နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး
Vol. 23 Ch. 223
"ဝုန်း..."
မိုးကောင်းကင်ထက်ရှိ ကြီးမားသော မျက်နှာကြီးက ဟိန်းဟောက်လိုက်သည်နှင့် အဆုံးမဲ့သော နတ်ဆိုးချီစွမ်းအင်များ လှုပ်ခတ်သွားသည်။ လေဟာနယ်ထဲတွင် မိုးကြိုးလှိုင်းများ ပေါက်ကွဲသွားသည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် လေဟာနယ်ကို ဖျက်ဆီးပစ်တော့မည့်အလား ထွက်ပေါ်လာပေ၏။
"ဝုန်း..."
ထိုမျက်နှာကြီး၏ဟိန်းဟောက်သံနှင့်အတူ ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများသည် ပြန်လည်၍ဖွဲ့စည်းသွားပြီး ပေတစ်ရာခန့် ရှည်လျားသော နတ်ဆိုးဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထိုဓားကြီးသည် ကျုံးချင်ထံသို့ တိုက်ရိုက်ဦးတည်ပြီး ခုတ်ပိုင်းလိုက်၏။ ထိုဓားကြီးထံမှ လေဟာနယ်ကိုပင် ဖြတ်တောက်နိုင်သည့် အေးစက်သော အလင်းတန်းများကို ထုတ်လွှင့်ထားသည်။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင် အက်ကွဲသွားတော့မည့်အလားပင်။
ဤဓားချက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျုံးချင် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ထိုဓားကြီးက သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။ တုန်ခါသံများနှင့်အတူ အင်အားပြင်းသော ငလျင်တစ်ခု လှုပ်ခတ်သွားသည့်အလား သူ ခံစားလိုက်ရသည်။ ထိုဓားချက်သည် မြေပြင်ကို ထိုးခွဲလိုက်ပြီး အက်ကွဲကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်သွားစေပေ၏။ ဖုန်မှုန့်များ မိုးကောင်းကင်သို့ တထောင်းထောင်းထသွားစေသည်။
ဓားချီအလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် မိုးကောင်းကင်ရှိ မျက်နှာကြီးသည် လျင်မြန်စွာ ကျုံ့သွားပြီး ထူးဆန်းသော သက်ရှိတစ်ကောင်အဖြစ် ပြောင်းလဲသွားပေ၏။ ထိုသက်ရှိသည် ဆယ်ပေခန့်မြင့်ပြီး ဦးခေါင်းတွင် ချိုနှစ်ချောင်းရှိကာ ခြင်္သေ့မျက်နှာနှင့်လူခန္ဓာကိုယ် ရှိသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်ဆိုးချီစွမ်းအင်များ ထွက်ပေါ်နေသည်။
သူ၏အမည်မှာ မော့ရီပင်။ သူသည် နတ်ဆိုးသခင်နီရို၏လက်အောက်မှ တမန်တော်တစ်ဦး ဖြစ်သည့်အပြင် အစစ်အမှန် နတ်ဆိုးအမွေအနှစ်၏ အစောင့်အရှောက်လည်း ဖြစ်ပေ၏။
"သာမန် လူသားမျိုးနွယ်တစ်ယောက်က ငါ့သခင်ရဲ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ရဲတာလား... မင်းက ကိုယ့်အတိုင်းအတာကိုယ် မသိတာပဲ..."
