← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

  အခန်း ၂၅ လက်ပံပင်

  နွေဦး၏ နံနက်ခင်းအလင်းရောင်က အလွန်လှပပြီး နွေးထွေးနေကာ လူတို့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေချိန်တွင် အလွန်သက်တောင့်သက်သာ ရှိစေသည်။ မနေ့ညက မှောင်မဲနေသောကြောင့် ကျွော့ချင်းက ဤခြံဝင်းလေးကို ကောင်းကောင်း မကြည့်ခဲ့ရပေ။ ယခု သေသေချာချာ ကြည့်လိုက်ချိန်တွင် လို့ရှီးယန်ထံတွင် အမြင်ကောင်းရှိနေကြောင်း သူမ ပြောနိုင်သွားပြီ ဖြစ်သည်။ အဆောက်အဦးငယ်လေးက ခြံ၏အနောက်ဘက်တွင် ရှိနေပြီး အဆောက်အဦး၏ရှေ့တွင် ကျောက်စားပွဲနှင့် ခုံတန်းရှည်များ စီစဉ်ပေးထားသည်။ ရှုခင်းကြည့်ရန် ဤနေရာတွင် ရပ်နေရခြင်းက လူကို လန်းဆန်းစေသည်။ အဘယ်ကြောင့်ဆိုသော် လှမ်းမျှော်ကြည့်လိုက်ချိန်တွင် အဆုံးကို မမြင်ရသော ရေကန်ကြီးကို တွေ့နိုင်ပြီး ထိုရေကန်က အပြာရောင် ကောင်းကင်ကြီးနှင့် ဆက်စပ်နေကာ ကျယ်ပြောလှပပြီး ငြိမ်သက်နေလေသည်။ ကျွော့ချင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး အမှန်တကယ် ဇိမ်ရှိသည့်ဘဝဟုသာ တွေးတောနေမိတော့သည်။

၂၁ရာစုမှာ မြေတစ်လက်မတိုင်းက အဖိုးတန်လှလွန်းတယ်။ ဘယ်သူက အိမ်မှာ ဒီလိုရေကန်ကြီးကို တူးထားနိုင်မလဲ? ဒါပေမယ့် လို့ရှီးယန်က အဲဒါကို တကယ်သဘောကျတယ်လို့ ပြောရမှာပဲ? သူ အိပ်ယာနိုးတာနဲ့ ကြည်လင်ပြီး ကျယ်ပြန့်သောရေပြင်ကို မြင်နိုင်ပြီး ကောင်းကောင်း နိုးထလာနိုင်လိမ့်မယ်။

  ကျွော့ချင်းက ခါးကို ဆန့်တန်းကာ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ပြီး ရေကန်ဘေးရှိ ဝင်းတံတိုင်းအောက်တွင် အရွယ်ရောက်ပြီးသည့် လက်ပံပင် သုံးလေးပင်လောက် စိုက်ထားတာကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။ ၎င်းတို့က လှပနေပြီး ရှည်လျားသော အကိုင်းအခက်များက အားကြိုးမာန်တက် ဆန့်တန်းနေကာ အနီရောင်တောက်တောက်နှင့် ကြီးမားသော ပန်းပွင့်များကို မြင်တွေ့နေရသည်။ အဝေးမှ ကြည့်လိုက်လျှင် စိမ်းစိုနေသော ကန်ရေပြင်ကို ရောင်ပြန်ဟပ်နေသောကြောင့် မီးတောက်များလို ဖြစ်နေပြီး အလွန် လှပနေသည်။

ဒါပေမယ့် လို့ရှီးယန်ရဲ့ ခြံဝင်းထဲမှာ ဘာလို့ လက်ပံပင်တွေ စိုက်ထားရတာလဲ?!

  ကျွော့ချင်းက လမ်းလျှောက်လာရင်း ကြွေကျနေသော ပန်းများကို ဖြည်းညှင်းစွာ ကောက်ယူနေကာ လေးလေးနက်နက် တွေးတောနေသည်။

  မနက်အစောကြီးရောက်လာသည့် လို့ရှီးဝူက လို့ရှီးယန်၏ခြံဝင်းထဲတွင် ကွှော့ချင်း ရှိနေသည်ကို မြင်သွားပြီး "ချင်းဖုန့် နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ?! ငါ ပြောမယ် ငါ့အစ်ကိုက နင့်ကို ကျိုက်ရှင်းအဆောင်မှာ နေခွင့်ပေးတယ်ဆိုရင်တောင် နင်က လို့မိသားစုရဲ့ သခင်မ မဟုတ်ဘူး၊ နင်က ကိုယ်လုပ်တော်ပဲ၊ မှတ်မိလား?"

  ကျွော့ချင်းက ခေါင်းငုံ့ကာ ပန်းများကိုသာ စိုက်ကြည့်နေသည်။ လို့ရှီးဝူက ကြွေကျနေသည့် ပန်းပွင့်များက ဘာများကောင်းလို့လဲဟု တွေးနေမိသည်။ လို့ရှီးဝူက သူမနောက်သို့ လျှောက်လာရင်း စိတ်မရှည်တော့သည့်လေသံဖြင့် "ဟဲ့ ငါ့စကားကို နားထောင်နေရဲ့လား?!"

  ကျွော့ချင်းက သူမ၏အော်သံကို လျစ်လျူရှုကာ ထူထဲသော ပင်စည်ကို ကိုင်လိုက်ရင်း "ဒီ လဲ့မှို့ပင်တွေကို ဒီခြံထဲမှာ စိုက်ထားတာလား?"

