အခန်း (၁၈-၁၉)
Vol. 2 Ch. 18-19
အခန်း ၁၈ မြေခွေး၀န်ကြီးချုပ်
ရထားလုံး၏တံခါးဘေးတွင် အေးခဲနေသည့် ကျွော့ချင်းကတော့ အကျပ်ရိုက်နေခဲ့သည်။ သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်ပြီးမှ သူမခါးတွင် ချည်ထားသည့် အစိမ်းရောင်ဖျော့ဖျော့ စကတ်ကို ပြန်သတိရမိသွားခဲ့သည်။ ကျွော့ချင်း၏မျက်လုံးများက တောက်ပလာပြီး သူမကိုယ်သူမ တိတ်တိတ်လေး အားပေးနေခဲ့သည်။
စိတ်အေးအေးထား၊ သူ သတိမထားမိလောက်ပါဘူး။
ရထားလုံးအပေါ်ရှိ လို့ရှီးယန်၏သွယ်လျသော မျက်လုံးများကို မော့ကြည့်ရင်း ကျွော့ချင်းက သူမဘာသာ ထပ်တွေးနေမိပြန်သည်။
အဲ့တာကို သူ သတိမထားမိဘူးပြောရင် သရဲပဲ ယုံလိုက်မယ်။
သူမ သူမကိုယ်သူမ ပြန်လှည့်စားနေမိမှန်း သိနေသော်လည်း ကျွော့ချင်းက ချောင်းအနည်းငယ်ဟန့်လိုက်ကာ သူမ၏ စကတ်ကို ဆွဲချရင်း နောက်သို့ ဆုတ်သွားလိုက်ပြီး သူမတက်နိုင်သလောက် အနူးညံအပျော့ဆုံးအသံဖြင့် "တောင်းပန်ပါတယ် ကျွန်မ... ရထားလုံးမှားသွားလို့ပါ"
လို့ရှီးယန်က သူ့မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ၏ ရှင်းလင်းသော အသံတိုးတိုးက အပြုံးရိပ်များဖြင့် ပြည့်နှက်နေကာ " ငါလည်း မင်း ဖြတ်သွားမိတာလို့ ထင်ပါတယ်~"
ကျွော့ချင်းရဲ့မျက်နှာက တင်းမာနေပြီး လို့ရှီးယန်ကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။
သူမက သူမ၏ခေါင်းကို မော့လိုက်သောကြောင့် သူမလည်ပင်းတွင် အနီရောင်တောက်တောက် စွန်းထင်းနေသော သွေးကွက်များ အထင်အရှား ထွက်ပေါ်လာသည်။ လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး "မင်း ဒဏ်ရာ ရလာတာလား?"
ကျွော့ချင်းက မနာကျင်တော့သည့် သူမ၏လည်ပင်းကို ညင်သာစွာ ပွတ်သပ်ပြီးနောက် သွေးများကြောင့် အေးခဲလုနီးပါး တောင့်တင်းသွားကာ အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။
"ရပါတယ်၊ အရေပြားကို ချစ်မိရုံပါပဲ"
ယခု သူမအတွက် အနာကျင်ဆုံးက ခါးဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုအပြည့်နှင့် တိုက်ခိုက်မှုများက ကုယွင်ကဲ့သို့သော မျိုးရိုးဗီဇပြောင်းလဲထားသည့် အမျိုးသမီးများမှလွဲ၍ တခြားအမျိုးသမီးများအတွက် အမှန်တကယ် သင့်တော်မှု မရှိပေ။
ကျွော့ချင်းက ကုယွင်ကို တိတ်တိတ်လေး ကျိန်ဆဲနေခဲ့ပြီး ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်ကို သူမ ခံစားလိုက်ရသည်။ သူမ သတိဝင်လာသည့်အချိန်တွင် လို့ရှီးယန်က သူမကို ရထားလုံး၏နူးညံ့ပျော့ပျောင်းသော ညောင်စောင်းပေါ်သို့ ဆွဲခေါ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏လည်ပင်းအနောက်ဘက်တွင် သွေးအမြောက်အများ ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် လို့ရှီးယန်၏နှလုံးသားက တင်းမာလာခဲ့သည်။
သူမ၏လက်ကောက်ဝတ်က အနည်းငယ် နာကျင်လာသဖြင့် ကျွော့ချင်းက လို့ရှီးယန်ကို မော့ကြည့်လိုက်ရာ သူမ၏လည်ပင်းနောက်ဘက်သို့ နက်နက်နဲနဲ စိုက်ကြည့်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။ မုတ်ဆိတ်မွေးနှင့်လူက သူမ တစ်ကိုယ်လုံးကို သွေးများဖြန်းပေးလိုက်သည်ကို သတိရမိသွားသောကြောင့် ကျွော့ချင်းက ခပ်မြန်မြန် ရှင်းပြလိုက်သည်။
"ဒါက ကျွန်မရဲ့သွေး မဟုတ်ဘူး..!"
