ကိုယ်ပိုင် စုဆောင်းမှု
Vol. 23 Ch. 227
အချိန်တခဏအတွင်းမှာပင် လူများအားလုံး ထိတ်လန့်တကြား ဖြစ်သွားကြ၏။
သူတို့သည် ထိတ်လန့်တုန်လှုပ်ခြင်း ဒေါသထွက်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို တပြိုင်နက်တည်း ခံစားနေကြရသည်။
သူတို့ စကားပြောဆိုနေကြရင်း အချိန်တခဏအတွင်းမှာပင် လူတစ်ယောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သေဆုံးသွားသူမှာ သူတို့ကြားတွင် အသန်မာဆုံးလူ ဖြစ်နေပေ၏။
ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ လူသတ်သမားသည် မည်သူဖြစ်သနည်းဆိုသည်ကို သူတို့ ရှာမတွေ့နိုင်ခြင်းပင်။
ဤတာဝန်သည် အနည်းငယ် ခက်ခဲလိမ့်မည်ကို သူတို့ သိထားကြသည်။ အကြောင်းအရင်းမှာ ယခင်က ပိုင်လင်းကို လိုက်လံဖမ်းဆီးရန် လာခဲ့သူတိုင်း ပျောက်ဆုံးသွားခဲ့ကြသောကြောင့်ပင်။
သို့သော် ယေဘုယျအားဖြင့် သူတို့ထံတွင် ယုံကြည်မှုတချို့ ရှိနေသေးသည်။ အဓိကအားဖြင့် ဤအဖွဲ့၏ခေါင်းဆောင်မှာ သတ္တမအကြီးအကဲ ဖြစ်နေသောကြောင့်ပင်။
သူ၏ကျင့်ကြံဆင့်သည် အစွမ်းထက်ရုံသာမက သူ၏လက်ထဲရှိ အထွတ်အထိပ်ရတနာသည်လည်း ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်နိုင်သည်။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသည့် လူအင်အားနှင့် သူတို့ ရှုံးနိမ့်သွားမည်ဟု မည်သူမျှ တွေးထင်မထားခဲ့ကြချေ။
သို့သော် အဖွဲ့ထဲရှိ အစွမ်းထက်ဆုံး ကျင့်ကြံသူသည် ရန်သူကိုပင် မမြင်ရသေးဘဲ သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။ သတ္တမအကြီးအကဲသည် အလွန်သန့်ရှင်းသပ်ရပ်စွာနှင့်ပြတ်သားစွာ သေဆုံးသွားခဲ့ခြင်းပင်။
"အဘိုး..."
ချီယွီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများ နီမြန်းနေပေ၏။
သူ၏နှလုံးသားမှ သွေးယိုစီးနေသကဲ့သို့ သူ ခံစားနေရသည်။ အတိတ်က အဘိုးဖြစ်သူ၏ လေးနက်သော သွန်သင်ဆုံးမမှုများကို သူ ပြန်လည်၍ သတိရမိသည်။ သူ မည်သည်ကြောင့် နှလုံးကွဲကြေခြင်းမရှိဘဲ နေနိုင်မည်နည်း။
လူများအားလုံး ချီယွီ၏ခံစားချက်ကို နားလည်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤမြေးအဘိုးကြားက ဆက်ဆံရေးမှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးတွင် နာမည်ကျော်ကြားပေသည်။ အကယ်၍ သူတို့သာ ဖြစ်ပါက ချီယွီထက်ပင် ပို၍ဝမ်းနည်းကြေကွဲနေနိုင်သည်။ သူတို့သည် သူတို့၏ခေါင်းဆောင်ဖြစ်သော ထိပ်သီးကျင့်ကြံသူတစ်ဦးကိုသာ ဆုံးရှုံးလိုက်ရခြင်း ဖြစ်သော်လည်း ချီယွီကမူ သူ၏အဘိုးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်သည် သူတို့ ဝမ်းနည်းပူဆွေးနေရမည့်အချိန် မဟုတ်ကြောင်း ထင်ရှားပေ၏။
"ချီယွီ... အခုက ဝမ်းနည်းနေရမယ့်အချိန် မဟုတ်ဘူး... ရန်သူရဲ့စွမ်းအားက ငါတို့ တွေးထင်ထားတာထက် ကျော်လွန်နေတယ်..."
