← Chapters

အခန်း (၇၁-၇၂)

Vol. 7 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 7 Ch. 71-72

အခန်း ၇၁ ၊ အတင်းအကျပ် လက်ထပ်ပေးခြင်း ( အပိုင်း ၂ )

"ဘာလဲ"

အော်လိုက်သူက လို့ရှီးယန် မဟုတ်ဘဲ သူ့အနီးနားတွင် ထိုင်နေသည့် ကျွော့ချင်း ဖြစ်သည်။

မင်းသမီးလေးက သူမကို တစ်ခါမြင်ပြီးတာနဲ့ ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်လောက်အောင် လှပတဲ့ မိန်းကလေးတစ်ယောက်လေ။ သူမက ဂုဏ်သိက္ခာရှိပြီး နူးနူးညံညံနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့ မိန်းခလေး ဖြစ်ပုံရတယ်။ သူမက ဘာကြောင့် သတ်သေခဲ့တာလဲ?

ကျွော့ချင်းက သူမဘေးနားတွင် ရှိနေသည့် လို့ရှီးယန်ကို ကြည့်လိုက်ရာ သူ့မျက်နှာတွင် အံ့အားသင့်နေသည့်အမူအရာ မရှိဘဲ သူက အသံတိုးတိုးဖြင့်သာ ပြန်မေးလိုက်သည်။

"မင်းသမီး အဆင်ပြေရဲ့လား"

"နန်းတွင်းအစေခံက အချိန်မီ ရှာတွေ့ခဲ့ပါတယ်၊ ဒါကြောင့် အဆင်ပြေမယ်လို့ ထင်ပါတယ်။ တော်ဝင်သမားတော်တွေကတော့ ကုသပေးနေတုန်းကြပါပဲ"

ကံကောင်းထောက်မစွာဖြင့် အားလုံးအဆင်ပြေနေပြီး ကျွော့ချင်းက​​ လို့ရှီးယန် သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်လိုက်သည်ကို ခံစားလိုက်ရသည်။

မင်းသမီး သတ်သေရတဲ့ အကြောင်းရင်းကို သူ သိနေပုံပေါ်တယ်။

ကျွော့ချင်းက သူ့မျက်လုံးများကို စိုက်ကြည့်ရင်း သူ့ကို မေးလိုက်သည်။

"မင်းသမီးက ဘာလို့ သတ်သေရတာလဲ?"

လို့ရှီးယန်က အနည်းငယ် မျက်မှောင်ကြုတ်သော်လည်း မည်သို့ဖြေရမည်ကို သူလည်း မသိတော့ပေ။

ရွှယ်အာက သူမကိုယ်သူမ ဘာကြောင့် သတ်သေလဲဆိုတာကို မှန်းဆနေဖို့တောင် မလိုဘူး။ သူကြောင့်ဆိုတာကို သူ သိနေပေမယ့် လင်အာ နားလည်မှုလွဲသွားမှာကိုလည်း သူ မလိုလားဘူး။

ကျွော့ချင်းက ထိုနေ့တွင် ပင်မခန်းမထဲမှ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်တွေးကြည့်ရင်း ကောင်မလေး၏ နူးညံ့သော မျက်လုံးများက မျက်ရည်ကျလုနီးနီးဖြင့် သူမအား စိုက်ကြည့်နေသည်ကို ပြန်သတိရမိသွားသည်။ ယခုအချိန်တွင် ဖြစ်နေသော သူ့အမူအရာကို ခန့်မှန်းလိုက်ပြီး ကျွော့ချင်းက သူ့ကို ချက်ချင်း ထပ်မေးလိုက်သည်။

"ရှင်လက်ထပ်မယ့် သတို့သမီးက သူ(မ)မဟုတ်လို့လား?”

လို့ရှီးယန်က ပြန်မဖြေသေးဘဲ ကျင်းစကို တည်ငြိမ်စွာ လှမ်းပြောလိုက်သည်။

"ရထားလုံး ပြင်ထားလိုက်"

"ဟုတ်ကဲ့"

ကျင်းစက ဦးညွှတ်ပြီး နောက်ပြန်ဆုတ်သွားသည်။

လို့ရှီးယန်က သူ့ဘာသာသူ မတ်တပ်ရပ်နိုင်ရန် ကြိုးစားလိုက်ပြီး ထိုရိုးရှင်းသော လှုပ်ရှားမှုကပင် သူ့ကို အသက်ရှူမဝ ဖြစ်စေခဲ့သည်။ ကျွော့ချင်းက သူ့ကို သန့်ရှင်းသည့် အဝတ်တစ်စုံ ယူပေးလိုက်ပြီး စိုးရိမ်တကြီးဖြင့် ထပ်မေးလိုက်သည်။

"ရှင်က ဒီအတိုင်း သွားချင်နေသေးတာလား?"

အခု သူ လမ်းလျှောက်ဖို့တောင် ခက်ခဲနေတာလေ၊ ဒီလိုပုံနဲ့ နန်းတော်ကို ဘယ်လိုဝင်နိုင်မှာလဲ? မင်းသမီးလေးက သူ့အတွက် အရမ်း အရေးကြီးတာလား??

လို့ရှီးယန်က ကျွော့ချင်း၏အကူအညီဖြင့် စိမ်းပြာရောင်ဝတ်စုံကို ၀တ်ဆင်လိုက်သည်။ သူမ၏စိတ်ထဲတွင် အဆင်မပြေဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် လို့ရှီးယန်က သူမ၏ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး အပြုံးဖြင့် ထပ်ပြောလိုက်သည်။ "တော်ဝင်အမိန့်တော်ကို ငြင်းဆန်လို့ မရဘူး၊ ကိုယ် အဆင်ပြေပါတယ်။ မင်း အရမ်း စိတ်မပူပါနဲ့"

ထားလိုက်ပါတော့၊ သေခါနီးဖြစ်နေတဲ့ မိန်းခလေးတစ်ယောက်ကြောင့် ဘာလို့ စိတ်အနှောက်အယှက်ဖြစ်ခံရမှာလဲ?

ကျွော့ချင်းက လို့ရှီးယန် အဝတ်အစားများ လဲဝတ်နေသည်ကို ရင်တထိတ်ထိတ် စောင့်ကြည့်နေရင်း ထပ်မေးလိုက်သည်။

"ကျွန်မ ရှင်နဲ့လိုက်ခဲ့ရင်ရော ဘယ်လိုလဲ? ကျွန်မ ရထားလုံးပေါ်မှာ ရှင့်ကို စောင့်နေမယ်လေ"

လို့ရှီးယန်က ခေါင်းခါကာ ငြင်းဆန်လိုက်သည်။

"မင်းတစ်နေ့လုံး ပင်ပန်းနေပြီးပြီ၊ အိမ်မှာ အနားယူပြီး ကိုယ်ပြန်လာတာကို စောင့်နေနော်၊ ဟုတ်ပြီလား"

ယခုတကြိမ်တွင် မယ်တော်မိဖုရားကြီးက ဘာလုပ်ချင်နေမှန်း သူ မသိသောကြောင့် လို့ရှီးယန်က ဤကဲ့သို့ အန္တရာယ်များသည့် အခြေအနေတွင် ကျွော့ချင်းအား အန္တရာယ်ဖြစ်စေမည်ကို ကြောက်လန့်နေသည်။

လို့ရှီးယန်၏ လေသံက နူးညံ့သိမ်မွေ့နေသော်လည်း သူ ပြောချင်သည့် စကား၏အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ ကျွော့ချင်းက အတင်းအကျပ် ပြောမနေတော့ပဲ သူ့စကားကို လက်ခံလိုက်သည်။

"ကောင်းပါပြီ၊ ရှင်လည်း သတိထားဦးနော်"

"ခဏနေပါဦး"

သူမ၏မျက်ခုံးနှစ်ခုအလယ်သို့ နူးညံ့သောအနမ်းတစ်ခု ကျဆင်းလာပြီး လို့ရှီးယန်က သူ့နှာခေါင်းကို အသာအယာ ပြန်ပွတ်နေသည်။ ကျွော့ချင်း ခဏတာမျှ အံ့အားသင့်နေခဲ့ပြီး သူမ အသိပြန်ဝင်လာချိန်တွင် လို့ရှီးယန်က သူမကို ကျောပေးကာ ညင်ညင်သာသာ ထွက်ခွာသွားပြီ ဖြစ်သည်။

ကျွော့ချင်းက သူ့နောက်သို့ အမြန်လိုက်သွားခဲ့သည်။ လို့ရှီးယန်က သပ်ရပ်စွာ ၀တ်စားဆင်ယင်ထားသော်လည်း ဖြူဖျော့နေကာ သူ့၏ပင်ပန်းနွမ်းနယ်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူက လန်ယွဲ့အဆောင်မှ ထွက်လာခဲ့ပြီး လို့မူဟိုင်က သူ့နောက်မှ ကျွော့ချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးမှ သူ့ကို လှမ်းမေးလိုက်သည်။

“မင်း ဘယ်ကို သွားမလို့တုန်း?”

ကျွော့ချင်းတစ်ယောက် စိတ်ဓာတ်ကျသွားရသည်။

သူ ဘာလို့ သူမကို စိုက်ကြည့်နေတာလဲ?? ရှီးယန်ကို အပြင်ထွက်ခိုင်းတာ သူမမှ မဟုတ်တာ။ အံ့သြစရာပဲ!

လို့ရှီးယန်က လို့မူဟိုင်၏စကားကို ချက်ချင်းပြန်မဖြေဘဲ ကျွော့ချင်းဘက်သို့ ပြန်လှည့်ကာ သူမကို လှမ်းပြောလိုက်သည်။

"အရမ်းနောက်ကျနေပြီ၊ မင်း အရင် အိပ်ယာဝင်သင့်တယ်"

လို့မူဟိုင်၏ အေးစက်သော အကြည့်များအောက်တွင် ကျွော့ချင်းက လို့ရှီးယန်ကို ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

သူမ မကြောက်ဆုံးအရာက မျက်လုံးပြိုင်ပွဲပဲလေ... ကြောက်နေမယ်ထင်လို့လား???

