အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း ၆၉ လူသတ်သမား (အပိုင်း ၂)
မူလက မှောင်မိုက်သောအခန်းထဲသို့ နေရာတိုင်းမှ မီးတိုင်များ၏အလင်းရောင်များ ဝင်ရောက်လာပြီး လင်းထိန်လာသည်။ မီးရောင်ကြောင့် အတွင်းပိုင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဒါဇင်နှင့်ချီသော ရုံးတော်အမှုထမ်းများက အုတ်ကြွပ်မိုးထားသည့် အိမ်ငယ်လေးတဝိုက် ချုံခိုပုန်းအောင်းနေခဲ့ပြီး ခြံ၏အလယ်၌ ရပ်နေသည့်လူစုထဲတွင်တော့ ရှန်ယုလန်နှင့် ကုယွင်တို့ ပါဝင်နေသည်။
အနက်ရောင်ဝတ်လူက အစောပိုင်းလောက်သာ ခတ္တမျှ အထိတ်တလန့် ဖြစ်သွားခဲ့ပြီး ဝိုင်းရံခံလိုက်ရသည့်အန္တရာယ်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ သူက တံခါးအပြင်ဘက်ရှိ လူတစ်စုကို အေးစက်သော မျက်လုံးတစ်စုံဖြင့် ကြည့်နေကာ သူ့လက်ထဲမှ ဓားရှည်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။
"ရန်သခင်မ၊ အရှုံးပေးလိုက်ပါတော့၊ မင်းမှာ လွတ်မြောက်နိုင်မယ့် လမ်း မရှိတော့ဘူး"
ကုယွင်က ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားနေပြီး ရှန်ယုလန်ကတော့ မူလနေရာတွင် ရပ်နေဆဲဖြစ်သည်။ ကုယွင်က သူမ၏လက်ကို ဝှေ့ယမ်းပြီး ဘာမှ မထူးခြားသည့် အမူအရာဖြင့် အိမ်ထဲသို့ ဝင်သွားလိုက်သည်။
ကုယွင်၏လုပ်ရပ်က ရှန်ယုလန်၏ မျက်နှာကို မည်းမှောင်သွားစေသည်။ သူမက အမှုကိစ္စများ စုံစမ်းရာတွင် အလွန်တော်ကြောင်း သူ သိထားသော်လည်း ရာဇ၀တ်သားက သူမကို ဖမ်းဆီးပြီး ခြိမ်းခြောက်ရန် အသုံးချပါက ပိုမို ဆိုးရွားသွားပေလိမ့်မည်။
ရှန်ယုလန် ကုယွင်အား တားမြစ်ရန် ခြေလှမ်းပြင်နေဆဲမှာပင် သူ့အင်္ကျီလက်ကို ရုတ်တရက် အဆွဲခံလိုက်ရသည်။ ရှန်ယုလန် လှည့်ကြည့်လိုက်ရာ ကျွော့ချင်းက သူ့ကို ခေါင်းခါပြနေပြီး ငြိမ်ငြိမ်နေရန် အချက်ပြနေသည်ကို သူ တွေ့လိုက်ရသည်။
ချင်းလင်က အလျင်စလို မလုပ်ဖို့ ပြောနေပြီဆိုမှတော့ ချင်းမော့မှာ အစီအစဥ် ရှိကောင်းရှိနိုင်တယ်။
ရှန်ယုလန်က သူ့အစီအစဥ်အတိုင်း ချုံခိုဝိုင်းရံထနေသည့် လေးသမားကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး အိမ်ထဲမှ အနက်ရောင်၀တ်ထားသည့် လူကို မြှားရှည်များဖြင့် ချိန်ထားရန် အချက်ပြလိုက်သည်။ အနက်ရောင်၀တ်ထားသည့်လူ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ထိုလူ ဖြူကောင်တစ်ကောင်ကဲ့သို့ ဖြစ်သွားအောင် ချက်ချင်း ပစ်သတ်လိုက်နိုင်ပေသည်။
ကုယွင်က အိမ်ထဲသို့ လက်နက်မဲ့ ဝင်ရောက်လာကာ အလည်အပတ်လာသကဲ့သို့ လှည့်ပတ်ကြည့်ရှု့နေသည်။ အနက်ရောင်ဝတ်လူက အနည်းငယ် လန့်ဖျပ်သွားပုံရသော်လည်း ခဏအကြာတွင် သူ့မျက်နှာပေါ်မှ ပုဝါကို အမြန် ဆွဲချွတ်လိုက်သည်။ မီးရောင်အောက်မှ သူမ၏ ခေါင်ရမ်းပန်းပုံမျက်နှာက အမှန်တကယ်ပင် လှပနေခဲ့သည်။
ဒီခပ်ဖျော့ဖျော့မျက်နှာပိုင်ရှင်က ပျော့ညံ့ပြီး မကျန်းမမာဖြစ်နေတယ်လို့ ပြောခဲ့တဲ့ ရန်အိမ်ရှင်မကလွဲပြီး တခြားသူ ဖြစ်နိုင်ဦးမှာလား???
ရန်အိမ်ရှင်မက ကုယွင်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ခပ်တင်းတင်း မေးလိုက်သည်။
"နင်က ငါ ဆိုတာ ဘယ်လိုလုပ်သိသွားတာလဲ?"
ရန်အိမ်ရှင်မ၏သရုပ်ဆောင်စွမ်းရည်က တဖက်ကမ်းခပ်နေပြီဟု မှတ်ယူနိုင်သည်။ သူမက သာမန်နေ့မျာတွင် နူးညံ့ပျော့ပျောင်းသော အိမ်ထောင်ရှင်မတစ်ယောက်သာ ဖြစ်သည်။ သာမန်အားဖြင့် သူမ၏နူးညံ့သိမ်မွေ့သော အသွင်အပြင်ကြောင့် သူမ၏မျက်နှာချေမှုန့်များနှင့် အမျိုးသမီးအဝတ်အစားများကို ဖယ်ရှားပြီးနောက်တွင် သူမထံ၌ ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ်မျိုးရှိနေမည်ဟု မည်သူကမှ ယုံကြည်နိုင်မည် မဟုတ်ပေ။ သူမ၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်ကြည့်လျှင် ကုယွင်က ထူးထူးခြားခြား သက်တောင့်သက်သာရှိနေပုံရပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ငါ ရန်မိသားစုရဲ့အိမ်ကို ဒုတိယအကြိမ်ရောက်တုန်းက မင်း လိမ်နေတာကို ငါ သိလိုက်ရတယ်။ မင်းရဲ့အမူအရာတွေအရ ရန်လွီက ဘာကြောင့် ပိုက်ဆံအများကြီးရနေတယ်ဆိုတာကို မင်း ကောင်းကောင်း သိတယ်၊ ပြီးတော့ မင်းက အမုန်းတရားတွေကိုလည်း ပြသခဲ့သေးတယ်၊ မူလက မင်းနဲ့ လီကျစ်ကြားမှာ မရိုးသားတာတစ်ခုခုရှိနေတယ်လို့ ငါ ထင်ခဲ့တယ်၊ အဲ့တာကြောင့် မင်းက ရန်လွီကို သတ်ပြီး ချမ်ကျင်းကို အပြစ်ပုံချဖို့ ကြံစည်ခဲ့တယ်လို့ ငါ ထင်ခဲ့တယ်၊ ဒါပေမယ့် လီကျစ်နဲ့ တွေ့ပြီးနောက် ဒီခန့်မှန်းချက်ကို ငါ ပယ်ချလိုက်တယ်"
