← Chapters

နတ်ဆိုးသခင်၏ အပြန်လမ်း

Vol. 23 Ch. 224

နတ်ဆိုးသခင်၏ အပြန်လမ်း

Vol. 23 Ch. 224

ကျုံးချင်သည်လည်း သူ ဖန်တီးထားသော အစစ်အမှန် နတ်ဆိုးကိုယ်ပွားပုံရိပ်ကို တခြာနတ်ဆိုးစစ်သူကြီးများမှ အသိအမှတ်ပြုခြင်း ရှိမရှိ သိချင်နေမိပေ၏။

အကယ်၍ နတ်ဆိုးစစ်သူကြီးများက သူ့ကို အသိအမှတ်ပြုခဲ့လျှင် သူ၏ခရီးစဉ်သည် အလွန်ရိုးရှင်းပြီး အဆင်ပြေချောမွေ့သွားပေလိမ့်မည်။

အကယ်၍ တခြားနတ်ဆိုးစစ်သူကြီးများက သူ့ကို အသိအမှတ်မပြုခဲ့လျှင် သူသည် တခြားနည်းလမ်းများကို စဉ်းစားရပေတော့မည်။

ထိုအချိန်မှာပင် မော့ရီက မိုးကောင်းကင်ယံသို့ မော့ကြည့်ပြီး အော်ဟစ်လိုက်၏။

"နတ်ဆိုးသခင် ပြန်လာပြီ... နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး ဘယ်မှာလဲ... မင်းတို့က ဘာလို့ အမြန်လာမကြိုကြသေးတာလဲ..."

သူ၏အသံသည် မိုးကြိုးပစ်သံအလား မိုးကောင်းကင်တခွင်လုံးကို တုန်ခါသွားစေသည်။

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် နယ်မြေတစ်ခုလုံး ချက်ချင်းဆိုသလိုပင် ဆူညံပွက်လောရိုက်သွားပေ၏။

"ဘာ... နတ်ဆိုးသခင် ပြန်လာပြီတဲ့လား..."

ဝမ်းသာအားရ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံမှ လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။

ရေဘဝဲလက်တံများဖြင့် ဖုံးလွှမ်းနေသော နတ်ဆိုးစစ်သူကြီးတစ်ဦးက လေဟာနယ်အက်ကွဲကြောင်းထဲမှ ခုန်ထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တခြားနတ်ဆိုးစစ်သူကြီးဆယ်ဦးကလည်း အရပ်မျက်နှာအဘက်ဘက်မှ ပြေးဝင်လာကြသည်။

သူတို့အားလုံးသည် နတ်ဆိုးသခင်နီရို၏ လက်အောက်ငယ်သားများပင်။

သူတို့သည် ပုံမှန်အားဖြင့် လေဟာနယ်ထဲတွင် ပုန်းအောင်းနေကြပြီး ပထမအချက်မှာ ဒဏ်ရာများကို ကုသရန် ဖြစ်ပြီး ဒုတိယအချက်မှာ နတ်ဆိုးသခင်၏အမွေအနှစ်ကို စောင့်ရှောက်ရင်း နီရို ပြန်ဝင်စားပြီး ပြန်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြခြင်းပင်။

ဤနတ်ဆိုးစစ်သူကြီးများတွင် ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြ၏။ တချို့သည် ခေါင်းသုံးလုံး လက်ခြောက်ဖက်ပါရှိပြီး တချို့မှာ လူခေါင်းနှင့်မြွေခန္ဓာကိုယ်ရှိကြကာ တချို့ကမူ စိမ်းဖန့်ဖန့် မျက်နှာနှင့်အစွယ်များ ပါရှိကြသည်။

သူတို့သည် အစစ်အမှန် နတ်ဆိုးမျိုးနွယ်ဝင် စစ်စစ်များပင်။

ဤအချိန်တွင် နတ်ဆိုးစစ်သူကြီးများအားလုံး ကျုံးချင်၏ရှေ့သို့ ရောက်ရှိလာကြသည်။

သူတို့တစ်ဦးချင်းစီသည် ကျုံးချင်၏နောက်ဘက်ရှိ အစစ်အမှန် နတ်ဆိုးပုံရိပ်ယောင်ကို မြင်တွေ့ချိန်၌ အလွန်အမင်း အံ့အားသင့်သွားကြသည်။

"ဒါက နတ်ဆိုးသခင်ပဲ..."

