အခန်း (၂၇၅)
Vol. 28 Ch. 275
ခေါင်မိုးပေါ်တွင်...
"ဒီလောက်ကြီးမားတဲ့ ဇွန်ဘီလှိုင်းလုံးကြီးက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါ်လာနိုင်ရတာလဲ။ သွားပြီ... အကုန်သွားပြီ"
ကျန်းရှီးသည် မျက်လုံးများပြူးလျက် နှုတ်ခမ်းများတုန်ရီစွာဖြင့် အသံတုန်တုန်ယင်ယင် ဆိုလိုက်သည်။ ဤမျှကြီးမားသော ဇွန်ဘီစစ်တပ်မျိုးကို သူ ပိုင်ချန်မြို့တွင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ဤလှိုင်းလုံးကြီးနှင့် ယှဉ်လျှင် နဂါးကျားဂိုဏ်းမှာ ဘာမှမဟုတ်ဘဲ အားကိုးရာမဲ့သော သစ်ပင်ငယ်လေးတစ်ပင်နှယ်သာ ရှိတော့သည်။
"အစ်ကို... ငါတို့ ဘာလုပ်ကြမလဲ။ ချက်ချင်းပဲ ထွက်ပြေးကြမလား။ ဒီဇွန်ဘီလှိုင်းလုံးကြီးကတော့ သေချာပေါက် အသက်အန္တရာယ်ပဲ"
ကျန်းရှီးသည် တိတ်ဆိတ်နေသော ကျန်းချင်းဘက်သို့ လှည့်၍ မဝံ့မရဲ မေးမြန်းလိုက်သည်။
"မဖြစ်ဘူး ဇွန်ဘီအုပ်ကြီးရဲ့ လှုပ်ရှားမှုက အရမ်းမြန်တယ်။ လူအုပ်စုကြီးနဲ့ဆိုရင်တော့ လွတ်အောင်ပြေးဖို့ မဖြစ်နိုင်ဘူး။ မင်းနဲ့ငါပဲ ပြေးမယ်ဆိုရင်တော့ လွတ်နိုင်ပေမဲ့ နဂါးကျားဂိုဏ်းကတော့ သေချာပေါက် ပြိုကွဲသွားလိမ့်မယ်။ နောက်မှ ပြန်တည်ထောင်ဖို့ဆိုတာကလည်း မလွယ်ကူတော့ဘူး"
ကျန်းချင်းသည် တည်ငြိမ်သောအမူအရာဖြင့် နဖူးမှ ချွေးအေးများကို သုတ်ကာ လေးနက်စွာ ပြောဆိုလိုက်သည်။
"ဒါဆို အခု ငါတို့ ဘာလုပ်ရမှာလဲ။ အခုမှ မသွားရင် အချိန်မီမှာ မဟုတ်တော့ဘူး"
ကျန်းရှီးသည် အလွန်အမင်း စိုးရိမ်ပူပန်လျက် ဟိုဟိုဒီဒီ လျှောက်သွားနေမိသည်။
"နဂါးကျားဂိုဏ်းကို တစ်ခုလုံး နေရာရွှေ့ဖို့ဆိုတာ အချိန်မမီတော့ဘူး။ ငါတို့ လုပ်နိုင်တာက ညီအစ်ကိုတွေကို စုစည်းပြီး မြေအောက်ထဲမှာ ခဏပုန်းနေဖို့ပဲ။ ဒီဇွန်ဘီလှိုင်းလုံးကြီး ကျော်သွားတဲ့အထိ စောင့်ဆိုင်းရမယ်။ ဒါဆိုရင်တော့ ငါတို့ ဘေးကင်းနိုင်မယ်"
ကျန်းချင်းက မျက်မှောင်ကြုတ်လျက် စဉ်းစားပြီးနောက် အကြံပြုလိုက်သည်။ အခြေအနေက အလွန်အရေးကြီးနေသဖြင့် ကျန်းချင်းအနေဖြင့် ထိုမိန်းမ၏ လက်တုံ့ပြန်မှုကို ခေတ္တဘေးဖယ်ထားကာ ဤဘေးဒုက္ခမှ အသက်ရှင်လွတ်မြောက်ရေးကိုသာ အာရုံစိုက်နေရတော့သည်။ နောက်ဆုံးတွင် သူတို့ လက်တုံ့ပြန်ချင်လျှင်ပင် နဂါးကျားဂိုဏ်းကို ရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူဘူးဟု သူ ယူဆထားသည်။
"ကောင်းပြီ... အပြင်ကလူတွေလည်း မကြာခင် ပြန်ရောက်လာတော့မှာပဲ။ အောက်ကို မြန်မြန်ဆင်းကြရအောင်"