အပြင်တွင် အနည်းဆုံး လေးသမား တစ်ဒါဇင်ကျော်လောက် ရှိပြီး လူတိုင်းက သူမတို့နှင့် ခြေလှမ်းတစ်ရာကျော် ကွာဝေးနေသည်။ ထို့ကြောင့် တိကျစွာ ပစ်နိုင်မည်ဟု မသေချာသော်လည်း လေးသမားက တစ်ယောက်တည်းမဟုတ်ပေ။ သူတို့ အားလုံး ဝိုင်းပစ်လျှင် သူမလည်း လွတ်လမ်းမရှိပဲ ဖြူကောင်တစ်ကောင် ဖြစ်သွားပေလိမ့်မည်။ ကုယွင်က သူမနှလုံးသားထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို တစ်ဖက်သို့ ရွေ့လိုက်သည်။ သူမက တံခါးနားမှ နေရာကျဉ်းကျဉ်းလေးထံသို့ တိုးသွားပြီး ထိုနေရာက မှီချလိုက်ရင်း ဆက်ပြောလိုက်သည်။
“အဲဒီနေ့တုန်းက အဲ့ဒီနေရာမှာ ရှိနေတဲ့လူတွေထဲမှာ လီကျစ်နဲ့ ချမ်ကျင်းကို ဖယ်ထုတ်လိုက်ရင် မင်းက ပြစ်မှုကျူးလွန်နိုင်ခြေ အရှိဆုံးပဲ၊ ဒါပေမယ့် မင်းလို 'ပျော့ညံ့တဲ့မိန်းမ'က ဘယ်လိုလုပ် လူသတ်နိုင်မှာလဲ? အဲ့ဒါဆို တစ်စုံတစ်ယောက်ရှိသေးတာလား? ဒါနဲ့ မင်းမှာ ကြံရာပါရှိလားလို့ ငါ သံသယဖြစ်မိပြန်တယ်၊ အဲ့ကြံရာပါက ရန်လွီကို သတ်လိုက်ပြီး မင်း သူ့ကို ပစ်လိုက်တဲ့ဓားကို ယူသွားပြီး လီကျစ်ရဲ့အိမ်မှာ ဝှက်ထားပေးခဲ့တယ်။ သူ့ကို ဖမ်းပြီးသွားတော့ သူ့မှာ အထောက်အထားတွေ ရှိနေပြီး လူသတ်မှု မကျူးလွန်ကြောင်း သူ့ကိုယ်သူ သက်သေပြနိုင်တော့မှာကို မင်း စိတ်ပူသွားပြီး မင်း သူ့ကို သတ်ဖို့ အဆိပ်ကို သုံးခဲ့တယ်”
ရန်အိမ်ရှင်မ၏ မျက်နှာတွင် မထီမဲ့မြင်အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ကုယွင်က သူမမှန်းဆချက်များကို ထပ်မံအတည်ပြုလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ဒီနေ့ နေ့လည် မင်းနဲ့တွေ့ပြီးတဲ့နောက်မှာ အဲ့ယူဆချက်တွေကို ဖယ်လိုက်တယ်၊ မင်းက ကြံရာပါ မလိုအပ်ဘူးဆိုတာ ငါ တွေ့လိုက်ရတယ်၊ မင်းက မင်းကိုယ်မင်း လျှို့ဝှက်ထားတဲ့နေရာမှာ အရမ်းကျွမ်းကျင်ပါတယ်... ရန်သခင်မ"
ရန်အိမ်ရှင်မက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
"ဘာလို့ အဲ့လိုထင်သွားတာလဲ"
သူမက ဒီနေ့ အပြစ်အနာအဆာတွေကို ထုတ်ဖော် မပြခဲ့ဘူးလေ ဟုတ်တယ်မလား?!
ကုယွင်က အေးအေးဆေးဆေး လက်ပိုက်လိုက်ပြီး အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"မင်းအိမ်မှာ ရှိတဲ့ လှပတဲ့ ပန်းပင်တွေကို မင်း မှတ်မိတယ်မလား? အဲ့ပန်းစင်မှာ အဆင့်လေးဆင့်ရှိပြီး ပထမအဆင့်မှာ ပန်အိုးရှစ်လုံး၊ ဒုတိယအဆင့်မှာ ပန်းအိုးခုနစ်လုံး၊ တတိယအဆင့်မှာ ပန်းအိုးခြောက်လုံးနဲ့ စတုတ္ထအဆင့်မှာ ပန်းအိုးကိုးလုံးရှိတယ်။ စုစုပေါင်း ပန်းအိုး သုံးဆယ့်ရှိတယ်။ ချင်းလင်က ပန်းအိုးတွေကို မတော်တဆ ထိမိသွားပြီး မင်းက သူ(မ)ကို ကူညီပေးခဲ့တယ်၊ နောက်တော့ မင်းတို့ အိမ်ထဲကို ဝင်သွားကြတယ်။ အဲ့ဒီမှာ ငါက တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ စတုတ္ထအဆင့်မှာ ပန်းအိုးတစ်အိုး ပျောက်ဆုံးနေပြီး ဒုတိယဆင့်မှာ ပန်းအိုးတစ်အိုး ပိုနေတယ်"
ကုယွင်၏ စကားကို ကြားပြီးနောက် ရန်အိမ်ရှင်မ၏အမူအရာက ပြောင်းသွားသော်လည်း တံခါးအပြင်ဘက်ရှိ ရှန်ယုလန်က ဘာဖြစ်နေမှန်းကို မသိဘဲ ဝင်မေးလိုက်သည်။
"ဒါက ဘာကိုဆိုလိုတာလဲ?"
သူ မေးလိုက်သော်လည်း ချင်းမော့က အလွန်မှတ်ဉာဏ်ကောင်းသည်ဟု နားလည်လိုက်သည်။
"ချင်းလင်က ပန်းစင်ကို ထိမိပြီး စတုတ္ထဆင့်က ပန်းအိုး ပြုတ်ကျသွားတယ်။ မင်းက ပန်းကြိုက်တဲ့သူမို့လို့ ကျလာတဲ့ ပန်းအိုးကို ဖမ်းဖို့ မင်းကို ဆန့်တန်းလိုက်တယ်။ ပြီးတော့ မင်းက ချင်းလင်ကြောင့် ပန်းအိုးတွေ ထပ်ပြုတ်ကျမှာကို ကြောက်လို့ ချင်းလင်ကို နောက်လက်တစ်ဖက်နဲ့ ကိုင်ထားလိုက်တယ်။ ဒီမြင်ကွင်းကို ငါ မြင်မှာကို စိတ်ပူပြီး ပန်းအိုးကို မင်းနဲ့ အနီးဆုံး ဒုတိယအဆင့်ပေါ် တင်ထားလိုက်တယ် ဟုတ်တယ်မလား?"
ကြည်လင်ပြတ်သားသော အမျိုးသမီးအသံက စကားလုံးများကို တစ်လုံးချင်းပြောနေသည်။ ရန်အိမ်ရှင်မက သူမ၏လက်များ အထိန်းအကွပ်မဲ့စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
ဒီလူက ပါးနပ်လွန်းတယ်။ နေ့ခင်းတုန်းက ချင်းမော့ သူမရဲ့ ပန်းပင်တွေကို သေသေချာချာ ကြည့်နေခဲ့တာကို သူမလည်း သတိထားမိခဲ့တယ်။ သူမက တကယ်ကို မှတ်ဥာဏ်ကောင်းလွန်းပြီး အဆင့်တစ်စင့်တိုင်းက ပန်းအိုးတွေကိုတောင် အသေးစိပ် ဖော်ပြနိုင်တယ်။ ပြုတ်ကျသွားတဲ့ ပန်းအိုးကို ပြန်နေရာချပြီးမှ ချင်းမော့ လှည့်ကြည့်လိုက်တာကို သူမ ရှင်းရှင်းလင်းလင်း မြင်ခဲ့သေးတယ်။ သူမရဲ့ လုပ်ရပ်တွေကို ချင်းမော့ မမြင်လိုက်ပေမယ့် အခု ပြောနေတာတွေက သူမ လုပ်ခဲ့တဲ့အတိုင်း အတိအကျ မှန်ကန်နေတယ်။
ရန်အိမ်ရှင်မ၏အသက်ရှူသံက အနည်းငယ် ဖရိုဖရဲ ဖြစ်သွားပြီး သူမက အသက်ကို ပြင်းပြင်းရှူကာ တည်ငြိမ်စွာဖြင့် ပြန်မေးလိုက်သည်။
"ဒါက အံ့သြစရာကောင်းတဲ့ မှန်းဆချက်ပဲ၊ ဒါပေမယ့် မင်းရဲ့ ခန့်မှန်းချက်သက်သက်ပဲလေ၊ ငါက လူသတ်သမားဆိုတာ သက်သေပြဖို့ ဘာအထောက်အထား ရှိလဲ? ငါ ကိုယ်ခံပညာတတ်နေရင်တောင်မှ ညသန်းခေါင်မှာ လီကျစ်ရဲ့အိမ်မှာ ပေါ်လာတာနဲ့ပဲ ငါက ရန်လွီကို သတ်ခဲ့တဲ့ တကယ့်တရားခံပဲလို့ ဆိုနိုင်လို့လား?”
