← Chapters

သစ်ပင်အိမ် စိုက်ပျိုးခြင်း

Vol. 1 Ch. 3

သစ်ပင်အိမ် စိုက်ပျိုးခြင်း

Vol. 1 Ch. 3

ရွှီရှင်း နိုးလာသောအခါ နေပင် ထွက်နေလေပြီ။ သူသည် မိမိ၏ လက်မောင်းနှင့် ခြေထောက်ရှိ ခြောက်ကပ်နေသော ဆေးဖတ်ဝင်အပင်များကို သုတ်ဖယ်လိုက်ရာ ရှပ်ထိရာ၊ ခြစ်ရာများမှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ တစ်ခါမှ ဒဏ်ရာမရခဲ့ဖူးသလိုပင်။

"ဒါက တကယ် ထိရောက်တာပဲ" ရွှီရှင်း အံ့သြစွာ ရေရွတ်မိသည်။

ဤကမ္ဘာရှိ ဆေးပင်များမှာ ဤမျှအထိ လျင်မြန်စွာ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကောင်းကင်ယံမှာ အလင်းရောင် ရလာသည်နှင့် ရွှီရှင်းသည် ဂူထဲမှ အမြန်ထွက်ခွာခဲ့သည်။ အစပြုသူ ကာကွယ်စောင့်ရှောက်မှု ကာလအတွင်း ရှိနေသော်လည်း ဝက်ဝံဂူထဲတွင် ဆက်နေရန် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေသောကြောင့် အမြန်ပင် စွန့်ခွာခဲ့ခြင်း ဖြစ်သည်။

သူသည် ပန်းသီးတစ်လုံးနှင့် ဘယ်ရီသီးအချို့ကို ဝါးရင်း စမ်းချောင်းဘေးသို့ ပြန်သွားကာ ရေစီးဆင်းရာ အောက်ဘက်သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

တစ်နေ့တာ လမ်းလျှောက်ခဲ့ပြီးနောက် စမ်းချောင်းလေးမှာ အစကဲ့သို့ သေးငယ်မနေတော့ဘဲ တဖြည်းဖြည်း ကျယ်ဝန်းလာကာ တစ်မီတာခန့် နက်လာလေပြီ။ ရေထဲတွင် ကူးခတ်နေသော ငါးနှင့် ပုစွန်များကို မြင်ရသည်မှာ ရွှီရှင်းအတွက် မနာလိုစရာပင်။ သို့သော် သူသည် ထိုအရာများအတွက် အချိန်မဖြုန်းလိုသေးဘဲ မြေဆီလွှာကောင်းသော နေရာရှာဖွေရန်သာ အာရုံစိုက်ထားသည်။

လမ်းတစ်လျှောက်လုံးတွင် ရွှီရှင်းသည် သာမန်မြေ (အစိမ်းရောင်အဆင့်) ငါးကွက်ခန့်သာ တွေ့ရှိခဲ့ပြီး ကျန်ရှိသောနေရာများမှာ မြေညံ့များသာ ဖြစ်နေသဖြင့် သူ ထူးဆန်းနေမိသည်။

"ငါ ဒီလောက်လျှောက်လာတာတောင် မြေဆီလွှာကောင်းတဲ့နေရာ မတွေ့သေးဘူး။ တကယ်လို့ ငါ့လိုမျိုး ခွဲခြားစစ်ဆေးနိုင်တဲ့ စွမ်းရည်မရှိတဲ့ အခြားသူတွေဆိုရင် မြေဆီလွှာကောင်းတာကို ရှာဖို့နေနေသာသာ သာမန်မြေကိုတောင် ရှာတွေ့ဖို့ မလွယ်ဘူး"

ဤကမ္ဘာကြီးက သူတို့ကို အဆင့်မြင့် သစ်ပင်အိမ်များ စိုက်ပျိုးခွင့် မပေးချင်တာလားဟုပင် သူ တွေးမိသည်။ သို့သော် ထိုသို့တွေးမိသည်နှင့် ရွှီရှင်း ပို၍ စိတ်ဝင်စားလာသည်။

