ပထမဆုံး အရောင်းအဝယ်
Vol. 1 Ch. 8
ရွှီရှင်းသည် ခေတ္တစဉ်းစားလိုက်ပြီးနောက် မေးခွန်းတစ်ခု မေးလိုက်သည်။
"သူငယ်ချင်းတို့... မင်းတို့ အသက်တွေက ဘယ်လောက်လဲ"
သူ တစ်ခါမေးလိုက်သော်လည်း စကားပြောခန်းအတွင်း စာများမှာ တရစပ်တက်နေသဖြင့် ပျောက်သွားရသည်။ ထို့ကြောင့် ရွှီရှင်းမှာ အကြိမ်ပေါင်းများစွာ ထပ်မေးလိုက်ရ၏။
"ဘာဖြစ်လို့လဲဗျ၊ ကျွန်တော်ကတော့ တက္ကသိုလ်ဘွဲ့ရပြီး အလုပ်စဝင်နေပြီ"
"ကျွန်တော်က ၁၈ နှစ်ပါ၊ တက္ကသိုလ် ပထမနှစ်"
"ငါလည်း တက္ကသိုလ်ကျောင်းသားပဲ၊ တတိယနှစ်"
"မင်းတို့တွေက ငယ်သေးတာပဲ၊ ငါကတော့ ၂၉ နှစ်ရှိပြီ၊ ၃၀ ထဲ ဝင်တော့မယ်"
"အစ်ကိုကြီး... လက်ဝါးချင်းရိုက်လိုက်စမ်းပါ။ ကျွန်တော်က ၂၈ နှစ်၊ လူပျိုကြီးဗျ။ ဒီထဲမှာ အမျိုးသမီးတွေများ ပါလားဟင်"
"ဒီအချိန်ကြီးမှာ မိန်းကလေးအကြောင်း ပြောနေသေးတယ် ငစားပဲ"
"ငစားဖြစ်တော့ ဘာဖြစ်လဲ၊ မိန်းကလေးဆိုတာ လိုအပ်ချက်ပဲလေ"
ရွှီရှင်းသည် ထိုသူများ၏ အသက်အရွယ်ကို ကြည့်လိုက်ရာ အငယ်ဆုံး ၁၈ နှစ်မှ အကြီးဆုံး ၃၀ ထက် မပိုကြောင်း တွေ့ရသည်။ ကြည့်ရသည်မှာ ဤအသက်အရွယ်အပိုင်းအခြားကိုသာ ရွေးချယ်ထားပုံရသည်။
သူကိုယ်တိုင်လည်း တက္ကသိုလ်ဘွဲ့ရထားသည်မှာ တစ်နှစ်ပင် မပြည့်သေးချေ။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးနောက် သူနှစ်သက်သော ကျောင်းရသဖြင့် စက်တင်ဘာလတွင် ကျောင်းတက်ရန် အိမ်မှာ စောင့်ဆိုင်းနေသူ ဖြစ်သည်။
"လူတိုင်းက အသက် ၁၈ နဲ့ ၃၀ ကြားမှာပဲ ရှိနေကြတာပေါ့..." ရွှီရှင်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် အသံဖြင့် စာရိုက်သည့်စနစ်ကို မပိတ်ထားသဖြင့် ထိုစကားမှာ စကားပြောခန်းထဲသို့ ရောက်သွားတော့သည်။
"တကယ်ကြီးပဲ"
"သောက်ကျိုးနည်း... ငါက အခုမှ ၁၈ ပြည့်တာလေ။ အသက်မပြည့်ခင် ဂိမ်းကစားခွင့် ပိတ်ပင်ခံထားရလို့ အခု တစ်သက်လုံး ဂိမ်းကစားခိုင်းနေတာလား"
"...မနေ့က ငါ့ရဲ့ ၃၁ နှစ်ပြည့် မွေးနေ့။ တစ်ရက်လောက် စောမွေးခဲ့ရင် ဒီကို ရောက်လာမှာ မဟုတ်ဘူး။ ငါ ဘာလို့ နှစ်ရက်လောက် စောမွေးမလာခဲ့တာလဲ..."