"တကယ့်ကို နတ်ဆိုးသခင် ပြန်လာတာပဲ..."

"မော့အာက နတ်ဆိုးသခင်ကို ဂါရဝပြုပါတယ်..."

"မော့စန်းက နတ်ဆိုးသခင်ကို ဂါရဝပြုပါတယ်..."

...

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် ကျုံးချင်ကို ဒူးထောက်၍ အရိုအသေပေးလိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဤနတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အမည်များမှာလည်း စိတ်ဝင်စားဖွယ် ကောင်းပေ၏။

သူတို့၏အမည်များကို တစ်မှဆယ့်နှစ်အထိ နံပါတ်စဉ်တပ်ထားခြင်းပင်။

ကျုံးချင်သည် သူတို့တစ်ဦးချင်းစီ၏ကျင့်ကြံဆင့်မှာ ယန်သုံးပါးနယ်ပယ်၏အထက်တွင် ရှိနေကြောင်း သတိပြုလိုက်မိသည်။

နတ်ဆိုးမျိုးနွယ်စု၏အခြေခံအုတ်မြစ်မှာ အမှန်တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြောရပေမည်။

နတ်ဆိုးမျိုးနွယ်ဝင်များသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာကတည်းက သုတ်သင်ခံခဲ့ရသော်လည်း ကြွင်းကျန်ခဲ့သော နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးမှာ ယခုလက်ရှိ ကုန်းမြေတစ်ခုလုံး၌ ပြဿနာများကို ဖန်တီးနိုင်စွမ်း ရှိနေဆဲပင်။

နတ်ဆိုးမျိုးနွယ်စု အထွတ်အထိပ်သို့ ရောက်ရှိနေသော အချိန်ကာလတွင် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းခဲ့မည်ကို သူ အမှန်တကယ် မသိချေ။

အတွေးများ မျောလွင့်နေရင်း သူ၏အကြည့်သည် ပစ္စုပ္ပန်သို့ ပြန်ရောက်လာခဲ့ပေ၏။

မူလက တခြားနတ်ဆိုးစစ်သူကြီးများသည် သူ၏အထောက်အထားကို သံသယဝင်ကြလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ယခုအချိန်တွင်မူ သူ စိုးရိမ်လွန်ခဲ့ပုံရသည်။

ဤနတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သုညစည်းတံဆိပ်ဖြင့် ဖန်တီးထားသော အစစ်အမှန် နတ်ဆိုးပုံရိပ်ကို မြင်လိုက်ရသည်နှင့် အလွန်အမင်း ယုံကြည်သွားကြပြီး သူ့အား ယုံကြည်မှုစွမ်းအား အမြောက်အများကို ပေးအပ်ကြသည်။

နတ်ဆိုးစစ်သူကြီး တစ်ဦးတစ်ယောက်ကမျှ သံသယမဝင်ကြချေ။

ဤလုပ်ငန်းစဉ်၏ချောမွေ့မှုက ကျုံးချင်ကိုပင် မယုံကြည်နိုင် ဖြစ်စေခဲ့သည်။

ထိုအချိန်မှာပင် မော့ရီက ခေါင်းမော့ကြည့်ပြီး တောက်ပသောမျက်လုံးများဖြင့် ပြောဆိုသည်။

"နတ်ဆိုးသခင်... အရှင်က ဒီတစ်ခါ ပြန်လာတာ ဟိုကောင်စုတ် ဖုန်မှုန့်ကင်းစင်နတ်ဘုရားကို ခြေမှုန်းဖို့အတွက် ကျွန်တော်တို့ကို ဦးဆောင်မလို့လား..."

"အတိတ်တုန်းက အရှင် တံခါးပိတ်ကျင့်ကြံနေတုန်းမှာ သူက အရှင့်ကို အလစ်တိုက်ပြီးတော့ လုပ်ကြံခဲ့တာလေ... ဒီတစ်ကြိမ်တော့ သူ့ကို တန်ဖိုးတစ်ခု ပြန်ပေးဆပ်ခိုင်းရမယ်..."

