← Chapters

အခန်း (၇၃-၇၄)

Vol. 7 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 7 Ch. 73-74

အခန်း ၇၃ မင်းသမီး ရောက်လာပြီ

ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင်   ရိုးရှင်းပြီး ကျယ်ဝန်းသော အပြာရောင် ရထားလုံးတစ်စီး ရပ်ထားသည်။ ဘေးဘက်တွင် ဓားရှည်များကိုင်ထားသော သက်တော်စောင့်တစ်ဒါဇင်ခန့် ရှိနေပြီး ထိုရထားလုံးကို စောင့်ကြပ်နေကြသည်။ သူတို့၏ အရပ်ရှည်ပြီး သန်မာသောရုပ်သွင်နှင့် စူးရှပြီး ကြောက်စရာကောင်းသော မျက်လုံးများကြောင့် တချက်ကြည့်ရုံဖြင့် သူတို့က သေချာလေ့ကျင့်ထားသော ကျွမ်းကျင်သူများဖြစ်ကြောင်း သိနိုင်သည်။

  ဝန်ကြီးချုပ်အိမ်တော်အပြင်ဘက်တွင် လူတစ်စုရပ်နေပြီ ဖြစ်သည်။ လို့ရှီးယန်နှင့် လို့မူဟိုင်က ရှေ့တွင် ရပ်နေပြီး လို့ရှီးဝူနှင့် ရွှယ်ရှန်းရှင်းတို့က သူတို့အနားတွင် အသီးသီးရပ်နေကြသည်။ အလွန်ပျော်ရွှင်နေသော ရွှယ်ရှန်းရှင်းနှင့် နှိုင်းယှဥ်ကြည့်လျှင် လို့ရှီးဝူက စိတ်ပါဝင်စားမှု ကင်းမဲ့နေပုံပေါက်သည်။ သူမက အနည်းငယ် စိတ်မရှည်ဖြစ်နေပုံရသည်။

  အသက်ငါးဆယ်ကျော်ခန့်ရှိသော မော့မော့တစ်ယောက်က ရထားလုံးဆီသို့ လျှောက်သွားကာ ရထားလုံး၏ကန့်လန့်ကာကို အသာအယာ ဖွင့်လိုက်ချိန်တွင် အတွင်းပိုင်းမှ ကောင်းမွန်စွာ ထိန်းသိမ်းထားသော လက်တစ်စုံ ဆန့်ထွက်လာသည်။ မော့မော့က သူမ၏လက်နှစ်ဖက်ကို အမြန်ကမ်းပေးလိုက်ပြီး အတွင်းမှ လူ ထွက်လာနိုင်စေရန် တလေးတစား ကူညီပေးနေခဲ့သည်။

  အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက ရထားလုံးပေါ်မှ အေးဆေးတည်ငြိမ်စွာ ဆင်းသက်လာသည်။ သူမက အသုံးအဆောင်ပစ္စည်း အနည်းငယ်သာ ၀တ်ထားသေးသော်လည်း သူမ၏လှပသော ခရမ်းရင့်ရောင်၀တ်စုံက သူမကို ပို၍ပင် မွန်မြတ်နေပုံပေါ်စေသည်။

  မယ်တော်မိဖုရားကြီး၏ နောက်မှ ဆင်းလာသောသူက ချောင်ယွမ်မင်းသမီးဖြစ်ပြီး သူမ၏ငန်းဝါရောင်ဖျော့ဖျော့၀တ်စုံက သူမကို ပိုပြီး ကြည့်ကောင်းနေစေသည်။ ဥာဏ်ရည်ထက်မြက်ပုံရသော နန်းတွင်းအစေခံမလေးနှစ်ယောက်က သူမကို ဘယ်ညာတစ်ဖက်ဆီမှ ကူတွဲပေးထားသည်။ သူမ၏ပျော့ပျောင်းပြီး နွမ်းလျနေသော အသွင်အပြင်ကို အခြားသူများ မမြင်စေလိုသောကြောင့် ဖြစ်နိုင်ပြီး လူတိုင်း၏အမြင်အာရုံကို ကာကွယ်နိုင်ရန် မျက်နှာအကာပါသော ဦးထုပ်ကို စောင်းပေးထားသည်။

လေထဲတွင် လွင့်မျောနေပုံရသည့် သူရှေ့မှ ပြတ်သားသော ရုပ်သွင်ကို ကြည့်လိုက်ရင်း လို့ရှီးယန်က မျက်မှောင်ကြုတ်လိုက်သည်။

မတွေ့တာ လဝက်လောက်ပဲရှိသေးတာကို သူမကိုယ်သူမ ဘယ်လိုတောင် နှိပ်စက်ထားနိုင်တာလဲ?!

ယန်းရူရွှယ်က ပိတ်ပါးစမှတစ်ဆင့် သူမ နှစ်ပေါင်းများစွာ လိုက်နေခဲ့သော နူးညံ့သိမ်မွေ့သောလူကို ရှာဖွေနေခဲ့သည်။

မနေ့ညက သူမရဲ့မိခင် မယ်တော်မိဖုရားကြီးက သူမရဲ့နန်းဆောင်မှာ တစ်ညလုံး နေခဲ့ပြီး အစ်ကိုယန်က နန်းတော်ထဲကို ဝင်လာတဲ့အကြောင်းနဲ့ သူမ ပြန်ထူထောင်လာဖို့ ဝန်ကြီးချုပ်အိမ်တော်မှာ အနားယူပါလို့ ဖိတ်ခေါ်ခဲ့တဲ့အကြောင်း ပြောပြခဲ့တယ်။ သူမရဲ့နားကိုတောင် သူမ မယုံနိုင်ခဲ့ပါဘူး။ သူ သူမကို မလိုချင်တော့ဘူးလို့ သူမ ထင်နေခဲ့ပေမယ့် ခုတော့ သူက သူမကို ဂရုစိုက်နေဆဲဆိုတာ ပေါ်လွင်လာတယ်။

  "မယ်တော်မိဖုရားကြီး သက်ရှည်ကျမ်းမာပါစေ၊ မင်းသမီးလေး ဘေးရန်ကင်းပါစေ"

နှုတ်ခွန်းဆက်သခြင်းနှင့် အလေးပြုခြင်းတို့က ရှောင်လွှဲ၍ မရနိုင်သော်လည်း နောက်ဆုံးတွင် လို့မိသားစုက သာယာဝပြောသောမိသားစုဖြစ်သဖြင့် မယ်တော်မိဖုရားကြီးက စံအိမ်တော်အဝင်ဝတွင်ပင် သူမလက်ကို အမြန်မြှောက်ကာ ပြုံးပြုံးလေးဖြင့် ခွင့်လွှတ်ပေးလိုက်သည်။

“နန်းတော်အပြင်မှာဆိုတော့ တရားဝင်စည်းကမ်းအတိုင်း လုပ်နေဖို့ မလိုပါဘူး”

  အနောက်နန်းဆောင် မယ်တော်မိဖုရားကြီးက လို့မူဟိုင်ကို တချက်ကြည့်လိုက်ပြီး သူ့ကို ရင်းရင်းနှီးနှီး ပြုံးပြနှုတ်ဆက်လိုက်သည်။

"စစ်သူကြီးလို့ ရှင့်ကို မတွေ့ရတာ နှစ်အတော်ကြာနေပြီ၊ ဒါပေမယ့် ရှင်က အရင်ကလို သန်မာနေတုန်းပဲ"

 လို့မူဟိုင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း ပြန်ဖြေလိုက်သည်။

"မယ်တော်မိဖုရားကြီးက ချီးမွန်းလွန်းနေပါပြီ၊ အချိန်က ဘယ်သူကို့မှ အလွှတ်မပေးပါဘူး၊ ဒီအရာရှိအိုကြီးက အရင်ကထက် ပိုပြီး အားနည်းလာပါပြီ"

  နှစ်တွေကြာလာသည်နှင့်အမျှ သူမက လို့မူဟိုင်၏ကျယ်လောင်သော အသံကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက သူ့အသံကို ဂရုမစိုက်ဘဲ သက်ပြင်းတစ်ချက် ချကာ ထပ်ပြောလိုက်သည်။

“အခုအချိန်မှာ ကမ္ဘာကြီးကို လူငယ်တွေက လွှမ်းမိုးထားပြီးပြီ၊ ရှီးယန်က အရမ်းစွမ်းဆောင်နိုင်တဲ့သူပါ။ သူက တကယ့်ကို စံပြပုဂ္ဂိုလ်ပါပဲ။ တိုင်းပြည်ကိုလည်း စဉ်းစားပေးတယ်၊ ရှင့်အတွက် ကောင်ကင်ဘုံကပေးတဲ့ ကောင်းချီပါပဲ”

လို့မူဟိုင်က သူ့ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသည့် လို့ရှီးယန်ကို ကြည့်လိုက်ပြီးမှ သူ့ဘာသာသူ ခါးခါးသီးသီး ပြုံးလိုက်မိသည်။

သူ့ဘ၀မှာ ဒီလိုပျော်ရွှင်မှုမျိုး ဘယ်တော့မှ ခံစားခွင့်မရမှာကို သူ ကြောက်မိပါရဲ့....

ရွှယ်ရှန်းရှင်းက အမြဲတစေ အိမ်ထဲတွင် ရှိနေခဲ့ရပြီး မိဖုရားမယ်တော်ကြီးနှင့် တွေ့ဆုံနိုင်သည့် အခွင့်အလမ်းကလည်း အနည်းငယ်မျှသာ ရှိခဲ့ဖူးသည်။ ယခု မယ်တော်မိဖုရားကြီး ရထားလုံးပေါ်မှ ဆင်းလိုက်ချိန်တွင် ရွှယ်ရှန်းရှင်းက သူမကို အဆောတလျင် နှုတ်ဆက်လိုက်ပြီး မိဖုရားမယ်တော်ကြီး၏လက်တစ်ဖက်ကို ကိုင်ကာ မော့ကြည့်နေသည်။ လို့ရှီးဝူက သည်းမခံနိုင်တော့ပုံဖြင့် မျက်စံလှန်ပြနေသည်။

အနောက်နန်းဆောင် မယ်တော်မိဖုရားကြီးက ရွှယ်ရှန်းရှင်း၏လက်ကို ပွတ်သပ်ကာ ပြုံးပြုံးလေး ပြောနေပြန်သည်။

"ရှန်းရှင်း၊ ရွှယ်အာက ဒီရက်ပိုင်းအတွင်း ဒီအိမ်တော်ကို အနှောက်အယှက် ဖြစ်စေလိမ့်မယ်၊ ဒါကြောင့် သူ့(မ)ကို ဂရုစိုက်ပေးပါ"

  မယ်တော်မိဖုရားကြီးက သူမ၏အမည်ကို အမှန်တကယ် မှတ်မိနေသောကြောင့် ရွှယ်ရှန်းရှင်းက ဝမ်းသာအားရဖြင့် ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။

"မယ်တော်မိဖုရားကြီးက ဘာတွေပြောနေတာပါလဲ? မင်းသမီးလေး ပြန်လည်ကျန်းမာလာဖို့အတွက် ဝန်ကြီးချုပ်အိမ်တော်ကို ရောက်လာတာကဘဲ ကျွန်တော်မျိုးမတို့ မိသားစုအတွက် ကောင်းချီးဖြစ်နေပါပြီ။ မင်းသမီးလေးကို ကောင်းကောင်းဂရုစိုက်ပေးပြီး ချောမောလှပလာတဲ့အထိ ပြုစုပျိုးထောင်ပေးပါ့မယ်"

