← Chapters

ဘယ်သူလဲ

Vol. 23 Ch. 228

ဘယ်သူလဲ

Vol. 23 Ch. 228

နောက်တစ်နေ့ နံနက်တွင်...

ပိုင်လင်းသည် လှိုဏ်ဂူထဲ၌ နိုးထလာခဲ့ပေ၏။

ပထမဆုံး သူမ မြင်လိုက်ရသည့်အရာမှာ စာခြောက်ရုပ်က သူမ၏နံဘေးတွင် စောင့်ကြပ်နေခြင်းပင်။

ဤအရာက သူမ၏နှုတ်ခမ်းများကို အလိုအလျောက် ပြုံးမိသွားစေသည်။

စာခြောက်ရုပ်သည် စကားမပြောနိုင်သော်လည်း နေ့စဉ် မိုးရွာရွာ နေပူပူ သူမကို စောင့်ရှောက်ပေးခဲ့သည်။

သူမ၏စိတ်နှလုံးသားထဲတွင် သူသည် အရေးပါသော မိတ်ဆွေတစ်ဦးအဆင့်သို့ ရောက်ရှိနေလေပြီ။

သူမသည် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။

"အချိန်လင့်နေပြီ... ငါတို့ ခရီးဆက်ကြစို့..."

ရိုးရှင်းစွာ ပြင်ဆင်ပြီးနောက် သူတို့နှစ်ဦးသည်လှိုဏ်ဂူထဲမှ တန်းတန်းမတ်မတ် ထွက်ခွာလာခဲ့ကြသည်။

ပိုင်လင်းက ရှေ့မှသွားပြီး စာခြောက်ရုပ်က သူမ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာပေ၏။

မိုင်ဝက်ခန့် လမ်းလျှောက်ပြီးနောက်...

ပိုင်လင်း၏အကြည့်များ ရုတ်တရက် တောင့်တင်းသွားသည်။

သူမ၏အာရုံခံနိုင်စွမ်းအရ သူမ၏ရှေ့မလှမ်းမကမ်းတွင် ရတနာအလင်းရောင်တစ်ခု တောက်ပနေပေ၏။ သူမသည် ထိုတောက်ပသော အလင်းရောင်နှင့် စိမ်းသက်မနေချေ။

အကြောင်းအရင်းမှာ အဆင့်တစ်ခုသို့ ရောက်ရှိသော မည်သည့်ရတနာမဆို နေရာတွင် ဤအတိုင်း ထားရှိလျှင်ပင် စွမ်းအင်လှုပ်ခတ်မှုလှိုင်းများနှင့်အလင်းတန်းများကို ထုတ်လွှင့်နိုင်သောကြောင့်ပင်။

ဤကာလအတွင်း သူမသည် ထိုကဲ့သို့ မြင်ကွင်းမျိုးကို တစ်ကြိမ် နှစ်ကြိမ်မက ကြုံတွေ့ခဲ့ဖူးသည်။

သူမသည် ရတနာအလင်းရောင် ထွက်ပေါ်လာသော နေရာသို့ သွားလိုက်၏။ မြေပြင်ပေါ်တွင် အလံငယ်တစ်ခုက ငြိမ်သက်စွာ လဲလျောင်းနေသည်။

ဤသည်မှာ ဒြပ်စင်ငါးပါး အလံများအနက်မှ 'ရေအလံ'ဖြစ်ပြီး စစ်မှန်သော ဘုရင်အဆင့် လက်နက်တစ်ခုပင်။

ပိုင်လင်းသည် ထိုရတနာကို ကောက်ယူလိုက်ပြီး သူမ၏မျက်နှာအမူအယာသည် အနည်းငယ် ထူးဆန်းနေပေ၏။

ဤသည်က သူမ ရတနာကို ကောက်ရဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။

အဓိကအချက်မှာ အကြိမ်တိုင်းတွင် သူမ တွေ့ရှိသော ရတနာ၏အဆင့်အတန်းမှာ မနိမ့်ကျခြင်းပင်။

"တကယ်တမ်းကျ ဘာတွေ ဖြစ်နေတာလဲ..."

