← Chapters

အခန်း (၅၃-၅၅)

Vol. 5 Ch. 53-55

အခန်း (၅၃-၅၅)

Vol. 5 Ch. 53-55

အခန်း ၅၃ လျှို့ဝှက်တိုက်ပွဲ

  အုန်း!!

  ယန်းဟုန်ထျန်းက စားပွဲရှည်ကြီးပေါ်သို့ လက်ကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်ရာ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံက ခန်းမတွင်းရှိ လူအားလုံးကို ထိတ်လန့်ရုံသာမက ခန်းမအပြင်ဘက်တွင် စောင့်နေသော ကောင်းကျင်းကိုပင် တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။

  သူက သူမကို လက်ထပ်ချင်တယ်!

  ထိုစကားထွက်လာသည်နှင့် တပြိုင်နက် ယန်းဟုန်ထျန်းက ဒေါသထွက်သွားပြီး ကျွော့ချင်းက အံသြသွားကာ ချင်းဖုန့်က ခဏတာ စိတ်လွတ်သွားသည်။

"မင်း သူ(မ)ကို လက်ထပ်ချင်တယ်လို့ ပြောနေတာလား?"

တိတ်ဆိတ်နေသည့် နန်းတော်ခန်းမထဲတွင် ယန်းဟုန်ထျန်း၏ သေမင်းတမန်ကဲ့သို့ အေးစက်နေသည့်အသံက ပို၍ အေးစက်နေပုံပေါ်သည်။ ကျွော့ချင်းနှင့် ချင်းဖုန့်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အမှတ်တမဲ့ တံတွေးမျိုချလိုက်မိကြသည်။ လို့ရှီးယန်တစ်ယောက်သာ ယန်းဟုန်ထျန်း၏ ဒေါသထွက်နေသော အကြည့်ကို မမြင်သလို တည်ငြိမ်သော အမူအရာဖြင့် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်"

  "မဖြစ်နိုင်ဘူး" ဆိုသည့် အသံက သွားကြားထဲမှ ညှစ်ထုတ်လိုက်သလို ထွက်လာပြီး ယန်းဟုန်ထျန်းက လို့ရှီးယန်ကို ဒေါသထွက်နေလား မထွက်နေလားတောင် ကျွော့ချင်းလည်း မသိနိုင်တော့ပေ။

တိုတိုပြောရရင်တော့ ဒါက မကောင်းဆိုးဝါးရဲ့ လေတိုးသံပါပဲ။

 ယန်းဟုန်ထျန်းက လို့ရှီးယန်ကို စိုက်ကြည့်နေရင်း ယခုန သူ၏ မကောင်းသော အမူအရာများ ပျောက်ကွယ်သွားပြီး "ကိုယ်တော်ရဲ့အရာရှိလို့၊ မင်းက ကျန်းတို့ ချုံယွဲ့ရဲ့ အဆင့်မြင့်ဆုံး ဝန်ကြီးချုပ်ပါ၊ သူ(မ)က တိုင်ပြည်ငယ်လေးကနေ လာတဲ့ မိန်းခလေးတစ်ယောက်လေ၊ လုံးဝမထိုက်တန်ဘူး၊ တကယ်လို့ မင်းက လက်ထပ်ဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် ကျန်းက မင်းနဲ့လိုက်ဖက်တဲ့ အရည်အချင်းရှိတဲ့ မင်းသမီးတွေနဲ့ လက်ထပ်ပေးမယ်၊ ကျန်း မင်းကို ချောင်ယွမ်မင်းသမီးနဲ့ ချက်ချင်း လက်ထပ်ပေးမယ်"

  "ဒီဝန်ကြီးနဲ့ မင်းသမီးက အရှင်သခင်နဲ့ လက်အောက်ငယ်သားတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေကို အမြဲတမ်း လိုက်နာခဲ့ပြီး ဒီဝန်ကြီးမှာ မလျော်ကန်တဲ့ အကြံအစည်မျိုး မရှိဝံ့ပါဘူး"

သူ လက်ထပ်ဖို့ တောင်းဆိုရတဲ့ ပထမအချက်က ချင်းလင်ကြောင့် ဖြစ်ပြီး ဒုတိယကတော့ ယန်းရူရွှယ်ကြောင့်ပါ။ သူ တတ်နိုင်သမျှ မြန်မြန် လက်ထပ်လိုက်ရင် သူမလည်း သူမရဲ့ရှည်ကြာနေတဲ့ ဆန္ဒတွေကို မြန်မြန် ဖြတ်တောက်နိုင်မှာပါ။

  ယန်းဟုန်ထျန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး "ကျန်း မင်းနဲ့ရွှယ်အာကိုပဲ ချက်ချင်း လက်ထပ်ခွင့်ပေးမယ်၊ သူ(မ)တို့ နှစ်ယောက်က အထောက်အထားတွေ ဖလှယ်ပြီး ဧကရာဇ်ကို လှည့်စားပြီး ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတယ်။ ထောင်ထဲမှာထားပြီး စုံစမ်းစစ်ဆေးသင့်တယ်!"

  "ဘုရင်မင်းမြတ်က ထက်မြက်တဲ့သူပါ။ သူတို့ပြောခဲ့တာတွေက မုသားတွေမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိနေမှာပါ၊ အရှင်က တစ်စုံတစ်ယောက်ကို ဟောင်ယွဲ့ကို သွားဖို့ စေလွှတ်ပြီး သူ(မ)တို့ကို လိုက်ပါပို့ဆောင်ပေးတဲ့ အရာရှိတွေနဲ့ အမှုထမ်းတွေကို စစ်ဆေးလိုက်ရင် သူ(မ)တို့ပြောခဲ့တာတွေက မှန်သလား မှားသလားဆိုတာ သဘာဝကျကျ သိနိုင်ပါလိမ့်မယ်။ ကျွန်တော်မျိုးနဲ့ ချင်းလင်က လတစ်ဝတ်လောက် အပြန်ပြန် အလှန်လှန် ဆက်ဆံခဲ့တာကြောင့် သူ(မ)က အဲ့ဒီလိုလူ မဟုတ်ဘူးဆိုတာကို ကျွန်တော်မျိုး ယုံကြည်ပါတယ်။ ဧကရာဇ်ကလည်း ရှင်းရှင်းလင်းလင်း နားလည်နေလိမ့်မယ်လို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်"

  "သူ(မ)တို့ပြောတာတွေကို အတည်မပြုနိုင်သေးခင်အထိတော့ ကျန်း ဆုံးဖြတ်ချက်မချဘဲ စောင့်နေပေးလိုက်မယ်၊ သူတို့ကို ထောင်ထဲအရင်သွင်းထားပြီး အတည်ပြုချက်ရယူဖို့ စောင့်မယ်"

သူ ဆိုတဲ့ ယန်းဟုန်ထျန်းက လှည့်စားခြင်း ဒါမှမဟုတ် လှည့်စားခြင်းရဲ့ခြေရာလက်ရာတွေကို သည်းမခံနိုင်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို လှည်းစားဖို့ သတ္တိရှိမယ်ဆိုရင် လိမ်ညာလှည့်ဖြားခြင်းရဲ့အကျိုးဆက်တွေကို အဲ့ဒီလူ သိသွားအောင် သူက လုပ်ပေးနိုင်တယ်။ ဒါပေမယ့် အဲဒီအချိန်အထိ သူ(မ)တို့ ထောင်ထဲမှာပဲ နေရမယ်။

  ကျွော့ချင်းက ကြောက်ရွံ့မှုများစွာ မပြသလို ချင်းဖုန့်၏မျက်နှာပေါ်တွင်လည်း ခေါင်းမာသော အကြည့်များသာ ရှိနေခဲ့သည်။ သို့သော်လည်း လို့ရှီးယန်၏မျက်လုံးများက စိုးရိမ်ပူပန်မှုများဖြင့် တောက်ပလာခဲ့သည်။

  "ကျွန်တော်မျိုးက ချင်းလင်ကို ဝန်ကြီးချုပ်အိမ်တော်ဆီ ပြန်ခွင့်ပြုဖို့ အလေးအနက် တောင်းဆိုပါရစေ၊ သူ(မ)ကို ဝန်ကြီးချုပ်အိမ်တော်မှာ ထိန်းသိမ်းခွင့်ပေးဖို့ ဘုရင်မင်းမြတ်ကို အလေးအနက် မေတ္တာရပ်ခံပါတယ်။ သူ(မ)ပြောခဲ့တာတွေက ဟုတ်မဟုတ် စစ်ဆေးလို့ မပြီးသေးခင် ဝန်ကြီးချုပ်ရဲ့ အိမ်တော်ကနေ ခြေလှမ်းတစ်ဝက်တောင် ထွက်ခွာခွင့် မပြုပါဘူး။ အဲ့တာက အသေအချာပါပဲ”

