← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း ၃၁ ကံဆိုးမှု (အပိုင်း ၁)

  ညမိုးချုပ်လာပြီ ဖြစ်သောကြောင့် လမင်းကြီးက သစ်ကိုင်းထိပ်ဖျားသို့ ရောက်လာကာ အချိန်က ဟိုင်ရှီ(ည ၉နာရီမှ ၁၁နာရီအထိ)ဖြစ်နေသော်လည်း ခန်းမဆောင်ကြီးထဲတွင် မီးလုံးများက လင်းထိန်နေသေးသည်။ လို့ရှီးယန်က ပင်မထိုင်ခုံတွင် ထိုင်နေပြီး သစ်သားကုလားထိုင်၏လက်ကိုင်ကို လက်ညိုးဖြင့် ညင်သာစွာ တောက်နေသောကြောင့် အသံများ ထွက်နေခဲ့သည်။ ထိုအသံက အကျယ်ကြီး မဟုတ်သော်လည်း တိတ်ဆိတ်နေသည့် ခန်းမကြီးထဲမှာတွင် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ကြားနေရသည်။ လို့ရှီးဝူက သူမ၏ခေါင်းကို အနည်းငယ်မော့ကာ လို့ရှီးယန်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမ၏ အစ်ကိုကြီးက သူမကို စကားမပြော၊ မအော် မငေါက်ဘဲ၊ သူ့၏မျက်နှာပေါ်တွင် စိတ်ခံစားမှုနှင့် ဒေါသများ ကင်းမဲ့နေခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သူမ ခေါင်းမှ ခြေဖျားအထိ စိုစွတ်နေပြီး ယခုအခါ သူမက အအေးဒဏ်နှင့် ဆာလောင်မှုကြောင့် တုန်လှုပ်နေခဲ့သည်။ သို့သော် လို့ရှီးဝူက စကားတစ်ခွန်းမှ မပြောရဲဘဲ နာခံစွာ ခေါင်းငုံ့ထားဆဲဖြစ်သည်။

   သူမ စာတစ်စောင် ချန်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်းက သူမ၏စိတ်အားထက်သန်နေသော တွန်းအားတစ်ခုကြောင့်သာ ဖြစ်သည်။ ထို့နောက်တွင် သူမ ပြန်မလာတက်တော့ပေ။ ကျင်းစနှင့် သူမ၏အစ်ကိုက သူမကို မကြာခင်မှာ လာရှာမည်ဟု သူမ မှန်းဆထားခဲ့ပြီး တကယ်လဲ လာရှာခဲ့ကြသည်။

ဒီလို မိုးသည်းသည်းထန် ရွာမယ်ဆိုတာနဲ့ သူမရဲ့အစ်ကိုကြီးက ဒီလောက်ကြောက်စရာကောင်းမှန်း ကြိုသိခဲ့ရင် သူမ အပြင်ကို ထွက်ရဲခဲ့မှာ မဟုတ်ဘူး။ အခုလည်း သေတောင် ထွက်မပြေးရဲတော့ဘူး!

"မော့ပိုင်" လို့ရှီးယန်၏ လေးနက်သောအသံက ရုတ်တရက် ထွက်ပေါ်လာပြီး လို့ရှီးဝူကို ထိတ်လန့်သွားစေပြန်သည်။ သူမ နောက်တစ်ကြိမ် ချောင်းကြည့်လိုက်ရာ လို့ရှီးယန်က သူမကို လုံးဝမကြည့်တော့သည်ကို သူမ တွေ့လိုက်ရသည်။ သူက အနားရှိ မော့ပိုင်အား အသံတိုးတိုးလေးဖြင့် "ချင်းဖုန့်၊ ထျန်းယုနဲ့ တခြားသူတွေကို သွားပြောလိုက်ပါ။ ရှီးဝူကို ရှာတွေ့လို့ ထပ်ရှာစရာ မလိုတော့ဘူးလို့ သွားပြလိုက်"

  "ဟုတ်ကဲ့"

မော့ပိုင်က ကျင်းစဘေးမှ ဖြတ်သွားချိန်တွင် ကျင်းစကို တည်ငြိမ်သောအကြည့်တစ်ချက်ပေးကာ ချက်ခြင်းထွက်သွားခဲ့သည်။

  လို့ရှီးဝူက လေထဲမှာ ကြွေကျလာနေသည့် သစ်ရွက်ခြောက်ကဲ့သို့ တုန်ယင်နေသည်ကို မြင်နေရသောကြောင့် ကျင်းစက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း မော့ပိုင်၏အကြည့်ကြောင့် နောက်ဆုံးတွင် သူ ပြောမည့်စကားများကို ပြန်မျိုချလိုက်ရသည်။

ခန်းမကြီးက တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

  နာရီဝက်ခန့် အကြာတွင် လို့ရှီးဝူက သည်းမခံနိုင်တော့ပေ။

သူမကို အစ်ကိုကြီး ကျေနပ်သလောက် ရိုက်တာ ဒါမှမဟုတ် ဆူပူကြိမ်းမောင်းတာကို သူမ ခံနိုင်တယ်။ ဒီလိုမျိုး ထပ်ပြီး မခံစားချင်တော့ဘူး။

လို့ရှီးဝူက သူမ၏ခေါင်းကို မော့လိုက်ပြီး "အစ်ကို..."

  ကံမကောင်းစွာဖြင့် သူမ စကားတစ်ခွန်းတည်းသာ ပြောပြီးနောက် လို့ရှီးယန်၏ အသံ ရုတ်တရက် ထွက်ပေါ်လာပြီး "လာကြ၊ သခင်မလေး အနားယူဖို့ သူ့(မ)အခန်းထဲ ပြန်သွားနိုင်အောင် ကူညီပေးလိုက်ကြ။ ငါ့အမိန့်မပါဘဲ သူ့(မ)ကို အခန်းထဲကနေ ထွက်ခွင့်မပေးဘူး!"

  ကိုယ်ရံတော်များ ဝင်လာပြီး လို့ရှီးဝူ၏နောက်တွင် ရပ်နေကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်း လို့ရှီးဝူကို ထွက်သွားရန် တွန်းအားပေးနေကြသည်။

  "အစ်ကို!! အစ်ကို ကျွန်မကို ဒီလို ပိတ်လှောင်မထားလို့ မရဘူး?!" လို့ရှီးဝူက သတိပြန်ဝင်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။ ကံမကောင်းစွာဖြင့် လို့ရှီးယန်က သူမကို အစကနေ အဆုံးအထိ လှည့်တောင် မကြည့်ခဲ့ပေ။

  လို့ရှီးယန်က လူအများရှေ့တွင် အမြဲတည်ငြိမ်နေပြီး ဒေါသအရိပ်အယောင်မပြနေသော်လည်း ကျင်းစက သူ အလွန်ဒေါသထွက်နေမှန်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ကျင်းစက ရှေ့ကို တိုးလာပြီး "သခင်၊ ဒီအဖြစ်အပျက်က ဒီလက်အောက်ငယ်သားကြောင့်ဖြစ်တာပါ၊ သခင်မလေးနဲ့ ဘာမှ မဆိုင်ပါဘူး၊ ဒီလက်အောက်ငယ်သားကို အပြစ်ပေးပါ..."

  လို့ရှီးယန်က ကျင်းစ ပြောနေသည့်စကားများကို တားဆီးရန် သူ့လက်ကို ညင်သာစွာ မြှောက်ကာ အချက်ပြလိုက်ပြီး "ငါ့မှာ ကိုယ်ပိုင်ဉာဏ်ရှိတယ်။ မင်း ထွက်သွားပြီး အနားယူလို့ရတယ်"

  "ဟုတ်ကဲ့"

သခင်က သူ ပြောတာကိုတောင် မကြားချင်တော့ဘူး။

ကျင်းစ၏နှလုံးသားပင်လျှင် တုန်လှုပ်သွားရပြီး သူက ဦးညွှတ်ကာ ထွက်ခွာသွားခဲ့သည်။

  ကျင်းစက တောင့်တောင့်တင်းတင်း လှည့်ထွက်သွားပြီး သူ့နောက်ကျောကပင် အေးစက်နေပုံရသည်။ လို့ရှီးယန်က သူ့ခေါင်းကို အားအင်မဲ့စွာ ခါယမ်းလိုက်သည်။

ရှီးဝူက ကျင်းစကို သဘောကျနေတယ်။ ကျင်းစက ဒီမိန်းကလေးကို စိတ်မဝင်စားတာကို သူ အချိန်အတော်ကြာကတည်းက သိနေခဲ့တယ်။ ပြီးတော့ သူက ကလေးဆန်တဲ့သူ မဟုတ်ဘူး၊ သူတို့ တကယ်ချစ်ပြီး လက်ထပ်လိုက်မယ်ဆိုရင် လှပတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာမှာ သေချာတယ်၊ ဒါပေမယ့် ကျင်းစရဲ့ ခေါင်းမာတဲ့စိတ်က သခင်နဲ့ ကျွန်ကြားက ခြားနားမှုကို အခိုင်အမာ စည်းခြားထားခဲ့တယ်။ သူက သူတို့အတွက် ဆုံးဖြတ်ချက်ချပေးရင်တောင် ကျင်းစက သဘောတူမှာ မဟုတ်ဘူး။ သူက ဒီကိစ္စကို အားလုံးမြင်နေရပေမယ့် ရှီးဝူက စိတ်အားထက်သန်လွန်းနေတာကြောင့် သူ့ကို ခေါင်းမကိုက်စေဖို့ ခဲယဉ်းလွန်းလှတယ်။

  လို့ရှီးယန်က သူ၏ပုခုံးများကို ညင်သာစွာ ပွတ်သပ်ရင်း မတ်တပ်ထရပ်ကာ သူ့အခန်းထဲသို့ ပြန်သွားတော့မည်ဖြစ်သော်လည်း မော့ပိုင် အလျင်စလို လျှောက်လာသည်ကို သူ မြင်လိုက်ရသည်။ မော့ပိုင်၏ခြေလှမ်းများက အနည်းငယ် လျင်မြန်နေပုံရသောကြောင့် လို့ရှီးယန်၏စိတ်ထဲမှ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု နားမလည်နိုင်စွာ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူက အလောတကြီး လှမ်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

   "ချင်းဖုန့် ပျောက်သွားပြီ"

   ပျောက်သွားတာလား?!

