← Chapters

လောကမှ တိုက်ဆိုင်မှုများ

Vol. 23 Ch. 226

လောကမှ တိုက်ဆိုင်မှုများ

Vol. 23 Ch. 226

ထိုအချိန်တွင် ယွဲ့ကျီသည် နတ်ဆိုးရင်းမြစ်ကျောက်တုံးကို ရရှိပြီးနောက် နတ်ဆိုးသင်္ချိုင်းနယ်မြေမှ ထွက်ခွာလာကာ ဂိုဏ်းသို့ ပြန်လာခဲ့သော်လည်း သူမ၏စိတ်နှလုံးသားသည် တည်ငြိမ်မှု ကင်းမဲ့နေပေ၏။

နတ်ဆိုးသင်္ချိုင်းနယ်မြေကို နှစ်ပေါင်းမရေမတွက်နိုင်အောင် လွှမ်းခြုံထားသော နတ်ဆိုးချီစွမ်းအင်များ ထိုကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့မိချေ။

အကြောင်းအရင်းတစ်ခုခုကြောင့် သူမသည် ကျုံးချင်ကို မသိစိတ်မှ သတိရလိုက်မိသည်။

"သူနဲ့များ ပတ်သက်နေမလား..."

မည်သို့ပင်ဆိုစေကာမူ ဤအရာသည် တိုက်ဆိုင်လွန်းလှသည်။

ကျုံးချင်သည် နတ်ဆိုးသင်္ချိုင်းနယ်မြေ၏ နက်ရှိုင်းသော နေရာသို့ သွားရောက်ခဲ့ပြီး မကြာမီမှာပင် နတ်ဆိုးချီများ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် သူမ ပြန်လည်စဉ်းစားကြည့်ချိန်၌ ဤှသည်မှာ ဖြစ်နိုင်ချေ မရှိဟု ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ကျုံးချင်သည် ယင်သုံးပါးနယ်ပယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးပင်။

သူ၏ပါရမီသည် ထူးချွန်သော်လည်း သူ၏စွမ်းအားသည် သာမန်မျှသာ ဖြစ်သည်။

သူသည် ဤကိစ္စတွင် မည်သို့ ပါဝင်ပတ်သက်နိုင်မည်နည်း။

ထိုအချိန်မှာပင်....

သူမ၏မျက်လုံးသူငယ်အိမ်များ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပေ၏။

လေဟာနယ်ထဲတွင် ပြည်နှင်ဒဏ်သင့်သော အင်မော်တယ်တစ်ပါးကဲ့သို့ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံ၌ ပျံသန်းနေသည်။

ထိုလူသည် ကျုံးချင်မှလွဲ၍ တခြားသူ မဟုတ်ချေ။

ကျုံးချင်၏နောက်တွင် တိရစ္ဆာန်အုပ်စုတစ်စုသည် မိုးကောင်းကင်ယံကို ဖြတ်ကျော်ကာ ဒုန်းစိုင်းပြေးနေကြသည်။

ဤမြင်ကွင်းသည် လောကကြီးအပေါ် သူမ၏အမြင်ကို အကြိမ်ကြိမ် ချေမှုန်းလိုက်ပြီး မြေကြီးထဲသို့ နင်းချေလိုက်သည့်အလားပင်။

သူမ အမြင်မမှားကြောင်း သေချာသိနေသည်။ ထိုတိရစ္ဆာန်အုပ်စုသည် သာမန်လောကီတိရစ္ဆာန်များသာ ဖြစ်ကြ၏။

လတ်ဆတ်သော နွားချေးများ ကပ်ငြိနေသေးသည့် နွားဝါကြီးတစ်ကောင်က ထိုအချက်ကို ပို၍သက်သေပြနေသည်။

သို့သော် သာမန်တိရစ္ဆာန်များသည် မည်သည့်အချိန်ကစ၍ မိုးကောင်းကင်ယံတွင် ပျံသန်းနိုင်ကြသနည်း.....

