အခန်း (၇၅-၇၇)
Vol. 7 Ch. 75-77
အခန်း ၇၅ စုမူဖုန်း
လှပသောတီးလုံးသံက ပြီးပြည့်စုံသော စည်းချက်ဖြင့် အဆုံးသတ်သွားသည်။ လို့ရှီးဝူအတွက် သူမ၏အသိစိတ်များ ပြန်လည်ရရှိလာရန် အချိန်အတော်ကြာယူခဲ့ရသည်။ ခြံဝင်းအတွင်းသို့ ဘယ်အချိန်က ရောက်နေမှန်း မသိသော ကျွော့ချင်းက သူမဘေးနားတွင် ငြိမ်သက်စွာရပ်နေသည်ကို သူမ တွေ့လိုက်ရပြီး လို့ရှီးဝူက ဆူဆူပူပူ မေးလိုက်သည်။
"နင်က ဘာလို့ ဒီမှာရှိနေတာလဲ? စောစောက အပြင်ထွက်သွားတာ မဟုတ်ဘူးလား?”
ကျွော့ချင်းက အပြုံးဖြင့် ပခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။
"ဒီလို လှပတဲ့ ဂီတကို ခံစားဖို့အတွက် ငါ ဒီကို ရောက်လာတာပါ"
သူမက ဂီတကို သိပ်နားမလည်ပေမယ့် ခံစားမှုကတော့ ရပ်တန့်မနေဘူးလေ။
အဖြူရောင်ဝတ်ဆင်ထားသောလူက သူ့ဒူးကြားမှ ဗျပ်စောင်းကို ချလိုက်ပြီး ဖြည်းညှင်းစွာ ထရပ်ကာ သူ့နောက်မှ လူများကို လှည့်ကြည့်လိုက်သည်။ ကျွော့ချင်းကလည်း စူးစမ်းလိုစိတ်ဖြင့် ပြန်ကြည့်နေခဲ့သည်။ ထိုလူက အလင်းရောင်၏ဆန့်ကျင်ဘက်တွင် ရပ်နေလေသည်။ ကျွော့ချင်းက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသောကြောင့် အနည်းငယ် စွေ့ကြည့်လိုက်သည်။ အကြည့်တစ်ချက်က ကျွော့ချင်းကို ခဏလောက် ထိတ်လန့်သွားစေခဲ့သည်။
လောကမှာ ဒီလိုပုံစံနဲ့လူ တကယ်ရှိတယ်လား?!
သန့်ရှင်းသပ်ရပ်သော မျက်နှာက ရေခဲပန်းပုရုပ်တစ်ရုပ် ထွင်းထုထားသည့်အတိုင်း ပြတ်သားနေကာ အပြစ်ဆိုဖွယ်မရှိသော ဇီးပန်းပွင့်ရောင် နှုတ်ခမ်းအစုံနှင့် ကြည်လင်ငြိမ်သက်နေသော ရေကန်ကဲ့သို့ မျက်လုံးနက်နက် တောက်တောက်ကလေးများက တစ်စုံတစ်ဦးကို သေဆုံးနီးပါး နစ်မျောသွားစေနိုင်သည်။ သူ၏ ပြီးပြည့်စုံသော မျက်နှာသွင်ပြင်က ကြည်လင်ပြည့်စုံနေကာ ကျက်သရေရှိ လှသည်။ သူ့ဝတ်ထားတဲ့အင်္ကျီအဖြူက သူ့ကို ကျောက်စိမ်းဖြူတစ်ခုကို တင့်တယ်နေစေသည်။
လို့ရှီးယန်က အဖြူရောင်အဝတ်အစားများကို မကြာခဏ ဝတ်လေ့ရှိသော်လည်း သူက ထူးကဲသောစိတ်ထားရှိပြီး ကြော့ရှင်းမွန်မြတ်ကာ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သည်ဟု လူအများကို ထင်စေခဲ့သည်။ သို့သော်လည်း ဤလူကတော့ လူအများအား အေးမြမှု၊ ကျက်သရေရှိမှု၊ လျစ်လျူရှုမှုနှင့် သီးသန့်ဆန်မှုများ ပေးစွမ်းနေခဲ့သည်။
ထိုလူက သူမကို တိတ်တဆိတ် ကြည့်နေမှန်း နားလည်လိုက်သောကြောင့် ကျွော့ချင်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်ရင်း သူမကိုယ်သူမ ယဉ်ကျေးစွာ မိတ်ဆက်လိုက်သည်။
"ကျွန်မနာမည်က ချင်းလင်ပါ"
ထိုလူက ချီးမွမ်းခံရသည့် အကြည့်များကို ကျင့်သားရနေပုံရပြီး သူ့မျက်နှာက ရေကဲ့သို့ ငြိမ်သက်နေသည်။ သို့သော် ချင်းလင်ဟူသော အမည်ကို ကြားလိုက်ရချိန်၌ သူ့မျက်နှာပေါ်တွင် ခံစားချက်လှိုင်းလုံးများ ဖြတ်ပြေးသွားသည်။
“ဟောင်ယွဲ့က ချင်းလင်လား?”
“...”
ချင်းညီအစ်မတွေ ဘယ်လောက်တောင် နာမည်ကြီးတာတုန်းဟ။
ကျွော့ချင်းက ရှက်ရွံနေဟန်ဖြင့် ဝန်ခံလိုက်သည်။
"အင်း... ဟုတ်တယ်"
ထိုလူက ဘာမှဆက်မပြောဘဲ ခေါင်းညိတ်ကာ သူ့ကိုယ်သူ ပြန်မိတ်ဆက်လိုက်သည်။
"စုမူဖုန်း"
စုမူဖုန်း... တော်တော်နားထောင်လို့ကောင်းတဲ့ နာမည်ပဲ။
တခြားသူများနှင့် စကားပြောသည့်အချိန်၌ သူတို့၏မျက်နှာအား တိုက်ရိုက်ကြည့်ရခြင်းကို ကြိုက်နှစ်သက်သည့် ကျွော့ချင်းအနေဖြင့် သူ့မျက်လုံးများက ငွေရောင်အလင်းဖျော့ဖျော့ရှိသည့် အနက်ရောင်မျက်လုံးမျိုးဖြစ်မှန်း ရုတ်တရက် သိလိုက်ရသည်။ တစ်ချက်လောက်ကြည့်လိုက်မိလျှင် သတိထားမိရန် ခက်ခဲသောလည်း သေသေချာချာကြည့်လိုက်ရင် ထိုငွေမှင်ရောင်မျက်လုံးများက ပြန်မထွက်နိုင်အောင် စုပ်ယူမည့် ရေဝဲနှင့်တူနေပြန်သည်။
ဒီမိန်းမ အရမ်းလွန်နေပြီ!!
နောက်ဆုံးတွင် လို့ရှီးဝူတစ်ယောက် မနေနိုင်တော့ဘဲ ပိတ်ပါးစကို မြှောက်ကာ အော်ဟစ်လိုက်သည်။
"ဟေး၊ နင် ကြည့်လို့ပြီး ပြီလား? ငါ့အစ်ကို ဒီမှာ မရှိလို့ နင် မရိုးမသားလုပ်လို့ ရမယ် မထင်နဲ့!"
လို့ရှီးဝူ၏အော်သံကြောင့် လန့်သွားသော ကျွော့ချင်းက သတိပြန်ဝင်သွားပြီး လှည့်ကြည့်လိုက်ရာ သူမကို အစွယ်ဖြဲပြပြီး ခြေသည်းလက်သည်း တပြင်ပြင် ဖြစ်နေသော လို့ရှီးဝူကို တွေ့လိုက်ရသည်။ ကျွော့ချင်းက ရုတ်တရက် အံ့သြသောအကြည့်ဖြင့် နောက်သို့ပြန်လှည့်ကာ လှမ်းပြောလိုက်သည်။
"ကျင်းစ၊ နင် ဘာလို့ ဒီကို ရောက်နေတာလဲ"
ကျင်းစ၏အမည်ကို ကြားလိုက်သည်နှင့် လို့ရှီးဝူတစ်ယောက် အထိတ်တလန့် ဖြစ်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ အဆောင်ထဲတွင် ပန်းများမှ လွဲ၍ သူမ၏နောက်ကွယ်၌ လူရိပ်ပင် မတွေ့ရပေ။ သူမ လှည့်စားခံလိုက်ရသည်ကို သိသွားသည့် လို့ရှီးဝူက ဒေါသတကြီး အော်လိုက်ပြန်သည်။
"ချင်းလင်!နင်က ငါ့ကို ဘယ်လိုတောင် လိမ်ညာရဲတာလဲ!"
လို့ရှီးဝူ ကြွက်စုတ်တစ်ကောင်ကဲ့သို့ ပြုမူနေသည်ကို မြင်နေရသည့် ကျွော့ချင်းက အလွန်သဘောကျနေပြီး သူမ လက်ဝါးများကို ဖြန့်ပြလိုက်ရင်း လိမ္မာပါးနပ်သည့် အပြုံးဖြင့် စနောက်လိုက်သည်။
"လို့ရှီးယန် ဒီမှာ ရှိနေလည်း ငါက ဒီပုံစံပဲ၊ ဒါပေမယ့် မင်းကတော့ ကျင်းစ ဒီမှာ မရှိတာနဲ့ တောကြောင်လေးတစ်ကောင် ဖြစ်သွားတယ်ပေါ့လေ"
"နင်!!"
လို့ရှီးဝူက ဒေါသဖြစ်နေသည်လား ရှက်နေသည်လား မသိနိုင်သော်လည်း သူမ၏မျက်နှာက နီရဲလာပြီး ချင်းလင်ကို စိုက်ကြည့်နေသည်။
"ထွက်သွားပြီး ငါ ဗျပ်စောင်းတီး သင်နေတာကို မနှောက်ယှက်နဲ့!"
ဗျပ်စောင်းတီး သင်နေတာလား?
ကျွော့ချင်းက ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေသော စုမူဖုန်းကို ကြည့်ကာ မေးလိုက်ပြန်သည်။
"ရှင်က ဗျပ်စောင်းတီးသင်တဲ့သူလား"
"ဟုတ်တယ်"
မဟုတ်သေးဘူး၊ သူ့ရဲ့ စိတ်နေစိတ်ထားက ဗျပ်စောင်းတီးသင် သင့်တဲ့ပုံစံ မဟုတ်ပါဘူး။ နောက်တစ်မျိုးပြောရရင် လူတစ်ယောက်အနေနဲ့ သူ့ခံစားချက်က ဗျပ်စောင်းတီးသင်တဲ့သူ မဖြစ်သင့်ဘူး။
ကျွော့ချင်းက သူ့အကြောင်းကို သိချင်စိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အဆောင်ဘေးရှိ ကျောက်တိုင်ကို မှီလိုက်ရင်း အပြုံးဖြင့် တိုက်တွန်းလိုက်သည်။
"နင်တို့ ဆက်လုပ်ကြပါ၊ ငါ ဒီနားကနေ နားထောင်နေမယ်"
နင့်ကို ဘယ်သူက နားထောင်ခိုင်းလို့လဲ??
လို့ရှီးဝူ ငြင်းခုန်ရန် ပြင်နေစဥ်မှာပင် ဝင်းတံခါးအပြင်ဘက်မှ နောက်ထပ် အမျိုးသမီး အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။
"ငါလည်း ဝင်ထိုင်လို့ရမလား မသိဘူး"
အားလုံး လှည့်ကြည့်လိုက်ရာ ပါးလွှာပြီး လှပသည့်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ယန်းရူရွှယ်က အဝါရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ဝါးဦးထုပ်ကို မဆောင်းထားတော့ပေ။ သူမ၏မျက်နှာက အနည်းငယ်ဖျော့တော့တော့ ဖြစ်နေသော်လည်း အနီရောင်အနည်းငယ် ပြန်သန်းနေပြီ ဖြစ်သည်။ သူမ၏ သေးသွယ်သောခန္ဓာကိုယ်လေးက နန်းတွင်းအစေခံ၏အကူအညီဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်နေရပြီး လူအများက သူမကို ပိုသနားလာအောင် ပံ့ပိုးပေးနေခဲ့သည်။
ကျွော့ချင်းက သူမရှေ့မှ အချစ်ပြိုင်ဘက်ဟုခေါ်နိုင်သော လူကို ဂရုတစိုက် တိတ်တဆိတ် ကြည့်နေမိသည်။
သူမ ဒီမင်းသမီးကို ပထမဆုံးအကြိမ် တွေ့တဲ့အချိန်တုန်းက ဒီမင်းသမီးက နန်းတွင်းအစေခံတွေ ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး ခေါင်းကို ငုံ့ထားခဲ့တယ်။ ဒီနေ့ သူမကို ပြန်တွေ့တော့ သူမက နည်းနည်း ပိုပိန်သွားပေမယ့် သူမရဲ့အလှကိုတော့ လုံးဝ မထိခိုက်စေဘူး။ ဒီမင်းသမီးရဲ့ နုပျိုတဲ့ မျက်နှာလေးမှာ ရှိနေတဲ့ မှုန်ဝေဝေ မျက်လုံးလေးတွေက ဝမ်းနည်းရိပ် သန်းနေပြီး သူမသာ ယောက်ျားလေးဆိုရင် ဒီမိန်းမပျိုလေးကို အရမ်းကို ချစ်ခင် သနားမိသွားနိုင်လောက်တယ်။
ယန်းရူရွှယ်က သူမ၏ခေါင်းကို အနည်းငယ်မော့ကြည့်လိုက်ပြီး ကျွော့ချင်း၏ မျက်လုံးများကို ပြန်ကြည့်နေသည်။ ကျွော့ချင်းက သူမအား ဖော်ဖော်ရွေရွေ ခေါင်းညိတ်ပြလိုက်သည်။ ယန်းရူရွှယ်က အဝေးကို တိတ်တဆိတ် အကြည့်လွှဲသွားသည်။
သူမက ဒီအမျိုးသမီးရဲ့အကြည့်ကို ဘယ်လို ရင်ဆိုင်ရမှန်း မသိသေးဘူး။
လို့ရှီးဝူက မင်းသမီး၏ ဖျားနာနေသော်လည်း မာနကြီးပြီး မောက်မာနေသေးသည့်အကြည့်ကို ရွံရှာနေဟန်ဖြင့် ဝတ်ကျေတန်းကျေ ယဉ်ကျေးပျူငှာ ပြလိုက်သည်။
"မင်းသမီးကို နူတ်ခွန်းဆက်သပါတယ်"
"ရှီးဝူ၊ မင်းနဲ့ငါ့ကြားမှာ ဘာလို့ ဒီလောက်ယဉ်ကျေးနေရတာလဲ"
လို့ရှီးဝူက အမြဲတမ်း ဘာလို့ သူမကို မကြိုက်တာလဲဆိုတာကို သူမ နားမလည်နိုင်ခဲ့ပါဘူး။ လို့ရှီးဝူက ငယ်ငယ်လေးကတည်းက ဒီလိုမျိုးဖြစ်နေခဲ့တာဖြစ်ပြီး သူမ ဘယ်လောက်ပဲ ကြင်နာမှုတွေ ပြနေပါစေ လို့ရှီးဝူက အဲ့တာတွေကို သဘောမကျဘဲ သူမကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။
မင်းသမီးက ထိုသို့ပြောလာသောကြောင့် လို့ရှီးဝူက ယဉ်ကျေးမနေဘဲ ဂရုမစိုက်သလို ပြန်လှည့်သွားတော့သည်။
မင်းသမီးလေးကို ဘယ်လိုများ ဒီလောက် ရိုင်းစိုင်းနိုင်ရတာလဲ??
