အခန်း (၅၈-၅၉)
Vol. 6 Ch. 58-59
အခန်း ၅၈ မတော်တဆမှု
ကျွော့ချင်းက မျက်မှောင်ကြုတ်နေပြီး ရှန်ယုလန်က သူမ၏အမူအရာကို တိတ်တဆိတ်စောင့်ကြည့်နေကာ ခဏလောက်စဉ်းစားလိုက်ပြီးမှ "မင်း သူ့ကို သိလို့လား?"
ကျွော့ချင်းက ရှန်ယုလန်၏ စူးစမ်းသော အကြည့်ကို တွေ့လိုက်ပြီး ခေါင်းညိတ်ပြကာ အနည်းငယ် ဝေ့လည်ကြောင်ပတ် ပြန်ပြောလိုက်သည်။
"ကျွန်မ သူ့ကို နှစ်ကြိမ်ပဲ တွေ့ဖူးတယ်။ သူ ဒီလို လက်နက်မျိုးနဲ့ ဆော့နေတာကို မြင်ဖူးတယ်"
ငါ လိမ်ပြောတာ မဟုတ်ဘူးနော်...
ထိုနှစ်ကြိမ်လုံးတွင် ချမ်ကျင်းက သူမ၏အသက်ကို ကယ်တင်ပေးခဲ့သော်လည်း သူမက ထိုအကြောင်းကို ရှန်ယုလန်ကို အသိပေးရန် အစီအစဉ် မရှိပေ။ ထို့အပြင် သူမက ရာဇ၀တ်မှုကျူးလွန်သူနှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိပါက ရှန်ယုလန်က သူမ၏ ကျွမ်းကျင်သော စီရင်ချက်ကို မေးခွန်းထုတ်လာမည်ဖြစ်သည်။
ကျွော့ချင်းက သူမလက်ထဲမှ ဓားပါးလေးကို ကြည့်ပြီး ပေါ့ပေါ့တန်တန် မေးလိုက်သည်။ "သူက ကြေးစားမုဆိုးလို့ ကျွန်မ ကြားဖူးတယ်၊ သေဆုံးသူက တရားရုံးက ရာဇဝတ်ကောင်ဖြစ်နေတာလား?"
တရားရုံးက ရာဇ၀တ်သားဖြစ်နေခဲ့ရင် ဖမ်းဆီးခံဖို့ ငြင်းဆန်နေတာကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်လေ။ ချမ်ကျင်းက သတင်းမုဆိုးဖြစ်တာကြောင့် ကြီးလေးတဲ့ ရာဇ၀တ်မှုတော့ မဖြစ်သင့်ဘူး။
ရှန်ယုလန်က ကျွော့ချင်း၏အမူအရာကို အာရုံစိုက်နေပြီး "မဟုတ်ဘူး၊ ကွယ်လွန်သူက စစ်သူကြီးအိမ်တော်ရဲ့အစောင့်တပ်ဖွဲ့က လက်ထောက်အဖွဲ့မှူးပါ”
စစ်သူကြီးအိမ်တော်လား? ဘာလို့ စစ်သူကြီးအိမ်တော်နဲ့ ဆက်စပ်နေတာလဲ?? ချမ်ကျင်းက အမှန်တကယ် ကျူးလွန်ဖို့ ရည်ရွယ်ချက် မရှိရင်တောင် စစ်သူကြီးအိမ်တော်က ခွင်မလွှတ်ဘူးဆိုရင် ချမ်ကျင်းက သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။
ကျွော့ချင်းက ချမ်ကျင်း၏ အခြေအနေကို ပို၍ပင် စိုးရိမ်လာခဲ့သည်။ သူမ ရှန်ယုလန်ထံမှ ဖုန်းကွယ်ထားရန် မဖြစ်နိုင်တော့သည်ကို သိလိုက်သောကြောင့် ကျွော့ချင်းက "အမှုကို ပြောပြပေးနိုင်မလား?"
"တောင်းပန်ပါတယ်"
ရှန်ယုလန်က သူမ မျှော်လင့်ထားသည့်အတိုင်း ပြန်ဖြေခဲ့ပြီး ကျွော့ချင်းက ပြုံးလိုက်ကာ "ရပါတယ်၊ ကျွန်မ နားလည်ပါတယ်၊ ကျွန်မ အလောင်းကို ကြည့်ချင်တယ်"
ရှန်ယုလန်က မကန့်ကွက်သော်လည်း အနည်းငယ် တုံ့ဆိုင်းစွာဖြင့် "မင်းက အခု သွားမှာလား? အလောင်းကို အကြာကြီး မထိန်းသိမ်းထားနိုင်မှာကို ကျွန်တော် စိုးရိမ်တယ်"
ချင်းမိသားစုက ညီအစ်မတစ်ယောက်က အကျဉ်းချခံနေရပြီး နောက်တယောက်ကို ဝန်ကြီးချုပ်အိမ်တော်ကြီးကနေ မထွက်ဖို့ တားမြစ်ခံထားရတာ သူ သိထားပြီးပြီ။ သူမ အိမ်ထဲကနေ ထွက်နိုင်ပါ့မလား?
အခု သူမ မသွားနိုင်သည်ကို တွေးမိလိုက်သော ကျွော့ချင်းကလည်း မှုန်ကုပ်ကုပ် ဖြစ်သွားခဲ့သည်။ သူမက ခဏလောက်စဉ်းစားနေပြီးမှ "အဲ့တာက ဘယ်လောက်ကြာပြီလဲ? အခုအလောင်းကို ဘယ်မှာ သိမ်းထားလဲ"
"လူသတ်မှုက မနေ့ညက ဖြစ်ခဲ့တာ၊ အခု အလောင်းကို အအေးခန်းထဲမှာ သိမ်းဆည်းထားပေမယ့် တရားရုံးရဲ့ အအေးခန်းက ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ရုပ်အလောင်းကို စစ်ဆေးပြီးရင် ရုပ်အလောင်းကို ထုံးနဲ့ အလုံပိတ်ပြီး သုသာန်မှာ သိမ်းဆည်းထားရမှာ"
အအေးခန်းထဲမှာ သိမ်းထားတယ်ဆိုရင်တော့ မဆိုးပါဘူး၊ အလောင်းကို အအေးခန်းထဲကနေ ထုတ်မသွားခင် သူမက အပြင်ထွက်ချင်တယ်။ မဟုတ်ရင် သုသာန်ကို ရောက်သွားတဲ့ အချိန်မှ စစ်ဆေးဖို့သွားရင် အဓိက အထောက်အထား တော်တော်များများက မှုန်ဝါးသွားလိမ့်မယ်။ ဒါပေမယ့် သူမ အခု ဒီအိမ်တော်ကနေ ဘယ်လို ရုန်းထွက်နိုင်မလဲ? သူမ လို့ရှီးယန်ကို အကူအညီတောင်းရလွန်းလို့ ရှက်တောင်နေပြီ။
ကျွော့ချင်း အကျပ်အတည်းဖြစ်နေချိန်မှာ ကျင်းစ၏ ခပ်မြင့်မြင့်ပုံရိပ်က အိမ်ရှေ့ခန်းမ၌ ပေါ်လာပြန်သည်။ ကျွော့ချင်းက ခေါင်းကို မော့လိုက်ပြီး "ဘာကိစ္စရှိလို့လဲ?"
ဘာမှမဖြစ်ရင် အဲ့လူက သူမရှေ့မှာ ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ပါဘူး။
မျက်နှာပေါ်တွင် မလိုအပ်သော အမူအရာ တစ်စုံတစ်ရာလေးမှပင် မရှိသည့် ကျင်းစက အေးစက်စက်အသံဖြင့် "စစ်သူကြီးရဲ့အိမ်တော်က လူတွေက ဒီကို ရောက်လာပါတယ်"
"ဘာလဲ"
စစ်သူကြီးအိမ်တော်??? သူတို့ကရော သူမကို ရှာဖို့ ဒီကိုလာတာလား???
ကျွော့ချင်းက ရုတ်တရက် သူမ မရယ်နိုင် မငိုနိုင်သလို ခံစားလိုက်ရသည်။
ဒီနေ့ တကယ်ကို အသက်ဝင်တဲ့နေ့ပဲ။
စစ်သူကြီးအိမ်တော်အကြောင်း ကြားလိုက်ရချိန်တွင် ရှန်ယုလန်၏ မျက်လုံးများက တလက်လက်တောက်ပသွားသော်လည်း သူက ဘာမှ ထပ်မပြောဘဲ ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ကျင်းစ၏အေးစက်စက် မျက်လုံးများက ရှန်ယုလန်၏ တည်ငြိမ်သော မျက်နှာကို တစ်ချက်ကြည့်လိုက်သော်လည်း သူက တုံ့ဆိုင်းမနေဘဲ "သခင်မလေးချင်းမော့က စစ်သူကြီးအိမ်တော်မှာ မူးလဲသွားခဲ့ပါတယ်။ သမားတော်တွေက သူ(မ)ကို ကြည့်ပေးကြမယ့် အိပ်ရာထဲက မထနိုင်တာ နှစ်ရက်လောက်ရှိနေပါပြီ။ အဲ့ရောဂါက သူ(မ)ငယ်ငယ်ကတည်းက ဖြစ်နေကျ ခေါင်းမာတဲ့ရောဂါလို့ သခင်မလေးချင်းမော့က ပြောခဲ့ပါတယ်၊ ပြီးတော့ မင်း တစ်ယောက်ထဲပဲ ကုသနိုင်တယ်တဲ့၊ အဲ့တာကြောင့် အခု စစ်သူကြီးအိမ်တော်က လူတွေက သူ(မ)ကို ဝန်ကြီးချုပ်အိမ်တော်ဆီ ခေါ်လာပြီး ပင်မခန်းမမှာ စောင့်နေကြတယ်"
ချင်းမော့လား? ရှက်ရွံ့ပြီး ကြောက်တတ်တယ်လို့ ကောလဟာလတွေ ထွက်နေတဲ့ တတိယညီမလေးလား??? မဟုတ်သေးဘူး အဲ့တာက ကုယွင်လည်း ဖြစ်နိုင်သေးတယ်။
ကျွော့ချင်းက အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားသည်။
ရှန်ယုလန်က သူ့လက်နှစ်ဖက်ကို ခပ်ဖွဖွ လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးဟန်ပြုကာ "သခင်မ... သခင်မမှာ လုပ်စရာရှိနေရင် ကျေးဇူးပြုပြီး ဒီအရာရှိက အရင်ထွက်သွားပါရစေ"
ရှန်ယုလန် ထွက်သွားခါနီးတွင် ကျွော့ချင်းက အသံတိုးတိုးဖြင့် ရုတ်တရက် ပြောလိုက်သည်။
"အလောင်းကို အအေးခန်းထဲမှာ အရင်ထည့်ထားလိုက်ပါဦး၊ ဒီရက်ပိုင်းအတွင်း တစ်ခေါက်လောက် လာကြည့်နိုင်ဖို့ ကျွန်မ ကြိုးစားပေးမယ်"
အနည်းဆုံးတော့ ချမ်ကျင်းက အကြောင်းပြချက်မရှိဘဲ လူသတ်မယ်လို့ သူမ မယုံဘူး!
