မတူညီသော အတွေးများ
Vol. 23 Ch. 229
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် တခြားထိပ်သီးအင်အားကြီးဂိုဏ်းသုံးဂိုဏ်းကြားရှိ ဆက်ဆံရေးကို ကောင်းမွန်သည်ဟု မယူဆနိုင်ချေ။
အကယ်၍ ဤထိပ်သီးအင်အားကြီးဂိုဏ်းသုံးဂိုဏ်းမှ တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ခဲ့လျှင် ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး အဓိပ္ပါယ်ရှိသွားပေလိမ့်မည်။
"ဒါပေါ့... ဒီထိပ်သီးအင်အားကြီးဂိုဏ်းသုံးဂိုဏ်းအပြင် ပုန်းအောင်းနေတဲ့ အဖြူရောင်နတ်ဆိုးမျိုးဆက်ရဲ့လက်ကျန်အင်အားစုတွေလည်း ဖြစ်နိုင်တယ်..."
အစိမ်းရောင်နတ်ဆိုးမျိုးဆက်၏ခေါင်းဆောင်က ထိုစကားကို ပြောဆိုလိုက်သည်နှင့် တခြားလူများအားလုံး စိတ်မသက်မသာ ဖြစ်သွားကြသည်။
အတိတ်ကာလက ပိုင်လင်းသည် သူမ၏သွေးမျိုးဆက်ကို နိုးထစေခဲ့စဉ်၌ သွေးမျိုးဆက် ပြန်လည်မြင့်တက်ခြင်း ဖြစ်ပေါ်ခဲ့သည်။
ဤအရာက တခြားဂိုဏ်းခွဲများ၏ မနာလိုမှုနှင့် အာရုံစိုက်မှုတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။
အဖြူရောင်နတ်ဆိုးမျိုးဆက်ကို သူတို့၏ စာရင်းမှ ဖယ်ရှားခဲ့သော်လည်း...
ဂိုဏ်းခွဲရှစ်ခုသည် ကာလကြာရှည်စွာ တည်ရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အဖြူရောင်နတ်ဆိုးမျိုးဆက်တွင် နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိပြီး ကျန်ရစ်သူ အနည်းငယ် ရှိနေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။
သို့သော် တခြား ထိပ်သီးအင်အားကြီးဂိုဏ်းသုံးဂိုဏ်း၏ ဝင်ရောက်စွက်ဖက်မှုနှင့် နှိုင်းယှဉ်လျှင်...
အဖြူရောင်နတ်ဆိုးမျိုးဆက်၏လက်ကျန်အင်အားစုများကို ကြောက်ရွံရန် မလိုအပ်ချေ။
သို့ရာတွင် ပိုင်လင်းကို မည်သူက ကူညီနေသနည်း ဆိုသည်နှင့် ပတ်သက်ပြီး လူများအားလုံး အကြမ်းဖျင်းသာ ခန့်မှန်းနိုင်ကြသည်။
တိကျသောပစ်မှတ်ကို သူတို့ မသတ်မှတ်နိုင်ကြချေ။
ဤအစည်းအဝေးတွင် ဂိုဏ်းခွဲခေါင်းဆောင် ခုနစ်ဦးသည် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံးတွင် အနီရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်က အဆိုပြုလိုက်၏။
"အရင်က ငါတို့ အရမ်းလောကြီးပြီးတော့ မဆင်မခြင် လုပ်ခဲ့ကြလို့ ဆိုးရွားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်..."
"ဒီတစ်ကြိမ်မှာ ငါတို့တွေ တစ်ခုခုမလုပ်ခင် ပိုင်လင်းကို နောက်ကွယ်ကနေ ဘယ်သူက ကူညီနေလဲဆိုတာ အရင်စုံစမ်းကြရင် မကောင်းဘူးလား... အဲ့ဒါဆိုရင် အခြေအနေက ခုလိုဖြစ်တော့မှာ မဟုတ်ဘူး..."
