အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း ၄၅ အလောင်းမှ သဲလွန်စများ
"ခဏနေပါဦး"
အေးစက်စက် အမျိုးသမီးအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ ကျွော့ချင်း၏ မျက်လုံးများထဲမှာ အလင်းရောင်လေးများ တောက်ပနေပြီး သူမက သေဆုံးသူ၏ဦးခေါင်းနောက်ဖက်မှ ဆံပင်များကို ဂရုတစိုက် ဖယ်ကြည့်လိုက်ကာ တည်ငြိမ်အေးဆေးစွာ ဆက်ပြောနေခဲ့သည်။
"သေဆုံးသူရဲ့ ဦးခေါင်းနောက်ဘက်က နောက်စေ့အထက် တစ်လက်မနေရာမှာ ဒဏ်ရာတစ်ခု ရှိနေတယ်။ ဒဏ်ရာအစွန်းတွေက သေးငယ်တဲ့ အပ်နဲ့ ထိုးထားသလိုမျိုး သပ်သပ်ရပ်ရပ်ဖြစ်နေပြီး ဒဏ်ရာ ပတ်ပတ်လည်က ဦးရေပြားက ညိုပြာရောင်ဖြစ်နေတယ်။ နှိပ်ကြည့်လိုက်တော့ အနက်ရောင် အမဲစက်အနည်းငယ်နဲ့ သွေးတွေ ပြည့်လျှံနေတာကို တွေ့ရတယ်”
ဦးခေါင်းရဲ့ အနောက်ဘက်မှာ ဘာလို့ အပေါက်ရှိနေတာလဲ?
ပင်မခန်းမတွင် ဆွေးနွေးမှုများစွာ ရှိနေခဲ့သော်လည်း ကန့်လန့်ကာအနီးတွင် ရပ်နေသော လူအနည်းငယ်ကတော့ ငြိမ်သက်စွာ တွေးဆနေကြသည်။
ရှန်ယုလန်ကတော့ အရမ်းကို စူးစမ်းချင်စိတ်များ ပေါက်ဖွားနေတော့သည်။
သူမ ဒါတွေကို ဘယ်ကနေ သင်ယူခဲ့တာလဲ? သူမရဲ့ အလောင်းစစ်ဆေးခြင်း အဆင့်တွေ၊ အလောင်းရဲ့ လက္ခဏာများကို ဖော်ပြချက်တွေနဲ့ သူမရဲ့စစ်ဆေးမှု အသေးစိတ်အချက်အလက်တွေကို ကြည့်ရင် သူမက ဘယ်ထူးချွန်တဲ့ ပညာသင်ထက်မဆို မနိမ့်ကျလောက်ဘူး။
ယန်းဟုန်ထျန်းလည်း အံ့သြနေခဲ့သည်။
အေးဆေးတည်ငြိမ်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ အလောင်းကို မျက်နှာမူထားတဲ့ မိန်းခလေးက အမှန်တကယ်ကို သူ သိခဲ့တဲ့ လှပတဲ့ မိန်းမပျိုလေး ဟုတ်ရဲ့လား?! သူ လူ မှားနေတာလား?! မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး! နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့ အသွင်အပြင်က သူ့စိတ်ထဲမှာ မကြာခဏ ရှိနေခဲ့တာကြောင့် သူ လူမှား မှတ်ထားတာမျိုး မဖြစ်နိုင်ဘူး! သူ့ရှေ့ကလူက အရမ်းထူးဆန်းနေပေမယ့် အရင်ကလို ဆွဲဆောင်မှုအပြည့်နဲ့ ချစ်စရာကောင်းနေသေးတယ်! ဆိုတော့ သူမမှာ မျက်နှာ ဘယ်နှစ်ခု ရှိနေတာလဲ!
ယန်းဟုန်ထျန်းထက် ပို၍ စိတ်ရှုပ်ထွေးနေသည့်သူ နောက်တစ်ယောက် ရှိနေခဲ့ပြီး ထိုလူက ချင်းလင် ဖြစ်သည်။
သူမတို့ သုံးယောက်က အတူတူ ကြီးပြင်းလာကြပြီး ကဗျာတွေ ပန်းချီတွေကို အတူတူ သင်ယူ ရွတ်ဆို ရေးဖွဲ့ခဲ့ကြပေမယ့် သူမတို့က အလောင်းတွေကို ခွဲစိပ်မှု ဘယ်လိုလုပ်ရမယ်ဆိုတာကို ဘယ်တုန်းကမှ မသိခဲ့ဘူးလေ။ အခုဟာက အဓိပ္ပါယ်ရှိလို့လား? ဘာတွေဖြစ်နေတာလဲ? !
လို့ရှီးယန်က ကန့်လန့်ကာ အပြင်ဘက်တွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေဆဲဖြစ်သည်။ သို့သော်လည်း သူ့စိတ်များက ကျွော့ချင်းထံတွင် မရှိဘဲ ယနေ့ ပုံမှန်မဟုတ်သည့်ပုံစံပေါ်နေသော ယန်းဟုန်ထျန်းအပေါ်မှာတွင် ရှိနေခဲ့သည်။ သူ့မျက်လုံးများထဲတွင်လည်း ရှုပ်ထွေးနက်နဲနေသည့် စိတ်ခံစားမှု အများအပြား ရှိနေခဲ့သည်။ ထိုအရာက လို့ရှီးယန်အတွက် ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်နေခဲ့သည်။
ချင်းညီအစ်မတွေနဲ့ ပတ်သတ်ပြီး ဖုံးကွယ်ထားရတဲ့ အကြောင်းအရာတွေ....????? ရှိနေသေးတာလား????
