← Chapters

အပင်မျိုးစေ့များ

Vol. 1 Ch. 11

အပင်မျိုးစေ့များ

Vol. 1 Ch. 11

လီဝမ်ရှီး၏ ပုံစံ ကြည့်ရသည်မှာ အတော်လေး အဆင်ပြေလှသဖြင့် ရွှီရှင်းက သူမအား အကြံပြုချက်လေးတစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။

"မင်း သစ်ပင်အိမ်ပတ်လည်က မြေကြီးတွေကို တူးကြည့်ပြီး ခွဲခြားစစ်ဆေးတဲ့ စားပွဲပေါ် တင်ကြည့်ပါလား။ ဒီကမ္ဘာက မြေကြီးတွေမှာလည်း အဆင့်အတန်းတွေ ရှိတယ်၊ ဒါပေမဲ့ ငါတို့ မျက်စိနဲ့တော့ ခွဲလို့မရဘူးလေ"

"မြေကြီးကလည်း အရင်းအမြစ်တစ်ခုလား" လီဝမ်ရှီးသည် ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်ပြီး ဖန်သားပြင်ကို စိုက်ကြည့်ကာ စိတ်မရှည်စွာဖြင့် မေးတော့သည်။ "ရှင် ဘာတွေ ရှာတွေ့ခဲ့တာလဲ"

ရွှီရှင်းသည် မြေဆီလွှာနှင့် အပင်များကြားမှ သူရှာဖွေတွေ့ရှိခဲ့သော ဆက်နွှယ်မှု ပုံစံများကို လီဝမ်ရှီးအား ရှင်းပြလိုက်သည်။ သူမသည် နားထောင်ရင်းနှင့် သူမ၏ မျက်နှာအမူအရာမှာ ပိုမိုသက်ဝင်လှုပ်ရှားလာပြီး ရွှီရှင်းအား ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်လာတော့သည်။

"ရွှီရှင်း... မဟုတ်ပါဘူး၊ ဆရာကြီးလို့ ခေါ်ရမလား။ ဆရာကြီးက တကယ်ကို တော်တာပဲ၊ ကျွန်မကိုလည်း ခေါ်သွားပါဦး" လီဝမ်ရှီးက သူ့ကို စစ်သားတစ်ယောက်လို အလေးပြုလိုက်သည်။

လှပျိုဖြူလေးက တည်တည်တံ့တံ့နှင့် သူ့ကို အလေးပြုနေသည်ကို ကြည့်ပြီး ရွှီရှင်း မရယ်ဘဲ မနေနိုင်တော့ချေ။ "ငါပြောသမျှကို မင်းက အကုန်ယုံတာလား။ ကိုယ်တိုင် စမ်းသပ်မကြည့်ချင်ဘူးလား"

"ဘာကို စမ်းရမှာလဲ" လီဝမ်ရှီးက ကုတင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ပြန်ထိုင်လိုက်ရင်း "ကျွန်မ ပတ်ဝန်းကျင်မှာတော့ အပြာရောင်အပင်တွေ မတွေ့သေးဘူး။ ပြီးတော့ ရှင်က ကျွန်မ ကို လိမ်ပြောစရာ အကြောင်းမှ မရှိတာ၊ ဟုတ်တယ်မလား"

"မင်းကို တစ်စုံတစ်ယောက်က ရောင်းစားရင်တောင် မင်းက အဲ့ဒီလူအတွက် ပိုက်ဆံပြန်ထိုင်ရေပေးနေမယ့် ပုံစံမျိုးပဲ" ရွှီရှင်းက အကူညီမဲ့စွာ စနောက်လိုက်သည်။

"ရှင် ဘယ်လိုပြောလိုက်တာလဲ" စောစောကမှ ဆရာကြီး ဖြစ်နေပြီး ယခုမှ 'ဒီလူ' ဖြစ်သွားသဖြင့် လီဝမ်ရှီးက သူမ၏ ဗာဒံစေ့ပုံစံ မျက်လုံးကြီးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

"ရှင် ကျွန်မကို တကယ်ကြီး လိမ်နေတာလား"

"မင်းကို လိမ်လို့ ငါ့မှာ ဘာအကျိုးအမြတ် ရှိမှာလဲ" ရွှီရှင်း သူမကို မျက်လုံး လှန်ပြလိုက်သည်။