ပိုင်လင်းသည် မိုးကောင်းကင်ယံကို တွေဝေမိန်းမောစွာ မော့ကြည့်လိုက်မိသည်။

ဤသည်မှာ တစ်ကြိမ် နှစ်ကြိမ် ဖြစ်ပါက ကံကောင်းခြင်းကြောင့်ဟု ဖြေရှင်းနိုင်သော်လည်း ဤကာလအတွင်း သူမ ကောက်ရသော ရတနာများမှာ သိုလှောင်အိတ်တစ်ခု ပြည့်လုနီးပါး ရှိနေလေပြီ။

ဤအရာကို ကံကောင်းခြင်းသက်သက်ဖြင့် ရှင်းပြ၍ မရနိုင်တော့ချေ။

သို့သော် သူမ မည်မျှထိ ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း ဤအရာအားလုံးကို စာခြောက်ရုပ်က ပစ်ချထားခဲ့သည် ဆိုသည်ကို တွေးတောမိမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ရတနာများ ရှာဖွေတွေ့ရှိခြင်းမှာ သူမအတွက် ပျော်စရာကောင်းသော ကိစ္စတစ်ခုသာ ဖြစ်သည်။

ပိုင်လင်းသည် သူမ၏စိတ်ထဲမှ သံသယများကို အလျင်အမြန် ဖိနှိပ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ပထမဆုံးအကြိမ်မှ မဟုတ်တော့ချေ။

သူမသည် စာခြောက်ရုပ်ကို ခေါ်ဆောင်ပြီး သူတို့၏ ဦးတည်ထားသောနေရာသို့ ဆက်လက်၍ ထွက်ခွာလာခဲ့သည်။

မိုးကောင်းကင်မှ ပျံသန်းခြင်းက လူအများ၏အာရုံစိုက်မှုကို အလွန်အမင်း ဆွဲဆောင်နိုင်မည်အား စိုးရိမ်သဖြင့် ပိုင်လင်းနှင့် စာခြောက်ရုပ်သည် သူတို့၏ကျင့်ကြံခြင်းကို ဖုံးကွယ်ပြီး ခြေလျင်ခရီးနှင်ခဲ့ကြ၏။

ကျယ်ပြောလှသော တောင်တန်းကြီးများကြားတွင် နှင်းပွင့်များ ပျံလွင့်နေပြီး အေးစက်သော လေပြင်းများ တိုက်ခတ်နေသည်။

သူတို့နှစ်ဦးသည် တောင်များနှင့်မြစ်များကို ဖြတ်ကျော်ကာ တောင်ထိပ်များကို တက်ရောက်ပြီး ကျောက်ဆောင်များကို ကျော်ဖြတ်ခဲ့ကြသည်။

သူတို့၏အရှိန်နှုန်းမှာ မနှေးကွေးချေ။

သို့သော် လေပြင်းနှင့်နှင်းမုန်တိုင်းကြားတွင် သူမ၏ကျော့ရှင်းသော ပုံရိပ်မှာ အနည်းငယ် အားနည်းနေပုံရသည်။

ပိုင်လင်း၏ကျင့်ကြံဆင့်သည် အားနည်းခြင်း မရှိသော်လည်း ဤမြေပြင်အနေအထားမှာ အနည်းငယ် ထူးခြားနေပေ၏။

တောင်တန်းများထဲရှိ အပူချိန်နိမ့်ကျမှုက သူမကို အရိုးခိုက်အောင် အေးစက်မှုအား ပေးစွမ်းနေသည်။

"စာခြောက်ရုပ်... နင် အေးနေလား..."