"အခု အရေးတကြီး လုပ်ရမယ့်အလုပ်က ငါတို့ အမြန်ဆုံး ထွက်ပြေးဖို့ပဲ..."
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သတိဝီရိယအပြည့်ဖြင့် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
ချီဖုန်း၏သေဆုံးမှုက သူတို့၏ အစီအစဉ်များကို ဖျက်ဆီးလိုက်သည့်အပြင် ခုခံရန် သတ္တိများကိုလည်း ဆုံးရှုံးသွားစေသည်။ သူတို့သည် မုဆိုးဘဝမှ သားကောင်ဘဝသို့ ပြောင်းလဲသွားပြီဟု ခံစားမိပေ၏။
ဤအချိန်တွင် မည်သို့ ထွက်ပြေးရမည်နည်း ဆိုသည်မှာ သူတို့၏ အရေးပေါ်ဦးစားပေးကိစ္စ ဖြစ်လာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမည်မှာ ဝမ်ထျန်းချန် ဖြစ်ပြီး သူသည် အနီရောင်နတ်ဆိုးမျိုးဆက်မှ လာသူပင်။ ဤခရီးစဉ်တွင် သူသည် ချီဖုန်းကို လေးစားသော်လည်း နှစ်ဖက်လုံးတွင် တိုက်ရိုက်ပတ်သက်မှု မရှိချေ။ သူသည် ပါရမီရှင်တစ်ဦးဖြစ်သော ချီယွီ ဤနေရာတွင် သေဆုံးသွားမည်ကို မကြည့်ရက်နိုင်ရုံသာ ဖြစ်ပေ၏။
ဝမ်ထျန်းချန် စကားပြောဆိုလိုက်သည်နှင့် ချီယွီသည် သူ၏စိတ်အခြေအနေကို အလျင်အမြန် ပြင်ဆင်လိုက်သည်။
"ဦးလေးဝမ်... ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး..."
သူ့ထံတွင် ဖြောင့်မတ်ပြီး ဒေါသထွက်သော အမူအယာ ရှိနေသည်။
"အဘိုးအတွက် လက်တုံ့မပြန်ဘဲ မနေနိုင်ဘူး..."
ဤအရာကို မြင်တွေ့ချိန်၌ ဝမ်ထျန်းချန်သည် ကလဲ့စားချေလိုသော ချီယွီ၏ဆုံးဖြတ်ချက်ကို သံသယမဝင်တော့ချေ။ သူသည် နောက်တစ်ကြိမ် ထပ်မံ ဖျောင်းဖျရန် ပြင်လိုက်စဉ် ချီယွီက ဆက်လက်၍ ပြောဆိုသည်ကို သူ ကြားလိုက်ရပေ၏။
"ဒါပေမဲ့ အခုလက်ရှိ ကျွန်တော့်ရဲ့စွမ်းအားက နိမ့်ကျနေတယ်... ကျွန်တော် ဘာလုပ်နိုင်မှာလဲ...ကျွန်တော် ပြန်သွားပြီး နှစ်တစ်ထောင်လောက် တံခါးပိတ် ကျင့်ကြံလိုက်မယ်... ပြီးမှ အဘိုးအတွက် ကလဲ့စားပြန်ချေပေးမယ်..."