ခဏမျှ စောင့်ကြည့်လေ့လာပြီးနောက် ဤကမ္ဘာသို့ ရောက်ရှိလာသော အသက်ရှင်ကျန်ရစ်သူများမှာ မည်သို့သော လူစားမျိုးဖြစ်ကြောင်း ရွှီရှင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။
ပထမအချက်မှာ လူတိုင်း အသက် ၁၈ မှ ၃၀ ကြား ဖြစ်ခြင်း၊ တစ်နိုင်ငံလုံး အနှံ့အပြားမှ လာခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်းတို့ ဖြစ်သည်။ ထို့ပြင် အသက် ၃၀ ဝန်းကျင်ရှိသူများ၏ စကားအရ ၎င်းတို့မှာ လူပျိုလူလွတ်များ သို့မဟုတ် အိမ်ထောင်ရှိသော်လည်း သားသမီး မရှိသေးသူများ ဖြစ်ကြသည်။
ကြည့်ရသည်မှာ ဤဂိမ်းသည် အသက်ရှင်ကျန်ရစ်သူများကို စနစ်တကျ ရွေးချယ်ထားခြင်း ဖြစ်သည်။ ဤလူစုမှာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားလျှင်ပင် အခြားသူများ၏ ဘဝကို အလွန်အမင်း ထိခိုက်မှု မရှိနိုင်ပေ။ ၎င်းတို့၏ မိဘများမှာ အသက်သိပ်မကြီးသေးသလို၊ မိမိကိုယ်ကို မရပ်တည်နိုင်သေးသော ကလေးငယ်များလည်း ၎င်းတို့တွင် မရှိကြချေ။
အမှန်အတိုင်းပြောရလျှင် ရွှီရှင်း စိတ်အေးသွားရသည်။ သူ၏ ဆွေမျိုးသားချင်းများ ဤအသက်ရှင်ကျန်ရစ်ရေး ဂိမ်းထဲသို့ ပါလာမည်ကို သူ အလွန်စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ထိုသို့ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားလေပြီ။ ဒါကတော့ သူ့ခန့်မှန်းချက်သာ ဖြစ်သည်။ အမှန်တရားကို မည်သူမျှ မသိနိုင်သော်လည်း မိမိအတွက် ကောင်းမွန်မည့်အရာကိုသာ သူ ယုံကြည်ချင်သည်။
"သူငယ်ချင်းတို့... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"
"ဟုတ်ပါရဲ့၊ ငါကတော့ သစ်ပင်အိမ်ထဲမှာပဲ နှစ်ရက်လုံး အောင်းနေတာ။ အပြင်ထွက်ဖို့ ကြောက်လို့။ အခု ပေါင်မုန့်နဲ့ ရေကလည်း ကုန်တော့မယ်"
"လူတိုင်းမှာ ပေါင်မုန့်နဲ့ ရေ ပါတာလား။ ငါက ငါပဲ ကံကောင်းလို့ ရတာ ထင်နေတာ..."
ဤအချိန်တွင် စကားပြောခန်း၌ စကားပြောသူ နည်းသွားသည်။ လူအတော်များများမှာ အလုပ်လုပ်ရန် သစ်ပင်အိမ်အပြင်ဘက်သို့ ထွက်သွားကြပြီ ဖြစ်နိုင်၏။ ရွှီရှင်းကတော့ အလောတကြီး မရှိလှပေ။
သူ၏ အလုပ်လုပ်နှုန်းမှာ အလွန်လျင်မြန်သည် မဟုတ်ပါလား။ သူသည် ပန်းသီးကို တစ်ကိုက် ကိုက်လိုက်ရင်း "မင်းတို့ သစ်ပင်အိမ်မျိုးစေ့တွေကို ဘယ်နေရာတွေမှာ စိုက်ခဲ့ကြလဲ" ဟု မေးလိုက်သည်။
"ဘယ်မှာ စိုက်ရမှာလဲဗျာ။ နာရီဝက်လောက် လျှောက်ကြည့်တာ သစ်ပင်တွေပဲ မြင်ရတာနဲ့ တွေ့တဲ့နေရာမှာပဲ စိုက်လိုက်တာပေါ့"
"ငါကတော့ စမ်းချောင်းလေးတစ်ခု တွေ့တာနဲ့ အဲ့နားမှာ စိုက်လိုက်တယ်!"
