အခန်း (၂၇၇)
Vol. 28 Ch. 277
လေထဲတွင် မြောက်တက်နေသော ကျန်းချင်းသည် သူ့အတွက် အသက်စွန့်၍ လမ်းဖွင့်ပေးနေသော အစ်ကိုဖြစ်သူကို ကြည့်ကာ နာကျင်စွာ အော်လိုက်မိသည်။
အဟွတ်... အဟွတ်...
ထို့နောက် ဒဏ်ရာများ၏ ဒဏ်ကြောင့် ကျန်းချင်းမှာ ပြင်းထန်စွာ ချောင်းဆိုးလာပြီး သွေးအမြောက်အမြား အန်ထုတ်လိုက်ရသည်။
"လီဟန်... ငါ့ကို အခုချက်ချင်း အောက်ချပေးစမ်း ငါ့အစ်ကိုကို သွားကယ်ရမယ်"
အောက်ဘက်ရှိ မြင်ကွင်းများမှာ တဖြည်းဖြည်း ဝေဝါးလာပြီး နဂါးကျားဂိုဏ်းတစ်ခုလုံး ဇွန်ဘီလှိုင်းလုံးကြီးအောက်တွင် ဝါးမျိုခံနေရသည်ကို မြင်သောအခါ ကျန်းချင်း၏ မျက်လုံးများမှာ နာကျင်မှုကြောင့် ပြူးထွက်လာသည်။ သူသည် အတင်းရုန်းကန်ရင်း ကမ္ဘာကြီးကို နာကျည်းသလို အော်ဟစ်နေတော့သည်။
ကျန်းချင်းသည် တာဖန်းကို မြင်လိုက်ရသည့် ခဏမှာပင် ချက်ချင်း မှတ်မိသွားခဲ့သည်။ ၎င်းမှာ ဟယ်ဥယျာဉ်ရပ်ကွက်၏ ဂိတ်ဝတွင် ရှိနေခဲ့သော အဆင့် ၄ ဆင့်ကဲဇွန်ဘီပင်။
ဤဇွန်ဘီလှိုင်းလုံးကြီးမှာ အဘယ်ကြောင့် သူတို့၏ နဂါးကျားဂိုဏ်းကို ပစ်မှတ်ထားကာ တိုက်ခိုက်နေရတာလဲဆိုသည်ကို ကျန်းချင်း အရှင်းကြီး နားလည်သွားခဲ့သည်။
ဒါဟာ အဲဒီမိန်းမရဲ့ လက်တုံ့ပြန်မှုပဲ။
"ဒီဖာသည်မ... နင့်ကို ငါ အလွတ်မပေးဘူး"
ဤသို့တွေးလိုက်သည်နှင့် ကျန်းချင်း၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး မျက်ဝန်းများမှာလည်း သွေးရောင်လွှမ်းသွားတော့သည်။
"ဒုတိယခေါင်းဆောင်... ကျွန်တော်က ခေါင်းဆောင်ကြီးရဲ့ အမိန့်ကို နာခံနေတာပါ။ အခုအောက်ဆင်းသွားရင်တော့ သေချာပေါက် သေမှာပဲ။ စိတ်မရှိပါနဲ့... ခင်ဗျားကို အောက်ဆင်းခွင့် မပေးနိုင်ဘူး"
အထက်တွင် ပျံသန်းနေသော လီဟန်၏ လက်ချောင်းများမှာ လင်းယုန်ခြေသည်းများကဲ့သို့ ကျန်းချင်း၏ ပခုံးရိုးကို မြဲမြံစွာ ချုပ်ကိုင်ထားသည်။ သူ၏ မျက်နှာမှာလည်း တင်းမာနေပြီး ခက်ခဲသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
အောက်ဘက်တွင်မူ... ကျန်းချင်းနှင့် အခြားလူရိပ်တစ်ခုမှာ ကောင်းကင်ယံသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မော့ကြည့်ရင်း လုချွမ်း၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"မင်းတို့ကံကောင်းတယ်လို့ပဲ မှတ်လိုက်တော့"
"နောက်တစ်ခါ ငါနဲ့ထပ်မဆုံစေနဲ့။ မဟုတ်ရင်တော့ မင်းတို့ သေရမှာပဲ"
ခုနကတင် မီးလျှံ ၁ သာ လှုပ်ရှားဖို့ အခွင့်အရေးရခဲ့ရင် ဒါမှမဟုတ် သူတို့နှစ်ယောက် တိုက်ခိုက်မှုဧရိယာအပြင်ဘက်ကို စောစောစီးစီး ပျံမထွက်သွားနိုင်ခဲ့ရင် သူတို့နှစ်ယောက်ဟာ သေချာပေါက် အလောင်းဖြစ်နေလောက်ပြီဖြစ်သည်။
သို့သော်လည်း နဂါးကျားဂိုဏ်း၏ အခြားအဖွဲ့ဝင်များမှာမူ ထိုမျှ ကံမကောင်းခဲ့ကြပေ။ ရိုင်ဖယ်များနှင့် တစ်ကိုယ်ရေသုံး ဒုံးပစ်လောင်ချာများကို ကိုင်ဆောင်ထားသည့် သာမန်လူအားလုံးမှာ ဇွန်ဘီအုပ်ကြီး၏ အလုံးအရင်းနှင့် တိုက်ခိုက်မှုအောက်တွင် အသက်ပျောက်ခဲ့ကြရပြီဖြစ်သည်။ ကျန်ရှိနေသေးသော ဆင့်ကဲပြောင်းလဲသူများမှာလည်း မီးလျှံ ၁ တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီးနောက် ပူပြင်းလှသော မီးလုံးများ၏ ဒဏ်ကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်ကုန်ကြသည်။
မကြာမီမှာပင် ထိုနေရာတစ်ခုလုံးမှာ အလောင်းများဖြင့် ပြည့်နှက်သွားပြီး အဆောက်အအုံရှေ့ မြေပြင်မှာ သွေးရောင်လွှမ်းသွားတော့သည်။ ဖြတ်တောက်ခံထားရသည့် ခြေလက်များနှင့် ကလီစာများ နေရာအနှံ့ ပျံ့ကြဲနေပြီး နဂါးကျားဂိုဏ်းခေါင်းဆောင် ကျန်းရှီး တစ်ယောက်သာ အသက်ငင်နေသည့် အခြေအနေဖြင့် ကျန်ရှိတော့သည်။
သို့သော် ကျန်းရှီး၏ အခြေအနေမှာလည်း အလွန်ဆိုးရွားလှသည်။ အဆင့် ၄ ဇွန်ဘီနှစ်ကောင်ဖြစ်သည့် ဧရာမဇွန်ဘီ ၁ နှင့် တာဖန်း ကို တစ်ယောက်တည်း ဆွဲထားရန် ကြိုးပမ်းခြင်းမှာ သူတုနိုင်သည့် အလုပ်မဟုတ်သည်မှာ သိသာလှသည်။
ကျန်းရှီး၏ တိရစ္ဆာန်အသွင်ပြောင်း မြွေဟောက်ကိုယ်ထည်မှာ သွေးများဖြင့် ရွှဲနစ်နေပြီး ကြေမွနေသည့် ရေခဲပွင့်များနှင့် ဆင်တူနေသည်။ သူ၏ အကြေးခွံအကာအကွယ်များမှာလည်း ဆွဲခွာခံထားရပြီး ဒဏ်ရာများစွာမှ ပူနွေးသော သွေးများမှာ အကြေးခွံများကြားမှ စီးကျနေသည်။
ယခုအချိန်တွင် ဧရာမဇွန်ဘီ ၁ က ရှေ့မှ၊ တာဖန်း က နောက်မှ ကျန်းရှီး၏ မြွေဟောက်ကိုယ်ထည်ကို မြဲမြံစွာ ချုပ်ကိုင်ထားသဖြင့် သူသည် လက်မဝက်မျှပင် မလှုပ်ရှားနိုင်တော့ပေ။ ဧရာမဇွန်ဘီ ၁ ၏ ချွန်ထက်လှသော လက်သည်းများမှာ ငွေရောင်မြွေဟောက်၏ အမြီးကို ရက်စက်စွာ ထိုးဖောက်ထားပြီး အသားထဲသို့ နက်ရှိုင်းစွာ နစ်ဝင်လျက် အမြီးရိုးကိုပါ ကျော်လွန်ကာ အရိုးများအတွင်း၌ပင် မြဲမြံစွာ ငြှပ်နေတော့သည်။
