← Chapters

အခန်း (၄၂-၄၄)

Vol. 4 Ch. 42-44

အခန်း (၄၂-၄၄)

Vol. 4 Ch. 42-44

အခန်း ၄၂ နန်းတော်ဧည့်ခံပွဲ အပိုင်း (၆)

အရပ်ရှည်ပြီး သန်မာသည့် အစောင့်နှစ်ယောက်က ချင်းလင်ကို မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း တွန်းချလိုက်သောကြောင့် သူမ၏သွယ်လျသော လက်မောင်းများက ကျိုးလုမတတ် ဖြစ်သွားခဲ့သည်။ ချင်းလင်က သူမ၏ သွားများ တင်းတင်းစေ့နေအောင် အံကြိတ်ထားပြီး သူမ၏ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ လျှော့ချလိုက်သော်လည်း အသနားခံရန် မကြိုးစားခဲ့ပေ။ သူမက အေးစက်စက်အသံဖြင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်ငြင်းဆန် နေခဲ့သည်။

“အဆိပ်ကို ငါ မထည့်ဘူး"

  သူမ လက်တွေကို လိမ်ချိုးလို့ ကျိုးသွားရင်တောင် သူမ ဝန်ခံမှာ မဟုတ်ပါဘူး!

  နာကျင်မှုကြောင့် သူမ၏မျက်နှာက ဖြူဖျော့သွားကာ သူမ၏နှုတ်ခမ်းများကလည်း သူမ ကိုက်ထားသောကြောင့် သွေးထွက်နေပြီ ဖြစ်သည်။

  ကြမ်းပြင်ပေါ်တွင် ခေါင်းမာမာဖြင့် အရှက်ခွဲမှု့ကို သည်းမခံနိုင်ဖြစ်နေသည့် အမျိုးသမီးကို ကြည့်နေရင်း ကျွော့ချင်း၏ မျက်လုံးများက စိုးရိမ်ပူပန်မှုများနှင့် စူးစူးရဲရဲ တောက်လောင်လာခဲ့သည်။ သူမက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း သူမကို လုံးဝ လျစ်လျူရှုထားပုံရသည့် မော့ပိုင်က သူမထက် ပိုမြန်နေပြီး သူမ ရှေ့သို့ မသွားနိုင်ရန် ဟန့်တားထားလိုက်သည်။

  ကျွော့ချင်းက တုံ့ဆိုင်းနေပြီးမှ ဘယ်ဘက်သို့ အနည်းငယ် ရွှေ့လိုက်သည်။ မော့ပိုင်က သူ့နောက်ကျောတွင် မျက်စိရှိနေသကဲ့သို့ အလွန်လျှင်မြန်စွာ ရွေ့လျားလာပြီး သူမ၏လမ်းကြောင်းကို ထပ်မံပိတ်ဆို့လိုက်သည်။ ထိုကဲ့သို့ ခနခန ဖြစ်ပြီးနောက် ကျွော့ချင်းက စိတ်ဆိုးသွားပြီး မော့ပိုင်ကို တွန်းထုတ်ရန် ပြင်နေချိန်တွင် တောင်ကဲ့သို့ တည်ငြိမ်စွာ ထိုင်နေသော လို့ရှီးယန်က သူမကို ရုတ်တရက် လှည့်ကြည့်လာသည်။

  ကျွော့ချင်းက မော့ပိုင်၏ပုခုံးများကို ကျော်ကြည့်လိုက်ရာ လို့ရှီးယန်၏နက်နဲတည်ငြိမ်သော မျက်လုံးများနှင့် တွေ့ဆုံလိုက်ရပြီး သူက သူမကို နက်ရှိုင်းစွာ ကြည့်ကာ မသိမသာ ခေါင်းခါပြလိုက်သည်။ ကျွော့ချင်းက ထိုသွယ်လျသော မျက်လုံးများထဲတွင် သူမစိတ်ကို အေးချမ်းစေသော ခံစားချက်တစ်မျိုး တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ကျွော့ချင်းက ထိုစွမ်းအားကြောင့် ရပ်တန့်သွားခဲ့ပြီး သူမနောက်မှ ကျောက်တိုင်ကို ဖြည်းညင်းစွာ ပြန်မှီနေလိုက်သည်။ သို့သော်လည်း သူမ၏စိတ်က အနည်းငယ် ရှုပ်ထွေးနေပြီး သံသယများနှင့် ပြည့်နှက်နေခဲ့သည်။

   ယန်းရူရွှယ်က သူမ၏စကတ်ထောင့်စွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ယခုပင် အသက်ရှင်နေသောလူတစ်ယောက်က သူမရှေ့တွင် ရုတ်တရက် သေဆုံးသွားခဲ့သည်။ သူမ အမှန်တကယ်ထိတ်လန့်နေပြီး ကြောက်လန့်တကြား အော်ဟစ်ချင်နေသော်လည်း သူနှင့်အတူ ရှိနေသောကြောင့် သူမ၏ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ခါနေဆဲဖြစ်သည့်တိုင် ယန်းရူရွှယ်က သူမ၏နှလုံးသားထဲတွင်တော့ ကြောက်ရွံ့မှုများစွာ မခံစားရတော့ပေ။

  ဒါပေမဲ့ အစ်ကိုယန်က ဘာကိုကြည့်နေတာလဲ? သူက နောက်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီးမှ သူ့ခေါင်းကို ပြန်လှည့်လာတာလား?

ယန်းရူရွှယ်က သူ့နောက်သို့ လှမ်းကြည့်လိုက်သော်လည်း လို့ရှီးယန်၏ ကိုယ်ရံတော်ကိုသာ တွေ့လိုက်ရသည်။ သူမက ခေါင်းကို အမြန်ပြန်ငုံ့လိုက်သည်။ သူမက ခန်းမထဲမှ အလောင်းကြောင့် မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး မကြည့်ရဲတော့ပေ။

အဲ့တာက အရမ်းကြောက်ဖို့ ကောင်းတယ်!

  တစ်ဖက်တွင်တော့ ချင်းလင်၏စကားလုံးများကြောင့် မျက်လုံးပေါင်းများစွာ အကြည့်ချင်းအားပြိုင်နေကြကာ အမှောင်လှိုင်းများ တဟုန်းဟုန်းတောက်လောင်နေသည်။ ဧကရီက ကလည်း ဒေါသများ လွှမ်းမိုးနေပြီ ဖြစ်သည်။

သူမက နိမ့်ကျတဲ့ အစေခံတစ်ဦးဖြစ်နေတာ သိသာထင်ရှားနေပေမယ့် သူမက မွန်မြတ်တင့်တယ်ပြီး သန်မာတဲ့ပုံပေါက်နေသေးတယ်။

ဧကရီက အလျှော့မပေးချင်သော အမူအရာဖြင့် “မင်းအမှားကို ဝန်ခံဖို့ ဝန်မလေးတဲ့အချိန်ကို ပန်ကုန်း ကြည့်ချင်သေးတယ်၊ လာကြစမ်း!”