ရှောင်လျန်တစ်ယောက် ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မည် ဖြစ်သော်လည်း ယန်းရူရွှယ်က သူမ၏ အင်္ကျီလက်များကို ညင်သာစွာ ဆွဲလိုက်သောကြောင့် ရှောင်လျန်အနေဖြင့် ထွက်လာသည့် ဒေါသများကို ပြန်မျိုချပစ်လိုက်ရုံသာ တတ်နိုင်တော့သည်။
ခြံဝင်းထဲမှ လေထုက အလွန်ကို အဆင်မပြေဖြစ်နေပြီး အေးစက်မှုက နက်ရိုင်းသော ယောက်ျားလေးအသံတစ်သံ ထွက်လာသည့်အထိ တည်မြဲနေခဲ့သည်။
“မင်းသမီးကို နူတ်ခွန်းဆက်သပါတယ်”
ယန်းရူရွှယ်က အနည်းငယ် စောင်းငဲ့ကြည့်လိုက်ပြီး သူမနံဘေးမှ အဖြူရောင်၀တ်စုံနှင့်လူကို အလျင်အမြန် ကြည့်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ဆရာစု၊ မင်း နေကောင်းတယ်မလား"
စုမူဖုန်းက တည်ငြိမ်စွာ ပြုံးနေဆဲဖြစ်သည်။
"အားလုံးက ပုံမှန်အတိုင်းပါပဲ။ မင်းသမီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"
တစ်ယောက်နှင့်တစ်ယောက် အတော်လေးရင်းနှီးနေပုံရသည့် လူနှစ်ယောက်ကြားမှ စကားသံကို ကြည့်လိုက်ရသောကြောင့် ကျွော့ချင်းက မျက်ခုံးပင့်လိုက်သည်။
ယန်းရူရွှယ်က တကယ်ပဲ သူ့ကို အရိုအသေပေးလိုက်တယ်ပေါ့။
"သခင်လေးရဲ့ဗျပ်စောင်းသံက တိတ်ဆိတ်ပြီး ကျယ်ပြောလှပါတယ်။ အဲဒါကို ကြားရတိုင်းက အေးချမ်းမှုကို ခံစားရတယ်။ ဒီနေ့ ဒီမင်းသမီးက သခင်လေးရဲ့ တီးမှုတ်သံကို နားထောင်ခွင့်ရတာ ကံကောင်းတယ်လို့ တွေးမိတယ်"
သာယာငြိမ့်ညောင်းသော တေးသံကို ကြားရုံမျှဖြင့် သူမက ဤနေရာသို့ ရောက်လာသည်။ ယခင်က သူမလည်း ယွင်ချမ်းစွေ့ကို တီးခတ်ခဲ့ဖူးပြီး ထိုအချိန်က သူမအနေဖြင့် ၎င်းအား မည်ကဲ့သို့ တန်ဖိုးထားရမည်ကို မသိခဲ့ပေ။ သူမ ကြီးပြင်းလာသောအခါမှ ဂီတ၏အနုပညာသဘောတရားကို နားလည်လာခဲ့သည်။
စုမူဖုန်းက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
"မင်းသမီးရဲ့စိတ်နေစိတ်ထားက ဒီနေ့ ဒီသီချင်းကို နားထောင်ဖို့ မသင့်တော်ပါဘူး၊ ဒီလူက မင်းသမီးအတွက် နောက်တစ်ပုဒ် ထပ်တီးပါရစေ"
သူ ထိုသို့ ပြောလိုက်ရာ ယန်းရူရွှယ်က ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။
"ကောင်းပါပြီ"
စုမူဖုန်းက ကြမ်းပြင်ပေါ်သို့ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဗျပ်စောင်းကို ဒူးတစ်ဖက်ပေါ်တင်ကာ ကြိုးများကို လက်နှစ်ဘက်နှင့်ထိလိုက်သည်။ သွယ်လျသော လက်ချောင်းထိပ်များက ကြိုးများတစ်လျှောက် ဖြတ်ပြေးသွားလေသည်။ ကျွော့ချင်းက သူ၏ထူးချွန်သော အရည်အချင်းနှင့် ကျွမ်းကျင်မှုကို နားမလည်နိုင်သော်လည်း တေးသွားကိုတော့ သူမ ချောမွေ့စွာ ခံစားနိုင်သေးသည်။
ဂီတသံ၏ ရှေ့ပိုင်းက စီးဆင်းနေတသာ ရေကဲ့သို့ ချောမွေ့နေပြီး အလယ်တွင် နက်နဲနှေးကွေးသော အနိမ့်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ကြိုးတစ်ချောင်းစီ၏ ကြည်လင်သော အသံက နှလုံးသားထဲသို့ တည့်တည့် တိုးဝင်နိုင်ပုံရပြီး လူအနည်းငယ်ကို စိတ်ဓာတ်ကျသွားစေခဲ့သည်။ ရုတ်တရက် စုမူဖုန်းက ကြိုးများကို ဘယ်လက်ဖြင့် ညင်ညင်သာသာ တွန်းတင်လိုက်ပြီး သူ့၏တေးသွားကို နိမ့်ရာမှ မြင့်အောင် ပြန်တီးလိုက်ရာ လူတိုင်း၏စိတ်ခံစားချက်က တဖြည်းဖြည်း ပြန်ငြိမ်သက်လာပြီး ပျော်ရွှင်လာရသည်။ နောက်ဆုံး အဆုံးသတ်က ရေစက်များကဲ့သို့ ပျော့ပျောင်းသော်လည်း ပြတ်သားနေပြန်သည်။
သီချင်းပြီးသွားသည်အထိ ခြံဝင်းထဲမှ လူတိုင်းက သူတို့၏ခံစားချက်များကို ပြန်မရနိုင်သေးဘဲ လှပသည့်သီချင်းထဲတွင် နှစ်မြုပ်နေကြဆဲဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် ယန်းရူရွှယ်က သက်ပြင်းချကာ စကားစပြောလာသည်။
"ကျေးဇူးတင်ပါတယ် သခင်လေး၊ ဒီသီချင်းက နာမည်ဘယ်လိုခေါ်လဲ ဆိုတာကို သိချင်ပါတယ်?"
စုမူဖုန်းက သူမ၏စိတ်ထဲမှ အတွေးကို မြင်နေပံရသည်။ "ယွင်ချမ်းစွေ့" က ကြေကွဲစရာကောင်းသော သီချင်းတစ်ပုဒ်ဖြစ်သော်လည်း သူက သူမအတွက် အေးချမ်းသော သီချင်းတစ်ပုဒ်ကို တီးခတ်ပေးရန် ကြိုးစားခဲ့သည်။ သူက လူများ၏ အတွင်းစိတ်နှလုံးသားကို နားလည်ပေးနိုင်ခဲ့သည်။
စုမူဖုန်းက မတ်တပ်ပြန်ရပ်လိုက်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ချင်ရှင့်စုန့်" (နှလုံးသားမှ စိမ့်ထွက်လာသောဂီတ)
ချင်ရှင့်စုန့်?!
ယန်းရူရွှယ်က အားတင်းကာ ပြုံးလိုက်ပြီးမှ တလေးတစား ချီးမွမ်းလိုက်သည်။
"ဒါက နာမည်ကောင်းပဲ၊ သခင်လေးက ပိုကောင်းအောင် တီးနိုင်တယ်"
ဒီလိုဂီတကို ဒီလိုတက်ကြွအောင် တီးခတ်နိုင်တဲ့သူက သူတစ်ယောက်တည်းပဲ ရှိပါတယ်။
စုမူဖုန်းက ဗျပ်စောင်းကို သူ့ဘေးနားမှ သစ်သားသေတ္တာထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်ပြီး သစ်သားသေတ္တာကို ကောက်ယူလိုက်သည်။ ထို့နောက် သူက လို့ရှီးဝူကို နှုတ်ဆက်လိုက်သည်။
"နောက်ကျနေပြီ၊ ဒီနေ့အတန်းကို ဒီမှာပဲ ရပ်လိုက်ကြရအောင်။ ဒီလူက နူတ်ဆက်ပါတယ်"
"ဆုအာ၊ သခင်လေးကို လိုက်ပို့ပေးလိုက်ပါ"
လို့ရှီးဝူက ခေါင်းညိတ်ပြပြီး အေးအေးဆေးဆေး ပြောနေသော်လည်း သူမက ယန်းရူရွှယ်ကို စိတ်ထဲမှ တိတ်တိတ်လေး ဆူပူကြိမ်းမောင်းနေခဲ့သည်။
ဒီမင်းသမီးက သူမသာ ပြဿနာလုပ်ဖို့ မရောက်လာခဲ့ရင် သူမ ပိုသင်ယူနိုင်မှာလေ။ သူမ သခင်လေးစုကို ဖိတ်ခေါ်ဖို့ အများကြီး ကြိုးစားခဲ့ရတာ။
"ဆရာ၊ ကျေးဇူးပြုပြီး ဒီကို ကြွပါ"
စုမူဖုန်းက အစေခံနောက်ကို လိုက်ရန်ပြင်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး ကျွော့ချင်းကို ကြည့်ကာ ပြောလာပြန်သည်။
"ချင်းသခင်မလေး၊ တစ်နေ့နေ့ အခွင့်အခါရခဲ့ရင် ဒီလူက မိန်းကလေးကို ဗျပ်စောင်းနဲ့ပတ်သတ်တဲ့ အကြံဥာဏ်တွေ တောင်းချင်ပါတယ်"
ထိုစကားကို ပြောပြီးနောက် သူက သူမ၏တုံ့ပြန်မှုကို မစောင့်ဘဲ ထွက်ခွာသွားခဲ့သည်။ ကျွော့ချင်းက လို့ရှီးဝူကို စိတ်ရှုပ်ထွေးစွာ ကြည့်ကာ လှမ်းမေးလိုက်သည်။
"သူက ဘယ်သူလဲ"
လို့ရှီးဝူက သူမ၏မျက်လုံးများကို ပေလကပ်ပေကလပ်လုပ်နေရင်း ပြန်ဖြေလိုက်သည်။
"သူက ဂီတပညာရှင်မိသားစုဖြစ်တဲ့ စုအိမ်တော်က စတုတ္ထမြောက်သား၊ သူက ငယ်ငယ်ကတည်းက ထူးချွန်တဲ့ ဂီတစွမ်းရည်ရှိတယ်၊ တူရိယာအမျိုးမျိုးကို တီးခတ်နိုင်တယ်၊ အထူးသဖြင့် ဗျပ်စောင်းနဲ့ ပုလွေကို ပိုကျွမ်းကျင်တယ်၊ ဘယ်သူမဆို သူ တီးခတ်တာကို နားထောင်ပြီးရင် ယစ်မူးသွားလိမ့်မယ်၊ သူ အသက်ဆယ့်ခြောက်နှစ်မှာ တော်ဝင်အခမ်းအနားတစ်ခုမှာ "ဖီးနစ်ရဲ့အိမ်အပြန်" သီချင်းကို တီးခတ်ခဲ့တယ်။ သူ့ရဲ့စွမ်းရည်တွေက အံ့မခန်းပဲ။ ဧကရာဇ်က ချက်ချင်းပဲ သူ့ကို ချုံယွဲ့ရဲ့ နံပါတ်(၁) ဂီတပညာရှင်လို့ အမည်ပေးခဲ့တယ်။ သူက ချုံယွဲ့မှာ အငယ်ဆုံးနဲ့ အကျော်ကြားဆုံး ဂီတပညာရှင်၊ မင်းသားတွေ၊ မင်းသမီးတွေနဲ့ ဂုဏ်သရေရှိတဲ့သူတွေက သူ့ကို ဗျပ်စောင်းသင်ပေးဖို့ ဖိတ်ခေါ်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်"
ကျွော့ချင်းက ရှင်းရှင်းလင်းလင်းသိသွားပြီး ခေါင်းညိတ်မှတ်ချက်ချလိုက်သည်။
"အော်... အဲ့လိုကို"
အစပိုင်းတွင် လို့ရှီးဝူက ကျွော့ချင်းတစ်ယောက် ဂီတတွင် နစ်မွန်းနေသည်ဟု ထင်နေခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ခုခုကို သတိပြုမိသွားပုံရကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း ထပ်ပြောလိုက်သည်။
"နင် သူ့နာမည်ကို ကြားဖူးသင့်တယ်လေ။ နင် ဘာလို့ ဒီလောက်ကြောင်တောင်တောင် ဖြစ်နေရတာလဲ!"