လို့ရှီးယန်က လို့မူဟိုင်၏ နံဘေးသို့ လျှောက်သွားနေရင်း သူ့အဖေ၏မေးခွန်းကို တုံ့ပြန်လိုက်သည်။

"မယ်တော်မိဖုရားကြီးက နန်းတော်ထဲကို ဝင်ဖို့ အမိန့်ပေးထားတယ်"

ရွှယ်ရှန်းရှင်းက စိတ်ရှုပ်ထွေးစွာဖြင့် တိုးတိုးလေး ပြောလာပြန်သည်။

"နန်းတော်ထဲကို ဝင်ရမှာလား? အခုက အရမ်းနောက်ကျနေပြီကို ဘာဖြစ်လို့လဲ"

လို့ရှီးယန်က ပြန်မရှင်းပြတော့ဘဲ လို့မူဟိုင်ကို ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး ခြံတံခါးဆီသို့ ထွက်ခွာသွားတော့သည်။

လို့ရှီးယန် ထွက်သွားပြီးဖြစ်တာကြောင့် ကျွော့ချင်းက ပြန်လှည့်ကာ အနီးနားရှိ ကျို့ချွီတံတားဆီသို့ လမ်းလျှောက်လိုက်သည်။ သူမက လို့ရှီးယန်ထံမှ သတင်းကို စောင့်မျှော်ရန် ကျိုက်ရှင်းအဆောင်သို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမ ခြေတစ်လှမ်းတောင် မလှမ်းရသေးမီတွင် အနောက်မှ လို့မူဟိုင်၏ မိုးခြိမ်းသံကဲ့သို့ အသံကို သူမ ကြားလိုက်ရသည်။

"မင်း၊ ငါနဲ့ စာဖတ်ခန်းကို လိုက်ခဲ့"

သူက ဘယ်သူ့ကို ခေါ်နေတာလဲ???

ကျွော့ချင်းက ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လိုက်သည်။ လို့မူဟိုင်က စာဖတ်ခန်းဆီသို့ လျှောက်လှမ်းနေပြီဖြစ်ကာ ရွှယ်ရှန်းရှင်းက ကြည်ကြည်လင်လင်ဖြင့် သူမကို စူးစူးစိုက်စိုက် ကြည့်နေသည်။ လို့ရှီဝူက သူမအနားသို့ လျှောက်လာကာ သူမ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲမှ စာနာစိတ်အပြည့်ဖြင့် တိုးတိုးလေး ပြောလာသည်။

"မကြောက်ပါနဲ့၊ သူက အသံကျယ်တာပဲ ရှိတာပါ၊ မင်းမှာ မင်းကို ထောက်ပံ့ပေးမယ့် အကိုကြီး ရှိပါတယ်၊ အဆင်ပြေပါတယ်!"

ကျွော့ချင်းက မျက်ခုံးပင့်ကာ အနည်းငယ် ခေါင်းမော့ထားသော်လည်း သူမက ကြောက်ရွံ့မှုနေရမည့်အစား စိတ်ဝင်စားနေပုံ ပိုပေါ်နေသည်။

လို့ရှီးယန် ပြန်ရောက်မလာသေးရင် သူမလည်း အိပ်မပျော်နိုင်တဲ့ အတူတူတော့ သူမ သူနဲ့ သွားတွေ့လိုက်တာက ပိုကောင်းတယ်လေ။

ကျွော့ချင်းက စာဖတ်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ လို့မူဟိုင်က အချိန်အတော်ကြာအောင် စောင့်နေခဲ့ရပြီး သူ့မျက်နှာတွင် သူ စိတ်မရှည်ဖြစ်နေကြောင်း သိသိသာသာ ဖော်ပြထားသည်။

ကျွော့ချင်း စာကြည့်ခန်းထဲသို့ လှမ်းဝင်လာသည်နှင့်တပြိုင်နက် လို့မူဟိုင်က ဘာကိုမျှ လှည့်မကြည့်ဘဲ တိုက်ရိုက်မေးလိုက်သည်။

"မင်းကို ဘာလို့ လာခိုင်းတာလဲဆိုတာ မင်း သိလား?"

ကျွော့ချင်းက ပခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။

"မသိဘူး"

သူမက သူ့ဗိုက်ထဲက သန်ကောင် မဟုတ်ဘူးလေ။

"ဧကရာဇ်က မင်းကို ရှီးယန်အတွက် ပေးအပ်လိုက်ပြီဆိုကတည်းက မင်းက ရှီးယန်ရဲ့ မိန်းမဖြစ်နေပြီ။ မင်းအတွက် နေရာတစ်ခု သေချာပေါက် ရှိနေလိမ့်မယ်၊ ဒါပေမယ့် လူတစ်ယောက်အတွက် အရေးကြီးဆုံးက သူ့နေရာကို နားလည်ဖို့ပဲ၊ အဲ့တာကို မင်းနားလည်လား?"

နေရာ??!

ချင်းက ပြန်မေးလိုက်သည်။

"ရှင်က လို့ရှီးယန် ကိုယ်လုပ်တော်ယူတာကို မတားစေချင်ဘူးလို့ ဆိုလိုတာလား?"

"ရှီးယန်ရဲ့ ပင်မဇနီးက သူ့နဲ့ လိုက်ဖက်ညီတဲ့ အမျိုးသမီးဖြစ်သင့်တယ်၊ သူ့ကို ကူညီပေးနိုင်ရမယ်၊ သူ့ရဲ့အလုပ်အတွက် အကျိုးရှိစေရမယ်"

သူ ပြောချင်တာက သူမက သူမရဲ့ အရည်အချင်းတွေကို လွန်ကဲစွာ တွက်ဆမိနေတယ်လို့ ဆိုလိုချင်တာလား?? ပြဿနာက သူမက လို့ရှီးယန်ကို မောင်းမမိဿံတွေ ယူခွင့်ပေး မပေးဆိုတာထက် သူမကိုယ်တိုင်က ပင်မဇနီးဖြစ်ဖို့ အရည်အချင်း မပြည့်မီတာပေါ့လေ။

ကျွော့ချင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး မေ့ဆတ်ကာ ပြန်မေးလိုက်သည်။

"အဲ့တော့????"

လို့မူဟိုင်က ကျွော့ချင်း၏ လေးစားခြင်း ကင်းမဲ့မှုအပေါ် ပို၍ ပို၍ စိတ်ပျက်လာခဲ့သည်။

သူပဲ ပြောချင်နေတာ မဟုတ်ဘူးလား? အဲ့တော့ သူမက သူ့ကို စကားပြောခွင့်ပေးတယ်လေ... ဆက်ပြောပေါ့..

ထိုနောက် ကျွော့ချင်းက အေးအေးဆေးဆေး လက်ပိုက်လိုက်ပြီး သူ့ကို ပြုံးပြလိုက်ကာ သူမဘက်မှ စပြောလိုက်သည်။

"ဒါဆို ကျွန်မက ကျွန်မရဲ့ စေတနာနဲ့အကျင့်သီလကို ပြသဖို့ သူ့ရဲ့ အလုပ်အတွက် အကျိုးပြုနိုင်တဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ ရှီးယန်ကို တိုက်တွန်းရမယ်ပေါ့"

လို့မူဟိုင်က မာနကြီးခြင်း ဖြစ်နိုင်သလို ကျွော့ချင်း၏ အတွေးများအား ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်ပုံဖြင့် ကျွော့ချင်း၏စကား အဆုံး၌ ထပ်ပြောလိုက်သည်။

"မင်း နားလည်ရင် အကောင်းဆုံးပဲ။ ရှီးယန်က မင်းကို သဘောကျနေတယ်ဆိုတာကို မင်း ကောင်းကောင်းသိပါတယ်။ သူ လက်ထပ်လိုက်ရင်တောင် မင်းက ပမာဏဇနီးကြောင့် မျက်နှာသာမရမှာကို စိတ်ပူနေစရာ မလိုဘူး။ ရှီးယန်နဲ့ လို့မိသားစုအတွက် ဝန်ကြီးချုပ်အိမ်တော်မှာ ထင်ရှားတဲ့ ပင်မဇနီးတစ်ယောက် ရှိဖို့ လိုအပ်နေတယ်”

ပထမတော့ ဖခင်ဖြစ်သူက သူမက သူ့သားနဲ့မထိုက်တန်ဘူးလို့ ပြောနေတယ်လို့ သူမက ရိုးရှင်းစွာ ထင်မြင်ယူဆခဲ့ပေမယ့် အခုတော့ သူမက လို့မိသားစုနဲ့ မထိုက်တန်ဘူး တဲ့လား??

ကျွော့ချင်းက လို့မူဟိုင်ကို မထေမဲ့မြင်ပြုကာ အားရပါရ ရယ်မောလိုက်ပြီး အထင်အမြင်သေးစွာဖြင့် ပြန်ပြောလိုက်သည်။

“ယောက်ျားတစ်ယောက်က သူ့ရာထူးအတွက် အိမ်ထောင်ရေးကို အားကိုးနေရင် အဲ့လိုလူမျိုးကို ရှင်က ကျွန်မကို လိုလိုချင်ချင် ပေးနေရင်တောင် ကျွန်မက မလိုချင်ဘူး၊ ရှင့်စိတ်ထဲမှာ လို့ရှီးယန်ကို ဘယ်လိုတွေးနေမှန်း ကျွန်မ မသိဘူး၊ ရှင်က သူကို ရှင့်ရဲ့အကျိုးစီးပွားကို ဖြည့်ဆည်းပေးနိုင်တဲ့ ရှင့်ရဲ့စွမ်းအားကို ချဲ့ထွင်ပေးနိုင်တဲ့ နယ်ရုပ်တစ်ခုလို့ ထင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်မ စိတ်ထဲမှာတော့ သူက လူတစ်ယောက်၊ ကျွန်မ ချစ်တဲ့လူ"

အချစ်ရေးက ခက်ခဲပုံမပေါ်ပါဘူး။

ကျွော့ချင်းက သူမကိုယ်သူမ နာကျင်သွားလိမ့်မဉ်ဟု ထင်ထားခဲ့သောလည်း ယခု မမျှော်လင့်ထားဘဲ သူမ စိတ်အခြေအနေကောင်းနေခဲ့သည်။ ကျွော့ချင်းက လို့မူဟိုင်၏ မိုးကြိုးများ ပစ်ချချင်နေသလို အလင်းများဖြာထွက်နေသည့် မျက်နှာကြီးကို အလိုအလျောက် လျစ်လျူရှုလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ရှင် ထင်တာတွေ မှားနေပြီလို့တော့ ကျွန်မ ထင်တယ်။ သစ္စာတရားနဲ့ ကြင်နာမှုက ကျွန်မအလိုအပ်ဆုံး အရည်အသွေးပဲ၊ ကျွန်မယောက်ျားမှာ ကျွန်မတစ်ယောက်ပဲ ရှိရမယ်၊ မယားငယ်ယူဖို့ မပြောနဲ့ ရံဖန်ရံခါ ပျော်ပါးတာကိုတောင် လုံးဝခွင့်မပြုနိုင်ဘူး!"