  မိန်းမစိုးနှင့်တူသော လူသုံးယောက်က အမိန့်ကို နာခံရန် ချက်ချင်း ခြေလှမ်းပြင်လိုက်သောကြောင့် ကျွော့ချင်း၏နှလုံးသားက တုန်ခါသွားပြန်သည်။ ကံကောင်းထောက်မစွာဖြင့် လို့ရှီးယန်က သူမကို စိတ်မပျက်စေဘဲ သူ၏သွယ်လျလျ ရုပ်သွင်က ဖြည်းညှင်းစွာ မတ်တပ်ထရပ်လာခဲ့ပြီး တိုးညှင်းသော အသံက ဖြေးဖြေးမှန်မှန် ထွက်ပေါ်လာခဲ့သည်။

"ဧကရီမယ်မယ် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ နန်း​တွင်း​အ​စေခံတစ်ယောက်ကြောင့် စိတ်​မဆိုးပါနဲ့၊ ဧကရီမယ်မယ် ‌ဒေါသမထွက်ရအောင် လူကို ရှန်အရာရှိ​လက်​ကို လွှဲပေး​ပြီး တရား​စီရင်ခိုင်း​လိုက်တာ​ ပို​ကောင်းပါ​တယ်”

  မာနကြီးလွန်းသည့် မိန်းမကို သင်ခန်းစာတစ်ခု ပေးနိုင်ခါနီးဖြစ်နေချိန်တွင် တားဆီးခံလိုက်ရသောကြောင့် ဧကရီ၏မျက်နှာက သိသိသာသာ မည်းမှောင်သွားခဲ့သည်။

တော်ဝင်နန်းတော်မှာ အရပ်ဘက်မှာရော စစ်ဘက်မှာပါ ဘယ်သူမှ မစော်ကားရဲတဲ့ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က လို့ရှီးယန်ဖြစ်ပြီး နောက်တစ်ယောက်က စုလင်းပဲ။ လို့ရှီးယန်က အခုလို ပြောနေမှတော့ သူမကိုယ်သူမ ဂုဏ်တင်ဖို့ အံကြိတ်ပြီး သည်းခံရုံမှတပါး ရွေးချယ်စရာလမ်း မရှိတော့ဘူး။

ဧကရီက ခေါင်းညိတ်လိုက်ကာ "ဝန်ကြီးချုပ်လို့က စဉ်းစားပေးတက်တယ်၊ ဒါကြောင့် ဒီလူတွေကို တရားသူကြီးရှန်ရဲ့လက်ထဲကို အပ်လိုက်မယ်"

  လို့ရှီးယန်က ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ပြန်ထိုင်နေလိုက်သည်။ ရှန်ယုလန်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး လက်သီးပေါ် လက်ဝါးအုပ်ကာ အရိုအသေ ပေးလိုက်ရင်း "ဒီအရာရှိက ဒီကိစ္စကို စုံစမ်းဖို့ အစွမ်းကုန် ကြိုးစားမှာပါ"

ဝန်ကြီးချုပ်လို့ကတော့ ဝန်ကြီးချူပ်လို့ လို့ခေါ်ထိုက်ပါပေတယ်၊ အဆုံးစွန်သော ဒီအရှုပ်အထွေးကို သူ့ဘက်ရောက်‌အောင် ယုတ္တိရှိရှိ ပစ်ချလိုက်တယ်။

"ဒီကိုလာကြ၊ သူတို့ကို ဘေးမှာ အရင် ချုပ်ထားလိုက်"

  ချင်းလင်က မိန်းမစိုးများစွာနှင့်အတူ ပင်မခန်းမဘက်သို့ တွန်းပို့ခံလိုက်ရသည်။ ချင်းလင်အတွက်လည်း နောက်ဆုံးတွင် လို့ရှီးယန်ကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရခဲ့သည်။ သေချာသည်မှာ သူက ချောမောပြီး ခံ့ညားလွန်းလှသည်။ နောက်ဆုံးတွင် ချင်းလင်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။

သူ့နောက်ကို လိုက်နိုင်တဲ့ အမျိုးသမီးက ဒုက္ခရောက်မှာ မဟုတ်ဘူး။

  ရှန်ယုလန်က သံသယအဝင်ခံနေရသော အကျဉ်းသားများကို ဘာမှ မေးမြန်းစစ်ဆေးခြင်း မရှိသေးဘဲ ရှရွှင်းစစ်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသေးသော သတ္တမမင်းသမီးဆီသို့ တည့်တည့် လျှောက်သွားကာ အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"သတ္တမမင်းသမီး၊ မင်းသမီးကို အပြစ်ပြုမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်"

  ရှန်ယုလန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်နှင့်တပြိုင်နက် ရှရွှင်းစစ်က ကျယ်လောင်စွာ ထအော်တော့သည်။

"မင်းက ဘာလုပ်ချင်နေတာလဲ?"

   ရှန်ယုလန်က သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ရင်း အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"သတ္တမမင်းသမီးလေးက အဆိပ်သင့်ပြီး သေဆုံးသွားခဲ့တယ်။ သက်သေအထောက်အထားတွေကို စောစောစီးစီး ထိန်းသိမ်းထားနိုင်ဖို့အတွက် အလောင်းကို အမြန်ဆုံး စစ်ဆေးသင့်တယ်"

  နူးညံ့သိမ်မွေ့ပုံရသည့် ရှရွှင်းစစ်၏မျက်ခုံးများက တွန့်သွားခဲ့ပြီး သူက ဒေါသထွက်နေပုံပေါ်ကာ "မင်းပဲ သတ္တမညီမလေးက အဆိပ်သင့်လို့ သေသွားတယ်ပြောပြီး သေရည်မှာ အဆိပ်ရှိနေတယ်လို့ အတည်ပြုပေးခဲ့တယ်။ ဘယ်လို စမ်းသပ်ချင်သေးတာလဲ?"

  "တတိယမင်းသား စိတ်မပူပါနဲ့။ ဒီအရာရှိ လုပ်နေတာက သာမန် အလောင်းကို စစ်ဆေးရုံပါပဲ။ အလောင်းမှာ တခြားဒဏ်ရာတွေ ရှိ မရှိ စတာတွေကို စစ်ဆေးဖို့ ရည်ရွယ်တာပါ၊ အလောင်းရဲ့ အခြေအနေကို မှတ်တမ်း တင်မှာပါ။ မင်းသမီးလေးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ တတိယမင်းသားက စိတ်ပူနေရင် စောင့်ကြည့်လို့ ရပါတယ်"

  ချင်းလင်က ယခုအချိန်တွင် မည်သည့်အန္တရာယ်မျှ မရှိသေးပေ။ ထိုကြောင့် ကျွော့ချင်းက တစ်ဖက်သို့ အာရုံပြန်စိုက်လာခဲ့သည်။

ရှန်ယုလန် ပြောတာ မှန်တယ်။ ဒီလို အဆိပ်သင့်မှုမျိုးမှာက ခန္ဓာကိုယ်ကို မြန်မြန် စစ်ဆေးလေ ကောင်းလေပဲ။ ကြာလာရင် သေးငယ်တဲ့ အပြောင်းအလဲတွေ စဖြစ်လာတော့မှာ။ ဒီအမှုမှာ အလောင်းကို သေသေချာချာ ခွဲစိပ်စစ်ဆေးဖို့ အရမ်း အရေးကြီးနေတယ်။

  ကျွော့ချင်းက ရှန်ယုလန်ကို အရမ်းချီးကျူးနေခဲ့သော်လည်း ကံမကောင်းစွာဖြင့် တခြားလူကတော့ ကြောက်စရာကောင်းသည့် မျက်နှာဖြင့် ပြန်မေးလာခဲ့သည်။

"ဒါဆို မင်းက စစ်ဆေးဖို့ သူမ အဝတ်တွေကို ချွတ်ချင်နေတာလား?"

ရှန်ယုလန်က မတ်တတ်ရပ်ပြီး ဟန်ဆောင်မှုမရှိဘဲ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတဘ်"

   "မရဘူး!"