"ဒါ..." ရှန်ယုလန်က ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် "ကောင်းပြီ"ဟု ပြန်ပြောပြီးနောက် သူ့လက်များကို ထပ်မံမြှောက်ကာ နူတ်ဆက်လိုက်သည်။ ရှန်ယုလန် အိမ်ရှေ့ခန်းမမှ ထွက်သွားသည်နှင့် ကျွော့ချင်းက စကားပြောရန် မစောင့်နိုင်တော့ပေ။ သူမက စိတ်မရှည်စွာဖြင့် ကျင်းစကို လှမ်းပြောလိုက်သည်။
"ပင်မခန်းမကို သွားမယ်"
ချင်းမော့က တကယ်သာ ကုယွင်ဖြစ်နေခဲ့ရင် ဘုရားသခင်ရဲ့ ကောင်းချီးပါပဲ၊ ဒါပေမယ့် မဟုတ်ရင်ရော ဘယ်လိုလုပ်မလဲ??? ပြီးတော့ ချင်းမော့ကို ကုသပေးနိုင်တဲ့ အထူးဆေးဆိုတာကိုလည်း သူမ မသိဘူး။
ကျွော့ချင်းတစ်ယောက် အရှိန်ပြင်းပြင်းဖြင့် လမ်းလျှောက်နေခဲ့ပြီး သူမ၏နှလုံးသားကလည်း တုန်လှုပ်နေကာ မကြာခင်မှာပင် ပင်မခန်းမရှေ့သို့ ရောက်သွားခဲ့သည်။
"မင်းက ချင်းဖုန့်လား?"
ကျွော့ချင်း ခန်းမထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် မာနကြီးပြီး စည်းကမ်းမဲ့ပုံရသော ယောက်ျားသံတစ်သံက အေးတိအေးစက်ဟန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
ကျွော့ချင်း မော့ကြည့်လိုက်ရာ ထိုလူက အသက် ၂၀အောက်သာ ရှိနိုင်ပြီး ငယ်ရွယ်ပုံရသည်။ သူ့အသားအရေက ကြည်လင်နေပြီး သူ့မျက်နှာပေါ်တွင် မောက်မာပုံရသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများမှ အလင်းရောင်များကို သိသိသာသာ မြင်လိုက်ရသည်။ ကံမကောင်းစွာဖြင့် ကျွော့ချင်းက သူ၏ရိုင်းစိုင်းသော အမူအရာကြောင့် စက်ဆုပ်သွားခဲ့သည်။
ကျွော့ချင်းက သူ့ကို တိုက်ရိုက်ဖြတ်လျောက်သွားရင်း ပင်မခန်းမ၏ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ ပင်မခန်းမ၏အလယ်တွင် ကန့်လန့်ကာလေးတစ်ခုပါရှိသည့် ထမ်းစင်ပုံစံအခန်းငယ်လေးတစ်ခုရှိနေသည်။ အပြင်ဘက်တွင် ပိတ်စလေးတစ်ထပ်ပါရှိနေသော်လည်း အမျိုးသမီးတစ်ဦး၏ မျက်နှာကို ရေးတေးတေးမြင်နေရသည်။ ပင်မခန်းမတွင် ထိုလူငယ်လေးအပြင် သပ်ရပ်စွာ ဝတ်ဆင်ထားသည့် သန်မာသော အမျိုးသားလေးဦး ရှိနေခဲ့သည်။ သူတို့၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေသောကြောင့် ချပ်ဝတ်တန်ဆာ မ၀တ်ထားသော်လည်း သူတို့က စစ်သည်များဖြစ်နေသည်ကို မသိနိုင်သူ မရှိလောက်ပေ။
စုလင်း၏ပုံရိပ်ကို မမြင်ရသောကြောင့် ကျွော့ချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ချင်းမော့က စုလင်းရဲ့စစ်သူကြီးအိမ်တော်မှာ မျက်နှာသာ မရပုံပဲ။ သူမ သတိမေ့နေတာ နှစ်ရက်ရှိနေတာကိုတောင် သူက ပေါ်မလာဘူးပေါ့လေ....
ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော မျက်လုံးတစ်စုံကို တွေ့လိုက်ရတာကြောင့် ကျွော့ချင်းက သဘာဝမကျစွာ ပြုံးလိုက်ပြီး "ရှီးယန်၊ ရှင် ဒီမှာ ရှိနေသေးတာလား?"
"မင်းညီမလေး နေမကောင်းဘူးဆိုလို့ ကိုယ်လာကြည့်တာ"
အရမ်းကောင်းတယ်... နောက်ဆုံးမှာ သူ့ရဲ့ဖြစ်တည်မှုကို ငါ ရှာတွေ့ပြီ၊ အဲဒါက သူ အလုပ်သိပ်မလုပ်ဘူးဆိုတာကို ပြနေတယ်~
လို့ရှီးယန်၏ အလွန်နူးညံ့သိမ်မွေ့လွန်းသော မျက်လုံးများကို ကြည့်နေရင်း ကျွော့ချင်းက အလွန်ရှက်ရွံ့နေပြန်သည်။
အိုး မိုးနတ်မင်းကြီးရေ... ဒီချောမောလွန်းတဲ့ ယောက်ျားတွေကို ကြည့်နေရတာက အမှန်စင်စစ်တော့ ဒဏ်ခတ်ခံရတာပဲ... တကယ်တော့ ချောမောပြီး နူးညံ့သိမ်မွေ့တဲ့ ယောက်ျားတွေက ဘေးအန္တရာယ်စစ်စစ်တွေပဲ!
ခန်းမထဲကလူတွေ အားလုံး သေသွားပြီလို့ သူ ထင်နေတာလား??!!
အမှန်တကယ်တွင် ကျွော့ချင်း၏ စိုးရိမ်ပူပန်မှုများက မလိုအပ်ကြောင်း သိသာထင်ရှားနေခဲ့သည်။ စစ်သည်များက ဘေးဘက်ကိုပင် ဝေ့မကြည့်သလို ဆင်ခြင်တုံတရား မရှိပုံပေါ်သည့် လူငယ်ကလည်း ကျွော့ချင်းကိုသာ စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်။ ပရောပရီလုပ်နေသော သူတို့နှစ်ဦး၏"အကြည့်"များကို မည်သူမျှ လုံးဝ ဂရုမစိုက်ကြပေ။
လို့ရှီးယန်က သူ့မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
သူ့”လင်အာ”က သူ့ရဲ့ နူးညံသိမ်မွေ့မှုတွေကို အသားမကျသေးပုံရနေပေမယ့် ကိစ္စတော့ မရှိပါဘူး။ သူမ သိပ်မကြာခင် ကျင့်သားရသွားမှာပါ။
လို့ရှီးယန်က သူမဆီမှ အကြည့်လွှဲကာ သူမဘေးမှ လူငယ်ကို ကြည့်လိုက်ပြီး သူမကို မိတ်ဆက်ပေးလာခဲ့သည်။
"ဒါက စစ်သူကြီးစုလင်းရဲ့ တတိယညီ လက်ထောက်စစ်သူကြီးစုယွိ"
ကျွော့ချင်းက ထိုလူငယ်၏အကြည့်ကို စူးစူးစိုက်စိုက် တုန့်ပြန်လိုက်ပြီး အေးစက်စွာ ခေါင်းညိတ်ပြကာ ထမ်းစင်ဆီသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။ ပိတ်ပါးစကန့်လန့်ကာကို ညင်သာစွာ ရုတ်သိမ်းလိုက်ပြီး ထမ်းစင်ပေါ်ရှိ အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ကျွော့ချင်းက ခနတာမျှ အံ့သြသွားခဲ့သည်။ ချင်းဖုန့်နှင့် ချင်းလင်တို့က အလွန်ဆင်တူသောကြောင့် ကျွော့ချင်းက ချင်းမော့ကလည်း သူမတို့နှင့် ဆင်တူလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမရှေ့မှ မိန်းခလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ကျွော့ချင်းက သူမ မှားယွင်းစွာ တွက်ချက်ခဲ့မိသည်ကို နားလည်သွားခဲ့သည်။
ချင်းမော့က နူးညံ့သိမ်မွေ့တဲ့ မျက်နှာသေးသေးလေးနဲ့ မိန်းခလေးဖြစ်နေပြီး ပြည့်ဖူးနေတဲ့ နဖူးလှလှလေး၊ မျက်တောင်ရှည်ရှည်လေးတွေနဲ့ ချယ်ရီရောင်နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်တယ်၊ သူမတစ်ကိုယ်လုံးက မယုံနိုင်လောက်အောင် နုပျိုနေပုံပဲ။ သူမက အသက်ဆယ့်ငါးနှစ်ကျော်လား???! ဒါက သိသိသာသာကို လိုလီတာလေးပဲဟယ်...