ယန်းရူရွှယ်ကလည်း ကန့်လန့်ကာထဲမှ အမျိုးသမီးကို မမှိတ်မသုန် စိုက်ကြည့်နေပြီး သူမစကတ်၏ချည်သားအစကို လက်နှစ်ဖက်ဖြင့် စုတ်ချေနေကာ သူမ၏နှလုံးသားက တုန်ယင်နေလေသည်။ ထိုအရာက ကြောက်စိတ်ကြောင့်လား ဝမ်းနည်းခြင်းကြောင့်လားပင် သူမကိုယ်တိုင်လည်း မသိတော့ပေ။
အစ်ကိုယန်က အလောင်းတွေနဲ့ ရင်းနှီးနေတဲ့ အမျိုးသမီးကို ဘာလို့ နှစ်သက်ရတာလဲ? ဘာကြောင့် သူမကို မရွေးချယ်တာလဲ? သူမက သတ္တိမရှိလို့လား?! ဘာကြောင့်လဲ???
နောက်ဆုံးတွင် စုလင်းတောင်မှ သူ့၏အရက်ခွက်ကို ပြန်ချလိုက်ပြီး သူ့အတွေးထဲသို့ နှစ်ဝင်သွားတော့သည်။
ဒီအမျိုးသမီးက ချင်းဖုန့်ဖြစ်နိုင်တယ်။
စိတ်ဝင်စားစရာပဲ! ချင်းမိသားစုက တစ်ယောက်က ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်၊ ပြီးတော့ လူတွေရှေ့မှာတောင် ထက်မြက်တဲ့ စကားလုံးတွေကို ပြတ်ပြတ်သားသား ပြောရဲသေးတယ်၊ နောက်တစ်ယောက်ကတော့ အလောင်းကို အေးအေးဆေးဆေးနဲ့ ကျွမ်းကျွမ်းကျင်ကျင် စစ်ဆေးနိုင်တယ်...
သူက သူ အိမ်သို့ ပြန်ရောက်ပြီးနောက် တစ်ကြိမ်သာဆုံဖူးခဲ့သည့် ချင်းမိသားစုမှ ကလေးမလေးကို ပြန်တွေးမိကာ အနည်းငယ် စိတ်ဝင်စားလာတော့သည်။
( Spoil from me: တစ်ခါဘဲ တွေ့ဖူးသေးတာပေါ့နော်၊ နောက်တစ်ခါတွေ့ရင် ဓားနဲ့အခုတ်မခံရဖို့ ဆုတောင်းနော် အကိုကြီး၊ ဒါပေမယ့် အဲ့ဆုတောင်းက မပြည့်လောက်ဘူးရယ်)
"ငွေအပ်" ဟု ပြောလိုက်သည့် အေးစက်စက်အမျိုးသမီးအသံက လူတိုင်းကို သူတို့၏အသိအာရုံများဆီ တစ်ဖန်ပြန်ရောက်လာအောင် အောင်မြင်စွာ ဆွဲခေါ်နိုင်ခဲ့သည်။
အထည်စကို ကိုင်ဆောင်ထားသော နန်းတွင်းအစေခံတစ်ဦးက ပိတ်စ ကန့်လန့်ကာကို ဖြတ်ကျော်သွားပြီး သူမလက်ထဲတွင်ရှိနေသော အရာများကို ကျွော့ချင်းအား ပေးအပ်လိုက်သည်။
ကျွော့ချင်းက ရှည်လျားသော အပ်တစ်ချောင်းကို ထုတ်ယူပြီး သွေးယိုစိမ့်နေသော နေရာများကို ရှောင်ကာ ဒဏ်ရာထဲသို့ ညင်သာစွာ ထိုးထည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမက ငွေရောင်အပ်ကို ပြန်ထုတ်ယူလိုက်ရာ အပ်က အနက်ရောင် ဖြစ်သွားခဲ့သည်။ ကျွော့ချင်းကတော့ သူမလက်ထဲမှ အပ်ရှည်ကြီးကို ပြန်ချလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ခွဲခြမ်းစိပ်ဖြာနေခဲ့သည်။
"ငွေအပ်ကို ဒဏ်ရာထဲ ထည့်လိုက်တော့ ငွေအပ်က မည်းသွားတယ်။ အဲ့တာကြောင့် အဆိပ်တုံ့ပြန်မှုက သိသာထင်ရှားနေတယ်။ ဒဏ်ရာရဲ့ တည်နေရာနဲ့ အဆိပ်ရဲ့ လက္ခဏာတွေအပေါ် မူတည်ပြီး သံသယဖြစ်မိတာက အဆိပ်ပါတဲ့သေရည်က သေဆုံးသူကို သေစေခဲ့တာ မဟုတ်ဘူး၊ တကယ်သေစေတာက ဦးခေါင်းနောက်ကျောက ဒဏ်ရာပဲ၊ အဆိပ်ရှိတဲ့ သေရည်က လမ်းလွှဲရုံသက်သက်ပဲ”
ရှရွှင်းစစ်က လှောင်ပြောင်သံဖြင့် မေးလာခဲ့သည်။
"မင်းက အပ်ရာလေးတစ်ခုကို တွေ့ပြီး ဒီလိုမျိုး နိဂုံးချုပ်လိုက်တာလား? အရမ်းကို တော်လွန်းနေသလားလို့"
ဒါက ဘယ်လို မထီမဲ့မြင်ပြုတာမျိုးလဲ?