"ကျေးဇူးပြုပြီးတော့ နတ်ဆိုးသခင်က တိမ်တိုက်တွေကို ဖြိုခွင်းပြီး ဖုန်မှုန့်ကင်းစင် နတ်ဘုရားကို သတ်ဖြတ်ဖို့ ကျွန်တော်တို့ကို ဦးဆောင်ပေးပါ..."

နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးလုံး ရဲရင့်ပြီး တက်ကြွနေပေ၏။

သူတို့၏သတ်ဖြတ်လိုခြင်း အရှိန်အဝါများမှာ မိုးကောင်းကင်ယံသို့ မြင့်တက်နေသည်။

ထိုစကားများက ကျုံးချင်ကို ချွေးပြန်သွားစေသည်။

သူ၏ လက်ရှိစွမ်းအားနှင့် နတ်ဘုရားတစ်ပါးကို မဆင်မခြင် သွားရောက်ရန်စခြင်းက သေလမ်းရှာခြင်းသာ မဟုတ်လော....

သူသည် နတ်ဆိုးသခင်၏ အမွေအနှစ်ကို ရှာဖွေရန် လာခဲ့ခြင်းသာ ဖြစ်ပြီး သေလမ်းရှာရန် လာခဲ့ခြင်း မဟုတ်ချေ။

ဤသို့တွေးတောရင်း သူသည် လက်နှစ်ဖက်နောက်ပစ်ကာ တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုသည်။

"ငါက ဒီနေရာကို ပြန်လည်ဝင်စားပြီးတော့ ပြန်လာခဲ့ပေမယ့် ငါ့ရဲ့စွမ်းအားက အထွတ်အထိပ်ကို ပြန်မရောက်သေးသလို မှတ်ဉာဏ်တွေနဲ့ စွမ်းရည်အများစုကလည်း ပြန်မရသေးဘူး... ဒါကြောင့် ကလဲ့စားချေမယ့် ကိစ္စကို ခဏလောက် ဘေးဖယ်ထားလိုက်အုံး..."

"ငါ အထွတ်အထိပ်ကို ပြန်ရောက်တဲ့အခါကျမှ အဲ့ဒီနတ်ဘုရားကို နိုင်အောင်တိုက်ပြီး နတ်ဆိုးမျိုးနွယ်စုနဲ့ သက်ဆိုင်တဲ့ ဂုဏ်သတင်းကို ပြန်ပြီးရယူဖို့ မင်းတို့ကို ဦးဆောင်ပေးမယ်..."

"နတ်ဆိုးသခင်က အစွမ်းထက်ပါပေတယ်..."

သူတို့သည် ချက်ချင်းသွားရောက်၍ သတ်ဖြတ်ခွင့် မရသော်လည်း ကျုံးချင်၏စကားများက နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို စိတ်ကြွဆေး ထိုးပေးလိုက်သည့်အလားပင်။

သူတို့တစ်ဦးချင်းစီသည် စိတ်လှုပ်ရှားလွန်းသဖြင့် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ချေ။

ဤသည်မှာ သူတို့၏လက်ချက်ဖြင့် ရန်သူများ ပြာကျသွားသည့် မြင်ကွင်းကို မြင်ယောင်နေကြသည့်အလားပင်။

ယုံကြည်မှုစွမ်းအား အမြောက်အများသည် သူတို့၏ခန္ဓာကိုယ်များမှ စီးဆင်းလာပြီး ကျုံးချင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။

ဤအခြေအနေကို မြင်တွေ့ချိန်၌ ကျုံးချင်သည် ဤနတ်ဆိုးစစ်သူကြီးများက သူ့ကို သူတို့၏ သခင်အဖြစ် အကြွင်းမဲ့မှတ်ယူထားကြကြောင်း သိလိုက်ရသည်။

သူ့အနေဖြင့် မှတ်ဉာဏ်များနှင့် စွမ်းရည်များကို ပြန်မရသေးကြောင်း ပြောခဲ့ရခြင်းမှာ အနာဂတ်တွင် ဖြစ်လာနိုင်သည့် အခြေအနေများကို ကာကွယ်ရန်အတွက်ပင်။

သူသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ဘဲ သူ လာရောက်ရသည့် ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောပြလိုက်တော့သည်။

"ငါ ဒီနေ့ ပြန်လာတာက ငါ ဒီနေရာမှာ ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ရွှေ့ပြောင်းဖို့ပဲ...မင်းတို့မှာ နည်းလမ်းတွေ ရှိကြလား..."