  "ဒါကို လက်ပံလို့ခေါ်တယ် နင် မသိဘူးလား?" လို့ရှီးဝူက ခဏလောက် အံ့အားသင့်သွားပြီးမှ မကြာခင်မှာပင် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး "နင် သိထားရမယ့် ဗဟုသုတတစ်ခုတော့ ရှိနေပြီပဲ၊ ငါတို့ ချုံယွဲ့မှာ လက်ပံပင်တွေ မရှိဘူး။ ဒီမျိုးစေ့တွေက ရှင်ကျန်းပြည်နယ် တောင်ပိုင်းကရလာတာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ချုံယွဲ့တစ်တိုင်းပြည်လုံးတွင် အနောက်ဆောင်က မယ်တော်မိဖုရားကြီးရဲ့ နန်းတော်မှာပဲ ဒီအပင်မျိုး အနည်းငယ်ရှိတာ။ ငါ့အစ်ကို ဝန်ကြီးချုပ်အဖြစ် ရာထူးတိုးတုန်းက မယ်တော်မိဖုရားကြီးက ငါ့အစ်ကိုကို ဆုချီးမြှင့်ခဲ့တာ"

  "အနောက်ဆောင်ရဲ့မယ်တော်မိဖုရားကြီးလား? အရှေ့ဆောင်မှာရော မိဖုရားနောက်တစ်ယောက်ရှိသေးတာလား?" ကျွော့ချင်းက ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။

  "ဟုတ်တယ်" ထိုစကားကို ပြောပြီးတော့ လို့ရှီးဝူက သူမ၏မေးစေ့ကို အမှတ်တမဲ့ မြင့်တင်လိုက်ပြီး “အရှေ့နန်းဆောင်မယ်တော်မိဖုရားကြီးက ငါ့အဒေါ်"

  "လို့ရှီးယန်နဲ့ ဧကရာဇ်က ဝမ်းကွဲတွေလား?"

ရှီးယန်နဲ့ ဧကရာဇ်ရဲ့ မနေ့ညက ဆက်ဆံရေးက ဘုရင်နဲ့ ဝန်ကြီးကြားက သာမန်ဆက်ဆံရေးတစ်ခုလို မထင်ရဘူးလေ။

  ယနေ့တွင် ကျွော့ချင်း၏သဘောထားက အလွန်မာနကြီးနေခြင်း မရှိတော့သောကြောင့် လို့ရှီးဝူက မနေ့ညကလောက် သူမကို မုန်းတီးမနေတော့ပေ။

လို့ရှီးဝူက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်ပြီး "မှန်တယ်၊ ငါ့အဒေါ်က အရှေ့နန်းတော်ရဲ့ သခင်မဖြစ်ပေမယ့် နှစ်တွေကြာလာတော့ နှောင်းဧကရာဇ်မင်းမြတ်က အနောက်နန်းတော်ရဲ့ ကိုယ်လုပ်တော်ကို မျက်နှာသာပေးခဲ့ပြီး သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။ ဧကရာဇ်မင်းမြတ်က သားအကြီးဆုံးကို ငါ့အဒေါ်ကို မွေးစားဖို့ ပေးခဲ့တယ်။ ငါ့အဒေါ်က သူ့ကိုအိမ်ရှေ့စံအဖြစ် ပြုစုပျိုးထောင် ပေးခဲ့တယ်။ ငယ်ငယ်တုန်းက အစ်ကိုနဲ့ ငါက နန်းတော်ကို မကြာခဏ အလည်သွားကြတယ်။ ဒါကြောင့် အစ်ကိုက ဧကရာဇ်ရဲ့ညီတော်အနေနဲ့ ကြီးပြင်းလာခဲ့ပြီး သူတို့က ညီအကိုတွေလို ရင်းရင်းနှီးနှီး နေခဲ့ကြတာ”

  ကျွော့ချင်းက သေချာနားလည်သွားဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဒါဆို အနောက်ဆောင်မယ်တော်မိဖုရားက အဖိုးတန်သစ်ပင်မျိုးစိတ်တွေကို လို့ရှီးယန်ကို ပေးလိုက်တာပေါ၊ သူ(မ)က မင်းအစ်ကိုကို အရမ်းသဘောကျပုံပဲ"

  လို့ရှီးဝူက ချိုချိုသာသာ ပြုံးလိုက်ပြီး "ဟုတ်တယ်၊ သူ(မ)က သူမရဲ့သမီးတော် ချောင်ယွမ်မင်းသမီးကို အစ်ကို့နဲ့ ထိမ်းမြားစေချင်တယ်"

  ကျွော့ချင်းက သူမလက်ထဲမှ ပန်းပွင့်လေးတွေကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း အနည်းငယ် မျက်မှောင်ကြုတ်နေသည်။

နင်က ငါ့ရန်သူမဟုတ်ဘူးလို့ ပြောရင် ဘာလို့ လက်ပံပင်တွေကို ပေးလိုက်တာလဲ? မရည်ရွယ်ဘဲ ပေးလိုက်တာဖြစ်နေမလား?

ကျွော့ချင်းက အေးစက်စက်ဖြင့် သူမလက်ထဲမှ ကြေနေသည့် ပန်းပွင့်များကို စိုက်ကြည့်နေခဲ့သည်။ လို့ရှီးဝူက ကျွော့ချင်း သူမ အဆင့်အတန်းကို စိတ်ပူနေသည်ဟု နားလည်မှုလွဲသွားသည့်အတွက် ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ တိုးတိုးထပ်ပြောလာပြန်သည်။

"ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါတို့ လို့မိသားစုက အသစ်မြင်ရင် အဟောင်းပစ်တက်တဲ့ မိသားစုမှ မဟုတ်တာ။ ငါတို့က ထက်မြက်တဲ့သူတွေကို သဘောကျတယ်။ ငါ့အစ်ကိုကို ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေးနေသရွေ့ နင့်ကို ဘယ်သူမှ အခက်တွေ့စေမှာ မဟုတ်ဘူး"

  ကျွော့ချင်းက သတိပြန်ဝင်လာပြီး မချိပြုံး ပြုံးလိုက်သည်။

ငါက စပ်စုချင်ရုံလေးပါနော်...

