← Chapters

အခန်း (၆၀-၆၁)

Vol. 6 Ch. 60-61

အခန်း (၆၀-၆၁)

Vol. 6 Ch. 60-61

အခန်း ၆၀ ကျွော့ချင်း၏ သံသယများ

  ယန်းဟုန်ထျန်းက မည်သည့် လှည့်ကွက်မျိုး ကစားချင်နေသည်ကို မသိသောကြောင့် ကျွော့ချင်းက သူမကိုယ်သူမ စိတ်ငြိမ်စေရန် ထိန်းထားပြီး သူ့ကို စောင့်ကြည့်ရန် သတိပေးနေခဲ့သည်။

  ကျွော့ချင်း၏ပခုံးများကို ကိုင်ထားသော သူ့လက်များက နူးညံ့ပုံရသော်လည်း တစ်ဖက်လူကို လုံးဝ မလှုပ်ရှားနိုင်စေရန် တွန်းအားတစ်ခုဖြင့် ထိန်းထားခဲ့သည်။ ကျွော့ချင်းအနေဖြင့် သူမ၏ခေါင်းကို ဟိုဘက်သည်ဘက် ယိမ်းရုံလောက်သာ တက်နိုင်တော့သည်။

  ကံမကောင်းစွာဖြင့် ယန်းဟုန်ထျန်းက ဆက်ဆံရလွယ်ကူသောသူ မဟုတ်ပေ။ သူက ကျွော့ချင်း၏မေးစေ့ကို ကိုင်လိုက်ပြီး သူမ ခေါင်းလှည့်၍ မရအောင်ပင် ချုပ်ကိုင်ထားခဲ့သည်။ ယန်းဟုန်ထျန်းက သူ့နှုတ်ခမ်းကို သူမ၏နားရွက်ဆီသို့ တိုးကပ်လာပြီး ယောက်ျားတစ်ယောက်၏အက်ရှရှအသံနှင့် အသက်ရှူသံပြင်းပြင်းက သူမနားဆီသို့ တိုးဝင်လာသည်။

"ဘာလို့လဲ?? ကျန်းကို တွေ့ရလို့ အရမ်းစိတ်လှုပ်ရှားနေလား? မင်းက ကျန်းကို ကြောက်နေတာလား"

  သူက သူ ဘာလုပ်နေတယ်လို့ တွေးနေတာလဲ???!

‘ ငါ ပျော်နေတဲ့အခါ မင်းကို ပရောပရည်လုပ်လို့ရပေမယ့် ငါ စိတ်မချမ်းသာတဲ့အခါ မင်းကို သတ်ပစ်မယ်’ အဲ့လိုလား???

ကျွော့ချင်းက သူမနားရွက်ဆီမှ ပူလောင်နေသည့် ခံစားချက်ကို လျစ်လျူရှုလိုက်ပြီး အေးစက်စွာဖြင့် "ကျွန်မလည်ပင်းက အရမ်းနာနေပြီ"

  သူမအသံက ဒေါသတွေပါနေတုန်းပဲ။

ယန်းဟုန်ထျန်းက ကျွော့ချင်း၏ဒေါသကို ခံစားလိုက်မိသောကြောင့် အားရပါးရ ရယ်မောလိုက်ပြီး "စိတ်မပူပါနဲ့ ကျန်းက မင်းရဲ့ခေါင်းလေးကို အခုချက်ချင်းယူဖို့ ဆန္ဒမရှိသေးပါဘူး"

အင်း...ဇာတ်ကွက်အသစ်တွေ စပြန်ပြီပေါ့လေ...

   အခု ဆန္ဒမရှိသေးဘူးတဲ့လား? ဆိုလိုတာက သူ စိတ်ဆိုးရင် သူတပါးကို အလွယ်တကူ သတ်ပစ်နိုင်တယ်ပေါ့လေ!!

သူ မပြောလိုက်လျှင် အဆင်ပြေနိုင်မည် ဖြစ်သော်လည်း ထိုစကားမျိုးက တရားဥပဒေစိုးမိုးသည့် လူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာသည့် ကျွော့ချင်းကို ပိုပြီး စိတ်ဆိုးသွားစေခဲ့သည်။ သူမက အေးစက်စက်ဖြင့် "ဒါဆို ကျွန်တော်မျိုးမက တကယ်ကို ကျေးဇူးတင်ပါတယ်! ကျွန်တော်မျိုးမ တောင်းပန်ပါတယ်၊ ကျွန်တော်မျိုးမကို သွားခွင့်ပြုပါ"

  သူ သူမကို မည်မျှပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားစေကာမူ ကျွော့ချင်းက သူ့လက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ ယန်းဟုန်ထျန်းက သူမကို အတင်းအကျပ် မလုပ်တော့ဘဲ လွှတ်ပေးလိုက်သော်လည်း သူက သူမကို အပြုံးဖြင့် စိုက်ကြည့်နေကာ "ကျန်းက မင်းကို သတင်းကောင်း တစ်ခုခုပြောဖို့ ဒီကိုလာခဲ့တာ”

  ကျွော့ချင်းက မတုန်မလှုပ်ဖြင့် ရှေ့သို့ ဆက်လျှောက်နေခဲ့ပြီး ယန်းဟုန်ထျန်းကလည်း သူမကို မတားခဲ့ပေ။

"မင်းရဲ့အတိတ်တွေကို မေ့သွားစေခဲ့တာက ဟောင်ယွဲ့က အရာရှိတွေရဲ့ ပေါ့ဆမှုကြောင့်ပါ၊ သူတို့က မင်းတို့ကို နေရာမှားပြီး ပို့လိုက်တယ်ဆိုတာကို ကျန်း စုံစမ်းပြီးသွားပြီ၊ အဲ့တာကြောင့် မင်းမေ့နေတာတွေကို ကျန်း ခွင့်လွှတ်ပေးမယ်၊ ချင်းဖုန့် အတွက်ကတော့..."

  ယန်းဟုန်ထျန်းက စကားကို ဆက်မပြောဘဲ တမင်ရပ်ထားလိုက်သည်။ ချင်းဖုန့်၏ အမည်ကို ကြားလိုက်ရသောကြောင့် ကျွော့ချင်း၏ခြေလှမ်းများက ရပ်တန့်သွားခဲ့သည်။ ကျွော့ချင်းက မောက်မောက်မာမာ ပြုံးနေသည့် ထိုလူကို လှည့်ကြည့်လိုက်ပြီး "ရှင် ဘာလိုချင်တာလဲ?"

  ယန်းဟုန်ထျန်းက သူမကို စိုက်ကြည့်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။

  တောက်...!ဒီလူ...!

ကျွော့ချင်းက သူမစိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သူ့ဆီကို ပြန်လျောက်လာခဲ့သည်။ သူမ၏နာခံမှုကို မြင်လိုက်ရသောကြောင့် ယန်းဟုန်ထျန်းက ဝမ်းသာအားရ ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့၊ ကျန်းက သူ့ကို လွှတ်ပေးဖို့ အမိန့်ပေးထားပြီးပါပြီ၊ အခုကစပြီး သူမကို ချင်းကိုယ်လုပ်တော်အဖြစ် အပ်နှင်းလိုက်မယ်၊ အဲဒါဆိုရင် ဘယ်လိုလဲ?"

  ကျွော့ချင်းက မောင်းမဆောင်မှ ကိုယ်လုပ်တော်တစ်ယောက်၏ရာထူးက ဘယ်လောက်မြင့်သည်ကို မသိသော်လည်း ချင်းဖုန့် အသက်အန္တရာယ် မရှိနေတော့သည်ကို သိလိုက်ရသောကြောင့် စိတ်သက်သာရာရသွားကာ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ ယန်းဟုန်ထျန်းက ရုတ်တရက် သူ့အင်္ကျီလက်အတွင်းမှ လက်ဖဝါးတစ်ဝက်ထက် အနည်းငယ်ကြီးသော ရွှေတံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး ကျွော့ချင်းကို လှမ်းပေးလိုက်သည်။

  ကျွော့ချင်း အနည်းငယ် ချီတုံချတုံ ဖြစ်နေသော်လည်း လက်ခံလိုက်ရဆဲဖြစ်သည်။ တံဆိပ်ပြား၏ တစ်ဖက်ခြမ်းတွင် အမိန့်စာလုံးများ ရေးထိုးထားပြီး ကျန်တစ်ဖက်တွင် နဂါးနှစ်ကောင်ပုံကို ရေးထိုးထားသည်။ နဂါး၏ အလယ်ဗဟိုတွင် ဖောင်းကြွစာလုံးဖြင့် "ယန်း"ဟု ရေးထွင်းထားသည်။

ခဏလောက် ကြည့်ပြီးနောက် ကျွော့ချင်းက "ဒါက ဘာလဲ?"

  "အဲ့ဒါက ကျန်း မင်းကို ပေးခဲ့တဲ့ တံဆိပ်ပြား၊ အဲ့တာရှိရင် မင်း နန်းတော်ထဲကို အချိန်မရွေး ဝင်လို့ရတယ်"

  ယန်းဟုန်ထျန်းက တံဆိပ်ပြားကို ထုတ်ယူလိုက်ချိန်တွင် ကျင်းစ၏ မျက်လုံးများတွင် ထူးဆန်းသော အရောင်တစ်ခု တောက်ပလာပြီး ကောင်းကျင်းက အေးစက်သောလေတစ်ငုံကို ရှုရှိုက်လိုက်သည်။ သို့သော် ကျွော့ချင်းကတော့ သူမလက်ထဲတွင်ရှိနေသော အရာကို လေ့လာရန် အာရုံစိုက်နေကာ တခြားအရာများကို အာရုံမစိုက်ခဲ့ပေ။

  ယန်းဟုန်ထျန်း၏ရှင်းပြချက်ကို ကြားပြီးနောက် ကျွော့ချင်းက "အိုး"ဟု သာပြောလိုက်သည်။ သူမက အခြေခံအားဖြင့် နန်းတော်ထဲသို့ ၀င်တော့မည် မဟုတ်ပေ။

  လူများစွာက တောင်းဆိုရုံသာတက်နိုင်တဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ သင်္ကေတတစ်ခု ချီးမြှင့်ခံရတာတောင် သူမက အမှန်တကယ်ပဲ ဒီလို ပြုမူနေတယ်ပေါ့!

ယန်းဟုန်ထျန်း၏မျက်နှာက မည်းမှောင်သွားပြီး "မင်းကို ကြည့်ရတာ ပျော်တဲ့ပုံ မပေါ်ဘူး!"

  သူက ငါ့ကို ဘယ်လိုဖြစ်နေစေချင်တာလဲ??? ငါက သူ့ကျေးဇူးတော်မှာ သာယာနစ်မွန်းပြီး အော်ဟစ်ငိုကြွေးရမှာလား?? ဒါမှမဟုတ် မြေပြင်ပေါ် လဲချပြီး လူးလိမ့်နေရမှာလား??? ဒါမှမဟုတ် အရှက်မရှိတဲ့ မျက်နှာနဲ့ သူ့ရှေ့ဒူးထောက်ပြီး သူ့ရဲ့ရွှေပေါင်ကြီးကို ဖက်ပြီး သူ့ကျေးဇူးတော်ကို ချီးမွမ်းပေးရမှာလား??! ကံမကောင်းတာက ငါဆိုတဲ့ ကျွော့ချင်းမှာ ဝတ်စုံပြည့်နဲ့ ဝတ်ပြုတဲ့ အလေ့အထ မရှိဘူး။

ကျွော့ချင်းက တံဆိပ်ပြားကို သူမလက်ကောက်ဝတ်တွင် ပေါ့ပေါ့ပါးပါး ချိတ်ဆွဲလိုက်ပြီး ပြောင်မြောက်စွာ ပြုံးပြလိုက်သည်။ ထိုနောက် သူမက ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သို့သော်လည်း သူမ စိတ်ပူနေသည့် နောက်ထပ်ကိစ္စတစ်ခု ရှိနေသေးသောကြောင့် သူမ ထပ်မေးလိုက်သည်။

“ကျွန်မ ဝန်ကြီးချုပ်အိမ်တော်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပြီ မဟုတ်လား???”

  "ရတယ်" ယန်းဟုန်ထျန်းက ကျွော့ချင်းအနားသို့ ချဉ်းကပ်လာရင်း "မင်း ဘယ်သွားချင်လို့လဲ?? ကျန်းက မင်းနဲ့အတူလိုက်ဖို့ ဆန္ဒရှိနေတယ်"

  ငါကတော့ မသွားချင်ပါဘူးနော်!