ကျွော့ချင်းက သူမလက်ထဲမှ လက်အိတ်များကို ချွတ်နေရင်း ကန့်လန့်ကာထဲမှ ထွက်လာကာ ရှရွှင်းစစ်၏အကြည့်များကို ရင်ဆိုင်လိုက်သည်။
"ပထမအချက်က သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတိုင်းက အရေးကြီးတယ်၊ အခု တွေ့ရတဲ့ သံလွန်စတွေအရ အထူးသဖြင့် အဆိပ်သင့်လို့ သေသွားတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်တယ်။ ဒုတိယအနေနဲ့ ဒဏ်ရာကြောင့် အဆပ်သင့် သေဆုံးသွားတာလို့ ကောက်ချက်ချခဲ့ပေမယ့် သံသယဖြစ်နေရင် နောက်ထပ် အလောင်းကို ခွဲစိပ်စစ်ဆေးတာက အကောင်းဆုံးပဲလို့ အကြံပြုချင်တယ်"
ကျွော့ချင်း၏အမူအရာက ပုံမှန်အတိုင်းဖြစ်နေပြီး စိတ်အနှောက်အယှက်လည်း ဖြစ်နေပုံ မပေါ်သလို အလျှော့လည်း မပေးခဲ့ပေ။ သူမ၏ နှိမ့်ချမှုလည်း မရှိသလို မောက်မာခြင်းလည်း မရှိသော အဖြေကြောင့် ရှရွှင်းစစ်က ခဏတာမျှ မည်သို့ တုံ့ပြန်ရမည် မသိဖြစ်နေခဲ့သည်။
လို့ရှီးယန်ရဲ့အမျိုးသမီးကို သူ လျှော့မတွက်ခဲ့သင့်ဘူး။
"မင်း ဘယ်လို ဆက်လုပ်ချင်တာလဲ?"
အမြင့်တစ်နေရာတွင် ခန့်မှန်းရခက်သည့် အနေအထားဖြင့် ထိုင်နေသည့် ယန်းဟုန်ထျန်းက နောက်ဆုံးတွင် စကားဝင်ပြောလာခဲ့သည်။
"အလောင်းခွဲစိတ်မှု"
ကျွော့ချင်းက အေးအေးဆေးဆေး စကားပြောလိုက်သော်လည်း လူတော်တော်များများက သူမ ဘာကိုဆိုလိုမှန်း ချက်ချင်း နားမလည်နိုင်ကြပေ။
ရှန်ယုလန်၏မျက်ခုံးများကလည်း ပင့်တက်သွားခဲ့ပြီး သူက သက်ပြင်းချလိုက်ရင်း "စစ်ဆေးဖို့ ဝမ်းဗိုက်ကို ဖွင့်ချင်တာလား"
ဝမ်းဗိုက်.....အပေါက်..... ဖွင့်တာလား???
ယခုတကြိမ်တွင် အားလုံးက သဘောပေါက်သွားပြီး တယောက်ပြီး တယောက် သက်ပြင်းမောများ မှုတ်ထုတ်နေကြသည်။
ရှရွှင်းစစ်က သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ပြောလာခဲ့သည်။
"မဖြစ်နိုင်ဘူး၊ ငါ့ညီမလေးရဲ့ ခန္ဓာကိုယ်ကို မင်း ဒီလိုဆက်ဆံတာကို ဘယ်တော့မှ သည်းမခံနိုင်ဘူး!! မင်း ကန့်သတ်ချက်တွေကို ကျော်မလာနဲ့!!"
ရှန်ယုလန်က ခဏလောက်စဉ်းစားနေပြီးမှ "ဒါကို စစ်ဆေးဖို့ တခြားနည်းလမ်းတွေ သုံးလို့ ရလား? ငွေအပ်နဲ့ ထိုးပြီး စမ်းကြည့်လို့ ရတယ်လေ"
"မရတော့ဘူး" ကျွော့ချင်းက ခေါင်းခါလိုက်ပြီး "အဆိပ်က ပြန့်သွားပြီ။ မသေဆုံးခင်မှာ အဆိပ်တွေက သွေးလည်ပတ်မှုနဲ့အတူ ခန္ဓာကိုယ်ရဲ့ အသွေးအသားထဲကို ရောက်နေပြီ၊ မဟုတ်ရင် ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားတစ်ခုတွေက ပြာနှမ်းနေမှာ မဟုတ်ဘူး။ ငွေအပ်တွေက အဆိပ်ကို တုံ့ပြန်လွယ်တယ်၊ အဆိပ်တွေရှိနေသရွေ့ အပ်က မည်းသွားလိမ့်မယ်၊ သူ(မ)ကို သေဆုံးသွားစေတဲ့ အဆိပ်က သူ(မ)သောက်တဲ့ သေရည်ကြောင့် ဟုတ် မဟုတ် သက်သေ မပြနိုင်ဘူး ဒါမှမဟုတ် ဦးခေါင်းနောက်ဘက်က အပေါက်ကြောင့်လို့လည်း အတိအကျ မပြောနိုင်ဘူး”
ငွေအပ် အနည်းငယ်ကို အခြေခံပြီး ကောက်ချက်ဆွဲနိုင်ရင် သူမရဲ့ အသက်မွေးဝမ်းကြောင်းက အလောင်းခွဲစိတ်တဲ့သူ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလေ။
ကျွော့ချင်း ထိုသို့ပြောပြီးနောက်တွင် ရှရွှင်းစစ်က "မင်းပြောတော့ တစ်ကိုယ်လုံး အဆိပ်တွေနဲ့ ဖုံးလွှမ်းနေပြီဆို... မင်း ခွဲစိပ်မှုလုပ်ရင်တောင် ဘာမှ သက်သေမပြနိုင်တော့ဘူး!"