  လက်ပံပင်အောက်မှ အမျိုးသမီးနှစ်ယောက်က အတွေးအမျိုးမျိုး ရှိနေကြသည်။

  ကျွော့ချင်းနှင့် လို့ရှီးဝူတို့နှစ်ယောက်သား တစ်ချိန်တည်း နောက်ပြန်လှည့်ကြည့်လိုက်ရာ ကျင်းစ၏ဘေးနားတွင် အဖြူရောင်၀တ်စုံနှင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ကျွော့ချင်း၏မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားသည်။ ထိုသူက နျိုကျားရွာမှာ တွေ့ခဲ့သည့် ကမ္ဘာကြီးတစ်ခုလုံးကို မငြိမ်မသက်ဖြစ်စေချင်သူ ဖြစ်သည်။ ကျွော့ချင်းက သူ့ကို လုံးဝလျစ်လျူရှုကာ နောက်ပြန်လှည့်ပြီး ရေကန်ဘေးရှိ တံတားဆီသို့ လျှောက်သွားလိုက်သည်။

  မထင်မှတ်ပဲ ချီထျန်းယုက အလျှော့မပေးဘဲ သူမရှေ့သို့ ရောက်လာခဲ့သည်။ ကျွော့ချင်းက ခေါင်းကို မော့ကာ အေးစက်စွာ ပြန်ကြည့်လိုက်သည်။ သူမ အနီးသို့ ရောက်သွားသောအခါ ချီထျန်းယုက ထိုမိန်းခလေး၏ ညာဘက်ပါးပြင်တွင် ဓားဒဏ်ရာနှစ်ခု ရှိနေသည်ကို တွေ့လိုက်ရပြီး ထိုဒဏ်ရာက သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည့်ရုပ်သွင်ကို ပျက်စီးသွားစေကြောင်း နားလည်လိုက်သည်။ သူမက အဝေးမှကြည့်လျှင်ပင် ရင်သပ်ရှုမောဖွယ် လှပသော အသွင်အပြင်ရှိနေပြီး ရိုးရိုးအဝတ်အစားကိုသာ ၀တ်ထားသော်လည်း ကျိုးကြေနေသော ပန်းတစ်ပွင့်ကို ကိုင်ထားပုံက ချစ်စရာကောင်းနေခဲ့သည်။ အနီးကို ကပ်လာမှသာ သူမမျက်နှာပေါ်တွင် အပြစ်အနာအဆာများ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။

  ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမျိုးသမီးအများစုက ထိုနေရာကို သူမတို့၏ဆံပင်များဖြင့် ဖုံးအုပ်ထားလေ့ရှိကြသည်။ ထိုသို့မဟုတ်ရင် သူမတို့က အခြားသူများ၏မျက်လုံးများကို ရှောင်ရှားရန် ခေါင်းငုံ့ထားလေ့ရှိသည်။ သူမကတော့ လုံးဝကွဲပြားခြားနားနေပြီး သူမ၏ဒူးအထိရှည်သော ဆံပင်ကို ဆံပင်အသုံးအဆောင်ပစ္စည်းများမပါဘဲ ကျစ်ဆံမြီးရှည်အဖြစ် သပ်သပ်ရပ်ရပ် ချည်နှောင်ထားသောကြောင့် သူမ၏မျက်နှာတစ်ခုလုံးကို ထင်ရှားစွာ မြင်တွေ့နေရသည်။ အထူးသဖြင့် စူးရှအေးစက်ပြီး မာနကြီးသော သူမ၏မျက်လုံးများပင်။ သူမကို ကြည့်မိသောအခါ သူ့နှလုံးကြီး ခုန်ထွက်သွားသလိုတောင် ခံစားလိုက်ရသည်။ သူက သူမကို ပိုစိတ်ဝင်စားလာပြီး ကျွော့ချင်း၏လမ်းကို ပိတ်ဆို့လိုက်သည်။ ချီထျန်းယုက သူ့၏အချောဆုံးဟု ထင်ရသည့် အပြုံးကို ထုတ်ဖော်လိုက်ကာ "မိန်းခလေးက ရေခဲတုံးလို အလှလေးပဲ၊ ကိုယ် မင်းကို သဘောကျတယ်။ မိန်းကလေးရဲ့နာမည်ကို မေးလို့ရမလား?"

  ကျွော့ချင်းက သူမလက်ကို ညင်သာစွာ မြှောက်လိုက်ပြီး သူမ၏လက်ထဲမှ ကျိုးကြေနေသောပန်းပွင့်များက မြေပြင်ပေါ်သို့ ကျသွားသည်။ ကျွော့ချင်းက အေးစက်စွာဖြင့် "ကျွန်မက သိမ်ဖျင်းတဲ့လူတွေကို မုန်းတယ်၊ သူတို့က မသန့်ရှင်းဘူး "

  ချီထျန်းယု၏ အပြုံးက အေးခဲသွားပြီး လို့ရှီးဝူက သူမ၏ နှုတ်ခမ်းကို ဖုံးကာ ပြုံးလိုက်သည်။ သူမက အစ်ကိုချီ၏မျက်နှာက အရင်ထက်မဲမှောင်သွားသည်ကို မြင်လိုက်သည်။ သူ့မျက်နှာပေါ်မှ ရှက်ရွံ့မှုများကို မြင်လိုက်ရသောကြောင့် လို့ရှီးဝူက "အစ်ကိုချီ၊ သူ့(မ)နာမည်က ‘ချင်းဖုန့်’ တဲ့”

  ချင်းဖုန့်?၊ သူမက ချင်းဖုန့်?၊ သူမမျက်နှာက ဘာလို့ ဒီလိုမျိုး ဖြစ်နေတာလဲ?!

သူ့စိတ်ထဲ၌ သံသယအပြည်ဖြင့် တွေးနေခဲ့‌သော်လည်း ချီထျန်းယုက သူမကို ဦးညွှတ်လိုက်ပြီး "ချင်းသခင်မလေး၊ မင်းက အရမ်းယဉ်ကျေးတယ်နော်"

သူမက ပေါ့ပေါ့တန်တန်ပြောတက်ပြီး သိမ်ဖျင်းတာကို မကြိုက်ပေမယ့် စာတတ်မြောက်သူကိုတော့ သဘောကျပါသေးတယ်။

  "ကျွန်မက ဟန်ဆောင်တဲ့ ယောက်ျားတွေကို ပိုမုန်းတယ်၊ အဲဒါက အရမ်းရွံရှာစရာကောင်းတယ်"

  ချီထျန်းယု၏ အပြုံးက ငိုနေသည်ထက်ပင် ပိုရုပ်ဆိုးသွားပြီး သူ့မျက်နှာပေါ်မှ အပြုံးက လုံးဝ အေးခဲသွားခဲ့သည်။ လို့ရှီးဝူက မရယ်ဘဲ မနေနိုင်တော့ပေ။

  အမူအရာမဲ့ အေးစက်စက်မျက်နှာဖြင့် ဘေးနားတွင် ရပ်နေသည့် ကျင်းစ၏နှုတ်ခမ်း၌ပင် သံသယဖြစ်ဖွယ်အပြုံးတစ်ခု ရှိနေလေသည်။

  ချီထျန်းယုကတော့ မရယ်နိုင်သလို ငိုလို့လည်း မရတော့ပေ။

သူက သူမကို အရင်စော်ကားခဲ့တာ မဟုတ်ဘူးလား?!