  "အဲလိုဆိုရင် အကောင်းဆုံးပေါ့"

  လို့ရှီးဝူက ပျင်းရိငြီးငွေ့ဖွယ် စကားဝိုင်းကို ပြီးဆုံးအောင် စောင့်မျှော်ရင်း ခေါင်းငုံ့ထားသည်။ သို့သော် မမျှော်လင့်ထားဘဲ အနောက်နန်းဆောင် မယ်တော်မိဖုရားကြီးက ရုတ်တရက် သူမထံ လှမ်းလာကာ သူမမေးစေ့ကို ကိုင်လိုက်ပြီး မော့စေပြီးမှ အပြုံးဖြင့် ပြောလာပြန်သည်။

"ဒါက ရှီးဝူလား? အိုက်ကျားက မင်းကို နန်းတော်မှာ မတွေ့ရတာ ကြာနေပြီ၊ အိုက်ကျား မင်းကို မှတ်တောင် မမှတ်မိတော့မလိုပဲ၊ မင်းက အရွယ်ရောက်လာပြီ၊ တကယ်ကို ငယ်ရွယ်နုပျိုတဲ့ မိန်းခလေးတစ်ယောက်အဖြစ် လှလှပပ ကြီးပြင်းလာခဲ့တာပဲ"

 လို့ရှီးဝူက အဆင်မပြေသလို ခံစားရသောကြောင့် ခြေတစ်လှမ်း နောက်ပြန်ဆုတ်လိုက်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျွန်မကို ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မယ်တော်မိဖုရားကြီး"

သူမက အမြဲပြုံးနေတက်တဲ့ အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးကို လုံးဝ မကြိုက်ပါဘူး။

  ယန်းရူရွှယ်၏ ပိန်လှီသော ခန္ဓာကိုယ်က လူအများ၏စိတ်ကို ပူပန်စေသည်။ လို့ရှီးယန်က သူမကို ညီမလေးကဲ့သို့ အမြဲ ဆက်ဆံခဲ့သည်။ သူမ ယခုကဲ့သို့ ဖြစ်နေသည်ကို မြင်ရသောကြောင့် လို့ရှီးယန်ကလည်း သူ့ကိုယ်သူ အပြစ်ရှိနေသလို ခံစားလာရပြီး တိုးတိုးလေး ပြောလိုက်သည်။

"စွေ့ရှင်းခြံဝင်းကို ရှင်းလင်းထားပြီးပါပြီ၊ အဲဒီနေရာက ဆိတ်ငြိမ်ပြီး အေးချမ်းတယ်၊ မင်းသမီး အနားယူဖို့ အရမ်းသင့်တော်ပါတယ်၊ မင်းသမီးက လမ်းတစ်လျှောက်မှာ ပင်ပန်းခဲ့တာဆိုတော့ ခြံဝင်းကို သွားပြီး အနားယူသင့်ပါပြီ"

အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက ယခုမှ သတိပြန်ဝင်လာပုံဖြင့် ပြောလာပြန်သည်။

"အိုက်ကျားက ဧည့်သည်ဖြစ်ပြီး လောကွက်စကားတွေ ပြောနေမိပေမယ့် ရှီးယန်ကတော့ တခြားသူတွေကို ထောက်ထားစာနာ ပေးတတ်တယ်"

စွေ့ရှင်းခြံဝင်းက ၀န်ကြီးချုပ်အိမ်တော်၏အနောက်ခြမ်းမှ အလှမ်းအဝေးဆုံးနေရာတွင် တည်ရှိပြီး ပတ်ဝန်းကျင်က အမှန်တကယ် တိတ်ဆိတ်ကာ မင်းသမီးအနားယူရန် အံဝင်ခွင်ကျဖြစ်နေပြီး သက်တောင့်သက်သာရှိသော နေရာဖြစ်သည်။ သို့သော်လည်း မယ်တော်မိဖုရားကြီး၏ စိတ်ထဲတွင် တည်ရှိနေသည့်နေရာတော့ မဟုတ်ပေ။ မယ်တော်မိဖုရားကြီးက ရုတ်တရက် သူမ ခြေလှမ်းများကို ရပ်တန့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒါက ကျိုက်ရှင်းအဆောင်လား၊ နာမည်က အရမ်းကောင်းတယ်"

ထိုသို့ ပြောပြီးနောက် သူမက ထိုခြံဝင်းထဲသို့ လှမ်းဝင်သွားပြီး သူမနောက်မှ လူများကို ဂရုမစိုက်တော့ပေ။

လို့ရှီးယန်၏မျက်လုံးများက အနည်းငယ် မှိုင်းမှုန်သွားပြီး သူမနောက်မှ ဖြည်းညှင်းစွာ လိုက်ဝင်လာခဲ့သည်။

အနောက်နန်းဆောင် မယ်တော်မိဖုရားကြီးက ခြံဝန်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကျေကျေနပ်နပ် ချီးမွမ်းလာခဲ့သည်။

"ဒီခြံဝင်းက အရမ်းလှတယ်။ အရှေ့ဘက်မှာ ရေကန်တစ်ခုရှိပြီး ဒီကနေ ကြာပန်းရေကန်ကို မြင်နေရတယ်"

အရေးကြီးဆုံးကတော့ လို့ရှီးယန်ရဲ့လန်ယွဲ့အဆောင်နဲ့ အရမ်းနီးနေတာပါပဲ၊ ပိုပြီးသွားလာဖို့ လွယ်ကူတဲ့ နေရာဖြစ်နေတော့ ဒါက ရွှယ်အာ နေထိုင်ဖို့ သင့်တော်တယ်။

အနောက်နန်းဆောင် မယ်တော်မိဖုရားကြီးက ယန်းရူရွှယ်ဆီသို့ လမ်းလျှောက်လာရင်း သူမ၏ဘဘောထားကို မေးမြန်းလိုက်သေးသည်။

"ရွှယ်အာ၊ ဒီမှာ မင်း အကြိုက်ဆုံး ကြာပန်းတွေရှိတယ်၊ မင်း ဒီဝင်းထဲမှာ နေနိုင်မလား?"

ယန်းရူရွှယ်က သူမ၏ခေါင်းကို အနည်းငယ် မော့လိုက်ချိန်တွင် သိပ်မဝေးသောနေရာမှ အဆောက်အဦးငယ်လေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုနေရာက လို့ရှီးယန်၏ လန်ယွဲ့အဆောက်အဦးဖြစ်နေသောကြောင့် သူမက သူနှင့် အလွန်နီးကပ်စွာနေထိုင်နိုင်တော့မည်ဟု တွေးကာ အလွန်ပျော်ရွှင်နေခဲ့သည်။ သို့သော်လည်း ယန်းရူရွှယ်က သီးသန့်ဆန်သော အဖြေကိုသာ ပြန်ဖြေလိုက်သည်။

“သမီးတော်က မယ်တော်ရဲ့စီစဉ်မှုကို လိုက်နာပါ့မယ်"

အနောက်နန်းဆောင် မယ်တော်မိဖုရားကြီးက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး လို့ရှီးယန်ကို အပြုံးဖြင့် လှမ်းပြောလိုက်သည်။

"ရှီးယန်၊ စွေ့ရှင်းခြံဝင်းကို မသွားတော့ဘူး။ ရွှယ်အာကို ဒီမှာ နေပါစေ"

အနောက်နန်းဆောင် မယ်တော်မိဖုရားကြီး ပြောလိုက်သည့်စကားကို ကြားပြီးနောက် လို့ရှီးယန်၏အမူအရာက ပုံမှန်အတိုင်းရှိနေသော်လည်း လို့ရှီးဝူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီဝင်းထဲမှာ လူရှိ နေပြီ"

သူမက ချင်းလင်ကို မုန်းတီးနေသော်လည်း နှိုင်းယှဥ်ကြည့်လျှင် မြင့်မြတ်ဟန်ဆောင်သော ယန်းရူရွှယ်ထက် ချင်းလင်က မျက်စိကျစရာပိုကောင်းသည်ဟု သူမ တွေးမိပြန်သည်။

 "ရှီးဝူ"

ရွှယ်ရှန်းရှင်းက လို့ရှီးဝူကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။

သူမက စည်းကမ်းတွေကို နားမလည်တဲ့ ကလေးမလေးပဲ၊ မယ်တော်မိဖုရားကြီး ဒေါသဖြစ်သွားရင် ဘယ်သူက ဘာတတ်နိုင်တော့မှာလား???

  "တကယ်လား?"

အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက မျက်မှောင်ကြုတ်လိုက်သော်လည်း သက်ပြင်းတစ်ချက်ချကာ ပြန်ပြုံးလိုက်သည်။

"အဲ့မှာ တစ်ယောက်ယောက် နေနေပြီလား? ဒါပေမယ့် အိုက်ကျားက အဲဒါကို ဂရုတစိုက် မစဉ်းစားခဲ့မိဘူး"

တကယ်တော့ သူမက အဲဒီအထဲမှာ ဘယ်သူနေနေလဲ မသိချင်ပါဘူး။ ဒီနေ့ ရွှယ်အာ ဒီခြံထဲမှာ ရှိနေဖို့ သူမ ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်နေပြီ။

ရွှယ်ရှန်းရှင်းက အလျင်စလို ဝင်ပြောလိုက်သည်။

"မိဖုရားမယ်တော်ကြီးက ဘယ်လို ပြောလိုက်တာပါလဲ? မင်းသမီးလေး ဒီနေရာကို သဘောကျရင် အဲဒီလူကို ဖယ်ခိုင်းလိုက်ပါ့မယ်၊ မင်းသမီးလေးက ပိုအရေးကြီးပါတယ်"

အဲ့ဒီ ကြောက်စရာကောင်းတဲ့ မိန်းကလေး ချင်းလင်... ဒီတစ်ကြိမ်မှာတော့ တစ်စုံတစ်ယောက်က သူမရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်တော့မယ်။

"ရှီးယန်ကရော ဘယ်လိုထင်လဲ?"

