အခန်း (၆၄-၆၆)
Vol. 6 Ch. 64-66
အခန်း ၆၄ ဘယ်သူက လိမ်ညာနေတာလဲ?
နံနက်ကိုးနာရီတွင် ဝန်ကြီးချုပ်အိမ်တော်၏ တံခါးဝ၌ ပေါ်လာပြီး အိမ်တော်အပြင်ဘက် နံရံကို မှီကာ မျက်လုံးမှိတ်ရင်း မှေးနေသော ကုယွင်ကို ကျွော့ချင်း တွေ့လိုက်ရသည်။
ကျွော့ချင်းက သူမရှေ့သို့ လျှောက်သွားလိုက်ပြီး စကားစမပြောရသေးခင်မှာပင် ကုယွင်က သူမ၏မျက်လုံးများကို ဖွင့်လာပြီး ကျွော့ချင်းကို တစ်ချက်ကြည့်ကာ သူမမျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
"မနေ့ညက နင် ဘာတွေ ခိုးလုပ်ထားသေးလဲ? ပြင်းထန်တဲ့အရာ တစ်ခုခုလား?"
သူမ၏မျက်လုံးအောက်မှ အမည်းဝိုင်းကြီးများက အလွန် သိသာနေပြီး သူမ၏မျက်လုံးများကလည်း ဖောင်းကားနေသောကြောင့် သူမ တစ်ညလုံး ကောင်းကောင်းမအိပ်နိုင်ခဲ့ကြောင်း သိသာနေသည်။ သူမ၏ထိုအမူအရာများကို ကြည့်ပြီး ကုယွင်က ထိုကိစ္စကို တွေးနေစရာမလိုတော့ပေ။
သူမ စိတ်ထဲမှာ ဘယ်လိုတွေတောင် ရှုပ်ယှက်ခတ်နေလဲမှ မသိတာ!!
ကျွော့ချင်းက မနေ့ညမှ အနမ်းကို ပြန်တွေးလိုက်မိပြီး သူမ၏မျက်လုံးများကို သဘာဝမကျစွာဖြင့် တစ်ဖက်သို့ လွှဲလိုက်ပြီး အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ "နင့်ရဲ့ အတင်းအဖျင်းပြောချင်နေတဲ့ မျက်နှာကို ရပ်လိုက်စမ်း၊ ငါ ဘာမှ မလုပ်ဘူး၊ ဒီတိုင်း အိပ်ရေးမဝရုံပဲ၊ အားလုံးက နင့်လို အမြဲတက်ကြွနေမယ်လို့ ထင်နေတာလား?!"
ယွင်က အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ပြီး သူမ မနေ့ညက စစ်သူကြီးအိမ်တော်ကို ပြန်သွားခဲ့ပုံမရဘူး။ တစ်ခါတစ်ရံ သူမ ယွင်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အမှန်တကယ် သံသယဝင်မိတယ်။ ယွင်က မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်လေး မှေးနေရုံနဲ့ သူမရဲ့အင်အားတွေ ပြန်လည်ပြည့်ဖြိုးလာနိုင်တယ်။ တကယ်ပဲ လုံးဝ အနားယူဖို့ မလိုပဲ အဆင်ပြေနေတတ်တယ်။ ဒီပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်က သူမကို တကယ်စိတ်ရှုပ်ထွေးစေပြီး မနာလိုဖြစ်စေခဲ့တယ်။
ကျွော့ချင်းက ကုယွင်၏စူးစမ်းသော အကြည့်ကို မခံမရပ်နိုင် ဖြစ်လာပြီး အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
"ခံဝန်စာတွေကို ကြည့်ပြီးပြီလား? နင် တစ်ခုခုရှာတွေ့ခဲ့လား?"
ကုယွင်က သူမကို ဆက်မနှောက်ယှက်တော့ဘဲ အဝေးကို လှမ်းကြည့်လိုက်သည်။
ချင်းက အရွယ်ရောက်ပြီးသူဖြစ်တာကြောင့် လို့ရှီးယန်နဲ့ တစ်ခုခုဖြစ်ခဲ့ရင်လဲ အဲ့တာက ပုံမှန်ပါပဲ။ သူမရဲ့ထင်မြင်ချက်အရ ချင်းက မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး သူ့ကို ဆွဲဆောင်ပြီး အိတ်ကပ်ထဲ ထည့်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ! တကယ်တော့ လို့ရှီးယန်လို ယောက်ျားတွေ အများကြီး မရှိနိုင်ဘူးလေ။
ကုယွင်က လက်ပိုက်ထားရင်း ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
"ကြည့်ပြီးပြီ၊ စိတ်မကောင်းစရာတစ်ခုက လူလေးယောက်ရဲ့ထွက်ဆိုချက်တွေ တူညီနေပြီး ဘာကိုမှ ရှာမတွေ့တာပဲ။ တစ်ယောက်နဲ့ တစ်ယောက်ညှိထားလားတောင် မှတ်ရတယ်"
အဲ့တာက မနေ့ညက ရလဒ်ပါ၊ သူမအတွက်တော့ အဲ့ဒါက ရိုးရိုးရှင်းရှင်း အချိန်ဖြုန်းမိတာပါပဲ။
ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။
"အဲ့လိုလား?"
သူမ နောက်တစ်ကြိမ် အလုပ်များရပေဦးတော့မယ်။
သို့သော် ကုယွင်က သူမကို စိတ်မပျက်စေဘဲ အားကိုးဖွယ်ရာ အပြုံးဖြင့် ပြောလာခဲ့သည်။
"ဒါပေမယ့် အခု ငါတို့ တစ်ယောက်ပြီး တစ်ယောက် သွားစစ်လိုက်ရင် ဘယ်သူလိမ်လဲဆိုတာကို သိနိုင်မှာပါ"
ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး မလှမ်းမကမ်းတွင် စိတ်မရှည်ပုံဖြင့် ရပ်နေသည့်လူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ကျွော့ချင်းက ကုယွင်ကို စနောက်လိုက်ပြန်သည်။
"နင် အဲ့အမြီးလေးကို ဘယ်တုန်းက ရလာခဲ့တာတုန်း?"
တစ်ယောက်က ကုယွင်.... သူမက ယောက်ျားနဲ့ မိန်းမကြားက ကိစ္စတွေကို သိပ်စိတ်မ၀င်စားပေမယ့် နောက်တစ်ယောက်က ငယ်ရွယ်ပြီး တက်ကြွနေတဲ့ ခပ်မိုက်မိုက် ကောင်လေးဖြစ်နေတယ်။ သူတို့က ဒီလို အမြဲတွဲနေလို့ မရဘူး မဟုတ်လား? စုလင်းကရော ဘယ်မှာလဲ???
ကျွော့ချင်း၏ နှလုံးသားထဲတွင် ကုယွင်အတွက် စုလင်းကို ပိုပြီး အကောင်းမြင်နေဆဲဖြစ်သည်။
ကျွော့ချင်း စဉ်းစားနေချိန်မှာပင် ကုယွင်က တည်ငြိမ်သည့် အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။
"ငါလည်း ဘာမှ မတက်နိုင်ဘူး၊ သူက စစ်သူကြီးတစ်ယောက်လေ၊ ငါတို့နှစ်ယောက်ကို သိတဲ့လူ မရှိဘူး။ အဲ့တော့ ငါတို့ပြောတဲ့ စကားတွေကို ဘယ်သူက ဂရုစိုက်မှာလဲ? လို့ရှီးယန်ကလည်း ငါတို့နဲ့ လိုက်ဖို့ အချိန်မရှိဘူး၊ အဲ့တော့ ငါ အစားထိုးတစ်ခုပဲ ရှာလိုက်ရတယ်"
တကယ်တော့ သူ့ကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင်၊ သူမ မနေ့ညက စစ်ဆေးရေးမှတ်တမ်းတွေကို ကြည့်နိုင်ခဲ့မှာ မဟုတ်ဘူး။
"ချင်းမော့... ဘယ်သူက အစားထိုးခံရတဲ့သူလဲ?"
စုယွိက တစ်ညလုံး မအိပ်ရသေးဘဲ ထိုအရူးမနှင့်အတူ ပြေးလွှားနေခဲ့ရသောကြောင့် ဒေါသထွက်နေပြီး ကုယွင်၏ ကျေးဇူးကန်းသော စကားကို ကြားလိုက်ချိန်တွင် သူက ချက်ချင်း ဒေါသတကြီး ထအော်လိုက်သည်။
"လီကျစ်ကို အရင်သွားရှာမှာလား?"
ကုယွင်က ခေါင်းယမ်းလိုက်ပြီး သူမ၏အကြံအစည်ကို ပြောပြလာခဲ့သည်။
"မဟုတ်ဘူး၊ ငါတို့ ရန်သခင်မကို အရင်သွားကြည့်သင့်တယ်လို့ ငါ ထင်တယ်"
ရန်သခင်မက ထိုလေးယောက်ထဲတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်နေပြီး ကျော်ဖြတ်ဖို့ အလွယ်ဆုံးလူလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူမထံမှ စတင်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်နိုင်ပေလိမ့်မည်။
"ကောင်းပြီ၊ သွားကြရအောင်"
သူမတို့နှစ်ယောက် လမ်းလျှောက်လာရင်း အသံတိုးတိုးဖြင့် ဆွေးနွေးနေကြပြီး ပေါက်ကွဲတော့မတက် ဒေါသထွက်နေသော အမျိုးသားကို မည်သူကမျှ ဂရုမစိုက်တော့ပေ။
"တောက်... မုန်းဖို့ကောင်းလိုက်တာ!"
စုယွိအတွက် ဤကဲ့သို့ လုံးဝ လျစ်လျူရှုခြင်းခံရခြင်းက ပထမဆုံးအကြိမ် ဖြစ်ပြီး သူက ကျောက်နံရံကို ထုရိုက်ကာ သူ့ဒေါသကို ဖောက်ထုတ်လိုက်သည်။ သူက စကားစမြည်ပြောပြီး ရယ်မောနေသည့် အမျိုးသမီးနှစ်ယောက်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပြီး ကျိန်ဆဲချင်နေသော်လည်း သူမတို့နောက်သို့ လိုက်နေရသေးသည်။
ရန်မိသားစု၏ ခြံဝင်းငယ်လေးသို့ သူမတို့ ထပ်မံရောက်ရှိလာသောအချိန်တွင် ရန်အိမ်ရှင်မက ခြံဝင်းအတွင်း သန့်ရှင်းရေးလုပ်ရန် ရပ်နေပြီး ခေါင်းငုံ့ထားသည်ကို တွေ့လိုက်ရသည်။ ကုယွင်နှင့် ကျွော့ချင်းတို့ ခြံတံခါးဆီသို့ ရောက်သောအခါ သူမက သူမတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခေါင်းကိုမော့လိုက်သည်။ ထို့နောက် ရန်အိမ်ရှင်မက အံသြသွားပုံဖြင့် မေးလာခဲ့သည်။
"အရာရှိတွေက အခုနမှ ပြန်ထွက်သွားတာပါ၊ မိန်းကလေး နှစ်ယောက်က ဘာထပ်သိချင်သေးလို့လဲ?"
သူမတို့က မနေ့ညက ရှန်တရားသူကြီးနှင့် လိုက်လာသည့် မိန်းခလေးများ ဖြစ်နေသောကြောင့် ရန်အမျိုးသမီးက သူမတို့ မှတ်မိနေခဲ့သည်။
ရုံးတော်က လူတွေက စောစောစီးစီး ဘာလာလုပ်တာလဲ?
ကုယွင်က စိတ်ထဲမှ တွေးတောနေခဲ့သော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးချိုချိုတစ်ခု ရှိနေပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟုတ်တယ်၊ ရှန်တရားသူကြီးမင်းက ဒီအမှုကို စီရင်မှာဆိုတော့ ဖြေရှင်းဖို့ အထောက်အထားတွေ အများကြီး စုဆောင်းထားဖို့ လိုအပ်တယ်။ စုံစမ်းဖို့ ပိုအဆင်ပြေသွားအောင် ကျွန်မတို့ မေးချင်တဲ့ မေးခွန်းတချို့ ရှိနေသေးတယ်၊ ဒါကြောင့် ရှန်တရားသူကြီးမင်းက ကျွန်မတို့ကို သီးသန့်စကားပြောခိုင်းလိုက်တယ်"
ရန်အိမ်ရှင်မက အနည်းငယ် စိတ်ရှုပ်သွားပုံရသော်လည်း သူမက ခေါင်းညိတ်ပြပြီး ခြံတံခါးကို ဖွင့်ပေးလိုက်သည်။
"ကျေးဇူးပြုပြီး ဝင်လာပါ"
ကျွော့ချင်းနှင့် ကုယွင်က ခြံထဲသို့ လှမ်းဝင်လာပြီး စုယွိက နောက်မှ လိုက်လာခဲ့သည်။ ရန်အိမ်ရှင်မက စစ်သူကြီးအိမ်တော်၏ပိုင်ရှင်ကို သိနေခဲ့သောကြောင့် သူ့ကို လျစ်လျူရှုရန် မဝံ့မရဲဖြစ်နေကာ လက်ဖက်ရည်ဖြင့် ဧည့်ခံလိုက်သည်။
"လက်ဖက်ရည်သောက်ပါဦးရှင့်၊ လက်ဖက်ရည်က နည်းနည်းညံ့တာကြောင့် ကျွန်မကို ခွင့်လွှတ်ပေးပါ"
ကျွော့ချင်းနှင့် ကုယွင်တို့က ထမင်းစားခန်းရှိ စားပွဲဝိုင်းတွင် ထိုင်နေကြပြီး စိတ်ဆိုးနေဆဲဖြစ်သည့် စုယွိက လက်ဖက်ရည်သောက်ရင်း တံခါးဝမှ ခုံတန်းလျားတွင် ထိုင်နေခဲ့သည်။
ကုယွင်က ရန်အိမ်ရှင်မကို ပြုံးပြလိုက်ပြီး ထိုင်ရန် တိုက်တွန်းလိုက်သည်။
"ရန်သခင်မ၊ အလုပ်ရှုပ်နေဖို့ မလိုက်ပါဘူး၊ ကျွန်မတို့က မေးခွန်းအနည်းငယ်မေးပြီးရင် ပြန်မှာပါ၊ ကျေးဇူးပြုပြီး ထိုင်ပါ"
ရန်အိမ်ရှင်မက ခေါင်းညိတ်ပြပြီး သူမတို့နှင့် ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။ ယခုတကြိမ်တွင် ကုယွင်က သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသည့်အမျိုးသမီး၏မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။
သူမက အသက် ၂၀ ထက် မပိုသေးဘဲ ငယ်ရွယ်နုပျိုလွန်းနေတယ်။ ဒါပေမယ့် ခေါင်းငုံထားတာက ရှေးခတ်ကအမျိုးသမီးတွေရဲ့ အလေ့အထတစ်ခုလား?
ထိုအကြောင်းအရာကို တွေးရင်း ကုယွင်တစ်ယောက် ခေါင်းကိုက်သွားမီသည်။
ကုယွင်က အေးအေးဆေးဆေး လေသံဖြင့် စတင်မေးမြန်းလိုက်သည်။ "ရန်သခင်မ၊ ရန်လွီနဲ့ လက်ထပ်ထားတာ ဘယ်လောက်ကြာပြီလဲ?"
“နှစ်နှစ် ရှိပါပြီ” ရန်အိမ်ရှင်မက တည်ငြိမ်စွာ ပြန်ဖြေလာခဲ့သည်။
"ဒါဆို ရှင်တို့ လင်မယားနှစ်ယောက်ရဲ့ခံစားချက်တွေက ဘယ်လိုလဲ?"
ရန်အိမ်ရှင်မက အနည်းငယ် ထိတ်လန့်သွားပြီးမှ ချက်ချင်း ပြန်ဖြေလာပြန်သည်။
"ကျွန်မတို့ လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်"
ကုယွင်၏ မျက်လုံးများက တဖျပ်ဖျပ် ခပ်သွားခဲ့သော်လည်း သူမက ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ ရန်အိမ်ရှင်မ၏ လက်ကောက်ဝတ်ကို စိုက်ကြည့်နေရင်း အပြုံးဖြင့် ထပ်မေးလိုက်သည်။
"ဒါဆို ရှင့်လက်ပေါ်က ဒဏ်ရာက ရှင့်ဘာသာ ထိခိုက်မိတာလား?"
ရန်အိမ်ရှင်မက အံ့သြတကြီးဖြင့် ခေါင်းမော့လိုက်ပြီး ကုယွင်ကို ကြည့်လာခဲ့သည်။
သူမ ခြံသန့်ရှင်းရေးလုပ်နေချိန်မှာပဲ အင်္ကျီလက်ကို လိပ်တင်ထားခဲ့ပေမယ့် သူမတို့ကို မြင်လိုက်တာနဲ့ အင်္ကျီလက်တွေကို ချက်ချင်း ပြန်ချခဲ့တယ်။ ဒါတွေက ဒဏ်ရာဟောင်းတွေဖြစ်ပြီး ဒီမိန်းမငယ်လေးက တကယ်ပဲ မြင်နိုင်ခဲ့တယ်ပေါ့လေ။
ကုယွင်၏ စူးစမ်းသော မျက်လုံးများကို ရင်ဆိုင်ရင်း ရန်အိမ်ရှင်မက သက်ပြင်းချလိုက်ကာ ခေါင်းကို ဖြည်းညှင်းစွာ ပြန်ငုံ့လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလာခဲ့သည်။
"ကျွန်မရဲ့ခင်ပွန်းက နည်းနည်း စိတ်မရှည်ဖြစ်တတ်ပြီး ဒေါသလည်း နည်းနည်း ကြီးတယ်၊ တစ်ခါတလေ မူးလာရင် ကျွန်မအပေါ် ရက်စက်တယ်။ ဒါပေမယ့် သူက ပုံမှန်အချိန်တွေမှာ ကျွန်မကို ဂရုတစိုက်ရှိပါတယ်၊ ကျွန်မက ကျန်းမာရေး သိပ်မကောင်းဘူး။ သူသာ နှစ်တွေအကြာကြီး ကျွန်မကို ကုသဖို့ သမားတော် မရှာပေးခဲ့ရင် ကျွန်မ ဒီအချိန်အထိ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး”
ကုယွင်က ထိုကိစ္စကို ဆက်ပြီး မမေးတော့ဘဲ အကြောင်းအရာ ပြောင်းမေးလိုက်ပြန်သည်။
"လီကျစ်က ရှင့်ခင်ပွန်းရဲ့ သူငယ်ချင်းကောင်းလား?”
