ဒေသတွင်း ဆက်သွယ်ရေးလိုင်း
Vol. 1 Ch. 7
ရွှီရှင်းသည် ဂူအတွင်း၌ နောက်တစ်ခေါက် လှည့်ပတ်ကြည့်ရှုသော်လည်း လေတိုးသံ၏ အရင်းအမြစ်ကို ရှာမတွေ့သဖြင့် လောလောဆယ်တွင် ထိုအရာကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။ အရေးကြီးဆုံးအလုပ်မှာ ဤကျောက်တုံးများကို သယ်ဆောင်သွားပြီး ပစ္စည်းလုပ်ဆောင်သည့် စားပွဲကို ပြုလုပ်ရန်သာ ဖြစ်သည်။
ကျောက်တုံး ၅၀ ခန့် စုဆောင်းပြီးနောက် ရွှီရှင်းသည် သစ်ပင်အိမ်ရှိရာသို့ လမ်းကြောင်းသို့ ပြန်လာခဲ့သည်။
သူ့အနေဖြင့် ကျောပိုးအိတ်တစ်ခုကို အမြန်ဆုံး ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။ ကျောက်စရစ်ခဲအရွယ် ကျောက်တုံး ၅၀ မှာ မလေး သော်လည်း လက်ဖြင့် သယ်ဆောင်ရသည်မှာ အလွန်ပင် အလုပ်ရှုပ်လှသည်။
သစ်ပင်အိမ်သို့ ပြန်ရောက်သည်နှင့် ရွှီရှင်းသည် ဖန်သားပြင်ထံ သွားကာ အခြေခံပစ္စည်းပြုလုပ်ခြင်းကဏ္ဍမှ [အခြေခံ ပစ္စည်းလုပ်ဆောင်သည့် စားပွဲ] ကို နှိပ်လိုက်သည်။
[အခြေခံ ပစ္စည်းလုပ်ဆောင်သည့် စားပွဲ ပြုလုပ်ပြီးပါပြီ၊ ကျေးဇူးပြု၍ စားပွဲထားရှိမည့် နေရာကို ရွေးချယ်ပါ။]
သူ့ရှေ့တွင် ထမင်းစားစားပွဲခန့် ပမာဏရှိသော စားပွဲပုံရိပ်တစ်ခု ပေါ်လာသည်။ ခဏမျှ စဉ်းစားပြီးနောက် ရွှီရှင်းသည် ထိုစားပွဲကို တတိယထပ်၏ ထောင့်စွန်းတစ်နေရာတွင် ယာယီထားရှိရန် ဆုံးဖြတ်လိုက်သည်။
ပစ္စည်းများစွာ မရှိသေးသဖြင့် သူ အသေးစိတ် မစီစဉ်ရသေးပေ။ ရွှီရှင်း၏ စိတ်ကူးမှာ ပထမထပ်ကို ကုန်လှောင်ရုံအဖြစ်သုံးရန်၊ ဒုတိယထပ်ကို အလုပ်ရုံအဖြစ်သုံးရန်နှင့် တတိယထပ်ကို သူ၏ အနားယူရာနေရာအဖြစ် အသုံးပြုရန် ဖြစ်သည်။ သို့သော် ထိုသို့ခွဲခြားလိုက်ပါက ဖန်သားပြင်နှင့် အလှမ်းဝေးသွားမည်ဖြစ်သဖြင့် လောလောဆယ်တွင် တတိယထပ်၌သာ အားလုံးကို စုထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် ပထမထပ်က စတုရန်းမီတာ တစ်ရာကျော် ကျယ်ဝန်းသည်မဟုတ်ပါလား။
"ဝုန်း" ခနဲ အသံနှင့်အတူ ပစ္စည်းလုပ်ဆောင်သည့် စားပွဲမှာ ရွှီရှင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ၎င်းမှာ ကျောက်နှင့် သစ်သားကို အသုံးပြု၍ ပြုလုပ်ထားသော ရိုးရှင်းသည့် စားပွဲဖြစ်သော်လည်း ကြည့်ရသည်မှာ အတော်ပင် ပညာသားပါလှသည်။
စားပွဲ၏ နောက်ဘက်တွင် ရွေးချယ်စရာ အမျိုးမျိုးကို ပြသပေးနေသော ပုံရိပ်ယောင် ဖန်သားပြင်ငယ်လေးတစ်ခုလည်း ပါရှိသေးသည်။