ကြက်ပေါက်စလေးတစ်ကောင်သည် အတောင်ပံများကို ပြင်းထန်စွာ ခတ်နေသဖြင့် မီးခိုးများပင် ထွက်လုနီးပါး ဖြစ်နေသည်။

ထိုကြက်လေး၏အမြန်နှုန်းသည် မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူဖြစ်သော သူမအတွက်ပင် အမီလိုက်ရန် မဖြစ်နိုင်ပေ။

ဤလောကကြီးသည် အလွန်ထူးဆန်းနေသည်ဟု သူမ ခံစားလိုက်ရသည်။ ထူးဆန်းလွန်းသဖြင့် သူမ လက်မခံနိုင်လောက်အောင်ပင်။

သို့သော် ယွဲ့ကျီ လျင်မြန်စွာဖြင့် ထိတ်လန့်သွားပေ၏။

ထိုကြက်ပေါက်စလေးထံမှ သူမအား ရင်တလှပ်လှပ်ဖြစ်စေသော အရှိန်အဝါတစ်ရပ်ကို သူမ ခံစားလိုက်ရသည်။

ဤကဲ့သို့ ရင်တလှပ်လှပ်ဖြစ်မှုကို သူမ နတ်ဆိုးသင်္ချိုင်းနယ်မြေ၌ ရှိစဉ်က တစ်ကြိမ်ခံစားခဲ့ဖူးသည်။

ထိုအချိန်က သူမသည် နတ်ဆိုးအစောင့်အရှောက်တစ်ဦး၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရကာ သေလုနီးပါး ဖြစ်ခဲ့ရသည်။

ထိုအချိန်သည် သူမ၏ ဘဝတွင် စိတ်အပျက်ရဆုံး အချိန်လည်း ဖြစ်ပေ၏။

ပြိုင်ဘက်၏အရှိန်အဝါတစ်ခုတည်းကပင် သူမ၏စိတ်ဝိညာဉ်ကို အက်ကွဲလုနီးပါး ဖြစ်စေခဲ့သည်။

လေဟာနယ် လှိုင်းတံပိုးများနှင့် မကြုံတွေ့ခဲ့ရလျှင်.....

အကယ်၍သာ သူမသည် လေဟာနယ် လှိုင်းတံပိုးများထဲသို့ မျောပါသွားခြင်း မရှိခဲ့လျှင် သူမ သေဆုံးသွားလောက်လေပြီ။

ထိုအချိန်က သူမအပေါ် ထိုအစောင့်အရှောက်၏ ပုံရိပ်ကို နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်စေခဲ့ပြီး ယခုအချိန်အထိ ပြန်လည်တွေးတောမိတိုင်း ကျောချမ်းသွားစေဆဲပင်။

သို့သော် ယခုချိန်၌ ကြက်ပေါက်စလေးတစ်ကောင်က သူမကို ထိုကဲ့သို့ ခံစားချက်မျိုး မည်သည်ကြောင့် ပေးစွမ်းနိုင်သနည်း....

တစ်ချိန်တည်းမှာပင်....

ကျုံးချင်၏နောက်မှ ကြက်ပေါက်စလေးသည် တစ်စုံတစ်ယောက် ချောင်းကြည့်နေသည်ကို အာရုံခံမိလိုက်သည်။

သူသည် အကြည့်လာရာ လမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်၏။

ထိုအကြည့်တစ်ချက်တည်းကပင် ယွဲ့ကျီ၏ စိတ်အာရုံကို တုန်ခါသွားစေသည်။

သူမ၏စိတ်နှလုံးသား ထိတ်လန့်တုန်လှုပ်သွားသည်။

သူမသည် ကြောက်မက်ဖွယ်ကောင်းသော တည်မှုကြီးတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည့်အလားပင်။

ဤအရာက သူမ၏စိတ်နှလုံးသားကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။

ဤအရှိန်အဝါသည် နတ်ဆိုးသင်္ချိုင်းနယ်မြေတွင် သူမကို လိုက်လံဖမ်းဆီးခဲ့သော အစောင့်အရှောက် ဖြစ်ကြောင်း သေချာသွားပေ၏။

ကံကောင်းထောက်မစွာဖြင့် ကြက်ပေါက်စလေးသည် သူမကို တစ်ချက်သာ ကြည့်ပြီးနောက် ဆက်လက်၍ အာရုံမစိုက်တော့ပေ။