ရှရွှင်းစစ်က ထပ်မံအော်ဟစ်လိုက်ပြန်သည်။ သူက သတ္တမမင်းသမီး၏အလောင်းကို ညင်သာစွာ ချလိုက်ပြီး သူ၏အပေါ်ရုံကို ချွတ်ကာ သူမ၏ပါးလွှာသောကိုယ်ခန္ဓာကို ဖုံးအုပ်လိုက်သည်။ သူက မတ်တပ်ထရပ်ကာ ခန်းမအလယ်သို့ လျှောက်သွားပြီးမှ ရှန်ယုလန်ကို ဖြတ်ကျော်သွားကာ ယန်းဟုန်ထျန်းကို ကျယ်လောင်စွာ ပြောလိုက်သည်။

"ငါတို့ ပေ့ချီ(မြောက်ဘက်ချီ)က တိုင်းပြည်သေးသေးလေးဆိုပေမယ့် သတ္တမညီမလေးကတော့ ငါတို့နိုင်ငံရဲ့အမွန်မြတ်ဆုံး မင်းသမီးလေးပဲ။ ယောက်ျားတစ်ယောက်ကို သူ(မ)ကိုယ်ပေါ်ကို လက်တင်ဖို့ ငါ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။ သူ(မ) သေနေပြီဆိုပေမယ့် သူ(မ)သိသွားရင် အရှက်ရလိမ့်မယ်!"

ယန်းဟုန်ထျန်း၏ မျက်နှာက ညိုမဲနေပြီး မသေချာမရေရာသော အနေအထားတွင် ရှိနေသည်။ ရှန်ယုလန်က ရှေ့သို့ တိုးလာပြီး "တတိယမင်းသား၊ မင်းသမီးကို သတ်တဲ့သူကို အမြန်ဆုံး ရှာဖွေနိုင်ဖို့ မင်းသမီးရဲ့ရုပ်အလောင်းကို အမြန်ဆုံး စစ်ဆေးရမှာပါ၊ ခွင့်လွှတ်ပါ”

  "မင်းသမီးလေးကို ဘယ်သူထိဝံ့လဲ!" လူတစ်ယောက်က ရှေ့သို့ ပြေးလာပြီး သတ္တမမင်းသမီးလေး၏ ကိုယ်ခန္ဓာရှေ့တွင် ရပ်လိုက်သည်။ သူက စစ်သူကြီးတစ်ယောက်ဖြစ်သော်လည်း သူက ဘာကိုမှ ဂရုမစိုက်နိုင်လောက်အောင် ဒေါသတကြီး အော်ဟစ်နေသည်။

“မင်းသမီးလေးက ခန်းမဆောင်ကြီးထက်မှာ အသတ်ခံရတာ သိသာထင်ရှားနေတယ်၊ အဆိပ်ကို တမင်တကာ ခတ်ထားပြီး သေရည်ထဲမှာလည်း အဆိပ်ကို တွေ့နေရတယ်။ အခုက လူသတ်သမားကို ရှာရမယ့်အစား မင်းသမီးရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးချင်နေတယ်၊ ဒါက သက်သက် စော်ကားချင်နေတာပဲ၊ မင်းတို့ချုံယွဲ့က တခြားသူတွေကို အရမ်းကြီး အနိုင်ကျင့်မနေနဲ့!!"

  "ဒါဆို တတိယမင်းသားက ဘယ်လိုဖြေရှင်းချင်တာလဲ?"

  နောက်ဆုံးတွင် ရှရွှင်းစစ်က နောက်သို့လှည့်ကြည့်ကာ ရှန်ယုလန်ကို မျက်နှာမူလိုက်ရင်း တင်းတင်းမာမာ ပြန်ပြောလာခဲ့သည်။

"ရှန်လူကြီးမင်းက စစ်ဆေးချင်ရင် အဝတ်အစားတွေနဲ့ပဲ စစ်ဆေးကြည့်လို့ ရမယ်၊ အဲဒါပြီးရင် ငါ့ညီမလေးကို ငါတို့တိုင်းပြည်ကို ပြန်ပို့ပေးမယ်၊ ဘာပဲဖြစ်ဖြစ် မင်းက ဘာပဲဖြစ်နေဖြစ်နေ၊ ယောက်ျားကြီးတစ်ယောက်က သတ္တမညီမလေးကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ဘယ်တော့မှ မလုပ်ရဘူး!"

  ခန်းမကြီး၏လေထုက အလွန်လေးလံနေသည်။

  အလောင်းကို စစ်ဆေးဖို့ အတင်းအကြပ် မလုပ်နိုင်ဘူးလား? ဒါပေမယ့် အလောင်းကို စစ်ဆေးခြင်း မရှိဘဲ ဒီအမှုကို ဘယ်လို ဖြေရှင်းနိုင်မလဲ?!

ရှန်ယုလန်က လေးလေးနက်နက် တွေးတောနေရင်းမှ ရုတ်တရက် သူ့မျက်လုံးထဲတွင် အလင်းတန်းများ တောက်ပလာခဲ့သည်။ သူ ခေါင်းပြန်မော့လာချိန်တွင် ရှန်ယုလန်၏ မျက်လုံးများက ကြည်လင်လာပြီး “ယောက်ျားတွေက မလုပ်နိုင်ပေမယ့် မိန်းခလေးတွေက သူ(မ)ကို ထိလို့ရတယ် မဟုတ်လား”

  "မိန်းခလေး?"

  ထိုစကားထွက်လာသည်နှင့် ခန်းမတစ်ခုလုံးမှလူများ တုန်လှုပ်သွားကြပြန်သည်။

ဘယ်မိန်းခလေးက အလောင်းစစ်ဆေးမှု လုပ်ဖူးပြီး ဘယ်မိန်းခလေးက အလောင်းတွေကို စစ်ဆေးရဲတာလဲ?

  ကျွော့ချင်းက သူမ၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ချက်ချင်း ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။

  လို့ရှီးယန်၏မျက်လုံးများထဲတွင် ထူးဆန်းသည့်အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

အခန်း ၄၃ ငါက ဘယ်သူလဲ?

  "မိန်းခလေးလား?" ရှရွှင်းစစ်က မျက်မှောင်ကြုတ်ကာ "ချုံယွဲ့မှာ အမျိုးသမီးစစ်ဆေးရေးမှူးရှိတာလား?"

  ထိုစကားထွက်လာသည်နှင့် ခန်းမတစ်ခုလုံးမှလူများ တုန်လှုပ်သွားကြပြန်သည်။

ဘယ်မိန်းခလေးက အလောင်းစစ်ဆေးမှု လုပ်ဖူးပြီး ဘယ်မိန်းခလေးက အလောင်းတွေကို စစ်ဆေးရဲတာလဲ?

  မကောင်းသည့် ကြိုတင်သတိပေးချက်တစ်ခုက ကျွော့ချင်း၏နှလုံးသားထဲမှ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး သူမက မော့ပိုင်၏မြင့်မားသောသွင်ပြင် နောက်တွင် ကွယ်နေရင်း တိုင်များကြားထဲမှ အငွေ့ပျံကာ ပျောက်ကွယ်သွားချင်လုနီးပါး ဖြစ်နေခဲ့သည်။

လို့ရှီးယန်၏ မျက်လုံးများထဲတွင်လည်း ထူးဆန်းသည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသော်လည်း ၎င်းက သေးငယ်လွန်းသဖြင့် မည်သူမျှ သတိမပြုမိလိုက်ကြပေ။

  ရှန်ယုလန်က ရှရွှင်းစစ်၏မေးခွန်းကို မဖြေဘဲ "တတိယမင်းသားအနေနဲ့ ရလား မရဘူးလားပဲ ဖြေပါ"

  ရှရွှင်းစစ်က ခဏလောက်စဉ်းစားနေပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ပြီ၊ သူက မိန်းခလေးဖြစ်နေရင် ငါ မင်းကိုယ်စား စစ်ဆေးခွင့် ပေးနိုင်တယ်"

  ခိုင်လုံသောအဖြေကို ရပြီးနောက် ရှန်ယုလန်က ပြန်လှည့်လာပြီး လို့ရှီးယန်ရှိရာဆီသို့ တည့်တည့်လျှောက်လာခဲ့သည်။ လို့ရှီးယန်က သူ့လက်ညိုးကို ပွတ်နေပြီး သူ့မျက်နှာက တည်ငြိမ်အေးဆေးနေသော်လည်း သူ့နှလုံးသားထဲတွင်တော့ မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။

ငမိုက်သား!