မယ်တော်မိဖုရားကြီးက လို့ရှီးယန်ကို လှမ်းမေးလိုက်သည်။

သူ ချင်းလင်ကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲဆိုတာကို သူမလည်း သိချင်နေမိတယ်။

လို့ရှီးယန်က ခဏတာ တိတ်ဆိတ်နေပြီး မယ်တော်မိဖုရားကြီးကလည်း အလျင်လိုခြင်း မရှိပေ။ သူမက မဝေးလှသော ကြာပန်းရေကန်ကို အေးအေးဆေးဆေး ကြည့်နေရင်း သူ့အဖြေကို စောင့်နေသည်။

ထိုအချိန်တွင် လန်ယွဲ့အဆောင်တံခါးက ရုတ်တရက် ပွင့်လာသောကြောင့် လူတိုင်း လှည့်ကြည့်လိုက်ရာ ရိုးရိုးအဝတ်အစားများကိုသာ ဝတ်ဆင်ထားသော မိန်းခလေးတစ်ဦးက အိပ်ချင်မူးတူးမျက်နှာဖြင့် ထွက်လာသည်ကို မြင်လိုက်ရသည်။ သူမက သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး ဘာမှ အမှားအယွင်းမရှိသောလည်း သူမ၏ဆံပင်ရှည်များက သူမ၏ခေါင်းနောက်တွင် တွဲလောင်းကျနေကာ မျက်လုံးတစ်ဝက်မှိတ်ထားပြီး ပျင်းတိပျင်းတွဲ ပုံစံမျိုး ဖြစ်နေလေသည်။ သူမ ယခုမှ အိပ်ယာက နိုးလာမှန်း မျက်စိရှိသည် မည်သူမဆို အတိအကျ ပြောနိုင်သည်။ ထို့အပြင် သူမက မနေ့ညက ကောင်းကောင်း အိပ်ခဲ့ရပုံ မပေါ်ပေ။

ကျွော့ချင်းက မနေ့ညက လို့ရှီးယန်ဘက်ကို လှည့်ပြီး သူ့အသက်ရှုသံများ မြန်ဆန်နေရာမှ နှေးကွေးသွားသည်ကို သူမ နားထောင်နေရင်း တောင့်တောင့်ကြီး မလှုပ်မယှက် နေခဲ့ရသည်။ သူမ အိပ်ပျော်မသွားခင် အချိန်ဘယ်လောက်ကြာမှန်းပင် သူမ မသိနိုင်ခဲ့ပေ။ ယခု အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်ဖြစ်‌နေသည့်အချို့ကို သူမ ကြားနေရသော်လည်း သူမ ကြောင်စီစီဖြစ်နေ‌သေးသည်။ သူမ တံခါးအပြင်သို့ ထွက်လိုက်သည်နှင့် မမျှော်လင့်ဘဲ လူတစ်စုက သူမကို စိုက်ကြည့်နေကြသည်။

ကျွော့ချင်းက ဤကဲ့သို့ စိုက်ကြည့်ခြင်းခံရခြင်းကြောင့် ‌ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့သည်။  နောက်ဆုံးတွင် ကျွော့ချင်းက သူမလက်နှစ်ဘက်ကို ညင်သာစွာ ဝှေ့ယမ်းကာ အံ့သြမှု၊ ဒေါသ၊ မထီမဲ့မြင်ပြုမှု သို့မဟုတ် ပြင်းရှသောအကြည့်စသည်တို့ ဘာမှမပါပဲ ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။

"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ"

လို့ရှီးယန်က ချက်ချင်း ရယ်မောလိုက်သည်။

မွန်းတည့်ချိန် နီးနေပြီ၊ သူမက မင်္ဂလာနံနက်ခင်းတဲ့လား! ဒါပေမယ့် သူမ အချိန်မီ နိုးလာတယ်။

လို့ရှီးယန်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး အသံထွက်ခေါ်လာသည်။

"လင်အာ၊ ဒီကိုလာ"

ဝန်ကြီးချုပ်၏အိပ်ခန်းထဲမှ လင်အာဟူသော အမျိုးသမီး ထွက်လာချိန်တွင် မင်းသမီးလေး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ရမ်းသွားသည်ကို  ရှောင်လျန်က ခံစားသိရှိနိုင်သည်။ ပိတ်ပါးစအောက်တွင် မင်းသမီးလေးက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်နေပြီး သူမ၏ မျက်နှာက စက္ကူတစ်ရွက်လို ဖြူဖျော့သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဥ်းထားသော်လည်း ကျိုက်ရှင်းအဆောင်ရှေ့တွင် ရပ်နေသော လူအုပ်စုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူတို့က မယ်တော်မိဖုရားကြီးနှင့် မင်းသမီး ဖြစ်နိုင်သည်ဟု သူမ မှန်းဆလိုက်သည်။ သူမက တံတားခုံးလေးကို ဖြတ်ကျော်ကာ ချောမောစွာ လမ်းလျှောက်လာပြီး လို့ရှီးယန်ဘက်သို့ ရောက်လာသည်။

ကျွော့ချင်းက အနည်းငယ် ကိုးရို့ကားရားဖြစ်နေပုံရသော်လည်း ဦးညွှတ်နူတ်ဆက်လိုက်သေးသည်။

“မယ်တော်မိဖုရားကြီးနဲ့ မင်းသမီးလေး ဘေးရန်ကင်းပြီး ကျန်းမာပျော်ရွှင်ပါစေ”

အဲ့လိုပြောရမှာမလား?? မှန်တယ်မလား??

"ထလော့"

အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက ချင်းလင်ကို အမှန်တကယ်ပင် မျက်နှာသာပေးနေခဲ့သော်လည်း ကျွော့ချင်းထံတွင်လည်း နန်းတော်မှ တော်ဝင်မိသားစု၏ ချီးမြှောက်ခြင်း၊ နှစ်သက်ခြင်းတို့နှင့်ဆိုင်သော ဗဟုသုတများရှိနေပြီး ဖြစ်သည်။ ကြင်နာမှုနှင့် ဂရုစိုက်မှုအားလုံးက ယာယီသာဖြစ်သည်။ သူမ၏အမူအရာက ချက်ချင်း နီးပါးပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ အနောက်နန်းဆောင် မယ်တော်မိဖုရားကြီးကတော့ ပြုံးနေဆဲဖြစ်သည်။

"အိုက်ကျားက အခုန လင်အာကို ဘာလို့ မတွေ့ရတာလဲဆိုတာ တွေးနေမိသေးတယ်။ ရွှယ်အာက ဝန်ကြီးချုပ်အိမ်တော်မှာ နေတော့မယ်။ မင်းက ရွှယ်အာနဲ့ သက်တူရွယ်တူမို့လား? တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပြီး ပင်ပန်းမှုတွေ ပြေလျော့အောင် လုပ်ပေးနိုင်တယ်။ အနာဂတ်မှာ အချိန်အကြာကြီး အတူတူရှိနေကြနော်"

ဒါက သူမအတွက် အရိပ်အမြွက်ပေးနေတာလား။ ဒါမှမဟုတ် သူမရဲ့ကနဦးခွန်အားကို ပြနေတာလား??

ကျွော့ချင်းက ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

"မင်းသမီးလေးက နူးညံတဲ့ အဖိုးတန်မင်းသမီးတစ်ပါပါ။ ကျွန်တော်မျိုးမ လူသေတွေ အရိုးတွေနဲ့ ဆော့ရတာ ကြိုက်တယ်၊ မင်းသမီးလေးက ကျွန်တော်မျိုးမကို ကြောက်နေမှာကို စိုးရွံမိပါတယ်"

ကျွော့ချင်းက ပေါ့ပေါ့တန်တန် ပြောနေသော်လည်း ယန်းရူရွှယ်ကတော့ သူမခြေထောက်များ အားနည်းသွားသလို ခံစားလိုက်ရသည်။

နောက်ဆုံးအကြိမ် ကန့်လန့်ကာအလွှာထဲကနေ အဲ့မိန်းခလေး ရှင်းပြနေတာတွေကို နားထောင်နေရင်း သူမ မူးလဲလုမတတ် ဖြစ်ခဲ့ရတယ်။

လူသေတွေ? အရိုးတွေ?! အရမ်း ကြောက်ဖို့ ကောင်းတယ်။

ကြောက်ရွံ့ခြင်းကြောင့် ယန်းရူရွှယ်၏ ခြေထောက်များ အားနည်းနေရုံသာမက လို့ရှီးယန်၏ အမူအရာများမှ လွဲ၍ ကျန်လူများအားလုံး အေးခဲတောင့်တင်းသွားရသည်။

လို့ရှီးယန်ကတော့ သူမ ပြောနေသည့်အကြောင်းနှင့် ပတ်သတ်ပြီး ဘာမှ မပြောဘဲ ခေါင်းကို သဘောကျဟန်ဖြင့် ခါယမ်းနေသည်။

"လင်အာ မင်းသမီးက ကျိုက်ရှင်းခြံဝင်းကို သဘောကျနေတယ်၊ မင်းသမီးက အဲ့နေရာမှာ နေပြီး ပြန်လည်ထူထောင်ဖို့ အနားယူချင်တယ်တဲ့၊ မင်းက မင်းသမီးအတွက် ကျိုက်ရှင်းအဆောင်ကို လက်လွှတ်ပေးလို့ရမလား? မင်းသမီးအတွက် ပြောင်းရွှေ့ပေးဖို့ အဆင်ပြေလား?"

သူမကို ပြောင်းရွှေ့ခိုင်းတာလား???

ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်လိုက်သော်လည်း ငြင်းဆိုခြင်း မပြုဘဲ ရက်ရက်ရောရော တုန့်ပြန်လိုက်သည်။

“ရှင်က အိမ်တော်သခင်ပဲ၊ ရှင် ဆုံးဖြတ်ချက်ချနိုင်ပါတယ်”

ပြီးရင်တော့ သူမကို ရှင်းပြတာ အကောင်းဆုံးပဲ၊ မဟုတ်ရင်တော့....

လို့ရှီးယန်က ကျွော့ချင်း၏မျက်လုံးများထဲမှ သတိပေးချက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး သူမကို အချိန်ကြာကြီး မစောင့်စေဘဲ အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"ကျင်းစ၊ လင်အာရဲ့ပစ္စည်းတွေကို မြန်မြန်ထုပ်ပိုးပြီး လန်ယွဲ့အဆောင်ကို ရွှေ့ဖို့ အစေခံတွေကို အမိန့်ပေးလိုက်၊ အဲ့ဒါမှ မင်းသမီးလေးလည်း စောစော အနားယူနိုင်လိမ့်မယ်"

 "ဟုတ်​ကဲ့​"

ကျင်းစက အမိန့်​ကို နာခံကာ အမြန်ထွက်​သွားခဲ့သည်​။

မူလက လို့ရှီးယန်၏အဖြေကို ကျေနပ်နေသော မယ်တော်မိဖုရားကြီး၏မျက်နှာက နောက်ဆုံးစကားကြားလိုက်သည်နှင့် ချက်ချင်း မှိုင်းညို့သွားပြီး ပိတ်ပါးစနောက်ကွယ်ရှိ နူးညံ့သိမ်မွေ့သော မျက်နှာတွင်တော့ မျက်ရည်များ ပြည့်နေပြီ ဖြစ်သည်။

ပြန်လည်နာလန်ထူဖို့ ဝန်ကြီးချုပ်အိမ်တော်ကို လာဖို့ တောင်းဆိုခဲ့တာလေ၊ သူမ နှလုံးသားကို နာကျင်အောင် ဘာကြောင့် ထပ်နှောင့်ယှက်နေရတာလဲ???

ယန်းရူရွှယ်က သူမ၏စိတ်ထဲမှ နာကျင်မှုကို မျိုချရင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"မယ်တော်၊ နန်းတော်ကို အမြန်ဆုံး ပြန်သွားပါတော့။ ကျွန်မ ဒီနေ့ ပင်ပန်းနေပြီးဆိုတော့ အနားယူချင်ပြီ၊ ဒါကြောင့် ထွက်သွားပါတော့"

ထိုသို့ပြောပြီးနောက် ယန်းရူရွှယ်က မောပန်းနွမ်းနယ်စွာဖြင့် ကျိုက်ရှင်းခြံဝင်းထဲသို့ တန်း၀င်သွားခဲ့သည်။

ယန်းရူရွှယ် ထွက်သွားပြီးနောက် မိဖုရားမယ်တော်ကြီးက သူမ၏မကျေနပ်မှုကို ဖုံးကွယ်မထားတော့ဘဲ လို့ရှီးယန်ထံ လျှောက်လာကာ လေသံမာမာဖြင့် ပြောလာပြန်သည်။

"ရွှယ်အာကို သေချာဂရုစိုက်ပါ၊ မင်း နားလည်တယ်မလား?"

လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ့လက်သီးများကို တင်းတင်းဆုပ်ထားရင်း အရိုအသေပေး နှုက်ဆက်လိုက်သည်။

"စိတ်မပူပါနဲ့ မယ်တော်မိဖုရားကြီး၊ ကျွန်တော်မျိုးက မင်းသမီးလေးရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး စောင့်ရှောက်ပေးပါ့မယ်"

ဒါပေမယ့် ဒါက တော်ဝင်မိသားစုအတွက် ဝန်ကြီးတစ်ယောက်ရဲ့တာဝန်သာ ဖြစ်ပြီး ယောက်ျားနဲ့မိန်းမကြားက ဆက်ဆံရေးနဲ့ ဘာမှ မသက်ဆိုင်ဘူး။

မယ်တော်မိဖုရားကြီးက တိတ်တဆိတ် အံကြိတ်ထားသော်လည်း ဘာမှပြန်မပြောတော့ဘဲ ကျိုက်ရှင်းခြံဝင်းဘက်သို့ တချက်လှည့်ကြည့်ကာ ပြန်ထွက်သွားတော့သည်။

 လို့ရှီးယန်၊ ဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ၊ မင်း ရွှယ်အာကို ကောင်းကောင်းမဆက်ဆံရင် ငါ့ကို ရက်စက်တဲ့သူလို့ အပြစ်မတင်နဲ့!

 ရွှယ်ရှန်းရှင်းက   ဒေါသတကြီး ပြန်လှည့်ထွက်သွားသည့် မယ်တော်မိဖုရားကြီးနောက်သို့ ကမန်းကတန်း လိုက်သွားကာ နှုတ်ဆက်လိုက်သည်။

"မယ်တော်မိဖုရားကြီးကို နှုတ်ဆက်ပါတယ်"

လို့မူဟိုင်က ကျွော့ချင်းကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ ကျိုက်ရှင်းအဆောင်ရှေ့မှ ထွက်ခွာသွားသည်။ လို့ရှီးဝူက ပြဇာတ်ကောင်းကောင်းလေးကို ကြည့်ရှုခဲ့ရသောကြောင့် ကျွော့ချင်းကို လက်မထောင်ပြပြီး ရယ်မောကာ ပြေးထွက်သွားတော့သည်။

ကျွော့ချင်းက အပြစ်ကင်းပုံလေးဖြင့် သူမ၏ခါးကို ပျင်းပျင်းရိရိ ဆန့်တန်းနေသည်။

စောစောစီးစီး အိပ်ယာထတဲ့ ငှက်က ပိုးကောင် ဖမ်းမိနိုင်တယ်... တဲ့

ကံမကောင်းစွာနဲ့ပဲ သူမက ပိုးကောင်ဖြစ်နေပြီး သူမ စောစောစီးစီး အိပ်ယာထရင် ငှက်က သူမကို ဖမ်းပြီး စားလိုက်မှာပေါ့၊ အဲ့တာကြောင့် သူမမှာ စောစောအိပ်ယာထဖို့ အကြောင်း မရှိဘူး။

မွန်းတည့်နေက လူတွေရဲ့ မျက်လုံးတွေကို မူးဝေစေတယ်လို့ ဆိုကြပြီး အခု သူမ စိတ်ထဲကနေ ရဲရဲဝံ့ဝံ့ ရေရွတ်နေနိုင်သေးတာကြောင့် သိပ်နောက်ကျနေတယ်လို့တော့ ပြောလို့မရဘူးလေ။

ထိုအခိုက်အတန့်တွင် ကျွော့ချင်း၏လက်က အေးမြသော လက်ဖဝါးထဲသို့ ထပ်မံ ကျရောက်သွားပြန်သည်။ လို့ရှီးယန်က သူမ၏လက်ကိုဆွဲကာ လန်ယွဲ့အဆောင်ဆီသို့ ပြန်သွားခဲ့သည်။

မယ်တော်မိဖုရားကြီးက မင်းသမီးအတွက် သက်တော်စောင့်အနည်းငယ်နှင့် အစေခံများကို ထားပေးခဲ့သည်။ ခြံဝင်းထဲမှ မျက်လုံးအစုံက သူမတို့ကို စိုက်ကြည့်နေသောကြောင့် ကျွော့ချင်းက အနည်းငယ် စိတ်မသက်မသာ ခံစားနေရသော်လည်း လို့ရှီးယန်ကတော့ ဂရုမစိုက်ပေ။ သူက ဘာကိုမှ မကြောက်ဘဲ သူမလက်ကို ကိုင်ထားကာ နှစ်ယောက်သား ပခုံးချင်းထိပြီး အကွေ့အကောက်များရှိနေသော တံတားခုံးလေးပေါ်တွင် ဘေးချင်းကပ် လမ်းလျှောက်နေကြသည်။

"မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား?!"

လို့ရှီးယန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူ မနက်အိပ်ရာထချိန်တွင် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို သူ တွေ့လိုက်ရသောကြောင့် သူ သူမကို နှိုးရန် ဝန်လေးနေခဲ့သည်။

သူမ အမှန်တကယ် ကောင်းကောင်းအိပ်မပျော်ခဲ့သော်လည်း ကျွော့ချင်းက သူ့ကို မပြောချင်တော့ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"အိပ်ပျော်ပါတယ်"

လို့ရှီးယန်က ရုတ်တရက် သက်ပြင်းချရင်း ထပ်ပြောလာပြန်သည်။

"ကိုယ်ကတော့ ကောင်းကောင်း မအိပ်ရသေးဘူး၊ ကိုယ် အဲ့ဒီအချိန်မှာ နည်းနည်းတော့ စိုးရိမ်နေမိတယ်"

ကျွော့ချင်းက ထိတ်လန့်တကြား ပြန်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

မနေ့ညက သူ နေမကောင်းဖြစ်ခဲ့တာလား?? သူမ သတိမထားမိလိုက်ဘူး!

"ကိုယ် စိုးရိမ်တာက..."

လို့ရှီးယန်က သူ့စကားကို တမင်ရပ်ထားပြီးမှ ကျွော့ချင်းနားနားသို့ ချဉ်းကပ်လာကာ တိုးတိုးလေး ဆက်ပြောနေသည်။

"ဒါက မင်္ဂလာဦးည မဟုတ်ဘူးလေ၊ ကိုယ် အဲ့ဒါကြောင့် အိပ်ရေးပျက်တာ၊ မဟုတ်ရင် ကိုယ် အရမ်းစိတ်လှုပ်ရှားပြီး မထိန်းနိုင်တော့မှာကို စိုးရိမ်တာ"

"ရှင်..."

နောက်ဆုံးတွင် သူ ဘာကိုဆိုလိုနေမှန်း နားလည်သွားသော ကျွော့ချင်းတစ်ယောက် မရယ်နိုင် မငိုနိုင်ဖြစ်သွားရသည်။

နှစ်ယောက်သား လန်ယွဲ့အဆောင်ရှေ့သို့ လမ်းလျှောက်လာကြပြီး ကြာပန်းကန်ရှေ့မှ ကျောက်ခုံတန်းလျားတွင် ဝင်ထိုင်လိုက်ကြသည်။ လို့ရှီးယန်က မှုန်ကုပ်ကုပ်ဖြင့် ပြောလာပြန်သည်။

"ကိုယ် ရုတ်တရက် စိတ်ပြောင်းသွားပြီ၊ ကောင်းချီးမင်္ဂလာအခမ်းအနားမစခင် မင်းနဲ့ လက်ထပ်ချင်တယ်"

သူက မယ်တော်မိဖုရားကြီးကို ဖျတ်ခနဲ တွေးလိုက်မိခြင်း ဖြစ်သည်။

မယ်တော်မိဖုရားကြီးက လက်လျော့မှာ မဟုတ်သလို သူကလည်း သူမကို တကယ် အဆုံးရှုံး မခံနိုင်ပါဘူး။ အဲ့ဒါကြောင့် ရှည်လျားတဲ့ညတွေနဲ့ အိပ်မက်တွေကို ရှောင်ရှားဖို့ သူတို့ အမြန်ဆုံး လက်ထပ်သင့်တယ်။

ကျွော့ချင်းက ခေါင်းခါပြီး သူ့ကို ပြုံးပြလိုက်သည်။

"ရှင် အခု အရမ်း အလုပ်များနေတယ်၊ ​​ဒါတွေကို တွေးမနေနဲ့တော့။ ကျွန်မတို့ အတူတူနေဖို့ စိတ်ပိုင်းဖြတ်ထားသရွေ့ လက်ထပ်တယ်ဆိုတာက ကျွန်မအတွက် ဘာမှမထူးခြားဘူး၊ ကျွန်မ ဂရုမစိုက်ဘူး”

အိမ်ထောင်ရေးမှာ လက်ထပ်ပွဲက ထုံးတမ်းစဉ်လာတစ်ခုဖြစ်ပြီး အပြင်ပန်းသွင်ပြင်တစ်ခုပါပဲ။ လက်ထပ်ထားရင်တောင် သူမတို့ရဲ့ဆက်ဆံရေးက ဒီစမ်းသပ်မှုကို မကျော်လွှားနိုင်ရင် နောက်ဆုံးမှာ လမ်းခွဲရလိမ့်မယ်။ သူမက ငတုံး ဟုတ်ပါဘူး။ ပြီးတော့ မယ်တော်မိဖုရားရဲ့ရည်ရွယ်ချက်ကလည်း အရမ်းထင်ရှားနေတာလေ။ လို့ရှီးယန်သာ အခု လက်ထပ်လိုက်ရင် ကျားမြီးကို သွားဆွဲလိုက်သလို ဖြစ်သွားနိုင်တယ်။ သူ လက်ဗလာနဲ့ မကောင်းဆိုးဝါးတွေကို ရင်ဆိုင်ရမှာကို သူမ ခွင့်မပြုနိုင်ဘူး။

လို့ရှီးယန်က  မျက်မှောင်ကြုတ်လိုက်ကာ သူမလက်ကို တင်းတင်းဆုပ်ကိုင်ရင်း အခိုင်အမာ ပြောလာခဲ့သည်။

"ကိုယ်ကတော့ ဂရုစိုက်တယ်"

သူက သူမကို သူ့ရဲ့တရားဝင်ဇနီး ဖြစ်စေချင်တယ်။

သူ့မျက်လုံးများတွင် အနည်းငယ် ပြင်းပြသော ခံစားချက်များ ရှိနေပြီး သူမ လက်ကို ဆုပ်ကိုင်လိုက်သောကြောင့် ကျွော့ချင်း အနည်းငယ် နာကျင်သွားရသည်။ သူမက သူ့အတွေးများကို မျှဝခံစားနိုင်ပြီး သူ့လက်ကို ပြန်ဆုပ်ကိုင်ကာ စကားလွှဲလိုက်သည်။

"ရှင် ခနနေရင် အပြင်ထွက်ရမှာလား?"