(လိုလီတာ---ချစ်စဖွယ်ကောင်မလေး)
ဒီမိန်းခလေးက . . . . ကုယွင်ဖြစ်နိုင်တယ်!
ထိုအကြောင်းကို တွေးလိုက်မိချိန်တွင် ကျွော့ချင်း၏ နှလုံးသား ပြိုလဲသွားတော့သည်။ သူမ၏ စိတ်က အကြိမ်တစ်ထောင်ခန့် လှည့်ပတ်နေခဲ့သော်လည်း ပထမဆုံး အံ့အားသင့်သွားသည့် အမူအရာမှ လွဲ၍ သူမမျက်နှာက နဂိုကဲ့သို့ အေးစက်နေဆဲဖြစ်သည်။ သူမက သူမ၏လက်ကို ချင်းမော့၏ လက်ကောက်ဝတ်ပေါ်သို့ ဟန်ဆောင်ပန်ဆောင် လှမ်းတင်လိုက်သည်။
စုယွိကလည်း ကျွော့ချင်း၏ရိုင်းစိုင်းမှုကို အလေးအနက်မထားခဲ့ပေ။
ဒီအမျိုးသမီးကို သူ ပထမဆုံးမြင်တုန်းက သူမက ချင်းမော့ ရဲ့အစ်မဆိုတာကို သူ မယုံနိုင်သေးပေမယ့် သူမရဲ့သဘောထားကို မြင်ပြီးနောက်မှာတော့ သူ ယုံကြည်လိုက်ပြီ။ သူမတို့က ညီအစ်မတွေ ဖြစ်ကြပြီး တော်တော်ကို တူညီကြတယ်။
တစ်ယောက်က မောက်မာတာနဲ့ တစ်ယောက်က အေးစက်တာပဲ ကွာတယ်...ကျန်တာ အတူတူပဲ...
ကျွော့ချင်းက သူမ၏လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး ပိတ်ပါးစကန့်လန့်ကာကို ပြန်ချလိုက်သည်။ လို့ရှီးယန်က စိုးရိမ်စိတ်ဖြင့် မေးလာခဲ့သည်။
"သူ(မ) ဘယ်လိုနေလဲ? တော်ဝင်သမားတော်တချို့ကို လာကြည့်စေချင်သေးလား?"
လို့ရှီးယန်က ယခုန သူမမျက်လုံးများထဲမှ ရှုပ်ထွေးနေသည့် အရိပ်အယောင်များကို မြင်လိုက်ရပြီး သူမ ကုသနည်းအား မေ့သွားမည်ကို သူ စိုးရိမ်နေပုံရသည်။
ကျွော့ချင်းက ခေါင်းယမ်းလိုက်ပြီး "အဆင်ပြေပါတယ်၊ ကျွန်မ သူ(မ)ကို ကျွန်မအခန်းထဲကို အရင်ခေါ်သွားမယ်၊ ကျွန်မအတွက် ငွေအပ်တစ်စုံ ပြင်ဆင်ပေးပါ၊ အဆင်မပြေမှ တော်ဝင်သမားတော်ကို ခေါ်လည်း နောက်မကျသေးပါဘူး"
ကျွော့ချင်းက ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ချင်းမော့နှင့် နှစ်ယောက်တည်းရှိစေရန် ကြိုးစားလိုက်သည်။၊
သူမ မနှိုးနိုင်ရင်တော့ တော်ဝင်သမားတော်ကို ခေါ်ရတော့မှာပေါ့။
စုယွိက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သောကြောင့် စစ်သည်လေးယောက်က ထမ်းစင်ကို မြှောက်လိုက်ကြပြီး အုပ်စုလိုက် ကျိုက်ရှင်းအဆောင်ဆီသို့ လျှောက်သွားကြသည်။ ကျွော့ချင်းက ချင်းမော့ကို သူမ၏ အိပ်ယာပေါ်သို့ လှဲချပေးပြီးနောက် နောက်ပြန်လှည့်ကာ လို့ရှီးယန်အား "ရှီးယန်၊ ရှင် လုပ်စရာရှိတာ သွားလုပ်ပါ၊ ကျွန်မကို ကူညီဖို့ ကျင်းစကို နေခိုင်းရင် ရပြီ"
"ကောင်းပြီ” လို့ရှီးယန်က တခြားဘာမှ မပြောတော့ဘဲ ကျိုက်ရှင်းအဆောင်ထဲမှ ထွက်ခွာသွားခဲ့သည်။ ကျွော့ချင်းက ချင်းမော့အတွက် စောင်ကို ကူခြုံပေးလိုက်ပြီး ခန်းဆီးအပြင်ဘက်မှာ ရပ်နေသည့် စုယွိဆီကို လှည့်လိုက်ကာ "စစ်သူကြီးစု အပ်စိုက်ကုထုံးက ခနလေးနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူး။ ရှင် ဘာလို့ အိမ်တော်ကို အရင် မပြန်တာလဲ? သူ(မ)နိုးလာတဲ့အခါ တစ်ယောက်ယောက်နဲ့ ပြန်ပို့ခိုင်းလိုက်ပါ့မယ်"
"ဘာမှ စိတ်ပူစရာ မလိုပါဘူး၊ ကုသပေးရုံပဲ၊ အပြင်မှာ စောင့်နေမယ်"
စုယွိ၏ အသံက ကျယ်လောင်ပြီး ပြတ်သားနေသည်။
ကျွော့ချင်းက မျက်လုံးပြူးသွားပြီး "ဒါဆို ရှင့်သဘောပဲ"
ခဏအကြာတွင် တံခါးက ဆောင့်ပိတ်ခံလိုက်ရပြီး အသံကျယ်ကျယ် ထွက်လာခဲ့သည်။
ကျွော့ချင်းက စားပွဲပေါ်ရှိ ငွေအပ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိမိသည်နှင့် ကျိုးကြေသွားနိုင်ပုံရသည့် သူမရှေ့မှ နူးညံ့သိမ်မွေ့သော မိန်းမငယ်လေးကို ကြည့်လိုက်ပြီး စိုးရိမ်သောကရောက်နေတော့သည်။
ငါက ဘာဆက်လုပ်ရမှာတုန်း???! !
. . . . . . . . . . . . . . . . . . . . .
အခန်း ၅၉ ချင်းမော့နှင့်ကုယွင်
ကျွော့ချင်းက စားပွဲပေါ်ရှိ ငွေအပ်များကို တစ်ချက်ကြည့်လိုက်ပြီး ထိမိသည်နှင့် ကျိုးကြေသွားနိုင်ပုံရသည့် သူမရှေ့မှ နူးညံ့သိမ်မွေ့သော မိန်းမငယ်လေးကို တစ်ချက်ကြည့်လိုက်ပြန်ကာ စိုးရိမ်သောက ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် ကျွော့ချင်းက သူမ၏လက်ထဲမှ ငွေအပ်ကို ကိုင်ထားရင်း မိန်းမငယ်လေး၏ နားရွက်နားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ယွင်၊ နင် မနိုးလာရင် ငါ အပ်နဲ့ထိုးတော့မှာနော်!"
သူမ ကုယွင်ရဲ့ မူလနာမည်ကို ခေါ်ပြီးပြီလေ။ တကယ်ဆို နိုးနေသင့်နေပြီလို့...
အိပ်ယာပေါ်တွင် မလှုပ်မယှက်ဖြစ်နေသော မိန်းမငယ်လေးအား စိုက်ကြည့်ရင်း ကျွော့ချင်း အနည်းငယ် စိတ်ပျက်သွားမိသည်။
သူမ တကယ်ပဲ ကုယွင် မဟုတ်ဘူးလား???
ကျွော့ချင်းက သူမလက်ထဲတွင် ငွေအပ်တစ်ချောင်း ကိုင်ထားရင်း ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ ချင်းမော့၏လက်မောင်းကို အပ်ဖြင့်ထိုးရန် ရှေ့တိုးဖို့ ခြေလှမ်းပြင်လိုက်သည်။
အပ်က လက်မောင်းကို မထိုးမိခင်လေးမှာပင် သွယ်လျသောလက်တစ်ဘက်က ကျွော့ချင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာခဲ့သည်။ အိပ်ရာပေါ်မှ မိန်းခလေးက ရုတ်တရက် မျက်လုံးပွင့်လာပြီး ခုတင်ဘောင်ကို တစ်ဝက်ခန့် ကျောမှီထိုင်လိုက်ကာ ကျွော့ချင်းကို စိုက်ကြည့်နေရင်း “နင်က ငါကို တကယ် အပ်နဲ့ထိုးချင်နေတယ်ပေါ့!"
ကျွော့ချင်းက မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။
"နင် ဘယ်လိုထင်လဲ?!"
နောက်ဆုံးတော့ သူမကို အလျှော့ပေးပြီး နိုးလာရပြီပေါ့။
သူမရှေ့မှ မိန်းကလေးတွင် ခါးထိရှည်သောဆံပင်နှင့် နှင်းဖြူရောင် အသားအရေဖွေးဖွေးလေး ရှိနေသော်လည်း သူမ၏ပန်းရောင်သန်းနေသော ချစ်စဖွယ် မျက်နှာပေါ်တွင် အမာရွတ်နှစ်ခု ရှိနေခဲ့သည်။ ထိုအမာရွက်နှစ်ခုက အလွန် စိတ်အနှောက်အယှက်ဖြစ်စေပြီး ကျွော့ချင်းကဲ့သို့သော အမျိုးသမီးပင် သူမကို မြင်သောအခါ သနားမိလာသည်။ သူမ၏မျက်လုံးဝိုင်းဝိုင်းလေးကြောင့် သူမက ကြောင်ဖြူလေးတစ်ကောင်နှင့်တူသော်လည်း ထိုမျက်လုံးများအတွင်းမှ စူးရှထက်မြက်သော အလင်းတန်းများက ကျွော့ချင်းကို စိတ်သက်သာရာရသွားစေသည်။
အဲ့တာက တကယ်ကို ကုယွင်ရဲ့အမူအရာဖြစ်နေပေမယ့်....