"ရိုင်းစိုင်းလိုက်တာ! မင်းလို မနာလိုတက်တဲ့ မိန်းမက ဇနီးမယားဖြစ်ဖို့ မထိုက်တန်ဘူး။ မင်းမှာ အဲ့လိုအစွဲအလမ်းတွေ ဆက်ရှိနေရင် နောက်ဆုံးကျရင် မင်း ဝန်ကြီးချုပ်အိမ်တော်ကနေ ထုတ်ပယ်ခံရလိမ့်မယ်"

"ရှင် ကျွန်မအတွက် စိတ်ပူစရာ မလိုပါဘူး၊ လို့ရှီးယန်မှာ ဒုတိယမိန်းမရှိလာရင် ရှင်တောင် ကျွန်မကို လာနှင်ထုတ်ဖို့ မလိုဘူး။ ကျွန်မဘာသာ ထွက်သွားမှာ"

ငါ ဆက်ပြောနေရင် ဒီလူကြီး ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်တော့မယ်။

ကျွော့ချင်းက ပခုံးတွန့်ပြီး လို့မူဟိုင်ကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

"ကျွန်မတို့ စကားဆက်ပြောနေစရာ မလိုတော့ဘူး ထင်တယ်၊ နောက်ကျနေပြီ၊ ရှင်လည်း စောစောအိပ်သင့်တယ်!"

ငါ့မှာလည်း မှန်ကန်တဲ့ အပြုအမှုနဲ့ ယဉ်ကျေးပျူငှာမှုတွေ ရှိပါတယ်ဟ။

ထိုစကားကို ပြောပြီးနောက် ကျွော့ချင်းက ပြန်လှည့်လာခဲ့သည်။

"မင်း သူ့ကို ဒုက္ခရောက်အောင် လုပ်မိလိမ့်မယ်"

သူမ၏နောက်မှ သက်ပြင်းချသံပါသော သတိပေးသံက ကျွော့ချင်းကို အေးခဲသွားစေသော်လည်း အချိန်ခဏလေးသာ ကြာမြင့်ခဲ့သည်။

သန်းခေါင်ကျော်နေပြီဖြစ်သော်လည်း ရှီးရှနန်းတော်၏ အတွင်းနှင့် အပြင်ဘက်တွင် မီးများ လင်းထိန်နေသေးသည်။ မိန်းမစိုးများနှင့် အစေခံများက မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော်လည်း အလွန်တိတ်ဆိတ်နေသဖြင့် ထိုတိတ်ဆိတ်မှုက လူများကို အသက်ရှူကြပ်နေစေခဲ့သည်။ လေးလံသောလေထုကြောင့် သိမ်မွေ့သော ဝင်သက်ထွက်သက်ကိုပင် နက်နက်နဲနဲ ခံစားနေရသည်။

လို့ရှီးယန် နန်းတော်ထဲသို့ ဝင်လာချိန်တွင် အနောက်နန်းဆောင်မယ်တော်မိဖုရားကြီး ယန်ကျီလန်နှင့် ဧကရာဇ်ယန်းဟုန်ထျန်းတို့ နန်းတော်ခန်းမ အရှေ့ဘက်၌ ထိုင်နေသည်ကို သူ တွေ့လိုက်ရသည်။ ဧကရာဇ်ယန်းဟုန်ထျန်း၏ မျက်နှာက မဲမှောင်နေပြီး သူ ပျော်ရွှင်နေလား ဒေါသထွက်နေလားဆိုသည်ကို ပြောရန် ခက်ခဲလှသည်။ မယ်တော်မိဖုရားကြီးက နန်းတော်အပြင်ဘက်သို့ စိုးရိမ်တကြီး လှမ်းလှမ်းကြည့်နေသည်။ လို့ရှီးယန် ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် ယန်ကျီလန်က တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်သည်။

လို့ရှီးယန်က နန်းတော်ထဲသို့ လျှောက်ဝင်သွားလိုက်ပြီး ဒူးထောက် အရိုအသေပေးလိုက်သည်။

"ဒီလက်အောက်ငယ်သား လို့ရှီးယန်က ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ၊ မယ်တော်မိဖုရားကြီး ဘေးကင်းကျန်းမာပါစေ"

"ထလို့ရပြီ"

လို့ရှီးယန်၏ ဖြူဖျော့ဖျော့နှင့် သွေးမဲ့နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ယန်းဟုန်ထျန်းက မျက်မှောင်ကြုတ်ကာ ချက်ချင်း ထခွင့်ပေးလိုက်သည်။

"မင်း အရင် ထိုင်လိုက်ဦး။ မင်းမျက်နှာက ဘာလို့ ဒီလောက်တောင် ဆိုးနေရတာလဲ?"

လို့ရှီးယန်က အသက်ကို ပြင်းပြင်းရှုသွင်းပြီးမှ ပြန်ဖြေလိုက်သည်။ "အရှင့်ရဲ့စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မျိုး အဆင်ပြေပါတယ်။ အရှင်က ကျွန်တော်မျိုးကို ညနက်မှ နန်းတော်ထဲကို ဘာလို့ခေါ်တာလဲလို့ တွေးနေမိပါတယ်"

ယန်းဟုန်ထျန်းက ဘာမှပြန်မပြောဘဲ အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက သက်ပြင်းချကာ ဝင်ပြောလိုက်သည်။

"ရှီးယန်၊ အိုက်ကျားမှာ မင်းကို ခေါ်ဖို့ကလွဲပြီး ရွေးစရာ မရှိတော့ဘူး"

“မယ်တော်မိဖုရားကြီးက အလေးအနက် ထားလွန်းနေပါပြီ”

သူမက ဧကရာဇ်ကိုတောင် ဖိတ်ခေါ်ထားပြီးပြီဆိုမှတော့ သူမက ဒီနေ့ည သူမရဲ့ပန်းတိုင်ကို မရောက်မချင်း အရှုံးပေးမှာ မဟုတ်ဘူး။

"ရွှယ်အာက အရမ်းခေါင်းမာတဲ့ ကလေးပဲ၊ သူ(မ)က ငယ်ငယ်လေးကတည်းက မင်းကို သဘောကျနေခဲ့တာ မင်းလည်း သိပါတယ်၊ ဒါပေမယ့် အခု မင်း လက်ထပ်မယ်ဆိုရင် သူ(မ)က ဘယ်လို သည်းခံနိုင်မှာလဲ?"

လို့ရှီးယန်က ပြန်မေးလိုက်သည်။

"မင်းသမီး ကျန်းမာပါရဲ့လား"

သူလည်း ယန်းရှုရွှယ် ကြီးပြင်းလာတာကို မြင်ခဲ့ရပြီး သူမ တစ်ခုခုဖြစ်သွားမှာကိုတော့ မဖြစ်စေချင်ပါဘူး။

လို့ရှီးယန် ထိုသို့မေးလိုက်ခြင်းဖြင့် ယန်းရှုရွှယ်၏သတ်သေမှုအကြောင်း သူ သိထားပြီးပြီဟု ဆိုလိုသည်။ အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက သူမ၏မျက်နှာကို ကောင်းမွန်စွာ ထိန်းသိမ်းထားလေ့ရှိပြီး ယခုအခါတွင် သူမ၏မျက်နှာပေါ်၌ ညှိုးငယ်သောအကြည့်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။ ယန်ကျီလန်က မေးခွန်းကို ရှောင်ရှားမနေတော့ဘဲ ချက်ချင်း ပြန်ဖြေလာခဲ့သည်။

"နောက်ဆုံးတော့ သူ(မ) နိုးလာပြီ။ ဒါပေမယ့် အိုက်ကျားတို့ မိသားစုက ကလေးက အာရုံလွဲမှားပြီး မိုက်မဲတာတွေကို ထပ်လုပ်မှာကို အိုက်ကျား စိုးရိမ်နေမိတယ်။ အဲ့အတွက် မင်းနဲ့ ဆွေးနွေးချင်တာကြောင့် ဒီနေ့ မင်းကို ဖိတ်ခေါ်လိုက်ရတာပါ။ ရှီးယန်၊ မင်းအပေါ်ထားတဲ့ ရွှယ်အာရဲ့ ခံစားချက်က အရမ်းအမြစ်တွယ်နေတယ်၊ ​​မင်းရော ဘယ်လိုမြင်လဲ”

ရွှယ်အာက သူမရဲ့ တစ်ဦးတည်းသော သမီးလေးလေ၊ ရွှယ်အာ တစ်ခုခုကို လိုချင်သရွေ့တော့ အမေဖြစ်တဲ့ သူမက သူမရဲ့သမီး အဲ့ဒီအရာကို ရအောင် ကူညီပေးရမှာပေါ့။

လို့ရှီးယန်က တိတ်ဆိတ်နေပြီး ယန်းဟုန်ထျန်းကလည်း တိတ်ဆိတ်နေသောကြောင့် ခန်းမထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ မယ်တော်မိဖုရားကြီးက သူမ၏ ယနေ့ညအတွက် ရည်ရွယ်ချက်ကို ထုတ်ပြောလာသည်။

“ဒီနေ့ အိုက်ကျားက မင်းတို့ကို ထိမ်းမြားခွင့်ပေးမယ်၊ အဲ့တာက ကောင်းတယ် မလား?”

အခန်း ၇၂ အတင်းအကျပ် လက်ထပ်ပေးခြင်း (၃)

“ဒီနေ့ အိုက်ကျားက မင်းတို့ကို ထိမ်းမြားခွင့်ပေးမယ်၊ အဲ့တာက ကောင်းတယ် မလား?”

အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက အမေးစကားပုံစံ ပြောနေသော်လည်း သူ့ထင်မြင်ချက်ကို မေးနေခြင်း လုံးဝ မဟုတ်ပေ။ သူမက သူ့ကို လက်ထပ်ခိုင်းရန် ယနေ့ည နန်းတော်ထဲသို့ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပြီး ထိုအရာက သူမ၏အဓိကရည်ရွယ်ချက် ဖြစ်နိုင်သည်။

သူကလည်း ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်နေသောကြောင့် လို့ရှီးယန်အနေဖြင့် မအံ့သြတော့ပေ။ သူက ထိုင်နေရာမှ ထကာ ခန်းမအလယ်သို့ လျှောက်သွားလိုက်ပြီး လက်သီးများကို အုပ်ကိုင်ကာ အနည်းငယ် ဦးညွှတ်ရင်း တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

"မယ်တော်ကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးမှာ ဇနီး ရှိပြီးသားမို့ မင်းသမီးကို မပစ်မှားဝံ့ပါဘူး"

မယ်‌တော်မိဖုရားကြီးကလည်း သူ ထိုသို့ပြောလာလိမ့်မယ်ဟု မျှော်လင့်ထားပုံရပြီး ချစ်ခင်ကြင်နာသည့် အပြုံးဖြင့် အကြံထပ်ပေးလိုက်သည်။

“စိတ်မပူပါနဲ့၊ အိုက်ကျားက မစဥ်းစား မဆင်ခြင်တက်တဲ့လူ မဟုတ်ပါဘူး။ အိုက်ကျားလည်း အဲ့ကလေး ချင်းလင်ကို အရမ်းသဘောကျပါတယ်။ မကြာခင်မှာ ကောင်းချီးမင်္ဂလာပွဲ ကျင်းပတော့မှာဆိုတော့ အဲ့အခမ်းအနားပြီးရင် မင်းနဲ့ ရွှယ်အာရဲ့လက်ထပ်ပွဲကို အရင် စီစဉ်ပေးမယ်။ မင်းတို့ လက်ထပ်ပြီးရင် လင်အာကို အိမ်တော်ထဲကို ဝင်ခိုင်းလိုက်မယ်၊ သူ(မ)အတွက် နည်းနည်းလေး နစ်နာသွားတယ်လို့ ခံစားရနိုင်ပေမယ့် ရွှယ်အာရဲ့ စရိုက်ကို မင်း သိပါတယ်၊ ရွှယ်အာက သူ(မ)ကို အရှက်ရစေမှာ မဟုတ်ပါဘူး”

လို့ရှီးယန်၏ စိတ်နေစိတ်ထားအရ သူက အခြားမယားငယ် ထပ်ယူမည် မဟုတ်သောကြောင့် ယန်းရှုရွှယ်အနေဖြင့် သူထံတွင် ဇနီးတစ်ယောက်နှင့် ကိုယ်လုပ်တော်တစ်ဦးရှိနေခြင်းအပေါ် အလွန်စိတ်မကောင်းဖြစ်မည် မဟုတ်ပေ။

"မယ်တော်မိဖုရားကြီးကို ပြန်ကြားတာကတော့ ကျွန်တော်မျိုးနဲ့ ချင်းလင်နဲ့ ထိမ်းမြားလက်ထပ်ဖို့ ကိစ္စကို မိသားစုအကြီးအကဲတွေဆီကို အကြောင်းကြားထားပြီးပါပြီ။ နန်းတော်ရဲ့အခမ်းအနားမှာလည်း သူ(မ)က ကျွန်တော်မျိုးရဲ့ဇနီးဆိုတာကို ဝန်ကြီးတွေရှေ့မှာ အသိပေးထားခဲ့ပြီးပြီ၊ အခုမှ နောက်တစ်ယောက်ကို ဘယ်လိုလက်ထပ်ရမလဲ?"

သူမ ဘာပဲပြောပြော သူက ဒီကိစ္စနဲ့ ပတ်သတ်ပြီး နောက်ဆုံးအချိန်ထိ ဇွဲကောင်းကောင်းနဲ့ ငြင်းရမှာပဲ။

အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက အံ့အားသင့်သွားပုံဖြင့် ထပ်ပြောလာပြန်သည်။

“မင်းတို့က တရားဝင်လက်ထပ်တာ မဟုတ်တဲ့အတွက် မင်းတို့ကို အကြင်လင်မယားအဖြစ် သတ်မှတ်လို့ မရဘူး။ မင်းက ဘာလို့ ထပ်ပြီး လက်မထပ်နိုင်ရမှာလဲ? တိုင်းပြည်တစ်ခုရဲ့ ဝန်ကြီးချုပ်အနေနဲ့ မင်းက ဘာလို့ ဇနီးတစ်ယောက်ပဲ ယူဖို့ ပေါ့ပေါ့ဆဆ ဆုံးဖြတ်နေတာလဲ? ချင်းလင်က မကောင်းဘူးလို့ အိုက်ချင်းက မဆိုလိုပါဘူး။ ဒါပေမယ့် အခြားတိုင်းပြည်က မိန်းခလေးက မင်းရဲ့ဇနီး ဖြစ်ထိုက်ပါ့မလား?"

အကြာကြီး မတ်တပ်ရပ်နေရပြီးနောက် လို့ရှီးယန်၏အသက်ရှူသံက အနည်းငယ် မတည်မငြိမ် ဖြစ်လာသည်။ သူက အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် ခပ်ဖြေးဖြေး တုံ့ပြန်လိုက်သည်။

"မယ်တော်မိဖုရားကြီးရဲ့စကားတွေက မှားနေပါပြီ၊ ဧကရာဇ်က သူ(မ)ကို ဒီနိမ့်ကျတဲ့ဝန်ကြီးဆီကို အပ်နှင်းလိုက်တာကြောင့် သူ(မ)က ဟောင်ယွဲ့ကလူ မဟုတ်တော့ပါဘူး၊ သူ(မ)က ကျွန်တော်မျိုးရဲ့အမျိုးသမီးပါ၊ ကျွန်တော်မျိုးက သူ(မ)ကို ဇနီးအဖြစ်နဲ့လက်ထပ်ဖို့ ကတိသစ္စာပြုထားခဲ့တယ်။ ဒီအချိန်မှာ အိမ်ထောင်ရေးကတိကို ပြန်ပြင်ဖို့ ဆိုတာက ဖြောင့်မတ်ခြင်းတရားအရရော ကျွန်တော်မျိုးရဲ့အကျင့်စာရိတ္တအရ‌ရော တကယ်ကို ဆန့်ကျင်နေပါတယ်၊ ကျွန်တော်မျိုးက စိတ်ပြောင်းလွယ်ပြီး ကတိကို လွယ်လွယ်ဖောက်ဖျက်တဲ့သူဆိုရင် မင်းသမီးကို ကျွန်တော်မျိုး လက်ထဲထည့်ပေးလိုက်ရင် မယ်တော်ကြီးလည်း စိတ်မချမ်းသာနိုင်ပါဘူး"

လူတိုင်း၏အမြင်တွင် လို့ရှီးယန်နှင့် ယန်းရှုရွှယ်တို့က စုံတွဲတစ်တွဲ ဖြစ်နေခဲ့သည်။ ထိုအရာက နန်းတွင်းရှိ လူတိုင်းသိနေသော အရာဖြစ်သည်။ ဧကရာဇ်က သူ့ကို အမျိုးသမီးတစ်ဦး ပေးအပ်ခဲ့ခြင်းကလည်း အမှားအယွင်း မရှိပေ။ အဆင့်အတန်းမြင့်သော အမျိုးသားတစ်ယောက်တွင် ဇနီး၊ ကိုယ်လုပ်တော်သုံးယောက်နှင့် မောင်းမလေးယောက်ရှိနိုင်သည်။ ထိုကြောင့်လည်း မယ်တော်မိဖုရာကြီးက ထိုကိစ္စကို ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။

အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ လို့ရှီးယန်က ဒီအိမ်ထောင်ရေးကို ချေပဖို့ အကြောင်းပြချက်တွေ ရှာလာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ ရွှယ်အာ သည်းမခံနိုင်ဘဲ ကိုယ့်ကိုကိုယ် သတ်သေတာက အံ့သြစရာ မရှိတော့ဘူး။

လို့ရှီးယန်က ချင်းလင်ကို အလွန်အမင်း စွဲလမ်းနေပုံရပြီး သူတို့ကို လက်ထပ်ခွင့်မပြုဖို့ မဖြစ်နိုင်တော့သလို အခုမှ သူမနဲ့ လမ်းခွဲခိုင်းဖို့လည်း မဖြစ်နိုင်တော့ဘူး။

မယ်တော်မိဖုရားကြီး၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသော်လည်း သူမက သူမ၏စိတ်ထဲမှ ဒေါသကို ထိန်းရင်း အေးစက်စွာ ထပ်ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဝန်ကြီးချုပ်လို့က ယုံကြည်ချက် အရမ်း ပြင်းပြနေတယ်၊ အိုက်ကျားကလည်း မင်းရဲ့စရိုက်ကို အရမ်း တန်ဖိုးထားပါတယ်၊ ဒါကြောင့် အိုက်ကျားက မင်းကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး၊ ချင်းလင်က ရွှယ်အာနဲ့ အတူတူ တံခါးကို ဖြတ်ပြီး ဝင်နိုင်တယ်၊ သူ(မ)ရဲ့ အဆင့်အတန်းက ဇနီးသည်နဲ့ အတူတူပါပဲ၊ ကွာခြားမှု မရှိဘူး၊ ဒီနည်းက သူ(မ)ကို ဘေးဖယ်ထားနိုင်ပြီး ဝန်ကြီးချုပ်လို့လည်း ကတိကို မလိုက်နာဘူးလို့ ပြောလို့မရတော့ဘူးမလား"

တိုင်းပြည်ငယ်လေးက အမျိုးသမီးတစ်ဦးက မင်းသမီးနဲ့ နှိုင်းယှဥ်နိုင်ပါ့မလား။ သူမက သူမတို့ရဲ့ ကြီးကျယ်ခမ်းနားမှုကိုတောင် ဂရုမစိုက်တော့ဘဲ အကြီးမားဆုံး ခြေလှမ်းကို နောက်ပြန်ဆုတ်ပေးလိုက်ပြီ။ ဒီအချိန်မှာတောင် လို့ရှီးယန်က သူမရဲ့ကြင်နာမှုကို တန်ဖိုးထားရကောင်းမှန်း မသိရင်တော့ သူမကို အပြစ်မတင်နေနဲ့တော့။

"ရှီးယန်" မှ "မင်း"၊ “မင်း” မှ "ဝန်ကြီးချုပ်လို့" ဖြစ်လာကာ မယ်တော်မိဖုရားကြီး၏ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးလုနီးပါး ဖြစ်နေပုံရပြီး လို့ရှီးယန်၏ရင်ဘတ်မှ တင်းကျပ်လာမှုကလည်း ပိုသိသာလာသည်။ လို့ရှီးယန်က အချိန်အတော်ကြာအောင် တိတ်တဆိတ် အသက်ရှုသွင်းနေသော်လည်း ဘာမှပြန်မပြောနိုင်သေးပေ။

"ဝန်ကြီးချုပ်လို့က ဘာမှမပြောရင် အိုက်ကျားက မင်းရဲ့သဘောဆန္ဒက အဲ့အတိုင်းပဲလို့ ယူဆလိမ့်မယ်"

လို့ရှီးယန်က ငြင်းပယ်လိုကြောင်း သူမ သိသော်လည်း မယ်တော်မိဖုရားကြီးက သူမနည်း သူမဟန်အတိုင်း ဆက်လုပ်ရန် တောင်းဆိုနေဆဲဖြစ်သည်။

သူမ သားတစ်ယောက်ကို ဆုံးရှုံးပြီးပြီ၊ နောက်ထပ်သမီးတစ်ယောက်ကို မဆုံးရှုံး ချင်တော့ဘူး။