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတွင် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိနေသည့်တိုင် စေလွှတ်လိုက်သော လူများအားလုံး ထပ်ခါတလဲလဲ အမြစ်သုတ်သင်ခံနေရခြင်းက သူတို့ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။
ဤအဆိုပြုချက်ကို လူများအားလုံး တညီတညွတ်တည်း သဘောတူခဲ့ကြသည်။
ပိုင်လင်းအား သေချာပေါက် သတ်ဖြတ်ရပေမည်။
သူမ၏သွေးမျိုးဆက် ပြန်လည်မြင့်တက်ခြင်းက သူမကို မသတ်နိုင်မချင်း သူတို့ ကောင်းမွန်စွာ အိပ်ပျော်နိုင်မည်မဟုတ်ဟု ဆိုလိုခြင်းပင်။
သို့သော် သူမကို မည်သို့ သတ်ရမည်ဆိုသည်မှာလည်း အရေးကြီးပေ၏။
ဆိုရိုးစကားအတိုင်း ဓားသွေးခြင်းက ထင်းခုတ်ခြင်းကို မနှောင့်နှေးစေနိုင်ချေ။
အကယ်၍ တခြား ထိပ်သီးအင်အားကြီးဂိုဏ်းသုံးဂိုဏ်းကသာ အမှန်တကယ် ဝင်ရောက်စွက်ဖက်မှုနေပါက...
သူတို့သည် မမျှော်လင့်ထားသော အခြေအနေများကို ကာကွယ်ရန် အရန်အစီအစဉ်များကို ဆက်တိုက်ချမှတ်ရပေမည်။
အကယ်၍ အဖြူရောင်နတ်ဆိုးမျိုးဆက်၏ လက်ကျန်အင်အားစုများသာ ဖြစ်ပါက ပို၍လွယ်ကူပေလိမ့်မည်။ သူတို့သည် ထိုလူများကို အင်အားသက်သက်ဖြင့် ချေမှုန်းလိုက်ရုံသာ ဖြစ်ပေ၏။
အဆုံးသတ်တွင် အနီရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်သည် သတင်းအချက်အလက် စုဆောင်းရန် တာဝန်ကို သူ၏သဘောဆန္ဒအလျောက် ယူဆောင်လိုက်သည်။
သူ၏ဂိုဏ်းခွဲသည် ကိုယ်ယောင်ဖျောက်ခြင်းနှင့် ရုပ်ဖျက်ခြင်းတို့တွင် အကောင်းဆုံးပင်။
ဤကိစ္စကို စုံစမ်းစစ်ဆေးရန် သူတို့သည် အသင့်တော်ဆုံး ဖြစ်ပေမည်။
တခြားဂိုဏ်းခွဲခေါင်းဆောင်များက ဤအချက်ကို ကန့်ကွက်ခြင်း မရှိကြချေ။
ဤသို့ဖြင့် ဂိုဏ်းခွဲခေါင်းဆောင်ခုနစ်ဦး၏ အစည်းအဝေးသည်လည်း ပြီးဆုံးသွားခဲ့သည်။
အနီရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်သည် သူ၏နယ်မြေသို့ ပြန်ရောက်ချိန်၌ ချက်ချင်းအမိန့်ထုတ်ပြန်လိုက်၏။
"ချီယာကို သွားခေါ်စမ်း..."
သူ အမိန့်ပေးလိုက်သည်နှင့် အစေခံတစ်ဦးက ချက်ချင်းပြေးထွက်သွားသည်။
မကြာမီတွင် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သံမဏိအပ်များကဲ့သို့ သွားများရှိသော လူတစ်ယောက်သည် အနီရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်၏ရှေ့သို့ ရောက်လာခဲ့သည်။
ချီယာသည် အနီရောင်နတ်ဆိုးမျိုးဆက်၏ အစွမ်းထက်သော လက်ရွေးစင်တစ်ဦးဖြစ်ပြီး ယန်သုံးပါးနယ်ပယ် ပထမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။
သို့သော် သူ ကျင့်ကြံသော ကျင့်ကြံနည်းစနစ်မှာ အလွန်ထူးဆန်းပြီး နတ်ဆိုးဆန်လှသည်။
ဤအရာက သူ့ကို လူသားဖြစ်သော်လည်း နတ်ဆိုးသားရဲတစ်ကောင်နှင့် တူညီနေစေကာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
အနီရောင်နတ်ဆိုးခန်းမ အတွင်း၌...