အိုး ကောင်းကင်ဘုံကြီးရေ... ဒီမျက်နှာလေးက အရမ်းကို ချစ်စရာကောင်းတယ်ဟ။
(T/N: အပြင်မှာ အေးစက်တဲ့မျက်နှာနဲ့ စိတ်ထဲမှာ ဂယက်မျိုးစုံထနေတဲ့ အမကြီးချင်းချင်းပါ)
"ယွင်၊ တကယ်ပဲ နင်လား?"
ကျွော့ချင်းက ထပ်ပြီး သေချာချင်နေသေးသည်။
မိန်းကလေးက သူမ၏ပခုံးကို တွန့်ကာ အမှတ်တမဲ့ ပြုံးလိုက်ပြီး "တိတ်တိတ်ဆိတ်ဆိတ် နားလည်မှု ယူရအောင် ကြီးကြီးမားမား စမ်းသပ်မှုတွေကို စိတ်မ၀င်စားဘူး!"
သူမ နိုးလာချိန်တွင် သူမကိုယ်တိုင်လည်း ဤမျက်နှာကြောင့် ထိတ်လန့်ခဲ့ရသည်။
မိန်းမငယ်လေးက သူမ၏ မေးစေ့ကို သူမဘာသာပြန်ကိုင်ထားရင်း ကျွော့ချင်းကို အပေါ်အောက် ငုံ့ကြည့်ကာ ရယ်ချင်နေသော မျက်နှာဖြင့် "စဉ်းစားကြည့်ရအောင်... နင်အကြိုက်ဆုံး သောက်စရာက Hawaiian kona၊ နင်အကြိုက်ဆုံးကိတ်မုန့်က tiramisu cake... ပြီးတော့ အကြိုက်ဆုံးက အလောင်းတွေကို ခွဲစိတ်ပြီး စစ်ဆေးရတာ... အကြိုက်ဆုံးဂိမ်းက Plants vs. Zombies ... နင့်ရဲ့အတိုင်းအတာက 34-24-36...”
"ရပ်လိုက်တော့... အဲ့လောက်ဆို လုံလောက်ပြီ!"
ကျွော့ချင်း၏ဦးခေါင်းပေါ်တွင် အနက်ရောင်လိုင်းများ ပြည့်နှက်သွားခဲ့သည်။
သူမ ရှေ့ကလူက အဲဒီ့မိန်းမဆိုတာ တစ်ရာရာခိုင်နူန်း သေချာသွားပြီ။ အပြင်ပန်းရုပ်ရည်က ဘယ်လောက်ပဲ ချောနေချောနေ အကျင့်စရိုက်ကတော့ လုံးဝကို ချစ်စရာကောင်းမနေဘူး!
"အခု ယုံသွားပြီလား?"
ကုယွင်က ဆက်ပြောချင်နေဆဲပင်။
"ယုံတယ်!"
ကျွော့ချင်းက သူမသွားများကို တင်းတင်းစေ့နေအောင် အံကြိတ်ထားလိုက်သည်။
ငါ ခုနက ဘာလို့ အပ်နဲ့ အချက်နည်းနည်းလောက် ခပ်ပြင်းပြင်း မထိုးလိုက်တာလဲ??! အားးး....စိတ်မကောင်းလိုက်တာဟယ် . . . . . .
"ငါ ဗိုက်ဆာလွန်းလို့ ငတ်ပြီးသေတော့မယ်၊ စားစရာရှိလား?"
ကုယွင်က နောက်ပြန်လှည့်ပြီး ထရပ်လာကာ သူမ၏လှုပ်ရှားမှုက သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။ သူမကို ကြည့်ရသည်မှာ နှစ်ရက်နှစ်ညလောက် အစားမစားရသည့်ပုံပင် ပေါ်မနေခဲ့ပေ။ ကျွော့ချင်းပင်လျှင် မရယ်နိုင်ဘဲ မနေနိုင်တော့ပေ။
"နင် အိပ်နေတာ တကယ်ကို နှစ်ရက်နဲ့ နှစ်ညရှိပြီလား???”
"သုံးရက်လောက်အိပ်မယ်လို့ ကြံထားတာ၊ ဒါပေမယ့် သူတို့က နှစ်ရက်အတွင်း ဒီကို လာပို့လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"
လူငယ်လေးစုယွိက များသောအားဖြင့် သူမနှင့် သဘောထားကွဲလွဲနေခဲ့သောကြောင့် အရေးကြီးသည့်အခိုက်အတန့်တွင် သူက သူမကို ဤနေရာအထိ လိုက်ပို့ပေးသူ ဖြစ်လာမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ကျွော့ချင်းက ခန်းဆီးအပြင်ဘက်သို့ လျှောက်သွားပြီး စားပွဲပေါ်မှ ကိတ်မုန့်အနည်းငယ်ကို ယူကာ ကုယွင် လက်ထဲသို့ ထည့်ပေးရင်း သူမ ခေါင်းကို ယမ်းလိုက်ကာ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"နင် တကယ် ခံနိုင်ရည်ရှိလို့လား??"
ကုယွင်က ကိတ်မုန့်ကို လှမ်းယူကာ စားနေရင်း "မဆိုးပါဘူး၊ ငါ မူးယစ်ဆေးရောင်းတဲ့သူတွေကို နောက်ယောင်ခံလိုက်တုန်းက သုံးရက်နဲ့သုံးည မအိပ်ရ မစားရတာတောင် ငါ မသေဘူး၊ ကိတ်မုန့်တစ်ချပ်လောက်ပဲ စားရတာတောင် ဘာမှ မဖြစ်ပါဘူး"
ဟုတ်တယ်၊ တော်သေးတာက စစ်သူကြီးအိမ်တော်ကို လာကြည့်ပေးတဲ့ သမားတော်တွေက “ချင်း” လောက် မရက်စက်လို့ပေါ့... “ချင်း”ကတော့ ရောက်လာတာနဲ့တပြိုင်နက် သူမကို ငွေအပ်နဲ့ ထိုးတယ်လေ။
သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ပိုက်ထားပြီး ခန်းဆီးကို တစ်ဝတ်တစ်ပျက်မှီထားသော ကျွော့ချင်းက ပြုံးနေလျက် "နင့်ရဲ့ အရည်အချင်းနဲ့ စစ်သူကြီးအိမ်တော်ကနေ ထွက်သွားဖို့ ခက်နေတာလား? ဘာလို့ အခုထိ စစ်သူကြီးအိမ်တော်မှာ ရှိနေသေးတာလဲ? ဘာလဲ နင်က အေးစက်ပြီး မာနကြီးတဲ့ စစ်သူကြီးစုကို စွဲလမ်းသွားပြီလား?"
စုလင်းက တကယ်ကို ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး ယွင်က သူ့ကို သဘောကျသွားရင်လည်း အံ့သြစရာတော့ မဟုတ်ဘူးလေ။
ကုယွင်က သည်းမခံနိုင်တော့ဘဲ သူမကို မျက်စောင်းထိုးလိုက်ပြီး "စစ်သူကြီးအိမ်တော်ကို ရောက်ကတည်းက သူ့ကို နှစ်ကြိမ်ပဲ တွေ့ဖူးသေးတယ်၊ ဟုတ်ပြီလား?"
ကျွော့ချင်းက ယခုအချိန်တွင် ပေါက်ကွဲလုမတက်ဖြစ်နေပြီး ချစ်စဖွယ်ကောင်းနေသော ‘ယွင်’၏မျက်နှာလေးကို ကြည့်ကာ မစဘဲ မနေနိုင်တော့သောကြောင့် "မြင်မြင်ချင်း ချစ်တယ် ဆိုတဲ့ စကားအတိုင်းဆိုရင် သူ့ကို တစ်ကြိမ်တွေ့ရင်ကို လုံလောက်နေပြီ!"
ပထမအကြိမ်က သူမ သူ့ကို ကိုက်ခဲ့ပြီး ဒုတိယအကြိမ်တွင် ရန်ဖြစ်ခဲ့ကြတယ်။ အဲ့တာကို မြင်မြင်ချင်း အချစ်လို့ ယူဆနိုင်ရင်တော့ တကယ်ကို တောက်ပလွန်းနေတော့မယ်။
ကုယွင်က ခေါင်းငုံ့ပြီး စားဖို့သာ အာရုံစိုက်လိုက်တော့သည်။ ကျွော့ချင်းက ရုတ်တရက် ရှေ့ကို ခြေတစ်လှမ်း လှမ်းလာပြီး သူမမေးစေ့ကို ကိုင်ကာ မော့စေလိုက်ပြီး "ရိုးရိုးသားသား ပြောစမ်းပါ နင် ပြီးပြီလား? မပြီးသေးဘူးလား???"
ကုယွင်က စုလင်းကို ပထမဆုံးအကြိမ်တွေ့စဥ်က ကိစ္စများကို ပြန်သတိရသွားပြီး ထိတ်လန့်သွားကာ သူမမျက်နှာအနှံ့တွင် ထူးဆန်းသော အမူအရာများ တဖျပ်ဖျပ်တောက်ကာ နီမြန်းလာခဲ့သည်။ ထိုနောက် ကုယွင်က ကျွော့ချင်း၏လက်ကို ရိုက်ချလိုက်ပြီး ကျိန်ဆဲလိုက်တော့သည်။
“နင်က ခေါင်းထဲမှာ အဝါရောင် အတွေးတွေနဲ့ ပြည့်နေတဲ့ မိန်းမပဲ”
(T/N: ဒါဒါတို့ရေ... ချင်းချင်းဘာတွေ တွေနေလဲ သိတယ်မလား... တရုတ်အဝါရောင်အတွေး ညီမျှခြင်း မြန်မာအပြာရောင်)
"ငါက အဝါရောင်အတွေးတွေ ရှိနေတယ်ပေါ့"
ကျွော့ချင်းက သူမ၏မျက်နှာပေါ်မှ သဘာဝမကျသည့် အကြည့်များကို လျစ်လျူမရှုနိုင်ဘဲ အပြုံးတစ်ဝက်ဖြင့် "ငါ ဘာမှ မပြောဘူးမိဘူးလို့တော့ ထင်တာပဲနော်။ ဒါက ဒဏ္ဍာရီဆန်ဆန် ဝန်ခံခြင်းလား?"