လို့ရှီးယန်က ရုတ်တရက် သူ့ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင်များ ရှိနေလေသည်။

  လို့ရှီးယန်က သေသေချာချာ မေးရန်ပင် မလိုဘဲ မော့ပိုင်က "ရေပူစမ်း ဥယျာဉ်တစ်ခုလုံးကို ရှာဖွေခဲ့ပေမယ့် သဲလွန်စ မတွေ့ခဲ့ဘူး။ နေ့ခင်းပိုင်းမှာတော့ အိမ်ဝန်းထဲက လူတွေအားလုံးက သခင်မလေးရှီးဝူကို ရှာဖို့ အပြင်ထွက်ခဲ့ကြတယ်။ သူ(မ) ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိလိုက်ကြဘူး၊ အခု ပျောက်နေတယ်"

  သူမ ထွက်ပြေးသွားတာဖြစ်နိုင်လား? မဖြစ်နိုင်ဘူး... သူမက မိုက်မဲတဲ့သူ မဟုတ်ဘူး။ သူမ ထွက်ပြေးချင်ရင် တခြား အခွင့်အလမ်းတွေ ရှာနိုင်ပြီး ဒီလို လူနေကျဲပါးတဲ့ နေရာကို သူမ ရွေးချယ်မှာ မဟုတ်ဘူး။ အဲ့တာအပြင် သူမ ဒီလို ထွက်ပြေးသွားရင် သူမရဲ့ညီအစ်မတွေကို တွေ့ဖို့ ပိုခက်သွားလိမ့်မယ်။ ဒါမှမဟုတ် သူမကို တစ်ယောက်ယောက်က ဖမ်းသွားတာလား?!

ထိုအတွေးကို တွေးမိသွားချိန်တွင် လို့ရှီးယန်၏မျက်နှာက မည်းမှောင်သွားပြီး သူ့အသံက အနည်းငယ် အလောတကြီး ထွက်ပေါ်လာခဲ့သည်။

"ငါတို့ ဒီကိုခေါ်လာတဲ့ အစောင့်တွေကို စုပြီး သူ(မ)ကို ရှာဖို့ တောင်ဘက်ကို သွားရှာကြ"

  "ဟုတ်ကဲ့"

မော့ပိုင်က အမှတ်တမဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဒီချင်းဖုန့်က သူ့သခင်ရဲ့စိတ်ကို တုန်လှုပ်နိုင်စေပုံရတယ်။

.....။......။.....

   သူမက ဝက်တစ်ကောင်ပဲ.....

   သူမက ငတုံးတစ်‌ယောက်ပဲ....

   သူမက တုံးအမိုက်မဲတဲ့ ဝက်တစ်ကောင်ပဲ....

   သူမက ပြန်ကုသနိုင်ဖို့ မျှော်လင့်ချက်မဲ့နေတဲ့ တုံးအမိုက်မဲတဲ့ ဝက်တစ်ကောင်ပဲ....

   လို့ရှီးဝူရဲ့ အသက်နဲ့ သေခြင်းတရားကို သူမက ဘာကြောင့် ဂရုစိုက်ချင်ခဲ့ရတာလဲ? သတင်းရဖို့ အတွက် ဥယျာဉ်ငယ်လေးမှာ အေးအေးဆေးဆေး စောင့်ဆိုင်းမနေဘဲ ဥယျာဉ်ငယ်လေးတစ်ဝိုက်မှာ ဘာလို့ အလုပ်မရှိ အလုပ်ရှာပြီး လိုက်ရှာခဲ့မိတာလဲ? ကောင်းကင်ကရော ဘာကြောင့် ရုတ်တရက် မိုးသည်းထန်စွာရွာလာရတာလဲ? သူမကရော ဘာလို့ လမ်းပျောက်နေရတာလဲ?!

  ဟုတ်တယ်၊ သူမ လမ်းပျောက်နေခဲ့တာ။ ဒါ သူမဘဝမှာ ပထမဆုံးအကြိမ် လမ်းပျောက်ဆုံးသွားခြင်းပဲ။ မှတ်မိနိုင်စွမ်းမြင့်မားလွန်းတဲ့ သူမက တကယ်ကို လမ်းပျောက်ဆုံးသွားနိုင်တဲ့ မှတ်ဉာဏ်တစ်ခုရှိနေတယ်ပေါ့! @#$#%……

  သူမ နှလုံးသားထဲတွင် အဆက်မပြတ် ကျိန်ဆဲနေခဲ့သော်လည်း ကျွော့ချင်းတစ်ယောက် သူမ၏ခြေလှမ်းများကို မရပ်တန့်ဝံ့ပေ။ မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်တန်းများက မြူခိုးများဖြင့် ပြည့်နေပြီး မြင့်မားသောသစ်ပင်ကြီးများက သူမကို ဝန်းရံထားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေပြီး ဘာမှ မမြင်နိုင်လောက်အောင်ဖြစ်နေကာ သူမကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ သို့သော်လည်း သူမက မရပ်တန့်ရဲသောကြောင့် ရှေ့သို့သာ တိုးသွားနေရတော့သည်။

ရေပူစမ်းဥယျာဉ်ရဲ့တောင်ပေါ်မှာ ရှိနေတာကြောင့် တောရိုင်းတိရိစ္ဆာန်ကြီးတွေနဲ့ တွေ့ဖို့တော့ မဖြစ်နိုင်ဘူး။ ရေပူစမ်းရှိနေရင် ဒီနေရာမှာ ရေရှိနိုင်လိမ့်မယ်။ သူမ ရေထွက်နေတဲ့ နေရာကို ရှာတွေ့တာနဲ့ သူမ ဆက်လျောက်နိုင်လိမ့်မယ်။

ညလေညင်းက အေးစိမ့်စိမ့်ဖြစ်နေပြီး သူမရဲ့ဗိုက်ကလည်း ဆာလောင်နေပြီ။ သူမ အမှောင်ထဲမှာ ဘယ်လောက်ကြာကြာ လျှောက်လှမ်းနေမိလဲ မသိတော့ဘူး။

နောက်ဆုံး အဝေးတစ်နေရာမှ မီးရောင်တစ်ခု တောက်ပနေသည်ကို မြင်လိုက်ရချိန်တွင် ကျွော့ချင်း ငိုချင်နေပြီ ဖြစ်သည်။

မီးရှိရင် တစ်ယောက်ယောက် ရှိမှာ သေချာတယ်!

ကျွော့ချင်းက သူမ၏အရှိန်ကို အရှိန်မြှင့်လိုက်ပြီး မီးရောင်ရှိသည့်နေရာဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်။

  နီးကပ်လာသည်နှင့်အမျှ ကျွော့ချင်းက သူမရှေ့တွင် မျှော်လင့်ချက်ရှိနေသည်ကို ခံစားလိုက်ရချိန်တွင် အော်ငေါက်သံတစ်ခုက သူမကို ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားကာ သူမ မလှုပ်ဝံ့တော့ပေ။

"ပါးစပ်ပိတ်ထား၊ မင်း ထပ်ငိုရင် ငါ မင်းကို သတ်ပစ်မယ်!"

  ကျွော့ချင်းတစ်ယောက် အေးခဲသွားတော့သည်။

မိုးနတ်မင်းရေ... ငါ ကံမကောင်းပါလား?

နောက်ဆုံးတွင် သူမက မျှော်လင့်ချက်ကို မြင်ခဲ့ရသော်လည်း စိတ်ပျက်လက်ပျက်ဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ ကျွော့ချင်းက မီးအလင်းရောင်ထွက်နေသည့် တောင်ထိပ်နှင့် အလွန်နီးကပ်နေပြီး အတွင်းမှ လူများကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် အသက်ကို ပြင်းပြင်းရှူကာ ခနလောက်ငြိမ်သက်နေပြီးမှ သူမခြေထောက်များကို ညင်သာစွာ မြှောက်ကာ အပေါ့ဆုံးခြေလှမ်းများဖြင့် ပြန်ထွက်လာခဲ့သည်။

  သူမ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ကြမ်းတမ်းပုံရသည့် အမျိုးသားအသံတစ်သံကို ကြားလိုက်ရသည်။ "မင်းတို့ ချီမိသားစုက လူတွေ... ဘယ်သူမှ မကောင်းဘူး။ မင်းတို့က လောင်းကစားရုံဖွင့်ပြီး ငါ့ပိုက်ဆံတွေကို လိမ်တယ်။ ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မထင်နဲ့။ ငါ ဘယ်သူလဲဆိုတာ မမေးနဲ့။ ချီမိသားစုက မင်းကို ရွေးဖို့ ပိုက်ဆံတွေကို နာနာခံခံ ယူလာစေဖို့ ဆုတောင်းနေတာက မင်းအတွက် အကောင်းဆုံးပဲ၊ မဟုတ်ရင် ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့!"

  ချီမိသားစု?! ဒီလို တိုက်ဆိုင်မှုက မဖြစ်နိုင်ဘူး မဟုတ်လား?! ဒီလူက ချီထျန်းယုက ချမ်ကျင်းကို ဖမ်းပေးဖို့ တောင်းဆိုတဲ့လူ ဖြစ်နိုင်မလား? ဒီလူက မတုံးဘူး။ ဒီလူက သူ့နှာခေါင်းအောက်မှာ ပုန်းနေမယ်လို့ ချီထျန်းယုက ဘယ်လိုတွေးမိမှာလဲ? ပြီးတော့ ထူထပ်နေတဲ့တောတွေတောင်က လူတစ်ယောက် တစ်နှစ်လောက် ပုန်းနေဖို့ ခက်ခဲစေမှာ မဟုတ်ဘူး။

  ထိတ်လန့်နေပုံရသော အမျိုးသမီးအသံ တိုးတိုးလေးတစ်ခုလည်း ထွက်ပေါ်လာခဲ့ပြီး "ငါ့ကို မသတ်ပါနဲ့၊ ငါ့အစ်ကိုက ငါ့ကို ပြန်ရွေးမှာပါ!"

  မိန်းကလေးကလည်း သူမက အစေခံဖြစ်ကြောင်း ထုတ်ဖော်ပြောသည်အထိ လုံလောက်အောင် မမိုက်မဲပေ၊ ထို့သို့မဟုတ်ရင် လူဆိုးက ဒေါသထွက်ပြီး သူမ အသက်ဆုံးသွားပေလိမ့်မည်။ ကျွော့ချင်းက သူမခြေထောက်များကို ထပ်မြှောက်လိုက်ပြီး သူမ ချောချောမွေ့မွေ့ဖြင့် ထွက်သွားနိုင်ရန် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းရင်း နောက်တစ်ကြိမ် ခြေလှမ်းပြန်စလိုက်သည်။

သူမကို ဒီမိန်းခလေးကို ကယ်ဆယ်ဖို့ လူသွားရှာလာတဲ့အထိ ဒီမိန်းခလေး အချိန်အကြာကြီး တောင့်ခံထားနိုင်ပါစေ။

  ကျွော့ချင်းက သူမကိုယ်သူမ နှစ်သိမ့်နေ၍မှ မပြီးသေးခင် မိန်းကလေး၏ အထိတ်တလန့် အော်ဟစ်သံကို ကြားလိုက်ရသည်။

"နင်... ဘာလုပ်ချင်လို့လဲ! ထွက်သွားစမ်း!!"

"စိတ်မပူပါနဲ့၊ ငါ မင်းကို သတ်မှာ မဟုတ်ပါဘူး။ မင်းမှာ နူးညံ့တဲ့အသားအရည်နဲ့ နုနယ်တဲ့အသားရှိတယ်။ ငါ သခင်မလေးတွေရဲ့အရသာကို မမြည်းစမ်းဖူးသေးဘူး!"