အနီရောင်နတ်ဆိုးမျိုးဆက်၏ ခေါင်းဆောင်သည် ပလ္လင်ပေါ်တွင် ထိုင်နေပြီး ချီယာက အောက်မှနေ၍ ပျင်းတိပျင်းရွဲလေသံဖြင့် နှုတ်ဆက်လိုက်၏။
သူ၏လက်များသည် နံဘေးတွင် လွတ်လပ်စွာ တွဲလောင်းကျနေပြီး ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ခေါင်းဆောင်... ဘာခိုင်းချင်လို့လဲ..."
သူ စကားပြောလိုက်သည်နှင့် သူ၏ပါးစပ် အပေါ်နှင့်အောက်မှ သွားစွယ်များသည် သတ္တုချင်း ရိုက်ခတ်သကဲ့သို့ တချွမ်ချွမ်မြည်နေပြီး မီးပွားများပင် ထွက်နေသည်။
"ငါ့မှာ မင်းအတွက် တာဝန်တစ်ခု ရှိတယ်..."
အနီရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"ဟိုကောင်မလေးပိုင်လင်းရဲ့ တည်နေရာကို သွားရှာစမ်း... မင်း လုပ်ရမယ့် တာဝန်နှစ်ခု ရှိတယ်... ပထမအချက်က သူ့ကို တိုက်ရိုက် သတ်နိုင်ရင် အကောင်းဆုံးပဲ... ဒုတိယအချက်က သူ့ကို မသတ်နိုင်ရင် သူ့ရဲ့နောက်ကွယ်ကနေ ကူညီနေတဲ့သူကို ရှာရမယ်..."
ဤကိစ္စက ချီယာ၏မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်စေခဲ့သည်။
"ကျင့်ကြံဆင့်က ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်မှာပဲ ရှိတဲ့ မိန်းကလေးတစ်ယောက်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ထပ်ခါတလဲလဲ လှုပ်ရှားအောင် လုပ်နိုင်တယ်ပေါ့... ဂိုဏ်းကနေ စေလွှတ်လိုက်တဲ့ အဲ့ဒီလူတွေအားလုံးက အသုံးမကျဘူးလား..."
အနီရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်က ခံစားချက်မပါသော မျက်နှာဖြင့် ပြောဆိုသည်။
"ငါ ပြောခဲ့တယ်လေ... အဲ့ဒီမိန်းကလေးမှာ သူ့ကို နောက်ကွယ်ကနေ ကူညီပေးနေတဲ့ အစွမ်းထက် ထိပ်သီးကျင့်ကြံသူ ရှိနေတယ်..."
"မင်းကို ကူညီဖို့အတွက် အနီရောင်နတ်ဆိုးတောင်ရဲ့ အစောင့်အရှောက်ခုနစ်ယောက်ကို စေလွှတ်လိုက်မယ်..."
ချီယာက အထင်သေးသောလေသံဖြင့် ပြောဆိုသည်။
"သူက ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ပဲလေ... ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်... ဘာလို့ ငါ့ကို ကူညီဖို့ တခြားသူတွေ လိုမှာလဲ..."
"သူ့ရဲ့နောက်ကွယ်မှာ အစွမ်းထက် ထိပ်သီးကျင့်ကြံသူတွေ ရှိနေရင်တောင် သူတို့က ငါ့ရဲ့အစာပဲ ဖြစ်လာလိမ့်မယ်... အဲ့ဒီမိန်းကလေးကို ငါ ကိုယ်တိုင် ဖမ်းမယ်..."
"အစောင့်အရှောက်ခုနစ်ဦးလို အသုံးမကျတဲ့လူတွေ လှုပ်ရှားဖို့ မလိုဘူး..."
ချီယာသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားသော အမူအယာတစ်ရပ် ရှိနေသည်။
သူ့ထံတွင် မောက်မာရန် အရည်အချင်း အမှန်တကယ်ကို ရှိပေ၏။
သူသည် အနီရောင်နတ်ဆိုးမျိုးနွယ်မှ ရှေးဟောင်းဘိုးဘေး၏ တိုက်ရိုက်သွေးမျိုးဆက်ပင်။
အနီရောင်နတ်ဆိုးမျိုးဆက်၏ သမိုင်းစဥ်တလျှောက်တွင် သူ၏ပါရမီကို အကောင်းဆုံးဟု သတ်မှတ်ထားကြသည်။
နှစ်ပေါင်းသုံးထောင်အတွင်း၌ သူ၏စွမ်းအားမှာ ဂိုဏ်းခွဲခေါင်းဆောင်ခုနစ်ဦး၏ စွမ်းအားနှင့် နီးစပ်နေလေပြီ။
သူ့ကို နောက်ထပ်နှစ်ပေါင်းတစ်သောင်း အချိန်ပေးလိုက်လျှင် အလွန်မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ တက်လှမ်းကာ ယန်သုံးပါးနယ်ပယ်၏အထက်ရှိ အစွမ်းထက်ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်သည်။
ထိုကဲ့သို့ အထွတ်အထိပ်ပါရမီရှင်အတွက် အနီရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်ပင်လျှင် သူ့ကို အမိန့်ပေးနိုင်ခြင်းမရှိဘဲ အဆင့်တူအဖြစ် ဆက်ဆံရသည်။
"တကယ်လို့ မင်းမှာ အစောင့်အရှောက်ခုနစ်ဦးရဲ့ အကူအညီ မရှိရင် ပိုင်လင်းရဲ့တည်နေရာကိုတောင် ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
အနီရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်၏ စကားများက ချီယာကို တစ်ယောက်တည်း သွားမည့် အကြံအစည်အား စွန့်လွှတ်လိုက်စေသည်။
"အဲ့ဒီလိုဆိုရင်လည်း စီစဉ်လိုက်ပါ..."
"ငါ အပြင်ထွက်ပြီး မလှုပ်ရှားရတာ ကြာပြီ... အခွင့်အရေးရတုန်း လတ်လတ်ဆတ်ဆတ် အစာတချို့ ရှာပြီး ငါ့ရဲ့ဗိုက်ကို ဖြည့်ရတာပေါ့..."
ချီယာက ပျင်းရိငြီးငွေ့သော အမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ချီယာ၏လှုပ်ရှားမှုနှင့်အတူ အနီရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်က ဤကိစ္စ သေချာပေါက် အောင်မြင်မည်ဟု ခံစားမိသည်။
သူ၏ပါရမီမှာ အလွန်အစွမ်းထက်ပေ၏။
အထူးသဖြင့် သူ ကျင့်ကြံသော 'သွေးနတ်ဆိုး နည်းစနစ်' မှာ နှိုင်းယှဉ်၍မရအောင် လွှမ်းမိုးချုပ်ကိုင်နိုင်သည်။
သူ၏ကျင့်ကြံခြင်းမှာ ယန်သုံးပါးနယ်ပယ် ပထမအဆင့်တွင်သာ ရှိသော်လည်း...
သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်ပါက သူသည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ထိပ်သီးကျင့်ကြံသူကိုပင် တိုက်ခိုက်နိုင်သည်။
အစောင့်အရှောက်ခုနစ်ဦးကို ချီယာက အသုံးမဝင်သူများဟု အထင်သေးခဲ့သော်လည်း..