  အားလုံးက ရှန်ယုလန် အလောင်းစစ်ဆေးဖို့ မိန်းခလေးတစ်ယောက်အား ရှာနေသည်ကို စောင့်ကြည့်နေကြသည်။

မဟုတ်မှလွဲရော သူက မိန်းခလေးတစ်ယောက်ကို အလုပ်သင်အဖြစ် တိတ်တဆိတ် လက်ခံခဲ့တာလား?

ရှန်ယုလန်က လို့ရှီးယန်ကို ကျော်ဖြတ်သွားပြီး မျက်လုံးအပြာရောင်နှင့် အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်ဆီ လျှောက်သွားကာ ခေါင်းငုံ အရိုအသေပေးလိုက်ရင်း တလေးတစား ပြောလိုက်သည်။

"ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး မင်းသမီးလေးကို စစ်ဆေးပေးပါဦး"

  သူက ချင်းလင် ခံစားနေရတာကို စိတ်မရှည်ပုံဖြင့် ကြည့်နေသည့် ချင်းလင်နှင့် တူလွန်းသော ပုံရိပ်တစ်ခု ဝန်ကြီးချုပ်လို့၏ဘေးတွင် ရှိနေသည်ကို သတိပြုမိခဲ့သည်။

သူ အကျဥ်းထောင်ထဲမှာတုန်းက သူမမျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူမက ချင်းဖုန့် ဖြစ်နေတယ်ဆိုတာ သေချာတယ်လေ။ အဲ့နေ့က သူ့ကို တုန်လှုပ်စေခဲ့သော လူငယ်လေး!

  ခန်းမကြီးထဲတွင် နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ သူက အရွယ်ရောက်ပြီး ယောကျာ်းတစ်ယောက်ဖြစ်နေသည်မှာ သိသာထင်ရှားလှပေသည်။

ဘယ်မှာလဲ? မိန်းမငယ်လေးက ဘယ်မှာလဲ??

  ကျွော့ချင်းက သူမစိတ်ထဲမှနေ၍ လို့ရှီးယန်ကို ကျိန်ဆဲနေခဲ့သည်။

ဒီအချိန်မှာ သူက ဘာလို့ စကားဝင် မပြောတာလဲ?!  

ကျွော့ချင်းက အေးမြသော ကျောက်တိုင်ကို မှီနေရင်း ရှန်ယုလန်ကို လျစ်လျူရှုရန် ကြံရွယ်လိုက်သည်။

  ရှန်ယုလန်က ကျွော့ချင်း၏အတွေးများကို မြင်နိုင်ပြီး ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးလာကာ "ဒီနေ့ မင်းသမီးလေးရဲ့ အလောင်းကို မစစ်ဆေးနိုင်လို့ သဲလွန်စနဲ့ အထောက်အထား အသစ်တွေ ရှာမတွေ့ဘူးဆိုရင် ဒီကိစ္စမှာ ဘယ်သူမှ လွတ်နိုင်မှာ မဟုတ်တော့ဘူး။ ပေ့ချီမင်းသမီးကို အဆိပ်ခတ် သတ်ဖြတ်မှု ဆိုတဲ့ စွပ်စွဲချက်ကနေ မလွတ်မြောက်နိုင်င် သေခြင်းကနေ လွတ်မြောက်ဖို့လည်း ပိုခက်ခဲလာလိမ့်မယ်”

  အဲတာက သူ သူမကို သတိပေးနေတာပါ။ သူမ မစစ်ဆေးပေးရင် ချင်းလင် သေလိမ့်မယ်။

  ရယ်စရာကောင်းတာက တစ်ချိန်က သူမက သူကို့ ဖြောင့်မတ်ပြီး အဆင့်အတန်းမြင့်တဲ့လူတစ်ယောက်လို့ ထင်ခဲ့ပေမယ့် သူက ဒီလိုမျိုး ယုတ်မာတဲ့ လှည့်ကွက်တွေကို လုပ်နိုင်စွမ်းရှိနေတယ်ပေါ့။

  ရှန်ယုလန်က လက်နောက်ပစ်ထားရင်း မတ်မတ်ရပ်နေကာ ဘာမှ ထပ်မပြောတော့ပေ။

သိပ်မကြာခင်မှာပင် အေးစက်ပြီး အမုန်းအရိပ်အယောင်များ ပြည့်နေသည့် မိန်းခလေးသံတစ်ခုက ဒေါသတကြီး မကျေမနပ် ထွက်ပေါ်လာခဲ့သည်။

“ကျွန်မ စစ်ဆေးပေးမယ်”

  ထိုအသံနှင့်အတူ အရပ်ရှည်ရှည် ယောက်ျားလေး၏နောက်မှ သွယ်လျသည့် အသွင်အပြင်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

 ဝန်ကြီးချုပ်ရဲ့ ကိုယ်ရံတော်အဝတ်အစားကို ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်လား...? ဟုတ်တယ်၊ တကယ်ကို အမျိုးသမီးတစ်ယောက်ပဲ။ သူမရဲ့ ဆံပင်ရှည်တွေကို ယောကျ်ားလေးပုံစံထုံးဖွဲ့ထားပြီး အမျိုးသားအဝတ်တွေကို ဝတ်ဆင်ထားပေမယ့် သူမရဲ့ လှပတင့်တယ်တဲ့ မျက်နှာကို ဂရုတစိုက် ကြည့်လိုက်တာနဲ့ သူမက မိန်းခလေးဖြစ်တယ်ဆိုတာကို သံသယရှိနိုင်တော့မှာ မဟုတ်ဘူး။

 ဘန်း~

  ခွက်တစ်ခွက် ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသည့် ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာသောကြောင့် လူတိုင်းက အသံလာရာ အရပ်ဆီသို့ ကြည့်လိုက်ကြရာ စားပွဲရှည်ကြီးရှေ့မှ ဧကရာဇ်မင်းမြတ်ကိုသာ တွေ့လိုက်ရသည်။ ခွက်တစ်ခွက်က ရွှေဝါရောင်ကြမ်းခင်းပေါ်သို့ ကျနေပြီး သေရည်များ မှောက်နေကာ ခွက်က ပက်လက်လန်နေသည်ကို တွေ့လိုက်ရသည်။ ဧကရာဇ်မင်းမြတ်၏ အနက်ရောင်မျက်လုံးများက ရုတ်တရက် ထွက်ပေါ်လာသော အမျိုးသမီးကို စိုက်ကြည့်နေခဲ့သည်။ မှူးမတ်များက ဧကရာဇ်မင်းမြတ်၏မျက်လုံးများထဲမှ ခံစားချက်များကြောင့် ထိုမိန်းကလေး၏နောက်ခံကို လျှို့ဝှက်စွာ ခန့်မှန်းနေကြသည်။

သူမကို ကြည့်ရတာ ဧကရာဇ်မင်းမြတ်ကိုတောင် စိတ်ရှုပ်အောင် လုပ်နိုင်ပုံရတယ်၊ ဧကရာဇ်မင်းမြတ်က မယုံနိုင်ဖြစ်နေပုံရပြီး နက်နဲတဲ့ စိတ်ခံစားချက်တွေ ပြည့်နှက်နေပုံရပေမယ့် ဘယ်သူမဆို သိသာထင်ရှားတဲ့ ဒေါသကိုလည်း မြင်နိုင်သေးတယ်။

  ယန်းဟုန်ထျန်းက သူမကို ကြည့်နေသောကြောင့် ကျွော့ချင်းက သူမ၏အရေပြားများပင် ယားယံလာသလို ခံစားနေရသည်။

သူက ဘာလို့ သူမကို ဒီလို ကြည့်နေတာလဲ?! သူ သူမကို သိလား? မဟုတ်သေးဘူး၊ သူက ချင်းဖုန့်ကို သိနေတာလား?!