  ကျွော့ချင်းက အပြင်ဘက်သို့ ချက်ချင်း ထွက်ချင်နေသော်လည်း ယန်းဟုန်ထျန်း၏ စိတ်အားထက်သန်မှုကို မြင်နေရသောကြောင့် ခပ်တည်တည် ပြန်ငြင်းလိုက်သည်။

"ဘယ်မှ မသွားချင်ပါဘူး၊ ဒီတိုင်း ပေါ့ပေါ့ပါးပါး မေးလိုက်တာပါ"

  "ဒါပေမယ့် ကျန်းက တစ်နေရာရာကို သွားချင်နေတယ်၊ မင်း ကျန်းနဲ့ လိုက်ခဲ့ရမယ်"

ကျွော့ချင်း၏ဆန္ဒက ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ယန်းဟုန်ထျန်းက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး အိမ်ခန်းတံခါးအပြင်ကို ထွက်လာခဲ့သည်။

  ယန်းဟုန်ထျန်းက သူမ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောကြောင့် ကျွော့ချင်းက "ခန၊ ခနစောင့်ပါဦး!"

  ယန်းဟုန်ထျန်းက နောက်ဆုံးတွင် ရပ်လိုက်ပြီး သူမကို နက်နဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

  သူ သူမကို ဘယ်ကို ခေါ်သွားချင်နေပါစေ ကျွော့ချင်း စိတ်မဝင်စားသော်လည်း သူ့ကို ဒေါသထွက်အောင်လုပ်မိလျှင်တော့ သူမ ကံဆိုးသူဖြစ်သွားမည်မှာ သေချာနေကြောင်း ကျွော့ချင်း သိလိုက်သည်။ ကျွော့ချင်းက ဆုပ်ကိုင်ခံထားရသည့် လက်များကို ညင်သာစွာ မြှောက်လိုက်ပြီး သူမ၏ရိုးရှင်းသော ဝတ်စုံကို ပြန်ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ သူမက သူမ၏အစိမ်းရောင် စကက်ရှည်ကို ကြည့်လိုက်ပြီး"ကျွန်မကိုယ်ကျွန်မ သပ်ရပ်အောင်ပြင်ဆင်ရမယ်၊ ကျေးဇူးပြုပြီး ကျွန်မကို အရင် သွားခွင့်ပြုပါဦး"

  အဲ့တာဆိုရင် ငါ အချိန်ခဏလောက် နှောင့်နှေးအောင် ပြုလုပ်နိုင်လိမ့်မယ်။

ကျွော့ချင်းက သူမ၏နှလုံးသားထဲမှ အော်ဟစ် ငိုကြွေးနေခဲ့သည်။

လို့ရှီးယန်ရေ... ရှင် ဘာလို့ပြန်မလာသေးတာလဲ????

ယန်းဟုန်ထျန်း၏လင်းယုန်မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး ကျွော့ချင်းကို အပေါ်အောက် ငုံ့ကြည့်လာခဲ့သည်။ သို့သော်လည်း ယန်းဟုန်ထျန်းက သူ့လက်ကို မလွှတ်သည့်အပြင် သူမလက်ကို ပိုတင်းတင်းဆုပ်ကိုင်လိုက်ကာ ပြုံးပြုံးကြီးဖြင့် “မင်းအရမ်း ဂရုစိုက်နေတာ မြင်ရတော့ ကျန်း အရမ်းပျော်တယ်၊ မင်းက မင်းရဲ့ရုပ်ရည်သွင်ပြင်ကို ပိုကောင်းစေချင်ပေမယ့် အခုအချိန်မှာ ကျန်းက မင်းအရမ်းလှတယ်လို့ ခံစားမိတယ်၊ ထပ်ပြင်ဖို့ မလိုအပ်တော့ပါဘူး"

အစိမ်းရောင်က သူမနဲ့ တကယ်လိုက်ဖက်သလို ချစ်စရာကောင်းတဲ့ ရောင်ဝါလည်း ရှိနေတယ်။

   ငါ အခုခံစားနေရတဲ့ တစ်ခုတည်းသော ခံစားချက်က ငိုချင်နေတာပါပဲ။ ဒါပေမယ့် ငိုစရာမျက်ရည်ကလဲ မရှိပြန်ဘူး။

ကျွော့ချင်းတစ်ယောက် တလမ်းလုံး ဆွဲသွားခံရလုနီးပါး ဖြစ်နေခဲ့သည်။

ကျွော့ချင်းက တိတ်ဆိတ်နေသော ကျင်းစကို လှည့်ကြည့်လိုက်သော်လည်း သူက ပါးစပ်ပိတ်နေဆဲပင်။

ငါ လို့ရှီးယန်လို့ အကျယ်ကြီး အော်ခေါ်လိုက်ရမှာလား???

သို့သော်လည်း ကျွော့ချင်းက လို့ရှီးယန်ကို သူမကြောင့် ယန်းဟုန်ထျန်းနှင့် နောက်တစ်ကြိမ် ထိပ်တိုက် မတွေ့စေချင်တာကြောင့် တုံ့ဆိုင်းသွားခဲ့သည်။

 သူမ တခဏမျှ တုံ့ဆိုင်းနေချိန်တွင် ယန်းဟုန်ထျန်းက သူမကို ဝန်ကြီးချုပ်၏အိမ်တော် အပြင်ဘက်သို့ ဆွဲထုတ်သွားခဲ့သည်။

  ကောင်းကျင်းက မကြာသေးမီကတည်းက ရထားလုံးကို အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး တလေးတစားဖြင့် လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး၊ ရထားလုံးက အဆင်သင့်ဖြစ်ပါပြီ"

  ယန်းဟုန်ထျန်းက ကောင်းကျင်းနောက်မှ ကျယ်ဝန်းသော ဇိမ်ခံရထားလုံးကို တစ်ချက်ကြည့်လိုက်သော်လည်း အထဲသို့မဝင်ဘဲ ရှေ့မှ မြင်းအဖွဲ့ဆီသို့ လျှောက်သွားလိုက်သည်။ သူက လှပသောမြင်းနက်ကြီးပေါ်သို့ သပ်သပ်ရပ်ရပ် တက်လိုက်ကာ နောက်လှည့်လိုက်ပြီး ကျွော့ချင်းကို မျက်နှာမူကာ သူ့လက်ကို ဆန့်ပေးလိုက်ရင်း "တက်လာခဲ့"

  ထိုစကားက ကျွော့ချင်းကို ထိတ်လန့်သွားစေခဲ့သည်။

ငါ မြင်းမစီးဖူးဘူးဟ! ပြီးတော့ ယန်းဟုန်ထျန်းနဲ့ ဒီလိုမြင်းသေးသေးလေးပေါ်မှာ အတူမစီးချင်ဘူး။

  "ကျွန်မ...မစီးဘူး......”

  သို့တိုင်အောင် သူမ၏လက်ပေါ်သို့ မရုန်းနိုင်လောက်အောင်ပြင်းထန်သော အင်အားတစ်ခု ‌ရောက်ရှိလာပြီး ကျွော့ချင်းက သူမ မသန်စွမ်း မဖြစ်သွားချင်သောကြောင့် ရွေးချယ်စရာလမ်းမရှိတော့ဘဲ ထိုအင်အားနောက်သို့ လိုက်ကာ မြင်းပေါ်သို့ တက်ထိုင်ရန် သူမခြေထောက်များကို ဆန့်ထုတ်လိုက်သည်။

   ဒီလူက အမွှေးရနံ့ကို ချစ်ခင်ပြီး ကျောက်စိမ်းကို မြတ်နိုးရမယ်ဆိုတာက ဘာကိုဆိုလိုမှန်းတောင် မသိလောက်ဘူး!

ကျွော့ချင်းက သူမ၏ နားထဲသို့ တိုးဝင်လာသည့် "ထိုင်" ဟူသော စကားလုံးကို နားထောင်ရင်း သူမ၏လက်နှစ်ဖက်ကို ပွတ်နေကာ စိတ်ထဲမှ ကျိန်ဆဲနေလိုက်သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်အောက်မှ မြင်းက လေးကြိုးမှ မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားတော့သည်။

(T/n: အမွှေးရနံ့ကို ချစ်ခင်ပြီး ကျောက်စိမ်းကို မြတ်နိုးရမယ်- မိန်းခလေးတွေကို တန်ဖိုးထားပြီး မိန်းခလေးတွေရဲ့နူးညံတဲ့ခံစားမှုကို အလေးပေးရမယ်)

   မြင်းက တလမ်းလုံး ပြေးသွားနေပြီး အလွန်လျင်မြန်သောကြောင့် ကျွော့ချင်း မျက်လုံးများကို မဖွင့်နိုင်တော့ပေ။ ယန်းဟုန်ထျန်း၏လက်များက သူမ၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏ ပူနွေးသော လက်ဖဝါးများက သူမ၏ဝမ်းဗိုက်ကို ဖိထားသည်။ ကံမကောင်းစွာဖြင့် ကျွော့ချင်း၏နှလုံးသားက ထိုအရာကို ခံစားရန် ရည်ရွယ်ချက်မရှိပေ။ ထိုကဲ့သို့ မရေရာသော အမူအရာတစ်ခု၏ အကျိုးသက်ရောက်မှုများထက် သူမ၏လူသား စိတ်ဝိညာဉ်အပေါ် သက်ရောက်နေမှုက မြင်းပေါ်မှ ပြုတ်ကျခြင်းမှ ကာကွယ်ရန်သာ ဖြစ်နေသည်။ သူမက သူမခန္ဓာကိုယ်ကို ဟန်ချက်ညီစေရန် သူမ၏ စွမ်းအင်အားလုံးကို အသုံးပြုနေခဲ့သည်။

  လမ်းပေါ်မှ ကြမ်းတမ်းသော အဖုအထစ်များက သူမကို အော့အန်ချင်လာစေသည်။ အချိန်အတော်ကြာသွားချိန်တွင် ကျွော့ချင်းက သူမ၏ခါးမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ယန်းဟုန်ထျန်းက ဇက်ကြိုးကို ဆွဲကိုင်ကာ ရပ်လိုက်တာကြောင့် မြင်းက ရုတ်တရက် ရပ်သွားလေသည်။ ကျွော့ချင်းက သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။

  သူမရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် ကျွော့ချင်းက အေးစက်သောလေကို ရှုရှိုက်လိုက်သည်။

 အလွန့်အလွန် လျင်မြန်စွာ ပြေးလွှားနေသော သန်မာသော မြင်းကောင်းတစ်ကောင်က ရုတ်တရတ် ရပ်လိုက်ရင်း ခွာလေးခုကို နင်းလိုက်တာက သူမကို တုန်လှုပ်သွားစေခဲ့သည်။

  မြင်းခွာသံများက လျင်မြန်စွာ ပေါ်လာပြီး ချောက်ကမ်းပါးရှိ ကျောက်တုံးများက ရံဖန်ရံခါ လိမ့်ဆင်းလာခဲ့သည်။ ပြုတ်ကျသံက အားပျော့သွားသော်လည်း မြေပေါ်သို့ ပြုတ်ကျသံကို မကြားရပေ။ ယခုအချိန်တွင် ကျွော့ချင်း၏နှလုံးခုန်သံက အရှိန်အဟုန်ဖြင့် အလွန်မြန်ဆန်လာခဲ့သည်။ ​​

မြင်းက ခဏလောက်သာ ရပ်ဖို့နောက်ကျခဲ့ရင် ငါ ခေါင်းနဲ့ကိုယ် အိုးစားကွဲနေလောက်ပြီ။ ဒီလူရဲ့ မောက်မာမှုကို ထပ်မြင်လိုက်ရပြန်ပြီ။ သူက သေမှာ မကြောက်ဘူးလား???

နင် မကြောက်ပေမယ့် ငါကတော့ သေမှာ ကြောက်တယ်ဟ!!

  ကျွော့ချင်း ကြောက်နေတုန်းမှာပင် သူမနောက်မှ လူက အေးအေးဆေးဆေး မေးလာခဲ့သည်။

"မင်း ကြိုက်လား?"

