အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း ၂၉ ချမ်ကျင်း
ရေပူစမ်းဥယျာဉ်၏ အဓိကခန်းမတွင်...
လရောင်က ဆွဲဆောင်မှုရှိစွာ ဖြာကျနေပြီး စိတ်ကူးယဥ်ဆန်နေလေသည်။ ညလေညင်းက တိုက်ခတ်နေပြီး ပန်းရနံ့များက လူများကို လန်းဆန်းစေသည်။ သစ်ပင်များနှင့်မြက်ပင်များမှ ထွက်လာသော စိမ်းစိုစိုရနံများနှင့် မြူခိုးများ ဝေနေသော ရေနွေငွေ့များက အခန်းတွင်းသို့ ဝင်ရောက်နေသလို တွန့်လိမ်နေသော ဖယောင်းတိုင်မီးတောက်များဖြင့် တောက်ပသော ခန်းမဆောင်တွင်လည်း လက်ဖက်ရည်၏ ရနံ့များဖြင့် ပြည့်နှက်နေလေသည်။ အရာအားလုံးက အလွန်လှပနေသယောင်ထင်ရသော်လည်း လေထုက အနည်းငယ် စိုးရိမ်စရာဖြစ်နေသလို အနည်းငယ် အဆင်မပြေဖြစ်နေပြီး ထူးဆန်းနေခဲ့သည်။
လို့ရှီးယန်နှင့် ကျွော့ချင်း နှစ်ယောက်စလုံးက ရေစိုအဝတ်အစားများကို ၀တ်ဆင်ထားပြီး လို့ရှီးယန်က ပင်မထိုင်ခုံတွင် ထိုင်နေကာ သူ့လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားခဲ့သည်။ သူ့၏နှုတ်ခမ်းထောင့်များက အနည်းငယ် ပင့်တက်နေပြီး သူ့၏အနည်းငယ် ကျဉ်းမြောင်းသည့်မျက်လုံးများက သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ထဲတွင် မျောနေသည့် လက်ဖက်ရွက်များကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူ့ပုံစံကြောင့် သူ ပျော်ရွှင်နေလား ဒေါသထွက်နေလားဆိုသည်ကိုပင် ပြောရန် ခက်ခဲလှသည်။
ချမ်ကျင်းက အခန်းရှေ့တွင် တစ်ဝက်တစ်ပျက် မှီရပ်နေပြီး လက်ထဲတွင် ပုစဉ်းရင်ကွဲ အတောင်ပံများကဲ့သို့ သေးငယ်သော ဓားပျံကို ဆော့ကစားနေသည်။ သူ့မျက်နှာက ပျင်းရိငြီးငွေ့မှုနှင့် စိတ်မရှည်မှုတို့ဖြင့် ပြည့်နှက်နေသည်။ မော့ပိုင်က လို့ရှီးယန်အနားတွင် ရပ်နေပြီး စူးရှသော အပြာရောင် မျက်လုံးတစ်စုံက ချမ်ကျင်း၏လက်ထဲမှ ဓားသွားကို သတိထားပြီး စိုက်ကြည့်နေသည်။
ကျွော့ချင်းက လက်တစ်ဖက်တွင် မုန့်တစ်ခု ကိုင်ထားပြီး ကျန်တစ်ဖက်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ အဆုံးတွင် သူမက အခန်းအတွင်းမှ လျှို့ဝှက်စွာ အားပြိုင်နေကြသော လူအုပ်စုကို လုံးဝ လျစ်လျူရှုလိုက်ပြီး ဘေးအကျဆုံးထိုင်ခုံတွင် ဝင်ထိုင်ကာ အေးအေးလူလူ စားသောက်နေတော့သည်။
ချီထျန်းယုက တံတွေးမျိုချလိုက်ပြီး ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်လုပ်နေရင်းမှ ဘာမှ မပြောဘဲနေရခြင်းက ပို၍ စိတ်မသက်မသာ ဖြစ်စေသလို ခံစားလိုက်ရသည်။ ထို့ကြောင့်ချီထျန်းယုက အနည်းငယ် ချောင်းဟန့်လိုက်ပြီး မတ်တပ်ထရပ်ကာ ခန်းမအလယ်သို့ လျှောက်သွားလိုက်သည်။
သူက လို့ရှီးယန်ကို ကြည့်ကာ "လို့ရှီးယန်.... သူက"
သူက အပြုံးဖြင့် မိတ်ဆက်ပေးရန် ကြိုးစားလိုက်သော်လည်း လို့ရှီးယန်၏အဆင့်အတန်းကြောင့် တိုက်ရိုက်ပြောပြရန် အဆင်မပြေတော့ပေ။ ချီထျန်းယုက တုံ့ဆိုင်းသွားပြီး ခဏလောက်ကြာတော့ “သူ့က… ငါ့ရဲ့သူငယ်ချင်းကောင်း”
ချီထျန်းယုက ချမ်ကျင်းကို ထပ်ကြည့်လိုက်ပြီး ခဏလောက်စဉ်းစားနေကာ နောက်ဆုံးတွင် သူက "ဒါက ချမ်ကျင်းပါ၊ သူကလည်း ငါ့သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ"
လို့ရှီးယန်က ခေါင်းကို အနည်းငယ် မော့ကာ ဖျတ်ခနဲ ပြုံးလိုက်ပြီး "မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ချမ်သခင်လေး"
သူက လို့ရှီးယန်လား?! ကျက်သရေရှိပြီး ချဉ်းကပ်ရလွယ်ကူတယ်လို့ တိုင်းပြည်ခြောက်ခုစလုံးမှာ ကျော်ကြားနေတဲ့သူလား?
ချမ်ကျင်းက စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။
ဒီလူက အတုအယောင်ပဲ၊ အခုန ရေပူစမ်းမှာ ဒီလိုအပြုအမူမျိုး မရှိခဲ့ဖူးဘူးလေ!
ချမ်ကျင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ခုပ်အုပ်ကာ "ကျွန်တော်မျိုး မခံယူရဲပါဘူး၊ ဝန်ကြီးချုပ်က အရမ်းနာမည်ကြီးတဲ့အတွက် ခုလိုတွေ့ရတာက ကျွန်တော်မျိုး ကံကောင်းတာပါ"
အဲ့ဒိရုပ်ဆိုးတဲ့အမျိုးသမီးက သူ့နောက်ကို လိုက်နေတယ်လား? ဘယ်လိုသေဆုံးသွားမှန်းတောင် မသိအောင် လှည့်စားခံရပြီး အသတ်ခံရနိုင်တယ်လေ!
အင်း. . . . . သူတို့ကြားမှာ ဘာအမုန်းတရားတွေရှိလို့လဲ!