သူမက အကြောင်းအရာကို တမင်ပြောင်းလိုက်ကြောင်း နားလည်နိုင်သည့် လို့ရှီးယန်ကလည်း သူ့စကားကို ရပ်ကာ သူမ၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

"အင်း၊ ကိုယ် ဒီရက်တွေမှာ ညဘက်အထိ ပြန်လာမှာ မဟုတ်ဘူး"

ပထမအချက်က အခမ်းအနားစတော့မှာမို့ လုပ်စရာတွေ အများကြီးရှိနေတယ်။ နောက်တစ်ချက်က ယန်းရူရွှယ်ကို တမင်တကာ ရှောင်နေဖို့ လိုတယ်။ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်နိုင်ဖို့ သူမနဲ့ ခဏခဏ မတွေ့ဆုံတာက သူ့အတွက် ပိုကောင်းတယ်လေ။

ကျွော့ချင်းက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြရင်း ပြုံးလိုက်ပြန်သည်။

"ကျွန်မ နားလည်ပြီ၊ ရှင် ရှင်လုပ်စရာရှိတာ သွားလုပ်ပါ၊ ကျွန်မကိုယ်ကျွန်မ မပျင်းစေရပါဘူး"

သူမ၏စကားများကို ထောက်ခံလိုက်သကဲ့သို့ပင် မော့ပိုင်၏အရပ်ရှည်သော ပုံရုပ်က လန်ယွဲ့အဆောင် အပြင်ဘက်မှ အမြန်လမ်းလျှောက်လာပြီး သတင်းပို့လာခဲ့သည်။

"သခင်၊ သခင်မလေးချင်းမော့ လာလည်ပါတယ်"

သူမ တကယ် အထီးကျန်နေမှာ မဟုတ်တော့ဘူး။

လို့ရှီးယန်က သူမလက်ကို ညင်သာစွာ လွှတ်လိုက်သည်။

"ကောင်းပြီ ကိုယ် အပြင်ထွက်တော့မယ်၊ မင်းတို့ ညီအစ်မတွေ စကားစမြည်ပြောကြဦး”

 "အင်း"

ယွင်က သူမဆီ ရောက်လာတယ်လား? ဒါဆို အမှုကိစ္စမှာ တိုးတက်မှုအသစ်တွေ ရှိလို့ ဖြစ်မယ်။

အခန်း ၇၄ ဝှက်ထားသော ရွှေများ

  ကုယွင်က လန်ယွဲ့အဆောင်ဘက်သို့ လျှောက်လာပြီး ကျွော့ချင်းကို ကြည့်လိုက်ရာ ကျွော့ချင်း၏ပွယောင်းယောင်းဖြစ်နေသော ဆံပင်များနှင့် ပင်ပန်းနွမ်းနယ်နေသော မျက်နှာအသွင်အပြင်ကို တွေ့လိုက်ရသည်။ ကုယွင်က ကျောက်ခုံပေါ်တွင် ဝင်ထိုင်လိုက်ရင်း နောက်ပြောင်လိုက်သည်။

“ငါ ထင်တာကတော့ နင် ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးထင်တယ်"

  "အင်း"

ကုယွင်က ကျွော့ချင်း ငြင်းလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကျွော့ချင်းက ရက်ရက်ရောရော ခေါင်းညိတ်ပြလာခဲ့သည်။

"နောင်လာမယ့် နေ့ရက်တွေမှာ ငါ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်တော့မယ် ထင်တယ်"

ကျိုက်ရှင်းအဆောင်နဲ့ လန်ယွဲ့အဆောင် အရမ်းနီးကပ်နေတာက တကယ်ကို အဆင်မပြေလှဘူး။ ဒါပေမယ့်လည်း မင်းသမီးအနေနဲ့ လှမ်းမျှော်ကြည့်ရုံပဲ တက်နိုင်လိမ့်မယ်။ လို့ရှီးယန်ကိုတောင် အရိပ်တောင် မြင်ရမှာမဟုတ်ဘူး။ တကယ်ကို ကံမကောင်းတာပဲ။

ကုယွင်က မျက်ခုံး အနည်းငယ်ပင့်ကာ ပြန်မေးလိုက်သည်။

"ငါ တစ်ခုခု လွတ်သွားတာလား?"

ချင်းက မနေ့ညကပဲ လက်ထပ်တော့မယ်လို့ ပျော်ပျော်ရွှင်ရွှင် ပြောနေခဲ့တာ မဟုတ်ဘူးလား??? ဒါပေမယ့် ဒီနေ့ မနက်အစောကြီး အခြေအနေက ပြောင်းလဲသွားတယ်။

ကျွော့ချင်းက ခေါင်းယမ်းလိုက်ပြီး သူမဘေးမှ ကျိုက်ရှင်းအဆောင်ကို လှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။

"နင် ဘာမှ မလွတ်ပါဘူး၊ ပွဲက အခုမှ စမှာ"

ကုယွင်က ကျွော့ချင်း ကြည့်နေသည့်ဦးတည်ရာအတိုင်း လိုက်ကြည့်လိုက်ပြီး ကျွော့ချင်းနေထိုင်သည့် ကျိုက်ရှင်းအဆောင်ဝင်းရှေ့၌ ခါးတွင် ဓားရှည်များ ချိတ်ဆွဲထားပြီး ဝတ်ရုံရှည်များ ဝတ်ဆင်ထားသည့် သန်မာထွားကြိုင်းသော အမျိုးသားလေးဦးကို တွေ့လိုက်ရသည်။ တံခါးအပြင်ဘက်တွင် အစေခံဖြစ်ပုံရသော မိန်းကလေးငယ်နှစ်ဦး မတ်တပ်ရပ်နေသည်။ ကုယွင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ?"

ကျွော့ချင်းက အပြုံးတစ်ခု ဖော်ပြလိုက်ပြီး ပခုံးတွန့်ကာ ကူကယ်ရာမဲ့ ပြန်ဖြေလိုက်သည်။

"တစ်ကြောင်းတည်းနဲ့ ရှင်းပြဖို့က အရမ်းခက်တယ်။ ရှင်းရှင်းပြောရရင် ချုံယွဲ့ရဲ့ မင်းသမီးက လို့ရှီးယန်ကို ချစ်မိနေတယ်။ သူ လက်ထပ်မယ်လို့ ကြားလို့ သူ(မ)က နန်းတော်မှာ ကြိုးဆွဲချတယ်။ မယ်တော်မိဖုရားကြီးက လို့ရှီးယန်ကို သူ့(မ)သမီးတော်နဲ့ လက်ထပ်စေချင်တယ်။ လို့ရှီးယန်က ငြင်းပယ်ခဲ့တဲ့အတွက် မင်းသမီးလေး ပြန်လည်သက်သာလာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ကြီးချုပ်အိမ်တော်ကို ပို့လိုက်တယ်၊ သူတို့တွေ နီးစပ်သွားဖို့ လှည့်စားမှုတွေ လုပ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ် ထင်တယ်။ ဆန်ကို ထမင်းချက်ဖို့ ကြိုးစားနေတာ.. ဒါမှမဟုတ် ဒရာမာကားတွေထဲကလို ဖြစ်လာမယ်လို့ မျှော်လင့်နေတာထင်တယ်"

ထိုစကားကို ကြားပြီးနောက် ကုယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒါဆို နင့်မှာ အချစ်ပြိုင်ဘက်ရှိနေပြီပေါ့"

ကုယွင်က ဟက်ဟက်ပက်ပက် ရယ်မောနေပြီး ကျွော့ချင်းကိုယ်တိုင်ကတော့ ခပ်ဖျော့ဖျော့သာ ပြုံးနေခဲ့သည်။

"နင်ပြောသလိုပဲ"

သူမ တစ်စုံတစ်ယောက်ကို ပထမဆုံး အကြိမ် ချစ်မိသွားတဲ့အချိန်မှာ ဒီလို ရှုပ်ထွေးမှုတွေ အများကြီး ရှိလာလိမ့်မယ်လို့ သူမလည်း မထင်ထားခဲ့မိဘူး။ သူမလည်း ဒီလိုအလှည့်အပြောင်းမျိုးတွေ မလိုချင်ဘူးလေ။

ကျွော့ချင်း၏အပြုံးတွင် စိတ်ပျက်နေသည့် အရိပ်အမြွက်များ ပါဝင်နေသောကြောင့် ကုယွင်က သူမကို နှစ်သိမ့်ပေးလိုက်သည်။

"လို့ရှီးယန်က အရမ်းထက်မြက်တဲ့သူလေ... နင့်မှာ အချစ်ပြိုင်ဘက်တစ်ယောက်ရှိနေတာ ပုံမှန်ပါပဲ၊ အရေးအကြီးတာက သူ့သဘောထားပဲ"

ကျွော့ချင်းက ခေါင်းညိတ်လိုက်ပြီး သူမကိုယ်သူမ လှောင်ပြောင်ရယ်မောလိုက်သည်။

"သူကတော့ သူ့မှာ ဇနီးတစ်ယောက်ပဲ ရှိရမယ်လို့ ပြောတယ်။ လောလောဆယ်တော့ အဲ့တာ ငါပေါ့"

"အဲ့တာဆို အဆင်ပြေပါတယ်၊ ဒါပေမယ့် နင် သတိထားရမှာက အချစ်ရဲ့ စွမ်းအားက အမုန်းအဖြစ် ပြောင်းလဲသွားရင် အရမ်းကြောက်ဖို့ကောင်းတယ်"

  ဒီလို ဖြစ်ရပ်တွေ အများကြီးကို သူမ တွေ့ခဲ့ဖူးတယ်။ ချစ်ခြင်းမေတ္တာတွေ ပိုနက်ရှိုင်းလေလေ တုံ့ပြန်မှုက ပိုကြီးလေလေပါပဲ။ အထူးသဖြင့် တစ်ဖက်လူက မင်းသမီးဖြစ်နေတော့ ချင်းအတွက် နည်းနည်းတော့ စိတ်ပူတယ်။

"ငါ ရင်ဆိုင်နိုင်တယ်"

ကျွော့ချင်းက တိုးတိုးလေး ပြောပြီး ပြုံးနေပြန်သည်။ သူမက ကုယွင်ကို သူမအတွက် စိတ်မပူစေချင်သောကြောင့် စကားလမ်းကြောင်းလွှလိုက်သည်။

“ဒီနေ့ နင် ငါ့ကို လာတာ ကိစ္စအသစ်ရှိနေလို့လား?"

"အင်း"

ကုယွင်က မနေ့က ချွီရှင်း ပေးခဲ့သည့် မှတ်စုကို ထုတ်လိုက်ပြီး ကျွော့ချင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။ ကျွော့ချင်းက သူမလက်ထဲက မှတ်စုကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ နားမလည်ဟန်ဖြင့် ထပ်မေးလိုက်သည်။

"ဒါက ဘာလဲ???"

ဒီလို ရူးသွပ်တဲ့ မေးခွန်းတွေကို သူမ မမေးချင်ပေမယ့် "ရှေ့၊ နောက်၊ ဘယ်၊ ညာ၊ ညာ" ပါတဲ့ စာရွက်တစ်ရွက်က ဒီကိစ္စနဲ့ သက်ဆိုင်နေတာလား???