ရန်အိမ်ရှင်မက စိတ်သက်သာရာ ရသွားပုံသော်လည်း တွန့်ဆုတ်နေဟန်ဖြင့် ပြန်ဖြေလာသည်။
"ဟုတ်ကဲ့၊ သူက ပိုက်ဆံချေးဖို့ နှစ်ရက်တစ်ခါလောက် ဒီအိမ်ကို လာတတ်တယ်"
"ရန်လွီက သူ့ကို ပိုက်ဆံအများကြီး ချေးခဲ့တာလား? ဘယ်လောက်တောင်လဲ?" ကုယွင်က ထပ်မေးလိုက်သည်။
ရန်အိမ်ရှင်မက ခဏလောက်စဉ်းစားပြီးမှ ခေါင်းခါပြလာခဲ့သည်။
"ကျွန်မယောက်ျားရဲ့မိသားစုအရေးကို ကျွန်မ နားမလည်ပါဘူး၊ ဒါပေမယ့် အများကြီး ဖြစ်နိုင်တယ်"
ကုယွင်က ချဲ့ကားသည့်အမူအရာဖြင့် ပြုံးလိုက်ပြီး အထူးအဆန်းသဖွယ် မှတ်ချက်ပေးနေပြန်သည်။
"အိုး၊ သူက မင်းရဲ့ရောဂါကို ကုသပေးနိုင်ပြီး လီကျစ်ကိုလည်း ပိုက်ဆံချေးပေးနိုင်တယ်။ ပြီးတော့ မင်းတို့ အိမ်မှာ ပစ္စည်းတွေ အများကြီးရှိနေတာကို တွေ့ရတယ်၊ စစ်သူကြီးအိမ်တော်က ဒီအဖွဲ့မှူးရဲ့လစာက မနည်းလောက်ဘူး"
ကုယွင်က ပြောပြီးသည်နှင့် စုယွိကို လှမ်းကြည့်လိုက်သည်။
စုယွိက လက်ဖက်ရည်သောက်နေခြင်းအလုပ်ကို ခေတ္တရပ်တန့်လိုက်သည်။ သူက စစ်သူကြီးအိမ်တော်၏ လစာအကြောင်း ကောင်းကောင်းသိနေပြီး ထိုလူ၏ဝင်ငွေအရ ဤကဲ့သို့ နေထိုင်ရန် မဖြစ်နိုင်ပေ။
ရန်အိမ်ရှင်မက တိတ်ဆိတ်နေသောကြောင့် ကုယွင်က ထပ်ပြောလိုက်ပြန်သည်။
"ရန်လွီရဲ့ ပိုက်ဆံတွေ ဘယ်ကလာလဲဆိုတာ ရှင် သိလား?"
ရန်အိမ်ရှင်မက ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။
“မသိပါဘူး"
ကုယွင်က ရုတ်တရက် ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
"ကောင်းပြီလေ၊ ကျွန်မတို့ ရှင့်ကို အချိန်အတော်ကြာအောင် အနှောက်အယှက်ပေးပြီးပြီဆိုတော့ ကျွန်မတို့ ပြန်ဖို့ အချိန်တန်နေပြီ"
ဒါပဲလား? လူသတ်မှုနဲ့ပတ်သတ်ပြီး သူမ မမေးတော့ဘူးလား?!
ရန်အိမ်ရှင်မ၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသောအကြည့်များ ရှိနေသော်လည်း သူမက ဘာမှပြန်မပြောဘဲ မတ်တတ်ထရပ်ကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ၊ ရှင့်တိုတွေ ဖြည်းဖြည်း သွားကြပါ"
သူမတို့သုံးယောက် ရန်အိမ်နှင့် ခပ်လှမ်းလှမ်းအထိ လျှောက်လာပြီးနောက် ရန်မိသားစုအိမ်ထဲသို့ စဝင်ကတည်းက တိတ်ဆိတ်နေသည့် ကျွော့ချင်းက သူမ၏ခြေလှမ်းများကို ရပ်လိုက်ပြီး အလောတကြီး မေးလိုက်သည်။
"ဘယ်လိုလဲ?"
ကုယွင်က သူမ၏နှုတ်ခမ်းထောင့်များကို ပင့်တင်လိုက်ပြီး အခိုင်အမာ ပြန်ဖြေလိုက်သည်။
"သူ(မ) လိမ်နေတာ"
သူမ မေးခွန်းအချို့ကို လှည့်ပတ်မေးမြန်းပြီးနောက် ဒီအမျိုးသမီး လိမ်နေတာကို ကောက်ချက်ချနိုင်ခဲ့တယ်။
အချိန်အတော်ကြာအောင် မကျေမနပ်ဖြစ်နေသော စုယွိက ဝင်ပြောလာခဲ့သည်။
"မင်း ဘာလို့ သူ(မ)ကို လူလိမ်လို့ ပြောတာလဲ? သူ(မ)အဖြေတွေက အရမ်းရိုးသားတယ်လို့ ငါ ထင်တယ်!"
ကုယွင်က သူ့ကို ကြည့်ရန် သူမ၏ခေါင်းကို ပြန်လှည့်လိုက်ပြီး မေးလိုက်ပြန်သည်။
"နင်က လူပျိုလား?"
ဘာလဲ?? ဘာလဲ??? ဘာလူပျိုလဲ??! ဒီမေးခွန်းက ဘာကိုပြောချင်တာလဲ???
စုယွိက အရှက်ကွဲသလို ခံစားလိုက်ရပြီး စူးစူအောင့်အောင့် ပြန်မေးလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ?"
ကျွော့ချင်းက သူမ၏ ရယ်ချင်စိတ်ကို မျိုသိပ်ကာ ရှိုးပွဲကောင်းကောင်းလေးတစ်ခုကြည့်ရန် စောင့်မျှော်နေခဲ့သည်။
စုယွိ၏မျက်ခုံးများက နဖူးအလယ်သို့ မြင့်တက်လာကာ သူ့၏အပေါ်မျက်ခမ်းများက ကျယ်လာပြီး အောက်မျက်ခမ်းများက တင်းကျပ်သွားခဲ့သည်။ ကုယွင်က စုယွိ၏မျက်နှာကို လက်ညှိုးထိုးကာ အသံတိမ်တိမ်ဖြင့် ပြောလိုက်ပြန်သည်။
"ဒါက ထိတ်လန့်စရာကိစ္စမို့လား?"
စုယွိက အံ့ဩနေသောကြောင့် သူမကို ဘာပြောနေမှန်းကို မသိလိုက်ပေ။ ကုယွင်က ဆက်ပြီး မေးနေသေးသည်။
"အဲ့မေးခွန်းကို ဖြေလေ၊ မင်းက လူပျိုလား?"
"မင်း နောက်နေတာလား?... လူပျိုလား?? ငါက ဘယ်လို လူပျိုဖြစ်နေအုံးမှာလဲ...?”
##@!
စုယွိက စိတ်ထဲမှ ကျိန်ဆဲနေပြန်သည်။
ကုယွင်က မာန်ပါပါ ခေါင်းညိတ်လိုက်ပြီး အခိုင်အမာ မှတ်ချက်ချလိုက်သည်။
"အဲ့ဒါက လိမ်နေတာ"
စုယွိက ကုယွင်ကို စိုက်ကြည့်ရင်း မျက်လုံးပြူးကြီးဖြင့် ငြင်းဆန်လိုက်သည်။
"ငါ မလိမ်ဘူး"
ကုယွင်က သူ့ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး သနားနေသည့် ပုံစံဖြင့် သူ့မျက်နှာကို စိုက်ကြည့်ကာ ထပ်ပြောလိုက်ပြန်သည်။
"ကောင်းပြီလေ၊ နောက်တစ်ခါ နင် လိမ်နေတာကို တခြားသူတွေ မရိပ်မိစေချင်ရင် နင်လိမ်တဲ့အခါ ထပ်ခါထပ်ခါ တုံ့ဆိုင်း မနေနဲ့။ တံတွေး မမျိုချနဲ့၊ အမှတ်တမဲ့ နောက်ပြန်မဆုတ်နဲ့ ”
စုယွိက ခေါင်းငုံ့ပြီး သူ့ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။
သူ တကယ်ပဲ မသိစိတ်နဲ့ နောက်ပြန် ဆုတ်ခဲ့မိတယ်။ ဒါက ဘယ်လို ဖြစ်သွားတာလဲ?! အထူးသဖြင့် ဒီလို စိတ်ပျက်စရာကောင်းတဲ့မေးခွန်းကို ကြုံလာရတဲ့အခါ လိမ်မိပြီး အဖမ်းခံလိုက်ရတာက တကယ်ကို စိတ်ပျက်စရာပါပဲ..
ကုယွင်က ချီတုံချတုံဖြစ်နေပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေသည့် စုယွိ၏မျက်နှာကို စိုက်ကြည့်နေရင်း ပြုံးပြုံးရွှင်ရွှင် မှတ်ချက်ချနေပြန်သည်။
“ဒီမျက်နှာအမူအရာကိုတော့ ရှက်နေတယ်လို့ ခေါ်တယ်”
နောက်ဆုံးတွင် စုယွိက ကုယွင်ကို လျစ်လျူရှုထားလိုက်သည်။ သူ စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ပိတ်ဆို့ခံထားရပြီး သူ ရှက်နေသည်လား ဒေါသဖြစ်နေသည်လား မသိနိုင်သော်လည်း သူ့မျက်နှာက အနည်းငယ် နီမြန်းနေလေသည်။
ကျွော့ချင်းက သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်သည်။ စုယွိက သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဖွင့်ပေးလာပြန်သည်။
"ဒါက ဘာကြီးလဲ၊ သူ(မ) ဟန်ဆောင်နေတာကို မင်း ဘယ်လိုသိလဲ!"
စုယွိ စကားဆုံးသွားသည်နှင့်တပြိုင်နက် ကုယွင်က သူမခြေဖဝါးကို မြှောက်ပြီး စုယွိ၏ခြေဖမိုးပေါ်သို့ ကရုဏာမဲ့စွာ အပြင်းအထန် နင်းချလိုက်သည်။
"အားးး————"
အဲ့တာက သူ့ကို သေတဲ့အထိ နာကျင်စေတယ်။
စုယွိက ကုယွင်ကို စိုက်ကြည့်နေရင်း ဒေါသတကြီး မေးလိုက်ပြန်သည်။
"ဒါက ဘာလုပ်တာတုန်း"
ကုယွင်က လက်ပိုက်ထားရင်း လေးနက်သော မျက်နှာဖြင့် ရှင်းပြလာခဲ့သည်။ "နင် အခု နင် ခံစားလိုက်ရတဲ့ နာကျင်မှုကြောင့် ဒေါသဖြစ်တယ်မလား? အဲ့တာက မှန်ကန်တဲ့ အပြုအမူပဲ၊ မသိစိတ်ကနေ စိတ်ခံစားမှုကို ဖော်ပြတာကို ဖိနှိပ်ချုပ်ချယ်ဖို့ ခက်တယ်။ ပုံမှန်ဆိုရင် ဖုံးကွယ်ဖို့ ခက်ခဲတယ်။ စိတ်ခံစားချက်က ချက်ချင်းဆိုသလို မျက်နှာမှာ ပေါ်တယ်၊ အဲ့ဒါကို ဖုံးကွယ်ဖို့က အရမ်းခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့လိုတယ်၊ သူမရဲ့အမူအရာက တစ်စက္ကန့်ထက်ပိုပြီး တုံ့ဆိုင်းနေပြီဆိုရင် အဲ့တာက အတုအယောင်တွေပဲ"
အဲ့လိုလား??
စုယွိက ထိုအရာကို အလေးအနက် တွေးကြည့်နေတုန်း အခုနလေးတင် လေးနက်ပုံပေါက်နေသည့် ကုယွင်က ခပ်လှောင်လှောင်ဟန်ဖြင့် ပြောလိုက်ပြန်သည်။
"ငါ ပြောနေတာတွေကို နင် သိပ်စဉ်းစားနေဖို့ မလိုဘူး။ နင်ရဲ့ ဥာဏ်ရည်နဲ့ဆိုရင် နင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား နားလည်နိုင်မှာ မဟုတ်ဘူး"
ဒါက သူမ ဘာကို ဆိုလိုတာလဲ?!
သူ ဒေါသထွက်ခါနီးအချိန်မှာ ကျွော့ချင်းက သူ့ဆီသို့ လှမ်းလာပြီး သူ့ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"သနားစရာ ကြက်ကလေး၊ နင့်ကို ဒီပါးစပ်ကြမ်းတဲ့ မိန်းမနဲ့တွေ့အောင် ဘယ်သူက လုပ်လိုက်တာလဲ၊ ငါ စိတ်မကောင်းလိုက်တာ”
ထိုစကားကို ပြောပြီးနောက် အမျိုးသမီးနှစ်ဦးက ရယ်မောလိုက်ပြန်သည်။
"မင်း..."
ငါက စစ်သူကြီးကွ... ငါ ဘာလို့ ဒီမှာ လှောင်ပြောင်ခံနေရတာလဲ?!
စုယွိတစ်ယောက် ဒေါသတကြီး လှည့်ထွက်သွားတော့သည်။
ဝေးကွာသွားသော နောက်ကျောကို ကြည့်လိုက်ရင်း သူမတို့နှစ်ယောက် တစ်ချိန်တည်းမှာ အပြုံးများကို မျိုသိပ်လိုက်ကြသည်။ ကျွော့ချင်းက သူမစိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေပြီး ကုယွင်ကို မေးမြန်းလိုက်သည်။
“နင် ဘာလို့ သူ့ကို ဒီလောက်ဒေါသထွက်အောင် လုပ်နေတာလဲ"
ယွင်က တခါတရံ စကားပြောတဲ့အခါ တည့်တိုး ပြောတတ်ပေမယ့် သူမက အခြားသူများကို လှောင်ပြောင်ရယ်မောရတာကို နှစ်သက်တဲ့သူ မဟုတ်ဘူး။ သူမ ဒီလိုပြုလုပ်နေတာက အကြောင်းအရင်း ရှိနေသင့်တယ်။
ကုယွင်က သူမ၏ပုခုံးကို အနည်းငယ် တွန့်ကာ အခြားအကြောင်းအရာကို ပြောလာခဲ့သည်။
"မနေ့က လီကျစ်ရဲ့ နောက်ကြောင်းကို စစ်ဆေးကြည့်တော့ စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုကို တွေ့ခဲ့တယ်"
"ဘာလဲ?"
"တကယ်တော့ သူက ချွီဇဲ့နဲ့အတူ ကျောက်လှိုဏ်ဂူရဲ့ ထွက်ပေါက်တွေမှာ စောင့်ခဲ့တဲ့ လူလေးယောက်ထဲက တစ်ယောက်ပဲ"
သူမက လီကျစ်ရဲ့ သဲလွန်စတစ်ချို့ကို ရှာချင်ပေမယ့် စုယွိကတော့ သူမကို ဒီရွှေအမှုဟောင်းထဲမှာ မပါဝင်စေချင်ခဲ့ဘူး။ .
ကျွော့ချင်းက သူမ၏အတွေးကို ပြောပြလိုက်သည်။
"ရန်လွီက သူ့ကို ပိုက်ဆံချေးဖို့ ဆန္ဒရှိနေတာက ရွှေတွေရဲ့ လျှို့ဝှက်ချက်ကို သိနေတာကြောင့် ဖြစ်နိုင်မလား?!"
နောက်ဆုံးတွင် တိုးတက်မှုအချို့ရှိလာသောကြောင့် ကျွော့ချင်းက ကုယွင်ကို စိုးရိမ်တကြီး ဆွဲခေါ်လိုက်ပြီး မြန်မြန်သွားရန် တိုက်တွန်းလိုက်သည်။
"အခု သူ့ကို သွားရှာကြရအောင်"
သူမလက်ကို အဆွဲခံလိုက်ရသည့် အချိန်တွင် ကုယွင်က မရုန်းကန်ဘဲ အပြုံးဖြင့် စနောက်လာပြန်သည်။
"နင် ချမ်ကျင်းအတွက် စိုးရိမ်နေတာက နည်းနည်းတော့ လွန်လွန်းနေပြီ"
အဲ့ဒီကို ရောက်သွားပြန်ပြီ၊ သူမမှာ ဘာမှလုပ်စရာမရှိဘူးလား?? ငါကို တနေကုန် လာနောက်ပြောင်နေတယ်၊ သူ(မ)ကို ကြည့်ရတာ ပျင်းလွန်းနေပုံပဲ...
ကျွော့ချင်းက အေးစက်စက်ဖြင့် တုံ့ပြန်လိုက်သည်။
"သူက ငါ့ရဲ့ ကယ်တင်ရှင်သက်သက်ပဲ၊ ဒါကလွဲပြီး တခြားဘာမှ မရှိဘူး!"
"အင်း အဲ့ဒါက အမှန်တရားပဲ" ကုယွင်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ထပ်မေးလာပြန်သည်။
"ဒါဆို လို့ရှီးယန်ကရော ဘယ်လိုလဲ?"
ကျွော့ချင်းက သူမကို မကြည့်တော့ဘဲ စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။
"သူက သာမန်သူငယ်ချင်းပဲ"
ထိုသို့ပြောလိုက်သော်လည်း သူမဘာသာ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
လို့ရှီးယန်နဲ့ သူမက ဘယ်လိုဆက်ဆံရေးမျိုးရှိလဲဆိုတာ သူမကိုယ်တိုင်တောင် မသိတော့ဘူးလေ။ ယောကျာ်းလေးနဲ့ မိန်းခလေးကြားက သူငယ်ချင်းဆက်ဆံရေးလား???! အခုထက်ထိ ဖွင့်ဟဝန်ခံခြင်း မရှိပေမယ့် သူမရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေအရ သူမရဲ့အချစ်က အပြန်အလှန် ဖြစ်လာနိုင်တယ်။ ပြီးတော့ မနေ့ညက သူ သူမကို နမ်းခဲ့တယ်။ ဘာလို့လဲ???
"လိမ်နေပြန်ပြီ" ကုယွင်က သူမကို ကရုဏာမဲ့စွာ ဖော်ထုတ်လိုက်သည်။
ကျွော့ချင်းက အနည်းငယ် စိတ်ဆိုးသွားကာ ကုယွင်၏လက်ကို ပြန်လွှတ်ပေးလိုက်ပြီး သူမကို ဟန့်တားလိုက်သည်။
"နင် အဲဒါကို ရပ်လိုက်တော့၊ နင့်ရဲ့ စူးစမ်းနိုင်လွန်းတဲ့ စွမ်းရည်တွေကို ဒီမှာပဲ ရပ်လိုက်တော့"
အိုး~ နင် စိတ်ဆိုးနေတာလား???!
ကုယွင်က သူမလက်ဖဝါးများကို ဖြန့်ပြကာ အပြစ်ကင်းသော အပြုံးဖြင့် ပြောလာပြန်သည်။
"သခင်မလေးကျွော့ရေ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မှန်တစ်ချပ် ရှာပြီး နင့်ရဲ့ ရှက်နေတဲ့ အမူအရာကို ကြည့်လိုက်ပါဦး၊ ဘာစူးစမ်းတဲ့ စွမ်းရည်မှ မလိုပါဘူး ဟုတ်ပြီလား?"
