အခန်း (၂၀-၂၂)
Vol. 2 Ch. 20-22
အခန်း ၂၀ ချောင်ယွမ်မင်းသမီး
ညနေခင်း၏ အလှဆုံးအချိန်လေးတွင် ရွှေရောင်အလင်းတန်းများက တိမ်များကို ထိုးဖောက်ဝင်ရောက်ကာ အပြာရောင်ကောင်းကင်ကြီးကို အနီရောင်ဆေးဆိုးပေးထားပြီး တောက်ပနေစေသည်။ ဥယျာဉ်၏ရနံ့နှင့် ကျောက်ဆောင်များ၏ ရနံ့များအပြင် တောက်ပနေသော အပြုံးလေးများလည်း ရှိနေခဲ့သည်။ လို့ရှီးယန်က ပင်မခန်းမဆောင်၏အပြင်ဘက် ဝင်းတံခါးဆီသို့ လျှောက်လာရင်း ခဏရပ်လိုက်ကာ အသံတိုးတိုးဖြင့် "မော့ပိုင်၊ သူ(မ)ကို စောင့်ကြည့်ထား"
သူမရဲ့ စရိုက်လက္ခဏာတွေ စိတ်အခြေအနေတွေနဲ့ဆိုရင် သူမက ဝန်ကြီးချုပ်ရဲ့အိမ်တော်မှာ နာခံမှုရှိရှိနဲ့ ကြာကြာနေနိုင်မှာ မဟုတ်ဘူး။ သူမနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက များပြားလွန်းနေပြီး အဲ့တာတွေကို အဖြေရှာမရမချင်း သူက သူမကို သူရဲ့ထိန်းချုပ်မှုအောက်ကနေ ဘယ်တော့မှ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး။
"ဟုတ်ကဲ့"
ထိုသို့ပြောပြီးသည်နှင့် မော့ပိုင်က ကျောက်တောင်တုများကြားထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။ သက်ရှိလူသားတစ်ယောက်က သူ့မျက်လုံးရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားလျှင် မြင်ရသူတိုင်းက ကြောက်လန့်သွားကြမည် ဖြစ်သော်လည်း လို့ရှီးယန်ကတော့ ကျင့်သားရနေပြီ ဖြစ်သည်။ သူက သူ့၏အဝတ်အစားများကို အနည်းငယ် သပ်ရပ်အောင် ပြန်ပြင်လိုက်ပြီး သူ့၏နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်တင်လိုက်သေးသည်။ သူ၏ မျက်လုံးများထဲတွင် ရယ်မြူးရိပ်များ ပြည့်နှက်နေသော်လည်း ပင်မခန်းမဆောင်၏ခြံဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ထိုအပြုံးရိပ်များကို မတွေ့ရတော့ပေ။
လို့ရှီးယန်က ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်ပြီး ပင်မထိုင်ခုံတွင် ထိုင်နေသည့် ယန်းရူရွှယ်က သူ့ကို တစ်ချက်လှမ်းကြည့်သည်ကို သူ မြင်လိုက်ရသည်။ နေရောင်က သူ့အနောက်မှ ထွန်းလင်းနေသောကြောင့် သူက ရွှေရောင်အလင်းတန်းထဲတွင် လျှောက်လှမ်းနေသလို ဖြစ်နေလေသည်။ အဖြူရောင်ကျောက်စိမ်းသရဖူ၊ အနီရင့်ရင့်အရောင်နှင့် ခရမ်းရောင်များ ရောစပ်ပါဝင်နေသော ရွှေရောင်ဝတ်ရုံက သူ့ကို ပို၍ ကြီးကျယ်ခမ်းနားစေကာ ချောမောနေစေသည်။ အထူးသဖြင့် သူ့နှုတ်ခမ်းထောင့်မှ အပြုံးက မပျက်မယွင်း ရှိနေပြီး ငှက်မွှေးလေးလို ပေါ့ပါးနေကာ နွေးနွေးထွေးထွေး ပြန်ပျောက်ကွယ်သွားပုံက မြင်လိုက်သူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေနိုင်သည်။
လို့ရှီးယန်က အခန်းထဲသို့ မ၀င်ခင်မှာပင် ယန်းရူရွှယ်က ဖြည်းညှင်းစွာ မတ်တပ်ထရပ်လာပြီး သူ ဝင်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။ သူမ၏ရွှေရောင်ဖျော့ဖျော့ဝတ်စုံက သူမ၏လှုပ်ရှားမှုနှင့်အတူ အနည်းငယ် လှုပ်ခတ်သွားကာ သူမ၏ဖြောင့်ဆင်းနေသောဆံပင် အနည်းငယ်ကလည်း လှုပ်ခါသွားခဲ့သည်။ သူမက ထိုနေရာတွင် ငြိမ်သက်အေးချမ်းစွာ ရပ်နေခဲ့ပြီး သူမ၏ ဂုဏ်သိက္ခာရှိသည့် စိတ်နေစိတ်ထားနှင့် သူမ၏လှပသော မျက်နှာလေးက မည်သူ့ကိုမဆို စွဲဆောင်သွားစေရန် လုံလောက်နေခဲ့သည်။
ယန်းရူရွှယ်က ရုတ်တရက် ထရပ်လိုက်သောကြောင့် ရွှယ်ရှန်းရှင်းကလည်း အမြန် ထရပ်လိုက်သည်။ သူမက ယန်းရူရွှယ်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ လို့ရှီးယန် ဖြည်းဖြည်းချင်း ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူမက သိသိသာသာ ပြုံးလိုက်ကာ လို့ရှီးယန် ခန်းမဆောင်ထဲသို့ရောက်လာရန်ပင် မစောင့်နိုင်တော့ပဲ "ရှီးယန်... မင်း ပြန်ရောက်ပြီလား? ချောင်ယွမ်မင်းသမီးက မင်းကို စောင့်နေတာကြာပြီ"
လို့ရှီးယန်က ရွှယ်ရှန်းရှင်းကို ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး ယန်းရူရွှယ်ဆီသို့ မျက်နှာမူကာ သူ့လက်နှစ်ဘက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ လာက်သီးအုပ်လိုက်ပြီး "မင်းသမီးလေးကို နှုတ်ခွန်းဆက်သပါတယ်"
ယန်းရူရွှယ်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အလောတကြီးဖြင့် "အစ်ကိုယန်... ယဉ်ကျေးနေစရာ မလိုပါဘူး"
ရွှယ်ရှန်းရှင်းက တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။
ချောင်ယွမ်မင်းသမီးရဲ့ နှလုံးသားက ရှီးယန်ကြောင့် ချည်နှောင်ထားခံရပြီးပြီ။ ချင် နဲ့ ကျင်း ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မယ်ဆိုရင် လို့မိသားစုက တိုင်းပြည်ကို အုပ်ချုပ်ပြီး ကမ္ဘာကို လက်တစ်ဖက်တည်းနဲ့ အုပ်စိုးနိုင်လိမ့်မယ်။
ရွှယ်ရှန်းရှင်းက သူမ၏စိတ်ထဲတွင် စိတ်ကူးယဉ်နေရင်း မတ်တပ်ထရပ်ကာ "မင်းတို့ စကားစမြည် ပြောကြဦး၊ ဒီညအတွက် ညစာကို ဘယ်လိုပြင်ဆင်ထားလဲလို့ဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်"
ရွှယ်ရှန်းရှင်းက ကျေနပ်စွာ ထွက်ခွာသွားခဲ့သည်။ ယန်းရူရွှယ်က လို့ရှီးယန်၏ အနည်းငယ် မြှင့်တက်လာသော မျက်ခုံးများကို ကြည့်လိုက်ပြီး သူမ၏မျက်နှာက အနည်းငယ် နီရဲလာသည်။ သူမက ဘေးရှိ ဆေးဖက်ဝင်ပစ္စည်းများကို လျင်မြန်စွာ ညွှန်ပြလိုက်ပြီး အသံတိုးတိုးလေးဖြင့် "အခုက နွေဦးဆိုပေမယ့် ရွှယ်အာက အစ်ကိုယန်ရဲ့ရောဂါ ပြန်မသက်သာမှာကို စိုးရိမ်နေတာ၊ အဲ့တာကြောင့် အစ်ကို့အတွက် ဆေးတွေ လာပို့တာပါ၊ ဒီဆေးကို မယ်တော်က နာမည်ကြီးသမားတော်တွေက ပြင်ဆင်ထားတယ်လို့ ပြောတယ်၊ အစ်ကို့ရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရမယ်၊ အလုပ်တွေ အလွန်မကျွံ မလုပ်ပါနဲ့၊ အစ်ကိုယန်က ပြန်သက်သာလာပေမယ့် ညီလာခံကို မလာနိုင်သေးလို့ ရွှယ်အာ စိတ်ပူနေမိတာပါ”
လို့ရှီးယန်က စားပွဲပေါ်က ဆေးအိတ်ကို ငုံ့ကြည့်ပြီး အပြုံးကြီးကြီး ပြုံးပြလိုက်ကာ "မယ်တော်ကြီးနဲ့ မင်းသမီးကို ကျေးဇူးတင်ပါတယ်၊ မင်းသမီးတို့ရဲ့ ကြင်နာမှုအတွက် ဒီလူက ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်လိုက်ပါ့မယ်"
သူက သူမကို မင်းသမီးလို့ခေါ်ပြီး သူ့ကိုယ်သူ ဒီလူလို့ သုံးနေတာလား?! သူမက နှစ်ပေါင်းများစွာ သူ့နောက်ကို လိုက်နေခဲ့တာကို သူက ဘာမှ မခံစားရဘူးလား?! အစ်ကိုတော်ဧကရာဇ်က သူ့ကို ထူးထူးခြားခြား တုနှိုင်းမဲ့တဲ့ အလှလေးတစ်ယောက် ဆုချခဲ့ကြောင်း သူမ သိထားပြီးပြီ။ အဲ့တာကြောင့် နောင်ဆိုရင် သူက သူမကို ပိုပြီး မထီမဲ့မြင် ပြုလာလိမ့်မယ်။
ယန်းရူရွှယ်က သူမ၏နှလုံးသားက အနည်းငယ် နာကျင်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏အင်္ကျီလက်ဝကျယ်ထဲတွင် ဝှက်ထားသော လက်များကို တင်းကျပ်စွာ လက်သီးဆုပ်ထားလိုက်သည်။ ယန်းရူရွှယ်က မျှော်လင့်ချက် အပြည့်ဖြင့် လို့ရှီးယန်ကို စိုက်ကြည့်ကာ အသံတိုးတိုးလေးဖြင့် "နောက်လ ဆယ့်ငါးရက်နေ့မှာ မြောက်ပိုင်းချီက သံတမန်တွေ ချုံယွဲ့ကို ဂါရဝပြုဖို့ လာကြမယ်၊ အဲ့နေ့က ရွှယ်အာရဲ့ဆယ့်ခြောက်နှစ်မြောက် မွေးနေ့ဆိုတာကို မယ်တော်နဲ့ အစ်ကိုတော်ဧကရာဇ်က သေချာပေါက် မမှတ်မိလောက်ဘူး။ အစ်ကိုယန် နန်းတော်ထဲသို့ ဝင်ရင် ရွှယ်အာကို လာတွေ့နိုင်မလား?”