ကုယွင်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ရင်း ထပ်ပြောလိုက်ပြန်သည်။
"အဲ့ဒါတွေချည်းသိနေရုံနဲ့တော့ မင်းက ရန်လွီကို သတ်တဲ့ လူသတ်သမားဖြစ်ကြောင်း သက်သေမပြနိုင်ဘူးပေါ့"
ကုယွင်၏ ငြိမ်သက်သော အသံ ထပ်မံထွက်ပေါ်လာပြီး ရန်အိမ်ရှင်မက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သို့သော် ကုယွင်၏နောက်ဆက်တွဲစကားများက သူမကို လုံးဝထိတ်လန့်သွားစေခဲ့သည်။
"ဒါပေမယ့် မင်းက ဘာလို့ ညကြီးအချိန်မတော် ဒီလိုအဝတ်အစားတွေ ဝတ်ပြီး ဓားရှည်ကြီးနဲ့ လီကျစ်ရဲ့အိမ်မှာ ပေါ်လာတာလဲ ဆိုတာတော့ မင်း ရှင်းပြသင့်တယ်လေ။ ဟုတ်တယ်မလား? ရန်သခင်မ... မဟုတ်သေးဘူး၊ ငါက မင်းကို ချွီရှင်းလို့ ခေါ်သင့်တာ"
"ချွီရှင်း"ဟူသော စကားလုံး ထွက်လာသည်နှင့် တပြိုင်နက် ရန်အိမ်ရှင်မ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်လာပြီး သူမ၏မျက်လုံးများက နီရဲလာသည်။ ထိုအခိုက်အတန့်တွင် သူမက အေးခဲသွားပုံရသည်။ ခဏအကြာတွင် သူမက ရုတ်တရက် ရယ်မောကာ သူမဘာသာ ရေရွတ်နေပြန်သည်။
"ငါ ကောင်းကောင်း ဖုန်းကွယ်ထားနိုင်ပြီလို့ ထင်ခဲ့တာ၊ ဒါပေမယ့် တစ်စုံတစ်ယောက်က အဲ့တာတွေကို အရင်ကတည်းက သိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး"
ရှန်ယုလန်က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ထိုအရာကြောင့် ချင်းမော့က သူ့ကို ချွီဇဲ့၏အချက်အလက်များ စစ်ဆေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သူ သိလာရသည်။
ထိုကိစ္စကို ပြောလိုက်သည်နှင့် ခြံဝင်းအတွင်းရှိ လူတော်တော်များများက အမှု၏ ဇာတ်လမ်းတစ်ခုလုံးကို ခန့်မှန်းနိုင်သွားကြသည်။ ယဲ့မိန်နှင့်အောက်ထျန်းတို့က တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်နေကြပြီး သူတို့နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် စကားပြောနေသည့် အမျိုးသမီး၏ စူးစမ်းမှုစွမ်းရည်ကို လေးစားမှုများ ပြည့်နေကြသည်။ ထိုစွမ်းအားများက ယခင်က သူတို့ မမြင်ဖူးသော အရာဖြစ်သည်။
အခန်းထဲမှ ကုယွင်ကလည်း ဓားကိုင်ထားသည့် ချွီရှင်း၏လက် လျော့ရဲသွားမှန်း ရိပ်မိသွားသည်။ သူမက ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်သော်လည်း ပေါ့ပေါ့တန်တန် မလုပ်ရဲသေးဘဲ စကားဆက်ပြောနေသေးသည်။
"တကယ်တော့ မင်း ကိုယ်ခံပညာတက်မှန်း ငါ သိခဲ့ပြီး မင်းက လူသတ်သမားလို့ တွေးခဲ့ပေမယ့် မင်း လူသတ်ရတဲ့ ရည်ရွယ်ချက်ကို ငါ အဲ့အချိန်အထိ ရှာမတွေ့သေးဘူး။ ရန်လွီက ပိုက်ဆံတွေနဲ့ ပတ်သတ်နေပေမယ့် သူက သေသွားပြီ၊ လီကျစ်ကို အပြစ်ပုံချဖို့ ဘာလို့ လုပ်ရမှာလဲ? ချွီဇဲ့မှာ ညီမလေးတစ်ယောက်ရှိနေမှန်း မသိခင်အထိ ငါလည်း အဲ့တာတွေကို ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး၊ နောက်ပိုင်းမှာ သိလိုက်ရတာက ချွီဇဲ့က သူခိုးတွေနဲ့ ပူးပေါင်းပြီး ဘဏ္ဍာတိုက်ကနေ ငွေခိုးယူတယ်လို့ စွပ်စွဲခံရပြီး ပြစ်ဒဏ်ကျခံရတဲ့အချိန်မှာ သူ့မှာ တစ်ဦးတည်းသော ဆွေမျိုးဖြစ်တဲ့ ညီမတစ်ယောက်ကျန်နေခဲ့တယ်တဲ့"
ချွီရှင်းက ကုယွင်၏ချဉ်းကပ်မှုကို သတိထားမိပုံမပေါ်ဘဲ ဝန်ခံရန် ခေါင်းညိမ့်လိုက်သည်။
“ဟုတ်တယ်၊ ငါက ချွီရှင်းပဲ”
သူမက ဤနာမည်ကို မသုံးသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ သူမ၏အစ်ကို သေဆုံးပြီးကတည်းက သူမက လက်စားချေရန် သူမဘဝကို မြှုပ်နှံထားခဲ့သည်။ အရာအားလုံးကို နားလည်နိုင်ပုံရသည့် သူမရှေ့မှ မိန်းခလေးကို ကြည့်လိုက်ပြီး ချွီရှင်းက အသက်ကို ပြင်းပြင်းရှူကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
"မင်းပြောတာ အားလုံး မှန်တယ်၊ ငါက ရန်လွီကို သတ်ခဲ့တဲ့လူပဲ။ အစတုန်းကတော့ ချမ်ကျင်းကို အကွက်ဆင်ခဲ့တယ်၊ သူ့ကြောင့်သာမဟုတ်ရင် ငါ့အစ်ကိုက ထွက်ပြေးနိုင်လိမ့်မယ်၊ ဒါပေမယ့် သူကြောင့် ငါ့အစ်ကို ထောင်ထဲရောက်သွားတာ၊ အဲ့ဒါကြောင့် သူလည်း ထောင်ထဲဝင်သင့်တယ်။ ကြေးစားတစ်ယောက်အနေနဲ့ သူ့အပြစ်တွေ ရှင်းလင်းသွားအောင် ကူညီပေးနိုင်မယ့် သူငယ်ချင်းတွေ ရှိနိုင်တာကိုလည်း ငါ တွေးထားခဲ့တယ်။ ဒါပေမယ့် ငါ မျှော်လင့်ထားတဲ့ အထဲမှာ မင်း မပါခဲ့ဘူး၊ မင်းက ငါမျှော်လင့်ထားတာထက် ပိုပြီး အရမ်းအစွမ်းထက်နေခဲ့တယ်"
သေချာနေသည်မှာ ကုယွင်ထံတွင် ချွီရှင်း တစ်စုံတစ်ယောက်အား သတ်ခဲ့ကြောင်း သက်သေပြရန် ခိုင်လုံသည့် ကွင်းဆက်မရှိသေးပေ။ ကံကောင်းထောက်မစွာဖြင့် သူမ၏စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက အလုပ်ဖြစ်သွားခဲ့သည်။ ချွီရှင်းကိုယ်တိုင်က သူမ ရာဇ၀တ်ကောင်ဖြစ်ကြောင်းနှင့် သူမ၏ အထောက်အထားကို သူမကိုယ်တိုင် ထုတ်ဖော်ပြီးပြီ ဖြစ်သောကြောင့် သူမ၏ ရည်ရွယ်ချက်ကို ဝန်ခံလာနိုင်ဖွယ်ရှိသည်။
ကုယွင်က သူမ ဆက်ပြောလာအောင် သွေးဆောင်လိုက်သည်။
"မင်း မမျှော်လင့်ထားတဲ့ နောက်ထပ်အရာတစ်ခုက လီကျစ်ရဲ့ သေဆုံးမှုပဲ။ မင်းက ဓားပျံကို လီကျစ်ရဲ့ အိမ်မှာ ထားခဲ့ပြီး လူသတ်မှုအတွက် သူ့ကို အပြစ်ပုံချဖို့ ကြိုးစားခဲ့တယ်၊ ဒါက မင်း သူ စိတ်ပျက်လက်ပျက်ဖြစ်သွားအောင် လုပ်လိုက်တာပဲ။ အဲ့တာဆို သူက သူ လူသတ်မှု မကျူးလွန်ဘူးဆိုတာကို သက်သေပြရမယ်၊ အကြောင်းအရင်းကို ပြောချင်ရင် ရွှေအမှုကို ဇာတ်အိမ်တည်ပြီး ပြောပြရမယ်။ ဒီလိုနည်းနဲ့ မင်းအစ်ကိုက အပြစ်မရှိဘူးဆိုတာကို သက်သေပြနိုင်လိမ့်မယ်”
ချွီရှင်းက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး မချိပြုံးဖြင့် ဝန်ခံလိုက်သည်။
"ဟုတ်တယ်၊ လီကျစ် သေသွားလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး။ ဒါက နောက်ကွယ်က ကြိုးကိုင်သူကြောင့်ပဲ ဖြစ်ရမယ်။ မင်းက ငါ့ကို ဆွဲဆောင်ဖို့ အထောက်အထားတွေနဲ့ လီကျစ်အကြောင်း သဲလွန်စတွေ ချန်ထားခဲ့တာ။ ဇာတ်ကွက်နောက်ကွယ်က ကြိုးကိုင်သူကို ရှာနိုင်ဖို့နဲ့ ငါ့အစ်ကိုအတွက် လက်စားချေနိုင်ဖို့ ငါ အများကြီးလုပ်ခဲ့တယ်၊ ဒါ ထောင်ချောက်တစ်ခုလို့ ငါ ကြိုသိနေရင်တောင် ငါက အဲ့ထဲကို ခုန်ချရမှာပဲ!”