လို့ရှီးယန်က သူမ၏ လည်ပင်းကို ညင်သာစွာ ပင့်တင်လိုက်ရာ သူမ၏ သွေးများသာမက ဒဏ်ရာကိုပါ မြင်တွေ့သွားခဲ့သည်။
ကျွော့ချင်းက သူမ၏လည်ပင်း အနည်းငယ် ယားယံသလို ခံစားလိုက်ရသည်။
"မလှုပ်နဲ့"
ကျွော့ချင်း၏ ပခုံးများက ကျုံဝင်သွားပြီး လို့ရှီးယန်က ပျော့ပျောင်းသော ညောင်စောင်းပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ့၏ ကြည်လင်သောအသံက ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့နေဆဲဖြစ်သော်လည်း အနည်းငယ် ပိုလေးနက်လာပုံပေါ်သည်။ လို့ရှီးယန်က ရထားလုံးပေါ်မှ အဖြူရောင်လက်ကိုင်ပုဝါတစ်ထည်ကို ရှာတွေ့သွားပြီး သူက သူမ၏မေးစေ့ကို လက်တစ်ဖက်ဖြင့် ပင့်တင်ကာ အခြားလက်တစ်ဖက်ဖြင့် ပိုးလက်ကိုင်ပုဝါကို သူမလည်ပင်းတွင် ညင်သာစွာ ပတ်ပေးလိုက်သည်။ သူ့လက်က အနည်းငယ် အေးစက်နေသော်လည်း နှစ်ယောက်သားနီးကပ်လွန်းနေသဖြင့် သူ့ခန္ဓာကိုယ်ပေါ်မှ သင်းပျံ့နေသော စန္ဒကူးနံ့သာရနံ့ကိုပင် ကျွော့ချင်း ခံစားမိနေကာ သာမန်အမျိုးသားသုံး ရေမွှေးများထက် အနံ့ပိုကောင်းသည်ဟု တွေးနေမိသည်။ လို့ရှီးယန်၏ ပြီးပြည့်စုံလုနီးပါးရှိသော ပုံရိပ်က သူမ၏မျက်လုံးများရှေ့တွင် ပေါ်လွင်နေပြီး ကျွော့ချင်းက အနည်းငယ် အသက်ရှုရခက်သလို ခံစားလလာရသည်။ သို့သော်လည်း သူမက အလှတရားကြောင့် လှည့်စားခံနေရသည်ကိုတော့ ဘယ်တော့မှ ဝန်မခံချင်ပေ။ ထိုအရာက တင်းတင်းကြပ်ကြပ် ပတ်ပေးနေသည့် ပိုးလက်ကိုင်ပုဝါကြောင့်ဟုသာ သူမ ပြတ်ပြတ်သားသား ကောက်ချက်ချလိုက်သည်။
ကျွော့ချင်း၏ခန္ဓာကိုယ်က တောင့်တင်းလာပြီးရင်း တောင့်တင်းလာသလို ခံစားနေရချိန်တွင် လို့ရှီးယန်၏နူတ်ခမ်းများက အနည်းငယ် ပျော့ပျောင်းလာပြီး ပင့်တက်သွားခဲ့သည်။ သူ့၏လှုပ်ရှားမှုများက ပိုနူးညံ့လာပြီး လက်ကိုင်ပဝါကို ချည်ရန် အချိန်အတော်ကြာနေခဲ့သည်။
ကျွော့ချင်းကတော့ တိတ်တိတ်လေး ကျိန်ဆဲနေပြန်သည်။
သူ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်နိုင်တယ်။ ဒဏ်ရာကို ပတ်တီးစည်းဖို့ အချိန်အဲ့လောက် လိုအပ်လို့လား?!
နောက်ဆုံးတွင် ပတ်တီးစည်းခြင်း ပြီးဆုံးသွားကာ ကျွော့ချင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထကာ မတ်တပ်ထရပ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်၊ ကျွန်မ အရင်သွားလိုက်တော့မယ်"
သူမက မီးခိုးရောင် ၀တ်စုံဝတ်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ကြောင်း သူ သိထားရင်တောင်မှ သူက သူမကို တားစရာအကြောင်း မရှိဘူးလေ။
ဒါပေမယ့်......
"ချင်းဖုန့်၊ မင်း ဒီလိုထွက်သွားတာကို ဧကရာဇ်မင်းမြတ် သိသွားရင် မင်းရဲ့ညီမတွေ ထိခိုက်မှာကို ငါ ကြောက်တယ်၊ ဟောင်ယွဲ့တိုင်းပြည်လည်း အဆုံးသတ်သွားလိမ့်မယ်"
ကျွော့ချင်းတစ်ယောက် ရူးသွပ်လုမတတ်ဖြစ်သွားသည်။ ထို့အပြင် သူမ ဝမ်းနည်းပြီး ဒေါသထွက်နေခဲ့သည်။
အဲဒီရွာသားတွေက လုံးဝကို မယုံကြည်နိုင်ဘူးဆိုတာ သူမ သိတယ်။ သူတို့က တကယ်ပဲ သူမကို သစ္စာဖောက်ခဲ့တယ်။ သူမ သူတို့ကို အရမ်းကာရော ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်လိုက်ကြတာပေါ့လေ။
ကျွော့ချင်းက ဒေါသတကြီး ပြန်လှည့်ကြည့်လာပြီးနောက် အေးစက်စက်ဖြင့် "ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား?"