"ကျွော့ချင်းးးးးး!!!!!"
ကျွော့ချင်းက တစ်စုံတစ်ယောက် သွားများ ကြိတ်နေသည့်အသံကို ကြားလိုက်ရသောကြောင့် ခေါင်းစဉ်ကို အမြန်ပြန်ပြောင်းလိုက်သည်။
"ငါ သိချင်တာ ရှိတယ်၊ စစ်သူကြီးအိမ်တော်မှာ တကယ်ပဲ မိန်းမတွေ မရှိဘူးလား?"
ကုယွင်က စိတ်မရှည်စွာဖြင့် ပြန်ဖြေလာခဲ့သည်။
"တကယ်တော့ ခြင်တွေတောင် အမတွေ မဟုတ်ဘူး!"
ကျွော့ချင်းက တခစ်ခစ် ရယ်လိုက်ပြီး "ငါတို့ မတွေ့ရတဲ့ နှစ်လလောက်အတွင်း နင်တောင် ဟာသတွေ အများကြီး ပြောတက်လာပြီ!"
ကုယွင်က သူမကို ဘေးစောင်းကြည့်ကာ ပြုံးလိုက်ပြီး "နင်ကမှ အတင်းအဖျင်းနဲ့ ပေါက်ကရတွေ ပြောတက်လာတယ်လို့ ငါ ထင်တယ်!"
အရင်က ငါ ဘာလို့ အဲ့တာကို သတိမထားမိခဲ့ရတာလဲ???
ကျွော့ချင်းက စိတ်မဆိုးဘဲ ပခုံးတွန့်လိုက်ပြီး ပြုံးလျက် ပြန်ပြောလိုက်သည်။ "အဲ့လိုမှ မဟုတ်ရင် ဘယ်လိုလုပ်မလဲ၊ ဒီမှာ ဘာမှ လုပ်စရာမရှိတော့ ပျင်းစရာကြီး"
ပျင်းလို့ပေါ့လေ?? ဒါက ဘယ်လိုတောင် ကောက်ကျစ်ပြီး ထူးဆန်းတဲ့ အဖြေကြီးလဲ??
ကုယွင်က သူမကို အာရုံစိုက်ရန် ပျင်းလွန်းသောကြောင့် ရေသောက်ရန် မတ်တပ်ထရပ်လိုက်သည်။ ကုယွင်က ခြေဗလာဖြင့် ကော်ဇောပေါ်နင်းကာ စားပွဲဝိုင်းဆီကို လျှောက်သွားလိုက်ပြီး သူမအတွက် ရေတစ်ခွက် လောင်းထည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် ထိန်းမနိုင် သိမ်းမရ ဖြစ်သွားပုံရသည့် ရယ်မောသံတစ်ခု သူမနောက်မှ ထွက်ပေါ်လာခဲ့သည်။ ကုယွင်က နောက်သို့ လှည့်ကြည့်လိုက်ရာ ကျွော့ချင်းက နံရံကို ခြေထောက်ဖြင့် ကန်ထားရင်း အလွန်အကျွံရယ်မောနေသည်ကို တွေ့လိုက်ရသည်။ သူမက ရယ်သံများ ပါနေသည့် အသံတိုးတိုးဖြင့် "ဟိုမှာတုန်းက ငါက ၁၆၃ စစ်တီမီတာပဲ ရှိတော့ နင်က ငါကို ပုတယ်လို့ ပြောခဲ့တယ်လေ။ အခု နင့်အရပ်က ၁၅၈ စင်တိမီတာပဲရှိတယ်၊ ငါနင့်ကို ဂျပုလေးလို့ ခေါ်ရမလား???”
မိုးကောင်းကင်မှာ မျက်လုံးတွေ တကယ်ရှိတယ်ဟ ~~အားးးး!
ကုယွင်၏မျက်နှာက မည်းမှောင်သွားပြီး "တစ်မိနစ်" ဟု အေးစက်စွာ ပြောလိုက်သည်။
ပဲပင်ပေါက်ကဲ့သို့ ပိန်လှီနေသော သေးသေးသွယ်သွယ် မိန်းမငယ်လေးကို ကြည့်ရင်း ကျွော့ချင်းက ပို၍ပင် ညစ်ကျယ်ကျယ် ပြုံးနေခဲ့သည်။ အရာများစွာပြောင်းလဲနေခဲ့သောကြောင့် သူမ၏ အရပ် ၁၇၅ စင်တီမီတာကို အမြဲဂုဏ်ယူနေခဲ့သော ကုယွင်က ယခုအချိန်တွင် တစ်ခါတစ်ရံ စိတ်ဓာတ်ကျသလို ခံစားနေရသည်။
(၁၅၈ စင်တိမီတာ-၅ပေ၂လက်မ/၁၆၃ စစ်တီမီတာ- ၅ပေ၃လက်မခွဲ/ ၁၇၅ စစ်တီမီတာ- ၅ပေ၉လက်မ)
ကုယွင်၏မျက်နှာ မည်းမှောင်လာပြီး တစ်မိနစ်ခန့်ကြာသွားချိန်တွင် ကျွော့ချင်းက သူမ၏ရယ်မောခြင်းကို ထိန်းထားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
ယွင် တကယ်စိတ်ဆိုးသွားရင် ပျော်စရာကောင်းမှာ မဟုတ်တော့ဘူး။
ကုယွင်က "နင် ရယ်လို့ ပြီးပြီလား?"
ကျွော့ချင်းက ခေါင်းသာ ညိတ်ပြနိုင်ပြီး ဘာမှ မပြောတော့ပေ။
မဟုတ်ရင် နောက်တစ်ကြိမ် ရယ်မိမှာကို ငါ ကြောက်တယ်ဟ။
ပါးစပ်လှုပ်နေသေးသည့် အမျိုးသမီးကို စိုက်ကြည့်ရင်း ကုယွင်က “ငါတို့ အတူတူ ရှိနေနိုင်တဲ့အချိန်က အကန့်အသတ်ရှိတယ်၊ ငါတို့ ဒီလိုအဓိပ္ပာယ်မရှိတာတွေကို ဆက်ပြောနေသင့်လား? ဒါမှမဟုတ် နောက်ထပ် လုပ်သင့်တာတွေကို ဆက် ဆွေးနွေးကြမလား???”
ကျွော့ချင်းက သူမ၏ရင်ဘတ်ထဲမှ ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ပြီး နောက်ဆုံးတွင် "နင် အရင်ပြော၊ ငါ နားထောင်မယ်"
"တကယ်တော့ ငါ စစ်သူကြီးအိမ်တော်ကနေ ချက်ချင်း မထွက်သွားခဲ့တဲ့ အကြောင်းရင်းက နှစ်ခုရှိတယ်။ ပထမအချက်က နင် မြင်တဲ့အတိုင်းပဲ ဒီခန္ဓာကိုယ်က တကယ်ကို အားနည်းလွန်းတယ်။ သူ့ကို ကြံ့ခိုင်ပြီး လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ အချိန်နည်းနည်းယူရမယ်။ ဒုတိယတစ်ချက်က ငါ စစ်သူကြီးအိမ်တော်မှာ ဒါကို ရှာတွေ့ခဲ့တယ်”
ထိုသို့ ပြောပြီးနောက် ကုယွင်က သူမခါးကြားမှ စာရွက်ဖြူတစ်ရွက်ကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။
ကျွော့ချင်းက တစ်ချက်ကြည့်လိုက်ပြီး သူမမျက်လုံးများ တောက်ပလာကာ "ဒါက... ငါတို့ ဒီကိုမရောက်ခင်မြင်ခဲ့ရတဲ့ ဘာမှန်းမသိတဲ့ ပါကွာ့စက်ဝိုင်းနဲ့ တော်တော်ဆင်တူတယ်"
ပုံထဲက ပါကွာ့စက်ဝိုင်းပေါ်မှာ အသွင်အပြင်တစ်ခုချင်းစီကို အကောင်းမွန်ဆုံး ခြယ်သထားတာကြောင့် နောက်ဆုံးတွေ့ခဲ့တဲ့ တစ်ခုထက် ပိုထူးဆန်းတယ်လို့ ခံစားရစေတယ်။
"ဟုတ်တယ်၊ ငါတို့ ဒီနေရာကို ရောက်လာတာ အဲဒါနဲ့ ဆက်စပ်မှု အများဆုံးလို့ ငါ ထင်တယ်။ ငါတို့ ပြန်သွားချင်ရင်တော့ အဲဒါကို အားကိုးလို့ ရနိုင်သေးတယ်"
ကျွော့ချင်းက "အဲဒါကို စစ်သူကြီးအိမ်တော်မှာ သိမ်းဆည်းထားတာလား?"
ကုယွင်က ခေါင်းယမ်းပြီး "စစ်သူကြီးအိမ်တော်မှာတောင် ဒီပုံကိုပဲ မြင်ဖူးခဲ့တာ။ ဒါက စုမိသားစုရဲ့ သင်္ကေတလို့ ပြောလို့ ရတယ်။ စုမိသားစုရဲ့ သားအကြီးဆုံး စုလင်းနဲ့ ဘိုးဘေးတွေပဲ သိမ်းထားတဲ့ နေရာကို သိတယ်၊ အဲ့တာကြောင့် ငါ လောလောဆယ် စစ်သူကြီးအိမ်တော်မှာ နေနေတာ”
"သဲလွန်စ တစ်ခုခုရှိလား?"