  SHIT!

ညစ်ညမ်းသော ဘာသာစကားက ကျွော့ချင်း၏ရင်တွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။

မင်းရဲ့ခြေချောင်းတွေနဲ့ တွေးကြည့်ရင်တောင် နောက်ထပ် ဘာဖြစ်လာမယ်ဆိုတာ မင်း သိနိုင်တယ်။ (ဦးနှောက်နဲ့မတွေးဘဲ ခြေထောက်နဲ့တွေးရင်တောင် မှန်းလို့ရတယ်လို့ပြောချင်တာပါ)

  "နင် ငါ့ကို နာကျင်စေခဲ့ရင် ငါ့အစ်ကိုက နင့်ကို ပိုက်ဆံပေးမှာ မဟုတ်ဘူး!"

မိန်းကလေးက ထိုလူ့ကို ချော့မော့ရန် ကြိုးစားနေသော်လည်း ကံမကောင်းစွာဖြင့် ထိုယောက်ျားက မတုန်လှုပ်ဘဲ တံတွေးထွေးကာ ကျိန်ဆဲလိုက်ပြီး "ပိုက်ဆံ မပေးဘူးလား။ အဲ့တာဆိုရင် အလောင်းကို လာကောက်ပါလေ့စေ"

  "ကျေးဇူးပြုပြီး မလုပ်ပါနဲ့!"

  "ကူညီကြပါ----"

  အဝတ်များစုတ်ပြဲသံ၊ မိန်းခလေး၏အော်ဟစ်သံများနှင့် ယောက်ျားတစ်ယောက်၏ ရယ်မောသံများ ထွက်ပေါ်လာပြီး အရာအားလုံးက ပြကွက်တစ်ခုလို ဖြစ်လာကာ ကျွော့ချင်း၏နှလုံးသားကို ကိုက်ဖြတ်နေတော့သည်။ မုဒိမ်းမှု့ဖြင့် သေဆုံးခဲ့ရသော မရေမတွက်နိုင်သည့် အမျိုးသမီးများ၏အလောင်းများက သူမစိတ်ထဲတါင် တဖျပ်ဖျပ် ပေါ်လာပြီး ကျွော့ချင်း၏လက်သီးဆုပ်များက ပိုတင်းကြပ်လာခဲ့သည်။

ငါ...အဲ့တာ...!

သူမ ကောင်မလေးကို ဂရုမစိုက်ဘဲ ထွက်သွားရင် သူမဘဝတစ်လျှောက်လုံး စိတ်မချမ်းမသာ ဖြစ်နိုင်ပေမယ့် ပြေးဝင်သွားခဲ့ရင်လည်း ရလဒ်က ပိုဆိုးသွားရုံအပြင် ဘာမှ မရှိဘူး။

ဘယ်လို လုပ်ရမလဲ? . . . . . . မြန်မြန် စဉ်းစားစမ်း!

အခန်း ၃၂ ကံဆိုးမှု (အပိုင်း ၂)

  ကျွော့ချင်း ကောင်းမွန်သော အကြံဥာဏ်ကို မစဉ်းစားနိုင်သေးမီတွင် သူမ၏ နားရွက်ဘေးမှ လေတိုးသံတစ်ခုကို ကြားလိုက်ရပြီး ကျယ်လောင်သော ဆူညံသံများကို ဆက်တိုက်ကြားလိုက်ရသည်။ အနီးကပ်ကြည့်လိုက်ချိန်တွင် လက်သီးအရွယ်ရှိသည့် ကျောက်တုံးတစ်တုံးက ဂူဝင်ပေါက်ဆီ လှိမ့်ဝင်သွားသည်ကို သူမ တွေ့လိုက်ရသည်။ ကျွော့ချင်းက ​​ကျောရိုးအောက်ခြေအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။

သူမ ရှင်းရှင်းလင်းလင်းကို မလှုပ်ရှားခဲ့ဘူးလေ။ ဒီကျောက်တုံးက ဘယ်ကနေ ပေါ်လာတာလဲ?!

  “ဘယ်သူလဲ” ဂူထဲမှ လူက အော်မေးလိုက်သည်။

  ကျွော့ချင်းက ထိတ်လန့်တုန်လှုပ်သွားပြီး အနီးနားရှိ ချုံပုတ်များဆီသို့ အမြန်ပြန်ပြေးသွားလိုက်သည်။ ရုတ်တရက် လက်ကြီးတစ်စုံက သူမ၏ပုခုံးကို ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်က သူမပါးစပ်ကို အုပ်လိုက်ပြီး ဘေးဘက်သို့ ဆွဲခေါ်သွားသည်။ ကျွော့ချင်း ထိတ်လန့်တုန်လှုပ်သွားပြီး အသဲအသန် ရုန်းကန်နေချိန်တွင် ထူးဆန်းသော်လည်း ရင်းနှီးကျွမ်းဝင်နေသော အမျိုးသားအသံတစ်ခုက သူမနားနားတွင် တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။

"ငါ သူ့ကို အပြင် ခေါ်ထုတ်သွားမယ်၊ မင်းက လူကယ်ဖို့ ဝင်သွားလိုက်"

   ဒီအသံ? အဲ့ဒါက. . . ချမ်ကျင်း?

ကျွော့ချင်းက သူမ၏ရုန်းကန်မှုကို ရပ်တန့်လိုက်ပြီး နောက်ဆုံးတွင် သူမကို ကိုင်ထားသည့် လက်ကလည်း ပြေလျော့သွားခဲ့သည်။ ကျွော့ချင်း အလျင်အမြန် လှည့်ကြည့်လိုက်ချိန်တွင် မှုန်ဝါးနေသော မိုးရေနှင့် မြူခိုးများကြားတွင် ရေကန်ကဲ့သို့ နက်ရှိုင်းသောမျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ ရောက်လာသူက အမှန်ပင် ချမ်ကျင်း ဖြစ်နေခဲ့သည်။ ဤအချိန်တွင် သူ့မျက်လုံးများ တည်ငြိမ်မှုများနှင့် ပြည့်နှက်နေပြီး သူ၏ သာမာန်အချိန်များတွင် ဂရုမစိုက်သော အမူအရာနှင့် လုံးဝ မတူတော့သောကြောင့် ကျွော့ချင်းက ခဏမျှ တွေဝေသွားခဲ့သည်။

  ချမ်ကျင်းက သူမကို ဂူဘေးရှိ ကျောက်ဆောင်များနောက်သို့ ညင်သာစွာ တွန်းထုတ်ကာ ဂူပေါက်ဝဆီသို့ ပြေးသွားခဲ့သည်။ သို့သော် သူက ဂူအပြင်ဘက်တွင်သာ ရပ်နေသော သူ့တင်ပါးပေါ်သို့ လက်နှစ်ဖက်တင်လိုက်ပြီး “နေ့ခင်းကြောင်တောင် တောက်ပတဲ့ ကောင်းကင်အောက်မှာ... မင်းက အရပ်သားမိန်းကလေးကို အနိုင်ကျင့်နေတယ်ပေါ့၊ ဒီသခင်ကြီးက တကယ်ကို သည်းမခံနိုင်တော့ဘူး၊ မင်း ဘာလို့ ထွက်လာပြီး အသေမခံသေးတာလဲ?"

  ကျွော့ချင်း၏ ဦးခေါင်းတွင် ရုတ်တရက် အနက်ရောင်လိုင်းများ ဖုံးလွှမ်းသွားသည်မှာ သေချာလာတော့သည်။

တိမ်ညိုတိမ်မည်းတွေကြောင့် လရောင်က မှောင်မိုက်နေပြီး လေပြင်းတွေလည်း တိုက်ခိုက်နေတာလေဟယ်။ နေ့ခင်းကြောင်တောင် တောက်ပတဲ့ ကောင်းကင်က ဘယ်ကနေ ရောက်လာတာလဲ? သူက တကယ်ကို သူမ သိထားတဲ့ အရူးကောင်ပဲ။

ကျွော့ချင်းက တစ်ယောက်တည်း စိတ်ထဲမှ ရေရွတ်နေရင်း ကျောက်နံရံတွင် တွယ်ကပ်နေကာ ဂရုတစိုက် ပုန်းနေခဲ့သည်။ ရုတ်တရက် ဂူပေါက်ဝမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချမ်ကျင်းက တစ်ဘက်သို့ ခုန်ကာ ဘေးတိုက်ရှောင်ထွက်သွားခြ့သည်။ မမျှော်လင့်ဘဲ ငွေရောင်အလင်းတန်းက တစ်ဖန် ထွက်ပေါ်လာပြန်သည်။

  "ညစ်ပတ်နံစော်နေတဲ့ အကောင်ငယ်လေး၊ ဒီအဘိုးကြီးက မင်းကို ခုတ်နိုင် မခုတ်နိုင် ကြည့်လိုက်ရအောင်!"

ကြမ်းတမ်းသော အော်ဟစ်သံနှင့်အတူ ဂူပေါက်ဝတွင် အရပ်ရှည်ပြီး သန်မာသော လူတစ်ယောက် ပေါ်လာခဲ့သည်။ သူ၏ သန်မာသော ကိုယ်လုံးကိုယ်ပေါက်က အနည်းငယ် ကြောက်စရာကောင်းနေပုံရပြီး ကျွော့ချင်းကတော့ ဂရုတစိုက် ကြည့်နေခဲ့သည်။ သူ့လက်ထဲတွင် သံကြိုးအဝိုင်းပေါင်းများစွာ ရစ်ပတ်ထားသည်ကို သူမ တွေ့လိုက်ရသည်။ သံကြိုးအောက်တွင် လက်သီးထက် အနည်းငယ်သေးငယ်သော သံလုံးတစ်လုံးကို ချိတ်ဆွဲထားပြီး ထိမှန်လျှင် သွေးထွက်သံယို ဖြစ်စေမည်ပင်။

  ကျွော့ချင်းက အသက်ရှုကြပ်သွားပြီး သူမကိုယ်ကို ကျုံလိုက်စဥ် ချမ်ကျင်း၏ လှောင်ပြောင်သံကို ကြားလိုက်ရပြန်သည်။

"ဒါဆို ဘယ်သူ အရင်သေမလဲ ကြည့်လိုက်ရအောင်!"

