အခန်း (၃၆-၃၇)
Vol. 4 Ch. 36-37
အခန်း ၃၆ ပွဲတက်ရောက်ခြင်း
ည၏အစတွင် နေရောင်ခြည်က ၎င်း၏အနွေးဓာတ်ကို အပြည့်အဝ မပေးနိုင်တော့သော်လည်း မပျောက်ကွယ်သွားသေးဘဲ တောက်ပသော လရောင်က ခပ်ဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။ ဟွမ်းယန်မြို့တော်၏ ရှုပ်ထွေးပွေလီသော နေ့လယ်ခင်းက ပျောက်ကွယ်သွားပြီး မြို့တော်၏ထူးခြားခန့်ညားသော အရိပ်အယောင်များကို စတင်ထွက်ပေါ်လာခဲ့သည်။ တော်ဝင်နန်းတော်သို့ သွားသည့်လမ်းမကြီးပေါ်တွင် ဝေါယဥ်များနှင့် ရထားလုံးများ အဆုံးမရှိ စီးမျောနေခဲ့ပြီး ယနေ့ညတွင် နန်းတော်၌ ခမ်းနားသည့်ပွဲတစ်ပွဲ ရှိနေကြောင်း ပြသနေသည်။
အဓိကလမ်းမပေါ်တွင် ရထားလုံးတွဲများစွာရှိနေသော်လည်း ၎င်းတို့အနက်မှတစ်ခုက ကွဲပြားနေပြီး လူအများ၏အာရုံကို ဖမ်းစားနိုင်နေသည်။ ထိုရထားလုံးက အနီရောင်ရင့်ရောင်ကိုယ်ထည်ရှိပြီး နှစ်ဘက်စလုံးတွင် နူးညံ့တောက်ပနေသည့် ပိုးဖဲသားဖြင့်ပြုလုပ်ထားသော တိမ်တိုက်ပုံစံ ရွှေချည်ပန်းထိုးများပါရှိသည့် ကန့်လန့်ကာများကို တပ်ဆင်ထားသည်။ မြင်းလေးကောင်တွင်လည်း အလားတူ ဆင်ယင်ထားကာ ရွှေရောင်တလက်လက် တောက်ပနေသည်။ ၎င်း၏ လှပမှုက အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည့် အဓိက အကြောင်းရင်း မဟုတ်သေးဘဲ ဖြတ်သန်းသွားသော ရထားလုံးတွဲနှင့် ဝေါယဥ်တိုင်းက အရှိန်လျော့ချနေရပြီး ထိုရထားလုံးနှင့် ဘေးချင်းယှဉ် လျှောက်လှမ်းဝံ့သူ မရှိပေ။ အတိအကျပြောရလျှင် ထိုရထားလုံး၏ပိုင်ရှင်က ယနေ့ချုံယွဲ့တွင် လူတစ်သောင်းထက်သာလွန်ပြီး သူ့လက်အောက်တွင် လူထောင်ပေါင်းများစွာရှိနေသည့် ဝန်ကြီးချုပ်လို့ရှီးယန်မှ လွဲပြီး အခြားသူ မဟုတ်ပေ။
"ဒါ အဆင်ပြေတာ သေချာလား?"
ကျွော့ချင်းက ရထားလုံးနံရံကို ကိုယ်တဝက်မှီထားပြီး မျက်လုံးမှိတ်ထားသော လို့ရှီးယန်ကို တစ်ချက်ကြည့်ကာ လှမ်းမေးလိုက်ရင်း သူမ၏ထူးဆန်းသည့်ဦးထုပ်ကြီးကို ဆွဲချနေပြန်သည်။ ထိုမီးခိုးရောင်၀တ်စုံက မိန်းမစိုးများ၏ အနိမ့်ဆုံးဝတ်စုံဖြစ်သည်။ ဦးထုပ်ကြီးက သူမ၏မျက်နှာအထိ ဖုံးအုပ်ထားပြီး စိတ်မသက်မသာဖြစ်စေကာ ရုပ်ဆိုးစေသော်လည်း တစ်ခုကောင်းသည်က သူမမျက်နှာကို ထိုဦးထုပ်၏အစွန်းဖြင့် ဖုံးထားတာကြောင့် သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။
လို့ရှီးယန်က ရယ်မောလိုက်ရင်း သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ ဟိုဆွဲချ ဒီဆွဲချ လုပ်နေသည့် ကျွော့ချင်း၏လက်ကို လှမ်းဆွဲလိုက်ပြီး "စိတ်မပူပါနဲ့၊ နန်းတော်ထဲဝင်ပြီးရင် မင်းကို မင်းရဲ့အစ်မဆီ ခေါ်သွားဖို့ နန်းတော်ထဲက မိန်းမစိုးလေးကို စီစဥ်ခိုင်းပေးမယ်။ မင်းညီမအငယ်ဆုံးကတော့ ဒီနေ့လိုအချိန်မျိုးမှာ မလာနိုင်လောက်ဘူး။ မင်း ပြောစရာရှိရင် ဖြည်းဖြည်း စကားပြောလို့ရတယ်။ နန်းတော်က ပွဲပြီးတဲ့အခါ မင်းကို လာခေါ်ဖို့ ကိုယ် လူလွှတ်လိုက်မယ်"
ယနေ့တွင် သူက ရင်ဘတ်ပေါ်တွင် ငွေရောင်ပိုးလှိုင်းဖြင့် ပန်းထိုးထားသော ယောက်ျားဆန်ဆန်အပြာဖျော့ဖျော့ဝတ်စုံနှင့် ခရမ်းရွှေရောင်သရဖူကို ဝတ်ဆင်ထားပြီး သူ၏ချောမောလှပသော မျက်နှာသွင်ပြင်နှင့် ပြေပြစ်သော စိတ်နေသဘောထားကို အပြည့်အဝ မီးမောင်းထိုးပြထားသည်။ သို့သော် ရံဖန်ရံခါမူ သူ့မျက်ခုံးများကြားတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အမြွက်များကို ပြသနေခဲ့သည်။
ကျွော့ချင်းက "လို့ရှီးယန်... ကျေးဇူးတင်ပါတယ်"
ချင်းဖုန့်၏အထောက်အသားက လက်ဆောင်ပဏ္ဍာတစ်ခုသာ ဖြစ်သော်လည်း သူမက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျွော့ချင်းက တဖြည်းဖြည်း ဤလူ၏ကြီးကျယ်ခမ်းနားမှုကို သဘောကျလာခဲ့သည်။
သို့သော်လည်း ထိုခံစားချက်က တစ်စက္ကန့်၏ဆယ်ပုံတစ်ပုံခန့်သာ ကြာမြင့်လိုက်ပြီး နောက်အခိုက်အတန့်တွင် လို့ရှီးယန်က သူမ၏လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး "ဖုန့်အာက ကိုယ့်ကို ရှီးယန်လို့ ခေါ်မယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးကို ကြားရတာထက် ကိုယ် ပိုပျော်မိမှာ သေချာတယ်"
ဒါကို ပရော်ပရီလုပ်နေတယ်လို့ ယူဆလို့ရမလား?!