မော့ရီ၏ အေးစက်စက်ပြောဆိုလိုက်သံက မိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။ သို့သော် ဖုန်မှုန့်များ ငြိမ်သက်သွားသည့်အချိန်တွင်မူ ကျုံးချင်သည် မြေပြင်အက်ကွဲကြောင်းပေါ်တွင် အထိအခိုက်မရှိ မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့မိပေ၏။
"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
မော့ရီ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် သူ၏နည်းလမ်းများအပေါ် အလွန်အမင်းယုံကြည်ချက်ရှိသူပင်။ ထိုဓားချက်ကို လူသားမျိုးနွယ်စုမှ ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ခုခံနိုင်စွမ်း မရှိချေ။ ဤလူသားသည် မည်သို့ လွတ်မြောက်သွားခဲ့သနည်း။
သူ၏စိတ်ထဲတွင် လှိုင်းတံပိုးများ ထနေသကဲ့သို့ ယောက်ယတ်ခတ်နေပြီး ကျုံးချင်ကိုကြည့်ကာ လုံးလုံးလျားလျား တွေဝေမိန်းမောသွားသည်။ ဤအချိန်တွင် ကျုံးချင်သည်လည်း အနည်းငယ် ထိတ်လန့်သွားပေ၏။ ထိုဓားချက်မှာ သူ့အတွက် အမှန်တကယ့်ကို ကြောက်စရာကောင်းသည်။ ဤဓားချက်သည် သူ့ကို တစ်ချက်တည်းနှင့် နှစ်ပိုင်းပိုင်းလိုက်တော့မည့်အလား ထင်မှတ်စေခဲ့သည်။
ဤမွန်းစတားအိုကြီးသည် တရားမျှတမှု မရှိဘဲ သူ့ကို မြင်တွေ့သည်နှင့် သေစေနိုင်သော ဟာကွက်ကို တိုက်ခိုက်ခဲ့ခြင်းပင်။ ထို့ပြင် အရှိန်သည်လည်း သူ မတုံ့ပြန်နိုင်လောက်အောင်ပင် မြန်ဆန်လှပေ၏။ သို့သော် ရလဒ်ကမူ သူ့ကို ဇဝေဇဝါ ဖြစ်သွားစေသည်။ ထိုမျှကြီးမားသော ဓားကြီးက သူ၏ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း သူ၏အရေပြားကိုပင် ခြစ်မိခဲ့ခြင်းမရှိချေ။
'ဒီကောင်က အပြင်ပန်းပဲ ကြောက်စရာကောင်းပြီး အတွင်းထဲမှာတော့ စက္ကူကျားလို အလကားကောင်ပါလား...'
သို့သော် မကြာမီမှာပင် ကျုံးချင်က ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ ထိုဓားချက်သည် မြေပြင်ကိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သဖြင့် ထိုအရာ၏စွမ်းအားမှာ အတုအယောင် မဟုတ်နိုင်ချေ။
ဤသို့ဖြစ်ရခြင်း၏အကြောင်းအရင်းမှာ အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်ကြောင့်ပင်။
တုဟောင်ကို တပည့်အဖြစ် လက်ခံလိုက်စဥ်ကတည်းက ကျုံးချင်သည် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်ကိုလည်း တပြိုင်နက်တည်း ရရှိခဲ့ခြင်း ဖြစ်သည်။ အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်တွင် ဥပဒေသများကို အခြေခံသော တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသည့် အာနိသင်ရှိသည်။ တစ်ဖက်လူ အသုံးပြုခဲ့သည့် လှုပ်ရှားမှုမှာ သန့်စင်သော ဥပဒေသတိုက်ခိုက်မှုသက်သက်ပင်။
ထို့ကြောင့် တစ်ဖက်လူ၏စွမ်းအားသည် မကြီးမားသောကြောင့် မဟုတ်ဘဲ သူ၏ တိုက်ခိုက်မှုသည် ကျုံးချင်အပေါ် အသုံးမဝင်ခြင်းသာ ဖြစ်ပေ၏။ ထိုတိုက်ခိုက်မှုကို အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်က အပြည့်အဝ ခုခံပေးလိုက်ခြင်းပင်။ ကျုံးချင်သည် ဤအချက်ကို နားလည်သဘောပေါက်သွားသည်နှင့် အနည်းငယ် စိတ်လှုပ်ရှားသွားပေ၏။ အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်သည် အစွမ်းထက်လိမ့်မည်ဟု သူ တွေးထင်ထားခဲ့သော်လည်း ဤမျှအဆင့်ထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။ ဤမျှထိ ပြင်းထန်သော ဓားချက်ကိုပင် အပြည့်အဝ ခုခံနိုင်စွမ်းရှိသည်။
ကျုံးချင် တွေးတောနေစဉ်မှာပင် မော့ရီက ထပ်မံ၍ တိုက်ခိုက်လိုက်၏။
"ဝုန်း..."