ကျန်းရှီးသည် အစက ထွက်ပြေးရန်သာ စဉ်းစားခဲ့သော်လည်း သူ၏အစ်ကိုဖြစ်သူ၏ သုံးသပ်ချက်ကို ကြားရသောအခါ ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ သူတို့သာ ထွက်ပြေးသွားပါက နဂါးကျားဂိုဏ်းကို တည်ထောင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သမျှမှာ အလကား ဖြစ်သွားပေလိမ့်မည်။
နဂါးကျားဂိုဏ်းသာ မရှိတော့လျှင် ၎င်းတို့ညီအစ်ကိုနှစ်ဦးသည် သာမန်အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူနှစ်ဦးသာ ဖြစ်သွားမည်ဖြစ်ပြီး စည်းစိမ်ချမ်းသာထဲမှ ဆင်းရဲနွမ်းပါးမှုထဲသို့ ကူးပြောင်းရသည်မှာ ခက်ခဲလှပေလိမ့်မည်။
ထို့နောက် သူတို့နှစ်ဦးသည် အောက်ထပ်သို့ အလျင်အမြန်ဆင်းသွားကာ ဂိုဏ်းသားများအား လောလောဆယ် အပြင်သို့ မထွက်ကြရန် အမိန့်ပေးလိုက်လေသည်။
ဟယ်ဥယျာဉ်ရပ်ကွက်…
ကျောက်လင်းနှင့် ကျိရုရွှယ်တို့သည် ထမင်းစားပွဲတွင် ညစာစားရင်း အဝတ်အစားအသစ်များအကြောင်းကို ပျော်ပျော်ပါးပါး စကားစမြည် ပြောဆိုနေကြသည်။ တစ်ဖက်တွင်မူ လုချွမ်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် မှီလျက် မျက်လုံးများကို မှိတ်ကာ အတွေးနက်နေလေသည်။
လုချွမ်း ဇွန်ဘီလှိုင်းလုံးကြီးကို စတင်ဖန်တီးခဲ့သည်မှာ မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်ပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဤအတောအတွင်း လုချွမ်းသည် ဇွန်ဘီလှိုင်းလုံးကြီးကို ထိန်းချုပ်ကာ ပိုင်ချန်မြို့တစ်ခုလုံးကို တစ်လက်မမကျန် လှည့်လည်ရှာဖွေခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့်ပင် အချိန်ကြာမြင့်လာသော်လည်း ရှာဖွေမှုမှာ အရာမထင်သေးပေ။
ရလဒ်မှာ မကျေနပ်စရာ ဖြစ်နေသော်လည်း လုချွမ်းသည် ရှာဖွေမှုကို လက်မလျှော့ခဲ့ပေ။ မသေနိုင်သူ ၁ ပေါ်လာချိန်မှ လုချွမ်း ဇွန်ဘီလှိုင်းလုံးကြီးကို စတင်လှုပ်ရှားစေသည့်အချိန်အထိမှာ ခေတ္တခဏသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။ နဂါးကျားဂိုဏ်းသည် မည်မျှပင် သေးငယ်စေကာမူ အနည်းဆုံး လူတစ်ဒါဇင်နှင့် ရိက္ခာအမြောက်အမြားရှိသော ဂိုဏ်းတစ်ခုဖြစ်ရာ ဤမျှတိုတောင်းသော အချိန်အတွင်း ပိုင်ချန်မြို့မှ လွတ်အောင်ထွက်ပြေးရန်မှာ မဖြစ်နိုင်ပေ။
သူတို့သည် ပိုင်ချန်မြို့အတွင်း ရှိနေသရွေ့ သူ၏လက်တွင်းမှ လွတ်မြောက်နိုင်ရန် လမ်းစမရှိပေ။ သူ၏ထိန်းချုပ်မှုအောက်ရှိ သာမန်ဇွန်ဘီရုပ်သေးများသည် ဇွန်ဘီလှိုင်းလုံးကြီးနှင့်အတူ တစ်မြို့လုံးသို့ ပျံ့နှံ့နေပြီဖြစ်ရာ မည်သည့်အရာမျှ သူ၏မျက်စိကို မလွှတ်နိုင်ချေ။ နဂါးကျားဂိုဏ်းကဲ့သို့ လူအုပ်စုကြီးတစ်ခုမှာ အစအနမကျန် ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မယုံကြည်ပေ။
ညဉ့်နက်လာသောအခါ...