သူမက ပြောရဲသေးတယ်ပေါ့လေ။
"ကုယွင်... နင်က ရန်ဖြစ်ချင်နေတာပဲ!" ကျွော့ချင်းက လက်သီးကို တင်းတင်းဆုပ်ပြီး ကုယွင်၏ပုခုံးကို ထုချလိုက်သည်။ ကံမကောင်းစွာဖြင့် သန်မာပြီး သွက်လက်သည့် ကုယွင်က ဘေးသို့ အလွယ်တကူ ရှောင်ထွက်သွားခဲ့သည်။ လူနှစ်ယောက်က တစ်လမ်းလုံး စနောက်လိုက် ရန်ဖြစ်လိုက်ဖြင့် လီကျစ်၏နေအိမ်သို့ မြန်မြန်ဆန်ဆန် ရောက်သွားခဲ့သည်။
လီကျစ်က မြို့တံခါးအနီးရှိ ခြံဝင်းငယ်လေးတစ်ခုတွင် နေထိုင်သည်။ ၎င်းက အနည်းငယ် လူသူကင်းမဲ့နေပုံရသော ဝင်းငယ်တစ်ခုဖြစ်ပြီး ပျက်စီးယိုယွင်းနေသော အုတ်ကြွပ်မိုးထားသော အိမ်တစ်လုံး ရှိနေသည်။
အဝေးမှလာနေသော ကုယွင်နှင့် ကျွော့ချင်းတို့က တံခါးကို စောင့်ကြပ်နေသော ရုံးတော်အရာရှိ အများအပြားကို တွေ့လိုက်ရသည်။ ရံဖန်ရံခါ အခန်းထဲမှ ဆူညံသံများ ထွက်ပေါ်လာသောကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တံခါးကို ပြန်လှမ်းကြည့်လိုက်သည်။ သူမတို့ တံခါးဆီသို့ ရောက်ချိန်တွင် ကျွော့ချင်းက အနည်းငယ် ရင်းနှီးနေပုံရသော ရုံးတော်အရာရှိတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် လှမ်းမေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ?"
ထိုအရာရှိက ကျွော့ချင်းနှင့် ကုယွင်ကို စိုက်ကြည့်လိုက်ပြီး မနေ့ညက ဝန်ကြီးချုပ်လို့နှင့် စစ်သူကြီးစုတို့နှင့်အတူ မှူခင်းဌာန၏အကျဥ်းထောင်သို့ လိုက်ပါလာသော အမျိုးသမီးများဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ ထိုကြောင့် သူက ယောင်ဝါးဝါးဖြင့် ပြန်ဖြေလာသည်။
"ရှန်လူကြီးမင်းက ကျွန်တော်တို့ကို လီကျစ်ကို စစ်ဆေးဖို့ ရုံးတော်ကို ခေါ်လာခိုင်းခဲ့တယ်”
သူတို့က ရန်မိသားစုဆီကိုလည်း သွားခဲ့ပေမယ့် ရန်အိမ်ရှင်မကိုတော့ ခေါ်မသွားခဲ့ဘူး၊ ဒါပေမယ့် အခု လီကျစ်ကို ခေါ်သွားချင်နေကြပြီ! သဲလွန်စ တစ်ခုခုတွေ့သွားတာ ဖြစ်နိုင်မလား???
ကျွော့ချင်းတစ်ယောက် ဆက်မေးရန် စဉ်းစားနေစဥ်မှာပင် အခန်းထဲမှ လူတစ်ယောက်၏အော်သံကို ကြားလိုက်ရသည်။
"ငါ ရန်လွီကို မသတ်ဘူး၊ ငါ ဘယ်သူကိုမှ မသတ်ဘူး၊ အဲဒီဓားက ငါ့ပစ္စည်း မဟုတ်ဘူး!!"
ဓား?
ကျွော့ချင်းနှင့် ကုယွင်တို့ပင် ထိတ်လန့်သွားကြသည်။
လူသတ်လက်နက်ကို ရှာတွေ့ပြီလား?
ကျွော့ချင်းနှင့် ကုယွင်တို့က တစ်ယောက်ကိုတစ်ယောက် မျက်လုံးများဖြင့် အချက်ပြကာ မှန်းဆကြည့်နေကြစဉ်တွင် အရပ်ရှည်သော ရုံးတော်အရာရှိနှစ်ဦးက အရပ်ရှည်ရှည်နှင့် ခပ်ပိန်ပိန် အမျိုးသားတစ်ဦးကို ဆွဲခေါ်လာကြသည်။
ထိုလူက ဆက်ပြီး ရုန်းကန်နေကာ ကျယ်လောင်စွာ အော်ဟစ်နေလေသည်။ “လွှတ်၊ မင်းတို့ ငါ့ကို မစွပ်စွဲနဲ့၊ ဒီဓားက ငါ့ဓား မဟုတ်ဘူး”
ရှေ့မှ လျှောက်လာသည့် ရုံးတော်အမှုထမ်းက သူတို့၏ခေါင်းဆောင် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူက လီကျစ်၏အော်သံကို လျစ်လျူရှုကာ အမိန့်ပေးလိုက်သည်။
"မင်း ပြောစရာရှိရင် ရုံးတော်မှာ ပြောလို့ ရတယ်၊ သူ့ကို အခု ခေါ်သွားလိုက်တော့"
လူတစ်စုက လီကျစ်ကို ချုပ်နှောင်ကာ မှုခင်းဌာနဆီသို့ ဦးတည်လိုက်ကြသည်။
"အခု ငါတို့ ဘာလုပ်သင့်လဲ?"
ကျွော့ချင်းက ရုံးတော်အမှုထမ်းတစ်ဦး၏ လက်ထဲတွင် အထည်ထုပ်တစ်ထုပ် ကိုင်ဆောင်ထားသည်ကို လှမ်းမြင်လိုက်သည်။ သူမ၏မှန်းဆမှု မမှားလျှင် ထိုအရာက လူသတ်လက်နက် ဖြစ်နိုင်သည်။
ကုယွင်ကလည်း စိတ်လှုပ်ရှားနေသည့် အမူအရာကို ပြသလာပြီး ခပ်ပြုံးပြုံး ကောက်ချက်ချလိုက်သည်။
"လီကျစ်က မလိမ်ဘူး၊ ဒီဓားက သူ့ဓား မဖြစ်နိုင်ဘူး၊ လူသတ်သမားက စိတ်မငြိမ်တော့ပုံရတယ်"
အရင်က ချမ်ကျင်းကို ချောက်ချပြီး အခု လီကျစ်ကို အပြစ်ပုံချလိုက်တယ်။ လူသတ်သမားရဲ့ လှည့်ကွက်တွေကြောင့်သာ မဟုတ်ရင် နည်းနည်းတော့ ရှုပ်ထွေးနေနိုင်သေးတယ်။ အခုတော့....
ကုယွင်က ကျွော့ချင်းကို မျက်စိမှိတ်ပြရင်း အားရပါးရ ပြုံးလိုက်သည်။
"သွားမေးရအောင်၊ ရွှေကိစ္စအတွက် ကြီးကြီးမားမား တိုးတက်မှု ရှိလိမ့်မယ်"
လူသတ်သမား၏ လှုပ်ရှားမှုက လီကျစ်ကို သေစေနိုင်ပြီး သူမက ထိုအရာကို အကျိုးရှိရှိ အသုံးချနိုင်ရမည်ပင်။
ကုယွင် စိတ်လှုပ်ရှားနေပုံရသောကြောင့် ပြပွဲစတင်တော့မည်ဟု ကျွော့ချင်း မှန်းဆလိုက်သည်။
သူမတို့နှစ်ဦးက ရုံးတော်အရာရှိများ၏နောက်မှ တရားရေးဌာနသို့ လိုက်သွားကြခဲ့သည်။ အဆောက်အအုံက ကွက်လပ်ဖြစ်နေသောကြောင့် မည်သူမျှ သတိမထားမိဘဲ ပျက်စီးနေသောအိမ်ထောင့်၏အရိပ်မှ မျက်လုံးတစ်စုံက သူမတို့နှစ်ဦး ထွက်ခွာသွားသည်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ဘယ်လောက်ပျော်စရာကောင်းတဲ့ ကစားပွဲလဲ၊ ကြောင်က ကြွက်ကို ဖမ်းတယ်၊ ဘယ်သူက ကြောင်လဲ၊ ဘယ်သူက ကြွက်လဲ?
အေးစက်ထိုင်းမှိုင်းသည့် ရယ်သံတိုးတိုး ထွက်လာပြီး ခဏအကြာတွင် ပြန်တိတ်ဆိတ်သွားခဲ့သည်။
( T/N: E-tranမှာ ပြောထားတဲ့က အချိန်ကို ရှီးချန်နဲ့ မသုံးပဲ နာရီနဲ့ ရေးထားတာတွေက သူမှားတာ မဟုတ်ပါဘူးတဲ့၊ မူရင်းမှာကိုက အဲ့လိုပါတဲ့၊ တမင်လား မှားနေတာလားတော့ မသိပါဘူး တဲ့....
ကိုယ်ရဲ့ အမြင်အရတော့ တခါတလေ ကျွော့ချင်းရဲ့အတွေးတွေတို့ သူတို့အချင်းချင်း ပြောတဲ့အချိန်တို့ဆိုရင် ခေတ်စကားတွေ သုံးတာကို သတိထားမိတယ်၊ တခါတလေ ဆေးပညာစကားတွေဆိုရင်လဲ ခေတ်စကားတွေပဲ သုံးတယ်၊ ကိုယ်လဲ အဲ့တာကြောင့် သူတို့သုံးထားတဲ့ အတိုင်းပဲ ပြန်ရေးလိုက်တယ်နော်)
အခန်း ၆၅ စိတ်ဓာတ်စစ်ဆင်ရေး
ယင်ထျန်းရုံးတော်တွင်...
ကျယ်ဝန်းပြီး တောက်ပသော ဧည့်ခန်း၏အလယ်မှ ကြီးမားသော စားပွဲခုံ၏အနောက်တွင် တရားဝင်ရုံးဝတ်စုံကို ဝတ်ဆင်ထားသော ရှန်ယုလန်က လေးနက်သောမျက်နှာထားဖြင့် ရှိနေပြီး သူ့၏ခေါင်းထက်မှ နံရံပေါ်တွင် "ဖြောင့်မတ်မျှတ" ဟူသော စာလုံးလေးလုံးပါသော ကမ္ဗည်းပြားကို ချိတ်ဆွဲထားသည်။ ထိုကမ္ဗည်းပြားပေါ်မှ ပြိုးပြိုးပြက်ပြက်လက်နေသော ရွှေရောင်အက္ခရာများက နောက်ခံနှင့် ယှဉ်လျှင် ပို၍ ထင်ရှားတောက်ပနေသည်။ အနီရင့်ရောင်ဝတ်စုံ ၀တ်ဆင်ထားသော ရုံးတော်အမှုထမ်းနှစ်တန်းက လက်ထဲတွင် ရှည်လျားသော တုတ်ရှည်များကို ကိုင်ဆောင်လျက် တဖက်တစ်ချက်တွင် ရပ်နေပုံမှာ မာန်ပါလှပြီး ခြိမ်းခြောက်မှု အပြည့်ဖြစ်နေသည်။
ကျွော့ချင်းက လက်တစ်ဖက်တွင် အလောင်းစစ်ဆေးမှုမှ အစီရင်ခံစာကို ကိုင်ဆောင်ထားပြီး အခြားတစ်ဖက်တွင် လွန်ခဲ့သည့်အခိုက်အတန့်က တွေ့ရှိခဲ့သော လူသတ်လက်နက်ကို နှိုင်းယှဉ်ရန် ကိုင်ဆောင်ထားခဲ့သည်။ နှိုင်းယှဉ်မှုရလဒ်က အရွယ်အစား၊ အသွင်အပြင်နှင့် ပုံစံများက အခြေခံအားဖြင့် တူညီနေသည်။ ဓားပျံက သေဆုံးသူ၏ ရင်ဘတ်မှ ဒဏ်ရာနှင့် အမှန်တကယ် ကိုက်ညီနေသည်။ သို့သော်လည်း ယခု ဧည့်ခန်း၏အလယ်တွင် ဒူးထောက်နေသည့်လူက လူသတ်ခဲ့ခြင်း ရှိ မရှိကတော့ သူမ ဆုံးဖြတ်နိုင်သည့်အရာ မဟုတ်ပေ။ သူမ သံသယဖြစ်နေသည့်တိုင် ခန်းမထဲတွင် ရှန်ယုလန် ရှိနေပြီး ကုယွင်ကလည်း အတူရှိနေခဲ့သည်။ ထို့ကြောင့် သူမက ဤကိစ္စကို စိတ်ပူနေစရာ မလိုဘဲ အဖြစ်အပျက်ကို စောင့်ကြည့်နေရန်သာ လိုအပ်တော့သည်။
သူမ ရပ်နေသော အနေအထားမှ လီကျစ်နှင့် ရှန်ယုလန်တို့၏အမူအရာနှင့် စကားအပြောအဆိုများကို ရှင်းရှင်းလင်းလင်း မြင်နိုင် ကြားနိုင်သည်။ ကုယွင်က ဧည့်ခန်းမ၏ အဆုံးမှ တိုင်ကို ကျေနပ်စွာ မှီနေပြီး သူမ၏ ပျင်းရိနေသော ကိုယ်ဟန်အမူအရာနှင့် သေးသေးသွယ်သွယ်ပုံစံလေးက အခြားလူများ၏မျက်စိထဲတွင် ထင်းမနေဘဲ ပျောက်ကွယ်နေသော်လည်း စူးရှလွန်းသော မျက်လုံးများကို ကြည့်လိုက်မိလျှင်တော့ ဘာကိုမှ ဖုံးကွယ်မထားရဲလောက်အောင် ခံစားရပေလိမ့်မည်။
"ကျွန်တော်မျိုး ရန်လွီကို မသတ်ခဲ့ပါဘူး၊ ဒါက ချောက်တွန်းမှုတစ်ခုပါပဲ၊ သူက ကျွန်တော်မျိုးရဲ့ သူငယ်ချင်းကောင်းပါ၊ ကျွန်တော်မျိုးမှာ သူ့ကို သတ်စရာ အကြောင်းမရှိဘူး"
အလယ်တွင် ဒူးထောက်နေသည့် လီကျစ်က နောက်ဆုံး ငြိမ်သက်သွားပုံရပြီး ယခုအချိန်တွင် သူ့၏အမူအရာက အလွန် ထိတ်လန့်နေခြင်းမျိုး မရှိပေ။
"လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မင်းက လောင်းကစားကြောင့် ပိုက်ဆံတွေ အများကြီး အကြွေးတင်ခဲ့တယ်။ ရန်လွီက မင်းကို ချေးပေးထားတဲ့ ငွေက သုံးရာကျော်တယ်။ လွန်ခဲ့တဲ့သုံးရက်လောက်က မင်းက ဝမ်ဟောင်လောင်းကစားရုံမှာ အကြွေးငါးဆယ် အကြွေးတင်ခဲ့တယ်။ အဲ့တာကြောင့် မင်းက ရန်မိသားစုရဲ့အိမ်ကို ပိုက်ဆံချေးဖို့ သွားခဲ့တယ် မဟုတ်လား?”
ကြီးကျယ်ခမ်းနားမှုနှင့်အတူ တည်ငြိမ်သော လေသံက လူများ၏ မသိစိတ်ကို အနည်းငယ် တုန်လှုပ်သွားစေသည်။
လီကျစ်က ခေါင်းကို အနည်းငယ် ငုံ့ထားသော်လည်း သူ့လေသံက ခိုင်မာနေသေးသည်။
"ဒါပေမယ့် ကျွန်တော်တို့က အပေါင်းအသင်းကောင်းတွေပဲ၊ ကျွန်တော် သူ့ကို ပိုက်ဆံချေးခိုင်းတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး။ လူကြီးမင်းက အဲ့တာကြောင့်နဲ့ ကျွန်တော်ကို လူသတ်တယ်လို့ စွပ်စွဲချင်နေတာလား?"
လီကျစ်၏ ခေါင်းမာသော ခုခံမှုကို ရင်ဆိုင်ရသော်လည်း ရှန်ယုလန်က အလွန်တည်ငြိမ်နေပုံဖြင့် ဆက်လက်စစ်ဆေးမေးမြန်နေသည်။
"ရန်အိမ်ရှင်မရဲ့ထွက်ဆိုချက်အရ ရန်လွီက အခုတစ်ကြိမ်မှာ မင်းကို နောက်ထပ် ငွေထပ်ချေးဖို့ အစီအစဥ်မရှိတော့ဘူး၊ အဲ့ဒီအစား သူက မင်းကို အရင်အကြွေးတွေ ပြန်တောင်းတဲ့အတွက် မင်းက ဒေါသဖြစ်ပြီး အကြွေးပြန်မဆပ်ရဖို့အတွက် ရန်လွီနဲ့ ချမ်ကျင်းကြားက တိုက်ပွဲမှာ ရန်လွီကို ဓားပျံနဲ့ တမင်သတ်ပြီး ချမ်ကျင်းကို အပြစ်ပုံချလိုက်တယ်"
ရန်အိမ်ရှင်မက ဒီလို ပြောခဲ့တယ်လား?? သူမ နေ့တိုင်း စစ်ဆေးတဲ့ မှတ်တမ်းထဲမှာ သူမ အဲ့တာကို မမြင်မိပါဘူး။
ကုယွင်က ခေါင်းကို မော့လိုက်ပြီး လေးနက်သော မျက်နှာထားရှိနေသည့် ရှန်ယုလန်ကို ကြည့်ကာ တချက်လောက် ပြုံးပြလိုက်သည်။
သေချာတာပေါ့၊ ဘယ်အချိန် ဘယ်နေရာ ဘယ်ခေတ်ပဲ ဖြစ်ဖြစ် နိုင်ငံတိုင်းမှာ ရှိနေတဲ့ ရဲတွေရဲ့ မေးခွန်းထုတ်တဲ့ နည်းလမ်းတွေက အတူတူပါပဲ။
သင့်တော်သော လှည့်ဖြားမှုများနှင့် ဆွဲဆောင်မှုများက ရလဒ်ကောင်းများကို ရရှိစေမည်ဖြစ်သည်။
အစပိုင်းတွင် လီကျစ်က ထိတ်လန့်သွားသော်လည်း သူက ဒေါသတကြီး ငြင်းဆန်လာခဲ့သည်။
"အဲဒီမိန်းမက ဘာမှမသိဘူး! ရန်လွီက ကျွန်တော့်ကို လောင်းကစားမလုပ်ဖို့ အကြံပေးတယ်။ ကျွန်တော် လောင်းကစားထပ်လုပ်ရင် နောက်တစ်ခါ ပိုက်ဆံမချေးတော့ဘူးလို့ပဲ ပြောခဲ့တာ၊ ကျွန်တော်ကလည်း လောင်းကစားမလုပ်တော့ဘူးလို့ ကတိပေးထားတယ်၊ သူက ကျွန်တော့်အတွက် ငွေ နည်းနည်းပြင်ဆင် ပေးထားတယ်၊ ဘာလို့ သူ့ကို သတ်ရမှာလဲ!"
ဤလှည့်ကွက်က သိသာထင်ရှားစွာ အလုပ်ဖြစ်ခဲ့သည်။ ရှန်ယုလန်က အေးစက်သည့်လေသံဖြင့် ထပ်ပြောလိုက်သည်။
"ဒါက မင်းရဲ့တစ်ဖက်ပြောဆိုမှုပဲ၊ မင်း လောင်းကစား မလုပ်တော့ရင်တောင် မင်း ရန်လွီကို ငွေသုံးရာ အကြွေးတင်နေတုန်းပဲ။ ဒီလိုငွေတွေအများကြီးကို မင်း ခုနစ်နှစ် ရှစ်နှစ်ကြာအောင် မစားမသောက်ပဲ နေတာတောင် ပြန်မဆပ်နိုင်ဘူး၊ ငွေချေးစာချုပ်တစ်စောင်ရေးဖို့တောင် မင်းက ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဘူး၊ ဒါကြောင့် မင်း သူ့ကို သတ်လိုက်ရင် ပိုက်ဆံပြန်ဆပ်စရာ မလိုတော့ဘူး"
"ငါ သူ့ကို သတ်စရာ မလိုဘူး၊ ရန်လွီ... သူက ငါ့ကို ပြန်ပေးခိုင်းလို့ မရဘူး!"