ကျွော့ချင်းက လို့ရှီးယန်ကို အကူအညီတောင်းရန် လှမ်းကြည့်လိုက်သော်လည်း သူက ရှားရှားပါးပါး တည်ငြိမ်သော မျက်နှာထား ရှိနေပြီး သူ့မျက်လုံးများတွင်လည်း တွေးတောနေသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

  အခု ဘာဆက်ဖြစ်မှာလဲ?! အား!!!!!

ကျွော့ချင်းက အမြင့်ဆုံးနေရာမှ လူကို မကြည့်တော့ဘဲ ‌လက်နောက်ပစ်ထားသည့်လူကို ဒေါသတကြီး လှမ်းကြည့်ရင်း "အခု စမ်းဆေးရမှာလား? မစစ်ဆေးရဘူးလား?"

  ရှန်ယုလန်က သတိပြန်ဝင်လာပြီး "ချင်းသခင်မလေး... ကျေးဇူးပြုပြီး"

ကျွော့ချင်းက  ရှန်ယုလန်ကို ကျော်ဖြတ်ပြီး ရွှေရောင်ကော်ဇောဆီသို့ လျှောက်သွားနေရင်း သူမ၏ အသံကို နိမ့်ချလိုက်ပြီး မုန်းတီးသောလေသံဖြင့် "ရှင်က အရမ်းရက်စက်တာပဲ!"

  ရှန်ယုလန်က ထိတ်လန့်သွားပြီး မချိပြုံးမပြုံးဘဲ မနေနိုင်တော့ပေ။

သူ ဒီနေ့ ချင်းသခင်မလေးကို ရှာဖို့ အခွင့်အရေးယူခဲ့တာကြောင့် လို့ရှီးယန်က စိတ်ဆိုးနေပြီး သူ့ကို လွယ်လွယ်နဲ့ အလွတ်မပေးမှာ သေချာနေတယ်။ ပြီးတော့ အခုန ဧကရာဇ်မင်းမြတ်ရဲ့အမူအရာကလည်း ဆန်းကြယ်လွန်းတယ်။

သူ ဧကရာဇ်မင်းမြတ်ကို နောက်တစ်ခါ လှမ်းကြည့်ခဲ့ပေမယ့် ဖိတ်ကျသွားတဲ့ သေရည်များကို သန့်စင်ဖို့ ကြမ်းပြင်ပေါ် ဝပ်တွားနေတဲ့ မိန်းမစိုးကိုပဲ မြင်လိုက်ရတယ်။

ယန်းဟုန်ထျန်းက သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး သေရည်နောက်တစ်ခွက်ကို ကောက်ယူလိုက်ကာ ယခုန ဘာမှ မဖြစ်ခဲ့သည့်ပုံစံပေါ်နေခဲ့သည်။

  ကျွော့ချင်းက သတ္တမမင်းသမီးထံသို့ လျှောက်သွားပြီး ရှရွှင်းစစ်က သူမကို ကြည့်ကာ "သူ(မ)က ဘယ်သူလဲ"

   "ဒါက..."

ရှန်ယုလန်က လို့ရှီးယန်ကို တစ်ချက်ကြည့်လိုက်ပြီး "ဝန်ကြီးချုပ်လို့ရဲ့ မိသားစုဝင်ပါ၊ သူ(မ)က ရိုးရှင်းတဲ့ အလောင်းစစ်ဆေးနည်းတွေကို သိထားပြီး သူ(မ)က မင်းသမီးလေးအတွက် အလောင်းကို စစ်ဆေးပေးမှာပါ။ တတိယမင်းသားမှာ ထင်မြင်ချက် တစ်ခုခုရှိလား?"

  "ဝန်ကြီးချုပ်လို့?"

ဒီအမျိုးသမီးက အရမ်းလှပေမယ့် ကိုယ်ရံတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး ညာဘက်ပါးပြင်ကလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေသေးတယ်။ သူမက လို့ရှီးယန်ရဲ့ မိသားစုဝင်ဖြစ်နိုင်ပါ့မလား?

   ရှရွှင်းစစ်က အတည်ပြုရန်အတွက် လို့ရှီးယန်ကို ကြည့်လိုက်သည်။ လို့ရှီးယန်က နိုးကြားစွာ မတ်တပ်ထရပ်ကာ ကျွော့ချင်းဆီသို့ လျှောက်လာပြီး ကျွော့ချင်း၏ လက်ကို ခါတိုင်းကဲ့သို့ နူးညံ့သော အပြုံးဖြင့် ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း သူမကို လေးလေးနက်နက် ချစ်ခင်မြတ်နိုးစွာ ကြည့်နေလေသည်။ ထို့နောက် သူက "သူ(မ)က ဒီလူရဲ့ ဇနီးပါ”

  အာ?!

  ကျွော့ချင်း၏မျက်နှာတွင် အနက်ရောင်မျဉ်းများ ပြည့်နှက်လာပြန်သည်။

ရှင် ဒီလိုအပြင်းအထန် သရုပ်ဆောင်ပြနေဖို့ အရမ်းကြိုးစားနေစရာ မလိုပါဘူးနော်။ ဟုတ်ပြီလား~

 သေရည်ခွက်ကို ကိုင်ထားသည့်  စုလင်း၏လက်က ခဏလောက် တန့်သွားပြီးမှ သူက သူ့သေရည်ကိုသာ ဆက်သောက်နေခဲ့သည်။

  ရှန်ယုလန်ကတော့ တွေဝေငေးမောလျက် ရှိနေလေသည်။

  ကြမ်းပြင်ပေါ်တွင် တဝက်တစ်ပျက် ဒူးထောက်အနေအထားနှင့် ထိုင်နေသော ယန်းရူရွှယ်က လို့ရှိးယန်၏နောက်ကျောကို စိုက်ကြည့်ရင်း ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

သူမှာ ဘယ်တုန်းက ဇနီးရှိသွားတာလဲ? အဲ့တာဆိုရင် သူမကရော? သူမကရော?!

  ဧကရာဇ်မင်းမြတ်အတွက် သေရည်ထည့်ပေးရန် ခစားနေသော မိန်းမစိုး၏နဖူးပေါ်တွင် ချွေးအလွှာပါးများ ကပ်လျက် သူ့လက်များက အထိန်းအကွပ်မဲ့စွာ တုန်ခါနေသည်။ သေရည်ခွက်ကို ကိုင်ထားသော ဧကရာဇ်၏လက်မှ သွေးကြောများ ပေါက်ထွက်လုနီးပါးဖြစ်နေသည်ကို မြင်နေရသူမှာ သူတစ်ဦးတည်းသာ ဖြစ်နေသည်။

တကယ်တော့ ဇနီးဆိုတဲ့ စကားလုံးကို ပေါ့ပေါ့ဆဆ သုံးလို့ မရဘူးလေ!