သူမမှာ အတော်လေး ရိုးအေးသော မိန်းကလေးတစ်ဦးဖြစ်ပြီး ချမ်းသာသော မိသားစုက အလွန်အမင်း အကာအကွယ်ပေးထားသဖြင့် ပတ်ဝန်းကျင်က လူတိုင်းကို လူကောင်းဟု ထင်နေပုံရသည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် အရင်းအမြစ်ပေါများပြီး ထူးခြားသော စွမ်းရည်ရှိသည့် ရွှီရှင်းနှင့် အရောင်းအဝယ် လုပ်နေရခြင်း ဖြစ်သည်။

ရွှီရှင်းမှာ အသက်ရှင်ရန်အတွက် သူတစ်ပါးကို လိမ်လည်ရန် မလိုအပ်ပေ။ မဟုတ်ပါက သူမမှာ တကယ်ကြီး လိမ်လည်ခံရနိုင်ပေသည်။

"ဟင်း..."

"ကဲပါ... စကားတွေ အများကြီး မပြောတော့ဘူး၊ အလုပ်လုပ်ရအောင်" ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး ကျောက်ပေါက်ချွန်းကို အရင်ချလိုက်သည်။ သူသည် အဆင့်မြှင့်ထားသော ကျောက်ဂေါ်ပြား တစ်ခု ပြုလုပ်ချင်နေသည်။ အဘယ်ကြောင့်ဆိုသော် သစ်ပင်များ ခုတ်လှဲပြီးသော်လည်း ငုတ်တိုများ ကျန်ရှိနေသဖြင့် ၎င်းတို့ကို ရှင်းလင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ကျောက်ဂေါ်ပြား ကို အသုံးပြုပါက မျိုးစေ့များ ရရှိနိုင်ခြေ ရှိသည်ကို သူ မှတ်မိနေသည်။

"ကျွန်မကတော့ အလုပ်မလုပ်ချင်တော့ဘူး၊ မနေ့က တစ်နေ့ကုန် ကျောက်တုံးတွေ သယ်ထားရလို့ တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ" လီဝမ်ရှီးက နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။ သူမသည် စကားပြောရသည်ကို သဘောကျနေပုံရသည်။

သူမအတွက်မူ ပြီးခဲ့သည့် ရက်အနည်းငယ်က ရှေ့လျှောက် ဘာဖြစ်လာမည်ကို မသိရဘဲ မိမိဘဝကို မိမိ မထိန်းချုပ်နိုင်သလို ခံစားခဲ့ရပြီး ကျောက်တူးတာကလွဲလို့ ဘာလုပ်ရမှန်း မသိခဲ့ချေ။ ယခုအခါ စကားပြောဖော် တွေ့ရှိခဲ့ရပြီဖြစ်ပြီး အရေးကြီးဆုံးမှာ ထိုသူက ချောမောသော လူငယ်တစ်ဦး ဖြစ်နေခြင်းပင်.. ထို့ကြောင့် သူမမှာ ဗီဒီယိုကို မပိတ်ချင်သေးပေ။

"ဒီနေ့က အစပြုသူကာကွယ်စောင့်ရှောက်မှုရဲ့ နောက်ဆုံးနေ့ပဲ။ မနက်ဖြန် ဘယ်လို သားရဲတွေ ရောက်လာမလဲ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ဒီနေ့မှာ ကျောက်တုံးတွေ တတ်နိုင်သမျှ များများ စုထားတာ ပိုကောင်းမယ်" ရွှီရှင်းက သူမကို ချက်ချင်းပင် တိုက်တွန်းလိုက်သည်။ ဤကဲ့သို့ နောက်ဆုံးနေ့ကို အလဟဿ အကုန်မခံသင့်ပေ။

"အင်း... ဟုတ်ပါပြီ" သူမ၏ ခြေလက်များ ကိုက်ခဲနေသော်လည်း ရွှီရှင်း ပြောသည်မှာ မှန်ကန်လှသည်။ ခဏမျှ စကားပြောလိုက်ရသဖြင့် ပြီးခဲ့သည့် နှစ်ရက်အတွင်း စုပြုံနေသော ဖိအားများမှာလည်း အတော်လေး လျော့ပါးသွားပြီ ဖြစ်သည်။