သူမ၏ တောင့်တသောအကြည့်ကို ရင်ဆိုင်နေရသော လို့ရှီးယန်က သူမကို တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။
"မင်းသမီးက ဒါကို စိတ်မပူပါနဲ့၊ ဧကရာဇ်နဲ့ မယ်တော်ကြီးက မင်းသမီးရဲ့မွေးနေ့ကို မေ့မှာ မဟုတ်ပါဘူး"
"ဒါဆို အစ်ကိုယန်က ရွှယ်အာ့ကို တွေ့ဖို့ ချင်းရွှယ်နန်းတော်ကို လာမှာလား?"
တခြားသူတွေမှတ်မိ မမှတ်မိကို သူမ ဂရုမစိုက်ဘူး၊ သူ မှတ်မိရင် ရပြီ။
လို့ရှီးယန်က ခဏတုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ "သံတမန်က အလည်အပတ်လာမှာဆိုတော့ တာဝန်တွေနဲ့ အလုပ်ရှုပ်နေပြီး မလာနိုင်မှာကို စိုးရိမ်မိပါတယ်၊ လက်ဆောင်တွေကို ချင်းရွှယ်နန်းတော်ဆီ ပို့ပေးဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်ပါ့မယ်"
လက်ဆောင်တွေ... သူမက လက်ဆောင်အနည်းငယ်ရရင် အလွန်ပျော်ရွှင်နေသော ကလေးမလေး မဟုတ်တော့ဘူး။ သူက သူမရဲ့တောင်းဆိုမှုကို ထပ်ငြင်းလိုက် ပြန်ပြီ။ အခုတကြိမ် အငြင်းခံရတာက ငါးဆယ့်ခုနစ်ကြိမ်မြောက်ပဲ။
"နောက်ကျနေပြီ... ရွှယ်အာ အရင်ပြန်တော့မယ်" ယန်းရူရွှယ်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ဧည့်ခန်းမဆောင်ထဲမှ ပြန်ထွက်လာခဲ့သည်။
လို့ရှီးယန်က ဆက်ထိန်းမထားတော့ဘဲ သက်ပြင်းချလိုက်ပြီး "မင်းသမီးလေးကို လိုက်ပို့ပေးပါ့မယ်"
ရွှယ်အာက ကြင်နာတဲ့မိန်းကလေး ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုတွေနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် သူမှာတော့ သူမ အတွက်ပေးစရာ ဘာမှ မရှိဘူး။
"မလိုပါဘူး" သူမက သက်ပြင်းတိုတိုတစ်ချက် ချလိုက်ပြီး လို့ရှီးယန်ကို သူမနောက်မှ မလိုက်စေရန် တားဆီးလိုက်သည်။ အဝေးသို့ ကွေ့ဝင်သွားသော လှပသည့်ရုပ်သွင်ကို ကြည့်နေပြီးမှ လို့ရှီးယန်က နောက်ပြန်လှည့်လာကာ စားပွဲပေါ်ရှိ ဆေးအိတ်ပုံကြီးကို ကြည့်နေရင်း သူ့၏အေးစက်နေသည့် မျက်လုံးများက အေးစက်နေသော အလင်းရောင်များ ဖြာထွက်လာခဲ့သည်။ သူ၏ မူလပေါ့ပါးခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းများက ချက်ချင်း ပျောက်ကွယ်သွားသည်။
…
ညက မှင်ရောင်နှင့်တူနေပြီး အပြင်ဘက်တွင် မည်းမှောင်နေသည်။ အတွင်းပိုင်း၌ ဖယောင်းတိုင်မှ မှိန်ပျပျအလင်းရောင်က ထူထဲသော ခုတင်ကန့်လန့်ကာကို ဖြတ်ကာ အတွင်းသို့ ဝင်ရောက်လာလေသည်။ ကျွော့ချင်းက သူမ၏မျက်လုံးများကို ညင်သာစွာ ဖွင့်လိုက်ပြီး သူမ မြင်သမျှအရာအားလုံးက ကန့်လန့်ကာပိတ်စများသာ ဖြစ်နေခဲ့သည်။ ကျွော့ချင်းက ခဏတာမျှ မှင်တက်နေခဲ့သော်လည်း မကြာမီ သူမ ရောက်နေသည့်နေရာကို သတိပြန်ရသွားခဲ့သည်။
ဝန်ကြီးချုပ်အိမ်တော်က အမှန်တကယ်ကို ချွင်းချက် မရှိဘူးပဲ။ ခုတင်ကတောင် အဆင့်မြင့်နေပြီး နွေးထွေးလွန်းတယ်။ ဒါက သူမ ဒီကမ္ဘာပေါ်ကို ရောက်ပြီး အိပ်ခဲ့ဖူးသမျှထဲက အကောင်းဆုံး အိပ်စက်ခြင်းပဲ။
ကျွော့ချင်းက အကြောဆန့်လိုက်ပြီး ခုတင်ကန့်လန့်ကာကို ဖွင့်ကာ ခန်းဆီးအပြင်ဘက်သို့ ခြေဗလာဖြင့် ထွက်လာသွားခဲ့သည်။ ကြမ်းပြင်ကိုပင် နူးညံ့ပြီး သက်တောင့်သက်သာရှိသော ကော်ဇောထူထူ ဖုံးအုပ်ထားသည်။ ခန်းဆီးအပြင်ဘက်တွင် မဟော်ဂနီစားပွဲဝိုင်းတစ်ခုရှိနေပြီး ဘေးနားတွင် နူးညံ့ပျော့ပျောင်းအောင် ထိုင်ဖုံများခင်းထားသည့် ညောင်စောင်းတစ်ခု ရှိနေသည်။ ထိုညောင်စောင်း၏ဘေးတွင် လူတစ်ရပ်ခန့် အမြင့်ရှိသည့် ကြေးမုံမှန်တစ်ချပ် ရှိနေခဲ့သည်။
မှန်တစ်ချပ်ရှိတာ ကောင်းတယ်၊ နေ့စဉ်သုံးဖို့ သေချာတယ်လေ..