ထောင်ထဲမှာနေဖူးတဲ့သူတိုင်းက အဲ့ဒါကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ နောက်တချိန်မှာ ပြန်ထွက်လာနိုင်ခဲ့တယ်ဆိုရင်တောင် အရင်နဲ့ အတူတူဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး။

  လို့ရှီးယန်က အစကနေ အဆုံးအထိ တည်ငြိမ်အေးဆေးနေပြီး သူ့မျက်နှာမှာ လှုပ်ရှားမှု အနည်းငယ်သာ ရှိနေသော်လည်း သူ ပြောသော စကားများကို ထပ်တလဲလဲ နားထောင်နေရသော ယန်းဟုန်ထျန်း၏အမူအရာက အေးစက်လာကာ သူ့ကိုကြည့်နေသော အကြည့်များက ပို၍ပင် အေးစက်လာခဲ့သည်။

  အိုးးးး... ဘုရားရေ၊ ဒီနေ့ လို့ရှီးယန်က ဘာတွေဖြစ်နေတာလဲ?

ကျွော့ချင်းက သူ၏ သူမကို ကာကွယ်ရန် ကြိုးပမ်းမှုကြောင့် ထိတ်လန့်နေခဲ့ရသော်လည်း သူမလည်း သူ့အတွက် စိတ်မပူပဲ မနေနိုင်ပေ။ နောက်ဆုံးတွင် ဧကရာဇ်က လွယ်လင့်တကူ ဆက်ဆံ၍ရပုံ မပေါ်ပေ။ ချင်းဖုန့်ကလည်း ဤခဲအိုကြောင့် အလွန်ကျေနပ်အားရနေခဲ့သည်။ ထိုလူကဲ့သို့ နူးညံ့သိမ်မွေ့သော ယောက်ျားတစ်ယောက်တွင် ယခုကဲ့သို့ သတ္တိများရှိနေနိုင်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း မြင့်မားသော အနေအထားတွင် ရှိနေသော ကြောက်မက်ဖွယ်ကောင်းသော လူကိုသာ ချီတုံချတုံ ငေးကြည့်နေမိသည်။

ဒီနေ့ လို့ရှီးယန်က အသက်ရှင်နိုင်ပါဦးမလား?

ကံကောင်းထောက်မစွာဖြင့် သူမတို့ မျှော်လင့်ထားသည့် သွေးသံရဲရဲ မြင်ကွင်းက ဖြစ်မလာခဲ့ပေ။ ယန်းဟုန်ထျန်းက သူ့‌ရှေ့မှ မြင်ကွင်းကို အေးစက်စွာ အကြည့်လွှဲလိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် အော်ခေါ်လိုက်သည်။

“ကောင်းကျင်း”

   နန်းတော်အပြင်မှ ချွေးသံတရွဲရွဲဖြင့် စောင့်နေသည့် ကောင်းကျင်းက အလျင်အမြန် ဝင်လာပြီး "ဒီကျွန် ရောက်လာပါပြီ"

  "သူ(မ)တို့ကို နန်းတော်အပြင်မှာ စောင့်ခိုင်းပါ၊ ကျန်း ဝန်ကြီးချုပ်နဲ့ ဆွေးနွေးစရာရှိတယ်"

  "အမိန့်တော် အတိုင်းပါ"

ကောင်းကျင်းက တံခါးကို အမြန်​ဖွင့်​လိုက်​ပြီး သူမတို့နှစ်​​ယောက်​ကို နှင်​ထုတ်​ကာ တံခါးကို အမြန်​ပြန်ပိတ်​လိုက်​သည်​။

  ယန်းဟုန်ထျန်းက လို့ရှီးယန်ဆီသို့ လျှောက်လာခဲ့ပြီး ပင်မခန်းမဆောင်ကြီးထဲတွင် လူနှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်နေကြသည်။ တစ်ယောက်က ကောင်းကင်တွင် ပူလောင်နေသော နေရောင်ကဲ့သို့ တောက်လောင်နေပြီး နောက်တစ်ယောက်ကတော့ ပင်လယ်ထဲက ပြာလဲ့လဲ့ လမင်းကဲ့သို့ တိတ်ဆိတ်နေသည်။

  အချိန်အတော်ကြာပြီးနောက် ယန်းဟုန်ထျန်းက "ပြောပါ၊ ငါ အမှန်တရားကို ကြားချင်တယ်"

  သူနဲ့ ရှီးယန်တို့က အတူတကွ ကြီးပြင်းလာကြပြီး တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးကောင်းမွန်ခဲ့ပေမယ့် သူ ထီးနန်းရလာကတည်းက ရှီးယန်က ဘုရင်နဲ့ ဝန်ကြီးကြားက ကျင့်ဝတ်တွေကို လျစ်လျူမရှုသင့်ဘူးလို့ အမြဲတမ်း အခိုင်အမာ ပြောဆိုခဲ့တယ်။ ရှီးယန်က အခုလို အလေးအနက်ထားနေတာမျိုး ရှားပါးလွန်းတယ်။ ရှီးယန်လို ခေါင်းအေးအေးထားတက်တဲ့သူက အခုလို မိန်းမတစ်ယောက်အတွက် ခံစားချက်တွေရှိနေတာက ထူးထူးဆန်းဆန်း ဖြစ်နေပြီ။ ရှီးယန်ရဲ့ မူမမှန်မှုတွေက သူ့စိတ်ကို ပြန်တည်ငြိမ်စေခဲ့တယ်။

  ယန်းဟုန်ထျန်းက သူ့ကိုယ်သူ ကျန်းဟု မသုံးနူန်းတော့သောကြောင့် လို့ရှီးယန်ကလည်း သူ့ကိုယ်သူ ပြောင်းလဲ သုံးနူန်းလိုက်သည်။

ဒါက နှစ်တွေကြာလာတာနဲ့အမျှ သူတို့ကြားက တိတ်တဆိတ် နားလည်မှုပါပဲ။

လို့ရှီးယန်က သူ့ခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းကာ ပြုံးနေရင်း သက်ပြင်းချလိုက်သည်။

"သူ(မ)က ငါ့ရောဂါကို ကုသပေးနိုင်တယ်၊ အဲ့တာကြောင့် ငါ့အိမ်တော်ကို ပြန်ခေါ်သွားချင်တယ်"

  ယန်းဟုန်ထျန်းအပေါ် သူ့၏နားလည်မှုအရ ထိုအကြောင်းပြချက်က ချင်းလင်ကို သူ သဘောကျသည်ဟု ပြောခြင်းထက် ပိုကောင်းပေလိမ့်မည်။

ဒါက သူမကို အိမ်ပြန်ခေါ်ဆောင်သွားချင်တဲ့ သူရဲ့ပန်းတိုင်ကို ရောက်ဖို့ ပိုလွယ်တယ်လေ။

  "ဘာလဲ?!"

ယန်းဟုန်ထျန်းက အံ့အားသင့်သွားခဲ့သည်။

ရှီးယန်ရဲ့ရောဂါက အချိန်အတော်ကြာနေပြီ။ တော်ဝင်သမားတော်တွေတောင် အဲ့ရောဂါကို မကုသပေးနိုင်ခဲ့ကြဘူး။ အခုတော့ ချင်းလင်က ကုသပေးနိုင်တယ်တဲ့လား?

"မင်း အမှန်အတိုင်းပြောနေတာလား?!"

  လို့ရှီးယန်က ခေါင်းညိတ်ပြီး ထပ်ပြောပြလိုက်သည်။

"ငါ နောက်ဆုံးတစ်ခေါက် နေမကောင်းဖြစ်တုန်းက သူ(မ)က ငါ့ဘေးမှာ ရှိနေတယ်၊ သူ(မ)ကြောင့်သာ မဟုတ်ရင် အဲဒီညက ငါ မင်းနဲ့ စကားမပြောနိုင်တော့ဘူး"

အဲ့နေ့ညက သူမ သူ့ကို အသက်ရှုဖို့ဘဲ ပြောခဲ့ပေမယ့် ယန်းဟုန်ထျန်းကို ဆွဲဆောင်ဖို့အတွက် သူ ဒီလိုပဲ ပြောလိုက်တော့တယ်။

  "သူ(မ)??? အဲဒီနေ့က မင်းအခန်းထဲက အစေခံပဲလား?"

