အရင်းအမြစ်နယ်မြေအား စူးစမ်းခြင်း
Vol. 1 Ch. 12
[လီဝမ်ရှီးက သင့်ထံ ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နေပါသည်၊ လက်ခံမလား]
ဒီချစ်စရာကောင်းတဲ့ ကောင်မလေးက မွန်းတည့်ချိန်ကြီး ဗီဒီယိုခေါ်နေတာလား။ ညကျမှ စကားပြောမယ် ပြောထားတာ မဟုတ်ဘူးလား။
ရွှီရှင်းမှာ အခုအချိန်တွင် အတွင်းခံပင် ဝတ်မထားသဖြင့် သဘာဝကျစွာပင် လက်မခံနိုင်ဘဲ ငြင်းပယ်လိုက်သည်။
"ဘာလို့ ငါ့ဖုန်းကို ချလိုက်တာလဲ" လီဝမ်ရှီးက စာပို့ခန်းတွင် ပြန်စာပို့လာသည်။
"အဝတ်တွေ လျှော်နေလို့ပါ" ရွှီရှင်းက ပြန်ဖြေလိုက်သည်။
"အော်... အော်"
[လီဝမ်ရှီးက သင့်ထံ အသံဖြင့် ခေါ်ဆိုမှု ပြုလုပ်နေပါသည်၊ လက်ခံမလား]
လက်ခံမည်။
"ဘာလို့ မွန်းတည့်ချိန်ကြီး အဝတ်လျှော်နေတာလဲ" ဖုန်းစဆက်သည်နှင့် လီဝမ်ရှီး၏ အသံ ထွက်ပေါ်လာသည်။
"မွန်းတည့်ချိန်က ပိုခြောက်လွယ်တယ်လေ။ ပြီးတော့ နေ့လယ်စာစားပြီးမှ လုပ်တာဆိုတော့ နေ့လယ်ပိုင်း အလုပ်တွေကို မနှောင့်ယှက်တော့ဘူးပေါ့"
"ဟုတ်သားပဲ၊ ကျွန်မကတော့ ညကျမှ ရေချိုးလေ့ရှိတာ"
"... အခုမှ စသိတဲ့သူနဲ့ ရေချိုးတဲ့အကြောင်း ပြောတာက သင့်တော်ရဲ့လား"
"ဟင် အော်... အာ... ကိစ္စမရှိပါဘူး၊ ရှင် မှ ကျွန်မကို မြင်ရတာမှ မဟုတ်တာ"
"... ဒါနဲ့ ဖုန်းခေါ်တာ ပြောစရာ ရှိလို့လား"
"အော်... ဒီမနက် အခြေအနေ ဘယ်လိုလဲလို့ မေးမလို့ပါ။ သစ်ပင် ဘယ်နှပင် ခုတ်ပြီးပြီလဲ"
"မင်းနဲ့ လဲဖို့တော့ လုံလောက်ပါတယ်။ မင်းကော... အပျင်းထူမနေဘူး မဟုတ်လား"
"ဘယ်လိုလုပ် အပျင်းထူမှာလဲ။ ကျွန်မ သစ်ပင်အိမ်ရဲ့ ပထမထပ်မှာ ကျောက်တုံးတွေနဲ့ ပြည့်နေပြီ။ ဒီနေ့လယ်တော့ အလုပ်မလုပ်တော့ဘူး၊ အနားယူဦးမယ်၊ တော်တော်လေး ပင်ပန်းနေပြီ" တစ်ဖက်တွင် လီဝမ်ရှီး၏ အသံမှာ ပျင်းရိနွမ်းနယ်နေပုံရသည်။
"ဒီနေ့လယ်ပိုင်းမှာ နည်းနည်းလောက် လျှောက်ကြည့်ပါလား၊ မရောက်ဖူးသေးတဲ့ ဘက်တွေကိုပေါ့။ နောက်ဆုံးကျန်တဲ့ ဘေးကင်းတဲ့ နေ့လယ်ခင်းကို အလဟဿ အကုန်မခံနဲ့လေ"
"... ရှင်က တကယ့် အရင်းရှင်ကြီးအတိုင်းပဲ"
"ငါက ဘာလို့ အရင်းရှင် ဖြစ်ရမှာလဲ။ မင်းက ငါ့အတွက် အလုပ်လုပ်ပေးနေတာမှ မဟုတ်တာ"
"ကောင်းပါပြီ၊ ကောင်းပါပြီ။ ဒီနေ့လယ် လျှောက်ကြည့်လိုက်ပါဦးမယ်၊ ပစ္စည်းကောင်းတွေ ရှာတွေ့ရင် တွေ့မှာပေါ့။ ရှင် လည်း ပစ္စည်းရှာဖို့ မမေ့နဲ့ဦး၊ ညကျရင် ပစ္စည်းတွေ လဲကြမယ်လေ" လီဝမ်ရှီးမှာ သိပ်ပြီး စိတ်မပါလှသော်လည်း သူ၏ အကြံပြုချက်ကိုတော့ လက်ခံလိုက်သည်။
"အိုကေ... အိုကေ"