သူက သူ့ရင်ဘတ်ကို ဖွဖွဖိရင်း မေးစေ့ကို မော့ကာ လေသံ အနည်းငယ် မြှင့်ပြီး သူ့ကိုယ်သူ ဂုဏ်ယူဟန်အပြည့်ဖြင့် ခုခံကာကွယ်နေခဲ့သည်။ ကုယွင်၏မျက်လုံးများက အနည်းငယ် တောက်ပသွားပြန်သည်။ လီကျစ်က အတွင်းပိုင်းအချက်အလက်အချို့ကို သိထားပြီး ထိုအရာက အနည်းဆုံးတော့ သူ ရန်လွီကို ခြိမ်းခြောက်နိုင်ရန် လုံလောက်နေပုံရသည်။
"အကြွေးဆိုတာမျိုးက ပြန်ဆပ်ရတာ သဘာဝပဲ၊ ဘာလို့ ပိုက်ဆံ ပြန်မဆပ်ခိုင်းတာလဲ? သူနဲ့ မင်းနဲ့ကြားမှာ သဘောတူညီချက်တစ်ခု ရှိနေတာလား? ဒါမှမဟုတ် မင်းက သူ့ကို ခြိမ်းခြောက်နိုင်တဲ့ တစ်ခုခုကို အသုံးပြုနေတာလား?"
ရှန်ယုလန်၏အသံက ပိုကျယ်လောင်လာပြီး သူလည်း အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်ရသည်။ ကျွော့ချင်းက ရွှေချောင်းကိစ္စနှင့် ပတ်သက်ပြီး ရှန်ယုလန် မည်မျှသိနေမည်ကို လျှို့ဝှက်စွာ ခန့်မှန်းနေခဲ့သည်။
သူ ဒီမေးခွန်းကို မေးပြီဆိုမှတော့ ဒီကိစ္စရဲ့နောက်ကွယ်က ဖုံးကွယ်ထားတဲ့ အခြေအနေတွေကို သူ အနည်းနဲ့အများ ခန့်မှန်းနိုင်ခဲ့ကြောင်း သက်သေပြနေတာပဲ။
ရှန်ယုလန်၏စကားကို နားထောင်ပြီးနောက် လီကျစ်က မသိစိတ်ကြောင့် သူ့နှုတ်ခမ်းကို ဖိကာ ကမန်းကတန်း ပြန်ဖြေလာခဲ့သည်။
"မဟုတ်ဘူး၊ ကျွန်တော်တို့က ရင်းနှီးတဲ့ ညီအကိုတွေပါ၊ သူက ကျွန်တော် ဒုက္ခရောက်တဲ့အခါ ကူညီပေးတယ်၊ အဲ့လိုပါ"
လီကျစ်က ဝန်ခံရန် ငြင်းဆိုခဲ့နေပြီး အရာအားလုံးက မူလနေရာသို့ ပြန်ရောက်သွားပုံရသည်။
ကျွော့ချင်းက မနီးမဝေးမှ ကုယွင်ကို ကြည့်လိုက်သည်။ ကုယွင်က သူမကို ကြည့်ကာ သူမကိုယ်သူမ လက်ညှိုးထိုး ပြနေကာ "ငါ မေးမယ်"ဟု နှုတ်ခမ်းလှုပ်ရုံ လှမ်းပြောနေသည်။ ကျွော့ချင်းက ရှင်းရှင်းလင်းလင်း ခေါင်းညိတ်ပြပြီး ရှန်ယုလန်ဆီသို့ လျှောက်သွားလိုက်ကာ သူ့ဘေးတွင် ရပ်လိုက်ပြီး အသံတိုးတိုးဖြင့် စမေးလိုက်သည်။
"ရှင့်ရာထူးက ဘာလဲ?"
ရှန်ယုလန်က အံ့ဩသွားပုံရသည်။
သူမက တရားခွင်မှာ ဘာတွေ လာမေးနေတာတုန်း??
သူက သူမကို မျက်ကွယ်ပြုထားနိုင်သော်လည်း သူမ၏ တောက်ပနေသော မျက်လုံးကြီးများတွင် အလွန်ပြင်းထန်သော အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
ရှန်ယုလန်က "ဒုတိယအဆင့်အရာရှိ"
ဒုတိယအဆင့်အရာရှိက ပြစ်ဒဏ်စီရင်ရေးဝန်ကြီးနှင့် အဆင့်တူ အရာရှိဖြစ်သောကြောင့် အကြီးတန်းအရာရှိအဖြစ် သတ်မှတ်နိုင်သည်။ ရွှေအမှုက သူမနှင့် ကုယွင်ကိုသာ မှီခိုအားထားနေပါက အောင်မြင်ရန် မဖြစ်နိုင်ပေ။ ဤအမှုကို စုံစမ်းရာတွင် ဦးဆောင်နိုင်သည့် ယုံကြည်စိတ်ချရသောသူတစ်ဦးကို ရှာရမည် ဖြစ်ပြီး ရှန်ယုလန်က သေချာပေါက်ကို သင့်တော်သောသူ ဖြစ်သည်။
ကျွော့ချင်းက ဖြည်းညှင်းစွာ ငုံ့လိုက်ပြီး ရှန်ယုလန်၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ရှင် ရုံးတော်အမှုထမ်းတွေကို ဖယ်ရှားပေး၊ ကျွန်မမှာ သူ့ကို အမှန်အတိုင်း ပြောလာစေဖို့ နည်းလမ်း ရှိတယ်"
သူမ ဘာလုပ်နိုင်မှာလဲ???!
ရှန်ယုလန်က ကျွော့ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ယုံကြည်မှု အလင်းရောင်များ ရှိနေခဲ့သည်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ရှန်ယုလန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"အားလုံး ထွက်သွားကြ"
"ဟုတ်ကဲ့"
ရုံးတော်အမှုထမ်းများက သူ့ကို တွန်းထုတ်လိုက်သောကြောင့် လီကျစ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် သံသယအရိပ်အယောင်များ ထွက်ပေါ်လာသည်။
ရှန်ယုလန်က ကျွော့ချင်း၏စစ်ဆေးမည့်နည်းလမ်းကို စောင့်မျှော်ကြည့်ရှုနေခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ သူမက စကားပြောရန် မရည်ရွယ်ပုံဖြင့် သူ့ဘေးနားတွင် မလှုပ်မယှက် ရပ်နေလေသည်။ ထိုအစား ထောင့်တိုင်ကို မှီနေသော ကလေးမလေးက လှုပ်ရှားလာကာ သူတို့နားသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
ကုယွင်က ကျွော့ချင်း၏လက်ထဲမှ ဓားပျံကို လှမ်းယူလိုက်ပြီး လီကျစ်ဆီကို သွားနေကာ သူမ၏လက်ထဲမှ ဓားပျံကိုလည်း လှုပ်ခါနေသေးသည်။
"လီကျစ်၊ နှိုင်းယှဉ်ကြည့်တော့ ဒီဓားက သေဆုံးသူရဲ့ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ လူသတ်လက်နက်ဖြစ်နေတယ်၊ ချမ်ကျင်းနဲ့ ရန်လွီတို့ ရန်ဖြစ်တုန်းက ရှင်က အခင်းဖြစ်ပွားရာနေရာမှာ ရှိနေခဲ့တာ၊ ရှင့်မှာ အဲ့လိုလုပ်ဖို့ အခွင့်အရေး ရှိနေခဲ့တယ်။ ရှင်က သူကို သေစေပြီးတဲ့ နောက်မှာ လူသေအလောင်းနဲ့ အနီးကပ်ရှိခဲ့ပြီး လူသတ်လက်နက်ကို ဖုံးကွယ်ဖို့ အခွင့်အရေး ရခဲ့တယ်။ ရှင်က ရန်လွီဆီမှာ ပိုက်ဆံအမြောက်အမြား အကြွေးတင်နေသေးတယ်၊ ရှင့်မှာ သူ့ကို သတ်ဖို့ အကြောင်းပြချက်ရှိတယ်၊ ရှင့်မှာ သူ့ကို သတ်ဖို့ ရည်ရွယ်ချက်လဲရှိနိုင်တယ်၊ လူသတ်လက်နက်ကတောင် ရှင့်အိမ်မှာ ပေါ်လာခဲ့ပြီပဲ၊ ဒီလိုအခြေအနေမှာ ရှင် ငြင်းနေတာက ကိုယ့်ကိုကိုယ် လှည့်စားနေတယ်လို့ ရှင် မထင်ဘူးလား?"
သူမက စကားလုံးတိုင်းကို ပေါ့ပေါ့ပါးပါး ပြောနေသည်ဟု ထင်ရစေသော်လည်း ခွဲခြမ်းစိတ်ဖြာမှုကတော့ စေ့စပ်လွန်းသည်ဟု ပြောနိုင်သည်။ အစပိုင်းတွင် လီကျစ်က သူ့ရှေ့မှ ကလေးမလေးကို မထီမဲ့မြင် ပြုနေသေးသော်လည်း ယခုအချိန်တွင် သူ့မျက်နှာက မည်းမှောင်သွားကာ ထိတ်လန့်တကြား ငြင်းဆန်လိုက်သည်။
“ငါ ရန်လွီကို မသတ်ဘူး၊ ဒီဓားက တကယ်ကို ငါ့ရဲ့ ဓား မဟုတ်ဘူး"
ကုယွင်က ခေါင်းညိတ်ပြီး ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်သည်။
"ကျွန်မ ရှင့်ကို ယုံတယ်၊ ဒါပေမယ့် သက်သေတွေ အားလုံးက ရှင့်ကို ညွှန်ပြနေတယ်။ အဲ့တော့ ရှင်းရှင်းလေးပဲ၊ လူသတ်သမားက ရှင့်ကို ဓားစာခံ ဖြစ်စေချင်နေတာ!"
လီကျစ်က ခေါင်းငုံ့ထားသော်လည်း သူ့မျက်လုံးများက လှည့်ပတ်လှုပ်ရှားနေကာ တုန်လှုပ်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။
"ငါ... ငါ မှားယွင်း စွပ်စွဲခံရတာ!”
ကုယွင်က အကူအညီမဲ့နေသော အပြုံးဖြင့် ရှန်ယုလန်ကို လက်ညှိုးထိုးပြလိုက်ပြီး အနည်းငယ် စိတ်ရှုပ်နေပြီဖြစ်သော လီကျစ်ကို စိုက်ကြည့်ကာ ထပ်ပြောလိုက်ပြန်သည်။
"ရှင် မတရားစွပ်စွဲခံရတာကို ကျွန်မယုံတယ်။ ဒါပေမယ့် အဲ့တာက ရှင့်အတွက် အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့ တရားသူကြီးမင်းက ယုံမှာ မဟုတ်ဘူး။ ရှင်နဲ့ ရန်လွီရဲ့ကြားက လျှို့ဝှက်ချက်ကို အမှန်အတိုင်း ပြောပြလိုက်ရင် ရှင် သူ့ကို သတ်စရာအကြောင်းမရှိဘူးဆိုတာ သက်သေပြနိုင်ပြီ"
နောက်ဆုံးတွင် လီကျစ်က သူ့ခေါင်းကို မော့လိုက်သော်လည်း ကုယွင်ကို မကြည့်ဝံ့ဘဲ သူ့မျက်တောင်များက အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ ထို့နောက် သူက ချက်ချင်း ငြင်းဆန်လိုက်သည်။
"ငါ... ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်နေရုံပါပဲ၊ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး"
ကုယွင်က လီကျစ်အနားသို့ လျှောက်သွားပြီးနောက် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောသလို ပြောနေပြန်သည်။
"ဒါဆို ရန်လွီလို စစ်သူကြီးအိမ်တော်က ဒုတိယအဖွဲ့မှူးက ရှင့်ကို ငွေတွေ အများကြီးချေးဖို့ ဘယ်ကနေ ငွေတွေ ရလာတာလဲ?"
လီကျစ်၏ ခန္ဓာကိုယ်က ရန်အိမ်ရှင်မကဲ့သို့ပင် တုန်ခါသွားပြီး အမြန်ပြန်ဖြေလာခဲ့သည်။
"ငါ မသိဘူး"
"ရှင် လိမ်နေတာ"
လီကျစ်ရှေ့တွင် ရပ်နေသည့် ကုယွင်က ရုတ်တရက် ငုံ့လိုက်ပြီး သူ့အနားသို့ ကပ်လုနီးနီးကို ငုံ့ကြည့်လိုက်သည်။ သူမ၏မျက်နှာမှ အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး အေးစက်သည့်လေသံဖြင့် ထပ်ပြောလိုက်သည်။
"ရှင် သိနေတယ် မဟုတ်လား? ရှင်လည်း ဒီငွေတွေကို ဝေစုရသင့်တယ်လို့ ရှင် တွေးနေတာ မဟုတ်ဘူးလား? အဲ့ဒါကြောင့်လည်း ရှင်က မသမာတဲ့စိတ်နဲ့ သူ့ဆီကနေ ထပ်ခါထပ်ခါ ငွေတွေ တောင်းနေတာလေ ဟုတ်တယ်မလား"
"ငါ……"
ကုယွင်က သူ တုံ့ပြန်လာမည်ကို မစောင့်ဘဲ သေနတ်ဖြင့် ဆက်တိုက် ပစ်သလို ထပ်ကာ ထပ်ကာ တိုက်ခိုက်လိုက်သည်။
"ရှင်လည်း အဲဒီတုန်းက ရွှေအမှုတွဲမှာ ပါဝင်ခဲ့တယ်။ ချွီဇဲ့ မတရားစွပ်စွဲခံရတာ ရှင် သိတယ်၊ နောက်ကွယ်ကလူက ဘယ်သူလဲဆိုတာကို လည်း ရှင် သိတယ်၊ ဟုတ်တယ်မလား"
"မင်း..."
ကုယွင် ပြောနေသည့်စကားများကို ကြားလိုက်ချိန်တွင် လီကျစ်က အလွန်တုန်လှုပ်သွားပုံဖြင့် မျက်လုံးများ ပြူးလာပြီး စကားမပြောနိုင်တော့ပေ။
သူမ ဘယ်လို သိနေတာလဲ?? မဖြစ်နိုင်ဘူး!!
အံ့အားသင့်သွားသူက လီကျစ်တစ်ယာက်ထဲ မဟုတ်ဘဲ တရားခွင်တွင် ထိုင်နေသည့် ရှန်ယုလန်လည်း ပါဝင်သည်။
ဒီမိန်းခလေးက ကောင်းကင်ကို ဖြတ်ကျော်နိုင်တဲ့ အရည်အချင်းရှိနေတာလား? ကောင်းကင်ကို မသိတဲ့သူက ဒီကိစ္စကို မသိနိုင်ဘူး!!!
လီကျစ်၏ အလွန်ထိတ်လန့်နေသောအကြည့်ကို မြင်လိုက်ရချိန်တွင် ကုယွင်က သူ့ကို ပြုံးပြလိုက်ကာ သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဘာမှမဖြစ်သလို ထပ်ပြောလိုက်ပြန်သည်။
"ဒါက အံ့သြစရာ ဘာမှမရှိဘူး၊ ကျွန်မတို့လက်ထဲမှာ အထောက်အထားတွေ ရှိနေပြီးသား၊ အခု မေးနေတာတွေက ရှင့်ရဲ့အမှားတွေအတွက် ပြင်ဆင်ဖို့ အခွင့်အရေးပေးချင်လို့ မေးနေတာ"
လီကျစ်က ဤတစ်ကြိမ်တွင် လုံးဝ အထိတ်တလန့်ဖြစ်နေခဲ့သည်။ သူက စိတ်အားထက်သန်စွာ ဖုံးကွယ်ချင်နေသော်လည်း ကလေးမလေးတစ်ဦးကပင် သိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ တစ်ဖန် လီကျစ်က အလွန်ထိတ်လန့်သွားပြီး သူ့ကိုယ်သူ ညည်းညူရင်း နှစ်သိမ့်နေပုံပေါ်သည်။
"ငါ...မပြောနိုင်ဘူး...ဒါက ငါ့အတွက် အဆုံးစွန်ဆုံးဖြစ်သွားလိမ့်မယ်..."
သူ ပြောလိုက်ရင် အဲဒီလူက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။
ရာဇ၀တ်မှုကျူးလွန်ကြောင်း သိသောအခါတွင် တိုင်ကြားခြင်း မပြုပါက၊ ဖြစ်ရပ်မှန်ပေါ်ပေါက်လာလျှင် အသက်မရှင်နိုင်တော့မည်မှာ သေချာနေသည်။
အရမ်းကောင်းတယ်၊ ရွှေကိစ္စရဲ့ အတွင်းပိုင်းဇာတ်လမ်းကို သူ သိကြောင်း မဖုံးကွယ်တော့ဘဲ ဝန်ခံလိုက်ပြီ။
ကုယွင်က သူ့ကို စဉ်းစားခွင့်မပေးချင်တော့ဘဲ အားပြင်းသည့်ဆေးကို ထပ်တိုက်ချင်နေပုံဖြင့် အေးစက်စက် ထပ်ပြောလိုက်သည်။
"ရှင် ကျွန်မတို့ကို မပြောရင် ရှင် ရူးနေလို့ပဲ။ လူသတ်သမားက ရှင့်ကို လွှတ်ပေးမယ်လို့ ရှင် ထင်နေတာလား?”
“အဲဒီတုန်းက ရှင်တို့ လူငါးယောက်ရှိခဲ့တယ်၊ ချွီဇဲ့က သေသွားပြီ အခု ရန်လွီလည်း သေပြီ။ လူသတ်သမားက ရှင့်ကို အသက်ရှင်ခွင့်ပေးမှာလား? ရှင့်မှာ ရွေးချယ်စရာ မရှိတော့ဘူး၊ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်တာက ရှင့်နာမည်ကို ရှင်းလင်းနိုင်စေရုံသာမကဘဲ ရှင့်အသက်ကိုလည်း ကာကွယ်နိုင်မယ်။ ဒီလိုမှ မဟုတ်ရင် ဒီအကျဉ်းထောင်တံခါးကနေ ထွက်ခွင့်ရရင်တောင်မှ ရှင် အသက်ရှည်မှာ မဟုတ်ဘူး”
"ငါ..."
လီကျစ်၏စိတ်ထဲတွင် မသေဆုံးမီ နှိပ်စက်ခံခဲ့ရပြီး ပုံသဏ္ဍာန်မဲ့နေသည့် ချွီဇဲ့၏မျက်နှာနှင့် ရန်လွီ၏ခြေဖဝါးမှ တစိမ့်စိမ့် ကျနေသည့် သွေးများကို ပြန်မြင်ယောင်လာမိသည်။ ထိုအရာများကို မြင်ယောင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ရေခဲခန်းထဲတွင် ရှိနေသလို ခံစားလိုက်ရပြီး အေးစက်သည့် ချွေးပုတီးစေ့များက သူ့၏နဖူးမှတဆင့် ပါးပြင်အောက်သို့ စီးကျလာတော့သည်။
ကုယွင်က သူမ၏လက်ကို လီကျစ်၏ပခုံးပေါ်သို့ တင်လိုက်ပြီး သူ့၏နား နားသို့ ကပ်ကာ တိုးတိုးလေး ထပ်ပြောလိုက်သည်။
"အဲ့တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလုံးကို ပြောပြ၊ နောက်ကွယ်က စီစဥ်သူရဲ့နာမည်ကိုလည်း ပြောပြ!"
