုထမ်းများက အလောင်းကို အောက်ကို ပြန်ချပြီးနေပြီ ဖြစ်သည်။
ခရမ်းရောင်မျက်နှာနှင့် ဖောကားရောင်ရမ်းနေမှုတို့က မူလအသွင်အပြင်ကို မမြင်ရသလောက် ဖြစ်သွားစေသည်။ တောင့်တင်းသော ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သခင်မလင်းက ထိုထိုးနှက်မှုကို မခံနိုင်သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ယောကျာ်း..."
"သခင်မ၊ သတိထားပါဦး!" ရွာသားများက သခင်မလင်းကို နောက်ပြန်ဆုတ်ရန် ကူညီပေးခဲ့သည်။ ကျွော့ချင်းက အခြေအနေကို အခွင့်ကောင်းယူကာ အချုပ်ခန်းအနီးသို့ ချဥ်းကပ်သွားလိုက်သည်။ စစ်ဆေးရေးမှူးက အလောင်း၏ဦးခေါင်းကို မကာ လည်ပင်းညှစ်ခံထားရသည့် ဒဏ်ရာများကို စစ်ဆေးကြည့်ရှုပြီးနောက် သေဆုံးသူ၏ လက်ခြေများကို ကြည့်နေသည်။ ငါးမိနစ်ခန့်အကြာတွင် သူက မတ်တပ်ထရပ်ပြီး လို့ရှီးယန်ဆီသို့ ချဥ်းကပ်သွားကာ “ဝန်ကြီးချုပ်ကို သတင်းပို့ပါတယ်၊ အလောင်းရဲ့မျက်နှာက ခရမ်းရောင်ရင့်ရောင်၊ လက်နှစ်ဖက်စလုံးက အောက်ကို ဒေါင်လိုက် ကျနေပြီး ခြေဖဝါးမှာ မီးလောင်ဒဏ်ရာတွေ ရှိတယ်။ လည်ပင်းမှာ ခရမ်းရောင်ဖျော့ဖျော့ကြိုးပြားရာ အမှတ်အသားတွေရှိနေပြီး အရာတွေက ဘယ်ဘက်နားရွက်ကနေ ညာဘက်နားရွက်အနောက်နားအထိ ဆန့်ထွက်နေသောကြောင့် သူ့ကိုယ်သူ သတ်သေသွားပုံရပြီး သူ့ကိုယ်သူ ကြိုးဆွဲချတဲ့ အရာကတော့ ခါးစည်းကြိုးပါဘဲ”
သေကြောင်းကြံတယ်?
လို့ရှီးယန်က ခဏလောက်စဉ်းစားနေပြီးမှ "သူ ဘယ်တုန်းက သေတာလဲ?"
ဝမ့်ပမ်ရှန့်က အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် "နှစ်ရှီးချန်" ဟု ပြန်ဖြေလိုက်သည်။
မှားနေပြီ!
ခန္ဓာကိုယ်အစက်အပြောက်တွေကို တစ်ချက်ကြည့်လိုက်တာနဲ့ သေဆုံးသူက ဆယ်နာရီထက်မနည်းတဲ့အချိန်ကတည်းက သေဆုံးနေခဲ့တာ ဖြစ်နိုင်တယ်။
သူမက အလောင်းနှင့် ဝေးကွာလွန်းသော အကျဉ်းခန်းအပြင်ဘက်တွင် ရပ်နေသော ကျွော့ချင်းက သေဆုံးရသည့် အကြောင်းရင်းကို မဆုံးဖြတ်နိုင်ပေ။ ထို့ပြင် သူမက ဒေါသတကြီး ဝင်ရောက်ပြောဆိုပါက သူမကိုယ်တိုင် ဒုက္ခရောက်သွားနိုင်သည်။ ကျွော့ချင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ကဲ... အကြံပြုချက်အချို့နဲ့ စလိုက်ကြရအောင်....
"အရမ်းထူးဆန်းတာပဲ!" ကျွော့ချင်းက အံ့သြဟန်ဆောင်ပြီး "ဒီလူက အရမ်းကံကောင်းတယ်၊ သူ့ကိုယ်သူ သတ်သေခါနီးမှာ သူ့ဘာသာ သန့်ရှင်းရေး လုပ်ပြီး အဝတ်အသစ်နဲ့ ဖိနပ်အသစ်ကို ဝတ်နိုင်ခဲ့တယ်။ ထူးဆန်းတာက သူက အဝတ်အသစ်နဲ့ ဖိနပ်အသစ်လဲပေမယ့် ဆံပင်ကိုတော့ လုံးဝ မဖြီးထားဘူး!"
......။......။.........