ဖုန်းချပြီးနောက် အဝတ်များမှာ ခြောက်သွားပြီ ဖြစ်သည်။ သူသည် အဝတ်များကို ဝတ်ဆင်ကာ နာရီဝက်ခန့် ထပ်မံအနားယူပြီးနောက် သစ်ပင်အိမ်ပေါ်မှ ဆင်းကာ သူလာခဲ့သည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်ထွက်ခွာခဲ့သည်။
သို့သော် သိပ်မဝေးခင်မှာပင် သူ ခြေလှမ်းများ ရပ်တန့်သွားသည်။ အခြား အသက်ရှင်ကျန်ရစ်သူများ မမြင်နိုင်သော်လည်း သူ၏ ခွဲခြားနိုင်စွမ်းဖြင့် ကြည့်လျှင် ဤနေရာတွင် အလွန်ထင်ရှားသော နယ်နိမိတ်မျဉ်းတစ်ခု ရှိနေသည်ကို သူ သိနိုင်သည်။
နယ်နိမိတ်အတွင်း သူရပ်နေသော နေရာမှာ စိမ်းစိုနေပြီး အရင်းအမြစ်များ၏ တစ်ဝက်ခန့်မှာ အစိမ်းရောင်အဆင့်များ ဖြစ်ကြသည်။ နယ်နိမိတ် အပြင်ဘက်တွင်မူ အများစုမှာ အဖြူရောင်များဖြစ်ပြီး အစိမ်းရောင်အလင်းတန်း အစက်အပြောက်အချို့ကိုသာ ဟိုတစ်စ ဒီတစ်စ တွေ့ရသည်။ သူ နောက်ပြန်လှည့်ကြည့်ရာ ရေအိုင်ဘေးမှ တစ်ကီလိုမီတာခန့် ဝေးကွာနေပြီ ဖြစ်သည်။ သူ၏ စွမ်းရည်မှာ တစ်ကီလိုမီတာခန့်အထိ အကျုံးဝင်ရာ ယခုအချိန်တွင် ရေအိုင်၏ အစိမ်းရောင်အလင်းတန်းကို မမြင်ရတော့သဖြင့် ၎င်းမှာ အစွန်းဆုံး နယ်နိမိတ်ဖြစ်ကြောင်း သူ သိလိုက်ရသည်။
နယ်နိမိတ် အပြင်ဘက်မှ အဖြူရောင်လွင်ပြင်ကြီးကို ကြည့်ရင်း သူ တွေဝေသွားသော်လည်း ဤအရင်းအမြစ်နယ်မြေမှ ထွက်မသွားရန် ဆုံးဖြတ်လိုက်သည်။ အရင်းအမြစ်နယ်မြေတစ်ခုနှင့်တစ်ခုမှာ အတော်လေး ဝေးကွာနိုင်ရာ အပြင်သို့ စွန့်စားသွားလျှင်ပင် နောက်ထပ်နယ်မြေတစ်ခုကို ရှာတွေ့ရန် ခဲယဉ်းမည်ဖြစ်ပြီး အဆင့်နိမ့် အရင်းအမြစ်များကြားတွင် အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။
ထို့ပြင် ယခင်က သူသည် ရေအိုင်၏ ပတ်ပတ်လည်ကိုသာ လျှောက်ကြည့်ခဲ့ခြင်းဖြစ်ပြီး အရင်းအမြစ်နယ်မြေတစ်ခုလုံးကို မစူးစမ်းရသေးချေ။ ယခုအချိန်မှာ အသေအချာ စူးစမ်းရန် အချိန်တန်ပြီ ဖြစ်သည်။ ရွှီရှင်းသည် တစ်နေ့ခင်းလုံး အရင်းအမြစ်နယ်မြေအတွင်း လှည့်ပတ်စူးစမ်းခဲ့သည်။
အရင်းအမြစ်နယ်မြေဆိုသည့် နာမည်နှင့်အညီ ပစ္စည်းကောင်းများစွာ ရှိနေသည်။ သူသည် အပြာရောင်အဆင့်ရှိသော လိမ္မော်ပင်တစ်ပင်ကို ထပ်မံ ရှာတွေ့ခဲ့သည်။
[လိမ္မော်သီး (အပြာရောင်အဆင့်) - တိုက်ရိုက်စားသုံးနိုင်သော အသီးဖြစ်သည်။ ချိုချဉ်အရသာရှိပြီး လန်းဆန်းတက်ကြွစေသော အာနိသင်ရှိသည်။ ဘေးထွက်ဆိုးကျိုး မရှိချေ။ စားသုံးပြီး တစ်နာရီအကြာတွင် သင့်ကိုယ်သင် စွမ်းအင်များ ပြည့်ဝနေသလို ခံစားရလိမ့်မည်။]
"စွမ်းအင်ပြည့်ဝမယ် အဲ့ဒါက ဘာအတွက် သုံးရမှာလဲ" ရွှီရှင်း အနည်းငယ် စိတ်ပျက်သွားသည်။ အဒရီနယ်လင်လိုမျိုးလား အန္တရာယ်ရှိတဲ့ အချိန်မျိုးမှာ စားလိုက်ရင် အားအင်တွေ ရုတ်တရက် တိုးလာမှာလား။ ဘာပဲဖြစ်ဖြစ် ၎င်းမှာ အပြာရောင်အဆင့် ပစ္စည်းတစ်ခု ဖြစ်သည်။