သူတို့သည် ယင်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူများပင်။
ထိုကဲ့သို့ အကူအညီများဖြင့် ချီယာသည် ဤကိစ္စများ၏ နောက်ကွယ်မှလူကို ကျော်လွန်ပြီး ပိုင်လင်းကို တိုက်ရိုက်သုတ်သင်နိုင်ပေမည်။
အနည်းဆုံးအနေဖြင့် သူမကို မည်သူက ကူညီနေသနည်းကို သူ ရှာဖွေနိုင်ပေလိမ့်မည်။
ထို့ပြင် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူများမှာ မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ရှားပါးသော တည်ရှိမှုများ ဖြစ်ကြသည်။
ဤလူများ၏ကျင့်ကြံဆင့်သည် ထိပ်သီးအင်အားကြီးဂိုဏ်းလေးဂိုဏ်း၏ ဂိုဏ်းချုပ်များ သို့မဟုတ် ဂိုဏ်းခွဲခေါင်းဆောင်များအဆင့်၌ ရှိကြသည်။
အနီရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်၏ အမြင်အရ ပိုင်လင်း၏နောက်ကွယ်မှ လူသည် အများဆုံး ယန်သုံးပါးနယ်ပယ် ပထမအဆင့်၌သာ ရှိပေလိမ့်မည်။
ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရန်မှာမူ မည်သို့မျှ မဖြစ်နိုင်ချေ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူ ရှုံးနိမ့်နိုင်ရန် အကြောင်းပြချက် လုံးဝမရှိချေ။
မကြာမီ သူသည် အနီရောင်နတ်ဆိုးမျိုးဆက်၏ အစောင့်အရှောက်ခုနစ်ဦးကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်သည်။
သူသည် သူတို့တစ်ဦးချင်းစီကို ပုံရိပ်ယောင်ကျောက်တုံးတစ်တုံးစီ ပေးလိုက်၏။
ဤပုံရိပ်ယောင်ကျောက်တုံးများကို ကျောက်တုံးငယ်များနှင့် မိခင်ကျောက်တုံးဟူ၍ ခွဲခြားထားသည်။ ထိုအရာများ၏လုပ်ဆောင်ချက်သည် စောင့်ကြည့်နိုင်သောပစ္စည်းများနှင့် ဆင်တူသည်။
မိခင်ကျောက်တုံးမှတစ်ဆင့် ကျောက်တုံးငယ်၏တည်နေရာနှင့် ပတ်ဝန်းကျင်ရှုခင်းများကို အချိန်မရွေး စောင့်ကြည့်ခြင်း မှတ်တမ်းတင်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ပြုလုပ်နိုင်သည်။
ဤအခြေအနေတွင် အနီရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်သည် ပို၍အလှမ်းကွာဟစွာ တွေးတောထားခဲ့သည်။
အကယ်၍ တခြားအင်အားကြီးဂိုဏ်းသုံးဂိုဏ်းအနက်မှ တစ်ဂိုဏ်းက ဝင်ရောက်စွက်ဖက်ခြင်းသာ အမှန်တကယ် ဖြစ်နေပါက...
ဤသက်သေအထောက်အထားဖြင့်...
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် သူတို့ကို တရားဝင် တိုက်ခိုက်နိုင်ပေမည်။
အနီရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်က တာဝန်ကို အစောင့်အရှောက်ခုနစ်ဦးထံ လွှဲပြောင်းပေးလိုက်သည်နှင့်...
နေ့လည်ခင်းတွင် ပုံရိပ်ရှစ်ခုသည် အနီရောင်နတ်ဆိုးတောင်မှ ပျံသန်း၍ ထွက်ခွာသွားကြသည်။
သူတို့သည် ချီယာနှင့်အစောင့်အရှောက် ခုနစ်ဦးတို့ပင်။
ယန်သုံးပါးနယ်ပယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံသူခုနစ်ဦး....
ဤကဲ့သို့ အင်အားသည် မည်သည့် ပထမတန်းစားဂိုဏ်းကိုမဆို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်သည်။
တခြားတစ်ဖက်တွင်...