  "မင်းတို့ ဘာလို့ ဒီလောက်ပျော်နေတာလဲ!"

လူတိုင်း ပျော်ရွှင်စွာ ရယ်မောနေစဥ်တွင် ရွှယ်ရှန်းရှင်းက ကောင်မလေးအနည်းငယ်နှင့်အတူ ရောက်လာသည်။

  ချီထျန်းယုက အနည်းငယ် ယဉ်ကျေးစွာဖြင့် "မတွေ့တာကြာပြီနော် သခင်မက လုံးဝမပြောင်းလဲဘူး"

 ရွှယ်ရှန်းရှင်းက ပုံကြီးချဲ့သော အပြုံးဖြင့် ယုတ်မာစွာ ပြုံးလိုက်ပြီး "အော်... ချီသခင်လေးက ဒီမှာ ရှိနေတာပဲ။ ငါတို့ ရှီးဝူက အရမ်းပျော်နေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ မိန်းကလေးတစ်ယောက် အနေနဲ့ တကယ်ကို ခဲယဉ်းတယ်"

သူမ ဒီမိသားစုကနေ မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ။ သူမရဲ့ရက်စက်တဲ့ စရိုက်က ချီမိသားစုလိုမျိုး လမ်းပေါ်ကမိသားစုတွေအတွက်ပဲ သင့်လျော်တယ်။

လို့ရှီးဝူက သူမဘေးနားရှိ ကျင်းစကို အထိတ်တလန့် စိုက်ကြည့်လိုက်ပြီးမှ "မေမေလေး၊ ကျေးဇူးပြုပြီး မသင့်တော်တဲ့စကားတွေကို ရပ်လိုက်ပါ!"

  ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။

ဒီကလေးမလေးက ချစ်ခြင်းမေတ္တာကို နားလည်ပြီးသားဖြစ်နေတဲ့အပြင် သူမ ပိုင်ဆိုင်ချင်သူတောင်မှ ရှိနေပြီလား?

  သူမ အံကြိတ်ထားသည်ကို မြင်လိုက်ရချိန်တွင် ရွှယ်ရှန်းရှင်း၏စိတ်အခြေအနေက ပိုကောင်းလာပြီး တမင်တကာ နားလည်မှုလွဲဟန်ဆောင်လိုက်သည်။

"သူ(မ) ငါကြောင့် အရမ်းရှက်သွားပြီ!"

  လို့ရှီးဝူက အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမလက်များကို လက်သီးတင်းတင်းဆုပ်ထားခဲ့သည်။ ချီထျန်းယုက အရာအားလုံး ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားလိုက်ပြီး "သခင်မ၊ သခင်မက ကျွန်တော်တို့ကို နောက်နေတာလား? ရှိးဝူက ငယ်သေးတာမို့ ကျွန်တော်က သူ(မ)ကို ညီမလေးလို့ပဲ သတ်မှတ်ခဲ့တာ"

  "ကောင်းပြီ မင်းတို့ ပြောတာမှန်တယ်!" ရွှယ်ရှန်းရှင်းက မနေ့ညကလို လို့ရှီးဝူ ရူးသွပ်သွားမည်ကိုလည်း ကြောက်ရွံ့နေပြီး အမြန်စကားဖြတ်လိုက်သည်။

ရွှယ်ရှန်းရှင်းက ကျင်းစကိုကြည့်ကာ လှမ်းမေးလိုက်သည်။

"ရှီးယန် ဘယ်မှာလဲ? သူ အိပ်ယာနိုးနေပြီလား?"

  သူမနောက်မှ အိမ်တော်အစေခံ၏လက်ထဲတွင် မနေ့ညက ဆေးဖျော်နှင့် အလွန်ဆင်တူသော ဆေးပန်ကန် တစ်လုံးရှိနေခဲ့သည်။ ကျွော့ချင်းက ထိုကိစ္စကို စဉ်းစားမိသွားပြီး ရှေ့သို့ တိုးသွားကာ "ဆေးကို ပေး"

  ရွှယ်ရှန်းရှင်းက ပြန်လှည့်လာပြီး "မင်းကို ပေးရမှာလား? မင်းကိုယ်မင်း ဒီမိသားစုရဲ့သခင်မလို့ ထင်နေတာလား? ရယ်စရာတွေ လာပြောနေတယ်၊ ငါ မင်းနဲ့ မငြင်းခုံချင်ဘူး။ မင်း နေရာကို မင်းသိရင် ပိုကောင်းမယ်"

  သူမက သခင်မနေရာအတွက် ဤနေရာတွင် ရှိနေကြောင်း ထွက်ပေါ်လာခဲ့သည်။ ကျွော့ချင်းက "သခင်မ ရာထူးကို ကျွန်မ စိတ်မဝင်စားပါဘူး၊ ဒါပေမယ့် လောလောဆယ်တော့ သူ့ဆေးတွေကို ကျွန်မ ထိန်းချုပ်ထားတယ်"

  စိတ်မဝင်စားဘူးပေါ့! သူမကလည်း ဒီနေရာမှာ ဟန်ဆောင်နေဖို့ စိတ်မဝင်စားပါဘူးနော်။

ရွှယ်ရှန်းရှင်းက လှောင်ပြောင်သံဖြင့် "ဒီလောက်ကြီးကျယ်တဲ့ လေသံနဲ့ ဝန်ကြီးချုပ်အိမ်တော်မှာ ရဲရဲဝံ့ဝံ့ ပြုမူရဲတဲ့ သတ္တိကို မင်းကို ဘယ်သူပေးတာလဲ? ကျင်းစ၊ သူ(မ)ကို မောင်းထုတ်လိုက်!"