နောက်ဆုံးတွင် သူမက ရပ်တန့်ပြီး စာခြောက်ရုပ်ကို မေးမြန်းလိုက်သည်။

သို့သော် စာခြောက်ရုပ်က မည်သည့်တုံ့ပြန်မှုမျှ ပြန်မပေးခဲ့ချေ။

ပိုင်လင်းသည် ဤအရာကို ကျင့်သားရနေလေပြီ။

သူမသည် အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏သိုလှောင်အိတ်ထဲမှ ဝတ်ရုံတစ်ထည်ကို ထုတ်ယူလိုက်၏။

ထို့နောက် သူမသည် ထိုဝတ်ရုံကို စာခြောက်ရုပ်၏ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

ဤဝတ်ရုံရှည်မှာ အစိမ်းရောင်ဖြစ်ပြီး အအေးနှင့်အပူကို ကာကွယ်ပေးနိုင်ကာ ရေနှင့်မီးဒဏ်ကို ခံနိုင်ရည်ရှိသော မှော်ဝတ်ရုံတစ်ခုပင်။

ဤသည်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ဂိုဏ်းခွဲရှစ်ခုအနက်မှ အစိမ်းရောင်နတ်ဆိုးမျိုးဆက်၏ အထူးပြုလုပ်ထားသော ဝတ်ရုံဖြစ်သည်။

ပိုင်လင်းသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ ထွက်ပြေးလွတ်မြောက်လာနိုင်ခြင်းမှာ ကျေးဇူးရှင်တစ်ဦး၏ အကူအညီအပြင် သူမ၏ ရုပ်ဖျက်စွမ်းရည်ကလည်း ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဤဝတ်ရုံကို မူလက သူမ ရုပ်ဖျက်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ယခုချိန်၌ စာခြောက်ရုပ်ပေါ်တွင် လွှမ်းခြုံပေးလိုက်စဥ်တွင် အတော်လေး လိုက်ဖက်နေသည်။

ထို့နောက် ပိုင်လင်းသည် 'အရှိန်အဝါကျောက်တုံး' တစ်တုံးကို ထုတ်ယူပြီး စာခြောက်ရုပ်ပေါ်တွင် တပ်ဆင်ပေးလိုက်၏။

ဤကျောက်တုံးသည် အစိမ်းရောင်နတ်ဆိုးမျိုးဆက်၏အငွေ့အသက်ကို သယ်ဆောင်ထားသည်။

သူမ၏စိတ်ကူးမှာ ရိုးရှင်းသည်။ အကယ်၍ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ ကျင့်ကြံသူများ ရောက်ရှိလာပြီး သူတို့ကို အမှန်တကယ် ခုခံ၍ မရနိုင်ပါက သို့မဟုတ် ထွက်ပြေး၍ မရနိုင်ပါက ဤအဝတ်အစားနှင့် ကျောက်တုံး၏ ဖုံးကွယ်မှုသည် စာခြောက်ရုပ်ကို လွတ်မြောက်ရန်အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းစေနိုင်သည်။

စာခြောက်ရုပ်သည် သက်ရှိတစ်ယောက် မဟုတ်သော်လည်း...

သူမ၏မျက်လုံးထဲတွင်မူ သူသည် သေရေးရှင်ရေးကို သူမနှင့်အတူတကွ မျှဝေနိုင်သော လက်တွဲဖော်တစ်ဦး ဖြစ်နေလေပြီ။

ပိုင်လင်းသည် စာခြောက်ရုပ်ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေလိုချေ။

"ကဲ... သွားကြစို့..."

စာခြောက်ရုပ်၏ဝတ်ရုံကို ပြောင်းလဲပေးပြီးနောက် ပိုင်လင်းကလည်း ဝတ်ရုံရှည်တစ်ထည်ကိုထုတ်၍ ဝတ်ဆင်လိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သား ခရီးဆက်ခဲ့ကြ၏။

ရှေ့ခရီးတွင် ဆူးငြောင့်ခလုတ်များ နေရာအနှံ့အပြား၌ ရှိနေသည်။

ပိုင်လင်း လျှောက်လှမ်းရမည့် လမ်းခရီးကဲ့သို့ပင် အခက်အခဲများဖြင့် ပြည့်နှက်နေသည်။

ဤလမ်းခရီးသည် အလွန်ခက်ခဲနိုင်သော်လည်း သူမ အသက်ရှင်သန်နေသမျှ ကာလပတ်လုံး ခရီးစဉ်သည် ပြီးဆုံးမည် မဟုတ်ချေ။

မည်မျှပင် ခက်ခဲပါစေ အသက်တစ်ရှိုက်စာ ကျန်နေသမျှ ပိုင်လင်းသည် ခိုင်မာစွာ ဆက်လက်၍ လျှောက်လှမ်းသွားပေမည်။

တခြားကိစ္စရပ်နှစ်ခုအကြောင်း ပြောမည်ဆိုလျှင်...