  ကျွော့ချင်းက သတိပြန်ဝင်လာပြီး သူအကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်ရာ သူမရှေ့မှ မြင်ကွင်းကြောင့် တစ်ဖန် အံ့သြသွားရပြန်သည်။

 မက်စောက်သည့် ချောက်ကမ်းပါးမှ လှမ်းကြည့်လိုက်လျှင် အရှေ့မှ စိမ်းလန်းစိုပြေနေသည့် တောင်တန်းများကို မြင်နေရသည်။ နေက အနောက်ဘက်သို့ ဝင်နေပြီဖြစ်သော်လည်း တိမ်များကတော့ ရှိနေဆဲပင်။ နေရာတိုင်းတွင် တိမ်များ ရှိနေပြီး နေဝင်ချိန်၏တိမ်နီနှင့် မြူခိုးများက အားကောင်းနေဆဲဖြစ်ကာ စိုစွတ်နေပုံရသည်။ တိမ်တိုက်များနှင့် မြူခိုးများက စိမ်းလန်းသော တောင်တန်းများကြားတွင် မရေမတွက်နိုင်သော မီးနဂါးများ ကစားနေသလို ပုံဖော်နေကြသည်။ သူမရှေ့မှ မြင်ကွင်းက တခန်းတနားဆန်ဆန် ကျယ်ပြောနေသော်လည်း ချစ်စရာကောင်းနေပြီး နူးညံမှုကို ပေးနေပြန်သည်။

  လေပြည်က သူမ၏မျက်နှာကို မှုတ်ထုတ်နေပြီး လှပသည့် ရှုခင်းများက သူမ၏ မျက်နှာရှေ့တွင် ပန်းချီကားတစ်ချပ် အပြင်သို့ ခုန်ထွက်လာသလို တည်ရှိနေသောကြောင့် ကျွော့ချင်းက ထိုအထဲတွင် ပိတ်မိနေခဲ့သည်။ ထိုအရာက ကျွော့ချင်းအတွက် တစ်ခါမှ မကြုံဖူးသည့် အံ့သြစရာကောင်းသော အတွေ့အကြုံ ဖြစ်နေသောကြောင့် ကျွော့ချင်းက ခေါင်းညိတ်ပြရင်း စိတ်ရင်းမှန်ဖြင့် ချီးမွမ်းလိုက်သည်။

"အင်း၊ အရမ်း လှတယ်"

  သူမ နောက်မှ လူက မြင်းပေါ်မှ ခုန်ချလိုက်သည်ကို ကျွော့ချင်း ခံစားလိုက်ရပြီး ယန်းဟုန်ထျန်းက ချောက်ကမ်းပါးအစွန်းတွင် မတ်မတ်ရပ်နေကာ သူက သူ့လက်ကို ဆန့်တန်းပေးနေခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ကျွော့ချင်းက တွန့်ဆုတ်မနေတော့ဘဲ သူ့လက်ဖဝါးကို အမြန်ဆွဲကိုင်လိုက်ပြီး အောက်ကို ဆင်းလိုက်သည်။

  ထိုနောက် သူမက ရှည်လျားသော အသက်ရှုသံကို ထုတ်လွှတ်လိုက်သည်။

  ထို့နောက် ကျွော့ချင်းက သူမလက်ကို ပြန်ဆွဲယူချင်နေသော်လည်း ယန်းဟုန်ထျန်းက မလွှတ်ပေးပြန်ပေ။ သူ့၏မာနကြီးပုံရသည့် မျက်လုံးများက ကောင်းကင်ကို မော့ကြည့်နေပြီး သူမနားထဲတွင် အနည်းငယ် ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"မင်း ဆန္ဒရှိသရွေ့ ဒီကမ္ဘာပေါ်က အရာအားလုံး.. ရတနာတွေပဲဖြစ်ဖြစ် ထူးခြားဆန်းပြားတဲ့ တိရိစ္ဆာန်တွေပဲဖြစ်ဖြစ် ဒါမှမဟုတ် ကြယ်တွေဆိုရင်တောင်မှ... ကျန်းက အဲဒါတွေကိုအားလုံးကို မင်းအတွက် ယူပေးနိုင်တယ်"

ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ သူမဘေးနားမှ လူက ပိုင်ဆိုးပိုင်နင်း ဆန်လှပြီး သူ၏ ပြီးပြည့်စုံသော ပုံရိပ်က ကျောက်ထွင်းရုပ်ထုကဲ့သို့ ပြတ်သားပြီး သပ်ရပ်နေသည်။ မလှမ်းမကမ်းတွင် တူညီဝတ်စုံဝတ်ထားသော အစောင့်သုံးထပ်က အလယ်ဗဟိုကို ကျပ်မတ်စွာ စောင့်ကြပ်နေသည်။ ကောင်းကင်နှင့်မြေကြီးပင်လျှင် သူ့စကားကို ထောက်ခံသည့်အနေဖြင့် ပဲ့တင်သံများထွက်နေပုံရသည်။ သူက ချုံယွဲ့၏ဘုရင်ဖြစ်ကာ ဤကမ္ဘာ့၏အရှင်သခင် ဖြစ်သည်။ ဤမျှသောအမြင့်ဆုံးတောင်ထွတ်ပေါ် ရပ်နေချိန်တွင် သူ၏မာနထောင်လွှားမှုက တရားမျှတပေသည်။ ယခုအချိန်တွင် သူက အရမ်း ဆွဲဆောင်မှု့ရှိနေသည်ကို ကျွော့ချင်းက ဝန်ခံရပေလိမ့်မည်။

  ဒါပေမယ့် . . . . . .

  ကျွော့ချင်းကတော့ လုံးဝကို ရုပ်ဝါဒီတစ်ယောက်ဖြစ်နေခဲ့သည်။ သူမက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ရှင့်ရဲ့မာနက မွေးရာပါလား??"

  သူ့ဘေးနားမှ အမျိုးသမီးက သူ့ကို မနှစ်သက်သလို ကြည့်နေသောကြောင့် ယန်းဟုန်ထျန်း၏မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားပြီး "မင်း မယုံဘူးလား?"

  ထပ်ဖြစ်ပြန်ပြီ... သူက ဘယ်အချိန် ဘယ်နေရာပဲဖြစ်ဖြစ် အချိန်မရွေးပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေတဲ့ အချိန်ဗုံးတစ်လုံးလိုပဲ...

ကျွော့ချင်းက သူမပခုံးကို တွန့်ပြပြီး “ကျွန်မ ယုံပါတယ်”

  ယန်းဟုန်ထျန်း၏ နက်မှောင်သော မျက်လုံးများတွင် ရုတ်တရက် အပြုံးများ ပြည့်နှက်သွားသည်။

တကယ်တော့ သူမက သူ့ကို မယုံပါဘူး။ သူမက ဝတ်ကျေတမ်းကျေ ပြောနေတာလေ၊ သူမက အဲလိုမျိုး တိုက်ရိုက် ပြောင်းလဲ ပြောဆိုဖို့ကိုလည်း တွန့်ဆုတ်မနေဘူး။ သူမက သူ့ကို တကယ်ကြောက်နေတာ မဟုတ်ဘူး။

ထိုရှာဖွေတွေ့ရှိမှုက ယန်းဟုန်ထျန်းအတွက် အလွန်စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။

  ယန်းဟုန်ထျန်းက ကျွော့ချင်း၏လက်ကို ဆုပ်ကိုင်ထားပြီး အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"ကျန်း မင်းကို ပထမဆုံးတွေ့လိုက်တုန်းက ဒီလို နေဝင်တဲ့ အချိန်ပဲ။ လမ်းဘေးမှာ ဒဏ်ရာရနေတဲ့ ယုန်ငယ်လေးက မင်းရဲ့ အာရုံစူးစိုက်မှုကို ဖမ်းစားထားခဲ့တယ်။ အဲ့တုန်းက မင်းက အရမ်းကြောက်နေခဲ့တာ။ ကျန်း ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့အရာက မင်းက ပင်မခန်းမမှာ အလောင်းခွဲစိတ်တာကို တကယ်လုပ်ပြနိုင်ခဲ့တာပဲ။ မင်း အရမ်းတော်တယ်...”

ယန်းဟုန်ထျန်းက သူမကို ခပ်ပြုံးပြုံး စိုက်ကြည့်နေပြီး ဆက်မပြောတော့ပေ။

ဘာပဲဖြစ်ဖြစ် ကျွော့ချင်းက ကောင်းသည့်အရာကိုသာ နားလည်လိုက်သည်။

သူမက... သွေးအေးတယ်ပေါ့လေ...

သူက ချင်းလင် ဘယ်လောက်ကြင်နာတက်တယ်ဆိုတာကို အလေးပေး ပြောခဲ့ပြီး၊ သူ ဆိုလိုတာကတော့ ခွဲစိတ်မှုလုပ်ခဲ့တဲ့ သူမကတော့ အရမ်းရက်စက်တဲ့သူပေါ့။

  သူမလို မိန်းကလေးတစ်ယောက်က မှုခင်းဆရာဝန်တစ်ယောက်အနေနဲ့ အလုပ်လုပ်နေတာကြောင့် ဘယ်သူကမှ သူမကို အဲ့လိုလာမပြောရင်တောင် လူတိုင်းက သူမက သွေးအေးရက်စက်တဲ့သူလို့ ထင်နေကြမှာ အမှန်ပါပဲ။ ကံမကောင်းစွာနဲ့ပဲ သူမက သူမ ဘာလုပ်နေတယ်ဆိုတာကို အမြဲတမ်း အခိုင်အမာသိနေတာကြောင့် အဲ့ဒါကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ပါဘူး။

ကျွော့ချင်းက သူမလက်ကို အတင်းပြန်ဆွဲယူလိုက်ပြီး အေးစက်စက်လေသံဖြင့် "တောင်းပန်ပါတယ် ကျွန်မရဲ့အရင်ပုံစံက ဘယ်လိုပုံစံလဲဆိုတာကို ကျွန်မ မေ့သွားပြီ"

သူမက ချင်းလင် မဟုတ်ပါဘူး။

   သူ့အလှလေးက ဒေါသဖြစ်နေသောကြောင့် ကျွော့ချင်း ခုခံရန် အချိန်မရသေးမီ ယန်းဟုန်ထျန်းက သူမကို သူ့ရင်ခွင်ထဲတွင် ဖက်ထားပြီးသား ဖြစ်နေသည်။ သူတို့၏ နှာသီးဖျားများက တစ်ဖက်နှင့်တစ်ဖက် ထိမိနေကာ အချင်းချင်း၏ အသက်ရှူသံများက ရောထွေးသွားပုံရသည်။ ကျွော့ချင်းက နောက်ပြန်ဆုတ်သွားချင်နေပေမယ့် သူမခါးပေါ်က လက်က သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း "ကိစ္စမရှိပါဘူး၊ မင်း ကျန်းကို ထပ်ပြီး ချစ်မိသွားအောင် ကျန်း သေချာပေါက် လုပ်မယ်”

  နက်ရှိုင်းသောအသံက ကျယ်လောင်ခြင်း မရှိသော်လည်း သူမ၏ခါးပေါ်ရှိ ခွန်အားများက ကျွော့ချင်းအတွက် သူ့၏ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း အမှတ်ရစေသည်။ ကျွော့ချင်းက အသက်ရှုကြပ်နေပြီး မလှုပ်ရဲတော့ပေ။ အနည်းငယ် ပိုကပ်သွားပါက နှုတ်ခမ်းများထိမည်ကို သူမ စိုးရိမ်နေမိသည်။

  သူမ ဘာလုပ်ရမှန်း မသိဖြစ်နေချိန်တွင် အဝေးမှ မြင်းခွာသံများ အစီအရီ ထွက်ပေါ်လာသည်။ ကျွော့ချင်းက ကမန်းကတမ်း မော့ကြည့်လိုက်ရာ နောက်ဆုံးတွင် ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

  လို့ရှီးယန်၏အသွင်အပြင်က ကျွော့ချင်းက နားမလည်နိုင်လောက်အောင် ငြိမ်သက်မှုကို ခံစားရစေပြီး ကျွော့ချင်းက သူမ၏စိတ်ကို ဖြေလျှော့ပေးကာ ယန်းဟုန်ထျန်း၏နှုတ်ခမ်းပေါ်ရှိ အဓိပ္ပါယ်ရှိသော အပြုံးကို လျစ်လျူရှုလိုက်သည်။

  ယန်းဟုန်ထျန်းက အနားသို့ အရှိန်ပြင်းပြင်းဖြင့် ရောက်လာသည် မနာလိုဖြစ်နေသော မျက်ဝန်းနက်နက်များကို ကြည့်ကာ အားရပါးရ ရယ်မောလိုက်သည်။

သူ ရောက်လာတာ အရမ်းမြန်တယ်။

  ယန်းဟုန်ထျန်းက သူ့လက်ကို အနည်းငယ် မြှောက်လိုက်ပြီး မြင်းတပ်က ကွက်လပ်တစ်ခု ဖွင့်ပေးလိုက်ရာ လို့ရှီးယန်က တည့်တည့် တိုးဝင်လာခဲ့သည်။

 လို့ရှီးယန်က မြင်းကို ယန်းဟုန်ထျန်းရှေ့တွင် ရပ်လိုက်ပြီး မြင်းပေါ်မှ သပ်သပ်ရပ်ရပ် လှလှပပ ဆင်းလာကာ ကျွော့ချင်း၏ခါးပေါ်တွင် ရှိနေသည့် ယန်းဟုန်ထျန်း၏လက်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သို့‌သော် သူ့အမူအရာက မပြောင်းလဲဘဲ လေးလေးနက်နက် အသံဖြင့် “ကျွန်တော်မျိုးက ဧကရာဇ်ကို ဂါရဝပြုပါတယ်”

  ယန်းဟုန်ထျန်းက စိတ်ကောင်းနှလုံးကောင်းရှိနေသောကြောင့် လှောင်ပြောင် ပြောဆိုလိုက်သည်။

"ရှီးယန်လည်း ဒီရောက်နေတာပဲ... တိုက်ဆိုင်လိုက်တာ"

  လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် " ကျွန်တော်မျိုးက ဧကရာဇ်ရဲ့ လုံခြုံရေးအတွက် စိတ်ပူလို့ပါ"

  "တကယ်လား?"