အမှန်တကယ်တွင် ချီထျန်းယုလည်း အတွေးများနေခဲ့သည်။ သို့သော်လည်း သူက တိုက်ရိုက်မေးရလောက်အောင်တော့ မမိုက်မဲသေးပေ။ သူက တခြားဘယ်သူမှ မရှိသလို ပျော်ရွှင်စွာစားသောက်နေသည့် ကျွော့ချင်းကို အမြန် ညွှန်ပြလိုက်ပြီး "ဒါက ဟောင်ယွဲ့ပြည်ထောင်က သခင်မလေးချင်းဖုန့်ပါ"
"ချင်းမိသားစုရဲ့သမီးသုံးယောက်ထဲက တစ်ယောက်လား?"
ချမ်ကျင်းက ရုတ်တရက် ကိုယ်ကိုမတ်လိုက်ပြီး ကျွော့ချင်းကို ခဏလောက် စိုက်ကြည့်နေပြီးနောက် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
ကျွတ်၊ကျွတ်... ငါ ကောလဟာလတွေကို မယုံခဲ့သင့်ဘူး၊ အိုး မဟုတ်ဘူး၊ ဟုတ်တယ် ငါ လုံးဝ မယုံတော့ဘူး...
ချင်းမိသားစုရဲ့ ညီအစ်မ သုံးယောက်ရဲ့ လှပတဲ့ ဂုဏ်သတင်းက ဘယ်လောင်တောင် သတင်းကြီးလိုက်သလဲ? သူမတို့က ဘယ်လောက် ကြော့ရှင်းပြီး ဘယ်လောက် ချောမောတယ်၊ ဘယ်လောက် နူးညံ့သိမ်မွေ့ပြီး ဘယ်လောက် တင့်တယ်တယ်ဆိုတာကို သူ ကြားဖူးနားဝ ရှိဖူးပြီး ဟောင်ယွဲ့ကို သွားကြည့်ဖို့တောင် တွေးခဲ့ဖူးတယ်။ တောက်ပနေတဲ့ လရောင်မှာ သူမတို့ရဲ့ လှပတဲ့ မျက်နှာလေးတွေကို မြင်လိုက်ရရင်...
ခုတော့...
တော်သေးတယ်...ငါ မသွားမိလို့...
ချမ်ကျင်းက ညင်သာစွာ နောက်ပြန်ဆုတ်လိုက်ပြီး သူ့လက်ထဲမှ ချွန်ထက်သည့် ဓားသွားများကို တစ်နေရာရာသို့ ဝှက်ထားလိုက်သည်။
ဒီကမ္ဘာကြီးက အန္တရာယ်များလွန်းတယ်လေ။
ချမ်ကျင်းက သူ့နှာခေါင်းကို ထိလိုက်ပြီး “ငါ အရင်ထွက်သွားတာက ပိုကောင်းလိမ့်မယ်”
ချမ်ကျင်း ထွက်သွားရန် ပြင်လိုက်ချိန်တွင် ချီထျန်းယုက စိတ်ပူသွားပြီး "နေပါဦး ညီအကိုရဲ့... အလျင်လို မနေပါနဲ့၊ ငါတို့ ဒီကိစ္စကို သေသေချာချာ မဆွေးနွေးရသေးဘူး မဟုတ်လား?"
ချမ်ကျင်းက ခဏရပ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။ "ကောင်းပြီ၊ ငါ့ဘက်က ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ မင်း ခိုင်းတာကို ငါ လုပ်ပေးမယ်။ စျေးနှုန်းအနေနဲ့ ပုံမှန်နှုန်းထားအတိုင်း တွက်ပေးပေါ့၊ ငါ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး"
ချီထျန်းယုက ထိုကိစ္စကို စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ရပါတယ်"
ချီထျန်းယုက အလွန်အလျင်လိုနေခြင်း ရှားပါးလွန်းသောကြောင့် လို့ရှီးယန်က မျက်မှောင်ကြုတ်ကာ မတ်တပ်ထရပ်လိုက်ပြီး "ထျန်းယု၊ မင်း ဘာတွေဖြစ်နေတာလဲ? မင်းက ငါ့ကို ဘာမှ မပြောခဲ့ဘူး၊ စောစောပြောခဲ့မယ်ဆိုရင် ငါ မင်းကို လာနှောက်ယှက်မှာ မဟုတ်ဘူး"
"မဟုတ်ဘူး၊ ရှီးယန်၊ ဒါက ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး!"
လို့ရှီးယန် မတ်တပ်ထရပ်လိုက်သည်ကို မြင်လိုက်ချိန်တွင် ချီထျန်းယုက လို့ရှီးယန်အနေဖြင့် အရေးတကြီးကိစ္စရပ်ဟု နားလည်မှု လွဲသွားမည်ကို စိုးရိမ်သည့်အတွက် သူ အလောတကြီး ရှင်းပြလိုက်သည်။ "ငါ ပြောပြပါ့မယ်၊ အခြေအနေက ဒီလိုပါ၊ လူတစ်ယောက်က လောင်းကစားရုံမှာ သုံးရက်ကြာအောင် လောင်းကစားလုပ်ပြီး ငွေလျန်ပေါင်းများစွာ ဆုံးရှုံးခဲ့တယ်။ နောက်တော့ သူက လောင်းကစားရုံက သူ့ကို လှည့်စားပြီး ပိုက်ဆံပြန်ပေးစေချင်တယ်လို့ အခိုင်အမာ ပြောခဲ့တယ်။ ဒါက မဖြစ်နိုင်ဘူးလေ၊ အကုန်ဖြေရှင်းပြီးမှ သူက ငါတို့ အိမ်ထဲကို ခိုးဝင်ခဲ့တယ်၊ သူက ထျန်းရှင်းကို ပြန်ပေးဆွဲပြီး ခြိမ်းခြောက်ချင်ပေမယ့် ထျန်းရှင်းရဲ့ကိုယ်ပိုင်အစေခံ ရူအာကို ပြန်ပေးဆွဲသွားတာ နှစ်ရက်ရှိသွားပြီ။ ထျန်းရှင်းက ရူအာကို ပြန်ရှာပေးဖို့ နေ့တိုင်း ငါတို့ကို ဒုက္ခပေးနေတယ်၊ တစ်မိသားစုလုံးကိုလည်း စိတ်မချမ်းမသာ ဖြစ်စေခဲ့တယ်။ အဲ့တာကြောင့် အားလုံးငြိမ်းချမ်းဖို့ အစ်ကိုချမ်ကို အဲဒီလူဆိုးကို ရှာပြီး ရူအာကို ကယ်တင်ပေးဖို့ အကူအညီတောင်းထားတာပါ၊ ငါ့အတွက် စိတ်မပူပါနဲ့"
ဒီလိုမျိုးဖြစ်ခဲ့တာလား?
လို့ရှီးယန်က မျက်ခုံးပင့်လိုက်ပြီး "မင်း တာဝန်ရှိသူတွေကို သတင်းပို့ပြီးပြီလား?"