သူမအနားကို လျှောက်လှမ်းနေပြီဖြစ်သော ကုယွင်က သူမ သတိလွတ်နေသည်ကို အခွင့်ကောင်းယူပြီး ရှေ့သို့ ရုတ်တရက် ရွှေ့ကာ သူမလက်ထဲမှ ဓားကို ဆွဲလုလိုက်သည်။
ကုယွင်က သူမလက်ကောက်ဝတ်ကို အသုံးပြုလိုက်ပြီး အလွန်လျင်လျင်မြန်မြန်ဖြင့် တဖက်လူကို ပြင်းပြင်းထန်ထန် ဖမ်းဆုပ်ထားလိုက်သည်။ ချွီရှင်းက နာကျင်မှုကြောင့် ဓားရှည်ကို ချက်ချင်း လွှတ်ချလိုက်သည်။ ချွီရှင်းက ကုယွင်၏လည်ချောင်းကို ဖမ်းဆွဲရန် ကြိုးစားလိုက်သော်လည်း ကုယွင်က ကြိုတင်မှန်းဆကာ ကာကွယ်ပြီးသားဖြစ်နေသည်။ သူမက သူမကိုယ်သူမ ငုံချလိုက်ကာ ချွီရှင်း၏ခါးပတ်ကြိုးပြားကို ညာဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ချွီရှင်း၏ ဝမ်းဗိုက်ကို သူမပခုံးဖြင့် တွန်းတင်ကာ ချွီရှင်းကို အိမ်အပြင်သို့ ပစ်ပေါက်လိုက်သည်။
ရုတ်ချည်းဆိုသလို ဖြစ်သွားသောအဖြစ်အပျက်ကြောင့် ကျွော့ချင်းမှလွဲ၍ အားလုံး အံ့သြသွားကြသည်။ ဤပိန်ပါးသောမိန်းခလေးက လူတစ်ယောက်အား အလွယ်တကူ တွန်းထုတ်ပစ်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
အနားတွင် ရပ်နေသည့် ရဲမက်များလည်း အသိပြန်ဝင်လာကြပြီး အလျင်အမြန် ပြေးလာကာ ချွီရှင်းကို ဖမ်းချုပ်ပြီး မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ဖိထားလိုက်ကြသည်။
ချွီရှင်း၏လှပသောမျက်နှာလေးက မလိုလားမှုကြောင့် ရှုံတွသွားလေသည်။ ကုယွင်က သူမအနားသို့ တိုးကပ်သွားပြီး ထပ်ပြောနေပြန်သည်။
"မင်း ချွီဇဲ့ရဲ့ နစ်နာမှုတွေအတွက် ရှင်းရှင်းလင်းလင်း ကူညီပေးချင်တယ်ဆိုရင် ဒီနည်းလမ်းကို မသုံးသင့်ဘူး။ အရင်တုန်းကဆိုရင် မင်းက နစ်နာသူပဲ၊ ဒါပေမယ့် အခုတော့ မင်းက လူသတ်သမားဖြစ်သွားပြီ"
"သူတို့နှစ်ယောက်လုံး သေဖို့ ထိုက်တန်တယ်၊ ဘယ်သူက အောင်နိုင်သူပဲ ဖြစ်ဖြစ်၊ အခု ငါ ရှုံးသွားပြီ၊ ငါမှာ ထပ်ပြောစရာ မရှိတော့ဘူး။ နောက်ကွယ်က ကြိုးကိုင်သူကို ရှာမတွေ့နိုင်တာတော့ စိတ်မကောင်းစရာပဲ၊ ငါ ငြိမ်းချမ်းစွာနဲ့ သေနိုင်မှာ မဟုတ်ဘူး"
ချွီရှင်းက နာကျင်မှုကို မခံစားနိုင်တော့သည့် ပုံစံမျိုးဖြင့် သူမ၏ခန္ဓာကိုယ်ကို တွန့်လိမ်နေကာ ညည်းညူသံက ညကောင်းကင်ယံအထိ ပဲ့တင်ထပ်နေသည်။
သူမ၏ ခန္ဓာကိုယ်ကို ကြိုးဖြင့်ချည်နှောင်ထားပြီး ရုံးတော်အမှုထမ်းများ၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။ သူမ၏ပိန်ပိန်ပါးပါးပုံစံက ပိုမိုပါးလွှာသွားသလို ထင်ရစေပြီး သူမကို စောင့်မျှော်နေမည့်အရာက တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်း၏ရလဒ်အား ပြန်လည်ပေးဆပ်ရမည့် ပြစ်ဒဏ်သာ ဖြစ်ပေလိမ့်မည်။
ထိုအမျိုးသမီး၏ နူးညံ့သိမ်မွေ့သော မျက်လုံးများ၊ ပန်းစင်ရှေ့တွင် ရပ်နေသော အေးချမ်းသည့်ပုံရိပ်များ၊ အတိတ်ကို ပြန်ပြောပြနေသော သူမ၏ဝမ်းနည်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို ပြန်တွေးတောရင်း ကျွော့ချင်း၏စိတ်မှ ခံစားချက်များက ချဉ်သလိုလို ခါးသလိုလို ဖြစ်နေခဲ့သည်။ ယခုညတွင် အထူးသဖြင့် ပိုပြီးတောက်ပနေပုံရသော လရောင်ကို မော့ကြည့်လိုက်ရင်း ကျွော့ချင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ကိစ္စတိုင်းရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းနဲ့ အကြောင်းပြချက်တွေ ရှိတယ်။ တချို့လူတွေရဲ့အဖြစ်က ဝမ်းနည်းဖို့ ကောင်းပြီး သနားစရာတောင် ကောင်းနေသေးတယ်။ ငါကတော့ အလောင်းခွဲစိတ်ဖို့ပဲ ပိုသင့်တော်မယ်ထင်တယ်။ အမြဲတမ်း အေးစက်နေတဲ့ အလောင်းတွေကိုပဲ ရင်ဆိုင်ဖို့ လိုတယ်။ သူတို့ရဲ့သေခြင်းတရားကို အမှန်အတိုင်း မှတ်တမ်းတင်လိုက်ရင် ရပြီ”
ရှေ့မှ လျှောက်လှမ်းနေသည့် ကုယွင်က အနည်းငယ် လန့်ဖျပ်သွားပုံဖြင့် သူမ၏ခြေလှမ်းများကို ရပ်တန့်ကာ သူမ၏အမြင်ကို ပြောပြလာသည်။
"လူတိုင်းက ကိုယ့်ကိုကိုယ် တရားမျှတတယ်လို့ ထင်မြင်ယူဆပြီး ကိုယ့်ဆန္ဒအတိုင်း တရားစီရင်နေကြရင် ကမ္ဘာကြီးရဲ့လက်ရှိတရားမျှတမှုကို ဆုံးရှုံးရလိမ့်မယ်။ စည်းကမ်းတွေကို ချမှတ်ပြီးပြီဆိုမှတော့ လူတိုင်းက လိုက်နာသင့်တယ်။ ဖောက်ဖျက်ရင်တော့ သူတို့နောက်ကွယ်မှာ ဘယ်လောက်ပဲ အားကိုးရာမဲ့တဲ့ ခါးသီးတဲ့တဲ့ အဖြစ်အပျက်တွေ ရှိနေပါစေ သူတို့ အပြစ်ပေးခံရလိမ့်မယ်”
တည်ငြိမ်သောအသံက စိတ်အားထက်သန်မှု ကင်းမဲ့နေသော်လည်း စကားလုံးတိုင်းက အလွန်ခိုင်မာနေခဲ့သည်။ ကျွော့ချင်းက ခေါင်းကို ခါကာ ရယ်မောလိုက်ရင်း မှတ်ချက်ချလိုက်သည်။