ကျွော့ချင်းက စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး သူ့လက်ကို ခါချကာ လိမ္မာပါးနပ်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူမက လို့ရှီးယန်၏ပါးပြင်ကို ခွေးကလေးတစ်ကောင်လို ပုတ်ကာ ရယ်မောလိုက်ရင်း "ကောင်းပါပြီ ရှောင်ယန်ယန်၊ နေကောင်းအောင်နေနော်၊ ကိုယ့်ကိုကိုယ် တွန်းအားအများကြီး မပေးပါနဲ့!"
ရွံမုန်းစရာကောင်းတဲ့ နာမည်တစ်ခု ဖြစ်ပေမယ့် သူမက နောက်ကျကျန်နေလို့ မဖြစ်ဘူးလေ~
ရှောင်ယန်ယန်???~~
လို့ရှီးယန်၏ မျက်နှာက ချက်ချင်းပင် ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
လို့ရှီးယန်က သူ့ဘာသာသူပင် သတိမထားမိဘဲ သူ့ပါးစပ်ထောင့်တွင် ပြုံးနေသော အရိပ်အမြွက်များပေါ်လာပြီး ဆန့်ကျင်ဘက်မှ မိန်းခလေးကို ကြည့်လိုက်ကာ သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
သူ့နာမည်ကို ဒီလိုမျိုးဟာသလုပ်ရဲသူက ဒီကမ္ဘာပေါ်မှာ သူမ တစ်ယောက်တည်းရှိတာ ဖြစ်လောက်မယ်။
"သခင်၊ ကျွန်တော်တို့ နန်းတော်တံခါးကို ရောက်ပါပြီ" မော့ပိုင်၏ အသံနက်ကြီးက ရထားလုံးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"အင်း" လို့ရှီးယန်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီး ကျွော့ချင်းကို နှုတ်ဆိတ်နေရန် အမူအရာဖြင့် အချက်ပြလိုက်သည်။ ကျွော့ချင်းက သူမ၏ရယ်ချင်နေသည့် အပြုံးကို မျိုသိပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
နန်းတော်တံခါးရှိ အစောင့်များက ဝန်ကြီးချုပ်၏ ရထားလုံးကို မှတ်မိနေကြပြီး လျစ်လျူရှုရန် မဝံ့ရဲကြပေ။
နန်းတော်တံတိုင်းထဲသို့ ဝင်ပြီးနောက် အပြင်ဘက်ထက် အလွန် တိတ်ဆိတ်နေပုံရသည်ကို ကျွော့ချင်း သတိထားမိလိုက်သည်။ ရထားလုံးပေါ်မှ နေပြီး လမ်းလျှောက်သွားလာနေသူများ၏ အသံကို ရံဖန်ရံခါ ကြားနေရသော်လည်း အသံများက အလွန်တိုးလျနေလေသည်။ ကျွော့ချင်းက ထိုစိတ်ပျက်စရာ ကောင်းလောက်အောင် လေးလံသော လေထုအပြောင်းအလဲကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
ဒီလို နန်းတော်မှာ နေထိုင်ရတာက သေချာပေါက် မလွယ်တဲ့ အလုပ်တစ်ခုပါပဲ၊ သူမ တွေ့ရမယ့်လူက ကုယွင်ဖြစ်ဖို့ သူမ မျှော်လင့်ထားပေမယ့် တစ်ချိန်တည်းမှာပဲ အဲ့တာက ကုယွင် မဟုတ်ဖို့လည်း သူမ မျှော်လင့်နေမိတယ်။
ကျွော့ချင်းက တိတ်ဆိတ်နေပြီး ရထားလုံးက ခဏလောက်မောင်းနှင်ပြီးနောက် ဖြည်းဖြည်းချင်း ရပ်သွားခဲ့သည်။
ရထားလုံး ရပ်သွားသည်နှင့်မော့ပိုင်၏အသံ ထပ်ထွက်လာပြန်သည်။
"သခင်၊ ရှောင်လျိုဇီ ရောက်နေပါပြီ"
လို့ရှီးယန်က ကန့်လန့်ကာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ရထားလုံးပေါ်မှ ဆင်းသွားခဲ့သည်။ ကျွော့ချင်းက သူ့နောက်ကမှ လိုက်သွားရန် သူမ၏ အဝတ်အစားများကို မြှောက်တင်ကာ ရထားလုံးထဲမှ ခုန်ချလိုက်သည်။ သူမ၏ရယ်စရာကောင်းသော ပုံစံကြောင့် လို့ရှီးယန်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။
သူမက တကယ်ပဲ ချင်းမိသားစုက မိန်းမငယ်လေးလား? ချမ်းသာတဲ့ အိမ်က မြင့်မြတ်တဲ့ မိန်းခလေးတွေဆီမှာ ဒီလို အပြုအမူမျိုးကို သူ တစ်ခါမှ မတွေ့ဖူးဘူး။
လို့ရှီးယန် ရထားလုံးထဲမှ ဆင်းလာချိန်တွင် သူ့ဘေးနားရှိ သစ်ပင်ရိပ်မှ မီးခိုးရောင်အသွင်တစ်ခုက သူ့ကို ဦးညွှတ်လိုက်ကာ တိုးညှင်းသော အသံဖြင့် တိုးတိုးလေး နှုတ်ဆက်လိုက်သည်။
"ကျွန်တော်မျိုး ၀န်ကြီးချုပ်လို့ကို နုတ်ဆက်ပါတယ်"
နေရာက မှောင်လွန်းနေပြီး ထိုသူက တဝက်တပျက် ဦးညွှတ်ထားတာကြောင့် ကျွော့ချင်းက သူ့ပုံသဏ္ဍာန်ကို မပြောနိုင်သော်လည်း သူ့ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် အသံအရ ဆယ်ကျော်သက်အရွယ်သာ ရှိပုံရသည်။
လို့ရှီးယန်က ကျွော့ချင်းကို ရှေ့သို့ ဆွဲခေါ်လိုက်ပြီး "သူ့ကို ချင်းလင်ရဲ့ နန်းဆောင်ဝင်းထဲကို ချက်ချင်းခေါ်သွားပြီး အပြင်မှာ စောင့်နေပေးလိုက်ပါ။ နန်းတော်က ပွဲပြီးရင် မြောက်ဘက်နန်းတော်တံခါးကို ပြန်ခေါ်လာပေး"
"သခင်ကြီးလို့..." ရှောင်လျိုဇီက မြေပြင်ပေါ်တွင် ဝပ်ချလိုက်ပြီး သူ့အသံက တုန်ယင်နေခဲ့သည်။
လို့ရှီးယန်၏မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားပြီး တစ်ခုခုအပြောင်းအလဲ ဖြစ်သွားကြောင်းကို သူ မှန်းဆပြီးသား ဖြစ်သွားခဲ့သည်။ လို့ရှီးယန်က ကျွော့ချင်း၏လက်ကို သူ့လက်ဖဝါးထဲတွင် ကိုင်ထားရင်း "ဘာဖြစ်ခဲ့လို့လဲ?"
မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေသော ရှောင်လျိုဇီက တုန်တုန်ယင်ယင်အသံဖြင့် "အပျိုတော်ချင်းက မနေ့ညက ဧကရာဇ်မင်းမြတ်နဲ့ အိပ်ဆောင်ဝင်ခဲ့ပြီး ဧကရာဇ်မင်းမြတ်ကို အပြစ်ပြုမိခဲ့ပါတယ်။ ဧကရာဇ်မင်းမြတ်က ဒေါသထွက်ပြီး သူ(မ)ကို နန်းတော်အစေခံအဖြစ် ရာထူးချလိုက်ပါတယ်။ ဒီညနေပိုင်းမှာ ပြည်တွင်းရေးရာဝန်ကြီးဌာနက လူတွေက သူ(မ)ကို ခေါ်ဆောင်သွားခဲ့ပါတယ်"
ချင်းလင်က အပျိုတော်အဖြစ် သတ်မှတ်ခံထားရပေမယ့် သူမ အိပ်ဆောင်ဝင်ရတဲ့ ညမှာ ဧကရာဇ်ကိုတောင် ဘယ်လိုတောင် အပြစ်ပြုရဲတာလဲ?
ကုယွင်၏ ပင်ကိုယ်စွမ်းရည်နှင့် ဒေါသကို ပြန်တွေးမိသွားချိန်တွင် ကျွော့ချင်းက ကျောရိုးအောက်ခြေအထိ အေးစက်သွားပြီး စိုးရိမ်တကြီး ဝင်မေးလိုက်သည်။
"သူ(မ) ဘယ်မှာလဲ? အခု သူ(မ) ဘယ်မှာလဲ?"
ရှောင်လျိုဇီက သူ့ခေါင်းကို အနည်းငယ် မြှောက်လိုက်ပြီး လို့လူကြီးမင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် လူငယ်လေး၏ လက်ကို မြင်လိုက်ရသောကြောင့် ဤလူက နှောက်ယှက်ရန် မဖြစ်နိုင်သည့်သူတစ်ယောက်ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။ သူက သူ့ခေါင်းကို အမြန်ပြန်ငုံ့လိုက်ပြီး ကြောက်စိတ်ဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော်မျိုး မသိပါဘူး၊ ကျွန်တော်မျိုး တကယ်ကို မသိပါဘူး"
လို့ရှီးယန်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် "မင်းသွားလို့ရပြီ”
သူ့ကို သွားခွင့်ပြုလိုက်ပြီးနောက် လို့ရှီးယန်က “ကိုယ်ရံတော်ဖန်း... ချင်းလင် ဘယ်လိုနေလဲ? သူ(မ)ဘယ်မှာလဲဆိုတာ သွားစစ်ဆေးလိုက်"
"ဒီကျွန်က ချက်ခြင်း သွားလိုက်ပါ့မယ်" ရှောင်လျိုဇီက မြေပြင်မှ ပြန်ထကာ အမြန်ပြေးထွက်သွားခဲ့သည်။
လို့ရှီးယန်က သူ့ဘေးမှ ကျွော့ချင်းကို ပြန်ကြည့်လိုက်ပြီး သူမ မျက်မှောင်ကြုတ်နေသည်ကို တွေ့သွားခဲ့သည်။ လို့ရှီးယန်က သူမက သူမ၏အစ်မအတွက် စိတ်ပူနေသည်ဟု အထင်လွဲသွားပြီး သူမ၏နောက်ကျောကို သူ့လက်ဖဝါးဖြင့် ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ မနက်ဖြန် မတိုင်ခင် မင်းအစ်မအကြောင်း သတင်းရလာမှာပါ”
ကျွော့ချင်းလည်း ခေါင်းညိတ်ပြရုံမှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
လို့ရှီးယန်လို လူတောင် ရှာမတွေ့ရင် သူမကိုယ်တိုင် ရှာဖို့က ပိုပြီတော့တောင် မဖြစ်နိုင်သေးတယ်။
သူမ၏ထူးဆန်းသော ၀တ်စုံကို ငုံ့ကြည့်ရင်း ကျွော့ချင်းက ခါးခါးသီးသီး ပြုံးလိုက်ကာ "အခု ဘာလုပ်ရမှာလဲ?"