ရွှီရှင်း စဉ်းစားပြီးနောက် လိမ္မော်သီးအားလုံးကို ခူးရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤနေရာမှာ သူ၏ သစ်ပင်အိမ်နှင့် အနည်းငယ် ဝေးကွာသဖြင့် အကာအကွယ်ပေးထားသည့် ကာလ ကုန်ဆုံးသွားပါက သားရဲများက လာရောက်စားသောက်သွားမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။
သူ၏ လေ့လာချက်အရ ယခင်က သူခူးခဲ့သော အနီရောင် ဘယ်ရီသီးအကြီး များမှာ ပူပြင်းသော ရာသီဥတုအောက်တွင် နှစ်ရက်ကြာသော်လည်း မပျက်စီးသေးချေ။ သို့သော် သာမန်ဘယ်ရီသီးများမှာမူ နူးအိကာ အရသာပျက်နေပြီ ဖြစ်သည်။ ကြည့်ရသည်မှာ အပြာရောင်အဆင့် အစားအစာများမှာ ပိုမိုအထားခံပုံရသည်။
ဤလိမ္မော်ပင်တွင် လိမ္မော်သီး တစ်ရာကျော် ရှိသော်လည်း သူ အကုန်သယ်မသွားနိုင်ချေ။ သူသည် အင်္ကျီကို အိတ်သဖွယ် အသုံးပြုကာ လိမ္မော်သီး အလုံး ၃၀ ကို သယ်ယူခဲ့ပြီး ထိုနေရာမှာတင် တစ်လုံးကို မြည်းစမ်းကြည့်လိုက်သည်။
စားနေစဉ်တွင် ထူးခြားသော အာနိသင်ကို မခံစားရဘဲ သာမန်လိမ္မော်သီးထက် ပို၍ အရသာရှိသည်ကိုသာ သတိပြုမိသည်။ သို့သော် အသီးကို အကုန်စားပြီးသည်နှင့် ရုတ်တရက် လန်းဆန်းသွားသော ခံစားချက်မှာ ဦးနှောက်ထဲသို့ စီးဝင်သွားပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ခန္ဓာကိုယ်မှာ ပင်ပန်းနေဆဲဖြစ်သော်လည်း စိတ်ကတော့ ဘာမဆို ဆက်လုပ်နိုင်သည်ဟု ခံစားနေရသည်။
"ဒါ... ဒါကတော့ ညလုံးပေါက် အလုပ်လုပ်မယ့်သူတွေအတွက် တကယ့် အစွမ်းထက် ပစ္စည်းပဲ"ရွှီရှင်းသည် ထိုတက်ကြွနေသော စိတ်ဖြင့် ကျန်ရှိသော လိမ္မော်သီးများကို သစ်ပင်အိမ်သို့ အမြန်သယ်လာခဲ့သည်။
သူသည် လိမ္မော်သီးများကို တတိယထပ်ရှိ စားပွဲပေါ်တွင် တင်ထားပြီးနောက် အရင်းအမြစ်များ ထပ်မံရှာဖွေရန် အောက်သို့ ပြန်ဆင်းခဲ့သည်။ ထိုတစ်နာရီအတွင်း သူ၏ အလုပ်လုပ်နှုန်းမှာ အလွန်မြင့်မားလှသည်။ အရင်းအမြစ်နယ်မြေတစ်ခုလုံးကို မစူးစမ်းရသေးသော်လည်း ရရှိခဲ့သော ပစ္စည်းများမှာ မနည်းလှပေ။
[ဇီးချိုသီး (အစိမ်းရောင်အဆင့်) - စားသုံးနိုင်သော အသီးဖြစ်ပြီး ချဉ်ဖန့်ဖန့် အရသာရှိသည်။ သရေစာအဖြစ် စားသုံးနိုင်သည်]
[ယန်မေသီး (အစိမ်းရောင်အဆင့်) - စားသုံးနိုင်သော ချဉ်တဲ့ အသီးဖြစ်သည်။ အစိမ်းစားရန် သိပ်မကောင်းသော်လည်း ဝိုင်ချက်ရာတွင် အသုံးပြုနိုင်သည်။]
[မှိုဘုရင် (အစိမ်းရောင်အဆင့်) - အသားထူပြီး ကြွပ်ဆတ်သော တောမှိုဖြစ်သည်။ အာဟာရတန်ဖိုး မြင့်မားသည်။ ချက်ပြုတ်ပြီးမှ စားရန် အကြံပြုပါသည်]