ယန်းဟုန်ထျန်း၏ မျက်နှာက ထိုနေ့က သူ သူမနားမှ ဖြတ်သွားခဲ့ပုံကို ပြန်ပြောင်းသတိရသွားပြီး အေးစက်သွားခဲ့သည်။

  "အင်း"

  လို့ရှီးယန်၏ တည်ငြိမ်သော မျက်နှာကို ကြည့်ပြီး ယန်းဟုန်ထျန်းက သူ၏ လင်းယုန်မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ အေးစက်သော လေသံဖြင့် "မင်းရဲ့ ရောဂါကို ကုသပေးနိုင်လို့ သူ့(မ)ကို လက်ထပ်ချင်တာလား?"

  အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် လို့ရှီးယန်က “လုံးဝတော့ မဟုတ်ဘူး”

  ယန်းဟုန်ထျန်းက မျက်ခုံးပင့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒါဆို မင်းက သူ့(မ)ကို တကယ်ကြိုက်နေတာလား?!"

  လို့ရှီးယန်၏ ငြိမ်သက်နေသော မျက်နှာတစ်ပြင်လုံးက ထိတ်လန့်တုန်လှုပ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ယခင်ကဲ့သို့ မရွှင်ပျတော့ဘဲ တိတ်ဆိတ်နေခဲ့သည်။ သူ့စိတ်ထဲမှ နိမိတ်ဖတ်သံများက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ သေချာသည်မှာ လက်ကြီးတစ်ဖက်က ပြင်းထန်စွာ ဖိထားတာကြောင့် သူ့ပခုံးများက နစ်ဝင်သွားခဲ့သည်။ ထိုအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားပြီး အနည်းငယ် အေးစက်နေသည့် ယန်းဟုန်ထျန်း၏ ရယ်သံက သူ့နားထဲသို့ ဝင်ရောက်လာသည်။

"ရှီးယန်၊ ဒါက မင်း တခုခုကို ကြိုက်တယ်လို့ မင်း ငါ့ကို ဒုတိယအကြိမ် ပြောဖူးတာဘဲ"

အခန်း ၅၄- ချင်းဖုန့်

  နန်းတော်ခန်းမအပြင်ဘက်တွင်...

  သန်းခေါင်ကျော်နေပြီဖြစ်သောကြောင့် လက အုံ့ဆိုင်းနေပြီ ဖြစ်ကာ ခမ်းနားပြီး ဆူညံနေသော ပွဲတော်မရှိလျှင် နန်းတော်ဖြစ်နေခြင်းကပင် ည၏တိုက်စားမှုကို မခုခံနိုင်ခဲ့ပေ။ နန်းတော်အတွင်း၌ အဖိုးတန်သစ်ပင်များဖြင့် ဖုံးလွှမ်းနေသောကြောင့် လရောင်က ဆိတ်သုဉ်းနေကာ အမှုန်အမွှားလေးလောက်သာ အလင်းရောင်ရနေသည်။ လတ်ဆတ်သော ညလေညင်းက အနည်းငယ်အေးစိမ့်နေသော်လည်း လူတို့၏စိတ်ကို လန်းဆန်းစေသည်။

  ခန်းမဆောင်ရှေ့တွင် ခန္ဓာကိုယ်ပုံစံတူသော အမျိုးသမီးနှစ်ဦးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ တစ်ယောက်က စိတ်လှုပ်ရှားနေပြီး သူမ၏မျက်လုံးများတွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေကာ နောက်တစ်ယောက်ကတော့ အနည်းငယ် ရှက်ရွံ့နေပုံရသည်။

  "အစ်မ... ညီမကို တကယ် မမှတ်မိတော့ဘူးလား?"

လတစ်ဝက်လောက်ကြာအောင် ပျောက်ဆုံးနေခဲ့သည့် သူမ၏အစ်မကြီးက သူမ မျက်စိ‌ရှေ့တွင် ရောက်နေသည်ကို ကြည့်ရင်း ချင်းဖုန့်က သူမနှလုံးသားကို ဓား ထက်ထက်ဖြင့်ထိုးနေသလို ခံစားလိုက်ရသည်။ အစ်မဖြစ်သူ၏တောက်ပနေသည့် မျက်လုံးများက ကြည်လင်နေပြီး ငြိမ်သက်နေကာ ယခင်က ရှိခဲ့ဖူးသော ချစ်ခြင်းမေတ္တာနှင့်နွေးထွေးမှုများကို မတွေ့နိုင်တော့ပေ။

  "ငါ..." ကျွော့ချင်းက တစ်ခုခုပြောရန် ပါးစပ် ဖွင့်လိုက်သော်လည်း နောက်ဆုံးမှာတော့ "တောင်းပန်ပါတယ်"ဟုသည့် စကားသာ ထွက်လာနိုင်ခဲ့သည်။

သူမက တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြံရွယ်ထားတာ မဟုတ်ပေမယ့် သူမလက်ရှိခန္ဓာကိုယ်မှာ ရောက်နေတာကလည်း အမှန်တရားတစ်ခုဖြစ်နေပြီး ပြောင်းလဲလို့ မရနိုင်တော့ဘူး။

  ကျွော့ချင်းက ချင်းဖုန့်ကို တုံ့ပြန်စကားပြောနေခဲ့သော်လည်း ခန်းမအတွင်းရှိ လို့ရှီးယန်ကို ပိုမိုစိုးရိမ်နေခဲ့သည်။ သို့တိုင်အောင် မည်သည့်အသံမျှ မကြားရသောကြောင့် အတွင်းထဲ၌ ဘာဖြစ်နေသည်ကို သူမ မသိနိုင်ပြန်ပေ။

  ကျွော့ချင်းက နန်းတော်တံခါးကို စောင့်နေသည့် ကောင်းကျင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်နေပြန်သည်။ သူက အစောင့်များကို သူမတို့အား စောင့်မကြည့်ခိုင်းဘဲ ထောင့်တစ်နေရာတွင် ရပ်စောင့်ခိုင်းထားခဲ့သည်။ ထိုကြောင့် သူမတို့ စကားပြောခွင့်ရနေခြင်းပင်။

အဲ့တာက သူ့ရဲ့ ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားမှုတစ်ခုလား? ဒါမှမဟုတ် ရိုးရိုးသားသား အမှားတစ်ခုလား???

  "တောင်းပန်ပါတယ်၊ ကျွန်မသာ အစ်မတို့ကို ကိုယ့်ကိုကိုယ်သတ်သေဖို့ အတင်းအကြပ် တွန်းအားမပေးခဲ့ဘူးဆိုရင် အစ်မက ဘယ်သူလဲဆိုတာကို မေ့သွားမှာ မဟုတ်ဘူး"

သူမရဲ့အစ်မဖြစ်သူက သူမကို လျစ်လျူရှုနေခဲ့တာလည်း သူမ အပြစ်ပါပဲ။

ချင်းလင် ပြန်နိုးလာသည့်အချိန်တွင် သူမကိုယ်သူမ ဘယ်သူမှန်းပင် မသိဘဲ အားကိုးရာမဲ့ဖြစ်နေမည့် ပုံစံကို ပြန်တွေးရင်း ချင်းဖုန့်က သူမထံတွင် အပြစ်ရှိသလို ခံစားလာရပြန်သည်။

မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတဲ့အခါ အစ်မ ဘယ်လောက်ထိ ထိတ်လန့်သွားမလဲ?!

  ကျွော့ချင်းက သတိပြန်ဝင်လာခဲ့ပြီး သူမရှေ့မှ မိန်းခလေးကို ပြန်ကြည့်လိုက်သည်။

သူမဆီမှာ ခုနက နန်းတော်ခန်းမထဲမှာလို ခေါင်းမာပြီး မောက်မာအေးစက်တဲ့စရိုက်တွေ မရှိတော့ဘူး။

ကျွော့ချင်းက ​သူမကိုယ်သူမ မျက်စိစုံမှိတ်အပြစ်တင်နေသည့် မိန်းခလေးကို ကြည့်ပြီး မခံမရပ်နိုင်ဖြစ်လာကာ သူမကို တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ “ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့၊ ပြီးတာတွေက ပြီးသွားပြီ၊ အခု အရေးကြီးတာက ငါက အသက်ရှင်နေသေးပြီး နေကောင်းနေသေးတယ်လေ”

မူလလူ မဟုတ်တော့ပေမယ့်ပေါ့လေ...