“ချွီရှင်းရဲ့အပြောအရ ဒါက ရန်လွီ နှစ်တွေ အကြာကြီး ဂရုတစိုက် သိမ်းဆည်းထားတဲ့ အရာပဲ၊ အဲဒါကြောင့် ရွှေကိစ္စနဲ့ ပတ်သက်တယ်လို့ ငါ ထင်တယ်၊ ဒါပေမယ့် ဒီစကားလုံးတွေက ဘာကိုဆိုလိုတယ်ဆိုတာ ငါ မသိဘူး၊ ငါ နင့်ရဲ့ထင်မြင်ချက်ကို ကြားချင်တယ်"

ကျွော့ချင်းက သူမလက်ထဲမှ စာရွက်ကို သေချာပြန်လေ့လာပြီး ပုံစံအချို့ကို ရှာနိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် ရလဒ်အနေဖြင့် သူမ ကျရှုံးခဲ့သည်။ ကျွော့ချင်းက သူမခေါင်းကို ခါယမ်းရင်း ငြင်းဆန်လိုက်သည်။

"ငါလည်း သေချာမသိဘူး။ ငါ ဒီည သေသေချာချာ လေ့လာကြည့်လိုက်မယ်။ နင် အဲ့ဂူကို သွားကြည့်မှာလား?"

"ခနနေရင် ငါ သွားတော့မှာ"

သူမ၊ ရှန်ယုလန်နှင့် တခြားသူများက ယနေ့နေ့လည်၌ ယင်ထျန်းရုံးတော် တံခါးဝတွင် တွေ့ဆုံရန် ချိန်းဆိုထားခဲ့ကြသည်။

"ငါလည်း လိုက်မယ်"

ထိုစကားကို ပြောပြီးနောက် ကျွော့ချင်းက သူမ၏ဆံပင်ရှည်များကို ကျစ်ဆံမြီးကျစ်လိုက်ပြီး ခပ်မြန်မြန်ချည်နှောင်လိုက်သည်။ ကုယွင်က ရယ်မောရင်း နောက်ပြောင်နေသေးသည်။

"နင်က ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာတောင် လျောက်ပြေးချင်နေသေးတာ သေချာလား?"

တစ်ဖက်လူက အိမ်ထဲကိုတောင် ရောက်နေပြီလေ။

ကျွော့ချင်းက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

"ငါက ဒီမှာ ထိုင်ပြီး သူ့(မ)ကို စိုက်ကြည့်နေရမှာလား? ငါ့မှာ အဲ့လောက် အချိန်မရှိဘူး"

ကျွော့ချင်းက ကုယွင်ကို ဆွဲခေါ်သွားပြီး နှစ်ယောက်သား ဝန်ကြီးချုပ်အိမ်တော်မှ အမြန်ထွက်ခွာသွားကြသည်။

.......။......။......

  ကျွော့ချင်း၊ ကုယွင်နှင့် ရှန်ယုလန်တို့ တွေ့ဆုံပြီးနောက် အောက်ထျန်း၏ ဦးဆောင်မှုဖြင့် လူတစ်စုက မြို့တော်အပြင်ဘက်ရှိ ကျောက်လှိုဏ်ဂူဆီသို့ အပြေးအလွှား ရောက်သွားကာ ဂူအပြင်ဘက် ထွက်ပေါက်အားလုံးကို စစ်ဆေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ချွီဇဲ့စောင့်ကြပ်ရသည့်နေရာက လှိုဏ်ဂူအတွင်း ဝင်ထွက်ရန် အဆင်ပြေဆုံးနေရာ ဖြစ်နေခဲ့သည်။

  လှိုဏ်ဂူအပြင်ဘက်တွင် ဘာထူးခြားချက်မှ မတွေ့သောကြောင့် လူတစ်စုက ဂူထဲသို့ ဆက်ဝင်လာကြသည်။ ဂူက လမ်းကြောင်းအားလုံးကို ဆက်သွယ်ထားသော်လည်း ထိုလမ်းအားလုံးက ကျဉ်းမြောင်းသော လမ်းများဖြစ်နေသည်။ ဂူ၏အနက်ရှိုင်းဆုံးနေရာက ဘောလုံးကွင်းတစ်ဝက်ခန့်ရှိပြီး အတွင်းဘက်တွင် စိုစွတ်နေကာ ရံဖန်ရံခါ နံရံများမှ ရေများစိမ့်ထွက်နေပြီး ရေစီးကျသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သေသေချာချာကြည့်လျှင် တစ်ဖက်ခြမ်း၌ မြေအောက်မြစ်တစ်ခုရှိနေပြီး ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာလောက် ကျယ်သည်ကို မြင်နိုင်သည်။

  ကုယွင်က မြေအောက်မြစ်၏နံဘေးတွင် ထိုင်ချလိုက်ပြီး မြစ်အောက်မြစ်ပေါ်ရှိ ကျောက်ခဲများကို ခေါက်ကြည့်လိုက်သည်။ ထိုနောက် သူမက နေရာ အနည်းငယ် ရွေ့ကာ မြစ်အောက်မြစ်၏အခြေရှိ သဲနှင့် ကျောက်တုံးများကို လှမ်းကြည့်လိုက်သည်။ ဂူထဲတွင်လည်း ထိုကဲ့သို့သော ကျောက်တုံးငယ်များကို တွေ့ခဲ့ရသည်။ သူမက ကျောက်တုံးငယ်များကို လက်ဖြင့် ညင်သာစွာ ဖျစ်ညှစ်လိုက်ရာ ကျောက်တုံးက ဆွေးမြေ့နေပုံရပြီး သူမ၏လက်ထဲ၌ အလွယ်တကူ ကွဲကြေသွားသည်။ ကုယွင်က သူမ၏လက်ထဲမှ အမှုန့်များကို ကြည့်ကာ အသံတိုးတိုးဖြင့် အော်ပြောလိုက်သည်။

"လာကြည့်ကြ"

သူမ၏အော်ဟစ်သံကို ကြားလိုက်သော လူတစ်စုက သူမနားသို့ ဝိုင်းဖွဲ့ရောက်ရှိလာပြီး ကုယွင်တစ်ယောက် သဲပုံကြီးရှေ့တွင် ထိုင်နေကာ သူမလက်ထဲမှ ကျောက်တုံးများအား လေးလေးနက်နက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချမ်ကျင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အဲ့ဒါက သဲနဲ့ ကျောက်စရစ်တွေပဲလေ၊ ဘာပြဿနာရှိလို့လဲ"

  သူ ထောင်ထဲမှာ ရှိနေတဲ့အချိန်တုန်းက ချင်းမော့လို့ခေါ်တဲ့ ဒီအမျိုးသမီး ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူ အမြဲကြားနေခဲ့ရတယ်။ ဘယ်သူ့ကိုမှ အထင်ကြီးဘဲ အမြဲမထီမဲ့မြင်ပြုတတ်တဲ့ အောက်ထျန်းကတောင် သူမကို အထင်ကြီးနေပုံရတယ်။ ဒါကြောင့် အခု သူမ ဒီအမှုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြည့်ဖို့ သူ ဒီနေ့ ဒီကိုရောက်လာခဲ့တာလေ။ ဒါပေမယ့် သူမက ဘာလို့ ဒီသဲနဲ့ ကျောက်စရစ်ပုံတွေကိုတောင် သံသယဝင်နိုင်ရတာလဲ?

 ကုယွင်က သူမလက်ထဲတွင် ရှိနေသော ကျောက်ကြေစများကို ဖြည်းညှင်းစွာ ပွတ်သပ်ချလိုက်သည်။ သူမက မြေအောက်မြစ်၏အောက်ပိုင်းရှိ သဲထူထပ်သော အလွှာကို လက်ညှိုးထိုး ပြရင်း ရှင်းပြလာခဲ့သည်။

“ပြဿနာကတော့ ဒီဂူက ကျောက်တုံးတွေကို ရေတိုက်စားလို့ ဖြစ်ပေါ်လာတဲ့ လှိုဏ်ဂူတစ်ခုလေ။ ဒီလိုနေရာမျိုးမှာ သဲတွေနဲ့ ကျောက်စရစ်တွေ အများကြီး ရှိနေတာကတော့...”

  "မင်းဆိုလိုတာက ဒီသဲနဲ့ ကျောက်စရစ်တွေကို တစ်ယောက်ယောက်က တမင်တကာ ယူလာတာလား?"

ရှန်ယုလန် တစ်ချက်ငဲ့ကြည့်လိုက်ရာ အလင်းရောင်က သိပ်မကောင်းသော်လည်း ဂူအဝင်ဝမှ မြစ်ကို လှမ်းမြင်နေရသေးသည်။

ရေက မြစ်အောက်ပိုင်းမှာ အများကြီး ပိုနက်နေတယ်။

သေသေချာချာ ကြည့်လိုက်ရင် ချင်းမော့ ပြောသလိုပဲ၊ ဒီဂူကြီးရဲ့ဘေးက မြေအောက်မြစ်ထဲမှာ သဲနဲ့ ကျောက်တုံးလေးတွေ အများကြီးရှိနေပြီး အဲဒါက အပေါ်ပိုင်းနဲ့ သိသိသာသာ ကွဲပြားနေတယ်။

ချမ်ကျင်းက မှောင်မိုက်နေသော မြစ်ဘေးတွင် ထိုင်ကာ မေးခွန်းထုတ်လာခဲ့သည်။

"ဒီလိုဝေးလံခေါင်သီတဲ့ ကျောက်လှိုဏ်ဂူထဲအထိ သဲတွေနဲ့ ကျောက်တုံးတွေ သယ်ယူလာတဲ့ ရည်ရွယ်ချက်က ဘာလဲ?"

  ကုယွင်က သူမ ဇာတ်လမ်းတစ်ခုလုံးကို ယောင်ဝါးဝါး မှန်းဆနိုင်လိုက်ပြီးဟု တွေးကာ ပြုံးလိုက်သည်။

"ရှင်တို့ရော ထူးဆန်းတယ်လို့ မထင်ဘူးလား? အဲဒီအချိန်တုန်းက လူတော်တော်များများက ရွှေတွေ သယ်သွားတဲ့ ရထားလုံးတွေကို ရှာမတွေ့ခဲ့ကြဘူး။ တကယ်တော့ အဲ့တာတွေ အားလုံးက တကယ် မပျောက်ဆုံးသွားဘူး၊ အဲဒါတွေအားလုံးကို ဖုံးကွယ်ထားရုံလေးပဲ”

ကုယွင် ဘေးနားရှိ လျှံတက်နေသောမြစ်ရေကို ကြည့်နေသည့်  ကျွော့ချင်း၏မျက်လုံးများကလည်း လင်းလက်သွားပြီး ချက်ချင်း ဝင်ပြောလိုက်သည်။

"ဒီမှာ မြေအောက်မြစ်တွေ ပေါများပြီး ကောင်းကောင်းဖွံ့ဖြိုးနေတဲ့ ရေဝေစနစ်တွေရှိနေတယ်။ ရွှေတွေကို ဝှက်ဖို့ နေရာကောင်းတစ်ခုပဲ"

  ကုယွင်က ကျွော့ချင်း၏အမြင်ကို ပံ့ပိုးပေးလိုက်သည်။

“ရွှေတွေကို မြေအောက်မြစ်ထဲ ပစ်ချပြီး အပေါ်ကနေ သဲနဲ့ ကျောက်တွေ ဖုံးထားမယ်၊ ပြီးရင် အားလုံး ငြိမ်သက်သွားတဲ့အထိ စောင့်မယ်၊ ပြီးမှ ရွှေတွေ ပြန်ဖော်ပြီး သယ်ယူသွားလိုက်ရင် ရပြီ၊ ဒါပေမယ့် အဲ့ဒါက ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ဖို့တော့ မဖြစ်မနေ လိုအပ်တယ်။ ဒါကို ကြည့်လိုက်ရင် အဲဒီအချိန်က လှည်းဘီးရာ အမှတ်အသားတွေက ရွှေတွေကို သယ်ယူဖို့ လုပ်ခဲ့တာ မဟုတ်ဘူး၊ ဒီအထောက်အထားကို အခြေခံကြည့်ရင် ဂူထဲကို သဲနဲ့ ကျောက်ခဲတွေကို သယ်ယူခဲ့တာပဲ”

  ရှန်ယုလန်က ထိုင်ချလိုက်ပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများကို ကောက်ယူလိုက်ရာ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသည်။

ချင်းမော့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အမှန် ဖြစ်နိုင်တယ်။ ဒီနည်းနဲ့ဆိုရင် လူတိုင်းရဲ့ စုံစမ်းမှုတွေအောက်ကနေ ရွှေချောင်းတွေ ပျောက်ကွယ်သွားပုံကို နားလည်လို့ရသွားပြီ။ ဒါပေမယ့် ပြသနာက ရွှေတွေကရော ဘယ်နေရာမှာလဲ? အထောက်အထားကရော ဘယ်မှာလဲ?