[မှိုနားရွက် (အစိမ်းရောင်အဆင့်) - ချောမွတ်ပြီး အရသာရှိသော တောမှို ဖြစ်သည်။ အာဟာရတန်ဖိုး မြင့်မားသည်။ ချက်ပြုတ်ပြီးမှ စားရန် အကြံပြုပါသည်]
ထူးထူးခြားခြား ပစ္စည်းများ မတွေ့ရသော်လည်း စားသောက်ကုန် အမြောက်အမြားကို ရှာတွေ့ခဲ့သည်။ ထိုစဉ်မှာပင် ရွှီရှင်းသည် သူ၏ တက်ကြွနေသော စိတ်အခြေအနေမှာ တဖြည်းဖြည်း လျော့ပါးလာပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
တစ်နာရီ ကုန်ဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်ရ၏။ သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ခံစားရင်း သူ အံ့သြသွားမိသည်။ အဘယ်ကြောင့်ဆိုသော် လိမ္မော်သီး မစားခင်ကထက် ပို၍ လန်းဆန်းနေပြီး တစ်ရေးအိပ်ပြီး နိုးလာသလိုမျိုး ခံစားနေရသောကြောင့် ဖြစ်သည်။
ဒါဆို လိမ္မော်သီး (အပြာရောင်အဆင့်) ရဲ့ ဘေးထွက်ဆိုးကျိုး မရှိဘူး ဆိုတာက စားသုံးလိုက်တဲ့ တစ်နာရီကို အိပ်စက်အနားယူလိုက်သလိုမျိုး သတ်မှတ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြန်နာလန်ထူမှုကို မြှင့်တင်ပေးတာပေါ့။
"ဒါက အလုပ်ကြိုးစားသူတွေနဲ့ အရင်းရှင်တွေအတွက် တကယ့် အိပ်မက်ပဲ" ရုတ်တရက် ရွှီရှင်းသည် ဤပစ္စည်းမှာ အသုံးမဝင်ဘူးဟု မထင်တော့ချေ။
စူးစမ်းလေ့လာပြီးနောက် ရွှီရှင်းသည် အရင်းအမြစ်နယ်မြေ၏ အတိုင်းအတာကို ခန့်မှန်းမိသွားသည်။ ၎င်းမှာ တစ်ဖက်လျှင် တစ်ကီလိုမီတာခန့်ရှိသော စတုရန်းပုံစံ နယ်မြေတစ်ခု ဖြစ်သည်။
အရင်းအမြစ်နယ်မြေတစ်ခုလုံးမှာ မြေဧရိယာ ၁၅၀၀ မူးခန့် ရှိသည်။ ဤနေရာရှိ အရင်းအမြစ်များမှာ သူ့တစ်ယောက်တည်းအတွက်ဆိုလျှင် ပိုလျှံနေပေလိမ့်မည်။
သို့သော်လည်း ပတ်ဝန်းကျင်တွင် အခြားသူများ၏ သစ်ပင်အိမ်များကို မတွေ့ရသဖြင့် သူသည် စိတ်ပျက်သလိုလို၊ ဝမ်းသာသလိုလို ခံစားလိုက်ရသည်။
"ဟင်" သစ်ပင်ရိပ်များကြားမှ အပြာရောင်အလင်းတန်းတစ်ခု မှိတ်တုတ်မှုတ်တုတ် ဖြစ်နေသည်ကို ရွှီရှင်း မြင်လိုက်ရသည်။ သူသည် ထိုနေရာသို့ အမြန်ပြေးသွားလိုက်၏။
[အဆင့်မြင့် မိုးမခပင် (အပြာရောင်အဆင့်) - ပိုမိုအရည်အသွေးကောင်းမွန်သော သစ်သားများကို ရရှိနိုင်သည့် အဆင့်မြင့် မိုးမခပင် ဖြစ်သည်။]
သူသည် နောက်ထပ် အဆင့်မြင့် မိုးမခပင်တစ်ပင်ကို ရှာတွေ့ခဲ့ပြန်သည်။
"နေပါဦး..."
ထိုမိုးမခပင်အောက်ခြေရှိ မြေကြီးမှာ အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို ရွှီရှင်း သတိပြုမိလိုက်သည်။
---
အခန်း ၁၂ ပြီး