  ကျွော့ချင်းက ခေါင်းငုံ့ထားရင်းဖြင့် ချင်းဖုန့်က သူမကိုယ်သူမ သတ်သေသည့်ကိစ္စလိုမျိုး မိုက်မဲမှုတစ်ခု လုပ်ခဲ့ဖူးကြောင်း ပြန်တွေးမိသွားခဲ့သည်။ ထို့ကြောင့် သူမက "ဒါပေမယ့် မင်းကိုယ်မင်း သတ်သေတဲ့ အရာမျိုး ထပ်ပြီး မလုပ်ရတော့ဘူး။ အားနည်းတဲ့သူတွေကသာ လွတ်မြောက်ဖို့ ရွေးချယ်ပြီး အရှုံးပေးလိမ့်မယ်။ မင်းက အဲ့လိုလူတွေလို မလုပ်သင့်ဘူး"

  အားနည်းသူတွေကသာ လွတ်မြောက်ဖို့ မိမိကိုယ်ကို သတ်သေဖို့ ရွေးချယ်တာ မဟုတ်လား? သူမ လိုက်နာခဲ့တဲ့ သမာဓိနဲ့ မာနကတော့ အဲ့အရာက အမှန်တကယ်ပင် သူရဲဘောကြောင်ခြင်းရဲ့လက္ခဏာတစ်ခုလို့ သူမကို ပြောပြနေတယ်။

  ချင်းဖုန့်က ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အတွင်းခန်းဆီသို့ စိုက်ကြည့်ကာ အေးစက်စွာ ပြန်ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ညီမက ထပ်ပြီး သတ်သေတော့မှာ မဟုတ်ဘူး၊ သေဖို့ ထိုက်တန်တာက ညီမတို့ မဟုတ်ဘူး!"

သူမတို့၏မိဘများကို သေစေသောသူများမှာ ဟောင်ယွဲ့မှ အရည်အချင်းမရှိသော အုပ်ချုပ်သူများဖြစ်ပြီး အတွင်းထဲက လူကတော့ လှုံ့ဆော်ပေးသူဖြစ်သည်။

  ကျွော့ချင်းက သူမ၏တောက်ပသော မျက်လုံးများထဲမှ အမုန်းတရားများ ပေါက်ဖွားနေမှုကို မြင်လိုက်ရသောကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး ချင်းဖုန့်၏ရန်လိုမှုက သူမကို စိတ်မသက်မသာဖြစ်စေခဲ့သည်။

  "စကားမစပ် ညီမလေးကို တွေ့ပြီးပြီလား?"

အစ်မက နန်းတော်ထဲကိုတောင် ဝင်လာနိုင်တာကြောင့် သူမထက်စာရင် ညီမလေးနဲ့တွေ့ဖို့က ပိုလွယ်သင့်တယ်။

  ကျွော့ချင်းက ခေါင်းခါလိုက်ပြီး "မတွေ့ရသေးဘူး"

  ချင်းဖုန့်က အနည်းငယ်စိတ်ပျက်သွားပြီး စိုးရိမ်နေပုံဖြင့် သက်ပြင်းချလိုက်ကာ "စစ်သူကြီးစုက လူကောင်းဖြစ်ပုံ မပေါ်ဘူး။ သူက ညီမငယ်လေးကို အနိုင်ကျင့်မှာကို စိုးရိမ်တယ်၊ သူ(မ)က အရမ်းငယ်သေးတယ်"

  "စိတ်မပူပါနဲ့၊ စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ​​ရုပ်ရည်အေးစက်ပြီး နှုတ်ဆိတ်နေတာက ပုံမှန်ပါပဲ၊ စုလင်းက ပညာတက်တဲ့ စစ်ဗိုလ်ချုပ်မဟုတ်ပေမယ့် သူက ထင်ရာစိုင်းတဲ့လူလည်း မဟုတ်ပါဘူး"

ကျွော့ချင်းကတော့ စုလင်းက တော်တော် တော်တယ်ဟု ခံစားနေရသည်။

သူ့မှာ စစ်တပ်က ခေါင်းဆောင်တစ်ယောက်ရဲ့ဂုဏ်သိက္ခာရှိသလို အရပ်ဘက်အရာရှိတယောက်ရဲ့ တည်ကြည်တဲ့ အကျင့်စရိုက်လည်း ရှိနေတယ်။ သူက တညလုံး စကား သိပ်မပြောပေမယ့် အရာရာကို အာရုံစိုက်နေပုံရတယ်။

  ဒီလိုယောက်ျားမျိုးက မိန်းခလေးတွေကို အရှက်ရအောင် လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့မိန်းခလေးက တခြားယောက်ျားထက် ပိုသန်မာနေတယ်ဆိုရင်တော့ အဲ့ဒါက တခြားကိစ္စဖြစ်သွားပြီ။

ချင်းဖုန့်ကတော့ ကျွော့ချင်းကဲ့သို့ အကောင်းမြင်စိတ် မရှိပေ။ ချင်းမော့က သဘာဝအားဖြင့် ရှက်တတ်ပြီး အများအားဖြင့် အစ်မများက သူမကို ကာကွယ်ပေးထားကာ ဆုံးဖြတ်ချက်များချရာတွင်လည်း ကူညီခဲ့ကြသည်။

အခု သူမတစ်ယောက်တည်းရှိနေတော့ သူမ ဘယ်လိုနေမလဲ? သူမတို့ရဲ့ ကံကြမ္မာကို ဘာကြောင့် တခြားသူတွေက ချုပ်ကိုင်ထားနိုင်ရတာလဲ?!

  ချင်းဖုန့်က သူမအစ်မအကြီးဆုံး စိတ်ပူသွားမှာကို စိုးရိမ်နေပြီး အသက်ကို ပြင်းပြင်းရှူထုတ်ကာ သူမနှလုံးသားထဲမှ ဒေါသများကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူမက "လို့သခင်ကြီးက အစ်မကို ခေါ်သွားဖို့ ဧကရာဇ်ကို ဆွဲဆောင်နိုင်ခဲ့ရင် ချက်ခြင်း ပြန်တော့နော်၊ နှစ်ယောက်စလုံး အတူတူပြန်တာက ပိုကောင်းတယ်၊ နောက်ဆိုရင် ညီမကို တွေ့ဖို့ နန်းတော်ထဲကို မလာနဲ့တော့နော်"

  "ဘာလို့လဲ"

သူမက ချင်းလင် မဟုတ်သလို သူမထံတွင် နန်းတော်ထဲသို့ ထပ်မံဝင်ရောက်ရန် ရည်ရွယ်ချက်မရှိသော်လည်း ချင်းဖုန့်က သူမကို ထိုသို့ပြောလိုက်ချိန်တွင် ကျွော့ချင်းက တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။

  ချင်းဖုန့်လည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

သူမရဲ့အစ်မက တစ်ခုခုကို ရိပ်မိသွားတာလား? ချင်းဖုန့်က သူမ စိတ်ကို အရင်ငြိမ်အောင် လုပ်ပြီးမှ ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ပေါ့ပေါ့ပါးပါး လေသံဖြင့် ရှင်းပြလိုက်သည်။

"ဧကရာဇ်က အစ်မအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတယ်လေ၊ အမ အပြင်ထွက်ရင်း ထောင်ချောက်ထဲ ထပ်မဝင်မိတာက ပိုကောင်းပါတယ်၊ ညီမကို စိတ်ပူစရာ မလိုဘူး၊ ညီမ သေချာ ဂရုစိုက်ပါ့မယ်၊ အစ်မရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းလာရင် ညီမကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကို တောင်းဆိုလိုက်နော်"

  မဟုတ်သေးဘူး၊ တစ်ခုခု လွဲနေပြီ၊ သူမရဲ့ မျက်လုံးတွေက ပေကလက်ပေကလပ်ဖြစ်နေပြီး သူမရဲ့ အမူအရာတွေက ဟန်ဆောင်နေတာ သိသာတယ်။ သူမ နှလုံးသားထဲမှာ တခြား အစီအစဥ်တွေ ရှိရမယ်။ သူမ ဘာလုပ်ချင်လဲ?