ငါက ချင်းဖုန့် မဟုတ်ဘူး၊ ဒါကြောင့် ငါ့ မခြိမ်းခြောက်တာက ပိုကောင်းပါတယ်။ ငါ့ကို ခြိမ်းခြောက်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
ရထားလုံး၏နရံကို မှီကာ တင်ပျဉ်ခွေထိုင်နေသော လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးနေခဲ့ပြီး "ချင်းမိန်းခလေးက ငါ့ကို မှားယွင်းစွပ်စွဲနေတာပါ၊ ငါက လက်တွေ့မကျတဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်တော့မှ မလုပ်ဘူး"
ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး ပြုမူနေသော လို့ရှီးယန်က အောက်တန်းကျဟန်တူနေသော်လည်း ဆန့်ကျင်ဘက်တွင် သူက ပြေပြစ်ပြီး လွတ်လပ်ပေါ့ပါးနေလေသည်။
ကံမကောင်းစွာဖြင့် ကျွော့ချင်းအတွက် ထိုအရာကို စိတ်မဝင်စားနိုင်သေးသည်က စိတ်မကောင်းစရာ ဖြစ်သွားခဲ့သည်။
ဒီလူက အရမ်းရန်လိုလွန်းတယ်။ သူက သူမ ပြောသမျှကို မှတ်ထားပြီး အကုန် ပြန်ပြောနေတယ်။
စိတ်အေးအေးထား! စိတ်ရှည်စမ်း! စိတ်ရှည်စမ်း!
ကျွော့ချင်းက မတည်မငြိမ်ဖြစ်လာနေမည့် သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းထားရင်း အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်သည်။ သူမက လို့ရှီးယန်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဒေါသတကြီး ပြန်မေးလိုက်သည်။
"ဒါဆိုရင်သခင်ကြီးလို့က ဘာကို ဆိုလိုချင်တာလဲ?"
သူမက သူမ၏ဒေါသကို ချုပ်တည်းရန် အစွမ်းကုန် ကြိုးစားနေရကြောင်း မြင်လိုက်ရချိန်တွင် လို့ရှီးယန်က တိတ်တိတ်လေး ကြည်နူးနေပြီး "တကယ်တော့ ချင်းသခင်မလေးက အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။ မင်းကို ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာ လာနေဖို့ ကိုယ် ဖိတ်ခေါ်ပါတယ်။ ကိုယ်က မင်းကို အရှက်မရစေချင်ပေမယ့် ဧကရာဇ်မင်းမြတ်ရဲ့ ကြင်နာမှုက အရမ်းကြီးမားလွန်းတယ်။ ကိုယ်တို့ လို့မိသားစုက အဲ့တာကို လက်ခံရမှာပါ၊ အခု ချင်းသခင်မလေးက ဒဏ်ရာရ ထားတယ်၊ အဲ့တာကို ကောင်းကောင်းဂရုစိုက်ဖို့ ဝန်ကြီးချုပ်ရဲ့အိမ်တော်ကို လိုက်ခဲ့ရပါမယ်၊ ဒီဝန်ကြီးချုပ်က မင်းရဲ့ညီမတွေနဲ့ တွေ့ဖို့ စီစဉ်ပေးနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးမှာပါ၊ အဆင်ပြေတယ်မလား?"
ညီမတွေလား? သူမနဲ့ ကုယွင်က အတူတူ မူးလဲသွားတာဆိုတော့ ချင်းညီအစ်မတွေထဲက တစ်ယောက်က ကုယွင်ဖြစ်နိုင်မလား? အဲ့တာက ဖြစ်နိုင်ချေ မများရင်တောင် သူမက သူမတို့ကို တွေ့ချင်နေတုန်းပဲ၊ သူမက အခွင့်အရေးကို လက်လွတ်ခံတက်တဲ့သူတော့ မဟုတ်ဘူးနော်။
သူမက လို့ရှီးယန်ကို တိုက်ရိုက် မော့ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့် ပြန်မေးလိုက်သည်။
"သူတို့နဲ့ တွေ့ခွင့်ပေးမှာလား?"
နေက်ဆုံးတော့ငါးက ငါးမျှားချိတ်ကို လာချိတ်ပြီပေါ့။
လို့ရှီးယန်က သူ့၏မျက်ခုံးများကို နူးညံ့သိမ်မွေ့စွာ ပင့်တင်လိုက်ပြီး အလွန်လေးနက်သော လေသံဖြင့် ပြန်ပြောလာခဲ့သည်။
"ဒီဝန်ကြီးချုပ်က အကောင်းဆုံး ကြိုးစားပေးမှာပါ"
ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ထားပြီး ထိုကဲ့သို့ မပြည့်စုံသော အဖြေကို သူမ မည်သို့ ယုံရမည်ကို တွေးနေခဲ့သည်။
"ကျွန်မ သိချင်တာက တွေ့နိုင်မလား? မတွေ့နိုင်ဘူးလား?"