အားကစားကို စွဲစွဲမြဲမြဲ လုပ်နိုင်သော မိန်းကလေးဖြစ်သဖြင့် သူမ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှာ အခြားသူများထက် ပိုမိုအားကောင်းလှသည်။

"ဒါဆို... ဒီညကျရင် သတင်းအချက်အလက်တွေ ထပ်လဲကြတာပေါ့" လီဝမ်ရှီးက အနည်းငယ် နှမြောတသဟန်ဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ၊ ညကျမှ စကားပြောကြတာပေါ့" ရွှီရှင်းက ဗီဒီယိုကို ပိတ်လိုက်သည်။

သူသည် အပြာရောင်အဆင့် ကျောက်တုံးတစ်တုံးကို ယူ၍ ကျောက်ဂေါ်ပြား တစ်ခုကို တိုက်ရိုက် ပြုလုပ်လိုက်သည်။

[ပိုမိုကောင်းမွန်သော ကျောက်ဂေါ်ပြား (အစိမ်းရောင်အဆင့်) - အပြာရောင်အဆင့်နှင့် အောက်ရှိ မြေသားများကို တူးနိုင်သည်။ မြေပေါ်ရှိ အပင်များ၏ မျိုးစေ့ကို ရရှိနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိသည်။ ကြံ့ခိုင်မှု ၂၀၀ ရှိသည်။]

မျိုးစေ့ရရှိနိုင်ခြေမှာ အနည်းငယ်မျှသာ ရှိရာမှ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းမှာ အံ့သြစရာပင်။

ရွှီရှင်းသည် ကျောက်ပုဆိန်နှင့် ကျောက်ဂေါ်ပြား ကို ယူကာ သစ်ပင်အိမ်ပေါ်မှ ဆင်းပြီး အလုပ်ဆက်လုပ်တော့သည်။ ပိုကောင်းသော ကျောက်ဂေါ်ပြား မှာ သစ်ငုတ်တိုကို မြေကြီးထဲမှ တစ်ချက်တည်းနှင့် တူးထုတ်နိုင်ပေသည်။

[သာမန်မြေဆီလွှာ (အစိမ်းရောင်အဆင့်) ၁ ခု၊ သစ်သား (အစိမ်းရောင်အဆင့်) ၁ ခု နှင့် မိုးမခပင်မျိုးစေ့ ၁ ခု ရရှိပါသည်]

သစ်ငုတ်တိုမှာ သစ်သားတုံးအဖြစ် တိုက်ရိုက် ပြောင်းလဲသွားပြီး မျိုးစေ့တစ်ခုပါ ရရှိခဲ့သည်။ ရွှီရှင်းသည် မြေကြီးထဲမှ မျိုးစေ့ကို တူးထုတ်လိုက်သည်။

[မိုးမခပင်မျိုးစေ့ - မြေကြီးထဲတွင် စိုက်ပျိုးနိုင်သည်။ ဆယ်ရက်အတွင်း ခုတ်လှဲနိုင်သော မိုးမခပင်အဖြစ် ကြီးထွားလာမည်။]

ရွှီရှင်းသည် လက်ထဲမှ မျိုးစေ့ကို စစ်ဆေးကြည့်လိုက်သည်။ သစ်ပင်အိမ်မျိုးစေ့ကဲ့သို့ပင် ၎င်းတွင်လည်း အဆင့်အတန်း သတ်မှတ်ချက် မပါရှိသလို သူ၏ ခွဲခြားနိုင်စွမ်းဖြင့်လည်း အရောင်ကို မမြင်ရချေ။

မိုးမခပင်၏ အရည်အသွေးမှာ မြေဆီလွှာ၏ ကောင်းမွန်မှုအပေါ်တွင်သာ မူတည်လိမ့်မည်ဟု သူ တွေးလိုက်မိသည်။ တူးလိုက်သော နေရာမှာ ကျင်းဖြစ်သွားသဖြင့် ရွှီရှင်းက မြေကြီးဖြင့် ပြန်ဖို့လိုက်ပြီး ဆက်လက် တူးနေတော့သည်။ မကြာမီမှာပင် ရွှီရှင်းသည် မိုးမခပင်မျိုးစေ့ ၂၀ ကျော်နှင့် သစ်သား ၄၀ ကျော်ကို စုဆောင်းနိုင်ခဲ့သည်။

