ပစ္စည်းလုပ်ဆောင်သည့် စားပွဲအတွက် ပြင်ဆင်ခြင်း
Vol. 1 Ch. 6
ကိရိယာတန်ဆာပလာများ ပြုလုပ်နေစဉ်အတွင်း ရွှီရှင်းသည် ပြုလုပ်နိုင်သည့် ပစ္စည်းစာရင်းထဲ၌ ထူးခြားသော စားပွဲတစ်ခုကို သတိပြုမိသွားသည်။
[အခြေခံ ခွဲခြားစစ်ဆေးသည့် စားပွဲ (အဖြူရောင်အဆင့်) - ပစ္စည်းများကို ၎င်းအပေါ်တွင် တင်ထားပါက ၁၀ စက္ကန့်အကြာတွင် ၎င်း၏ အဆင့်အတန်းနှင့် ကိုက်ညီသော အရောင်အလင်းတန်းများ ထွက်ပေါ်လာလိမ့်မည်။ ရရှိထားသော ပစ္စည်းများ၏ အဆင့်ကို ခွဲခြားရာတွင် အသုံးဝင်သည်။ သစ်သား (အဖြူရောင်) ၂၀ နှင့် ကျောက်တုံး (အဖြူရောင်) ၂၀ လိုအပ်သည်။]
ကြည့်ရသည်မှာ သူ၏ ခွဲခြားစစ်ဆေးနိုင်စွမ်း မရှိလျှင်ပင် အခြားသော အသက်ရှင်ကျန်ရစ်သူများသည် ဤစားပွဲကို အသုံးပြု၍ ပစ္စည်းများ၏ အဆင့်အတန်းကို ခွဲခြားနိုင်ပုံရသည်။ သို့သော် ဤစားပွဲမှာ ထမင်းစားပွဲတစ်ခုနီးပါး ကြီးမားသဖြင့် သယ်ဆောင်သွားရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် အခြားသူများသည် ပစ္စည်းများကို သစ်ပင်အိမ်သို့ အရောက်သယ်လာပြီးမှသာ စစ်ဆေးနိုင်မည်ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် မည်သည့်ပစ္စည်းက အဖိုးတန်သည်ကို သိနိုင်ကာ ရွေးချယ်စုဆောင်းနိုင်သည့် သူ့အစွမ်းနှင့် ယှဉ်လျှင် အလွန်ပင် ကွာခြားလှသည်။
မှိုကဲ့သို့သော လျှို့ဝှက်အရင်းအမြစ်များကို ရွှီရှင်းက အဝေးကပင် အပြာရောင်အလင်းတန်းဖြင့် မြင်နိုင်သော်လည်း အခြားသူများမှာမူ ရှာတွေ့ရန်ပင် ခဲယဉ်းပေလိမ့်မည်။ ဤ ဖန်တီးသူ၏ လုပ်ပိုင်ခွင့် မှာ အမှန်တကယ်ပင် အဖိုးတန်လှပေသည်။ လူတိုင်းမှာ သူ့လို အစွမ်းမျိုး ရှိနေနိုင်ချေကိုလည်း သူ ထည့်တွက်ထားသော်လည်း ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။ အ
ကယ်၍ လူတိုင်းမှာ ဤကဲ့သို့ အစွမ်းမျိုးသာ ရှိနေပါက ဤသည်မှာ အသက်ရှင်ကျန်ရစ်ရေးဂိမ်း မဟုတ်တော့ဘဲ ပျော်ပွဲစားထွက်သည့် ခရီးစဉ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ရွှီရှင်းသည် အသစ်ပြုလုပ်ထားသော ကျောက်ပုဆိန်ကို ကိုင်ဆောင်ကာ သစ်ပင်အိမ်မှ ထပ်မံထွက်ခွာခဲ့သည်။ သူ၏ ပထမဆုံးပန်းတိုင်မှာ ပစ္စည်းလုပ်ဆောင်သည့် စားပွဲအတွက် အစိမ်းရောင်အဆင့် သစ်သား ၅၀ ကို စုဆောင်းရန် ဖြစ်သည်။ ပတ်ဝန်းကျင်တွင် အစိမ်းရောင်အဆင့် မိုးမခပင်များမှာ နေရာအနှံ့ ရှိနေသဖြင့် ရွှီရှင်းသည် သူ့သစ်ပင်အိမ်အောက်ရှိ အပင်များကို အရင်ဆုံး ခုတ်ထွင်ရန် ဆုံးဖြတ်လိုက်သည်။
ညောင်ပင်အိမ်၏ အရိပ်အောက်တွင် ရှိနေသော အပင်များမှာ နေရောင်မရသဖြင့် ပုံမှန်မဟုတ်ဘဲ ဖြစ်နေကြရာ ၎င်းတို့ကို တိုက်ရိုက်ခုတ်လှဲလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ရွှီရှင်းသည် ကျောက်ပုဆိန်ကို ဝေ့ယမ်းကာ စတင်ခုတ်တော့သည်။
ပုဆိန်သွားမှာ တုံးနေပုံရသော်လည်း သစ်ပင်များကို ခုတ်လိုက်သည့်အခါတွင်မူ အလွန်ပင် ထိရောက်လှသည်။ အဖြူရောင်အဆင့် အပင်များကို ငါးချက်ခန့် ထုရုံဖြင့် လဲကျစေနိုင်ပြီး အစိမ်းရောင်အဆင့် အပင်များကိုမူ ဆယ်ချက်ခန့် ခုတ်ရသည်။
သစ်ပင်တစ်ပင် လဲကျသွားသည်နှင့် ၎င်းမှာ အပိုင်းအစ လေးငါးပိုင်းအဖြစ် အလိုအလျောက် ကွဲထွက်သွားသည်။ ထို့ကြောင့် သစ်သား ၅၀ ရရှိရန် အစိမ်းရောင်အပင် ၁၀ ပင်ခန့် ခုတ်ရန် လိုအပ်သည်။
အခြားသူများအတွက် အချိန်အတော်ပေးရမည် ဖြစ်သော်လည်း ရွှီရှင်းအတွက်မူ အလွန်လွယ်ကူလှသည်။ မြင်ကွင်းတစ်ခုလုံး အစိမ်းရောင်အလင်းတန်းများ ဖုံးလွှမ်းနေသည်ကို ကြည့်ကာ သူ ပြုံးမိတော့သည်။
သို့သော် ကျောပိုးအိတ် မရှိခြင်းက ပြဿနာ ဖြစ်နေဆဲပင်။ သစ်သားတုံး တစ်တုံးချင်းစီမှာ ကြီးမားသဖြင့် သူသည် တစ်တုံးချင်းစီကိုသာ အပေါ်ထပ်သို့ အပင်ပန်းခံ သယ်ယူခဲ့ရသည်။ အချိန်အတော်ကြာ ကြိုးစားပြီးနောက်တွင်မှ အစိမ်းရောင်သစ်သား ၅၀ စလုံးကို စုဆောင်းနိုင်ခဲ့တော့သည်။
ဤအချိန်တွင် ကောင်းကင်ယံမှာ နေဝင်ဆည်းဆာရောင်များဖြင့် နီမြန်းနေလေပြီ။ သူသည် တစ်မွန်းလွဲခင်းလုံး အလုပ်လုပ်ခဲ့ရခြင်း ဖြစ်သည်။
"ပင်ပန်းလိုက်တာ... ဒီလိုမျိုး လုပ်နေရင်တော့ အလုပ်မတွင်ဘူး"
ရွှီရှင်းသည် သစ်ပင်အိမ်၏ တတိယထပ်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် လှဲချလိုက်သည်။