"သတင်းပို့ပြီးပြီ၊ မင်းက နေမကောင်းဖြစ်နေပြီး မင်းရဲ့အခြေအနေက အရေးကြီးတဲ့ အနေအထားမှာ ရှိနေတယ်။ ဒီလို အသေးအမွှားကိစ္စတွေအတွက် မင်းကို ဒုက္ခပေးချင်ဘူး"
မူလက သူ ရှီးယန်ကို ပြောပြချင်ပေမယ့် သူ စဉ်းစားနေတုန်းမှာပဲ ရှီးယန်ရဲ့ရောဂါဟောင်းက ပြန်ဖြစ်လာတယ်လို့ ကြားလိုက်ရတယ်။ အဲ့လိုအချိန်မှာ သူက ရှီးယန်ကို ဘယ်လို ဒုက္ခပေးနိုင်တော့မှာလဲ?
"အစိုးရရုံးက သတင်းတစ်ခုခု မရှိဘူးလား?"
မဟုတ်ရင် ထျန်းယုက တစ်ခြားလူကို အကူအညီတောင်းမှာ မဟုတ်ပါဘူး။
သူ မျှော်လင့်ထားသည့်အတိုင်း ချီထျန်းယုက ပြန်ဖြေလာခဲ့သည်။
"ဘာသတင်းမှ မရှိဘူး"
ထွက်ခွာခါနီးဖြစ်နေသည့် ချမ်ကျင်းက ထိုစကားကို ကြားသွားပြီး တိုးတိုးလေး နှာမှုတ်လိုက်သည်။ သူက အောင်ပွဲခံနေသည့်အမူအရာဖြင့် "အစိုးရဘက်က အကုန် မလုပ်နိုင်ဘူး၊ မဟုတ်ရင် မင်းက ငါ့ကို ဘာလို့ ခိုင်းနေမှာလဲ?"
လို့ရှီးယန်က မျက်ခုံးပင့်ကာ တံခါးအပြင်ဘက်ရှိလူကို တစ်ချက်ကြည့်လိုက်သည်။
ချီမိသားစုက အဓိကအားဖြင့် လောင်းကစားရုံဖွင့်တယ်။ အခု သူတို့က တစုံတစ်ဦးကို အကူအညီတောင်းတယ်ဆိုရင် အဲ့ဒိလူက ဘယ်လိုလူမျိုးဖြစ်မလဲ? ပြီးတော့ သူနဲ့ ချင်းဖုန့်က အရင်ကတည်းက အသိအကျွမ်းတွေ ဖြစ်ပုံရတယ်။
ချမ်ကျင်းက သူ့အထောက်အထားအတွက် ဖုံးကွယ်ထားခြင်း မရှိသလို လို့ရှီးယန်ကလည်း အလွန်စိတ်ဝင်စားသောကြောင့် ချီထျန်းယုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "အစ်ကိုချမ်က ဒီချုံယွဲ့မှာ အကျော်ကြားဆုံး ကြေးစားမုဆိုးပါ။ အစိုးရက ဖမ်းမမိနိုင်တဲ့ လူတွေကို တရားမျှတမှု့အတွက် ဖမ်းပေးနိုင်တယ်။ သူက လူတွေကို ရှာဖွေပြီး ရာဇ၀တ်ကောင်တွေကို ဖမ်းတာ အရမ်းတော်တယ်"
ကြေးစား? ချုံယွဲ့မှာ ကြေးစားတွေ အများကြီးရှိပေမယ့် ကျော်ကြားတယ်လို့ ပြောနိုင်တာက "ယဲ့မိန်" နဲ့ "အောက်ထျန်း" တို့ပဲ ရှိတယ်။ ချမ်ကျင်းကို သူ တစ်ခါမှ မကြားဖူးဘူး၊ သူကြားဖူးတာက "ယဲ့မိန်" ဒါမှမဟုတ်ရင် “အောက်ထျန်း"ပဲ...
လို့ရှီးယန် သူ့ဘာသာသူ တွေးနေစဥ်မှာပင် ကြည်လင်ပြတ်သားသည့် အမျိုးသမီးသံတစ်သံ ထွက်ပေါလာခဲ့သည်။ "ဒါက တကယ်ကို အံ့သြစရာကောင်းတယ်၊ အကျော်ကြားဆုံးလူက ရာဇ၀တ်ကောင်ကို ဖမ်းမိပြီး သူ့ကို ပြန်ထွက်ပြေးသွားအောင် လုပ်နိုင်သေးတယ်။ အံ့သြစရာပဲ!"
ကျွော့ချင်းက သူမလက်ပေါ်မှ ကိတ်မုန့်အမှုန့်လေးများကို သူမလက်ဖြင့် ပုတ်လိုက်ရင်း ခပ်ရွဲ့ရွဲ့ပြောနေကာ သူမ၏မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။
ချမ်ကျင်း၏ဝင့်ကြွားနေသည့် မျက်နှာက ရုတ်တရက် အေးခဲသွားပြီး သူက ကျွော့ချင်းကို စိုက်ကြည့်နေကာ ဒေါသတကြီးဖြင့် "မိန်းခလေး၊ မင်း မာနကြီး မနေပါနဲ့၊ ငါ့ ပိုက်ဆံပြန်ပေး!"
ကျွော့ချင်းက ရယ်မောလိုက်ပြီး "ရှင်က တကယ်ကို ပိုက်ဆံမက်တဲ့လူပဲ။ ရှင်က ပိုက်ဆံကို ရူးသွပ်နေတာပဲ၊ ကျွန်မ ရှင့်ကို ဘယ်တုန်းက အကြွေးတင်ခဲ့တာလဲ၊ ဒါမှမဟုတ် ရှင် အယ်လ်ဇိုင်းမားရောဂါရနေတာလား?"
အယ်လ်ဇိုင်းမားရောဂါဆိုတာဘာလဲ?! ဒါပေမယ့် ဒီအကြည့်ကတော့ ကောင်းတာ မဟုတ်လောက်ဘူး။
ချမ်ကျင်းက ခန်းမထဲသို့ ပြန်ဝင်သွားပြီး လို့ရှီးယန်ကို ဘေးစောင်းကြည့်လိုက်ကာ ကျွော့ချင်းကို ဆူပူလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက်က မင်း ဒဏ်ရာ ရခဲ့တယ်၊ ငါ မင်းကို ပေးလိုက်တဲ့ဆေးက လျန်ငါးဆယ်တန်တယ်။ လျန်ငါးဆယ်!! ဆေးဖိုး ပြန်ပေး၊ မင်းက ဝန်ကြီးချုပ်ရဲ့မိန်းမ၊ မင်းလည်း လျန်ငါးဆယ်တော့ တတ်နိုင်သေးတယ်!"
"ငါက ဘယ်တုန်းက သူ့မိန်းမဖြစ်လာတာလဲ..."