သို့သော် သူသည် မျိုးစေ့များကို မူလနေရာတွင် ပြန်မစိုက်ဘဲ သစ်ပင်အိမ်အောက်ခြေကို ပြန့်ပြူးသော မြေကွက်လပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ဘာလို ဖြစ်ဖြစ် သစ်ပင်အိမ်ပေါ် တက်တိုင်း သစ်ပင်မရှိသော နေရာကို လိုက်ရှာနေရသည်မှာ အလုပ်ရှုပ်လှသည်။ နောင်တွင် ဤမြေကွက်လပ်တွင် အခြားအသုံးဆောင်များ သို့မဟုတ် အပင်သေးများကို စိုက်ပျိုးနိုင်သည်။

ရွှီရှင်းသည် စုဆောင်းထားသော သစ်သားများကို အပေါ်ထပ်တွင် အရင်သွားထားလိုက်သည်။ ထို့နောက် တစ်နေ့ခင်းလုံး အခြားနေရာများတွင် သစ်ပင်ခုတ်ပြီး သစ်ပင်အိမ်အောက်ခြေမှ ငုတ်တိုများကို ရှင်းလင်းကာ ထိုနေရာလပ်များတွင် မျိုးစေ့များကို ပြန်လည်စိုက်ပျိုးခဲ့သည်။

သယံဇာတ မပြတ်တောက်စေရန် ရေရှည်စီမံကိန်း ချလိုက်ခြင်း ဖြစ်သည်။ မကြာမီ နေမွန်းတည့်ချိန်သို့ ရောက်ရှိလာသည်။ တတိယမြောက်နေ့၏ နေ့လယ်ခင်း ဖြစ်သည်။ ရွှီရှင်းသည် သစ်သားတုံးများဖြင့် ပြည့်နေသော ပထမထပ်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ချွေးများကို သုတ်လိုက်ရင်း နေ့လယ်စာ အရင်စားရန်နှင့် နေ့လယ်ပိုင်းတွင် မရောက်ဖူးသေးသော နေရာများကို သွားရောက် စူးစမ်းရန် သူ ဆုံးဖြတ်လိုက်သည်။ အကာအကွယ်ပေးထားသည့် ကာလ၏ နောက်ဆုံး တစ်ဝက်ကို အပြည့်အဝ အသုံးချရပေမည်။ ထိုသို့ မသွားမီ သူသည် ရေအိုင်ထဲတွင် ရေချိုးလိုက်သည်။

တစ်ကိုယ်လုံး စေးကပ်နေသည့် ခံစားချက်ကို သူ ဆက်လက် မအောင့်အည်းနိုင်တော့သောကြောင့် ဖြစ်သည်။ ရေချိုးပြီးနောက် အဝတ်အစားများကိုလည်း လျှော်ဖွင့်လိုက်သည်။ နွေရာသီဖြစ်ပြီး မွန်းတည့်နေမှာ အလွန်ပြင်းသဖြင့် ပြတင်းပေါက်တွင် လှန်းထားသော အဝတ်များမှာ ဆယ်မိနစ်အတွင်း ခြောက်သွေ့သွားတော့သည်။

ပြတင်းပေါက်အပြင်ဘက်တွင် ညောင်ပင်အရွက်များ အလွန်ထူထပ်သော်လည်း နေရောင်ခြည်မှာ အရွက်များကို ဖောက်ထွက်ကာ အခန်းထဲသို့ အလွယ်တကူ ရောက်ရှိနေသည်။ အရွက်များမှာ ဖောက်ထွင်းမြင်ရသည့် မှန်ချပ်များကဲ့သို့ပင်။ သစ်သီးအချို့စားရင်း ရွှီရှင်းသည် ပေါင်မုန့်တစ်ထုပ်ကို ဖွင့်လိုက်သည်။ နေ့လယ်ပိုင်း စူးစမ်းရေးခရီးအတွက် ခွန်အားဖြည့်ရန် လိုအပ်သည်။ စားနေရင်းနှင့် စကားပြောခန်းထဲကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။

"ရေရှိတဲ့သူ ရှိလား... ရေငတ်လို့ သေတော့မယ်..."