ဓားပျံက ထိုလူကြီးဆီသို့ ပျံသန်းလာပြီး ထိုလူကြီး၏သံလုံးကို ထိမှန်သွားခဲ့သည်။ ဓားနှင့်သံလုံးထိသွားသောအခါ မီးပွားများထွက်လာသည်။ တစ်ချက် အထိနာသွားခဲ့သော်လည်း ထိုလူကြီးက အားနည်းချက်ကို မပြဘဲ သူ့လက်ထဲတွင်ရှိနေသည့် သံကြိုးကို ဝှေ့ယမ်းကာ ချမ်ကျင်း၏မျက်နှာကို လှမ်းရိုက်လိုက်သည်။ ချမ်ကျင်းက နောက်သို့ပြန်ဆုတ်ကာ ခုန်ထွက်သွားခဲ့သည်။ ထိုလူကြီးက အခွင့်ကောင်းယူကာ ပြေးလိုက်သွားပြီး လက်နက်များ ထိပ်တိုက်တွေ့သံနှင့် ကြမ်းတမ်းသော လှုပ်ရှားသံများက ဝေးကွာသွားသည်။ ထိုအခိုက်အတန့်တွင် ကျွော့ချင်းက သူမ၏ စကတ်ရှည်ကြီးကို မလိုက်ပြီး ဂူဝင်ပေါက်ဆီသို့ ပြေးဝင်သွားခြ့သည်။

  လှိုဏ်ဂူကြီးက ကြီးမားပြီး အလယ်တွင် မီးရောင်တစ်ခု ရှိနေပြီး ထိန်လင်းနေလေသည်။ သေးငယ်သော ထောင့်တစ်နေရာ၌ ဆံပင်များပြန့်ကျဲနေသော မိန်းကလေးတစ်ဦးက မြေပြင်ပေါ်တွင် ခွေခွေလေး လဲကျနေကာ သူမကို ထိတ်လန့်စွာ စိုက်ကြည့်နေလေသည်။ သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်ခါနေခဲ့သည်။

  ကျွော့ချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ "မြန်မြန်ထပြီး ငါ့နောက်ကို လိုက်ခဲ့"

  မိန်းကလေးက မတ်တပ်ထရပ်ရမည့်အစား ကြောက်စိတ်ကြောင့် နောက်ဆုတ်သွားခဲ့သည်။ ကျွော့ချင်းက ထိုမိန်းကလေးကို လက်မောင်းမှ ဆွဲထူလိုက်ပြီး “မင်းက ရှုအာ မဟုတ်လား၊ ချီထျန်းယုက မင်းကို ကယ်တင်ဖို့ ငါတို့ကို ပြောခဲ့တယ်၊ မေးခွန်းတွေ အများကြီး မမေးနဲ့၊ ဒီကနေ အရင်ထွက်ရအောင်"

  နောက်ဆုံးတွင် ကျွော့ချင်းက ထိုမိန်းကလေးကို ဆွဲထူလိုက်သော်လည်း သူမက ကွော့ချင်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ လှုပ်ခါနေဆဲဖြစ်သည်။ ကျွော့ချင်းက စိတ်တိုနေပြီး စကားထပ်မပြောရသေးခင်မှာ ထိုအမျိုးသမီးက မျက်ရည်များဝဲနေကာ သနားစဖွယ် တုန်တုန်ယင်ယင်ဖြင့် "ခြေထောက်က မလှုပ်နိုင်တော့ဘူး..."

  မလှုပ်နိုင်ဘူးလား?

ကျွော့ချင်းက ထိုမိန်းကလေး၏စကပ်ကို ညင်သာစွာ မြှောက်ကြည့်လိုက်ပြီး မီးရောင်အောက်တွင် ထိုမိန်းကလေး၏ ညာဖက်ခြေဖဝါးမှ သိသိသာသာ ပွင့်ထွက်နေသော ဒဏ်ရာတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

  "သေစမ်း!" ကျွော့ချင်းတစ်ယောက် ကျိန်ဆဲလိုက်ပြန်သည်။

ဒီဒဏ်ရာက အရမ်းကြီးပြီး ခြေသလုံးကြွက်သားတွေအထိရောက်အောင် ပြင်းပြင်းထန်ထန် စုတ်ပြဲနေပြီ။ အချိန်မီ မကုသနိုင်ရင် ပိုးဝင်တာကြောင့် ဒီမိန်းကလေးရဲ့ ခြေထောက်က အသုံးမဝင်နိုင်တော့သလို၊ ဒဏ်ရာက သူမကို သေစေနိုင်လိမ့်မယ်။ ဒီလူက သူမကို ဂူထဲမှာ တစ်ယောက်တည်း ထားခဲ့ရဲတာ အံ့ဩစရာ မရှိတော့ဘူး။ သူမခြေထောက်က ကျိုးနေတာ ကြာပြီလေ။ ပြေးဖို့နေနေသာသာ ဂူထဲကနေတောင် မထွက်နိုင်ဘူး!

  ဒဏ်ရာ၏ မျက်နှာပြင် အနေအထားနှင့် အမျိုးသမီး၏ အနည်းငယ်ထုံကျဉ်သော အသွင်အပြင်ကို ကြည့်ပြီး ဒဏ်ရာက ဆယ့်နှစ်နာရီကျော် ကြာလောက်ပြီဟု သူမ ခန့်မှန်းနိုင်ခဲ့သည်။ ကျွော့ချင်းက ကြံရာမရ ဖြစ်သွားပြီး ဝေးဝေးမသွားနိုင်မည်ကို စိုးရိမ်သောကြောင့် သူမကို တွဲခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း အပြင်ဘက်တွင် ပေါင်းပင်များနှင့် တောတွင်းသစ်ပင်များ၏ အကိုင်းအခက်များ ရှိနေသည်။ နောက်တစ်ခါ ထပ်ထိခိုက်မိလျှင် ထိုမိန်းကလေး ပို၍ ဒုက္ခရောက်သွားနိုင်သည်ကို တွေးမိသောကြောင့် ကျွော့ချင်းက အခြေအနေအရ အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမက ထိုမိန်းကလေးကို ထိုင်ခိုင်းလိုက်ပြီး မီးပုံနားမှ သစ်ကိုင်းခြောက်နှစ်ခုကို သွားကောက်လိုက်ကာ ထိုမိန်းကလေး၏ အနားသို့ ပြန်သွားလိုက်သည်။ ထို့နောက် သူမက သူမ၏စကတ်ကို ဆုတ်ဖြဲလိုက်ရင်း အသံတိုးတိုးလေးဖြင့် "နည်းနည်းတော့ သည်းခံလိုက်!"

  ရူအာ မတုံ့ပြန်နိုင်ခင်မှာ ကျွော့ချင်းက သူမ၏ခြေသလုံးများကို ဆွဲကိုင်လိုက်ပြီး အရိုးများကို မြန်မြန်ဆန်ဆန် ဆွဲဆန့်ကာ နေရာမှန်ရောက်အောင် ပြန်ပြုပြင်ပေးလိုက်သည်။

  "အား————" အရိုးပြန်လည်နေရာချထားခြင်း ခံရသည့် ဝေဒနာကြောင့် ရူအာက မူးမေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် သူမ အနည်းငယ် ပြန်လည်သက်သာလာပြီး ကျွော့ချင်းက သစ်ကိုင်းများကို သုံးကာ ဒဏ်ရာကို ပတ်တီးစည်းပေးခဲ့သည်။ ထိုနောက် ကျွော့ချင်းက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ကာ သူမကို ထပ်မံဆွဲထူလိုက်ပြီး မတ်တပ်ထရပ်ရန် ကူညီပေးလိုက်သည်။

"လှုပ်လို့ ရပြီလား?"

အရာအားလုံးက ခနတာအတွက် ယာယီသာ ဖြစ်သည်။ သို့သော် မိန်းကလေး၏ ညာဘက်ခြေထောက်ကို တင်းတင်းကြပ်ကြပ် ပတ်ဆီးစည်းပေးထားသောကြောင့် ဒုတိယအကြိမ် ထပ်မကျိုးတော့ဘူးဟု သူမ အာမခံနိုင်သည်။ သူမ ကျော်ဖြတ်နိုင်ရန်တော့ ကျွော့ချင်း မျှော်လင့်နေမိသည်။

   ရှုအာက သူမ၏ညာဘက်ခြေထောက်ကို အနည်းငယ် ရွှေ့ကြည့်လိုက်ပြီး နာကျင်နေသေးသော်လည်း သူမ၏ခွန်အားကို ပြန်အသုံးချနိုင်သွားခဲ့သည်။ ရှုအာက သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် ခေါင်းညိတ်ကာ "ကျွန်မ လှုပ်နိုင်ပြီ၊ သွားရအောင်!"

  "သွားကြရအောင်" ကျွော့ချင်းက ရှုအာကို ဂူထဲမှ ထွက်နိုင်အောင် ကူညီပေးခဲ့ပြီး ရှုအာက သန်မာပြီး ထက်မြက်သော မိန်းကလေးဖြစ်ကြောင်း သူမ၏ နှလုံးသားထဲမှ တိတ်တဆိတ် ချီးမွမ်းနေခဲ့သည်။

  "ဘယ်သွားမလို့လဲ!"

  သူမတို့ နှစ်ယောက် ဂူအဝင်ဝသို့ လျှောက်သွားပြီးသည်နှင့် အပေါက်ဝတွင် လူမည်းကြီး၏ မည်းမှောင်သော အသွင်အပြင် ပေါ်လာပြီး ထိုလူက ကျေနပ်အားရစွာဖြင့် ရယ်မောကာ “မင်းက ကျားကို မောင်းထုတ်တဲ့ လှည့်ကွက်ကို သုံးချင်နေတာလား? ဒီလူက ဒီတော ဒီတောင်မှာ နှစ်အတော်ကြာအောင် နေလာခဲ့တာ အဲဒါတွေအားလုံးက အချည်းနှီးမှ မဟုတ်တာ”

  ရှုအာ၏ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့ တုန်ခါနေပြီး ကျွော့ချင်း၏ နှလုံးသားကလည်း သူမ၏ လည်ချောင်းထဲသို့ ရောက်ရှိလာသည်။ ကျွော့ချင်းအတွက် သူမ၏ နှလုံးခုန်သံကို ယခုကဲ့သို့ ထင်ရှားစွာ ခံစားလိုက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက ရှုအာကို တွဲထားရင်း သူမတို့နှစ်ဦးလုံး အေးခဲနေသည့် ကျောက်နံရံကို နီးကပ်သွားသည်အထိ နောက်ပြန်ဆုတ်သွားခဲ့သည်။

  မီးက ပိုပြင်းလာပြီး ကျွော့ချင်း၏စကတ်ကလည်း စုတ်ပြဲနေကာ အတွင်းထဲတွင် သူမ ဝတ်ဆင်ထားသည့် ဘောင်းဘီကလည်း ပုစဉ်းရင်ကွဲ၏တောင်ပံများကဲ့လို ပါးလွှာနေလေသည်။ ထိုလူကြီး၏မျက်လုံးများက မဲမှောင်သွားပြီး ကျွော့ချင်းကို အပေါ်အောက် စုန်ဆန်ကြည့်နေလေသည်။

"ကျစ်၊ ကျစ်၊ ကျစ်၊ မိုးနတ်မင်းက ငါ့ကို ကောင်းကောင်း ဆက်ဆံတာပဲ၊ အာ~ ဒီအမျိုးသမီးက ပိုစိတ်လှုပ်ရှားစရာကောင်းတယ်"