“သေချာပေါက် အဲဒါကို သက်သေပြနိုင်တယ်”
ကျွော့ချင်းက ခိုင်မာသော လေသံဖြင့် အတည်ပြုလိုက်ပြီး ထပ်ရှင်းပြလိုက်သည်။
“မြွေအဆိပ်ကြောင့် သေဆုံးသွားတဲ့ သေဆုံးသူတွေက များသောအားဖြင့် နှလုံးနဲ့ ကျောက်ကပ် ပျက်ဆီးချို့ယွင်းလို့ သေဆုံးသွားကြရတာ။ တကယ်လို့ အဆိပ်က ပါးစပ်ထဲကနေ ဝင်သွားတာကြောင့် သေဆုံးသွားတာဆိုရင် ပါးစပ်၊ လည်ချောင်း၊ အစာပြွန်၊ အထူးသဖြင့် အစာအိမ်မှာ အဆိပ်တွေ အကြာကြီး ရှိနေတာကြောင့် အဆိပ်က အစာအိမ်ကို တိုက်စားသွားမှာ။ ကိုယ်တွင်းအင်္ဂါတွေက သိသိသာသာ ပျက်စီးနေပြီး သံချေးတက်နေသလို မီးလောင်သလို ဒဏ်ရာတွေတောင် ရှိနေလိမ့်မယ်။ ဦးခေါင်းနောက်ကျောက အဆိပ်ကြောင့်ဆိုရင် အဆိပ်က အခြား အာရုံကြောလမ်းကြောင်းကနေတဆင့် ဖြတ်သန်းသွားတာကြာင့် အစာအိမ်နဲ့ အစာပြွန်မှာ အထူးထင်ရှားသော သဲလွန်စတွေ မတွေ့နိုင်တော့ဘူး။ အလောင်းကို ခွဲစိပ်စစ်ဆေးလိုက်ရင် သေဆုံးသူက ဘယ်နည်းနဲ့ အဆိပ်ခတ်ခံရတာကို ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်လိမ့်မယ်"
ရှန်ယုလန်က အလောင်းကောင်၏ အင်္ဂါအမျိုးမျိုးကို သူမ နားလည်နေခြင်းကြောင့် အံ့သြသွားသော်လည်း သူမ ပြောနေသောစကားများက အမှန်အတိုင်းပင်။ ချုံယွဲ့တစ်ခုလုံးကို ကြည့်လျှင်ပင် ဤကဲ့သို့ ခွဲစိတ်စစ်ဆေးမှုက တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ ဖြစ်ပွားနိုင်ပေသည်။ ထို့အပြင် မိသားစုဝင်များက အများကြီး သည်းခံနိုင်ရည်ရှိဖို့ လိုသည်။ သူ မျှော်လင့်ထားသလိုပင် ရှရွှင်းစစ်က "မင်း ဘာပဲပြောပြော ငါ့ညီမရဲ့ဆံပင်ကိုတောင် ဘယ်တော့မှ မထိစေရဘူး!"
ထိုစကားကိုပြောပြီးနောက် ရှရွှင်းစစ်က ကန့်လန့်ကာကို ဖွင့်ပြီး ကန့်လန့်ကာထဲသို့ လှမ်းဝင်လိုက်သည်။ သို့သော် သွယ်လျသောလက်တစ်စုံက သူ့ရှေ့မှ ဟန့်တားနေခဲ့သည်။ ရှရွှင်းစစ်က စိတ်ရှုပ်နေသော မျက်နှာဖြင့် သူမကို ကြည့်လိုက်သော်လည်း ကျွော့ချင်း၏ မျက်နှာက ခါတိုင်းလိုပင် ဖြစ်နေသေးသည်။ သို့သော် သူမအသံက ကျယ်လောင်လွန်းနေပြီး အေးစက်လွန်းနေကာ “တတိယမင်းသား၊ ရှင့်ရဲ့ညီမတော်က သေရည်ကြောင့် အဆိပ်သင့်တာ မဟုတ်ဘဲ သေတဲ့အထိ ဦးခေါင်းနောက်ကို တခုခုနဲ့ အထိုးခံရတာဆိုရင် ရှင်က သူ(မ)ဘေးကို အပြေးအလွှား အရင်ရောက်သွားပြီး သူ(မ)ကို ပထမဆုံးပွေ့ဖက်တဲ့သူပဲ၊ သံသယတွေ ကြီးကြီးကျယ်ကျယ် မဖြစ်စေချင်ရင် ရှင် သူ(မ)ရဲ့ခန္ဓာကိုယ် အနားကို မသွားသင့်ဘူး"
"မင်း...မင်းက တော်တော် စက်ဆုပ်ရွံရှာဖို့ကောင်းတာပဲ!!"
ကျွော့ချင်း၏ စကားကို ရှင်းရှင်းလင်းလင်း ကြားပြီးနောက် ရှရွှင်းစစ်က ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
အခန်း ၄၆ ခွဲစိတ်မှု
"မင်း... မင်းက တော်တော် စက်ဆုပ်ရွံရှာဖို့ကောင်းတာပဲ!!"