"ဒီကျိန်စာသင့်တဲ့ နေရာမှာ သစ်ပင်တွေကလွဲလို့ ဘာမှမရှိဘူး"

"အနားမှာ စမ်းချောင်း မရှိဘူးလား။ လမ်းလျှောက်ပြီး လိုက်ရှာကြည့်ပါလား"

"စမ်းချောင်းက ဘယ်မှာလဲ ငါက ဘယ်လိုသိမှာလဲ။ အဝေးကြီး လျှောက်သွားရင် သစ်ပင်အိမ်ကို ပြန်ရှာမတွေ့တော့မှာ စိုးတယ်၊ အိမ်ပြန်မလာနိုင်ရင် ဒုက္ခ"

"ငါ ဘာလို့ ငါ့သစ်ပင်အိမ်ကို ဒီနေရာမှာ စိုက်ခဲ့မိပါလိမ့်"

ရွှီရှင်းနှင့် လီဝမ်ရှီးတို့မှာ အပြာရောင်အဆင့် အရင်းအမြစ်များအကြောင်း ဆွေးနွေးနေကြသော်လည်း လူအများအပြားမှာမူ အခြေခံ အကျဆုံးဖြစ်သော ရေအရင်းအမြစ်ကိုပင် မရရှိနိုင်ဘဲ ဖြစ်နေကြသည်။ သို့သော် ရွှီရှင်းသည် ၎င်းတို့ကို ကူညီရန် အစီအစဉ်မရှိပေ။ ၎င်းတို့ကို ရေပေးဝေရန်မှာ ရေကို သယ်ယူရန် ခွက်များ၊ ပုံးများ လိုအပ်သည်။

သူသည် ရေကို အပေါ်ထပ်သို့ သယ်ယူရမည့် ပထမအဆင့်ကိုပင် မလုပ်ချင်ချေ။ ထိုသို့လုပ်ခြင်းမှာ အချိန်ကုန်လှပြီး သူ၏ အဖိုးတန်သော နောက်ဆုံး လက်ကျန် အားလပ်ရက် တစ်ဝက်ကို ထိုအလုပ်များအတွက် အကုန်မခံနိုင်ပေ။

ရေထည့်စရာ ပစ္စည်းများကို ပြုလုပ်နိုင်သည်။ ပစ္စည်းစာရင်းထဲတွင် သစ်သားပုံးများ၊ ဇလုံများနှင့် ပန်းကန်များကို အဖြူရောင်အဆင့် သစ်သားဖြင့်ပင် ပြုလုပ်နိုင်သည်။ အကာအကွယ်ပေးထားသည့် ကာလ ကုန်ဆုံးပြီး ကျောပိုးအိတ်တစ်ခု ပြုလုပ်နိုင်သောအခါမှသာ ရေအရင်းအမြစ်များကို စိတ်ကြိုက် ဖြန့်ဝေပေးရန် သူ စဉ်းစားလိမ့်မည်။ လောလောဆယ်တွင်တော့ ရေပို့သမားအလုပ်ကို မလုပ်နိုင်ပါ။ ထိုအလုပ်ကို လုပ်ချင်သော သူတော်စင်များသာ လုပ်ပါစေ။

ရေအရင်းအမြစ်မှာ ရှားပါးပုံရသော်လည်း ရေရှာတွေ့ထားသော သူများအတွက်မူ ၎င်းမှာ မကုန်ခမ်းနိုင်သော အရာဖြစ်သည်။ ထို့ကြောင့် ရေကို ပစ္စည်းကောင်းများနှင့် လဲလှယ်၍ မရနိုင်ဘဲ အလွန်ဆုံး အဖြူရောင်အဆင့် ပစ္စည်းများနှင့်သာ လဲနိုင်ပေလိမ့်မည်။

ရေရှာမတွေ့သော သူများတွင်လည်း အဖြူရောင်အဆင့် ပစ္စည်းများသာ ရှိနိုင်ရာ ရေကို ခက်ခက်ခဲခဲ သယ်ယူပြီး အဖြူရောင်ပစ္စည်းများနှင့် လဲလှယ်ရန်မှာ လူမိုက်များသာ လုပ်မည့်အလုပ် ဖြစ်ပေသည်။

အခန်း ၁၁ ပြီး

All Chapters