  ထိုလူကြီးက သူမတို့နားသို့ ကပ်လာပြီး သူ့လက်က ကျွော့ချင်း၏ပခုံးကို ဖမ်းကိုင်ရန် နီးကပ်လာချိန် ဓားပါးပါးလေးတစ်ချောင်းက လေထဲမှ ဖြတ်သန်းဝင်ရောက်လာခဲ့သည်။ ထိုလူကြီးက ဓားကို ရှောင်ရန် သူ့လက်ကို အမြန်ရပ်လိုက်ချိန်တွင် ကျွော့ချင်းကလည်း ရှုအာကို ဆွဲကာ ထွက်ပြေးရန် အခွင့်အရေး ယူလိုက်သည်။ ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် မမျှော်လင့်ထားသည့် ပြင်းထန်သောအင်အားတစ်ခုက ကျွော့ချင်း၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆွဲယူလိုက်ပြီး သူမ နောက်ပြန်ဆုတ်သွားစေခဲ့သည်။ ကျွော့ချင်းက စိတ်ပျက်အားငယ်စွာဖြင့် ရှုအာ၏အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားရာမှ သူမကို အပြင်သို့ တွန်းထုတ်လိုက်သည်။ ဂူထဲကို အပြေးအလွှား ဝင်လာနေသည့် ချမ်ကျင်းက ရှုအာကို ချက်ချင်း လှမ်းဖမ်းးလိုက်သည်။

  ထိုလူကြီးက ကျွော့ချင်းက သူ့ရှေ့သို့ ဆွဲယူလိုက်ပြီး မကြောက်မရွံ အော်ပြောလိုက်သည်။

"မင်းနဲ့ ငါနဲ့ ရန်ငြိုးဖွဲ့ထားတာ မရှိဘူး။ ငါ မင်းကို မသတ်ချင်ဘူး၊ မင်း ငါ့ကို ဆက်ပြီး နှောက်ယှက်နေရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

  လူကြီး၏သံကြိုးက ကျွော့ချင်း၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသောကြောင့် ကျွော့ချင်းကို အသက်ရှူရခက်စေပြီး သူမ၏မျက်နှာက နီရဲလာလေသည်။ ချမ်ကျင်း၏ မျက်လုံးများက ပိုအေးစက်လာပြီး သူက ရှုအာကို ဝင်ပေါက်ဆီသို့ ရောက်အောင် ကူညီပေးခဲ့သည်။ ထိုနောက် သူက နောက်ပြန်လှည့်လာကာ အေးစက်သောလေသံဖြင့် “ငါနဲ့ မင်းနဲ့ အာဃာတမရှိပေမယ့် တစ်စုံတစ်ယောက်ရဲ့ စည်းစိမ်ဥစ္စာက တခြားလူရဲ့ ဘေးဒုက္ခလည်း ဖြစ်တယ်၊ တခြားလူတွေရဲ့ ဘေးဒုက္ခဖြေရှင်းဖို့ ငါက ပိုက်ဆံယူပြီး မင်းလို လူကို ချေမှုန်းရမယ်။ မင်းမှာ အရည်အချင်း တကယ်ရှိရင် ငါ တစ်ယောက်တည်းချင်း တိုက်ခိုက်လေ၊ မင်း မိန်းမတွေကို အကာအရံအနေနဲ့ အသုံးချပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရင် မင်းက ယောက်ျားမဟုတ်တော့ဘူး!"

  "အဲ့လိုနှိုးဆော်တဲ့နည်းလမ်းတွေက ဒီသခင်ကြီးအတွက် အသုံးမဝင်ဘူးကွ!" ထိုလူကြီးက သံကြိုးကို တင်းတင်းထပ်ဆွဲလိုက်ပြန်သည်။ ကျွော့ချင်း၏ အသက်ရှုသံက ငြိမ်သက်သွားပြီး အသက်ရှူရအလွန်ခက်ခဲလာခဲ့သည်။ ထိုလူကြီးက ချမ်ကျင်း၏လက် လက်သီးဆုပ်ထားသည်ကို တွေ့သွားခဲ့ပြီး သူ မှန်ကန်သောလူကို ဖမ်းမိထားကြောင်း နားလည်သွားခဲ့သည်။ သူက အသံကျယ်ကျယ်ဖြင့် "မင်း လက်ထဲမှာရှိနေတဲ့ ဓားတွေအားလုံးကို နာခံမှုရှိရှိနဲ့ ပစ်ချလိုက်တာ အကောင်းဆုံးဘဲ၊ မဟုတ်ရင် သူ့(မ)လည်ချောင်းကို ဖိချိုးပစ်လိုက်မယ်!"

 ကျွော့ချင်းက ငိုချင်နေသော်လည်း မျက်ရည်ပင် မကျနိုင်တော့ပေ။

အခု သူမ ခံစားနေရတာတွေကို ဖော်ပြဖို့ ဘာနဲ့မှ မလုံလောက်တော့ဘူး။ သူမ ဒီငရဲလို ကြောက်စရာကောင်းတဲ့ နေရာကို ရောက်လာကတည်းက သူမ ကံမကောင်းခဲ့ဘဲ လည်ပင်းကလည်း အကြိမ်ကြိမ် နာကျင်ခဲ့ရတယ်။

ကျွော့ချင်းက အသက်ရှုရန် အတတ်နိုင်ဆုံးကြိုးစားရင်း ချမ်ကျင်းက ယခင်အချိန်ကကဲ့သို့ စိတ်အေးလက်အေး ဟန်ဆောင်မည်ဟု သူမ ထင်နေခဲ့သည်။၊ သူက ထိုလူကြီးအား ဒေါသထွက်စေကာ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေရန်လည်း သူမ မျှော်လင့်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူက ရှုအာကို ကယ်ဆယ်ထားပြီးပြီလေ။

   ဒါပေမယ့် ဖြစ်လာမယ့်အရာတွေကို ဘယ်သူက ကြိုသိနိုင်မှာတဲ့လဲ???

  မသဲမကွဲအသံများ ထွက်ပေါ်လာပြီး တောက်ပနေသည့် ငွေရောင်ဓားပျံလေးများက မြေကြီးပေါ်သို့ တစ်ချောင်းချင်းစီ ပြုတ်ကျလာခဲ့သည်။ ကျွော့ချင်းကတော့ ချမ်ကျင်းကိုသာ စိုက်ကြည့်နေလိုက်တော့သည်။

​​သူ ရူးနေတာလား?! ဓားမရှိရင် သူက အဲ့လူကြီးကို ဘယ်လို တိုက်ခိုက်နိုင်တော့မှာလဲ? သူ ဒီလိုလုပ်လိုက်တာက သူမကို ကယ်တင်နိုင်မှာ မဟုတ်သလို သူ့ကိုယ်သူလည်း အသက်ဆုံးရှုံးစေလိမ့်မယ်။ ဒါမှမဟုတ် တခြားနေရာမှာ ဝှက်ထားတဲ့ ဓားတွေနဲ့ ပစ်ပေါက်မှာလား?

  "မင်း ခါးပေါ်က ဓားပျံတွေအကုန်လုံး ပစ်ချလိုက်၊ ဘယ်လှည့်ကွက်မှ သုံးဖို့ မစမ်းသပ်ကြည့်နဲ့!"

ထိုလူကြီးကလည်း သူမကဲ့သို့ တွေးမိပုံရသည်။ ချမ်ကျင်းက ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး ထိုလူကြီးက သံကြိုးကို ထပ်တင်းလိုက်သည်။ ကျွော့ချင်းက နာကျင်စွာ ချောင်းဆိုးလိုက်သည်။

  ပစ်မချနဲ့တော့!

ကျွော့ချင်းက သူမ၏လည်ပင်းမှ နာကျင်မှုကို လျစ်လျူရှုရင်း ချမ်ကျင်းကို စိုက်ကြည့်ကာ “လွှင့်မပစ်နဲ့တော့!”

သူတို့၏မျက်လုံးများ ခဏလောက် ဆုံသွားကြပြီး ကျွော့ချင်းက သူ့မျက်လုံးနက်နက်ထဲမှ အရိပ်အယောင်များကို ကြည့်ကာ သူ ဘာတွေတွေးနေမှန်း မပြောနိုင်သော်လည်း သူမနားထဲမှာ ပြတ်သားသည့်အသံတချို့ ထပ်မံထွက်ပေါ်လာပြီး ဓားပါးပါးလေးတစ်‌ချောင်းက မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

အခန်း ၃၃ ကံဆိုးမှု (အပိုင်း ၃)

  ဓားပျံများအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရချိန်တွင် ထိုလူကြီးက အလွန်ကြမ်းတမ်းသောအသံဖြင့် ရယ်မောရင်း သံကြိုးကို ပြန်ဆွဲကာ ကျွော့ချင်းကို ဘေးသို့ တွန်းထုတ်လိုက်သည်။ သူက ချမ်ကျင်းကို ပြုံးပြလိုက်ပြီး "လူဆိုးကောင်လေး၊ ငါ မင်းကို ငရဲဘုရင်နဲ့တွေ့ဖို့ လိုက်ပို့ပေးမယ်!"

  ထိုလူကြီးက သံဘောလုံးကို ဝှေ့ယမ်းကာ ချမ်ကျင်းကို လှမ်းရိုက်လိုက်သည်။ ချမ်ကျင်းက ထိုင်ချလိုက်ပြီး ဘောလုံးကို ရှောင်တိမ်းကာ ကြွေကျနေသော သစ်ရွက်ခြောက်များကို တစ်ချက်ရွှေ့လျားသွားစေပြီး သူ့ခြေရင်းမှ ဓားပါးလေးကို ကန်ထုတ်လိုက်သည်။

  လက်နက်များက ကိုင်ဆောင်ရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။ လူကြီးက သူ့၏သံကြိုးကို ပြန်ဆွဲကာ သံလုံးကို ပြန်ရုပ်သိမ်းလိုက်သည်။ အန္တရာယ်ဖြစ်နိုင်ချေများသောကြောင့် ချမ်ကျင်းက ကျွော့ချင်းကို သတိပေးလိုက်သည်။

"မြန်မြန်သွားတော့!"