"တကယ်ကြီးလား ဒါဆို မင်းဆီမှာ ရေအရင်းအမြစ်တွေ အများကြီး ရှိမှာပေါ့"
"သူငယ်ချင်းကောင်းကြီးရာ... ရေလေး နည်းနည်းလောက် ခွဲပေးပါဦး။ ငါ့ဆီမှာ ရှိတဲ့ ငါးပုလင်းက ကုန်တော့မယ်!"
ရွှီရှင်းသည် သစ်သီးစားရင်း ၎င်းတို့၏ တုံ့ပြန်မှုများကို ကြည့်နေမိသည်။ ယခု စကားပြောနေသူများမှာ အလွန်ဆုံး စမ်းချောင်းလေးတစ်ခုကိုသာ ရှာတွေ့ကြပြီး သူ့ကဲ့သို့ အရင်းအမြစ်ပေါများသော နေရာမျိုးကို မတွေ့ကြသေးသည်မှာ ထင်ရှားလှသည်။
"မင်းတို့ရဲ့ သစ်ပင်အိမ်တွေကော 'ပုကွသော သစ်ပင်အိမ်' တွေပဲလား" တစ်စုံတစ်ယောက်က မေးလိုက်သည်။
"ဒါပေါ့... ဘာဖြစ်လို့လဲ။ သစ်ပင်အိမ်တွေက အမျိုးမျိုး ရှိတာလား"
"အခုမှ အစပဲ ရှိသေးတာလေ၊ 'ပုကွသော သစ်ပင်အိမ်' ရတာတောင် မဆိုးပါဘူး"
"ငါ့ဟာလည်း 'ပုကွသော သစ်ပင်အိမ်' ပဲ။ တကယ်ကို သေးတာဗျာ၊ စတုရန်းမီတာ ၂၀ တောင် မပြည့်ဘူး။ ကျောင်းက အဆောင်ခန်းလောက်ပဲ ရှိတယ်"
အခြားသူများသည် ရွှီရှင်းကဲ့သို့ ပစ္စည်းအဆင့်အတန်းအရောင်များကို မမြင်နိုင်သော်လည်း ပစ္စည်းအမည်များကိုမူ မြင်နိုင်ကြပေသည်။ ရုတ်တရက် လူတစ်ယောက်၏ စာသားက သူ့အာရုံကို ဖမ်းစားသွားသည်။
"ဘာ 'ပုကွသော သစ်ပင်အိမ်' လဲ။ 'သစ်ပင်အိမ်အသေး' မဟုတ်ဘူးလား"
ထိုသူမှာ အမည်ဝှက် မသုံးဘဲ အမည်ရင်းဖြင့် ပြောဆိုနေခြင်းဖြစ်ကြောင်း ရွှီရှင်း သတိပြုမိလိုက်သည်။
---
လီဝမ်ရှီး ...
ကြည့်ရတာ အမျိုးသမီးနာမည်တစ်ခု ဖြစ်ပုံရတယ်။
သူမ၏စာသားမှာ အခြားစာများကြားတွင် ထူးခြားမှု ရှိမနေသော်လည်း ခဏချင်းပင် မြုပ်သွားခဲ့သည်။
ကံကောင်းသူများ တကယ်ရှိနေပုံရသည်။ သို့သော် သူ့လိုမျိုး မြေဆီလွှာကောင်းသောနေရာကို ရှာတွေ့နိုင်သူမှာတော့ ဤလူတစ်သောင်းနီးပါးထဲတွင် နောက်တစ်ယောက် ရှိနိုင်မည်မဟုတ်ချေ။
အကယ်၍ ကံကောင်းရုံသက်သက်ဖြင့် ရှာတွေ့ခဲ့သည်ဆိုလျှင် ထိုသူမှာ ကံကောင်းသည်ထက် ပို၍ "ကံကြမ္မာ၏ မျက်နှာသာပေးမှုကို ခံရသူ" ဟုပင် ဆိုရပေလိမ့်မည်။ သူ့လိုမျိုး အရာဝတ္ထုခွဲခြားစစ်ဆေးနိုင်စွမ်း ရှိနေလျှင်တော့ တစ်မျိုးပေါ့။
ရွှီရှင်းသည် စကားပြောခန်းထဲမှ ထွက်လိုက်ပြီး ပစ္စည်းလဲလှယ်ရေးကဏ္ဍထဲသို့ ဝင်လိုက်ရာ အရောင်းအဝယ် သတင်းအချက်အလက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
"သစ်သား (အဖြူရောင်အဆင့်) ၂၀ ကို ရေပုလင်း (အစိမ်းရောင်အဆင့်) ၁ ပုလင်း သို့မဟုတ် အခြားရေအရင်းအမြစ်နှင့် လဲပါမည်။"