မှန်ရှေ့တွင် ရပ်နေသည့် ကျွော့ချင်းတစ်ယောက် နောက်ဆုံးမှ သူမ ရက်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့သည့် ခန္ဓာကိုယ်ကို သေချာကြည့်ရန် အခွင့်အရေး ရလာခဲ့သည်။
သူမတွင် မိုးမခပုံသဏ္ဍာန် မျက်ခုံးမွှေးများ၊ မြင့်မားသော နှာတံနှင့် ပြီးပြည့်စုံသော ဘဲဥပုံမျက်နှာလေး ရှိနေခဲ့သည်။ ကျွော့ချင်း အကြိုက်ဆုံးက သူမ၏မျက်လုံးများဖြစ်ပြီး အလွန်ကြီးမားခြင်း မရှိသော်လည်း ကြည်လင်ပြတ်သားသော စမ်းရေနှစ်ပေါက်ကဲ့သို့ ကြည်လင်နေပြီး သူမ၏နှုတ်ခမ်းများက စိုစွတ်နေကာ အနည်းငယ်လှန်ထားသည့်ပုံစံဖြစ်သည်။
ခေတ်မီသတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ ကျွော့ချင်းက ကြီးကြီးငယ်ငယ်မရေတွက်နိုင်သော ထင်ရှားကျော်ကြားသူများနှင့် မရေမတွက်နိုင်သော အလှအပများကို တွေးဖူးခဲ့သည်။ ဤအမျိုးသမီး၏ အသွင်အပြင်ကတော့ ရှားပါးလွန်းလှသည်။ သူမက ကောင်းစွာပြင်ဆင်ထားလျှင် အံ့မခန်းဖြစ်နေမှာ သေချာနေပေသည်။ သူမ၏ညာဘက်ပါးပြင်မှ မျဉ်းပြိင်နှစ်ကြောင်းကဲ့သို့ ဖြစ်နေသည့် အမာရွတ်ကတော့ သူမ၏အလှအပအချို့ကို ဖျက်ဆီးပစ်နေခဲ့သည်။ နောက်ဆုံးတွင် သူမက ယခု ဤခန္ဓာကိုယ်ကို အသုံးပြုနေရပြီ ဖြစ်သည်။ ကျွော့ချင်းက ဤမျက်နှာကို ရုပ်ဆိုးသည်ဟု မတွေးမိသည်က စိတ်မကောင်းစရာဟု ပြောရတော့မည်ပင်။ ဤမျက်နှာက အံ့သြစရာကောင်းလောက်အောင် ငယ်ရွယ်ပြီး အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးသည်။
သူမ၏ ခြေသလုံးသို့ ရောက်ရှိလာသော အနက်ရောင်ဆံပင်ကို အသာအယာ ငုံကြည့်မိလိုက်ချိန်တွင် ကျွော့ချင်းတစ်ယောက် မပြုံးချင်ပြုံးချင် ပြုံးလိုက်မိပြန်သည်။ သူမက အင်္ကျီကော်လာကို ဖြည်းညှင်းစွာ ဖယ်လိုက်ပြီး အောက်ကိုငုံ့ကြည့်ကာ "ဟေး အချစ်လေးရေ၊ ဒီကလေးက ဒီလိုကြီးပြင်းလာဖို့အတွက် ဘာတွေ စားခဲ့တာလဲ? သူ(မ)က အနည်းဆုံး 34D အရွယ် ရှိတယ်။ သူ(မ)ရဲ့ ဖွံ့ဖြိုးမှုက အရမ်းကောင်းနေတာလား?"
(T/N: ရင်သားဆိုဒ်ထင်တာပဲ၊ သေချာတော့သိဘူး)
ကျွော့ချင်းက သူမဘာသာတစ်ယောက်ထဲ တွေးနေပြီး အံ့အားသင့်နေခဲ့သည်။ ထိုအချိန်တွင် အဆောင်၏တစ်ဖက်ခြမ်းရှိ ဖွင့်ထားသော ပြတင်းပေါက်တစ်ဝိုက်မှ အနည်းငယ် မှိန်ဖျော့နေသော မီးရောင်အချို့ ပေါ်လာသည်။ သူမ လှမ်းကြည့်လိုက်ချိန်တွင် သူမ၏ခြံဝင်းက အခြားခြံဝင်းနှင့် အနည်းငယ်သာ ခြားထားသည်ကို တွေ့လိုက်ရသည်။ ရေကန်ဘေးတွင် ယှဥ်လျက်ဆောက်ထားပြီး အချင်းချင်း အနည်းငယ်သာ ကွာဝေးသည်။ ဘေးခြံတွင် ဘာဖြစ်နေသည်ကို သူမ မသိနိုင်သော်လည်း အိမ်အပြင်ဘက်တွင် လူတစ်ဒါဇင်ကျော်စုဝေးနေပြီး မီးရောင်ကလည်း တောက်ပနေလေသည်။
သူမက အိပ်ယာမဝင်ခင် အစေခံများကို မောင်းထုတ်ထားခဲ့သည်။ ယခု သူမ ဗိုက်ဆာနေသောကြောင့် ပထမဆုံး ဖြစ်ပျက်နေသည့်အရာများကို စူးစမ်းချင်နေပြီး ဒုတိယအနေဖြင့် စားရန် တစ်ခုခု ရှာချင်နေခဲ့သည်။ ကျွော့ချင်းက တံခါးကို ဖွင့်လိုက်ပြီး ဆန့်ကျင်ဘက်မှ သုံးထပ်အဆောက်အဦးဆီသို့ လျှောက်သွားလိုက်သည်။
သိပ်မဝေးလှသော်လည်း ရေကန်ပေါ်မှ ကွေ့ကောက်ရှည်လျားသည့် တံတားက ကျွော့ချင်းကို စိတ်ဆင်းရဲစေခဲ့သည်။ နောက်ဆုံးတွင် သူမ ထိုအဆောက်အဦးဆီသို့ ရောက်သွားခဲ့ပြီး အားလုံးက အဆောက်အဦး၏ အတွင်းခန်းဆီကို စိုးရိမ်တကြီး စိုက်ကြည့်နေရင်း ထိုအဆောက်အဦး၏ရှေ့တွင် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ ကျွော့ချင်းအတွက်တော့ နေ့လည်ခင်းက သူမ တွေ့ခဲ့သော လို့ရှီးဝူကိုသာ ရင်းနှီးနေခဲ့သည်။
"မေးပါရစေ၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ?" အေးစက်စက် အမျိုးသမီးအသံက ငြိမ့်ညောင်းစွာ ထွက်ပေါ်လာပြီး မူလကတည်းက စိတ်တင်းကျပ်နေခဲ့သော လူတစ်စုကို ပို၍ထိတ်လန့်သွားစေခဲ့သည်။
လို့ရှီးဝူက လှည့်ကြည့်လိုက်ပြီး ကျွော့ချင်း ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်သွားချိန်တါင် "ရုပ်ဆိုးတဲ့မိန်းမ၊ ထွက်သွားစမ်း၊ ငါမှာ နင့်ကို ဂရုစိုက်ဖို့ အချိန် မရှိသေးဘူး"
ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ်ပင့်ကာ တုံ့ပြန်လိုက်သည်။
"ကောင်းပြီ၊ ငါ ဘာသာ သွားကြည့်မယ်"
ထိုသို့ပြောပြီးနောက် သူမက ရင်ကော့ပြီး အဆောက်အဦးဆီသို့ လျှောက်သွားတော့သည်။
သူမ... ရဲတင်းလွန်းတယ်!
လို့ရှီးဝူက ချက်ချင်း အသိပြန်ဝင်လာပြီး ရှေ့သို့ ပြေးထွက်လာကာ ကျွော့ချင်းရှေ့တွင် ပိတ်ဆို့ရပ်တန့်လိုက်ပြီး "နင့်ကို ဝင်ခွင့်မပြုဘူး။ ငါ့အစ်ကိုရဲ့ ရောဂါဟောင်းက ပြန်ထလာလို့ တော်ဝင်သမားတော်က သူ့ကို ကုသပေးနေတယ်၊ နင် ဝင်သွားလို့မရဘူး၊ မနှောင့်ယှက်နဲ့!"
ကျွော့ချင်းက လို့ရှီးဝူကို သူမကို တားရန် ရောက်လာမည်ကို ခန့်မှန်းထားခဲ့သော်လည်း လို့ရှီးယန် နေမကောင်းဖြစ်နေသည်ကို ကြားလိုက်ရသောကြောင့် သူမလည်း အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး "ဘာရောဂါလဲ?"
နေ့လည်ခင်းတုန်းက သူမကို ဆွဲကိုင်လိုက်တဲ့ သူရဲ့ခွန်အားက အရမ်းကို သန်မာနေလွန်းတယ်၊ သူ့မျက်နှာမှာ အသက်ရှုမဝတာတွေ ဘာတွေဖြစ်မနေဘဲ ပုံမှန်လိုပါပဲ၊ နေမကောင်းဖြစ်နေပုံ မရပါဘူး။
ဘန်း....
ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ခုကို ရိုက်ချိုးခံရသည့်အသံ ဖြစ်နိုင်သည်။ ထိုနောက် တင်းမာသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ထွက်သွား!
ကျွော့ချင်းပင်လျှင် ထိတ်လန့်သွားရသည်။
ဒါက... လို့ရှီးယန်ရဲ့ အသံလေ...
လို့ရှီးဝူ၏မျက်နှာက ချက်ချင်း ဖြူဖျော့လာပြီး သူမ၏ အာရုံကြောများပင် တုန်ခါလာသလို ခံစားနေရသည်။
သူမလည်း ဟန်ဆောင်နေပုံ မပေါ်ဘူး။ လို့ရှီးယန်က တကယ် နေမကောင်းဖြစ်နေလို့လား? အဲ့ဒီနူးညံ့သိမ်မွေ့တဲ့လူက တခြားသူတွေရှေ့မှာ သူ့ရဲ့နူးညံ့သိမ်မွေ့မှုတွေ ပျောက်သွားရလောက်အောင် ဘယ်ရောဂါက သူ့ကို ရူးအောင်လုပ်နေတာလဲ?!