 ချမ်ကျင်းထံတွင်လည်း ရှန်ယုလန်နှင့် တူညီသော အတွေးရှိမှန်း သိသာနေပြီး သူက ထပ်ပြောလာခဲ့သည်။

"အဲ့ဒါတွေက မင်းရဲ့မှန်းဆချက်တွေပဲ၊ ဒါတွေက အမှန်ဆိုရင်တောင် ဖြစ်ခဲ့တာက သုံးနှစ်ရှိပြီ၊ ရွှေတွေကို သယ်ပြီးတာ ကြာလောက်ပြီပေါ့။ သဲနုလေးတွေနဲ့တော့ အဲ့ဒါကို သက်သေမပြနိုင်ဘူး။ မင်းမှာ ဘာအကြံရှိသေးလဲ"

  ကုယွင် စကားမပြောမီ ဥမင်လိုဏ်ခေါင်းဘေးမှ လိုဏ်ခေါင်းသေးသေးလေးများထဲသို့ တွားသွားဝင်နေပြီး မြစ်အောက်ပိုင်းကို စစ်ဆေးနေသည့် ကျွော့ချင်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"ရွှေတွေအများကြီးကို မြေအောက်မြစ်ထဲ ပစ်ထည့်လိုက်တာလေ၊ အားလုံးကို ပြန်တူးလို့ မရနိုင်ဘူး၊ မြေအောက်မြစ်က ရေတွေ များတော့ ရွှေတုံးလေးတွေက ရေနဲ့အတူ မြစ်အောက်ပိုင်းကို စီးဆင်းသွားနိုင်သေးတယ်၊ အခု ရှာရင် တွေ့နိုင်သေးတယ်"

  ချမ်ကျင်းက သူ့ပေါင်ကိုသူ ပြန်ရိုက်လိုက်ပြီး အားရပါးရ ထောက်ခံလိုက်သည်။

"အခု ရေထဲ ဆင်းသွားပြီး ရွှေတွေ ရှိ မရှိ စစ်ဆေးလိုက်ရင် ငါတို့ သိနိုင်ပြီ!"

  ကျွော့ချင်းက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး ချမ်ကျင်းကို ပြုံးပြုံးလေး ကြည့်ကာ ထပ်ပြောလိုက်သည်။

"ကျွန်မ ပြောချင်တာ ဒါပဲ"

  သူမက သူ့ကို ဘယ်လို အကြည့်မျိုးနဲ့ ကြည့်နေတာလဲ... အဲ့ဒါက သူ့ကို ထိတ်လန့်စေပြီး အရေပြားတွေတောင် အေးစက်သွားစေတယ်။

“မင်းက ငါကို ရေထဲ ဆင်းခိုင်းချင်နေတာလား?”

  ကျွော့ချင်းက သူမ၏ ရင်ဘတ်ရှေ့၌ လက်နှစ်ဖက်ပိုက်ကာ သူမနှုတ်ခမ်းထောင့်များကို ပင့်ရင် ထပ်ပြောလာခဲ့သည်။

"မဟုတ်ရင် ကျွန်မ ဆင်းသွားရမှာလား?"

 “....”

မိန်းမတွေ မပြောဘဲ သန်မာတဲ့ အမျိုးသားတွေတောင် မြေအောက်မြစ်ရဲ့ အေးမြမှုကို အကြာကြီး ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

ချမ်ကျင်းက သူ မမေးသင့်သည့် မေးခွန်းကို မေးမိသွားမှန်း သိနေပြီး နှုတ်ခမ်းကို ကော့တင်ကာ အင်္ကျီ၊ ဖိနပ်နှင့် ခြေအိတ်များကို ဖြည်းညှင်းစွာ ချွတ်နေလိုက်သည်။ .

  "ပလုပ်!"

  ချန်ကျင်း စိတ်ထဲမှ ကျိန်ဆဲနေချိန်တွင် ရေပွက်သံတစ်ခု ကြားလိုက်ရပြီး အောက်ထျန်း၏နက်မှောင်သော ပုံရိပ် မြစ်ထဲသို့ ထိုးဆင်းသွားသည်ကို တွေ့လိုက်ရသည်။

  ချမ်ကျင်းက သူ့အဝတ်အစားများ၊ ဖိနပ်များနှင့် ခြေအိတ်များကို ချွတ်ထားပြီး အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ကမ်းပေါ်တွင် ရပ်နေသည်။ ကျွော့ချင်းက သူ့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများက အနက်ရောင် အဝတ်အစား ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင် ရှိသည့်အမျိုးသားကိုသာ ပြန်အာရုံစိုက်နေခဲ့သည်။

 ယခုအချိန်မှ အဝတ်အစားများ ပြန်ဝတ်ရန် ရှက်ရွံနေသည့် ချမ်ကျင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။

"ငါ့ရဲ့ ရေကူးစွမ်းရည်က ပိုကောင်းတယ်။ ငါ မြစ်အောက်က ရေနက်ထဲအထိ သွားနိုင်တယ်၊ ခနနေရင် ငါ သွားကြည့်လိုက်မယ်"

 သို့သော်လည်း မည်သူမျှ သူ့ကို ဂရုမစိုက်သောကြောင့် ချမ်ကျင်းတစ်ယောက် လှိုဏ်ဂူငယ်ကို အမြန်ဖြတ်ပြီး မြေအောက်မြစ်၏အောက်ပိုင်းသို့ တိုးဝင်သွားတော့သည်။

  အောက်ထျန်းက ရေထဲတွင် အချိန်အတော်ကြာ ကူးခတ်နေခဲ့ပြီး ပြန်ခုန်တက်လာခဲ့သည်။ ကုယွင်က အလောတကြီး လှမ်းမေးလိုက်သည်။

"အခြေအနေ ဘယ်လိုလဲ?"

  အောက်ထျန်း၏မျက်နှာက မည်းမှောင်နေပြီး ဘာမှ ပြန်မပြောဘဲ တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။

  ကျွော့ချင်းနှင့် ကုယွင်တို့က တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

သူမတို့ အမှားလုပ်မိတာ ဖြစ်နိုင်လား?

ရှန်ယုလန်က အလွန်ယုံကြည်မှုရှိနေပုံဖြင့် ထပ်ပြောလိုက်သည်။

"နောက်တခေါက် ထပ်သွားကြည့်လိုက်ပါ။ ကျောက်တုံးရဲ့ ထောင့်စွန်းတွေမှာ ရွှေတွေ ရှိနေဖို့က ပိုဖြစ်နိုင်တယ်"

အောက်ထျန်းက မြစ်ထဲသို့ ခုန်ဆင်းသွားပြန်သည်။ သူ၏ အနက်ရောင်အဝတ်အစားများက ရေလှိုင်းထဲတွင် ရှိနေသဖြင့် သူ့၏တည်နေရာကို မမြင်နိုင်ပေ။ ကံကောင်းသည်မှာ သူ၏ငွေရောင်ဆံပင်များက အလင်းအနည်းငယ် ရောင်ပြန်ဟပ်နေကာ သူ့အနေအထားကို ဖော်ထုတ်နိုင်ခဲ့သည်။

အချိန် ပိုကြာလာပြီး ကျွော့ချင်းက သူ တစ်ခုခုဖြစ်သွားမည်ကို အနည်းငယ် စိုးရိမ်လာခဲ့သည်။ ထိုအချိန်မှာပင် အောက်ထျန်းက ရေထဲမှ ပြန်ထွက်လာခဲ့သည်။

  "တွေ့ပြီလား?"

  အောက်ထျန်းက ပြန်မဖြေဘဲ လေထဲတွင် အသက်ရှုနေပြီး သူ တွေ့ခဲ့သမျှ ပစ္စည်းများကို ကမ်းစပ်သို့ ပစ်တင်နေသည်။

 လိမ္မော်ရောင် အလင်းတန်းတစ်ခုကို တွေ့လိုက်ရပြီး သတ္တုသံများထွက်ပေါ်လာသောကြောင့် လူအများအပြားက ဝိုင်းဖွဲ့ကြည့်ရှု့လိုက်ကြပြန်သည်။ ထိုအရာက သစ်သီးအူတိုင်အရွယ်ရှိ ရွှေအပိုင်းအစတစ်ခု ဖြစ်နေခဲ့သည်။ ရွှေတုံးကို မြစ်ထဲသို့ ပစ်ချခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ အပိုင်းပိုင်း ကြေမွသွားပုံရသည်။

  ရှန်ယုလန်က ရွှေတုံး၏မျက်နှာပြင်ကို ဂရုတစိုက်ကြည့်လိုက်ရာ ထောင့်စွန်းတွင် တရားဝင်ငွေတံဆိပ်ဖြစ်နိုင်သည့် စာသားတစ်ဝက်တစ်ပျက်ကို တွေ့သွားခဲ့သည်။ ရှန်ယုလန်က ရွှေတုံးကို ကိုင်ထားရင်း ကုယွင်ကို ကြည့်ကာ ကောက်ချက်ချလိုက်သည်။

"ဟုတ်တယ်၊ ရွှေချောင်းတွေက ဒီမှာ ရှိနေဖူးတယ်၊ ဒါက တရားဝင်ငွေတွေပဲ။ မင်းရဲ့ ခန့်မှန်းချက်က မှန်နိုင်တယ်"

သေချာတာပေါ့၊ ဒီနည်းလမ်းကို မြေအောက်မြစ်ထဲမှာ ရွှေတွေ ဝှက်ဖို့ သုံးခဲ့တာ။

 "ဟေး၊ မြန်မြန်လာပြီး ငါ တွေ့ခဲ့တာကို ကြည့်ကြစမ်း!"