မြောက်ပိုင်းဒေသကြီး တစ်ခုလုံးတွင်...

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် အမြဲတစေ ထူးကဲသော သင်္ကေတတစ်ခု ဖြစ်ခဲ့သည်။

ဤအင်အားစုသည် ကြီးမားသော တည်ရှိမှုကြီးတစ်ခုပင်။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ လှုပ်ရှားလိုက်လျှင် မြောက်ပိုင်းဒေသတစ်ခုလုံး သုံးကြိမ်တိုင်တိုင် တုန်ခါသွားလိမ့်မည်ဟု ပြောဆိုလျှင် ချဲ့ကားရာ မရောက်ချေ။

မြောက်ပိုင်းဒေသ၏ အစွမ်းအထက်ဆုံး အင်အားစုများထဲမှ တစ်ခုအနေဖြင့်...

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ခေါင်းပေါ်တွင် ဖိစီးထားသော တောင်ကြီးတစ်လုံး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ယခု၌သာ ဤတောင်ကြီးတွင် မွန်းကြပ်စေသော အငွေ့အသက်များနှင့် ပြည့်နှက်နေခြင်း ဖြစ်သည်။

မြောက်ပိုင်းနတ်ဆိုးနန်းတော်...

ဤနေရာသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ဗဟိုချက်ပင်။

အဆင့်မြင့်အဖွဲ့ဝင်များ ဆွေးနွေးတိုင်ပင်ရန် စုဝေးရာနေရာလည်း ဖြစ်ပေ၏။

ခမ်းနားထည်ဝါသော နန်းတော်ကြီးသည် ပေတစ်ရာနီးပါး မြင့်မားပြီး တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်နေသကဲ့သို့ ရှိနေသည်။

နန်းတော်တစ်ခုလုံး၏ အပြင်ပန်းပုံစံမှာ ဦးခေါင်းခွံတစ်လုံးနှင့် တူညီနေသည်။

နန်းတော်၏အလယ်ဗဟိုတွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ဂိုဏ်းခွဲခုနစ်ခုမှ ခေါင်းဆောင်များ စုဝေးနေကြသည်။

မူလက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတွင် ဂိုဏ်းခွဲရှစ်ခု ရှိခဲ့သည်။

သို့သော် ပိုင်လင်း၏ သွေးမျိုးဆက်နိုးထလာမှုနှင့်အတူ အဖြူရောင်နတ်ဆိုးမျိုးဆက်သည် တခြားဂိုဏ်းခွဲများ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ထိုအချိန်မှစ၍ အဖြူရောင်နတ်ဆိုးမျိုးဆက်သည် စာရင်းမှ လုံးလုံးလျားလျား ဖယ်ရှားခံခဲ့ရသည်။

ဂိုဏ်းခွဲရှစ်ခုမှ ဂိုဏ်းခွဲခုနစ်ခုသို့ ပြောင်းလဲသွားခဲ့ပေ၏။

ဂိုဏ်းခွဲခုနစ်ခုကို အနီရောင် လိမ္မော်ရောင် အဝါရောင် အစိမ်းရောင် အပြာရောင် မဲနယ်ရောင်နှင့် ခရမ်းရောင်ဟူ၍ အသီးသီး အမည်ပေးထားသည်။

သူတို့အကြားတွင် အနီရောင်နတ်ဆိုးမျိုးဆက်သည် အမြင့်မားဆုံး ဂုဏ်သတင်းနှင့် လေးစားခံရသည်။