"ဒါက ဘာလို့ ဒီလောက်တောင် အဆင့်မြင့်နေရတာလဲ" ရွှီရှင်း အကူညီမဲ့စွာ ညည်းညူမိသည်။
ပုံရိပ်ယောင် ဖန်သားပြင်ငယ်ပေါ်မှ အကြောင်းအရာများကို ကြည့်ရင်း ရွှီရှင်းမှာ အံ့အားသင့် သွားရသည်။
[ကျောပိုးအိတ် (အစိမ်းရောင်အဆင့်) - ပစ္စည်းထည့်ရန် နေရာ ၁၀ ခု ပါရှိသည်။ ပစ္စည်းအမျိုးအစားအလိုက် ပမာဏအမျိုးမျိုး ထည့်သွင်းနိုင်ပြီး ပစ္စည်းများ၏ အလေးချိန်ကို မူလအလေးချိန်၏ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသည်။ သားရေ (အစိမ်းရောင်) ၁ ခု နှင့် ကြိုး (အဖြူရောင်) ၃ ခု လိုအပ်သည်။]
ဤကျောပိုးအိတ်မှာ အမှန်တကယ် ပစ္စည်းကောင်းပင်။ ရွှီရှင်း၏ မျှော်လင့်ချက်အရ ကျောပိုးအိတ်ထဲက ပစ္စည်းများမှာ အလေးချိန်မရှိလျှင် ပိုကောင်းမည် ဖြစ်သော်လည်း ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးခြင်းမှာလည်း မဆိုးလှပေ။ အလေးချိန် ၈၀ ရာခိုင်နှုန်း လျော့သွားခြင်းမှာ သူ ပုံမှန်သယ်နိုင်သည့် ပမာဏထက် ငါးဆပို၍ သယ်နိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ၎င်းမှာ အစိမ်းရောင်အဆင့် ကျောပိုးအိတ်သာ ရှိသေးသည်။
"ဒါပေမဲ့ ဒီသားရေက ဘယ်ကရမှာလဲ။ ကြိုးကရော"
ရွှီရှင်း ခဏမျှ စဉ်းစားလိုက်ရာ အဖြေရသွားသည်။ သူသည် အစပြုသူကာကွယ်စောင့်ရှောက်မှု သုံးရက်အတွင်း ရှိနေဆဲဖြစ်ရာ ပတ်ဝန်းကျင်တွင် သားရဲများ မရှိသေးချေ။ ယခုအချိန်ထိ သူတွေ့ခဲ့သမျှ သတ္တဝါများမှာ ရန်မမူတတ်သော ငါး၊ ပုစွန်နှင့် အင်းဆက်များသာ ဖြစ်ပြီး ယုန်တစ်ကောင်ပင် မတွေ့ရသေးချေ။ ကြည့်ရသည်မှာ ကုန်းသတ္တဝါများမှာ အကာအကွယ်ပေးထားသည့် ကာလ ကုန်ဆုံးမှသာ ပေါ်လာပုံရသည်။
ကြိုးအတွက်မူ ရွှီရှင်းသည် ရေအိုင်ဘေးမှ ကျူပင်များကို ပြေးမြင်လိုက်သည်။ "ခဏနေရင် အဲ့ဒီကို သွားကြည့်ရမယ်" ဟု သူတွေးလိုက်သည်။
သူ ဆက်လက် ကြည့်ရှုလိုက်သည်။
[မီးတုတ် (အဖြူရောင်အဆင့်) - ညဘက်တွင် အပြင်ထွက်နိုင်ရန် ကူညီပေးမည့် ရိုးရှင်းသော မီးတုတ်ဖြစ်သည်။ မြင်ကွင်းကျဉ်းမြောင်းသဖြင့် သတိထားပါ၊ တောမီးရှို့မိပါက ပြစ်ဒဏ်ခတ်ခံရနိုင်သည်.. သစ်သား (အဖြူရောင်) ၁ ခု နှင့် မီးသွေး (အဖြူရောင်) သို့မဟုတ် ကျောက်မီးသွေး (အစိမ်းရောင်) ၁ ခု လိုအပ်သည်။]
[အကင်ဖို (အစိမ်းရောင်အဆင့်) - သစ်သားထည့်လိုက်ပါက အလိုအလျောက် လောင်ကျွမ်းပေးမည့် ရိုးရှင်းသော အကင်ဖိုဖြစ်သည်။ ဘာမဆို ကင်စားနိုင်သည် သံတုံး (အစိမ်းရောင်) ၃ တုံး လိုအပ်သည်။]