ကျင်းစက တိတ်ဆိတ်နေခဲ့ပြီး ရွှယ်ရှန်းရှင်း ရူးသွပ်တော့မည်ဖြစ်အချိန်တွင် အဆောက်အဦး၏ တံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး လို့ရှီးယန်၏ နက်နဲသိမ်မွေ့သော အသံတိုးတိုးက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

“အဲ့သတ္တိက ငါ သူ(မ)ကို ပေးခဲ့တာ”

အခန်း ၂၆- ရေပူစမ်းဥယျာဉ် (အပိုင်း ၁)

“အဲ့သတ္တိက ငါ သူ(မ)ကို ပေးခဲ့တာ” တိုးတိမ်ပျော့ပျောင်းသော အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။

လွန်ခဲ့သည့်အခိုက်အတန့်က မောက်မာမှုများ ပြည့်နေခဲ့သည့် ရွှယ်ရှန်းရှင်း၏ မျက်နှာက ချက်ချင်းပင် အပြုံးများ ပြည့်နှက်လာခဲ့သည်။ သူမက အနောက်ဘက်သို့ ပြန်လှည့်ကာ လို့ရှီးရန်ဘက်သို့ မျက်နှာမူလိုက်ပြီး နာကျင်သော မျက်နှာ ထောက်ထားစာနာဟန်ဖြင့် "ရှီးယန်၊ မင်း ဘာလို့ အိပ်ရာကနေ ထလာတာလဲ? အခု မင်း ပိုကောင်းလာပြီဆိုပေမယ့် လေအေးနဲ့ ထိတွေ့မိရင် အဆင်မပြေဘူးလေ”

  ကျွော့ချင်းကတော့ အံသြတကြီး ဖြစ်နေခဲ့သည်။

ဒီမိန်းမက ပြဇာတ်အဖွဲ့ကို သွားပြီး မလေ့ကျင့်နိုင်တာ စိတ်မကောင်းစရာပဲ။ အခုန သူမက မာနကြီးပြီး မောက်မာလွန်းပေမယ့် အခုတော့ သူမက မေတ္တာရှင်မိခင်တစ်ယောက်လို နူးညံ့သိမ်မွေ့နေပြီး ဂရုတစိုက်ရှိလွန်းနေပြန်တယ်။ နောက်ဆုံးတော့ သူမရဲ့မျက်နှာကို ပြောင်းလဲနိုင်တဲ့ အရည်အချင်းကို ငါ မြင်ဖူးသွားတာပေါ့။

  လို့ရှီးယန်က ထိုအရာကို ကျင့်သားရနေပုံပေါ်ကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "ကျွန်တော် ပိုကောင်းလာပါပြီ။ အခုကစပြီး ကျွန်တော်ရဲ့ဆေးတွေအားလုံး ချင်းဖုန့်ဆီကို ပေးလိုက်"

သူက ပြောပြီးသည်နှင့် ကျွော့ချင်းကို ကြည့်လိုက်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်သည်။ .

  ဘာတုန်းဟ?

ကျွော့ချင်းက မလှုပ်မယှက်ရပ်နေပြီး လို့ရှီးယန်က စကားတစ်ခွန်းမှ မပြောဘဲ သူမကို ချစ်ခင်မှုများပြည့်နေသည့် အမူအရာဖြင့် ပြုံးပြုံးလေး စိုက်ကြည့်နေခဲ့သည်။ ကျွော့ချင်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ မျက်လုံးပြူးသွားတော့သည်။

ဒါက ဘယ်လိုအမူအရာမျိုးလဲ? သူမ သူ့ဆီကို မသွားရင် သူမက အဆိုးအကောင်းကို နားမလည်သလို ဖြစ်သွားပြီး လူကဲ့ရဲ့စရာဖြစ်သွားနိုင်ပေမယ့် ပြသနာက သူနဲ့ သူမကြားမှာ မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးတောင် မရှိဘူးလေ၊ ဟုတ်ပြီလား?!

  လို့ရှီးယန်က အလွန်စိတ်ရှည်နေပုံရပြီး သူမ ဘေးနားရှိလူများက ကျွော့ချင်းကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေကြသည်။ ကျွော့ချင်းက သူမစိတ်ထဲတွင် ထပ်ခါတလဲလဲ ဆဲဆိုနေခဲ့ပြီး သူ့၏စိတ်ရှည်မှုက အလွန်မြင့်မားကြောင်း နားလည်လိုက်ရသည်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူမ၏ စိတ်ရှည်မှုကလည်း အလွန်ကောင်းနေမွန်ကြောင်း သူမ တွေ့ရှိခဲ့ရသည်။ သူမက ထိုအရာကို မေ့ပစ်ရန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ယခုအချိန်တွင် သူက လူနာတစ်ယောက်ဖြစ်နေသည်ဟု ယူဆကာ သူ့ဆီသို့ မကျေမနပ် လျှောက်သွားလိုက်သည်။

  လို့ရှီးယန်က ကျွော့ချင်း၏ ပခုံးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူက ကျွော့ချင်းကို နှစ်သက်နေသည်ဟု ပိုသိသာသွားစေသည်။ ရွှယ်ရှန်းရှင်းလည်း ထိုအခြေအနေကို မြင်နေရပြီး သူမက အရူးမဟုတ်ဘဲ ဆေးကို ကျောက်စားပွဲပေါ် တင်လိုက်ပြီးနောက် အပြုံးဖြင့် သက်ပြင်းချလိုက်သည်။

"ကောင်းပြီ...ကောင်းပြီ၊ မင်း ဘာပဲဖြစ်ဖြစ် မင်းပြောသလိုပါပဲ၊ ဒါတွေအားလုံးက ဒုတိယအမေက မင်းအကျိုးအတွက်လုပ်ခဲ့တာပါ”