"နင်ကတော့ အဖြူနဲ့ အမဲကြားမှာ အမြဲတမ်း ပြတ်သားလွန်းတယ်"
ကုယွင်က ဘာမှပြန်မပြောတော့ပေ။
သူမတို့နှစ်ယောက်ကြားတွင် ခြားနားသော အတွေးများ ရှိနေခဲ့သော်လည်း မိန်းခလေးနှစ်ယောက်ကတော့ အေးမြသည့် လရောင်အောက်၌ အတူကကွ ဘေးချင်းကပ် ဆက်လျှောက်နေဆဲဖြစ်သည်။
အခန်း ၇၀ အတင်းအကျပ် လက်ထပ်ပေးခြင်း (အပိုင်း ၁)
ကျွော့ချင်းနှင့် ကုယွင်တို့က တိတ်ဆိတ်သောလမ်းပေါ်တွင် ဘေးချင်းယှဉ် လမ်းလျှောက်နေကြသည်။ လန်းဆန်းအေးမြသော ညလေညင်းက ငြိမ့်ညောင်းစွာ တိုက်ခိုက်နေကာ လူများကို အလွန်သက်တောင့်သက်သာရှိစေသည်။ တောက်ပသော လရောင်ကို တိမ်များက ဖုံးလွှမ်းသွားသောကြောင့် အလင်းရောင်က အနည်းငယ် မှေးမှိန်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျွော့ချင်းက ရုတ်တရက် ခေါ်လိုက်သည်။
"ယွင်"
"ဟင်?"
ကုယွင်က အသံပြန်ပြုလိုက်ကာ သူမပြောလာမည့်စကားကို စောင့်နေသည်။
နောက်အခိုက်အတန့်တစ်ခုစာလောက် တိတ်ဆိတ်သွားပြီးနောက် ကျွော့ချင်းက ရှက်ကိုးရှက်ကန်း ရယ်မောရင်း စကားထပ်ပြောလိုက်သည်။
"ငါ... လို့ရှီးယန်နဲ့ လက်ထပ်တော့မယ်"
"တကယ်လား?"
ကုယွင်၏ခြေလှမ်းများက တုံ့ဆိုင်းသွားပြီး ချက်ချင်း မှတ်ချက်ချလိုက်သည်။
"သုံးလတောင် မပြည့်သေးဘူး၊ နင့်ရဲ့ အိမ်ထောင်ရေးက တကယ်ကို မြန်ဆန်လွန်းတယ်"
ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ်ပင့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
သူမလည်း ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ကျွော့ချင်း၏ မျက်ခုံးမွှေးများကြားမှ ဖုံးကွယ်၍မရသော ပျော်ရွှင်မှုကြောင့် ကုယွင်က သူမ တကယ်ချစ်မိသွားကြောင်း သဘောပေါက်သွားခဲ့သည်။ လို့ရှီးယန်က အလွန်ကြည့်ကောင်းပြီး ကျွော့ချင်းနှင့် လိုက်ဖက်သော်လည်း လက်တွေ့ပြဿနာတစ်ခု ရှိနေသေးသည်။ သူမက ကျွော့ချင်းကို ရေအေးဖြင့် မလောင်းချင်သော်လည်း မေးစရာရှိတာ မေးလိုက်သေးသည်။
"ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်၊ ငါတို့ ပါကွာ့စက်ဝိုင်းကို ရှာတွေ့ရင် ပြန်သွားလို့ရပြီ၊ နင် ပြန်သွားမှာလား?? ဒီမှာ ဆက်နေမှာလား??? နင် အဲ့ဒါကို စဉ်းစားဖူးလား?? ရွေးချင်လို့ ရရင်တော့ မဆိုးဘူး၊ ဒါပေမယ့် ဘာမှန်းမသိလိုက်ပဲနဲ့ အရင်ဘဝကို ပြန်ရောက်သွားရင်ရော၊ ငါ အဲ့တာကိုတော့ စိုးရိမ်နေသေးတယ်၊ နင် အဲ့တာတွေကို ရှင်းရှင်းလင်းလင်း တွေးပြီးပြီလား"
ကျွော့ချင်းက သူမ၏အလုပ်နှင့် သူမ၏အလေ့အကျင့်ကြောင့် အနည်းငယ် အေးစက်စက်နေလေ့ရှိသော်လည်း အမှန်တကယ်တွင် သူမက စိတ်ကူးယဉ်ဆန်ပြီး နူးညံ့သိမ်မွေ့သောသူတစ်ယောက် ဖြစ်သည်။ သူမ လို့ရှီးယန်နှင့် ချစ်မိသွားပြီး အိမ်ထောင်ကျပြီးကာမှ ရုတ်တရက် ခွဲခွာလိုက်ရမည်ကို ကုယွင် စိုးရိမ်နေမိသည်။ .
ကျွော့ချင်းက ခေါင်းကို အနည်းငယ် ပြန်လှည့်ကာ ကုယွင်၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ယွင်၊ အနာဂတ်ကို စဥ်းစားရင် မရေရာမှုတွေ အများကြီး ရှိနေသေးတယ်၊ အဲ့ဒိ မထိန်းချုပ်နိုင်တဲ့ မသေချာ မရေရာမှုတွေကြောင့် အခု ငါ ရနေတဲ့ ပျော်ရွှင်မှုတွေကို မဆုံးရှုံးချင်ဘူး"
အဲ့လိုလား? အဲ့တာဆိုရင်တော့ ထားလိုက်ပါတော့၊ သူမရဲ့စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး(EQ)က အတော်လေး နိမ့်ပါးတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ရင် ချင်းက သူမထက် အများကြီး ရဲရင့်ပြီး ရင့်ကျက်နေခဲ့ပြီ။ အခု ချင်းက ဒါကို ဒီလို တွေးပြီဆိုမှတော့ သူမ လုပ်နိုင်တာက ချင်း လုပ်သမျှကို နောက်ကနေ ကောင်းချီးပေးလိုက်ရုံပါပဲ။
ကုယွင်က သူမ၏လက်ကို ကျွော့ချင်း၏ ပခုံးပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်ပြီး နူးညံ့စွာ ပြုံးကာ ကောင်းချီးပေးလိုက်သည်။
"မင်္ဂလာရှိပြီး ပျော်ရွင်ရတဲ့ မင်္ဂလာပွဲလေး ဖြစ်ပါစေ"
"ကျေးဇူးတင်ပါတယ်"
ယွင့်ရဲ့ကောင်းချီးကို ရလို့ သူမ အရမ်းပျော်တယ်။
သူမတို့နှစ်ယောက် စကားစမြည်ပြောရင်း ရယ်မောနေကာ ဝန်ကြီးချုပ်အိမ်တော်ကြီးဆီသို့ လျှောက်လာနေရင်း တိတ်ဆိတ်အေးချမ်းနေသော လမ်းမပေါ်တွင် လျှောက်လှမ်းနေသော အရပ်ရှည်ရှည် အသွင်အပြင်တစ်ခုကို တွေ့လိုက်ရသည်။ ကုယွင်က ရှေ့ကို ဂရုတစိုက် လှမ်းမျှော်ကြည့်လိုက်ပြီး ကျွော့ချင်းက မျက်လုံးကို မှေးကျဥ်းလိုက်ကာ လှမ်းခေါ်လိုက်သည်။
"မော့ပိုင်?"