ကျွော့ချင်း စကားမဆုံးခင်မှာပင် လို့ရှီးယန်က ကြည်လင်ပြတ်သားသည့်အသံဖြင့် "အဲဒီအချိန်တုန်းက ငါတို့ကို ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ချမ်သခင်လေး၊ ဒီပိုက်ဆံတွေကို ဆေးဖိုးအဖြစ်သုံးလိုက်ပါ"
လို့ရှီးယန်၏စကားဆုံးသွားသည်နှင့် မော့ပိုင်က ငွေစက္ကူတစ်ရွက်နှင့်အတူ ချမ်ကျင်းဆီကို လှမ်းလာနေခဲ့သည်။ ချမ်ကျင်းက ထိုငွေစက္ကူကို လှမ်းမျှော်ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
“သြော်~ တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ၊ ဒီမှာ အနည်းဆုံး လျန်နှစ်ရာလောက်ပါတယ်”
ချမ်ကျင်း ငွေကို မယူနိုင်သေးခင်မှာပင် လက်ဖြူဖြူလေးတစ်ဖက်က မော့ပိုင်၏လက်ထဲမှ ငွေစက္ကူအမြောက်အများကို ယူသွားခဲ့သည်။
မင်းမှာ ပိုက်ဆံရှိပေမယ့် သုံးစရာနေရာမရှိရင် ဘာလို့ ဖြုန်းနေတာလဲ?
ကျွော့ချင်းက ချမ်ကျင်းရှေ့မှာ ပိုက်ဆံတွေကို ခေါက်လိုက်ပြီး သူမအင်္ကျီလက်ဝကျယ်ထဲသို့ ထည့်လိုက်ပြီး "ရှင့် အဲ့ဒဏ်ရာအကြောင်းကို သေသေချာချာ ပြောပြရဲရင် ရှင့်ကို သေချာရေတွက်ပေးမယ်"
ကျွော့ချင်းက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သောကြောင့် သူမ၏လည်ပင်းတွင် ဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမက "ရှင် အဲ့လူဆိုးကို လိုက်ဖမ်းတုန်းက ကျွန်မကို ဒဏ်ရာရစေခဲ့တယ်၊ ဒဏ်ရာက အခုထိ နာကျင်နေတုန်းပဲ။ အဲဒါက ကျွန်မခန္ဓာကိုယ်ကို ကြီးကြီးမားမား ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်။ နောက်ဆက်တွဲတွေ ဖြစ်နိုင်တာတာကြောင့် ဆေးဖိုး၊ အလုပ်စရိတ်၊ အာဟာရဖိုး၊ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုအတွက် လျော်ကြေးစတာတွေကို ပေးသင့်တယ်။ ကျွန်မ ရှင့်ကို လျန်တစ်ရာပဲ တောင်းလိုက်တယ်။ ရှင့်ရဲ့ ဆေးဖိုးလို့ ခေါ်တဲ့ ပိုက်ဆံကို နုတ်ပြီးရင် ရှင် ကျွန်မကို နောက်ထပ် လျန်ငါးဆယ် ပြန်ပေး၊ အဲ့တာဆို ကျွန်မ ရှင်နဲ့ ငြင်းခုံမှာ မဟုတ်တော့ဘူး"
ကျွော့ချင်းက ချမ်ကျင်းရှေ့တွင် ရပ်လိုက်ပြီး သူမ၏လက်ကို သပ်သပ်ရပ်ရပ် ဆန့်ထုတ်လိုက်ကာ "လျန်ငါးဆယ်၊ ငွေပြန်ပေး!"
ဆေးဖိုး? အလုပ်ပျက်ကွက်တဲ့အတွက် အဖိုးအခ? အာဟာရဖိုး? စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေး?
ချမ်ကျင်းက အနည်းငယ် စိတ်ရှုပ်သွားသော်လည်း လျန်ငါးဆယ်ကို ကြားလိုက်သောအခါ သူလည်း ချက်ချင်း နိုးကြားလာပြီး "လျန်ငါးဆယ်၊ မင်းက ငွေညှစ်နေတာပဲ...အား"
ကျွော့ချင်းက "အဲ့ပျက်စီးနေတဲ့ ဆေးပြားက ဘယ်ကရလာလဲတောင် မသိဘူး၊ ရှင်က လျန်ငါးဆယ် လိုချင်နေတယ်။ ဘယ်သူက ဘယ်သူ့ကို လိမ်ညာနေတာလဲ?"
"ပျက်စီးတဲ့ဆေးလုံး ဒါက ထူးဆန်းတဲ့သမားတော်ရှီရဲ့ဆေးပဲ!! လျန်ငါးဆယ်က မင်းအတွက် စျေးသက်သာနေတုန်းပဲ"
သေချာတာကတော့ သူ ဒီမိန်းကလေးကို ရှင်းပြနေလို့ ဘာမှ မထူးဘူး။
ချမ်ကျင်းက သူ့လက်ကို ဒေါသတကြီး ဝှေ့ယမ်းလိုက်ပြီး ကြမ်းတမ်းစွာ ပြန်ပြောလိုက်သည်။
"မေ့လိုက်တော့၊ မေ့လိုက်၊ မင်းလို ဥာဏ်မဲ့တဲ့ မိန်းခလေးနဲ့ စကားပြောရတာ ပျင်းဖို့ကောင်းတယ်"
ဥာဏ်မဲ့တဲ့ မိန်းခလေး! အရမ်းကောင်းတယ်၊
ကျွော့ချင်းက သူမ၏ပါးစပ်ထောင့်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး အတုမရှိအပြုံးကို ထုတ်ဖော်လိုက်ကာ "ကောင်းပြီ၊ ရှင့်ရဲ့ ကျိုးပဲ့နေတဲ့ ဆေးက လျန်ငါးဆယ်တန်နေရင်တောင် ရှင် ကျွန်မကို အကြွေးငါးဆယ် ပေးရဦးမှာ၊ ကျွန်မကို ငွေပြန်ပေး။ ပေး!"
"မင်း!!"
သူက သူမကို ဂရုမစိုက်ချင်တော့ပေမယ့် သူမက သူ့ကို လွှတ်ပေးဖို့ ငြင်းဆန်နေတယ်ပေါ့လေ။
ချမ်ကျင်း၏ မျက်လုံးများက ပြူးကျယ်သွားကာ ဒေါသကြောင့် တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။
"ငါတော့ ကံဆိုးတာပဲ၊ မိန်းခလေး၊ ငါ မင်းကို ထပ်မတွေ့ပါရစေနဲ့!!"
နောက်တစ်ကြိမ် သူမက သူ့ကို ဒူးထောက်ပြီး တောင်းပန်ရင်တောင် သူကတော့ ကူညီမပေးတော့ဘူး။
ညည်းညူသံနှင့်အတူ ချမ်ကျင်းက နောက်ပြန်လှည့်မကြည့်ဘဲ ခန်းမကြီးထဲမှ အမြန်ပြေးထွက်သွားခဲ့သည်။ ကျွော့ချင်းက သူမ၏လက်နှစ်ဖက်ကို လက်ပိုက်လိုက်ပြီး ပြေးထွက်သွားသောလူကို ကြည့်နေရင်း မောက်မာစွာ ရယ်မောလိုက်သည်။
"နောက်တစ်ခါတွေ့ရင် ပိုက်ဆံပြန်ဆပ်ဖို့ မမေ့နဲ့!"