သူ့ထံတွင် သတ်ဖြတ်လိုစိတ်ပင် မရှိချေ။

ထိုသို့မဟုတ်ပါက ထိုအကြည့်တစ်ချက်တည်းဖြင့်ပင် ယွဲ့ကျီကို ရူးသွပ်သွားစေရန် လုံလောက်သည်။

အချိန်တခဏအကြာတွင် ကျုံးချင်သည် တိရစ္ဆာန်အုပ်စုနှင့်အတူ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားတော့သည်။

ယွဲ့ကျီကမူ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ခံစားရင်း နေရာမှာပင် ကျန်ရစ်ခဲ့သည်။

ယခင်က ကျုံးချင်သည် ယင်သုံးပါးနယ်ပယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်ဟု သူမ တုံးအစွာ ယုံကြည်ခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ သူမ အလွန်တုံးအခဲ့ပုံရသည်။

ယင်သုံးပါးနယ်ပယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းပြီး ဆန်းကြယ်သော အစောင့်အရှောက်တစ်ဦးကို ကြက်ပေါက်စလေးအဖြစ် ပြောင်းလဲကာ သူ့နောက်သို့ နာခံမှုရှိရှိ လိုက်ပါလာအောင် လုပ်ဆောင်နိုင်မည်လော.....

ထို့ပြင် ထိုကြက်ပေါက်စလေးသည် နတ်ဆိုးသင်္ချိုင်းနယ်မြေ၏ နက်ရှိုင်းသောနေရာမှ အစောင့်အရှောက်ပင်။

တခြား တိရစ္ဆာန်ဆယ့်တစ်ကောင်ကရော...

သူတို့သည်လည်း အစောင့်အရှောက်နှင့် တူညီသောအဆင့်ရှိသည့် တည်ရှိမှုများ ဖြစ်နေကြသလော....

ယွဲ့ကျီသည် စဉ်းစားလေလေ ပို၍ထိတ်လန့်တုန်လှုပ်လေလေပင်။

နောက်ဆုံးတွင် ဤကိစ္စရပ်၏အမှန်တရားကို သူမ သိလိုက်ရပြီဟု ခံစားလိုက်ရသည်။

ကျုံးချင်သည် နတ်ဆိုးချီစွမ်းအင်များ ပျောက်ကွယ်သွားစေသည့် အရင်းအမြစ် ဖြစ်ကောင်းဖြစ်နိုင်သည်။

ရုတ်ချည်းဆိုသလိုပင် သူမ၏ဦးရေပြား ထုံကျဉ်သွားသည်။

သူမ၏စိတ်နှလုံးသားကို အကန့်အသတ်မဲ့သော ထိတ်လန့်တုန်လှုပ်မှုများက လုံးလုံးလျားလျား လွှမ်းခြုံသွားတော့သည်။

အကယ်၍ ထိုအတိုင်းသာ ဖြစ်ပါက တစ်ဖက်လူထံတွင် ကောင်းကင်ဘုံကို အာခံနိုင်သော နောက်ခံနှင့်စွမ်းအား ရှိနေရပေမည်။

ယွဲ့ကျီသည် ထိတ်လန့်တုန်လှုပ်နေပြီးနောက် ကြောက်ရွံ့မှု အကြွင်းအကျန်များကို ခံစားလိုက်ရသည်။

သူမသည် ကျုံးချင်နှင့်တွေ့ဆုံခဲ့သည့် ဖြစ်ရပ်ကို ပြန်လည်၍ အမှတ်ရလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုကာလအတွင်း သူမသည် သူ့ကို ပြစ်မှားခဲ့မိခြင်း မရှိချေ။ ထိုသို့မဟုတ်ပါက အနာဂတ်တွင် သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မည် မဟုတ်ပေ။

သို့သော် ဤမြင်ကွင်းက ကျုံးချင်အား သူမ၏ စိတ်နှလုံးသားထဲတွင် မထိပါးဝံ့သော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပေးလိုက်၏။

...

မိုးကောင်းကင်ထက်တွင် ကျုံးချင်သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့်အတူ ပျံသန်းနေသည်။ သူသည် ပိုင်လင်း၏တည်နေရာကို စနစ်အား မေးမြန်းလိုက်ပြီးနောက် နှောင့်နှေးခြင်းမရှိဘဲ ထိုနေရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။

တခြားတစ်ဖက်တွင်....