နောက်ဆုံးတွင် ကျွော့ချင်းလည်း သတိပေးရုံသာ တက်နိုင်တော့သည်။ "ချင်းဖုန့်၊ ဘာမှ မလုပ်ခင် နှစ်ကြိမ် ပြန်စဉ်းစားဖို့ သတိရပါ။ စိတ်စောပြီး ပြုမူလိုက်ရင် ဘယ်တော့မှ အကျိုး မရှိနိုင်ဘူး"

  ကျွော့ချင်း၏ ထက်မြက်မှုနှင့် ပြတ်သားမှုက ချင်းဖုန့်ကို အံ့အားသင့်စေခဲ့သည်။

အတိတ်မေ့ခြင်းက လူကို အမှန်တကယ် ပြောင်းလဲစေတာလား? သူမရဲ့ပြောင်းလဲမှုက ကောင်းတာလား??? ဆိုးတာလား???!

  ချင်းဖုန့်တစ်ယောက် အတွေးများဖြင် ရှုပ်ယှက်ခက်နေစဥ်မှာပင် ခန်းမထဲမှ ကြောက်စရာကောင်းသည့် အမျိုးသားအသံက ထွက်လာပြန်သည်။

"ဒီကိုလာကြစမ်း၊ သူ(မ)တို့နှစ်ယောက်ကိုပါ ခေါ်လာခဲ့"

  ကောင်းကျင်းက သူမတို့ကို ကြည့်လိုက်သောကြောင့် သူမတို့ နှစ်ယောက်က သူ့အတွက် အခက်အခဲမဖြစ်စေဘဲ အတွင်းခန်းထဲကို နာနာခံခံ ဝင်သွားလိုက်သည်။

  ခန်းမထဲကို ဝင်လာချိန်မှာ ကျွော့ချင်းက လေထုက တစ်ခုခုလွဲချော်မှားယွင်းနေကြောင်း ချက်ချင်း သတိပြုမိသွားခဲ့သည်။

  ယန်းဟုန်ထျန်း၏ မျက်နှာက မည်းမှောင်နေသေးသော်လည်း သူ့မျက်ခုံးများကြားတွင် သံသယဖြစ်ဖွယ် အပြုံးရိပ်တစ်ခု ရှိနေခဲ့သည်။ သူမကို ကြည့်သည့်ပုံစံကလည်း ပို၍ ထူးဆန်းလာပြီး ယခုန ဒေါသထွက်နေသည့်ပုံစံထက် သူမကို ပိုမိုတုန်လှုပ်စေခဲ့သည်။ လို့ရှီးယန်၏အမူအရာက တည်ငြိမ်ဆဲဖြစ်သော်လည်း သူ့၏မျက်ခုံးများကြားတွင် အတွေးများ ပြည့်နှက်နေပုံရသည်။

အခုန သူတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ???

"ချင်းမိသားစုက ညီအစ်မတွေ၊ မင်းတို့က မင်းတို့ရဲ့အထောက်အထားတွေကို ဖလှယ်ထားတဲ့ ကိစ္စကို ကျန်း သေချာစစ်ဆေးပြီးမှ အမိန့်တော်ချမယ်။ ချင်းလင် မှတ်ဉာဏ်ဆုံးရှုံးတယ်ဆိုတာက ဖြစ်နိုင်ခြေရှိတာကြောင့် ခွင့်လွတ်နိုင်တဲ့ အခြေအနေရှိနေလို့ ဝန်ကြီးချုပ်တောင်းဆိုတာကို ခွင့်ပြုလိုက်မယ်။ ကျန်းက မင်း ဝန်ကြီးချုပ်ကို ပြုစုစောင့်ရှောက်ပေးဖို့ ပြန်ခွင့်ပြုလိုက်မယ်၊ မင်းက ဝန်ုကြီးချုပ်ရဲ့ကြီးကြပ်မှုအောက်မှာပဲ ရှိနေရမယ်၊ အမှန်တရားကို မသိရမချင်း မင်းက အိမ်တော်အပြင်ကို ထွက်ခွင့် မရှိဘူး"

  ယန်းဟုန်ထျန်းက သူမကို လို့ရှီးယန်နဲ့ အိမ်တော်ကို ပြန်လိုက်ဖို့ အမှန်တကယ် သဘောတူခဲ့တာလား???

  ဘာတွေဖြစ်နေတာလဲ? လို့ရှီးယန်က ယန်းဟုန်ထျန်းရဲ့ ဆုံးဖြတ်ချက်ကို အမှန်တကယ် ပြောင်းလဲသွားစေအောင် ဘာတွေလုပ်ခဲ့တာလဲ?!

  ကျွော့ချင်းတစ်ယောက် အလွန်စပ်စုချင်နေတော့သည်။

  ယန်းဟုန်ထျန်းက ချင်းဖုန့်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ မြည်တွန်လိုက်ပြီး "ချင်းဖုန့်... ဟောင်ယွဲ့ကအရာရှိတွေက လူကယ်တင်ရင်း အမှားလုပ်မိပြီး မှားပို့လိုက်တယ်ဆိုရင်တောင် မင်းက စိတ်ကြည်လင်နေတုန်းပဲ၊ အဲ့တာတောင်မှ မင်းက နန်းတော်ထဲဝင်ပြီး တခြားတစ်ယောက်လို ဟန်ဆောင်နေတုန်းပဲ။ မင်းက ဧကရာဇ်ကို လှည့်စားတဲ့အတွက် အပြစ်သားဖြစ်သွားပြီ၊ မင်းကို ခုချက်ချင်း အကျည်းထောင်ထဲကို ပစ်ချလိုက်လိမ့်မယ်၊ အဖြစ်မှန်ကို သိရပြီးရင် မင်းတို့နှစ်ယောက် အတူတူ အပြစ်ပေးခံရလိမ့်မယ်”

  အကျဥ်းထောင်ထဲကိုလား?!

  ချင်းဖုန့်က ပြင်ဆင်ထားပုံရပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ခွင့်လွတ်ပေးရန် မတောင်းဆိုသလို ငိုလည်းမငိုခဲ့ပေ။ သူမက ဂုဏ်ယူစွာ မတ်မတ်ရပ်နေဆဲပင်။

  တော်ဝင်အကျဥ်းထောင်ဟု သိကြသည့်နေရာက နေရာကောင်းတစ်ခု မဟုတ်သည်မှာ သေချာနေသည်။ သူမနှင့် ချင်းဖုန့်တို့က ညီအစ်မအရင်းများ မဟုတ်သော်လည်း ကျွော့ချင်း၏နှလုံးသားထဲတွင် သူမကို သဘောကျနေမိသည်။

သူမကို ကယ်တင်ဖို့ တကယ် မဖြစ်နိုင်တော့ဘူးလား?

ကျွော့ချင်း တွေးနေတုန်းမှာပင် လို့ရှီးယန်၏ပြတ်သားသည့်အသံက တိုးတိုးလေး ထွက်ပေါ်လာပြန်သည်။

"အရှင်... ဒီအရာရှိက အနားယူဖို့ ပြန်သွားပါတော့မယ်"

  "အင်း"

ယန်းဟုန်ထျန်းက သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ယန်းဟုန်ထျန်းက တကယ်ကို သူတို့ကို မျက်နှာသာပေးတယ်ပေါ့လေ...

  "သွားကြရအောင်"

လို့ရှီးယန်က ကျွော့ချင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ခေါင်းကို ညင်သာစွာ ခါပြလိုက်သည်။ ကျွော့ချင်းကလည်း သူမ ဒေါသတကြီး မပြုမူသင့်သည်ကို နားလည်နေခဲ့သည်။

လို့ရှီးယန် သူမကို ကယ်တင်ခဲ့တာကတောင် လွယ်ကူမှာ မဟုတ်ဘူး။

ကျွော့ချင်းက ပင်မခန်းမအလည်တွင် တည့်တည့်မတ်မတ်ရပ်နေသော ခပ်ပိန်ပိန်အမျိုးသမီးကို လှည့်ကြည့်မိပြန်သည်။

  ချင်းဖုန့်က ကျွော့ချင်းကို ညင်သာစွာ ပြုံးပြလိုက်ပြီး ခေါင်းကို ပြန်လှည့်သွားကာ သူမကို နောက်ထပ် မကြည့်တော့ပေ၊ နောက်ဆက်တွဲ အဖြစ်အပျက်များကို သူမတစ်ယောက်တည်းသာ သည်းခံရန် လိုအပ်တော့သည်။

  ယန်းဟုန်ထျန်း... နင် ငါ့ကို အသက်ရှင်ခွင့် မပေးရင် နင့်အတွက် ပိုကောင်းလိမ့်မယ်!