လို့ရှီးယန်က သူမ၏ မျက်လုံးများကို ပေါ့ပေါ့ပါးပါး ကြည့်ရင်း အပြုံးဖျော့ဖျော့ဖြင့် "ချုံယွဲ့နန်းတော်က တော်ဝင်စားသောက်ပွဲက ဘယ်လိုဆိုတာကို မင်းကို ပြရမှာပေါ့"
ချင်းလင်ကို ရှာမတွေ့ရင် သူမကို နန်းတော်ထဲမှာ တစ်ယောက်တည်း ထားခဲ့လို့ မရဘူး။ သူမ သူနဲ့ အတူတူရှိတာက အကောင်းဆုံးပဲ။
"အာ?" ကျွော့ချင်း အံ့ဩသွားရပြန်သည်။
သူမက ဒီနန်းတော်ဧည့်ခံပွဲကို ဘယ်တုန်းကမှ စိတ်မဝင်စားဘူးလေ။
ကံမကောင်းစွာဖြင့် လို့ရှီးယန်က သူမ၏ထင်မြင်ချက်ကို မမေးဘဲ သူက သူ့အနားရှိ ဝန်ကြီးချုပ်အိမ်တော်မှ သက်တော်စောင့်များကို တစ်ချက်ကြည့်လိုက်ကာ အပါးလွှာဆုံးဝတ်ဆင်ထားသည့် သက်တော်စောင့်တစ်ယောက်ကို လှမ်းပြောလိုက်သည်။
"မင်းရဲ့အဝတ်တွေကို ချွတ်လိုက်"
“ဟုတ်ကဲ့” ထိုသက်တော်စောင့်က တွေးပင်မတွေးဘဲ သူ့အင်္ကျီကို အမြန်ချွတ်လိုက်ပြီး လေးလေးစားစား လွှဲပေးလိုက်သည်။
လို့ရှီးယန်က အဝတ်အစားများကို ကျွော့ချင်းလက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမကို ရထားလုံးဆီသို့ ခေါ်ဆောင်သွားကာ ပြုံးပြုံးလေး ထပ်ပြောလိုက်သည်။ "ဝင်သွားပြီးတော့ အဝတ်အစားတွေ လဲဝတ်လိုက်"
ကျွော့ချင်းက ရထားလုံးပေါ်သို့ ကူကယ်ရာမဲ့ တက်သွားခဲ့သည်။
သူမက အခု နန်းတော်ထဲမှာ ရှိနေပြီး သူမကိုယ်တိုင်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲ့တော့ တော်ဝင်စားသောက်ပွဲလို့ခေါ်တဲ့ ဧည့်ခံပွဲကြီးကို တွေ့ကြုံခံစားဖို့ သွားလိုက်တော့မယ်။
ကျွော့ချင်းက အဝတ်အစားများကို ဖြစ်သလို လဲလှယ်ဝတ်ဆင်လိုက်ပြီး သူမ ဆောင်းထားသော အသက်ရှုမဝစေသည့် ဦးထုပ်ကြီးကို ချွတ်ကာ ရထားလုံးပေါ်မှ ပြန်ဆင်းလာခဲ့သည်။
အသစ်လဲဝတ်လိုက်သည့် အဝတ်အစားများက သူမအတွက် အနည်းငယ် ကြီးနေပုံပေါ်ပြီး လို့ရှီးယန်က သူမ၏ အင်္ကျီများကို ဆွဲကိုင်ကာ သူမအတွက် အေးအေးဆေးဆေး ပြင်ပြုပေးနေခဲ့သည်။ မော့ပိုင်၏နက်ပြာရောင် မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာသော်လည်း မကြာမီမှာပင် တည်ငြိမ်မှု ပြန်ရသွားခဲ့သည်။
ကျွော့ချင်းက သူမ၏ ဆံပင်ရှည်များကို မူလထဲက ဆံချည်မျှင်ကြိုးဖြင့် ချည်နှောင်ထားသောကြောင့် ယခု သူမ ဦးထုပ်ကို ချွတ်လိုက်ချိန်တွင် အပြာရောင် ဝတ်ရုံဝတ်ထားသော ချောမောသော လူငယ်တစ်ယောက်နှင့် ပိုတူသွားခဲ့သည်။ လို့ရှီးယန်က ကျေနပ်စွာဖြင့် သူမကို သူ့အနားသို့ ဆွဲခေါ်လိုက်ပြီး "မင်း ကိုယ့်နောက်ကနေ နာနာခံခံ လိုက်ခဲ့၊ ခေါင်းမော့ မကြည့်နဲ့နော်”
သူမရဲ့မျက်လုံးတွေနဲ့ တခြားသူတွေကို မော့မကြည့်သရွေ့ အဆင်ပြေသွားမှာပါ၊ သူမ မျက်လုံးတွေက ကြည်လင်လွန်းနေပြီး အစေခံတစ်ယောက်နဲ့မတူဘူးလေ။
ကျွော့ချင်း သနားစဖွယ် ညည်းတွားလိုက်သည်။
"ကျွန်မ...အစွမ်းကုန် ကြိုးစားပါမယ့်"
ယခုန ရှောင်လျိုဇီ၏ရုပ်ရည်ကို ပြန်တွေးတောရင်း ကျွော့ချင်းက သူမဘဝတွင် မသင်ယူနိုင်စရာ ဘာတစ်ခုမှ မရှိဟု တွေးလိုက်ရုံသာ တက်နိုင်သည်။
အကောင်းဆုံးကြိုးစားရမှာပေါ့လေ...
"သွားကြရအောင်"
ကျွော့ချင်း၏ စိတ်ပျက်အားငယ်မှုနှင့် ယှဉ်လျှင် လို့ရှီးယန်က အတော်လေး သက်တောင့်သက်သာရှိနေပုံရသည်။ ပင်မခန်းမဆီသို့ ဦးတည်သွားသည့် ကျွော့ချင်းကလည်း ယနေ့ညတွင် သူမတွေးထားသလောက် ငြိမ်သက်နေလိမ့်မည် မဟုတ်ဟုတော့ စိတ်ကူးတောင် မယဥ်ခဲ့မိပေ။ .
အခန်း ၃၇ နန်းတော်ဧည့်ခံပွဲ အပိုင်း (၁)
ချင်းယန်ခန်းမ၏အပြင်ဘက်တွင်....