စုမူဖုန်း၏အမည်က သာမာန်လူတိုင်း မသိနိုင်သော်လည်း အနည်းဆုံးတော့ မှူးမတ်များကြားထဲမှာတွင် ကျော်ကြားလွန်းလှသည်။ တိုင်းပြည်အသီးသီးရှိ မင်းမျိုးမင်းနွယ်များ၊ သြဇာကြီးမားသော မိသားစုများအားလုံးက သိနိုင်လောက်အောင် သူ၏ ဂုဏ်သတင်းက အလွန်ပင် ထက်မြက်လှပေသည်။
ကျွော့ချင်းက ခပ်အေးအေး ပြန်ဖြေလိုက်သည်။
"ငါ့မှတ်ဉာဏ်တွေက ပျက်သွားပြီလေ"
လို့ရှီးဝူက ထိုကိစ္စကို မေ့သွားပြီး ဦးနှောက်မဲ့ စကားများ ပြောနေမိသည့် သူမကိုယ်သူမ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
"ဒီရက်ပိုင်းအတွင်းမှာ သူ ငါ့ အိမ်ကို လာပြီး သင်ပေးမှာမို့လို့ နင်လည်း အကြံဉာဏ် မတောင်းချင်ဘူးလား?"
ထိုစကားကို ကြားလိုက်ချိန်တွင် ကျွော့ချင်းက ချက်ချင်း ခေါင်းယမ်းလိုက်သည်။
"မေ့လိုက်ပါတော့၊ မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားတော့ ငါ အဲဒါတွေကို လုံးဝ မမှတ်မိတော့ဘူး၊ ငါ အဲဒါတွေကို သင်ယူနိုင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် သူ့ကို မနှိပ်စက်ပါနဲ့တော့"
ငါ့ကိုယ်ငါလည်း မနှိပ်စက်ချင်ဘူးလေ!!
ဂီတနဲ့ပတ်သတ်လာရင် ငါက နားထောင်ကောင်းလား မကောင်းလားပဲ ခွဲခြားတတ်တာဟ။
လို့ရှီးဝူက လက်မလျှော့သေးဘဲ ပြောလာပြန်သည်။
"နင် အဲ့တာတွေနဲ့ ပိုထိတွေ့ပေးရရင် နင် မှတ်မိလာနိုင်တယ်လေ။ နင့်ရဲ့ဗျပ်စောင်းကျွမ်းကျင်မှုက တိုင်းပြည်ခြောက်ခုလုံးမှာ နာမည်ကြီးတယ်ခဲ့တာပဲ။ အဲဒါတွေကို မေ့ပစ်လိုက်ရတာ စိတ်မကောင်းစရာပဲ"
လို့ရှီးဝူ ပြောနေတဲ့အတိုင်းဆိုရင် ချင်းလင်ရဲ့ဗျပ်စောင်းကျွမ်းကျင်မှုက အရမ်းမြင့်မားနေတာကြောင့် စုမူဖုန်းက သူမကို အကြံဉာဏ်တောင်းချင်တယ်လို့ ပြောလာခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။
သို့သော် ကျွော့ချင်းက သူမ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
သူမက ဂီတသံစဉ်ကိုတောင် မသိပေမယ့် ချင်းလင်ကတော့ ဗျပ်စောင်းတီးတာ တော်တော် တော်တယ်ပေါ့!
ကျွော့ချင်းက နှစ်ခါလောက် ရယ်မောလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "မေ့သွားတယ် ဆိုမှတော့ မေ့လိုက်သင့်ပြီလေ၊ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက ကံကြမ္မာက ကြိုတင်သတ်မှတ်ထားတာတွေပါပဲ"
လူဘယ်နှစ်ယောက်က ကိုယ်အများကြီး ပေးဆပ်ထားပြီးတဲ့ အရာကို လွယ်လွယ် စွန့်လွှတ်နိုင်လို့လဲ။ အခု သူမက အလွယ်တကူ လွှတ်ချနိုင်နေတယ်။
ယန်းရူရွှယ်က ကျွော့ချင်းကို အနည်းငယ် သဘောကျနေသော်လည်း ကျွော့ချင်းက ဗျပ်စောင်းကို ဘယ်တုန်းကမှ မသင်ယူဖူးကြောင်း သူမ မသိနိုင်ပေ။
"ငါ အရမ်းအိပ်ချင်နေပြီ၊ ငါ အရင်ပြန်တော့မယ်"
လို့ရှီးဝူ နောက်တစ်ကြိမ် ထပ်မေးလာမည်ကို ကြောက်နေသော ကျွော့ချင်းက သူမ၏ခါးကို ဆန့်ကာ သူမကိုယ်သူမ ကြားနိုင်ရုံလောက် ဂါထာရွတ်သလို ရွတ်နေရင်း ခြံဝင်းထဲမှ ပြန်ထွက်လာခဲ့သည်။
"ခဏနေပါဦး"
ကျွော့ချင်း ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးသော်လည်း တစ်စုံတစ်ယောက်က သူမကို တားဆီးလာပြန်သည်။ သူမကို လှမ်းခေါ်လိုက်သူက လို့ရှီးဝူမဟုတ်ဘဲ ယန်းရူရွှယ်ဖြစ်နေခဲ့သည်။
ကျွော့ချင်းက ရပ်လိုက်ပြီး ယန်းရူရွှယ်က သူမကို အချိန်အတော်ကြာအောင် ကြည့်နေပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
"ချင်းသခင်မလေး၊ ငါ မင်းကို သီးသန့် စကားပြောချင်တယ် အဆင်ပြေလား?"
သူမကို ဘာပြောချင်တာလဲ? သူမတို့ကြားမှာ ဘာပြောနိုင်မှာလဲ?!
ကျွော့ချင်းက သူမနှလုံးသားထဲတွင် ရယ်စရာကောင်းသည်ဟု ခံစားနေရသော်လည်း မငြင်းဆန်ခဲ့ပေ။
သူမက သဘောထားကြီးစွာဖြင့် လက်ခံလိုက်သည်။
"ကောင်းပြီလေ၊ လန်ယွဲ့အဆောင်ကို သွားရအောင်"
ထိုစကားကို ပြောပြီးနောက် ကျွော့ချင်းက အရင်ထွက်သွားခဲ့သည်။ ယန်းရူရွှယ်က ခဏမျှ တုံ့ဆိုင်းသွားပြီး သူမနောက်မှ လိုက်ပါလာသည်။
လို့ရှီးဝူက စိတ်ဓာတ်ကျသောအမူအရာဖြင့် ကျွော့ချင်း၏ကျောပြင်ကို စိုက်ကြည့်နေသည်။
သူမက သူမတို့ပြောနေတာတွေကို ကြားနိုင်လိမ့်မယ်လို့ သူမ ထင်ထားခဲ့ပေမယ့် ပါးနပ်လွန်းတဲ့မိန်းမက သူမကို ပေးနားမထောင်ဘူးလို့ ဘယ်သူက ထင်ထားမိမှာလဲ? ဟွန်း!
လူနှစ်ယောက်က လန်ယွဲ့အဆောင်ထဲသို့ တစ်ယောက်ပြီး တစ်ယောက်ဝင်သွားကြသည်။ ကျွော့ချင်းက အိမ်ထဲသို့ မဝင်ဘဲ ရေကန်ရှေ့ရှိ ကျောက်ခုံတန်းပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူမက အခြားသူများကို အလွန်သတိထားတတ်ပြီးသူများ၏ဆန္ဒကို ဆန့်ကျင်တတ်သည်။
ယန်းရူရွှယ်က နူးညံ့သိမ်မွေ့ပုံရပေမယ့် သူမကိုယ်သူမတောင် သတ်သေရဲတဲ့သူလေ။ သူမက မင်းသမီးကို လုပ်ကြံဖို့ ကြိုးစားတယ်လို့ ချောက်မချဘူးလို့ ဘယ်သူ အာမခံနိုင်လို့လဲ? အဲ့လိုသာဖြစ်ခဲ့ရင် သူမအပြစ်ကို ဆေးကြောဖို့ မြစ်ဝါမြစ်ထဲကို ခုန်ချရင်တောင်မှ သူမ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
ဒါမှမဟုတ် ယန်းရူရွှယ်က လို့ရှီးယန်ကို လက်ထပ်ဖို့ သူမကို လိမ္မာပါးနပ်စွာ အသုံးချပြီး သူမ ဘဝကို လိုချင်နေတာလဲ ဖြစ်နိုင်သေးတယ်။
…
ကျွော့ချင်းက သူမစိတ်ထဲတွင် အမျိုးမျိုးသော တီဗီစီးရီးများ၏တူညီသော ဇာတ်လမ်းဇာတ်ကွက်များကို စိတ်ကူးနေခဲ့သည်။
အတိုချုံး ကောက်ချက်ချရရင် ဘာပဲဖြစ်ဖြစ် သူမ သတိထားရမယ်။
ယန်းရူရွှယ်က သူမနှင့် ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်ကာ သူမဘေးမှ ရှောင်လျန်ကို ထွက်သွားခိုင်း လိုက်သည်။
"နောက်ကို ပြန်ဆုတ်တော့"
"မင်းသမီးလေး"
သူမက မင်းသမီးလေးကို ဘယ်လို ထားခဲ့နိုင်မှာလဲ? ဒီမိန်းမက မင်းသမီးလေးကို မကောင်းတာ တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ?
"နောက်ပြန်ဆုတ်လိုက်ပါ"
ယန်းရူရွှယ်၏ လေသံက အနည်းငယ် အေးစက်လာသည်။ ရှောင်လျန်က မလိုလားသော်လည်း ခြေတစ်လှမ်းအနည်းငယ် နောက်ပြန်ဆုတ်ဖို့သာ တတ်နိုင်တော့သည်။ ရှောင်လျန်က သူမတို့နှစ်ဦးနှင့် ခပ်လှမ်းလှမ်းသို့ လမ်းသွားပြီးနောက် သူမတို့၏အသံကို မကြားရလောက်သော နေရာတွင် ရပ်တန့်လိုက်သည်။
စကားစမြည် ပြောတာကို သူမ မကြားနိုင်ပေမယ့် သူမတို့ ဘာတွေလုပ်နေလဲဆိုတာကို သူမ မြင်နိုင်ပြီး အဲ့ဒီအမျိုးသမီးက ရှုပ်ထွေးအောင်လုပ်ဝံ့တယ်ဆိုရင်တော့ သူမကလည်း ဘယ်တော့မှ တွန့်ဆုပ်နေမှာ မဟုတ်ဘူး။
နန်းတွင်းအစေခံများ ဆုတ်ခွာသွားပြီး ခြံဝင်းထဲ၌ အခြားမည်သူမျှ မရှိတော့ပေ။ မင်းသမီးက စကားမပြောဘဲ ခေါင်းကို အနည်းငယ်ငုံ့ကာ ကြာပန်းများ ပွင့်နေသည့် ကြာရေကန်ကို စိုက်ကြည့်နေသည်။ ကောင်းသည့်အခိုက်အတန့်လေးကို မျှော်လင့်ထားသည့် ကျွော့ချင်းက စိတ်မရှည်တော့ပဲ စကားစလိုက်သည်။
“မင်းသမီးက ဘာပြောချင်လို့လဲ? ပြောသာပြောပါ”
သူမ တကယ်ကို သိချင်နေတာပါ၊ ယန်းရူရွှယ်က သူမကို ဘာပြောချင်နေတာလဲ???
အခန်း ၇၆ ရယ်မောခြင်းနှင့်မျက်ရည်များကြားမှ...
"ငါ……"
ယန်းရူရွှယ်က စကားတစ်ခွန်းမှ မပြောဘဲ အချိန်အတော်ကြာအောင် တုန့်ဆိုင်းနေခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် လှပသော မိန်းကလေးတစ်ယောက် ကိုယ့်ရှေ့၌ ရှက်ရွံ့နေသည်ကို မြင်နေရခြင်းက တဖက်လူ၏ စိတ်ကို ကြည်နူးမှုများ ပြည့်နှက်သွားစေနိုင်သည်။ ကံမကောင်းစွာဖြင့် လက်ရှိလူက ကျွော့ချင်း ဖြစ်နေပြီး သူမ၏ သည်းခံနိုင်စွမ်းက အကန့်အသတ်ဖြင့်သာ ရှိနေခြင်းဖြစ်သည်။
ကျွော့ချင်းက သက်ပြင်းတစ်ချက်ချရင်း ထပ်ပြောလိုက်သည်။
"တကယ်တော့ မင်းသမီးက ကျွန်မကို ဘာပြောချင်နေမှန်းတောင် မသိဘူးမလား?"
ယန်းရူရွှယ်က မူလက ချီတုံချတုံ ဖြစ်နေခဲ့ပြီး ကျွော့ချင်း၏စကားကို ကြားပြီးနောက် သူမ၏မျက်နှာက ရုတ်တရက် ပြုံးလာကာ နူးညံ့သောလေသံဖြင့် ဖြည်းညင်းစွာ ပြောလာခဲ့သည်။
"သူနဲ့ စတွေ့တုန်းက ငါက ငါးနှစ်ပဲရှိသေးတယ်။ ဒုတိယအစ်ကိုတော်က နောက်ပြောင်တက်တာကို မှတ်မိနေသေးတယ်။ အဲ့တုန်းက ငါ့ရဲ့ဒုတိယအစ်ကိုတော်က ငါ အရမ်းကြိုက်တဲ့ ပိုးလက်ကိုင်ပုဝါလေးကို သစ်ကိုင်းပေါ်မှာ ချိတ်ဆွဲထားခဲ့လို့ ငါ အကြာကြီး ငိုအော်နေခဲ့တယ်။ နန်းတော် အစေခံတွေနဲ့ မိန်းမစိုးတွေက ဒုတိယအစ်ကိုတော် ဆူပူကြိမ်းမောင်းမှာကို ကြောက်တော့ ဘယ်သူမှ ငါ့ကို မကူညီရဲကြဘူး၊ အဲ့အချိန်မှာ သူ ပေါ်လာတယ်၊ သူ့ရဲ့သေးသွယ်တဲ့ပုံရိပ်က ငါ့မျက်လုံးတွေထဲကို ဝင်လာပြီး ငါ့နှလုံးသားထဲကို ရောက်သွားခဲ့တယ်၊ သူက ပိုးလက်ကိုင်ပုဝါကို ယူပေးပြီး ငါ့မျက်ရည်တွေကို သုတ်ပေးခဲ့တယ်။ အဲ့တုန်းက သူ့ရဲ့နူးညံတဲ့ အပြုံးက နွေးထွေးလွန်းတယ်၊ ငါ အဲ့တာကို ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး”
ယန်းရူရွှယ်၏ မျက်နှာပေါ်ရှိ အမူအရာက အိပ်မက်ဆန်နေပြီး အေးချမ်းလွန်းနေခဲ့သည်။ သူမက သူမ တည်ဆောက်ထားသော ချိုမြိန်ပြီးလှပသည့် ကမ္ဘာလေး၌ လုံးလုံး နှစ်မြုပ်နေပုံရသည်။ ကျွော့ချင်း၏မျက်လုံးများက အနည်းငယ် မှိန်ဖျော့သွားသော်လည်း သူမကို လုံးဝ မနှောင့်ယှက်ဘဲ သူမစကားများကိုသာ တိတ်တဆိတ် နားထောင်နေခဲ့သည်။
ယန်းရူရွှယ်က သူမ၏စိတ်ကို သူမခန္ဓာကိုယ်ဆီသို့ ခက်ခက်ခဲခဲ ဆွဲခေါ်လိုက်ပြီး သူမ၏မူလချိုမြိန်သောအပြုံးက ချက်ချင်း ခါးသီးမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"သူနဲ့လက်ထပ်နိုင်ဖို့က ငါ ငယ်ငယ်လေးကတည်းက မက်ခဲ့တဲ့ ငါ့အိပ်မက်ပဲ၊ ငါ့ဘဝမှာ သူ မရှိဘဲ ငါ ဘယ်လိုရှင်သန်ရမလဲဆိုတာကို ငါ မသိခဲ့ဘူး"
ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြန်မေးလိုက်သည်။
"ဒါဆို သူ မင်းကို မချစ်မှန်း သိလိုက်တာနဲ့ မင်းက မင်းကိုယ်မင်း သတ်သေဖို့ ဆုံးဖြတ်ခဲ့တာလား?"