"မရှိဘူး" စုယွိနှင့် စုရန်တို့ပင် ရှင်းရှင်းလင်းလင်း မသိသောကြောင့် သူမ စုလင်းမှ စတင်၍ စုံစမ်းရတော့မည် ဖြစ်သည်။ ကုယွင်က "ချင်းဖုန့်က နန်းတော်ဧည့်ခံပွဲမှာ အလောင်းကို ခွဲစိတ်စစ်ဆေးပေးတယ်လို့ ငါ ကြားခဲ့တယ်။ အဲ့တာကြောင့် နင် ဖြစ်မယ်လို့ တွေးမိပြီး မူးလဲဟန်ဆောင်လိုက်တာ၊ နင့်ကို လာတွေ့ဖို့လေ၊ ဒီရက်တွေမှာ ငါ ဒီလိုပုံစံနဲ့ပဲ နေနေရတယ်။ နင်ရော ဘယ်လိုလဲ၊ နင့်ဘက်က အခြေအနေကရော ဘယ်လိုရှိလဲ"
ကျွော့ချင်းက အလွန်စိတ်ပျက်နေပုံဖြင့် "အခြေအနေက ရှုပ်ထွေးနေတယ်..."
ကုယွင်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဘယ်လောက်ခက်ခဲတဲ့ အလုပ်ပဲဖြစ်ဖြစ် အမြဲတမ်း သက်တောင့်သက်သာ ဖြေရှင်းနိုင်ခဲ့တဲ့ အရမ်းအစွမ်းထက်တဲ့ မှုခင်းဆေးပညာဌာနက စစ်ဆေးရေးမှူး ခွဲစိတ်ဆရာဝန်မကြီးကို ဘာတွေကများ ဒီလောက် စိတ်ဓာတ်ကျသွားစေတာသလဲ???!
"ငါ အခု ရထားတဲ့ ခန္ဓာကိုယ်က ချင်းဖုန့် မဟုတ်ဘူး၊ ချင်းမိသားစုရဲ့ အကြီးဆုံးအစ်မဖြစ်တဲ့ ချင်းလင်... ချင်းဖုန့်နဲ့ ချင်းလင်က အရမ်းရုပ်ချင်းဆင်နေလို့ အရာရှိတွေက လူမှားကို ပို့ပေးမိတာ ဖြစ်နိုင်တယ်၊ ချင်းလင်က ချုံယွဲ့ရဲ့ ဧကရာဇ်ယန်းဟုန်ထျန်းနဲ့ ပတ်သတ်နေတယ်။ ယန်းဟုန်ထျန်းနဲ့ ချင်းလင်တို့မှာ အတိတ်တွေ ရှိပုံပေါ်တယ်။ ယန်းဟုန်ထျန်းဆိုတဲ့လူက အရမ်းမောက်မာပြီး သွေးဆာနေတဲ့ လူတစ်ယောက်ပဲ။ ချင်းလင်က ချင်းဖုန့်အဖြစ် အယောင်ဆောင်ဖို့ တမင်တကာ ဖန်တီးထားတယ်လို့ ထင်ပြီး ငါ့ကို လည်ပင်းညှစ်သတ်လုနီးပါးပဲ။ နောက်ဆုံး အားကိုးရာ တစ်ခုတစ်နေနဲ့ ငါ အတိတ်မေ့ချင်ယောင်ဆောင်ဖို့ပဲ တက်နိုင်တော့တယ်"
"အတိတ်မေ့တာလား?" ကုယွင်က ရယ်လိုက်ပြီး "ကောင်းလိုက်တဲ့ အကြံ"
"ငါ စပြီးပြီဆိုမှတော့ အဲ့လိုပဲ ဆက်လုပ်ရတော့မယ်။ ငါက လို့ရှီးယန်ရဲ့ မိန်းမ ဖြစ်နေပြီးပြီလို့ သူ့ကို ညာပြောလိုက်တယ်၊ မထင်မှတ်ဘဲ လို့ရှီးယန်ကလည်း ငါ လိမ်နေတာကို မထုတ်ဖော်ခဲ့ဘူး"
ကုယွင်က မျက်တောင်ခတ်လိုက်ပြီး "နင် သူ့ကို လိမ်ခဲ့တာရော တကယ်ဟုတ်ရဲ့လား?"
ကျွော့ချင်း၏ မျက်လုံးများတွင် ဓားသွားများ ဖြတ်ပြေးသွားသောကြောင့် ကုယွင်က ပြုံးလိုက်ကာ "ဟုတ်ပြီ၊ ဆက်ပြော"
"နောက်ဆုံးတော့ ယန်းဟုန်ထျန်းက ဒီကိစ္စကို သေသေချာချာ စုံစမ်းချင်တယ်လို့ ပြောတယ်။ ငါက လို့ရှီးယန်ရဲ့ အကာအကွယ်နဲ့ ဝန်ကြီးချုပ်အိမ်တော်မှာ ထိန်းသိမ်းခံထားရတယ်။ ကံမကောင်းစွာနဲ့ပဲ ချင်းဖုန့်ကတော့ အကျဥ်းကျနေတယ်"
အရမ်းခေါင်းမာသော ချင်းဖုန့်အတွက် ကျွော့ချင်းက ဘာကြောင့်မှန်းမသိ ထိုအမျိုးသမီးလေးကို လက်မလွှတ်နိုင်ဘဲ အမြဲတစေ ပူပန်နေမိသည်။
ကျွော့ချင်းက ချင်းဖုန့်အတွက် စိတ်ပူနေသည်ကို မြင်နေရသည့်တိုင် ချင်းဖုန့်ကို တစ်ခါမှ မတွေ့ဖူးသည့် ကုယွင်ကတော့ ထိုအရာကို ဂရုမစိုက်ပေ။
"အဲ့တော့ တစ်နည်းအားဖြင့် လို့ရှီးယန်နဲ့ ယန်းဟုန်ထျန်းက အခု နင့်အတွက် ပြိုင်ဆိုင်နေကြတာလား?"
ကျွော့ချင်းက "အတိအကျ ပြောရမယ်ဆိုရင် သူတို့က ချင်းလင်အတွက် ပြိုင်ဆိုင်နေတာပဲ"
"ယန်းဟုန်ထျန်းက ဘယ်သူ့အတွက် တိုက်ခိုက်နေလဲတော့ မသိနိုင်ဘူး။ ဒါပေမယ့် လို့ရှီးယန်ကတော့ ချင်းလင်ကို တစ်ခါမှ မတွေ့ဖူးဘူး။ သူက နင့်အတွက် ပြိုင်ဆိုင်နေတာ သေချာတယ်နော်။ ဒီလို အခြေအနေမျိုးမှာ နင် လို့ရှီးယန်နဲ့နေနေတာက အကောင်းဆုံးပဲ၊ သူက နင့်ကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ"
သူမ စစ်သူကြီးအိမ်တော်မှာ ရှိနေစဥ်အတွင်း ဒီကမ္ဘာအကြောင်းကို အများကြီး လေ့လာသင်ယူထားခဲ့ပြီးပြီ။ ဝန်မခံချင်ပေမယ့် အမှန်တရားက ဒီတိုင်းပြည်ခြောက်ခုအတွင်းမှာ ယန်းဟုန်ထျန်းအတွက် လိုချင်တာ မရနိုင်ဘူးဆိုတာ ရှားပါးလွန်းလှတယ်။ သူ လိုချင်တာမှန်သမျှ သူဆီကို ရောက်လာနိုင်တယ်။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ" ကျွော့ချင်းကလည်း သဘောတူလိုက်သည်။
ကျွော့ချင်း၏ စိတ်ပျက်အားငယ်နေသော မျက်ဝန်းများကို မြင်လိုက်ရသောကြောင့် ကုယွင်က ရယ်မောလိုက်ပြီး "နင် ပြောတာ ငြီးငွေ့စရာကောင်းတယ်ဆို၊ အခုတော့ တခြားတစ်ခုခု လုပ်နိုင်သေးတယ်နော်"
ကျွော့ချင်းက မပြုံးချင်ပြုံးချင်ပြုံးလိုက်ပြီး "ဘာလို့ ပေါက်ကရတွေ ထပ်ပြောချင်နေသေးတာလဲ?"
"အဲ့တာဆိုရင်လည်း မပြောတော့ဘူး၊ ဒါပေမယ့် 'ရှီးယန်'ကတော့ တကယ်ကို နားထောင်လို့ ကောင်းတယ် ထင်တာပဲ"
ပင်မခန်းမထဲမှာ အခုန သူမ ခေါ်လိုက်တာကို ရှင်းရှင်းလင်းလင်း ကြားလိုက်တယ်လေ။
ဒီအမျိုးသမီးက သူမဒေါသကို ဘယ်လို ဆွရမယ်ဆိုတာကို တကယ် သိတယ်!
ကျွော့ချင်းက သူမနှင့် ပေါက်ကရစကား မပြောရန် ဆုံးဖြတ်လိုက်ပြီး "နင့်ကို ကူညီပေးဖို့ တောင်းဆိုချင်တာတစ်ခု ရှိတယ်"
ကုယွင်က ခပ်မြန်မြန် တုံ့ပြန်လိုက်သည်။
"ပြော"
"စစ်သူကြီးအိမ်တော်မှာ စောင့်ကြပ်ရတဲ့ အဖွဲ့မှူးတစ်ယောက်က ချမ်ကျင်းဆိုတဲ့လူဆီကနေ အသတ်ခံလိုက်ရတယ်၊ အခြေအနေအတိအကျတော့ မသိဘူး။ အလောင်းကို ခွဲစိပ်ဖို့ အခွင့်အလမ်းတွေ ရှာရမယ်။ ဒီကိစ္စမှာ ချမ်ကျင်းက တကယ့်လူသတ်သမားဟုတ်နိုင်မလားဆိုတာ နင်ငါ့ကို ကူညီပြီး စစ်ဆေးပေးနိုင်မယ်လို့ မျှော်လင့်တယ်"
ကုယွင်က အမှုကို စေ့စေ့စပ်စပ် စူးစမ်းလေ့လာကာ ရှင်းလင်းပြတ်သားစွာ ဆင်ခြင်တွေးခေါ်နိုင်သည်။ သူမက ကုယွင်၏အမှုကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို အမြဲတမ်း ယုံကြည်ခဲ့သည်။
"ငါ နှစ်ရက်လောက် သလိလစ်ချင်ယောင်ဆောင်နေလို့ ဘာတွေဖြစ်သွားမှန်း မသိလိုက်ဘူး"
ကုယွင်၏ ထက်မြက်သော မျက်လုံးများက ကျွော့ချင်း၏ အနည်းငယ် စိုးရိမ်သောက မျက်နှာကို စိုက်ကြည့်ကာ "ဘာလို့ သူ့ကို ကူညီချင်တာလဲ?"