ငါ့နားထဲမှာ နတ်ဆိုးသံတွေ ကြားနေရတယ်၊
ချမ်ကျင်းကလည်း တီးတိုး ပြန်ကျိန်ဆဲနေခဲ့သည်။
နောက်တစ်ကြိမ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး! ဒီရုပ်ဆိုးတဲ့မိန်းမကို ဘယ်တော့မှ မတွေ့ချင်တော့ဘူး။
ကျွော့ချင်း ရယ်မောနေသည်ကို ကြည့်နေသည့် လို့ရှီးယန်၏မျက်လုံးများ မှေးမှိန်သွားသည်။
ချမ်ကျင်းနဲ့ သူမရဲ့ဆက်ဆံရေးက ဘာလဲ? သူမက သူ့ရှေ့မှာ မောက်မောက်မာမာ ပြုံးပြတက်ပေမယ့် အခုအချိန်မှာ သူမရဲ့ ပုံမှန် တည်ငြိမ်မှုတွေ၊ မာနတွေနဲ့ သီးသန့်ဆန်မှုတွေက ပျောက်ဆုံးနေခဲ့တယ်။
ချမ်ကျင်း? သူ မှတ်ထားရတော့မယ်!
အခန်း ၃၀ မိန်းမငယ်လေးရဲ့နာကျင်မှု
"သွားတော့... ငါ မစားချင်ဘူး!"
အော်ဟစ်သံများနှင့်အတူ ပန်းကန်များ လျှောကျလာခဲ့သည်။
အစားအစာများ ပို့ပေးရသည့် အစေခံမလေးက ဘာလုပ်ရမှန်းမသိဘဲ တုန်တုန်ယင်ယင်ဖြင့် ဘေးနားတွင် ရပ်နေလေသည်။ ကျွော့ချင်းက သူမ၏လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ထိုအစေခံမလေးကို ထွက်သွားခိုင်းလိုက်သည်။ ကျွော့ချင်းက အခန်း၏ကြမ်းပြင်အနှံ့ အစားအသောက်များ ပြန်ကျဲနေသည်ကို တစ်ချက်ကြည့်လိုက်ပြီး သူမလက်ကို ပိုက်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
"နင့်ရဲ့အစ်ကိုကျင်းက မင်းကို သနားပြီး သူကိုယ်သူ အပြစ်ရှိသလို ခံစားရစေချင်ရင် နင် ပိုကြိုးစားရမယ်။ အစာမစားတာနဲ့ ရေမသောက်တာက အကောင်းဆုံးပါပဲ။ ငါးရက် ခြောက်ရက်လောက် ဆက်နေရင် သေလုမျောပါး ဖြစ်သွားလိမ့်မယ်”
လို့ရှီးဝူက အရာဝတ္ထုများကို ထုခွဲလိုက်ပြီး လေကို ပြင်းပြင်းရူကာ "နင်က ငါ့အစ်ကိုရဲ့မိန်းမဘဲ ငါ မရှိရင်တောင် သူက နင့်ကို ကြိုက်မှာ မဟုတ်ဘူး!"
ကောင်းတယ်၊ တစ်နေကုန် အစားမစားဘဲနေတာတောင် ကျိန်ဆဲဖို့ ခွန်အားတွေ ရှိနေတုန်းပဲ။
ကျွော့ချင်းက မြေပြင်ပေါ်ရှိ အပျက်အစီးများကို ကျော်ခွကာ သူမဘေးရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး "နင့်မျက်လုံးထဲက ရတနာတွေက တခြားသူတွေရဲ့အမြင်မှာ ကြမ်းတမ်းတဲ့ မြက်ခင်းတစ်ခုသာသာပဲ၊ နင်က လို့မိသားစုရဲ့သမီးလေ၊ သူက နင့်ကို ငြင်းဝံ့တယ်ပေါ့၊ သူက နင့်ကို အရှက်ရစေတယ်၊ နင် သူ့ကို သေအောင်ရိုက်နိုင်တယ်၊ နင်က သခင်ပဲ၊ သူက ကျွန်ပဲ၊ နင် လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်၊ နင် အရှုံးပေးပြီး ဒေါသထွက်နေတာက ဘာမှ အသုံးမဝင်ဘူး!"
"တော်ပြီ၊ ဒါက လုံလောက်ပြီ!!" လို့ရှီးဝူက ဒေါသူပုန်ထနေရင်း ဆက်လက်အော်ဟစ်နေကာ "ဘယ်လို သခင်နဲ့ အစေခံမျိုးလဲ၊ ငါက သူ့ကို ကျွန်လို့ တစ်ခါမှ မတွေးဖူးဘူး!! သူက ငါ့ကို ရှောင်ဖို့ ဒီအကြောင်းပြချက်ကို သုံးခဲ့တာ!"
ကျွော့ချင်းက သူမ၏ အော်သံကို သည်းမခံနိုင်တော့ဘဲ သူမ၏နားရွက်ကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဖိကာ အလူးအလဲ ပြန်အော်လိုက်သည်။ "သူ့အခြေအနေကြောင့် သူ နင့်ကို လက်မခံဝံ့တာ ဖြစ်နိုင်တယ်။ နင့် အပေါ်ထားတဲ့ သူ့ရဲ့ ရိုးသားမှုကို နင် စမ်းကြည့်နိုင်သေးတယ်လေ၊ နင်က ဘာတွေ လာအော်နေတာလဲ!!"