နဂါးကျားဂိုဏ်း၏ မြေအောက်ကလပ် ပထမထပ်တွင်မူ မြေအောက်ဝင်ပေါက်ကို ခိုင်ခံ့သော ကွန်ကရစ်များဖြင့် ခံတပ်သဖွယ် တည်ဆောက်ထားသည်။ မျက်မှန်တပ်ထားပြီး ကျောပိုးအိတ်အမည်းတစ်လုံး လွယ်ထားသော အလတ်တန်းစား ဂိုဏ်းသားတစ်ဦးသည် ထွက်ပေါက်ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
"ဟေ့ လူကြီးမင်းကျန်း... ဘယ်သွားမလို့လဲ"
တံခါးဝတွင် ညစောင့်အဖြစ် တာဝန်ကျနေသော ဆံပင်တိုတိုနှင့် လူငယ်တစ်ဦးနှင့် ဆံပင်ဖြူအနည်းငယ် ပေါက်နေသော လူလတ်ပိုင်းတစ်ဦးတို့မှာ ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။ ထိုသူ ချဉ်းကပ်လာသည်ကို မြင်သောအခါ ဆံပင်ဖြူနှင့် လူကြီးက အံ့ဩတကြီး မေးမြန်းလိုက်လေသည်။
"ဝမ်... လီ ငါ့ဗိုက်က အတော်လေး အောင့်နေလို့ကွ။ မြေအောက်ထပ်က အိမ်သာမှာလည်း လူတွေက တန်းစီနေကြတာနဲ့ အပြင်ထွက်ပြီးပဲ ဖြေရှင်းလိုက်တော့မယ်လို့ ကြံမိတာ"
လူကြီးမင်းကျန်းသည် ဗိုက်ကိုဖိလျက် နာကျင်နေဟန် ဆောင်လိုက်သည်။ သူ၏လက်ထဲတွင်လည်း အိမ်သာသုံးစက္ကူလိပ်တစ်ခုကို ကိုင်ထားပြီး အလောတကြီးပင် ပြောဆိုလိုက်လေသည်။
"လူကြီးမင်းကျန်း... ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်က ဘယ်သူမှ အပြင်မထွက်ရဘူးလို့ အမိန့်ထုတ်ထားတာ ခင်ဗျားအသိပဲ။ အပြင်ထွက်တာက စည်းကမ်းဖောက်ဖျက်ရာ ကျလိမ့်မယ်"
ထိုစကားကို ကြားသောအခါ လီက မျက်မှောင်ကြုတ်၍ ဆိုသည်။
"လီ... ဝမ်... ငါ့ကို တစ်ခါလောက် ခွင့်လွှတ်ပေးကြပါဦးကွာ။ တကယ်ကို မအောင့်နိုင်တော့လို့ပါ။ အခုလည်း ဇွန်ဘီလှိုင်းလုံးကြီးက တော်တော်လေး ငြိမ်သွားပြီပဲဥစ္စာ။ ငါ အဝေးကြီးမသွားပါဘူးလို့ ကတိပေးပါတယ်။ ရော့... ဒါလေး သောက်ကြဦး..."