"ငါ... ငါ မပြောနိုင်ဘူး... မပြောနိုင်ဘူး! ငါ မသိဘူး... မသိဘူး!!"
ကုယွင်၏ထပ်ခါတလဲလဲ မေးခွန်းထုတ်မှုများကြောင့် လီကျစ်က မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူ့မျက်နှာမှ အမူအရာအရ ဘာကိုမှ အဓိပ္ပာယ်ဖွင့်ဆိုရန် မလိုအပ်တော့ပေ၊ သူ၏အကြောက်တရားက အလွန် ထင်ရှားနေခဲ့ပြီ ဖြစ်သည်။
"ငါ့ကို အတင်းအကြပ်လုပ်နေတာကို ရပ်တော့ ငါ မသိဘူး... ငါ ဘာမှ မသိဘူး" လီကျစ်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကိုင်ကာ အော်ဟစ်နေလေသည်။ သူက အသက်ဆယ်နှစ်ကျော်သာရှိသေးသော မိန်းမပျိုလေး၏ရှေ့တွင် မရပ်တည်နိုင်ဖြစ်နေခဲ့ပြီပင်။
ကုယွင်က ဘာမှပြန်မပြောတော့ဘဲ သူမလက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။ သူမက ကျွော့ချင်းထံ ပြန်လျောက်လာပြီး ဓားပျံကို ကျွော့ချင်းဆီသို့ ပြန်ပေးလိုက်သည်။ ထို့နောက် သူမက အားကိုးရာမဲ့ ပခုံးတွန့်လိုက်သည်။
သူ့ရဲ့ခံနိုင်ရည်က အားနည်းလွန်းတာလား??? . . ဒါမှမဟုတ် နောက်ကွယ်က လူက အရမ်း အစွမ်းထက်နေတာလား!
"ဒီကိုလာကြစမ်း" ရှန်ယုလန်က အသံအုပ်အုပ်ဖြင့် အော်လိုက်ပြီး အပြင်ဘက်တွင် စောင့်နေသော ရုံးတော်အမှုထမ်းများက အတွင်းခန်းထဲသို့ ချက်ချင်း ဝင်လာသည်။
"အကျဉ်းသားကို ထောင်ထဲမှာ ထားပြီး တင်းကျပ်တဲ့ ကြီးကြပ်မှုအောက်မှာ ထားလိုက်"
"ဟုတ်ကဲ့" ရုံးတော်အမှုထမ်းများက တုန်ချိတုန်ချိ ဖြစ်နေသော လီကျစ်ကို ဆွဲထုတ်သွားသည်။ ရှန်ယုလန်က ချင်းမော့ကို ကြည့်ကာ စိတ်ရှုပ်နေပုံဖြင့် မေးလာပြန်သည်။
"ဘာလို့ ဆက်မမေးတာလဲ?"
သူမ ဆက်ပြီး မေးလိုက်တာနဲ့ အမှန်တရားကို ထုတ်ဖော်နိုင်တော့မှာလေ။
ကုယွင်က ကျွော့ချင်းဘက်သို့ ငဲ့ကြည့်လိုက်သောကြောင့် ကျွော့ချင်းက သက်ပြင်းတစ်ချက်ချကာ ရှင်းပြလိုက်သည်။
"သူ ပြိုလဲတော့မယ်၊ အခု ပြောနေတာတွေကို သူ ဘာမှ နားမထောင်နိုင်တော့ဘူး၊ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်အရတော့ ဒီအခြေအနေကို ပိုတွေးလေလေ၊ သူ ပိုထိတ်လန့်လေလေ ဖြစ်နေတော့မှာ၊ သူ အခု အရမ်းထိတ်လန့်တုန်လှုပ်နေပြီ၊ မနက်ဖြန် မီးထဲကို လောင်စာနည်းနည်း ထပ်ထည့်လိုက်ရင် သူ အမှန်အတိုင်း ပြောလာလိမ့်မယ်”
သူမ စုံစမ်းစစ်ဆေးနေချိန်၌ ကုယွင် မည်မျှထက်မြက်နေသည်ကို ကျွော့ချင်း မြင်လိုက်ရပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ရှန်တရားသူကြီးမင်း၊ စစ်ဆေးတာပြီးပြီဆိုမှတော့ နှုတ်ဆက်ပါတယ်။ အခုကစပြီး အကျဉ်းသားရဲ့ အကာအကွယ်ကို ခိုင်ခိုင်မာမာ အားဖြည့်ထားပြီး လူသတ်သမားကို အခွင့်ကောင်း မယူပါစေနဲ့"
ကုယွင်က ပြောပြီးသည်နှင့် ကျွော့ချင်းကို ဆွဲခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။ နှစ်ယောက်သား တရားခွင်မှ ထွက်တော့မည့်အချိန်တွင် ရှန်ယုလန်က သူမတို့ကို ရုတ်တရက် တားဆီးလိုက်သည်။
"ချင်းသခင်မလေး... ကျေးဇူးပြုပြီး ခဏနေပါဦး"
သူ ဘယ်သူ့ကို ခေါ်တာလဲ??
ကျွော့ချင်းနှင့် ကုယွင်တို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ပြီးနောက် ရှန်ယုလန်ကို ပြန်ကြည့်လိုက်ရာ သူက လျင်မြန်စွာ လမ်းလျှောက်လာသည်ကို သူမတို့ မြင်လိုက်ရပြီး သူက ကုယွင်ရှေ့တွင် ရပ်ကာ သူ့လက်နှစ်ဖက်ကို မြှောက်ရင်း လက်သီးအုပ်လိုက်ကာ တလေးတစား ပြောလာခဲ့သည်။
"ဒီလူမှာ မေးခွန်းအနည်းငယ်ရှိလို့ သခင်မလေးက ကျွန်တော့်ကို အကြံဉာဏ်အချို့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကုယွင်က ရက်ရောစွာ ပြန်ပြောလိုက်သည်။
"ပြော"
ကုယွင်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ရှန်ယုလန်က တွန့်ဆုတ်မနေဘဲ ချက်ချင်းမေးလာခဲ့သည်။
"မင်း ရန်မိသားစုရဲ့အိမ်ကို ဝင်သွားတာ တစ်ရှီးချန်ရဲ့လေးပုံတစ်ပုံပဲရှိသေးတယ်၊ အဲဒီတုန်းက သေတဲ့သူက ဘယ်နေရာမှာ လဲကျခဲ့တယ်ဆိုတာကို မင်း ဘယ်လိုသိတာလဲ? ရွှေချောင်းကိစ္စကရော မင်း ဘယ်လိုသိတာလဲ.. ပြီးတော့ မင်းမှာ ဘာအထောက်အထားနဲ့ သဲလွန်စတွေ ရှိနေတာလဲ?”
"ပထမမေးခွန်းအတွက်ကတော့ ကျွန်မရဲ့နှာခေါင်းက သွေးနံ့ကို အရမ်းထိရှလွယ်တယ်၊ သန့်ရှင်းရေးလုပ်ပြီး ခဏလောက်ဆိုရင်တောင် အနံ့အသက်ကို ခံစားနေရတုန်းပဲ၊ ဓားပျံကြောင့်ကျန်ခဲ့တဲ့ အမှတ်အသားတွေက တခြားအရာတွေကနေ ချန်ထားခဲ့တဲ့ အမှတ်အသားတွေနဲ့ အရမ်းကွာခြားတယ်။ ရှန်လူကြီးမင်းလည်း ခွဲခြားနိုင်မယ်လို့ ကျွန်မပြောနိုင်တယ်၊ အခန်းထဲမှာ ဓားပျံရာတွေ အများကြီးကျန်ခဲ့ပြီး အများစုက အင်အားနဲ့ ဦးတည်ရာ အတူတူပဲ။ တစ်ခုကတော့ လုံးဝ ခြားနားနေတယ်၊ အကုန်လုံးကို ပေါင်းစပ်လိုက်ရင် အလောင်းရဲ့နေရာကို ခန့်မှန်းဖို့ လွယ်သွားပြီ၊ ဒုတိယမေးခွန်းက ချမ်ကျင်းနဲ့ နောက်တစ်ကြိမ် သီးသန့်တွေ့ဆုံခဲ့ပြီး ရွှေချောင်းအမှုက သူ ပေးလိုက်တဲ့ သဲလွန်စပဲ။ တတိယတစ်ခုကတော့ ရွှေချောင်းအမှုနဲ့ပတ်သက်ရင် ကျွန်မမှာ သဲလွန်စလောက်ပဲ ရှိသေးတာ..."
ထို့နောက် ကုယွင်က မျက်ခုံးပင့်ကာ ပြုံးပြလိုက်ပြီး ခပ်တိုးတိုး ထပ်ပြောလိုက်သည်။
"ကျန်တာတွေက ကျွန်မ လျောက်ပြောခဲ့တာ"
အောက်ထျန်းနှင့် ယဲ့မိန်တို့က ရွှေချောင်းအမှုကို စုံစမ်းရန် သွားနေခဲ့ပြီး ပြန်မလာသေးသောကြောင့် ထုံးစံအတိုင်း ရွှေချောင်းအမှုကို သူမ သေသေချာချာ မသိနိုင်သေးပေ။ သို့သော် သင့်လျော်သည့် လိမ်ညာမှုနှင့် ခြိမ်းခြောက်မှုများက စုံစမ်းစစ်ဆေးမှုအတွက် အကျိုးရှိမည်ကို သူမ အသေအချာ သိနေသောကြောင့် ထိုသို့ ပြောခဲ့ခြင်းပင်။ .
"ပြောပြီးပြီဆိုတော့ နှုတ်ဆက်ပါတယ်"
အစိမ်းရောင်နှင့် အပြာရောင်ပုံရိပ်လေးနှစ်ခုက သူ့ကို ထားခဲ့ကာ အေးအေးဆေးဆေး ထွက်ခွာသွားကြသော်လည်း ရှန်ယုလန်က သူမတို့ကို မတားတော့ပေ။ သူမတို့ တခြားဘာ လုပ်နိုင်မည်ကိုသာ သူ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
ယင်ထျန်းရုံးတော်မှ ထွက်လာပြီးနောက် ညနေစောင်းနေပြီဖြစ်ကာ ကျွော့ချင်းက မေးလိုက်ပြန်သည်။
"နောက်ထပ်လူနှစ်ယောက်ကို အခုသွားရှာမှာလား?”
"အင်း"
ထိုလူနှစ်ယောက်က အဓိကကျသည့်ပုဂ္ဂိုလ်များ မဟုတ်ဘူးဟု သူမ ယောင်ဝါးဝါး ခံစားနေမိသော်လည်း အမှုများကို ကိုင်တွယ်ရာတွင် သူမ၏အကျင့်စရိုက်က ပေါ့ဆမှုတစ်စုံတစ်ရာကို ခွင့်မပြုသောကြောင့် သူမ သွားကြည့်ရမည် ဖြစ်သည်။
"သခင်မလေးချင်းလင်"
နှစ်ယောက်သား ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးချိန်တွင် အမျိုးသမီးကြီးတစ်ယောက်၏အသံ တိုးတိုးတစ်ခု ထွက်ပေါ်လာသည်။
နှစ်ယောက်လုံး လန့်ဖျပ်သွားကြပြီး ကျွော့ချင်းက စကားပြောလိုက်သော အမျိုးသမီးကြီးကို ကြည့်လိုက်ကြသည်။
"မင်းက ဘယ်သူလဲ?"
ထိုအမျိုးသမီးကြီးက အပြုံးဖြင့် အဖြေပြန်ပေးလာခဲ့သည်။
"ဒီအစေခံက လွီမော့မော့ပါ"
သူမက သူမကိုယ်သူမ လွီမော့မော့ဟု မိတ်ဆက်လာသောကြောင့် နန်းတော်မှ ဖြစ်ရမည်ဟု တွေးကာ ကျွော့ချင်းတစ်ယောက် စိတ်တိုသွားရသည်။
ဒီဧကရာဇ်က ငါ့ကို ဒုက္ခပေးချင်နေပြန်ပြီလား??
ထိုအတွေးကြောင့် ကျွော့ချင်းက စိတ်မရှည်စွာဖြင့် ပြန်မေးလိုက်သည်။
"ဘာကိစ္စလဲ?"
ထိုမော့မော့ သူမကို ပြုံးမြဲပြုံးပြနေပြီး တရိုတသေ ပြန်ပြောလိုက်ပြန်သည်။
"မယ်တော်ကြီးက သခင်မလေးချင်းလင်ကို နန်းတော်ဆီ လာဖို့ အမိန့်တော်ရှိပါတယ်"
ဧကရီမယ်တော်ကြီး?!
ထိုစကားက ကျွော့ချင်းကို ထိတ်လန့်သွားစေခဲ့သည်။
သူမ ဘယ်တုန်းက ဧကရီမယ်တော်ကြီးရဲ့အာရုံကို ဆွဲဆောင်လိုက်မိတာလဲ? သူမကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ ယန်းဟုန်ထျန်းတစ်ယောက်နဲ့တင် မလုံလောက်သေးလို့လား??
ကုယွင်က ထိုအမျိုးသမီး၏မျက်နှာကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
"မင်းက ဧကရီမယ်တော်ကြီးရဲ့လူလား?"
"ဟုတ်ကဲ့"
ထိုမော့မော့က ကျွော့ချင်းကို ကြည့်ကာ ဖိတ်ခေါ်လိုက်သည်။
“ချင်းသခင်မလေး... ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ"
ကုယွင်က ကျွော့ချင်း၏နောက်သို့ လိုက်ချင်နေသော်လည်း ထိုမော့မော့ထံမှ တားဆီးခံလိုက်ရသည်။ သူမက ယဉ်ကျေးနေသော်လည်း သူမလေသံမှာ နူးညံ့သိမ်မွေ့ခြင်း မရှိပေ။
"သခင်မလေး... ကျေးဇူးပြုပြီး နေခဲ့ပေးပါ၊ ဧကရီမယ်တော်ကြီးက သခင်မလေးချင်းလင်ကိုပဲ ခေါ်တွေ့တာပါ"
ထိုမော့မော့၏ မျက်နှာပေါ်ရှိ အပြုံးက ရိုးသားမှု မရှိသော်လည်း သူမ အမှန်အတိုင်း ပြောနေခြင်းပင်။ သူမက ဧကရီမယ်တော်ကြီး၏ လူဖြစ်ရန် ထိုက်တန်သူဖြစ်သည်။ မနီးမဝေးတွင် အဆင့်အတန်းသိပ်မမြင့်သော ရထားလုံးတစ်စီး ရပ်ထားပြီး ထိုရထားလုံးဘေးတွင် ကြွက်သားတောင့်တင်းသော အမျိုးသားလေးဦး ရှိနေသည်။ ယနေ့ ကျွော့ချင်းက နာခံမှုမရှိလျှင် သေချာပေါက် အတင်းအကျပ် ခေါ်ဆောင်သွားမည်ဟု ထင်ရသည်။
ကုယွင်က ထိုလူများကို အလေးအနက် မထားသော်လည်း သူတို့က ဧကရီမယ်တော်ကြီး၏လူများ ဖြစ်နေသောကြောင့် သူတို့ကို အပြစ်ပြုဖို့ မတတ်နိုင်မည်ကို သူမ စိုးရိမ်နေမိသည်။
"နင် အရင် လိုက်သွားလိုက်၊ ငါ လို့ရှီးယန်ကို ရှာဖို့ ကူညီပေးမယ်"
ကုယွင်က ကျွော့ချင်းကို နှစ်သိမ့်ရန် ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီး ဘာကိုမှ အမှုမထားပဲ ကျွော့ချင်းကို စိတ်လိုက်မာန်ပါ မဆက်ဆံနိုင်ရန် မော့မော့လွီကို သတိပေးလိုက်သည်။
"အင်း"
ကုယွင်က နောက်ပိုင်းကိစ္စများကို ကိုင်တွယ်ပေးမည်ဟု ပြောနေသောကြောင့် ကျွော့ချင်း စိတ်သက်သာရာရသွားခဲ့သည်။ သူမက မော့မော့ကို ကြည့်လိုက်ပြီး သဘောထားကြီးဟန်ဖြင့် လှည့်ပြောလိုက်သည်။
"ဒါဆို မင်းကိုပဲ လမ်းပြခိုင်းရတော့မယ်"
ရထားလုံးက ကျွော့ချင်းကို သယ်ဆောင်သွားပြီး ကုယွင်ကလည်း ဝန်ကြီးချုပ်အိမ်တော်သို့ အမြန်ထွက်သွားခဲ့သည်။
အခန်း ၆၆ ဒါကို Propose လုပ်တယ်လို့ ယူဆရမှာလား?
ရထားလုံးက အမြန်မောင်းနှင်နေပြီး ကျွော့ချင်းက မယ်တော်မိဖုရားကြီး သူမကို ရှာဖွေရသည့်အကြောင်းအား တိတ်တဆိတ် တွေးတောနေသည်။
ဒါက ယန်းဟုန်ထျန်းရဲ့နောက်ထပ် လှည့်ကွက်တစ်ခုလား?! ဒါမှမဟုတ် လို့ရှီးယန်ကြောင့်လား?