ကျွော့ချင်းက လို့ရှီးယန်၏နောက်မှ ခေါင်းငုံ့လျက် လိုက်ပါသွားခဲ့သည်။ သူတို့ လမ်းလျှောက်လာပြီး ဆယ်မိနစ်မပြည့်မီမှာပင် လှုပ်လှုပ်ရှားရှား ယောက်ယပ်ခတ်နေသော အသံများကို ကြားလိုက်ရသည်။ ကျွော့ချင်း လှမ်းမျှော်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် မီးပုံးများ တွဲလောင်းကျနေပြီး မီးရောင်များ လင်းထိန်နေသည်ကို တွေ့လိုက်ရသည်။ ခမ်းနားထည်ဝါသော အဆောက်အဦး၏ ပင်မခန်းမက သူမရှေ့တွင် ရှိနေလေသည်။ ဤနန်းတော်က ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းထားပြီး ပေကျင်းရှိ နန်းတော်ဟောင်း(Forbidden City)ထက်ပင် ပို၍ ခမ်းနားသည်ဟု ခံစားရစေသည်။ တနည်းအားဖြင့်ဆိုရလျှင် Forbidden City သို့ သွားရောက် လည်ပတ်နေသလို သူမ ခံစားနေရသည်။ တော်ဝင်ဆန်သော အရိပ်အယောင်များကို သူမ ခံစားနေရသည်။ ယခု သူမရှေ့မှ နန်းတော်ကို ကြည့်နေရင်း အစေခံများ၊ မိန်းမစိုးများ၊ အစောင့်များနှင့် မှုးမတ်များအားလုံးက တကယ် အစစ်အမှန်များ ဖြစ်နေသည်ကို တွေးကာ ကျွော့ချင်းတစ်ယောက် စူးစူးနစ်နစ် ခံစားနေရသည်။
လို့ရှီးယန်က ကျွော့ချင်း၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး "ဘာဖြစ်လို့လဲ? မင်း အဆင်မပြေလို့လား?"
ကျွော့ချင်းက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ "မဟုတ်ပါဘူး၊ ကျွန်မ နည်းနည်း ပင်ပန်းနေလို့ပါ"
သူမက Forbidden City ကို အလည်အပတ်သွားတုန်းက အကြောင်းကို ပြန်တွေးနေမိပြီး ယခု သူမကိုယ်သူမ ကြည့်လိုက်တော့ ဘဝရဲ့ အခြေအနေတွေက အရမ်းထူးဆန်းနေတာကို သူမ သဘောပေါက်လိုက်တယ်။
သူမ၏မျက်လုံးများတွင် စိတ်ဓာတ်ကျမှုများ ရုတ်တရက် ပေါ်လာပြီး ပင်ပန်းနွမ်းနယ်မှုကို မြင်လိုက်ရသဖြင့် လို့ရှီးယန်က "ပွဲစပြီးတာနဲ့ သိပ်မကြာခင် ကိုယ်တို့ ပြန်ထွက်နိုင်မှာပါ"
လို့ရှီးယန်၏နူးညံ့သိမ်မွေ့သော နှစ်သိမ့်မှုက ကျွော့ချင်းကို ပြုံးသွားစေခဲ့သည်။
သူမက အမြဲတမ်း လိုက်လျောညီထွေနေတက်ပြီး အေးအေးဆေးဆေးနေနိုင်ခဲ့တာ မဟုတ်ဘူးလား? တစ်စုံတစ်ခုက ခိုင်လုံတဲ့ အမှန်တရားတစ်ခု ဖြစ်လာမှတော့ သူမ ဝမ်းနည်းနေတော့ရော ဘာထူးမှာလဲ?!
ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏အတွေးများကို လွယ်လွယ်ကူကူ ဖယ်ရှားလိုက်ကာ ရှေ့သို့ လှမ်းသွားရင်း "ကျွန်မ အဆင်ပြေပါတယ်၊ သွားကြရအောင်၊ စိတ်မပူပါနဲ့၊ ကျွန်မ ခေါင်းငုံ့ထားဖို့ သတိရနေမှာပါ"
လို့ရှီးယန်က ရယ်မောလိုက်သည်။
တကယ်တော့ သူက သူမကို အစေခံတစ်ယောက်လို မဝတ်ခိုင်းသင့်ဘူး။ ဘယ်အစေခံက သူ့သခင်ရှေ့ကနေ အရင်သွားရဲလို့လဲ? သူမက ဘယ်လို ခစားရမယ်ဆိုတာကို ဘယ်တုန်းကမှ မသင်ယူထားခဲ့သလို သူကလည်း သူမ သင်ထားမှာကို မလိုပါဘူး။
သူတို့နှစ်ယောက် လမ်းတစ်လျှောက်လုံး အတူလျှောက်သွားခဲ့ကြသည်။ စောစောရောက်လာကြသော နန်းတွင်းသူ နန်းတွင်းသား အများအပြားက ခန်းမရှေ့တွင် စုရုံးနေကြသည်။ လူတိုင်းက တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်နေကြပြီး လို့ရှီးယန် ရောက်လာသည်ကို တွေ့လိုက်ချိန်တွင် သူတို့က ချက်ချင်း ရှေ့တိုးလာကြပြီး သူ့ကို ဦးညွှတ်နုတ်ဆက်လိုက်ကြသည်။ လို့ရှီးယန်က ခေါင်းသာ ပြန်ညိတ်ပြလိုက်ပြီး သူက နန်းတော်တံခါးဆီသို့ အေးအေးဆေဆေး လျှောက်သွားသောကြောင့် ကျွော့ချင်းက သူမ၏ခေါင်းကို အနည်းငယ်ငုံ့လျှက် ပျင်းရိစွာ လိုက်ပါသွားခဲ့သည်။ ခဏအကြာတွင် အနက်ရောင် စစ်ဖိနပ်တစ်ရံက သူမ၏ မျက်လုံးများရှေ့သို့ ရောက်ရှိလာခဲ့သည်။
"စစ်သူကြီးစု" လို့ရှီးယန်၏ ထူးခြားနက်နဲသော အသံက အပြုံးတစ်ခုနှင့်အတူ ထွက်ပေါ်လာပြန်သည်။
"ဝန်ကြီးချုပ်လို့" ထိုအေးစိမ့်စိမ့်အသံကတော့ လူများကို အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားစေခဲ့သည်။
"စစ်သူကြီးစုက မြောက်ပိုင်းခရီးစဉ်ကနေ ပြန်ရောက်နေပြီလား? စစ်သူကြီးစုက တိုင်းပြည်အတွက် အများကြီး အကျိုးဆောင်ပးခဲ့တယ်"
လို့ရှီးယန်က ထိုအနက်ရောင်ဖိနပ်ပိုင်ရှင်နှင့် စကားစမြည် ပြောနေခဲ့သည်။ ကျွော့ချင်းက သူမ၏မျက်နှာကို အောက်ငုံ့ထားပြီး မျက်လွှာချထားသည်။
စစ်သူကြီးစုလား?