ကျွော့ချင်းတစ်ယောက် အံ့သြနေစဥ်မှာပင် အဆောက်အဦး၏တံခါးက ရုတ်တရက်ပွင့်လာပြီး...
အခန်း ၂၁ အပြန်အလှန်ထိုးနှက်ချက်
ကျွော့ချင်းတစ်ယောက် အံ့သြနေစဥ်မှာပင် အဆောက်အဦး၏တံခါးက ရုတ်တရက်ပွင့်လာပြီး...
တံခါးအတွင်းမှ မော့ပိုင်၏အရပ်ရှည်သော အသွင်အပြင် ပေါ်လာပြီး သူ့မျက်နှာက ဘာမှမထူးခြားသလို အေးစက်နေသည်။ သူက အသက်သုံးဆယ်ကျော် အရွယ်အမျိုးသမီးတစ်ယောက်ကို အပြင်ထွက်ရန် တောင်းဆိုနေခဲ့သည်။ အမျိုးသမီးက တုံ့ဆိုင်းနေသော အကြည့်ဖြင့် မကြာခဏ နောက်သို့ လှည့်ကြည့်နေသည်။ မော့ပိုင်၏ ထူထဲသော ပုခုံးများက သူမ၏ အမြင်အာရုံ ပိတ်ဆို့ထားသည်။ သူမ၏နောက်တွင် အစိမ်းရောင်အဝတ်အစားကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးက စိုးရိမ်သောကဖြစ်နေသော မျက်နှာဖြင့် အဆောက်အဦးအတွင်းမှ ထွက်လာခဲ့ပြီး တံခါးက တင်းတင်းကျပ်ကျပ် ပြန်ပိတ်သွားခဲ့သည်။
အဘိုးကြီး ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် လို့ရှီးဝူက သူ့ကို ချက်ချင်း နှုတ်ဆက်လိုက်ပြီး "ရန်သမားတော်၊ ငါ့အစ်ကို အဆင်ပြေရဲ့လား?"
သမားတော်ရန်က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်ကာ “ဝန်ကြီးချုပ်ရဲ့ ရောဂါဟောင်းက အရင်နှစ်တွေကထက် စောပြီး ပြန်ဖြစ်လာတယ်၊ ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ပိုပြီး ပြင်းထန်လာတယ်။ ကျွန်တော်တောင် ဘာမှ မတက်နိုင်တော့ဘူး။ အခု ဝန်ကြီးချုပ်ကို သူ သုံးနေကျဆေးကို ပေးခဲ့တယ်။ အရင်နှစ်တွေက ပိုပြင်းထန်တာကြောင့် တခြားတော်ဝင်သမားတော်တွေနဲ့ တိုင်ပင်ရမှာပါ၊ ခနတော့ စောင့်ပေးပါ၊ သေချာစဉ်းစားပြီးမှ ဆေးအသစ်ကို ထပ်အသုံးပြုရပါမယ်”
သမားတော်ရန်၏စကားကို ကြားလိုက်ရချိန်တွင် ယခုန စိတ်အနှောက်အယှက်ဖြစ်နေပုံရသည့် အမျိုးသမီးက "ကံကောင်းထောက်မစွာနဲ့ပဲ မင်းသမီးလေး ဒီနေ့ ဆေးထပ်ပို့ပေးထားတယ်၊ တစ်ယောက်ယောက်လာစမ်း၊ မြန်မြန်ဆေးထပ်ကျိုပြီး ယူလာခဲ့ကြ!"
“ဟုတ်ကဲ့” အနားတွင်ရပ်နေသော အစေခံက အလျင်စလို ပြန်ဖြေပြီး ခြံဝင်းထဲမှ အမြန်ထွက်သွားသည်။
သမားတော်ရန်က နောက်သို့ပြန်လှည့်လိုက်ပြီး သူ့နောက်က လူငယ်နှစ်ယောက်ကို တိုးတိုးလေး ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် သမားတော်လျို၊ သမားတော်ဖူနဲ့ သမားတော်လီတို့ကို ဝန်ကြီးချုပ်အိမ်တော်တော်ဆီကို မြန်မြန်လာခိုင်းလိုက်!"
တကယ်လို့ လို့ရှီးယန်သာ မတော်တဆ ပျောက်ကွယ်သွားခဲ့ရင် ဧကရာဇ်က ဒေါသထွက်သွားပြီး သူတို့ကအတူတူ မြှုပ်နှံခံရမယ့်သူတွေ ဖြစ်လာကာလိမ့်မယ်။
"ဟုတ်ကဲ့" လူငယ်လေးက ကြက်သွန်မြိတ်ကဲ့သို့ ခေါင်းညိတ်ပြလိုက်ပြီး အမြန်ပြေးထွက်ခါနီးတွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ "ဆေးအကူ နှစ်ယောက်က ကူညီဖို့ ဒီမှာ နေခဲ့။ မြန်မြန်သွားခေါ်နိုင်ဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးမယ်"
သမားတော်ရန် မော့ကြည့်လိုက်ချိန်တွင် စကားပြောလိုက်သူက ဝန်ကြီးချုပ်အိမ်တော်၏ အိမ်တော်ထိန်းကျင်းစ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဝန်ကြီးချုပ်အိမ်တော်က အစေခံမိန်းကလေးကပင် သတ္တမအဆင့် အရာရှိထက် အဆင့်ပိုမြင့်သည်ဟု လူအများကြားတွင် ပြောဆိုနေကြပြီး အခြားတစ်ဖက်က ဝန်ကြီးချုပ်အိမ်တော်၏ အိမ်တော်ထိန်းလည်း ဖြစ်နေသေးသည်။ သမားတော်ရန်က သူ့လက်နှစ်ဘက်ကို လက်ခုပ်အုပ်ကာ ရိုကျိုးစွာ ဦးညွှတ်လိုက်ပြီး "ဒါဆို ငါက ကျင်းလူကြီးမင်းကိုပဲ အနှောင့်အယှက် ပေးရတော့မှာပေါ့"
ကျင်းစက အနည်းငယ် ခေါင်းပြန်ညိတ်ပြပြီး သူ့နောက်မှ မီးခိုးရောင်အဝတ်အစားဝတ်ထားသည့် လူတစ်ယောက်ကို စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်ပြီး ထိူလူက ခြံအပြင်သို့ အမြန်ထွက်သွားတော့သည်။
အခန်းထဲတွင် ပြင်းထန်သော အသက်ရှုသံများကို ရံဖန်ရံခါ ကြားနေရပြီး လို့ရှီးဝူက သူမ၏ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများဖြင့် အရှေ့သို့ စိုးရိမ်တကြီး စိုက်ကြည့်နေသည်။ သူမက သူမလက်ချောင်းများကို မသိစိတ်ဖြင့် လိမ်ဆွဲနေသောကြောင့် သူမ၏ နူးညံ့သော လက်ချောင်းများက နီရဲပြီး ရောင်ရမ်းနေသည်။ သို့သော် သူမက ဘာမှ မခံစားရသလိုပုံဖြင့် သူမမျက်လုံးများထဲမှ မျက်ရည်များ စီးကျလာပြီး တောင်းပန်သံတိုးတိုးဖြင့် "သမားတော်ရန်၊ ကျွန်မ အစ်ကို့ကို သွားတွေ့ချင်တယ်"
"ဒါ..." သမားတော်ရန်က ခဏတုံ့ဆိုင်းသွားသည်။
သူ့ဘေးနားတွင် ရပ်နေသည့် အမျိုးသမီးက စိတ်မရှည်စွာဖြင့် "ရှီးယန်က အခု မသက်မသာဖြစ်နေတယ်။ နင်က ဘာသွားလုပ်မှာလဲ? နင် သူ့ကို မကူညီနိုင်ဘူး၊ နင် ဝင်သွားရင် လမ်းပိတ်နေတာပဲ ရှိလိမ့်မယ်"
လို့ရှီးဝူက သူမကို မယုံနိုင်စွာ ပြန်စိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် "ရှင်ကတော့ ထပ်ဝင်လို့ရတယ်ပေါ့!"
ထိုအမျိုးသမီးက သူမ၏ခေါင်းကို အနည်းငယ်မော့ကာ မောက်မာသည့်အကြည့်များဖြင့် ပြန်ပြောလာခဲ့သည်။
"ငါက နင့်နဲ့တူလို့လား? ငါက ရှီးယန်ရဲ့အမေလေ။ ငါ့အနားမှာ ရှိနေတာက သူ့ကို ပိုပြီး သက်တောင့်သက်သာရှိစေမှာပါ"
အမေ!?
စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသော ကျွော့ချင်းတစ်ယောက် အလွန်ထိတ်လန့်သွားပြီး သူမမျက်လုံးများက မြေပြင်ပေါ်သို့ ထွက်ကျလုနီးပါးဖြစ်သွားသည်။
ရန်စွယ်တငေါ့ငေါ့နဲ့ ယုတ်ညံ့ပုံရပြီး အပျော်မက်ပုံပေါ်နေတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အမျိုးသမီးက သူ့အမေ ဖြစ်နိုင်ပါ့မလား?