လို့ရှီးယန်က ကျွော့ချင်းကို ဆွဲခေါ်သွားခဲ့သော်လည်း သူမ စိတ်ထဲမှာ စွဲမြဲနေသော အရာက မီးရှူးမီးပန်းများကဲ့သို့ တောက်ပလာကာ ခဏတာအတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သော အပြုံးတစ်ခုဖြစ်သည်။ ကျွော့ချင်းက ဤခြားနားသော ကမ္ဘာကြီးတွင် အစွမ်းထက်မြက်သော အရာများစွာ ရှိနေသေးသည်ကို  ပထမဦးဆုံးအကြိမ် လေးလေးနက်နက် သိမြင် နားလည်လိုက်ရသည်။

အခန်း ၅၅ စိုးရိမ်မှု

  နောက်ဆုံးတွင် ရထားလုံးက နန်းတော်မှ ပြန်လည်ထွက်ခွာလာပြီး ဝန်ကြီးချုပ်အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်မောင်းသွားခဲ့သည်။ အရှိန်က အနည်းငယ် မြန်ဆန်ပြီး ကြမ်းတမ်းလွန်းနေသည်။

  ရထားလုံးထဲတွင် ကျွော့ချင်းက ရထားလုံးပေါ်သို့ တက်လာကတည်းက တခုခုကို တွေးတောနေသော လို့ရှီးယန်ကို ကြည့်ရင်း အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။

သူမကြောင့်သာ မဟုတ်ရင် သူက ယန်းဟုန်ထျန်းကို စော်ကားနေစရာ မလိုအပ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အမှန်ပြောရရင် အဲ့တာက ဧကရာဇ်လေ...

  ကျွော့ချင်းက သက်ပြင်းချလိုက်ပြီး "ရှင် တခုခုမေးချင်ရင် မေးလို့ရတယ်"

  လို့ရှီးယန်က သတိပြန်ဝင်လာပြီး သူမကို ကြည့်ကာ ရယ်မောလိုက်သည်။

"မင်းရဲ့ မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားတာ‌တောင် ကိုယ့်ရဲ့မေးခွန်းတွေကို ဖြေနိုင်သေးတယ်ပေါ့"

  "ကျွန်မ...မသိတော့ဘူး"

သူမ မရှင်းပြနိုင်တဲ့ အရာတွေ များလွန်းတယ်။

လို့ရှီးယန်က မေးခွန်းများ ထပ်မေးစရာ မလိုတော့ဘူးဆိုသည့်ပုံစံမျိုးဖြင့် သူ့ပုခုံးတွန့်ကို တွန့်ပြလိုက်ပြီး သူ့ခေါင်းကို ပြန်လှည့်သွားခဲ့သည်။ ကျွော့ချင်းက ခေါင်းငုံထားရင်း ထပ်မေးလိုက်ပြန်သည်။

"လို့ရှီးယန်၊ ကျွန်မ ရှင့်ကို မေးစရာရှိတယ်"

  လို့ရှီးယန်က သူမ မေးခွန်းမေးလာမည်ကို စောင့်ဆိုင်းနေပုံဖြင့် သူမကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။

  "ချင်းဖုန့်က ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမှာလဲ? ယန်းဟုန်ထျန်းအပေါ် ရှင့်ရဲ့ နားလည်မှုအရ သူ ဘာလုပ်မှာလဲ?"

ချင်းဖုန့်၏အပြုံးက သူမကို စိတ်မသက်မသာဖြစ်နေစေသည်။

တစ်ခုခုဖြစ်လာခဲ့ရင် သူမလည်း စိတ်သက်သာရာရမှာ မဟုတ်ဘူး။

   "ချုံယွဲ့ကနေ ယောင်ယွဲ့ကို အသွားအပြန်လုပ်ဖို့က အနည်းဆုံး လဝက်လောက် အချိန်ယူရလိမ့်မယ်၊ အခြေအနေအရပ်ရပ်ကို စစ်ဆေးပြီး အပြစ်မရှိရင် လဝက်အတွင်း လွှတ်ပေးနိုင်တယ်၊ ဘယ်လို ပြစ်ဒဏ်ပေးမလဲတော့ မသိဘူး"

တကယ်တော့ ယန်းဟုန်ထျန်းက သူ့စိတ်အခြေအနေပေါ်မူတည်ပြီး ကိစ္စတွေကို ဆုံးဖြတ်လေ့ရှိတယ်၊ အဲဒီအချိန်ကျရင် သူ့ရဲ့စိတ်အခြေအနေက ဘယ်လိုဖြစ်နေမယ်ဆိုတာ သူလည်း မသိဘူးလေ။ ချင်းဖုန့်က သေသွားတာမျိုးဖြစ်နိုင်သလို အပြစ်ကနေလွတ်ပြီး နန်းတော်ထဲမှာ ဆက်နေရတာမျိုးလည်း ဖြစ်နိုင်တယ်။

  အနည်းဆုံး လဝက် . . . . . . လတစ်ဝက်လောက် ထောင်ထဲမှာနေရတာက အရမ်းကြောက်စရာကောင်းတယ်။

ကျွော့ချင်းက အကြာကြီး တုံ့ဆိုင်းနေပြီးမှ "ဒီတောင်းဆိုချက်က ရှင့်အတွက် နည်းနည်းခက်ခဲနိုင်မယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မ ပြောချင်နေသေးတယ်"

  သူမ၏ ရှက်ရွံ့နေပြီး တောင်းပန်မှုများပါသော အကြည့်ကို မြင်လိုက်ရရုံဖြင့် လို့ရှီးယန်က သူမ ဘာပြောမယ်ဆိုတာကို သိထားပြီးသား ဖြစ်နေခဲ့သည်။ သူက အပြုံးမပျက်ဘဲ "သူ(မ) ထောင်ထဲမှာ ကောင်းကောင်းနေနိုင်အောင် ကိုယ် အကောင်းဆုံးကြိုးစားပေးပါ့မယ်"

  လို့ရှီးယန်၏ စဥ်းစားပေးနိုင်မှုက ကျွော့ချင်းကို ကျေးဇူးတင်စေခဲ့သည်။ "ကျေးဇူးတင်ပါတယ်"

  လို့ရှီးယန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ကိုယ် အများကြီး မကူညီနိုင်ပါဘူး၊ နောက်ဆုံးတော့ သူ(မ)က နန်းတော်ထဲမှာ ရှိနေသေးတယ်"

  ကျွော့ချင်းက အသက်ပြင်းပြင်းရှူရင်း "ကျွန်မကို နန်းတော်ထဲကနေ ခေါ်ထုတ်လာတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်"

ယန်းဟုန်ထျန်းလို လူတစ်ယောက်ကို ရင်ဆိုင်ဖို့ သတ္တိရှိတွေ အမျးကြီး လိုအပ်ပြီး သူမ နည်းနည်းတော့ ကြောက်မိတယ်လို့ ဝန်ခံချင်နေသေးတယ်။

ပြန်ခါနီးမှာ လို့ရှီးယန်က သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ သူမ နှလုံးခုန်မြန်လာတာက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကြောင့် ဖြစ်နိုင်သလို အန္တရာယ်မရှိတော့တာကို သိလိုက်ရတာကြောင့်လည်း ဖြစ်နိုင်တယ်၊ အဲ့တာမှ မဟုတ်ရင်တော့ သူမရဲ့နှလုံးက အကြောင်းမဲ့ လှုပ်ခတ်နေခြင်းပဲ။

  လို့ရှီးယန်က တွေဝေနေပုံရပြီး ကျွော့ချင်းက ပညာရှိစွာဖြင့် သူမ၏ပါးစပ်ကို ပိတ်ကာ ရထားလုံးပြတင်းပေါက်ကို မှီပြီး ခေါင်းကို ငုံ့ထားကာ မျက်လုံးမှိတ်ထားရင်း သူ့ကို စိတ်အနှောင့်အယှက်ပေးနေခြင်းအား ရပ်တန့်လိုက်သည်။

    လို့ရှီးယန်က သူမ၏မျက်လုံးထဲမှ အလင်းလှိုင်းလေးများ လှုပ်ခတ်နေသည်ကို မြင်လိုက်ရသော်လည်း ယခုန ယန်းဟုန်ထျန်း၏ စကားများကို ပြန်တွေးမိသောအခါ သူ တွေဝေမိသွားပြန်သည်။