ထိုစကားကိုပြောဆိုရင်း သူသည် မိုးကောင်းကင်ယံသို့ ပျံသန်းသွားလေပြီ။ သူ၏ ထွက်ပြေးနှုန်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်လှသည်။
ဝမ်ထျန်းချန်သည် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။ တခြားသူများ၏မျက်နှာထားများသည်လည်း ရှုံ့မဲ့နေကြ၏။
ချီယွီ၏လုပ်ရပ်မှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သူတို့ သိထားကြသော်လည်း တစ်နည်းနည်းဖြင့် ထူးဆန်းနေသည်ဟု ခံစားရသည်။ ချစ်မြတ်နိုးရသူတစ်ဦး၏ ကြေကွဲဖွယ် သေဆုံးမှုကို သူ၏လက်ခံနိုင်စွမ်းက ကောင်းလွန်းနေသည် မဟုတ်လော။
မည်သို့ပင်ဆိုစေကာမူ ချီယွီ၏ထွက်ပြေးမှုက သူတို့ကို အချက်ပြလိုက်သကဲ့သို့ ဖြစ်သွားသည်။ မြေးဖြစ်သူကပင် အဘိုးဖြစ်သူ၏ အလောင်းကို စွန့်ပစ်ခဲ့သေးသည် မဟုတ်လော။ ထိုကြောင့် သူတို့သည်လည်း မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ မရှိဘဲ ထွက်ပြေးနိုင်သည်။
ထိုအချိန်မှာပင်...
ပေပေါင်းများစွာအကွာသို့ ထွက်ပြေးသွားပြီးဖြစ်သော ချီယွီ၏ခန္ဓာကိုယ်သည် ရှေ့သို့အရှိန်ပြင်းပြင်းဖြင့် ထွက်ပြေးနေသော်လည်း သူ၏ ဦးခေါင်းမှာမူ နောက်သို့ပြုတ်ကျသွားခဲ့သည်။
ဤအဖြစ်အပျက်မှာ အလွန်လျှင်မြန်သည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသော စာခြောက်ရုပ်က ထပ်မံ၍ တိုက်ခိုက်လိုက်ပြီး ချီယွီ၏ဦးခေါင်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်မှာ သိသာထင်ရှားသည်။
ဤဖြစ်စဉ် တစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခဲ့သည်။ ဤကိစ္စသည် အလွန်မြန်ဆန်လွန်းသဖြင့် မည်သူမှ တိုက်ခိုက်လိုက်သည်ကိုပင် သူတို့ မမြင်လိုက်ရချေ။
ဤမြင်ကွင်းက သူတို့၏ အာရုံကြောများကို ပြင်းပြင်းထန်ထန် လှုံ့ဆော်လိုက်သည်။ အကယ်၍ ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့်တွင် ရှိသော သတ္တမအကြီးအကဲ၏ ရုတ်တရက် သေဆုံးမှုက အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ဆိုပါက ယခုအချိန်တွင် ရန်သူသည် သူတို့၏မျက်စိရှေ့တွင် ဝင်ရောက်၍ စီးနင်းတိုက်ခိုက်လိုက်ခြင်း ပင်။
သို့သော် ထိုသို့ဆိုသည့်တိုင် သူတို့သည် ရန်သူက မည်သို့ တိုက်ခိုက်လိုက်သည်ကို မမြင်နိုင်ကြသေးချေ။
"ဒါက ဘယ်လို သရဲတစ္ဆေမျိုးလဲ..."
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ကြောက်ရွံ့မှုကြောင့် သူ၏မျက်နှာ ဖြူဖျော့နေပေ၏။
ဤအချိန်တွင် သူတို့သည် ယခင်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ မည်မျှထိ လူအမြောက်အများ စေလွှတ်ခဲ့ပါစေ အမြဲတစေ သုတ်သင်ခံရသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည်သွားကြသည်။ ပြိုင်ဘက်၏ ဖမ်းဆုပ်ရခက်သော နည်းလမ်းများကြောင့် သူတို့သည် သူ မည်သို့ တိုက်ခိုက်သည်ကိုပင် မမြင်နိုင်ကြချေ။
ဤသို့ဆိုလျှင် သူတို့သည် မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်ရမည်နည်း..