သူမ မထင်မှတ်သောကိစ္စကြောင့် ကျွော့ချင်း တွေးတောနေချိန်မှာပင် လို့ရှီးဝူက သည်းမခံနိုင်တော့ပုံဖြင့် "မေမေလေး၊ ကျွန်မက အစ်ကို့ရဲ့ညီမအရင်းပါ၊ သူ ဘေးကင်းဖို့ သူ့အနားမှာရှိနေရမယ့်သူက ရှင် မဟုတ်ဘဲ ညီမဖြစ်တဲ့ ကျွန်မပဲ၊ ရှင်က အပြင်လူ!"
ရွှယ်ရှန်းရှင်း၏မျက်နှာက ချက်ချင်းနီရဲသွားသည်။ အစေခံမိန်းကလေးများနှင့် ကျွန်အုပ်စုတစ်စုက စောင့်ကြည့်နေကြသောကြောင့် ယနေ့ လို့ရှီးဝူကို မတွန်းလှန်နိုင်လျှင် သူမ အရှက်ရတော့မည်ဖြစ်သည်။ ရွှယ်ရှန်းရှင်းက ကျယ်လောင်စွာဖြင့် အေးစက်စက် ပြန်အော်ဟစ်လာခဲ့သည်။
"နင်က ပိုပိုပြီး ဒေါသကြီး လာတာပဲ။ ငါက ဒီမိသားစုရဲ့သခင်မပဲ၊ နင့်ကို ဝင်ခွင့်မပြုဘူးလို့ ငါကပြောရင် ဝင်ခွင့်မပြုဘူးပဲ!"
ပုံမှန်အားဖြင့် ရွှယ်ရှန်းရှင်း မောက်မာချင်လျှင်ပင် လို့ရှီဝူက ဂရုမစိုက်ခဲ့ပေ။ ယနေ့တွင် သူမ၏အစ်ကိုကိုပင် တွေ့ခွင့်မပေးတော့သောကြောင့် လို့ရှီးဝူက စိတ်ဆိုးသွားပြီး ခြံဝင်းထဲမှ အစေခံများကိုပင် ဂရုမစိုက်တော့ဘဲ ဆူပူကြိမ်းမောင်းတော့သည်။
"ရှင်က... ကိုယ်လုပ်တော်ပဲ၊ ကိုယ်လုပ်တော်ဆိုတာက မယားငယ်ပဲ၊ ဘာသခင်မလဲ၊ ရှင်က ဘာလို့ ကျွန်မကို ခွင့်မပြုတာလဲ"
အိုး! ကိုယ်လုပ်တော်သုံးယောက်နဲ့ မောင်းမလေးယောက်ရှိတဲ့ ဓလေ့က ဒီခေတ်ရဲ့ဖြစ်ရိုးဖြစ်စဥ်ဆိုတာကို ငါ မော့နေတာပဲ။ ဒီကိုယ်လုပ်တော်က အရမ်းမောက်မာလွန်းနေတာကြောင့် ငါ နားလည်မှုလွဲသွားတာ ဖြစ်နိုင်တယ်။
ကျွော့ချင်းက အနည်းငယ် သမ်းဝေလိုက်ပြီး အိပ်ငိုက်လာပြန်သည်။ သူမ၏ရှေ့တွင် ပြကွက်ကောင်းကောင်းလေးရှိနေသော်လည်း သူမက တကယ်ကို ဗိုက်ဆာနေပြီဖြစ်တာကြောင့် ကျွော့ချင်းက အရင်ဆုံး စားစရာတစ်ခုခုရှာရန် ဆုံးဖြတ်လိုက်သည်။
"ဖြန်း!"
ကျွော့ချင်း ခြေလှမ်းလှမ်းလိုက်သည်နှင့် ပြတ်သားသောအသံကို သူမ ကြားလိုက်ရသည်။ ကျွော့ချင်း အနည်းငယ် အံ့အားသင့်သွားပြီး သူမ၏နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ လို့ရှီးဝူက သူမ၏မျက်နှာကို လက်တစ်ဖက်ဖြင့်အုပ်ထားပြီး အံ့အားသင့်နေပုံရကာ အရှက်ရမှုများပြည့်နေသော သူမ၏မျက်လုံးများမှ မျက်ရည်များ တလိမ့်လိမ့်စီးကျလာသည်။ သူမနှင့် ဆန့်ကျင်ဘက်မှ တိုက်ခိုက်သူ၏လက်များကလည်း ပြင်းထန်စွာ တုန်ခါနေသည်။ သူမမျက်လုံးများတွင် စိတ်မသက်မသာဖြစ်နေသော အရိပ်အမြွက်များ ထွက်ပေါ်လာပြီး သူမအသံကတောင် တုန်ယင်နေသည်။ "သခင်ကြီးက အိမ်တော်နဲ့ တစ်နှစ်ပတ်လုံး ဝေးကွာနေခဲ့ပြီး ရှီးယန်က မင်းကို ဘယ်လောက် အလိုလိုက်ထားလဲ ငါ မသိဘူး၊ အစ်မကြီးက စောစောထွက်သွားတော့ ငါက ဒီမိသားစုရဲ့သခင်မပဲ၊ အခု မင်းကို ဘယ်သူမှ ဆုံးမရဲမှာ မဟုတ်ဘူးဆိုတော့ ငါက မင်းကို ဂရုစိုက်ပေးမယ်!"
ခြံဝင်းတစ်ခုလုံးတွင် မည်သူမျှ အသံမထွက်ဝံ့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေလေသည်။
အိုး~~
ပဋိပက္ခများ ပြင်းထန်လာခဲ့သော်လည်း ကျွော့ချင်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းက ထိုအရာကြောင့် မဟုတ်ပေ။ အေးစက်စက်မျက်လုံးဖြင့် လူတိုင်းကို အမြဲကြည့်လေ့ရှိသည့် အိမ်တော်ထိန်းကျင်း၏ဒေါသထွက်နေသော မျက်လုံးများက သူမကို စိတ်ဝင်စားမိစေခြင်း ဖြစ်သည်။ လို့ရှီးဝူ အရိုက်ခံလိုက်ရပြီးကတည်းက သူ့မျက်လုံးများက မီးတောက်လာပြီး တခြားလူကို မီးရှို့သတ်ရန်ပင် လုံလောက်နေလောက်ပြီ ဖြစ်သည်။
"ရှင် ကျွန်မကို ရိုက်ရဲတယ်!" တိုးတိမ်သည့် ဆူပူသံကို ထပ်ကြားလိုက်ရပြီး လို့ရှီးဝူက ရှေ့သို့ အမြန်ပြေးသွားကာ ရွှယ်ရှန်းရှင်း၏ဆံပင်များဆီသို့ လက်ဆန့်လိုက်ပြီး ကြုံရာနေရာကို ဆွဲချလိုက်တော့သည်။ ထို့နောက် သူမက ရွှယ်ရှန်းရှင်းကို တွန်းလှဲကာ သူမ၏အပေါ်သို့ အတင်းတက်ထိုင်လိုက်ပြီး လက်သီးဆုပ်များဖြင့် ရိုက်ပုတ်နေပြန်သည်။
"အား" စူးရှသောအော်သံများနှင့် အာမေဋိတ်များ ထွက်လာပြန်သည်။
"လာကြစမ်း၊ ဒီကိုလာကြ၊ ဒီအရူးကောင်မလေးကို ဖမ်းကြစမ်း၊ မင်းတို့လည်း ပုန်ကန်ချင်နေကြတာလား?"
ရွှယ်ရှန်းရှင်းက ဆိုးသွမ်းလွန်းသောကြောင့် ဖြစ်နိုင်သလို သူမ၏အစေခံများ အမှန်တကယ် ထိတ်လန့်နေခြင်းလည်း ဖြစ်နိုင်ပြီး မည်သူကမျှ တုတ်တုတ်ပင် မလှုပ်ခဲ့ကြပေ။ ခဏလောက်ကြာပြီးမှ သူတို့ သတိဝင်လာကြပုံရပြီး လို့ရှီးဝူကို ကူညီရန် ရှေ့သို့ တိုးလာကာ "သခင်မလေး၊ စိတ်လျော့ပါနော်!"
လူအုပ်၏ ပြန်ဆွဲခြင်းကို ခံနေရသော လို့ရှီးဝူက အလျော့ပေးရန် ဆန္ဒမရှိသေးပေ။ သူမက အနီးနားရှိလူများထံမှ ခွဲထုတ်မခံရမီ နောက်ထပ်အကြိမ်အနည်းငယ် ကန်ကျောက်နေခဲ့သည်။ ထို့နောက် သူမက သူမ၏ လက်နှစ်ဖက်ကို သူမ၏တင်ပါးပေါ်တင်ကာ ကျိန်ဆဲနေပြန်သည်။
“ရွှယ်ရှန်းရှင်း၊ နင်က ငါ့ကို ထိရဲရင် ငါက နင့်ကို အသဲကွဲအောင် ခွဲပစ်မယ်!"