လို့ရှီးယန်၏မျက်လုံးထဲမှာ စိတ်ဝင်စားပုံပေါ်နေသည့် အလင်းတန်းမျာ တောက်ပလာပြန်သည်။
ဒီကောင်မလေးက မတုံးဘူးပဲ။
လို့ရှီးယန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး အခိုင်အမာ ပြန်ဖြေလိုက်သည်။
“တွေ့နိုင်တယ်"
အဲဒါက မကြာခင်ဖြစ်နိုင်သလို အကြာကြီးနေပြီးမှလည်း ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် အဲ့တာက နောက်မှဖြစ်လာမယ့် ကိစ္စတွေပဲ။
ခဏလောက်စဉ်းစားပြီးနောက် ကျွော့ချင်းက "ဝန်ကြီးချုပ်အိမ်တော်ကြီးကို ရောက်တဲ့အခါ ရှင့်ရဲ့ကိုယ်လုပ်တော် လုပ်ရမှာလား?"
လို့ရှီးယန်က စိတ်ရင်းမှန်ဖြင့် ပြုံးနေခဲ့ပြီး "ဟုတ်တယ်၊ မင်းက ထူးထူးခြားခြား ဧည့်သည်တစ်ယောက်ပါ"
ဧကရာဇ်က သူ့ကို ဆုချပြီးပြီဆိုတော့ သူ့ဘက်ကလည်း သူမကို သူရဲ့ကိုယ်လုပ်တော်အဖြစ် အတည်ပြုပြီးသားလေ။ သူ့မှာ ဘာမှ ထပ်လုပ်ပေးနိုင်စရာ မရှိတော့ပါဘူး။
"ဝန်ကြီးချုပ်အိမ်တော်တော်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရမှာလား?"
လို့ရှီးယန်က အရာအားလုံးကို လျစ်လျူရှုထားကာ သဘောထားကြီးစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်ပြန်သည်။
"ရတယ်"
သူရဲ့ ကြီးကြပ်မှုအောက်ကနေ လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရနိုင်ပါတယ်။
ကျွော့ချင်းက တက်ကြွစွာဖြင့် "ကတိနော်!"
သူမမှာ ရွေးချယ်စရာ လုံးဝ မရှိတော့ဘူးလေ။ အခု သူမမှာ ဒဏ်ရာတွေ ပြည့်နှက်နေပြီး လို့ရှီးယန်ကလည်း သူမကို ချောင်ပိတ်ဖမ်းထားပြီးပြီ၊ ဒါက သူမကို ဖမ်းဆီးဖို့ဆိုတာ ပြောစရာမလိုဘဲ သိနိုင်တယ်။ သူ သူမကို ပြန်လွှတ်ပေးဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး။ သူ သူမကို ပြန်လွှတ်ပေးလိုက်ရင်တောင် သူမ အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ဘဲ စားဝတ်နေရေးအတွက် ပိုက်ဆံရှာရဦးမယ်။ “မျက်မှောက်ရေးရာကို သိတဲ့သူကသာ သူရဲကောင်း”ဆိုတဲ့ စကားအတိုင်း သူမ ခဏတာ စွန့်စားတာလိုက်တာက ပိုကောင်းလိမ့်မယ်။
လို့ရှီးယန်၏ထပ်လောင်းရှင်းပြချက်ကို ကြားပြီးနောက် ကျွော့ချင်းက သူမ အလွန်ပျော်ရွှင်နေမိသည်လားဟု တွေးမိသော်လည်း ယခုအချိန်တွင် သူမ ဘာမှ မပြောနိုင်သေးပေ။
"အိမ်တော်ကို ပြန်မယ်" စူးရှသော အသံက သခင်၏ခိုင်မာသော စိတ်နေသဘောထားကို ပြသနေသည်။
"ဟုတ်ကဲ့"
ရထားလုံး၏အပြင်မှ ထွက်လာသည့်အသံကို ကြားလိုက်ရချိန်တွင် ကျွော့ချင်း အေးခဲသွားပြီး ကန့်လန့်ကာကို ညင်သာစွာ ဖွင့်ကြည့်လိုက်သည်။ ရထားလုံးအပြင်ဘက်တွင် မော့ပိုင်က တည်တည်ငြိမ်ငြိမ် ရပ်နေခဲ့ပြီး ကျွော့ချင်းကို မြင်လိုက်သည့်အချိန်တွင် သူ့မျက်နှာက ဘာမှ မထူးခြားသလို အမူအရာမျိုး ရှိနေသော်လည်း သူ့မျက်လုံးများထဲတွင် စူးရှသည့် လှောင်ပြောင်ရိပ်များနှင့် ရယ်မြူးရိပ်များ ရှိနေခဲ့သည်။
ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာတွေ အားလုံးက လို့ရှီးယန်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်နိုင်လား...
အေးစက်မှုတစ်ခုက သူမကျောရိုးအထိ ပြေးဆင်းသွားပြီး ကျွော့ချင်းက သူမ လှည့်စားခံရကြောင်း နားလည်လိုက်သည်။
သူမ ကျားပါးစပ်ကနေ ထွက်လာပြီး မြေခွေးဂူထဲကို ထပ်ရောက်လာခဲ့တာ မဟုတ်ဘူးလား...?????