တကယ်ပဲ သူ့လုံခြုံရေးကို စိတ်ပူနေတာဟုတ်ရဲ့လား?!

ယန်းဟုန်ထျန်းက သူ့မျက်လုံးများကို မှေးလိုက်ပြီး လို့ရှီးယန်ကို ကျော်ပြီး အဝေးသို့ ကြည့်လိုက်ရာ မော့ပိုင်တစ်ယောက်ထဲကိုသာ မြင်လိုက်ရသည်။

သူက သတင်းရပြီး အလျင်အမြန် လိုက်လာတာကိုတောင် သူ့ကို စိတ်ပူတယ်လို့ ပြောနေသေးတယ်။

  ဟာ့...ဟ၊ ရှီးယန်က ဒီအသေးအမွှားလေးကို တကယ်စိတ်ဝင်စားနေတယ်ပေါ့။ ပျော်စရာကောင်းတယ်၊ ဒီကစားပွဲက တကယ်ကို ပျော်စရာကောင်းတော့မှာဘဲ။

   ယန်းဟုန်ထျန်းက ကျွော့ချင်းအနားကို ထပ်မံတိုးကပ်သွားပြီး "မင်းရဲ့ တံဆိပ်ပြားကို သေချာဂရုစိုက်ပါ"

  ထိုစကားကို ပြောပြီးနောက် ယန်းဟုန်ထျန်းက ကျွော့ချင်း၏ခါးကို ဖက်ထားသော လက်ကိုလွှတ်ကာ သူ့လက်ကို နောက်ပစ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"နောက်ကျနေပြီ... နန်းတော်ကို ပြန်ကြရအောင်"

ယန်းဟုန်ထျန်းက မြင်းကုန်းနှီးပေါ်သို့ ခုန်တက်ကာ ကျွော့ချင်းနှင့် လို့ရှီးယန်ကို မကြည့်တော့ဘဲ ထွက်ခွာသွားသည်။ ကျွော့ချင်းက ဝေးကွာသွားသောပုံရိပ်ကို စိုက်ကြည့်နေသည်။

  လို့ရှီးယန်၏မျက်လုံးများတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသော်လည်း သူက ကောင်းစွာ ဖုံးကွယ်လိုက်ကာ "မင်း ဘာတွေ တွေးနေတာလဲ?"

   "ကျွန်မမှာ ထူးဆန်းတဲ့ ခံစားမှုတစ်ခုရှိနေတယ်"

ကျွော့ချင်းက အဝေးကိုကြည့်နေရာကနေ အကြည့်မလွှဲသေးပေ။

   "ဘယ်လို ခံစားနေရလို့လဲ?"

သူမရဲ့ ယန်းဟုန်ထျန်းအတွက် ခံစားချက်တွေ အရမ်းမြန်နေတာလား!

လို့ရှီးယန်၏အမူအရာက ပုံမှန်အတိုင်း ဖြစ်နေသော်လည်း သူ့နှလုံးသားထဲတွင် သူနှင့်မရင်းနှီးသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။

  ကျွော့ချင်းက ခေါင်းခါလိုက်ပြီး "ဘယ်လိုပြောပြရမှန်း မသိဘူး"

  ယန်းဟုန်ထျန်း၏ ကျောပြင်ကို ကြည့်နေရင်း ကျွော့ချင်းက ရုတ်တရက် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ယန်းဟုန်ထျန်းက ချင်းလင်ကို တကယ်ကြိုက်တယ်ဆိုရင် ဘာလို့ နန်းတော်ထဲကို ခေါ်သွားပြီး နန်းတွင်းသူအနေနဲ့ မနေခိုင်းတာလဲ? သူ မကြိုက်ရင်လည်း ဘာလို့ သူမကို လာပြီး လှည့်စားနေတာလဲ??! အခုကရော ဒီပစ္စည်းကို ပေးဖို့ လာခဲ့တာလား?!

ကျွော့ချင်းက ယန်းဟုန်ထျန်း မသွားခင် ပြောခဲ့သည့်စကားကို သတိပြန်ရသွားပြီး သူမလက်ကို ညင်သာစွာ မြှောက်လိုက်ကာ သူမလက်မှ ချိတ်ထားသည့် ရွှေတံဆိပ်ကို လို့ရှီးယန်အား ပြလိုက်သည်။

"ဒီအရာက အသုံးဝင်လား?"

   သူမလက်ထဲတွင် ရှိနေသောအရာကို မြင်လိုက်ရချိန်တွင် လို့ရှီးယန်ပင် ထိတ်လန့်သွားရတော့သည်။

ယန်းဟုန်ထျန်းက သူမကို ဒီတံဆိပ်ပြား ပေးခဲ့တယ်ပေါ့၊ ယန်းဟုန်ထျန်းက ဘာတွေ တွေးနေတာလဲ???!

  ကျွော့ချင်း၏ စူးစမ်းသော မျက်လုံးများကို ခံစားလိုက်ရတာကြောင့် လို့ရှီးယန်က "အဲ့ဒါက ဧကရာဇ်မင်းမြတ်က အထူးထုတ်ထားတဲ့ တံဆိပ်တစ်ခုပါ၊ အဲ့တာနဲ့ဆိုရင် ဘာတားမြစ်ကန့်သတ်ချက်မှ မရှိဘဲ အချိန်မရွေး နန်းတော်ထဲကို ဝင်ထွက်နိုင်တယ်။ ဒီတံဆိပ်ကို မြင်ရင် အဆင့်တိုင်းက အရာရှိတွေက မင်းကို ရိုရိုသေသေ ဆက်ဆံပေးလိမ့်မယ်၊ ကိုယ်သိသလောက် ချုံယွဲ့မှာ ခုလောလောဆယ်အထိ ဒီတံဆိပ်ပြားရှိတဲ့လူက ခြောက်ယောက်ထက် မပိုသေးဘူး"

  "ကျွန်မ သိပြီ"

ဘုရားရေ... အဲ့လောက်အဖိုးတန်တာလား?? လို့ရှီးယန်ရဲ့ မျက်လုံးတွေမှာ အံ့သြရိပ်တွေ ပြည့်သွားတာ မထူးဆန်းတော့ပါဘူး။

  ကောင်းပြီလေ၊ အဲဒါကို အရင် သိမ်းထားလိုက်မယ်၊ နောက်လိုရင် လိုလာလိမ့်မယ်။

ကျွော့ချင်းက တံဆိပ်ပြားကို သူမ၏ခါးပေါ်ရှိ လျှို့ဝှက်အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ချမ်ကျင်းကို ရုတ်တရက် တွေးလိုက်မိသောကြောင့် ခေါင်းကို မော့ကာ "မော့ပိုင် ငါ့ကို မှုခင်းရုံးတော်ကို ပို့ပေးနိုင်မလား၊ စစ်သူကြီးအိမ်တော်က တစ်စုံတစ်ယောက် အသတ်ခံရပြီး သံသယရှိသူက ချမ်ကျင်းဖြစ်နေတယ်၊ ငါ အလောင်းကို အမြန်ဆုံးတွေ့ချင်တယ်"

  ချမ်ကျင်း. . . . . . . . .

  လို့ရှီးယန်က ခဏလောက်စဉ်းစားနေပြီးမှ ထိုလူကို ပြန်သတိရသွားမိပြီး ထိုလူက သူမကို ကယ်တင်ပေးခဲ့ကြောင်း ပြန်တွေးမိလိုက်သည်။ လို့ရှီးယန်က ဘာမှ ထပ်ပြန်မပြောတော့ဘဲ မြင်းဇက်ကြိုးကို ကိုင်ကာ "ကိုယ် မင်းနဲ့လိုက်ခဲ့ပေးမယ်"

  "ရှင် ဒီနေ့ အရမ်းပင်ပန်းနေပြီ၊ ကျွန်မ မော့ပိုင်ကို အဲဒီကို လိုက်ပို့ခိုင်းလိုက်မယ်"

  "အဆင်ပြေပါတယ်" လို့ရှီးယန်က မြင်းပေါ်တက်လိုက်ပြီး သူ့လက်ကို ဆန့်တန်းလိုက်သည်။

  ငါ မြင်းပြန်စီးရအုံးမယ်ပေါ့~

ယခုန သူမဗိုက်ထဲမှ တုန်ရီနေသည့် ခံစားချက်ကို ပြန်တွေးရင်း ကျွော့ချင်း အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်မိသော်လည်း သူမ ဘာမှ ပြန်မပြောတော့ဘဲ လို့ရှီးယန်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး မြင်းပေါ်တက်ရန် သူ့ခွန်အားကို အသုံးချလိုက်သည်။

  ကျွော့ချင်း၏ခန္ဓာကိုယ်က တောင့်တင်းနေပြီး အသက်ကို ပြင်းပြင်းရှူကာ စိန်ခေါ်မှုကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

  လို့ရှီးယန်က သူ့ရှေ့မှ တောင့်တင်းနေသော မိန်းခလေးကို ကြည့်လိုက်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ လို့ရှီးယန်က ရှေ့ကို ငုံ့ကာ မြင်းဗိုက်ကို ပေါ့ပေါ့တန်တန် ကန်လိုက်သောကြောင့် သူမ၏ ခန္ဓာကိုယ်အောက်ရှိ မြင်းဖြူကြီးက ဖြည်းညှင်းစွာ ပြေးထွက်လာခဲ့သည်။

  မြင်း၏အရှိန်က သိပ်မမြန်ဘဲ လို့ရှီးယန်က ဇက်ကြိုးကို လက်နှစ်ဘက်ဖြင့် ကိုင်ထားပြီး သူမကို သူ့လက်နှစ်ဖက်ဖြင့် သိုင်းဖက်ပေးထားခဲ့သည်။ နောက်ဆုံးတွင် ကျွော့ချင်း၏တင်းမာနေသော နှလုံးသားက ဖြေးဖြေးချင်း ပြေလျော့သွားခဲ့သည်။ နောက်ဆုံးတော့ သူမ စိတ်ပြေလျော့သွားသည်ကို တွေ့လိုက်ရသောကြောင့် လို့ရှီးယန်က မြင်းကို အရှိန်နည်းနည်း ထပ်မြှင့်လိုက်သည်။ မြင်းပေါ်တွင် အဖုအထစ် အနည်းငယ်ရှိနေပြီး သူမနောက်တွင် လို့ရှီးယန်၏ နွေးထွေးသော ပွေ့ဖက်မှု ရှိနေသောကြောင့် ကျွော့ချင်း၏ ခန္ဓာကိုယ်က ပြန်လည်တင်းမာလာပြန်သည်။ လို့ရှီးယန်က သူ့လက်တစ်ဖက်မှ ကြိုးကို လွတ်လိုက်ကာ သူ့လက်ကို သူမ၏ခါးပေါ်သို့ ညင်သာစွာ တင်လိုက်ပြီး သူမ သူ့ရင်ခွင်ထဲ မှီနိုင်စေရန် ကူညီပေးပြီးမှ မြင်းစီးရန် အာရုံပြန်စိုက်လိုက်သည်။

  ကျွော့ချင်းက လို့ရှိးယန်၏ရင်ခွင်ထဲတွင် ပေါ့ပေါ့တန်တန် မှီနေရင်း မြင်းစီးရခြင်းက သိပ်မဆိုးဘူးဟု တွေးနေခဲ့သော်လည်း သူမ၏ပြတ်သားသော နှလုံးခုန်သံက သူ့အင်္ကျီလက်အောက်မှ ထွက်ပေါ်နေခဲ့သည်။ သူမ၏ နှလုံးခုန်နှုန်းနှင့်အတူ သူ့၏နှလုံခုန်နူန်းကပါ လိုက်ပါနေသလို သူမ ခံစားနေရသည်။

  လို့ရှီးယန်၏မျက်လုံးများပေါ်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်နေပြီး သူ၏ ပါးစပ်ထောင့်များက အမှတ်တမဲ့ ပင့်တက်သွားတော့သည်။

  သူတို့နောက်မှ အနီးကပ်လိုက်နေသော မော့ပိုင်က သူ့သခင်၏မြင်း နှေးနှေးကွေးကွေး ပြေးနေသည်ကို သတိပြုမိလိုက်သည်။

ဒီနေ့တော့ မမှောင်ခင် ရာဇဝတ်ရုံးရဲ့အကျဥ်းထောင်ကို မရောက်နိုင်တော့ဘူး ထင်ပါရဲ့ကွာ...