သူမ၏ အတွေးများ ကမောက်ကမ ဖြစ်နေစဉ်တွင် ရထားလုံးက နန်းတော်ထဲသို့ ရောက်ရှိကာ ရပ်တန့်သွားပြီ ဖြစ်သည်။ ကျွော့ချင်းက မော့မော့နောက်မှ လိုက်သွားခဲ့ပြီး ခနတာ လှည့်ပတ်သွားလာပြီးနောက် နောက်ဆုံးတွင် နန်းတော်တစ်ခု၏ရှေ့တွင် ရပ်သွားသည်။ ကျွော့ချင်းက လှမ်းမျှော်ကြည့်လိုက်ရာ ဝင်းတံခါး၌ "ရှီရှနန်းတော်"ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
အနောက်ဆောင်ဧကရီမယ်တော်ကြီးရဲ့နန်းတော်လား?? သိပ်တော့ မထူးဆန်းပါဘူး။
ကျွော့ချင်းက တိတ်တိတ်လေး ကျိန်ဆဲရင်း ခြံဝင်းအပြင်ဘက်တွင် ကျန်ရစ်ခဲ့သည်။ သိပ်မကြာခင်မှာပဲ မော့မော့က တစ်ဖန် ပြန်ရောက်လာပြီး ဖိတ်ခေါ်လာပြန်သည်။
"ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး... လိုက်ခဲ့ပေးပါ"
နန်းတော်ထဲသို့ လိုက်ဝင်သွားပြီးနောက် ကျွော့ချင်း အံ့အားသင့်သွားရသည်။ မူလက ဧကရီမယ်တော်ကြီးတစ်ဦးတည်းကသာ သူမကို တွေ့ချင်နေသည်ဟု သူမ ထင်ခဲ့သော်လည်း နန်းတော်ထဲတွင် လှပသော မိန်းမများစွာ ရှိနေမည်ဟု သူမ မျှော်လင့်ခဲ့ပေ။ ကျွော့ချင်းက မျက်လုံးများကို ဝေ့ကြည့်လိုက်ရာ မထင်မှတ်ပဲ ချင်းဖုန့်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။
ထိုနောက် ကျွော့ချင်းက ဧကရီမယ်တော်ကြီးကို မြင်လိုက်ရသည်။ ကျွော့ချင်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက်တွင် မယ်တော်မိဖုရားကြီး ၏မျက်နှာပေါ်၌ ရှုပ်ထွေးနေသည့် ခံစားချက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သို့သော် ထိုအရာက အချိန်ခဏတာမျှသာ ဖြစ်သောကြောင့် ခွဲခြားရန် မလွယ်ကူပေ။
"မင်းက ချင်းလင်လား"
နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံက တိုးတိုးလေး ထွက်ပေါ်လာသည်။ ကျွော့ချင်းက အပေါ်ဆုံးခုံကို လှမ်းကြည့်လိုက်ရာ အနည်းငယ် ပြည့်ဖြိုးသော အမျိုးသမီးက သူမကို ငုံကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက ခရမ်းရောင် ဂါဝန်ရှည်နှင့် ရိုးရှင်းသော ခေါင်းဆောင်းအဆင်တန်ဆာကို ၀တ်ဆင်ထားသည်။ သူမတွင် အလွန်ရိုးရှင်းပြီး ဖော်ရွေသော အပြုံးတစ်ခုရှိနေသည်။
"ဟုတ်ကဲ့" ကျွော့ချင်းက ဖော်ဖော်ရွေရွေ ပြန်ဖြေလိုက်သည်။
"လာ၊ အိုက်ကျားဆီကို လာပါဦး" (အိုက်ကျား- ကွန်လွယ်သွားသော ဧကရာဇ်ဟောင်း၏မိဖုရားများက သူမတို့ကိုယ်သူမတို့ သုံးစွဲသော အခေါ်အဝေါ်)
ကျွော့ချင်းက တုံ့ဆိုင်းမနေဘဲ သူ့ဘက်သို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ မယ်တော်မိဖုရားကြီးက သူမကို အပေါ်အောက်၊ ဘယ်ညာ ကြည့်လာတာကြောင့် သူမက တုန်လှုပ်သွားချိန်တွင် ရုတ်တရက် မယ်တော်မိဖုရားကြီးက သူမလက်ကို ဆုပ်ကိုင်ကာ ပြုံးပြလာသည်။
"လို့လူကြီးမင်းက တကယ်ကို အမြော်အမြင်ရှိတာပဲ။ သူ(မ)က တကယ်ကို ထက်မြက်တက်ကြွတဲ့ မိန်းကလေးပဲ။ နာမည်လေးကလည်း ကောင်းတယ်၊ လူက နာမည်နဲ့အညီ အသက်ရှင်နေတယ်လို့ မထင်ဘူးလား၊ မင်းတို့ ပြောကြပါဦး”
"မယ်မယ်ပြောတာ မှန်ပါတယ် ၊ မယ်မယ်က ချင်းသခင်မလေး အကြောင်း ပြောနေတာလေ... မဟုတ်သေးဘူး၊ ကျွန်မတို့က သူ(မ)ကို လို့သခင်မလို့ ခေါ်သင့်တယ်၊ သူမက နတ်သမီးလေးလို လှပရုံသာမကပဲ ဥဏ်ပညာထက်မြက်ပြီး လိမ္မာပါးနပ်တယ်၊ အဲ့တာကြောင့် သူ(မ)ကို လူတွေက သဘောကျကြတယ်"
"ဟုတ်တယ်၊ ချင်းမိသားစုရဲ့ညီမသုံးယောက်က တစ်ယောက်စီတိုင်းက အရမ်းထက်မြက်ပြီး လှပတယ်လို့ ငါ ကြားဖူးခဲ့တာ ကြာနေပြီ၊ ဒီနေ့တော့ သူတို့ထဲက နှစ်ယောက်ကို တွေ့ခွင့်ရလိုက်တယ်၊ သူ(မ)တို့က သူတို့နာမည်တွေနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်"
ရုပ်ပျက်ဆင်းပျက်ဖြစ်နေရင်တောင် နတ်သမီးလေးလို လှပတယ်လို့ ပြောနေကြသေးတယ်ပေါ့...
ပထမအကြိမ်တွေ့ဆုံမှုက သူမ၏ စိတ်ခံစားချက်များကို ပြည့်လျှံလာစေသည်။ သူမက အလွန်ထက်မြက်ပြီး လိမ်မာပါးနပ်မှန်း သူတို့တွေ သိနေပြီဟု နားလည်လိုက်သော ကျွော့ချင်း၏ ခေါင်းတွင် ရုတ်တရက် အနက်ရောင်လိုင်းများ ဝင်ရောက်လာခဲ့သည်။ ထိုအမျိုးသမီးသာ ဆက်ပြောနေပါက သူမ သည်းမခံနိုင်တော့ပဲ အော့အန်သွားမှာကို စိုးရိမ်နေမိတော့သည်။ ကျွော့ချင်းက သူမလက်ကို မသိမသာ ပြန်ဆွဲယူလိုက်ပြီး အဓိကအကြောင်းအရာကို တိုက်ရိုက်မေးမြန်းလိုက်သည်။
"ဧကရီမယ်တော်ကြီး၊ မယ်မယ်က ကျွန်မကို ရှာတာ တစ်ခုခုကြောင့်လား? ကျွန်မကို ဘာလို့ မပြောတာလဲ"
"တကယ်တော့ တခြား ဘာမှ မရှိပါဘူး၊ ဝန်ကြီးချုပ်လို့က လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်။ အိုက်ကျားက ဘယ်မိသားစုက ဘယ်လိုအမျိုးသမီးမျိုးက ဝန်ကြီးချုပ်လို့ရဲ့မျက်နှာသာကို ရနိုင်မလဲဆိုတာကို သိချင်နေခဲ့တာ"
ဒီလောက် ပျင်းစရာကောင်းတယ်ပေါ့... ဖြစ်နိုင်ပါ့မလား??
ဒီဧကရီမယ်တော်ကြီးက ယန်းရူရွှယ်ရဲ့မိခင်ဖြစ်ပြီး အနောက်ဆောင်ရဲ့ဧကရီမယ်တော်ကြီး ဖြစ်ဖို့ ထိုက်တန်လွန်းတယ်။
ကျွော့ချင်းက သူမကို အနိုင်ကျင့်ရန် ဤနေရာသို့ခေါ်သည်ဟု သူမ ထင်ခဲ့သော်လည်း ခုလို အရမ်းဖော်ရွေနေတာကြောင့် သူမ မည်သို့ တုံ့ပြန်ရမည်ကို သေချာမသိတော့ပေ။
"လင်အာ... ကျေးဇူးပြုပြီး အိုက်ကျားဘေးမှာ ထိုင်လေ၊ အားလုံးက ဒီကို ရောက်နေပြီဆိုတော့ အစားအသောက်တွေ သွားစားကြရအောင်"
ထိုသို့ ပြောပြီးသည်နှင့် သူမကို ဧကရီမယ်တော်ကြီးနှင့် သိပ်မဝေးသော ဘယ်ဘက်ခြမ်းမှ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် နေရာပေးခဲ့ကြသည်။
ခဏအကြာတွင် စားပွဲပေါ်၌ အစားအသောက်များ တည်ခင်းနေကြပြီး အမျိုးသမီးအုပ်စုကြီးတစ်စုက စကားစမြည်ပြောကာ ရယ်မောနေကြသည်။ ကျွော့ချင်းကတော့ အလွန်အားအင်မဲ့နေသလို ခံစားလာရသည်။ သူမက သူမမျက်နှာကို စိတ်မရှည်သောအကြည့်ဖြင့် ကြည့်နေသော ချင်းဖုန့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက ချင်းဖုန့်ကို ခပ်ယဲ့ယဲ့ ပြန်ပြုံးလိုက်သည်။
ဒီအချိန်မှာတော့ သူမတို့က တကယ်ကို စိတ်ချင်းဆက်စပ်မှု ရှိနေသလိုပါပဲ။
အစားအသောက်များက လှလှပပပြင်ဆင်ထားပြီး အရသာကောင်းမွန်နေသည့်တိုင် ကျွော့ချင်းကတော့ စားချင်စိတ် ရှိမနေခဲ့ပေ။ ထိုအချိန်တွင် အမျိုးသမီးများထဲမှ တစ်ယောက်က ကျွော့ချင်းကို လှမ်းမေးလိုက်သည်။
"ချင်းသခင်မလေးအနေနဲ့ အားလပ်ချိန်တွေမှာ အပျင်းပြေအောင် ဘာတွေ လုပ်လေ့ရှိလဲ"
အပျင်းပြေလား?
“အလောင်းခွဲစိတ်တယ်”
ကျွော့ချင်းက ထိုမေးခွန်းကို သိပ်ပြီး မစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ သူမ၏ ဝါသနာက သူမ၏အလုပ် ဖြစ်ပြီး သူမ၏သူငယ်ချင်းများကလည်း သူမ၏ဝါသနာမှာ အလောင်းခွဲစိတ်ခြင်းဖြစ်သည်ဟု မကြာခဏ စနောက်လှောင်ပြောင်လေ့ရှိသည်။ သူမကလည်း ထိုသရော်မှုများကို ကျင့်သားရနေခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် ယခု သူမရှေ့တွင် ရှိနေသော အမျိုးသမီးအုပ်စုကတော့ သူမ၏ဟာသကို နားလည်သဘောပေါက်ခြင်း မရှိပေ။
ခန်းမထဲတွင် သေမင်းတမန်ကို တွေ့လိုက်ရသလိုမျိုး ဖြစ်သွားပြီး တစ်ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။ အားလုံးနီးပါးက သူမတို့အနီးနားမှ စားစရာများကို အဝေးသို့ တွန်းပို့လိုက်ကြသည်။ အထူးသဖြင့် နန်းတော်ဧည့်ခံပွဲမှ ရုန်းရင်းဆန်ခတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဧကရီ၏မျက်နှာက ဖြူဖျော့လာပြီး မအီမသာဖြစ်သွားပုံရသည်။
အော်.. ဒီလောက်ကြီး ချဲ့ကားနေစရာ မလိုပါဘူးဟ...ဟုတ်ပြီလား??
နှိုင်းယှဥ်ကြည့်လျှင် မယ်တော်မိဖုရားကြီးက သိသိသာသာပင် ငြိမ်သက်နေသည်။ အသီးအရွက်များကို လှမ်းယူနေသည့် သူမ၏လက်က အချိန်အနည်းငယ် ခေတ္တတုံ့ဆိုင်းသွားပြီး သူမ၏မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခု ရှိနေသေးသည်။
"လင်အာက တကယ်ကို မတူဘူးပဲ။ သူ့(မ)ကို ဝန်ကြီးချုပ်က အရမ်းသဘောကျနေတာ အံ့သြစရာ မရှိပါဘူး၊ လင်အာရဲ့ဆရာက ဘယ်သူလဲ”
"မသိတော့ဘူး၊ ကျွန်မရဲ့မှတ်ဉာဏ်တွေက ပျောက်သွားခဲ့တယ်"
ကျွော့ချင်းက ချောချောမွေ့မွေ့ ပြန်ဖြေလိုက်သည်။
အဲ့ဒါက တကယ်ကို ကောင်းတဲ့ ဆင်ခြေတစ်ခုပါပဲ။
"သနားစရာ ကလေးလေး၊ အိုက်ကျားက တစ်နေ့နေ့မှာ မင်းရဲ့ ရောဂါကို ရှာဖွေပြီး ကောင်းကောင်းကုသပေးဖို့ တော်ဝင်သမားတော်ကို တောင်းဆိုပေးမယ်"
ကျွော့ချင်းက အပြုံးလေးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် မယ်မယ်ရှင့်"
အမှန်တကယ်တွင် ကျွော့ချင်းက အနည်းငယ် စိတ်ရှုပ်နေပြီး ဤငြီးငွေ့စရာကောင်းသော ပါတီက မည်မျှကြာအောင် ကျင်းပနေမည်ကို တွေးတောနေမိသည်။
"ချင်ကိုယ်လုပ်တော်က သူ့ညီမကို မတွေ့တာကြာပြီဆိုတော့ သူ့(မ)ကို အရမ်း သတိရနေတယ်မလား?? ညီအစ်မနှစ်ယောက် စကားပြောလို့ရအောင် လင်အာက ဘာလို့ နန်းတော်မှာ ခဏလောက် မနေရတာလဲ?"
ကျွော့ချင်းက သူမစိတ်ထဲမှ ငြီးငွေ့လာပြီဟု ကြွေးကြော်နေစဥ်မှာပင် မယ်တော်မိဖုရားကြီး၏ ထောက်ထားစာနာပုံရသော စကားလုံးများက ကျွော့ချင်း၏ တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေပြီး ရင်ဖိုမှုများ ဖုံးလွှမ်းသွားစေခဲ့သည်။
သို့သော် ကျွော့ချင်း ငြင်းရန် အချိန်မရသေးခင်မှာပင် ချင်းဖုန့်က သူမထက်တစ်လှမ်းရှေ့တိုးပြီး ငြင်းဆန်လိုက်သည်။
"မယ်တော်ရဲ့မျက်နှာပေးမှုအတွက် မယ်တော့်ကို ကျေးဇူးတင်ပါတယ်၊ မင်္ဂလာပွဲက မကြာခင် ရောက်လာတော့မှာဆိုတော့ ကျွန်မညီမလေးမှာ ပြင်ဆင်စရာတွေ အများကြီးရှိနိုင်တယ်။ ပြီးတော့ အရေးပါတဲ့ ဝန်ကြီးချုပ်ရဲ့ဇနီးဖြစ်သူက နန်းတော်ကို အမြဲတမ်း ဝင်ထွက်နေတာက မသင့်လျော်ပါဘူး"
"ဒီလိုရှုပ်ထွေးတဲ့ကိစ္စတွေကို ယောက်ျားတွေ လုပ်ဖို့ ချန်ထားပေးနိုင်ပေမယ့် ချင်ကိုယ်လုပ်တော်ပြောတဲ့စကားက ကျိုးကြောင်းဆီလျော်ပါတယ်၊ ဒါဆို ဒီလိုလုပ်ကြရအောင်။ လင်အာက ဝန်ကြီးချုပ်နဲ့ လက်ထပ်ရမှာဆိုတော့ ကျင့်ဝတ်တွေကို လေ့လာဖို့ လိုအပ်နေသေးတယ်၊ အိုက်ကျားက မင်းအတွက် ဧကရာဇ်ကို တောင်းဆိုပေးမယ်။ မင်းတို့ညီအစ်မတွေ ကောင်းကောင်းပြန်ဆုံနိုင်ဖို့ ကျင့်ဝတ်တွေ သင်ယူဖို့ နန်းတော်ထဲကို ပွင့်ပွင့်လင်းလင်း ဝင်လာနိုင်တယ်”
"မယ်တော်မိဖုရားကြီး..."
"ကောင်းပြီ၊ အဲ့လိုပဲ ဆုံးဖြတ်လိုက်မယ်ဆိုတော့ ကိစ္စက ပြေလည်သွားပြီ" ချင်းဖုန့်က တစ်ခုခု ထပ်ပြောချင်နေပုံရသော်လည်း မယ်တော်မိဖုရားကြီး သူမကို ဆက်မပြောရန် လက်ဝှေ့ယမ်းပြလိုက်သည်။
ချင်းဖုန့်က စကားဆက်ပြောရန် ပြင်နေသေးသော်လည်း ကျွော့ချင်းက သူမကို စကားမပြောရန် မျက်ရိပ်ပြလိုက်သည်။ နောက်ဆုံးတွင် ချင်းဖုန့်က ဤနန်းတော်ထဲ၌ အချိန်အတော်ကြာ နေထိုင်ရမည်ဖြစ်ကာ မယ်တော်မိဖုရားကြီးကို စော်ကားမိခြင်းက သူမကိုယ်သူမ ဒုက္ခရောက်စေမည် ဖြစ်သည်။
မယ်တော်မိဖုရားကြီးက ဘာလို့ ငါ့ကို နန်းတော်ထဲကို ဝင်ခိုင်းဖို့ အသည်းအသန် ကြိုးစားနေရတာတုန်း။
ကျွော့ချင်းက ဤကဲ့သို့သော အန္တရာယ်များသော အခြေအနေမှ လွတ်မြောက်အောင်လုပ်ရရန် တွေးတောနေခဲ့သည်။ ထိုအချိန်တွင် အနီးအနားမှ မိန်းမစိုးတစ်ယောက်၏ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ "အရှေ့နန်းဆောင် မယ်တော်မိဖုရားကြီး ရောက်လာပါပြီ"
ဘာလို့ နောက်တစ်ယောက်ရှိနေသေးတာတုန်း!