မော့ရီက သူ၏ပါးစပ်ကို ဖွင့်ဟပြီး အနက်ရောင်မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ ဤသည်မှာ 'ငရဲကိုးထပ်နတ်ဆိုးမီးတောက်'ပင်။ ထိုမီးတောက်သည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီး စိတ်ဝိညာဉ်များကိုပင် ပြာကျသွားစေနိုင်သည်။ ဤသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုပင်။
ကျုံးချင်က ထိုမီးတောက်သည်လည်း ဥပဒေသတစ်မျိုးဖြစ်ကြောင်း မြင်တွေ့နိုင်သည်။ သူသည် မလှုပ်ရှားဘဲ သူ၏အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်က ထိုတိုက်ခိုက်မှုကို ထပ်မံ၍ ခုခံနိုင်ခြင်းရှိမရှိကိုသာ စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။ သူ၏လက်ထဲတွင် ဝှက်ဖဲများစွာ ရှိနေသောကြောင့် ဤသို့စမ်းသပ်ရဲခြင်း ဖြစ်သည်။ အကယ်၍ သူ ချက်ချင်းသေဆုံးသွားခဲ့လျှင်ပင် သူသည် 'အစားထိုးရုပ်သေး' မှတစ်ဆင့် အသက်ပြန်ရှင်နိုင်သည်။
နှစ်ပေါင်းများစွာအတွင်း သူ ရရှိခဲ့သည့် အရာများက မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်နိုင်ရန် ယုံကြည်ချက် ပေးစွမ်းထားသည်။ နောက်ထပ်အချိန်တခဏတွင် ပြင်းထန်သော မီးတောက်များက သူ့ကို လွှမ်းခြုံသွားသော်လည်း ကျုံးချင်သည် အနည်းငယ်မျှ ထိခိုက်နာကျင်မှု မရှိသည်ကို ခံစားမိပေ၏။
ဤသည်က ကျုံးချင်၏မျက်လုံးများကို တောက်ပသွားစေသည်။ ဤအုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်သည် အမှန်တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းအောင် အစွမ်းထက်သည်။
တခြားတစ်ဖက်တွင်မူ မော့ရီသည် သူ၏စွမ်းအားများအားလုံးကို အသုံးပြုခဲ့သော်လည်း ကျုံးချင်သည် အထိအခိုက်မရှိ ဖြစ်နေဆဲပင်။ ဤအချက်က မော့ရီ၏စိတ်ကို လေးလံသွားစေသည်။
"မင်းက ဘယ်သူလဲ..."
သာမန်လူတစ်ယောက်ဆိုလျှင် သူသည် မေးမြန်းနေမည် မဟုတ်ပေ။ သို့သော် ကျုံးချင် ပြသခဲ့သော နည်းလမ်းများမှာ သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ဤသည်က သူ၏နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော တာအိုနှလုံးသားကိုပင် တုန်ရီသွားစေသည်။ ထို့ပြင် ကျုံးချင်ထံမှ ရင်းနှီးသော အငွေ့အသက်တချို့ကို ရရှိနေသကဲ့သို့ သူ ခံစားနေရသည်။ သို့သော် သူ၏မှတ်ဉာဏ်ထဲတွင် မည်သို့ပင် ရှာဖွေစေကာမူ ကျုံးချင်နှင့်ပတ်သက်သည့် အချက်အလက်များကို မတွေ့ရှိခဲ့ချေ။
ကျုံးချင်က ပြန်မဖြေခဲ့ပေ။ တစ်ဖက်လူသည် သူ့ကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သဖြင့် သူသည်လည်း တစ်စုံတစ်ခု ပြန်လုပ်ရန် ဟန်ပြင်လိုက်၏။ ကျုံးချင်သည် အတွေးတစ်ချက်ဖြင့် သုညစည်းတံဆိပ်ကို ထပ်မံ၍ ထုတ်လွှတ်လိုက်ပြီး ပေတစ်ရာခန့်မြင့်မားသော အစစ်အမှန် နတ်ဆိုးကြီးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။
ဤမြင်ကွင်းသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေ၏။ ဤသည်မှာ ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို လက်ဝှေ့ယမ်းပြနေသည့်အလားပင်။
သုညစည်းတံဆိပ် ထွက်ပေါ်လာသည်နှင့် မော့ရီ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
"နတ်ဆိုး... နတ်ဆိုးသခင်..."