အခန်း ၆၁ လျှို့ဝှက်ဆန်းကြယ်သော ဓားပျံ

  “သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ ချွန်ထက်တဲ့လက်နက်နဲ့ အထိုးခံထားရတဲ့ ဒဏ်ရာ စုစုပေါင်း ၁၃ ချက်... လက်မောင်းမှာ ၄ ချက်၊ ခြေထောက်မှာ ၆ ချက်၊ ဝမ်းဗိုက်မှာ ၂ ချက်၊ ရင်ဘတ်မှာ ၁ ချက်... ဒဏ်ရာရဲ့အတိုင်းအတာက တစ်လက်မကနေ တစ်လက်မခွဲကြား ရှိပြီး ပျက်ရှဒဏ်ရာတွေက သိသိသာသာ ကျယ်မနေဘဲ သေသပ်နေတယ်၊ သေဆုံးရတဲ့ ဒဏ်ရာက ဘယ်ဘက်ခြမ်းမှာ ရှိတယ်၊ ရင်ဘတ်က နှလုံးနေရာမှာ ထိုးဖောက်ထားတဲ့ ထိုးသွင်းဒဏ်ရာ ဖြစ်တယ်။ ဒဏ်ရာက အရှည် တစ်လက်မခန့်ရှိပြီး လူသတ်လက်နက်က အသွားနှစ်ချက်ပါတဲ့ ချွန်ထက်တဲ့ လက်နက်ဖြစ်နိုင်တယ်"

  ရေခဲတုံးများဖြင့် ပြည့်နေသော အအေးခန်းထဲတွင် စုပုံထားသောရေခဲတုံးများကြောင့် လေစက်သော လေထုတစ်ခု ရှိနေပုံရသည်။ အဖုံးဖွင့်ထားသည့် ခေါင်းတလားများကို တန်းစီထားသောကြောင့် လူများကို တံတွေးပင် မျိုချမိစေသည်။ လေမရှိသော်လည်း ဆီမီးခွက်များစွာက လေအေးကို ခံစားနေရပုံဖြင့် ပြင်းထန်စွာ လှုပ်ယမ်းနေကြသည်။ အခေါင်းထဲတွင် ညစ်နွမ်းသော မျက်နှာရှိသည့် အမျိုးသားတစ်ဦး တောင့်တောင့်တင်းတင်း လဲလျောင်းနေသည်။ သွယ်လျသောလက်တစ်စုံက သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတိုင်းကို ဂရုတစိုက်စစ်ဆေး တိုင်းထွာနေပြီး အေးစက်သောအမျိုးသမီးအသံက အကြောင်းအရာကို အသေးစိတ်ကျသည့်ပုံစံဖြင့် ပြောပြနေသည်။ ထိုသို့သောပတ်ဝန်းကျင်မျိုးက အနည်းငယ်အေးစက်ပြီး ကြောက်စရာကောင်းနေလေသည်။

  "သေဆုံးရတဲ့ အဓိကအကြောင်းရင်းက ရင်ဘတ်မှာရှိနေတဲ့ ဒဏ်ရာက နှလုံးအထိ ဖောက်ဝင်သွားပြီး နှလုံးသွေးကြောတွေ ပေါက်ပြဲပြီး ပြင်းထန်တဲ့ အတွင်းသွေးယိုစီးကို ဖြစ်စေခဲ့တယ်၊ သွေးတွေက အမြှေးပါးတွေကို ဖိမိတာကြောင့် အဆုတ်ကို ပါပျက်စီးစေပြီး အသက်ရှူလမ်းကြောင်းနဲ့ သွေးလှည့်ပတ်မှု ချို့ယွင်းသွားတာတွေကြောင့် သေဆုံးသွားခဲ့တယ်"

  နှလုံးမှ ပြင်းထန်သော ဒဏ်ရာကို ကြည့်ပြီးနောက် ကျွော့ချင်းက သူမ၏လက်ကို ဆန့်ထုတ်ကာ ထပ်ပြောလိုက်သည်။

"ဓားပျံ"

မှတ်တမ်းရေးရန် အလုပ်ရှုပ်နေသည့် အမှုထမ်းလူငယ်လေးက ဓားပျံကို သူမထံသို့ အလျင်အမြန် လှမ်းပေးလိုက်ပြီး သူ့လက်ထဲမှ စုတ်တံကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

အေးလိုက်တာ..ဘာလောက်ကြာကြာစစ်နေဦးမှာလဲ???

   အချိန်အတော်ကြာ နှိုင်းယှဉ်ပြီးနောက် ကျွော့ချင်းက "ရှန်လူကြီးမင်း၊ ဒီကိုလာပြီး ကြည့်ကြည့်လိုက်ပါ"

  ရှန်ယုလန်က ကျွော့ချင်း၏ နံဘေးသို့ လျှောက်သွားပြီး သူမက နှလုံးမှဒဏ်ရာနှင့် ဓားပျံကို ဖြည်းညှင်းစွာ ယှဥ်ပြနေသည်ကို ကြည့်လိုက်သည်။ နှိုင်းယှဉ်ကြည့်လျှင် ဒဏ်ရာက ဓားပျံ၏ဗျက်ထက် များစွာကျယ်နေသည်။ သူ အလောင်းကို စစ်ဆေးနေစဉ်အတွင်း ထိုအရာကို ရှာတွေ့ခဲ့သောကြောင့် သူမထံမှ အကြံဉာဏ်တောင်းခဲ့ခြင်း ဖြစ်သည်။

 ရှန်ယုလန်က "နှလုံးကြွက်သားက ဒဏ်ရာက လူသတ်လက်နက်ထက် အများကြီး ပိုကြီးနေတယ်။ ဒါက သေသူရဲ့နှလုံးကို ထိုးဖောက်ဝင်ရောက်တဲ့ လက်နက်က ဒီဓားပျံ မဟုတ်ဘူးလို့ ပြောပြနေတာ မဟုတ်ဘူးလား"

  ကျွော့ချင်းက ခေါင်းခါပြလိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။

"ကျွန်မ အတိအကျတော့ မပြောနိုင်ဘူး။ ရေခဲခန်းရဲ့ အပူချိန်က နည်းနေတဲ့အပြင် စစ်ဆေးရတဲ့ အချိန်က အရမ်းနောက်ကျနေပြီ၊ အင်္ဂါအစိတ်အပိုင်းတွေက နည်းနည်းစီ ပြောင်းလဲပြီးသွားပြီ။ အဲ့တာကြောင့် ချွန်ထက်တဲ့လက်နက်တွေကြောင့်ဖြစ်တဲ့ အတွင်းပိုင်းဒဏ်ရာတွေက ကျယ်သွားတာလည်း ဖြစ်နိုင်တယ်”

   ဒီ...ဒီ အပူချိန်က . . . . . . . . . . နည်းသေးတယ်ပေါ့....

   မှတ်တမ်းရေးနေသည့် အမှုထမ်းလေးက မိန်းခလေး၏နောက်တွင် ရပ်နေသော ဝန်ကြီးချုပ်ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်မိသည်။ သူက သူ့ဝတ်ရုံအထူကို မိန်းခလေးကိုယ်ပေါ်သို့ လွှမ်းခြုံပေးထားပြီး ပါးလွှာသော ၀တ်ရုံတစ်ထည်ဖြင့် မျက်နှာအမူအရာ မပြောင်းလဲဘဲ ရေခဲခန်းထဲတွင် နာရီဝက်နီးပါး ရပ်နေလေသည်။

သူ မအေးဘူးလား??!

  ကျွော့ချင်းက ဓားပျံကို ရှန်ယုလန်ထံ ပြန်ပေးကာ ထူးဆန်းစွာ မေးလိုက်သည်။ "ဒီဒဏ်ရာက ဒီဓားကြောင့် မဟုတ်ဘူးလို့ ရှင် ဘာလို့ထင်နေတာလဲ?"

  “သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာ ၁၃ ချက်ရှိပေမယ့် ရုံးတော်အမှုထမ်းတွေက အခင်းဖြစ်ပွားရာနေရာမှာ ဓားပျံ ၁၂ စင်းပဲ ရှာတွေ့ခဲ့တယ်။ ဒီဒဏ်ရာတွေက ဓားကြောင့်လို့ ထင်ရပေမယ့် ဘယ်လိုပဲကြည့်ကြည့် အင်အားနဲ့ ထိုးနှက်ထားတဲ့ အနေအထားက တခြားဒဏ်ရာတွေနဲ့ မတူဘူး”

တခြားဒဏ်ရာတွေက တိမ်ပြီး လက်တွေ ခြေတွေလိုမျိုး မသေနိုင်စေတဲ့ အစိတ်အပိုင်းတွေကိုပဲ ထိုးနှက်ထားတာ သိသာထင်ရှားနေတယ်လေ။ ဒီဓားက ခန္ဓာကိုယ်ကို တကယ်ထိုးဖောက်ပြီး ဘာလို့ နှလုံးသားကို ထိစေခဲ့တာလဲ?

  ကျွော့ချင်းက သူ့၏ ခွဲခြမ်းစိတ်ဖြာမှုကို သဘောတူခဲ့ပြီး ထိုအရာက အနည်းငယ် ထူးဆန်းနေသည်ဟု သူမ တွေးနေမိသည်။ လို့ရှီးယန်၏ဝတ်ရုံက သူမပုခုံးပေါ်တွင် ရှိနေသောကြောင့် ကျွော့ချင်းက အထူးတလည် အေးစက်နေခြင်း မရှိပေ။

ဒါပေမယ့် သူ . . . . . . .

ကျွော့ချင်းက လို့ရှီးယန်ကို ကြည့်ရင်း အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူမက သူ့ကို မှုခင်းရုံးတော်ကို လိုက်ပို့ပေးရန် တောင်းဆိုခဲ့ပြီး ရေခဲခန်းထဲတွင် နာရီဝက်လောက် စောင့်ခိုင်းခဲ့သည်။ ကျွော့ချင်းက သူမလက်မှ လက်အိတ်ကို ချွတ်လိုက်ပြီး "ဒါက လောလောဆယ် ဒီခန္ဓာကိုယ်ကနေ သိနိုင်တဲ့ တစ်ခုတည်းသော အချက်အလက်ပဲ၊ အခု အရင်ထွက်သွားရအောင်"

  သူတို့ သုံးယောက် အအေးခန်းထဲမှ ထွက်လာကြသည်။ တချိန်လုံး တိတ်ဆိတ်နေသော လို့ရှီးယန်က ရုတ်တရက် "ရှန်လူကြီးမင်း၊ ငါတို့ ချမ်ကျင်းနဲ့ တွေ့ကြည့်လို့ ရမလား?"

ကျွော့ချင်း အနည်းငယ် အံ့ဩသွားရသည်။ သူမ ချမ်ကျင်းကို တွေ့ချင်နေသော်လည်း မနက်ဖြန်မှ ထိုနေရာကို သွားရန် စီစဉ်ထားခဲ့သည်။ သူက အရင်ပြောလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"ရပါတယ် ကျေးဇူးပြုပြီး.... ကျွန်တော်မျိုး နောက်ကို လိုက်ခဲ့ပါ" တရားရေးဝန်ကြီးဌာန၏အကြီးဆုံးဖြစ်သည့် လို့ရှီးယန်က ပြောနေမှတော့ ရှန်ယုလန်ကလည်း ငြင်းစရာအကြောင်း မရှိတော့ပေ။

  ......။......။.......

 အကျဉ်းဦးစီးဌာန၏ ရင်ခွဲခန်းနှင့် မနီးမဝေးမှ အကျဉ်းသားများ ထားရှိသော အကျဉ်းထောင် တံခါးဝသို့  သူတို့သုံးယောက် ချဉ်းကပ်လာစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက အရာရှိငယ်တစ်ဦးနှင့် ငြင်းခုံနေသည်ကို သူတို့ တွေ့လိုက်ရသည်။

အရာရှိငယ်လေးက ရှန်ယုလန်၏ရုပ်သွင်ကို မြင်လိုက်သောကြောင့် သက်ပြင်းချလိုက်ပြီး သူ့ထံသို့ ကမန်းကတန်း လျှောက်လာကာ "တရားသူကြီးမင်း၊ စစ်သူကြီးအိမ်တော်က လူတွေက အကျဉ်းသားကို တွေ့ချင်တယ်လို့ ပြောနေကြတယ်"

  ရှန်ယုလန် ပြန်မဖြေရသေးခင်မှာပင် ကျယ်လောင်သော အမျိုးသားအသံက ပဲ့တင်ထပ်လာခဲ့သည်။

"ရှန်တရားသူကြီးမင်း"

  စုယွိက ရှန်ယုလန်၏နောက်မှ လူကို ကြည့်လိုက်ပြီး အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်သော်လည်း တလေးတစား နူတ်ဆက်လိုက်သည်။

"ဝန်ကြီးချုပ်လို့"

လို့ရှီးယန်က ဘာလို့ ဒီကို ရောက်လာတာလဲ???