"ကျောက်တုံး (အဖြူရောင်အဆင့်) ၁၀ လုံးကို မည်သည့်အစားအစာနှင့်မဆို လဲပါမည်။"
ဤအရောင်းအဝယ်များမှာ ကြည့်ရှုရန်ပင် မတန်လှချေ။ အဖြူရောင်အဆင့် သစ်သားနှင့် ကျောက်တုံးများမှာ လူတိုင်း အလွယ်တကူ ရနိုင်သောအရာများ ဖြစ်ကြရာ ၎င်းတို့ကို အစားအစာ သို့မဟုတ် ရေနှင့် လဲလှယ်ရန် ကြိုးစားခြင်းကို မည်သူကမျှ သဘောတူမည်မဟုတ်ပေ။
ရွှီရှင်းသည် ခေါင်းခါလိုက်ပြီး ပစ္စည်းလဲလှယ်ရေးကဏ္ဍမှ ထွက်၍ အပြင်သွားရန် ပြင်ဆင်နေစဉ်မှာပင် အရောင်းအဝယ်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားပြန်သည်။
"သံသတ္တုရိုင်း (အစိမ်းရောင်အဆင့်) ကို မည်သည့် အပြာရောင်အဆင့် ပစ္စည်းနှင့်မဆို လဲပါမည်။ အရေအတွက်ကို သီးသန့်စကားပြောခန်းတွင် ဆွေးနွေးပါမည်။"
"အိုး..." ရွှီရှင်း၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားသည်။
သံသတ္တုရိုင်းတဲ့လား ... အကင်ဖိုပြုလုပ်ရန် လိုအပ်သော သံတုံး (အစိမ်းရောင်အဆင့်) များကို ဤသံသတ္တုရိုင်းမှတစ်ဆင့် အရည်ကျိုယူရမည်ဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။
ပြီးတော့ အပြာရောင်အဆင့်နှင့် လဲမည်ဟု ဆိုထားသဖြင့် ထိုသူသည် ခွဲခြားစစ်ဆေးသည့် စားပွဲကို အသုံးပြုနေပြီမှာ သေချာသည်။ ထိုစားပွဲမရှိဘဲ ပစ္စည်းတစ်ခုမှာ အဆင့်မြင့် အပြာရောင်အဆင့် ဖြစ်သည်ကို သိနိုင်ရန် မလွယ်ကူပေ။
"အခြေခံ ခွဲခြားစစ်ဆေးသည့် စားပွဲ" (သစ်သား ၂၀၊ ကျောက်တုံး ၂၀ လိုအပ်သည်) မှာ သူ့အတွက် အသုံးမဝင်သော်လည်း အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက်မူ မရှိမဖြစ် အခြေခံကိရိယာတစ်ခု ဖြစ်ပေလိမ့်မည်။
ရွှီရှင်းသည် ပစ္စည်းတင်ထားသူ၏ နာမည်ကို ကြည့်လိုက်ရာ ကြောင်သွားရသည်။
လီဝမ်ရှီး ...။
စောစောက 'သစ်ပင်အိမ်အသေး' ကို စိုက်နိုင်ခဲ့သည်ဟု ပြောသော အမျိုးသမီး မဟုတ်ပါလား။ တကယ့်ကို ကံကောင်းသူပင်။ သစ်ပင်အိမ်အသေးကို စိုက်နိုင်ရုံတင်မက အပြာရောင်အဆင့် ပစ္စည်းနှင့် သံသတ္တုရိုင်းကိုပါ ရှာတွေ့ထားသည်လား။
"ဟင်... ဒီအမျိုးသမီးကရော ငါ့လိုမျိုး အရင်းအမြစ်ပေါများတဲ့ နေရာမျိုးမှာ ရောက်နေတာများလား"
ရွှီရှင်းသည် သူမထံသို့ သီးသန့်စကားပြောခန်းမှတစ်ဆင့် ချက်ချင်း ဆက်သွယ်လိုက်သည်။
"နေကောင်းလား... မင်းဆီမှာ သံသတ္တုရိုင်းတွေ ရှိတာလား"
