← Chapters

အခန်း (၁၇၆)

Vol. 28 Ch. 276

အခန်း (၁၇၆)

Vol. 28 Ch. 276

ခံတပ်အတွင်း၌ အလောင်းနှစ်လောင်းမှာ မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ လဲလျောင်းနေသည်။ မသေနိုင်သူ ၁ သည် သွေးအိုင်ထဲတွင် ရပ်နေသော်လည်း မည်သည့် အဆင်ခြင်မဲ့ လှုပ်ရှားမှုကိုမျှ ပြုလုပ်ခြင်းမရှိပေ။

မြေအောက်ကလပ် အဝင်ဝမှ ထွက်ပေါ်လာသော ခပ်သဲ့သဲ့အသံများအရ နဂါးကျားဂိုဏ်း၏ အင်အားမှာ အတော်အတန် ကြီးမားရမည်ဖြစ်ကြောင်း လုချွမ်း သိရှိလိုက်သည်။ မသေနိုင်သူ ၁ နှင့် အနီးအနားရှိ ဇွန်ဘီရုပ်သေး အနည်းငယ်မျှဖြင့် နဂါးကျားဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရန်မှာ မလုံလောက်နိုင်ပေ။

သူ့အနေဖြင့် အင်အားများ ဖြန့်ကြက်ချထားရန် အချိန်လိုအပ်သည်။

အမှောင်ရိပ်ထဲတွင်ရှိနေသော မသေနိုင်သူ ၁ သည် မည်သည့်အသံမျှ ထပ်မံမထွက်ပေါ်စေဘဲ ငြိမ်သက်နေသည်။ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို စတင်ထိန်းချုပ်လိုက်ပြီး နဂါးကျားဂိုဏ်း၏ အခြေစိုက်စခန်းရှိရာသို့ တဟုန်ထိုး စေလွှတ်လိုက်လေသည်။

တစ်ခဏအတွင်းမှာပင် ပိုင်ချန်မြို့ရပ်ကွက်အတွင်း လမ်းမများပေါ်၌ ရည်ရွယ်ချက်မဲ့ လှည့်လည်နေသော ဇွန်ဘီရုပ်သေးများသည် လျင်မြန်စွာ လှုပ်ရှားလာကြပြီး အရပ်မျက်နှာအသီးသီးမှ နဂါးကျားဂိုဏ်းရှိရာသို့ စုရုံးရောက်ရှိလာကြသည်။

တစ်ပြိုင်နက်တည်းမှာပင် ဟယ်ဥယျာဉ်ရပ်ကွက်ရှိ အဆင့် ၄ ဇွန်ဘီရုပ်သေး အများအပြားသည်လည်း လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် လှုပ်ရှားလာကြပြီး ညမှောင်မှောင်အတွင်းသို့ ပျောက်ကွယ်သွားကြသည်။

ပိုင်ချန်မြို့ တစ်ရပ်ကွက်လုံးမှာ ရုတ်တရက် သက်ဝင်လှုပ်ရှားလာသကဲ့သို့ ဖြစ်သွားပြီး လမ်းမများပေါ်တွင် ခြေသံလှိုင်းလုံးကြီးများ ပဲ့တင်ထပ်နေတော့သည်။ တစ်ဖက်တွင်မူ မြေအောက်၌ရှိနေသော နဂါးကျားဂိုဏ်းသားများသည် အပြင်လောကရှိ ပြောင်းလဲမှုများကို လုံးဝ သတိမထားမိကြသေးပေ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ဇွန်ဘီရုပ်သေးအုပ်ကြီးမှာ နဂါးကျားဂိုဏ်း တည်ရှိရာ အထပ်မြင့်အဆောက်အအုံကို ဖြည်းညှင်းစွာ ဝိုင်းရံလိုက်ပြီး ပတ်ဝန်းကျင် လမ်းမအားလုံးကို အပြီးတိုင် ပိတ်ဆို့လိုက်လေသည်။

ထိုဇွန်ဘီအုပ်ကြီး၏ အလယ်တွင် တာဖန်း၊ မသေနိုင်သူ ၁၊ မီးလျှံ ၁ နှင့် အခြားအဆင့် ၄ ဇွန်ဘီရုပ်သေးများမှာ အေးစက်သော မျက်လုံးများဖြင့် ရှေ့သို့ စိုက်ကြည့်လျက် ရပ်နေကြသည်။

"ဒီနေ့မှာတော့ နဂါးကျားဂိုဏ်းဝင် တစ်ယောက်မှ အသက်ရှင်လျက် လွတ်သွားစေရဘူး"

လုချွမ်း၏ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

......