"ဘယ်လိုကြိုးစားရမှာလဲ?" လို့ရှီးဝူက အော်ဟစ်သံကို ရပ်လိုက်ပြီး တစ်ညလုံး ငိုယိုထားသည့် သစ်ကြားသီးကဲ့သို့ မျက်လုံးကြီးများဖြင့် ကျွော့ချင်းကို စိုက်ကြည့်နေခဲ့သည်။
ကျွော့ချင်းက သူမ၏မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး လို့ရှီးဝူ၏ မျက်လုံးများမှ မျက်ရည်များက ရေပိုက်များကဲ့သို့ အပြည့်ဖြစ်နေပြီး ကျလာရန် လွယ်ကူလွန်းသည်ဟု တွေးနေမိသည်။ ထို့ကြောင့် ကျွော့ချင်းက ပေါ့ပေါ့ပါးပါးဖြင့် "ပုံမှန်အားဖြင့် သူက နင့်ကို စိတ်ပူပြီး နင့်ကို ဂရုစိုက်လား? ဒါမှမဟုတ် နင့်မှာ အကျပ်အတည်းရှိတဲ့အချိန်... အထူးသဖြင့် နင်အန္တရာယ်ကြုံလာတဲ့အခါ ဒါမှမဟုတ် နင် ခေါင်းကိုက်တဲ့အခါ ဒါမှမဟုတ် နင် ဖျားနာတဲ့အခါ သူ့ရဲ့ခံစားချက်အစစ်အမှန်ကို နင် မြင်နိုင်လိမ့်တယ်"
ထိုစကားကို ကြားပြီးနောက် လို့ရှီးဝူ၏ခေါင်းက ငုံ့ကျသွားပြီး သူမက အသံတိုးတိုးဖြင့် "သူ ငါ့ကို ကြိုက်မှန်းသိရင်တောင် ငါ ဘယ်လိုလုပ်ရမလဲ၊ သူက ကျောက်တုံးကြီးပဲ၊ သူက သူ့ကိုယ်သူ ငါ့နဲ့မထိုက်တန်ဘူးလို့ ထင်နေတာ၊ ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ ဝန်ခံမှာမဟုတ်ဘူး"
ကျင်းစနှင့် ပတ်သက်သော သူမ၏ ဗဟုသုတ အနည်းငယ်အရလည်း ၎င်းက မှန်ကန်သည်ဟု ကျွော့ချင်း လက်ခံနိုင်သည်။
သူက လုံးဝ ရက်စက်ကြမ်းကြုတ်ပြီး ခိုင်မာတဲ့ အိမ်သာကျောက်တုံးတစ်တုံးဖြစ်နေတာလေ။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျွော့ချင်းက မသိမသာ ပြုံးကာ "လိုအပ်ရင် ဆန်ကိုတောင် ထမင်းဖြစ်အောင်ချက်လို့ရပါတယ်" (အဲ့ဒီစကားက အတူအိပ်ပြီးသွားတာမျိုးအတွက်လဲ သုံးပါတယ်)
ဆန်?ထမင်း? . . .
လို့ရှီးဝူ၏မျက်နှာက လည်ပင်းမှ နဖူးအထိ နီမြန်းသွားပြီး သူမ၏တောက်ပသောမျက်လုံးများက ကျွော့ချင်းကို ဘီလူးတစ်ကောင်လို ကြောင်တောင်တောင် စိုက်ကြည့်နေကာ သူမ၏ပါးနပ်သောနှုတ်ခမ်းနှင့် လျှာတို့က ထုံးဖွဲ့ခံထားရသည်။
"နင် ဘာတွေပြောနေတာလဲ! နင်က အရမ်းမိုက်မဲတာပဲ!! အဲဒါက ... အရှက်ကင်းမဲ့တယ်!!"
ဒါကို အရှက်မဲ့တယ်လို့ ခေါ်တယ်လား?
ကျွော့ချင်းကတော့ သူမ၏ စကားလုံးရွေးချယ်မှုက ပြေပြစ်ကောင်းမွန်သည်ဟု ခံစားနေမိသေးသည်။ လို့ရှီးဝူ၏မျက်နှာက နီရဲနေပြီး ပူလောင်လုနီးပါးဖြစ်ကာ သူမကို အပေါက်ဖောက်နိုင်စေရန် ဆန္ဒရှိနေခဲ့သည်။ ကျွော့ချင်းက ရိုးရှင်းစွာ ထရပ်ကာ တံခါးမှ ထွက်လာခဲ့သော်လည်း သူမ သည်းမခံနိုင်တော့ဘဲ ပြန်ပြောခဲ့သေးသည်။
"ကောင်းပြီ ငါက အရှက်မရှိဘူး၊ ဒါကြောင့် ဖြည်းဖြည်း ဆက်ငိုနေလိုက်၊ ရေမသောက်ဖို့ မမေ့နဲ့၊ နင် ငတ်သေသွားရင် ကမ္ဘာကြီးက ငြိမ်းချမ်းသွားလိမ့်မယ်”
"ချင်းဖုန့်... နင် ထွက်သွား!" အော်ဟစ်သံနှင့်အတူ လို့ရှီးဝူက ကြွေခွက်တစ်ခုကို ကျွော့ချင်းဆီသို့ ပစ်ချလိုက်ပြီး ထိုခွက်က မြေပြင်ပေါ်သို့ ကျကာ ကွဲအက်သွားခဲ့သည်။
ကံကောင်းထောက်မစွာနဲ့ ငါ အမြန် ရှောင်တိမ်းနိုင်ခဲ့လို့ပေါ၊ မဟုတ်ရင် သွေးမထွက်တာတောင် အရေပြားကို ပွန်းပဲ့သွားစေနိုင်သေးတယ်။
ဒါကို ချမ်းသာတဲ့ မိသားစုက သခင်မလေးလို့ ခေါ်တာလား? ဒီမိန်းမပျိုလေးက တော်တော် ဒေါသ ကြီးတယ်။
ကျွော့ချင်းက ခေါင်းယမ်းကာ ခြံဝင်း ပြောင်းရန် ချီထျန်းယုအား တောင်းဆိုဖို့ ဆုံးဖြတ်လိုက်သည်။ သူမက တခြားသူကို စော်ကားရန် မတတ်နိုင်သော်လည်း ရှောင်ရှားရန်တော့ တတ်နိုင်သေးသည်။
ခဏလောက် လမ်းလျှောက်ပြီးနောက် ဤရေပူစမ်းဥယျာဉ်ငယ်လေးက အလွန်ကြီးမားပြီး လက်ရာမြောက်လှကြောင်း သူမ သိလိုက်ရသည်။ အထူးသဖြင့် သူမရှေ့ရှိ ခြံဝင်းက သိမ်မွေ့ပြီး ချစ်ဖို့ကောင်းလှသည့် ပန်းရောင်တောင်ဇလပ်များ ပေါများလွန်းနေသည်။ ကြည်နူးသွားသော ကျွော့ချင်းက ပွင့်ချပ်များကို ပွတ်သပ်နေရင်း သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး လို့ရှီးယန်၏ ခြံဝင်းက သူမရှေ့တွင် ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်တွက် သူ၏ပန်းနာရင်ကျပ်ရောဂါ သက်သာလာလေမလားဟု သူမ တွေးနေမိသေးသည်။
လို့ရှီးယန်၏ ထူးခြားပြီး ကြည်လင်ပျော့ပျောင်းသော အသံ သူမ အနောက်မှ ထွက်လာသည့်အချိန်အထိ ကျွော့ချင်းက အတွေးထဲတွင် နှစ်မြုပ်နေဆဲဖြစ်သည်။
သူ့အကြောင်းတွေးနေဆဲမှာင် သူ ပေါ်လာသောကြောင့် ကျွော့ချင်းက ကြောင်တောင်တောင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး "ရှင် နေကောင်းသွားပြီလား?"