  လို့ရှီးယန်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။ စုယွိ၏ သိသာထင်ရှားသော အံ့အားသင့်မှုနှင့် နှိုင်းယှဉ်လျှင် လို့ရှီးယန်၏မျက်နှာ အမူအရာက ဘာမှ မပြောင်းလဲသွားပေ။

  ရှန်ယုလန်က သူ့လက်ကို အနည်းငယ် အုပ်ကိုင်လိုက်ပြီး "စစ်သူကြီးစု"

  စုယွိက စစ်သားတစ်ယောက်၏ ထည်ဝါသော အရိပ်အယောင်ဖြင့် ရှန်ယုလန်ဆီသို့ လျှောက်သွားခဲ့သည်။ သူ့အသံက ကျယ်လောင်ခြင်း မရှိသော်လည်း သူ့စကားလုံးများ၏ ဩဘာက အနည်းငယ် ရိုင်းစိုင်းဆဲဖြစ်သည်။ "ဒီတစ်ခါ သေဆုံးသွားတဲ့သူက စစ်သူကြီးအိမ်တော်ရဲ့ ဒုတိယအဖွဲ့မှူးပဲ၊ ဒီအမှုကို လူသိရှင်ကြား စီရင်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပဲ၊ ရှန်တရားသူကြီးမင်းက ဒီကိစ္စကို မကန့်ကွက်ဖို့ မျှော်လင့်တယ်”

ရှန်ယုလန်က သူ၏မျက်နှာအမူအရာနှင့် စကားအသုံးအနှုန်းကို မပြောင်းလဲဘဲ အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်၊ ဒီအောက်ခြေအရာရှိအတွက် အမှုတွေကို တရားစီရင်တာက လောကရဲ့နိယာမတရားပါပဲ။ အဲ့တာကြောင့် ဒီအောက်ခြေအရာရှိက သမာသမတ်ကျကျ ကိုင်တွယ်ပြီး တရားစီရင်မှာပါ၊ စစ်သူကြီးစုက စိတ်ဝင်စားရင် ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ပေးပါ"

လူအများက ဤအမှုကို စိုးရိမ်နေကြပြီး သိချင်နေပုံရသည်။ ထို့အပြင် ထိုအမှုက ကိုင်တွယ်ရန် အလွန်ခက်ခဲနေပြန်သည်။

  ရှန်ယုလန်နှင့် စုယွိက ရှေ့မှ လျှောက်သွားနေပြီ ဖြစ်သော်လည်း စုယွိအနားမှ အမျိုးသမီးက လိုက်မသွားဘဲ ကျွော့ချင်းကို စောင့်နေခဲ့သည်။

  ကုယွင်က ဘေးနားတွင် ရပ်နေပြီး အားအင်အပြည့်ဖြင့် သူမကို စောင့်မျှော်နေသည်။ ကျွော့ချင်းက ပြုံးလိုက်ကာ "နင်က တကယ်ကို တက်ကြွနေတာပဲ"

သူမမှာ ဘာသံသယမှ မရှိပါဘူး။ အဲ့ဒါက ကုယွင်အစစ်ပါ။

  သို့သော် ကုယွင်က ကျွော့ချင်းကို လျစ်လျူရှုထားကာ သူမ၏ တောက်ပနေသော မျက်လုံးတစ်စုံက လို့ရှီးယန်ကို အပေါ်အောက် စုန်ဆန်ကြည့်နေသည်။ ထို့နောက် သူမက အပြုံးအနည်းငယ်ဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"လို့ရှီးယန်?"

  သူ့ရှေ့မှ မိန်းခလေး သို့မဟုတ် ကလေးမလေးဟု ခေါ်သင့်သော အမျိုးသမီးက အနက်ရောင်ဆံပင်ကို သာမန်အမျိုးသမီးများကဲ့သို့ ဆံထုံးထုံးဖွဲ့ထားခြင်း မရှိသလို အမျိုးသားများကဲ့သို့လည်း ဆံကျစ်ကိုသုံးကာ ချည်နှောင်ထားခြင်းမျိုး မဟုတ်ဘဲ အပြာရောင်ဖဲကြိုးဖြင့် ရိုးရိုးရှင်းရှင်း တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်။ သူမ လှုပ်ရှားလိုက်တိုင်း သူမ၏ အနက်ရောင်ဆံပင်များက သူမနောက်တွင် ပေါ့ပေါ့ပါးပါး လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ ရိုးရိုးရှင်းရှင်း အပြာရောင် ၀တ်စုံက သူမကို တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားသဖြင့် သူမ၏ခန္ဓာကိုယ်က သေးသွယ်ပုံပေါ်နေသော်လည်း ပျော့ညံ့မနေပေ။ အလွန်ထူးခြားသော အမျိုးသမီးတစ်ဦးဖြစ်နေသောကြောင့် လို့ရှီးယန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး "ငါပါ"

  "ချင်းမော့"

ကုယွင်က ထိုလူကို သူမစိတ်ထဲတွင်ရှိသည့်အတိုင်း အဆင့်သတ်မှတ်ရင်း သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

သူ့မှာ ချောမောတဲ့ မျက်နှာရှိတယ်၊ နူးညံ့သိမ်မွေ့တယ်၊ အရပ်ရှည်ပြီး ဖြောင့်မတ်တဲ့ စိတ်ထားကောင်းရှိတယ်၊ လူပြိန်းသဘောအရတော့ သူက ချမ်းသာပြီး အစွမ်းထက်တယ်၊ အဆင့်အတန်းမြင့်ပြီး စတိုင်ကျတယ်။ ကိုးဆယ့်ကိုးမှတ် ပေးတယ်။

  ဤအမျိုးသမီး၏မျက်လုံးများက လှုပ်ရှားနေခြင်း မရှိဘဲ လူအများ၏နှလုံးသားထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ ခံစားရစေသည်။ ထိုကဲ့သို့သော မျက်လုံးများကို ရင်ဆိုင်ကြည့်နိုင်ရန် သတ္တိအလုံအလောက်လိုအပ်တာ သေချာနေသည်။ ချင်းမိသားစု၏ညီအစ်မများ အားလုံးက ထူးထူးခြားခြား ဖြစ်နေပုံရသည်။ ကုယွင်၏အကြည့်ကို ပြန်ကြည့်ရင်း လို့ရှီးယန်က ရက်ရောစွာ ပြုံးကာ "ချင်းသခင်မလေးရဲ့ ကျန်းမာရေး အခြေအနေ ပိုကောင်းလာပြီလား?"

နေ့လည်ခင်းတုန်းက ဝန်ကြီးချုပ်အိမ်တော်ထဲကို ထမ်းခေါ်လာခဲ့ရတာလေ၊ အခုတော့ အရမ်းကို တက်ကြွနေပြီ၊ ဒါက တကယ်ပဲ ချင်းလင်ရဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှု ရလဒ်လား???

တကယ်ဆိုရင်တော့ တော်တော်ကို ကောင်းတယ်. . . . . . . .

"ရှင့်ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ အခု ပိုကောင်းလာပါပြီ"

ကုယွင်က ထိတ်လန့်တကြား အမူအရာမရှိဘဲ တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလာသည်။

  စုယွိက ခဏလောက် လမ်းလျှောက်ပြီးနောက် ကုယွင်က သူ့နောက်ကို လိုက်မလာဘဲ လို့ရှီးယန်နှင့် စကားစမြည်ပြောရင်း ရယ်မောနေသည်ကို တွေ့လိုက်ရသည်။ စုယွိက မည်းမှောင်နေသောမျက်နှာဖြင့် ကုယွင်ကို စိုက်ကြည့်နေပြီး "ဟေး၊ ရှည်ရှည်ဝေးဝေးပြောနေတာတွေ ရပ်ပြီး မြန်မြန်လျောက်လာလို့ရမလား?"

သူမက နိုးလာတာနဲ့တပြိုင်နက် သူ့ကို အကျဥ်းထောင်အထိရောက်အောင် အလျင်စလို ဆွဲခေါ်လာခဲ့ပြီး ယခုကျတော့ သူမက အခြားသူတွေနဲ့ အေးအေးဆေးဆေး စကားစမြည်ပြောနေတယ်။

  ကုယွင်က လို့ရှီးယန်ကို ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်ပြီး စုယွိဆီသို့ လျှောက်သွားလိုက်သည်။ သူမက စုယွိဘေးမှ ဖြတ်လျောက်သွားရင်း စုယွိ၏ဗိုက်ကို ရုတ်တရက် လှမ်းထိုးလိုက်ပြီးမှ လက်ကို အမြန်ပြန် ရုတ်လိုက်သည်။ ကုယွင်က ဘာမှမဖြစ်သကဲ့သို့ ရှေ့ကို ဆက်လျှောက်သွားကာ စုယွိက သူ့ဗိုက်ကို လက်နဲ့အုပ်ပြီး ပါးစပ်ကနေ ကျိန်ဆဲနေသော်လည်း သူမနောက်သို့ လိုက်သွားဆဲဖြစ်သည်။

  လို့ရှီးယန်နှင့် ကျွော့ချင်းနှစ်ယောက်စလုံးက ထိုမြင်ကွင်းကို မြင်လိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် ပြုံးပြကာ သူတို့နောက်မှ လိုက်သွားကြသည်။ သို့သော် ကျွော့ချင်း၏မျက်လုံးများက ကူကယ်ရာမဲ့ဖြစ်နေကာ မှိုင်းဝေနေပြီး လို့ရှီးယန်၏မျက်လုံးများကတော့ လေးနက်သည့် အတွေးရိပ်များ တောက်ပနေလေသည်။

  လမ်းကျဥ်းလေးတစ်ခုကို ဖြတ်သန်းပြီးနောက် နောက်ဆုံးအကျဉ်းခန်းတွင် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက ကျောက်ခုတင်ပေါ်တွင် လှဲလျောင်းနေပြီး ခြေထောက်တစ်ဖက်ပေါ်ကို နောက်တစ်ဖက်ထပ်ကာ ပေါ့ပေါ့တန်တန် ယိမ်းနွဲ့လျက် ပါးစပ်က မြက်ခြောက်ကို ဝါးရင်း စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး ရှိနေသည်။ သူပုံစံကို ကြည့်ရသည်မှာ ထောင်ထဲမှ ကျောက်ခုတင်ပေါ်မှာ လဲလျောင်းနေခြင်း မဟုတ်ဘဲ အဆင့်မြင့်ခုတင်ပေါ်တွင် နွေးထွေးသည့်ခေါင်းအုံးဖြင့် လှဲလျောင်းနေသလို ဖြစ်နေခဲ့သည်။

  အချုပ်ခန်းတံခါး ပွင့်လာပြီး လူတစ်စု ဝင်လာခဲ့သည်။ ကံကောင်းစွာပင်၊ အချုပ်ခန်းက အရမ်းမကျဥ်းပေ၊ မဟုတ်ပါက အနည်းငယ် စည်ကားနေပေလိမ့်မည်။

  ချမ်ကျင်းက ကိုယ်ကို မတ်လိုက်ပြီး တင်ပျဉ်ခွေ ထထိုင်လိုက်ကာ ဝင်လာသော လူအုပ်စုကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ဒီညက ဘာလို့ ဒီလောက် အသက်ဝင်နေရတာလဲ?"