ကျွော့ချင်း၏ စကားကို ရှင်းရှင်းလင်းလင်း ကြားပြီးနောက် ရှရွှင်းစစ်က ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
နောက်ဆုံးတွင် ရှရွှင်းစစ်၏ အရပ်ရှည်ရှည်နှင့် ပိန်လှီသော အသွင်အပြင်က စိတ်လှုပ်ရှားနေပုံရသော အော်ဟစ်သံနှင့်အတူ ကျွော့ချင်းထံသို့ ချဉ်းကပ်လာခဲ့သည်။
"ရယ်စရာကောင်းလိုက်တာ!! ငါက ဘယ်လိုလုပ် ငါ့ရဲ့သွေးရင်းသားရင်းညီမလေးကို ဒုက္ခပေးနိုင်မှာလဲ!"
ကျွော့ချင်းက သူမ၏ပခုံးပေါ်မှ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး လို့ရှီးယန်က သူမကို သူ့ဘက်သို့ ညင်သာစွာ ဆွဲယူလိုက်ခြင်းပင်။ ထို့အပြင် သူ၏ ထူးခြားရှင်းလင်းသော အသံက သူမ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
"တတိယမင်းသား၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"
ရှရွှင်းစစ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲမှ မကျေနပ်မှုများကို မျိုသိပ်လိုက်သည်။ သူက လို့ရှီးယန်နှင့် ထိပ်တိုက် ရင်မဆိုင်ရဲသောကြောင့် နောက်ပြန်လှည့်ကာ လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တပ်ရပ်နေလိုက်သည်။ သို့သော်လည်း သူ့လေသံက အလွန် ပြင်းထန်နေလေသည်။
"ဘာပဲဖြစ်ဖြစ် သူ(မ)က သေပြီးနေပြီ၊ အဲ့တာကို မင်းတို့က သူ(မ)ကို အဲ့လို ဆက်ဆံကြတယ်ပေါ့၊ မင်းတို့အားလုံးက သူ(မ)ကို ဒီလို ရက်စက်တဲ့ လုပ်ရပ်မျိုး လုပ်ချင်နေတယ်၊ သူ(မ) သေပြီးတာတောင် အရှက်ရပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေနိုင်မှာ မဟုတ်ဘူး၊ ပန်းဝမ်က (ဒီမင်းသားက) လုံးဝ သဘောမတူဘူး"
အချိန်အတော်ကြာအောင် လေထုက တင်းမာနေပြီး ရှန်ယုလန်၏ တည်ကြည်သောမျက်နှာတွင် ရှားရှားပါးပါး စိုးရိမ်သောကရိပ်များ ပေါ်လာခဲ့သည်။
မင်းသမီးလေးရဲ့ ဦးခေါင်းအနောက်ဘက်က အပေါက်ကြောင့် သူမ သေဆုံးသွားတာ ဟုတ် မဟုတ် ဆိုတာက ကျွော့ချင်းရဲ့ခန့်မှန်းချက် သက်သက် ဖြစ်နေတုန်းပဲ။ တတိယမင်းသားက အရမ်းပြတ်သားနေတာကြောင့် သူတို့က အလောင်းကို ခွဲစိပ်စစ်ဆေးဖို့လည်း အတင်းအကြပ် လုပ်လို့ မနိုင်လောက်ဘူး။ နောက်ဆုံးတော့ တခြားတိုင်းပြည်က မင်းသမီးက သူတို့တိုင်းပြည်မှာ သေဆုံးသွားခဲ့တာ အမှန်ပဲ။ အခု သူတို့ ဘာလုပ်သင့်သလဲ!?
ကျွော့ချင်းက သူမနောက်ရှိ ပိတ်စကန့်လန့်ကာကို ငုံ့ကြည့်လိုက်ပြီး ထိုသူ၏ မမေ့နိုင်အောင် လှပသော အကကို ပြန်တွေးနေမိချိန်တွင် ထိုသူကတော့ တဖြည်းဖြည်း အေးစက်တောင့်တင်းလာကာ မြေပြင်ပေါ် လဲလျောင်းနေပြီး ခုနက ရုပ်ပုံလွှာများက မှုန်ဝါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကျွော့ချင်းက သူမကို ကာကွယ်ပေးထားသည့် လို့ရှီးယန်ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ သူမ၏အပြုအမူကြောင့် လို့ရှီးယန် အံ့သြနေစဥ်တွင် သူမက ရှရွှင်းစစ်ဆီသို့ သွားနေပြီ ဖြစ်သည်။
သူမက ရှရွှင်းစစ်ရှေ့တွင် ရပ်လိုက်ပြီး သူ့၏ရွံရှာနေသော အမူအရာများကို လျစ်လျူရှုကာ ကန့်လန့်ကာကို ညွှန်ပြရင်း အေးစက်စက်ပြောလိုက်သည်။