မိန်းမစိုး၏ အော်ဟစ်သံဆုံးသွားသောအခါ အနီရောင်ရင့်ရင့်၀တ်စုံ ၀တ်ထားသော အမျိုးသမီးတစ်ယောက်က နန်းတွင်းအစေခံများ ခြံရံလျက် နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ သူမ၏ မျက်နှာနှင့် အရပ်ရှည်သော အသွင်အပြင်က အနောက်ဆောင်မယ်တော်မိဖုရားကြီးထက် ငယ်ရွယ်ပုံရသော်လည်း လေးဆယ်ထက်တော့ မငယ်တော့ပေ။ သူမက လှပသောအဝတ်အစားများနှင့် ရွှေဆံထိုးများကို ၀တ်ဆင်ထားပြီး အလွန်တင့်တယ်လှပနေသည်။ နှိုင်းယှဥ်ကြည့်လျှင် အနောက်ဆောင်မယ်တော်မိဖုရားကြီးက ပိုရိုးရှင်းပြီး ချဉ်းကပ်ရလွယ်ကူပုံ ပေါ်နေသည်။
သူမ ရုတ်တရက် ရောက်လာသောကြောင့် မောင်းမမိဿံအုပ်စုတစ်စုလုံး အထိတ်တလန့် ဖြစ်သွားပြီး အမြန်ထရပ်ကာ နှုတ်ဆက်လိုက်ကြသည်။ “မယ်တော်မိဖုရားကြီးကို နှုတ်ခွန်းဆက်ပါတယ်၊ မယ်တော်မိဖုရားကြီး ကောင်းချီးနဲ့ ပြည့်စုံပါစေ၊ မယ်တော်မိဖုရားကြီး ရာသက်ပန် ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ်”
“ထလော့” လို့စုရှင်းက မြေပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသမီးများကို မကြည့်ဘဲ ယန်းရူရွှယ်ဆီသို့ လျှောက်သွားခဲ့သည်။
အနောက်ဆောင်မယ်တော်မိဖုရားကြီးက မတ်တတ်ထရပ်ကာ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။
"ညီမလေး၊ ကျေးဇူးပြုပြီး မြန်မြန်ထိုင်ပါ၊ မင်းက ငါနေရာကို လာဖို့ ဘယ်လို အချိန်ရသွားတာလဲ"
ယန်းရူရွှယ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသော လို့စုရှင်းက အပြုံးဖြင့် နူးနူးညံ့ညံ့ ပြန်ဖြေလိုက်သည်။
"ရွှယ်အာ နေမကောင်းဖြစ်နေတာ ကြာနေပြီလေ၊ ပြီးတော့ အခုထိ ပြန်မသက်သာသေးဘူး။ အိုက်ကျားက သူ(မ)ဆီကို လာလည်ဖို့ တွေးခဲ့ပေမယ့် သူ(မ) ချင်းရွှယ်နန်းတော်မှာ မရှိဘူးဆိုတာကို ဘယ်လို ကြိုသိနိုင်ပါ့မလဲ? ဒီနားကို ရောက်လာပြီးမှ အစ်မက နန်းတော်မှာ ဧည့်ခံပွဲလုပ်နေတယ် ကြားခဲ့ရတယ်၊ အဲ့ဒါကြောင့် အိုက်ကျားလည်း ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲဖို့ လာခဲ့တာလေ”
ယန်းရူရွှယ်က တရိုတသေ တုံ့ပြန်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မယ်တော်မိဖုရားကြီး၊ ရွှယ်အာက အခု ပိုကောင်းလာပါပြီ"
သူမ၏ခြင်နှင့်တူသော အသံသေးသေးလေးက သူမ အရှေ့ဆောင် မယ်တော်မိဖုရားကြီးကို ကြောက်နေကြောင်း ပြသနေသည်။
"အဲ့လိုဆိုရင် အဆင်ပြေပါတယ်" လို့စုရှင်းက သူမလက်ကို လွှတ်ပေးလိုက်ပြီး လူတိုင်းကို တစ်ချက်ကြည့်လိုက်ကာ မေးလာပြန်သည်။
"မင်းတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ၊ ဆက်ပြောကြလေ"
ကံမကောင်းစွာဖြင့် လူတိုင်း ခေါင်းငုံ့ထားကြပြီး မည်သူမျှ ပြန်မဖြေရဲကြပေ။ ကျွော့ချင်းက အနည်းငယ် စပ်စုလိုက်ရာ လူတိုင်း အနည်းငယ် ကြောက်နေပုံရသည်ကို သူမ နားလည်လိုက်ရသည်။ ကျွော့ချင်း တိတ်တဆိတ် စောင့်ကြည့်နေဆဲပင်မှာ သူမ၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရသည်။ သူမ သတိပြန်ဝင်သွားချိန်တွင် အနောက်ဆောင် မယ်တော်မိဖုရားကြီးက သူမလက်ကို ပွတ်သတ်နေရင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြောနေပြီ ဖြစ်သည်။
“ရှီးယန်က သူ လက်ထပ်ခါနီးမှတောင် သူ့ရဲ့သတို့သမီးကို ကောင်းကောင်း ဝှက်ထားတယ်လေ။ ဒီနေ့တော့ နန်းတော်ထဲကို လူတွေကို ကြည့်ရအောင် အစ်မက အထူးဖိတ်ခေါ်ခဲ့တာ။ လှပတဲ့ နှလုံးသားရှိတဲ့ မိန်းကလေးက ရုပ်ရည်ချောမောပြီး ကြည့်ကောင်းတယ်၊ သူ(မ)က အရမ်းသဘောကျဖို့ ကောင်းတယ်၊ အခုလေးတင် လင်အာ နန်းတော်ထဲဝင်ပြီး တော်ဝင်ကျင့်ဝတ်တွေကို လေ့လာနိုင်ဖို့ ဧကရာဇ်ကို အမိန့်ထုတ်ပေးဖို့ တောင်းဆိုမယ်လို့ ဆွေးနွေးနေကြတာပါ။ ပြီးတော့ သူ(မ)တို့နှစ်ယောက်လုံးက အိမ်နဲ့ ဝေးနေတာ ကြာပြီဆိုတော့ စကားတွေ အများကြီး ပြောစရာရှိမှာ သေချာတယ်လေ”
လို့စုရှင်း၏မျက်လုံးများက သူမအပေါ်သို့ မှုန်မှုန်ဝါးဝါး ဖြတ်သန်းသွားပြီး လို့စုရှင်းက သူမ၏ပုံပန်းသဏ္ဍာန်ကို လုံးဝ ရှင်းရှင်းလင်းလင်း မကြည့်ကြောင်း ကျွော့ချင်း ယောင်ဝါးဝါး ခံစားလိုက်ရသည်။ လို့စုရှင်းက အနည်းငယ် မောက်မာဟန်ဖြင့် ထပ်ပြောလာပြန်သည်။
"ဒါလား၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ရှီးယန်က အိုက်ကျားကို ဒီအကြောင်း ပြောဖူးတယ်။ အိုက်ကျားတို့မိသားစုက ကောင်လေးက ငယ်ငယ်လေးကတည်းက ကျန်းမာရေးချို့တဲ့တယ်။ သူက နွေဦးရာသီနဲ့ နွေရာသီတွေမှာ ဖျားနာတတ်တယ်။ လင်အာက အပ်စိုက်ကုထုံးကို သိပြီး သူ ဖျားနာတဲ့အခါ ကုသပေးနိုင်တယ်။ သူက လင်အာကို ကျင့်ဝတ်တွေ သင်ပေးဖို့ ဝူမော့မော့ကို နန်းတော်ကနေ ထွက်လာပေးဖို့ တောင်းဆိုခဲ့တယ်။ အိုက်ကျားက သူ့ကို မငြင်းနိုင်တာကြောင့် သဘောတူလိုက်ရတယ်"
အနောက်ဆောင်မယ်တော်မိဖုရားကြီးက အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သောကြောင့် အကြောင်းအရာ ချက်ချင်း ပြောင်းလဲလိုက်ပြီး အပြုံးဖြင့် ထောက်ခံလိုက်သည်။
"ဒါက ရှီးယန်ရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စဆိုတော့ ဝူမော့မော့ကိုပဲ လွှတ်ပေးလိုက်ကြရအောင်၊ ညီမလေး ဒီကို ရောက်လာဖို့က ရှားပါးလှပါတယ်။ အတူတူ ထမင်းစားရအောင်"
"ကောင်းပြီ" နန်းတော်မှ ဧကရီမယ်တော်နှစ်ပါးက ထိုနေရာတွင် ထိုင်နေကြသည်။ မူလက ရွှင်မြူးသောလေထုက ရုတ်တရက် မှုန်မှိုင်းသွားခဲ့သည်။ ကျွော့ချင်းကတော့ စိတ်အခြေနေ ကောင်းမွန်နေသည်။ နောက်ဆုံးတွင် မည်သူမျှ သူမကို မနှောင့်ယှက်နိုင်တော့ပေ။ လူအများ၏မျက်လုံးအောက်တွင် ကျွော့ချင်းက အေးအေးဆေးဆေး ထမင်းစားပြီး သွားခဲ့သည်။
အရှေ့နန်းဆောင်မယ်တော်မိဖုရားကြီးက ကျွော့ချင်းကို ရှီးရှနန်းတော်မှ ခေါ်ထုတ်လာခဲ့သည်။ အရှေ့နန်းဆောင်မယ်တော်မိဖုရားကြီးက သူမကို တစ်ခုခုပြောမည်ဟု ကျွော့ချင်း ထင်မှတ်ထားခဲ့သော်လည်း ရှီးရှနန်းတော်မှ ထွက်လာသောအခါ မယ်တော်ကြီးက သူမကို တစ်ချက်ကြည့်လိုက်ပြီး စကားတစ်ခွန်းသာ ပြောလာခဲ့သည်။
"ရှီးယန်က နန်းတော်အပြင်ဘက်မှာ မင်းကို စောင့်နေတယ်"
ထိုစကားကို ပြောပြီးသည်နှင့် သူမက နောက်ပြန် လှည့်ထွက်သွားတော့သည်။
သူမက လို့ရှီးယန်ရဲ့အဒေါ် ဖြစ်နိုင်တယ်၊ လို့မိသားစုက လူတွေအားလုံးက သူတို့ ဘာတွေတွေးနေတယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်ကူဘူး!
မော့မော့အိုကြီးတစ်ဦးက ကျွော့ချင်းကို နန်းတော်တံခါးဝဆီသို့ ပို့ဆောင်ပေးခဲ့ပြီး လို့ရှီးယန်၏ရထားလုံးကို သူမ မြင်လိုက်ရသည်။ မထင်မှတ်ပဲ သူက ရထားလုံးထဲ၌ ထိုင်စောင့်မနေဘဲ ရထားလုံးအပြင်ဘက်တွင် ရပ်နေခဲ့သည်။ လရောင်အောက်တွင် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသော သူက မသေမျိုး နတ်ဘုရားတစ်ပါးကဲ့သို့ ပြေပြစ်ပြီး ပြီးပြည့်စုံနေသောကြောင့် သူ့ဘေးတွင် ရပ်နေသူများကို ရှက်ရွံသွားစေမည်ဖြစ်သည်။
ကျွော့ချင်း ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် လို့ရှီးယန်က သူမကို ချက်ချင်း နှုတ်ဆက်လိုက်သည်။
"ရှင် စောင့်နေတာကြာပြီလား?"
သူက အေးအေးဆေးဆေး စောင့်နေခဲ့တာလား? တကယ်တော့ သူ ဆယ်မိနစ် ဒါမှမဟုတ် ဆယ်နာရီကြာအောင် စောင့်ခဲ့တာလားဆိုတာ သူ့အပြောအဆို အသုံးအနှုန်းကနေ ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။
လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြန်ဖြေလာခဲ့သည်။
"ခဏပဲ ရှိပါသေးတယ်"
ကောင်းပြီ၊ သူက ခဏဆိုမှတော့ ခဏပဲပေါ့။
ကျွော့ချင်းက ရထားလုံးဘေး၌ လို့ရှီးယန်နှင့် မော့ပိုင်ကိုသာ မြင်လိုက်ရသောကြောင့် လို့ရှီးယန်အား ထပ်မေးလိုက်သည်။
"ချင်းမော့ ဘယ်မှာလဲ"
ဘာလို့ ကုယွင်ရဲ့အရိပ်ကိုတောင် မမြင်ရတာလဲ??
“မယ်တော်မိဖုရားကြီးက မင်းကို လာခေါ်သွားပြီး မင်း လိုက်သွားရတယ်လို့ သူ ကိုယ့်ကို လာပြောတယ်”
သူမက အလျင်စလို ပြေးလာပြောခဲ့သောကြောင့် သူမ စိတ်ပူနေပြီး သူ့နောက်ကို လိုက်လာမည်ဟု လို့ရှီးယန် ထင်လိုက်မိသည်။ သို့သော် ချင်းမော့က ပြောပြီးသည်နှင့် အေးအေးဆေးဆေး ပြန်ထွက်သွားလိမ့်မည်ဟုတော့ သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဘယ်လောက်တောင် ထူးဆန်းတဲ့ မိန်းခလေးလဲ?
သူနှင့် ကျွော့ချင်းကြားမှ ကွဲပြားမှုက ကျွော့ချင်းအနေဖြင့် ကုယွင်၏ ထိုကဲ့သို့အပြုအမူပေါင်းများစွာကို ကျင့်သားရနေပြီးဖြစ်သည်။ ကုယွင်က လို့ရှီးယန် သူမကို ကယ်တင်နိုင်မသည်ဟု ယုံကြည်နေသောကြောင့် အေးအေးဆေးဆေး ပြန်ထွက်သွားခဲ့ခြင်းပင်။
ကျွော့ချင်းက သူမခါးကို ဆန့်တန်းလိုက်ပြီး အိမ်ပြန်ရန် လောဆော်လိုက်သည်။
"နောက်ကျနေပြီ၊ ကျွန်မတို့ ပြန်ကြရအောင်"
ဒီနေ့ အလုပ်တွေများခဲ့ရပြီး သူမ ပင်ပန်းနေခဲ့ပြီ။
ကျွော့ချင်းက ရထားလုံးပေါ်သို့ တက်ခါနီးတွင် လို့ရှီးယန်က သူမ၏လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ ကျွော့ချင်းက စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကို ပြန်လှည့်လိုက်သည်။ လို့ရှီးယန်က သူမကို လေးလေးနက်နက် စိုက်ကြည့်နေမှန်း သူမ သိလိုက်ရပြီး သူက သူမကို မေးလာပြန်သည်။
"မင်းမှာ ကိုယ့်ကို မေးချင်တာတွေ မရှိဘူးလား??"
ကျွော့ချင်းက ခဏလောက်စဉ်းစားပြီးမှ အမေးကို မေးခွန်းဖြင့် တုံ့ပြန်လိုက်သည်။
"ဘာမေးရမှာလဲ?"
"ကိုယ် မင်းကို ရှာဖို့ နန်းတော်ထဲကို ဝင်မလာခဲ့ဘူးလေ၊ မင်း တစ်ယောက်တည်းကို နန်းတော်ထဲမှာ အကြာကြီး နေခိုင်းခဲ့တယ်၊ မင်း စိတ်မဆိုးဘူးလား??"
သူမ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော လို့ရှီးယန်က သူမကို လေးနက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
လို့ရှီးယန်၏ အနည်းငယ် တုန်လှုပ်နေသော အမူအရာက သူမကို ကျေနပ်အားရမိစေကြောင်း ကျွော့ချင်း ဝန်ခံနိုင်သည်။ သို့သော် သူမက ညုတုတုဆက်ဆံရေးမှ နုတ်ထွက်ချင်နေပြီး ချစ်ခြင်းမေတ္တာကို ပြသဖို့ ဤအခွင့်အရေးကို ယူရန် စိတ်မဝင်စားနိုင်သေးပေ။ ထို့ကြောင့် ကျွော့ချင်းက အနည်းငယ်ပြုံးကာ သူမသဘောထားကို ထုတ်ဖော်ဝန်ခံလိုက်သည်။
"မယ်တော်မိဖုရားကြီးက ကျွန်မကို နန်းတော်ထဲ ဝင်ဖို့ ခေါ်လိုက်တာပါ၊ အဲ့တာကြောင့် သူ(မ) ကျွန်မကို ဘာမှ မလုပ်နိုင်ဘူး။ ရှင်က တိုင်းရေးပြည်ရေးကို ဆောင်ရွက်နေတဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ မောင်းမဆောင်ကို ဝင်လာဖို့ အဆင်မပြေဘူး၊ တကယ်လို့ ရှင်သာ ကျွန်မကို ခေါ်ဖို့ဝင်လာရင် သူများတွေရဲ့ထောက်ပြစရာ ဖြစ်လာလိမ့်မယ်၊ ရှင် အရှေ့နန်းဆောင်မယ်တော်မိဖုရားကြီးကို လာကူညီဖို့ တောင်းဆိုပေးတာနဲ့တင် လုံလောက်နေပါပြီ၊ အရေးကြီးဆုံးကတော့ ကျွန်မ အဲ့လောက် မပျော့ညံ့ပါဘူး။ အဲ့ဒိ ဝံပုလွေတွေ၊ ကျားတွေနဲ့တူတဲ့ မိန်းမအုပ်စုမှာ ရည်ရွယ်ချက်ဆိုးတွေ ရှိနေပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်မကလည်း ယုန်ဖြူလေး မဟုတ်ဘူး၊ ရှင် စိတ်ချလို့ရပါတယ်"
သူမ၏ ပြုံးနေသော မျက်လုံးများတွင် အားအင်များ ပြည့်နှက်နေပြီး သူမ၏ နှုတ်ခမ်းများက အပြုံးတစ်ဝက်ဖြင့် လှပနေသည်။ လရောင်အောက်မှ သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်များ မရှိသည့်အပြင် သူမ၏ ယုံကြည်မှုက သူမကို အနည်းငယ် ပြိုးပြိုးပြက်ပြက် လင်းလက်နေစေခဲ့သည်။ လို့ရှီးယန်က ပြန့်ကျဲနေသော သူမ၏ဆံပင်စတစ်ခုကို သူ့လက်ချောင်းထိပ်လေးများဖြင့် ရစ်ပတ်ကာ ပွတ်သပ်နေရင်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီ၊ ကိုယ်ရဲ့လင်အာက မြေခွေးငယ်လေးပါ"
‘ကိုယ်ရဲ့လင်အာ’ တဲ့လား???
ထိုဖျော့တော့တော့ လေသံတိုးတိုးက လူကို ယစ်မူးစေနိုင်ပြီး သူမ၏အနက်ရောင်ဆံနွယ်များက သူ့လက်ထဲတွင် နစ်မြုပ်နေခဲ့သည်။ ကျွော့ချင်းက သူမတို့နှစ်ဦး၏ပတ်ပတ်လည်တွင် မသေချာမရေရာမှုများကို တစ်ဖန်ပြန်လည်ခံစားလိုက်ရပြီး သူမ၏နှလုံးသားက အထိန်းအကွပ်မဲ့စွာ ရူးသွပ်လာပြန်သည်။ မနေ့ညက ညင်သာစွာ နမ်းလိုက်သည့် အနမ်းလေးတစ်ခုက သူမနှလုံးသားက ပြောင်းလဲစေခဲ့သလို သူမ ခံစားနေရသည်။
ဒါပေမယ့် လို့ရှီးယန်ကရော အဲ့ဒါကို ဘယ်လို သတ်မှတ်မှာလဲ?
ကျွော့ချင်းက အရှုံး၊ အမြတ်ကို တွက်ချက်နေကာ ဆက်လက်စိုးရိမ်နေမိပြီး ဤကဲ့သို့ မရေရာသောအနေအထားတွင် သူမ နေနိုင်မည်လားဟု သူမကိုယ်သူမ ပြန်မေးနေမိသည်။
အဖြေကတော့ NO!
"ရှင် မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ကျွန်မ ကြားခဲ့တယ်"
အဲ့တော့ သူ့အချစ်ကို အရင်ဆုံး ဝန်ခံခိုင်းရမယ်။
သူမ၏ပိုးသားနှင့်တူသောဆံပင်က မျှော်လင့်ထားသလို နူးညံနေသည်ဟု ခံစားနေရသောကြောင့် လို့ရှီးယန်က သူမဆံပင်များနှင့် ဆက်ကစားနေရင်း အမှတ်မဲ့ ပြန်ဖြေလာသည်။
"အင်း"
ကျွော့ချင်းက သူ သူမအား စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေသည်ကို ဆက်ခွင့်မပြုတော့ဘဲ သူမဆံပင်တွေကို ဖြည်းညှင်းစွာ ပြန်ဆွဲယူလိုက်သည်။
"ဘယ်သူနဲ့လဲ?"
လို့ရှီးယန်ထံတွင် မပြီးဆုံးသေးသော အတွေးအချို့ ရှိနေပုံရပြီး တခုခုကို ပြောချင်နေသော်လည်း အေးမြပြီး ချောမွေ့သော အထိအတွေ့က သူ့ကို တုံ့ဆိုင်းသွားစေသည်။ သူက ကျွော့ချင်းကို သေသေချာချာ စိုက်ကြည့်နေရင်း ပြန်ဖြေလာသည်။
“မင်း”
ကျွော့ချင်းက သူမ၏ ရင်ဘတ်ပေါ်သို့ သူမလက်နှစ်ဖက်ဖြင့် ပြန်အုပ်လိုက်ပြီး ရယ်မောနေခဲ့သည်။
"ဒီကိစ္စမှာ ကျွန်မက ကာယကံရှင်ဖြစ်နေတာကို ကျွန်မက ဘာလို့ မသိရသေးတာလဲ"
လို့ရှီးယန်က အပြစ်ကင်းသော မျက်နှာဖြင့် မျက်မှောင်ကြုတ်လိုက်ကာ အခိုင်အမာ ပြောလာခဲ့သည်။
"ကိုယ် ပင်မခန်းမမှာ မင်းက ကိုယ်ရဲ့ဇနီးလို့ ပြောခဲ့တာကို မင်း မငြင်းခဲ့ဘူးလေ၊ အဲ့ဒါက မင်းက ကိုယ်ဇနီးဖြစ်ပေးမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား?"