အခန်း ၁၉ ဝန်ကြီးချုပ်အိမ်တော်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း
လို့ရှီးယန်နှင့် ကျွော့ချင်းတို့က ရထားလုံး၏တစ်ဖက်စီတွင် ထိုင်နေရင်း လိုက်ပါသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ သူမ ဝန်ကြီးချုပ်အိမ်တော်သို့ သွားရမည်မှာ သေချာနေပြီဖြစ်ကြောင့် ကျွော့ချင်းက ပြဿနာရှာတော့မည် မဟုတ်ပေ။ သူမက အမြဲတမ်း လိုက်လျောညီထွေ နေတက်သူဖြစ်ပြီး ယခုအချိန်တွင် အိမ်ခြေယာမဲ့ဖြစ်နေသည့် သူမအတွက် နေရာတိုင်းက အိမ်ဖြစ်နိုင်သည်ဟု သူမ တွေးနေခဲ့သည်။ သို့သော်လည်း ဟိုဘက်ဒီဘက် ယိမ်းနေသော ရထားလုံးကြောင့် ကျွော့ချင်းက အနည်းငယ် မူးဝေနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရထားလုံးက ချောချောမွေ့မွေ့ ပြေးသွားနေသေးသည်။ ကျွော့ချင်းက သူမ၏ ခေါင်းကို ပြန်ကိုင်ထားရင်း လို့ရှီးယန်ကို ဘေးတိုက် တစ်ချက်ကြည့်လိုက်သည်။ သူက ခေါင်းကို အနည်းငယ်ငုံ့ကာ စာအုပ်တစ်အုပ်ကို ဖတ်နေပြီး သူက သူ၏ စိတ်ခံစားချက်များကို ဖော်ပြသည့် အလေ့အထ မရှိပုံရသော်လည်း သူ့နှုတ်ခမ်းထောင့်များကတော့ အမြဲတမ်း အနည်းငယ် ကြွတက်နေပုံပေါ်သည်။ ရိုးရိုးသားသားပြောရလျှင် သူ၏ထိုပုံစံက အလွန်ကြည့်ကောင်းနေသော်လည်း ကျွော့ချင်းက ထိုအရာကို စစ်မှန်သည့်အပြုံးတစ်ခုဟု မသတ်မှတ်နိုင်ခဲ့ပေ။
အဲ့ဒိ ပရော်ဖက်ရှင်နယ် အပြုံးက ယဥ်ကျေးသိမ်မွေ့ပေနေမယ့် အလှမ်းဝေးကွာမှုကို ခံစားရစေတယ်။
ကျွော့ချင်းက သူမ၏မျက်နှာကို အနည်းငယ် ပြန်ငုံ့လိုက်ပြီး သူမ၏ မျက်ခွံများကို မှိတ်ချလိုက်သည်။
ကျွော့ချင်း၏ အသက်ရှုသံများ တဖြည်းဖြည်း တည်ငြိမ်လာချိန်တွင် လို့ရှီးယန်က စာအုပ်ကို ညင်သာစွာ ပိတ်လိုက်သည်။
ဒီထူးဆန်းတဲ့ အမျိုးသမီးက သူ့ကို စိုက်ကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေက စာအုပ်ပေါ်မှာ ရှိနေခဲ့ပေမယ့် သူမရဲ့အကြည့်အောက်တွင် စာ တစ်လုံးစ နှစ်လုံးစပဲ ဖတ်နိုင်ပြီး စိတ်မသက်မသာ ဖြစ်နေခဲ့ရတယ်။ ပိုပြီး ထူးဆန်းတာက အခု သူက သူမကို အဲ့ပုံစံအတိုင်း ပြန်စိုက်ကြည့်နေမိတာပဲ။
နောက်ဆုံးတွင် ရထားလုံးက ရပ်သွားပြီး အပြင်ဘက်မှ မော့ပိုင်၏အသံ ထွက်ပေါ်လာသောကြောင့် လို့ရှီးယန်က သတိပြန်ဝင်လာခဲ့သည်။
"သခင်ကြီး၊ အိမ်တော်ကို ရောက်ပါပြီ"
မော့ပိုင်၏တိုးတိမ်သော စကားသံက အနားယူရန် မျက်လုံးများမှိတ်ထားသည့် ကျွော့ချင်းကို နိုးထစေခဲ့သည်။ ကျွော့ချင်းက ကန့်လန့်ကာကို ဖွင့်လိုက်ပြီး ရထားလုံးပေါ်မှ ပထမဆုံးခုန်ဆင်းလိုက်ကာ အိမ်တော်သခင်ဖြစ်သော လို့ရှီးယန်ကို လုံးဝလျစ်လျူရှုထားခဲ့သည်။