သူ ဘာလို့ ဒီမှာရှိနေတာလဲ??
မော့ပိုင်က ဘာမှမထူးခြားသော မျက်နှာဖြင့် သူမထံ လျှောက်လာခဲ့သော်လည်း သူ့အသံက အနည်းငယ် အရေးတကြီး ဖြစ်နေပုံရသည်။
"သခင် နေမကောင်းဖြစ်နေပြန်ပြီ"
လို့ရှီးယန် နာမကျန်းဖြစ်နေစဉ် အသက်ရှုကြပ်ပြီး ဖြူဖျော့နေသော မျက်နှာကို ပြန်တွေးမိကာ ကျွော့ချင်းက အထိတ်တလန့်ဖြစ်ကာ ကုယွင်ကို လှမ်းပြောလိုက်သည်။
"ငါ အရင်သွားတော့မယ်"
"အင်း"
ကျွော့ချင်း ပြန်ပြေးသွားသည်ကို ကြည့်နေရင်း ကုယွင်က သူမဘာသာ သက်ပြင်းချလိုက်သည်။
ချင်းကတော့ ဒီထောက်ချောက်ထဲမှာ ပိတ်မိသွားခဲ့ပြီ...
ကံကောင်းထောက်မစွာဖြင့် သူမတို့ ရောက်နေသည့်နေရာက ၀န်ကြီးချုပ်အိမ်တော်နှင့် အရမ်းမဝေးပေ။ လမ်းတစ်လျှောက်လုံး ပြေးလွှားလာပြီးနောက် ကျွော့ချင်းက လို့ရှီးယန်၏ လန်ယွဲ့အဆောင်ရှေ့သို့ ရောက်လာခဲ့သည်။ လူတစ်စုက ခြံဝင်းငယ်လေးရှေ့တွင် ရပ်နေပြီဖြစ်သည်။ ထိုနေရာတွင်လည်း လို့မူဟိုင် ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး လို့ရှီးဝူနှင့် ရွှယ်ရှန်းရှင်းက စကားများ ရန်ဖြစ်မနေတော့ပေ။
ကျွော့ချင်းက လန်ယွဲ့အဆောင်သို့ တန်းတန်းမတ်မတ် ပြေးဝင်လာပြီး လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ရွှယ်ရှန်းရှင်းက သူမ ဖြစ်စေချင်သည့်အတိုင်း လို့မူဟိုင်၏ မျက်လုံးများတွင် ရွံရှာမှုများ လင်းလက်နေသည်ကို တွေ့လိုက်ရပြီး တိတ်တဆိတ် ပျော်ရွှင်နေလေသည်။ ရွှယ်ရှန်းရှင်းက သူမလက်ကို ဆန့်ထုတ်လိုက်ပြီး အော်ပြောလိုက်သည်။
“တော်ဝင်သမားတော်က အထဲမှာ အလုပ်ရှုပ်နေတယ်၊ မင်း ဝင်သွားပြီး ဒုက္ခမပေးနဲ့”
လို့ရှီးယန်ကို အာရုံရောက်နေသော ကျွော့ချင်းက ဤဒုက္ခပေးသော အမျိုးသမီးကို ဂရုမစိုက်ဘဲ အေးစက်စက် ပြန်ပြောလိုက်သည်။
"ဖယ်ပေး၊ အခု ရှင်နဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောဖို့ အချိန်မရှိဘူး"
ရွှယ်ရှန်းရှင်းက သူမ၏ပါးစပ်ကို သူမလက်ဖြင့် ပြန်အုပ်လိုက်ပြီး ဝမ်းနည်းနေသောအမူအရာဖြင့် လို့မူဟိုင်ကို ကြည့်ကာ တိုင်တောနေပြန်သည်။
"သခင်ကြီး၊ သူ့(မ)ကို ကြည့်ပါဦး၊ သူ(မ)က ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာ မဟုတ်ဘူး"
ဒီလိုရိုင်းစိုင်းတဲ့မိန်းမကို ပင်မဇနီးအနေအထားနဲ့ ထိုင်ခိုင်းဖို့က လုံးဝ မဖြစ်နိုင်ပါဘူး၊ မဟုတ်ရင် အနာဂတ်မှာ သူမအတွက် ကောင်းတဲ့နေ့တွေ ဘယ်မှာရှိနိုင်တော့မှာလဲ။
ယခုအချိန်က ကောင်းကောင်းကြီးပြင်းလာ မလာ ဆွေးနွေးရမည့်အချိန် မဟုတ်သောကြောင့် ကျွော့ချင်းက သူမ၏လက်ကို ဖယ်လိုက်ပြီး အနောက်ခန်းဆီသို့ တည့်တည့်လျှောက်ဝင်သွားခဲ့သည်။ ရွှယ်ရှန်းရှင်းက အော်ဟစ်ချင်နေသေးသော်လည်း အဖြူအမည်း၀တ်စုံကို ဝတ်ထားသော အရပ်ရှည်ရှည်ပုံရိပ်က သူမကို ပိတ်ဆို့ထားသည်။
"ဒုတိယသခင်မ၊ သူ(မ)က သခင်ရဲ့ရောဂါကို ကုသပေးနိုင်တယ်" အေးစက်သောအသံနှင့် အပြာရောင်ရေခဲမျက်လုံးများကြောင့် ရွှယ်ရှန်းရှင်းက မသိစိတ်မှ ကြောက်လန့်သွားကာ လို့မူဟိုင်ဘက်သို့ ပြန်ဆုတ်ခွာသွားခဲ့သည်။
လို့မူဟိုင်က ပြေးဝင်သွားသော သွယ်လျသောရုပ်သွင်ကို စိုက်ကြည့်နေသည်။
ဒီမိန်းခလေးရဲ့ ထူးခြားချက်က ဘာလဲ?? မော့ပိုင်က သူမကို အဲ့လောက် လေးစားနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။
ကျွော့ချင်းက တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အတွင်းခန်းထဲသို့ လှမ်းဝင်လိုက်သည်။ သူမက တော်ဝင်သမားတော်၏ ရောဂါရှာဖွေမှုနှင့် ကုသမှုကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ရှီးယန်၏ အခြေအနေကို စောင့်ကြည့်ရန် ခန်းဆီးဘေးတွင်သာ ရပ်နေခဲ့သည်။
သူက ခုတင်အစွန်းတွင် တစ်ဝက်စောင်းမှီထိုင်နေပြီး မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ အင်္ကျီပါးပါးလေးကိုသာ ၀တ်ထားသည်။ သူ့ရင်ဘတ်နှင့် နောက်ကျောက ချွေးများဖြင့် စိုရွှဲနေပြီး သူ့ရင်ဘတ်က မောက်တက်လာလိုက် ပြန်ကျသွားလိုက်ဖြစ်နေကာ အသက်ရှုကျပ်နေဆဲဖြစ်သည်။
တော်ဝင်သမားတော်က သူ့ကို ကုသပေးပြီး အပ်တွေကို ပြန်သိမ်းကာ ထွက်သွားရန် ပြင်နေသည်။ ကျွော့ချင်းက ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ခုတင်အစွန်းတွင် ညင်သာစွာ ဝင်ထိုင်လိုက်သော်လည်း သူ့ကို မနှောင့်ယှက်ဝံ့ပေ။
ထိုအချိန်တွင် လို့ရှီးယန်က သူ့၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လာပြီး ခုတင်ဘေးမှ ခပ်တည်တည်ဖြစ်နေသော မိန်းခလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လို့ရှီးယန်က သူ့၏လက်ကို ဆန့်ကာ ခါယမ်းလိုက်သည်။
သူ့၏လက်ဖဝါးများက ချွေးများဖြင့် စိုရွှဲနေသော်လည်း လက်ချောင်းထိပ်များက နွေးထွေးမှုမရှိဘဲ အေးစက်နေသည်။ ကျွော့ချင်းက သူ့လက်ချောင်းသွယ်သွယ်များကို သူမလက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ကျွော့ချင်းက ရောဂါနှိပ်စက်ခံထားရသော သူမရှေ့မှ ဖြူဖျော့နေသော ပိန်သွယ်သွယ် လူကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် နက်နဲသော ဝေဒနာလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာက သူမ မခံစားဖူးသော နာကျင်မှုဖြစ်နေခဲ့သည်။