ကျုံးချင်က ထိုသို့ မေးလိုက်သော်လည်း သူတို့သည် သူ၏အထောက်အထားအပေါ် သံသယမဝင်ကြချေ။

ဤသည်က သူတို့သည် တုံးအလွန်းသောကြောင့် မဟုတ်ဘဲ ကျုံးချင်၏အနောက်ရှိ အစစ်အမှန် နတ်ဆိုးပုံရိပ်သည် အစစ်နှင့် ခွဲခြား၍ မရနိုင်လောက်အောင် တူညီနေသောကြောင့်ပင်။

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးစစ်သူကြီးတစ်ဦးက ပြောဆိုလိုက်၏။

"နတ်ဆိုးသခင်... ဒီကိစ္စက လွယ်ပါတယ်..."

သူသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး သူ၏ ပုံသဏ္ဌာန်သည် ချက်ချင်းဆိုသလိုပင် ပေပေါင်းတစ်ထောင်ခန့်အထိ ကြီးထွားလာခဲ့သည်။

ထို့နောက် သူသည် ပါးစပ်ကိုဖွင့်ဟပြီး ရှူသွင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားလှိုင်းတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။

အချိန်တခဏအတွင်းမှာပင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး နတ်ဆိုးချီစွမ်းအင်များ လှုပ်ခတ်လာခဲ့သည်။

နတ်ဆိုးမြို့ကြီး တစ်မြို့လုံး သူ၏ဝမ်းဗိုက်ထဲသို့ တိုက်ရိုက်ဝါးမျိုခြင်းခံလိုက်ရသည်။

အိုး ဘုရားရေ...

ကျုံးချင်က သူ၏စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

မိုင်ပေါင်းထောင်ချီကျယ်ဝန်းသော မြို့ကြီးတစ်မြို့လုံးကို တစ်လုတ်တည်းနှင့် မျိုချလိုက်ခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် သူ၏လက်ထဲ၌ သုညစည်းတံဆိပ်ရှိနေပြီး သူနှင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကြားတွင် လှပသော နားလည်မှုလွဲမှားခြင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ထိုသို့မဟုတ်ပါက သူသည် ဤအစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို ရယူနိုင်ခဲ့မည် မဟုတ်ပေ။

ထိုနတ်ဆိုးစစ်သူကြီးက နတ်ဆိုးမြို့ကြီးတစ်မြို့လုံးကို ဝမ်းဗိုက်ထဲသို့ ထည့်လိုက်သည်နှင့် နတ်ဆိုးသင်္ချိုင်းနယ်မြေတစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပေ၏။

လေဟာနယ်တစ်နေရာတွင် ယွဲ့ကျီသည် ဒဏ္ဍာရီလာ နတ်ဆိုးရင်းမြစ်ကျောက်တုံးကို ရှာဖွေနေဆဲပင်။

ယင်သုံးပါးနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူမသည် လေဟာနယ်ကို လက်ဗလာဖြင့် ဆုတ်ဖြဲပြီး တည်နေရာရွှေ့ပြောင်းပြီး ခရီးသွားနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

သူမ၏ကံတရားက ကောင်းမွန်လှသည်။

သူမသည် နတ်ဆိုးသင်္ချိုင်းနယ်မြေထဲတွင် နှစ်နှစ်ကြာ ရှိနေခဲ့သော်လည်း တန်ဖိုးရှိသော မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ချေ။