မြေပြင်တွင် ခိုင်မြဲစွာ မတ်တပ်ရပ်ပြီးနောက် ကျွော့ချင်းက သူမရှေ့မှ အမြင့်ငါးမီတာ၊ ခြောက်မီတာခန့်(၁၅ပေ-၁၈ပေ)နှင့် ခုနစ်မီတာ၊ ရှစ်မီတာလောက်ကျယ်သော(၂၁ပေ-၂၄ပေ) ကြေးတံခါးကြီးကြောင့် ထိတ်လန့်သွားခဲ့သည်။ ကြေးတံခါးကြီး၏အလယ်ဗဟိုတွင် ချိတ်ဆွဲထားသော ရွှေကမ္ပည်းပြားပေါ်တွင် ရှန်းဖူ(ဝန်ကြီးချူပ်အိမ်တော်) ဟူသော ဖောင်ကြွစကားလုံးနှစ်လုံးကို နှစ်မြှုပ်ထားသည်။ ကျွော့ချင်း စိတ်ကူးထားသလို တံခါးတစ်ဖက်တစ်ချက်စီတွင် ကျောက်ခြင်္သေ့ရုပ်များ မရှိသလို ခမ်းနားထည်ဝါသော အစောင့်များလည်း မရှိနေခဲ့ပေ။ အထဲတစ်နေရာမှ ကျောက်တုံးတုများနှင့် တောင်တန်းများပါဝင်သော ဥယာဥ်တစ်ခုက အမြင်အာရုံကို ပိတ်ဆို့နိုင်ရုံသာမက ပိုင်ရှင်၏ကြီးကျယ်ခမ်းနားမှုကို မီးမောင်းထိုးပြနေသည်။ တံခါးက ဤကဲ့သို့ပွင့်နေသော်လည်း ဘုန်းအာနုဘော်၏ မှုန်မှိုင်းသော ရောင်ဝါနှင့် သြဇာကြီးမားသော အရိပ်အာဝါသက လူအများကို မရှင်းပြနိုင်လောက်အောင် အံ့သြသွားစေနိုင်သည်။ လူတိုင်းက ဖော်ပြ၍မရနိုင်သော ရိုသေမှုကို ခံစားလာရပြီး အလျင်စလို မဝင်လာဝံ့ကြပေ။
ကျွော့ချင်း ဝင်ပေါက်တံခါး၏အတွင်းဘက်သို့ လှမ်းဝင်လိုက်သည်နှင့် အနက်ရောင်အဝတ်အစားကို ဝတ်ဆင်ထားသည့် ကျင်းစက သူတို့ဆီသို့ ရောက်လာခဲ့သည်။ သူက ကျွော့ချင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သော်လည်း ချက်ချင်း ပြန်ပျောက်သွားခဲ့သည်။ သူက ကျွော့ချင်း၏အနောက်တွင် ရှိနေသည့် လို့ရှီးယန်ကို အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"သခင်ကြီး"
ထိုအချိန်မှသာလျှင် ကျွော့ချင်းက လို့ရှီးယန်ကို ပြန်သတိရသွားခဲ့သည်။
သူမက အိမ်ရှင်အခေါ်ကို စောင့်သင့်ပြီး သူမဘာသာ အရင်ဝင်မလာသင့်ဘူး။
ထိုအတွေးကြောင့် ကျွော့ချင်းက ခြေတစ်လှမ်းလောက် နောက်ပြန်ဆုတ်လိုက်သည်။ ကျွော့ချင်းက သူမ ယဉ်ကျေးသင့်သည်ဟု တွေးကာ လို့ရှီးယန် အရင်ဝင်နိုင်ရန် စောင့်ဆိုင်းပေးလိုက်သည်။ .
"သခင်..." ကျင်းစက တခြားအရာတစ်ခုခုကို ပြောရန်ပြင်လိုက်သော်လည်း အဝေးမှ ချိုသာသော အမျိုးသမီးအသံတစ်ခု ရှင်းလင်းပြတ်သားစွာ ပေါ်လာခဲ့သည်။
"အစ်ကို!"
ပန်းရောင်စကတ်လေးဝတ်ဆင်ထားသည့် ကောင်မလေးက ကျောက်ဆောင်များ၏ နောက်ကွယ်မှ လိပ်ပြာလေးကဲ့သို့ ပြေးထွက်လာကာ တံခါးဝဆီသို့ တန်းတန်းမတ်မတ် ပြေးလာနေသည်။ ကျွော့ချင်းက ထိုမိန်းခလေး သူမ၏စကတ်ကို ပြန်နင်းမိပြီး မြေပြင်ပေါ်သို့ လဲကျသွားမည်ကို စိုးရိမ်နေခဲ့သော်လည်း သူမက ဘာမှ မဖြစ်ဘဲ လို့ရှီးယန်ထံသို့ လုံခြုံစွာ ပြေးလာနိုင်ခဲ့သည်။
လို့ရှီးယန်က ထိုအမျိုးသမီးလေးကို နူးညံ့စွာ ကြည့်နေရင်း တည်တည်ငြိမ်ငြိမ် ပြုံးနေကာ "မင်း ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ?"
"အစ်ကို့ကို စောင့်နေတာ" အမျိုးသမီးလေးက သူမ၏ခေါင်းကို မော့ထားပြီး သူမ၏နှုတ်ခမ်းနီရဲရဲလေးကို အနည်းငယ် စူထားကာ သူမ၏ခေါင်းမာပုံပေါ်သည့် မျက်လုံးလေးများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေလေသည်။ ခဏအကြာတွင် သူမက ဒေါသများ ရောထွေးနေသည့် အသံဖြင့် ဆူပူလိုက်သည်။
"အစ်ကိုကို့ ကြိုဆိုပါတယ်၊ မင်းသမီးချောင်ယွင်က အစ်ကို့ကို စောင့်နေတာကြာပြီ။ မေမေလေး(ဒုတိယအမေ)က အစ်ကို့ကို တံခါးဝမှာ စောင့်ဖို့ ကျွန်မကို တိုက်တွန်းခဲ့တယ်။ အစ်ကို ပြန်လာတာနဲ့ သူ(မ)တို့ ဧည့်ခံဖို့ ပင်မခန်းမဆောင်ကို လာခိုင်းတယ် ~ ဟင့်၊ အရိုးမရှိတဲ့သူ!"