  ကျွော့ချင်းက သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားရင်း ဂူဝင်ပေါက်ဆီသို့ တရွေ့ရွေ့ လျှောက်သွားလိုက်သည်။ သူမ ပြန်ကြည့်လိုက်ချိန်တွင် ချမ်ကျင်းက သံလုံး၏ တိုက်ခိုက်မှုကို တွန်းလှန်ရန်အတွက် သူ့လက်ထဲရှိ ဓားပျံများအားလုံးကို အသုံးပြုပြီးသွားပြီ ဖြစ်သည်။ သူက သံလုံးနှင့် အကြိမ်ပေါင်းများစွာ အတိုက်ခိုက်ခံနေရပြီး အသတ်ခံရလုနီးပါး ဖြစ်နေခဲ့သည်။ ယခုန လွင့်ထွက်သွားသော ဓားပျံများက ဂူအပြင်ဘက်တွင် ငွေရောင်အလင်းတန်းများကဲ့သို့ တောက်ပနေလေသည်။

  ကျွော့ချင်းထံတွင် စေ့ဆော်မှုများ တဖျပ်ဖျပ်ပေါ်လာပြီး သူမက မြေပြင်ပေါ်ရှိ ဒါဇင်ပေါင်းများစွာသော ဓားပျံများကို ကောက်ယူကာ ဂူထဲသို့ ပြန်ပြေးသွားပြီး ချမ်ကျင်းဆီသို့ ပစ်ပေးလိုက်သည်။

"ချမ်ကျင်း ဖမ်းထား"

   ကျွော့ချင်းက ဤသို့ ပြန်ပေါ်လာလိမ့်မည်ဟု ချမ်ကျင်းက ဘယ်သောအခါမှ မမျှော်လင့်ထားချေ။ သူ လှည့်ကြည့်လိုက်ချိန်တွင် ဓားများက သူဆီသို့ မိုးပေါက်များကဲ့သို ပြေးဝင်လာသည်။ ထိုလူကြီးက ဓားများကို ပိတ်ဆို့ရန် သူ့၏သံကြိုးကို ထပ်မံ၍ ဝှေ့ယမ်းလိုက်သော်လည်း ကံမကောင်းစွာဖြင့် ချမ်ကျင်းက ဓားပျံများစွာကို ဖမ်းဆုပ်နိုင်လိုက်ပြီ ဖြစ်သည်။

  တောင်ပေါ်လှိုဏ်ဂူအတွင်းတွင် လက်နက်များ အသုံးပြုရန် အကန့်အသတ်ရှိနေသဖြင့် ထိုလူကြီး၏ ရှည်လျားသော သံကြိုးက ချမ်ကျင်း၏ ဓားပျံများကဲ့သို့ အဆင်ပြေမှု မရှိသည်မှာ သိသာထင်ရှားနေသည်။ တိုက်ခိုက်မှုများစွာအပြီးတွင် သူ့ကို ဓားချက်ပေါင်းများစွာ ထိမှန်သွားခဲ့သည်။

  "မင်း မြေခွေးမ"

သူမသာ ချမ်ကျင်းကို ဓားပျံတွေ မပစ်ပေးခဲ့ရင် သူ ဘယ်လိုလုပ် ဒဏ်ရာ ရမှာလဲ?

ထိုလူကြီးက သူ့ဒေါသကို ကျွော့ချင်းဘက်သို့ ပြောင်းလိုက်ကာ သူ့၏သံလုံးကို သူမဆီသို့ လှမ်းပစ်လိုက်သည်။

  ချမ်ကျင်းက ထိတ်လန့်တုန်လှုပ်သွားပြီး သူ့လက်ကောက်ဝတ်ကို ပြင်းထန်စွာ လှုပ်ရှားလိုက်ကာ သူ့လက်ထဲမှ ဓားပျံကို ထိုလူကြီး၏လက်ကောက်ဆီသို့ လှမ်းပစ်လိုက်သည်။ ဓားပျံကို ပစ်လိုက်သည့်အင်အားက ပြင်းထန်လွန်းသောကြောင့် ထိုလူကြီး၏လက်ကောက်ဝတ်ကို တိုက်ရိုက်ထိုးဖောက်သွားပြီး ထိုလူကြီး၏ဝမ်းဗိုက်ထဲကိုပါ နစ်ဝင်သွားခဲ့သည်။ သူ့လက်က အရှိန်လျော့ကျသွားသော်လည်း သံလုံးကြီးကတော့ ကျွော့ချင်း၏မျက်နှာဆီသို့ ပျံသန်းလာနေဆဲဖြစ်သည်။

  ကျွော့ချင်းက နောက်ပြန်ဆုတ်နေခဲ့သော်လည်း သူမ၏ကျောက ကျောက်နံရံနှင့် ထိနေပြီ ဖြစ်သည်။ နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ချေ။ ကျွော့ချင်းက သူမ၏မျက်နှာကို ကာကွယ်ရန် သူမ၏လက်နှစ်ဖက်ကို အမှတ်တမဲ့ မြှောက်လိုက်ပြီး ထိုအချိန်တွင် သံလုံးကြီးက ခန္ဓာကိုယ်တစ်ခုအား ထိသွားသည့်အသံကို သူမ ကြားလိုက်ရသည်။ ကျွော့ချင်းက နာကျင်မှုကို မခံစားရသောကြောင့် သူမ၏လက်ကို ဖယ်ကြည့်လိုက်ရာ ချမ်ကျင်း၏အရပ်ရှည်သော ခန္ဓာကိုယ်ကြီးကို တွေ့လိုက်ရသည်။

  "ချမ်ကျင်း!" ကျွော့ချင်းက သူ့ဆီသို့ လျှောက်လာချိန်တွင် သံကြိုးရှည်ကြီးက မြေပြင်ပေါ်သို့ တွဲကျနေသည်ကို တွေ့လိုက်ရသည်။ သံဘောလုံးက သူ့နှလုံးနေရာတွင် စူးစူးနစ်နစ် စိုက်ဝင်နေသည်။ သံဘောလုံးပေါ်ရှိ ချွန်ထက်သော အချွန်အတက်များကို တွေ့လိုက်ရချိန်တွင် ကျွော့ချင်း၏ နှလုံးခုန်နှုန်းက စောင့်တက်သွားခဲ့သည်။ သူမက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ့ကို အမြန်ကူတွဲပေးလိုက်သည်။ ချမ်ကျင်းက တုန်တုန်ယင်ယင် ဖြစ်နေသောကြောင့် သူမတို့နှစ်ယောက်လုံး မြေပြင်ပေါ်သို့ လဲကျသွားသည်။ လေထဲတွင် သွေးရနံ့များ ပျံနှံနေပြီး ကျွော့ချင်း၏ နှလုံးခုန်သံကို ပိုကျယ်လာကာ သူမကို ပိုတုန်လှုပ်လာစေခဲ့သည်။

  ကျွော့ချင်းက သူမ၏ခေါင်းကြီးတစ်ခုလုံး တဒိန်းဒိန်း မြည်နေသလို ခံစားလိုက်ရပြီး သူမ ဘာပြောချင်သည်ကိုပင် သူမဘာသာ မသိတော့ပေ။

"ဘာလို့လဲ..."

သူမကို သုံးကြိမ်သာတွေ့ဖူးတဲ့ ဒီလူက သူမအတွက် ဒီထိုးနှက်ချက်ကို တားဆီးချင်နေတာ ဘာကြောင့်လဲဆိုတာ သူမ တကယ်ကို နားမလည်နိုင်တော့ဘူး။

သူက ဘာလို့ သူမကို ကယ်တင်ပေးချင်ရတာလဲ?

ချမ်ကျင်းကိုယ်တိုင်လည်း ဘာကြောင့်မှန်း မသိခဲ့ပေ။

သူ သူမကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူးလို့တောင် ပြောခဲ့တယ် မဟုတ်လား?! ဒါပေမယ့် အခုတော့ သူ ဘာအကြောင်းကိုမှ သိပ်မစဉ်းစားနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က သူ့စိတ်ရဲ့တုံ့ပြန်နိုင်တာထက် ပိုမြန်နေခဲ့တယ်။ ဘာကြောင့်မှန်း သူ မသိပေမယ့် အပြစ်မဲ့သူတစ်ယောက်ကို မနာကျင်စေချင်တာလည်း ဖြစ်နိုင်ပါတယ်။

  ကျွော့ချင်းက စိတ်ရှုပ်ထွေးနေပြီး အပြစ်ရှိသလို ခံစားနေရသည့်အကြည့်များကို မြင်လိုက်ရသောကြောင့် ချမ်ကျင်းက "မင်း... မင်းက အခုတောင် ရုပ်ဆိုးနေပြီ၊ မင်း ထပ်ရုပ်ဆိုးသွားရင် လူတွေကို သေတဲ့အထိ ကြောက်လန့်စေလိမ့်မယ်..."

  ဒီလူက ဘာလို့ အမြဲတမ်း မလေးနက်ရတာလဲ?!

ကျွော့ချင်း ပြန်ကျိန်ဆဲချင်နေသော်လည်း သူမ၏အသံက သူမ၏လည်ချောင်းထဲတွင် ပိတ်မိနေခဲ့သည်။

  မြေပြင်ပေါ်တွင် ရုန်းကန်နေသော လူကြီးကို တစ်ချက်ကြည့်လိုက်ပြီး ချမ်ကျင်းက ကျွော့ချင်းကို တွန်းဖယ်လိုက်ကာ "သွားတော့... ရှုအာကို ကူညီပေး...... မြန်မြန်သွားကြမယ်..."

  ဤတွန်းအားကြောင့် နောက်ဆုံးတွင် ကျွော့ချင်းက သူမ၏ မူလသိစိတ်အာရုံများဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူမက ချမ်ကျင်း၏ ခန္ဓာကိုယ်ကို ဖိထားပြီး သံလုံး၏ဆွဲအားကို လျှော့ချကာ မြေပြင်ပေါ်တွင် တစ်ဝက်ခန့်လှဲချလိုက်သည်။ ထို့နောက် ချမ်းကျင်း၏ဒဏ်ရာ အတိမ်အနက်ကို သေချာစစ်ဆေးလိုက်သည်။ ဘယ်ဘက်တွင် ဖောက်ဝင်သွားသော အရာသုံးခု ရှိနေပြီး ကံကောင်းထောက်မစွာဖြင့် ရင်ဘတ်ဘေးနားမှ ဒဏ်ရာက အရမ်းမနက်သလို ကိုယ်တွင်းအင်္ဂါများကိုလည်း မထိခိုက်စေခဲ့ပေ။ သို့သော်လည်း ဆူးများကို အတင်းဆွဲထုတ်ပါက ဒဏ်ရာကို ပိုပြီး ကြီးမားလာစေရုံသာမကဘဲ ကြွက်သားများ အလွန်အကျွံ စုတ်ပြဲသွားပါက အတွင်းအင်္ဂါများကို ထိခိုက်စေနိုင်သည်။

  ကျွော့ချင်းက သူမခေါင်းကို ပြန်မော့လိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်ရာ အပြင်တွင် မိုးများက တဖြောက်ဖြောက် ကျနေပြန်သည်။ သူမက သူ မထနိုင်အောင် ပေါ့ပေါ့ပါးပါး ဖိထားလိုက်ပြီး "မသွားဘူး၊ အပြင်မှာ မိုးရွာနေတယ်၊ ​​ရှင့်ဒဏ်ရာ အရင် မကုရင် နာရီဝက်လောက်ကြာတာနဲ့ ရှင် သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်!"