"ဒီလက်အောက်ငယ်သားက ဆေးသွားကျို လိုက်ပါဦးမယ်၊ ဝန်ကြီးချုပ်လို့က စကားပြောတာလျော့ပြီး အနားယူပါ"
တော်ဝင်သမားတော်က လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လိမ္မာပါးနပ်စွာ ပြန်ထွက်သွားခဲ့သည်။
ကျွော့ချင်း၏ စိုးရိမ်ပူပန်မှုနှင့် ရင်နာမှုများက လို့ရှီးယန်၏ နှလုံးသားဆီသို့ ရောက်ရှိလာသည်။ လို့ရှီးယန်က သူမ၏လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်ပေးရင်း အသက်ကို ပြင်းပြင်းရှူကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။
"ကိုယ်...အဆင်ပြေပါတယ်"
ဖယောင်းတိုင်မီးရောင်အောက်တွင် သူ့မျက်လုံးများက ရေကဲ့သို့ နူးညံ့နေသော်လည်း သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ ကျွော့ချင်းက သူမမျက်လုံးများမှ ထိတ်လန့်မှုများကို မျိုသိပ်ထားလိုက်သည်။ ယခုအချိန်တွင် လို့ရှီးယန်က သူမအား နှစ်သိမ့်ပေးမည်ကို သူမ မလိုလားတော့ပေ။
ကျွော့ချင်းက လို့ရှီးယန်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ မျက်နှာက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားသည်။ သူမက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
"မော့ပိုင်"
တံခါးခေါက်သံ တိုးတိုးလေး မြည်လာပြီးနောက် အရပ်မြင့်မြင့် အသွင်အပြင်တစ်ခု အတွင်းခန်းထဲသို့ ရောက်ရှိလာသည်။
"နောက်ခြံထဲက လက်ပံပင်တွေကို ခုတ်လိုက်တော့"
သူမ အဲ့ဒိ လက်ပံပင်တွေကို ဖယ်ရှားသင့်တာ ကြာနေပြီ၊ ဒါပေမယ့် မကြာသေးခင်က ရွှေကိစ္စနဲ့ အလုပ်ရှုပ်နေတာကြောင့် ပေါ့ဆခဲ့မိတယ်။ အခုက ပွင့်ရာသီ ကုန်ဆုံးသွားတာကြောင့် နေရာတိုင်းတွင် လက်ပံမှို့များ ရှိနေပြီး ပါးလွှာသော အမျှင်ဓာတ်က ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားရန် အလွယ်ကူဆုံးပဲ။ သူမ သတိလက်လွတ်ဖြစ်သွားခဲ့တယ်။
မော့ပိုင်က မလှုပ်မရှားဘဲ ခုတင်ပေါ်တွင် တစ်ခြမ်းမှီကာ လဲလျောင်းနေသော လို့ရှီးယန်ကို လှမ်းကြည့်လိုက်သည်။ လို့ရှီးယန်က ခဏလောက် စဉ်းစားပြီးနောက် အသံတိုးတိုးလေးဖြင့် ဝင်ပြောလိုက်သည်။
“ဒါက အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးရဲ့ ဆုလာဘ်ပဲ”
ဒါက ဆုလာဘ်တွေတဲ့လား?!
ကျွော့ချင်းက စိတ်ဆိုးသွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
"အဲ့ဒီ အပင်တွေက ရှင့်အသက်ကို ယူသွားလိမ့်မယ်"
ကျွော့ချင်း၏ မျက်နှာက ဒေါသကြောင့် အနည်းငယ် အနည်းငယ်နီမြန်းသွားပြီး သူမ၏လှပသောမျက်လုံးများက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ သူမ၏ ဒေါသများက သူမ၏မျက်လုံးများမှတဆင့် ပျံ့နှံ့သွားကာ သူမ၏ ပူလောင်နေသော နှလုံးသားကို ဖုံးကွယ်ရန် ခက်ခဲစေခဲ့သည်။ သူတို့၏ လက်ဖဝါးများမှ နွေးထွေးမှုတို့ တဖွဲဖွဲ ကူးစက်ပြီး သူမ သူ့ကို စိုးရိမ်နေမှန်းသိသာစေသည်။
လို့ရှီးယန်က ရုတ်တရက် ပြုံးလိုက်ပြီး ပေါ့ပါးသည့် လေသံဖြင့် တိုးတိုးလေး ပြန်ပြောလိုက်သည်။
"သခင်မက ပြောပြီးပြီဆိုမှတော့ အဲ့တာတွေကို ခုတ်လိုက်ကြရအောင်"
နှစ်တွေကြာလာလေလေ၊ သူ့ခန္ဓာကိုယ်က ပိုဆိုးလာလေလေပါပဲ။ သူရဲ့ ခန္ဓာကိုယ်က အဲ့ဒိပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ သည်းမခံနိုင်တော့ဘူး။ သူ့လင်အာက သူ့အတွက် နေ့စဉ် စိတ်ပူနေရတာကြောင့် လုံလောက်တဲ့ လိုက်လျောမှုလေးတွေ လုပ်ပေးရမှာပေါ့။
လို့ရှီးယန်က ထိုသို့ ပြောလိုက်သောကြောင့် မော့ပိုင်က သစ်ပင်ခုတ်ရန် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။ သူ ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်တွင် ကျွော့ချင်းက သူ့ကို တားလိုက်ပြန်သည်။
"ခဏနေဦး"
မော့ပိုင်က သူမကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး လို့ရှီးယန်ကတော့ သူမကို အမြတ်တနိုး စိုက်ကြည့်နေခဲ့သည်။ ကျွော့ချင်းက ခဏလောက် စဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။
"အဲ့အပင်တွေကို မခုတ်နဲ့တော့၊ ချည်မျှင်တွေကို ဖယ်ဖို့ တစ်ယောက်ယောက်ကို သွားရှာလိုက်၊ အဲ့ဒါတွေကို ငါတို့ သုံးလို့ရတယ်။ အခုကစပြီး နှစ်စဉ်နှစ်တိုင်း ပန်းတွေ ပွင့်လာပြီးရင် အဲ့ဝါဂွမ်းတွေကို ချက်ချင်း ဖယ်ထုတ်ရမယ်"
"ဟုတ်ကဲ့" မော့ပိုင်က ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် အမိန့်ကို လက်ခံပြီး ထွက်သွားခဲ့သည်။