မင်းသမီးတစ်ယောက်က ဘယ်လောက်ကောင်းနေလို့လဲ?! လို့မိသားစုက တစ်စုံတစ်ယောက်ကို ဒီလိုနှိမ့်ချတဲ့ပုံစံနဲ့ အစေခံဖို့ ဘယ်တုန်းက ကြုံခဲ့ဖူးလို့လဲ?! ရှက်စရာကောင်းလိုက်တာ!
လို့ရှီးယန်က လို့ရှီးဝူ၏အကြည့်များကို မြင်လိုက်သည်နှင့် သူမ ဘာဖြစ်နေသည်ကို သိနိုင်သည်။ သူက သူမပခုံးကို ပုတ်လိုက်ပြီး "မင်း ပါးစပ်ဟလိုက်တာနဲ့ ဘာလဲဆိုတာကို ငါ နားလည်တယ်၊ မင်း သွားအနားယူလို့ ရပြီ"
လို့ရှီးဝူက မကျေမနပ် ပြန်ထွက်ခွာသွားခဲ့သည်။ လို့ရှီးယန်က ကျင်းစကို လှမ်းကြည့်လိုက်ပြီး "ကျင်းစ၊ ကျိုက်ရှင်းအဆောင်ကို ရှင်းပြီး ချင်းသခင်မလေးဆီမှာ အစေခံဖို့ သင့်တော်တဲ့ ကောင်မလေးတချို့ကို ရှာပေးလိုက်၊ ပြီးတော့ ချင်းသခင်မလေးရဲ့ဒဏ်ရာတွေကို ကုသပေးဖို့ သမားတော်ကို ဆင့်ခေါ်လိုက်"
"ဟုတ်ကဲ့" ကျင်းစက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာက အနည်းငယ် မဲမှောင်သွားခဲ့သည်။
"ကျိုက်ရှင်းအဆောင်?" နောက်သို့ ပြန်လှည့်ကာ ထွက်ခွာနေပြီဖြစ်သော လို့ရှီးဝူက သူမခြေလှမ်းများကို ရပ်တန့်လိုက်သည်။
အဲဒါက သူမအစ်ကိုရဲ့ လန်ယွဲ့အဆောင်နဲ့ ကပ်လျက်အဆောင်ဖြစ်ပြီး အဲဒီကနေ ကြယ်တွေကို ကြည့်ရင် အရမ်းလှတယ်။ အဲ့ဒါကြောင့်လည်း ကျိုက်ရှင်းအဆောင်လို့ အမည်ပေးထားခဲ့တာလေ။ ဒါပေမယ့် သူမရ့အစ်ကိုက တိတ်တိတ်ဆိတ်ဆိတ် နေချင်တာကြောင့် အဲ့အဆောင်က အမြဲတမ်း လစ်လပ်နေတာလေ။ ဘယ်လိုလူကများ ကျိုက်ရှင်းအဆောင်မှာ နေရမှာလဲ?
(ခူးဆွတ်တယ်က “ကျိုက်”နဲ့ ကြယ်ရဲ့”ရှင်း”ပါတဲ့)
လို့ရှီးဝူက နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ရပ်နေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
လို့ရှီးဝူက "အစ်ကို၊ သူ(မ)က ဘယ်သူလဲ?"
လို့ရှီးယန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး "ဟောင်ယွဲ့ပြည်ထောင်က ချင်းသခင်မလေး"
"ချင်းဖုန့်?! သူ(မ)?!" လို့ရှီးဝူက ဘီလူးတစ်ကောင်ကို တွေ့လိုက်ရသလို ထခုန်လိုက်ပြီး အော်ဟစ်လိုက်သည်။
ဒီအမျိုးသမီးက ချင်းဖုန့် ဖြစ်နိုင်ပါ့မလား?! သူမက ရှုပ်ယှက်ခတ်နေတဲ့ ဆံပင်တွေကို တစ်စုံတစ်ခုနဲ့ ပေါ့ပေါ့ပါးပါး ချည်နှောင်ထားပြီး သူမရဲ့ ညာဖက်ပါးပြင်မှာလည်း ကြောက်စရာကောင်းတဲ့ အမာရွတ်နှစ်ခု ရှိနေသေးတယ်။ ပြီးတော့ သူမတို့မိသားစုက အစေခံတွေတောင် မဝတ်ဆင်တဲ့ အစိမ်းရောင်ဝတ်စုံကိုလည်း ၀တ်ဆင်ထားသေးတယ်။
ဒီအမျိုးသမီးက ချင်းဖုန့် ဖြစ်နိုင်ပါ့မလား? အစ်ကိုက ငါ့ကို လာနောက်နေတာလား?!
လို့ရှီးဝူက ကျွော့ချင်းကို အထက်အောက်စုံဆန် ကြည့်လိုက်ပြီးမှ လှောင်ပြောင်သံဖြင့် "ဟောင်ယွဲ့ပြည်ထောင်က ဘာကိုဆိုလိုတာလဲ? သူတို့က ဒီလောက်ရုပ်ဆိုးတဲ့ သရဲတစ်ကောင်ကို ပို့လိုက်တာလား? ကောလဟာလတွေက တကယ်ကို မယုံနိုင်စရာပဲ? သူတို့က ချင်းမိသားစုရဲ့ညီအစ်မသုံးယောက်က အရမ်းလှတယ်လို့ ပြောကြတယ်လေ၊ သူတို့အားလုံးက ချစ်စရာကောင်းပြီး လှပတယ်တဲ့၊ အခု ဘာက ချစ်စရာကောင်းတာလဲ!"