ကျွော့ချင်းက ချင်းမိသားစု၏ တတိယမြောက် မိန်းမပျိုကို ပိုင်ဆိုင်ခွင့်ရထားသော တိုင်းပြည်ခြောက်ခုကို လွှမ်းမိုးထားသည့် ဤဒဏ္ဍာရီဆန်ဆန်သော အာဏာရှင် ဗိုလ်ချုပ်ကြီးကို အနီးကပ်ကြည့်ချင်နေသောကြောင့် မထိန်းနိုင်တော့ဘဲ သူမ၏ခေါင်းကို အနည်းငယ်မော့ကြည့်လိုက်သည်။
ဒီလူက ရုပ်အရမ်းချောနေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူက အရမ်းသန်မာပြီး အရပ်လည်း ရှည်တယ်။ သူက လို့ရှီးယန်ထက်တောင် ဦးခေါင်းတစ်ဝက်လောက် မြင့်နေသေးတယ်။ သူ့မှာ ကြေးဝါရောင်အသားအရေရှိပြီး ဖဲသားနဲ့တူတဲ့ အနက်ရောင်ဆံပင်ရှည်တွေကို ဆံထိုးမပါဘဲ ခေါင်းတစ်ဝက်လောက်မှာ ပြန်ထုံးဖွဲ့ ထားတယ်။ ဓားပုံသဏ္ဍာန် မျက်ခုံးမွှေးနဲ့ ကြယ်ရောင်မျက်လုံးတွေ အပါအဝင် ကျောက်ပန်းပုပုံသဏ္ဍာန်မျက်နှာက သူရဲ့ကြမ်းတမ်းတဲ့ စရိုက်လက္ခဏာကို ပြသနေတယ်။ သူက မီးခိုးရောင်၀တ်စုံကို ဝတ်ဆင်ထားပြီး အသုံးအဆောင် ပစ္စည်းတွေ မဝတ်ဆင်ထားဘူး။ သူက ရိုးရှင်းလွန်းလို့ ပွဲတက်ဖို့ ဒီမှာရှိနေပုံနဲ့တောင် မတူတော့ဘူး။ ဒါပေမယ့် ဒီနေရာမှာ လှပတဲ့အဝတ်အစားတွေ မရှိရင်တောင်မှ လူတွေက သူတို့ကို လျစ်လျူမရှုဝံ့အောင် လုပ်နိုင်ဆဲပဲ။ စစ်မြေပြင်မှာ အချိန်အကြာကြီး နေလာခဲ့တဲ့ သူရဲ့ရဲစွမ်းသတ္တိ၊ ရဲရင့်မှုတွေနဲ့အတူ သွေးညှီနံနဲ့ မောက်မာမှု့ကလည်း ဖုံးကွယ်လို့ မရနိုင်ဘူး။
စုလင်း၏ပြတ်သားသော မျက်နှာတွင် ဘာခံစားချက်မှ ရှိမနေဘဲ "လူကြီးမင်းလို့က ချီးမြှောက်လွန်းနေပါပြီ၊ ဒါက ဒီလူရဲ့တာဝန်ပါ"
သူတို့ စကားပြောနေချိန်မှာပင် သူက ကျွော့ချင်းဘက်ကို ရုတ်တရက် စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်သည်။ ကျွော့ချင်းက အလွန်တုန်လှုပ်သွားပြီး သူမ၏ခေါင်းကို အမြန်ငုံ့ချလိုက်သည်။
သွားပြီ.... သူမက သူ့ကို သွားကြည့်လိုက်တာကို သူ ရှာတွေ့သွားတော့မှာလား?
လို့ရှီးယန်က သူ့၏ထုံးစံအတိုင်း သူ့၏ မူပိုင်အပြုံးဖျော့ဖျော့ဖြင့် " စစ်သူကြီးစု... ကျေးဇူးပြုပြီး.... "
လို့ရှီးယန်နှင့် သူ့ကိုယ်ရံတော်များကိုသာ တွေ့ရသောကြောင့် စုလင်းက အေးစက်စွာ အကြည့်ပြန်လွှဲလိုက်သော်လည်း သူ့နှလုံးသားထဲတွင် ထူးဆန်းမှုတစ်ခု ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
သူ ခုနက သူ့ကို ကြည့်နေတဲ့ စူးစူးရဲရဲအကြည့်တွေကို ရှင်းရှင်းလင်းလင်း အာရုံခံလိုက်မပေမယ့် လွတ်မြောက်သွားတာက စိတ်မကောင်းစရာပဲ။
"ကျေးဇူးပြုပြီး...ဝန်ကြီးချုပ်လို့..." သူက လို့ရှီးယန်နှင့်အတူ ခန်းမထဲသို့ ဝင်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လို့ရှီးယန်က သူမအတွက် အချိန်မီ တားဆီးပေးနိုင်ခဲ့သောကြောင့် ကျွော့ချင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ထိုကဲ့သို့သော စူးရှသောမျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ရှိနေပြီး ကုယွင်သာ ချင်းမိသားစု၏တတိယမြောက်မိန်းမပျို ဖြစ်နေပြီး တစ်ချက်ကြည့်ရုံဖြင့် လူအများ၏နှလုံးသားကို တုန်လှုပ်စေမည့် ဤအမျိုးသားနှင့်သာ တွေ့ဆုံကြပါက...
ရလဒ်က. . . . . . ပြောစရာစကား တခွန်းပဲ ရှိတော့တယ်.....
မိုးကောင်းကင်က ကြည့်ရှုစောင်မပါစေ!! ဟုတ်ပြီလား???