(T/N: သူတို့ဓလေ့မှာက မိန်းမဘယ်နှယောက်ယူယူ ဇနီးကတစ်ယောက်ထဲပါ၊ ပုံမှန်ဆိုရင် ဇနီးတစ်ယောက်၊ ကိုယ်လုပ်တော် သုံးယောက်၊ မောင်းမလေးယောက် တရားဝင်ယူလို့ရတယ်ဆိုပေမယ့်၊ ဇနီးတစ်‌ယောက်ထဲကပဲ တရားဝင်ဇနီးပါ။ ကျန်တာတွေက ကျွန်သာသာပါပဲ၊ ရောင်းချင်ရင်တောင် ထုတ်ရောင်းလို့ရတာမျိုးပါ)

ယနေ့ညတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံး တယောက်ပြီး တယောက်ဆီမှ စိတ်လှုပ်ရှားရန် တွန်းအားပေးခံနေရတော့သည်။

ဧကရာဇ်မင်းမြတ်က ဝန်ကြီးချုပ်လို့ကို လှပတဲ့ အလှလေးတစ်ယောက် ပေးပို့ခဲ့တယ်လို့ သူတို့ ကြားသိခဲ့ရပြီး ၀န်ကြီးချုပ်လို့မှာ ဘယ်တုန်းက ဇနီးရှိဖူးလို့လဲ?!

သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခန်းမကြီးက တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

ဒီဘာသာပြန်သူမှာ ပြောစရာလေးတွေ ရှိပါတယ်...

နဲနဲလောက် လေကြောရှည်ပါရစေ။ ဒီစာအုပ်က မူရင်းဝတ္ထုက ၃၆ပိုင်းပဲရှိပါတယ်၊ မူရင်းစာရေးသူက webမှာတင်တော့ အပိုင်းတွေ ပြန်ခွဲပြီးတင်တာကြောင့် မူရင်းwebမှာရော E-Tran မှာပါ ၁၁၂ပိုင်းဖြစ်သွားတာပါ၊ အခုနန်းတော်ပွဲမှာ ဖြစ်နေတာက စာအုပ်ရဲ့အခန်း ၁၀ပါ၊ အဲ့တစ်ခန်းထဲကို မူရင်းwebမှာရော E-Tran မှာပါ ၁၀ခန်းကျော်လောက်ပြန်ခွဲထားတာ၊ ဇာတ်ကြောရှည်တယ်လို့ထင်ရပေမယ့် အဲ့အထဲမှာ plot twistအကြီးကြီးပါနေသေးတယ်၊ ကိုယ်ဆိုရင် ဖတ်လိုက်မိတဲ့ အချိန်မှာ ဝိုးခနဲတောင်ဖြစ်သွားတယ်၊ တကယ်ဆို ကိုယ်က အဲ့တာတွေကို တစ်နေ့ထဲတင်ပေးချင်တာ အများကြီး ဘာသာပြန်လို့ မပြီးတာကြောင့် လက်လျော့ထားရတာ၊ ဒါဒါလေးတို့ ပျင်းနေမှာဆိုးလို့ နဲနဲတော့ ပြောချင်သေးတယ်၊ ဒီနေ့ ခေါင်းစဥ်ကလေ ငါ ဘယ်သူလဲဆိုပြိးတော့ စာတွေက မဆိုင်သလို ဖြစ်နေတာနော်၊ အဲ့တာက ဘာလို့လဲ သိလား၊ ဧကရာဇ်က ကျွော့ချင်းကို သိတာလား? ဘာလို့သိတာလဲ? အဲ့နားရောက်ရင် ဒါဒါလေးတို့ သိသွားမှာလို့ ခုတော့ မပြောပြတော့ဘူး၊ ပြီးတော့ မေးချင်နေတာ ရှိသေးတယ် ခုတလော comment တွေ သိပ်မတွေ့လို့ ဖတ်လို့အဆင်ပြေကြရဲ့လားဟင်? စာတွေ ထောက်နေလား? ဇာတ်လမ်းက ပျင်းစရာကောင်းနေလို့လား? ဆက်ရေးဖို့ကို အားတောင်မရှိတော့သလိုပဲ။ Vote ကလေးတွေ တွေ့တော့လဲ ဖတ်နေတဲ့သူတွေ ရှိသားဆိုပြီး အားပြန်တက်... ဘာပဲဖြစ်ဖြစ် အားပေးနေတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်)

အခန်း ၄၄ စစ်ဆေးမှု သဲလွန်စများ

   ဝန်ကြီးချုပ်လို့ရဲ့ ဇနီးသည်က ဘာလို့ ဒီလိုအသွင်အပြင် ဖြစ်နေတာလဲ? သူမရဲ့ ဝတ်စားဆင်ယင်ပုံကရော အမြဲတမ်း အဲ့လိုလား? ပြီးတော့ သူမက ဘာလို့ ပင်မခန်းမမှာ ပေါ်လာရတာလဲ?

ထိုအရာများ အားလုံးကြောင့် လူအများက စိတ်ရှုပ်ထွေးနေကြသော်လည်း ခန်းမကြီးထဲတွင်တော့ လူနှစ်ယောက်က လက်ချင်းတွဲထားပြီး ဝန်ကြီးချုပ်က သူ့ဇနီးကို ချစ်ခင်မြတ်နိုးသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ရှရွှင်းစစ်က မည်မျှပင် သံသယရှိနေပါစေ၊ သူ ထိုမိန်းခလေး၏အထောက်အထားကို မေးခွန်းထုတ်၍ မရနိုင်တော့ပေ။

  ဝန်ကြီးချုပ်လို့ရဲ့ဇနီးက သူ့ရဲ့သတ္တမညီမလေးကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပေးမယ် ပြောမှတော့ သူ ဘာပြောနိုင်ပါဦးမလဲ?

ရှရွှင်းစစ်က "သခင်မလို့ ဖြစ်နေမှတော့ ပန်းဝမ်(ဒီမင်းသား)မှာ ကန့်ကွက်စရာ မရှိတော့ပါဘူး"

  လို့ရှီးယန်က ကျွော့ချင်းရဲ့လက်ကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ပြီး "သွားလေ၊ ကိုယ် မင်းကို စောင့်နေပေးမယ်"

  ဒီလို နူးညံ့တဲ့ မျက်လုံးတွေကို ငါ တကယ်ကို သည်းခံစွမ်း ရှိမနေဘူးနော်!

ကျွော့ချင်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ရှန်ယုလန်ဆီကို လျှောက်သွားလိုက်ကာ "ကျွန်မ ဘယ်မှာ စစ်ဆေးရမှာလဲ?"

  ရှန်ယုလန် စကားပြောခါနီးတွင် ယန်းဟုန်ထျန်း၏ စိတ်ကြွရူးသွပ်နေပြီး ဆိုးသွမ်းပုံရသော အသံ အေးစက်စက်က ထွက်ပေါ်လာသည်။

"ဒီပင်မခန်းမမှာပဲ စစ်ဆေးလိုက်"

   ကောင်းတယ်! အရမ်း ကောင်းတယ်! အရမ်း အရမ်းကို ကောင်းတယ်! တကယ်ကို သူ့ကို မသိဟန်ဆောင်နေတဲ့ မိန်းခလေးပဲ! ယုန်သေကိုတောင် အချိန်အတော်အတန်ကြာ ကြောက်ရွံနေတက်တဲ့ မိန်းခလေးက အလောင်းစစ်ဆေးမှာကို သူ မြင်ချင်သေးတယ်။

“ဒီကိုလာစမ်း၊ ကန့်လန့်ကာတွေကို ဆွဲပေးလိုက်”

(T/N: ဧကရာဇ်က ကျွော့ချင်းဝင်ထားတဲ့ မူရင်းပိုင်ရှင်ကို စတွေ့တုန်းက မိန်းမပျိုလေးက ဒဏ်ရာရနေတဲ့ ယုန်လေးကို သနားနေတဲ့ ပုံရိပ်လေးပါတဲ့။ E:Tran ပြောတာက အဲ့တာက ချင်းမိသားစုအတွက် ကံကြမ္မာဆိုး စတင်တာပါတဲ့၊ တတိယစာအုပ်မှာမှ အသေးစိတ်ပါမှာပါတဲ့)

ယန်းဟုန်ထျန်းက သူ့ဘေးနားမှ မိန်းမစိုးကို စကားအနည်းငယ်လောက် တိုးတိုးလေး ပြောလိုက်သည်။

  ခန်းမကြီးထဲမှာ . . . . . . အလောင်းစစ်ဆေးမှု လုပ်မှာလား?