"ပြေးကြတော့..."
ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာကာ လူများအားလုံး လူစုခွဲပြီး ထွက်ပြေးသွားကြသည်။
သို့သော် စာခြောက်ရုပ်၏ပုံရိပ်သည် သရဲတစ္ဆေတစ်ကောင်အလား လေဟာနယ်ကို ဖြတ်သန်းသွားသည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် လူစုခွဲ၍ထွက်ပြေးသူများအားလုံး သူ၏ခေါင်းဖြတ်သတ်ခြင်းကို တစ်ယောက်ပြီးတစ်ယောက် ခံလိုက်ကြရသည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် ချောမွေ့နေသည်။ 'မင်း ငါ့ကို တစ်ချက်ရိုက်ရင် ငါ မင်းကို တစ်ချက်ပြန်ရိုက်မယ်' ဆိုသော တိုက်ခိုက်ရေးမြင်ကွင်းမျိုး မရှိချေ။
ဤသည်မှာ လုံးလုံးလျားလျား တစ်ဖက်သတ် သတ်ဖြတ်ပွဲတစ်ပွဲပင်။
မကြာမီ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။ အခင်းဖြစ်ပွားရာနေရာတွင် စာခြောက်ရုပ်မှလွဲ၍ တခြားမည်သည့် သက်ရှိသတ္တဝါမျှ မကျန်တော့ချေ။
သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် စာခြောက်ရုပ်သည် စိတ်ဝိညာဉ်များကို အေးအေးလူလူ ရိတ်သိမ်းနေပြီး အလောင်းများထံမှ ရတနာများကိုလည်း သိမ်းယူနေသည်။ အရာအားလုံး ပြီးဆုံးသွားချိန်၌ သူ၏ မျက်လုံးများက အခြားတစ်ဖက်သို့ ကြည့်လိုက်၏။
ထိုနေရာသည် နောက်ထပ် သတ်ဖြတ်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤတစ်ကြိမ်တွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် အဖွဲ့လေးဖွဲ့ စေလွှတ်ခဲ့သည်။ ထိုအဖွဲ့တစ်ဖွဲ့စီတွင် အလွန်အစွမ်းထက်သော လူအင်အားပါဝင်သည်။ သူတို့သည် အရပ်မျက်နှာအဘက်ဘက်မှ ဝိုင်းရံထားကြပြီး ပိုင်လင်းကို အသက်ရှင်ခွင့်မပေးဘဲ လျှင်မြန်စွာ သတ်ဖြတ်ရန် ရည်ရွယ်ထားကြသည်။
ယနေ့ညသည် လူအများအတွက် အိပ်မပျော်သော ညတစ်ည ဖြစ်လာရန် ကံပါလာသည်။
စာခြောက်ရုပ်၏ပုံရိပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ ရွေ့လျားသွားပြီး အသက်တစ်ချောင်းပြီးတစ်ချောင်း ရိတ်သိမ်းနေပေ၏။ သူ၏လက်ထဲတွင် တစ်စုံတစ်ယောက်သည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ဖြစ်စေ ယင်သုံးပါးနယ်ပယ် ပထမအဆင့် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ပင်ဖြစ်စေ... မည်သူမျှ သူ၏တံစဉ်အောက်မှ မလွတ်မြောက်နိုင်ကြချေ။