လို့ရှီးယန်နှင့် စုလင်းတို့က နန်းတော်ခန်းမထဲသို့ တယောက်ပြီး တယောက် ဝင်သွားကြပြီး အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက သူတို့နောက်မှ လိုက်ပါသွားကြသည်။ နန်းတော်ခန်းမထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ကျွော့ချင်း၏မျက်လုံးများက အမှန်တကယ် ပွင့်သွားခဲ့သည်။ နန်းတော်ခန်းမက ဘောလုံးကွင်းလောက်နီးပါး ကျယ်ဝန်းနေပြီး သစ်သားဖြင့် ပြုလုပ်ထားသည့် အမိုးတန်းတစ်ခုစီကပင် အချင်းတစ်မီတာထက်မနည်း ရှိနေလေသည်။ ခန်းမကို အထပ်သုံးထပ်ခွဲထားပြီး ခန်းမအလယ်တွင် ဆယ်မီတာခန့်ကျယ်သော ရွှေရောင်ကော်ဇောကို ခန်းမဝင်ပေါက်မှ အမြင့်ဆုံးထပ်အထိ တိုက်ရိုက် ခင်းထားသည်။ ထိုရွှေရောင်ကောဇောက သာမာန်အနီရောင်ကော်ဇောများထက် အဆများစွာ ပိုခံ့ညားနေပြီး ဇိမ်ရှိမည့်ပုံပေါ်နေသည်။
အမြင့်ဆုံးအထပ်တွင် နဂါးခေါင်းများ ပါသော ကုလားထိုင်တစ်လုံး ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် ဧကရာဇ်၏နေရာဖြစ်ကြောင်း သိနိုင်သည်။ ဒုတိယထပ်တွင် စန္ဒကူးနီဖြင့် ထွင်းထားသော စားပွဲရှည် ဆယ်လုံးရှိသည်။ လို့ရှီးယန်နှင့် စုလင်းတို့ နှစ်ယောက်စလုံးက ထိုနေရာသို့ လျှောက်သွားကြသည်။ ထိုလူနှစ်ယောက်က ဒုတိယထပ်မှ နဂါးပုလ္လင်နှင့် အနီးဆုံးဘယ်နှင့် ညာတွင် ဝင်ထိုင်လိုက်ကြပြီး ယခုတစ်ကြိမ်၏အစီအစဥ်ကို ကြည့်ရုံဖြင့် လူတိုင်း၏အဆင့်အတန်းကို သိနိုင်ပေလိမ့်မည်။ တတိယထပ်တွင် စားပွဲပေါင်း တစ်ရာကျော်ခန့် ရှိနေသည်၊၊ သို့သေည် အစွန်ဆုံးတွင် ထိုင်ရမည့်သူက ဧကရာဇ်က မည်သို့သော ပုံစံဆိုသည်ကို မမြင်ရလောက်ဘူးဟု ကျွော့ချင်း တွေးနေခဲ့သည်။
ချင်းယန်နန်းတော်တစ်ခုလုံးတွင် နန်းတော်အစေအပါးများနှင့် မိန်းမစိုးများ အပြန်ပြန်အလှန်လှန် အလုပ်များနေကြသည်။ နန်းတွင်းအစေခံများအဖြစ် ၀တ်ဆင်ထားသော အမျိုးသမီးနှစ်ဦးက နန်းတော်အပြင်ဘက်ရှိ ကျောက်စာတိုင်ကြီးများ၏နောက်ကွယ်တွင် ပုန်းအောင်းနေပြီး ရံဖန်ရံခါတွင် သူမတို့က အတွင်းပိုင်းသို့ လှမ်းကြည့်နေကာ သူမတို့၏အပြုအမူများက အမှန်တကယ် ခိုးကြောင်ခိုးဝှက် နိုင်လွန်းလှသည်။
"မင်းသမီး၊ ကျွန်မတို့ ဒီပွဲကို သွားဖို့ မသင့်တော်ဘူး။ မင်းသမီး ဒီလို ၀တ်ထားရင် ဧကရာဇ်က မင်းသမီးကို အပြစ်ပေးလိမ့်မယ်..."
ချောင်ယွမ်မင်းသမီး၏ ကိုယ်ပိုင်အစေခံဖြစ်သည့် ရှောင်လျန်က ညှိုးငယ်သော မျက်နှာနှင့် သူမ၏ဝတ်စုံကို ၀တ်ထားသူအား ကြည့်နေလေသည်။
မင်းသမီးက အရမ်းစိတ်ရှပ်ထွေးနေပြီး နေ့ခင်းကနေ အခုချိန်ထိ သူမ ပါးစပ်ထဲက တံတွေးတွေ ခမ်းလောက်အောင် ပြောခဲ့သမျှကို မင်းသမီးက မေ့ပစ်လိုက်ပြီ။ အခု မင်းသမီးက သူမကို လုံးဝ ဂရုမစိုက်တော့ဘူး။ သူမ ဘာလုပ်ရမလဲ?!!
ယန်းရူရွှယ်က နန်းတော်ခန်းမ၏အဝင်ဝတွင် ပျောက်ကွယ်သွားသည့် အရပ်ရှည်ရှည် ပုံရိပ်များကိုသာ စိုက်ကြည့်နေပြီး "အခု နန်းတော်မှာ လူတွေ အများကြီးရှိတယ်၊ အစ်ကိုတော်ဧကရာဇ်က ဒီမင်းသမီးကို လုံးဝ သတိမထားမိလောက်ဘူး"
မင်းသမီးက ဒီလိုပြောမယ်ဆိုတာ သူမ သိတယ်။ မင်းသမီးလေးရဲ့အကြည့်ကို မှန်းဆစရာမလိုဘဲ သူမ ဘယ်သူကို လာရှာမယ်ဆိုတာကိုလည်း သူမ သိတယ်။
ရှောင်လျန်၏မျက်လုံးများက တောက်ပလာပြီး “မင်းသမီး၊ မင်းသမီးရဲ့ အစေခံတွေကို နန်းတော်အပြင်မှာ ဘာလို့ မနေခိုင်းတာလဲ? နန်းတော်ဧည့်ခံပွဲပြီးသွားလို့ သူ ထွက်လာရင် အစေခံတွေကို သူ့ကို ချင်းရွှယ်နန်းဆောင်ဆီ ချက်ချင်းဖိတ်ခိုင်းလို့ရတယ်လေ၊ မင်းသမီး အထဲကို ဝင်သွားစရာ မလိုပါဘူး"
မင်းသမီးက ဒီကို ဝန်ကြီးချုပ်အတွက်ပဲ လာခဲ့တာ မဟုတ်ဘူးလား? ဒီဘိုးဘေးလေးကို စည်းရုံးဖို့ သူမ ဘာမဆိုလုပ်နိုင်တယ်။
ယန်းရူရွှယ်က သူမ၏မျက်လုံးများမှ ဝမ်းနည်းမှုကို ဖုံးကွယ်မထားဘဲ "သူ လာချင်တယ်ဆိုရင် သူ ရောက်လာတာ ကြာနေပြီ”
သူ ချင်းရွှယ်နန်းဆာင်ကို မလာတာ တော်တော်ကြာခဲ့ပြီ၊ ဘာလို့လဲ? သူက သူမကို တကယ်မုန်းနေတာလား? ဒါပေမယ့် သူရဲ့ပြတ်သားတဲ့ မျက်လုံးတွေနဲ့ ဆုံတွေ့တိုင်း သူမ ဒီမေးခွန်းကို မမေးနိုင်ခဲ့ဘူး။ သူ့အဖြေက သူမ သည်းမခံနိုင်တဲ့ အရာဖြစ်လာမှာကို သူမ အရမ်းစိုးရိမ်နေမိတယ်။
ရှောင်လျန်က သူမ၏အဝတ်အစားများကို တင်းတင်းကျပ်ကျပ် ဆွဲထားသောကြောင့် ယန်းရူရွှယ်က စိတ်မရှည်စွာဖြင့် "ကောင်းပြီလေ၊ မင်း ကြောက်နေရင် နန်းဆောင်ကို ပြန်သွားလိုက်"
မင်းသမီး စိတ်အနှောင့်အယှက်ဖြစ်နေသည့်အသံကို ကြားလိုက်ရသောကြောင့် ရှောင်လျန်က "မင်းသမီး ဘာပဲပြောပြော ဒီအစေခံက မင်းသမီး ဘယ်သွားသွား လိုက်မှာပါ!"