အကယ်၍ သူသာ မြေဆီလွှာ အလွန်ကောင်းမွန်သောနေရာ ကို ရှာတွေ့ပြီး အဆင့်မြင့် သစ်ပင်အိမ်ကို စိုက်ပျိုးနိုင်ခဲ့လျှင် သူ၏ အစပြုမှုမှာ အခြားသူများထက် အများကြီး သာလွန်သွားမည် မဟုတ်ပါလား။

"ဒီနေ့တော့ မြေဆီလွှာကောင်းတဲ့နေရာကို ရအောင်ရှာမယ်" ရွှီရှင်းသည် အပြင်မှာ ဆက်ပြီး အိပ်မနေချင်တော့ဘဲ သစ်ပင်အိမ်ထဲတွင်သာ အမြန်ဆုံး နေထိုင်လိုလှပြီဖြစ်သည်။

သူ ဆက်လက် လျှောက်ရင်း မြေဆီလွှာနှင့် အရင်းအမြစ်များ၏ ပုံစံကို စဉ်းစားနေမိသည်။ ယခုအချိန်ထိ သူသည် အဖြူရောင်နှင့် အစိမ်းရောင် နှစ်မျိုးသာ တွေ့ဖူးသေးသည်။ အဖြူရောင်မှာ အစိမ်းရောင်ထက် အဆင့်နိမ့်သည်။ သူတွေ့ခဲ့သော သာမန်မြေ (အစိမ်းရောင်) ငါးကွက်စလုံးမှာ အစိမ်းရောင်အဆင့် အပင်များ ပေါက်ရောက်နေသော နေရာများ ဖြစ်နေသည်။

ဆိုလိုသည်မှာ မြေညံ့ (အဖြူရောင်) တွင် အဖြူရောင်အပင်များ ပေါက်သော်လည်း တစ်ခါတစ်ရံ အစိမ်းရောင်အပင်များ ပေါက်နိုင်သည်။ သို့သော် သာမန်မြေ (အစိမ်းရောင်) တွင်မူ အစိမ်းရောင်အပင်များ ပေါက်နေပြီး ၎င်းထက် မြင့်သောအဆင့်များလည်း ပေါက်ရောက်နိုင်ပေသည်။

သူ စဉ်းစားနေစဉ်မှာပင် ရွှီရှင်း၏ မြင်ကွင်းထဲသို့ စိမ်းစိုကျယ်ပြောလှသော အလင်းတန်းများ ရုတ်တရက် ဝင်ရောက်လာသဖြင့် ရင်ထဲတွင် ဝမ်းသာလုံးဆို့သွားရသည်။

သူ အမြန်ပြေးသွားကြည့်လိုက်ရာ...

"ဒါ... အိုင်ကြီးတစ်အိုင်ပဲ! ငါ ထင်တဲ့အတိုင်းပဲ" ရွှီရှင်းမှာ အလွန်စိတ်လှုပ်ရှားသွားပြီး ခုန်ပေါက်မိမတတ်ပင်။

ဤအိုင်ကြီး၏ ပတ်ဝန်းကျင်မှာ စမ်းချောင်းလေးထက် ပို၍ ပြန့်ပြူးပြီး အခြေချနေထိုင်ရန် ပိုမို သင့်တော်လှသည်။ ထို့ပြင် ရေအိုင်ကြီး ရှိနေသဖြင့် ပတ်ဝန်းကျင်တွင် အရင်းအမြစ်များစွာ ရှိနေနိုင်ပြီး မြေဆီလွှာကောင်းသော နေရာကိုလည်း ရှာတွေ့နိုင်ပေသည်။

မီတာ တစ်ထောင်ဆိုသော အကွာအဝေးမှာ မဝေးလှသဖြင့် ရွှီရှင်း အိုင်ကြီး၏ နံဘေးသို့ အမြန်ရောက်သွားသည်။ လှိုင်းကြက်ခွပ်ကလေးများ ထနေသော ရေပြင်ကျယ်ကို ကြည့်ရင်း သူ သက်ပြင်းတစ်ချက်ကို အဝချလိုက်ကာ စိတ်လက်ပေါ့ပါးသွားရသည်။