‘ချင်း’ ရဲ့အမူအရာကို ကြည့်ရတာတော့ သာမန်ကိစ္စ မဟုတ်လောက်ဘူး။
ယွင်ကတော့ ဘယ်အချိန်မဆို ထက်မြက်နေတာပါပဲ။
ကျွော့ချင်းက သူမကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိသောကြောင့် " သူက ငါ့အသက်ကို နှစ်ကြိမ် ကယ်ခဲ့ပြီး ငါက သူ့ကို ကျေးဇူးပြန်ဆပ်ဖို့ အကြွေးရှိနေသေးတယ်၊ ပြီးတော့ သူ့ကို ကူညီချင်တယ်လို့ ပြောနေတာ မဟုတ်ဘူး၊ သူ့မှာတကယ် အပြစ်ရှိနေရင် ငါ့မှာ ပြောစရာမရှိဘူး၊ အပြစ်မရှိရင်တော့ အပြစ်မဲ့တဲ့လူကို အချည်းနှီး မသေစေချင်ဘူး”
မတရားတဲ့အမှုက ငါ့ လက်ထဲကနေ ဘယ်တော့မှ မလွတ်သွားစေရဘူး!!!
ထိုအရာက သူမ၏ကိုယ်ပိုင်စံနှုန်းဖြစ်ရုံသာမက ကုယွင်၏ခံယူချက်လည်း ဖြစ်နေပြန်သည်။ ထိုကြောင့် ကုယွင် သဘောတူလိမ့်မည်ဟု သူမ လုံးဝ ယုံကြည်နေခဲ့သည်။
သူမ မျှော်လင့်ထားသည့်အတိုင်း ကုယွင်က ခေါင်းညိတ်ပြီး "ငါ နားလည်ပြီ"
ထိုအချိန်တွင် ကျင်းစ၏ လေးနက်သောအသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာပြန်သည်။
"ချင်းသခင်မလေး၊ တော်ဝင်သမားတော် ရောက်လာပါပြီ"
ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး "ငါ အပ်စိုက်နေတယ်၊ ငါ့ကို လာမနှောင့်ယှက်နဲ့"
ကျွော့ချင်းက ပြတင်းပေါက်စာရွက်မှတဆင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေသေးသော စုယွိကို ယောင်ဝါးဝါးမြင်လိုက်ရသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျွော့ချင်းက " စုယွိက နင့်ကို ဒီမှာ နေခွင့်ပေးဖို့ မဖြစ်နိုင်ဘူး ထင်တယ်၊ ငါ အရင် သွားလိုက်မယ်၊ အပြင်ထွက်ပြီး နင် နိုးလာပြီလို့ ပြန်ပြောလိုက်မယ်၊ ကျန်တာနောက်မှ ဆက်ပြောမယ်၊ အခု အပ်စိုက်ကုထုံးကို အပတ်တိုင်းလုပ်ရမယ်လို့ ပြောလိုက်မယ်၊ မဟုတ်ရင် နင့်ရဲ့အသက်ကို ပျက်စီးစေလိမ့်မယ်လို့ ပြောလိုက်ရင် ငါတို့ တစ်ပတ်ကို တစ်ကြိမ် သတင်းအချက် ဖလှယ်နိုင်မယ်။ လက်ရှိအခြေအနေအရ ကမူးရှူးထိုး မလုပ်တာက ပိုကောင်းလိမ့်မယ်“
"ကောင်းပြီ" ကုယွင်ကလည်း ထိုအကြံက အကောင်းဆုံးဟု ခံစားနေရသည်။
နောက်ဆုံးတော့ သူမတို့နှစ်ယောက် အခု လွတ်မြောက်သွားရင်တောင် မကြာခင် ပြန်အဖမ်းခံရမှာဆိုမှတော့ ထွက်ပြေးလဲ ဘာမှ အသုံးမဝင်နိုင်ဘူး။
"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
"ငါ ဂရုစိုက်ပါ့မယ်"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တိတ်တိတ်လေး နားလည်မှုဖြင့် ပြုံးပြလိုက်ပြီး တစ်ယောက်ကို တစ်ယောက် ဘာစကားမှ မပြောတော့ဘဲ တစ်ယောက်ကို တစ်ယောက် သတိထားရန် မှာလိုက်ကြသည်။
ကုယွင်က သူမ အသုံးပြုပြီးသား ခွက်ကို မူလနေရာသို့ ပြန်ထားလိုက်ပြီး သူမလက်ထဲမှ ပန်းကန်အလွတ်ကို စားပွဲဝိုင်းအောက်ရှိ အခန်းကန့်ထဲသို့ ထည့်ကာ စားပွဲခင်းဖြင့် ပြန်အုပ်လိုက်သည်။
ကုယွင်က ခဏတာ အလုပ်ရှုပ်နေပြီး ခုတင်ပေါ်တွင် အမြန်ပြန်အိပ်လိုက်သည်။ ကျွော့ခင်းကတော့ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
‘ယွင်’က အရင်ထက်တောင် သတိပိုထား နေသေးတယ်။
ကုယွင်က သူမကို OK အမူအရာလုပ် ပြလိုက်သောကြောင့် ကျွော့ချင်းက လမ်းလျှောက်သွားပြီး တံခါးကို ဖွင့်လိုက်သည်။
"ဘယ်လိုဖြစ်သွားပြီလဲ?" စုယွိက စိုးရိမ်တကြီး မျက်နှာပေးဖြင့် တံခါးဆီသို့ ပြေးဝင်လာသောကြောင့် ကျွော့ချင်း၏မျက်လုံးများက အနည်းငယ် တောက်ပသွားပြန်သည်။
အိမ်ထောင်ဖက်နဲ့ပတ်သက်မှ ဆွေမျိုးတော်စပ်တဲ့သူ!??
ကျွော့ချင်းက သူမ၏မျက်လုံးများမှ စူးရှသော အရိပ်အယောင်ကို ဖုံးအုပ်လိုက်ပြီး "သူ(မ) နိုးလာပြီ၊ ဒါပေမယ့် သူ့(မ)ခန္ဓာကိုယ်က အတော်လေးကို အားနည်းနေသေးတယ်။ အပ်စိုက်ကုထုံးကို ခုနှစ်ရက်တစ်ကြိမ်လုပ်ပေးဖို့ လိုလိမ့်တယ်။ ဆယ်ခါလောက်လုပ်ပြီးရင်တော့ ဒီတစ်နှစ်အတွင်းမှာ ထပ်မဖြစ်နိုင်တော့လောက်ဘူး"
စုယွိက စိုးရိမ်တကြီး ထပ်မေးနေပြန်သည်။
"သူ(မ)က ဘာဖြစ်တာလဲ?"
သူမကို သမားတော်တော်များများနဲ့ ပြသခဲ့ပေမယ့် အဖြေရှာမရခဲ့ပါဘူး။ ဘယ်သူမှ သူမ နိုးလာအောင် မလုပ်နိုင်ခဲ့ဘူး။
ဘာရောဂါလဲ?
ကျွော့ချင်းက ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်သည်။ "ဗဟိုပင်မအာရုံကြောအတွင်းက အာရုံခံဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ ဖွံ့ဖြိုးမှုကြောင့် ဖြစ်တဲ့ မွေးရာပါရောဂါ"
ဘာလဲ??? . . . ဘာလဲ??? . . . ဘာလဲ. . ?
စုယွိက သူမ၏စကားများကို တစ်လုံးမှ နားမလည်သောကြောင့် သူ့ဘေးနားမှ တော်ဝင်သမားတော်ကို လှည့်ကြည့်ကာ "အဲ့ဒါက ဘာလဲ??"