အနီရောင်နတ်ဆိုးမျိုးဆက်၏ခေါင်းဆောင်မှာ တောင့်တင်းသန်မာသော အဘိုးအိုတစ်ဦးပင်။

သူသည် အရပ်ရှစ်ပေမြင့်ပြီး ကျယ်ပြန့်သော ကျောပြင်နှင့် သန်မာသော ပခုံးများ ရှိကာ ကြိုးကြာငှက်ကဲ့သို့ ဖြူဖွေးသော ဆံပင်နှင့် နုပျိုသော အသားအရေရှိသည်။ သူသည် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ရင်ဘတ်ပေါ်တွင် 'အနီ' ဟူသော စာလုံးကို ထင်ရှားစွာ ပြသထား၏။

ဤသည်မှာ အနီရောင်နတ်ဆိုးမျိုးဆက်၏ ဝတ်စုံပင်။

တခြားဂိုဏ်းခွဲခြောက်ခုထံ၌လည်း ကွာခြားချက် မရှိချေ။

အစိမ်းရောင်နတ်ဆိုးမျိုးဆက်သည် အစိမ်းရောင် ဝတ်ရုံများကို ဝတ်ဆင်ကြပြီး အနီရောင်နတ်ဆိုးမျိုးဆက်သည် အနီရောင် ဝတ်ရုံများကို ဝတ်ဆင်ကြသည်။

သူတို့၏ ရင်ဘတ်များပေါ်တွင် သက်ဆိုင်ရာ ဂိုဏ်းခွဲ၏ ထူးခြားသော အမှတ်အသားကို ပန်းထိုးထားသည်။

ဤအချိန်တွင် အနီရောင်နတ်ဆိုးမျိုးဆက်၏ ခေါင်းဆောင်သည် လက်သီးဆုပ်အရွယ်အစားရှိသော ကျောက်စိမ်းပုတီးစေ့နှစ်လုံးကို ကစားနေပေ၏။

သူ၏ ကျင့်ကြံခြင်းသည် နက်နဲသိမ်မွေ့ပြီး သူ၏မျက်လုံးများသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းကာ သူက လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

"အားလုံးပဲ... ဟိုကောင်မလေး ပိုင်လင်း ပြန်ပေါ်လာပြီ...သူတစ်ယောက်တည်းနဲ့ ငါတို့ဆီက စစ်သည်တွေနဲ့ ဗိုလ်ချုပ်တွေကို ဆက်တိုက် ဆုံးရှုံးစေခဲ့တယ်..."

"မနေ့ညကတင် ငါ့ရဲ့အနီရောင်နတ်ဆိုးမျိုးဆက်က သတ္တမအကြီးအကဲရဲ့ အသက်ကျောက်ပြားအက်ကွဲသွားတယ်... ပြီးတော့ သူနဲ့အတူ ပါသွားတဲ့ လက်ရွေးစင်စစ်သည်တွေလည်း သူနဲ့အတူ အသတ်ခံလိုက်ရတယ်..."

"ဒီအခြေအနေကို မင်းတို့ ဘယ်လိုထင်လဲ..."

ဤဂိုဏ်းခွဲခေါင်းဆောင်ခုနစ်ဦး၏ စုဝေးမှုသည် ပိုင်လင်းကို အာရုံစိုက်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

သူ၏စကားဆုံးသည်နှင့် အစိမ်းရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်က ကျယ်လောင်စွာ ပြောဆိုလိုက်၏။

"အဲ့ဒီကောင်မလေးရဲ့စွမ်းအားနဲ့ဆိုရင် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် သူ့ကို အလွယ်တကူ ဖမ်းဆီးဖို့ လုံလောက်တယ်..."

"ဒါပေမဲ့ ငါတို့ ဂိုဏ်းခွဲတွေကနေ ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတွေ အယောက်နှစ်ဆယ်ထက်မနည်း စေလွှတ်ခဲ့ပေမယ့် သူတို့အားလုံး သူ့ကိုသတ်ဖို့ သွားတဲ့လမ်းမှာတင် သေဆုံးခဲ့ကြတယ်..."

"ငါ့ရဲ့အမြင်အရဆိုရင် သူ့ကို ကာကွယ်ပေးနေတဲ့သူ တစ်ယောက်ယောက် ရှိနေရမယ်..."

"သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ဒီကိစ္စတွေအားလုံးကိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

ဤအမြင်ကို လူများအားလုံး တညီတညွတ်တည်း သဘောတူကြသည်။

သူတို့သည် ပိုင်လင်းကို ကလေးဘဝမှစ၍ ကြီးပြင်းလာသည်အထိ ကြည့်ခဲ့ကြသည်။

ဤမိန်းကလေးထံ၌ ပါရမီရှိပြီး သူမ၏ရှေ့အလားအလာမှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားသည်။

သို့ရာတွင် သူမ၏စွမ်းအားကမူ...

သူတို့၏အမြင်အရ ဤှသည်မှာ သာမာန်မျှသာ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူမကို ကာကွယ်ပေးနေခြင်းမှလွဲ၍ သူမသည် သူတို့၏ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ ဂိုဏ်းခွဲများကို ဤမျှထိ ဆုံးရှုံးစေနိုင်ပုံနှင့် ပတ်သက်ပြီး ဖြေရှင်းချက် မရှိချေ။

"ဘယ်သူက ငါတို့ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ဆန့်ကျင်ရဲတာလဲ...မင်းတို့ဆီမှာ သဲလွန်စ တစ်ခုခု ရှိလား..."

တခြားခေါင်းဆောင်တစ်ဦးက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

"ငါတို့ စေလွှတ်လိုက်တဲ့သူတွေထဲမှာ ယင်သုံးပါးနယ်ပယ် ပထမအဆင့် ဒုတိယအဆင့်နဲ့ တတိယအဆင့် ထိပ်သီးကျင့်ကြံသူတွေတောင် ပါတယ်...ဒီလူတွေကို သတ်ဖို့... အထူးသဖြင့် သတင်းစကားတောင် ပြန်မပို့နိုင်အောင် အမြစ်ပြတ်သုတ်သင်ဖို့ဆိုတာ သာမန်လူတွေ မလုပ်နိုင်ဘူး..."

"ပြိုင်ဘက်က ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နေလောက်တယ်...ပြီးတော့ သာမန်ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူ မဟုတ်ဘူး..."

"အနည်းဆုံးတော့ သူက ယန်သုံးပါးနယ်ပယ်ထဲကို အခုမှ ခြေချလာတဲ့သူ မဟုတ်ဘူး..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏စိတ်နှလုံးသားများ အနည်းငယ် လှုပ်ရှားသွားကြသည်။

ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူများသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတွင်ပင် ရှားပါးပေ၏။

မြောက်ပိုင်းဒေသ တစ်ခုလုံးကို ကြည့်လျှင်ပင် ထိုအဆင့် ကျင့်ကြံသူမျိုး များများစားစားရှိမည် မဟုတ်ချေ။

"ဖူဝမ်နန်းတော် ထျန်ရှင်းတောင် ဒါမှမဟုတ် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း... ဒီဂိုဏ်းသုံးဂိုဏ်းထဲက တစ်ဂိုဏ်းကများ ဝင်စွက်ဖက်နေတာလား..."

မြောက်ပိုင်းဒေသတွင် စုစုပေါင်း ထိပ်သီးအင်အားကြီးဂိုဏ်းကြီးလေးဂိုဏ်းရှိသည်။

ဤသည်မှာ ဖူဝမ်နန်းတော် ထျန်ရှင်းတောင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းနှင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတို့ပင်။

ဤထိပ်သီးအင်အားကြီးဂိုဏ်း လေးဂိုဏ်းသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာသည်အထိ မြောက်ပိုင်းဒေသတစ်ခုလုံးကို လွှမ်းမိုးထားခဲ့ပြီး သန်းနှင့်ချီသော ကျင့်ကြံသူများ၏ ခေါင်းပေါ်တွင် ဖိစီးထားသော တောင်ကြီးလေးလုံးကဲ့သို့ ဖြစ်နေသည်။

သူတို့သည် လူအများထက် သာလွန်မြင့်မြတ်ပြီး အထက်စီးတွင် ရှိနေကြ၏။

All Chapters