သူသည် အစိမ်းရောင်သစ်သားများအပြင် အဖြူရောင်အဆင့် သစ်သားများကိုလည်း သယ်ယူလာခဲ့သည်။ သစ်ပင်အိမ်အောက်ကို ရှင်းလင်းရင်း ရသမျှကို သိမ်းဆည်းလာခြင်း ဖြစ်သည်။ ထိုအဖြူရောင်သစ်သားများကို အသုံးပြု၍ သစ်ပင်အိမ်ထဲတွင် လိုအပ်သော စားပွဲ၊ ကုလားထိုင်နှင့် ကုတင်များကို ပြုလုပ်ရန် သူ စီစဉ်လိုက်သည်။ ရွှီရှင်း ပြုလုပ်လိုက်သော ပထမဆုံး ပရိဘောဂတစ်သုတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
[သစ်သားစားပွဲ (အဖြူရောင်အဆင့်) - ပစ္စည်းအချို့ တင်ထားနိုင်သော ကြမ်းတမ်းသည့် စားပွဲဖြစ်သည်။ အလွန်လေးသော ပစ္စည်းများကိုမူ မတင်ပါနှင့်၊ ကျိုးသွားနိုင်ပါသည်။]
[သစ်သားကုလားထိုင် (အဖြူရောင်အဆင့်) - ကြမ်းတမ်းသော ကုလားထိုင် ဖြစ်သည်။ သင်၏ ကိုယ်အလေးချိန်မှာ ကီလိုဂရမ် ၉၀ ကျော်နေပါက ၎င်းကို ထင်းအဖြစ်သာ အသုံးပြုပါ။]
[သစ်သားကုတင် (အဖြူရောင်အဆင့်) - ကြမ်းတမ်းစွာ ပြုလုပ်ထားသော ကုတင်ဖြစ်သည်။ မြေပြင်ပေါ်တွင် အိပ်သည်နှင့်စာလျှင် ထူးခြားချက်မှာ အိပ်စက်မှုကို အနှောင့်အယှက်ပေးမည့် ကျွီကျွီမြည်သံ ထွက်ပေါ်နေခြင်းသာ ဖြစ်သည်။]
ရွှီရှင်း : "..."
သူသည် သစ်သားကုတင်ပေါ်တွင် ထိုင်လိုက်ရာ ထင်ထားသည့်အတိုင်းပင် သွားကျိန်းစရာကောင်းသော ကျွီကျွီမြည်သံ ထွက်ပေါ်လာသည်။ ဤပရိဘောဂတစ်သုတ်လုံးမှာ အလွန်ပင် ကြမ်းတမ်းလှသည်။ ရွှီရှင်းမှာ မတတ်သာဘဲ ခေါင်းခါလိုက်ရသော်လည်း ဤအရာနှင့်ပင် တင်းတိမ်ရပေမည်။ သူသည် ကြမ်းပြင်ပေါ်တွင် အိပ်တတ်သူမဟုတ်သလို၊ ကြမ်းပြင်ပေါ်၌ အိပ်ရသည်မှာ လုံခြုံမှုမရှိဟု ခံစားရသည်။ ယခုမူ ကုတင်ပေါ်တွင် အိပ်စက်နိုင်ပြီ ဖြစ်သည်။
ညစာအတွက် ပန်းသီးကို ဝါးနေရင်း ရွှီရှင်းက တွေးတောနေမိသည်။ ရေအိုင်ထဲတွင် ငါးနှင့် ပုစွန်များ ရှိသော်လည်း ၎င်းတို့ကို မည်သို့ဖမ်းရမည်ကို မသိသေးသလို မီးမွှေးရန် နည်းလမ်းလည်း မရှိသေးချေ။ သစ်သားချင်းပွတ်၍ မီးမွှေးသည့်နည်းမှာလည်း အချိန်ကုန် လူပင်ပန်းရုံသာ ရှိလိမ့်မည်။
"ပစ္စည်းလုပ်ဆောင်တဲ့ စားပွဲရှိရင်တော့ မီးပုံ ဒါမှမဟုတ် မီးဖိုတစ်ခုခု လုပ်လို့ရမှာပဲ"
ရွှီရှင်းက ထိုစားပွဲကို အမြန်ဆုံး အချောသတ်ရန် ဆုံးဖြတ်လိုက်သည်။ အပြင်ဘက်တွင် မှောင်အတိကျနေပြီဖြစ်ရာ ရွှီရှင်းသည် [အနီရောင် ဘယ်ရီသီးအကြီး] တစ်လုံးကို ယူ၍ စားလိုက်သည်။