မြေအောက်ကလပ် အတွင်း၌မူ

"လာလေ... သောက်စမ်း၊ ကုန်အောင်သောက်ကြ"

"ဟားဟား... ပြေးဖို့ ကြိုးစားနေတုန်းလား လာစမ်းပါ... အစ်ကို့ရင်ခွင်ထဲကို"

"မင်းအလှည့်ပဲ... ကုန်အောင်သောက်လိုက်..."

"..."

ထိုအချိန်တွင် ကလပ်အတွင်းရှိ ကစားကွင်းခန်းမကြီးမှာ အလွန်ပင် ဆူညံလျက်ရှိသည်။ ကျန်းရှီးနှင့် သူ၏အစ်ကိုဖြစ်သူတို့သည် အခြားဂိုဏ်းသားများနှင့်အတူ သောက်စားမူးယစ်ကာ လောင်းကစားပြုလုပ်နေကြပြီး သူတို့၏ အားရပါးရ ရယ်မောသံများမှာ အခန်းအတွင်း ပဲ့တင်ထပ်နေသည်။

ကျန်းရှီးနှင့် ကျန်းချင်းတို့၏ ရင်ခွင်ထဲတွင် အဝတ်အစား ဗလာနတ္ထိဖြစ်လုနီးပါး ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးစီ ရှိနေပြီး သူတို့သည် သောက်စားရင်း ထိုအမျိုးသမီးများအား စိတ်ကြိုက် ကိုင်တွယ်ကာ နှောင့်ယှက်နေကြသည်။

အထူးသဖြင့် ကျန်းရှီးမှာ ကာမဂုဏ်ရမ္မက်ဇောဖြင့် ထိုအမျိုးသမီး၏ ရင်ခွင်ထဲသို့ မျက်နှာအပ်ကာ တရှုံ့ရှုံ့ နမ်းရှုံ့နေလေသည်။ ထိုအမျိုးသမီးမှာ နာကျင်နေသော်လည်း အံကြိတ်ကာ အတင်းပြုံးနေရပြီး ဒေါသထွက်ကြောင်း မဖော်ပြရဲပေ။ သူနှင့်အတူ ပျော်ရွှင်နေဟန် အတင်းဟန်ဆောင်နေရရှာသည်။

၎င်းမှာ ကျန်းရှီးကို ပိုမိုစိတ်ကြွလာစေပြီး သူသည် ကျယ်လောင်စွာ ရယ်မောလျက် သူ၏ ကြမ်းတမ်းသော လက်များဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ နှိုက်ရန် ကြိုးပမ်းလိုက်သည်။

"အား..."

သို့သော် ထိုစဉ်မှာပင် စူးရှသော အော်ဟောက်သံတစ်ခု ထွက်ပေါ်လာရာ ကစားကွင်းခန်းမအတွင်းရှိ လူအားလုံးမှာ ထိတ်လန့်သွားကြသည်။

"ဘာဖြစ်တာလဲဟ"

ကောင်းနေသော စိတ်အာရုံမှာ ပျက်စီးသွားသဖြင့် ကျန်းရှီးက မျက်မှောင်ကြုတ်လျက် မကျေမနပ် ပြောဆိုလိုက်သည်။

"အစ်ကို... တစ်ခုခုတော့ မှားနေပြီ"

မျက်နှာချင်းဆိုင်ရှိ ကျန်းချင်းမှာမူ အန္တရာယ်ကို လျင်မြန်စွာ အာရုံခံမိလိုက်ပြီး ချက်ချင်း မတ်တပ်ထရပ်ကာ အခြေအနေကို စစ်ဆေးရန် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

ဝုန်း…

နောက်တစ်ခဏတွင် အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်ထွက်သွားသည်။ ဖရိုဖရဲဖြစ်နေသော နဂါးကျားဂိုဏ်းသားတစ်ဦးမှာ ထိတ်လန့်တုန်လှုပ်လျက် ပြေးဝင်လာပြီး အော်ပြောလိုက်သည်။ "ခေါင်းဆောင်... ဒုတိယခေါင်းဆောင်... ဒုက္ခရောက်ပြီ ဇွန်ဘီတွေ ဝင်လာပြီ။ အများကြီး... ဇွန်ဘီတွေ အများကြီးပဲ"