အရမ်း စမတ်ကျလွန်းတယ်၊
ကျွော့ချင်းက လက်ခုပ်တီးမိလုနီးပါး ချီးကျူးနေမိသည်။
ဒီကောင်မလေးက ဒီလိုစရိုက်မျိုးရှိတယ်၊ ငါ သဘောကျတယ်လို့...
ဒါပေမယ့် လို့ရှီးယန်ကတော့ သည်းခံနိုင်လွန်းတယ်။ အပြင်မှာ လူတွေ သေလုနီးပါး ဖြစ်နေပြီ။ သူ ဖျားချင်ယောင်ဆောင်နေတယ်ဆိုရင် အနည်းဆုံးတော့ တစ်ခုခု ပြောသင့်တယ်၊ ဒါမှမဟုတ်... သူ တကယ်ဖျားနေတာလား?!
လျှို့ဝှက်စွာတွေးပြီးနောက် ကျွော့ချင်းက လို့ရှီးယန် ဘာလုပ်နေသည်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးတွင် ရွှယ်ရှန်းရှင်းက မတ်တပ်ထရပ်လိုက်ပြီး သူမဆံပင်များက ရှုပ်ပွနေကာ သူမ၏အဝတ်အစားများကလည်း ရွဲ့စောင်းနေပြီး သူမ၏လည်ပင်းပေါ်တွင် ရှိနေသည့် အနီရောင်တောက်တောက် အနီဖုဖောင်းဖောင်းလေးများက ယခုန တိုက်ပွဲ၏ ပြင်းထန်မှုကို ပြသနေသည်။
လို့ရှီးဝူ... ဒီအဘွားကြီးက နင့်ကို ကြောက်နေမယ်လို့ ထင်နေတာလား? ငါ ဒီနေ့ နင့်ကို သင်ခန်းစာ မပေးနိုင်ရင် ငါ့မျိုးရိုးအမည်က ရွှယ်မဟုတ်တော့ဘူး!
ရွှယ်ရှန်းရှင်းက အသက်ကိုပြင်းပြင်းရှူရင်း လို့ရှီးဝူကို မကြည့်တော့ဘဲ တစ်ဘက်သို့လှည့်ကာ ပြတ်ပြတ်သားသား ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
"ကျင်းစ"
ကျင်းစက သူ၏ မျက်လုံးများထဲမှ အေးစက်သော အလင်းရောင်ကို ဖုံးကွယ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ဒုတိယသခင်မ"
ရွှယ်ရှန်းရှင်းက ကျင်းစကို ကြည့်လိုက်ပြီး "လို့မိသားစုမှာ စည်းကမ်းတွေ မရှိတော့ဘူးလား? သမီးက အမေကို ရိုက်နိုင်တယ်လား? သခင်ကြီးက အိမ်တော်နဲ့ အမြဲဝေးနေပြီး ရှီးယန်ကလည်း အပြင်းဖျားနေတယ်၊ အခု အိမ်တော်ထိန်းကျင်းကို မေးပါရစေ၊ လို့မိသားစုက ဘိုးဘွားတွေရဲ့ သွန်သင်ချက်တွေအရ ဒီလို ပြစ်မှုတွေ ကျူးလွန်ပြီး စည်းကမ်းတွေကို မလေးစားတဲ့ ကလေးတွေက ဘာဖြစ်သွားမှာလဲ?”
ကျင်းစ၏အမူအရာက မပြောင်းလဲသွားသော်လည်း သူ့၏နှလုံးသားကတော့ တုန်လှုပ်သွားခဲ့သည်။ သူက ရွှယ်ရှန်းရှင်းကို သူ့နှလုံးသားထဲမှ မည်မျှပင် မုန်းတီးနေပါစေ သူမက သခင်ကြီး၏ဇနီးဖြစ်နေဆဲပင်။ မိန်းမငယ်လေးက ဤကဲ့သို့လုပ်ပါက ကျင့်ဝတ်အရ သူမ ကြိမ်ဒဏ်ငါးဆယ် အပြစ်ပေးခံရမည် ဖြစ်သည်။ ထို့အပြင် ဆယ်ရက်တိုင်တိုင် နံရံကို မျက်နှာမူပြီး ပြန်လည် သုံးသပ်ရပေလိမ့်မည်။
ကျင်းစက နှုတ်ဆိတ်နေပြီး ရွှယ်ရှန်းရှင်းကလည်း အလျင်စလို မဟုတ်ပေ။ သူ မည်မျှကြာအောင် နှုတ်ဆိတ်နေနိုင်မည်ကို သူမ သိချင်နေပုံရသည်။
လူတစ်ယောက်က တစ်ခုခုကို လုပ်ဆောင်ပြီး နောက်တစ်ယောက်က တာဝန်ယူရင် သူမကို အရိုက်ခံရနိုင်တယ်မလား? ဒါ အပြစ်ပေးရုံပဲ မဟုတ်လား?
ကျင်းစ အကျပ်ရိုက်နေသည်ကို သည်းမခံနိုင်တော့သည့် လို့ရှီးဝူက အံကြိတ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရွှင်မြူးနေပုံရသည့် အမျိုးသမီးအသံတစ်သံက တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။
“လို့ရှီးယန်က မသေသေးပါဘူး၊ ဒါပေမယ့် သူ သေနိုင်လောက်တဲ့အထိ ပြသနာ ရှာနေကြတယ်။ အားလုံးက အရမ်း စိတ်လှုပ်ရှားနေကြတယ်မလား? မိသားစုစည်းမျဥ်းတွေကို ဆွေးနွေးတဲ့အခါ ဝင်ပြီး ရန်ဖြစ်ကြတာ ပိုကောင်းတယ်လို့ ကျွန်မ ထင်တယ်၊ အနည်းဆုံးတော့ ပိုအသက်ဝင်လာလိမ့်မယ်"
လူတိုင်း အသက်ရှုချောင်သွားသော်လည်း အိမ်တော်ထဲတွင် ၀န်ကြီးချုပ်၏ အသက်ကို ကျိန်ဆဲရဲသည့် ပထမဆုံးလူကိုလည်း တွေ့လိုက်ကြရသည်။
“မင်းက ဘယ်သူလဲ၊ မင်း ဘယ်က လာတာလဲ?” သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် အမျိုးသမီးက သူမ၏ဆံပင်များကို ဖြည်ချထားပြီး ရိုးရိုးအဖြူရောင်အင်္ကျီကိုသာ ၀တ်ဆင်ထားသည်။ သူမ၏ချစ်စရာကောင်းသော အသွင်အပြင်က ပတ်ဝန်းကျင်နှင့် လိုက်ဖက်လွန်းနေသော်လည်း သူမ၏ပျက်ဆီးနေသည့်မျက်နှာကြောင့် ညဉ့်သန်းခေါင်ယံအချိန်တွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းနေပြန်သည်။
သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို သေသေချာချာ ပိုက်ထားသော ကျွော့ချင်းက ခဏမျှ တွေးနေပုံ ဟန်ဆောင်လိုက်ပြီးမှ အေးအေးဆေးဆေး ပြုံးပြကာ "ရှင့်ရဲ့စကားတွေအရ ကျွန်မက ဒီမိသားစုရဲ့ သခင်မအသစ် ဖြစ်သင့်တယ်..."
အခန်း ၂၂- ထူးဆန်းသောရောဂါ (အပိုင်း ၁)
ဘာလဲ?" ရွှယ်ရှန်းရှင်း အံ့အားသင့်သွားပြီး ကျွော့ချင်းကို ဘေးတိုက်ကြည့်ကာ သူမကို လုံးဝအလေးအနက်မထားဘဲ "ဒီအရူးလို မိန်းမက ဝန်ကြီးချုပ်အိမ်တော်မှာ အရိုင်းအစိုင်းလို လျောက်ပြေးနေဖို့ ဘယ်ကနေ သတ္တိတွေရလာတာလဲ၊ သူ(မ)ကို မောင်းထုတ်လိုက်..... နင် ထွက်သွားစမ်း"
"ရပ်လိုက်"
လို့ရှီးဝူက ကျွော့ချင်းကို လက်ညှိုးထိုးပြရင်း ဝင်အော်လိုက်သည်။ "သူ(မ)က ငါ့အစ်ကိုရဲ့ မိန်းမပဲ၊ သူ(မ)ကို ဘယ်သူက မောင်းထုတ်ရဲတာလဲ?!"
သူမ ဒီရုပ်ဆိုးမတဲ့ မိန်းမကို မုန်းတီးပေမယ့် ရွှယ်ရှန်းရှင်းနဲ့ ယှဉ်ရင်တော့ ရွှယ်ရှန်းရှင်းကို ပိုလို့တောင် မုန်းတီးသေးတယ်။ အဲ့တော့ ဒီနေ့ ဒီရုပ်ဆိုးမဘက်ကနေ အတူ တိုက်ပွဲဝင်ပေးရမှာပေါ့။
အစေခံများက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး ကျွော့ချင်း၏ခေါင်းတစ်ခုလုံးတွင်လည်း အနက်ရောင်လိုင်းများ ပေါ်လာခဲ့သည်။ သူမကို တစ်စုံတစ်ယောက်၏မိန်းမဟု ခေါ်ဆိုခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဒီခေါင်းစဉ်က အမှန်တကယ်ကို...