သို့သော် ဤတစ်ကြိမ်တွင် သူမသည် လေဟာနယ်ထဲ၌ လျှို့ဝှက်နယ်မြေတစ်ခုကို တွေ့ရှိခဲ့သည်။

ဤလျှို့ဝှက်နယ်မြေသည် သေဆုံးသွားသော နတ်ဆိုးကျင့်ကြံသူတစ်ဦးမှ ချန်ရစ်ခဲ့သော နေရာဖြစ်ကြောင်း သိသာထင်ရှားသည်။

ထို့ပြင် ထိုနယ်မြေအတွင်း၌ သူမ မျှော်လင့်တောင့်တနေသော နတ်ဆိုးရင်းမြစ်ကျောက်တုံးလည်း ရှိနေပေ၏။

သို့သော် နတ်ဆိုးရင်းမြစ်ကျောက်တုံး၏ နံဘေးပတ်လည်တွင် အကြွင်းအကျန် နတ်ဆိုးဝင်္ကပါတစ်ခု ရှိနေသည်။

သူမသည် အကြိမ်ကြိမ် ကြိုးစားသော်လည်း ယင်သုံးပါးနယ်ပယ်၏ တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့်တိုင် ထိုဝင်္ကပါကို မဖျက်ဆီးနိုင်ခဲ့ချေ။

ဤအချက်က ယွဲ့ကျီကို စိတ်ပျက်အားငယ်စေခဲ့သည်။

သူမသည် ဝင်္ကပါကို သေချာစွာ လေ့လာပြီး ထိုအရာ၏တည်ဆောက်ပုံကို ဆန်းစစ်ကာ နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချနိုင်ခဲ့သည်။

ဤဝင်္ကပါ၏ အဓိကအရင်းအမြစ်မှာ နတ်ဆိုးချီစွမ်းအင်ဖြစ်ပြီး ထိုအရာကို ဖျက်ဆီးရန်အတွက် နတ်ဆိုးချီစွမ်းအင်များကို ဖယ်ရှားရပေမည်။

သို့သော် ဤအရာမှာ မဖြစ်နိုင်သော စိတ်ကူးယဉ်မှုသက်သက်ပင်။

ဤနေရာသည် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော နတ်ဆိုးသင်္ချိုင်းနယ်မြေဖြစ်ပြီး နတ်ဆိုးချီစွမ်းအင်များ ဖုံးလွှမ်းနေသောနေရာပင်။

သူမကို မဆိုထားနှင့် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်လျှင် ဤနတ်ဆိုးချီစွမ်းအင်များကို မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။

"ကောင်းကင်ဘုံက ငါ့ကို သေစေချင်နေတာများလား..."

ယွဲ့ကျီ၏မျက်နှာ သုန်မှုန်နေသည်။

သူမ၏ခန္ဓာကိုယ်သည် နတ်ဆိုးချီစွမ်းအင်များ၏တိုက်စားခြင်းကို ခံထားရပြီး ဤကာလအတွင်း၌ သူမသည် ထိုအရာ၏ဒုက္ခပေးမှုကို ခံစားနေခဲ့ရသည်။

ယခုအချိန်၌ သူမ၏ ပုန်းကွယ်နေသော ရောဂါဝေဒနာများကို ကုသနိုင်မည့် မျှော်လင့်ချက်သည် သူမ၏မျက်စိရှေ့တွင် ရှိနေသော်လည်း သူမ မည်သို့မျှ စွမ်းဆောင်နိုင်ခြင်း မရှိချေ။

သူမ စိတ်ပျက်အားငယ်နေစဉ်မှာပင်...

ရုတ်တရက် သူမ၏အမူအယာ ပြောင်းလဲသွားသည်။

"နတ်ဆိုးချီစွမ်းအင်တွေ... ဆုတ်ခွာသွားပြီ..."