တောင်တန်းတစ်ခုအတွင်း၌....

မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးခြိမ်းသံများ မိုးကောင်းကင်အနှံ့အပြား၌ မြည်ဟီးနေသည်။

မုန်တိုင်းကြားတွင်....

ပိုင်လင်းသည် လှိုဏ်ဂူတစ်ဂူထဲ၌ ရှိနေပြီး ရတနာနှစ်ခုကို ငေးကြည့်ကာ တွေးတောနေမိသည်။

မီးပုံသည် တောက်လောင်နေပြီး သူမ၏ လှပသော်လည်း ရဲရင့်သော မျက်နှာပေါ်၌ အလင်းရောင်များ ထင်ဟပ်စေသည်။

သူမ၏ လှပသောမျက်ခုံးများ တွန့်ကွေးသွားပြီး ရွှေရောင် ဥဩငှက်ငယ်ကဲ့သို့ ကြည်လင်သော ရေရွတ်သံတစ်သံက လှိုဏ်ဂူထဲမှ ထွက်ပေါ်လာသည်။

"ဒါက တကယ့်ကို ထူးဆန်းတယ်... ဘာလို့ ငါက ဒီရက်ပိုင်း ရတနာတွေပဲ ကောက်ရနေတာလဲ..."

သူမ၏လက်ထဲရှိ ပစ္စည်းများမှာ ကောင်းကင်မိုးကြိုး အဆောင်လက်ဖွဲ့နှင့် မြေလျှိုးအဆောင်လက်ဖွဲ့တို့ပင်။

ကောင်းကင်မိုးကြိုး အဆောင်လက်ဖွဲ့သည် တစ်ကြိမ်သာ သုံးနိုင်သော မှော်ရတနာ ဖြစ်ပြီး အသက်သွင်းလိုက်သည်နှင့် ကောင်းကင်ဘုံမိုးကြိုး၏စွမ်းအားကို ဆင့်ခေါ်နိုင်သည်။

သူမ၏အမြင်အရ ဤအဆောင်လက်ဖွဲ့၏ အရည်အသွေးသည် ထူးခြားစွာ မြင့်မားနေသည်။ ထိုအရာသည် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ ထိုကဲ့သို့ အဆောင်လက်ဖွဲ့သည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး သေချာအသုံးပြုပါက အသက်တစ်ချောင်းကို ကယ်တင်ရန် လုံလောက်ကာ ဈေးကွက်တွင် ငွေပေး၍ ဝယ်မရနိုင်သော ရှားပါးရတနာပင်။

မြေလျှိုးအဆောင်လက်ဖွဲ့ အတွက်မူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။

ထိုအရာသည် သာမန်လူတစ်ဦးကို မြေအောက်တွင် မိုင်တစ်ထောင်အထိ ထွက်ပြေးခွင့် ပြုနိုင်သည်။

ဤသည်မှာ ထွက်ပြေးရန်အတွက် ရတနာကောင်းတစ်ခုပင်။

ပိုင်လင်းသည် ဤအဆောင်လက်ဖွဲ့နှစ်ခုကို ယနေ့၌ ကောက်ရခဲ့ခြင်းဖြစ်ကာ သူမအတွက် ထိုအရာတစ်ခုစီသည် ရှားပါးရတနာ ဖြစ်ပေ၏။

ထို့ပြင် ထိုကဲ့သို့ ဖြစ်နေသည်မှာ တစ်ရက်နှစ်ရက် မကတော့ချေ။

သူမ မြောက်ပိုင်းဒေသသို့ ခြေချမိချိန်ကတည်းက ကောင်းမွန်ပြီး ထူးခြားသော အရာတစ်ခုခုကို မကြာခဏ ရှာဖွေတွေ့ရှိနေသည့်အလားပင်။

ထိုအရာများသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ဘုရင်အဆင့် ဆေးဝါးကောင်းများ သို့မဟုတ် အမျိုးမျိုးသော ရှားပါးရတနာများ ဖြစ်နေတတ်သည်။

ထိုရတနာတစ်ခုချင်းစီသည် တန်ဖိုးမဖြတ်နိုင်ချေ။

ရိုးရိုးသားသား ပြောရလျှင် ပိုင်လင်းသည် ယခုအချိန်တွင် အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။