"တတိယမင်းသားရဲ့ညီမတော်က သွေးရိုးသားရိုး မဟုတ်ဘဲ သေသွားရတယ်၊ ဆိုလိုတာက သူ(မ)ကို တစ်ယောက်ယောက်က သတ်လိုက်တာ၊ မတရားသဖြင့် သေသွားရတာ၊ သူ(မ)က မတရားသေသွားရပေမယ့် လူသတ်သမားက လွတ်မြောက်သွားနိုင်တယ်။ ဒီလို သေခြင်းတရားကပဲ သူ(မ)အတွက် အရှက်တရားကို ဖြစ်စေမှာ၊ နာကျည်းမှုကြောင့် သူ(မ)က မျက်လုံးပိတ်ပြီး အေးအေးချမ်းချမ်း သေဆုံးနိုင်မှာ မဟုတ်ဘူး၊ အလောင်းကို စစ်ဆေးတာ ဒါမှမဟုတ် ခွဲစိတ်စစ်ဆေးတာက သေဆုံးသူကို မရိုသေ မလေးစားတာမျိုး စော်ကားတာမျိုး မဟုတ်ဘူး။ အဲ့ဒီအစား သူ(မ)ကို ကူညီပြီး သူမ ပြောချင်တဲ့အရာတွေကို ပြောပြပေးတာမျိုးပဲ။ သူ(မ)သေဆုံးသွားပုံကို ပြောပြပေးဖို့ သူ(မ)ရဲ့ခန္ဓာကိုယ်ကို အသုံးပြုတယ်လို့ ပြောနိုင်တယ်! သူ(မ)ရဲ့အစ်ကိုတစ်ယောက်အနေနဲ့ အခု မင်းသားက သူမကို ကာကွယ်နေတာ မဟုတ်ဘူး၊ သူ(မ)အတွက် အမှန်တရားကို မပြောနိုင်ဖို့ တားဆီးနေတာ”
အေးစက်စက်အသံက စိတ်အားထက်သန်နေခြင်းမျိုး မဟုတ်သော်လည်း ခန်းမထဲရှိ လူတိုင်း ရှင်းရှင်းလင်းလင်းကြားရလောက်အောင် လုံလောက်နေပေသည်။ ထိုအချိန်တွင် တိုက်ဆိုင်မှုကြောင်းလား? သဘာဝလွန် အရာတခုခု ရှိနေသည်လား? ကို မပြောနိုင်သော်လည်း ရုတ်တရတ် ခန်းမအဝင်ဝမှ အေးစက်သောလေစီးကြောင်းတစ်ခုက ခန်းမတစ်လျှောက် ဝင်ရောက်လာပြီး ခန်းမဆောင်၏ ရွှေကော်ဇော တစ်ဖက်တစ်ချက်စီနှင့် အနီးဆုံး ဖယောင်းတိုင်တန်းမှ ဖယောင်းတိုင်များအားလုံး မီးငြိမ်းသွားခဲ့သည်။ လေက အလောင်းရှိရာ ဒုတိယစင်မြင့်ကို ရောက်သွားချိန်တွင်ပင် မရပ်သွားသေးဘဲ ကာထားသော ပိတ်စများကို လွင့်မျောနေစေခဲ့သည်။
ရုတ်တရက် အခြေအနေကြောင့် နန်းတွင်းမှ အမျိုးသမီးတော်တော်များများက ကြောက်လန့်တကြားဖြင့် မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်ကြသည်။ ဧကရီ၏မျက်နှာကလည်း သိသိသာသာ ဖြူဖျော့သွားကာ လက်ချောင်းများကို ထိန်းမနိုင် သိမ်းမရ တုန်ယင်နေတော့သည်။
ပင်မခန်းမတွင် ရှိနေသည့် လူတိုင်း တုန်လှုပ်နေကြပြီး ကျွော့ချင်းကတော့ အေးစက်စက်အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။
တကယ်တော့ သူမလည်း မှင်သက်နေတာပါပဲ။ သူမ အလောင်းတွေကို ခွဲစိပ်စစ်ဆေးခဲ့တာ နှစ်တွေ အများကြီး ရှိနေခဲ့ပြီ၊ ဒီလိုထူးဆန်းတဲ့အရာတွေကို သူမ ကြားဖူးခဲ့ပေမယ့် သူမကိုယ်တိုင်တော့ မကြုံဖူးသေးဘူး။ သူမက ဘာသာမဲ့တစ်ဦးဖြစ်ပြီး သိပ္ပံနဲ့ အထောက်အထားတွေကိုပဲ ယုံကြည်တတ်တယ်။ ခိုင်လုံမှုရှိတဲ့ အကြောင်းပြချက်ကို မဖော်ထုတ်နိုင်ရင် အဲ့တာက ပတ်ဝန်းကျင်ကို ကြောက်လန့်အောင် တမင်တကာပြုလုပ်တဲ့ လှည်းစားမှုတွေလို့ပဲ သူမ သတ်မှတ်ခဲ့တယ်။ သရဲတစ္ဆေတွေ တကယ်ရှိရင်တောင်မှ သူမက သရဲတစ္ဆေတွေကို မကြောက်ဘူး။ သူမကိုယ်သူမ ဖြောင့်မတ်မှန်ကန်တယ်လို့ မပြောချင်ပေမယ့် သူမက သူမရဲ့ခွဲစိတ်ဓားကို ကိုင်ပြီး အကြောင်းအရင်းမသိရဘဲ သေဆုံးသွားရတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် မတရားမှုတွေကို မှန်မှန်ကန်ကန် ဖြေရှင်းပေးနေတဲ့သူပဲ၊ သူတို့က ဘာလို့ သူမကို တိုက်ခိုက်နေမှာတုန်း။
အလွန်တိုတောင်းသော လေအေးများက ခနတာအတွင်း ဖြတ်သန်းသွားပြီး ခန်းမက အလျင်အမြန် ပြန်ငြိမ်သက်သွားသော်လည်း လူတိုင်း၏ မျက်နှာမှာကတော့ ငြိမ်သက်နိုင်ခြင်း မရှိတော့ပေ။ အထူးသဖြင့် ရှရွှင်းစစ်၏ ချောမောသော မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး မျက်ခုံးများက လေးနက်စွာ ပင့်တက်နေကာ သူ့မျက်လုံးများက ကန့်လန့်ကာအတွင်းမှ ချစ်စရာကောင်းသော ရုပ်ပုံလွှာကို အနီးကပ် စိုက်ကြည့်နေသော်လည်း သူ့အမူအရာကတော့ ရှုပ်ထွေးနေပုံရသည်။