တစ်ဖက်တွင်လည်း တာဖန်းက လက်တစ်ဖက်ဖြင့် သံတုတ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ငွေရောင်မြွေဟောက်၏ အောက်မေးရိုးကို အတင်းညှစ်ထားသည်။ ငွေရောင်မြွေဟောက်၏ ပါးစပ်မှာ သွေးချင်းချင်းနီနေပြီး ဓားသွားကဲ့သို့ စီတန်းနေသော အစွယ်များမှာလည်း အကုန်ကျိုးပဲ့ကုန်ပြီဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းမှာလည်း ပြင်းထန်သော ရိုက်ချက်များကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေရရှာသည်။
ကျန်းရှီးသည် အသက်ကို ပြင်းပြင်းရှူရင်း သတိတဝက်ဖြင့် ဝေဝါးနေစဉ်အတွင်း သူ၏ညီ ကျန်းချင်းနှင့်အတူ လက်တုံ့ပြန်ရန် ကြံစည်ခဲ့သည့် မြင်ကွင်းများကို ပြန်လည်အမှတ်ရကာ အကြီးအကျယ် နောင်တရနေမိတော့သည်။
အကယ်၍ သူသာ ထိုမိန်းမကို ရန်မစခဲ့ပါက... နဂါးကျားဂိုဏ်းကြီး တစ်ခုလုံး ယခုကဲ့သို့ အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ရမည်မဟုတ်ပေ။
သို့သော် ကျန်းရှီးအနေဖြင့် ထပ်မံစဉ်းစားရန် အချိန်မရလိုက်တော့ပေ။ ပြင်းထန်လှသော နာကျင်မှုဝေဒနာက သူ့ကို လွှမ်းမိုးသွားသည်။ သူ၏ ရှေ့နှင့်နောက်မှ ဧရာမဇွန်ဘီ ၁ နှင့် တာဖန်း တို့သည် တစ်ပြိုင်နက်တည်း အားစိုက်လိုက်ကြရာ ငွေရောင်မြွေဟောက်၏ ကိုယ်ထည်မှာ တင်းခနဲ ဖြစ်သွားသည်။ အားစိုက်မှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ ကျန်းရှီး၏ အကြေးခွံများနှင့် အသားစများမှာ တဖြည်းဖြည်း ကွဲအက်လာတော့သည်။
"အားးးးးး"
ရင်နင့်ဖွယ်ရာ စူးရှသော အော်ဟောက်သံကြီး တစ်ချက် ပဲ့တင်ထပ်သွားပြီးနောက်... သံမဏိကြိုးတစ်ချောင်းကဲ့သို့ တင်းနေသော ကျန်းရှီး၏ မြွေဟောက်ကိုယ်ထည်မှာ ခံနိုင်ရည်အရှိန်ကို ကျော်လွန်သွားကာ နှစ်ပိုင်းပြတ်ထွက်သွားတော့သည်။ သွေးများမှာ နေရာအနှံ့ ပန်းထွက်သွားပြီး မြင်ကွင်းမှာ တကယ်ပင် မကြည့်ရက်စရာပင်။
ထိုအခိုက်အတန့်မှာပင် ကျန်းရှီးသည် သူ၏နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့သည်။
ဘုန်း….