လူတစ်စု ရွှေတုံးများအား လေ့လာနေချိန်တွင် ချမ်ကျင်း၏ စိတ်လှုပ်ရှားနေသော အသံက မြစ်အောက်ပိုင်းမှ ထွက်ပေါ်လာသည်။

  လူအများအပြားက မြစ်အောက်ပိုင်းသို့ အမြန်ပြေးသွားလိုက်ရာ ချမ်ကျင်းက ပျော်ပျော်ရွှင်ရွှင် ပြုံးနေပြီး တောက်ပသော ရွှေတစ်ပိုင်းအား သူ့လက်ထဲ၌ ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

"ရွှေလျန်ငါးဆယ်"

မထင်မှတ်ဘဲ မြေအောက်မြစ်ထဲတွင် ရွှေများ အမှန်တကယ် ရှိနေပြီး သူ ရှာတွေ့ခဲ့သည်။ ချမ်ကျင်းက အားတက်သရော ပြုံးနေကာ ရွှေကို ကမ်းပေါ်သို့ တင်ပေးလိုက်သည်။

"ဒီနားက ရေက ရှေ့နားကထက် ပိုကြည်တယ်၊ ရွှေတွေ ပိုရှိမယ်လို့ ငါ ထင်တယ်။ ငါ နောက်တစ်ခါ သွားရှာကြည့်မယ်"

​မြေ​အောက်​မြစ်​ထဲမှ ​ရေများက ​အေး​နေသောကြောင့် သူ​ ရေထဲတွင် ခဏသာ ​နေရသေးသော်လည်း သူ့နှုတ်​ခမ်းများက ခရမ်း​ရောင်​သန်းနေပြီ ဖြစ်သည်။ သူ ​နောက်တစ်ကြိမ် မြစ်​ထဲသို့ ပြန်​ငုပ်​​တော့မည်ကို ​တွေ့လိုက်​ချိန်တွင် ကျွော့ချင်းက ခပ်မြန်​မြန် လှမ်း​​ပြောလိုက်သည်။​

"မလိုတော့​ဘူး၊ သက်သေတွေ လုံလောက်နေပြီ။ ဒီကို ပြန်လာခဲ့တော့"

  ချမ်ကျင်းက သူ့မျက်လုံးများကို ကျယ်ကျယ်ဖွင့်ပြီး မကျေမနပ်ဖြင့် ပြန်အော်ပြောလာခဲ့သည်။

“ရွှေတွေ ရှိနေတာကို ငါ မကောက်ရရင် စိတ်မကောင်းစရာပဲ”

ရွှေလျန်ငါးဆယ်နော်... ရွှေလျန်ငါးဆယ်ရဖို့ သူ လူပေါင်းများစွာ ဖမ်းရမှာလေ...

  သူက ကျွော့ချင်းကို ပြန်အော်ပြီး ရေထဲသို့ ပြန်ငုပ်ရန် ပြင်လိုက်သည်။ ကျွော့ချင်းက ဒေါသတကြီး လှမ်း‌အော်လိုက်သည်။

"ချမ်ကျင်း! နင်က နင့်အသက်ထက် ငွေကို ပိုလိုချင်နေတယ်! ဒီရွှေဒင်္ဂါးတွေက ဘဏ္ဍာငွေတွေနော်၊ နင် ကောက်ရရင်တောင် နင် ပိုင်တာမဟုတ်ဘူး၊ ဒီကို မြန်မြန်တက်လာခဲ့”

သူက တုန်တုန်ယင်ယင် ဖြစ်နေတာတောင် ကမ်းပေါ်တက်ဖို့ ငြင်းနေတုန်းပဲ!

  ရွှေများကို ပြန်လွှဲပေးရမည်ဟု ကြားလိုက်ရချိန်တွင် ချမ်ကျင်းက စိတ်ပျက်လက်ပျက် နှုတ်ခမ်းတွန့်လိုက်ပြီး နောက်ဆုံးတွင် ကမ်းပေါ်သို့ ပြန်တက်လာသည်။

  ရှန်ယုလန်က ချမ်ကျင်းတွေ့ရှိခဲ့သော အဝါရောင်ရွှေကို ကောက်ယူလိုက်သည်။ ဤအပိုင်းက အတော်လေး ပြည့်စုံနေပြီး ရွှေတုံး၏အောက်တွင် ရိုက်နှိပ်ထားသော "ဘဏ္ဍာငွေ"ဟူသည့် တံဆိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဤရွှေက ထိုနှစ်တွင် ပျောက်ဆုံးသွားသော ရွှေအစစ်ဖြစ်သည်။ .

ရှန်ယုလန်က ရွှေတုံးကို ကိုင်ထားရင်း လေးနက်သော အသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"အခု ရွှေချောင်းအမှုနဲ့ပတ်သက်တဲ့ သဲလွန်စရနေပြီဆိုတော့ တရားရုံးကို ချက်ချင်းသတင်းပို့ပြီး ဒီအမှုကို သေချာပြန်စစ်ဆေးရမယ်"

သူ ဆိုလိုသည်မှာ ယခုမင်းဆက်၏ လေနှင့် မိုးကို တွေ့ကြုံရပေတော့မည်။ (အခက်အခဲ၊ အတက်အကျကို ရင်ဆိုင်ဖြတ်သန်းကြရမည်)

.......။.....။......

ရှန်ယုလန်က လျှောက်တင်လွှာရေးရန် ပြန်လာခဲ့သည်။ စုယွိ စစ်ရေးလေ့ကျင့်မှုအတွင်း ဒဏ်ရာရသွားပုံရပြီး ကုယွင်က စစ်သူကြီး၏အိမ်တော်သို့ အမြန်ပြန်သွားခဲ့သည်။ ကျွော့ချင်းက ဝန်ကြီးချုပ်၏အိမ်တော်သို့ ပျင်းရိစွာ ပြန်လာခဲ့သည်။ အချိန်စောနေသေးသော်လည်း ကျွော့ချင်းက လန်ယွဲ့အဆောင်သို့ ပြန်သွားပြီး အိပ်ရန် ကြံရွယ်ထားသည်။

 သူမ လမ်းလျှောက်လာရင်း သာယာငြိမ့်ညောင်းသည့် ဗျပ်စောင်းသံကို ယောင်ဝါးဝါး ကြားလိုက်ရသည်။

ဒါက ကုကျင်သံထက် ပိုမိုနက်ရှိုင်းပြီး နူးညံ့သိမ်မွေ့တဲ့လက်နဲ့ လူတွေရဲ့စိတ်ဝိညာဉ်ကို ဆုပ်ကိုင်ထားသလိုပါပဲ၊ နူးညံ့သိမ်မွေ့ပြီး ကြည်နူးစရာကောင်းတယ်။

ကျွော့ချင်းက မည်သည့်ကြိုးတူရိယာကိုမျှ နားမလည်သည့်အပြင် ဂီတပညာရှင်လည်း မဟုတ်ပေ။ သို့သော် ယခု ဗျပ်စောင်းတီးသံက သူမကို ဖမ်းစားနိုင်ခဲ့ပြီး မသိစိတ်ကြောင့် အသံထွက်ရာနေရာကို လျှောက်လမ်းနေမိသည်။ (ဗျပ်စောင်းရော ကုကျင်ရော တရုတ်ရိုးရာ ကြိုးတပ်တူရိယာတွေပါ)

 အသံက လို့ရှီးဝူ၏ခြံဝင်းမှ ဖြစ်နေပြီး လို့ရှီးဝူတွင် ထိုကဲ့သို့သော ကျွမ်းကျင်မှုရှိနေမည်ဟု ကျွော့ချင်း မမျှော်လင့်ထားခဲ့ပေ။

လို့ရှီးဝူက တကယ်ကို ကျော်ကြားတဲ့ မိသားစုတစ်ခုရဲ့ သခင်မလေးတစ်ယောက် ဖြစ်ဖို့ ထိုက်တန်ပါတယ်၊ တကယ်ကို လေးစားဖို့ကောင်းတယ်။

 ဤသည်က ကျွော့ချင်းအတွက် လို့ရှီးဝူ၏ ခြံဝင်းထဲသို့ ပထမဆုံးအကြိမ် ဝင်လာခဲ့ခြင်းလည်း ဖြစ်သည်။ ဝင်းထဲတွင် တောက်ပသော မဉ္ဇူပန်းပင်များ စိုက်ပျိုးထားပြီး နူးညံ့သော ပန်းရောင်ဖျော့ဖျော့ ပန်းပွင့်များဖြင့် ခြံဝင်းကို လှပစွာ အလှဆင်ထားသည်။

  ခြံဝင်းထဲ၌ အဖြူရောင် ကန့်လန့်ကာပါးပါးများ လွင့်မျောနေသော အဆောင်ကြီးတစ်ခု ရှိနေပြီး လို့ရှီးဝူ၏ လှပသည့်ပုံရိပ်ကို ယောင်ဝါးဝါး မြင်နေရသည်။ ကျွော့ချင်းက တိတ်တိတ်လေး ပြုံးနေခဲ့သည်။

ဒီကလေးမလေးက ဒီလိုလေထုကို ဖန်တီးနိုင်တာ တော်တော်ကောင်းတယ်။ ခါတိုင်းဆိုရင် သူမက ဆူညံနေတတ်ပြီး မာနကြီးသလို မောက်မာတဲ့ စိတ်နေစိတ်ထားလည်း ရှိနေသေးတယ်။

ကျွော့ချင်း အနီးကပ် ထပ်ကြည့်လိုက်ရာ ခြံရှေ့၌ အဖြူရောင် ပုံရိပ်တစ်ခု ရှိနေသေးသည်ကို သူမ တွေ့လိုက်ရသည်။ နောက်ကျောမှ ကြည့်လိုက်လျင် ထိုလူ၏အဖြူရောင်အဝတ်အစားက နှင်းများကဲ့သို့ ဖြူစင်နေပြီး အနက်ရောင်ဆံပင်များက မှင်ကဲ့သို့ နက်မှောင်နေသည်။ ထိုပုံရိပ်က ကြမ်းပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေပြီး သူ့ပေါင်ပေါ်တွင် အနီရင့်ရောင် ဗျပ်စောင်းတစ်ခုရှိနေသည်။ သူ့၏သေးသွယ်ပြီး သိမ်မွေ့သော လက်ချောင်းများက ကြိုးများပေါ်တွင် လွင့်ပျံ့နေပြီး လှပသော ဂီတသံက ကျက်သရေရှိစွာ စီးဆင်းနေသည်။ ထိုလူက ဗျပ်စောင်းတီးနေသော သူ ဖြစ်ပုံရသည်။

နက်မှောင်သောဆံပင်နှင့် အဖြူရောင်အဝတ်အစား ၀တ်ထားသော အမျိုးသား၏ နောက်ကျော ပုံသဏ္ဍာန်ကိုသာ မြင်ရသော်လည်း သူက သန့်ရှင်းပြီး တည်ငြိမ်သော စိတ်ထားကို ပြသနေပြီဖြစ်သည်။ သူ၏မျက်နှာကို မမြင်ရသော်လည်း ကျွော့ချင်းက ဤလူက ငြိမ်းချမ်းသော၊ ပြေပြစ်ကောင်းမွန်သော အမူအကျင့်ရှိသူဖြစ်ကြောင်း သူမ၏ စိတ်ထဲတွင် ဆုံးဖြတ်ထားပြီးသားဖြစ်သည်၊ သူမက မည်သည့်အကြောင်းကြောင့် ထိုသို့ခံစားရသည်ကိုတော့ သူမကိုယ်တိုင်ပင် မရှင်းပြနိုင်တော့ပေ။  

သူက ဝန်ကြီးချုပ်အိမ်တော် ကလား??

မထင်မှတ်ပဲ ဝန်ကြီးချုပ်အိမ်တော်ကြီးမှာ ဒီလို လူတစ်ယောက်ရှိနေတယ်ပေါ့လေ၊ သူက ဘယ်သူလဲ?

All Chapters