"အဲ့ဒီလိုလုပ်ခဲ့တာက ငါ မိုက်မဲခဲ့တာ ဖြစ်နိုင်တယ်"
နုပျိုသောမျက်နှာပေါ်မှ အပြုံးချိုချိုတစ်ခု ဖြတ်ကျော်သွားသည်။ သူမက သူမနှလုံးသားထဲမှ ပျော်ရွှင်မှုကို မည်သို့ ဖုံးကွယ်ရမှန်း မသိသလို ဖုံးကွယ်ထားရန်လည်း ဆန္ဒမရှိပုံရသည်။ ယန်းရူရွှယ်က အပြုံးဖြင့် ဆက်ပြန်ပြောလာပြန်သည်။
"ငါ ထင်တာကတော့ သူ ငါ့ကို နည်းနည်းလေး သဘောကျနေပြီး သနားနေသေးတာ ဖြစ်နိုင်တယ်၊ မဟုတ်ရင် သူ့အိမ်တော်မှာ အနားယူခွင့်ပေးမှာ မဟုတ်ဘူး"
"မင်းသမီးရဲ့မယ်တော်က အဲ့လို ပြောခဲ့တာလား?"
ယန်းရူရွှယ်၏မျက်နှာပေါ်မှ ကျေနပ်နေသော ရွှင်မြူးမှုက ကျွော့ချင်းကို အနည်းငယ် စိုးရိမ်သွားစေခဲ့သည်။ ထိုသို့သော လှည့်ဖြားမှုက သူမအတွက် အသက်ကယ်ရာကောက်ရိုးတမျှင်ဖြစ်နိုင်သော်လည်း နောက်ဆုံးတွင် သူမကို နက်နဲသောတွင်းနက်ကြီးထဲသို့ တွန်းပို့မိသွားခြင်းလည်း ဖြစ်နိုင်သည်။
ယန်းရူရွှယ်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကျွော့ချင်း၏ ကြည်လင်သော မျက်လုံးများကို ကြည့်ကာ စိုးရိမ်တကြီး ပြန်မေးလာခဲ့သည်။
"အဲ့လို မဟုတ်ဘူးလား?"
ကျွော့ချင်းက သူမရှေ့မှ သူမကို ထိတ်လန့်တကြား စိုက်ကြည့်နေသော ဆယ်ကျော်သက်အရွယ်သာရှိသေးသည့် မိန်းခလေး၏အိပ်မက်ကို ရိုက်ချိုးပစ်ရန် မလုပ်နိုင်တော့ပေ။
ဒါပေမယ့် သူမ ပြောရင်တောင် ယန်းရူရွှယ်က ယုံနိုင်ပါ့မလား?
အင်းလေ.. ထားလိုက်ပါတော့...
ကျွော့ချင်းက ယန်းရူရွှယ်၏မေးခွန်းကို ပြန်မဖြေဘဲ ခေါင်းစဉ်ပြောင်းလိုက်သည်။
"ဒါဆို မင်းသမီး အခု ဘာလုပ်ဖို့ စိတ်ကူးထားလဲ?"
"မသိဘူး..."
ယန်းရူရွှယ်က တုံ့ဆိုင်းသွားပြီးနောက် မချိပြုံး ပြုံးလိုက်ပြန်သည်။
"သူက ငါ့ကို မချစ်ဘူး"
ထိုစကားက ကျွော့ချင်းကိုပင် ထိတ်လန့်သွားစေခဲ့သည်။
သူမ ထင်ထားခဲ့တာက ယန်းရူရွှယ်က သူမရဲ့ကိုယ်ပိုင်ကမ္ဘာထဲမှာဘဲ နေထိုင်ခဲ့ပြီး လို့ရှီးယန်က သူမကို ချစ်နေတယ်လို့ ထင်နေခဲ့တာကြောင့် သူ့ရဲ့အိမ်ထောင်ရေးသတင်းကို ကြားပြီးတဲ့နောက်မှာ သူမ ပြိုလဲသွားပြီး သူမကိုယ်သူမ သတ်သေခဲ့တယ်ပေါ့။ အခု သူမ နားမလည်နိုင်တာက ယန်းရူရွှယ်က အားလုံးကို ရှင်းရှင်းလင်းလင်း သိနေပုံရတယ်။
ကျွော့ချင်းက စိတ်ရှုပ်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။
"မင်းသမီးက ရှင်းရှင်းလင်းလင်း သိနေတာတောင် ဘာလို့ သူ့အတွက် အချိန်ဖြုန်းနေသေးတာလဲ?"
"ငါ့နှလုံးသားထဲမှာ သူ အမြဲရှိနေခဲ့တယ်။ ဆယ်နှစ်... ဆယ်နှစ်လောက်ကြာအောင် ငါ သူ့ကို ခဏလောက်တောင် မတမ်းတဘဲ မနေနိုင်ခဲ့ဘူး၊ အခု ငါ့နှလုံးသားကို ငါ မထိန်းနိုင်တော့ဘူး"
သူမက သူမ၏အင်အားနှင့်အချိန်ကို အလွန်အကျွံ ဖြုန်းတီးခဲ့ပြီ ယခုအချိန်တွင် သူမကိုယ်တိုင် ထိုဖြုန်းတီးမှုထဲမှ မလွတ်မြောက်နိုင်တော့ပေ။
ညာဘက်ပါးပြင်မှ ဒဏ်ရာကြောင့် သူမ၏အသွင်အပြင်က ပျက်စီးနေသော်လည်း ကျက်သရေရှိမှုကြောင့် ပြိုးပြိုးပြက်ပြက်လက်နေသော သူမရှေ့မှ မိန်းမပျိုလေးကို စိုက်ကြည့်ရင်း ယန်းရူရွှယ်က အသက်ကို ပြင်းပြင်းရှူလိုက်ကာ ထပ်မေးလာပြန်သည်။
"ငါ တစ်ခုလောက် တောင်းဆိုလို့ရမလား?"
ယန်းရူရွှယ်က သူမ၏သတ္တိများအားလုံးကို စုစည်းထားပုံရသောကြောင့် ကျွော့ချင်းတစ်ယောက် မလွဲမရှောင်သာ ပြန်မေးလိုက်ရသည်။
“ဘာလဲ”
ယန်းရူရွှယ်က သူမ၏ အနီရောင်နှုတ်ခမ်းပါးပါးလေးကို သွားဖြင့် ဖိကိုက်ထားပြီး အံကြိတ်ကာ အသံတုန်တုန်ဖြင့် တောင်းဆိုလာခဲ့သည်။
"ကျေးဇူးပြုပြီး ငါ့ကို သူ့နဲ့ လက်ထပ်ခွင့်ပေးပါ"
ယန်းရူရွှယ်က သူမ၏ နှလုံးခုန်သံနှင့်အတူ ကျွော့ချင်း၏ အဖြေကို စောင့်မျှော်နေခဲ့သည်။
ယန်းရူရွှယ် ရှက်ရွံပြီး စိုးရိမ်နေသော်လည်း ကျွော့ချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒီကိစ္စမှာ ကျွန်မက မင်းသမီးကို လက်ထပ်ခွင့် ပေး မပေးက အဓိကပြသနာ မဟုတ်ဘူး"
လူတိုင်းက လို့ရှီးယန် မယားငယ်မယူဖို့ သူမ တားဆီးပိတ်ပင်ထားတယ်လို့ ထင်မြင်နေကြတယ်။ ဒီကိစ္စရဲ့ အဓိကအကျဆုံးသူက သူမ မဟုတ်တာကို ယန်းရူရွှယ်လည်း နားမလည်သေးပုံပါပဲ။
ကျွော့ချင်းက ခဏလောက် စဉ်းစားနေပြီးနောက် ထပ်ပြောလိုက်ပြန်သည်။
"ကျွန်မကို မေးခွန်းတစ်ခုလောက် အရင်ဖြေပေးပါ၊ မင်းသမီးက မင်းသမီး ချစ်တဲ့သူကို မင်းသမီးရဲ့ အနားမှာထားမယ်၊ ဒါပေမယ့် သူ့အနားမှာ မင်းသမီးအပြင် တခြားမိန်းမတစ်ယောက်ရှိနေပြီး သူက အဲ့မိန်းမကို မင်းသမီးထက် ပိုချစ်နေမယ်၊ သူက တခြားမိန်းမတစ်ယောက်ကို ပွေ့ဖက်နမ်းရှုံ့တာကို မင်းသမီး မြင်နေရမယ်၊ မင်းသမီးက သူ့ကို လိုအပ်ရင်တောင် သူက တခြားမိန်းမတစ်ယောက်ရဲ့အခန်းထဲမှာ ရစ်ဝဲနေမယ်၊ အဲ့တာတွေက မင်းသမီးကို ပိုပြီးနာကျင်စေမှာ မဟုတ်ဘူးလား? ဒီလို နေ့စဉ်နဲ့အမျှ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ညှဉ်းပန်းမှုမျိုးကို မင်းသမီး လက်ခံနိုင်ပါ့မလား”
ကျွော့ချင်း ပြောသည့်စကားက သူမကို အံသြသွားစေရုံသာမကပဲ အရိုးထဲအထိပါ စိမ့်ဝင်သွားစေခဲ့သောကြောင့် ယန်းရူရွှယ်၏မျက်နှာလည်း ဖြူဖျော့သွားရသည်။ ကျွော့ချင်း ပြောနေသည့်စကားများက စိတ်ကူးကြည့်ရုံမျှဖြင့် သူမကို နာကျင်စေသော်လည်း သူ့ကို ဆုံးရှုံးလိုက်ရသည့် ဝေဒနာနှင့် ယှဉ်လျှင် ထိုနာကျင်မှုများက သိသိသာသာ နည်းပါးလှသည်။ ယန်းရူရွှယ်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြီး တုန်လှုပ်နေသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ငါ...ငါ...နိုင်"
သူမ တကယ်ခံစားနိုင်တယ်ရင် သူမက ဘာလို့ မူးလဲလုနီးပါးဖြစ်နေရတာလဲ??
ကျွော့ချင်းက ခေါင်းခါရင်း ထပ်ပြောလိုက်သည်။
"ကျွန်မကတော့ မလုပ်နိုင်ဘူး၊ ဒီလိုနေ့ရက်တွေမှာ ကျွန်မ မနာလိုမှုတွေ၊ သံသယတွေ၊ တောင်းဆိုမှုတွေ၊ မုန်းတီးမှုတွေနဲ့ ရှင်သန်နေရလိမ့်မယ်။ တစ်နေ့ထက်တစ်နေ့ ကိုယ့်ကိုကိုယ် ပိုမုန်းတီးလာလိမ့်မယ်။ ဒီလိုဘဝမျိုးကို ကျွန်မ မလိုချင်ဘူး၊ ကျွန်မကို အဲ့လို ဖြစ်စေမယ့် ယောက်ျားမျိုးကိုလည်း ကျွန်မ မလိုချင်ဘူး၊ ဒါကြောင့် သူ့ကို လက်ထပ်ခွင့်ပြုဖို့ တောင်းဆိုနေမယ့်အစား ထွက်သွားဖို့ဘဲ ရွေးချယ်လိမ့်မယ်”
နေရောင်ခြည်က သူမရှေ့မှ မိန်းခလေးကို အလင်းလွှာတစ်ခု လွှမ်းခြုံပေးထားပြီး သူမ၏ အေးစက်စက်မာန၊ ပြတ်သားသော လေသံနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသော အမူအရာတို့ကြောင့် ယန်းရူရွှယ်က သူမကို သဘောကျမိကြောင်း ဝန်ခံနိုင်သည်။
သူမမှာ ဒီလိုယုံကြည်မှုတွေရှိလာနိုင်ဖို့ အစ်ကိုယန်က ထောက်ပံပေးခဲ့ပုံပါပဲ။
ထို့ကြောင့် သူမက ချက်ချင်း တုံ့ပြန်လိုက်သည်။
“မင်းချစ်တဲ့လူက မင်းကို ချစ်နေတာကို မင်း သိနေတဲ့အတွက် ဒီလိုစကားမျိုးကို လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ ပြောနေနိုင်တာပါ၊ ဘာလို့လဲ ဆိုတော့ မင်းက သူ့ကို မချစ်ဘူး”
ကျွော့ချင်းတစ်ယောက် အံသြသွားရပြန်သည်။
သူမ လို့ရှီးယန် မယားငယ်ယူတာကို သည်းမခံနိုင်တာက သူမ သူ့ကို လုံလောက်အောင်မချစ်ဘူးလို့ အဓိပ္ပါယ်ပေါက်သွားစေတာလား? သူမရဲ့မျက်လုံးထဲက အချစ်လို့ ခေါ်တဲ့အရာက အဆုံးမဲ့စွန့်လွှတ်အနစ်နာခံခြင်းကို ဆိုလိုနေတာလား???! အဆုံးမဲ့ သည်းခံနေခြင်းလား???! ကိုယ့်ကိုယ်ကို အဆုံးမဲ့ နှိပ်စက်ခြင်းလား???
ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
"ကောင်းပြီ၊ မင်းသမီးနဲ့ကျွန်မကြားမှာ ပြောစရာ မရှိတော့ဘူး"
နင်နဲ့ ဆက်ပြောနေရင် ငါ ရူးသွားလိမ့်မယ်!
ကျွော့ချင်းက လှည့်ထွက်သွားတာကို မြင်တော့ ယန်းရူရွှယ်က အမြန်ထရပ်ပြီး အခိုင်အမာ ပြောလာပြန်သည်။
"ငါ သူ့မိန်းမဖြစ်ရမယ်... သူ မရှိဘဲ ငါ မနေနိုင်ဘူး"
ကျွော့ချင်းက လှမ်းရန် ပြင်နေသော သူမ၏ခြေထောက်ကို ရပ်တန့်လိုက်ပြီး မျက်ခုံးပင့်တင်ကာ ပြန်မေးလိုက်သည်။
“မင်းသမီးက ကျွန်မကို စစ်ကြေညာနေတာလား?"
ချော့လို့မရလို့ ခြောက်တာလား???
ကျွော့ချင်း၏ အေးစက်သော မေးခွန်းကို ရင်ဆိုင်ရင်း ယန်းရူရွှယ်က ခေါင်းကို တဆတ်ဆတ်ဖြစ်နေအောင် ခါယမ်းလိုက်သည်။
"မဟုတ်ဘူး၊ သူ့ဘေးမှာ မင်းနဲ့အတူ အေးအေးချမ်းချမ်းနေနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
"မဖြစ်နိုင်ဘူး"
ကျွော့ချင်းက ခပ်မြန်မြန်ပြန် ဖြေလိုက်သည်။
"သူက မင်းသမီးကို ရွေးချယ်ရင် ကျွန်မ ချက်ချင်း ထွက်သွားပေးမယ်လို့ ကျွန်မ သူ့ကို ပြောပြီးပြီ၊ မင်းသမီးနဲ့ သူနဲ့ကြားထဲကို ကျွန်မ ဝင်လာမှာ မဟုတ်ဘူး။ အဲ့အချိန်ရောက်ရင် သူနဲ့ ကျွန်မ ဘာမှ မဆိုင်တော့ဘူး။ တကယ်လို့ သူက ကျွန်မကို ရွေးချယ်ရင် ကျွန်မ သူ့ကို ဒုတိယမိန်းမယူခွင့် မပေးဘူး။ အဲ့ဒါက မင်းသမီးကို ဦးတည်တာ မဟုတ်ဘူး၊ ဘယ်မိန်းခလေးပဲဖြစ်ဖြစ် ကျွန်မရဲ့သဘောထားက အတူတူပဲ”
"မင်း ဘာလို့ ဒီလောက် ပြတ်ပြတ်သားသား လုပ်ရတာလဲ?"
ယန်းရူရွှယ်က အမှန်တကယ် နားမလည်နိုင်ဖြစ်နေခြင်းပင်။
ကျွော့ချင်းက သူမ၏ အတွေးများကို ဖုံးကွယ်မထားဘဲ ချက်ချင်း ပြန်ဖြေပေးလိုက်သည်။
"ဘာလို့လဲ ဆိုတော့ ကျွန်မ သူ့ကို ချစ်တယ်၊ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ပိုချစ်တယ်"
ကျွော့ချင်း၏ အဖြေကြောင့် ယန်းရူရွှယ်၏နဂို ဖျော့တော့သော မျက်နှာက ဒေါသကြောင့် ချက်ချင်းနီရဲသွားသည်။
"မင်းက အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ!"
ဒီမိန်းမက အစ်ကိုယန်ကို အမှန်တကယ် မချစ်ဘဲ သူမအတွက်ပဲ သူမ တွေးနေခဲ့တယ်။ ဒီမိန်းမက အစ်ကိုယန်နဲ့ လုံးဝ မလိုက်ဖက်ဘူး။
ယန်းရူရွှယ်၏ ဒေါသက ကျွော့ချင်း ပြောလိုက်သော စကားလုံးများ၏ အဓိပ္ပါယ်ကို လုံးဝ နားမလည်ကြောင်း ပြသနေခဲ့သည်။
သူမတို့နှစ်ယောက်က တစ်ကမ္ဘာတည်းက မဟုတ်ဘူး။
ကျွော့ချင်းက ပင်ပန်းနွမ်းနယ်လာပြီး ရှင်းပြရန် ရည်ရွယ်ချက်လည်း မရှိတော့သောကြောင့် အေးစက်စွာ ပြန်ပြောလိုက်သည်။
"ဖြစ်နိုင်လောက်ပါတယ်"
ထိုသို့ပြောပြီးနောက် ကျွော့ချင်းက သူမလုပ်စရာရှိသည်ကို စဉ်းစားရင်း အိမ်ခန်းဆီသို့ လျှောက်လာခဲ့သည်။
ထို "မောက်မာဝံကြွားပြီး ပိုင်စိုးပိုင်နင်းဆန်သော" ပုံရိပ်ကို စိုက်ကြည့်ရင်း ယန်းရူရွှယ်က သူမ၏ လက်သီးများကို ဆုပ်ထားလိုက်သည်။
"ငါ သူ့ကို လက်မလျှော့ဘူး!"
ခါတိုင်းကဲ့သို့ပင် ကျွော့ချင်းက နောက်ပြန်လှည့်မကြည့်ဘဲ အေးစက်စက် တုံ့ပြန်လိုက်သည်။
"မင်း သဘောပဲ"
သူမရဲ့စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားပြီ။
****
ညက မှင်နှင့်တူနေပြီး လက ချိတ်ကောက်သဏ္ဍန် ဖြစ်တည်လာ၏
(T/N: ညမှောင်နေပြီး လခြမ်းကွေးနေတာကို တင်စားတာထင်တယ်)
သူမ၏ဆံပင်ရှည်ကို သူမပခုံးမှ ကျော်ကာ ရှေ့သို့ ပြန်ချထားသော မိန်းခလေးတစ်ယောက်က ပြတင်းပေါက်ဘောင်ကို မှီကာ တစ်ဝက်တစ်ပျက် လဲလျောင်းနေပြီး သူမလက်ထဲတွင် စာရွက်တစ်ရွက် ကိုင်ဆောင်ထားသည်။ သူမက စာရွက်ပေါ်တွင် ရေးသားထားသည့် စကားလုံးများကို စိုက်ကြည့်သော်လည်း သူမ၏ မျက်လုံးများက တစ်ခုခုကို ဆုံးရှူံးသွားသလိုမျိုး ဗလာဖြစ်နေသည်။
နေ့လည်ခင်းတွင် ယန်းရူရွှယ်နှင့် စကားပြောပြီးနောက် ကျွော့ချင်းက သူမကိုယ်သူမ အစွမ်းအစမရှိသလို ခံစားခဲ့ရသည်။ ထိုအရာ သူမ ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသော လောကအမြင်နှင့် တန်ဖိုးထားမှုများကြောင့် ဖြစ်နိုင်သည်။ သူမ၏ချစ်ခြင်းမေတ္တာအပေါ် သဘောထားမှုက အခြားလူများနှင့်ကွဲပြားနေသည်။ ရှေးခတ်က အမျိုးသမီးများ၏တွေးခေါ်ပုံကို သူမ နားမလည်နိုင်သလို သူမ ထိုမိန်းကလေးများနှင့် မည်သို့ ပြောဆိုဆက်ဆံရမှန်းလည်း မသိတော့ပေ။ ကျွော့ချင်းတစ်ယာက် သူမ လို့ရှီးယန်နှင့် တွေ့ဆုံခွင့် ရခဲ့သည်ကိုပင် ဝမ်းသာနေမိသည်။ တခြားယောက်ျားများဖြစ်နေလျှင် သူမကို ယန်းရူရွှယ်လိုမျိုး တစ်ကိုယ်ကောင်းဆန်သည့်သူဟုသာ အကဲဖြတ်ကြပေလိမ့်မည်။
လို့ရှီးယန်က သူမအနားတွင် အချိန်အတော်ကြာ ရပ်နေခဲ့ပြီး သူမက သူမ၏ကိုယ်ပိုင်အတွေးကမ္ဘာထဲမှာ နှစ်မြုပ်နေသေးသည်။ သူ ဘာမှ မပြောပါက ယနေ့ည သူ ပြန်လာသည်ကိုပင် သူမ သိနိုင်မည်မဟုတ်ဟု လို့ရှီးယန် တွေးနေမိသည်။
ရုတ်တရက် ဆူညံသံက သူမကို ကြောက်လန့်သွားမည်ကို စိုးရိမ်သောကြောင့် လို့ရှီးယန်က သူမ၏ ပခုံးကို ပေါ့ပေါ့တန်တန် ပုတ်လိုက်ရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။
“မင်း ဘာတွေ အသဲအသန်ကြည့်နေတာလဲ”
လို့ရှီးယန်က သူ့အသံကို တတ်နိုင်သမျှ လျှော့ထားသော်လည်း ကျွော့ချင်းက ခဏလောက် ထိတ်လန့်သွားပြီး သူမဘေးနားမှ လို့ရှီးယန်ကို ကြည့်ရန် သူမ၏ခေါင်းကို မော့ကာ ဇဝေဇဝါဖြစ်နေဟန်ဖြင့် ပြန်မေးလာခဲ့သည်။
“ဒီနေ့ ရှင် ဘာလို့ စောစောပြန်လာတာလဲ”
ဒီနေ့နေ့လည်ကမှ သူ ပြန်ရောက်တာ အရမ်းနောက်ကျမယ်လို့ သူပဲ ပြောခဲ့တာ မဟုတ်ဘူးလား။
"စောသေးတယ်လား?"
လို့ရှီးယန်က သူ့မျက်လုံးများကို အနည်းငယ်မော့ကာ ပြတင်းပေါက်အပြင်ဘက်ရှိ မှောင်မိုက်တိတ်ဆိတ်နေသော ရေကန်ကို စိုက်ကြည့်နေသည်။
သူ စောစောပြန်လာတယ်လို့ သူမ တကယ်ထင်နေခဲ့တာလား။ သူမ သူ့ကို ပိုပြီး လွမ်းဆွတ်နေအောင် သူ ပိုကြိုးစားရမယ့်ပုံပါပဲ။
ကျွော့ချင်းက ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ မှောင်နေပြီဟု သိလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။ သူမ ပြတင်းပေါက်နားတွင် ခဏလောက်သာ လဲလျောင်းနေခဲ့သည်ဟု သူမ ထင်ထားခဲ့သော်လည်း ယခုလောက် နောက်ကျနေပြီဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။ ကျွော့ချင်းက အနည်းငယ်ရှက် သွားပြီး ပြုံးလိုက်ကာ လို့ရှီးယန်၏ညှို့မှိုင်းနေသော မျက်နှာကို မကြည့်မိစေရန် ခေါင်းငုံချလိုက်သည်။
သူမက ယနေ့ညတွင် အနည်းငယ် ထူးဆန်းစွာ ပြုမူနေသောကြောင့် လို့ရှီးယန်က စိုးရိမ်စိတ်သွားပြီး ထပ်မေးလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား? ဒါမှမဟုတ် တစ်ခုခုကို စိတ်ပူနေတာလား?"
သူမနဲ့ ယန်းရူရွှယ်တို့ နေ့လည်ပိုင်းက သီးသန့်စကားပြောခဲ့ကြတာကို ကျင်းစက သူ့ဆီကို သတင်းပို့ထားပြီးပြီ၊ သူက သူမ ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ထားတာကြောင့် မမေးတော့ဘူးလို့ တွေးထားခဲ့တာ၊ အခု သူမရဲ့ စိတ်အနှောက်အယှက် ဖြစ်နေပုံရတဲ့ ပုံစံလေးက သူ့ကို စိတ်ဆင်းရဲစေတယ်။
ကျွော့ချင်းက သူမ၏ခေါင်းကို တဆတ်ဆတ် ခါယမ်းရင်း သူမ၏လက်ထဲက မှတ်စုကို လှုပ်ယမ်းပြလိုက်ကာ ချက်ချင်း ရှင်းပြလိုက်သည်။
"မဟုတ်ဘူး၊ ဒီနေ့ ချင်းမော့က ရန်လွီ မသေခင် သေသေချာချာ စုဆောင်းထားတဲ့ စာရွက်တစ်ရွက်လို့ ပြောပြီး စာရွက်တစ်ရွက် ယူလာပေးတယ်။ ရွှေချောင်းတွေရဲ့ကိစ္စနဲ့ပတ်သတ်တယ်ထင်လို့ ကျွန်မ လေ့လာနေတာ ကြာပြီ၊ ဒါပေမယ့် အဖြေရှာမရသေးဘူး၊ ကျွန်မ စဉ်းစားနေတာ တော်တော်ကြာသွားတယ်၊ အခု နည်းနည်းတော့ အိပ်ချင်နေပြီ"
သူ မျှော်လင့်ထားသည့်အတိုင်း သူမက ဘာမှ မပြောပြသောကြောင့် လို့ရှီးယန်က မမေးတော့ဘဲ အပြုံးဖြင့် တောင်းဆိုလိုက်သည်။
"ကိုယ့်ကို ကြည့်ခွင့်ပေးပါလား?"