  ဝန်ကြီးများက တံတွေး မျိုချနေကြသော်လည်း ဧကရာဇ်မင်းမြတ်၏ မရေရာ မသေချာ မှန်းဆရခက်သော အကြည့်များကြောင့် မည်သူမျှ ဘာစကားမှ မပြောဝံ့ပေ။ သူတို့ တုန့်ပြန်နိုင်ချိန်တွင် နန်းတွင်းအစေခံလေးယောက်က အမြင့်နှစ်ပေကျော်မြင့်သော ချည်ဖြူတစ်ထည်ဖြင့် ခန်းမဆောင်ဆီသို့ လျှောက်သွားနေကြပြီဖြစ်သည်။ သူတို့လေးယောက်က ရှယွင်ယွင်၏ခန္ဓာကိုယ်ကို အလယ်တွင်ထားကာ စတုရန်းပုံသဏ္ဍာန်ဖြင့် ဝိုင်းရံထားသော်လည်း အဝတ်စက လူတစ်ဝက်လောက်သာ မြင့်တာကြောင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခန္ဓာကိုယ်ကို ဖုံးထားရုံမျှသာရှိနေသည်။

  ကန့်လန့်ကာက နည်းနည်း နိမ့်နေသလား?

လူအများ ပဟေဠိဖြစ်နေစဥ်မှာပင် မိန်းမစိုးတော်တော်များများက ပိတ်ပါးစများကို ထပ်ယူလာကြသည်။ လူရှစ်ယောက်က ပိတ်ပါးစကို ဆွဲထုတ်လိုက်ပြီး နန်းတွင်းအစေခံလေးယောက် ဝန်းရံထားတဲ့ နေရာတွင် ထပ်မံစုဝေးလိုက်ကြသည်။ သူတို့က ပိတ်ကျဲစတွေကို သူတို့ ခေါင်းပေါ်အထိ မြှောက်ထားကြသောကြောင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းကို ဖုံးကွယ်ရန် လုံလောက်စေခဲ့သည်။

  ကျွော့ချင်းက ကန့်လန့်ကာ အပြင်ဘက်တွင် စိတ်ဓာတ်ကျနေသော အကြည့်များဖြင့် ရပ်နေသည်။

ဘာတွေဖြစ်နေတာလဲ? ဒီအရာက အလောင်းစစ်ဆေးမှုဟ၊ ဟန်ဆောင်ပြဇာတ် မဟုတ်ဘူး။ ဒီလောက်ကြီး အံဝင်ခွင်ကျဖြစ်ဖို့ လိုအပ်လို့လား?

  ကျွော့ချင်းက စိတ်မရှည်စွာဖြင့် ပထမပိတ်ပါးလွှာကို ဆွဲဖယ်လိုက်ချိန်တွင် ရှန်ယုလန်၏အသံက ထွက်လာပြန်သည်။

"ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး ဒါကို သုံးပါ"

  ကျွော့ချင်း လှည့်ကြည့်လိုက်ရာ ရှန်ယုလန်၏နံဘေးတွင် ရပ်နေသည့် အစေခံတစ်ယောက်၏လက်ထဲတွင် အဖြူရောင်လက်အိတ်တစ်စုံနှင့် သံကတ်ကြေးတစ်ချောင်း တင်ထားသည့် ပန်းကန်ပြားတစ်ခုကို တွေ့လိုက်ရသည်။

  သူမလည်း အခု ဒီပြဿနာကို တွေးနေတာပါ။ ဆေးဘက်ဆိုင်ရာသုံး လက်အိတ်မပါဘဲ အလောင်းကို ခွဲစိတ်ဖို့ အာရုံစိုက်ရတာက ခက်ခဲလွန်းလှတယ်လေ။

 ကျွော့ချင်းက အဖြူရောင်လက်အိတ်ကို ကောက်ကိုင်လိုက်ပြီး လက်အိတ်၏ ထူထဲသော်လည်း ပျော့ပျောင်းသညအထိအတွေ့က သူမကို တော်တော်လေး ကျေနပ်သွားစေခဲ့သည်။

  ရှန်ယုလန်၏ နောက်မှ စားပွဲတွင် အစေခံတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသည့် လူငယ်တစ်ယောက် ရှိနေပြီး သူ့လက်ထဲတွင် စာရွက်နှင့် စုတ်တံကို ကိုင်ထားရင်း အသင့်စောင့်ဆိုင်းနေခဲ့သည်။

  ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။

ရှန်ယုလန်က အမှန်တကယ် မုန်းတီးဖို့ကောင်းနေပေမယ့် သူက ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲ။ သေချာတာကတော့ သူ အောင်မြင်နေတာ အကြောင်းမဲ့ သက်သက် မဟုတ်ဘူးနော်။

  ကျွော့ချင်းက ဗန်းကို ယူပြီးနောက် ပိတ်ပါးစကို ဖယ်လိုက်ကာ မီတာဝက်ခန့်မြင့်သော ပိတ်စစည်းရိုးကို ခွကျော်လိုက်မှ နောက်ဆုံးတွင် လူသေအလောင်းကို အနီးကပ် မြင်လိုက်ရသည်။ ကျွော့ချင်းက သူမ၏ခန္ဓာကိုယ်ကို တစ်တက်တပျက် ငုံချလိုက်ပြီး ရှယွင်ယွင်၏ အဝတ်အစားများကို သေချာစွာ ညှပ်ထုတ်လိုက်သည်။

  ကန့်လန့်ကာအောက်မှ ကျွော့ချင်း၏မျက်နှာက ထိတ်လန့်ခြင်းမရှိဘဲ အေးဆေးငြိမ်သက်နေလေသည်။ ကန့်လန့်ကာနှစ်လွှာကို အဘယ့်ကြောင့် ထိုသို့ လုပ်ထားကြောင်း နောက်ဆုံးတွင် လူတိုင်းသိလာရသည်။ ရိုးရိုးအဖြူရောင်ချည်သားက ရှယွင်ယွင်၏ခန္ဓာကိုယ်ကို မည်သူမျှ မမြင်နိုင်အောင် အကာအရံအဖြစ် ကန့်လန့်ခံထားခြင်းပင်။ သို့သော်လည်း ပါးလွှာသည့် ပိတ်ကျဲစကတော့ လုံးဝ အတားအဆီး မရှိဘဲ အပြင်တွင် ရှိနေသည့် လူတိုင်းက ကျွော့ချင်း၏လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