"ဘာ ဇွန်ဘီတွေ ဝင်လာတယ်။ ညစောင့်နေတဲ့ကောင်တွေ ဘာလုပ်နေကြတာလဲ။ တကယ့် အသုံးမကျတဲ့ကောင်တွေပဲ"

ထိုစကားကို ကြားလိုက်ရသည့် လူအားလုံး၏ မျက်နှာများမှာ ဖြူလျော့သွားကြသည်။ ကျန်းရှီးကလည်း ဒေါသတကြီးဖြင့် ဟောက်လိုက်လေသည်။

"အစ်ကို... ငါတို့ မြန်မြန် လမ်းဖောက်ပြီး ထွက်မှဖြစ်မယ်။ မဟုတ်ရင် စုရုံးရောက်ရှိလာတဲ့ ဇွန်ဘီတွေ ပိုများလာရင် ငါတို့ လွတ်ဖို့ မလွယ်တော့ဘူး"

ကျန်းချင်း၏ ရင်ထဲတွင် အန္တရာယ်အချက်ပေးသံများ တုန်ဟီးနေပြီး သူက အရေးတကြီး ပြောဆိုလိုက်သည်။

"ငါ့အမိန့်ကို နားထောင်ကြ။ အားလုံး လက်နက်ကိုယ်စီကိုင်ပြီး လမ်းဖောက်ထွက်ဖို့ ငါ့နောက်က လိုက်ခဲ့ကြ"

ကျန်းရှီးက ဒေါသတကြီး အော်ဟောက်လိုက်သည်။

"ဟုတ်ကဲ့"

တစ်ခဏအတွင်းမှာပင် ကျန်းရှီးနှင့် သူ၏ညီဖြစ်သူတို့သည် ကစားကွင်းခန်းမအတွင်းရှိ ဂိုဏ်းသားများနှင့်အတူ အပြင်သို့ တဟုန်ထိုး ပြေးထွက်သွားကြသည်။

ဝူး... ဝူး...

ထိုအချိန်တွင် ကျူးကျော်ဝင်ရောက်လာသော ဇွန်ဘီများသည် မြေအောက်ကလပ်အတွင်း၌ သောင်းကျန်းနေကြပြီဖြစ်ပြီး ဟိန်းဟောက်လျက် သာမန်လူများကို လိုက်လံကိုက်ခဲနေကြသည်။ အချို့မှာ ဇွန်ဘီများ၏ ဖိသိပ်ခြင်းကို ခံထားရပြီး စူးရှစွာ အော်ဟောက်နေကြရသည်။

အစောပိုင်း ထိတ်လန့်တုန်လှုပ်မှုများကို ကျော်လွှားပြီးနောက် ကျန်းရှီးနှင့် ကျန်းချင်းတို့ ဦးဆောင်သော နဂါးကျားဂိုဏ်းသည် ဇွန်ဘီများကို ပြန်လည်တိုက်စစ်ဆင်လေတော့သည်။

ဒိုင်း ဒိုင်း ဒိုင်း...

ရုတ်တရက်ဆိုသလို သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသော နဂါးကျားဂိုဏ်းသားများသည် မောင်းခလုတ်များကို ရူးသွပ်သလို ဆွဲညှစ်လိုက်ကြရာ ကျည်ဆန်များမှာ ဇွန်ဘီများထံသို့ ပန်းထွက်သွားတော့သည်။

ကျည်ဆန်မိုးများအောက်တွင် ဇွန်ဘီများ၏ အသားစများမှာ လွင့်စင်ထွက်သွားသည်။ ဇွန်ဘီအများအပြားမှာ ခံနိုင်ရည်မရှိတော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ တစ်ဖက်တွင်မူ ကျည်ဆန်များကို ခံနိုင်ရည်ရှိသည့် အရေပြားထူထဲသော ဆင့်ကဲဇွန်ဘီများမှာ နဂါးကျားဂိုဏ်းရှိ ဆင့်ကဲပြောင်းလဲသူများ၏ အဓိက ပစ်မှတ်များ ဖြစ်လာခဲ့သည်။

"ပစ်မှတ်ကို စုစည်းပြီးပစ်ကြ။ အဲဒီဆင့်ကဲဇွန်ဘီတွေကို အပြတ်ရှင်းစမ်း"