ဤအိုင်ကြီးမှာ မြစ်ကြီးများကဲ့သို့ မကြီးမားသော်လည်း ရေလှောင်ကန် တစ်ခုစာခန့် ကျယ်ဝန်းသည်။ ရေမှာ အလွန်ကြည်လင်နေပြီး အလယ်ပိုင်းမှာ နက်ပုံရသော်လည်း ကမ်းစပ်မှာမူ တိမ်လှသည်။ ရေထဲတွင် ငါးနှင့် ပုစွန်များစွာ ရှိနေသည့်အပြင် ကမ်းစပ်တွင် ကျူပင်များ၊ ရေမျက်နှာပြင်ပေါ်တွင် ကြာရွက်များနှင့် ကြာပန်းများ ပေါက်ရောက်နေသည်။ အကယ်၍ ဤအခြေအနေမျိုးသာ မဟုတ်လျှင် သူသည် ပန်းခြံတစ်ခုထဲ ရောက်နေသည်ဟု ထင်မှတ်မှားစရာပင်။

[ကျူပင် (အစိမ်းရောင်အဆင့်) - ကမ်းစပ်တွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး ကိရိယာအချို့ ပြုလုပ်ရန် ကုန်ကြမ်းဖြစ်သည်။]

[ကြာစွယ် (အစိမ်းရောင်အဆင့်) - အစိမ်းဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ စားသုံးနိုင်သော အစားအစာ ဖြစ်သည်။]

"တကယ့် ပစ္စည်းကောင်းတွေပဲ"

ကုန်ကြမ်းရော၊ အစားအစာပါ ရှိနေသဖြင့် ဤနေရာမှာ အခြေချရန် အကောင်းဆုံးပင်။ သို့သော် ဤနားမှာ မြေဆီလွှာကောင်းတဲ့နေရာ ရှိမလား...

ရွှီရှင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရုတ်တရက် အပြာရောင်အလင်းတန်း တစ်ခုကို လှမ်းမြင်လိုက်ရသည်။

"ရှယ်ပဲဟေ့"

ရွှီရှင်းမှာ ဝမ်းသာအားရဖြင့် ထိုအပြာရောင်အလင်းတန်းရှိရာသို့ ပြေးသွားတော့သည်။

ထိုအပြာရောင် ချုံပုတ်လေးမှာ ကမ်းစပ်နှင့် မီတာ အနည်းငယ်သာ ဝေးကွာသည်။

[အနီရောင် ဘယ်ရီသီးအကြီး (အပြာရောင်အဆင့်) - တိုက်ရိုက်စားသုံးနိုင်သော အသီးဖြစ်သည်။ ချိုချဉ်အရသာ ရှိသည့်အပြင် အမြင်အာရုံကို ကောင်းမွန်စေပြီး စားသုံးပြီးပါက (၂) နာရီကြာ ညဘက်တွင် မြင်နိုင်စွမ်း ကို ပေးစွမ်းနိုင်သည်။]

"ဟာ... မိုက်လှချေလား" ရွှီရှင်း အံ့သြသွားသည်။ အပြာရောင်အဆင့် အသီးက ဤမျှအထိ ထူးခြားသော အစွမ်းရှိနေသည်လား။

သို့သော် ၎င်းက အဓိက မဟုတ်သေးချေ။ ရွှီရှင်းသည် ထိုအပင်၏ အောက်ခြေရှိ မြေကြီးကို ငုံ့ကြည့်လိုက်သည်။

[မြေဆီလွှာကောင်း (အပြာရောင်အဆင့်) - အာဟာရဓာတ်နှင့် အော်ဂဲနစ်ဒြပ်ပေါင်းများ ကြွယ်ဝသော မြေကွက်ဖြစ်ပြီး တောနက်ထဲတွင် တွေ့ရခဲလှသည်။]

"တွေ့ပြီဟေ့"