[အခြေခံ မီးဖို (အစိမ်းရောင်အဆင့်) - အနိမ့်ဆုံးအဆင့် မီးဖိုဖြစ်ပြီး သစ်သားဖြင့် အလိုအလျောက် လောင်ကျွမ်းနိုင်သည်။ ပစ္စည်းအချို့ကို အရည်ကျိုကြည့်ပါ၊ မထင်မှတ်ထားသော အံ့သြစရာများ ရရှိနိုင်သည် ကျောက်စရစ်ခဲ (အစိမ်းရောင်) သို့မဟုတ် ကျောက်တုံး (အစိမ်းရောင်) ၁၀၀ လိုအပ်သည်။]
[မီးလင်းဖို (အစိမ်းရောင်အဆင့်) - သစ်ပင်အိမ်၏ နံရံတွင် တပ်ဆင်နိုင်သည်။ သစ်သားဖြင့် အလိုအလျောက် လောင်ကျွမ်းပြီး မီးခိုးနှင့် အဆိပ်ငွေ့များကို စုပ်ယူပေးသည်။ ၎င်းမရှိပါက ဆောင်းရာသီတွင် အေးခဲနိုင်သည်ကို သတိပြုပါ ကျောက်စရစ်ခဲ (အစိမ်းရောင်) သို့မဟုတ် ကျောက်တုံး (အစိမ်းရောင်) ၁၀၀ လိုအပ်သည်။]
မီးနှင့်ပတ်သက်သော ပစ္စည်းများကို ကြည့်ရင်း ရွှီရှင်းက မေးစေ့ကို ပွတ်ကာ စဉ်းစားနေမိသည်။ သူ့တွင် အနီရောင် ဘယ်ရီသီးအကြီး ၃၀ ကျော် ရှိနေပြီး တောထဲတွင်လည်း ထိုအပင်များ ရှိသေးသည်။ ထိုအသီး၏ ညဘက်တွင် မြင်နိုင်စွမ်းရှိသော အစွမ်းမှာ မီးတုတ်ထက် အများကြီး ပိုသာလွန်ပေသည်။
သို့သော် မီးတုတ်မှာ ရွှေ့လျားနိုင်သော အလင်းရင်းမြစ် ဖြစ်သည့်အပြင် သားရဲများကိုလည်း ခြောက်လှန့်နိုင်စွမ်း ရှိသဖြင့် အချို့ကိုတော့ ပြုလုပ်ထားရန် လိုအပ်ပေလိမ့်မည်။
---
သူ၏ ဂိမ်းကစားခဲ့ဖူးသော အတွေ့အကြုံအရ မီးဖိုတစ်ခုရှိလျှင် မီးသွေးကို ထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး မီးသွေးမှာ အဖြူရောင်အဆင့်ဖြစ်သဖြင့် သာမန်သစ်သား (အဖြူရောင်) ရှိလျှင်ပင် လုံလောက်ပေလိမ့်မည်။ ကျောက်မီးသွေးကိုမူ ဤအဆင့်တွင် ထည့်သွင်းစဉ်းစားရန် မလိုသေးချေ။
အကင်ဖိုမှာ ပစ္စည်းကောင်းတစ်ခုဖြစ်သော်လည်း သူ့တွင် သံတုံးများ မရှိသေးချေ။ သို့သော် သူ စိတ်မပူမိပါ။ မကြာမီ ဒေသတွင်း ဆက်သွယ်ရေးလိုင်း ပွင့်တော့မည်ဖြစ်ပြီး ပစ္စည်းလဲလှယ်သည့် စနစ်ပါလာလျှင် တစ်စုံတစ်ယောက်၏ သစ်ပင်အိမ်မှာ သံသတ္တုတွင်းများနှင့် နီးစပ်နေနိုင်ရာ ထိုသူများထံမှ ဝယ်ယူနိုင်မည် ဖြစ်သည်။
မီးလင်းဖိုမှာမူ လောလောဆယ်တွင် အရေးတကြီး မလိုအပ်သေးချေ။ အလွန်ပူပြင်းသော နွေရာသီအလယ်ခေါင် ဖြစ်သဖြင့် လက်တိုအင်္ကျီဝတ်ထားလျှင်ပင် ချွေးထွက်နေရပြီး ညဘက်များမှာလည်း ပူအိုက်နေဆဲ ဖြစ်သည်။ လက်ရှိတွင် ဤပစ္စည်းမှာ မလိုအပ်သေးဟု ဆိုရမည်။