ရှန်ယုလန်က အမှုကို ပြန်လည်စစ်ဆေးရန် တရားရုံးသို့ အသနားခံစာတင်ခဲ့ပြီး ဧကရာဇ်မင်းမြတ်က ရွှေများ၏တည်နေရာကို ဆက်လက်ရှာဖွေရန် ချက်ချင်း သဘောတူခဲ့သည်။
ဒီရွှေကိစ္စက အနောက်မြောက်က အရေးပါတဲ့ အရာရှိတွေနဲ့ ဆက်နွယ်နေနိုင်တယ်။ အဲဒါက နောက်ပိုင်းမှာ နောက်ထပ် သွေးထွက်သံယို မုန်တိုင်းအဖြစ် ပြောင်းလဲသွားမှာကို သူ စိုးရိမ်နေမိတယ်။
ကျွော့ချင်းက သူမလက်ထဲမှ မှတ်စုကို လို့ရှီးယန်ဆီကို လွှဲပေးရင်း မေးလိုက်ပြန်သည်။ "ဒါက လျှို့ဝှက်စကားလုံးလို့ ရှင် ထင်လား၊ ဒါမှမဟုတ် ဘယ်လို စကားဝှက်မျိုးလဲ? ရှင် နက္ခတ်ဗေဒင်ပညာကို လေ့လာဖူးလား"
လို့ရှီးယန်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ကိုယ် နက္ခတ်ဗေဒင်ပညာကိုတော့ မကျွမ်းကျင်ဘူး"
သူက သူမ ဖော်ပြသည့် စကားလုံးအသုံးအနူန်းကို သဘောကျနေသော်လည်း နက္ခတ်ဗေဒင်ပညာကို တကယ်နားမလည်တဲ့အတွက်တော့ စိတ်မကောင်းဖြစ်နေခဲ့သည်။ သူက စာရွက်ကို ဖြန့်ကြည့်လိုက်ပြီး ရှေ့ ၊ နောက် ၊ ဘယ် ၊ ညာ ၊ ဘယ် ၊ ညာ ဟူသော စကားလုံးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
သူမ စိတ်ရှုပ်နေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ သူလည်း နားမလည် နိုင်ဘူးလေ။
အချိန်အတော်ကြာကြည့်ပြီးနောက် လို့ရှီးယန်က နားမလည်နိုင်တော့သဖြင့် စာရွက်ကို ကျွော့ချင်းထံသို့ ပြန်ပေးလိုက်သည်။ သို့ရာတွင် လို့ရှီးယန်က ရယ်မောပြီး ပေါ့ပေါ့ပါးပါး သတိပေးလိုက်သည်။
"မင်း အဲဒါကို တွေးကြည့်ဖူးလား? ရန်လွီက စစ်သူကြီးအိမ်တော်က အစောင့်တပ်ဖွဲ့ခွဲရဲ့ ဒုတိယခေါင်းဆောင်တစ်ယောက်ပဲ၊ ပြောရရင် သူက သာမာန်စစ်သည်တစ်ယောက်သာသာပဲ ရှိတယ်။ သူ ချန်ထားခဲ့တဲ့အရာတွေက ထူးဆန်းတဲ့စာလုံးတွေ၊ လျှို့ဝှက်သင်္ကေတတွေက နက်နဲတဲ့အရာတွေနဲ့ ပတ်သက်နေနိုင်ပါ့မလား?”
ကျွော့ချင်းက သူ့လက်ချောင်းများကို လှမ်းဆွဲလိုက်ပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်တယ်၊ အဲဒါကို ကျွန်မ ဘာလို့ မတွေးခဲ့တာလဲ၊ အဲ့တာက ကျွန်မတို့ကို ရှုပ်ထွေးစေတာ ဖြစ်နိုင်တယ်။ တကယ်တော့ သူ ပြောချင်တာက အပေါ်ယံအကျဆုံးအရာပဲ!"
လို့ရှီးယန်က ခေါင်းညိတ်ပြီး သဘောတူလိုက်သော်လည်း ကျွော့ချင်းက ရုတ်တရက် စိတ်ဓာတ်ကျသွားပြီး စိတ်ဆင်းရဲစွာဖြင့် ညည်းညူလိုက်သည်။
“ဒါပေမယ့် အဲဒီ အပေါ်ယံအကျဆုံးအရာက ဘာလဲ”
သူမ၏ ညှိုးငယ်သောမျက်နှာနှင့် ဝမ်းနည်းနေသောအမူအရာကြောင့် လို့ရှီးယန်က သူမ၏လက်ကို ဆွဲယူကာ သူမကို နှစ်သိမ့်ပေးလိုက်သည်။
"ကောင်းပြီ၊ မင်း တစ်နေ့လုံး စဉ်းစားနေတာ၊ အခု အဲဒါကို မတွေးနဲ့တော့၊ မနက်ဖြန် မနက်စောစော အိပ်ရာကနိုးလာရင် စိတ်ကူးတစ်ခု ပေါ်လာနိုင်လိမ့်မယ်"
ကျွော့ချင်းက သူ့ကို မျက်လုံးပြူးကြည့်လိုက်သည်။ ထိုကဲ့သို့ လှုံ့ဆော်မှုတစ်ခုရရန် မလွယ်ကူသော်လည်း သူမှာ အကြောင်းပြချက်တစ်ခုရှိပုံရသည်။ ကျွော့ချင်းက မှတ်စုစာရွက်ကို သူမ၏ခါးပတ်အိတ်ထဲသို့ ထည့်လိုက်ပြီး နာခံမှုအပြည့်ဖြင့် တုံ့ပြန်လိုက်သည်။
“ကောင်းပြီလေ၊ အခု အိပ်တော့မယ်”
ခန်းဆီးကို ဖြတ်ကျော်ပြီး အနောက်ဘက်ခန်းထဲသို့ လျှောက်သွားချိန်တွင် လို့ရှီးယန်၏ခုတင်ကြီးဘေးတွင် ခုတင်ကြီး၏တစ်ဝက်မျှသာရှိသော ခုတင်သေးသေးလေးတစ်လုံးရှိနေသည်ကို ကျွော့ချင်း ရုတ်တရက် တွေ့လိုက်ရသည်။ ကျွော့ချင်းက အံ့ဩစွာဖြင့် မေးလိုက်ပြန်သည်။
"အခန်းထဲမှာ ဘာလို့ အပိုခုတင်ရှိနေတာလဲ? နေ့လည်က မတွေ့မိပါဘူး!!”
လို့ရှီးယန်က သူမကို လုံးလုံးလျားလျား ယုံကြည်သွားခဲ့သည်။
"မင်း အခုတလော တွေးနေတာတွေကို အရမ်း နစ်ဝင်နေမှန်း မင်း သိပြီလား?"
အခုန ပြောင်းရွှေ့ခဲ့တာလား?! ဘုရားသခင်... သူမ အဲ့တာကိုတောင် မသိအောင် တွေးနေမိတာလား??! ဒါပေမယ့် သူမကတော့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပါဘူး။
ကျွော့ချင်းက ထပ်မေးလိုက်ပြန်သည်။
"ရှင့်ရဲ့ အိပ်ရာက အရမ်းကြီးနေပြီ၊ ဘာလို့ အိပ်ရာအပိုကို ထပ်ထည့်ရတာလဲ"
မေးပြီးမှ သူမ မှားမေးမိနေမှန်း သူမဘာသာ နားလည်လာခဲ့သည်။ လို့ရှီးယန်က ပရောပရည်အမူအရာနှင့် ခပ်ဆင်ဆင်တူသော အပြုံးတစ်ခုဖြင့် ပြန်ဖြေလာခဲ့သည်။
"မင်းက ခုတင်ကြီးမှာ အိပ်လေ၊ ကိုယ်က ခုတင်လေးမှာ အိပ်မယ်။ မင်းနဲ့ အတူတူ တစ်အိပ်ယာထဲမှာ ထပ်အိပ်ရင် ကိုယ် မစောင့်နိုင်တော့မှာကို ကိုယ် ကြောက်တယ်။ မင်္ဂလာဆောင်ညမှာ မင်းကို.."
သူစကားမဆုံးခင်မှာပင် အဓိပ္ပါယ်က တော်တော်ရှင်းနေပြီ ဖြစ်သည်။
တကယ်တော့ သူကိုယ်တိုင်လည်း သူချစ်တဲ့မိန်းခလေးနဲ့ ညတိုင်း အတူအိပ်ချင်ပေမယ့် သူနားလည်နေတာက ဒါက သူ့အတွက် ကြီးမားတဲ့ နှိပ်စက်မှုတစ်ခုပဲ။ သူ့ကိုယ်သူ ချုပ်တည်းနိုင်မှုက သွေးဆောင်မှုအောက်မှာ ကျဆုံးသွားမှာကို သူ စိုးရိမ်နေပြီး တားဆီးဖို့ ကြိုးစားလိုက်တာပါပဲ။
ကျွော့ချင်းက ရယ်ချင်နေပြီး သူ ဘာကိုဆိုလိုသည်ကို သူမ သဘာဝကျကျနားလည်သော်လည်း ယခုခေတ်လူတစ်ယောက်အနေနှင့် လက်မထပ်မီတွင် ချစ်မြတ်နိုးသောလူနှင့် လိင်ဆက်ဆံခြင်းက အမှားအယွင်း မရှိဟု သူမ ထင်နေခဲ့သည်။ ကျွော့ချင်းက လို့ရှီးယန်၏ချစ်စရာကောင်းသော ဖီးနစ်မျက်လုံးလေးတွေကို ကြည့်လိုက်ပြီး မထင်မှတ်ပဲ စနောက်လိုက်သည်။
"ရှင့်ကို ဘယ်သူမှ မစောင့်ခိုင်းဘူး"
လို့ရှီးယန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ထိုအရာက ကျွော့ချင်း၏ ဖိတ်ကြားချက်ဖြစ်ကြောင်း သိသိသာသာ သူ နားလည်လိုက်သည်။ ဖယောင်းတိုင်မီးအောက်တွင် သူမက အလွန်လှပနေပြီး သူမ၏မျက်လုံးများက မီးတောက်ကလေးများ ကဲ့သို့ ဖြစ်နေလေသည်။ လို့ရှီးယန်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ခြေလှမ်းများ တုံ့ဆိုင်းနေကာ စိုးရိမ်တကြီး ထပ်ပြောလိုက်သည်။
"နောက်ကျနေပြီ အိပ်ရာဝင်တော့... ကောင်းသောညပါ”
ထိုစကားကို ပြောပြီးသည်နှင့် သူက သူ့ဘေးရှိ ခုတင်သေးသေးလေးပေါ်သို့ အမြန်လှဲချလိုက်သည်။
ကျွော့ချင်းကတော့ ကြောင်ကြောင်တောင်တောင်ဖြင့် မရယ်နိုင် မငိုနိုင်ဖြစ်နေကာ ခဏတာလောက် ဘာလုပ်ရမှန်း မသိဖြစ်သွားခဲ့သည်။
မိန်းမလေးက သူ့အိမ်တံခါးအထိ ပို့နေတာကို သူက မလိုချင်ဘူးလား? !
ဒါက သူ့ကိုယ်သူ လေးစားမှုကို မထိခိုက်စေဘူးလား!
ဒါမှမဟုတ် သီအိုရီအရ သူ စိတ်လှုပ်ရှားဖို့ တစ်ခုခု လိုအပ်နေတာ ဖြစ်နိုင်တယ်... နည်းနည်းလေး နှိုးဆွဖို့ လိုတယ်...
အခန်း ၇၇ ပြသနာကို ဖြစ်ပေါ်စေတဲ့ အသေးအမွှားဖြစ်ရပ်
ကျွော့ချင်းတစ်ယောက် နေ့လည်ခင်းက ယန်းရူရွှယ်၏ဒေါသကို ပြန်တွေးလိုက်မိပြီး သူမ လုံးဝ ဂရုမစိုက်ဘူးဟု ပြောလျှင် ထိုအရာက လိမ်ပြောခြင်းသာ ဖြစ်သည်။ လို့ရှီးယန်က လူကြီးလူကောင်းပုံစံဖြစ်နေလေလေ သူမက သူ့နှင့် တစ်ခုခု လုပ်ချင်လေလေ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ သူမတို့က တစ်ယောက်နှင့် တစ်ယောက် ချစ်မြတ်နိုးနေကြပြီး လက်ထပ်ရန် ကတိပြုထားပြီးပြီ ဖြစ်သောကြောင့် ဤကဲ့သို့ပေါင်းသင်းဆက်ဆံခြင်းက သာမန်သာဖြစ်သင့်သည်။
ကျွော့ချင်းက အချိန်အတော်ကြာအောင် သူမစိတ်ကို ပြင်ဆင်ပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။
သူမ လို့ရှီးယန်ကို သွေးဆောင်ရမယ်။
ဒါပေမယ့် ပြောတာက လွယ်တယ်၊ အခုက ဘာဆက်လုပ်ရမှာလဲ??
အတွေ့အကြုံ အများကြီး မရှိသော ကျွော့ချင်းက ဂန္တဝင်ရုပ်ရှင်နှင့် တီဗီတွင် ပြသသော ဒရာမာအချို့ကို ပြန်တွေးကာ လို့ရှီးယန်၏ခုတင်သေးသေးဆီသို့ လျှောက်သွားလိုက်သည်။ သူမက သူမ၏ဆံပင်ကို အနည်းငယ် ပွတ်သပ်လိုက်ပြီး သူမ၏အဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် အံကို ကြိတ်ကာ သူမဝတ်ထားသော အပြင်ဘက်အကျဆုံးအလွှာကို ချွတ်ပစ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူမကိုယ်ပေါ်တွင် အဝတ်ပါးပါးလေးတစ်ထပ်သာ ကျန်တော့ပြီး သူမ ထပ်ချွတ်မည်ဆိုလျှင် သူမ၏ရင်သားနှင့် ဝမ်းဗိုက်ကို ဖုံးထားသည့် အတွင်းဝတ်သာ ကျန်နေပေလိမ့်မည်။
ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"ရှီးယန်..."