အစိမ်းရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်သည် သူ၏နယ်မြေသို့ ပြန်ရောက်ချိန်၌ ချီယာတို့အဖွဲ့ ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည်။
ဤအရာက သူ့ကို အံ့အားသင့်သွားစေပေ၏။
အနီရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်သည် ကြီးလေးသော တန်ကြေးကို ပေးဆပ်ရန် ဆန္ဒရှိပြီး ချီယာကိုပင် စေလွှတ်လိုက်သည်။
ယန်သုံးပါးနယ်ပယ်တွင်ရှိသော ကျင့်ကြံသူတစ်ဦးစီသည် ဂိုဏ်းခွဲတစ်ခု၏ အဓိကထောက်တိုင်ကဲ့သို့ တည်ရှိမှုများ ဖြစ်ကြပြီး ပုံမှန်အားဖြင့် ပြင်ပသို့ လွယ်လင့်တကူ စေလွှတ်လေ့ မရှိကြချေ။
သို့သော် မကြာမီ သူ၏မျက်ခုံးများနက်ရှိုင်းစွာ တွန့်ချိုးသွားပေ၏။
ချီယာဆိုသောလူသည် လူသားစားရသည်ကို အနှစ်သက်ဆုံးပင်။
'ဟိုကောင်မလေး ပိုင်လင်းက သူ့ဆီမှာ အကောင်လိုက် အမျိုမခံရရင် ကောင်းမယ်...'
သူသည် ပိုင်လင်းကို တပ်မက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ အမှန်အားဖြင့် ဤတပ်မက်မှုမှာ သူမ၏အလှအပကြောင့် မဟုတ်ဘဲ သူမ၏သွေးမျိုးဆက်အတွက်ပင်။
သူသည် ငယ်ရွယ်စဉ်က တားမြစ်နည်းစနစ်တစ်ခုကို မတော်တဆ ရရှိခဲ့ဖူးသည်။
ဤနည်းစနစ်သည် သွေးမျိုးဆက်များကို ဆွဲထုတ်နိုင်ပြီး သူ၏ကိုယ်ကျိုးအတွက် အသုံးပြုနိုင်စေသည်။
ယခင်က သူ၏မျိုးနွယ်စုမှ အစစ်အမှန်ထိပ်သီးကျင့်ကြံသူများကို မစေလွှတ်ခဲ့သည့် အကြောင်းအရင်းမှာ ပထမအချက်အနေဖြင့် ထိုလူများသည် ပိုင်လင်းကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုသည်ဟု ခံစားခဲ့ရသောကြောင့်ပင်။ ဒုတိယအချက်အနေဖြင့် တခြားဂိုဏ်းခွဲများ၏သံသယများကို ရှောင်ရှားရန်အတွက် ဖြစ်သည်။
အကယ်၍ ပိုင်လင်းသာ အမှန်တကယ် အသတ်ခံလိုက်ရပါက သူ့ထံတွင် သူမ၏အလောင်းကို အနိမ့်ဆုံးတန်ဖိုးဖြင့် ရယူနိုင်မည့် နည်းလမ်းရှိသည်။
ထိုအချိန်တွင် သူသည် ပိုင်လင်း၏သွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်ပြီး မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို တစ်စုတစ်စည်းတည်း ဖြစ်စေနိုင်ပေမည်။
သို့သော် ပိုင်လင်းကို ချီယာက ဝါးမျိုလိုက်ပါက သူ၏အစီအစဉ်များအားလုံး ပျက်စီးသွားပေလိမ့်မည်။
မကြာမီ အစိမ်းရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်သည် စစ်မှန်သော အစွမ်းထက် ကျင့်ကြံသူနှစ်ဦးကို ဆင့်ခေါ်လိုက်၏။
အစိမ်းရောင်နတ်ဆိုးမျိုးဆက်၏ တမန်တော် နှစ်ဦး...