ရွှီရှင်း စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

သူသည် စိတ်ကို ထိန်းလိုက်ပြီး ချက်ချင်း မစိုက်ပျိုးသေးဘဲ အိုင်ကြီး၏ ပတ်ပတ်လည်တွင် အခြား အပြာရောင်အဆင့် မြေကွက်များ ရှိသေးသလားဟု လှည့်လည်ကြည့်ရှုခဲ့သည်။ သို့သော် စိတ်ပျက်စရာကောင်းသည်မှာ ဤနေရာတွင် ထိုတစ်ကွက်တည်းသာ ရှိနေခြင်းပင်။ သို့သော်လည်း စမ်းချောင်းဘေးနှင့် ယှဉ်လျှင် ဤနေရာတွင် သာမန်မြေ (အစိမ်းရောင်) များမှာ နေရာအနှံ့ ရှိနေလေသည်။

သူ့ခန့်မှန်းချက် မှန်ကန်ပေသည်။ အိုင်ကြီးကဲ့သို့သော နေရာမျိုးမှာ သစ်ပင်အိမ် စိုက်ပျိုးရန် အကောင်းဆုံးနေရာများ ဖြစ်သည်။ မြေဆီလွှာကောင်း (အပြာရောင်) တစ်ကွက်တည်း ရှိသော်လည်း ကျန်ရှိသော မြေအများစုမှာ သာမန်မြေ (အစိမ်းရောင်) များ ဖြစ်နေသဖြင့် အနိမ့်ဆုံးအဆင့်ဖြစ်သော 'ပုကွသော သစ်ပင်အိမ်' ပေါက်ရောက်လာမည့် အခွင့်အလမ်းမှာ အလွန်နည်းပါးလှသည်။

ဘာပဲဖြစ်ဖြစ် 'ပုကွသော သစ်ပင်အိမ်' ဆိုသည့် အမည်ကပင် ကြည့်ရသည်မှာ လုံခြုံမှုမရှိသလို ခံစားရသည်။

ရွှီရှင်းသည် အချိန်ထပ်မဖြုန်းတော့ဘဲ အပြာရောင် ဘယ်ရီသီးချုံပုတ်ဆီသို့ ပြန်သွားခဲ့သည်။ အသီး ၃၂ လုံးကို ခူးယူပြီးနောက် ထိုနေရာတွင်ပင် တွင်းငယ်တစ်ခုတူးကာ ဝါးသီးအရွယ် သစ်ပင်အိမ်မျိုးစေ့ကို ချလိုက်တော့သည်။

[သစ်ပင်အိမ်မျိုးစေ့ကို အောင်မြင်စွာ စိုက်ပျိုးပြီးပါပြီ၊ ကြီးထွားရန် (၂) နာရီ လိုအပ်ပါသည်။]

[မြေကွက်အတွင်းရှိ တောရိုင်းပင်များကို အလိုအလျောက် ဖယ်ရှားလိုက်ပါပြီ။]

ပထမ အကြောင်းကြားစာကြောင့် ရွှီရှင်း ဝမ်းသာသွားသော်လည်း ဒုတိယစာကြောင့် နှမြောသွားရသည်။ မြေတစ်ကွက်တွင် အပင်တစ်မျိုးသာ စိုက်ပျိုးနိုင်ပုံရသည်။

အပြာရောင် ဘယ်ရီသီးချုံပုတ်မှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကာ မြေကြီးထဲမှ အပင်ပေါက်ကလေး တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ရွှီရှင်း၏ မျက်စိရှေ့မှာပင် လျင်မြန်စွာ ကြီးထွားလာပြီး မိနစ်ပိုင်းအတွင်းမှာပင် သစ်ပင်ပျိုလေး တစ်ပင် ဖြစ်လာတော့သည်။

ရွှီရှင်းသည် ထိုမြင်ကွင်းကို အံ့သြတကြီး ငေးကြည့်နေမိသည်။ ကြီးထွားနှုန်းမှာ အမှန်တကယ်ပင် အံ့မခန်းလှသည်။

အခန်း ၃ ပြီး....

All Chapters