“အင်း”
လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြန်ထူးလိုက်သော်လည်း သူ့နောက်ကျောဘက်မှ ကျွော့ချင်းကို လှည့်မကြည့်ခဲ့ပေ။
ကျွော့ချင်းက သူမ တက်နိုင်သမျှ ကြိုးပမ်းအားထုတ်လိုက်ပြီး အသံတိုးတိုးလေးဖြင့် ထပ်ခေါ်လိုက်သည်။
"ရှီးယန်~~"
နောက်ဆုံးတွင် လို့ရှီးယန်တစ်ယောက် ကူကယ်ရာမဲ့ လှည့်ကြည့်လာသည်။ သူ့နောက်မှ အသံဗလံများကို ကြားနေကတည်းက ဤကောက်ကျစ်စဥ်းလဲသော မိန်းကလေးက တစ်ခုခု ထပ်ကြံနေတာဖြစ်နိုင်သည်ဟု သူ မှန်းဆခဲ့သည်။ သူ လှည့်ကြည့်လိုက်ချိန်တွင် မမျှော်လင့်ဘဲ ကျွော့ချင်းက အင်္ကျီပါးပါးလေးသာ ဝတ်ထားတော့သည်ကို တွေ့လိုက်ရသည်။ စွဲမက်ဖွယ်ကောင်းသော လရောင်နှင့် လင်းထိန်နေသော ဖယောင်းတိုင်မီးများက သူမ၏ရုပ်ပုံသဏ္ဍာန်နှင့် အကွေ့အကောက်များကို ထင်ရှားနေစေပြီး သူမ၏ရေတံခွန်ကဲ့သို့ ဆံနွယ်များက အနည်းငယ် ရှုတ်ထွေးနေကာ လရောင်နှင့် ရောယှက်နေပြီး ညလေပြေလေထဲ၌ ယိမ်းနွဲ့နေလေသည်။ လို့ရှီးယန်တစ်ယောက် အသက်ရှုမဝတော့လောက်အောင် တုန်လှုပ်သွားပြီး သူ့၏တောက်ပသော မျက်လုံးတစ်စုံက ဖွင့်ထားဆဲဖြစ်ကာ သူမကို တည့်တည့်ကြည့်စိုက်ကြည့်နေသည်။ သူမ၏ဆွဲဆောင်မှုရှိသော မျက်ဝန်းများက အလင်းရောင်အောက်တွင် အလွန်အမင်း တောက်ပနေသည်။
လို့ရှီးယန်က မသိစိတ်ကြောင့် အမှတ်တမဲ့ တံတွေးမျိုချလိုက်ပြီး သည်းညူလိုက်သည်။
"ချင်းအာ... ကိုယ့်ကို အဲ့လို မကြည့်နဲ့"
တကယ်တော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းက သူမတွေးထားသလောက် ကောင်းနေတာ မဟုတ်ဘူး!
အကျိုးသက်ရောက်မှု ကောင်းမွန်နေပုံရသောကြောင့် ကျွော့ချင်းတစ်ယောက် တိတ်တဆိတ် ပျော်ရွှင်သွားပြီး ဆက်လက် ရေရွတ်လိုက်သည်။
"ယန်~~"
သူမ၏အသံက သူ့၏အရိုးများကိုပင် ပျော်ကျစေလုမတတ် ဖြစ်လာသောကြောင့် လို့ရှီးယန်၏မျက်လုံးများ မှေးမှိန်သွားပြီး သူ့အသံက အနည်းငယ် ကျယ်လောင်လာသည်။
"ချင်းအာ၊ မင်းက မီးနဲ့ လာကစားနေတယ်ပေါ့"
ဒီအကျိုးသက်ရောက်မှုက သူမ လိုချင်တဲ့အရာပဲ။ သူ့ကို သွေးဆောင်ဖို့က မခက်ခဲဘူးပဲ။
ကျွော့ချင်းက သူမ၏ခန္ဓာကိုယ်ကို လို့ရှီးယန်၏အနားသို့ ရဲရဲတင်းတင်း ရွှေ့သွားလိုက်ပြီး သူ့လည်ပင်းကို သူမ၏လက်များဖြင့် ရစ်ပတ်ထားလိုက်သည်။
"ရှီး..."
ကျွော့ချင်းတစ်ယောက် သူမ စကားမဆုံးခင်မှာပင် ကမ္ဘာကြီး လည်ပတ်သွားသလို ခံစားလိုက်ရပြီး လို့ရှီးယန်က သူမကို ဆွဲပွေ့လိုက်ကာ နှစ်ယောက်သား ခုတင်ပေါ်သို့ လဲကျသွားကြသည်။ လို့ရှီးယန်၏လက်က သူမခါးပေါ်တွင် ရှိနေပြီး အမြဲတမ်းအေးစက်နေတတ်သည့် သူ့လက်ဖဝါးများက ယခု အံ့သြစရာကောင်းလောက်အောင် ပူနနွေးနေသည်။ ထိုအပူက ပါးလွှာသော အ၀တ်များမှတစ်ဆင့် ကြိုတင်သတိပေးခြင်းမရှိဘဲ သူမဆီသို့ တိုးဝင်လာသည်။
လို့ရှီးယန်၏ ကျဉ်းမြောင်းရှည်လျားသော မျက်လုံးများက အနည်းငယ် ပိုကျဉ်းမြောင်းသွားပြီး မရေမတွက်နိုင်သော ဆွဲဆောင်မှုများ ထွက်ပေါ်နေသည်။ သူတို့၏ ခန္ဓာကိုယ်များက အချင်းချင်း တင်းတင်းကြပ်ကြပ် ဖိကပ်မိနေကြပြီး ကျွော့ချင်းတစ်ယောက် သူမ၏ နှလုံးခုန်နှုန်း အလွန်မြန်နေသည်ဟု ခံစားနေရသည်။ ပူပြင်းသော ခန္ဓာကိုယ်များ၏ အနွေးဓာတ်ကြောင့် ကျွော့ချင်း၏မျက်နှာလည်း တဖြည်းဖြည်း နီရဲလာသည်။
ကျွော့ချင်း သူမ ဘာဆက်လုပ်ရမည်ကို မတွေးနိုင်သေးခင်မှာပင် သူမ၏ နှုတ်ခမ်းများ ထုံကျင်သွားပြီး လို့ရှီးယန်က သူမ၏နှုတ်ခမ်းများကို အတင်းအကျပ် ဖိကပ်နမ်းရှိုက်နေသည်။ သူ့အသက်ရှုသံနှင့်အတူ တိုးဝင်လာသော အပူငွေ့က ကျွော့ချင်းကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။ လို့ရှီးယန်က သူမကို ပိုမိုနက်ရှိုင်းစွာ ပွေ့ဖက်လိုက်ပြီး အမြဲတမ်းနူးညံ့သိမ်မွေ့စွာ နေလေ့ရှိသောသူက စိတ်အားထက်သန်မှုကြောင့် အနမ်းများပင် ထူးထူးခြားခြား ပူလောင်ပြင်းပြနေခဲ့သည်။
သူက သူမ၏လည်ပင်းတစ်လျှောက်ကို နမ်းနေရာမှ နားရွက်နောက်ဘက်သို့ ရောက်လာပြီး ကျွော့ချင်း၏ နားရွက်ကို ကိုက်လိုက်ကာ ယစ်မူးပြီး ရှုပ်ထွေးစေသော နူးညံသည့်အသံတစ်သံက သူမနားထဲသို့ ပဲ့တင်ထပ်လာသည်။
"ကိုယ်... မင်းကို လိုချင်တယ်"
နွေးထွေးသော အသက်ရှုသံနှင့် ထုံကျင်စေလောက်သော တီးတိုးပြောသံက ကျွော့ချင်းကို တုန်လှုပ်သွားစေခဲ့သည်။ သူမက စကားတစ်ခွန်းမှ မပြောဘဲ လို့ရှီးယန်၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖက်ကာ သူ့ရင်ခွင်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်လိုက်သည်။
လို့ရှီးယန်က အားတက်သွားပြီး တောက်လောင်နေသည့် သူ့နှုတ်ခမ်းနှင့် လျှာက အောက်သို့ ဆက်ရွေ့သွားသည်။ သူ့လက်များကလည်း သူမ ဝတ်ထားသော အင်္ကျီ၏ ခါးစည်းကြိုးထဲကို ရောက်ရှိလာသည်။
"ဝန်ကြီးချုပ်လို့! ဝန်ကြီးချုပ်လို့!!"
တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် နှစ်ယောက်စလုံး လန့်ဖျပ်သွားရသည်။ လို့ရှီးယန်က သူမ၏ နူးညံ့ပျော့ပျောင်းသောခါးကို ထိထားသည့် သူ့လက်ကို တုံ့ဆိုင်းစွာ ပြန်ရုပ်သိမ်းလိုက်ကာ သူ့ဘေးရှိ ပိုးထည်ပုဝါကို ဆွဲယူပြီး ကျွော့ချင်းကို ဖုံးအုပ်ပေးရန် အစွမ်းကုန် ကြိုးစားနေသည်။ သူ့၏မငြိမ်မသက်ဖြစ်နေသော အသက်ရှူသံများကလည်း ငြိမ်သက်သွားပြီး အေးစက်စွာ အော်မေးလိုက်သည်။
"ဘယ်သူလဲ!"
တံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံ ပြန်လည်ထွက်ပေါ်လာသည်။
"ဒီအစေခံက ရှောင်လျန်ပါ၊ မင်းသမီးလေး...သူ(မ)..."
လို့ရှီးယန်က ထိတ်လန့်တကြား ပြန်မေးလိုက်သည်။
"မင်းသမီး ဘာဖြစ်လို့လဲ?"
သူမ မိုက်မဲတာတွေတော့ ထပ်မလုပ်ဘူးမလား?
"မင်းသမီးလေးက အိပ်မက်ဆိုးတစ်ခု မက်ပြီး ကြောက်လန့်တကြား နိုးလာတယ်။ ပြီးတော့ တိတ်တိတ်လေး ငိုနေတယ်။ မင်းသမီးလေးက အားနည်းနေပြီး အဲဒီလို နှိပ်စက်တာတွေကို မခံနိုင်ပါဘူး။ အဲ့ဒါကြောင့် ဒီည အိပ်မပျော်နိုင်ဘဲ မမျှော်လင့်ထားတဲ့ ကံဆိုးမှုတစ်ခုခု ဖြစ်သွားခဲ့ရင် ဒီအစေခံက အကြိမ်တစ်သောင်း သေပေးရင်တောင် ဘာမှ ပြန်မဖြည့်စည်းပေးနိုင်ပါဘူး။ ကျေးဇူးပြုပြီး ဝန်ကြီးချုပ် လာကြည့်ပေးဖို့ တောင်းဆိုပါရစေ"
မင်းသမီးလေးက အိပ်မက်ဆိုးမက်လို့ ကြောက်လန့်ပြီး ငိုကြွေးနေတာလား?
ကျွော့ချင်းက ရုတ်တရက် သူမ၏မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ လို့ရှီးယန်က ဘာမှ မပြောသော်လည်း သူ့မျက်နှာက သိသိသာသာ မည်းမှောင်သွားသည်။
"မော့ပိုင်"
လို့ရှီးယန်က ခပ်တိုးတိုးခေါ်လိုက်ပြီး တုံ့ပြန်သံ မကြားသောကြောင့် ထပ်မံအော်ခေါ်လိုက်သည်။
"မော့ပိုင်"
"ဟုတ်ကဲ့"
နောက်ဆုံးတွင် မော့ပိုင်၏အေးစက်စက်အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
သူ လွန်ခဲ့သည့်အခိုက်အတန့်က အသံတချို့ ကြားခဲ့ရပြီး တံခါးအပြင်ဘက်တွင် ရှိနေသဖြင့် အစောင့်လုပ်ရန် ခြံတံခါးဝသို့ လျှောက်သွားခဲ့သည်။ သို့သော် ကျိုက်ရှင်းအဆောင်က လန်ယွဲ့အဆောက်အဦးနှင့် ချိတ်ဆက်ထားသည်ကိုတော့ သူ မေ့သွားခဲ့သည်။
လို့ရှီးယန်က အေးတိအေးစက် ထပ်ပြောလိုက်သည်။
"သမားတော် ခေါ်ပေးလိုက်"
"ဟုတ်ကဲ့"
မော့ပိုင် ထွက်သွားသော်လည်း အမျိုးသမီးက တံခါးအပြင်ဘက်တွင် ရှိနေသေးသည်။ လို့ရှီးယန်က စိတ်မရှည်စွာဖြင့် ထပ်ပြောလိုက်သည်။
"မင်း ပြန်သွားပြီး မင်းသမီးကို အရင်ဂရုစိုက်ပေးသင့်တယ်"
ရှောင်လျန်က လို့ရှီးယန်၏ ဒေါသထွက်နေသော မျက်နှာကို မမြင်ရသောကြောင့် သေခြင်းတရားကို မကြောက်ဘဲ ဆက်ပြောနေသေးသည်။
"ဝန်ကြီးချုပ်လို့၊ လူကြီးမင်းကိုယ်တိုင် ဘာလို့ မသွားတာလဲ? မင်းသမီးလေးက လူကြီးမင်းနာမည်ကို ဆက်တိုက် ခေါ်နေတာပါ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး...”
“ထွက်သွား! ငါ့မှာ ငါ့အစီအစဥ်နဲ့ ငါရှိတယ်၊ ငါက ဘယ်အချိန်တုန်းက မင်းလို အပြင်လူအတွက် မေးခွန်းထုတ်စရာ ဖြစ်လာတာတုန်း?"
တံခါးအပြင်ဘက်မှ ရှောင်လျန်လည်း အလွန်ထိတ်လန့်သွားပုံရပြီး ချက်ချင်း ပြန်ဖြေကာ ပြေးထွက်သွားတော့သည်။
“ကျွန်တော်မျိုးမ ထွက်သွားပါ့မယ်”
ထိုအရာက ကျွော့ချင်းကို အံ့အားသင့်သွားစေခဲ့သည်။
ရှီးယန် ဒီလိုပြောတာကို သူမ ကြားဖူးတာ ပထမဆုံးအကြိမ်ပဲ။ သူ့မျက်နှာချောချောက တပ်မက်မှုကြောင့် နည်းနည်းနီနေသေးသည်။ ဒါပေမယ့် အမြဲတမ်း ပေါ့ပေါ့ပါးပါး ပြုံးနေတတ်တဲ့ သူ့နူတ်ခမ်းထောင့်တွေက အေးစက်နေပြီး အမြဲတမ်း နူးညံနေတတ်တဲ့ သူ့မျက်လုံးတွေက တည်ငြိမ်မှု မရှိတော့ဘူး။ သူ့မျက်လုံးတွေက အရင်လိုမဟုတ်ပဲ ဂနာမငြိမ် ဖြစ်နေပြီး ဒေါသရိပ်တွေ လျှံထွက်နေတယ်။
ကျွော့ချင်းတစ်ယောက် ရယ်မောလိုက်ပြန်သည်။
အဲ့တာကို မကျေမနပ်ဖြစ်နေတဲ့ အကြည့်လို့ ပြောလို့ရမလား???