"အရှင်က နတ်ဆိုးသခင်ပဲ..."
"ဒီငယ်သား သေသင့်ပါတယ်... နတ်ဆိုးသခင်ကို တိုက်ခိုက်ခဲ့မိတယ်..."
"ကျေးဇူးပြုပြီးတော့ ဒီငယ်သားကို အပြစ်ပေးပါ... နတ်ဆိုးသခင်..."
သူသည် ဝုန်းခနဲ ဒူးထောက်လိုက်၏။ သူ၏ စကားများထဲတွင် အလွန်အမင်း ရိုသေလေးစားမှုများ နောင်တများဖြင့် ပြည့်နှက်နေသည်။ ဤအခြေအနေက ကျုံးချင်ကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ သူသည် မည်သည့်အချိန်ကစ၍ နတ်ဆိုးသခင် ဖြစ်သွားခဲ့သနည်း။
'ဒီလူက ငါ့ကို အလစ်တိုက်ဖို့ ကြိုးစားနေတာလား...'
သို့သော် တစ်ဖက်လူ၏ ကြက်သွန်ဖြူထောင်းသကဲ့သို့ မြေပြင်ကို ဦးခေါင်းဖြင့်တိုက်ကာ ဦးတိုက်နေမှုနှင့်အမူအယာသည် အတုအယောင် မဟုတ်နိုင်ချေ။ သူသည် သုညစည်းတံဆိပ်မှ ပြောင်းလဲသွားသော နတ်ဆိုးပုံရိပ်ကို ကြည့်လိုက်၏။ ဤလူသည် သူ့ကို နတ်ဆိုးသခင်ဟု အထင်မှားသွားခြင်းပင်။
အဖြစ်အပျက်များ ပြောင်းလဲသွားပုံမှာ ကျုံးချင်ကို အံ့အားသင့်သွားစေသည်။ သုညစည်းတံဆိပ်ကို အသုံးပြုပြီး နတ်ဆိုးပုံရိပ်ကို ဖော်ပြခြင်းမှာ နတ်ဆိုးချီစွမ်းအင်များ၏ တိုက်စားမှုကို ကာကွယ်ရန်သာ ဖြစ်သော်လည်း ဤမျှထိ မျှော်လင့်မထားသော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။ အကယ်၍ ထိုသို့သာ ဖြစ်ပါက အရာအားလုံးကို သူ ကိုင်တွယ်ဖြေရှင်းရန် ပို၍လွယ်ကူသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် မော့ရီသည် ကျုံးချင်၏ ရှေ့သို့ ဒူးထောက်ရက်သား ရောက်ရှိလာခဲ့သည်။
"နတ်ဆိုးသခင်... မော့ရီက အရှင် ပြန်လာမယ့်အချိန်ကို စောင့်မျှော်နိုင်ခဲ့တာပါ.."
"ဒီနှစ်တွေတလျှောက်လုံး ကျွန်တော်တို့တွေအားလုံးက အရှင် ပြန်လာမှာကို စောင့်မျှော်နေခဲ့ကြတာပါ..."
"ဒီငယ်သားက နတ်ဆိုးသခင်ကို စော်ကားမိတာ တကယ့်ကို သေသင့်တဲ့ အပြစ်ပါ..."
"ဒါပေမဲ့ နတ်ဆိုးသခင်... ဒီငယ်သားရဲ့ နှစ်တွေအများကြီး စောင့်ဆိုင်းခဲ့မှုကို ထောက်ထားပြီး ဒီငယ်သားကို အရှင့်ရဲ့နောက် လိုက်ပါခွင့်ပြုပါ... စကြဝဠာကို ပြန်တည်ဆောက်ပြီးတော့ ဂုဏ်သတင်းကျော်ဇောမှုတွေကို ဖန်တီးကြရအောင်..."
"ဒီငယ်သားက တာဝန်တွေကို ပြီးမြောက်သွားတဲ့အချိန်ကျရင် ဒီနေ့ရဲ့ အပြစ်အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး အပြစ်ပေးပါ့မယ်..."