အစိမ်းရောင်နတ်ဆိုးမျိုးဆက်၏ တမန်တော် နှစ်ဦးသည် အစိမ်းရောင်နတ်ဆိုးမျိုးဆက်၏ ထိပ်သီးကျင့်ကြံသူအနည်းစုထဲတွင် ပါဝင်သည်။
သူတို့နှစ်ဦးလုံး ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်တွင် ရှိကြသည်။
တစ်ဦးမှာ 'မြေကမ္ဘာနွားနတ်ဆိုး' ဖြစ်ပြီး တခြားတစ်ဦးမှာ 'မိုးပြာနဂါးမြင်း' ပင်။
သူတို့သည် ရှေးဟောင်းခေတ်မှ ထူးခြားဆန်းပြားသောမျိုးစိတ်များ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြ၏။ သူတို့သည် အစိမ်းရောင်နတ်ဆိုး ရှေးဟောင်းဘိုးဘေးက ငယ်ရွယ်စဉ်ကတည်းက ယဉ်ပါးအောင် မွေးမြူထားသော အစောင့်အရှောက်သားရဲများပင်။
"ခေါင်းဆောင်... ဘာကိစ္စရှိလို့ ကျွန်တော်တို့ကို ခေါ်တာလဲ..."
မြေကမ္ဘာနွားနတ်ဆိုးက ပြောလိုက်ရာ သူ၏ အသံသည် အက်ရှရှဖြစ်နေပေ၏။
ဆယ်ပေခန့်မြင့်သော သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက သူ့ကို အလွန်လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်စေသည်။
သူ၏ မည်းနက်ပြီး တောက်ပနေသော အမွှေးများတွင် အံ့အားသင့်ဖွယ်ကောင်းသော စိတ်ဝိညာဉ်အလင်းတန်းများဖြင့် တောက်ပနေသည်။
သူသည် သာမန်မဟုတ်ဘဲ ထူးခြားနေပုံရပေ၏။
သူ၏နံဘေးရှိ မိုးပြာနဂါးမြင်းကလည်း အစိမ်းရောင်နတ်ဆိုးမျိုးဆက်ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ထူးခြားဆန်းပြားသော သားရဲများသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိပြီးနောက် လူသားအသွင် ပြောင်းလဲနိုင်သော်လည်း...
သူတို့သည် သူတို့၏မူလပုံစံဖြင့် နေထိုင်ရန် ပို၍နှစ်သက်ကြသည်မှာ သိသာထင်ရှားသည်။
အစိမ်းရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်ပင်လျှင် ဤယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ထိပ်သီးကျင့်ကြံသူနှစ်ဦးကို လေးလေးနက်နက် ဆက်ဆံရသည်။
"ငါ မင်းတို့နှစ်ယောက်ကို ဒီတစ်ခါ ခေါ်လိုက်တာက ကိစ္စတစ်ခု လုပ်ခိုင်းချင်လို့ပဲ..."
"လွန်ခဲ့တဲ့ တစ်နှစ်က အဖြူရောင်နတ်ဆိုးမျိုးဆက်က ပုန်ကန်ခဲ့ပြီးတော့ သူတို့မျိုးဆက်ရဲ့ နတ်ဆိုးသခင်မလေး ထွက်ပြေးသွားခဲ့တယ်..."
"အဲ့ဒီမိန်းကလေးက အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက်ကို သယ်ဆောင်ထားတာမလို့ ငါတို့အစိမ်းရောင်နတ်ဆိုးမျိုးဆက်အတွက် အရေးကြီးဆုံးပဲ..."
"တမန်တော်နှစ်ဦးက ခရီးတစ်ခေါက်သွားပြီး ဒီမိန်းကလေးကို ခေါ်လာပေးမယ်လို့ ငါ မျှော်လင့်မိတယ်..."
"ခေါင်းဆောင်က ပြောလာမှတော့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ညီလေးက ခရီးတစ်ခေါက် သွားလိုက်ပါ့မယ်..."
အစိမ်းရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်သည် ဤစကားကို ကြားလိုက်ရချိန်၌ သူ၏စိတ်နှလုံးသား ရွှင်လန်းသွားပေ၏။
အစိမ်းရောင်နတ်ဆိုးမျိုးဆက်၏ တမန်တော် နှစ်ဦးကို စေလွှတ်လိုက်သဖြင့် ဤကိစ္စမှာ သေချာပေါက် အောင်မြင်ပေမည်။
"မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်... အခုပဲ မင်းတို့ကို လမ်းပြဖို့အတွက် လူတစ်ယောက် စီစဉ်ပေးလိုက်မယ်..."