"ပိုကောင်းလာပါပြီ" လို့ရှီးယန်က ပူနွေးသောနေရောင်အောက်တွင် ဖြည်းညှင်းစွာ လျှောက်လာကာ သူ၏ဝတ်ရုံက အနည်းငယ် လှုပ်ခတ်နေသည်။ သူ့မျက်လုံးများက ပြုံးနေပြီး သူက အနည်းငယ် ပျင်းရိနေပုံရသည်။ ကျွော့ချင်း၏ ရှေ့သို့ ရောက်သောအခါ လို့ရှီးယန်က ရယ်မောလိုက်ပြီး "ဘာကိစ္စရှိလို့လဲ? မင်း ကိုယ့်ကို လာတွေ့တာလား?"
ကိစ္စရှိလို့ လာတွေ့တာလား?
ကျွော့ချင်းက ခနလောက်တွေးနေပြီးမှ ခေါင်းညိတ်ပြလိုက်ကာ "ကျွန်မ အလျင်စလို မလုပ်ချင်ပေမယ့် ကျွန်မရဲ့ညီမလေးကို အမြန်ဆုံး တွေ့ချင်တယ်၊ ကျွန်မ သူ(မ)ကို အရမ်းလွမ်းတယ်"
သူမနဲ့ ကုယွင်တို့က ထူးဆန်းတဲ့ ပါကွာ့စက်ဝိုင်းကို အတူတူ တွေ့ခဲ့ကြပြီး မူးလဲသွားခဲ့ကြတယ်။ ယုတ္တိရှိရှိ ပြောရရင် အဲ့ပစ္စည်းကြောင့် သူမ ဒီလောကထဲကို ရောက်လာခဲ့တာလည်း ဖြစ်နိုင်တယ်။ သူမတို့ လမ်းခွဲတာ လတစ်ဝက်ကျော်သွားပြီ။ ချင်းညီအစ်မတွေကြားမှာ ကုယွင် ရှိ မရှိ သူမ တကယ်ကို အတည်ပြုချင်နေပြီ။ ကုယွင် မရှိရင်ရော ဘယ်လိုလုပ်ရမလဲ? သူမကို ဘယ်လို ရှာရမလဲ? အဲ့တာဆို ကောက်ရိုးပုံထဲတွင် အပ်ကို ရှာသလိုဖြစ်နေမှာ သံသယဖြစ်စရာတောင် မလိုတော့ဘူး။ သူမတို့ရဲ့အသွင်အပြင်တွေက ပြောင်းလဲသွားပြီလေ!
သူမ ရင်ဘတ်ပေါ်မှ စကားလုံးက ‘ဖုန့်’ဆိုသည့် စကားလုံး ဟုတ် မဟုတ် မနေ့က ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသော်လည်း လို့ရှီးယန်က သူမ ချင်းဖုန့် ဖြစ်ကြောင်း သူ့နှလုံးသားထဲမှ ယုံကြည်ထားပြီးသား ဖြစ်သည်။
ဒီကမ္ဘာပေါ်မှာ သူတို့ရဲ့ ရင်ဘတ်မှာ ဆေးမှင်ကြောင်ထိုးထားတဲ့ လူအနည်းငယ်ပဲ ရှိတယ်။ ခန္ဓာကိုယ် အပူချိန်မြင့်မားလာချိန်မှ မြင်နိုင်တဲ့ဆေးမှင်ကြောင်က ပိုထူးခြားနေသေးတယ်။
မနေ့က သူမက သူ့ကို ကယ်ဆယ်ရန် စိတ်အားထက်သန်နေသည်ကို တွေးလိုက်မိချိန်တွင် လို့ရှီးယန်၏နှလုံးသားက ပူနွေးလာပြီး "ကိုယ် နည်းလမ်းရှာပေးပါ့မယ်။ စစ်သူကြီးစုနဲ့ ကိုယ်က အရပ်ဘက်နဲ့ စစ်ဘက်ရေးရာတွေကို အသီးသီး တာဝန်ယူထားရတယ်။ ကိုယ်တို့က အဆက်အသွယ် သိပ်မရှိဘူး။ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ခွင့်ရအောင် ကိုယ် နည်းလမ်းရှာပေးပါ့မယ်"
"ကောင်းပြီ"
သူမ တစ်ယောက်ကို တွေ့ရရင်တောင် အဆင်ပြေနိုင်သေးတယ်။ အဲ့ညီမက ကုယွင် ဖြစ်နိုင်မလား?
ချုံယွဲ့ဧကရာဇ်၏ လင်းယုန်ငှက်ကဲ့သို့ မျက်လုံးများကို ရုတ်တရက် သတိရသွားချိန်တွင် ကျွော့ချင်းက အနည်းငယ် စိုးရိမ်လာပြန်သည်။
ထိုဧကရာဇ်က အသေးအမွှား မဟုတ်သည်မှာ သေချာနေသော်လည်း ကုယွင်ကလည်း ဒေါသကြီးသော မိန်းခလေးဖြစ်ပြီး စိတ်မရှည်သည်မှာ သေချာနေလေသည်။
ကျွော့ချင်းက သူမဘာသာ တစ်ယောက်တည်း တွေးနေပြီး လို့ရှီးယန်ကလည်း သူမကို အနှောက်အယှက်မပေးခဲ့ပေ။ ယနေ့တွင် ကျွော့ချင်းက ငန်းဝါရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ဆံပင်အရှည်များကို ကျစ်ထားဆဲဖြစ်သည်။ သူမက တောင်ဇလပ်ပန်းများကြားထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကာ မျက်မှောင်ကြုတ်ထားပြီး သူမ၏မျက်ခုံးလေးများကြားထဲမှ ဝမ်းနည်းမှုအရိပ်အမြွက်လေးများက အေးစက်မှုများနှင့် ရောထွေးနေခဲ့သည်။ မူလက သူမ၏ရုပ်ရည်နှင့် စိတ်နေစိတ်ထားက မည်သို့ပင်ရှိစေကာမူ ယခုအချိန်တွင် အထူးပင် လှပနေလေသည်။
ကျွော့ချင်း အသိပြန်ဝင်လာချိန်တွင် လို့ရှီးယန်၏အကြည့်များက အလွန်ပူလောင်နေသည်ကို သူမ ခံစားလိုက်ရပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး ကျွော့ချင်းက အနည်းငယ် ရှက်သွားခဲ့သည်။
အခန်းထဲမှ ဒေါသထွက်နေသေးသည့် လို့ရှီးဝူကို တွေးမိသွားချိန်တွင် ကျွော့ချင်းက "ကျင်းစက အရမ်းငယ်တယ်နော်။ သူက ငယ်ငယ်လေးကတည်းက ၀န်ကြီးချုပ်အိမ်တော်ရဲ့ အိမ်တော်ထိန်းအနေနဲ့ ရှင့်နောက်ကို လိုက်နေတာလား?”