သူသည် မြေပြင်ကို ခေါင်းနှင့်ဆောင့်ကာ ပေါက်ထွက်တော့လုမတတ် ဦးတိုက်နေပေ၏။ သူ၏မျက်လုံးထဲတွင် ယုံကြည်မှုစွမ်းအားများဖြင့် တောက်ပနေသည်။ ဤအချိန်တွင် ကျုံးချင်က တစ်ဖက်လူသည် သူ့ကို သူတို့၏ နတ်ဆိုးသခင်အဖြစ် အမှန်တကယ် အထင်မှားနေကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူသည် အချိန်တခဏကြာမျှ စဉ်းစားတွေးတောပြီး ပြောဆိုလိုက်သည်။
"ထတော့..."
"မင်းက ငါ့ကို စောင့်နေတယ်လို့ ပြောတယ်မလား.. အခု ဒီမြို့မှာ ငါ့ရဲ့လက်အောက်ငယ်သား ဘယ်နှစ်ယောက် ကျန်သေးလဲ..."
မည်သို့ပင်ဆိုစေကာမူ ဤအချက်မှာ ကောင်းမွန်သော အရာတစ်ခုပင်။ တစ်ဖက်လူသည် အထင်မှားနေသောကြောင့် သူသည်လည်း ထိုအတိုင်းသာ ဆက်သွားရန် ဆုံးဖြတ်လိုက်၏။ ဤနည်းလမ်းက ပဋိပက္ခများကို ရှောင်ရှားနိုင်ပေလိမ့်မည်။ မော့ရီ၏တိုက်ခိုက်မှုများသည် သူ့ကို မထိခိုက်စေနိုင်သော်လည်း တစ်ဖက်လူ၏ကျင့်ကြံဆင့်သည် သူ့ထက် မြင့်မားနေသဖြင့် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို အတင်းအကြပ် ယူဆောင်ရန်မှာ အမှန်တကယ်ကို ခက်ခဲနိုင်သည်။
"နတ်ဆိုးသခင်ကို သတင်းပို့ပါရစေ...အရှင်က ကောင်းကင်ဘုံနတ်ဘုရားရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကို ခံရပြီးတော့ ပြန်လည်ဝင်စားခြင်းသံသရာထဲကို ဝင်သွားခဲ့ပြီးတဲ့နောက်မှာ... ကျွန်တော်တို့ရဲ့အခြေစိုက်စခန်းက ကောင်းကင်ဘုံနတ်ဘုရားရဲ့ လက်ပါးစေတွေကနေ သွေးချောင်းစီးသုတ်သင်တာကို ခံခဲ့ရတယ်..."
"အဲ့ဒီအချိန်ကရှိခဲ့တဲ့ သန်းနဲ့ချီတဲ့ နတ်ဆိုးမျိုးနွယ်စုဝင်တွေထဲကနေ အခုတော့ ကျွန်တော်တို့ တုရှားနတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးပဲ ကျန်တော့တယ်..."
"ခဏလောက် စောင့်ပေးပါ နတ်ဆိုးသခင်... ကျွန်တော်က သူတို့ကို အခုပဲ ခေါ်ပြီး အရှင့်ကို ကြိုဆိုခိုင်းပါ့မယ်..."
မော့ရီက ထိုသို့ ပြောဆိုလိုက်သည်နှင့် ကျုံးချင်၏စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွား၏။ ဤကဲ့သို့ ပျက်စီးယိုယွင်းနေသော နေရာမျိုးတွင် အစောင့်အရှောက်ရှိလျှင်ပင် တစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုလိမ့်မည်မဟုတ်ဟု သူ တွေးထင်ထားခဲ့သည်။
တုရှားနတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးလုံးသာ သူ့ကို ဝိုင်းရံတိုက်ခိုက်မည်ဆိုပါက သူ၏အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်သည် ဥပဒေသတိုက်ခိုက်မှုများကို ခုခံနိုင်သော်လည်း သူသည် အမှန်တကယ့်ကို အကျပ်ရိုက်သွားပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ မော့ရီသည် ယန်သုံးပါးနယ်ပယ်ထက် သာလွန်သော တည်ရှိမှုကြီးတစ်ခု ဖြစ်သဖြင့် ကျန်ရှိသော နတ်ဆိုးစစ်သူကြီး ဆယ့်တစ်ဦးသည်လည်း မည်သို့ အားနည်းနိုင်မည်နည်း။