"အိုး... ဒီ...ဒီသမားတော်က... “
သမားတော်က ပို၍ စိတ်ပူလာပြီး နဖူးပေါ်မှ ချွေးများ ထွက်ကျလာသည်။
ပျော့ညံ့ဟန်ဆောင်ကာ ခုတင်ပေါ်တွင် လဲလျောင်းနေသော ကုယွင်က အသံတိတ် ရယ်နေကာ မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။
ကျွော့ချင်းဆိုတာကတော့ တကယ်ကို ထူးထူးဆန်းဆန်း ပြောထွက်နိုင်သေးတယ်။
တော်ဝင်သမားတော်က အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး ရှင်းပြချက် မထုတ်နိုင်သောကြောင့် စုယွိက ကျွော့ချင်းကို စိတ်မရှည်စွာ ပြန်ကြည့်လိုက်ပြီး "မေ့လိုက်တော့၊ ခုနစ်ရက်နေရင် သူ(မ)ကို လာပို့ပေးမယ်"
ထိုစကားကို ပြောပြီးနောက် စုယွိက ကျွော့ချင်း၏ နံဘေးမှ ဖြတ်ထွက်ကာ အိမ်ခန်းဆီသို့ ဝင်သွားပြီး ခဏအကြာတွင် စစ်သည်လေးယောက်က ကုယွင်ကို ပြန်သယ်သွားကြသည်။
အလင်းဝင်နိုင်သော ကန့်လန့််ကာ ပိတ်စပါးပါးကို ဖြတ်ပြီး လူနှစ်ယောက်၏ မျက်လုံးများ ဆုံသွားကာ ဂရုတစိုက် အမူအရာကို ထုတ်ဖော်ပြသပြီးနောက် အကြည့်လွှဲသွားကြသည်။
စုယွိက ကျင်းစဆီသို့ လျှောက်သွားပြီး လက်သီးအုပ် နူတ်ဆက်လိုက်သည်။ "အိမ်တော်ထိန်းကျင်း၊ ငါတို့ ပြန်တော့မယ်"
"စစ်သူကြီးစု၊ ကျေးဇူးပြုပြီး..." ကျင်းစက စုယွိနှင့် သူ့လူများကို ကျိုက်ရှင်းအဆောင်မှ ဦးဆောင်ခေါ်ထုတ်သွားသည်။
ကုယွင်၏အခြေအနေအကြောင်းကို မေးမြန်ချိန်တွင် စုယွိက အစကနေ အဆုံးအထိ ကျွော့ချင်းကို တစ်ချက်သာ စိုက်ကြည့်ခဲ့သည်။ သူ မေးပြီးသည်နှင့် သူမကို မရှိသလို သတ်မှတ်လိုက်သည်။ ကျွော့ချင်း၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကြွလာကာ ဗိုလ်ချုပ်အိမ်တော်ရှိလူများက အမျိုးသမီးများကို လျစ်လျူရှုထားပုံက အတိုင်းအတာတစ်ခုအထိ ရောက်နေကြောင်း နားလည်လိုက်သည်။
ကုယွင်တစ်ယောက် အဲ့လိုအရွယ်ရောက်လာတဲ့ လူတစ်စုကြားမှာ ဘယ်လိုနေထိုင်နေလဲဆိုတာကို သူမ တကယ်ပဲ သိချင်နေမိတော့တယ်။
"သခင်မ"
ကျွော့ချင်း နောက်ကို ပြန်လှည့်ကြည့်လိုက်ချိန်တွင် တော်ဝင်သမားတော်အိုကြီးက ကြောင်တက်တက်ဖြင့် သူမနောက်တွင် ရပ်နေသေးသည်ကို တွေ့လိုက်ရသည်။
"ဒီလူက သခင်မဆီမှာ အကြံဉာဏ်တောင်လို့ ရနိုင်မလား... ဘာ...ဘာက ပုံမှန်မဟုတ်ရတာလဲ... ရောဂါက ဘာလဲ“
ကျွော့ချင်းက ရယ်ချင်နေပြီး အနည်းငယ် ချောင်းဟန့်လိုက်ပြီးမှ "အဲ့ဒါက အရမ်းရှုပ်ထွေးတယ်။ ရှင် အရင်ပြန်သွားတာက ပိုကောင်းလိမ့်တယ်။ အခုက နောက်ကျနေပြီ"
ကျွော့ချင်းက စကားမပြောချင်ပုံရသောကြောင့် တော်ဝင်သမားတော်ကြီးက မေးခွန်းများ ဆက်မမေးရဲတော့ဘဲ ဦးညွှတ်အလေးပြုပြီးနောက် ထွက်ခွာသွားတော့သည်။
ကျွော့ချင်းက သူမခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး စိတ်ကောင်းဝင်နေခဲ့သည်။ နောက်ဆုံးတွင် သူမ ကုယွင်ကို ပြန်တွေ့လိုက်ရသောကြောင့် သူမ၏စိုးရိမ်ပူပန်မှုများက အနည်းငယ် လျော့ကျသွားခဲ့သည်။
အခြားကမ္ဘာမှာ မင်းနဲ့အတူ ရှေ့ဆက်သွားနိုင်တဲ့ လူတစ်ယောက်ရှိသေးတယ်ဆိုတဲ့ ခံစားချက်က သူမကို အလွန်အမင်း စိတ်သက်သာရာရစေခဲ့တယ်။
ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ထားပြီး ပြန်ဖွင့်လိုက်ချိန်တွင် နေဝင်နေပြီဖြစ်၍ ကောင်းကင်တွင် တိမ်နီများပြည့်နေသည်ကို သူမ မြင်လိုက်ရသည်။ တစ်နေကုန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ညစာစားရန် အချိန်ရောက်လာသောကြောင့် ကျွော့ချင်းက အိမ်ရှေ့ခန်းသို့ သွားရန် ပြန်လိုက်သည်။ သူမ ရှေ့တစ်လှမ်း တိုးလာချိန်တွင် ကျင်းစက မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူမဆီသို့ လျှောက်လာနေသည်ကို သူမ တွေ့လိုက်ရသည်။ ကျွော့ချင်းတစ်ယောက် အသည်းထဲကပင် နာကျင်လာခဲ့သည်။ အချက်ပေးသံ တစ်ခုက သူမအတွေးထဲတွင် ချက်ချင်း ထွက်ပေါ်လာပြီး ကျင်းစကို လှမ်းမေးလိုက်မိသည်။
"တစ်ယောက်ယောက် ထပ်ရောက်လာတာတော့ မဟုတ်ဘူးမလား?"
"ဧကရာဇ် ကြွချီလာပါတယ်" ကျင်းစ၏ အေးစက်သော အသံက ကျွော့ချင်း၏ သံသယကို အတည်ပြုပေးခဲ့ပြီး ကျွော့ချင်းက သူမ ရူးသွားတော့မည်ဟု ခံစားလိုက်ရသည်။
ဒီနေ့က ဘယ်လောက် ကောင်းတဲ့နေ့လဲ??? မပြီးသေးဘူးပေါ့လေ...
ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "လို့ရှီးယန် ဘယ်မှာလဲ?"
"သခင်က ပြန်မလာသေးပါဘူး"
ထိုညက ယန်းဟုန်ထျန်း၏ ကြမ်းတမ်းပြီး စိတ်အားထက်သန်နေသော အသွင်အပြင်ကို ပြန်တွေးတောရင်း ကျွော့ချင်းက သူမ၏ လက်ကို ဝှေ့ယမ်းကာ "ဒါဆို ငါ ဖျားပြီး သေလုနီးပါးဖြစ်နေပြီလို့ သူ့ကို ပြောလိုက်၊ ငါ သူ့ကို မတွေ့နိုင်တော့ဘူး!"
“ဘယ်သူက ဖျားပြီး သေတော့မှာလဲ”
မကျေနပ်သည့် အရိပ်အမြွက်များပါဝင်နေသော အသံက ကျိုက်ရှင်းအဆောင်တံခါးဝကနေ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။
ဒီအသံ . . . . . . . ဘယ်သူရောက်လာတယ်ဆိုတာ ပြောနေဖို့ကို မလိုတော့ပါဘူး။
ကျွော့ချင်းက သူမ၏ခေါင်း ပေါက်ကွဲသွားတော့မလို ခံစားနေရသည်။ သူမက ဤအိမ်တော်၏အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး လို့ရှီးယန်ကလည်း အနားမှာ မရှိပေ။ ယန်းဟုန်ထျန်းက သူမ၏ လိမ်ညာမှုကို ထပ်မံကြားသွားသောကြောင့် ယခုတစ်ကြိမ်တွင် သူမတစ်ယောက်တည်းသာ နာကျင်ခံစားရတော့မည်ပင်။
"ဘုရင်မင်းမြတ်ကို အရိုအသေပေးပါတယ်" ကျင်းစက ဘေးတိုက် ပြန်လှည့်ပြီး အလေးပြုလိုက်ရာ ယန်းဟုန်ထျန်းက သူ့ပုခုံးကို ဖြတ်တိုက်သွားပြီး အရူးလိုပုံစံဖြင့် သူမဆီသို့ တည့်တည့် လျှောက်လာသည်ကို ကျွော့ချင်း တွေ့လိုက်ရသည်။
ထားလိုက်တော့... အလိုက်သင့်လေး နေလိုက်မယ်...
ကျွော့ချင်းက အရိုအသေပေးရန် ပြင်နေချိန်မှာပင် ယန်းဟုန်ထျန်း၏လက်ကြီးများက သူမ၏ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ညင်သာစွာ ထူပေးလိုက်သည်။ သူက သူမ၏ပုခုံးများကို ပေါ့ပေါ့ပါးပါး ညင်ညင်သာသာ ဆုပ်ကိုင်ထားပြီး နှိမ့်ချသည့် အပြုံးဖြင့် နူးညံ့စွာ ချော့မော့လာခဲ့သည်။
"ရှောင်လင်အာ၊ ကျန်း ဒီကာလမှာ တော်တော်အလုပ်ရှုပ်ပြီး မင်းကို လာမတွေ့နိုင်ခဲ့ဘူး၊ လင်အာက ကျန်းကို စိတ်မဆိုးပါနဲ့"
သူ့လေသံက အရမ်းနူးညံ့ပေမယ့် အကြောင်းအရာကတော့ အရင်က အတိုင်းပဲ ပိုင်ဆိုးပိုင်နင်းဆန်နေတုန်းပဲ။
သခင်လေးရေ...အဲဒါက နဲနဲတော့ ထူးဆန်းနေပြီ... ငါတို့က သိပ်မရင်းနှီးကြဘူး မဟုတ်လား???!
ယန်းဟုန်ထျန်းက အခွင့်အရေးကို စောင့်ပြီး အတိအကျ ပေါ်လာခြင်း ဖြစ်နိုင်သောကြောင့် အခြေအနေ မကောင်းနိုင်ဘူးဟု သူမ တွေးနေခဲ့သည်။ ထိုကြောင့် ကျွော့ချင်းက အရာရာကို ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်လိုက်သော်လည်း ယန်းဟုန်ထျန်း၏ စူးစူးစိုက်စိုက်နှင့် နက်နက်နဲနဲရှိနေသော ချစ်မြတ်နိုးမှုများပြည့်နေသည့် မျက်လုံးများကြောင့် ကျွော့ချင်းတစ်ယောက် တံတွေးတစ်လုတ်ကို ပြင်းပြင်းထန်ထန် မျိုချလိုက်မိတော့သည်။
သူမ အံ့သြလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။
ယန်းဟုန်ထျန်း...အဲ့လူ... အဲ့လူက... သရဲတစ္ဆေကပ်နေတာလား?