ယန်းရူရွှယ်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့လားဆိုသည်ကိုတော့ ကျွော့ချင်းလည်း မသိနိုင်ပေ။ သူမ ရည်ရွယ်ပြီး လုပ်ခဲ့လျှင်လည်း သူမ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခဲ့သည်ဟု ယူဆရပေလိမ့်မည်။ ကျွော့ချင်းက ထထိုင်လိုက်ပြီး လို့ရှီးယန်၏ခါးကို အနောက်မှ သိုင်းဖက်ထားလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက် ချပြီးမှ သူ့ကို တိုက်တွန်းလိုက်သည်။
"ခဏနေလို့ တော်ဝင်သမားတော် ရောက်လာရင် ရှင် တစ်ချက်သွားကြည့်ပေးလိုက်ပါဦး၊ သူ(မ) ထပ်ပြီး သတ်သေနေရင် ရှင် ဒုက္ခရောက်လိမ့်မယ်"
သူမက ရက်ရောတက်တဲ့လူ မဟုတ်ပေမယ့် အခြားတစ်ဖက်ရဲ့ အဆင့်အတန်းက အရမ်းမြင့်နေတာကြောင့် သူမအနေနဲ့ ဒီကိစ္စကြောင့် ရှီးယန်ကို ဒုက္ခခံခိုင်းလို့ မဖြစ်ဘူးလေ။
လို့ရှီးယန်က သူမကို ပြန်လှည့်ကြည့်လာပြီး သူ့မျက်နှာက မည်းမှောင်နေဆဲဖြစ်သော်လည်း သူ့လေသံက နူးညံ့သွားပြီ ဖြစ်သည်။ သူက သူမကို လှဲလျောင်းစေပြီး စောင်ဖြင့် အုပ်ပေးကာ ကတိပေးနေသေးသည်။
"မင်း အရင်အိပ်တော့၊ ကိုယ် ခနနေ ပြန်လာခဲ့မယ်"
ကျွော့ချင်းတစ်ယောက် ကူကယ်ရာမဲ့ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
"ခဏနေဦး"
လို့ရှီးယန်က မတ်တပ်ထရပ်လိုက်သော်လည်း ကျွော့ချင်းက ရုတ်တရက် ထထိုင်လိုက်ပြီး သူ့လက်ကို ဆွဲချလိုက်သည်။ လို့ရှီးယန်က အံ့ဩသွားပုံရသော်လည်း သူ ပြန်ထိုင်လိုက်ဆဲပင်။
ကျွော့ချင်းက သူ့၏လည်ပင်းကို သိုင်းဖက်ကာ ရှေ့သို့ ငုံ့ကိုင်းစေပြီး သူ့လက်နှစ်ဖက်ထဲသို့ တိုးဝင်ကာ သူ့ရင်ခွင်ထဲသို့ ခိုဝင်လိုက်သည်။ သူမက သူမ၏နှုတ်ခမ်းများဖြင့် သူ့လည်ပင်းကို ဖိကပ်နမ်းနေပြီးမှ သူ့ကို ကိုက်ချလိုက်သည်။
လို့ရှီးယန်က ခပ်တိုးတိုး ညည်းညူလိုက်သော်လည်း သူ့ရင်ခွင်ထဲမှ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးကို တိုးပြီး ပွေ့ဖက်လိုက်သည်။ ခဏအကြာတွင် ကျွော့ချင်းက သူမကိုယ်ကို ပြန်မတ်လိုက်သည်။ သူမ နမ်းလိုက်သော လို့ရှီးယန်၏လည်ပင်းမှ ထင်ရှားစွာ ပေါ်လွင်နေသော အမှတ်အသားများကို တွေ့လိုက်ရချိန်တွင် သူမ ကျေနပ်သွားသည်။ သူမက သူ့လက်ထဲမှ ရုန်းထွက်သွားပြီး လို့ရှီးယန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ရပြီ၊ ရှင် သွားတော့"
အစပိုင်းတွင် ဘာမှန်း သေချာမသိသော်လည်း သူမ၏မျက်နှာပေါ်မှ ညစ်တစ်တစ်အကြည့်များကြောင့် လို့ရှီးယန်တစ်ယောက် သူမ လုပ်ဆောင်ခဲ့သမျှကို မှန်းဆနိုင်သွားပြီ ဖြစ်သည်။ လို့ရှီးယန်က သဘောကျနေပုံဖြင့် သူ့ခေါင်းကို ခါယမ်းရင်း လန်ယွဲ့အဆောင်မှ ထွက်ခွာသွားသည်။
ဒီကောင်မလေးကတော့... သူ မနက်ဖြန် ညီလာခံကို သွားရဦးမှာလေ...
ကျွော့ချင်းက ယိမ်းယိုင်နေသော ပိတ်ကန့်လန့်ကာများကို စိုက်ကြည့်နေရင်း ခုတင်ပေါ်တွင် ခိုကိုးရာမဲ့ လှဲလျောင်းကျန်ရစ်နေခဲ့သည်။ သူမ၏ ပထမဆုံး ဆွဲဆောင်မှုက အမှန်တကယ် မအောင်မြင်ခဲ့သောကြောင့် ကျွော့ချင်းလည်း စိတ်ဓာတ်ကျနေလေသည်။ အဓိက အကြောင်းအရင်းက သူမကြောင့် မဟုတ်သောလည်း သူမ "လုပ်ငန်းနှင့်မရင်းနှီးသည့်" အကြောင်းအရင်းကတော့ ပါဝင်နေသေးသည်။
ဒါက ငါ့ အမှားပါ... နောက်တစ်ကြိမ် ငါ အဆင်သင့်ပြင်ထားရမယ်၊ အဲ့တာဆိုရင် သူကို နှာခေါင်းသွေးယိုစေပြီး ကောင်းကင်ကြီး ပြိုကျရင်တောင် သူ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ မဟုတ်ရင် ငါ ချင်းလင်ရဲ့ ဒီ 34D အရွယ်အစားအတွက် တောင်းပန်ရတော့မယ်!
လို့ရှီးယန်က ကျိုက်ရှင်းအဆောင်သို့ သူ့ဘာသာသူ တစ်ယောက်တည်း မသွားဘဲ တော်ဝင်သမားတော်နှင့်အတူ ဝင်သွားခဲ့သည်။ တံခါးဝသို့ ရောက်သည်နှင့် သူက အရိုအသေပေး နှုတ်ဆက်လိုက်သည်။
“ဒီလူက မင်းသမီးကို ဂါရဝပြုပါတယ်”
လို့ရှီးယန်၏အသံကို ကြားလိုက်သည်နှင့် တပြိုင်နက် ခုတင်ပေါ်တွင် ငိုနေသည့် ယန်းရူရွှယ်က ချက်ချင်း ထထိုင်လိုက်ပြီး သူ့ကို လှမ်းပြောလိုက်သည်။
"အစ်ကိုယန်... မြန်မြန်ဝင်လာပါ"
သူ အမြန် ရောက်လာခဲ့တယ်၊ ဆိုလိုတာက သူ သူမကို ဂရုစိုက်နေတုန်းပဲ။
အခန်းထဲတွင် ဆီမီးခွက်များစွာ ထွန်းထားသော်လည်း မီးရောင်က အနည်းငယ် မှိန်နေသည်။ လို့ရှီးယန်နှင့် တော်ဝင်သမားတော်က အခန်းထဲသို့ အတူဝင်လာခဲ့ကြသည်။ လို့ရှီးယန်က ခန်းဆီးအပြင်ဘက်တွင်သာ ရပ်နေပြီး တော်ဝင်သမားတော်ကို အမိန့်ပေးလိုက်သည်။
"မင်းသမီးရဲ့ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ပါ"
တော်ဝင်သမားတော်က လို့ရှီးယန်ကို ဦးညွှတ်အလေးပြုကာ အသက်မရှုရဲဟန်ဖြင့် အထဲသို့ ဝင်သွားသည်။
ကန့်လန့်ကာနောက်ကွယ်မှ ယန်းရူရွှယ်က စိတ်ပျက်နေသည့် မျက်နှာလေးဖြင့် ထပ်ပြောလာသည်။
“အစ်ကိုယန် ဝင်လာခဲ့ပါ”
"ဒီလူက မင်းသမီးအပေါ် မယဥ်မကျေး မလုပ်ဝံ့ပါဘူး"
ယန်းရူရွှယ်က ဘာမှ ထပ်မပြောတော့ဘဲ သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။ တော်ဝင်သမားတော်က ဖြည်းညင်းစွာ စစ်ဆေးနေပြီး ခဏအကြာတွင် သေချာအောင် ထပ်မံစစ်ဆေးပေးနေသည်။
လို့ရှီးယန်က အပြင်ဘက်မှ လှမ်းမေးလိုက်သည်။
"ဘယ်လိုလဲ?"
တော်ဝင်သမားတော်က အပြင်ဘက်သို့ ဆုတ်ခွာလာပြီးမှ ပြန်ဖြေလိုက်သည်။
"မင်းသမီးက သွေးလေ မညီညွှတ်လို့ ဒီလို ဖြစ်သွားတာပါ၊ စိုးရိမ်စိတ်လွန်းကဲမှုကြောင့် စိတ်ဓာတ်ကျနေပါတယ်၊ အဲဒါကြောင့် အိပ်မက်ဆိုးတွေ ရှိနေတာပါ။ စိတ်မပူပါနဲ့ ဝန်ကြီးချုပ်လို့၊ ဒီသမားတော်အိုကြီးက မင်းသမီးအတွက် ဆေးဝါးတချို့ ညွှန်ကြားပေးနိုင်ပါတယ်၊ မင်းသမီးအနေနဲ့ ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်နိုင်ရင် ဖြည်းဖြည်းချင်း ပြန်ကောင်းလာပါလိမ့်မယ်”
"မင်း သွားပြီး ဆေးကျိုလိုက်"
နောက်ဆုံးတွင် လို့ရှီးယန်က စိတ်သက်သာရာရသွားဟန်ဖြင့် ညွှန်ကြားလိုက်သည်။
အဲဒီ့မနက်က သူမ ဘယ်လောက်ပိန်သွားလဲဆိုတာ မြင်လိုက်ရလို့ သူလည်း သူမအတွက် စိတ်ပူခဲ့ရတာပါပဲ။
"ဟုတ်ကဲ့"
နန်းတွင်းအစေခံရှောင်လျန်က တော်ဝင်သမားတော်က တွန်းထုတ်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ သူနှင့် ယန်းရူရွှယ်သာ ရှိနေသောကြောင့် လို့ရှီးယန်က ခန်းဆီးအပြင်ဘက်ကနေ အနည်းငယ် ဦးညွှတ်ပြီး နှုတ်ဆက်လိုက်သည်။
"အချိန် နောက်ကျနေပါပြီ၊ မင်းသမီး... စောစောအနားယူပါ၊ ဒီလူလည်း ပြန်အနားယူပါတော့မယ်"
သူ ပြောပြီးသည်နှင့် ယန်းရူရွှယ်၏အသံ ထွက်ပေါ်လာပြန်သည်။
"အစ်ကိုယန်... ထွက်မသွားပါနဲ့"
ရိုးရှင်းသော အဖြူရောင် ပုံရိပ်က ကန့်လန့်ကာကို ထိတ်လန့်တကြား ဆွဲဖွင့်ကာ ဖိနပ်မစီးဘဲ သူ့ဆီသို့ အလေတကြီး ပြေးလာခဲ့သည်။
သူမ၏ခန္ဓာကိုယ်က နွမ်းနယ်နေပြီး စိုးရိမ်စိတ်များလည်း ရှိနေသောကြောင့် လို့ရှီးယန်ရှေ့သို့ ရောက်ခါနီးအချိန်တွင် ယန်းရူရွှယ်၏ခြေထောက်များ ပျော့ခွေလာပြီး လဲကျလုနီးပါးဖြစ်နေခဲ့သည်။ လို့ရှီးယန်လည်း ဘာမှ မရှောင်တိမ်းနိုင်တော့ဘဲ သူမ၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ကာ သူမ ခန္ဓာကိုယ်ကို ထိန်းထားပေးလိုက်ရသည်။
"မင်းသမီး... သတိထားပါ!"
သူမ မြဲမြံစွာ မတ်တပ်ပြန်ရပ်နိုင်သွားချိန်တွင် လို့ရှီးယန်က သူ့လက်ကို ပြန်ရုတ်သိမ်းတော့မည်ဖြစ်သော်လည်း ယန်းရူရွှယ်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
သူမ၏ နဂိုက သေးငယ်သော မျက်နှာလေးက ယခုအခါ သူ့လက်ဖဝါးလောက်ပင် မကြီးမားတော့ဘဲ ပါးလွှာနေပြီး ငိုနေသည့် မျက်လုံးများက သွေးများစီးကျနေသလို နီရဲနေသည်။ ယန်းရူရွှယ်က သူ့ကို ချစ်ခင်စွာ ကြည့်နေသော်လည်း မထင်မှတ်ပဲ သူ့လည်ပင်းမှ ထင်ရှားသော အနီကွက်များကို တွေ့သွားခဲ့သည်။
ယန်းရူရွှယ်တစ်ယောက် သူမ နှလုံးသားထဲမှ နာကျင်မှုကို ထပ်မံခံစားခဲ့ရပြန်သည်။
ဒီအနီရောင် အမှတ်အသားတွေကို သူမ သိပါတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ သူမရဲ့ယောင်းမတော်နဲ့ အခြားမောင်းမမိဿံတွေဆီမှာ ဒီလိုအရာတွေကို သူမ မြင်ဖူးခဲ့တယ်။ ယောင်းမတော်က သူမကို ပြောပြခဲ့ပြီး သူမ ရှက်ရွံ့သလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ယောင်းမတော် ပြောတာက ဒီလို အနီအရာတွေက ယောက်ျားတွေ မိန်းမတွေဆီမှာ ချန်ထားတတ်တဲ့ အရာတွေတဲ့။
သူမ၏အစ်ကိုယန်နှင့်အတူနေထိုင်သော နေ့လည်ခင်းက တွေ့လိုက်ရသည့် မုန်းစရာကောင်းသော အသွင်အပြင်နှင့် ထိုအမျိုးသမီးကို တွေးလိုက်မိချိန်တွင် ယန်းရူရွှယ်တစ်ယောက် သူမ၏နှုတ်ခမ်းကို အမှတ်တမဲ့ ကိုက်ထားလိုက်မိသည်။
ယန်းရူရွှယ်က အသက်ကို ပြင်းပြင်းရှူရင်း အရဲစွန့်ကာ ထပ်ပြောလိုက်သည်။
"ရွှယ်အာ အရမ်းကြောက်နေလို့ပါ၊ အစ်ကိုယန် ရွှယ်အာနဲ့ အတူနေပေးလို့ ရမလား?"
..........။.........။............