တစ်ဖက်မှ ချက်ချင်းပင် ပြန်စာရောက်လာသည်။
"ရှိပါတယ်၊ အပြာရောင်အဆင့် ပစ္စည်းနဲ့ လဲမှာပါ။"
"မင်းလက်ထဲမှာရော အပြာရောင်အဆင့် ပစ္စည်းတွေ ရှိနေလို့လား" ရွှီရှင်းက ထပ်မေးလိုက်သည်။
တစ်ဖက်မှ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် "ရှိပါတယ်" ဟု ပြန်ဖြေသည်။
ဒီကောင်မလေးက တော်တော်လေး အေးစက်စက်နိုင်တာပဲ။
"ငါ့မှာ နှစ်နာရီကြာ ညဘက်မှာ မြင်နိုင်စွမ်းရှိစေမယ့် အနီရောင်ဘယ်ရီသီးတွေ ရှိတယ်။ လဲချင်လား" ရွှီရှင်းက တိုက်ရိုက်ပင် မေးလိုက်သည်။
"လဲမယ်" ပြန်စာက အလွန်လျင်မြန်စွာ ရောက်လာသည်။
"သံသတ္တုရိုင်း ဘယ်လောက်နဲ့ လဲမှာလဲ"
"ငါ မင်းနဲ့ ရေရှည် အရောင်းအဝယ် လုပ်ချင်တယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ မင်းရှာတွေ့ထားတဲ့ အပြာရောင်အဆင့် ပစ္စည်းရဲ့ အသုံးဝင်ပုံကို သိချင်တယ်"
တစ်ဖက်လူက စကားအပို မပြောချေ။ ရွှီရှင်းသည် အပြာရောင်အဆင့် ပစ္စည်းများ၏ ထူးခြားသော အစွမ်းအကြောင်းကို သိနေသည်ဟု သူမက ယုံကြည်သွားပုံရသည်။ ထို့ကြောင့် တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
"[ကျောက်တုံး (အပြာရောင်အဆင့်) - ကျောက်ကိရိယာတွေ ပြုလုပ်တဲ့အခါ ဒီကျောက်တုံးတစ်တုံး ထည့်သုံးရုံနဲ့ ကိရိယာရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာ တိုးတက်စေတယ်။]"
"သောက်ကျိုးနည်း" ရွှီရှင်း အံ့သြစွာ ရေရွတ်မိသည်။
ဒါ တကယ်ကို ပစ္စည်းကောင်းပဲ။ လောလောဆယ်တွင် အစိမ်းရောင်အပင်တစ်ပင်ကို ခုတ်လှဲရန် ကျောက်ပုဆိန်ဖြင့် ဆယ်ချက်ခုတ်ရသည်။ ဤကျောက်တုံးကို သုံးလိုက်လျှင် အလုပ်ပိုတွင်လာပေလိမ့်မည်။
ကျောက်ကိရိယာတစ်ခု၏ ကြံ့ခိုင်မှုမှာ ၂၀၀ သာ ရှိသဖြင့် အချက်ရေ နည်းနည်းနှင့် ခုတ်နိုင်ခြင်းက အလုပ်တွင်ကျယ်စေရုံတင်မက ကိရိယာတစ်ခုဖြင့် သစ်ပင်များစွာကို ပိုမိုခုတ်လှဲနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ပြင် လက်ရှိ ကျောက်ပေါက်ချွန်းဖြင့် အပြာရောင်အဆင့် ကျောက်တုံးများကို မတူးဖော်နိုင်သေးသဖြင့် ဤကျောက်တုံးများမှာ ပို၍ပင် အဖိုးတန်လှသည်။
သူသည် အသံဖြင့် စာရိုက်နေခြင်းဖြစ်သဖြင့် "သောက်ကျိုးနည်း" ဆိုသည့် စကားမှာ စာထဲသို့ တိုက်ရိုက် ပါသွားခဲ့ရာ ရွှီရှင်း အနည်းငယ် အရှက်ရသွားသည်။
"..."
တစ်ဖက်မှလည်း ဘာပြန်ပြောရမှန်းမသိဘဲ အစက်ကလေးများသာ ပို့လာတော့သည်။
အခန်း ၈ ပြီး...