ချမ်ကျင်း၏မျက်လုံးများက ကျွော့ချင်းမျက်နှာကို စိုက်ကြည့်လိုက်ပြီး သူ့၏မျက်လုံးများတွင် အံ့အားသင့်နေသည့်အရိပ်များ ပေါ်လာခဲ့သော်လည်း ခနတာအတွင်း ပြန်ပျောက်ကွယ်သွားခဲ့သည်။

  "ချမ်ကျင်း၊ မနေ့ညက ဘာတွေဖြစ်တာလဲ? မင်းက ဘာလို့ ရန်လွီရဲ့အိမ်မှာ ရှိနေပြီး သူနဲ့ ရန်ဖြစ်ခဲ့တာလဲ?? ဒီကိစ္စကို အမှန်အတိုင်း ပြောပြလိုက်ရင် ပိုကောင်းမယ်"

ပါးစပ်ထဲတွင် မြက်ခြောက်တစ်စကို ကိုက်ထားသည့်  ချမ်ကျင်းက  ရှန်ယုလန်ကို ဘေးစောင်းကြည့်ရင်း စိတ်မရှည်စွာနဲ့ ပြန်ပြောလာခဲ့သည်။

"ငါ အကြိမ်ကြိမ် ပြောပြီးပြီ၊ သူ့အိမ်ကို သွားရတဲ့ အကြောင်းရင်းက ဝမ်လီ‌‌ငွေတိုက်ရှေ့ကနေ စတယ်။ ငါ ဝမ်လီငွေတိုက်ရှေ့မှာ သူ့ဇနီးဖြစ်သူကို မတော်တဆ ဝင်တိုက်မိပြီး သူနဲ့ စကားများ ရန်ဖြစ်ခဲ့တယ်၊ ငါတို့ နှစ်ယောက် စကားများ ရန်ဖြစ်ရင်း တွန်းတိုက်မိတော့ သူ့မှာ ငွေစက္ကူ အမြောက်အမြားပါလာတာကို တွေ့လိုက်ရတယ်။ သူ့ခါးက တံဆိပ်ကိုကြည့်‌တော့ သူက ဒုတပ်ဖွဲ့မှူးအဆင့်ပဲရှိတယ်၊ တပ်ဖွဲ့မှူးတစ်ယောက်ရဲ့ လစဉ်လစာက ဘယ်လောက်ရလို့လဲ? အဲ့တာကြောင့် သူက ယုတ်ညံ့တဲ့ ရည်ရွယ်ချက်ရှိသူတစ်ယောက်ဖြစ်မယ်လို့ ငါ တွေးခဲ့တယ်။ အဲ့တာကြောင့် ငါ သူ့နောက်ကို တိတ်တဆိတ် လိုက်ခဲ့တယ်။ ဒါပေမယ့် သူ့အိမ်မှာ သူနဲ့ ထိပ်တိုက်တိုးမိမယ်လို့ ဘယ်သူက ထင်မှာလဲ?? သူက စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်း ဝင်တိုက်ခိုက်တော့ ငါတို့ ရန်ဖြစ်ကြတော့တယ်။ ဓားပျံကို ငါ့ကိုယ်ငါ ကာကွယ်ဖို့ပဲ သုံးခဲ့တာ။ သူ့ကို သတ်ဖို့ လုံးဝ မရည်ရွယ်ခဲ့ဘူး၊ ဘာလို့ သူ့ရင်ဘတ်ကို ဓားနဲ့ ထိုးမိလဲတော့ ငါ မသိဘူး၊ အဲ့တာ ဖြစ်ကြောင်းအကုန်ပဲ”

  သူ မမေးလျှင် ထိုလူက အသေးစိတ်ပြောမှာ မဟုတ်သည်ကို နားလည်လိုက်သည့် ရှန်ယုလန်က သူကို ထပ်မေးလိုက်သည်။

"မင်းနဲ့ ရန်လွီကလွဲရင် အခန်းထဲမှာ ဘယ်သူရှိလဲ?"

   "သူ့မိန်းမနဲ့ ခပ်ပိန်ပိန်လူ"

  ရှန်ယုလန်က သူ့ဘေးနားမှ အရာရှိကို ကြည့်လိုက်ပြီး ထိုအရာရှိက ချက်ချင်း ပြန်ဖြေလာသည်။

"လူကြီးမင်း၊ သူ ပြောတဲ့လူက လီကျစ်လို့ ခေါ်ပါတယ်။ သူက မြို့အရှေ့ဘက်တံခါးမှာ တာဝန်ကျတဲ့ မြို့စောင့်တပ်သားပါ၊ ရန်လွီကလည်း မြို့စောင့်တပ်မှာ တာဝန်ထမ်းဆောင်ဖူးတော့ သူတို့တစ်ယောက်နဲ့ တစ်ယောက်သိတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ သူ့ရဲ့ တစ်ကိုယ်ရေ စရိုက်ကို ရိုးသားတယ်လို့ ပြောလို့ရပေမယ့် သူက လောင်းကစား ဝါသနာပါပြီး အခုချိန်ထိ အိမ်ထောင်မပြုသေးပါဘူး”

  ရှန်ယုလန်က "ရန်လွီ မြေပြင်ပေါ် လဲကျသွားပြီးတော့ ဘယ်သူက သူ့ခန္ဓာကိုယ်နားကို အရင် ချဉ်းကပ်ခဲ့တာလဲ?"

  "အဲ့တုန်းက.......အဲ့လူက သူ့ကို ကူဖို့ သွားခဲ့တယ်၊ ပြီးတော့ သူ့မိန်းမရဲ့ အော်သံကြောင့် အမျိုးသား နှစ်ယောက်ဝင်လာသေးတယ် အခန်းထဲမှာ ကမောက်ကမတွေ ဖြစ်သွားပြီး လူတွေအများကြီးရှိနေခဲ့တယ်”

  ကုယွင်က အကျဉ်းခန်း၏တံခါးနှင့် အနီးဆုံး နေရာတွင် မတ်တတ်ရပ်နေကာ နံရံကို ကျောမှီထားပြီး လက်နှစ်ဖက်ကို သူမရင်ဘတ်ရှေ့တွင် လက်ပိုက်ထားကာ ပတ်ဝန်းကျင်ကို ကြည့်နေပြီး ချမ်ကျင်း၏ အမူအရာတိုင်းကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။ သူမက ချမ်ကျင်းနှင့် ရှန်ယုလန်ပြောသမျှကို တိတ်တဆိတ် နားထောင်နေပြီး ရုတ်တရက် ကိုယ်ကို ပြန်မတ်ကာ အချုပ်ခန်းတံခါးမှ ထွက်ခွာသွားသည်။ ကျွော့ချင်းက ထိုအရာကို မြင်သွားပြီး သူမနောက်သို့ လိုက်သွားခဲ့သည်။ ကုယွင်ထံတွင် သဲလွန်စတစ်ခု ရှိနေပြီဟု သူမ ယုံကြည်လိုက်သည်။

  ကျွော့ချင်းက သူမနောက်မှ လိုက်လာရင်း "ဘယ်လိုဖြစ်တာလဲ"

  အကျဉ်းခန်းတံခါးမှ ခပ်လှမ်းလှမ်းသို့ လမ်းလျှောက်ပြီးနောက်၊ ကုယွင်က သူမမျက်နှာကို အကျဉ်းခန်းအတွင်းရှိ လူများ မမြင်စေရန် သို့မဟုတ် သူမ၏ နှုတ်ခမ်းလှုပ်ရှားမှုကို မမြင်နိုင်စေရန်အတွက် သူမကိုယ်ကို အနည်းငယ် စောင်းလိုက်သည်။ ကုယွင်က အတိုးဆုံးအသံဖြင့် “သူက တစ်ခုခုကို ဖုံးကွယ်ထားတယ်၊ ​​ငါတို့ သူနဲ့ သီးခြားတွေ့ဖို့ အချိန်တစ်ခုရှာသင့်တယ်"

ချမ်ကျင်းရဲ့စကားတွေက အကျယ်တဝင့်နဲ့ ရှင်းရှင်းလင်းလင်း ပုံစံပေါက်နေပေမယ့် တကယ်တမ်းမှာတော့ သူက ဘာကိုမှ ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။ သူက အဲဒီအရာရှိတွေကို လုံးဝ မယုံပါဘူး။ ဒါပေမယ့် ကုယွင်က သူ ကျွော့ချင်းကို ယုံကြည်လိမ့်မယ်လို့ မျှော်လင့်နေမိတယ်။

  ကုယွင်က သူမနောက်ကွယ်မှ မမြင်ရတဲ့ မြင်ကွင်းကို နားလည်နေသော်လည်း ဂရုမစိုက်ဘဲ "အလောင်းမှာ ဘာရှာတွေ့လဲ?"

  “သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ ချွန်ထက်တဲ့ ဒဏ်ရာ (၁၃) ချက် ဒဏ်ရာ ရှိတယ်၊ သေဆုံးသူရဲ့ ဘယ်ဘက်ရင်အုံက ပြင်းထန်တဲ့ဒဏ်ရာက နှလုံးကို ထိုးဖောက်ထားတဲ့ ထိုးသွင်းဒဏ်ရာပဲ။ သေဆုံးရတဲ့ အကြောင်းရင်းကတော့ နှလုံးပေါက်ပြဲသွားပြီး ရင်ဘတ်အတွင်းပိုင်မှာ သွေးယိုစိမ့်မှုဖြစ်လို့ သေဆုံးခဲ့ရတာ၊ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ၁၃ ချက် ရှိပေမယ့် အခင်းဖြစ်တဲ့နေရာကို သွားစစ်ဆေးတဲ့ အစိုးရတာဝန်ရှိသူတွေက ဓားပျံ ၁၂ ချောင်းပဲ တွေ့တယ်လို့ပြောတယ်၊ ထူးထူးခြားခြား တစ်ချောင်း ပျောက်ဆုံးနေတယ်”

  ထူးထူးခြားခြား ပျောက်နေတာလား???

တစ်နည်းပြောရရင်‌တော့ တကယ့် လူသတ်လက်နက်က ပျောက်နေခဲ့တာပေါ့။

ကုယွင်က သူမ၏ခြေထောက်ကို မြှောက်လိုက်ပြီး ထွက်သွားရန် ပြင်နေသောကြောင့် ကျွော့ချင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"နင် ဘယ်သွားမလို့လဲ?"

ကုယွင်က နောက်ပြန်မလှည့်ဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "အခင်းဖြစ်ပွားတဲ့နေရာ"

  ကျွော့ချင်းက အချုပ်ခန်းအတွင်းမှ မေးမြန်းနေဆဲ လုပ်ဆောင်မှုများကို ပြန်ကြည့်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အခု သွားတော့မှာလား?? သူ့ကို မေးခွန်းတွေ အရင်မေးဖို့ မလိုဘူးလား??!”

   ကုယွင်က အချုပ်ခန်းကို တစ်ချက် ပြန်ကြည့်လိုက်ကာ "ဘာမှ မမေးတော့ဘူး၊ မေးနေလည်း အဲဒါက အချိန်ဖြုန်းတာပဲ"

ချမ်ကျင်းက သူ ပြောချင်ရင် ပြောပြီးနေတာ ကြာလှပေါ့၊ သူ မပြောချင်ဘူးဆိုရင် ဘာလောက်မေးမေး သူဖြေမှာ မဟုတ်သလို အကြောင်းရင်းကို ရှာတွေ့မယ်လို့လည်း မပြောနိုင်ဘူး။

  ထိုစကားကို ပြောပြီးနောက် ကုယွင်က အချုပ်ခန်းတံခါးဆီသို့ လျှောက်သွားကာ ထွက်ခွာသွားတော့သည်။ ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် မေးမြန်းနေသေးသော အကျဉ်းခန်းထဲမှ ကျန်လူများကို ဂရုမစိုက်တော့ဘဲ ကုယွင်၏နောက်သို့ ပြေးလိုက်သွားတော့သည်။

"ငါတို့ ဘယ်ကို သွားမှာလဲ၊ အခု ဘယ်ကို သွားနေတာလဲ၊ နင် အခင်းဖြစ်တဲ့နေရာကို သိလို့လား??!”

  ကုယွင်က ညင်သာစွာ ပြုံးပြီး သူမလက်ကို အနည်းငယ် မြှောက်ကာ "နင့်နောက်က လူတွေကို မေးလို့ရတယ်"

  ကျွော့ချင်းက လန့်သွားပြီး ဘယ်သူလဲလို့ တွေးလိုက်မိသည်။ သူမ ပြန်လှည့်ကြည့်လိုက်ရာ အချုပ်ခန်းထဲ၌ တချိန်လုံးရှိနေခဲ့သည့် စုယွိက သူမနောက်မှ လိုက်လာသည်ကို သူမ တွေ့လိုက်ရသည်။ သူ့နောက်တွင်တော့ အမြဲလိုလို အလျင်စလို မဟုတ်ဘဲ ဖြည်းဖြည်းချင်း လမ်းလျှောက်တတ်သော လို့ရှီးယန် ရှိနေလေသည်။

  ခဏအကြာတွင် ခုနက လူများပြည့်ကျပ်နေသော အကျဉ်းခန်းလေးကို တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အံ့အားသင့်နေသော လူသုံးယောက်ဖြင့် အစားထိုးလိုက်သည်။ အရာရှိ၏မျက်နှာတွင် မှိုင်းညို့ညို့အကြည့်တစ်ခုရှိနေကာ သူက ရှန်ယုလန်ကို ဂရုတစိုက် ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ "လူကြီးမင်း?"