  လို့ရှီးယန်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်ပြီး "ဒုတိယအမေရဲ့ခြံဝန်းမှာလည်း စိတ်ပူစရာတွေ အများကြီးရှိသေးတယ်၊ ဒါကြောင့် ဒုတိယအမေ လုပ်စရာရှိတာ သွားလုပ်လိုက်ပါ"

ရွှယ်ရှန်းရှင်းက ခေါင်းညိတ်လိုက်ပြီး အပြုံးဖြင့် ထပ်ပြောလိုက်သည်။ "အဆင်ပြေပါတယ်... ဒီဆေးကို ပူနေတုန်း သောက်ရမယ်နော်"

ရွှယ်ရှန်းရှင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲဖြစ်ကာ သူမက အစေခံကောင်မလေးများနှင့်အတူ အမြန် ပြန်ထွက်ခွာသွားခဲ့သည်။

သူမက ချင်းဖုန့်ကို လျှော့တွက်ခဲ့မိတယ်။ တစ်ရက်တည်းတဲ့ ချင်းဖုန့်က ရှီးယန်ရဲ့မျက်နှာသာကို ရရှိသွားခဲ့ပြီ။ သူမ(ကျွော့ချင်း)မှာ သေချာပေါက် ရက်စက်ကြမ်းကြုတ်သော စရိုက်လက္ခဏာတစ်ခုရှိနေပြီး သူမ(ရွှယ်ရှန်းရှင်း)က အဲ့ဒါကို သေသေချာချာ ‌ဖော်ထုတ်ပြမယ်။

လက်နှစ်ဖက်ပိုက်ထားသော ချီထျန်းယုက အပြုံးခပ်ဖျော့ဖျော့ဖြင့် "မင်း နေမကောင်းဘူးထင်လို့ ငါ မနက် အစောကြီး ရောက်လာတာ။ အခုတော့ မင်း အရမ်းကို အဆင်ပြေနေပြီ ထင်တယ်"

ချောမောလှပတဲ့ အမျိုးသမီးက အနားမှာ ရှိနေပြီး၊ ဖျားနေပုံလဲ မပေါ်ပါဘူး။

  လို့ရှီးယန်က သူ့၏မျက်လုံးများကို ညင်သာစွာ ပင့်တင်လိုက်ရင်း "မင်းက မအားတဲ့ကြားထဲကနေ ငါ့ဆီကို လာလည်တယ်တဲ့လား?"

  အင်း?

ချီထျန်းယုကလည်း သူ့မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်ပြီး လို့ရှီးယန်၏ စကားသံကြောင့် အနည်းငယ် ချဉ်သွားပုံရသည်။

  ချီထျန်းယု၏စူးစမ်းနေသည့် မျက်လုံးများကို လျစ်လျူရှုလိုက်ပြီး လို့ရှီးယန်က "မြို့ပြင်မှာ မင်းတို့ မိသားစုပိုင်တဲ့ ရေပူစမ်းအိမ်တော်တစ်ခု ရှိတာကို ငါ မှတ်မိတယ်"

  သူက ဘာလို့ ရုတ်တရက် ဒါကို မေးတာလဲ?

ချီထျန်းယုက "ဟုတ်တယ်၊ အခုက နွေဦးပေါက်နေပြီဆိုပေမယ့် ရေပူစမ်းထဲမှာ စိမ်ရတာ အရမ်းအဆင်ပြေနေ‌သေးတယ်"

  "ငါ အဲဒီကို သွားချင်နေတာ... အဆင်ပြေလား?" လို့ရှီးယန်က ချီထျန်းယုကို ပြောလိုက်သော်လည်း ကျွော့ချင်းကို နူးညံ့သော အပြုံးဖြင့် ကြည့်နေခဲ့သည်။

  သူ! သူ! သူ! သူ့မျက်လုံးတွေက ဘာတုန်းဟ?

အဲ့အမူအရာကရော...

ကျွော့ချင်းက အကြောင်းပြချက် မရှိဘဲ တုန်လှုပ်သွားသလို ခံစားလိုက်ရသောကြောင့် သူ့လက်ကို တွန်းဖယ်လိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

ဒီလူက တစ်ခါတစ်ရံ နူးညံ့သိမ်မွေ့တယ်၊ တစ်ခါတစ်ရံ လျှို့ဝှက်တတ်တယ်။ အဲ့ဒါကြောင့် သူမ သူ ဘာလုပ်ချင်လဲ ဆိုတာကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ပြောရရင်တော့ သူက လုံးဝအန္တရာယ်များတဲ့လူတစ်ယောက်ပဲ။ 

  "အိုး~ ရတာပေါ့"

ချီထျန်းယုကလည်း အံ့အားသင့်နေခဲ့သည်။

အရင်က သူ ခနခန ဖိတ်နေတာကိုတောင် ရှီးယန်က မသွားခဲ့ဘူးလေ။ ဒီနှစ် ဘာတွေဖြစ်သွားတာတုန်း? သူက လှပတဲ့ မိန်းခလေးတစ်ဦးကို ခေါ်သွားပြီး မန်ဒရင်းဘဲမောင်နှံတွေလို ရေအတူ ချိုးရတာကို သဘောကျတာ ဖြစ်နိုင်လား?!

  ကျွော့ချင်းက လို့ရှီးယန်က ပန်းနာရင်ကျပ်ရောဂါ ခံစားနေရသည်ဟု ယူဆကာ "ရှင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ရေပူစမ်းမှာ ရေချိုးဖို့ မသင့်တော်ဘူး"

  လို့ရှီးယန်က သူမကို ပဟေဠိဆန်စွာ ကြည့်နေပြီး ကျွော့ချင်း တစ်ခုခု ထပ်ပြောခါနီးတွင် လှပသည့် လက်ပံပွင့်တစ်ပွင့် ပြုတ်ကျလာခဲ့သည်။ ကျွော့ချင်း၏မျက်လုံးများက ပေကလပ်ပေကလပ် ဖြစ်သွားပြီး "ဒါပေမယ့် ရှင် အပန်းဖြေဖို့ တောင်တွေ မြစ်တွေ ရူခင်းလှလှလေးတွေ ရှိတဲ့နေရာကို သွားတာက ပိုကောင်းပါတယ်“