လို့ရှီးယန်က အနည်းငယ် မောဟိုက်နေပြီး သူ့ရင်ဘတ်မှ နာကျင်မှုကို သူ ခံစားနေရသည်။ သူက ဤပြသနာကို ရှောင်လွှဲရန် ရည်ရွယ်ချက်မရှိတော့ဘဲ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"ဒီဝန်ကြီးနဲ့ မင်းသမီးတို့ရဲ့ ဆက်ဆံရေးက အထက်လူကြီးနဲ့ ငယ်သား ဆက်ဆံရေးဖြစ်ပြီး ယောက်ျားနဲ့မိန်းမကြားက ချစ်ခြင်းမေတ္တာတွေ မရှိပါဘူး။ ကျွန်တော်မျိုးက မင်းသမီးကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘဲ မင်းသမီးရဲ့ ပျော်ရွှင်မှုကို နှောင့်နှေးစေမိမှာကို စိုးရိမ်မိပါတယ်၊ ဒါက မင်းသမီးရဲ့ ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုတွေကို ထိခိုက်စေပါလိမ့်မယ်။ အဲ့ဒါကြောင့် မယ်တော်မိဖုရားကြီးရဲ့ ကြင်နာမှုကို ကျွန်တော်မျိုး တကယ် လက်မခံနိုင်ပါဘူး"

"မင်း--"

သူက ဒီအိမ်ထောင်ရေးကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုတယ်ပေါ့။

မယ်တော်မိဖုရားကြီးက ဒေါသထွက်လွန်းလို့ သူမ သွားများကို တင်းနေအောင် အံ့ကြိတ်ထားမိသည်။

တချိန်လုံး နှုတ်ဆိတ်နေသည့် ယန်းဟုန်ထျန်းက ရုတ်တရက် ဝင်ပြောလာသည်။

"ရွှယ်အာရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းမလာသေးဘူး။ ဒီအိမ်ထောင်ရေးကို နောက်မှ ဆွေးနွေးမယ်... အခု နောက်ကျနေပြီ၊ မင်း အရင်ဆုံးပြန် အနားယူသင့်တယ်"

ရှီးယန်က တစ်ခုခု မှားနေပြီ၊ ပုံမှန်အားဖြင့် သူက ဒီလိုအရာတွေကို လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းလေ့ရှိပေမယ့် ဒီနေ့တော့ နည်းနည်းတော့ စိတ်မရှည်ဖြစ်နေပုံရတယ်။ သူ့နဖူးပေါ်က ချွေးပါးပါးနဲ့ နာကျင်မှုကို သည်းခံနေပုံရတဲ့ အသံမာမာက သူ နောက်တစ်ခါ ရောဂါထပ်ဖြစ်နေတာတော့ မဟုတ်ဘူးမလား!

မျှော်လင့်ထားတဲ့အတိုင်း ဧကရာဇ်က လို့ရှီးယန်နဲ့ လက်တွဲနေဆဲပဲ။ ဒါပေမယ့် ရွှယ်အာက သူ့ရဲ့ညီမအရင်းလေ။

လို့ရှီးယန် လှည့်ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် မယ်တော်မိဖုရားကြီးက သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး ရုတ်တရက် ထပ်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ နန်းတော်ထဲမှာ လူတွေ အများကြီးပဲဆိုတော့ ဒီတစ်ခါကိစ္စကို ဘယ်လို ရှင်းပြရမှန်း မသိတော့ဘူး။ ဒီကလေးရွှယ်အာက အရမ်းအရမ်းကို သိမ်မွေ့လွန်းနေတော့ နန်းတော်မှာဆိုရင် ရွှယ်အာ ပြန်လည်ကောင်းမွန်လာဖို့အတွက် တကယ်ကို အဆင်မပြေပါဘူး။ အိုက်ကျားရဲ့အမြင်အရ လို့ဝန်ကြီးချုပ်ရဲ့နေအိမ်က အရမ်းဆိတ်ငြိမ်ပြီး ပြန်လည်ထူထောင်ဖို့ အံဝင်ခွင်ကျဖြစ်လွန်းတယ်၊ ရွှယ်အာအတွက် အလွန်သင့်တော်တာမို့ ရွှယ်အာ့ကို ဝန်ကြီးချုပ်လို့ရဲ့နေအိမ်မှာ အနားယူခွင့် ပေးလိုက်ပါ"

ထိုစကားကို ကြားပြီးနောက် လို့ရှီးယန်၏ မြှောက်ထားသော ခြေထောက်က ချက်ချင်း တန့်သွားပြီး စိုးရိမ်တကြီး တားဆီးလာပြန်သည်။

"ဒါက မသင့်တော်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်"

အနောက်ဆောင် မယ်တော်မိဖုရား၏ ကြင်နာတတ်သည့် မျက်နှာထားက အေးစက်နေပြီဖြစ်ကာ သူမက တိုးတိုးလေး နှာမှုတ်လိုက်သည်။

"ရွှယ်အာက တိုင်းပြည်တစ်ခုရဲ့မင်းသမီးလေးဖြစ်နေတာတောင် သူ(မ)က မင်းရဲ့အိမ်မှာ အနားယူဖို့ မထိုက်တန်ဘူးပေါ... ဟုတ်လား?"

"ကျွန်တော်မျိုး အဲ့လို မဆိုလိုပါဘူး၊ အဲဒါက မင်းသမီးရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေလိမ့်မယ်။ လို့မိသားစုမှာ မင်းသမီးပြန်လည်ထူထောင်ဖို့ အလွန်သင့်တော်တဲ့ ခြံဝင်းတစ်ခု ရှိပါတယ်။ မင်းသမီးက အဲဒီကို သွားအနားယူဖို့ အသင့်တော်ဆုံးပါ"

မင်းသမီးကို သူ့အိမ်မှာ ပြန်လည်ထူထောင်ခွင့်ပေးလိုက်ရင် လင်အာ့ကို ရှင်းပြလို့ ရနိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ အနောက်ဆောင်မယ်တော်မိဖုရားကြီးက မင်းသမီးကို ဝန်ကြီးချုပ်အိမ်တော်မှာ အကြာကြီး နေထိုင်စေပြီး သူ့ရဲ့ဂုဏ်သတင်း ပျက်ပြားစေမှာကိုလည်း သူ ကြောက်နေမိတယ်။ ပြီးမှ သူ့ကို တာဝန်ယူခိုင်းလိမ့်မယ်၊ အဲ့ဒါဆို သူ ဘယ်လိုရှောင်ရမလဲ မသိနိုင်တော့ဘူး!

သူက ရွှယ်အာကို ခွင့်မပြုလေလေ သူမကလည်း လိုက်သွားစေချင်လေလေပဲ။

အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက သူမ၏နှလုံးသားထဲတွင် လှောင်ရယ်နေသော်လည်း သူမ၏မျက်နှာက ယခင်အမူအရာနှင့် လုံးဝကွဲပြားသွားခဲ့သည်။ သူမက ပြုံးပြရင်း ထပ်ပြောလာပြန်သည်။

"ရှီးယန်က အဲ့အတွက် စိတ်ပူစရာ မလိုပါဘူး၊ ဝန်ကြီးချုပ်အိမ်တော်မှာက ဝန်ကြီးချုပ်လို့ တစ်ယောက်ပဲ နေတာမှ မဟုတ်တာ၊ ရှီးဝူနဲ့ ရွှယ်အာက အသက်အရွယ်တူမို့ ရွှယ်အာမှာ အဖော်ရှိနိုင်တယ်၊ နောက်ပြီး မင်းနဲ့ မင်းသမီးလေးကြားမှာ ယောက်ျားနဲ့မိန်းမကြားက ချစ်ခြင်းမျိုး မရှိဘူးလို့ ပြောခဲ့တာမလား? အခု ဒါကို အခွင့်ကောင်းယူလိုက်ပါ၊ ရွှယ်အာ ပြန်လည်ထူထောင်နေတဲ့ အချိန်အတွင်းမှာမှ မင်းတို့ကြားက ဆက်ဆံရေးကို မပျိုးထောင်နိုင်ရင်တော့ အိုက်ကျားက မင်းကို အတင်းအကြပ် မလုပ်တော့ပါဘူး”

ထိုသို့ပြောပြီးနောက် မယ်တော်မိဖုရားကြီးက ယန်းဟုန်ထျန်းကို ကြည့်ကာ မေးလိုက်ပြန်သည်။

“ဧကရာဇ်ရော ဘယ်လိုထင်လဲ”

ယန်းဟုန်ထျန်းက ခဏလောက်စဉ်းစားနေပြီး နောက်ဆုံးတွင် လို့ရှီးယန်၏ အေးစက်သော မျက်လုံးများကို လျစ်လျူရှုလိုက်ပြီး လေးနက်သောလေသံဖြင့် တုံ့ပြန်လိုက်သည်။

"ဒါက သင့်တော်ပါတယ်"

ရှီးယန်က သူရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်သလို သူရဲ့အကောင်းဆုံးဝန်ကြီးနဲ့ အကောင်းဆုံးပြိုင်ဘက်လည်း ဖြစ်နေသေးတယ်။ ရှီးယန်ရဲ့မိခင် ဆုံးပါးသွားပြီးတဲ့နောက်မှာ ကလေးပဲ ရှိသေးတဲ့ ရှီးယန်က သူ သူ ချစ်တဲ့မိန်းမကိုပဲ လက်ထပ်ပြီး သူ့ဘဝမှာ ဇနီးတစ်ယောက်ပဲ ရှိရမယ်လို့ သူ့အမေကို ကတိပေးခဲ့တဲ့အကြောင်း တစ်ချိန်က ပြောပြခဲ့ဖူးတယ်။ ရှီးယန်က အဲ့ဒါကို ပေါ့ပေါ့တန်တန် ပြောနေခဲ့တယ်လို့ သူ အမြဲတွေးနေခဲ့ပေမယ့် ဒီနေ့တော့ သူ ပေါ့ပေါ့တန်တန် ပြောခဲ့ပုံမပေါ်ဘူး။ ဒီကိစ္စမှာ ရှီးယန် ဘယ်လောက်ကြာကြာ တင်းခံနေနိုင်မလဲဆိုတာကို သူလည်း သိချင်နေမိတယ်။

ရွှယ်အာက သူ အမြဲချစ်ခဲ့ရတဲ့ သူ့ရဲ့ညီမလေးလေ။ သူမ ဖျော့တော့တဲ့မျက်နှာနဲ့ ခုတင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတော့ သူလည်း နာကျင်ရတယ်။ ရှီးယန်က ရွှယ်အာကို ချစ်မိသွားပြီး သူ့ယောက်ဖဖြစ်လာနိုင်ဖို့ သူ မျှော်လင့်နေတုန်းပဲ။ ဒါပေမယ့် ရှီးယန်အပေါ် သူ့ရဲ့နားလည်မှုအရ အဲ့ဒါက ခက်ခဲနေမှာကို သူ ကြောက်နေမိတယ်။

အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးကတော့ ဝမ်းသာအားရဖြစ်သွားပုံဖြင့် ထပ်ပြောလာပြန်သည်။

"မနက်ဖြန်မနက်၊ အိုက်ကျားက မင်းသမီးလေးကို ဝန်ကြီးချုပ်အိမ်တော်ဆီ ကိုယ်တိုင်လိုက်ပို့ပေးမယ်၊ အခု နောက်ကျနေပြီ၊ ဒါကြောင့် ဝန်ကြီးချုပ်လို့က ပြန်ပြီး အနားယူသင့်တယ်"

သူမရဲ့သမီးတော်လေးက မျက်နှာပျက်ဆီးနေတဲ့ မိန်းမတစ်ယောက်နဲ့ မယှဉ်နိုင်ဘူးလို့ သူမ မယုံဘူး။

"ကျွန်တော်မျိုးကို သွားခွင့်ပြုပါ" အရာအားလုံးက ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေကာ လို့ရှီးယန်က သူ့ထံတွင် သူမကို ကန့်ကွက်ရန် နည်းလမ်းမရှိတော့မှန်း သိနေခဲ့သည်။ အေးစက်သောစကားလုံးကို ချန်ထားခဲ့ပြီးနောက် လို့ရှီးယန်၏ပါးလွှာသောကျောပြင်က သူတို့ရှေ့မှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

ယန်းဟုန်ထျန်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု တောက်ပလာသည်။

ရှီးယန်က ဒေါသထွက်နေတယ်ပေါ့လေ... စိတ်ဝင်စားဖို့ ကောင်းတယ်...