ပြင်ပလောကတွင် လူများက သူမအနေဖြင့် အစစ်အမှန် နတ်ဆိုးအမွေအနှစ်နယ်မြေသို့ အသက်ရှင်လျက် ရောက်ရှိရန်မှာ မဖြစ်နိုင်ဟု ပြောဆိုနေကြသည်။

ပိုင်လင်းကိုယ်တိုင်လည်း ဤအချက်ကို သူမ၏စိတ်ထဲတွင် ယုံကြည်လက်ခံထားသည်။ သူမ၏ယုံကြည်ချက်က ဤခရီးကို စတင်ရန် တွန်းအားပေးခဲ့သည်။ သို့သော် လမ်းတစ်လျှောက်တွင် အကျပ်အတည်းများကို မဆိုထားနှင့် အန္တရာယ် အရိပ်အယောင်ကိုပင် မကြုံတွေ့ခဲ့ရချေ။

မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူမှ လူများနှင့် တွေ့ဆုံရချိန်တွင်ပင် သူတို့သည် အသေးအဖွဲလူများသာ ဖြစ်ကြသည်။

သူတို့အနက်မှ အများစုသည် ကျိုးပဲ့ပြီး အားအင်ချည့်နဲ့သော အခြေအနေတွင်ပင် ရှိနေကြ၏။

ပိုင်လင်းသည် သူတို့ကို လှုပ်ရှားမှုအနည်းငယ်ဖြင့် ချက်ချင်းသတ်ဖြတ်နိုင်ခဲ့သည်။

ထိုလုပ်ငန်းစဉ်သည် အလွန်ရိုးရှင်းလွန်းသဖြင့် သူတို့သည် ဟာသလုပ်ရန် ရောက်လာသကဲ့သို့ပင် ပိုင်လင်း ခံစားခဲ့ရသည်။

သူမ စဉ်းစား၍ မရပေ....လုံးလုံးလျားလျား စဉ်းစား၍ မရနိုင်ချေ။

နောက်ဆုံးတွင် ပိုင်လင်းသည် မကြာသေးမီက ဖြစ်ရပ်များကို ကံတရားအဖြစ်သာ မှတ်ယူလိုက်တော့သည်။

ညဉ့်နက်လာကာ...

ပိုင်လင်းက သမ်းဝေလိုက်သည်။

လမ်းတလျှောက်တွင် သူမသည် မည်သည့် အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရသော်လည်း ရှေ့ခရီးသည် ရှည်လျားလှပြီး မနက်ဖြန်တွင် ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

သူမသည် လုံလောက်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ထိန်းသိမ်းထားရပေမည်။

အပြင်ဘက်တွင် ရွာသွန်းနေသော မိုးကို ကြည့်ရင်း ပိုင်လင်းက အိပ်စက်ရန် ဟန်ပြင်လိုက်၏။

"စာခြောက်ရုပ်ရေ... ကောင်းသောညပါ...မနက်ဖြန်လည်း ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်..."

ပိုင်လင်းသည် လက်ထဲရှိ ရတနာများကို သိမ်းဆည်းပြီး စာခြောက်ရုပ်ကို နှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင် စာခြောက်ရုပ်သည် ပိုင်လင်း၏ မျက်နှာချင်းဆိုင်တွင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။

သူတို့သည် အမှန်တကယ် စကားမပြောဖူးကြသော်လည်း....

ပိုင်လင်းသည် စာခြောက်ရုပ်ကို အထူးမိတ်ဆွေတစ်ဦးအဖြစ် အစဥ်အမြဲ ဆက်ဆံလေ့ရှိသည်။

ပိုင်လင်း အိပ်ပျော်သွားသည်နှင့်....

စာခြောက်ရုပ်၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးများတွင် မှိန်ဖျော့သော အလင်းတန်းတစ်တန်း လင်းလက်သွားသည်။

သူသည် ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။

နောက်ထပ်အချိန်တခဏတွင် သူ၏ပုံရိပ် လှုပ်ရှားသွားပြီး လှိုဏ်ဂူထဲမှ တိုက်ရိုက်ပြေးထွက်သွားတော့သည်။

ဤအချိန်၌ ဂူအပြင်ဘက် မိုင်အနည်းငယ်အကွာတွင်.....