သူ တစ်ခုခုကို သဘောကျတယ်လို့ ပထမဆုံးအကြိမ် ပြောခဲ့ဖူးပေမယ့် အဲ့တာက နိဂုံးချုပ်သွားခဲ့တယ်။ ကွယ်လွန်သွားတဲ့ နှောင်းဧကရာဇ်က နှစ်ပေါင်းများစွာ ကလေးမမွေးနိုင်ခဲ့တဲ့ ပင်မနန်းဆောင်ရဲ့ဧကရီဖြစ်တဲ့ သူ့အဒေါ်ဖြစ်သူကို ယန်းဟုန်ထျန်းကို မွေးစားစေခဲ့တယ်။ သူက အဒေါ်ဖြစ်သူရှိရာ နန်းတော်ကို မကြာခဏ သွားလေ့ရှိပြီး သူနဲ့ ယန်းဟုန်ထျန်းတို့က ဝမ်းကွဲတွေသာမက သူငယ်ချင်းအဖြစ်ပါ ရင်းနှီးလာခဲ့ကြတယ်။

  နောက်ပိုင်းတွင် သူက အရေးပါသော ဝန်ကြီးတွေရဲ့သားတွေ၊ မင်းသားတွေနဲ့အတူ ပညာသင်ကြားဖို့ နန်းတော်ထဲကို ဝင်ခွင့်ရခဲ့တယ်။ တစ်နှစ်မှာတော့ နှောင်းဧကရာဇ်က မွေးကင်းစကျားဖြူတစ်ကောင်ကို ဆုကြေးအဖြစ် ပေးခဲ့တယ်။ ဆရာက မေးခွန်းထုတ်ပြီး ကျောင်းသားတွေကို ယှဉ်ပြိုင်စေခဲ့တယ်။ အောင်နိုင်သူ မည်သူမဆို အဲ့ကျားဖြူလေးကို ရနိုင်လိမ့်မယ်။ မင်းသားတွေ အားလုံးက ကြိုးစားချင်စိတ်ပြင်းပြနေခဲ့ကြတယ်။ ဒါက နှောင်းဧကရာဇ်မင်းရဲ့ရှေ့မှောက်မှာ သူတို့ကိုယ်သူတို့ ပြသဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး ဘယ်သူကမှ လက်မလွှတ်ချင်ခဲ့ကြဘူး။

  ဒါပေမယ့် သူကတော့ အဲ့အရာလေးကိုပဲ စိတ်ဝင်စားခဲ့တယ်၊ ကျားဖြူလေးက တစ်လတောင် မပြည့်သေးဘူး။ အဲ့အကောင်လေးက ရိုးသားပြီး ချစ်ဖို့ကောင်းနေတဲ့အပြင် သူရဲ့နှင်းဖြူရောင်အမွေးတွေက နူးညံ့ပြီး သက်တောင့်သက်သာရှိမယ့်ပုံရတာကြောင့် သူက ကျားဖြူလေးကို အရမ်းနှစ်သက်ခဲ့မိတယ်။ ယန်းဟုန်ထျန်းကလည်း သဘောကျနေတာကို သူ သတိထားမိသွားခဲ့တယ်။ အဲဒီအချိန်က ယန်းဟုန်ထျန်းက သူ့ပခုံးကို ကိုင်ထားရင်း “မင်း ဒီကျားဖြူလေးကို ကြိုက်လား”လို့တောင် မေးခဲ့သေးတယ်။

  သူကလည်း ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်မိတယ်။

  အချိန်အတော်ကြာပြီးတဲ့နောက်မှာ ပြိုင်ပွဲစတင်ခဲ့တယ်။ ပထမအချီမှာ စစ်တုရင်စွမ်းရည်၊ ဒုတိယအကျော့မှာ ကဗျာရေးဖွဲ့ခြင်း၊ တတိယအချီမှာ လေးပစ်ပြိုင်ပွဲ။ မထင်မှတ်ထားဘဲ ပထမနှစ်ကျော့အပြီးမှာ သူတို့နှစ်ဦးပဲ နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတယ်။ .

  လေးပစ်ခြင်းက သူ ကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်ပေမယ့် ကံကောင်းထောက်မစွာနဲ့ သူက အမြဲတမ်း အေးဆေးပြီး တည်ငြိမ်နေတက်တာကြောင့် ပစ်မှတ်ကို ထိဖို့ မခက်ခဲဘူး။ သူ အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် သူက ကျန်းမာရေးမကောင်းတာကြောင့် သူ့အဖေက သူ့ကို ကျားဖြူလေးကို ပြုစုပျိုးထောင်ခွင့် မပေးတာလည်း ဖြစ်နိုင်သေးတယ်။ ယန်းဟုန်ထျန်းကလည်း ကျားငယ်လေးကို အရမ်းကြိုက်နေပုံရတယ်။ ကျားဖြူလေးကို ယန်းဟုန်ထျန်းရသွားရင်လည်း ကောင်းတာပဲ။ သူ နန်း​တော်ကို ရောက်ရင် ကြည့်လို့ရတယ်လေ။ ဒါက သူတွေးခဲ့မိတဲ့အရာတွေပါ။

  ရလဒ်အနေနဲ့ သူ ခဏလောက် တုံ့ဆိုင်းနေမိတာကြောင့် သူ့လက်ထဲက လေးနဲ့မြှားက သဘာဝအတိုင်း မတည်မငြိမ်ဖြစ်သွားခဲ့တယ်။ သူက အနီရောင်စက်ဝိုင်းရဲ့အနီးဆုံးနေရာကို ပစ်နိုင်ခဲ့ပေမယ့် အလယ်ဗဟိုမှတ်ကို တည့်တည့်ပစ်ခတ်နိုင်ခဲ့တဲ့ ယန်းဟုန်ထျန်းနဲ့ ယှဉ်ရင်တော့ ရလဒ်က သိသာနေပြီးသားပါ။

  အဲ့နောက်မှာ‌တော့ အဲ့နေရာမှာ ရှိနေတဲ့သူတွေ အားလုံးကို အံ့အားသင့်စေမယ့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့တယ်။ ယန်းဟုန်ထျန်းက ရုတ်တရက် နောက်ထပ် မြှားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး မြေပြင်ပေါ်မှာ လျှောက်သွားနေတဲ့ည့် ကျားဖြူလေးကို ချိန်ရွယ်လိုက်တယ်။ အဲ့မြှားက အရမ်းမြန်ပြီး အရမ်းအားပြင်တယ်။ မြှားက ကျားဖြူလေးရဲ့လည်ပင်းကို ထိုးဖောက်သွားပြီး အဖြူရောင် အမွေးတွေမှာ သွေးတွေ စွန်းထင်းသွားခဲ့တယ်။ ယန်းဟုန်ထျန်းက သူ့လက်ထဲက လေးနဲ့မြှားကို ပစ်ချလိုက်ပြီး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပြီးမှ ဘာမှ မပြောဘဲ ပြေးထွက်သွားခဲ့တယ်။

  အဲ့နှစ်တွင် ယန်းဟုန်ထျန်းက အသက် ဆယ်နှစ်၊ ဆယ့်တစ်နှစ်လောက်ပဲ ရှိသေးတယ်။

  အတိတ်က ဒီရေလို မှုန်ဝါးသွားခဲ့ပြီဆိုပေမယ့် အဲ့တုန်းက သူ ယန်းဟုန်ထျန်းကို နားမလည်နိုင်ခဲ့ပါဘူး။ တကယ်တော့ ယန်းဟုန်ထျန်း လိုချင်တာက အဆုံးအဖြတ် တိုက်ပွဲအပြီးမှာ အနိုင်ရဖို့ပါပဲ။ လို့ရှီးယန်က အဲ့တာကို မလိုချင်တော့ဘူးလို့ သူထင်သွားတဲ့အခါ အဆုံးသတ်က ကျားဖြူလေးရဲ့သေခြင်းတရားဖြစ်လာခဲ့တယ်။ (T/N: ပြိုင်ပြီး အနိုင်လိုချင်တာမျိုးထင်တယ်၊ သူများက အလျော့ပေးလို့ ရတာမျိုး မယူဘူးပေါ့)

  လို့ရှီးယန်က ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ကာ သူ့ဘေးနားမှ အသက်ကို မှန်မှန်ရှူပြီး ငြိမ်သက်နေသော မိန်းခလေးကို ကြည့်လိုက်သည်။

ဒီတခါ သူမရဲ့ အဆုံးသတ်ကရော ဘာဖြစ်လာမှာလဲ???