သူ၏တံစဉ်ကို ဝှေ့ယမ်းလိုက်တိုင်း အသက်တစ်ချောင်းကို ယူဆောင်သွားလေ့ရှိသည်။ သတ်ဖြတ်ခြင်း ဝိညာဉ်ရိတ်သိမ်းခြင်းနှင့် အလောင်းများထံမှ ရတနာများ လုယူခြင်းတို့ကို သူသည် တစ်ဆက်တည်း ပြုလုပ်သွားပေ၏။ သူ၏ကျွမ်းကျင်မှုမှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။
မိုးများ ရွာသွန်းနေဆဲဖြစ်သော်လည်း ဂိုဏ်းခွဲလေးခုမှ စေလွှတ်လိုက်သော လူများကမူ တောင်တန်းများထဲတွင် ထာဝရ မြှုပ်နှံခံလိုက်ရလေပြီ။
စာခြောက်ရုပ်၏ မကောင်းဆိုးဝါးဆန်သော မျက်နှာသည် ဘယ်ညာလှည့်ကြည့်နေ၏။ နက်ရှိုင်းပြီး ထိတ်လန့်ဖွယ်ကောင်းသော သူ၏ မျက်လုံးများသည် မိုင်ပေါင်းများစွာအတွင်းရှိ အခြေအနေကို စစ်ဆေးနေပြီး ယနေ့ညအတွက် နောက်ထပ် ရန်သူ မရှိတော့ကြောင်း အတည်ပြုပြီးမှသာ သူ၏တံစဉ်ကိုထမ်းပြီး မိုးရေထဲတွင် ယိမ်းထိုး၍ လမ်းလျှောက်သွားတော့သည်။ သူသည် လမ်းလျှောက်ရင်း သိုလှောင်အိတ်များကို စစ်ဆေးကာ ယနေ့ညအတွက် သူ၏အကျိုးအမြတ်များကို စာရင်းပြုစုရန်လည်း မမေ့ချေ။
သူသည် သိုလှောင်အိတ်တစ်ခုကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ပြီး ပါဝင်သော ပစ္စည်းများကို ဖြန့်ကြည့်လိုက်သည်။
ဘုရင်အဆင့် လက်နက်တစ်ခုကို တွေ့ရှိသော်လည်း သူသည် တစ်ချက်ကလေးမျှပင် မကြည့်ဘဲ ကောင်းကင်ယံသို့ လွှင့်ပစ်လိုက်၏။ ဘုရင်အဆင့်ဆေးလုံးကိုလည်း သူ လွှင့်ပစ်လိုက်သည်။ အဆင့်တက်ဆေးလုံးမှာလည်း သူ့အတွက် အသုံးမဝင်သဖြင့် လွှင့်ပစ်လိုက်သည်။
ထိုကဲ့သို့သော ပစ္စည်းအမျိုးအမည် မသိရအောင် လွှင့်ပစ်ပြီးနောက် ပစ္စည်းတစ်ခု၏ ပုံပန်းသဏ္ဌာန်က သူ၏မျက်လုံးများကို ချက်ချင်းတောက်ပသွားစေသည်။
ဤသည်မှာ ရွှေရောင် တောက်ပနေသော ရွှေဒင်္ဂါးပြားတစ်ပြားပင်။
ရွှေဒင်္ဂါးပြား သူ၏လက်ထဲသို့ ရောက်လာသည်နှင့် စာခြောက်ရုပ်သည် ထိုအရာကို ပါးစပ်နားသို့ ယူလာပြီး ညင်သာစွာ မှုတ်လိုက်၏။
"ချလွင်..."
ရွှေဒင်္ဂါးပြား၏ တိုးညှင်းသောမြည်သံကို နားထောင်ရင်း စာခြောက်ရုပ်၏ပါးစပ်သည် နားရွက်အထိရောက်အောင် ရယ်ပြုံးသွားသည်။ ထို့နောက် သူသည် ရွှေဒင်္ဂါးပြားကို တခြားသိုလှောင်အိတ်တစ်လုံးထဲသို့ ထည့်လိုက်၏။
ဤသိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားသမျှအရာအားလုံးမှာ ရွှေဒင်္ဂါးပြားများသာ ဖြစ်သည်။ ထိုအရာများသည် ရွှေရောင် တောက်ပနေပြီး ရွှေတောင်လေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ထူးခြားသည်မှာ... ဤသည်က သူ၏ ကိုယ်ပိုင် စုဆောင်းမှုများထဲမှတစ်ခု ဖြစ်နေခြင်းပင်...။