ဧရာမဇွန်ဘီ ၁ နှင့် တာဖန်း တို့သည် မြွေဟောက်ကိုယ်ထည် အပိုင်းအစများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။ ခဏအကြာတွင် မြွေဟောက်ကိုယ်ထည်မှာ မူလလူသားပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး အသက်မဲ့နေသော ကျန်းရှီး၏ ရုပ်အလောင်း အပိုင်းအစနှစ်ခုအဖြစ်သို့ ရောက်ရှိသွားတော့သည်။
ဤသို့ဖြင့် လေထဲသို့ ပျံတက်လွတ်မြောက်သွားသော နှစ်ဦးမှအပ နဂါးကျားဂိုဏ်းဝင်အားလုံးမှာ အမြစ်ပြတ် ချေမှုန်းခြင်းခံလိုက်ရသည်။
သတ်ဖြတ်မှုများ ပြီးဆုံးသွားပြီးနောက် လုချွမ်းသည် သူ၏အာရုံကို နဂါးကျားဂိုဏ်း၏ အခြေစိုက်စခန်းဆီသို့ ပြောင်းလိုက်သည်။ ပိုင်ချန်မြို့၏ မြို့ပြဧရိယာတွင် အခြေချနေသော ဂိုဏ်းတစ်ခုအနေဖြင့် လူအမြောက်အမြားကို ထောက်ပံ့နိုင်ရန် ရိက္ခာအင်အားမှာ အတော်အတန် တောင့်တင်းရမည်ဖြစ်သည်။ နဂါးကျားဂိုဏ်း၏ ရိက္ခာများကို သိမ်းပိုက်နိုင်ခြင်းက လုချွမ်းအတွက် နောင်အနာဂတ်တွင် ရိက္ခာရှာဖွေရမည့် ဒုက္ခကို သက်သာစေမည်ပင်။
ဆက်လက်၍ လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဇွန်ဘီရုပ်သေးတစ်အုပ်သည် မြေအောက်ကလပ်အတွင်းသို့ ဝင်ရောက်သွားကြသည်။ သူ၏ရှေ့မှောက်တွင် တွေ့မြင်နေရသော စားသောက်ဖွယ်ရာများ၊ သောက်လက်စ အရက်ခွက်များ၊ မာကျောက်ဝိုင်းများနှင့် ဖဲချပ်များ...
လုချွမ်းမှာ ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။
ဒီလူတွေကတော့ ကမ္ဘာပျက်ကပ်ဘေးကြီးထဲမှာတောင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ လက်ရှိအခိုက်အတန့်မှာ ပျော်ပါးဖို့ပဲ တွေးနေကြတာလား။
ထို့နောက် လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို အခန်းတစ်ခန်းချင်းစီ အသေးစိတ်ရှာဖွေရန် ထိန်းချုပ်လိုက်သည်။ ကံကောင်းထောက်မစွာပင် သိပ်မကြာခင်မှာပင် မြေအောက်အနက်ပိုင်းရှိ နဂါးကျားဂိုဏ်း၏ ကျယ်ဝန်းလှသော ရိက္ခာသိုလှောင်ခန်းကို သူ ရှာတွေ့သွားခဲ့သည်။
သိုလှောင်ခန်းအတွင်းရှိ အလွန်အမင်း ကြွယ်ဝလှသော ပစ္စည်းများကို သူ မြင်တွေ့လိုက်ရသည်။
ပထမဆုံး မျက်စိထဲသို့ တိုးဝင်လာသည်မှာ အခန်းမျက်နှာကြက်နီးပါး မြင့်အောင် စုပုံထားသည့် ဆန်အိတ်များနှင့် ဂျုံမှုန့်အိတ်များဖြစ်ပြီး အနည်းဆုံး အိတ်ပေါင်း ရာဂဏန်းမက ရှိပေလိမ့်မည်။ ထိုဆန်နှင့် ဂျုံအိတ်များ၏ အောက်တွင်မူ ဗီဒိုတန်းအရှည်ကြီးများ ရှိနေပြီး ဗီဒိုများအတွင်း၌ ဝိုင်နီ၊ ဝိုင်ဖြူနှင့် အခြားအရက်မျိုးစုံကို ဖာလိုက် သိုလှောင်ထားသည်။ ဗီဒိုများ၏ အပေါ်တွင်မူ ဆီပုံးများ၊ စည်သွပ်ဗူးများ၊ ဝက်အူချောင်းများ၊ ဘဲငံများနှင့် အသားခြောက်များ စသည့် တာရှည်ခံအစားအစာများကို စီတန်းထားသည်။