လို့ရှီးယန်က အံ့အားသင့်သွားပြီး သူမ ဘာကြောင့် ကျင်းစကို ရုတ်တရက် မေးလိုက်သည်ကို နားမလည်သော်လည်း သူက ပြုံးလိုက်ကာ "ဟုတ်တယ်၊ သူ့အဖေက ကိုယ်တို့ရဲ့အိမ်တော်ထိန်းဖြစ်ခဲ့တာ"
ငါ သိပြီ! အဲ့တော့ လို့ရှီးဝူနဲ့ ကျင်းစတို့က ငယ်သူငယ်ချင်းတွေ ဖြစ်နိုင်တယ်မလား?! လို့ရှီးဝူက ကျင်းစကို တဖက်သတ် သဘောကျနေတာလား? ဒါမှမဟုတ် ကျင်းစကလည်း လို့ရှီးဝူကို ကြိုက်နေတာ ဖြစ်နိုင်လား?
ကျွော့ချင်းက အနည်းငယ်သာ သိချင်နေခဲ့သော်လည်း စပ်စုရုံအပြင် ဘာမှ လုပ်စရာမရှိသောကြောင့် ပြုံးလိုက်ကာ "ဒါဆို သူ့မှာ သူ ကြိုက်တဲ့သူရှိလား?”
လို့ရှီးယန်၏နှလုံးသားထဲမှ မကျေနပ်မှု အရိပ်အယောင်များ ပေါ်လာပြီး သူ့၏ အပြုံးက မပြောင်းလဲသွားသော်လည်း သူ့လေသံ အနည်းငယ် မာလာခဲ့သည်။ "ဖုန့်အာက သူ့ကို အရမ်း စိတ်ဝင်စားနေတာလား?"
ကျွော့ချင်း၏ မျက်ခုံးများက တွန့်ကျသွားပြီး သူမ၏အသံက ရေခဲကဲ့သို့ အေးစက်နေကာ "တစ်ခုလောက် ဆွေးနွေးရအောင်။ ကျွန်မကို ဖုန့်အာလို့ မခေါ်လို့ မရဘူးလား?"
လို့ရှီးယန်က အံ့အားသင့်သွားကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "မင်းက ဒီနာမည်ကို မကြိုက်ဘူးလား? ကိုယ်ကတော့ နားထောင်လို့ ကောင်းတယ်လို့ ထင်တယ်"
ကြားရတာ စိတ်မသက်မသာဖြစ်တယ်ဟ!
ကျွော့ချင်းက လို့ရှီးယန်နှင့် လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးနေချိန်တွင် ကျင်းစ၏ ထူးထူးဆန်းဆန်းပုံစံက ခြံဝင်းထဲတွင် ရုတ်တရက် ပေါ်လာပြီး သူ့အသံက ထူးထူးခြားခြား အရေးတကြီး ဖြစ်နေပုံရသည်။
"သခင်"
"သခင်မလေးက စာတစ်စောင်ချန်ထားပြီး ထွက်ပြေးသွားတယ်"
သူ အစွမ်းကုန် ဖုံးကွယ်ထားသော်လည်း လို့ရှီးယန်နှင့် ကျွော့ချင်းတို့ နှစ်ဦးစလုံးက သူ့မျက်လုံးများထဲမှ ထိတ်လန့်ကြောက်ရွံ့မှုကို မြင်နေရသည်။
မဟုတ်သေးဘူး!
ကျွော့ချင်းက ထိတ်လန့်တုန်လှုပ်သွားပြီး "စာတစ်စောင်ချန်ပြီး ထွက်ပြေးသွားတာလား၊ သူ(မ) ဘာရေးထားလဲ?"
ကျင်းစ၏မျက်နှာက ညှိုးငယ်နေသော်လည်း နောက်ဆုံးတွင် သူက သူ့အင်္ကျီလက်ထဲမှ စာရွက်လေးတစ်ရွက်ကို ထုတ်ယူလိုက်သည်။
ကျွော့ချင်းက စကားလုံးအနည်းငယ်သာ ရေးထားသော စာကို အမြန်ယူလိုက်သည်။ “ရှင် ကျွန်မကို မတွေ့တော့ရင် ရှင် စိတ်အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်စရာ မလိုတော့ဘူး၊ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး!”
ကောင်းကင်ကြီးရေ! သူမ ခုန ပေါ့ပေါ့ပါးပါး ပြောခဲ့တာက သူမကိုယ်သူမ အန္တရာယ်ပြုဖို့ မဟုတ်ဘူးလေ၊ ကျင်းစက သူမကို စိတ်ပူစေဖို့ အန္တရယ်ရှိတဲ့ အခြေအနေကို ခုန်ချသွားတာလား?! ဒီကောင်မလေးက ဘာတွေ တွေးနေတာလဲ!
ကျွော့ချင်းက လို့ရှီးယန်ထံသို့ စာကို လှမ်းပေးလိုက်ကာ သက်ပြင်းချလိုက်ပြီး "ရှင့်ညီမက သန်မာတဲ့ ကလေးတစ်ယောက်ပါ။ သူ့ကို သီးသန့်သွားရှာကြည့်ရအောင်၊ မဟုတ်ရင် သူ(မ) ဘယ်လိုအခက်အခဲတွေ ကြုံရမယ်ဆိုတာ ကျွန်မတို့ မသိနိုင်ဘူး”
လို့ရှီးယန်က သူမလက်ထဲတွင်ရှိသော စာကို တစ်ချက်ကြည့်ရုံသာကြည့်ပြီး သူမလက်ကို ဆုပ်ကိုင်ထားသည်။ သူ့မျက်နှာတွင် စိုးရိမ်သောကရောက်နေသော အမူအရာများ မရှိဘဲ ကျွော့ချင်းကို "မင်းက ပန်းခြံသေးသေးလေးမှာနေပြီး အဲဒါကို ရှာကြည့်လိုက်ပါ။ ရှီးဝူက အဲ့မှာလည်း ဖြစ်နိုင်တယ်။ သူ(မ) ကိုယ်တို့ကို ခြောက်လှန့်ဖို့ ပုန်းနေတာလဲ ဖြစ်နိုင်တယ်၊ ထျန်းယုနဲ့ ကိုယ် အနီးနားကလူတွေကို ရှာခိုင်းဖို့ စီစဉ်ပေးမယ်"
ကျင်းစ၏ ကြောက်ရွံ့သော အကြည့်ကို ကြည့်ပြီး သူမ တွေးမိတာက သူ သတင်းမပို့မီ အိမ်ကို လိုက်ရှာခဲ့ပြီးပြီ ဖြစ်နိုင်ကောင်းပင်။ လို့ရှီးဝူက ရေပူစမ်း ဥယျာဉ်ထဲတွင် ရှိနေဆဲပင်။ လို့ရှီးယန်က သူမကို အပြင်မထွက်စေချင်ကြောင်း ကျွော့ချင်းက သိလိုက်ပြီး သူမက သူ့သဘောအတိုင်း လိုက်နာခဲ့သည်။
လို့ရှီးယန်က ကျင်းစနှင့် အမြန်ထွက်သွားခဲ့သည်။ ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး လို့ရှီးဝူ ဘယ်သွားမှာလဲဟု တွေးနေခဲ့သည်။