သို့သော် ဤအမျိုးသမီး၏ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်ရန်အတွက် ကျွော့ချင်းက ထိုအခေါအဝေါ်ကို ခွင့်ပြုပေးလိုက်သည်။ သူမက သူမ၏ဆန္ဒအတိုင်း အဆောက်အဦးထဲသို့ ၀င်ရန် ပြင်ဆင်နေကာ ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး "ငါ့နာမည်က... ချင်းဖုန့်။ ဧကရာဇ်က လို့ရှီးယန်ကို ချီးမြှင့်တယ်လို့ ပြောကြတယ်။ ပင်မဇနီးကြီး မရှိရင် ကိုယ်လုပ်တော်က သခင်မပဲ၊ ဒါကြောင့် ဒီက အမျိုးသမီး.... ဝန်ကြီးချုပ်အိမ်တော်ရဲ့ သခင်မက အခု ပြောင်းလဲသွားပြီ”
သူမက ဧကရာဇ်ချီးမြှင့်တဲ့ အလှလေးလား?!
ရွှယ်ရှန်းရှင်းက ခပ်ရွဲ့ရွဲ့ ရယ်မောလိုက်ပြီး "အဲဒါ အဓိပ္ပာယ် မရှိဘူး၊ ရုပ်ဆိုးတဲ့ မိန်းမ၊ နင်က ဧကရာဇ်မင်းမြတ် ရှီးယန်ကို အပ်နှင်းထားတဲ့ အလှလေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိတ်လန့်ဟန်ဆောင်ကာ "ရှင်က ချုံယွဲ့ဧကရာဇ်ရဲ့အမြင်ကို သံသယဝင်နေတာလား?"
"ငါက...နင့်ကို သံသယဝင်နေတာ၊ ဒီမိန်းမက ဘယ်သူလဲ?”
ကျွော့ချင်းက နားလည်ပုံဖြင့် ခေါင်းညိတ်ပြလိုက်ပြီး အပြစ်ကင်းသောမျက်နှာဖြင့် ကျင်းစကို ပြောလိုက်သည်။
"ကျင်းစ၊ ဒီမေးခွန်းကို ရှင် ဖြေရတာ ပိုကောင်းလိမ့်မယ်"
ဤတစ်ကြိမ်တွင် ကျင်းစက ထူးထူးခြားခြား ပူးပေါင်းလုပ်ဆောင်လာပြီး အေးစက်စက်လေသံဖြင့် "ဒုတိယသခင်မ၊ သူ(မ)က တကယ်ကို ဧကရာဇ်က သခင်ကို ပေးအပ်တော်မူထားတဲ့ ချင်းဖုန့် မိန်းကလေးပါ"
ရွှယ်ရှန်းရှင်းက အနည်းငယ် အထိတ်တလန့်ဖြစ်သွားပုံရသည်။
ဒီအမျိုးသမီးက ဧကရာဇ် ရှီးယန်ကို ချီးမြှင့်ထားတဲ့ ဟောင်ယွဲ့က အလှလေးဖြစ်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲဘူး။ သူမရဲ့အသွင်အပြင်က ဘယ်လိုပဲဖြစ်နေပါစေ သူမက သိမ်သိမ်မွေ့မွေ့နဲ့ အလွယ်တကူ အနိုင်ကျင့်လို့ရမယ့်သူတော့ မဟုတ်ဘူး။
ရွှယ်ရှန်းရှင်းက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး "အင်း၊ မင်းက ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားတဲ့ မိန်းကလေးမို့လို့ ငါက မင်းကို အရှက်ရစေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါက ရှီးယန်ရဲ့ အမေနဲ့ ဗိုလ်ချုပ်ကျန်းရှီရဲ့ ဇနီးပဲ၊ ငါ ဒီမှာ ရှိနေသရွေ့ မင်းက သခင်မရာထူးကို ယူလို့မရဘူး။ ကောင်းပြီ၊ မင်းရဲ့ ခြံဝင်းထဲကို ပြန်သွားပြီး အဲ့မှာပဲ နေလိုက်"
ဒီသခင်မက သူမကို ရာထူးက ဖယ်ခိုင်းနေတာလား?
ကျွော့ချင်းက ရယ်ချင်နေခဲ့သည်။ သူမက လို့ရှီးယန်က ဘာဖြစ်နေသည်ကို ဝင်ကြည့်ချင်နေသောကြောင့်သာ ငြင်းခုံနေခြင်း ဖြစ်သည်။ သူမ အမှန်တကယ် ဗိုက်ဆာနေပြီး အဓိပ္ပါယ်မဲ့ စကားများပြောဆိုကာ အချိန်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် ကျွော့ချင်းက ကရုဏာမထားတော့ဘဲ ပြန်ပြောလိုက်သည်။
"ရှင်က ဒုတိယသခင်မနော်... ဟုတ်တယ်မလား? ကျွန်မ မှတ်မိတာ မှန်မယ်ရင် ဒီနေရာက ဝန်ကြီးချုပ်အိမ်တော်၊ ဗိုလ်ချုပ်ရဲ့အိမ်တော် မဟုတ်ဘူး၊ ဒါက ဗိုလ်ချုပ်အိမ်တော် မဟုတ်ဘဲ ဝန်ကြီးချုပ်အိမ်တော်ဆိုတော့ ဝန်ကြီးချုပ်ရဲ့မိန်းမက သခင်မပဲ၊ ယောက္ခမက အသက်ကြီးပြီဆိုတော့ အေးအေးဆေးဆေး နေရတော့မှာလေ”
"မင်း၊ မင်း၊ မင်း..."
ဒီရုပ်ဆိုးမက ငါ့ကို စောစောသေဖို့ ကျိန်ဆဲနေတာပဲ။
ရွှယ်ရှန်းရှင်း၏ မျက်နှာက ဒေါသကြောင့် နီရဲလာပြီး ရှင်းရှင်းလင်းလင်း စကားမပြောနိုင်တော့ပေ။ ကျွော့ချင်းက အေးအေးဆေးဆေး ပြုံးနေဆဲဖြစ်ကာ "ရှင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်! ကျွန်မ ရှီးယန်ကို သွားတွေ့လိုက်မယ်။ ရှင်က ပြန်သွားပြီး အနားယူလိုက်ရင် ပိုကောင်းမယ်"
ကျွော့ချင်းက ပြောပြီးသည်နှင့် နောက်ပြန်မလှည့်တော့ဘဲ ရှေ့သို့သာ လျှောက်လှမ်းသွားတော့သည်။ ရွှယ်ရှန်းရှင်းက ဒေါသကြောင့် မောပန်းနွမ်းနယ်နေပုံရပြီး လို့ရှီးဝူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ ကျွော့ချင်းနှင့်အတူ အဆောက်အဦးဆီသို့ လိုက်ပါသွားခဲ့သည်။
အေးတိအေးစက်နှင့် ဖြူစင်သောရုပ်သွင်ကို စိုက်ကြည့်ရင်း ရွှယ်ရှန်းရှင်း၏ မျက်လုံးများတွင် နာကြည်းမှုများ ပြည့်လာပြီး သူမ၏လက်များကို လက်သီးဆုပ်လိုက်သောကြောင့် ချွန်ထက်သောလက်သည်းများက သူမ၏အသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာသည်။
ချင်းဖုန့်...ကောင်းပြီလေ.. ဘယ်သူအရင် သေမလဲဆိုတာ ငါ့တို့ စောင့်ကြည့်ရအောင်...