 ချမ်ကျင်းက ခေါင်းယမ်းကာ သူ့၏အပ်စိုက်မှတ် အနည်းငယ်ကို နှိပ်ပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး "ငါ သွေးကြောတွေကို ခနပိတ်ထားလိုက်ပြီ။ သူက သေမှာ မဟုတ်ဘူး။ ငါတို့ ထွက်သွားရမယ်။ သူက အရမ်းအန္တရာယ်များတယ်။ ငါမှာ မင်းတို့ကို ထပ်ပြီး ကာကွယ်ပေးနိုင်စွမ်း မရှိတော့ဘူး”

  ကပ်စိုက်ကုထုံးတွေကို ဖိပြီးပိတ်ထားလိုက်ရင် မသေတော့ဘူးလား? အဲ့ဒါဆိုရင်တော့ အရင်က သူမ ချက်ချင်းကို အလုပ်ပြုတ်သွားနိုင်တယ်။

ကျွော့ချင်းက သူ့စကားကို မယုံသော်လည်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် လူကြီးကို တစ်ချက်ကြည့်လိုက်ရာ ထိုလူက သူ့ဝမ်းဗိုက်မှ ဒဏ်ရာကို ဆုပ်ကိုင်ထားပြီး ညည်းညူနေသည့်အတွက် ကျွော့ချင်းလည်း အနည်းငယ် စိတ်ပူသွားခဲ့သည်။

သူက အခုအချိန်မှာ ခြိမ်းခြောက်မှု မဖြစ်နိုင်ပေမယ့် နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ထိုးနှက်ချက်တွေ ပေးနိုင်မယ်ဆိုတာကို သူမ ငြင်းလို့ မရဘူး။

  ခဏလောက်စဉ်းစားပြီးနောက် ကျွော့ချင်းက ရုတ်တရက် ထရပ်ကာ မြေပြင်ပေါ်ရှိ အထူဆုံးသစ်သားချောင်းကို ကောက်ကိုင်လိုက်ပြီး လူကြီး၏ နံဘေးသို့ လျှောက်သွားလိုက်သည်။ ထိုလူကြီး၏ မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ ကျွော့ချင်းက သစ်သားချောင်းကို ချိန်ဆလိုက်ပြီး ထိုလူ၏လည်ပင်းနောက် သုံးစင်တီမီတာအကွာနေရာကို ရိုက်ချလိုက်သည်။ ရိုက်ချက်က အလွန်မြန်ဆန်တိကျပြီး ရက်စက်လွန်းသောကြောင့် ထိုလူကြီး မူးမေ့လဲမသွားမီ ငြီးတွားရန် အချိန်ပင် မရခဲ့ပေ။

  ကျွော့ချင်းက ဒူးထောက်ထိုင်ချလိုက်ပြီး ထိုလူကြီးကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ပြီး မေ့မျောသွားကြောင်း အတည်ပြုလိုက်သည်။ ထိုအချိန်မှသာ သူမက သူမလက်ထဲက သစ်သားချောင်းကို လွှင့်ပစ်ကာ သစ်မှုန့်စများကို လက်ဖြင့် ပုတ်ခါနေရင်း ချမ်ကျင်းကို အေးအေးဆေးဆေး ပြန်မေးလိုက်သည်။

"ဒါဆို ရပြီလား?"

  ချမ်ကျင်းကတော့ အံ့အားသင့်နေခဲ့သည်။ သူတို့နှစ်ယောက် ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို ပြန်တွေးကြည့်လိုက်ချိန်တွင် သူမက သူမထက် နှစ်ဆလောက်ပိုသန်မာတဲ့ လူထွားကြီးတစ်ယောက်ကို မထင်မှတ်ပဲ ကိုင်ပေါက်ခဲ့သည်ကို သူ ပြန်တွေးမိသွားခဲ့သည်။

ချမ်ကျင်းက ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်ကာ "... မင်းလောက် ရက်စက်ပြီး ကြမ်းတမ်းတဲ့ မိန်းမကို ငါ တစ်ခါမှ မတွေ့ဖူးဘူး"

  ရက်စက်ပြီး ကြမ်းတမ်းတယ်တဲ့လား?

ကျွော့ချင်းက သူ့ကို လျစ်လျူရှုလိုက်ပြီး "အခု တွေ့ဖူးပြီးမလား?"

တကယ်က တကယ်ရက်စက်တာကို သူ မသိသေးပါဘူး။ ကုယွင်ကို တွေ့ခွင့်ရမှ ရက်စက်ကြမ်းကြုတ်မှုရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို သူ သိလိမ့်မယ်။

  ကျွော့ချင်းက ဂူအဝင်ဝသို့ လျှောက်သွားလိုက်ပြီး ရှုအာကို မီးပုံဘေးတွင် ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် သူမက "ရှုအာ ကျေးဇူးပြုပြီး မီးပိုတောက်လာအောင် ကူညီပေးပါ"

  ရှုအာက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

ဒီမိန်းခလေးရဲ့ ထက်မြက်မှုနဲ့ ရဲစွမ်းသတ္တိက လူတွေကို အဆုံးမရှိ ချီးမွမ်းစေနိုင်လောက်တယ်။

  ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက်တွင် ကျွော့ချင်းက မြေပြင်ပေါ်ရှိ သစ်သားချောင်းကို တစ်ဖန် ကောက်ယူပြီး ရှုအာကို ပေးလိုက်ပြီး "ဒါကို ယူထား၊ သူ ပြန်နိုးရင် နောက်ထပ် တုတ်တစ်ချက်လောက် ပေးလိုက်။ ခနနေ ဆေးကုနေရင်း ဒီလူကြီး နိုးလာရင် ဒုက္ခရောက်လိမ့်မယ်”

  ရှုအာက သူမ၏လက်ကောက်ဝက်ထက် ပိုထူသောတုတ်ကို ယူကာ သူမဘေးနားရှိ သတိလစ်နေသော လူကြီးကို ကြည့်လိုက်ပြီးနောက် ကျွော့ချင်း၏ အေးစက်စက်နှင့် စိတ်ပိုင်းဖြတ်ထားသည့် မျက်နှာကို ပြန်ကြည့်ကာ တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီး ခက်ခက်ခဲခဲ ပြန်ဖြေလိုက်သည်။

"အိုး~ ကျွန်မ ..သိပါပြီ"

  ဒါက သူမအတွက် နည်းနည်း ခက်ခဲနေမှန်းသိပေမယ့် လက်ရှိ အခြေအနေက ဒီလိုဖြစ်နေတော့ ‌ရွေးချယ်စရာ မရှိတော့ဘူးလေ။

ကျွော့ချင်းက ချမ်ကျင်းဆီသို့ ပြန်လျှောက်သွားလိုက်ပြီး သူ့ကို လှဲလျောင်းစေကာ "ရှင့်ဒဏ်ရာတွေကို အရင်ကုသပေးမယ်"

  ချမ်ကျင်း၏မျက်နှာတွင် သံသယအကြည့်များ ပြည့်နေခဲ့ပြီး သူ့အဝတ်များကို ဖြည်ရန် လုပ်နေသည့် ကျွော့ချင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး "မင်း လုပ်နိုင်လို့လား...?"

  ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။

သူမက ခွဲစိတ်ဆရာဝန်အဖြစ် အရည်အချင်းပြည့်မီတဲ့သူပဲ။ ပြီးတော့ သူမက အခြားခွဲစိတ်ဆရာဝန်တွေလိုမျိုး ခွဲစိတ်မှုတွေ အများကြီးကို လုပ်ဆောင်ခဲ့ဖူးတယ်။ လူတွေရဲ့ ကြွက်သားများ၊ အရိုးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို သုတေသနပြုတဲ့နေရာမှာ သာမန်ခွဲစိတ်ဆရာဝန်တွေက သူမကို လက်လှမ်း မီမှာ မဟုတါဘူး။ ဒီလို အသေးစားခွဲစိတ်မှုဆိုတာက သူမအတွက်တော့ ကိတ်မုန့်တစ်ဖဲ့ ဖဲ့သလောက်ကို လွယ်ကူလွန်းတယ်။

  ကျွော့ချင်းက သူမလက်ကို တစ်ဖန်ဆန့်ထုတ်လိုက်ချိန်တွင် ချမ်ကျင်းက "ခဏနေပါဦး။ ကူညီပါဦး... ငါ့ခါးက ဆေးပုလင်းကို ထုတ်လိုက်"

  ကျွော့ချင်းက သူ့ခါးတစ်ဝိုက်ကို ခဏလောက် ရှာဖွေလိုက်ပြီး ကြွေပုလင်းသေးသေးလေးကို တွေ့လိုက်ရသည်။ သူမ အဖုံးကို ဖွင့်လိုက်ရာ ဆေးနံ့သင်းသင်းလေး ထွက်လာသည်။ သူမက ပုလင်းကို လက်ပေါ် လောင်းထည့်လိုက်သော်လည်း အတွင်းထဲတွင် ဘာမှ မရှိတော့ပေ။ ကျွော့ချင်းက ပုလင်းကို ချမ်ကျင်းဆီသို့ ပေးလိုက်ရင်း "ဘာမှ မရှိတော့ဘူး"

  ကုန်ပြီလား? ငါ ငိုချင်လာပြီကွ၊ ဒီအချိန်မှာမှ ဘာလို့ ကုန်နေရတာလဲ? မိုးနတ်မင်းက ငါ့ကို သတ်ချင်နေတာလား?!

  ကျွော့ချင်းက ဤဆေး၏အနံကို အလွန်ရင်းနှီးနေသည်ဟု ခံစားနေရသည်။ သူမက ခေါင်းငုံ့ကာ သူမ၏ ခါးပတ်အိတ်အတွင်း ဝှက်ထားသော အိတ်ကို ခဏကြာအောင် ရှာဖွေပြီးနောက် အထည်အိတ်ငယ်ကို ထုတ်ယူကာ ဂရုတစိုက်ဖွင့်ပြီး လောင်းချလိုက်သည်။ ကျွော့ချင်းက သူမကိုယ်သူမ တိတ်တဆိတ် ကျေးဇူးတင်လိုက်ပြီး ချမ်ကျင်း၏လက်ကို ဆွဲကာ ဆေးလုံးသေးသေးလေးကို ထည့်ပေးလိုက်သည်။ ထို့နောက် ကျွော့ချင်းက ပြုံးလိုက်ပြီး "ကံကောင်းလိုက်တာ၊ ရေမစိုသေးဘူး ၊ ယူပြီး စားလိုက်"

ဟိုးယခင်က ဤဆေးက သွေးထွက်ခြင်းကို ရပ်တန့်စေပြီး မတည်ငြိမ်မှုကို ဖယ်ရှားပေးနိုင်ကာ အာရုံကြောများကို ငြိမ်သက်စေနိုင်သည့်အပြင် အဆိပ်အတောက်နှင့် မကောင်းသောလေကို ဖယ်ရှားပေးနိုင်သည်ဟု သူ ပြောခဲ့သည်။ ထိုစကားက အမှန်ဖြစ်ရန်သာ သူမ မျှော်လင့်နေမိသည်။

  “ဒါက…”

ချမ်ကျင်းက သူ သူမကို နောက်ဆုံးအကြိမ်က ပေးခဲ့သည့်ဆေးမှန်း နားလည်လိုက်သည်။

ကျွော့ချင်းက ပါးလွှာသော ဓါးပျံနှစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ၎င်းတို့ကို ဂရုတစိုက်ကြည့်နေခဲ့သည်။ ဓါးသွားများက အလွန်ထက်ရှနေပြီး အထူအပါးကလည်း သင့်လျော်သည်။ နောက်ဆုံးတွင် သူမက တစ်ချောင်းကို ရွေးချယ်လိုက်သည်။ ကျွော့ချင်းက ချမ်ကျင်းကို နောက်ကျောပေးထားပြီး ဓါးကို ပိုးသတ်ရန် မီးကင်နေရင်းမှ "ကျွန်မ ရှင့်ရဲ့ဒီအသက်ကို ကယ်သင့်တယ်၊ အခု ရှင်က ကျွန်မဆီမှာ လျန်တစ်ရာ အကြွေးတင်နေတာ"

  ချမ်ကျင်းက လှပသောနောက်ကျောပုံရိပ်ကို ကြည့်နေခဲ့ပြီး သူ့နှလုံးသားထဲတွင် ထူးထူးခြားခြား ခံစားချက်တစ်ခု လျှို့ဝှက်စွာ ပြည့်နှက်သွားသည်ကို ခံစားလိုက်ရသည်။

 ကျွော့ချင်းက သူမ ပြင်ဆင်ထားသည့် ယာယီခွဲစိတ်ဓါးကို ကိုင်ထားရင်း ချမ်ကျင်းထံ လျှောက်သွားကာ "စိတ်အေးအေးထားပါ၊ မကြာခင် စတော့မယ်"

  "လာပါ!"