ပြောပြောဆိုဆိုဖြင့် လူကြီးမင်းကျန်းသည် ချော့မော့သော အပြုံးဖြင့် သူတို့အနီးသို့ ချဉ်းကပ်သွားပြီး သူတို့နှစ်ဦး၏ လက်ထဲသို့ ဆေးလိပ်တစ်ဗူးစီ ထည့်ပေးလိုက်သည်။
ဆေးလိပ်ဗူးများကို မြင်လိုက်ရသောအခါ လီနှင့် ဝမ်တို့၏ မျက်မှောင်ကြုတ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ကမ္ဘာပျက်ကပ်ဘေးအပြီးတွင် ဆေးလိပ်
ဆိုသည်မှာ ရွှေကဲ့သို့ အဖိုးတန်သော အရာပင်။
"ကောင်းပြီလေ... ဒါပေမဲ့ မြန်မြန်လုပ်နော် လူကြီးမင်းကျန်း။ အကယ်၍ အဖမ်းခံရရင်တော့ ကျွန်တော်တို့လည်း ကူညီနိုင်မှာမဟုတ်ဘူး"
လီက ခေါင်းညိတ်ရင်း လူကြီးမင်းကျန်းကို သတိပေးလိုက်သည်။
"စိတ်ချပါကွာ... မင်းတို့အတွက် ဘာပြဿနာမှ မရှိစေရဘူးလို့ ငါကတိပေးပါတယ်"
လူကြီးမင်းကျန်းသည် စိတ်သက်သာရာရသွားကာ ဝမ်းမြောက်သွားတော့သည်။ သူသည် သတိကြီးစွာဖြင့် အပြင်သို့ ထွက်ခွာသွားပြီး ညမှောင်မှောင်အတွင်းသို့ ကိုယ်ယောင်ဖျောက် ဝင်ရောက်သွားသည်။ လမ်းမနှစ်ခုကို တိတ်တဆိတ် ဖြတ်ကျော်ပြီးနောက် လမ်းကြားတစ်ခုအတွင်းသို့ လျှိုဝင်သွားလေသည်။
ကျွီ...
စွန့်ပစ်ထားသော ပရိဘောဂဟောင်းအချို့၏ နောက်ကွယ်ရှိ ဝှက်ထားသော တံခါးလေးတစ်ခုမှာ တိတ်တဆိတ် ပွင့်လာပြီး လှပသော အမျိုးသမီးမျက်နှာလေးတစ်ခု ပေါ်ထွက်လာသည်။
"ကိုကို"
"မိန်းမ... ကိုကို ရောက်ပြီ။ မင်းလည်း ဆာနေရောပေါ့။ ရော့...ကိုကို မိန်းမအတွက် စားစရာတွေ ယူလာပေးတယ်"
လူကြီးမင်းကျန်းသည် သူ၏ကျောပိုးအိတ်ကို အမြန်ချွတ်လိုက်ပြီး ထမင်းဘူးတစ်ခုကို ထုတ်ပေးလိုက်လေသည်။
သူတို့နှစ်ဦးသည် ကမ္ဘာပျက်ကပ်ဘေးကြီးကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ကြသည့် ဇနီးမောင်နှံနှစ်ဦး ဖြစ်သည်။
နဂါးကျားဂိုဏ်းက လူသစ်စုဆောင်းချိန်တွင် လူကြီးမင်းကျန်းသည် အခြေအနေကောင်းပါက သူ၏ဇနီးကိုပါ ခေါ်ယူရန် ရည်ရွယ်ချက်ဖြင့် အရင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဂိုဏ်းခေါင်းဆောင်၏ စရိုက်အမှန်ကို သိလိုက်ရသောအခါ ထိုအကြံကို ချက်ချင်းပင် လက်လျှော့ခဲ့သည်။ ဂိုဏ်းခေါင်းဆောင်မှာ အလွန်ပင် ကာမဂုဏ်လိုက်စားသူဖြစ်ပြီး ဂိုဏ်းသားများ၏ ဇနီးမယားများကိုပါ အဓမ္မသိမ်းပိုက်တတ်သူဖြစ်သည်။ တစ်ခါက ဂိုဏ်းသားတစ်ဦးက ငြင်းဆန်ခဲ့သဖြင့် ရိုက်သတ်ခံခဲ့ရသည်ကိုလည်း သူ မြင်တွေ့ခဲ့ရသည်။