သူ သူမကို နာကျင်စေခဲ့တာလား ဒါမှမဟုတ် ကူညီခဲ့တာလား???!

  လို့ရှီးယန်က ကျွော့ချင်း၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ့စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။

ဒီတစ်ခါတော့ သူ သူမကို ဘယ်လိုမှ နာကျင်စေမှာ မဟုတ်ပါဘူး၊ ခုနက သူ့ကို ကြည့်တဲ့ သူမရဲ့ပုံစံလေးကို သူ သဘောကျတာကြောင့်ပါ။

  ကျွော့ချင်း၏ မျက်ခွံများက အနည်းငယ်လှုပ်သွားပြီး လို့ရှီးယန်အား သူမ၏လက်ကို ဆုပ်ကိုင်ခွင့် ပြုထားခဲ့သည်။

  ရထားလုံးက ဝန်ကြီးချုပ်အိမ်တော်ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်နေဆဲဖြစ်သည်။

......။.....။.....

  ခရမ်းရောင်ပိတ်ကျဲစ ကန့်လာကာများကို ခန်းဆီး၏မျက်နှာပြင် အပြင်ဘက်တွင် ချိတ်ဆွဲထားပြီး ညလေညင်း ဖြည်းညှင်းစွာ တိုက်ခတ်နေသောကြောင့် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာသည်။ နံ့သာဆီမီးနံ့သင်းသင်းလေးက အခန်းအတွင်းမှ စိမ့်ထွက်လာနေပြီး မုယွီ(တရုတ်ကားတွေထဲမှာ ဆုတောင်းရင် ခေါက်တဲ့ အခေါင်းထွင်းသစ်သားတုံးလေး)ခေါက်သံက ညလယ်တွင် ပဲ့တင်ထပ်နေသည်။ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော ခန်းဆီနောက်ဘက်တွင် အမျိုးသမီးတစ်ဦးက ဘရိုကိတ်ထိုင်ဖုံပေါ်တွင် ဒူးထောက်နေကာ လက်တစ်ဖက်က မုယွီကို ခေါက်နေပြီး အခြားလက်တစ်ဖက်တွင် နံ့သာဖြူပုတီးစေ့များပါသော ပုတီးတစ်ကုံးကို ကိုင်ထားသည်။

  မော့မော့တစ်ယောက်က ကန့်လန့်ကာရှေ့တွင် ရပ်နေကာ ဝင်သင့် မဝင်သင့် ချီတုံချတုံ ဖြစ်နေသည်။ သူမက အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ပေမယ့် အသံ မပေးဝံ့သေးပေ။ သူမ လှည့်ထွက်ခါနီးတွင် အမျိုးသမီးထံမှ စိတ်မရှည်သော အသံထွက်လာသည်။

"ဘာကိစ္စရှိလို့လဲ"

 မော့မော့က ရှေ့ကို ခပ်မြန်မြန်လေး လှမ်းလာပြီး "ဒီနေ့ ဧကရာဇ်မင်းမြတ်နဲ့ ဝန်ကြီးချုပ်လို့က အငြင်းအခုံဖြစ်ခဲ့ပါတယ်"

  အမျိုးသမီးက သူမ၏မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး ဂရုမစိုက်သလိုပုံစံဖြင့် ခပ်တိုးတိုး ပြန်မေးလိုက်သည်။

“ဘာကိစ္စလဲ?”

   "မိန်းခလေးတစ်ယောက် အတွက်ပါ"

  မုယွီကို ခေါက်နေသည့်လက်က လေထုအလယ်တွင် ရပ်တန့်သွားပြီး အနည်းငယ် မှိတ်ထားသော အမျိုးသမီး၏မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာကာ “ဘယ်သူက အရမ်းချစ်စရာကောင်းနေလို့လဲ?”

စိတ်ဝင်တစားဖြင့် မေးလိုက်သော အသံတွင် အံ့သြမှုသာမက သိချင်စိတ်များပါ ပြည့်နှက်နေသည်။ ထို့အပြင် သူမ၏မျက်လုံးထဲတွင် ရွှင်လန်းမှုများလည်း ရှိနေခဲ့သည်။

  မော့မော့က တွန့်ဆုတ်မနေဝံ့ဘဲ သူမ သိခဲ့ရသည့်အရာများကို တစ်ခုပြီး တစ်ခု ပြန်ပြောပြနေသည်။ "အဲ့ဒါက ဟောင်ယွဲ့က ပို့လိုက်တဲ့ မိန်းခလေးပါပဲ၊ ဒီညမှာ ဝန်ကြီးချုပ်လို့က အဲဒီမိန်းခလေးကို နန်းတော်ဧည့်ခံပွဲကို ခေါ်လာခဲ့ပါတယ်။ သူ(မ)ကို လျှို့ဝှက်ပြီးခေါ်လာခဲ့တာကြောင့် ဧကရာဇ်က ဒေါသထွက်နေပြီး ညစာစားပြီးတဲ့အချိန်မှာ နန်းတော်ကို ခေါ်တွေ့ပါတယ်။ နောက်တော့ ဧကရာဇ်မင်းမြတ်က နောက်ထပ်ဒေါသထွက်ခဲ့ပါတယ်၊ အကြောင်းကတော့ လူမှားကို နန်းတော်ကို ပို့လိုက်တယ်လို့ ကြားသိရပါတယ်၊ အရင်က ချင်းလင်ကို နန်းတော်ကို ပို့လိုက်တယ်လို့ သိထားကြပေမယ့် အဆုံးမှာတော့ လူမှားပြီး ဝန်ကြီးချုပ်အိမ်တော်ကို ပို့လိုက်ပါတယ်။ အခု နန်းတော်ထဲမှာ ရှိနေတဲ့သူက သူ့ညီမပါ”

  ဒီလိုမျိုးတွေ ရှိနေတာလား??? ဧကရာဇ်က ချင်းလင်ကို စိတ်ကူးယဉ်ထားပြီးသားဖြစ်တာကြောင့် ဒေါသထွက်တာလား?? ဒါမှမဟုတ် အခြေအနေကို အခွင့်ကောင်းယူပြီး ဒေါသထွက်ချင်ယောင်ဆောင်ပြီး တစ်ခုခုကို ကြံစည်နေတာလား???

အမျိုးသမီးက လှောင်ပြောင်နေပေမယ့် သူမ စိတ်ထဲမှာ နားလည်လိုက်တာတစ်ခုရှိနေသည်။

လှပတဲ့ မိန်းခလေးတွေက သူရဲကောင်းတွေရဲ့ အားနည်းချက် ဖြစ်နေတုန်းပဲ။

  "ဆက်ပြောပါ"

  "နောက်တော့ ဧကရာဇ်မင်းမြတ်က လို့သခင်ကြီးနဲ့ နာရီဝက်လောက် တိတ်တဆိတ် စကားပြောခဲ့ပေမယ့် သူတို့ ဘာပြောလဲတော့ မသိရပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ ချင်းလင်ကို လို့သခင်ကြီးက ခေါ်ဆောင်သွားခဲ့ပြီး ညီမဖြစ်တဲ့ ချင်းဖုန့်ကတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရပါတယ်”

မော့မော့က သူမ သိခဲ့သမျှ ပြန်ပြောပြီးပြီ ဖြစ်သောကြောင့် ကန့်လန့်ကာအပြင်ဘက်တွင် တိတ်တဆိတ် ရပ်နေကာ အတွင်းမှလူ၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။

  အချိန်အတော်ကြာပြီးနောက် အတွင်းမှ အမျိုးသမီးက နောက်ဆုံးတွင် ပေါ့ပေါ့တန်တန် ပြောလာခဲ့သည်။

“ပြန်လို့ရပြီ”

မော့မော့က ဆက်မနေဝံ့တော့ဘဲ တိတ်တဆိတ် ပြန်ထွက်သွားခဲ့သည်။

  ခဏအကြာတွင် မုယွီခေါက်သံ ထပ်မြည်လာပြန်သည်။ အမျိုးသမီးက မျက်လုံးများကို မှိတ်ထားခဲ့သော်လည်း သူမပါးစပ်ထောင့်မှ ရွတ်ဆိုသံတစ်ခု ထွက်ပေါ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် ဗုဒ္ဓဘာသာခန်းမ၏ မုယွီခေါက်သံက စည်းချက်မညီတော့ပေ။

All Chapters