ရှန်ယုလန်က ကျွော့ချင်းကို အဓိပ္ပယ်တစ်ချို့ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤအချိန်က တတိယမင်းသားကို ဆွဲဆောင်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ကျွော့ချင်းက သူ့ကို မကြည့်ဘဲ အဝေးကို လှမ်းကြည့်နေသည်။ ယခုန ပရမ်းပတာ ဖြစ်ပြီးနောက် အားလုံးက သူမကို အလွန်ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူမက မှုခင်းဆရာဝန်တစ်ဦးသာ ဖြစ်ပြီး မှော်ဆရာတစ်ဦး မဟုတ်ပေ။ သူမက သူမ ပြောသင့်သောအရာများကိုသာ ပြောပြခဲ့ခြင်းပင်။
ကျွော့ချင်းက သူ့ကို လုံးဝ လျစ်လျူရှုနေခဲ့သောကြောင့် ရှန်ယုလန်က ရွေးချယ်စရာမရှိတော့ဘဲ ရှေ့တိုးလာပြီး ရှရွှင်းစစ်၏နောက်မှာ မတ်တပ်ရပ်လိုက်ကာ "သတ္တမမင်းသမီးလေး သေဆုံးမှုက ချုံယွဲ့နဲ့ ပိုင်ချီအတွက် ဝမ်းနည်းစရာပါပဲ။ သေဆုံးရတဲ့ အကြောင်းအရင်းကို နားလည်သွားရင် သူ(မ)အတွက် တရားမျှတမှုကို ရှာဖွေပေးနိုင်ပါတယ်၊ အဲ့တာက မင်းသမီးလေးအတွက် အရေးကြီးဆုံးအရာပါ၊ ကျေးဇူးပြုပြီး တတိယမင်းသားက လေးလေးနက်နက် စဉ်းစားပေးပါ"
ရှရွှင်းစစ်က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး လွန်ခဲ့သော အခိုက်အတန့်က အပြင်းအထန် ဆန့်ကျင်နေသော သူ့၏သဘောထားကလည်း ပြောင်းလဲသွားပုံရသည်။ သူက သူ၏လက်များကို အားမရှိသလို ဝှေ့ယမ်းလိုက်ကာ သက်ပြင်းချလိုက်ကာ "လုပ်မယ်"
ကျွော့ချင်းက သူမ၏ မျက်လုံးများကို မှိတ်ချလိုက်သည်။
ရှေးခေတ်လူတွေက သရဲနဲ့ နတ်တွေကို ပိုပြီး ယုံကြည်ပုံရတယ်။ သူမကတော့ ဘာကြောင့်မှန်းမသိတိုက်လာတဲ့ အဲ့ဒီလေကို တကယ်ကို ကျေးဇူးတင်မိတော့တယ်။
ကျွော့ချင်းက နောက်ပြန်လှည့်ပြီး ပိတ်စကို ဆွဲဖယ်လိုက်ရင်း ရှန်ယုလန်ကို ခွဲစိတ်ကိရိယာများ ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။ "ရှန်လူကြီးမင်း၊ အရွယ်အစား မတူညီတဲ့ ချွန်ထက်တဲ့ ဓားပါးသုံးချောင်း၊ ကတ်ကြေးအသေးတစ်ချောင်း၊ သန့်ရှင်းတဲ့ လက်ကိုင်ပုဝါအနည်းငယ်နဲ့ ကြွေပန်းကန်ခွက်အနည်းငယ် လိုအပ်တယ်။ အပ်နဲ့ အပ်ချည်၊ ရေအင်တုံတစ်ခု၊ နောက်ပြိး လက်အိတ်အသစ်တစ်စုံပါ ယူပေးပါ"
ဒီနေရာက ဒီအခြေအနေနဲ့ကတော့ ဒီလောက်ပဲ ရနိုင်တာမို့ ရှိတာနဲ့ ဖြစ်အောင်လုပ်ရမှာပါပဲ။
"မင်း ခွဲမှာလား?" သူမ၏နောက်မှ ရှန်ယုလန်ကတော့ အမှန်တကယ် ထိတ်လန့်သွားခဲ့ပြီ ဖြစ်သည်။
ကျွော့ချင်းက သူမ၏နောက်သို့ လှည့်ကြည့်လိုက်သည်။
ခွဲစိပ်တာက ဒီလောက် ထူးဆန်းနေမယ်လို့ သူမ ထင်မထားခဲ့ဘူး။ သူမ တစ်နေ့ကို ခွဲစိတ်မူတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်လေ့ရှိတယ်။ အဲ့တာကြောင့် ရှန်ယုလန်ရဲ့အံ့အားသင့်မှုကို သူမ နားမလည်နိုင်ဘူး။
ကျွော့ချင်းက ပေါ့ပေါ့တန်တန် ပခုံးတွန့်လိုက်ပြီး "ရှင် ခွဲချင်ရင်လည်း ရှင်ကိုယ်ကိုယ်တိုင် ခွဲစိပ်ပြီး စစ်ဆေးလို့ ရတယ်၊ ကျွန်မ ကြည့်ဘဲ ကြည့်နေမယ်”
ရှေးခေတ်လူတွေ ဘယ်လို အလောင်း ခွဲပြီး ဘယ်လို ခွဲခြမ်းစိပ်ဖြာတယ်ဆိုတာနဲ့ ခေတ်သစ်ခန္ဓာဗေဒနဲ့ ဘယ်လောက်ကွာခြားတယ်ဆိုတာ သူမ မမြင်ဖူးသေးတဲ့အတွက် သူမအတွက် နှိုင်းယှဉ်ကြည့်ဖို့ အခွင့်အရေးပဲ။
သူမ......???? ကြည့်ချင်နေသေးတာလား???! !