ရုပ်ဆိုးတယ်လား?!
ကျွော့ချင်းက သူမ၏မနာကျင်တော့သည့် ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ရိုးသားစွာ ပြောရလျှင် သူမက ဤမျက်နှာကို ကောင်းကောင်းကြည့်ရန် အခွင့်အရေး မရှိခဲ့သော်လည်း ဤအရာက သူမကို လှုံ့ဆော်ပေးနိုင်မည်ဟု ထင်နေပါက ဤမိန်းကလေးက နုံအလွန်းသူ ဖြစ်နေလိမ့်မည်။
"ရှီးဝူ၊ မင်းကို ဒီလို စည်းမဲ့ကမ်းမဲ့ဖြစ်နေအောင် ဘယ်သူသင်ပေးတာလဲ?!"
လို့ရှီးယန်က သူ့အသံကို လျှော့ချလိုက်သောကြောင့် လို့ရှီးဝူက အနည်းငယ် ကြောက်ရွံ့သွားသော်လည်း ဤရုပ်ဆိုးသော မိန်းမက သူမအစ်ကို၏ မိန်းမဖြစ်လာမည်ဟု တွေးမိသောအခါ သူမ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
“ကျွန်မ ပြောတာက အမှန်ပဲ၊ သူ(မ)က နဂိုကထဲက .. "
"စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်"
အေးစက်စက်အသံတစ်ခု တိုးတိုးလေး ထွက်ပေါ်လာပြီး ကျွော့ချင်းက သူမလက်နှစ်ဖက်ကို သူမ၏ရင်ဘက်ရှေ့မှာ သေသေချာချာ ပိုက်ထားပြီး စိတ်မရှည်စွာပုံဖြင့် "ရှင်တို့ မောင်နှမတွေ ရှေးဟောင်းနှောင်းဖြစ် ပြောနေတာကို ကျွန်မ မကန့်ကွက်ပါဘူး၊ ဒါပေမယ့် ရှင် ကျွန်မကို ဧည့်ခန်းထဲကို အရင်ခေါ်သွားပေးနိုင်မလား? အဲ့တာဆို ကျွန်မ အရမ်းပျော်မိမှာပါ၊ အခု ကျွန်မ အရမ်း အိပ်ငိုက်နေပြီ၊ ကျွန်မရဲ့ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ရပါတယ်"
လို့ရှီးယန်က ခဏတာမျှ အံအားသင့်သွားပြီး ခပ်ဖျော့ဖျာ့ ပြုံးလိုက်ပြန်သည်။ အမျိုးသမီးတိုင်းက သူမတို့၏မျက်နှာကို တန်ဖိုးထားသော်လည်း သူမကတော့ လုံးဝ ဂရုမစိုက်ပေ။ ချောင်ယွမ်မင်းသမီး ရောက်နေသည့် သတင်းကို ကြားလိုက်ရသောကြောင့် အနည်းငယ် ပျက်စီးသွားသည့် စိတ်အခြေအနေက ပြန်ကောင်းလာခဲ့သည်။
"ကျင်းစ၊ ချင်းသခင်မလေးကို အနားယူဖို့ လိုက်ပို့ပေးလိုက်ပါ"
"ချင်းသခင်မလေး... ကျေးဇူးပြုပြီး ဒီလမ်းပါ"
ကျွော့ချင်းက သူတို့ကို ပြုံးပြလိုက်ပြီး "ရှင်တို့ ဆက်ပြောလို့ရပါပြီ"
"နင်!"
ဒီအမျိုးသမီးက သူမကို လုံးဝ အလေးအနက် မထားဘူး!
လို့ရှီးဝူတစ်ယောက် ဒေါသထွက်လွန်းသောကြောင့် သူမ၏မျက်လုံးများပင် ပြူးထွက်လုနီးပါး ဖြစ်လာရသည်။
ကျွော့ချင်းက သူမကို လုံးဝလျစ်လျူရှုထားပြီး လို့ရှီးဝူကို ကျော်ဖြတ်ကာ အတွင်းခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။ လို့ရှီးယန်က ပြုံးပြီး အခြားဘက်သို့ လှည့်ကာ ပင်မခန်းမဆောင်ဆီသို့ လျှောက်သွားခဲ့သည်။
"ဟေး" လို့ရှီးဝူကတော့ ဘယ်ဘက်ကိုကြည့်လိုက် ညာဖက်ကိုကြည့်လိုက်ဖြင့် ဒေါသတကြီး ခုန်ပေါက်ကာ ကျန်ရစ်နေခဲ့သည်။
သူမရဲ့အစ်ကိုက ဒီရုပ်ဆိုးတဲ့မိန်းမကို မျက်နှာသာပေးနေတာ ထင်ရှားနေတာပဲ။
သူမ ဒီလိုအရှုံးမပေးနိုင်ဘူး! ဟွန်း!