  ရှယွင်ယွင်၏အဝတ်အစားများကို ဖယ်ရှားလိုက်ပြီးနောက် ကျွော့ချင်းက တောက်ပစူးရှသော မျက်လုံးများဖြင့် သူမရှေ့မှ အလောင်းကို စူးစူးစိုက်စိုက်စိုက် ကြည့်နေသည်။ ထိုနောက် ခန်းမထဲတွင် ကြည်လင်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ "သေဆုံးသူက အသက်ဆယ့်ခြောက်နှစ်နဲ့ နှစ်ဆယ့်နှစ်နှစ်ကြား မိန်းမပျိုတစ်ဦးပါ၊ ခန္ဓာကိုယ်မှာ အလောင်းအစက်အပြောက်တွေ မရှိသေးပေမယ့် စတင်တောင့်တင်းနေတာကြောင့် သေဆုံးချိန်က ရှီးချန်တဝက်လောက်ပဲ ရှိသေးတယ်။ သေဆုံးသူရဲ့ အသားအရေက ညိုပြာရောင်၊ မျက်လုံးတွေ ပြူးနေပြီး ပါးစပ်က အနည်းငယ်ပွင့်နေတယ်၊ ပါးစပ်၊ နှာခေါင်းနဲ့ မျက်လုံးတွေမှာ ခရမ်းရောင်သွေးတွေ စွန်းထင်းနေတယ်”

  ကျွော့ချင်းက နစ်နာသူ မသေဆုံးမီ အလွန်အကျွံ အားထုတ်ရုန်းကန်မှုများကြောင့် တောင့်တင်းနေသော ခန္ဓာကိုယ်၏ ခြေလက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ခြေဖဝါးများကို အသေးစိတ် ထပ်မံ စစ်ဆေးကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမက “သေဆုံးသူရဲ့ခန္ဓာကိုယ် အရေပြားက ပြာနှမ်းနေပြီး လက်ချောင်းတွေက လက်သည်းတွေက ညိုပြာရောင်ဖြစ်နေတယ်၊ ခြေချောင်းက ခြေသည်းတွေက ပိုအရောင်ဖျော့နေတယ်။ သေဆုံးသူရဲ့လည်ချောင်းက ရောင်ရမ်းနေပြီး အပြာရောင်အစက်အပြောက်တွေ ထင်ရှားနေပြီး ဝမ်းဗိုက်နေရာမှာ မူမမှန်တာတွေ မရှိဘူး”

  ထူးဆန်းတာက ပါးစပ်ကနေ အဆိပ်သင့်ပြီး သေဆုံးသွားသူတွေရဲ့ လက်သည်းအရောင်များက အခြေခံအားဖြင့် တူညီနေရမယ်။ အဲ့ဒါပြင် အဆိပ်အတောက်တွေက အစာအိမ်ထဲမှာ အချိန်အကြာကြီး တည်ရှိနေခဲ့ရင် အဆိပ်က ခန္ဓာကိုယ်၊ မျက်နှာ၊ လည်ချောင်းတွေအပြင် အစာပြွန်နဲ့ အစာအိမ်တွေမှာလည်း ပိုထင်ရှားတဲ့ လက္ခဏာတွေ ရှိနေသင့်တယ်။ အနီရောင်စစ်ချုံးရဲ့အဆိပ်က မူမမှန်တာ ဖြစ်နိုင်လား? တစ်စုံတစ်ယောက်ရဲ့လက်ထဲမှာ အဲ့အဆိပ်အကြောင်း ခွဲခြမ်းစိတ်ဖြာထားတဲ့ အစီရင်ခံစာ မရှိတာက ဘယ်သူ့ကိုမဆို ဒုက္ခရောက်စေတာပဲ။

ခိုင်လုံသော အထောက်အထားများ မရှိသောကြောင့် ကျွော့ချင်းက သူမ၏စိတ်ထဲတွင်သာ ခန့်မှန်းနိုင်ခဲ့သည်။ သူမ၏လက်များက မလှုပ်မယှက်ဖြစ်နေသော ခန္ဓာကိုယ်ကို ညင်သာစွာ လှန်ကြည့်နေပြန်သည်။ ကျွော့ချင်းက အလောင်း၏အနောက်ဘက်ရှိ သေးငယ်သော အရေပြားအစိတ်အပိုင်းတိုင်းကို ဂရုတစိုက်စစ်ဆေးပြီး ထပ်ပြောလိုက်သည်။ "နောက်ကျောမှာလည်း မူမမှန်တာတွေ မတွေ့ဘူး၊ အရေပြားမျက်နှာပြင်မှာ သိသာထင်ရှားတဲ့ ဒဏ်ရာ မတွေ့ရဘူး"

  မြွေအဆိပ်တွင်ပါသော neurotoxins များက အသက်ရှုလမ်းကြောင်းနှင့် ဗဟိုသွေးကြောများကို ဟန့်တားနှောက်ယှက်ကာ အသက်ရှူလမ်းကြောင်းနှင့် သွေးလည်ပတ်မှုဆိုင်ရာ ချို့ယွင်းမှုများကို ဖြစ်စေပြီး cytotoxins များက သွေးနီဥများ ပျော်ဝင်စေကာ တစ်သျှူး necrosis ဖြစ်ပွားပြီး အချိန်တိုအတွင်း သေဆုံးစေသည်ဟု ကနဦးအနေဖြင့် ဆုံးဖြတ်နိုင်သည်။ သို့သော်လည်း ကျွော့ချင်းက တစ်ခုခုမှားနေသည်ဟု ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် သူမက သေဆုံးသူ၏ဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ ကျွော့ချင်းက သေဆုံးသူ၏ ခပ်မြင့်မြင့်ထုံးထားသည့် ဆံထုံးကို ညင်ညင်သာသာ ဖြေချလိုက်ပြီး ခေါင်းပေါ်မှ ရွှေဆံညှပ်ကို ဖယ်ရှားကာ သေဆုံးသူ၏ဆံပင်များထဲသို့ သူမ၏လက်ချောင်းများ ထိုးထည့်ကာ ဆံပင်များကို ဖြည်းဖြည်းချင်း ခွဲဖြာပြီး ဦးခေါင်းခွံကို စစ်ဆေးလိုက်သည်။

  သူမ စကားမ​ပြောဘဲ နေနေသည်မှာ အချိန်ကြာသွားသောကြောင့် ရှရွှင်းစစ်က စိတ်မရှည်​စွာဖြင့် "မင်းတို့ စစ်ဆေးလို့ ပြီးသွားပြီလား?"

  ကံမကောင်းစွာဖြင့် ခန်းမတစ်ခုလုံးရှိ မည်သူမျှ သူ့ကို အဖြေပြန်မပေးခဲ့ပေ။

  ဘယ်သူကမှ သူ့ကို ဂရုမစိုက်ကြသောကြောင့် ရှရွှင်းစစ်က အရှက်ပြေ ချောင်းဟန့်လိုက်ပြီး "ကောင်းပြီ၊ မင်းတို့ စစ်ဆေးတာ ပြီးပြီဆိုရင် ငါ့ရဲ့ညီမလေးအလောင်းကို ပြန်သယ်သွားတော့မယ်"

  ရှရွှင်းစစ်၏စကားသံ ဆုံးသွားချိန်တွင် ကန့်လန့်ကာထဲမှ မိန်းခလေး၏မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပလာပြီး အေးစက်သော အမျိုးသမီးအသံက ထပ်မံထွက်ပေါ်လာသည်။

"ခဏနေပါဦး"

  နောက်ဆုံးတော့ သူမ ရှာတွေ့ပြီ။

(T/N: ဆေးပညာနဲ့ အလောင်းစစ်ဆေးတာတွေနဲ့ပတ်သတ်ပြီး မှားနေတာတွေ လွဲနေတာတွေရှိရင် တောင်းပန်ပါတယ်၊ အဆင်ပြေအောင်တော့ တက်နိုင်သမျှကြိုးစားပြီး ဘာသာပြန်ထားပါတယ်)

All Chapters