သူမက မင်းသမီးရဲ့ ကိုယ်ပိုင်အစေခံလေ။ သခင်က အမှားတစ်ခုခု လုပ်မိရင် သူမရဲ့ကိုယ်ပိုင်အစေခံက ရှောင်လို့ ရနိုင်မှာတဲ့လား?!!
ယန်းရူရွှယ်က ရှောင်လျန်၏လက်ကို ကိုင်လိုက်ပြီး ပျော်ရွှင်စွာ ခေါင်းညိတ်ပြကာ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "ကောင်းပြီ၊ ဒါဆို အခု ငါတို့ ဝင်ကြရအောင်"
သူမရဲ့သတ္တိကို ရဲဆေးတင်ဖို့ သူမနဲ့အတူ လိုက်ပေးမယ့် တစ်စုံတစ်ယောက်ကို လိုအပ်နေသေးတယ်။
ရှောင်လျန်က သူမ၏နှလုံးသားထဲတွင် ငိုကြွေးနေခဲ့သော်လည်း သူမထံတွင် နည်းလမ်းမရှိတော့သဖြင့် လူစည်ကားသော ချင်းယန်နန်းတော်ထဲသို့ မင်းသမီးနောက်မှ လိုက်လာခဲ့ရတော့သည်။
သူမတို့နှစ်ဦး တည်ငြိမ်ဟန်ဆောင်ကာ နန်းတော်အစေခံတစ်စု၏နောက်မှ နန်းတော်ခန်းမထဲသို့ လိုက်ဝင်သွားကြသည်။ ရှောင်လျန်က ယန်းရူရွှယ်ကို ကူတွဲထားပြီး နန်းတော်ခန်းမ၏အစွန်းဆုံးတွင် အကြာကြီး ရပ်နေကာ ပတ်ဝန်းကျင်ပြ လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူက ပျော်ရွှင်စွာဖြင့် တိုးတိုးလေး ထပ်ပြောလိုက်သည်။
"မင်းသမီး၊ ကြည့်လိုက်... ဝန်ကြီးချုပ်က ဟိုမှာ"
ယန်းရူရွှယ်က ခန်းမ၏အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ လို့ရှီးယန်က အရှေ့နားမှ စားပွဲခုံတွင် ထိုင်နေပြီး ရံဖန်ရံခါတွင် သူက သူ့နောက်မှ သက်တော်စောင့်တစ်ယောက်ကို တစ်စုံတစ်ခု တီးတိုးပြောနေပုံရသည်။ သူ့မျက်နှာတွင် ရှိနေသည့် နွေးထွေးသည့်အပြုံးကြောင့် သူမ၏နှလုံးသားက အထိန်းအကွပ်မဲ့စွာ ထပ်ခါထပ်ခါ ခုန်နေခဲ့သည်။ ယန်းရူရွှယ်က သူမ၏လက်ကောက်ဝတ်ပေါ်ရှိ မြစိမ်းရောင် ကျောက်စိမ်းလက်ကောက်ကို ငုံ့ကြည့်ရင်း သူမ၏နှုတ်ခမ်းများကို အသာအယာကိုက်ကာ လို့ရှီးယန်ဆီသို့ သွားရန် သူမ၏ခြေထောက်ကို မြှောက်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်လျန်က လျင်မြန်သော မျက်လုံးများ ရှိနေပြီး သူမ၏လက်ကလည်း အလွန်မြန်ဆန်လှသည်။ သူမက မင်းသမီး၏လက်ကို ဖမ်းဆုပ်လိုက်ပြီး "မင်းသီး၊ ဒီကနေဘဲ စောင့်ကြည့်ပါ။ မင်းသမီး ရှေ့ကို တစ်လှမ်းလောက် တိုးလိုက်ရင် မင်းသမီးကို တွေ့သွားကြလိမ့်မယ်!"
ယန်းရူရွှယ်က အကြိမ်ပေါင်းများစွာ ရုန်းကန်ခဲ့သော်လည်း ရှောင်လျန်က သူမ၏လက်ကို လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။ ယန်းရူရွှယ်၏မျက်နှာက ပျက်ယွင်းလာပြီး အေးစက်စွာဖြင့် "ဒီမင်းသမီး သူ့ကို ပြောစရာ ရှိတယ်။ နင် ဒီမှာ စောင့်နေ"
"ဟုတ်ကဲ့..."
မင်းသမီး စိတ်ဆိုးနေပြီး သူမကို မဆွဲဆောင်နိုင်မှန်းသိသဖြင့် ရှောင်လျန်က သူမ၏လက်ကို ညင်သာစွာ လွှတ်ပေးလိုက်ရတော့သည်။
မင်းသမီးက နန်းတော်၏ဘေးနံရံတစ်ဖက်သို့ ကပ်ကာ လို့ရှီးယန်ဆီကို ချဉ်းကပ်သွားနေခဲ့သည်။ ရှောင်လျန်ကတော့ ပန်းရောင်လိပ်ပြာလေးလို ယိမ်းနွဲ့နေသော မင်းသမီး၏လှပသောရုပ်သွင်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
လို့လူကြီးမင်းက မီးလုံးလို ဖြစ်နေပေမယ့် မင်းသမီးကတော့ ပိုးဖလံမျိုး မီးကိုတိုးဆိုတဲ့အတိုင်း သူ့ကို ရင်ခုန်နေသေးတယ်။