စဉ်းစားကြည့်လျှင် အခြားသော အသက်ရှင်ကျန်ရစ်သူ အများစုမှာ ပစ္စည်းလုပ်ဆောင်သည့် စားပွဲကို ဤမျှစောစော ပြုလုပ်နိုင်ကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အစိမ်းရောင်အဆင့် အရင်းအမြစ်များကို ရှာဖွေရန် ခက်ခဲသောကြောင့် ဖြစ်သည်။ အကယ်၍ ဆောင်းရာသီသာ စောစောရောက်လာခဲ့လျှင် လူအများအပြားမှာ အေးခဲသေဆုံးသွားနိုင်ပေသည်။
ရွှီရှင်းသည် ဖန်သားပြင်ပေါ်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ည ၁၁ နာရီကျော်နေပြီ ဖြစ်သည်။ ဆိုလိုသည်မှာ အစပြုသူကာလ၏ တတိယမြောက်နေ့သည် စတင်တော့မည် ဖြစ်သည်။ သူသည် [ဒေသတွင်း ဆက်သွယ်ရေးလိုင်း] ကို ဖွင့်ကြည့်လိုက်ရာ လိုင်းစတင်ပွင့်မည့်အချိန်အတွက် နောက်ပြန်ရေတွက်မှုကို တွေ့လိုက်ရသည်။
[ဆက်သွယ်ရေးလိုင်း ပွင့်ရန် ၆ နာရီ ၅၃ မိနစ် ]
ကြည့်ရသည်မှာ မနက်ဖြန် နံနက် ၆ နာရီတွင် လိုင်းစတင်ပွင့်မည် ပုံရသည်။ ရွှီရှင်းသည် ကျွီကျွီမြည်နေသော သစ်သားကုတင်ပေါ်တွင် လှဲချလိုက်ပြီး တစ်နေ့ကုန် ပင်ပန်းခဲ့သမျှကြောင့် ခဏချင်းပင် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် ရွှီရှင်းသည် အကြောင်းကြားချက် အသံတစ်ခုကြောင့် နိုးလာခဲ့သည်။
[ဒေသတွင်း ဆက်သွယ်ရေးလိုင်း ပွင့်ပါပြီ။ လက်ရှိနယ်မြေ - တောနက်ဇုန် ၁၈၈၊ လက်ရှိလူဦးရေ - ၉၉၉၇ ဦး။ ယနေ့မှစ၍ သင်သည် တစ်ယောက်တည်း မဟုတ်တော့ပါ။ နောက်ဆုံးသတိပေးချက်အနေဖြင့် သင်တစ်ဦးတည်းပိုင်ဆိုင်သော သစ်ပင်အိမ်လေးကို စွန့်ခွာခြင်း မပြုပါနှင့်။ ယခုပင် အခြားသူများနှင့်အတူ အသက်ရှင်သန်နိုင်ရန် ကြိုးစားလိုက်ပါ]
အိပ်ရေးပျက်၍ စိတ်တိုနေသော်လည်း ဤအသံကို ကြားသည်နှင့် ရွှီရှင်းမှာ ခုတင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်သည်။ သူသည် ကုတင်ကို ဖန်သားပြင်ဘေးတွင် ထားထားသဖြင့် လက်လှမ်း၍ [ဒေသတွင်း ဆက်သွယ်ရေးလိုင်း] ကို နှိပ်လိုက်သည်။
ဆက်သွယ်ရေးလိုင်းတွင် သူ ထင်ထားသည့်အတိုင်းပင် စကားပြောခန်း နှင့် ပစ္စည်းလဲလှယ်ရေးကဏ္ဍ ဟူ၍ နှစ်မျိုး ပါဝင်သည်။ သူသည် စိတ်အားထက်သန်စွာဖြင့် စကားပြောခန်းကို နှိပ်လိုက်ရာ မည်သူမျှ စကားမပြောကြသေးသဖြင့် လုံးဝ တိတ်ဆိတ်နေသည်ကို တွေ့ရသည်။ ရုတ်တရက် တိတ်ဆိတ်နေသော စကားပြောခန်းထဲတွင် စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။
"တစ်ယောက်ယောက် ရှိလား..."