ထားလိုက်ပါတော့လေ၊ လက်ပံပွင့် ပွင့်တဲ့ရာသီကို ရှောင်ပြီး အပြင်ထွက်တာက သူ့ရောဂါအတွက် ပိုကောင်းစေလိမ့်မယ်။

  ကျွော့ချင်းက သဘောတူလိုက်ပြီးမှ သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု တိတ်တဆိတ် ဖြစ်ပေါ်လာသည်ကို သတိထားမိလိုက်သည်။

လို့ရှီးယန်က အသေးစိတ်ကို မပြောတော့ဘဲ ကျင်းစကို သွားဖို့ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။

  "ဟုတ်ကဲ့"

ကျင်းစ၏ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် ယခုန တိတ်ဆိတ်နေခဲ့သော လို့ရှီးဝူက ရုတ်တရက် ဝင်ပြောလာခဲ့သည်။

"ကျွန်မလည်း လိုက်ချင်တယ်"

  လို့ရှီးယန်က မျက်မှောင်ကြုတ်ကာ စကားပြောခါနီးတွင် ကျွော့ချင်း၏ မျက်လုံးများထဲမှ တစ်ခုခုကို နားလည်သွားသလို အလင်းတန်းတစ်ခု တောက်ပလာပြီး သူမက ပြုံးလိုက်ကာ "သူ(မ)ကို လိုက်ခွင့်ပြုလိုက်ပါ၊ မဟုတ်ရင် ကျွန်မ တစ်ယောက်တည်း ပျင်းနေလိမ့်မယ်"

  ကျွော့ချင်း၏စကားဆုံးသွားချိန်တွင် လို့ရှီးယန်က လို့ရှီးဝူကို စိုက်ကြည့်နေပြီး ဘာမှ ထပ်မပြောတော့ပေ။

  လို့ရှီးယန်က သခင်မလေးချင်းဖုန့်ကို အလွန်အလေးထားနေသော်လည်း ချီထျန်းယုက သေခြင်းတရားကို မကြောက်ဘဲ တမင်တကာ ရှေ့တိုးလာပြီး "ချင်းသခင်မလေးက ဘယ်တော့မှ ပျင်းမှာ မဟုတ်ပါဘူး၊ ငါလည်း ရှိပါတယ်!"

  ကျွော့ချင်းက ချီထျန်းယုအား အေးစက်သော မျက်လုံးများဖြင့် အပေါ်မှ အောက်သို့ စုံဆန်ကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်ကာ "ကျွန်မက မိန်းကလေးတွေအကြောင်း ပြောနေတာပါ၊ တောင်းပန်ပါတယ် ရှင်က ဒါကို ကောင်းကောင်း ဖုံးကွယ်ထားတော့ ခုနက ခဏလောက် သတိမထားမိလိုက်ဘူး"

  လို့ရှီးယန်က ရယ်မောလိုက်သည်။

အဲ့စကားကို ပြောလိုက်တာက သူမ တကယ်သည်းမခံနိုင်‌တော့ဘူးဆိုတာ သိသာနေပြီ။ ပုံမှန်ဆိုရင် သူမက သူများအတွက်ငဲ့ညှာပြီး စဥ်းစားပေးတက်တယ်။

  "ငါတို့ကြားထဲမှာ နားလည်မှုလွဲနေတာ တစ်ခုခုရှိလား?"

ချီထျန်းယုက စိတ်တွေရှုပ်ထွေးပြီးရင်း အရမ်းရှုပ်ထွေးနေတော့သည်။

သူက ဘယ်တုန်းက အရမ်းစိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူ ဖြစ်သွားခဲ့တာလဲ?!

  "မရှိဘူး"

နျိုကျားရွာမှာရှိတုန်းက သူက သူမကို နှိုးဆွဖို့ စကားလုံးတွေကို အမြဲသုံးနှုန်းခဲ့တယ်။ ဒါက နားလည်မှုလွဲတာ ဘယ်လိုဖြစ်နိုင်မှာလဲ?

သို့သော် ကျွော့ချင်းက သူ့ကို ဘာမှမပြောဘဲ ပခုံးတွန့်ပြလိုက်သည်။ ကျွော့ချင်းက သူမ၏ နှုတ်ခမ်းထောင့်များကို ညင်သာစွာ ပင့်လိုက်ပြီး "ပိုးဟပ်ကို မြင်တဲ့သူတိုင်းက မနင်းဘဲ မနေနိုင်ဘူးလေ"

  ပိုးဟပ် . . . . .

  လန်ယွဲ့အဆောင်တွင် အတောမသတ်နိုင်သည့် အားရပါးရ ရယ်မောသံများ ထပ်မံထွက်ပေါ်လာတော့သည်။

****

ရထားလုံးက အပြန်ပြန်အလှန်လှန် လူးလွန့်လှုပ်ရှားနေပြီး ကျွော့ချင်းလည်း အိပ်ပျော်သွားခဲ့သည်။

အခု သူမ ကားတွေကို အရမ်းလွမ်းနေပြီ။ ကားက ဘီးလေးဘီးလည်း ရှိတဲ့အပြင် အရှိန်ကလည်း အရမ်းကွာတယ်။ သူတို့ မွန်းတည့်ချိန်က ထွက်လာခဲ့ပြီး အခု သူမ နိုးလာတဲ့ မှောင်ခါနီးတာတောင် မရောက်သေးဘူး။

ကျွော့ချင်းက ပျင်းရိငြီးငွေ့လာပြီး သူမ၏မျက်လုံးတစ်ဝက်ကို မှေးထားကာ လှမ်းကြည့်လိုက်ချိန်တွင် သူမ ဘေးနားရှိ လို့ရှီးဝူက ကန့်လန့်ကာကို ညင်သာစွာ ပင့်တင်ထားပြီး ပြတင်းပေါက်ပေါ်သို့ မှီနေကာ ရှေ့ကို မက်မောစွာ စိုက်ကြည့်နေသည်အား သူမ တွေ့လိုက်ရသည်။ ကျွော့ချင်းက ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ သူမ မျှော်လင့်ထားသည့်အတိုင်း အရပ်မြင့်မြင့် ရှိပြီး အေးစက်မောက်မာသော အသွင်အပြင်နှင့်လူက ရှေ့မှ မြင်းစီးပြီး သွားနေလေသည်။