ဘယ်ရီသီးကို စားပြီးနောက် ရွှီရှင်းသည် မျက်လုံးများ ကြည်လင်လန်းဆန်းသွားပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။ စောစောက ပိတ်မှောင်နေသော မြင်ကွင်းမှာ ယခုမူ နေ့ခင်းဘက်ကဲ့သို့ပင် အတိုင်းသား မြင်နေရပြီ ဖြစ်သည်။ ဤသည်မှာ အချိန်ကိုက်ပင်။
သူသည် သစ်ပင်အိမ်မှ ဆင်းကာ စမ်းချောင်းဘေးသို့ သွား၍ ပစ္စည်းလုပ်ဆောင်သည့် စားပွဲအတွက် လိုအပ်သော ကျောက်စရစ်ခဲ (အစိမ်းရောင်) သို့မဟုတ် ကျောက်တုံး (အစိမ်းရောင်) များကို ရှာဖွေခဲ့သည်။ မကြာမီပင် သူ့အင်္ကျီကို အိတ်သဖွယ် အသုံးပြုကာ ကျောက်စရစ်ခဲများကို စုဆောင်းနိုင်ခဲ့ပြီး မနေ့ညက တည်းခိုခဲ့သော ဝက်ဝံနက်ဂူ အနားသို့ ရောက်ရှိလာသည်။
[ဝက်ဝံနက်ဂူ (အစိမ်းရောင်အဆင့်) - ဝက်ဝံနက်များ၏ နေထိုင်ရာ ဖြစ်သည်။ တစ်ချိန်က ကြမ်းတမ်းသော ဝက်ဝံနက်များ နေထိုင်ခဲ့သော်လည်း မကြာသေးမီက နက်နဲသော အင်အားစုတစ်ခုကြောင့် ၎င်းတို့ ပျောက်ကွယ်သွားခဲ့သည်။ အနည်းဆုံး သုံးရက်အတွင်း ၎င်းတို့ ပြန်လည်ရောက်ရှိလာမည် မဟုတ်ပါ။]
ရွှီရှင်းသည် ဂူအဝတွင် ကျောက်စရစ်ခဲများကို ချထားပြီး အထဲသို့ ငုံ့ကြည့်လိုက်သည်။ ဂူမှာ သိပ်မကြီးလှသော်လည်း အတွင်းပိုင်းတွင် တစ်စုံတစ်ရာ ရှိနေနိုင်သည်ဟု သူ ထင်မိသည်။ သူသည် ဂူထဲရှိ ထွက်နေသော ကျောက်ဆောင်တစ်ခုကို ကျောက်ပေါက်ချွန်းဖြင့် ထုလိုက်ရာ ပစ္စည်းစုဆောင်းနေရသည့် ခံစားချက်မျိုး ပေါ်လာခဲ့သည်။ ဆယ်ချက်ခန့် ထုပြီးသောအခါ ထိုကျောက်ဆောင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။
[ကျောက်တုံး (အစိမ်းရောင်အဆင့်) - ဂူအတွင်းမှ ထွက်သော ကျောက်တုံးများဖြစ်ပြီး သာမန်ကျောက်တုံးများထက် ပိုမိုမာကျောသည်။]
"ရှယ်ပဲ၊ အစိမ်းရောင်ကျောက်တုံး ရမယ့်နေရာ တွေ့ပြီကွ" ဟု ရွှီရှင်း ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။
သို့သော် ဤနေရာမှာ သစ်ပင်အိမ်နှင့် အတော်လှမ်းလှပြီး အစပြုသူကာကွယ်စောင့်ရှောက်မှု ကုန်ဆုံးသည်နှင့် ဝက်ဝံနက်များ ပြန်ရောက်လာပေတော့မည်။
---အခန်း ၆ ပြီး..