ကျွော့ချင်းက ပေါ့ပေါ့တန်တန် ပြောနေသော်လည်း အရွယ်ရောက်ပြီးသည့် အမျိုးသားတစ်စု၏အတွေးများထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်ကို သူမ မသိခဲ့ပေ။
အလောင်းကို ခွဲစိပ်ဖို့ဆိုတာ ယောက်ျားတွေအတွက်တောင် သွေးထွက်သံယိုကိစ္စ ဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အရာတစ်ခုပဲ။ ဒီတစ်ခါတော့ သူတို့အားလုံးမှာ တူညီတဲ့အတွေးတစ်ခုပဲ ရှိကြတော့တယ်။
သူ(မ)က မိန်းခလေးရော ဟုတ်ရဲ့လား?
ကျွော့ချင်းက သူတို့ကို လျစ်လျူရှုထားခဲ့ပြီး အလုပ်စရန် ပြင်ဆင်လိုက်သည်။ သူမက ကန့်လန့်ကာထဲသို့ ဝင်သွားပြီးမှ နောက်သို့ပြန်လှည့်ကြည့်ကာ သတိပေးလိုက်သည်။
"အလောင်းခွဲစိတ်စစ်ဆေးနေတဲ့ အချိန်အတွင်း ဆွေမျိုးတစ်ယောက် ရှိနေဖို့လိုတယ်၊ ပြီးတော့ သူ့ထက် တဆင့်ထက်မနည်းတဲ့ ရာထူးပိုကြီးတဲ့ အရာရှိတစ်ယောက်ရှိနေဖို့ ကျွန်မ အကြံပြုချင်တယ် အဲ့လူက တရားမျှတမှု ရှိအောင် ထိန်းကျောင်းပေးရမယ်”
သူမက အလွန်စဉ်းစားပေးခဲ့သော်လည်း ဤခန်းမတစ်ခုလုံးတွင် တတိယမင်းသားထက် ရာထူးကြီးသောသူ အနည်းငယ်သာရှိပြီး မည်သူက ကြီးကြပ်ပေးရန် ဆန္ဒရှိမည်ကို မသိနိုင်ပေ။ ရှန်ယုလန်က သူ့စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း မြင့်မားသော နေရာတွင် ထိုင်နေသော ယန်းဟုန်ထျန်းက ရုတ်တရက် ကျယ်လောင်စွာ ပြောလာခဲ့သည်။
"ကောင်းပြီ၊ တရားမျှတမှုကို ပြဖို့အတွက် ကျန်း(ငါကိုယ်တော်)ကိုယ်တိုင် ကြီးကြပ်ပေးမယ်"
ယန်းဟုန်ထျန်း၏စကားသံ ဆုံးသွားသည်နှင့် ဝန်ကြီးများအားလုံးက တုန်လှုပ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဝပ်ချကာ “အရှင်မင်းကြီး၊ နှစ်ခါ ပြန်စဉ်းစားတော်မူပါ”
နောက်ဆုံးတွင် ဧကရီက သတိဝင်လာပြီး “အရှင်မင်းကြီး၊ ဒီသွေးစွန်းနေတဲ့ အရာတွေက အရမ်းကို ညစ်ပတ်လွန်းလှပါတယ်၊ အရှင့်ရဲ့နဂါးခန္ဓာကိုယ်ကို ထောက်ထားပြီး နှစ်ခါပြန်စဉ်းစားတော်မူပါ”
အလွန်ညစ်ပတ်တယ်တဲ့လား?!
ကျွော့ချင်းက မျက်မှောင်ကြုတ်ပြီး ထိုမိဖုရားကို ပိုပြီး ရွံရှာလာသလို ခံစားနေရသည်။
ယန်းဟုန်ထျန်းက သူ့ဧကရီ၏ ဖြားယောင်းသွေးဆောင်မှုနှင့် မင်းမှုထမ်းများ၏ တောင်းဆိုမှုကြောင့် လုံး၀ တုံ့ဆိုင်းမနေဘဲ ရုတ်တရက် ထရပ်လိုက်သည်။ မောက်မာထောင်လွှားကာ ပိုင်စိုးပိုင်နင်း အရိပ်အယောင်များကို သယ်ဆောင်လာသော အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက ကျွော့ချင်းဆီသို့ တည့်တည့် လျှောက်လှမ်းနေခဲ့သည်။
သူမ ဘယ်လောက်ကြာကြာ ဟန်ဆောင်နေနိုင်မလဲဆိုတာ သူ သိချင်နေသေးတယ်။