ချမ်ကျင်းက သူ အသေခံရန် အဆင်သင့် ဖြစ်နေပုံရသည်။

ကျွော့ချင်းတစ်ယောက် မရယ်နိုင် မငိုနိုင် ဖြစ်သွားရသည်။

သူက ဒီအချိန်မှာတောင် ဟာသပြောဖို့ ကြိုးစားနေသေးတယ်!!

သွေးများထွက်နေသောကြောင့် သူ့အဝတ်များနှင့် အရေပြားက   ပူးကပ်နေကာ ကျွော့ချင်းက အဝတ်စများကို သေသေချာချာ ဆုတ်ဖြဲလိုက်သည်။ မီးအလင်းရောင်ကြောင့် ကျွော့ချင်းက ဓား၏အနေအထားကို သေသေချာချာ မြင်နိုင်ပြီး မဆိုင်းမတွပင် စတင်လိုက်တော့သည်။

"ဟမ်~~"

ချမ်ကျင်း၏သည်းခံနိုင်ရည်က အံ့မခန်းဖြစ်နေသည့်တိုင် ထုံဆေး မရှိသောကြောင့် နာကျင်မှုအရ ဖြစ်ပေါ်လာသည့် သဘာဝအလျောက် ကြွက်သားကျုံ့မှုနှင့် မသိစိတ်မှ ခုခံမှုများက သူမ ခွဲစိတ်ရာတွင် ခက်ခဲစေခဲ့သည်။ ကျွော့ချင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

သေချာတာကတော့ သူမက တကယ်ကို ခွဲစိတ်ဖို့ မသင့်တော်ဘူး။ ဒီခွဲစိတ်မှုအရ နှိုင်းယှဥ်ကြည့်ရလိုက်တော့ သူမ အလောင်းကောင်တွေကို ပိုနှစ်သက်လာမိတယ်။

  တွယ်ကပ်နေသော ကြွက်သားတစ်သျှူးကို တိကျစွာ ဖြတ်တောက်ပြီး ဆူးများအားလုံးကို ထုတ်ယူရန် အချိန်ဆယ်မိနစ်ခန့်သာ ကြာခဲ့သည်။ ကျွော့ချင်းက လူသတ်လက်နက်ကို ဘေးသို့ ပစ်ချလိုက်ပြီး လက်သီးများကို တင်းတင်းဆုပ်ထားသည့် ချမ်ကျင်းကို ကြည့်လိုက်ရာ မီးရောင်အောက်တွင် သူ့မျက်နှာက နီရဲနေပြီး ချွေးသီးပုတီးများက သူ့ပါးပြင်တစ်လျှောက် မြေပြင်ပေါ်သို့ တလိမ့်လိမ့်ကျနေကာ အသက်ရှူရှိုက်သံများက ရှုပ်ယှက်ခတ်နေသည်။ ကျွော့ချင်းက သူမပါးပြင်ကို သူမဘာသာ ပြန်ပွတ်သပ်နေရင်း လေးနက်သော အသံဖြင့် "ချမ်ကျင်း၊ ရှင် အဆင်ပြေသွားပါပြီ၊ အနားယူလိုက်ပါ"

လူသတ်လက်နက်ကို ဖယ်ထုတ်လိုက်သော်လည်း ပိုးသတ်ဆေးနှင့် ပြန်ချုပ်ရန် ခွဲခန်းသုံးကိရိယာများ မရှိပေ။ ကံကောင်းထောက်မစွာ၊ အလားတူ ခွဲစိတ်မှုများနှင့် နှိုင်းယှဉ်ပါက ဒဏ်ရာမှ သွေးထွက်နှုန်းက အံ့အားသင့်ဖွယ် နည်းပါးလွန်းလှသည်။

အပ်စိုက်မှတ်ကို နှိပ်လိုက်တာက သွေးကို တကယ်ပဲ ရပ်လိုက်နိုင်တယ်ပေါ့၊ အဲဒါ အမှန်ပဲလား? ဒါက အံ့သြစရာကောင်းတယ်၊ သူမ သေသေချာချာ လေ့လာရမယ်။

အခုတော့ ပိုးဝင်တာကနေ ကာကွယ်ဖို့ ဒဏ်ရာကို ပတ်တီးပတ်ပေးရမယ်။ မေးစရာက ပတ်တီးအဖြစ် ဘာကို သုံးရမလဲ?

  "ဗြိ-"

ကျွော့ချင်း စိတ်ဆင်းရဲနေစဥ်မှာပင် အဝတ်ဆုတ်ဖြဲသံများ ထွက်ပေါ်လာသည်။

  ရှုအာက သူမ၏ အသုံးမချနိုင်တော့သည့် ခြေထောက်ကို ဆန့်ထုတ်ထားသော်လည်း သူမက စကတ်မှ အဝတ်စကို ကျွော့ချင်းထံသို့ လှမ်းပေးနေသေးသည်။ ကျွော့ချင်းက အဝတ်စကို ယူကာ ကျေးဇူးတင်သော အပြုံးဖြင့် "ကျေးဇူးတင်ပါတယ်"

  ရှုအာက ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်သည်။

သူမက သူတို့ကို ဘာမှ မကူညီနိုင်ခဲ့ပါဘူး။ သူတို့သာ သူမကို မကယ်ခဲ့ဘူးဆိုရင် သူမကို အရှက်ရလိမ့်မယ်။

ကျွော့ချင်းက အဝတ်စကိုယူကာ ဆုတ်ဖြဲလိုက်ပြီး ရှည်လျားသောအပိုင်းများ ဖြစ်အောင် ဆက်ကာ ချမ်ကျင်းကို ညင်သာစွာ မပြီး ဒဏ်ရာကို အမြန်ပတ်တီးစည်းပေးလိုက်သည်။ ပြင်းထန်သော နာကျင်မှုကို ခံစားရပြီးနောက် ချမ်ကျင်း၏စိတ်က ပိုမိုကြည်လင်လာသည်။ သူက သူ့မျက်လုံးများကို အနည်းငယ် မှေးကျဥ်းထားပြီး ဒဏ်ရာများကို ကျွမ်းကျင်စွာ ပတ်တီးစည်းပေးနေသော ကျွော့ချင်းကို ကြည့်နေခဲ့သည်။

"မင်း... မင်းက သမားတော်လား...?"

  ချမ်ကျင်းက သူမ၏နောက်ခံကို တိတ်တဆိတ် တွေးတောနေမိသည်။

သွေးတွေနဲ့ ဆိုးရွားလှတဲ့ ဒဏ်ရာတွေကို ရင်ဆိုင်နေရတာတောင် သူမက အေးဆေးတည်ငြိမ်နေသေးတယ်။ ပြီးတော့ သူမက ဓားကို အေးအေးဆေးဆေး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တယ်။ သူမရဲ့သပ်ရပ်တဲ့ ဓားချက်တွေကလည်း ချီးကျူးဖို့ ကောင်းလွန်းနေပြန်တယ်။ သူမမှာ ဆေးဘက်ဆိုင်ရာ ကျွန်းကျင်မှုရှိနေတာကို သံသယဖြစ်ဖို့ မရှိပေမယ့် ဒဏ်ရာတွေနဲ့ ရင်းနှီးကျွမ်းဝင်နေတာကတော့ ထူးဆန်းလွန်းတယ်။ ဒီလိုဒဏ်ရာတွေကို အကြိမ်ပေါင်း ထောင်ချီပြီး ကုသခဲ့ဖူးသလိုပါပဲ။ အများအားဖြင့် သမားတော်တွေ လုပ်နိုင်တာက သွေးခုန်နှုန်းကို စစ်ဆေးပြီး ဆေးဝါးတချို့ကို ကျိုချက်ပေးတာ မဟုတ်ဘူးလား။

သမားတော်လား? ဟုတ်တာပေါ့... မှုခင်းဆရာဝန်ကလည်း ဆရာဝန်ပဲလေ~

သူ့ဒဏ်ရာကို ပတ်တီးစည်းပေးပြီးသည်နှင့် ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ကာ မောပန်းနွမ်းနယ်ဟန်ဖြင့် မြေပြင်ပေါ် လဲကျသွားပြီး "ရှင် ခဏလောက် အနားယူလိုက်ပါ၊ မိုးတိတ်ရင် ကျွန်မတို့..."

  ချမ်ကျင်း၏ မျက်လုံးများက ရုတ်တရက် အရောင်တောက်လာပြီး သူ့မျက်နှာက ညိုမှိုင်းသွားသည်။ သူက သူမ၏လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။

“တစ်စုံတစ်ယောက် ရှိနေတယ်”

  တစ်စုံတစ်ယောက်လား!?

ကျွော့ချင်း၏ အာရုံကြောများလည်း ပြန်လည်တင်းမာလာခဲ့သည်။

သူမ နောက်တစ်ခါ ရုန်းကန်ရဦးမှာလား? ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။

တစ်ဖက်မှ မသန်စွမ်းသူနှင့် တစ်ဖက်မှ ကိုယ်လုံးတီးခန္ဓာကိုယ်ကို ကြည့်နေရင်း ကျွော့ချင်းတစ်ယောက် အော်ငိုချင်နေတော့သည်။

ဒီည ငါ့မှာ လုံလောက်တဲ့ ဒုက္ခတွေ မရှိသေးလို့လား? လူတစ်​​ယောက်​က ဘယ်​​လောက်တောင် ​ကံ​ဆိုးနိုင်တာလဲ?!

.........။.........။...........

All Chapters