လူအမြောက်အများ ထွက်ပေါ်လာခဲ့ကြသည်။ ဤလူများသည် မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူမှ လက်ရွေးစင်များနှင့် အဆင့်မြင့်အဖွဲ့ဝင်များ ဖြစ်ကြ၏။

အဖွဲ့တစ်ဖွဲ့တွင် လူဆယ်ဦး ပါဝင်သည်။

သူတို့ကို ဦးဆောင်သူမှာ ဆံပင်အနီရှိပြီး ဝတ်ရုံနီဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးပင်။

သူ၏နာမည်မှာ ချီဖုန်းဖြစ်ပြီး အနီရောင်နတ်ဆိုးသွေးမျိုးဆက်၏ သတ္တမအကြီးအကဲဖြစ်သည်။ သူ၏ကျင့်ကြံဆင့်သည် ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့်တွင်ရှိကာ သူ၏နောက်တွင် အနီရောင်နတ်ဆိုးသွေးမျိုးဆက်၏ လက်ရွေးစင်များ ရှိနေကြသည်။

သူတို့ကြားတွင် အနိမ့်ဆုံး ကျင့်ကြံဆင့်ရှိသူပင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိနေပေ၏။

မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူကို မြောက်ပိုင်းဒေသ၏ ထိပ်တန်းအင်အားစုအဖြစ် လူသိများကျော်ကြားခြင်းသည် ဤအချက်မှတဆင့် သိသာထင်ရှားနေသည်။

မျိုးနွယ်ခွဲတစ်ခုတည်းမှ ကျပန်းအဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ခြင်းသည်ပင် ပထမတန်းစား ဂိုဏ်းတချို့ကို ရှင်းလင်းပစ်ရန် လုံလောက်သည်။

"ဝုန်း..."

သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် လူဆယ်ဦးသည် လေထုထဲမှတစ်ဆင့် ရွေ့လျားလာကြသည်။

သူတို့သည် တောင်တန်းများ၏အထက်တွင် ပျံသန်းလာကြ၏။

"အဘိုး... ဒီပိုင်လင်းဆိုတဲ့ မိန်းကလေးက ထူးခြားပြီး ရှေးဟောင်းသွေးမျိုးဆက် ရှိတယ် ဆိုပေမယ့်...သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားက အပြည့်အဝ အသက်မဝင်သေးဘူးလေ... ဘာလို့ ကျွန်တော်တို့ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူကို ဒီလောက်ထိ အကြီးအကျယ် ဆုံးရှုံးစေရတာလဲ..."

ချီဖုန်း၏ရှေ့တွင်ရှိနေပြီး သူနှင့် မျက်နှာသွင်ပြင် သုံးပုံတစ်ပုံခန့် တူညီသော လူငယ်တစ်ဦးက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။

သူ ဤသို့ မေးမြန်းသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။

ပိုင်လင်း မြောက်ပိုင်းဒေသသို့ ခြေချလိုက်စဥ်ကတည်းက မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူသည် သူမကို လျှင်မြန်စွာဖယ်ရှားရန် လူများကို စီစဉ်ခဲ့သည်။

သို့သော် လူခုနစ်သုတ် ရှစ်သုတ်ခန့် စေလွှတ်ခဲ့သည့်တိုင် အသုတ်တိုင်းသည် အသွားသာရှိပြီး အပြန်မရှိခဲ့ကြချေ။

ပိုင်လင်းကို လိုက်လံဖမ်းဆီးရန် လာသော လူများအားလုံး အမြစ်ပြတ် ချေမှုန်းခြင်း ခံခဲ့ရကာ သူတို့၏ စိတ်ဝိညာဉ်ကျောက်ပြားများ တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားကြသည်။

ယနေ့အထိ ပိုင်လင်းကြောင့် ထိပ်သီးကျင့်ကြံသူ တစ်ရာနီးပါး သေဆုံးသွားခဲ့လေပြီ။

ထိုလူများအနက် ဆယ်နှင့်ချီသောလူများမှာ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူများပင်။