***

ယနေ့ညတွင် လရောင်က အလွန်တောက်ပ မနေဘဲ နေ့ဘက်တွင် ကြည်လင်နေခဲ့သော အပြာရောင်ရေကန်ကလည်း ယခု မှောင်မိုက်နေပြီ ဖြစ်သည်။ ထိုကဲ့သို့ ကျယ်ပြောသော ရေကန်ကြီးက လူများကို အနည်းငယ် ကြောက်လန့်သွားစေသည်။ လန်ယွဲ့အဆောင်ရှေ့ရှိ ရေကန်ထဲတွင် ကြာရွက်များ အလွန်ထူထပ်နေပြီး ကြာပန်းများက သေးငယ်သော အငုံလေးများသာရှိနေသေးသည်။ ညဘက်တွင် ၎င်းတို့၏ နူးညံ့သောအသွင်အပြင်ကို မမြင်နိုင်ဘဲ ကြာရွက်ကြားမှ လေတိုးသံများကိုသာ ကြားနေရသည်။

ညလေညင်းက ကြာပန်းရွက်တွေကို ပွတ်တိုက်နေပြီး ကျွော့ချင်းက ကျောက်စားပွဲပေါ်တွင် လဲလျောင်းနေသည်။ ကြာရနံကြောင့် သူမ၏စိတ်က ကြည်လင်နေသေးသော်လည်း မျက်လုံးများကိုတော့ မဖွင့်ချင်ဖြစ်နေခဲ့သည်။

လို့မူဟိုင်၏စကားများကလည်း သူမ၏နားထဲ၌ ပဲ့တင်ထပ်နေသေးသည်။

---- "မင်းက သူ့ကို ဒုက္ခရောက်အောင် လုပ်မိလိမ့်မယ်"

သူမက သူ့ကို တကယ်နာကျင်စေနိုင်လား? ဒါပေမယ့် သူမ သူ့ကို လွှတ်ပေးမလားလို့ မေးရင် သူမက ဟင့်အင်းဟု မဆိုင်းမတွ ပြန်ဖြေမှာပါ.....

သူမ မကြိုးစားဘဲ အရှုံးပေးလိုက်ရင် သူမကိုယ်သူမ မထီမဲ့မြင်ပြုရာ ကျသွားမှာပေါ့...

"မင်းကို အရင်အိပ်နှင့်ဖို့ ကိုယ်ပြောခဲ့တာ မဟုတ်ဘူးလား?"

သူမက သူမအတွေးထဲ၌ နစ်မြုပ်နေချိန်တွင် ကူကယ်ရာမဲ့ ငြီးတွားသံနှင့်အတူ တိုးညှင်းသော ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ ကျွော့ချင်းက ရုတ်​တရက်​ မျက်​လုံးဖွင့်​လိုက်​ပြီး လို့ရှီးယန်တစ်ယောက် သူမ​ဘေး၌ ရပ်​​နေသည်ကို ​တွေ့လိုက်​ရသည်။ သူ့၏လက်များက ပုံမှန်အတိုင်း သူမဆံပင်များ​တွေကို ဆွဲယူ​ကာ သူ့လက်​ဖျားဖြင့် ရစ်ပတ်​ဆော့ကစား​နေသည်။

သူက အဲ့ဒီလိုမျိုး ကစားရတာကို သူ အရမ်းကြိုက်ပုံရတယ်။

ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး သူမ၏ဆံပင်ကို ပြန်ဆွဲယူလိုက်ကာ သူ့လက်ကိုပါ လှမ်းဆုပ်ကိုင်လိုက်သည်။

"ကျွန်မ အိပ်လို့ မပျော်ဘူး၊ ရှင့်ကို ကြည့်ရတာလည်း အရမ်း အဆင်မပြေနေဘူး။ အခန်းထဲမှာ စကားပြောရအောင်"

သူက အရမ်းပင်ပန်းနေပုံရပြီး အဲ့တာက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။

လို့ရှီးယန်ကလည်း ကျွော့ချင်း၏လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား အတွင်းခန်းထဲသို့ ပြန်ဝင်လာခဲ့ကြသည်။

ကျွော့ချင်းက သူ့ကို ခုတင်အစွန်းဆီသို့ ဆွဲခေါ်လိုက်ပြီး သူ့ပခုံးကို ဖိကာ ထိုင်စေလိုက်သည်။

"ရှင် ပြန်လာတော့ ကျွန်မ စိတ်အေးသွားပြီ၊ စောစော အနားယူနော်၊ ကောင်းသောညလေးဖြစ်ပါစေ"

ထိုစကားကို ပြောပြီးနောက် သူမ နောက်လှည့်ကာ ပြန်ထွက်ခွာရန် ခြေလှမ်းပြင်လိုက်သော်လည်း ရုတ်တရက် သူမ၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရပြီး လို့ရှီးယန်၏ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ ကျွော့ချင်းက မတ်တပ်ရပ်နေပြီး လို့ရှီးယန်က ထိုင်နေခဲ့သည်။ ဒီထောင့်မှ ကြည့်လျှင် သူ့မျက်နှာက ပိုပြည့်စုံပြီး ပိုချောနေသည်။ သူ့လက်သွယ်သွယ်များက သူမခါးကို ညင်သာစွာ ပွေ့ဖက်ထားပြီး ကျွော့ချင်းကတော့ သူမ၏နှလုံးခုန်သံကို ထပ်ကြားလိုက်ရပြန်သည်။

"နန်းတော်ထဲကို ၀င်တော့ မယ်တော်ကြီးက ဘာပြောခဲ့လဲဆိုတာ မင်း မသိချင်ဘူးလား?"

လို့ရှီးယန်က အနည်းငယ် ခေါင်းမော့ထားပြီး သူ၏တောက်ပနေသော မျက်လုံးများက သူမကို ကြည့်နေလေသည်။

အခုအချိန်မှာ သူ ဘာတွေတွေးနေဆိုတာ သူမ တကယ်ကို သိချင်နေမိတယ်။

ကျွော့ချင်းက ပြတ်ပြတ်သားသား ခေါင်းညိတ်ရင်း သူမ သိချင်ကြောင်း ဝန်ခံလိုက်သည်။

"ကျွန်မ သိချင်တယ်၊ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ ရှင့်ရဲ့ခန္ဓာကိုယ်က ပိုအရေးကြီးတယ်"

သူ့မျက်နှာက ပွင့်ထွက်လုနီးပါး ဖြူဖျော့နေတယ်ဆိုတာကို သူ မသိဘူးလား? သူမ တိုင်းရင်းဆေးပညာကို လေ့လာဖို့ အချိန်နည်းနည်း ရှာဖွေသင့်နေပြီ၊ တိုင်းရင်းဆေးပညာနဲ့ အနောက်တိုင်းဆေးပညာ ပေါင်းစပ်လိုက်ရင်တော့ သူ့ကို ကုသဖို့ နည်းလမ်းတစ်ခု ရလာဖို့ မျှော်လင့်မိတယ်။

လို့ရှီးယန်က သူမ၏ ရိုးသားမှုနှင့် ပြတ်သားမှုကို အလွန်နှစ်သက်သောကြောင့် သူမကို မလှည့်ဖြားချင်ပေ။ လို့ရှီးယန်က ခဏလောက်စဉ်းစားပြီး တိုးတိုးလေး ရှင်းပြလာခဲ့သည်။

"ချောင်ယွင်မင်းသမီးက ကိုယ့်ကြောင့် မိုက်မဲတာ တစ်ခုခုလုပ်ခဲ့တယ်၊ မယ်တော်ကြီးက ကိုယ် မင်းသမီးကို လက်ထပ်ဖို့ တောင်းဆိုခဲ့တယ်”

ကျွော့ချင်းက သူမ၏ မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ ထိုအရာက အခြေခံအားဖြင့် သူမ မျှော်လင့်ထားသည့်အရာဖြစ်သည်။

ကျွော့ချင်းက ဘာမှပြန်မပြောသော်လည်း လို့ရှီးယန်က ထပ်ပြောလာခဲ့သည်။

“ကိုယ် ငြင်းခဲ့ပါတယ်”

ကျွော့ချင်းက သူမ သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ လို့ရှီးယန်က သူမ ပျော်နေသည်လား ဒေါသထွက်နေသည်လား မခွဲခြားနိုင်သော်လည်း သူက ဆက်ပြောလိုက်သည်။

"မယ်တော်ကြီးက မင်းသမီး ပြန်လည်ထူထောင်ဖို့ ကိုယ်အိမ့်တော်မှာ အနားယူခိုင်းမယ်လို့ အမိန့်ချတယ်၊ ကိုယ် ငြင်းလို့ မရဘူး"

ကျွော့ချင်းက ခေါင်းညိတ်ပြီးမှ သူ့ကို ပြန်မေးလိုက်သည်။

"ရှင် ပြောလို့ ပြီးပြီလား?"