တော်ဝင်ဆုလာဘ်လို့ ခေါ်တဲ့အဓိပ္ပာယ်က သူမလို ခေတ်မီတဲ့လူတစ်ယောက်အတွက် အရေးမကြီးပေမယ့် လို့မိသားစုအတွက်ကတော့ အရေးမကြီးဘူးလို့ မဆိုလိုဘူးလေ။ တရားရုံးတော်အတွင်းမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေနဲ့ အချင်းချင်း တိုက်ခိုက်နေကြပြီး၊ ပူးပေါင်းကြံစည်မှုတွေ လျှို့ဝှက်လုပ်ကြံမှုတွေ ဘယ်လောက်များတယ်ဆိုတာကို သူမ အပြည့်အဝ နားမလည်နိုင်ဘူး၊ ဒါ့ပေမယ့် မှားယွင်းတဲ့ခြေလှမ်းတစ်ခုက ကပ်ဆိုးကြီးဆီသို့ ဦးတည်သွားနိုင်တာကိုတော့ သူမ နားလည်နိုင်သေးတယ်။
ဒေါသဖြစ်ပြီးနောက် သူမ၏စိတ်အခြေအနေ ပြန်ကောင်းလာသည်။ ကျွော့ချင်းက သူမနဖူးပေါ်ရှိ ချွေးသီးလေးများကို အင်္ကျီလက်ဖြင့် ညင်သာစွာ သုတ်လိုက်သည်။ ထို့နောက် သက်ပြင်းချရင်း အသံတိုးတိုးဖြင့် ပြောလိုက်ပြန်သည်။
“ဒီပန်းတွေကို ရှင်းပစ်ဖို့ စိတ်ကူးရှိပေမယ့် ကျွန်မ မလုပ်နိုင်ဘူး၊ ရှင့်အသက်ကို ခြိမ်းခြောက်နေတာကို စောင့်ကြည့်နေရတယ်"
ကောင်းကင်က သူ့အပေါ် ကြင်နာမှုပေးပြီး သူ့ဆီကို သူမကို ဒီလိုမျိုး စေလွှတ်ခဲ့တယ်။
လို့ရှီးယန်က အလုပ်များနေသည့်လက်လေးကို ပြန်ဆုပ်ကိုင်လိုက်ပြီး လေးနက်တဲ့မျက်နှာဖြင့် သူမကို နှစ်သိမ့်ပေးလိုက်သည်။
"ကောင်းချီးမင်္ဂလာဆုတောင်းပွဲက စတော့မယ်။ ဒီအချိန်မှာ ကိုယ် နည်းနည်းအလုပ်များနေတယ်။ မင်းက ကိုယ်အလုပ်တွေ ပါးသွားတဲ့ အထိစောင့်နေပေးနော်၊ ပြီးရင် ကိုယ်တို့ လက်ထပ်ကြမယ်၊ မင်းအတွက် ခမ်းနားတဲ့မင်္ဂလာပွဲ အကြီးကြီး လုပ်ပေးမယ်"
ကျွော့ချင်းက ပြုံးပြီး ခေါင်းခါလိုက်သည်။
"မင်္ဂလာပွဲက ခမ်းနားလား မခမ်းနားလားဆိုတာကို ကျွန်မ ဂရုမစိုက်ပါဘူး ရှင်ပေးခဲ့တဲ့ကတိကိုသာ သတိရပါ"
သူတို့၏လက်များ တွဲထားသောကြောင့် လို့ရှီးယန်က သူတို့၏လက်ချောင်းထိပ်များကို ရောယှက်လိုက်ကာ လေးနက်သောအသံဖြင့် ကတိပေးလိုက်သည်။
"ကိုယ် မင်းနဲ့တစ်သက်လုံး အတူနေချင်တယ်"
ဗျပ်စောင်း၏ကြိုးသံကဲ့သို့ ရှင်းလင်းပြတ်သားသော အသံက သူမ ကြားဖူးသမျှထဲတွင် အလှပဆုံးသော ကတိစကားဖြစ်ပြီး သူ့၏ဖီးနစ်မျက်လုံးများမှ နက်ရှိုင်းမှုက အမျိုးသမီးတိုင်းကို နစ်ဝင်သွားစေနိုင်လောက်သည်။ သူမ၏နှလုံးခုန်သံက တဖန် ပြန်လည်တုန်ခါနေပြီး သူ့၏ခြောက်ကပ်နေသော နှုတ်ခမ်းများက စိုစွတ်ခြင်း မရှိသော်လည်း ၎င်းတို့က သူမ၏မျက်လုံးများရှေ့တွင် ရှိနေပြီး ကျွော့ချင်းကို ရှေ့သို့တိုးရန် ထပ်ခါထပ်ခါ ဆွဲဆောင်နေသည်။
"ကိုယ် တကယ်လုပ်ချင်ပေမယ့် ကိုယ်ရဲ့လက်ရှိ အခြေအနေက မင်းနဲ့အချစ်ရေးကိစ္စတွေ မဖြစ်နိုင်သေးဘူးလေ"
အလှလေးက သူ့ကို အနမ်းပေးလိုက်သောကြောင့် လို့ရှီးယန်က ကျေနပ်သွားခဲ့သည်။ လတ်ဆတ်သော ကိုယ်သင်းရနံ့က သူ့အသက်ရှုလမ်းကြောင်းကို ပို၍ ပွက်ပွက်ဆူလာစေသည်။ အထူးသဖြင့် သူမ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်က သူ့လက်များကို မှီတွယ်ထားပြီး လူများ၏ သွေးများကို အဆက်မပြတ် တောက်လောင်နေသည်။ ရေပူစမ်းရေကန်ဘေးရှိ တင့်တယ်လှပသော အသွင်အပြင်ကို ပြန်တွေးမိချိန်တွင် ဤအရာက သူ့ကို အသက်ရှုကြပ်သွားစေသည်။
"ရှင်..." ကျွော့ချင်းက သူမ သူ့လက်နှစ်ဖက်ထဲတွင် မှီတွယ်နေမိပြီး အနမ်းတစ်ခုပေးနေမိသည်ကို အခုမှ သိသွားပုံဖြင့် သူမ၏မျက်နှာလေး နီရဲသွားသည်။ သူမက သူမကိုယ်သူမ နှလုံးသားထဲမှ မကျိန်ဆဲပဲ မနေနိုင်ပေ။
ယောက်ျားတစ်ယောက်ရဲ့တပ်မက်ဖွယ်အလှက တကယ့်ကို ဘေးဒုက္ခတစ်ခုပပဲ။
လို့ရှီးယန်၏ ပြတ်ပြတ်သားသား စကားများကို ကြားပြီးနောက် ကျွော့ချင်းတစ်ယောက် ရုတ်တရက် မရယ်နိုင်၊ မငိုနိုင်ဖြစ်သွားပြီး ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
အိုဘုရားရေ! ဒီလှပတဲ့ နားလည်မှုလွဲမှားခြင်းကို သူမ ဘယ်လိုရှင်းပြရပါတော့မှာလဲ?
ကျွော့ချင်းက ရှက်ရွံ့နေချိန်တွင် ကျင်းစ၏ ထူးခြားပြီး ညို့အားပြင်းသော အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"သခင်"
လို့ရှီးယန်က ကျွော့ချင်း၏ပခုံးကို ဆုပ်ကိုင်ထားသည့် လက်ကို လွှတ်ပေးလိုက်သော်လည်း မသိနားမလည်သည့် ကျင်းစကို ပထမဆုံးအကြိမ် မုန်းတီးသွားမိသည်။
"ဝင်ခဲ့"
ကျင်းစက အခန်းထဲသို့ ၀င်မလာဘဲ ခန်းဆီးပြင်အပြင်ဘက်မှာ ရပ်နေရင်း သတင်းပို့လာခဲ့သည်။
"အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက သခင့်ကို နန်းတော်ကို ဝင်ခဲ့ဖို့ ဆင့်ခေါ်ပါတယ်"
"နန်းတော်မှာ ဘာဖြစ်နေလို့လဲ"
လို့ရှီးယန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အခုက ဟိုင်ရှီ (ည၉နာရီ မှ ၁၁နာရီ) ဖြစ်နေပြီ၊ မယ်တော်မိဖုရားကြီးက ဘာကြောင့် သူ့ကို ခေါ်ဖို့ အမိန့်ထုတ်ရတာလဲ။ ပြီးတော့ သူက အခုပဲ နေမကောင်းဖြစ်နေခဲ့တာကြောင့် အရေးမကြီးရင် ကျင်းစက သူ့ကို လာနှောက်ယှက်မှာ မဟုတ်ပါဘူး။
ခန်းဆီးအပြင်ဘက်မှ ကျင်းစက သူ့သခင်၏လက်ချောင်းများကို ဆုပ်ကိုင်ထားပြီး ခုတင်အစွန်းတွင်ထိုင်နေသော ကျွော့ချင်းကို တစ်ချက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူက စိတ်ရှုပ်ထွေးမှုအချို့ဖြင့် ပြန်ပြောလိုက်သည်။
"ချောင်ယွင်မင်းသမီးက ဒီည ကြိုးဆွဲချ သတ်သေဖို့ ကြိုးစား...."
"ဘာလဲ"