ကျန်းရှီးသည် အသံဗလံများကြားမှ အော်ဟောက်လျက် တင့်ကားသဏ္ဌာန် ဆင့်ကဲဇွန်ဘီအချို့ကို လက်ညှိုးညွှန်ပြလိုက်သည်။ နောက်တစ်ခဏတွင် မီးလုံးများနှင့် ရွှေဓားပျံများထွက်ပေါ်လာပြီး ရှေ့သို့ တိုးလာသော တင့်ကားဇွန်ဘီများ၏ ဦးခေါင်းများကို ပေါက်ကွဲထွက်သွားစေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် နဂါးကျားဂိုဏ်းသည် မြေအောက်ကလပ်အတွင်းရှိ ဇွန်ဘီများကို ရှင်းလင်းနိုင်ခဲ့ပြီး အဝင်ဝဆီသို့ စတင်ချီတက်ကြသည်။

ဒိုင်း ဒိုင်း ဒိုင်း...

ရိုင်ဖယ်ကျည်ဆန်များမှာ မိုးသီးများအလား ကျဆင်းလာပြီး ချဉ်းကပ်လာသမျှ ဇွန်ဘီအားလုံးကို အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားစေသည်။ မကြာမီမှာပင် နဂါးကျားဂိုဏ်းသည် မြေအောက်ကလပ်မှ အပြင်သို့ ဖောက်ထွက်နိုင်ခဲ့ပြီး အပေါ်ထပ်ရှိ ခံတပ်ကိုလည်း ပြန်လည်ရှင်းလင်းနိုင်ခဲ့သည်။

သို့သော်လည်း ထိုဖြစ်စဉ်အတွင်း သာမန်လူအများအပြားမှာ အုပ်စုနောက်သို့ အမီမလိုက်နိုင်ခြင်း သို့မဟုတ် အချိန်မီ မရှောင်တိမ်းနိုင်ခြင်းတို့ကြောင့် ဇွန်ဘီများ၏ လက်ချက်ဖြင့် သွေးပျက်ဖွယ် ကောင်းစွာ သေဆုံးခဲ့ကြရသည်။

"အားလုံးပဲ... ခံတပ်ကို ခိုင်အောင်လုပ်ထားကြ။ ချဉ်းကပ်လာတဲ့ ဇွန်ဘီတွေကို အတင်းဖိပစ်ကြစမ်း"

ကျန်းချင်းသည် ဂိုဏ်းသားများကို အော်ဟစ်အမိန့်ပေးလိုက်ပြီးနောက် သူ၏အစ်ကို ကျန်းရှီးရှိရာသို့ လာခဲ့သည်။ သူသည် အပြင်ဘက်ရှိ လွှမ်းမိုးထားသော ဇွန်ဘီအုပ်ကြီးကို ကင်းထောက်ပေါက်မှတစ်ဆင့် ကြည့်လိုက်ရာ မျက်နှာမှာ ယခင်ကထက်ပင် ပိုမိုတည်ကြည် လေးနက်သွားတော့သည်။

"အစ်ကို... ဇွန်ဘီတွေက များလွန်းတယ်။ ဒီမှာ ဆက်နေဖို့ မလုံခြုံတော့ဘူး။ ငါတို့ လမ်းဖောက်ထွက်မှ ဖြစ်မယ်"

"ဒီကောင်စုတ် ဇွန်ဘီလှိုင်းလုံးကြီးက ဘယ်ကနေ ရုတ်တရက် ပေါ်လာတာလဲကွာ။ ငါတို့ နဂါးကျားဂိုဏ်းတော့ ကံဆိုးတာပဲ"

ကျန်းရှီးသည် ထိုစကားကို ကြားသောအခါ အတိုင်းအထက်အလွန် ဒေါသထွက်သွားတော့သည်။ လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ငြိမ်ငြိမ်လေးနေခဲ့ပါလျက်နှင့် ဤမျှကြီးမားသော ဇွန်ဘီလှိုင်းလုံးကြီးကို မည်သို့ဆွဲဆောင်မိသွားတာလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ သို့သော် ယခုအချိန်သည် ထိုအကြောင်းများကို စဉ်းစားနေရမည့်အချိန်မဟုတ်ဘဲ အသက်ရှင်သန်ရေးကသာ ပထမဦးစားပေးဖြစ်ကြောင်း သူ သိရှိသည်။

"ညီအစ်ကိုတို့... သေခြင်းရှင်ခြင်းနဲ့ ရင်ဆိုင်နေရပြီ။ ငါတို့ နဂါးကျားဂိုဏ်း အသက်ရှင်ဖို့ဆိုတာ ဒီဇွန်ဘီအုပ်ကြီးကို ဖောက်ထွက်နိုင်ဖို့ပဲ ရှိတယ်။ ငါ့နောက်က လိုက်ခဲ့ကြ"

ခံတပ်အတွင်း၌ ကျန်းရှီးသည် တည်ကြည်သော မျက်နှာထားဖြင့် နဂါးကျားဂိုဏ်းသားများကို လှုံ့ဆော်လိုက်လေသည်။

ဝူး...