  ထိုမိန်းကလေးက သူ မသိနိုင်သောအရာများကို သတိပြုမိသွားသည်ဟု ရှန်ယုလန်၏ပင်ကိုယ်အသိက အချက်ပြနေပြီး ထိုအရာကို သူ သိချင်နေမိသည်။

  ထိုကြောင့် သူက ရှုပ်ယှက်ခတ်နေသော အရာရှိငယ်ကို နောက်တွင် ချန်ထားခဲ့ကာ သူလည်း သူမတို့နောက်သို့ လိုက်သွားခဲ့သည်။

  အရာရှိငယ်တွေကတော့ ခေါင်းကုတ်ပြီး ကျန်နေခဲ့တော့သည်။

  အချုပ်ခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ချမ်ကျင်းက သူ့ပါးစပ်ထဲမှ မြက်ခြောက်ကို ထပ်ဝါးလိုက်ပြီး အေးစက်နေသော ကျောက်ခုတင်ပေါ်တွင် ပြန်လှဲလျောင်းလိုက်သည်။ သူလက်နှစ်ဖက်က သူ့ခေါင်းနောက်မှာ ရှိနေပြီး ဖီးနစ်မျက်လုံးများက အနည်းငယ် တဖျပ်ဖျပ် လင်းလက်နေသည်။ စိတ်ညစ်ညူးနေသော သဲလွန်စဟူ၍ နည်းနည်းလေးတောင် မရှိပေ။

......။......။......

  ခြံကျယ်ကြီး၏ ကျယ်ဝန်းသော ထမင်းစားခန်းထဲတွင် လူတစ်စု ရပ်နေကြသည်။

  ရှန်ယုလန်က အိမ်ပိုင်ရှင်ထံသို့ မျက်နှာမူကာ လက်ခုပ်အုပ်လိုက်ပြီး "ရန်သခင်မ၊ ဒီလောက်နောက်ကျတဲ့ အချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်"

  အမျိုးသမီးက မျက်လွှာချထားပြီး နှုတ်ခွန်းဆက်စကား အနည်းငယ် ပြန်ပြောလာသည်။

“လူကြီးမင်းက ဘာပြောနေတာလဲ၊ ဒီအမှုကို အမြန်ဆုံး စုံစမ်းပြီး တရားခံကို တရားစီရင်ဖို့ တောင်းဆိုပါတယ်၊ ကျွန်မခင်ပွန်း အတွက် တရားမျှတမှုရှာပေးပါ"

  နံရံပေါ်ရှိ ဓားပျံမှကျန်ခဲ့သော အမှတ်အသားများကို စိုက်ကြည့်နေသော ကုယွင်က သေသူ၏ဇနီးသည်ထံသို့ ပြန်လှည့်လာပြီး "ဇာတ်လမ်းတစ်ခုလုံးကို ထပ်ပြောပြလို့ရမလား?"

  အိမ်ထောင်ရှင်အမျိုးသမီးက အခန်းထဲကို ဝင်လာပြီးသည်နှင့် တစ်ခန်းလုံးကို ထူးဆန်းစွာ လှည့်ပတ်ကြည့်နေသည့် ကလေးမလေးကို တစ်ချက်ကြည့်လိုက်သည်။ ထိုကလေးမလေး လုပ်နေသည့်အရာကို သူမ နားမလည်နိုင်သော်လည်း လူကြီးများက ထိုကလေးမလေးကို မတားကြပေ။ ထို့ကြောင့် သူမက စိတ်ကို အေးအေးထားကာ ပြန်ဖြေလိုက်သည်။

“ကျွန်မက ကျန်းမာရေး မကောင်းတော့ ကျွန်မခင်ပွန်းက ကျွန်မကို ဂရုစိုက်တယ်လို့ ပြောချင်ပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာ ကျွန်မနဲ့ ကျွန်မခင်ပွန်းက ဝမ်လီငွေတိုက်ကို ငွေစက္ကူလဲလှယ်ဖို့ သွားခဲ့ကြတယ်။ ကျွန်မတို့ပြန်ခါနီးမှာ မဆင်မခြင် လူတစ်ယောက်က ငါ့ကို ဝင်တိုက်လို့ ကျွန်မက လဲကျလုနီးပါးဖြစ်သွားတယ်။ ကျွန်မခင်ပွန်းက စိတ်မရှည်တဲ့လူမို့ ကျွန်မတို့ အဲဒီလူနဲ့ ရန်ဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်ပြန် အလှန်လှန် တွန်းတိုက်မိကြတယ်။ ကျွန်မက အရေးယူခံရမှာကို ကြောက်လို့ ကျွန်မခင်ပွန်းကို ထွက်သွားဖို့ စည်းရုံးခဲ့တယ်။ ဒီကိစ္စက ပြေလည်သွားလိမ့်မယ်လို့ ကျွန်မတို့ ထင်ခဲ့ပြီး ညဘက်မှာတော့ ကျွန်မခင်ပွန်းရဲ့သူငယ်ချင်း လီကျစ်က ကျွန်မတို့အိမ်ကို ညစာစားဖို့ လာခဲ့တယ်၊ ပန်းကန်တွေကို ခင်းကျင်းနေတုန်း အဲဒီလူက ရုတ်တရက် ပေါ်လာပြီး ဘာမပြောညာမပြောနဲ့ သူ့လက်တွေကို လှုပ်ရှားလာတယ်။ ကျွန်မခင်ပွန်းရော လီကျစ်ရော သူရဲ့ပြိုင်ဘက်တွေ မဟုတ်ပါဘူး။ ကျွန်မက ကြောက်လန့်ပြီး တစ်စုံတစ်ဦးကို ခေါ်ဖို့ ပြေးသွားတော့ စစ်သူကြီးအိမ်တော်ရဲ့အစောင့်တွေဖြစ်တဲ့ ဟွမ်ရိနဲ့ ဝမ်ဝေတို့ ညီအစ်ကိုနဲ့ တွေ့ဆုံခဲ့ပါတယ်၊ သုံးယောက်သား ပြန်ပြေးလာတော့ ခင်ပွန်းဖြစ်သူက လဲကျသွားတာကို တွေ့လိုက်ရတယ်”

ထမင်းစားခန်းအလယ်မှ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေပြီး ဘာတွေကြည့်နေမှန်း မသိသော ကုယွင်က သူမ ခေါင်းကို မော့မလာဘဲ "အဲဒီလူသုံးယောက်ရဲ့ ဝန်ခံစာမှတ်တမ်းတွေ ရှိလား?"

  ဝန်ခံချက်မှတ်တမ်း???

သူမ ဘာကိုဆိုလိုသည်ကို မှန်းဆရင်း ရှန်ယုလန်က "လူသုံးယောက်ရဲ့ ဝန်ခံချက်တွေကို လက်မှတ် ရေးထိုးပြီးပြီ၊ သူတို့ပြောတာတွေက သခင်မရန်ပြောခဲ့တာတွေနဲ့ ကိုက်ညီတယ်"

  ကုယွင်က ခေါင်းကို ဖြည်းညှင်းစွာ ပြန်မော့လိုက်ပြီး အမျိုးသမီးကို ကြည့်ကာ "အဲဒီတုန်းက သေဆုံးသူက ဒီနေရာမှာ လဲကျနေခဲ့တာလား?"

  အမျိုးသမီးက အံ့အားသင့်သွားပြီး ခေါင်းညိတ်ကာ ပြန်ဖြေလာသည်။

“ဟုတ်ကဲ့”

  ရှန်ယုလန်၏မျက်နှာက တောင့်တင်းသွားပြီး လို့ရှီးယန်၏မျက်လုံးများက လှုပ်ခတ်သွားသည်။

ဒီအမျိုးသမီးက မရိုးရှင်းဘူး။ မြေပြင်ပေါ်က သွေးစွန်းရာတွေကို သန့်စင်ထားပြီးပြီ။ ထမင်းစားခန်းရဲ့နံရံနဲ့ ကြမ်းပြင်က ဓားပျံအရာတွေပဲကျန်နေတော့တယ်။ သူမက အိမ်ခန်းထဲသို့ ဝင်လာတာ တစ်ရှီးချန်ရဲ့လေးပုံတစ်ပုံ မပြည့်သေးဘူး။ ဒါပေမယ့် သူမက သေဆုံးသူ လဲကျခဲ့တဲ့ နေရာကို ဘာကြောင့် အတိအကျ ပြောပြနိုင်တာလဲ?!

  အားလုံးက ကုယွင်ကို အနီးကပ် စိုက်ကြည့်နေချိန်တွင် နောက်ဆုံး ကုယွင်က မတ်တတ်ထရပ်လာပြီး "ငါ ဗိုက်ဆာလွန်းတယ်လို့ ခံစားနေရတယ်!"

  ဘာလဲ?!

  ဗိုက်ဆာတယ်တဲ့လား?!

  သူမ၏ရှင်းပြချက်ကို နားထောင်ချင်စိတ်ပြင်းပြနေသည့် လူတစ်စုက ရုတ်တရက် တုန်လှုပ်သွားကြသည်။

  ကျွော့ချင်းကတော့ အကျယ်ကြီး အော်ရယ်နေတော့သည်။

  ကုယွင်က ခါးကိုဆန့်တန်းပြီး စုယွိဆီသို့ လျှောက်သွားကာ "အရသာရှိတဲ့ ခေါက်ဆွဲဆိုင်သေးသေးလေးရှိတယ်လို့ နင် ပြောခဲ့တာ မဟုတ်ဘူးလား? အခု ဖွင့်ပြီလား"

  စုယွိက အနည်းငယ် စိတ်ရှုပ်သွားပြီး "အင်း... ဖွင့်လောက်ပြီ"

  "ဒါဆို နင် ဘာကို စောင့်နေတာလဲ?" ကုယွင်က သူမကို အနောက်မှ စိုက်ကြည့်နေသည့် မရေတွက်နိုင်သော မျက်လုံးများကို အရေးမထားဘဲ စုယွိ၏အင်္ကျီလက်များကို ဆွဲကိုင်လိုက်ပြီး ခြေလှမ်း အနည်းငယ်လှမ်းကာ ထွက်သွားတော့သည်။ ခနအကြာတွင် သူမက ရုတ်တရက် ပြန်လှည့်လာပြီး လို့ရှီးယန်ကို ပြုံးပြလိုက်သည်။

“ရှီးယန်... ကျွန်မတို့နဲ့ ခေါက်ဆွဲအတူစားချင်လား?"

  ကျွော့ချင်း၏ ဦးခေါင်းတွင် ရုတ်တရက် အနက်ရောင်မျဉ်းများ ဖုံးလွှမ်းသွားပြီး သူမ၏ မျက်နှာက မည်းမှောင်သွားသည်။

သူမ သူကို တကယ်ပဲ သတ္တိရှိရှိနဲ့ အဲ့လိုခေါ်တယ်ပေါ့...

  လို့ရှီးယန်က ညင်သာစွာ ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ"  

ကုယွင်နှင့် စုယွိတို့က ရှေ့မှ လျှောက်နေပြီး လို့ရှီးယန်နှင့် ကျွော့ချင်းက နောက်မှ လိုက်သွားကာ လေးယောက်လုံး လှည့်ထွက်သွားပြီး မျက်နှာကြီးမည်းမှောင်နေသော ရှန်ယုလန်ကို ကြောင်တောင်တောင် ဖြစ်နေသော ရန်သခင်မနဲ့ ချန်ထားရစ်လေသည်။

နွေည၏အစောပိုင်း ညလေပြေလေညင်းအောက်တွင် အေးအေးလူလူ လမ်းလျှောက်နေကြရင်း လို့ရှီးယန်က သူ့ရှေ့မှ ခပ်သွက်သွက်လျှောက်နေသော လူနှစ်ယောက်ကို ကြည့်လိုက်ကာ သူ့ဘေးမှ ကျွော့ချင်းကို ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

"မင်းရဲ့ညီမလေးက အရမ်းစိတ်ဝင်စားစရာကောင်းတယ်၊ သူ့(မ)မှာ အတွေ့အကြုံတွေ အများကြီးရှိပုံရတယ်၊ သူ(မ)က ဒီအမှုကို စုံစမ်းဖို့ သင့်တော်တယ်"

  အဲ့ဒါကို ငါ ဘယ်လိုပြန်ဖြေရမလဲ??!

ကျွော့ချင်းက ကြောင်တောင်တောင်ပုံစံဖြင့် ကောင်းကင်ကို ကြည့်နေဟန်ဆောင်လိုက်ပြီး နှစ်ခါလောက် ရယ်မောလိုက်ကာ "ဟား ဟား ကျွန်မ မသိတော့ဘူး၊ မှတ်ဥာဏ်တွေ ပျောက်သွားပြီ~"

  ဘယ်လိုမှတ်ဥာဏ်တွေက ကျန်ခဲ့ပြီး ဘယ်လိုမှတ်ဥာဏ်တွေက ပျောက်သွားခဲ့တာလဲ???

All Chapters