ကျွော့ချင်းက သူမနောက်ကွယ်မှ ဒေါသတကြီးအကြည့်ကို ဂရုမစိုက်ဘဲ တံခါးဆီသို့ လျှောက်သွားကာ အဝေးတစ်နေရာကို ကြည့်ပြီးနောက် အေးခဲနေသော တော်ဝင်သမားတော်အိုကြီးအား အသံတိုးတိုးလေးဖြင့် "သမားတော်၊ ကျွန်မတို့က အပြင်ဘက်အခန်းကနေ သူ့ကို ကြည့်ချင်တာပါ၊ ရှင့်ရဲ့ ကုသမှုကို မနှောင့်ယှက်ပါဘူး"
သမားတော်ရန်က နောက်ဆုံးတွင် သဘောပေါက်လာကာ ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပြီ"ဟုသာ ပြန်ဖြေလာသည်။
ဒီမိန်းခလေးရဲ့ ရုပ်ရည်က ပျက်စီးနေပေမယ့် သူမက သဘာဝအတိုင်း ကျက်သရေရှိနေဆဲပါပဲ။ သူမက ပါးပါးနပ်နပ် စကားပြောဆိုတတ်ပြီး အခုချိန်မှာတော့ သူမက စာနာတတ်ပြီး ကျိုးကြောင်းဆီလျော်မှုလည်း ရှိနေသေးတယ်။
သူမက သာမန်လူမဟုတ်ကြောင်း မြင်သာနေပြီး သမားတော်ရန်ကလည်း နန်းတော်ထဲမှ တိတ်တဆိတ် တိုက်ခိုက်နေကြသည့် အမျိုးသမီး အများအပြားကို တွေ့မြင်ခဲ့ရပြီး ၎င်းကို အလွယ်တကူ ကျော်ဖြတ်လာခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းက ကိုယ်လုပ်သမျှကို သတိထားရန်သာ ဖြစ်သည်။
တံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး ကျွော့ချင်းက ဦးဆောင်ကာ ဝင်လာခဲ့သည်။ တံခါးကို မျက်နှာမူထားသည့် ဧည့်ထိုင်ခုံများ ရှိနေပြီး နံရံပေါ်တွင် လက်ရေးလှနှင့် ပန်းချီကားအချို့ ချိတ်ဆွဲထားသည်။ ၎င်းတို့က အလွန်ရိုးရှင်းနေပြီး ကြီးမားသော ခန်းစီးမှတဆင့် အတွင်းပိုင်းမှ အသေးစိတ်အချက်အလက်များကို ကြည့်လိုက်ရာ အပြင်ဘက်ထက် ပိုမိုကျယ်ဝန်းနေပြီး သီးခြားပရိဘောဂများကို သေသေချာချာ မမြင်နိုင်တော့ပေ။
တော်ဝင်သမားတော်နှင့် လက်ထောက်များက အထဲသို့ ဝင်သွားပြီး ကျွော့ချင်းနှင့် လို့ရှီးဝူက အပြင်မှာသာ စောင့်နေခဲ့ကြသည်။
အမှန်တွင် ခန်းစီးအပြင်ဘက်၌ ရပ်နေရသောကြောင့် အခန်းထဲတွင် ဘာဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဖယောင်းတိုင်မီးအောက်မှ ခုတင်၏ရှေ့တွင် မော့ပိုင် စောင့်ကြပ်နေသည်ကိုသာ မြင်နေရသည်။ သမားတော်က ခုတင်ပေါ်မှလူ၏သွေးခုန်နှုန်းကို စမ်းသပ်နေပုံရသည်။ သေသေချာချာ နားထောင်ကြည့်လိုက်ချိန်တွင် သူ အသက်ရှုကြပ်နေသည့်အသံကို ကြားလိုက်ရပြီး ထိုအသံက ပန်းနာရင်ကျပ်နှင့်တူနေသော်လည်း လူနာကို မတွေ့ရသည့်အတွက် ကျွော့ချင်းက အလွယ်တကူ ကောက်ချက်မချချင်ခဲ့ပေ။
ခန်းဆီးအပြင်ဘက်တွင် ရှိနေသည့် ကျွော့ချင်းက သူမ၏နံဘေးတွင် ရှိနေပြီး အခန်းထဲသို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော လို့ရှီးဝူကို တစ်ချက်ကြည့်လိုက်ကာ "သူ ခဏခဏ နေမကောင်းဖြစ်တာလား?"
လို့ရှီးဝူက ကျွော့ချင်းဆီမှ လက်ရှိ အနံ့အသက်များကို ရှူမိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူမကို ပိုကောင်းသည့် အမြင်ရှိနေပုံရကာ အတွင်းမှ လူများကို မျက်လုံးဝင့်ပြလိုက်ပြီး "ဒါက ပုံမှန်အားဖြင့် နွေဦးရာသီမှာ ဖြစ်တတ်တယ်၊ ပုံမှန်အားဖြင့်တော့ နေကောင်းပါတယ်၊ ဒီလိုမျိုးဖြစ်ရင်တော့ အသက်မရှုနိုင်တော့ဘူး"
"ဘယ်လောက်ကြာပြီလဲ?"
ထိုမေးခွန်းကို ကြားလိုက်ချိန်တွင် လို့ရှီးဝူက အနည်းငယ် စိတ်တိုသွားပုံရပြီး "ငါတို့ ကလေးဘဝကတည်းက ဖြစ်ခဲ့တာ၊ ပြဿနာက နှစ်ပေါင်းများစွာ ကုသမှုခံယူပြီးတာတောင် မသက်သာလာဘူး"
ငယ်ငယ်ကတည်းက ရှိခဲ့တာလား? သိပ်တော့ မခက်ခဲပါဘူး၊ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒါက မွေးရာပါ ပန်းနာရင်ကျပ်ရဲ့ ရာသီအလိုက် ပြန်ဖြစ်နေတာမျိုးနဲ့ ပိုတူမနေဘူးလား?
သူမ လျှို့ဝှက်စွာ တွေးနေစဥ်မှပင် အခန်းအတွင်းမှ မောဟိုက်သံများကို ရုတ်ချည်းဆိုသလို ရုတ်တရက် ထွက်ပေါ်လာပြီး အားလုံး ပျာယာခတ်သွားကြသည်။
"သခင်!!" မော့ပိုင်က စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ခေါ်လိုက်သော်လည်း စိတ်မရှည်သည့် လို့ရှီးဝူက ဘာမှသိပ်ဂရုမစိုက်ဘဲ အခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ ကျွော့ချင်းကတော့ ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် နောက်မှ လိုက်သွားခဲ့သည်။
အခန်းအတွင်းပိုင်းတွင် ဖယောင်းတိုင်မီးရောင်များ တောက်ပနေပြီး လင်းထိန်နေသည်။ မယုံနိုင်လောက်အောင် ကြီးမားသောခုတင်ကြီးတစ်ခုကို ပိုးထည်ထူထူဖြင့် ဖုံးအုပ်ထားပြီး ထိုနှင်းဖြူရောင်ပိုးထည်စောင်က လို့ရှီးယန်၏လှပသောမျက်နှာကို ပိုဖြူဖျော့သွားစေခဲ့သည်။ သူက ခုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့အသက်ရှူသံက ပုံမှန်ထက်ပိုမြန်နေကာ အသက်ရှုမဝဖြစ်နေခဲ့သည်။ လက်တစ်ဖက်က သူ့ရင်ဘတ်ရှေ့မှ အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့နဖူးနှင့် ပါးပြင်များတွင် ချွေးများ ဖုံးလွှမ်းနေလေသည်။ သူ့၏အနက်ရောင်ဆံပင်တစ်ဝက်ကို ချည်ထားပြီး ထိုဆံပင်များတွင်လည်း ချွေးများ စိုရွှဲနေခဲ့သည်။ သူ အသက်ရှုလိုက်တိုင်း၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ မြောက်တက်လာပြီး ပြန်ပြုတ်ကျသွားသည်။
ဒီဟာက . . . ဟန်ဆောင်နေတာ မဖြစ်နိုင်သလို ဟန်ဆောင်လို့လည်း မရပါဘူး။
"အစ်ကို..." လို့ရှီးဝူက မျက်ရည်များဝဲလာခဲ့သည်။ ဤကဲ့သို့ဖြစ်နေသော လို့ရှီးယန်ကို ကြည့်လိုက်ရချိန်တွင် နေ့ခင်းဘက်၌ သူ၏ မြင့်မြတ်သော အရှိန်အဝါများ ပြည့်နှက်နေပုံကို ပြန်တွေးတောရင်း လို့ရှီးဝူအနေနှင့် ၎င်းကို အသားမကျနိုင်သေးပေ။
သမားတော်ရန်က လို့ရှီးယန်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"မြန်မြန် ငါ့အပ်ကို ယူပေး"
"ဟုတ်ကဲ့!" လက်ထောက်သမားတော်လေးက နောက်တစ်ယောက်ကို ခဏလောက် အော်ပြောနေပြီး နောက်ဆုံးတွင် ငွေအပ်တစ်ဘူးကို ထုတ်ယူကာ လက်ကမ်းပေးလိုက်သည်။
ငွေအပ်ကို ရရှိပြီးနောက် သမားတော်ရန်က အပ်ကို မည်သို့စီမံရမှန်း မသိ ဖြစ်နေပြန်သည်။ လို့ရှီးယန်က ပြင်းထန်စွာ ပင့်တက်လာကာ ပြန်လဲကျနေသောကြောင့် သူ အသက်ရှုလိုက်တိုင်း သူ့တစ်ကိုယ်လုံးက လှုပ်ရှားနေသည်။
ဒီလောက် လှုပ်ခါနေတာ သူ ဘယ်လို အပ်စိုက်ရမှာလဲ?! တကယ်လို့ သူ တစ်ခုခု မှားသွားရင် သူ အသက်ရှင်ပါဦးမလား?!
သမားတော်ရန်က တုံ့ဆိုင်းနေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ကျွော့ချင်းက ခိုကိုးရာမဲ့ ခေါင်းယမ်းလိုက်တော့သည်။ အားလုံး၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ကျွော့ချင်းက သူမ၏ ခြေထောက်ကို မြှောက်ကာ ခုတင်ပေါ်သို့ တိုက်ရိုက် လှမ်းတက်သွားခဲ့သည်။
.......။........။.......