ထိုစာသား ပေါ်လာသည်နှင့် တစ်ပြိုင်နက် စကားပြောခန်းမှာ ချက်ချင်း သက်ဝင်လှုပ်ရှားလာတော့သည်။
"တကယ်ကြီး လူတွေ ရှိနေတာပဲ"
"ဟာ... နောက်ဆုံးတော့တွေ့ရပြီဟေ့"
"နှစ်ရက်ရှိပြီ၊ နှစ်ရက်ကြီးတောင်....ဒီနှစ်ရက်အတွင်းမှာ ငါ ဘယ်လို ဖြတ်သန်းခဲ့ရလဲ မင်းတို့ သိလား"
"အခု ဘာတွေ ဖြစ်နေတာလဲ"
စကားပြောခန်းအတွင်း တုံ့ပြန်မှု အမျိုးမျိုးမှာ တရစပ် တက်လာတော့သည်။
"မင်းတို့ရော သစ်ပင်အိမ်ထဲမှာပဲလား"
"ဟုတ်တယ်၊ ဟုတ်တယ်။ လူတိုင်းကို သစ်ပင်အိမ်မျိုးစေ့ တစ်ခုစီ ပေးထားတာပဲ မဟုတ်လား"
"ငါလည်း အတူတူပဲ"
"ငါရောပဲ"
"ဒါနဲ့ ဒီဖန်သားပြင်ကြီးကတော့ တကယ့်ကို အဆင့်မြင့် နည်းပညာပဲနော်"
"ဘယ်လို ပြန်ရမလဲဆိုတာ ဘယ်သူသိလဲ။ ငါ ဂိမ်းတောင် မပိတ်ခဲ့ရသေးဘူး စားပွဲပေါ်မှာ မှောက်အိပ်နေရင်း ဒီကို ရောက်လာတာ"
စကားပြောခန်းအတွင်း မရပ်မနား ပြောဆိုနေကြသည်ကို ကြည့်ရင်း ရွှီရှင်း မပြုံးဘဲ မနေနိုင်ချေ။ အချို့သော စကားပြောဆိုမှုများမှာ အမည်ရင်းများဖြင့် ပေါ်နေပြီး အချို့မှာမူ အမည်ဝှက်ဖြင့် ပေါ်နေသည်။ ရွှီရှင်းသည် စာရိုက်သည့်နေရာကို နှိပ်လိုက်ရာ အသံဖြင့် ပြောနိုင်သည့် လုပ်ဆောင်ချက်လည်း ပါရှိသည်ကို တွေ့လိုက်ရသည်။
[ကျေးဇူးပြု၍ အမည်ဝှက်ဖြင့် ပြောဆိုလိုခြင်း ရှိ၊ မရှိ ရွေးချယ်ပါ။]
ရွှီရှင်းက 'ရှိသည်' ကို ရွေးချယ်လိုက်သည်။ လောလောဆယ်တွင် အခြေအနေကို စောင့်ကြည့်ရန်သာ သူ ဆုံးဖြတ်ထားသည်။ သူသည် မိသားစုဝင်များနှင့် သူငယ်ချင်းအချို့၏ အမည်များကို ခေါ်ယူရှာဖွေကြည့်သော်လည်း မည်သူမျှ ပြန်မထူးချေ။ သို့သော် စကားပြောခန်းအတွင်း၌ ဆွေမျိုးသူငယ်ချင်း ရှာပုံတော်ဖွင့်သံများမှာ အလွန်ပင် ဆူညံနေတော့သည်။
"ကျန်းစန်း... ကျန်းစန်း ရှိလား။ ဒီဇုန်ထဲမှာ ကျန်းစန်း ရှိလား"
"လီစစ်... မင်းအဖေက အိမ်ပြန်လာပြီး ထမင်းစားဖို့ ခေါ်နေတယ်ဟေ့"
"ဝမ်ဝူ... ဝမ်ဝူ... ငါက မင်းရဲ့ ရည်းစားပါ။ ဒါကို တွေ့ရင် ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ"
သို့သော် ထိုခေါ်သံများမှာ အမည်တူသူအချို့၏ တုံ့ပြန်မှုမှလွဲ၍ ထူးခြားသော အဖြေများ မရရှိခဲ့ကြချေ။
အခန်း ၇ ပြီး.