ဤကဲ့သို့သော ဆုံးရှုံးမှုနှုန်းကြောင့် မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူပင် ငြိမ်မနေနိုင်တော့ချေ။

ဤတစ်ကြိမ်တွင် မျိုးနွယ်ခွဲလေးခုမှ အဆင့်မြင့်ခေါင်းဆောင်များသည် သူတို့၏လူများကို ဦးဆောင်ရန် အကြီးအကဲတစ်ဦးစီ စေလွှတ်ခဲ့ကြသည်။

သူတို့သည် အစွမ်းထက်သော ရတနာများကို ယူဆောင်လာကြပြီး သူမကို ပြန်လည်ခုခံရန် အခွင့်အရေး မပေးဘဲ တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ထားကြ၏။

ချီဖုန်းက သူ့ရှေ့ရှိ မြေးဖြစ်သူကိုကြည့်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"သူ့ရဲ့စွမ်းအားနဲ့ဆိုရင် ငါတို့ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူကို ယှဉ်ပြိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

"ငါ မမှားဘူးဆိုရင် သူ့ရဲ့နောက်မှာ ကာကွယ်ပေးနေတဲ့ ဆရာကြီးတစ်ယောက် ရှိနေရမယ်..."

ချီဖုန်း၏မြေးဖြစ်သူမှာ ချီယွီ ဖြစ်ပြီး သူသည် အနီရောင်နတ်ဆိုးသွေးမျိုးဆက်၏ နာမည်ကျော်ကြားသော ပါရမီရှင်တစ်ဦးပင်။

သူသည် အသက်လေးဆယ်သာ ရှိသေးသော်လည်း ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။

အသက်လေးဆယ်အရွယ် ဆိုသည်ကို အသက်ကြီးနေပြီဟု တွေးထင်ခြင်း မရှိချေ။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် သက်တမ်းသုံးထောင်အထိ အသက်ရှည်နိုင်သော ကျင့်ကြံခြင်း ခေတ်ကာလတွင်....

သူ၏အသက်သည် ရယ်စရာကောင်းလောက်အောင် ငယ်ရွယ်နေသေးသည်။

သူ၏ ပါရမီသည် အလွန်ထူးချွန်လှသဖြင့် မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်သီးဆယ်ဦးစာရင်း၌ ဝင်နိုင်သည်။

ချီယွီ၏အရည်အချင်းသည် ချီဖုန်းအတွက် ဂုဏ်ယူဝံ့ကြွားစရာ ကိစ္စတစ်ခု အစဥ်အမြဲဖြစ်ခဲ့သည်။

သူ၏မြေးသည် အနာဂတ်တွင် သူ့ထက် ပို၍ကြီးကျယ်ခမ်းနားသော အရာများကို သေချာပေါက် အောင်မြင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ထိုကြောင့် ချီဖုန်းသည် ချီယွီကို ပုံမှန်ထက် ပြင်းထန်သော ကျင့်ကြံမှုနည်းလမ်းများ ပေးရုံသာမက ဤတစ်ကြိမ်တွင် သူ၏အတွေ့အကြုံနှင့် ဗဟုသုတများ ကျယ်ပြန့်လာစေရန် တာဝန်ထမ်းဆောင်ရာ၌ သူ့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ပိုင်လင်း၏နောက်ကွယ်တွင် ကူညီပေးနေသော ဆရာကြီးတစ်ဦး ရှိနိုင်သည်ဟု သူ၏အဘိုး ပြောသည်ကို ချီယွီ ကြားလိုက်ချိန်၌ သူ ကြက်သေသေသွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။

"မြောက်ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်ရင် ကျွန်တော်တို့ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူရဲ့ ဂုဏ်သတင်းက တစ်နေ့တခြား ကြီးထွားလာနေတာ..."

"ဒီအချိန်မှာ သူကြောင့်နဲ့ ဘယ်သူကများ ကျွန်တော်တို့ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူကို ရန်သူအဖြစ် ဆက်ဆံရဲမှာလဲ..."

အနီရောင်နတ်ဆိုးသွေးမျိုးဆက်၏ သတ္တမအကြီးအကဲ ချီဖုန်းက ခေါင်းခါယမ်းလိုက်သည်။

"ဒီလောကမှာ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ လူမိုက်တွေ အမြဲရှိတတ်တယ်...ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာ ငါက အနီရောင်နတ်ဆိုးသွေးမျိုးဆက်ရဲ့ အထွတ်အထိပ်ရတနာဖြစ်တဲ့ ထျန်းလော်မြေပိုက်ကွန်ကို ယူလာခဲ့တယ်..."