အမှန်တကယ်တွင် သူက သူမအတွက် အပြစ်ကင်းသော ဟန်ဆောင်မှု ပုံစံကို ပြန်ပေးလာခဲ့သည်။ ကျွော့ချင်းက ရယ်ချင်နေသော်လည်း ဒေါသတကြီး ဆူပူလိုက်သည်။
"ဒါက အခြေအနေအရ လုပ်မိတဲ့ အပြုအမှုတစ်ခုပဲ!"
သူက သူ့မိန်းမလို့ မပြောခင်ကတည်းက သူမရဲ့သဘောတူချက်ကို အရင် တောင်းခဲ့ရမှာ မဟုတ်ဘူးလား??!
“အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေကတော့ အဲ့လိုတွေးမှာ မဟုတ်ဘူး၊ ကိုယ်လည်း အဲ့လို မတွေးဘူး”
သူ သူမကို လှည့်စားနေတာလား??!! သူက သူမကို လှည့်ဖြားလက်ထပ်ဖို့ သတ္တိရှိနေတာလား??
ကျွော့ချင်းက မပြုံးနိုင်ဘဲ မနေနိုင်တော့ပေ!
ကျွော့ချင်းက သူမမျက်နှာပေါ်မှ အမူအရာကို ခက်ခက်ခဲခဲ ဖုံးကွယ်ထားသောကြောင့် လို့ရှီးယန်၏ မျက်လုံးများက မှေးမှိန်သွားကာ သူက တိုးတိုးလေး ပြောလာပြန်သည်။
"ကိုယ့်ကို လက်ထပ်လိုက်ရင် မင်း ဒုက္ခရောက်မှာစိုးရိမ်နေတာလား?"
ကျွော့ချင်းက သူမ ခေါင်းကို ခါယမ်းလိုက်ပြီး ချက်ချင်း ငြင်းဆန်လိုက်သည်။
"မဟုတ်ပါဘူး၊ ရှင်ရဲ့ပြီးပြည့်စုံမှုက လူတွေရဲ့ သိမ်ငယ်မှုတွေ ဖြစ်စေပြီး ရှက်ရွံ့စေတယ်"
ဒါက သူ့ရဲ့အားသာချက်တစ်ခုလား???
လို့ရှီးယန်က သူ၏မျက်ဝန်းနက်နက်များကို မှေးကျဥ်းလိုက်ပြီး မေးလာပြန်သည်။
"ဒါဆို မင်းက ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒမရှိဘူးလား"
သူမ သူ့ကို လက်ထပ်ဖို့ ဆန္ဒရှိလား???
ကျွော့ချင်းက ယနေ့ ပွဲမှာ တွေ့ခဲ့ရသည့် အမျိုးသမီးများကို ပြန်တွေးမိသွားသည်။
သူမတို့အားလုံးက စွဲမက်ဖွယ်ကောင်းလောက်အောင် လှပပြီး တစ်ယောက်တစ်မျိုးစီ ကျက်သရေရှိကြပေမယ့် သူမတို့အားလုံး ယောကျာ်းတစ်ယောက်အတွက်နဲ့ နန်းတော်တံတိုင်းရဲ့နောက်ကွယ်မှာ ပိတ်မိနေခဲ့ကြတယ်။ သူမကတော့ သူမတို့ ဘာတွေ တွေးနေမှန်း မသိနိုင်ဘူး။ ဒါပေမယ့် သူမကတော့ လုံးဝကို အဲ့လို မဖြစ်ချင်ဘူး။
ကျွော့ချင်းက သူ့မျက်လုံးတွေကို စိုက်ကြည့်ရင်း အခိုင်အမာ ပြန်ဖြေလိုက်သည်။
"ဘယ်လိုပြောရမလဲ? ကျွန်မအတွက်က ကျွန်မရဲ့ခင်ပွန်းက ကျွန်မကို လေးစားရမယ်။ ကျွန်မတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ဖေးမကူညီပြီး ဂရုစိုက်ပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်စွာနဲ့ တတိယလူကို ဝင်ခွင့်မပေးနိုင်ဘူး၊ ဟုတ်တယ်... ပြီးတော့ စတုတ္ထ၊ ပဉ္စမနဲ့ ဆဋ္ဌမတွေကိုလည်း ပေါ်လာခွင့်မပေးနိုင်ဘူး၊ အဲ့တာကို ရှင် စွမ်းဆောင်နိုင်မယ်လို့ ရှင် ထင်လား??"
"မင်း ဂရုစိုက်တဲ့ ကိစ္စက နောင်မှာ ကိုယ် မောင်းမမိဿံတွေ ထပ်ယူမှာကိုပေါ့... ဟုတ်လား"
ကျွော့ချင်းက ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။
ဒါက ဒီခေတ်မှာ ရှောင်လွှဲလို့မရတဲ့ ပြဿနာတစ်ခုပါ။ သူ့ရဲ့ပြီးပြည့်စုံမှုက အမျိုးသမီးတိုင်းရဲ့ နှလုံးခုန်နှုန်းကို အပြည့်အဝ ဆွဲဆောင်နိုင်တယ်ဆိုရင်တောင်မှ သူမက သူ့ကို တခြားသူတွေကို မျှဝေဖို့ စိတ်မဝင်စားပါဘူး။
လို့ရှီးယန်က ညင်ညင်သာသာ ပြုံးလိုက်ပြီး ထိုပြဿနာကို စိတ်မ၀င်စားပုံဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ငါ... လို့ရှီးယန်ရဲ့ဘဝမှာ မိန်းမတစ်ယောက်ပဲ ရှိမှာ၊ မင်းက ကိုယ့်မိန်းမပဲ"
ကျွော့ချင်းတစ်ယောက် အံ့အားသင့်စွာဖြင့် ပါးစပ်ကို အနည်းငယ်ဟမိသွားပြီး ပြန်ပိတ်ရန် မေ့သွားတော့သည်။ သူ၏ရာထူးနှင့် အဆင့်အတန်းကြောင့် သူက သူမ စိတ်ကျေနပ်စေရန်အတွက် သူမကို လိမ်ညာနေစရာ မလိုပေ။ ဤပြေပြစ်ပြီး နူးညံ့သိမ်မွေ့သော ယောက်ျားက လူအများကြားတွင် ကွဲပြားနိုင်သည်ဟု ကျွော့ချင်း မှန်းဆခဲ့သော်လည်း သူက ဤမျှထူးခြားလိမ့်မည်ဟုတော့ သူမ မထင်ထားခဲ့ပေ။
သူ့တစ်သက်မှာ မိန်းမတစ်ယောက်ပဲ ရှိနိုင်မယ့်ဝန်ကြီးချုပ်ဆိုတာ ဒီလိုရှေးခတ်မှာ ရှိနိုင်ပါ့မလား?? ဘယ်သူမဆို ဒီလို ကတိကို လွယ်လွယ်နဲ့ မဝံ့ရဲကြဘူး မဟုတ်လား?? သူမ ဘယ်လို့မှ မအံ့သြဘဲ မနေနိုင်ဘူး။
ကျွော့ချင်း၏ ထိတ်လန့်သောအကြည့်က လို့ရှီးယန်ကို ရယ်မောစေခဲ့သည်။ သူက သူမ၏ဆံပင်ကို တစ်ဖန်ပြန်သပ်ပေးနေပြီး ကစားနေပြန်သည်။ လို့ရှီးယန်က သူမ၏အမူအရာကို လွဲမှားစွာ အဓိပ္ပါယ်ဖော်လိုက်ပုံဖြင့် တမင်တကာ ထပ်ပြောလိုက်သေးသည်။
"ကိုယ်ရဲ့မြေခွေးလေးက အရမ်းပျော်ဖို့ ဒီစကားမျိုး ပြောဖို့ လိုနေတာလား?"
နောက်ဆုံးတွင် ကျွော့ချင်းက ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟန့်လိုက်ပြီး သူမ၏ပါးစပ်ကို ပြန်အုပ်ကာ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မကို အမျိုးသမီးတစ်စုက ဝန်းရံပြီး အရမ်းထိတ်လန့်အောင် လှုံ့ဆော်ပေးခဲ့တာကြောင့် ကျွန်မရဲ့မျက်နှာအမူအရာက နည်းနည်းတော့ ဟန်ချက်မညီဖြစ်နေတယ်၊ အဲ့တာကို နားလည်ပေးပါ။ ကျေးဇူးတင်ပါတယ်.."
"အဲဒါက မင်းလိုချင်တဲ့ အဖြေအတိအကျ မဟုတ်ဘူးလား"
"ဟုတ်တယ်၊ အဲ့ဒါက..." သူ့အဖြေက သူမ၏ဟန်ဆောင်မှုကို သူမဘာသာ ပြန်အထင်ကြီးစေခဲ့သည်။
"ဒါဆို ဘာပြဿနာရှိသေးလဲ"
"ဘာပြဿနာလဲ?" ကျွော့ချင်းက အနည်းငယ် စိတ်ရှုပ်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ကိုယ့်မိန်းမဖြစ်လာဖို့ မင်းမှာ မေးစရာတွေ ရှိသေးလား"
လို့ရှီးယန်က သဘာဝကျကျ မေးလိုက်သော်လည်း ကျွော့ချင်းကတော့ သူကို ကျိန်ဆဲချင်နေပြီ ဖြစ်သည်။
အဲ့ဒါကို ဒီတစ်ယောက်က ဘယ်လိုဖြေစေချင်နေတာတုန်း!
'ငါ့မှာ ပြဿနာမရှိဘူး ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်ပေးပါ’ အဲ့လို ဖြေရမှာလား??! သူမ သေရင် သေသွားပါစေ ... အဲ့လိုတော့ မပြောနိုင်ဘူး၊ ဟုတ်ပြီလား...
ကျွော့ချင်းက ခပ်တည်တည် ပြန်ဖြေလိုက်သည်။
"ရှင်က အရမ်းစိတ်ကူးယဥ်ဆန်တဲ့ လူတစ်ယောက်လို့ ကျွန်မ ထင်ခဲ့ပေမဲ့ အခုတော့ ကျွန်မ ရှင့်ကို အမြင်မှားသွားပုံရတယ်"
သူမက အိမ်ထောင်မပြုဖူးပေမယ့် အခုလို လက်ထပ်ခွင့်တောင်းတဲ့သူမျိုးကတော့...
"စိတ်ကူးယဥ်ဆန်တဲ့အချစ်" လို့ရှီးယန်က သူ့မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ့မျက်လုံးများတွင် သံသယ အရိပ်အယောင်များ ပေါ်လာသည်။ ကျွော့ချင်းက သူမကိုယ်သူမ အရူးဟု တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
သူက "စိတ်ကူးယဥ်ဆန်တဲ့အချစ်"ဆိုတာ ဘာကိုဆိုလိုမှန်းတောင် မသိဘူးဟဲ့။
ကျွော့ချင်း မိမိကိုယ်ကို အပြစ်တင်နေချိန်တွင် သူမ၏ခါးက ရုတ်တရက် တင်းကျပ်လာသလို ခံစားလိုက်ရပြီး လို့ရှီးယန်၏အသံတိုးတိုးက သူမနားထဲသို့ ဝင်ရောက်လာသည်။
"ကိုယ် နားလည်ပြီ"
သူက ဘာကို နားလည်တာလဲ?! ကျွော့ချင်းက အံ့အားသင့်စွာဖြင့် ခေါင်းကို မော့ကြည့်လိုက်ရာ ပြိုးပြိုးပြက်ပြက် လက်နေသော မျက်နှာချောချောလေးကိုသာ မြင်လိုက်ရသည်။ ကျွော့ချင်းက မသိစိတ်ဖြင့် နောက်ပြန်ဆုတ်ရန် ပြင်လိုက်သော်လည်း သူမ၏ခါးပေါ်ရှိ လက်က သူမကို လွတ်မြောက်ရန် အခွင့်မပေးဘဲ သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့သည်။ ကျွော့ချင်းတစ်ယောက် သူမနှုတ်ခမ်းပေါ်မှ အပူငွေ့များကိုသာ ခံစားနိုင်တော့သည်။
“ဟမ့်…” သူမ၏အာမေဋိတ်သံများအားလုံးက တစ်ဖက်သား၏ နွေးထွေးသော အသက်ရှုသံထဲသို့ ရောနှောသွားသည်။ ကျွော့ချင်းက သူမ၏မျက်လုံးများကို ပြူးကျယ်သွားအောင် ဖွင့်လိုက်သေးသည်။ သို့သော် သူမ၏အသိစိတ်က ခဏလောက် လွတ်ထွက်သွားပြန်သည်။
သူ... သူမကို နမ်းလိုက်တယ်...
သူက သူမကို ကြောင်တောင်တောင် စိုက်ကြည့်ခွင့်မပေးဘဲ သူ့၏နွေးထွေးသော ဝင်သက်ထွက်သက်များက သူမဆီမှ အနံ့ကို ခံနေကာ သူအနမ်းများက နူးညံ့နေသေးသော်လည်း သူမ၏ခါးကို သိုင်းဖက်ထားသော သူ့လက်နှစ်ဘက်က သူမ အသက်ရှူရခက်သွားသည်အထိ တင်းကျပ်စွာ ဖက်တွယ်ထားပြီး သူမကျောကို ပွတ်သပ်နေခဲ့သည်။ ထို့နောက် လို့ရှီးယန်က သူမ၏ နှုတ်ခမ်းများကို လွှတ်ပေးလိုက်ပြီး သူ့ခေါင်းကို သူမနဖူးပေါ်တင်ကာ မတိုးလွန်း မကျယ်လွန်းသော အသံဖြင့် တီးတိုးပြောဆိုလာသည်။
“အခု မင်း ကိုယ့်ကို လက်ထပ်လို့ရပြီလား"
ကျွော့ချင်းက ယခုအချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။
သူက ကျောက်စိမ်းကဲ့သို့ ဖြူစင်ကာ နူးညံ့သိမ်မွေ့ပြီး ကျိုးနွံယဥ်းကျေးတက်တဲ့သူ မဟုတ်ဘူးလား?? အခု ဖြစ်ပျက်နေတာတွေကို ဘယ်သူက ငါ့ကို ရှင်းပြနိုင်မလဲဟင်??
သူ့နောက်မှာ သက်တော်စောင့်တွေ အများကြီး ရှိသေးတယ်လေ၊ သူ တကယ်ပဲ သူမကို ဒိနေရာမှာ ဒီလိုနမ်းခဲ့တာလား??!!
လူနှစ်ယောက်၏ အသက်ရှုသံများက အချင်းချင်း ရောထွေးလျက် ရှိနေဆဲဖြစ်သည်။ သူ၏ ပြီးပြည့်စုံသော မျက်ခွံများက အနည်းငယ် ကျယ်လာကာ ဖော်မပြနိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ ကျွော့ချင်းကတော့ သူမ ရူးသွပ်သွားသလို ခံစားနေရပြီး လို့ရှီးယန်ကို ပို၍ပင် မခုခံနိုင်တော့ကြောင်း နားလည်လိုက်ရသည်။
ပြင်းပြပြီး နွေးထွေးတဲ့ အနမ်းတွေက သူမရဲ့ခံစားချက်တွေက ပိုမိုကောင်းမွန်လာစေတယ်လို့ ပြောဖို့ကလွဲပြီး သူမ ဘာမှ မသိတော့ဘူး....
(T/N: မယ်တော်မိဖုရားကြီးနဲ့ ဧကရီမယ်တော်ကြီးက အတူတူပါပဲနော်....E-Tranက နှစ်မျိုးရေးနေတော့ ကိုယ်လဲ နှစ်မျိုးရေးတာပါ၊ ပုံမှန်ဆိုရင်တော့ အရင်ဧကရာဇ်ရဲ့ ဧကရီဟောင်းပါ၊ ဧကရီရဲ့သားတော်က ထီးနန်းမရတာမျိုးဆိုရင် လက်ရှိဧကရာဇ်တွေက သူတို့ရဲ့မွေးမိခင်တွေကို ဧကရီမယ်တော်ကြီးဘွဲ့ပေးပြီး မယ်တော်မိဖုရားကြီးက နှစ်ယောက်ရှိတက်ပါတယ်၊ ဖတ်နေကျသူတွေဆို သိနေပေမယ့် ခုမှ ဖတ်တဲ့သူတွေဆို ရှုပ်နေမှာဆိုးလို့ပါ၊ ခုဒီမှာလည်းဧကရီမယ်တော်ကြီးက နှစ်ယောက်ရှိနေတာပါ၊ အရှေ့နန်းဆောင်ဧကရီမယ်တော်ကြီးက အရင်ဧကရီအဟောင်းပါ၊ သူက လို့ရှီးယန်ရဲ့အဒေါ်အရင်းပါ၊ အနောက်နန်းဆောင်ဧကရီမယ်တော်ကြီးက အရင်က ကြင်ယာတော်ပါ၊ လက်ရှိဧကရာဇ်ယန်းဟုန်ထျန်းရဲ့မွေးမိခင်ရင်းပါ၊ အရင်ဧကရာဇ်က သူ့ဧကရီမှာ ကလေးမရှိလို့ ကြင်ယာတော်က မွေးတဲ့သားအကြီးဆုံးကို သူ့ဧကရီကို မွေးစားခွင့်ပေးလိုက်ပြီး ထီးနန်းပေးလိုက်တာပါ၊ သူတို့ဓလေ့မှာက မွေးစားခွင့်မပေးရင်တောင် ဧကရီကိုပဲ မယ်တော်ခေါ်ရတာမျိုးပါ၊ အခုကျတော့ လုံးဝမွေးစားခွင့်ပေးလိုက်တော့ ယန်းဟုန်ထျန်းက လို့ရှီးယန်ရဲ့အဒေါ် ဧကရီရဲ့ လက်ပေါ်မှာကြီးပြီး ဧကရီက ပြုစုပျိုးထောင်ခဲ့တာပါ၊ အဲ့တာကြောင့် လို့ရှီးယန်နဲ့လက်ရှိဧကရာဇ်ယန်းဟုန်ထျန်းက သွေးမတော်ပေမယ့် တရားဝင်ဝမ်းကွဲတော်တွေဖြစ်လာပြီး အတူကြီးပြင်းလာခဲ့တာပါ၊ ဧကရာဇ်ရဲ့ကောင်းမွေဆိုးမွေတွေ အားလုံးကလည်း အရင်ဧကရီကပဲ ခံစားခွင့်ရှိတာပါ၊ အနောက်ဆောင်ကတစ်ယောက်ကတော့ မွေးအမေဆိုတဲ့နာမည်ပဲရှိတာပါ၊ အဲ့တာကြောင့် သူက အရင်ကရော အခုရော လို့ရှီးယန်ရဲ့အဒေါ်ထက် အဆင့်နိမ့်ပါတယ်၊ နည်းနည်းလေး spoil ရရင် အဲ့ဘွားတော်က ဗီလိန်ခေါင်ချုပ်ပါ )
.........။.........။.......