  "နင် သူ့ကို သဘောကျရင် ဖွင့်ပြောလိုက်လေ။ ဒီလောက် လျှို့ဝှက်နေစရာ မလိုပါဘူး"

  ပျင်းရိပျင်းတွဲ မိန်းကလေးအသံက လို့ရှီးဝူကို ထိတ်လန့်သွားစေခဲ့သည်။ သူမက ကန့်လန့်ကာများကို အမြန်နှိမ့်ချလိုက်ပြီး ကျွော့ချင်းက သူမကို အပြုံးတစ်ဝက်ဖြင့် စွေကြည့်နေခဲ့သည်။ သူမက အနည်းငယ်ရှက်သွားပြီး စိတ်မသက်မသာဖြင့် အော်ဟစ်နေပြန်သည်။

"နင် ... နင် ဘာလို့ ပေါက်ကရတွေ ပြောနေတာလဲ?!"

သူမ အခုန အိပ်ပျော်နေတာ မဟုတ်ဘူးလား?!

လို့ရှီးဝူက သူမ ပြန်နိုးလာသည်ကိုပင် မသိလိုက်ရအောင် အလွန်အမင်း စိတ်၀င်စားစွာ ကြည့်နေမိသော မိမိကိုယ်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

  "ဒါဆို ငါက တစ်ခုခု မှားနေတာလား?"

ကျွော့ချင်းက တည့်တည့်ထထိုင်လိုက်ပြီး ကန့်လန့်ကာများကို ဖြည်းညှင်းစွာ တင်လိုက်ကာ လို့ရှီးဝူကို လျစ်လျူရှုလိုက်သည်။ သူမက သူမ၏ပါးကို ပြန်ကိုင်ထားလိုက်ပြီး ကျင်းစ၏နောက်ကျောကို တမင်စိုက်ကြည့်နေကာ သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ... ကျင်းစတဲ့လား? အင်း၊ ဒီရေခဲတုံးက ပိုပိုပြီး မျက်စိကျဖို့ ကောင်းလာတယ်၊ နင် မကြိုက်ရင်လည်း စိတ်ဆိုးမနေပါနဲ့တော့... ငါ..."

   ကျွော့ချင်း၏စကားမဆုံးခင်မှာ သူမ၏လက်ကောက်ဝတ်က နာကျင်သွားပြီး လို့ရှီးဝူက သူမကို လှမ်းဆွဲလိုက်ခြင်း ဖြစ်သည်။ လို့ရှီးဝူက ဒေါသတကြီးဖြင့် "နင်က ဘာလိုချင်လဲ?! နင်ရဲ့ကိုယ်ပိုင်လက္ခဏာကို သတိရစေချင်တယ်၊ နင်က ငါ့အစ်ကိုရဲ့လူ!"

  ဟက်...ဒီကောင်မလေးက တကယ်ကို မနာလိုဖြစ်နေတယ်။

ကျွော့ချင်းက သူမ၏ ပျင်းတိပျင်းတွဲအပြုံးကို ဖယ်ရှားလိုက်ပြီး လို့ရှီးဝူ၏လက်ကို ခါထုတ်လိုက်ကာ "နင် သူ့ကို မကြိုက်ဘူးဆို နင်က သူ့ကို အရမ်းဂရုစိုက်နေတာလား?"

  "ငါ..." ကျွော့ချင်း၏ဒေါသမျက်လုံးများနှင့် ဆုံလိုက်ရသောကြောင့် လို့ရှီးဝူက အံကြိတ်ပြီး ပြန်ပြောလာခဲ့သည်။

"ငါ နင်ကို သတိပေးနေတယ်လေ၊ ငါက သူ့ကို ကြိုက်တယ်၊ သူက ငါ့လူပဲ။ ဘယ်သူမှ သူ့ကို ခိုးဖို့ မကြိုးစားနိုင်ဘူး!"

  အိုး~~သူမက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်၊ ခုခေတ်က ကလေးတွေက တကယ်ကို သနားစရာကောင်းတယ်။

ကျွော့ချင်း၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့ပြီး သူမက ဘာကိုမှ ဂရုမစိုက်သော အပြုံးဖြင့် "ဒါက နင့်ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးသက်သက်ပဲလေ။ နင် သူ့ကို ဖွင့်မပြောရသေးဘူး၊ ဒါကြောင့် သူက နင့်ကို မကြိုက်တာလည်း ဖြစ်နိုင်တယ်။ နင်က ဝန်ခံဖို့တောင် သတ္တိမရှိဘူး။ ဒါဆို နင် ဘာဆက်လုပ်နိုင်ဦးမှာလဲ?!"

 နှိမ့်ချရန် ဆန္ဒမရှိသော လို့ရှီးဝူကလည်း ဒေါသထွက်နေပြီး သူမ၏ လက်သီးများကို ဆုပ်ထားကာ "ငါ ဒီည သွားပြောမယ်!!"

  "ကောင်းပြီ၊ ငါ စောင့်ကြည့်မယ်" ကျွော့ချင်းက လိမ္မာပါးနပ်စွာ ပြုံးပြလိုက်သည်။

ဒီလိုမိန်းကလေးမျိုးနဲ့ ဆက်ဆံဖို့အတွက် ဒေါသထွက်အောင်ဆွပေးတာက ထိရောက်နေတုန်းပဲ။ ဒီညမှာ ပွဲကောင်းတစ်ပွဲရှိလိမ့်မယ်။

  ကျွော့ချင်းက ပျော်ရွှင်သော ခံစားချက်ဖြင့် ရထားလုံးနံရံကို ပြန်မှီလိုက်ပြီး အနားယူရန် သူမ၏မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။ ယနေ့ညတွင် ကြည့်ရှုရန် ကောင်းသောပြဇာတ်တစ်ခု ရှိမည်ဟု သူမ မျှော်လင့်ထားသော်လည်း တစ်စိတ်တစ်ပိုင်းက သူမနှင့် သက်ဆိုင်နေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

All Chapters