"အင်း"

လို့ရှီးယန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်လုံးများက သူ့ခံစားချက်ကို ကောင်းကောင်း ဖုံးကွယ်ထားသော်လည်း ‌ကျွော့ချင်းကတော့ သူ့၏စိတ်လှုပ်ရှားမှုကို မြင်နိုင်နေဆဲပင်။

ကျွော့ချင်းက သူ၏ချောမောသောမျက်နှာကို ပွတ်သပ်ပေးပြီးနောက် အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"စောစောအနားယူတော့"

သူမ စကားမဆုံးခင်မှာ သူမခါးမှ လက်များက ပြန်တင်းကျပ်လာပြီး လို့ရှီးယန်က သူမကို စူးစူးရှရှ စိုက်ကြည့်နေသည်။

သူ ထိန်းမနိုင် သိမ်းမရ ဖြစ်လောက်အောင် စိတ်ရှုပ်နေသည်ကို မြင်နေရသောကြောင့် ကျွော့ချင်းက ရယ်မောချင်နေပြန်သည်။ သူမက လို့ရှီးယန်၏လည်ပင်းကို သူမ၏လက်နှစ်ဖက်ဖြင့် ဖက်ထားရင်း သူမတောက်ပသော မျက်လုံးများက သူ၏နက်နဲကျယ်ပြောသော မျက်လုံးများနှင့် ဆုံသွားကာ တိုးတိုးလေး ထပ်ပြောလိုက်သည်။

"ကျွန်မ စိတ်မဆိုးပါဘူး။ ရှင် ကျွန်မတို့ရဲ့ အနာဂတ်အတွက် အစွမ်းကုန် ကြိုးစားပြီးပြီဆိုတာ ကျွန်မ သိပါတယ်၊ သူ(မ) လာချင်ရင် လာခွင့်ပေးလိုက်ပါ၊ ဟုတ်ပြီလား၊ ကျွန်မက ပိုးပန်းပွင့်လေး မဟုတ်ဘူး၊ ရှင်သန်ဖို့အတွက် မြင့်မားတဲ့သစ်ပင်တွေကို အားကိုးနေစရာ မလိုပါဘူး။ ကျွန်မ ရှင့်နောက်ကွယ်မှာ ပုန်းနေစရာ မလိုဘူး၊ ကျွန်မ ရှင့်ကို လေဒဏ်မိုးဒဏ်ကနေ အကာအကွယ်ပေးမယ်၊ ကျွန်မ ရှင်နဲ့အတူ ရပ်တည်ချင်တယ်။ ကျွန်မ ဆိုလိုတာကို ရှင် နားလည်လား"

"လင်အာ"

သူ သူမကို ပြောပြဖို့ ရွေးချယ်ခဲ့ပြီး သူမဆီက တုံ့ပြန်မှုတွေကို လက်ခံဖို့လည်း အဆင်သင့်ဖြစ်နေခဲ့ပြီ။ ပုံမှန်ဆိုရင် သူမ စိတ်ဆိုးရင်တောင် သူမ မှန်တယ်။ ဒါကြောင့် သူ ဒီည အရမ်းပင်ပန်းနေပေမယ့်လည်း သူမကို စိတ်နှလုံးအကြွင်းမဲ့ နှစ်သိမ့်ပေးဖို့ တွေးထားပြီးသားပါ၊ ဒါပေမယ့် သူမက သူ့ကို ဒီလိုပြန်ပြောလာလိမ့်မယ်လို့တော့ သူ လုံးဝ မမျှော်လင့်ထားခဲ့မိဘူး။

.... ကျွန်မ ရှင်နဲ့အတူ ရပ်တည်ချင်တယ်...

လို့ရှီးယန်က သူ့ခေါင်းကို ကျွော့ချင်း၏ကိုယ်ပေါ်သို့ ညင်သာစွာ မှီလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ မွှေးရနံ့ကို ရှူရှိုက်နေလိုက်သည်။ ယခုအခိုက်အတန့်တွင် လို့ရှီးယန်က သူ့၏ ခံစားချက်ကို မရှင်းပြနိုင်သော်လည်း သူ့လက်များက သူမကို ပိုမိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

ဒီအမျိုးသမီးက သူ့ဘဝတစ်လျှောက်လုံး သူ့နဲ့အတူ လိုက်ပါမယ့်သူဖြစ်ပြီး သူက သူမကို ဘယ်တော့မှ လက်လွှတ်တော့မှာ မဟုတ်ဘူး။

လို့ရှီးယန်၏ ဦးခေါင်းက သူမ၏ရင်ဘတ်ပေါ်သို့ ရောက်ရှိနေသောကြောင့် ကျွော့ချင်းက အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်နေပြီး နှစ်ကြိမ်ခန့် တွန့်လိမ်သွားသည်။ လို့ရှီးယန်ကလည်း ထိုအပြုအမူကို ခံစားမိသွားပြီး သူ့လက်များက ပိုမိုတင်းကျပ်ကာ သူ့မျက်နှာကို သူမရင်ဘတ်နှင့် ဖိကာ ညင်သာစွာ ပွတ်သပ်နေသည်။

ကျွော့ချင်း၏မျက်နှာကတော့ နှစ်တရာနေမှ တခါရဲလာသလို ရဲတွက်နေလေသည်။ ထိုအချိန်တွင် ကျွော့ချင်းက တစ်စုံတစ်ခုကို တွေးမိသွားပြန်သည်။

သူ့ပါးစပ်က သူ ခေါ်တဲ့နာမည်က သူမနာမည် မဟုတ်ဘူး၊ ဒါက သူမကို စိတ်အနှောက်အယှက်ဖြစ်စေတယ်၊ ​​ရင်းနှီးတဲ့အချိန်တိုင်း သူ့ပါးစပ်က တခြားမိန်းမနာမည်ကို အမြဲခေါ်နေတာမျိုး မဖြစ်စေချင်ဘူး။

ထိုအရာကို စဉ်းစားရင်း ကျွော့ချင်းက အသံတိုးတိုးဖြင့် တောင်းဆိုလိုက်သည်။

“ကျွန်မကို ချင်းလို့ခေါ်၊ အဲ့တာက ကျွန်မရဲ့ငယ်နာမည်”

လို့ရှီးယန်က ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူမကို ပြန်မေးလိုက်သည်။

"မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ကောင်းလာပြီလား?"

မင်းက မင်းအတိတ်ကို မေ့လျော့နေတယ်လို့ ပြောထားတာ မဟုတ်ဘူးလား??

ကျွော့ချင်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး၊ ကျွန်မကို ချင်းမော့ ပြောပြတာ၊ ပြီးတော့ ကျွန်မ ချင်းဆိုတဲ့ နာမည်ကို အရမ်းရင်းနှီးနေသလို ခံစားရပြီး အရမ်းကြိုက်တယ်"

လို့ရှီးယန်က ခေါင်းညိတ်ကာ တိုးတိုးလေး ခေါ်လိုက်သည်။

"ကောင်းပါပြီ ချင်းအာ"

"... "

ကျွော့ချင်းတစ်ယောက် စကားပြန်မပြောနိုင်ဖြစ်သွားရပြန်သည်။

အဲ့ "အာ" ဆိုတဲ့ စကားလုံး မပါရင် သေသွားမှာမို့လား?

ကျွော့ချင်းက သူနှင့်ငြင်းခုံရန် ပညာရှိစွာ ငြင်းပယ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ထပ်မံလှုပ်ရှားရန် ကြိုးစားလိုက်သည်။

"အရမ်းနောက်ကျနေပြီ၊ ရှင့်ရဲ့ခန္ဓာကိုယ်က အခုမှ ပြန်ကောင်းတာလေ၊ ရှင် အိပ်သင့်နေပြီ၊ ကျွန်မလည်း ပြန်တော့မယ်"

သူမ၏မျက်နှာက နီရဲလာပြီး သူမ လွတ်မြောက်ရန် စိတ်အားထက်သန်စွာ ကြိုးစားနေသည်။ လို့ရှီးယန်ကလည်း စိတ်သက်သာရာရသွားပြီး သူ့၏မျက်လုံးများထဲတွင် လှည့်စားချင်သော အရိပ်အမြွက်လေးများ ရှိနေခဲ့သည်။ သူက သူမ၏မျက်လုံးများကို စိုက်ကြည့်ရင်း သနားစဖွယ်အကြည့်များဖြင့် ညည်းညူပြလာခဲ့သည်။

"ညဘက်မှာ ကိုယ် ရုတ်တရက် နေမကောင်းဖြစ်မှာကို မင်း မစိုးရိမ်ဘူးလား?"

သနားစရာကောင်းတဲ့ မျက်လုံးတွေနဲ့ သူမကို ဘယ်လိုတောင် ကြည့်နိုင်တာလဲ???

ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူရင်း အဝေးသို့ စိုက်ကြည့်နေသည်။

"ရှင့်ဘေးမှာ မော့ပိုင်ရှိတယ်လေ"

"သူက ဒီည အပြင်ထွက်ဖို့ တောင်းဆိုထားတာ"

လို့ရှီးယန်က ရိုးရိုးသားသား မျက်နှာအမူအရာနှင့် ပြန်ဖြေလိုက်သည်။ ထိုစကားက ကျွော့ချင်းကို မျက်လုံးပြူးသွားစေသည်။

မော့ပိုင်က သူနဲ့ အမြဲတမ်း ခွဲမရအောင် ရှိနေခဲ့တာလေ။ အခု သူ နေမကောင်းနေတာကို မော့ပိုင်က ဘယ်လိုလုပ်ပြီး အပြင် သွားဖို့ တောင်းဆိုပါ့မလဲ? ဒီအကြောင်းပြချက်က မိုက်မဲလွန်းတယ်။

တံခါးအပြင်ဘက်၌ ရပ်နေသည့် မော့ပိုင်၏ခေါင်းတစ်ခုလုံးတွင် အနက်ရောင်မျဥ်းများ ပြည့်လာပြီး ​​သူ့သခင်က အလွန်အမင်း လွန်ကဲနေသလို သူ ခံစားနေရသည်။

သခင်က ဒီည သူ ပျောက်ကွယ်သွားသင့်တယ်လို့ ဆိုလိုနေတာလား???

သူ့မျက်နှာက ဖြူဖျော့နေသော်လည်း သူမ၏ခါးပေါ်မှ သူ့လက်များက မြဲမြံနေသေးသည်ကို ခံစားမိသောကြောင့် ကျွော့ချင်းက အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

"ရှင်က ဘာလိုချင်လို့လဲ?"

"ကိုယ့် အနားမှာ နေပေးပါ"

လို့ရှီးယန်က ယောင်ဝါးဝါး ပြောလာခဲ့သည်။ ထိုစကားကို ပြောပြီးနောက် သူလည်း အနည်းငယ် တုန်လှုပ်သွားပုံရသည်။

သူ ဒီလို တောင်းဆိုတာက အရမ်းများလွန်းနေပြီလား?

ဒီစကားက သူမ ထင်သလိုတော့ မဆိုလိုဘူးမလား?? ဟုတ်တယ်မလာ??