ဤအချိန်တွင် လေဟာနယ်ထဲရှိ နတ်ဆိုးချီစွမ်းအင်များအားလုံး ဒီရေအလား ဆုတ်ခွာသွားပြီး နတ်ဆိုးသင်္ချိုင်းနယ်မြေ၏အတွင်းပိုင်းသို့ ဦးတည်သွားကြသည်။

အချိန်တခဏအတွင်းမှာပင် မူလက ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအင်များ ပြည့်နှက်နေသည့် လေဟာနယ်အတွင်းတွင် အရိပ်အယောင်ပင် မကျန်ခဲ့တော့ချေ။

ထို့ပြင် ထောက်ပံ့ပေးမည့် နတ်ဆိုးချီစွမ်းအင်များ မရှိတော့သဖြင့် ကြာမြင့်သောနှစ်ကာလများ၏တိုက်စားမှုအောက်တွင် ပျက်စီးနေပြီးဖြစ်သော ဝင်္ကပါကြီးသည် နောက်ဆုံးလက်ကျန်စွမ်းအားကို တိုက်ရိုက်ဆုံးရှုံးသွားတော့သည်။

လေပြေတစ်ချက် တိုက်ခတ်လိုက်သည်နှင့်...

အက်ကွဲသံတစ်သံ ထွက်ပေါ်လာပေ၏။

ယွဲ့ကျီကို အကျပ်ရိုက်စေခဲ့သော ဝင်္ကပါသည် ဤအတိုင်း ပျက်စီးသွားတော့သည်။

ရုတ်တရက် အပြောင်းအလဲက ယွဲ့ကျီကို အလွန်အမင်း ပျော်ရွှင်သွားစေသည်။

ဤတစ်ကြိမ်တွင် သူမသည် မည်သည့် အတားအဆီးမျှ မတွေ့ရတော့ဘဲ နတ်ဆိုးရင်းမြစ်ကျောက်တုံးကို တိုက်ရိုက်ရရှိသွားခဲ့သည်။

သူမသည် ဝမ်းသာပျော်ရွှင်နေရင်း မစဉ်းစားဘဲ မနေနိုင်တော့ပေ။

ဘာဖြစ်သွားတာလဲ...

ဘာလို့ ဒီနေရာမှာရှိတဲ့ နတ်ဆိုးချီစွမ်းအင်တွေ အားလုံး ပျောက်ကွယ်သွားတာလဲ....

ထို့နောက် ယွဲ့ကျီသည် လျှို့ဝှက်နယ်မြေထဲမှ ထွက်လာချိန်၌ သူမ၏မျက်နှာအမူအယာ ထပ်ခါတလဲလဲ ပြောင်းလဲသွားပေ၏။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

သူမ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

မူလက နတ်ဆိုးသင်္ချိုင်းနယ်မြေသည် ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအင်များ ပြည့်နှက်နေပြီး မြေပြင်တစ်ခုလုံးကို မြူခိုးများအလား ဖုံးလွှမ်းထားခဲ့သည်။

သို့သော် ယခုအချိန်၌ ပတ်ဝန်းကျင်သည် ဟင်းလင်းပြင်ဖြစ်နေပြီး မူလက ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအင်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာသည်အထိ ကျရောက်ခြင်း မရှိခဲ့သော နေရောင်ခြည်သည် ဤမြေပြင်ပေါ်သို့ တဖန် ပြန်၍ ကျရောက်လာခဲ့ပေ၏။

"အစစ်အမှန် နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာတာများလား..."

"ပြီးတော့ သူက နတ်ဆိုးချီစွမ်းအင်တွေအကုန်လုံးကို စုပ်ယူလိုက်တာလား..."

ယွဲ့ကျီ၏ဦးရေပြား ထုံကျင်သွားပြီး သူမ၏သွေးများ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် အစစ်အမှန် နတ်ဆိုးများသည် ကောင်းကင်ဘုံနတ်ဘုရားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ဤနေရာတွင် အစစ်အမှန် နတ်ဆိုးတစ်ကောင် မည်သို့ မွေးဖွားလာနိုင်မည်နည်း။

သူမ မည်မျှထိ ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း ဤအရာအားလုံး ဖြစ်ပျက်ရသည့် အကြောင်းအရင်းမှာ ကျုံးချင်က အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို ဤနေရာမှ ရွှေ့ပြောင်းခိုင်းလိုက်သောကြောင့် ဖြစ်သည်ကို မည်သို့မျှ ထင်မှတ်ထားမိမည် မဟုတ်ချေ။

All Chapters