"ငါတို့ ဆယ်ယောက်က ထျန်းလော်မြေပိုက်ကွန်ဝင်္ကပါကို ဖွဲ့စည်းလိုက်ရင် ပြိုင်ဘက်က ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင်မှ ဒုက္ခသိပ်ပေးနိုင်မှာ မဟုတ်ဘူး..."

"ငါတို့ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူကို ဆန့်ကျင်တဲ့သူတွေက သူတို့ရဲ့ သေဆုံးမှုနဲ့ စိတ်ဝိညာဉ် ပျက်စီးမှုတို့အတွက် ပြင်ဆင်ထားရမယ်..."

သတ္တမအကြီးအကဲက လွှမ်းမိုးချုပ်ကိုင်နိုင်သော လေသံဖြင့် ပြောဆိုသည်။

ထို့နောက် သူသည် မောက်မာထောင်လွှားစွာဖြင့် သူ၏ခေါင်းကိုမော့၍ မိုးကောင်းကင်ယံကို ကြည့်လိုက်သည်။

သူ၏အမူအယာက သူ၏ပတ်ဝန်းကျင်ရှိ လူများအားလုံးကို သွေးများဆူပွက်လာစေသည်။

ဤသည်မှာ သူတို့ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူ၏ မောက်မာထောင်လွှားမှုပင်။

ပြိုင်ဘက်သည် မည်သူမည်ဝါ ဖြစ်နေပါစေ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူ၏ဆန္ဒကို နှောင့်ယှက်ရဲလျှင် သေဆုံးခြင်းနှင့်စိတ်ဝိညာဉ် ပျက်စီးခြင်းအတွက် ပြင်ဆင်ထားရပေမည်။

သို့သော် သူ၏ စကားဆုံးသွားသည်နှင့်...

သတ္တမမြောက်အကြီးအကဲ၏ခေါင်းသည် အနည်းငယ်မော့ထားဆဲ ဖြစ်ပြီး ဤမာန်မာနပြသခြင်းကို ပို၍ပြည့်စုံစေရန် သူ၏ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်သည်။

စာခြောက်ရုပ်၏ပုံရိပ်သည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပေ၏။

ထို့နောက် သူ၏တံစဉ်ကို ဝှေ့ယမ်းလိုက်ပြီး မမြင်နိုင်သော အမြန်နှုန်းဖြင့် ချီဖုန်း၏ခေါင်းကို ဖြတ်တောက်လိုက်သည်။

နောက်ထပ်အချိန်တခဏတွင်....

သူ၏ခန္ဓာကိုယ်သည် မတ်မတ်ရပ်နေရာမှ တောင့်တင်းသွားတော့သည်။

လူများအားလုံးသည် သူတို့၏ချီးကျူးစကားများကို ပြောဆိုရန် ဟန်ပြင်နေကြစဉ်မှာပင်...

ချီဖုန်း၏ခေါင်းသည် မိုးကောင်းကင်ယံသို့ မြောက်တက်သွားတော့သည်။

သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာပြီး လူများအားလုံး၏မျက်နှာများကို သွေးများဖြင့် စိုရွှဲသွားစေသည်။

ဤအပြောင်းအလဲက ရုတ်တရက်ဆန်လွန်းလှကာ....

ရုတ်တရက်ဆန်လွန်းသဖြင့် မည်သူမျှ ပြင်ဆင်မထားခဲ့ကြပေ။

သတ္တမအကြီးအကဲ၏ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားမှသာ သူတို့သည် နောက်ဆုံးတွင် တုံ့ပြန်နိုင်ခဲ့ကြ၏။

ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော သတ္တမအကြီးအကဲသည် ဤအတိုင်း ပျောက်ကွယ်သွားခဲ့လေပြီ။

****Note စာခြောက်ရုပ်ရဲ့ကောက်ရိတ်ဓားနေရာမှာ တံစဥ်ပြောင်းသုံးထားပါတယ်...

All Chapters