ခေတ်မီသည့် အမျိုးသမီးတစ်ယောက်ဖြစ်သော ကျွော့ချင်းကတော့ သူ့ကို အပြစ်မတင်နိုင်ပေ။

ဒီဝါကျရဲ့နောက်ကွယ်က အဓိပ္ပာယ်က ထင်ရှားနေတယ်လေ။

ကျွော့ချင်းက သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေသောကြောင့် လို့ရှီးယန်က သက်ပြင်းချကာ ထပ်ပြောလိုက်ပြန်သည်။

"စိတ်မပူပါနဲ့၊ ကိုယ်က မင်းကို ကိုယ့်အနားမှာ ရှိနေစေချင်ရုံလေးပါ၊ မင်္ဂလာမဆောင်ခင် မသင့်တော်တာတွေကို ဘာမှ မလုပ်ပါဘူး"

"သေချာလား?" ကျွော့ချင်းက မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

လို့ရှီးယန်က အလေးအနက် ကတိပြန်ပေးလာခဲ့သည်။

"ကိုယ် ကတိပေးပါတယ်"

သူက သူ့၏ရိုးသားမှုကို ပြသရန်အတွက် သူမခါးမှ သူ့လက်ကိုလည်း ပြန်လွှတ်ပေးလိုက်သည်။

ကျွော့ချင်းကတော့ ငိုချင်နေပြီ ဖြစ်သည်။

‘ငါက ငါ အာမ မခံနိုင်မှာကို ကြောက်နေတာဟ’

ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး သူမ၏ဖိနပ်ကို ချွတ်ကာ ခုတင်ပေါ်တက်လိုက်သည်။ သူမက ခုတင်အတွင်းဘက်၌ လှဲလျောင်းလိုက်ပြီးမှ ခုတင်ဘေးတွင် ထိုင်နေဆဲဖြစ်သော လို့ရှီးယန်ကို ကြည့်ကာ လှမ်းပြောလိုက်သည်။

"အိပ်တော့လေ"

လို့ရှီးယန်က နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သူမဘေး၌ ဝင်လှဲလိုက်သည်။ ကျွော့ချင်းက သူမခန္ဓာကိုယ်ကို ပြန်လှည့်ကာ “ကောင်းသောညပါ”ဟု တိုးတိုးလေး ပြောပြီးနောက် သူမ၏မျက်လုံးများကို မှိတ်ကာ ငြိမ်သက်သွားတော့သည်။

သူ့ဘေးမှာ လှဲလျောင်းနေတဲ့ သူမရဲ့အနေအထားနဲ့ သူမရဲ့ ချောမောလှပတဲ့ အသွင်အပြင်က ပိုလို့တောင် ဆွဲဆောင်နိုင်သေးတယ်။ သူမရဲ့ ရှည်လျားပြီး ပင်လယ်ရေမှော်တွေလို ပျော့ပျောင်းတဲ့ ဆံပင်တွေက သူ့နံဘေးမှာ ပြန့်ကျဲနေတဲ့အပြင် သူမရဲ့မွှေးရနံ့လေးက သူ့နှာတံဖျားအထိ သင်းပျံ့နေတယ်။

လို့ရှီးယန်တစ်ယောက် သူဘာသာသူ အတွေးများနေသော်လည်း သူ့နားထဲတွင် သူ့ကိုယ်ပိုင်အသံကို ပြန်ကြားယောင်နေသေးသည်။

“မင်္ဂလာမဆောင်ခင်......မသင့်တော်တာတွေ..."

ဒါက တကယ်ကို ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မိတာပဲ... သူ ဒီည အိပ်နိုင်ပါ့မလား။

****

အကျဉ်းဦးစီးဌာန၏ မှောင်မိုက်နေသော အကျဉ်းထောင်ထဲတွင် စင်္ကြံတလျောက် လောင်ကျွမ်းနေသည့် မီးတောက် အနည်းငယ်မျှသာ ရှိတော့သည်။ နီမြန်းသော အလင်းရောင်အောက်တွင် အမျိုးသမီးနှစ်ဦး ထိုင်နေပြီး တစ်ယောက်ကို တစ်ယောက် အေးစက်စွာ စိုက်ကြည့်နေကြသည်။

"မင်း ငါ့ကို ဘာပြောချင်လဲ?" ကုယွင်က အကျဉ်းထောင်ထဲမှ တည်ငြိမ်သော ရုပ်ရည်ရှိနေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ ယခင် သူမတို့ နှစ်ယောက် တိုက်ခိုက်ခဲ့စဥ်က ထိုအမျိုးသမီးက ကုယွင်၏နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး ပြောခဲ့သည်။

“ငါ နင်နဲ့ သီးသန့် ပြောစရာရှိတယ်”

ကုယွင်က ကျောက်နံရံကို ပေါ့ပေါ့ပါးပါး မှီနေပြီး ထိုအမျိုးသမီးက စကားစပြောလာခဲ့သည်။

"စိတ်မပူပါနဲ့၊ ငါ နင့်ကို ငါ့အတွက် မတောင်းပန်ခိုင်းပါဘူး။ ငါ ဘာတွေလုပ်ခဲ့လဲဆိုတာ ငါ သိတယ်။ ငါ တစ်ယောက်ယောက်ကို သတ်လိုက်တာနဲ့ ငါ့တစ်ဘဝလုံး ပြန်ပေးဆပ်ရမယ် ဆိုတာကို သိတယ်၊ ဘာမှ စောဒက တက်စရာမရှိဘူး။ ဒါပေမယ့် ငါ့အစ်ကိုက မတရားစွပ်စွဲပြီး အသတ်ခံရတာကိုတော့ ငါ လက်မခံချင်ဘူး။ နောက်ကွယ်က တရားခံအစစ်ကို ရှာတွေ့အောင် ကူညီပေးဖို့ တောင်းဆိုချင်တယ်"

"အဲ့အတွက် မင်း စိတ်ချနိုင်ပါတယ်၊ ဒီကိစ္စမှာ လူတွေ အများကြီးသေသွားပြီးပြီဆိုမှတော့ နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်တော့မှ မလွတ်သွားစေရဘူး"

ဒီအမှုရဲ့လူသတ်သမားကို ရှာတွေ့ခဲ့ပေမယ့် သူမကတော့ ရပ်တန့်လိုက်မှာ မဟုတ်ပါဘူး။

ချွီရှင်းက ကုယွင်၏စိတ်ပိုင်းဖြတ်ထားပုံရသည့် မျက်လုံးများကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် သူမ၏ အနက်ရောင်ဝတ်စုံ အတွင်းအိတ်ကပ်ထဲမှ သပ်ရပ်စွာခေါက်ထားသော စာတစ်စောင်ကို ထုတ်ယူလိုက်ကာ ကုယွင်အား လှမ်းပေးလိုက်သည်။

ကုယွင်က ထိုစာကို လှမ်းယူလိုက်ရင်း ပြန်မေးလိုက်သည်။

"ဒါက ဘာလဲ?"

"ငါ ရန်လွီကို အချိန်မရွေး သတ်နိုင်ပေမယ့် သူ့နောက်ကွယ်ကလူကို သိနိုင်ဖို့အတွက် သူ့ကို လက်ထပ်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်တွေမှာ သူက လီကျစ်ကလွဲရင် သံသယဖြစ်စရာဘယ်လူနဲ့မှ အဆက်အသွယ်မရှိခဲ့ဘူး၊ သူ့တန်ဖိုးအထားဆုံးအရာက အဲ့ဒီစာရွက်တစ်ရွက်ပဲရှိတယ်"

ကုယွင် ဖွင့်ကြည့်လိုက်ရာ စကားလုံးများ ထူထပ်စွာ ရေးထားသည်ကို တွေ့လိုက်ရသော်လည်း အားလုံးက "ဘယ်၊ ညာ၊ ဘယ်၊ ညာ၊ ရှေ့၊ နောက်၊ နောက်" ဆိုသည့် စကားလုံးများကိုသာ ထပ်ခါထပ်ခါ ရေးထားသောကြောင့် သူမ ချက်ချင်း နားမလည်နိုင်ခဲ့ပေ။

ဒါက Moore ကုဒ်တွေနဲ့ ဆင်တူတယ်လို့ ဆိုနိုင်မလား??? အဲဒါက အချက်ပြကုဒ်လား??? ဒါမှမဟုတ် အဲဒါကို ဖွင့်ဖို့ ဒြပ်စင်ငါးခု(သစ်သား၊ မီး၊ မြေကြီး၊ သတ္ထု၊ ရေ)နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်ပညာတွေကို ပေါင်းစပ်ဖို့ လိုအပ်နေသေးတာလား???

“ဒီစာရွက်ကို လွန်ခဲ့တဲ့တစ်နှစ်လောက်က ငါ ရှာတွေ့ခဲ့တယ်၊ ဒါပေမယ့် တစ်နှစ်လောက် စဉ်းစားကြည့်တာတောင် အဓိပ္ပါယ်ကို ငါ နားမလည်နိုင်သေးဘူး။ နင်ကတော့ နားလည်နိုင်မယ်လို့ ငါ ထင်တယ်”

ထိုစာများကို တော်တော်ကြာအောင် လေ့လာသော်လည်း သူမ နားမလည်နိုင်ခဲ့သောကြောင့် ချွီရှင်းက သူမရှေ့မှ ထက်မြက်ပုံရသည့် မိန်းခလေးအပေါ် မျှော်လင့်ချက်ထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လက်တွေ့တွင် ဘာမှ နားမလည်နိုင်ဖြစ်နေသည့် ကုယွင်ကလည်း စိတ်ရှုပ်ထွေးနေပြီး ကျွော့ချင်းကို မေးရန် တွေးနေခဲ့သည်။

ချင်းရဲ့အမေက တရုတ်ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆိုတော့ ချင်း နားလည်နိုင်တာမျိုးလည်း ဖြစ်နိုင်သေးတယ်လေ။

"နင် ပြန်လို့ရပြီ"

ကုယွင် ခေါင်းပြန်မော့လိုက်ချိန်တွင် ချွီရှင်းက ကျောက်ခုတင်ပေါ်၌ လှဲလျောင်းနေပြီဖြစ်ကာ သူမနှင့် စကားမပြောချင်တော့ပုံပေါ်နေသည်။

ကုယွင်ထံတွင်လည်း ဘာမှ ပြောစရာ မရှိတော့သလို ဘာမှလည်း မပြောနိုင်ခဲ့ပေ။

တကယ်တော့ သူမကို ဘယ်သူမှ နှစ်သိမ့်မပေးနိုင်ပါဘူး။ သူမအတွက် လုပ်ပေးနိုင်တဲ့အရာက ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့ပဲ။

All Chapters