သူ၏ဇနီးမှာ အတော်ပင် လှပသူဖြစ်သဖြင့် ခေါင်းဆောင်ဖြစ်သူ၏ မျက်စိကျခြင်းကို ခံရမည်ကို စိုးရိမ်သောကြောင့် သူမကို အပြင်တွင်သာ လျှို့ဝှက်စွာ ပုန်းအောင်းနေစေခဲ့ခြင်း ဖြစ်သည်။
"မြန်မြန် အထဲဝင်ပါဦး ကိုကိုရယ်။ အပြင်က ဇွန်ဘီတွေ မြင်သွားဦးမယ်"
ထို့နောက် အမျိုးသမီးသည် လူကြီးမင်းကျန်းကို အခန်းအတွင်းသို့ ဆွဲခေါ်သွားလေသည်။ လူကြီးမင်းကျန်းရော သူ၏ဇနီးပါ သတိမထားမိလိုက်သည်မှာ လမ်းကြား၏အဆုံးတွင် နီရဲသော မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေခြင်းပင်။
အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် ဆယ်မိနစ်ခန့်အကြာတွင် လူကြီးမင်းကျန်းသည် အခန်းထဲမှ ပြန်လည်ထွက်ပေါ်လာသည်။ သူသည် အချိန်မဆွဲတော့ဘဲ အခြေစိုက်စခန်းရှိရာသို့ အပြင်းအနှံ ပြန်လာခဲ့လေသည်။ အချိန်အတော်ကြာ စောင့်ဆိုင်းနေသည့် မသေနိုင်သူ ၁ သည်လည်း လူကြီးမင်းကျန်း၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
မကြာမီမှာပင် မသေနိုင်သူ ၁ သည် လူကြီးမင်းကျန်း၏ နောက်မှတစ်ဆင့် နဂါးကျားဂိုဏ်း၏ အခြေစိုက်စခန်း တည်နေရာကို အောင်မြင်စွာ နောက်ယောင်ခံ လိုက်နိုင်ခဲ့သည်။
"ဟေ့ လီ... လူကြီးမင်းကျန်းက တကယ်ပဲ ဗိုက်အောင့်လို့ သွားတာလို့ မင်းထင်လား"
လူကြီးမင်းကျန်း မြေအောက်ကလပ် အဝင်ဝအတွင်းသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ခံတပ်အတွင်းမှ ဝမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟဲ... အဲဒါက ဘာအရေးကြီးလို့လဲကွာ။ ဆေးလိပ်က ကောင်းနေရင် ပြီးတာပဲ မဟုတ်ဘူးလား"
လီက ဆေးလိပ်ကို ပေါ့ပေါ့ပါးပါး ဖွာရင်း ခေါင်းခါပြလိုက်သည်။
"ငါက သိချင်လို့ပါ..."
ဝမ် စကားပင် မဆုံးသေးခင်…
ဗြစ်…
သရဲတစ္ဆေတစ်ကောင်အလား လှုပ်ရှားလာသော မသေနိုင်သူ ၁ သည် ခံတပ်အပေါ်သို့ တွားတက်လာပြီး ၎င်း၏ ရှည်လျားလှသော လျှာဖြင့် ဝမ်၏ ကိုယ်ထည်ကို ချက်ချင်း ဖောက်
ထွက်လိုက်လေသည်။ လီမှာ အလွန်အမင်း ထိတ်လန့်သွားပြီး အော်ရန်ပင် အချိန်မရလိုက်ဘဲ ချွန်ထက်သော လက်သည်းချက်တစ်ခုက သူ၏ဦးခေါင်းကို ဖြတ်တောက်သွားခဲ့သည်။
"ငါ့ကို လာကစားချင်တာလား။ နောက်ဆက်တွဲ အကျိုးဆက်ကို ခံဖို့သာ ပြင်ထားပေတော့"
မြေအောက်ကလပ် အဝင်ဝကို စိုက်ကြည့်ရင်း လုချွမ်း၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရှိန်အဟုန်များ ပြင်းထန်စွာ တောက်လောင်နေတော့သည်။