နောက်တစ်ခဏတွင် ကျန်းရှီးနှင့် သူ၏ညီဖြစ်သူတို့သည် တိရစ္ဆာန်အသွင်သို့ အပြည့်အဝ ပြောင်းလဲလိုက်ပြီး ရှေ့ဆုံးမှ စတင်ထိုးဖောက်တိုက်ခိုက်ရာ ကျန်ရှိသော ဂိုဏ်းသားများကလည်း အနီးကပ် လိုက်ပါလာကြသည်။

ဘုန်း….

ကျန်းညီအစ်ကိုနှစ်ဦး ပြောင်းလဲထားသော ရေခဲမြွေဟောက်နှင့် မီးကျားတို့သည် သူတို့၏ ဧရာမကိုယ်ထည်ကြီးများဖြင့် ဇွန်ဘီအုပ်ကြီးကို ထိုးခွဲလိုက်ရာ ဇွန်ဘီများမှာ လွင့်စင်ထွက်သွားပြီး ဂိုဏ်းသားအများအပြားကို အပြင်ဘက်သို့ ဦးဆောင်ခေါ်ထုတ်နိုင်ခဲ့သည်။

သို့သော် ညီအစ်ကိုနှစ်ဦး အပြင်ဘက်ပတ်ဝန်းကျင်ကို သေချာစွာ မကြည့်ရသေးမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများနှင့်အတူ ကြိတ်ဆုံကျောက်တုံးခန့်ရှိသော လက်သီးကြီးနှစ်လုံးမှာ သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။

ဘုန်း….

မျက်တောင်တစ်ခတ်အတွင်း ကျန်းရှီးနှင့် ကျန်းချင်းတို့သည် ခေါင်းထဲ၌ မူးဝေသွားပြီး ခန္ဓာကိုယ်များမှာ ထိန်းမနိုင်သိမ်းမရ နောက်သို့ လွင့်စင်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။ သူတို့သည် မူလလူသားပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီး ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။

တာဖန်းနှင့် ဧရာမဇွန်ဘီ ၁ တို့သည် မြေပြင်ပေါ်ရှိ ထိုနှစ်ဦးထံသို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်လျက် ဖြည်းညှင်းစွာ လှမ်းလာကြသည်။

"လီဟန်... ငါ့ညီကို မြန်မြန်ခေါ်ပြီး ပြေးတော့"

ဤမျှအစွမ်းထက်သော အဆင့် ၄ ဇွန်ဘီများကို မြင်လိုက်ရသောအခါ ကျန်းရှီး၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ပေါ်လာပြီး နဂါးကျားဂိုဏ်းမှ ဆင့်ကဲပြောင်းလဲသူများကို အော်ဟစ်ပြောဆိုလိုက်သည်။

ကျန်းရှီးသည် တွန့်ဆုတ်မနေဘဲ တိရစ္ဆာန်အသွင်သို့ ထပ်မံပြောင်းလဲကာ ရှေ့သို့ တိုးဝင်သွားပြန်သည်။ သူ၏ထူထဲသော အမြီးဖြင့် ဧရာမဇွန်ဘီ ၁ ၏ ညာဘက်ခြေထောက်ကို ရစ်ပတ်လိုက်ပြီး တာဖန်းကိုလည်း ဝင်တိုက်ကာ ထိုအဆင့် ၄ ဇွန်ဘီနှစ်ကောင်ကို သူ၏ နောက်ဆုံးထွက်သက်အထိ အတင်းဆွဲထားရန် ဆုံးဖြတ်လိုက်သည်။

ကျန်းရှီး၏ အော်ဟစ်သံ ဆုံးသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို တိုက်ခိုက်နေသော ဆင့်ကဲပြောင်းလဲသူများထဲမှ လူရိပ်တစ်ခုမှာ လေထဲသို့ ပျံတက်လာသည်။ သူသည် အတောင်ပံများကို ခတ်လျက် ကျန်းချင်းကို ဆွဲယူကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

"အစ်ကိုကြီး"

All Chapters