၎င်းတို့အပြင် တစ်ဖက်ရှိ စင်ပေါ်တွင် တံဆိပ်ပင် မခွာရသေးသော အဝတ်အထည်အသစ်များကို ချိတ်ဆွဲထားပြီး အောက်ခြေတွင် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများကို စုပုံထားသည်။ ဤပစ္စည်းများမှာ နဂါးကျားဂိုဏ်းက ရေရှည်အတွက် ရည်ရွယ်ပြီး သေချာရွေးချယ် သိုလှောင်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။
ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် လုချွမ်း၏ အကြည့်မှာ သိုလှောင်ခန်းအလယ်ရှိ ၁၀ ပေခန့်မြင့်သော နှစ်ထပ်စင်ဝိုင်းလေးဆီသို့ ရောက်သွားသည်။
စင်၏ ပထမအဆင့်တွင် သစ်သားသေတ္တာတစ်လုံးတည်းသာ ရှိသည်။ လုချွမ်းက ဇွန်ဘီရုပ်သေးကို ထိုသေတ္တာအား ဖွင့်ခိုင်းလိုက်ရာ အတွင်း၌ နျူကလိယပ်ခေါ် အမြုတေအမြောက်အမြားကို တွေ့လိုက်ရသဖြင့် သူ၏မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။
ဒါဟာ နဂါးကျားဂိုဏ်း စုဆောင်းထားသမျှ အမြုတေတွေပဲ ဖြစ်ရမယ်။ အခုတော့ အားလုံးက ငါ့လက်ထဲ ရောက်လာပြီပေါ့။
အထဲရှိ အမြုတေအများစုမှာ အဆင့် ၁ နှင့် အဆင့် ၂ များသာ ဖြစ်သော်လည်း အရေအတွက်မှာ လုချွမ်းကို အလွန်ကျေနပ်အားရစေသည်။ စိတ်ကို အနည်းငယ် တည်ငြိမ်အောင်ထားပြီးနောက် သူက ဒုတိယအဆင့်စင်ကို ဆက်ကြည့်လိုက်သည်။
ထိုနေရာတွင် မျိုးဗီဇဆင့်ကဲဆေးရည်ပုလင်းအချို့နှင့်အတူ ရိုင်ဖယ်များ၊ တစ်ကိုယ်ရေသုံး ဒုံးပစ်လောင်ချာများ၊ ကျည်ဆန်အမြောက်အမြားနှင့် မီးခံတိုက်ခိုက်ရေးဝတ်စုံများကို စုပုံထားသည်ကို တွေ့ရသည်။ သေနတ်အရေအတွက်မှာ အနည်းဆုံး အလက် ၄၀ မှ ၅၀ ခန့် ရှိမည်ဟု လုချွမ်း ခန့်မှန်းလိုက်သည်။
ဤမျှများပြားသော လက်နက်ခဲယမ်းများကို ရရှိရန်မှာ မလွယ်ကူလှပေ။ ကမ္ဘာမပျက်ခင်ကပင် ပိုင်ချန်မြို့တစ်ခုလုံးမှာ ဤမျှရှိနိုင်ပါ့မလားဟု သံသယဖြစ်စရာပင်။
ပြီးတော့ ဒီမျိုးဗီဇဆင့်ကဲဆေးရည်တွေ... နဂါးကျားဂိုဏ်းလို ဂိုဏ်းလေးတစ်ခုက ဒါတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ပါ့မလား။
ဒါဆို ဒီပစ္စည်းတွေကို သူတို့ ဘယ်ကရသလဲ။
နဂါးကျားဂိုဏ်းဝင်တွေ ကိုင်ထားတဲ့ သေနတ်တွေနဲ့ ဆင့်ကဲပြောင်းလဲသူတွေရဲ့ သိသိသာသာ အစွမ်းထက်နေတဲ့ အခြေအနေကို ပြန်တွေးကြည့်ရင်း…..
လုချွမ်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"နဂါးကျားဂိုဏ်းနဲ့ စစ်တပ်ကြားမှာ တစ်ခုခု အပေးအယူ ရှိနေတာ သေချာတယ်"